အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အပိုင်း ၅၁
"ဘယ်သူလဲ။"
ထျဲလန်ယန်သည် တောဝက်ကို သတ်နိုင်ခဲ့သည့် ပီတိထဲတွင် နစ်မျောနေဆဲ ဖြစ်သည်။
ရုတ်တရက် သူမ၏ ကျောပြင်ဆီမှ စူးစိုက်ကြည့်နေသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။
သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ပြင်းရှပြီး တောက်ပသည့် မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။
"ရဲဘော်... မင်္ဂလာပါ၊ ကျွန်တော့်နာမည်က စုန့်ပိုင်ယွမ်ပါ။"
စုန့်ပိုင်ယွမ်သည် ရှေ့တွင် ပိတ်ဆို့နေသည့် သစ်ကိုင်းများကို ဖယ်ကာ လက်ထဲတွင် တောကြက်တစ်ကောင်ကို ဆွဲလျက် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူ အနီးသို့ ရောက်လာသောအခါ ထျဲလန်ယန်သည် သူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုလူသည် ထင်ရှူးပင်တစ်ပင်ကဲ့သို့ အရပ်ရှည်ပြီး မတ်မတ်ရှိကာ ရုပ်ရည်ချောမောပြီး မျက်ခုံးတန်းများတွင်လည်း ရဲရင့်သည့် အရှိန်အဝါများ ရှိနေသည်။
အထူးသဖြင့် နက်ရှိုင်းပြီး စူးရှသည့် ထိုမျက်ဝန်းများက ပြတ်သားသည့် စိတ်ဓာတ်ကို ထင်ဟပ်နေစေသည်။
ဒီလူက... တောင်အောက်မှာ ထင်းခုတ်နေတဲ့ ကြွက်သားတောင့်တောင့်နဲ့ လူပဲ။
သူ့မျက်နှာက ဒီလောက်အထိ ချောမောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူ့ရဲ့ အရှိန်အဝါက တကယ့်ကို စစ်သားတစ်ယောက်နဲ့ တူလိုက်တာ…
နောက်တစ်စက္ကန့်တွင် စုန့်ပိုင်ယွမ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"ရဲဘော်... ကျွန်တော်က ပေကျင်း ရေတပ်တပ်ရင်းကပါ။ ရဲဘော်ရဲ့ အရည်အချင်းက တကယ့်ကို ထူးချွန်တာပဲ၊ စစ်တပ်ထဲဝင်ဖို့ စိတ်ဝင်စားလား။"
စစ်သားပီပီ စကားပြောတာကတော့ တကယ်ကို တည့်တိုးဆန်လှသည်။
"မလိုပါဘူး၊ ကျွန်မက တောနယ်ကို ဆင်းလာတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ၊ ဒီတောနယ်မှာပဲ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် နေပါရစေ။"
ဒါတွေက အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး တကယ်တော့ သူမ စစ်တပ်ထဲ မဝင်ချင်ခြင်းသာ ဖြစ်သည်။
စစ်တပ်ရဲ့ စည်းကမ်းတွေက အရမ်းတင်းကျပ်လွန်းပြီး လွတ်လပ်မှုမရှိတာကြောင့် သူမလို ပေါ့ပေါ့ပါးပါး နေတတ်သူနဲ့ မကိုက်ညီပေ။
အရေးအကြီးဆုံးအချက်က သူမက အတ္တကြီးသူတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။
ပြည်သူ့အတွက် စိတ်ရောကိုယ်ပါ အနစ်နာခံမည့် စစ်သားများနှင့်မတူဘဲ သူမက ကိုယ့်အတွက်ကိုယ်သာ ကြည့်သူဖြစ်ရာ စစ်တပ်ထဲဝင်ပြီး စည်းကမ်းဖျက်ဆီးမည့်အဖြစ်မျိုး မခံယူလိုပေ။
ထျဲလန်ယန်၏ ငြင်းဆိုမှုကို ကြားရသော်လည်း စုန့်ပိုင်ယွမ်က စိတ်မပျက်သွားဘဲ စကားလမ်းကြောင်း ရှာလိုက်သည်။
