အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အပိုင်း ၅၃
အမာရွတ်လျိုသည် မျောက်ပျင်းက လူတိုင်းကို ချည်နှောင်ပြီးသည်ကို မြင်သောအခါ မတ်တပ်ရပ်၍ လူအုပ်ကို အကဲခတ်ကာ ပြောလိုက်သည်။
"မကြောက်ကြပါနဲ့၊ ငါတို့ မင်းတို့ကို နာကျင်အောင် မလုပ်ဘူး၊ မင်းတို့ဆီမှာပါတဲ့ တန်ဖိုးရှိတာမှန်သမျှသာ ထုတ်ပေးလိုက်ကြ။"
အစက သူတို့သည် ဓားပြအလုပ်ကို မလုပ်ချင်တော့သော်လည်း ကံကြမ္မာက သူတို့ကို အကျပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူတို့သာ ပိုက်ဆံအမြန်မရလျှင် တကယ်ပင် ငတ်သေကြတော့မည် မဟုတ်ပါလား။
အမာရွတ်လျို၏ စကားကြောင့် လူအချို့မှာ ရင်ထဲမှ အလုံးကြီး ကျသွားကြသည်။
သူတို့ကို အန္တရာယ်မပြုသရွေ့တော့ ပိုက်ဆံအနည်းငယ် ဆုံးရှုံးရခြင်းမှာ ကိစ္စမရှိပေ။
သို့သော် အဓိကပြဿနာမှာ သူတို့သည် ယနေ့တွင် တောဟင်းသီးဟင်းရွက်နှင့် ထင်းရှာရန်သာ ထွက်လာကြခြင်းဖြစ်ရာ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုမှ ပါမလာကြခြင်းပင် ဖြစ်သည်။
မျောက်ပျင်းသည် ဝမ်လန်၊ ချန်ဟွိုက်ကျင်းနှင့် ဝမ်ကျွင်းကျွင်းတို့ကို ရှာဖွေစစ်ဆေးခဲ့သည်။
သူသည် ဝမ်ကျွင်းကျွင်းဆီမှ ဟောင်းနွမ်းနေသည့် အိတ်ဆောင်နာရီတစ်လုံးကိုသာ တွေ့ရှိခဲ့သည်။
ဝမ်ကျွင်းကျွင်းက တောင်းပန်သည့် မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒီနာရီက ကျွန်တော့်အဘွား မဆုံးခင်က ပေးခဲ့တာပါ၊ အထဲမှာ အဘွားရဲ့ ဓာတ်ပုံလေးလည်း ပါတယ်၊ ကျေးဇူးပြုပြီး ဒါလေးကိုတော့ မယူသွားပါနဲ့ဗျာ။"
ထိုအရာကို ကြားတော့ မျောက်ပျင်းမှာ အနည်းငယ် အခက်တွေ့သွားကာ အမာရွတ်လျိုကို လှမ်းကြည့်လိုက်သည်။
အမာရွတ်လျိုက ခေါင်းညိတ်ပြလိုက်သည်။ "မင်းအဘွားရဲ့ အမှတ်တရပစ္စည်းဆိုရင်တော့ ငါတို့ မယူပါဘူး။"
ဝမ်ကျွင်းကျွင်းမှာ ကျေးဇူးတင်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ခင်ဗျားက တကယ့်လူကောင်းပဲ။"
အမာရွတ်လျိုသည် "ရပါတယ်" ဟု ပြန်ပြောချင်သော်လည်း မိမိကိုယ်မိမိ ဓားပြဖြစ်နေသည်ကို သတိရကာ နှုတ်ခမ်းကိုသာ မဲ့လိုက်တော့သည်။
အကယ်၍ ဘဝကသာ အကျပ်မကိုင်ခဲ့လျှင် သူတို့လည်း ဤလမ်းကို ရွေးချယ်ခဲ့ကြမည် မဟုတ်ပေ။
ဤမြင်ကွင်းကို ကြည့်ရင်း စုန့်ပိုင်ယွမ်၏ နက်မှောင်သော မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။
သူ အသာအယာ ဖြေထားပြီးသားဖြစ်သည့် လက်ကကြိုးကို ပြန်လည် ချည်နှောင်လိုက်သည်။
ခဏလောက် ထပ်စောင့်ကြည့်ဦးမည်။
ရဲဘော်ထျဲလန်ယန် ပြောသလိုဆိုလျှင်တော့ သူသည် အခြေအနေကိုသာ ဆက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ သေနတ်ပါနေသည် မဟုတ်ပါလား။
