← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အပိုင်း ၅၅

စုန့်ပိုင်ယွမ်သည် သူ့ရှေ့မှ ဖရဲစေ့များကို ကြည့်ကာ ယူရမလို ငြင်းရမလိုဖြင့် အခက်တွေ့နေသည်။

အဓိကအချက်မှာ ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက ဖရဲစေ့စားချင်စိတ် ရှိပါမည်နည်း။

"အဟွတ်... ကျွန်တော်..."

စုန့်ပိုင်ယွမ်က လေသံတိုးတိုးဖြင့် စကားစရုံရှိသေး၊ ထျဲလန်ယန်က သူမလက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"ရှင်မစားချင်လည်း နေပါ၊ ကျွန်မဘာသာပဲ စားတော့မယ်၊ သိပ်အများကြီး ရှိတာလည်း မဟုတ်ဘူး။"

စုန့်ပိုင်ယွမ် - ....

သူက ကျေးဇူးတင်စကား ပြောမလို့ ရှိသေးသည်၊ ဒီကောင်မလေးကတော့ တကယ့်ကို မြန်လှသည်။

အစောပိုင်းက ဂူထဲတွင် ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ် နှစ်ယောက်တည်း ရှိစဉ်က သူတို့သည် အလယ်မှ မီးပုံဘေးတွင် ထိုင်နေခဲ့ကြသည်။

နောက်ပိုင်းတွင် တခြားလူများ ရောက်လာပြီး အချည်ခံလိုက်ရသောအခါ သူတို့သည် ထောင့်စွန်းသို့ ရွှေ့လိုက်ကြသည်။

ထို့ကြောင့် ထျဲလန်ယန် ဖရဲစေ့စားနေသည်ကို မည်သူမှ သတိမထားမိကြပေ။

ဖရဲစေ့ဝါးသည့် အသံထွက်သွားမည် စိုးသဖြင့် သူမသည် လက်ဖြင့် အခွံများကို ခွာကာ ပါးစပ်ထဲထည့်ပြီး အသံမထွက်အောင် ဖြည်းဖြည်းချင်း ဝါးနေသည်။

စုန့်ပိုင်ယွမ်သည် သူမကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။

တောဝက်ရိုင်းကြီးကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့သည့် ထိုကောင်မလေးသည် အခုတော့ ထောင့်တစ်နေရာတွင် ပုန်းကာ ဖရဲစေ့စားနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူမသည် တကယ့်ကို နောက်တောက်တောက်လေးပင်။

ထျဲလန်ယန် ဖရဲစေ့စားကောင်းနေစဉ်မှာပင် သန့်ရှင်းပြီး ရှည်လျားသည့် လက်ချောင်းလေးက သူမရှေ့သို့ ရောက်လာသည်…

သူမ၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတကြီး ပေါ်လာကာ စုန့်ပိုင်ယွမ်ကို ခေါင်းစောင်း၍ ကြည့်လိုက်သည်။

"အစ်ကို... ဘာလုပ်တာလဲ" ဟု မေးနေသည့်အလားပင်။

စုန့်ပိုင်ယွမ်က ဘာမှမပြောဘဲ သူမကို ပြုံးပြကာ လက်ကို ထပ်ကမ်းပေးလိုက်ပြန်သည်။

ထျဲလန်ယန် - ခုနကတော့ မစားဘူးဆိုပြီး အခုကြမှ ပြန်တောင်းနေတယ်၊ တကယ်ကို မပြတ်သားတဲ့လူပဲ။

ထျဲလန်ယန်သည် သူမအိတ်ထဲကို နှိုက်ကာ ဖရဲစေ့ ငါးစေ့ ထုတ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်သည်။

သူ့ရဲ့ တောက်ပတဲ့ အပြုံးကြောင့်သာ မဟုတ်ရင် တစ်စေ့တောင် ပေးမှာမဟုတ်ဘူး။

စုန့်ပိုင်ယွမ်သည် လက်ထဲမှ ဖရဲစေ့ ငါးစေ့ကို ကြည့်ကာ ဘာမှမပြောဘဲ လက်ကို ပြန်ရုပ်လိုက်သည်။