"ရဲဘော်ရဲ့ ခုနက တိုက်ခိုက်ပုံတွေက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်၊ အခွင့်ကြုံရင် တစ်ခါလောက် ပညာစမ်းကြတာပေါ့။"
ထျဲလန်ယန်မှာ သူမသောက်နေတဲ့ ဆိုဒါနဲ့ပင် သီးမတတ် ဖြစ်သွားသည်။
နေပါဦး... ဒီလို တည်တည်တံ့တံ့ လေသံကြီးနဲ့ သူ ဘာတွေပြောနေတာလဲ။
အခုမှတွေ့တဲ့ မိန်းကလေးတစ်ယောက်ကို ပညာစမ်းဖို့ ဖိတ်ခေါ်တာလား။
သူကတော့ တကယ့်စစ်သားပီပီ အရိုးခံ ယောကျာ်းရင့်မာကြီးပါပဲ။
ထျဲလန်ယန် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
ဒီခေတ်ကို ရောက်ကတည်းက သူမအနေနဲ့ ပြိုင်ဘက်ကောင်းနဲ့ မတွေ့ဖူးသေးပေ၊ ကျန်တဲ့လူတွေက အပျော်တမ်းအဆင့်သာ ရှိကြသည်။
စုန့်ပိုင်ယွမ်က တကယ်ကို တိုက်နိုင်ခိုက်နိုင်မည့်ပုံ ရှိသောကြောင့် သူမ ရင်ခုန်မိသွားသည်။
သူတို့ စကားပြောနေကြစဉ်မှာပင် မိုးတိမ်များ ရုတ်တရက် ဖုံးလွှမ်းလာကာ "ဂျိမ်း" ဟု ဟိန်းခနဲ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
စုန့်ပိုင်ယွမ် လက်ထဲမှ တောကြက်သည် ကြောက်လန့်တကြားဖြင့် အတောင်ပံများကို တဖျပ်ဖျပ် ခတ်ရင်း ရုန်းကန်တော့သည်။
ထိုအခိုက်အတန့်တွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပွားခဲ့သည်။
သွေးချင်းချင်းနီလျက် ငြိမ်သက်စွာ လဲကျနေသည့် တောဝက်ကြီးက ရုတ်တရက် ခုန်ထလာတော့သည်။
လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သည့် အရှိန်ဖြင့် ရှေ့သို့ ပြေးဝင်လာကာ စုန့်ပိုင်ယွမ် လက်ထဲမှ တောကြက်ကို ကိုက်ယူသွားသည်။
ထို့နောက် လျင်မြန်စွာ ပြန်လှည့်ပြေးကာ တောနက်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ထျဲလန်ယန် - ???
ဒီတောဝက်က နတ်ဝင်နေတာလား။ သူက တစ်ဖက်လူကို အငိုက်ဖမ်းဖို့အတွက် သေသလိုဟန်ဆောင်နေတာတဲ့လား။
သူမ အသည်းအသန် တိုက်ခိုက်သတ်ဖြတ်ထားသည့် တောဝက်ကြီးက သူမမျက်စိရှေ့မှာတင် ပျောက်ကွယ်သွားသည်တဲ့လား။
စုန့်ပိုင်ယွမ် - 'ငါ့တောကြက်လေး...'
အမေ့အတွက် အားရှိအောင် ချက်ကျွေးဖို့ ဖမ်းလာတာ... အခုတော့ မရှိတော့ဘူး…
"ဘွန်း... ဘွန်း... ဘွန်း။"
မိုးက ပို၍ ခြိမ်းလာသည်။
ခဏလေးအတွင်းမှာပင် မိုးက သည်းထန်စွာ ရွာချလာတော့သည်။
စုန့်ပိုင်ယွမ် - "မိုးခိုဖို့ တစ်နေရာရာ အရင်ရှာကြရအောင်။"
မိုးရွာနေချိန်တွင် တောင်ပေါ်၌ မြင်ကွင်းက မရှင်းလင်းသောကြောင့် တောဝက်ကို ပြန်လိုက်ရှာဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
သူတို့က တောင်အလယ်ပိုင်းကို ရောက်နေသဖြင့် ပြန်ထွက်ဖို့ အနည်းဆုံး နှစ်နာရီခန့် ကြာမည်ဖြစ်ရာ အရင်ဆုံး မိုးခိုဖို့သာ အရေးကြီးသည်။
ထျဲလန်ယန်ကလည်း အခြေအနေကို သိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ။"
စုန့်ပိုင်ယွမ်တွင် မီးခြစ်အမြဲဆောင်ထားတတ်သည့် အလေ့အကျင့်ရှိသဖြင့် အအေးဒဏ်သက်သာအောင် မီးကို အမြန်မွှေးလိုက်သည်။