မတော်တဆ တစ်စုံတစ်ယောက်ကို ထိခိုက်သွားလျှင် အရှုံးပေါ်မည်ဖြစ်ရာ သူသည် စိတ်လိုက်မာန်ပါ မလုပ်နိုင်ပေ။
အမျိုးသားများထဲတွင် စုန့်ပိုင်ယွမ် တစ်ယောက်သာ ရှာဖွေရန် ကျန်တော့သည်။
မျောက်ပျင်းသည် သူ့အနားသို့ ချဉ်းကပ်ရုံနှင့်ပင် ချမ်းစိမ့်မှုကို ခံစားနေရသဖြင့် မရှာရဲပေ။
နောက်ဆုံးတော့ ဦးနှောက်သိပ်မကောင်းသည့် ငတုံးကသာ သူ့ကို ရှာဖွေတော့သည်။
ငတုံးဥသည် စုန့်ပိုင်ယွမ်ကို မကြောက်သဖြင့် သူ၏ ဝိုင်းစက်နေသည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်ကာ တစ်ကိုယ်လုံးကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေသည်။
နောက်ဆုံးတွင်တော့ သူသည် စုန့်ပိုင်ယွမ်၏ အိတ်ထဲမှ ယုန်ဖြူနို့သကြားလုံး အခွံတစ်ခုကို ရှာတွေ့သွားသည်…
ထိုအခွံမှာ ယနေ့တွင် စုန့်ရွှယ်က သူ့အိတ်ထဲ ထည့်ပေးထားခဲ့ခြင်း ဖြစ်သည်။
သကြားလုံးအခွံပဲရှိပြီး သကြားလုံးမပါသည်ကို မြင်သောအခါ ငတုံးဥ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားကာ ပြောလိုင်သည်။
"သကြားလုံး ဘယ်မှာလဲ... ဘာလို့ သကြားလုံး မရှိတာလဲ... ငါ သကြားလုံး စားချင်တယ်၊ သကြားလုံး ပေး။"
ငတုံးဥက စုန့်ပိုင်ယွမ်ကို တွန်းထုတ်ရန် ပြင်လိုက်စဉ် အမာရွတ်လျိုက တားလိုက်သည်။
"ငတုံး... ပြန်လာခဲ့စမ်း။"
ငတုံးဥသည် အမာရွတ်လျို၏ စကားကို အနားထောင်ဆုံး ဖြစ်သည်။
သူသည် မကျေမနပ် ဖြစ်နေသော်လည်း ဝမ်းနည်းပက်လက်ဖြင့် အမာရွတ်လျိုဘေးသို့ ပြန်သွားခဲ့သည်။
သူသည် လက်ထဲမှ သကြားလုံးအခွံကို ပါးစပ်နား တေ့ကာ ဂရုတစိုက် လျက်နေသေးသည်။
ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။
"အစ်ကိုကြီး... ဒီအခွံက ချိုနေတုန်းပဲ၊ အစ်ကိုကြီးလည်း လျက်ကြည့်ပါဦး။"
ကျန်တဲ့လူများ - ......
ဒါတွေက တကယ်ပဲ ဓားပြတွေလား၊ ဒါမှမဟုတ် အရူးတွေလား။
ထျဲလန်ယန်မှာ ပြောစရာ စကားပင် မရှိတော့ပေ။
သူမ၏ နေရာလွတ်ထဲတွင် သကြားလုံး တစ်ဝက် ကျန်နေသေးသည်။
သူမ အခွင့်အရေးရှာပြီး... အဲဒီသကြားလုံးကို သူ့ကို ပြန်ပေးရမလား။
အမျိုးသားများထံမှ ဘာမှမရသဖြင့် အမျိုးသမီးများကို ရှာဖွေရန် အလှည့်ရောက်လာသည်။
ငတုံးဥမှာ အနေအထိုင် မတတ်သောကြောင့် အမာရွတ်လျိုက မျောက်ပျင်းကိုသာ ရှာဖွေရန် အမိန့်ပေးလိုက်သည်။
မျောက်ပျင်းမှာ အနည်းငယ် ရှက်ရွံ့နေမိသည်။
ကြည့်ရသည်မှာ မဖွယ်မရာဖြစ်နေသော်လည်း သူသည် မိန်းကလေးများနှင့် တစ်ခါမှ မပတ်သက်ဖူးပေ။
တစ်ခါတည်းနှင့် မိန်းကလေး လေးယောက်ကို ရှာရမည်မှာ တကယ့်ကို နေရခက်လှသည်။
မျောက်ပျင်းသည် အံကြိတ်ကာ ထျဲလန်ယန်ကို အရင်ဆုံး ရှာဖွေလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ လက်ချည်းဗလာ မဟုတ်တော့ဘဲ သကြားလုံး သုံးလုံးကို တွေ့ရှိသွားသည်။
"သကြားလုံး၊ သကြားလုံးတွေ။"