ခဏအကြာတွင် သူသည် လက်ကို ထပ်ကမ်းပြန်သည်။

ထျဲလန်ယန် သူ့ကို စိုက်ကြည့်လိုက်သည်။ "ဘာလုပ်တာလဲ။"

ဖရဲစေ့တွေ ထပ်လိုချင်တာလား၊ ရှင်ကတော့ တကယ့်ကို လောဘကြီးတာပဲ။

စုန့်ပိုင်ယွမ် လက်ကို ဖြန့်လိုက်သောအခါ အခွံခွာပြီးသား ဖရဲစေ့ ငါးစေ့ကို တွေ့လိုက်ရသည်။

ထျဲလန်ယန်၏ မျက်နှာလေး နီမြန်းသွားရသည်။

အဟမ်း... သူမ အထင်မှားသွားခြင်း ဖြစ်သည်။

သူက သူမအတွက် အခွံနွှာပေးနေခြင်းပင်။

ဒါကို စောစောက ပြောရောပေါ့။

ထျဲလန်ယန်သည် ပျော်ပျော်ရွှင်ရွှင်နှင့် ဖရဲစေ့ဆံလေးများကို ယူလိုက်ပြီး နောက်ထပ် ဖရဲစေ့တစ်ဆုပ်ကို စုန့်ပိုင်ယွမ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"အားမနာပါနဲ့၊ ကျွန်မအိတ်ထဲမှာ အများကြီးရှိသေးတယ်၊ အခွံသာ ခွာပေးပါ။"

စုန့်ပိုင်ယွမ် - ........

ကောင်းပါပြီ... သူပဲ ကုသိုလ်လုပ်ပေးလိုက်ပါ့မယ်။

အခွံခွာပေးမည့်သူ ရှိလာသဖြင့် ထျဲလန်ယန်မှာ ပို၍ပင် မြိန်ယှက်စွာ စားနေတော့သည်။

၁၀ မိနစ် အချိန်ပြည့်သွားသောအခါ ဇာတ်ဆောင်ခြောက်ယောက် တစ်ယောက်ချင်းသည် သူတို့၏ အကြံဉာဏ်များကို ပြောကြရတော့သည်။

မျောက်ပျင်းသည် သေနတ်ကိုကိုင်ကာ ဟန်ခယ်အာဆီသို့ အရင်ဆုံး လျှောက်သွားပြီး သေနတ်နှင့် သူမ၏ ခေါင်းကို ချိန်လိုက်သည်။

"လာခဲ့... မင်း အရင်ပြော။"

သေနတ်နှင့် အချိန်ခံထားရသဖြင့် ဟန်ခယ်အာမှာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ ထင်တာက... ကျွန်မတို့... ကျွန်မတို့..."

သူမ ဘာစကားမှ အတည်တကျ မပြောနိုင်ပေ။

မျောက်ပျင်းက တမင်သက်သက် ခြောက်လိုက်သည်။ "မင်း ထစ်ထစ်ငေါ့ငေါ့ လုပ်နေဦးမယ်ဆိုရင် ငါ တကယ် ပစ်သတ်လိုက်မှာနော်။"

"ပြောပါ့မယ်" ဟန်ခယ်အာ၏ မျက်နှာမှာ ဖြူလျော့သွားကာ အမြန်ပြောလိုက်သည်။

"လူတစ်ယောက်ကို ရွေးပြီး ကျွန်မတို့ တစ်ယောက်တစ်ချက်စီ ဓားနဲ့ထိုးကြရင် ဘယ်လိုလဲ၊ အဲဒါဆို ကျွန်မတို့ အားလုံးက ရာဇဝတ်သားတွေ ဖြစ်ကုန်မှာဆိုတော့ ဘယ်သူမှ ရဲမတိုင်ရဲတော့ဘူးပေါ့။"

ကျန်တဲ့လူများ - ......