သူတို့နှစ်ယောက် ဟိုဟိုဒီဒီ ရှာဖွေပြီးနောက် ဂူတစ်ခုကို တွေ့ရှိသွားကြသည်။
နှစ်ယောက်စလုံး မိုးစိုနေသဖြင့် မီးပုံဘေးတွင် အဝတ်များကို အခြောက်ခံလိုက်ကြသည်။
သူစိမ်းတစ်ယောက်နှင့် ကျဉ်းမြောင်းသည့် နေရာတစ်ခုထဲတွင် အတူရှိနေရခြင်းကတော့ ဘယ်သူမဆို စိတ်မသက်မသာ ဖြစ်ရမည်မှာ အမှန်ပင်။
ခဏတာမျှ လေထုက အေးစက်ပြီး နေရခက်နေခဲ့သည်။
ခဏအကြာတွင် စုန့်ပိုင်ယွမ်က သူ၏အပေါ်အင်္ကျီကို ချွတ်ပြီး သူမဆီ ကမ်းပေးလိုက်သည်။
"ရဲဘော်... ရဲဘော်ရဲ့ မျက်နှာမှာ အစွန်းအထင်းတွေ ပေနေတယ်၊ ဒါနဲ့ သုတ်လိုက်ပါ။"
ထျဲလန်ယန်၏ အခုလက်ရှိပုံစံကတော့ တော်တော်လေးကို ကြည့်ရဆိုးနေသည်။
သူမ၏ မျက်နှာပေါ်တွင် အမည်းရောင် ဆေးကွက်ကြီး နှစ်ကွက် ရှိနှင့်ပြီးသား ဖြစ်သည်။
ခုနက တောဝက်နှင့် တိုက်ခိုက်စဉ်က သွေးတွေ ပေကျံသွားပြန်သဖြင့် သူမပုံစံက နတ်ဆိုးတစ်ကောင်လိုပင် ဖြစ်နေပြီး ဘယ်သူမှန်း ခွဲခြားဖို့ ခဲယဉ်းလှသည်။
ထျဲလန်ယန် - "ကျေးဇူးပါပဲ၊ ကျွန်မ အင်္ကျီနဲ့ပဲ သုတ်လိုက်ပါ့မယ်။"
ဆောင်းဦးအစ ဖြစ်သောကြောင့် တောင်ထဲဝင်သည့် လူတိုင်းက အပေါ်အင်္ကျီပါးလေးတွေ ဝတ်လာကြသည်။
ထျဲလန်ယန်သည် သူမ၏ အပြာဖြူကွက် အင်္ကျီကို ချွတ်လိုက်ပြီး မျက်နှာပေါ်က သွေးတွေကို သုတ်လိုက်သည်။
ဆေးကွက်ကတော့ အလွယ်တကူ သုတ်လို့မရပေ၊ ရေနွေးနှင့် ပွအောင်လုပ်မှ ရမည်ဖြစ်ရာ ပြန်ရောက်မှသာ ရှင်းရမည်။
စုန့်ပိုင်ယွမ်က စတင်စကားပြောလိုက်သဖြင့် နေရခက်သည့် အခြေအနေက အနည်းငယ် လျော့ပါးသွားသည်။
ထျဲလန်ယန်က အခွင့်အရေးကိုယူကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ "ကျွန်မနာမည်က ထျဲလန်ယန်ပါ၊ ကွေ့ဟွာရွာကို ရောက်နေတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။"
"မင်္ဂလာပါ ထျဲကျစ်ချင်း... ရဲဘော်က တော်တော်တော်တာပဲ၊ ငယ်ငယ်ကတည်းက သိုင်းသင်ထားတာလား။"
စုန့်ပိုင်ယွမ်က တကယ်ကို သိချင်စိတ်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။
ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "အဲလိုပဲ ပြောရမှာပေါ့၊ ငယ်ငယ်တုန်းက မတော်တဆ မုတ်ဆိတ်ဖြူဘိုးဘိုးကြီးတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်၊ သူက ကျွန်မကို ပညာတချို့ သင်ပေးခဲ့တာ။"
"အဲဒီနောက်ပိုင်း ကျွန်မဘာသာ တိတ်တိတ်လေး လေ့ကျင့်လာတာ၊ အခုတော့ ဒီလောက်အထိ တတ်နေပြီလေ။ ဒါပေမယ့် ဒါကို လူအများကြီးတော့ မသိကြဘူး။"
ဟင်း... ဒဏ္ဍာရီထဲကလိုပဲ မုတ်ဆိတ်ဖြူဘိုးဘိုးကြီးဆီက သင်ခဲ့တယ်ပေါ့။
အမည်မသိ မုတ်ဆိတ်ဖြူဘိုးဘိုးကြီးကတော့ အကြောင်းပြချက်ကောင်းကြီး ဖြစ်သွားရပြန်ပြီ။
ထိုအရာသည် ထျဲလန်ယန် ကြိုတင်ပြင်ဆင်ထားသည့် ဆင်ခြေတစ်ခုသာ ဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် ဘယ်သူမှလည်း အဲဒီဘိုးဘိုးကြီးကို ရှာတွေ့မှာ မဟုတ်ပေ။