ငတုံးက စိတ်လှုပ်ရှားစွာ ပြေးလာပြီး သကြားလုံးများကို လုယူကာ ရတနာတစ်ခုလို အမာရွတ်လျိုကို ပြလိုက်သည်။
"အစ်ကိုကြီး ကြည့်ပါဦး၊ သကြားလုံးတွေ။"
အမာရွတ်လျိုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "အေး... မင်းပဲ သိမ်းထားလိုက်၊ ဖြည်းဖြည်းချင်း စားနော်။"
"ယေး။"
ငတုံးဥသည် အလွန်ဝမ်းသာသွားကာ ထျဲလန်ယန်ဆီ ပြေးသွားပြီး ခါးညွှတ်ကာ အလေးပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။"
သူ၏ အပြုအမူကြောင့် လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။
သူတို့မှာ ရယ်စရာကောင်းသည့် ကိစ္စများစွာ တွေ့ဖူးသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။
မင်းက ဓားပြလေ၊ ပစ္စည်းလုထားပြီးမှ ဓားစာခံကို ကျေးဇူးသွားတင်နေတာ... ဘယ်လိုလူမျိုးလဲ။
လူတိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထျဲလန်ယန်မှာတော့ စိတ်ကြည်လင်နေသည်။
အစက သူမအိတ်ထဲတွင် ဘာမှမရှိပေ။
မျောက်ပျင်းက သူမကို ရှာဖွေချိန်တွင် သူမသည် စိတ်အာရုံကို သုံးကာ နေရာလွတ်ထဲမှ သကြားလုံးများကို သူမအိတ်ထဲသို့ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ကဲ... ကုသိုလ်တစ်ခု လုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။
ထျဲလန်ယန်၏ စရိုက်မှာ ဤသို့ပင်ဖြစ်သည်၊ သူမ လုပ်ချင်တာကို လုပ်တတ်ပြီး စိတ်ကူးပေါက်လျှင် ချက်ချင်း အကောင်အထည်ဖော်တတ်သူ ဖြစ်သည်။
ဆက်၍ မျောက်ပျင်းက ယွီချင်းချုံနှင့် ပိုင်ရန်ရန်တို့ကို ရှာဖွေခဲ့သည်။
သူသည် ယွီချင်းချုံ၏ လက်ကောက်ဝတ်မှ နာရီတစ်လုံးနှင့် ပိုင်ရန်ရန်၏ ဖိနပ်ထဲမှ ၁၀ ယွမ်ကို တွေ့ရှိသွားသည်။
ပိုင်ရန်ရန်မှာ ငိုတော့မည့်အတိုင်း ဖြစ်နေသည်။
ဤ ၁၀ ယွမ်မှာ သူမတွင်ရှိသည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်ပြီး သူမနှင့်အတူ အမြဲဆောင်ထားသော်လည်း ယခုတော့ အလုခံလိုက်ရပြီဖြစ်သည်။
"ဓားပြ... ရဲဘော်၊ ဒီ ၁၀ ယွမ်က ကျွန်မအဘိုး မဆုံးခင်က ပေးခဲ့တာပါ... ကျေးဇူးပြုပြီး ပြန်ပေးလို့ ရမလားဟင်။"
တကယ်တော့ ပိုင်ရန်ရန်၏ အဘိုးမှာ ဆုံးသွားသည်မှာ ကြာလှပြီဖြစ်သည်။
သူမက ဤသို့ပြောခြင်းမှာ ဓားပြများ၏ သနားမှုကို ရယူရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ဓားပြများမှာ သနားတတ်သူများ ဖြစ်ကြသည်၊ ဘာပဲဖြစ်ဖြစ် အစောပိုင်းက ဝမ်ကျွင်းကျွင်းလည်း ဤနည်းကို သုံးခဲ့သည် မဟုတ်ပါလား။
ကံမကောင်းစွာဖြင့် ဤလှည့်ကွက်မှာ ထပ်မံ အောင်မြင်ခြင်း မရှိခဲ့ပေ။
အမာရွတ်လျိုက တိုက်ရိုက်ပင် ငြင်းလိုက်သည်။ "မရဘူး၊ ငါတို့လည်း ပိုက်ဆံလိုတယ်၊ ဒါကို ငါတို့ ယူရလိမ့်မယ်။"
"ရဲဘော် ချန်ဟွိုက်ကျင်း..."