စုန့်ပိုင်ယွမ်၏ မျက်ဝန်းများတွင် ချီးကျူးရိပ်များ ဖြတ်ပြေးသွားကာ ပြောလိုက်သည်။"ကိုယ်တိုင် လေ့ကျင့်ခဲ့တာပေါ့၊ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်။"
ထျဲလန်ယန်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ "ဒါပေါ့။"
သူမ၏ ပြုံးနေသော မျက်ဝန်းများကို ကြည့်ရင်း စုန့်ပိုင်ယွမ်၏ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ပိုပြင်းထန်လာခဲ့သည်။
အဝေးကဆိုရင် သတိမထားမိပေမယ့် အခုလို အနီးကပ် မြင်ရတော့ သူမက သူသိတဲ့လူတစ်ယောက်နဲ့ အတော်လေး တူနေမှန်း သိလိုက်ရသည်။
ပေကျင်းက အစိုးရပိုင် စားသောက်ဆိုင်မှာ သူ့ကို ကူညီခဲ့တဲ့ မိန်းကလေး။
အထူးသဖြင့် တက်ကြွပြီး အသက်ဝင်နေတဲ့ အဲဒီမျက်ဝန်းလေးတွေက တစ်ပုံစံတည်းပင်။
နှမြောစရာကောင်းတာက သူမမျက်နှာမှာ ဆေးတွေပေနေလို့ ဘယ်လိုရုပ်မျိုးလဲဆိုတာ မမြင်ရတာပဲ၊ မဟုတ်ရင်တော့…
ထိုအတွေးက ပေါ်လာပြီးချင်းမှာပင် စုန့်ပိုင်ယွမ်က ခေါင်းခါကာ ပြန်လည် ငြင်းပယ်လိုက်သည်။
မဖြစ်နိုင်တာ။
အဲဒီမိန်းကလေးက ပေကျင်းမှာရှိတာ၊ ဒီနေရာက တောင်ဘက်စွန်းက ခရိုင်သေးသေးလေးထဲက တောတောင်တွေပဲ။
နေရာချင်းက ကမ္ဘာခြားသလို ဝေးလွန်းနေတာ၊ ဘယ်လိုလုပ် လူတစ်ယောက်တည်း ဖြစ်နိုင်မှာလဲ။
ဒါပေမယ့်... လုံးဝ မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး။
အကယ်၍ အဲဒီမိန်းကလေးကသာ တောနယ်ဘက်ကို အပို့ခံရပြီး အကြောင်းဖန်လို့ သူတို့ရွာကို ရောက်လာခဲ့ရင်…
စုန့်ပိုင်ယွမ်၏ နှလုံးသံများ မြန်လာကာ လည်ဇလုတ်က နှစ်ချက်ခန့် လှုပ်ရှားသွားသည်။
သူ၏ အသံက နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာသည်။
"ထျဲကျစ်ချင်း... ရဲဘော်ရဲ့ လေသံက ဒီဒေသကလူနဲ့ မတူဘူးနော်၊ ဘယ်ကနေ လာတာလဲ..."
"ကယ်ကြပါဦး။ ဘယ်သူရှိလဲ၊ ကယ်ကြပါဦး။"
ထိုအခိုက်အတန့်တွင် ဂူအပြင်ဘက်မှ အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာတော့သည်....
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၅၂
အကူအညီတောင်းသံတစ်ခုက စုန့်ပိုင်ယွမ်၏ စကားသံကို ဖြတ်တောက်လိုက်သည်။
သူတို့နှစ်ယောက် မတ်တပ်ရပ်လိုက်စဉ်မှာပင် လူတစ်စု ဂူထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။
အတိအကျပြောရလျှင် မျက်နှာကို အဝတ်မည်း စည်းထားသည့် ဓားပြသုံးယောက် ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူမှာ အရပ်ရှည်ပြီး ထွားကြိုင်းကာ ဘယ်ဘက်လက်တွင် ကွမ်းကုန်းဓားရှည်ကြီးကို ကိုင်ထားပြီး ညာဘက်လက်တွင် သေနတ်တစ်လက် ကိုင်ထားသည်။
နောက်လိုက်နှစ်ယောက်အနက် တစ်ယောက်မှာ မျောက်ကဲ့သို့ ပိန်လှီပြီး ကျန်တစ်ယောက်မှာ တောင်ကြီးတစ်လုံးကဲ့သို့ ဝဖြိုးကာ နှစ်ယောက်စလုံး သေနတ်မည်းကြီးများကို ကိုင်ထားကြသည်... သူတို့နောက်တွင်တော့ ဖက်ထုပ်များကဲ့သို့ အစီအရီ အချည်ခံထားရသည့် ဓားစာခံများ ပါလာသည်။
ဓားစာခံအမျိုးသမီးများထဲမှ တစ်ယောက်သည် မီးပုံဘေးရှိ ထျဲလန်ယန်ကို မြင်သည်နှင့် ချက်ချင်း အော်ဟစ်တော့သည်။
"ထျဲလန်ယန်... နင် ဒီမှာရှိနေတာပဲ။ မြန်မြန်လာပြီး ငါတို့ကို ကယ်ပါဦး။"
သူမသည် ဂူအပြင်ဘက်မှ အော်ဟစ်အကူအညီတောင်းခဲ့သူ ဖြစ်သည်။
သူမကတော့ အချိန်ကူးပြောင်းလာသူ ဟန်ခယ်အာ ပင် ဖြစ်သည်။
ထျဲလန်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
ဒီမိန်းမမှာ မှတ်ဉာဏ်ရော ရှိရဲ့လား။
ခုနလေးတင် သူမဆီက ပါးရိုက်ခံထားရပြီးတော့ အခုကြမှ သူမကို ကယ်ခိုင်းနေတာလား။
ထျဲလန်ယန်က ကျန်တဲ့လူတွေကို အကဲခတ်ကြည့်လိုက်ရာ လူတိုင်းမှာ အနည်းနှင့်အများဆိုသလို ဗရပွဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ခြေလက်တွေ အချည်ခံထားရရုံမက ခေါင်းတွေလည်း ပေါက်၊ ခြေသလုံးတွေမှာလည်း သွေးတွေထွက်နေကြပြီး ကြည့်ရသည်မှာ အတော်ပင် သနားစရာကောင်းလှသည်။
ထျဲလန်ယန် သူ့ကို ကြည့်လိုက်သည်ကို မြင်သောအခါ ဝမ်ကျွင်းကျွင်းက သနားစဖွယ် အော်ပြောသည်။
"အစ်မယန်... ကျွန်တော် အစ်မနဲ့အတူ လိုက်ခဲ့ရမှာ။ အခုတော့ ကံဆိုးလိုက်တာ..."
ဝမ်ကျွင်းကျွင်းမှာ အခုတော့ တကယ်ကို နောင်တရနေပြီဖြစ်သည်။
ထျဲလန်ယန် ထွက်သွားပြီးနောက် သူတို့သည် ထိုတောဝက်ကြီးကို မည်သို့ဖမ်းရမည်ကို တိုင်ပင်ခဲ့ကြသည်။
ဟန်ခယ်အာသည် ဝမ်ကျွင်းကျွင်းနှင့် အမြဲတမ်း အဆင်မပြေဖြစ်နေသူဖြစ်ပြီး ထျဲလန်ယန်က ဝမ်ကျွင်းကျွင်းအပေါ် ကောင်းပြနေသည်ကို မြင်သဖြင့် အငြိုးဖြင့် အလွန်ယုတ်မာသည့် အစီအစဉ်တစ်ခု ဆွဲခဲ့သည်။
၎င်းမှာ ဝမ်ကျွင်းကျွင်းကို တောဝက်၏ အာရုံပြောင်းစေရန် အစာအဖြစ် အသုံးပြုရန်ဖြစ်သည်။
ကျန်တဲ့လူတွေက တုတ်တွေနဲ့ ဝက်ကိုရိုက်ပြီး ကျင်းထဲရောက်အောင် မောင်းသွင်းမည့် အစီအစဉ်ဖြစ်သည်။
ဝမ်ကျွင်းကျွင်းက ချက်ချင်းငြင်းသည်၊ သူက ဘာလို့ ဒီလောက်အန္တရာယ်များတဲ့ အလုပ်ကို လုပ်ရမှာလဲ။
ဟန်ခယ်အာက သူသည် ယောကျာ်းမဟုတ်ကြောင်း၊ သတ္တိမရှိကြောင်း ပြောကာ ရန်စခဲ့သည်။
ဝမ်ကျွင်းကျွင်းမှာ ဒေါသထွက်သွားပြီး စိတ်လိုက်မာန်ပါဖြင့် သဘောတူလိုက်မိသည်။
နောက်ဆက်တွဲ ဖြစ်ရပ်များကတော့ လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။
ဝမ်ကျွင်းကျွင်းက အစီအစဉ်အတိုင်း ကျောက်ခဲကြီးနှင့် ဝက်ကို ပစ်ပေါက်လိုက်ရာ တောဝက်ကြီးက ချက်ချင်းပင် ဟိန်းဟောက်ကာ သူ့နောက်သို့ လိုက်တော့သည်။
ဝက်ကြီးက အလွန်မြန်ပြီး ကြမ်းတမ်းလှသဖြင့် ကျန်တဲ့လူတွေက အနားတောင် မကပ်ရဲကြပေ။
နောက်ဆုံးတော့ သူပဲ ဒဏ်ရာရသွားခဲ့သည်။
သစ်ပင်နှင့် ခေါင်းတိုက်မိရုံတင်မကဘဲ တောဝက်စွယ်နှင့် ခြေသလုံးကိုပါ အထိုးခံလိုက်ရသည်။