ပိုင်ရန်ရန်သည် မျက်လုံးရဲရဲလေးများဖြင့် သူ့ကို ကြည့်ကာ အကူအညီတောင်းသော်လည်း ချန်ဟွိုက်ကျင်းက ခေါင်းလွှဲသွားခဲ့သည်။
ချန်ဟွိုက်ကျင်းသည် အံကြိတ်ကာ ခေါင်းလွှဲလိုက်သည်။
သူသည် ပိုင်ရန်ရန်အပေါ် စိတ်ဝင်စားသော်လည်း ၎င်းမှာ သူ၏ အကျိုးစီးပွားကို မထိခိုက်မှသာ ဖြစ်သည်။
သူသည် မိန်းကလေးတစ်ယောက်အတွက်နှင့် သူ့အသက်ကို အန္တရာယ်ထဲ မထည့်နိုင်ပေ။
ချန်ဟွိုက်ကျင်း၏ သဘောထားကို မြင်သောအခါ ပိုင်ရန်ရန်၏ ရင်ထဲတွင် အေးစက်သွားတော့သည်။
ဟင်း... သူမကို ကာကွယ်ပေးပါ့မယ်ဆိုတာတွေက အလကား အပြောတွေပဲ။
ဘေးတွင် ရပ်နေသည့် ယွီချင်းချုံ၏ မျက်လုံးများထဲတွင်တော့ ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ထိုက်တန်တာပဲလေ။
အားလုံးကို ရှာဖွေပြီးနောက် ဟန်ခယ်အာ တစ်ယောက်သာ ကျန်တော့သည်။
ဟန်ခယ်အာမှာ ဤဓားပြများကို အစကတည်းက ကြည့်မရပေ။
"ငါ့ကို မထိနဲ့။ နင်တို့လို အောက်တန်းစားတွေ၊ ယုတ်မာတဲ့ကောင်တွေ၊ ငါ့ကို လွှတ်စမ်း။"
သူမသည် ရွေးချယ်ခံရသူ၊ သန့်ရှင်းစင်ကြယ်သူ ဖြစ်သောကြောင့် ဤဓားပြများ၏ အညစ်အကြေးများ မထိလိုပေ။
သူမ၏ ဆဲဆိုသံများကို ကြားသောအခါ မျောက်ပျင်းမှာ ဒေါသထွက်သွားပြီး သူမကို အကြမ်းပတမ်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတော့သည်။
ဟန်ခယ်အာမှာ ပို၍ စိတ်လှုပ်ရှားလာကာ သူမ၏ ခြေထောက်များဖြင့် ရမ်းကန်လိုက်ရာ မျောက်ပျင်း၏ ပေါင်ကြားကို အားပြင်းစွာ ကန်မိသွားသည်။
"အား... သေစမ်း။"
မျောက်ပျင်းမှာ နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့သွားကာ ဒေါသတကြီးဖြင့် ဟန်ခယ်အာကို ပါးရိုက်လိုက်တော့သည်။
"မင်းရဲ့ အဲ့ပါးစပ်ကြီးကို ပိတ်ထားစမ်း။"
ပါးရိုက်ခံလိုက်ရသဖြင့် ဟန်ခယ်အာ၏ နားများ အူသွားကာ ငြိမ်ကျသွားတော့သည်။
မျောက်ပျင်းသည် နာကျင်မှုကို အောင့်ခံကာ သူမကို အမြန်ရှာဖွေသော်လည်း ဘာမှ ရှာမတွေ့ပေ။
သူသည် ဟန်ခယ်အာကို ထပ်မံ အော်ဟစ်လိုက်သည်။
"မင်းက ဘာလို့ ဒီလောက် အော်နေတာလဲ၊ တစ်ပြားတောင် မရှိတဲ့ဟာကို။"
ထိုသို့ပြောပြီးနောက် မျောက်ပျင်းသည် သူ၏ မျက်နှာဖုံးအဝတ်မည်း ပြေလျော့နေသည်ကို သတိထားမိသွားသည်။
ခုနက စိတ်လှုပ်ရှားသွားသောကြောင့် ပြုတ်ကျသွားခြင်း ဖြစ်နိုင်သည်။
မျောက်ပျင်းသည် မျက်နှာဖြူလျော့သွားကာ အမာရွတ်လျိုကို ကြည့်ပြီး ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
"သွားပြီ... ခေါင်းဆောင်... ကျွန်တော့်မျက်နှာကို သူတို့ မြင်သွားကြပြီ။"
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၅၄
ဓားပြလုပ်ပြီဆိုလျှင် အကြောက်ဆုံးအရာမှာ လူအများက မိမိမျက်နှာကို မြင်သွားခြင်းပင် ဖြစ်သည်။
မဟုတ်လျှင် ဓားစာခံများ လွတ်သွားသည်နှင့် ရဲတိုင်ကာ ပုံတူဆွဲ၍ လိုက်လံဖမ်းဆီးခံရမည်ဖြစ်ရာ အန္တရာယ်အလွန်ကြီးမားလှသည်။