ဝမ်လန်သာ သတ္တိရှိရှိနှင့် သူ့ကို ဆွဲမထုတ်ခဲ့လျှင် သူသည် ထိုတောဝက်လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီဖြစ်သည်။
တောဝက်ကြီးသည် တခြားလူများကို မြင်သောအခါ ပို၍ဒေါသထွက်ကာ ရမ်းကားတော့သဖြင့် အားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။
ထို့နောက် ကံဆိုးစွာဖြင့် သေနတ်ကိုင်ထားသည့် ဤဓားပြသုံးယောက်နှင့် တိုးကာ အညံ့ခံလိုက်ကြရခြင်း ဖြစ်သည်။
လမ်းတွင် မိုးရွာလာသဖြင့် ဓားပြများက သူတို့ကို မိုးခိုရန် ခေါ်လာရာမှ ဤဂူကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ ဂူထဲတွင် ထျဲလန်ယန်ကို တွေ့လိုက်ရသည်။
ဝမ်ကျွင်းကျွင်းမှာ အလွန်ပင် အားနာနေမိသည်။
အကယ်၍ သူသာ ထျဲလန်ယန်၏ စကားကို အရင်က နားထောင်ခဲ့လျှင် ဤကဲ့သို့သော အခြေအနေမျိုး ကြုံရမည်မဟုတ်ပေ။
"အစ်မယန်... ကျွန်တော် တောင်းပန်ပါတယ်..."
"တော်စမ်း။ အခုက ဘယ်လိုအချိန်ကြီး ရောက်နေပြီလဲဆိုတာ မင်းမသိဘူးလား။ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘယ်သူက နားထောင်နေမှာလဲ။"
ချန်ဟွိုက်ကျင်းက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။
သူ့အခြေအနေကလည်း မကောင်းလှပေ၊ အင်္ကျီမှာ အပေါက်တွေဗရပွနှင့် ဖုန်တောထဲ လူးလာသကဲ့သို့ ဖြစ်နေသည်။
သူသည် ထျဲလန်ယန်ဘေးရှိ စုန့်ပိုင်ယွမ်ကို မျှော်လင့်တကြီး ကြည့်ကာ ပြောလိုက်သည်။
"ရဲဘော်... ကျွန်တော်တို့ ဖမ်းဆီးခံထားရတာကို မြင်တဲ့အတိုင်းပါပဲ၊ ကျေးဇူးပြုပြီး ကယ်တင်ပေးပါဦး။"
"ဟုတ်ပါတယ်" ပိုင်ရန်ရန်ကလည်း ဖရိုဖရဲဖြစ်နေသည့် ဆံပင်များကြားမှ နှုတ်ခမ်းကိုကိုက်ကာ ငိုယိုရင်း ပြောခဲ့သည်။
"ကျွန်မကို ကယ်ပေးမယ်ဆိုရင် ရှင်ခိုင်းတာမှန်သမျှ လုပ်ပါ့မယ်၊ ကျေးဇူးပြုပြီး ကယ်ပါဦး။"
ဒီလူ့ရဲ့ အဝတ်အစားတွေက တောင်အောက်မှာ ထင်းခုတ်နေတဲ့လူနဲ့ တူလိုက်တာ။
ဒီလောက်ချောမှန်း သိခဲ့လျှင် သူမအရင်ဆုံး သွားပြီး မိတ်ဖွဲ့ထားမိမှာ အမှန်ပင်။
ဟန်ခယ်အာကတော့ မယဉ်ကျေးဆုံးပင်၊ သူမက တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"ထျဲလန်ယန်... နင့်ဘေးကလူကို ငါတို့ကို ကယ်ခိုင်းလိုက်စမ်း၊ ငါတို့ တစ်ခုခုဖြစ်ရင် နင်လည်း လွတ်မှာမဟုတ်ဘူး။"
ကြည့်စမ်း... ဒီလို အခြေအနေမျိုးမှာတောင် သူမက မောက်မာနေတုန်းပင်။
သူမ ခေတ်ကူးလာတုန်းက ဦးနှောက်ထဲ ရေဝင်သွားတာလား။
ထျဲလန်ယန် ထင်တာ မှန်သည်။
ဟန်ခယ်အာသည် တကယ်ပင် ကားအက်စီးဒင့်ဖြစ်ပြီး ဦးနှောက်ကြေမွကာ ခေတ်ကူးလာသူ ဖြစ်သည်။
စုန့်ပိုင်ယွမ်သည် ဟန်ခယ်အာ၏ သဘောထားကို မနှစ်မြို့သော်လည်း သူတို့ကို ကယ်တင်ရန်သာ ဆုံးဖြတ်လိုက်သည်။
စစ်သားတစ်ယောက်အနေဖြင့် ပြည်သူကို ကာကွယ်ရန်မှာ သူ၏ တာဝန်ဖြစ်သည် မဟုတ်ပါလား။