ထို့အပြင် ဤဓားပြညီအစ်ကို သုံးယောက်သည် အောက်တန်းစား ဓားပြများနှင့် မတူကြပေ။
သူတို့သည် ဘဝအခြေအနေကြောင့်သာ ဤလမ်းကို ရွေးခဲ့ရခြင်းဖြစ်ပြီး စိတ်ရင်းကောင်းရှိသူများ ဖြစ်ကြသဖြင့် ဓားစာခံများကို အန္တရာယ်မပြုလိုကြပေ။
ထို့ကြောင့် ဂူထဲကလူများကို သူတို့ သေချာပေါက် ပြန်လွှတ်ပေးကြမည် ဖြစ်သည်။
သို့သော် ယခုမူ လူတိုင်းက မျောက်ပျင်း၏ မျက်နှာကို မြင်သွားကြပြီဖြစ်ရာ မျောက်ပျင်း၏ လုံခြုံရေးအတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့သည်။
ပထမတစ်ချက်မှာ သတ်ပစ်ပြီး အလောင်းဖျောက်လိုက်ခြင်း။
ဒါကတော့ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
သူတို့မှာ ပစ္စည်းလုရသည်မှာပင် အနိုင်နိုင်ဖြစ်ရာ လူသတ်ရန်အထိတော့ သတ္တိမရှိကြပေ။
ဒုတိယတစ်ချက်ကတော့ ပြန်လည်အကျပ်ကိုင်နိုင်မည့် အားနည်းချက်တစ်ခုခု လက်ဝယ်ထားရှိခြင်း။
ဒါက ဖြစ်နိုင်သော်လည်း မည်သည့် အားနည်းချက်မျိုးကို ရယူရမည်နည်း။
အမာရွတ်လျိုသည် သစ္စာအရှိဆုံးလူ ဖြစ်သော်လည်း သိပ်တော့ မထက်မြက်ပေ။
မဟုတ်လျှင် သူ၏ ဇနီးဖြစ်သူက သူ့ကို နှစ်ပေါင်းများစွာ ဖောက်ပြန်နေသည်ကို မသိဘဲနေခဲ့မည် မဟုတ်ပေ။
ငတုံးဥကတော့ အစားအသောက်မှလွဲလျှင် ဘာကိုမှ စိတ်မဝင်စားသူ ဖြစ်သည်။
မျောက်ပျင်းသည် အကြာကြီး စဉ်းစားသော်လည်း အဖြေမထွက်သဖြင့် အကြံဆိုးတစ်ခု ထုတ်လိုက်သည်။
"ခေါင်းဆောင် အဲဒီမိန်းကလေးကိုပဲ သတ်ပစ်လိုက်ရင် ဘယ်လိုလဲ၊ ကျန်တဲ့လူတွေ ကြောက်သွားအောင်လို့လေ၊ အဲဒါဆို သူတို့ အပြင်ရောက်ရင် ဘာမှပြောရဲတော့မှာ မဟုတ်ဘူး။"
မျောက်ပျင်း ပြောနေသည်မှာ ဟန်ခယ်အာကို ဖြစ်သည်။
ဤမိန်းမကသာ ပြဿနာမရှာလျှင် အခုလို အခက်တွေ့ရမည် မဟုတ်ပေ။
ဒါကို ကြားတော့ ဟန်ခယ်အာမှာ ချက်ချင်းပင် ကြောက်လန့်တကြား အသနားခံတော့သည်။
"မသတ်ပါနဲ့၊ ကျွန်မကို မသတ်ပါနဲ့၊ နောက်ဆို ဘာသံမှ မထွက်တော့ပါဘူး၊ တကယ်ပါ။"
ဟန်ခယ်အာသည် ဘယ်သူမှ သူမကို လာမကယ်နိုင်တော့မှန်း သိသွားကာ လက်ရှိအခြေအနေကို သဘောပေါက်သွားတော့သည်။
သူမ၏ နိမ့်ကျပြီး ကြောက်ရွံ့နေသည့် ပုံစံကို မြင်သောအခါ ပိုင်ရန်ရန်မှာ အလွန်ပင် ကျေနပ်နေမိသည်။
သူမနဲ့ ထိုက်တန်တာပဲလေ။ အမြဲတမ်း ငါ့ကို အမိန့်ပေးနေတာ၊ အခုတော့ ကြောက်တတ်မှန်း သိသွားပြီလား... ဟမ့်။
ကျေနပ်စရာကောင်းသော်လည်း ပိုင်ရန်ရန်သည် တစ်ခုခုတော့ ပြောရမည်မှန်း သိသည်။
အကယ်၍ ဤအသုံးမကျသည့် မိန်းမသာ သေသွားလျှင် နောက်ထပ် အခိုင်းအစေ တစ်ယောက်ရှာရန် ခက်လိမ့်မည်။
"ဓားပြရဲဘော်တို့... ကျေးဇူးပြုပြီး ဟန်ခယ်အာကို မသတ်ပါနဲ့၊ သူက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းပါ၊ သူသေသွားတာကို ကျွန်မ မမြင်ချင်ဘူး။"
ပိုင်ရန်ရန်က မျက်ရည်အဝိုင်းသားဖြင့် ပြောလိုက်သောအခါ ဟန်ခယ်အာမှာ စိတ်လှုပ်ရှားသွားရသည်။
"ရန်ရန်... နင် ငါ့အပေါ် တကယ်ကောင်းတာပဲ... ကျေးဇူးတင်ပါတယ်..."