သူ ထရပ်တော့မည့်ဆဲဆဲတွင် ထျဲလန်ယန်က အမြန်တားလိုက်သည်။
"သူတို့မှာ သေနတ်တွေပါတယ်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။"
"ဟုတ်တယ်။" ပွဲကြည့်နေသည့် ပိန်လှီသော ဓားပြက မနေနိုင်တော့ဘဲ သေနတ်ကို မြှောက်ကာ ခြိမ်းခြောက်လိုက်သည်။
"ငါ့မှာ သေနတ်ပါတယ်နော်၊ ပစ်သတ်လိုက်မှာ မကြောက်ဘူးလား။"
စုန့်ပိုင်ယွမ် တုံ့ကနဲ ဖြစ်သွားသည်။
သူ့အသက်ကို ပဓာနမထားဘဲ ကယ်နိုင်သော်လည်း ပြည်သူများကိုတော့ အန္တရာယ်ထဲ မတွန်းပို့နိုင်ပေ။
သူသည် အခြေအနေကို အရင်စောင့်ကြည့်ပြီးမှ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
ဘယ်သူမှ ကူညီမည့်သူမရှိသည်ကို မြင်သောအခါ ဖမ်းဆီးခံထားရသူများမှာ အားကိုးရာမဲ့သွားကြသည်။
ပိန်လှီသော ဓားပြက အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်သည်။ "ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး။ မင်းတို့ ကံကြမ္မာကို မင်းတို့ပဲ လက်ခံလိုက်စမ်း... ဟားဟားဟား။"
ထိုရယ်သံကြောင့် ဟန်ခယ်အာနှင့် ပိုင်ရန်ရန်တို့မှာ ချက်ချင်းပင် ကြောက်လန့်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူ ဓားပြကြီးက ပိန်လှီသော ဓားပြကို စိုက်ကြည့်ကာ ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်ကိုပါ ချည်နှောင်ရန် အမိန့်ပေးလိုက်သည်။
ဒါကိုကြားတော့ စုန့်ပိုင်ယွမ်၏ ကြွက်သားများ တင်းမာသွားကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုစဉ် ထျဲလန်ယန်က သူ့အနားသို့ ကပ်ကာ နားနားလေးတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ရပါတယ်... ဒီဓားပြတွေကို ကျွန်မသိတယ်၊ သူတို့ ကျွန်မတို့ကို ဘာမှမလုပ်ပါဘူး။"
မှန်ပါသည်။ သူတို့ရှေ့က ဓားပြသုံးယောက်သည် အသိဟောင်းများ ဖြစ်နေသည်။
ထျဲလန်ယန်သည် တောနယ်သို့ ရောက်သည့် ပထမဆုံးနေ့မှာပင် ဤသုံးယောက်၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရဖူးသည်။
ကြည့်ရသည်မှာ ကြမ်းတမ်းသော်လည်း တကယ်တော့ သူတို့က စိတ်ကောင်းရှိသူများဖြစ်ပြီး ဘယ်သူ့ကိုမှ ပြင်းပြင်းထန်ထန် မနှိပ်စက်တတ်ကြပေ။
နောက်ဆုံးမှာတော့ ထျဲလန်ယန်က သူတို့ဆီက ပစ္စည်းတွေကို ပြန်လည်ဓားပြတိုက်ယူသွားခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ တစ်လအကြာတွင်တော့ ထိုဓားပြသုံးယောက်မှာ လုပ်ငန်းဟောင်းကို ပြန်စနေကြပြန်ပြီပင်။
တကယ်တော့ သူတို့အမှားလည်း မဟုတ်ပေ။
ထျဲလန်ယန်၏ ဓားပြတိုက်ခြင်းကို ခံရပြီးနောက် သူတို့သည် ဓားပြလုပ်ခြင်းမှာ မှားယွင်းကြောင်း သိရှိသွားပြီး ထိုအလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် သူတို့မှာ ပိုက်ဆံမရှိသလို အမြဲတမ်းလည်း ဗိုက်အဆာမခံနိုင်ကြပေ။