ပိုင်ရန်ရန်က သူမအပေါ် ဤမျှအထိ သံယောဇဉ်ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အရင်က သူမကို အမြဲအထင်သေးခဲ့မိတာ တကယ်ကို မှားသွားပြီ။
ဤအန္တရာယ်ကနေ လွတ်မြောက်သွားရင်တော့ သူမအပေါ်ကို နှစ်ဆ ပိုကောင်းပါမည်။
မျောက်ပျင်း - "ငါတို့လည်း ဘယ်သူ့ကိုမှ မသတ်ချင်ပါဘူး၊ ဒါပေမယ့် မင်းတို့က ငါ့မျက်နှာကို မြင်သွားပြီလေ၊ ရဲသွားတိုင်ရင် ဘယ်လိုလုပ်မလဲ။"
ဟန်ခယ်အာက အလျင်အမြန် ပြောလိုက်သည်။ "စိတ်ချပါ... ကျွန်မတို့... ကျွန်မတို့ ရဲမတိုင်ပါဘူး။"
"ကျွန်မတို့က တောင်အောက်က ကွေ့ဟွာရွာမှာ နေတဲ့ ပညာတတ်လူငယ်တွေပါ၊ တစ်ခုခုဆို ကျွန်မတို့ဆီ လာရှာလို့ ရပါတယ်။"
ဤစကားကို ကြားသောအခါ ကျန်သည့် ပညာတတ်လူငယ်များအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဟန်ခယ်အာက သူတို့နေရပ်လိပ်စာကို ဓားပြတွေကို ဘယ်လိုလုပ် ပြောပြလိုက်ရတာလဲ။
အကယ်၍ ဓားပြတွေ နောက်ပိုင်းမှာ အခက်အခဲတွေ့ပြီး သူတို့ကို လာရန်ရှာရင် အလွန်အန္တရာယ်များမည် မဟုတ်ပါလား။
သို့သော် ယခုအချိန်မှာ သူမကို အပြစ်တင်နေရမည့် အချိန်မဟုတ်ပေ။
အဓိကအချက်မှာ ဓားပြများ၏ ယုံကြည်မှုကို ရယူပြီး အရင်ဆုံး လွတ်မြောက်ရန်သာ ဖြစ်သည်။
ချန်ဟွိုက်ကျင်း - "ဓားပြရဲဘော်တို့... ဟန်ခယ်အာ ပြောတာ မှန်ပါတယ်၊ ကျွန်တော်တို့ ရဲကို အစီရင်မခံပါဘူး။"
အမာရွတ်လျိုက နှာခေါင်းရှုံ့လိုက်သည်။ "ငါတို့ မင်းတို့ကို မယုံဘူး၊ မင်းတို့ ထွက်သွားရင် ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။"
"ဒါဆို... ဒါဆိုလည်း အစ်ကိုကြီးတို့ လိုချင်တဲ့ အာမခံချက်တစ်ခုခု တောင်းပါ... ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ပေးပါ့မယ်..."
ချန်ဟွိုက်ကျင်းက တုံ့ဆိုင်းနေပြီး မိန်းကလေးတစ်ယောက်ကို ချန်ထားခဲ့ဖို့ပင် ပြောမိတော့မည့်အတိုင်း ဖြစ်နေသည်။
သူက ထိုသို့သောလူစားမျိုးပင်၊ အတ္တကြီးပြီး အသက်ကို အလွန်နှမြောသူဖြစ်ရာ မိမိအသက်ရှင်ဖို့အတွက်ဆိုလျှင် ဘာမဆို လုပ်မည့်သူဖြစ်သည်။
အမာရွတ်လျိုသည် ထိုစကားကိုကြားသောအခါ တစ်ခုခုကို သတိရသွားခဲ့သည်။
ဟုတ်သားပဲ၊ ငါတို့ သုံးယောက် စဉ်းစားလို့မရရင်တောင် ဒီပညာတတ်လူငယ်တွေ စဉ်းစားလို့ ရမှာပဲ။
"တကယ်တော့ ငါတို့လည်း မင်းတို့ကို မဖမ်းချင်ပါဘူး၊ မင်းတို့က တောဝက်ကို ငါတို့ဆီ မောင်းလာပြီး ငါတို့ရဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်တာကိုး။"
"ကောင်းပြီ.. ဒါဆိုလည်း မင်းတို့ပဲ နည်းလမ်းရှာလိုက်ကြ။ ငါတို့ မင်းတို့ကို ပြန်ဖမ်းလို့ရမယ့် အားနည်းချက်တစ်ခုစီ ပေးနိုင်မယ်ဆိုရင် လွှတ်ပေးမယ်။"
အခုတော့ ပစ္စည်းတွေလည်း လုပြီးပြီဆိုတော့ ဒီနောက်ဆုံးအဆင့်ပြီးရင် သူတို့လည်း မြန်မြန် ထွက်သွားချင်နေပြီဖြစ်သည်။
ဒါကို ကြားတော့ လူတိုင်း ကြောင်အမ်းသွားကြသည်။
နေပါဦး... ဒီဓားပြသုံးယောက် ရူးနေတာလား။
သူတို့က ဓားစာခံတွေ၊ ဒုက္ခသည်တွေလေ။
အခုကြမှ ကိုယ့်ကိုယ်ကိုယ် ပြန်အကျပ်ကိုင်ဖို့ နည်းလမ်းကို ကိုယ်တိုင်စဉ်းစားခိုင်းနေတာလား။ ဒါက လုံးဝ အဓိပ္ပာယ်မရှိပေ။
မျောက်ပျင်းသည် လူတိုင်း အခက်တွေ့နေသည်ကို မြင်သောအခါ ချက်ချင်း သေနတ်ကိုင်ကာ ထရပ်လိုက်သည်။
"မြန်မြန်စဉ်းစားကြ၊ ၁၀ မိနစ် အချိန်ပေးမယ်၊ တစ်ယောက်ချင်းစီ ပြောရမယ်၊ ဘာမှ မစဉ်းစားနိုင်တဲ့လူကို ပစ်သတ်ပစ်မယ်။"
အသက်အန္တရာယ် ရှိလာပြီဖြစ်ရာ သူတို့ မစဉ်းစားလို့ မရတော့ပေ။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ "ကောင်းပါပြီ။"
ထောင့်တစ်နေရာတွင် ပွဲကြည့်နေသည့် စုန့်ပိုင်ယွမ်နှင့် ထျဲလန်ယန်တို့ကတော့ ခြွင်းချက်ပင်။
မျောက်ပျင်း လူတိုင်းကို ရှာဖွေနေစဉ်ကတည်းက စုန့်ပိုင်ယွမ်သည် ဤဓားပြများမှာ အန္တရာယ်မရှိကြောင်း သိရှိပြီးဖြစ်သည်။
သူသည် စစ်သားဘဝတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူတွေ့ခဲ့ဖူးသည့် ဓားပြအစစ်များမှာ ရက်စက်ကြမ်းကြုတ်ကာ လူသတ်၊ မီးရှို့၊ လုယက်ရန် ဝန်မလေးသူများ ဖြစ်ကြသည်။
သို့သော် ဤဓားပြသုံးယောက်မှာတော့ ကြောင်တောင်တောင်နိုင်လှပြီး ရက်စက်မည့်ပုံလည်း မပေါ်ပေ။
အကယ်၍ သူတို့မှာသာ သေနတ်မပါလျှင်…
သူတို့က ဓားပြတွေမှန်းတောင် သိနိုင်မည်မဟုတ်ပေ။
ယခု ခေါင်းဆောင်ဖြစ်သူက သူတို့ ဘာကြောင့် လူဖမ်းရသည်ကို ပြောပြလိုက်သောအခါ စုန့်ပိုင်ယွမ်သည် သူတို့၏ အခြေအနေကို နားလည်သွားကာ သနားပင် သနားမိသွားသည်။