အုတ်ဂူခိုးတူးခြင်းက တွက်ခြေကိုက်ကြောင်း၊ ရှေးဟောင်းပစ္စည်းများနှင့် ရွှေငွေရတနာများကို မှောင်ခိုဈေးကွက်တွင် ရောင်းနိုင်ကြောင်း သူတို့ ကြားသိခဲ့ရသည်။
ထို့ကြောင့် ညီအစ်ကို သုံးယောက်သား အုတ်ဂူခိုးတူးရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ ပျော်ပျော်ရွှင်ရွှင် တူးဖော်နေစဉ်မှာပင် တောဝက်ကြီးတစ်ကောင် ပြေးဝင်လာပြီး သူတို့တူးထားသည့် ရှေးဟောင်းအိုးခွက်များအားလုံးကို တိုက်ခွဲပစ်လိုက်သည်။
သူတို့ တစ်လခွဲကြာ ကြိုးစားထားသမျှသည် ခဏလေးအတွင်းမှာပင် သုညဖြစ်သွားခဲ့ရသည်။
သူတို့ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ။
ထို့ကြောင့် ဒေါသအရှိန်ဖြင့် တောဝက်ရန်မှ လာပုန်းနေသည့် ထိုလူစုကို ဖမ်းဆီးချည်နှောင်လိုက်ကြခြင်းဖြစ်သည်။
အားလုံးက ပြန်ခုခံချင်သော်လည်း ပိန်လှီသော ဓားပြက သေနတ်ထုတ်ပြလိုက်သောအခါ အားလုံး ငြိမ်ကျသွားခဲ့သည်။
ထိုအချိန်တွင် မိုးရွာလာသောကြောင့် မိုးခိုဖို့ ရှာဖွေရင်းနှင့် ဤဂူသို့ ရောက်လာကြခြင်း ဖြစ်သည်။
အမာရွတ်လျို၏ အမိန့်ကို ကြားသောအခါ ပိန်လှီသော ဓားပြက ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ခေါင်းဆောင်... ကျွန်တော် သူတို့ကို သွားချည်လိုက်ပါ့မယ်။"
သူသည် ခါးမှ ကြိုးကိုဖြုတ်ကာ စုန့်ပိုင်ယွမ်အနားသို့ ချဉ်းကပ်လိုက်စဉ်မှာပင် ခြေထောက်များ တုန်ယင်လာသည်။
ဘုရားရေ... ဒီလူရဲ့ အကြည့်တွေက ကြောက်စရာကောင်းလိုက်တာ။
ဝံပုလွေတစ်ကောင်လို စူးရှသည့် ထိုမျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။
အကယ်၍ ဒီလူသာ သူ့သေနတ်ထဲမှာ ကျည်ဆန်မရှိမှန်း သိသွားရင် သူ့ကို အသေသတ်ပစ်မှာ သေချာသည်။
ပိန်လှီသော ဓားပြသည် တုန်တုန်ယင်ယင်ဖြင့် စုန့်ပိုင်ယွမ်၏ လက်များကို ကြိုးဖြင့် ချည်လိုက်သည်။
ခြေထောက်ကိုပါ ချည်ရန် ပြင်လိုက်စဉ်မှာပင် သူ ရုတ်တရက် တုန်လှုပ်သွားကာ ကျောရိုးထဲအထိ စိမ့်တက်သွားသည်။
"အဟွတ်... အဟွတ်... လက်ကို ချည်ထားရင်ပဲ လုံလောက်ပါပြီ။"
သူသည် အမြန်ထကာ ထျဲလန်ယန် ရှေ့သို့ လျှောက်သွားသည်။
သူမ၏ မျက်နှာပုံစံကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းများထဲတွင် သနားကရုဏာရိပ်များ ဖြတ်ပြေးသွားသည်။
"ကျွတ်... ကျွတ်... ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်နှာမှာ အမည်းကွက်ကြီးနဲ့၊ ဒီပုံနဲ့ဆို အနာဂတ်မှာ ဘယ်လိုလုပ် လင်ရပါ့မလဲ၊ သနားစရာကောင်းလိုက်တာ..."
ပိန်လှီသော ဓားပြသည် ခေါင်းခါလိုက်ပြီး ထျဲလန်ယန်၏ လက်များကို ခပ်ပေါ့ပေါ့သာ ချည်လိုက်ရုံမက အလွယ်တကူ ဖြေနိုင်သည့် ကွင်းလျှောထုံးလေးပင် လုပ်ပေးခဲ့သည်။
ထျဲလန်ယန် - "အစ်ကိုကြီး... ရှင်ကတော့ တကယ့်ကို စာနာတတ်တာပဲ။"
ကြည့်ရသည်မှာ သူတို့ သူမကို လုံးဝ မှတ်မိပုံမရသေးပေ၊ ဒါကတော့ တကယ်ကို ပျော်စရာကောင်းတော့မည်။