ရဲဘော်ထျဲလန်ယန်က ဒီဓားပြတွေ ဘာမှမလုပ်ပါဘူးလို့ ပြောခဲ့တာ ဒါကြောင့်ကိုး။
စုန့်ပိုင်ယွမ်မှာ လုံးဝ စိတ်အေးသွားတော့သည်။
သူသည် ဤပြဇာတ် ပြီးဆုံးသည်အထိ စောင့်ကြည့်ပြီးမှ မမျှော်လင့်ထားသည့် အချိန်တွင် သူတို့ကို ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် လူတွေကို သေနတ်နဲ့ ချိန်ထားတာကတော့ မှားသည်ဖြစ်ရာ သူတို့ကို ဖမ်းဆီးပြီး သေနတ်များကို သိမ်းဆည်းရမည်။
ထိုစဉ် ထျဲလန်ယန်က ရုတ်တရက် စကားပြောလိုက်သည်။
"ကျွန်မတို့ နှစ်ယောက်ကတော့ စဉ်းစားစရာ မလိုပါဘူး၊ ကျွန်မတို့က ဂူထဲမှာ မီးလှုံနေရုံတင်ပါ၊ ဘာမှလည်း မလုပ်သလို သူတို့ကြောင့်သာ ပါလာရတာပါ။"
ဟန်ခယ်အာက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။ "ထျဲလန်ယန်... နင်က ဘာလို့ ဒီလောက် ရက်စက်ရတာလဲ၊ ငါတို့က တစ်ရွာတည်းသား ပညာတတ်လူငယ်တွေလေ၊ သူငယ်ချင်းတွေပဲကို၊ ငါတို့သေမှာကို နင်က ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား။"
ထျဲလန်ယန်က ရယ်မောလိုက်သည်။ "ငါ့ကို အဲ့လောက်ကြီး လာမပြောနဲ့။ တကယ်လို့ နင်က ငါ့ကို သူငယ်ချင်းလို့ သတ်မှတ်တယ်ဆိုရင် ရွာပြန်ရောက်ရင် နင့်ဆီမှာရှိတဲ့ ပိုက်ဆံနဲ့ စားစရာတွေ အကုန် ငါ့ကိုပေးလိုက်လေ၊ ငါကတော့ လက်ခံမှာပဲ။"
ဟန်ခယ်အာမှာ ဒေါသထွက်သွားခဲ့သည်။ "နင်...."
"တော်စမ်း၊ ရန်မဖြစ်ကြနဲ့တော့။ ငါ့မှာ ခေါင်းတွေတောင် မူးလာပြီ။"
မျောက်ပျင်းသည် ဟန်ခယ်အာကို စိုက်ကြည့်လိုက်ပြီး အမာရွတ်လျိုကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
ထို့နောက် သူသည် ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်ကို ကြည့်လိုက်သည်။
"လူတိုင်းကို တန်းတူ ဆက်ဆံရမယ်၊ မဟုတ်ရင် ကျန်တဲ့လူတွေက ငြိုငြင်လိမ့်မယ်။"
ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ။"
ဤလူသုံးယောက်မှာ သူတို့ကို အရင်က ပြန်ဓားပြတိုက်ခဲ့သူမှာ သူမဖြစ်မှန်း မသိကြသေးပေ။ အကယ်၍ သိလျှင်တော့ သူတို့ ထွက်ပြေးကြသည်မှာ ကြာလှပြီဖြစ်သည်။
သူတို့လက်ထဲက သေနတ်တွေက အတုတွေ ဖြစ်လောက်မည်၊ မဟုတ်လျှင် အမာရွတ်လျိုက ငတုံးဥကို တကယ့်သေနတ် ကိုင်ခိုင်းထားမည် မဟုတ်ပေ။
စုန့်ပိုင်ယွမ်ကတော့ ဒါကိုမသိဘဲ သေနတ်ကိုင်ထားသည့် ဤဓားပြသုံးယောက်ကို မည်သို့ ဖမ်းဆီးရမည်ကို စဉ်းစားနေဆဲဖြစ်သည်။
သူ စဉ်းစားနေစဉ်မှာပင် ဖရုံစေ့တစ်ဆုပ်က သူ့ရှေ့သို့ ရောက်လာခဲ့သည်။
စုန့်ပိုင်ယွမ် ကြောင်သွားစဉ်မှာပင် ဘေးမှ တိုးညှင်းသည့် အသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရှင် လက်တွေ ဖြေထားတာ ကျွန်မ သိပါတယ်၊ ကောင်းပြီ... မးဖရဲစေ့လေးစားရင်း ပွဲကြည့်ရအောင်။"
စုန့်ပိုင်ယွမ် - ........