နေပါဦး... ဟန်ခယ်အာ ရူးနေတာလား။

လူတစ်ယောက်ကို ဓားနဲ့ထိုးဖို့ဆိုတာ လူစိတ်ရှိတဲ့သူ စဉ်းစားမယ့် အကြံလား။

အရင်ကတော့ ဟန်ခယ်အာကို စိတ်လိုက်မာန်ပါ ပြောတတ်တဲ့သူလို့ပဲ ထင်ခဲ့ကြတာ၊ အခုလို ရက်စက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။

ခဏမျှ လူတိုင်း ဟန်ခယ်အာကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ထျဲလန်ယန်ကတော့ နှုတ်ခမ်းကို နှစ်ချက်လောက် တောက်ခေါက်လိုက်သည်။ ဟန်ခယ်အာကတော့ လူတောမတိုးတော့ပေ။

ဒီမိန်းကလေးက ဓားပြတွေထက်တောင် ပိုပြီး ရက်စက်နေပါလား။

အမာရွတ်လျို ပြောလိုက်သည်။ "ဒီအကြံကို ခဏထားလိုက်ဦး၊ နောက်တစ်ယောက်။"

အကယ်၍ တခြား နည်းလမ်းကောင်း မရှိတော့လျှင်တော့ ဒါကို စဉ်းစားရမည်။

ဓားနဲ့ အထိုးခံရမယ့်လူကတော့…

ဒီဟန်ခယ်အာကိုပဲ ရွေးလိုက်ရုံပေါ့။

ဒါ သူမရဲ့ အကြံပဲလေ။

အကယ်၍ သူမကို ဒီလူတွေကပဲ ပြန်ပြီး ဓားနဲ့ထိုးသတ်လိုက်ရင်တော့ ဒါက အသင့်တော်ဆုံးပဲ ဖြစ်လိမ့်မည်။

ထိုအချိန်တွင် ဟန်ခယ်အာမှာတော့ သေနတ်ဒဏ်မှ လွတ်သွားသည်ကို ကျေနပ်နေပြီး မိမိဆီသို့ ကံကြမ္မာဆိုး ပြန်လာတော့မည်ကို လုံးဝ မသိသေးပေ။

မျောက်ပျင်းသည် နောက်တစ်ယောက်ဖြစ်သည့် ချန်ဟွိုက်ကျင်းဆီသို့ လျှောက်သွားသည်။

ချန်ဟွိုက်ကျင်းက အမြန်ပြောလိုက်သည်။ "ကျွန်တော် စဉ်းစားပြီးပြီ၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေကို ပြောကြမယ်၊ အဲဒါဆိုရင် တစ်ယောက်ကိုတစ်ယောက် ပြန်ပြီး အကျပ်ကိုင်လို့ ရတာပေါ့။"

မျောက်ပျင်းက နှုတ်ခမ်းမဲ့လိုက်သည်။ "ဘာထူးမှာလဲ၊ နောက်ကြမှ အဲဒါ ငါပြောတာ မဟုတ်ဘူးလို့ ငြင်းလိုက်ရင် ဘယ်သူက ဘာလုပ်နိုင်မှာလဲ။"

ချန်ဟွိုက်ကျင်းက ခြောက်ကပ်ကပ် ရယ်လိုက်သည်။ "ဒါလည်း နည်းလမ်းတစ်ခုပါပဲ..."

ဘာပဲဖြစ်ဖြစ် သူကတော့ ဖြေပြီးသွားပြီလေ။

မျောက်ပျင်းက သူ့ကို ဆက်မနှောင့်ယှက်တော့ဘဲ ဘေးက ပိုင်ရန်ရန်ဆီသို့ လှည့်လိုက်သည်။

ပိုင်ရန်ရန်က နှုတ်ခမ်းကိုကိုက်ကာ အခက်တွေ့နေသည့်ပုံစံဖြင့် ပြောလိုက်သည်။ "ဓားပြရဲဘော်... ကျွန်မတို့ ဆုံတွေ့ရတာက ကံကြမ္မာတစ်ခုပါပဲ..."

"အပိုတွေ။" မျောက်ပျင်းက အော်လိုက်သည်။ "အဲဒီပုံပြင်တွေ လာမပြောနဲ့၊ မင်းရဲ့ အကြံကိုပဲ ပြော။"

ပိုင်ရန်ရန်၏ မျက်နှာမှာ ဆေးရောင်စုံ ခြယ်ထားသကဲ့သို့ အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။

တောနယ်ကို ရောက်ကတည်းက သူမသည် လူချစ်လူခင် ပေါများခဲ့ပြီး လူတိုင်းက သူမအပေါ် ကောင်းခဲ့ကြသည်၊ အခုလို အရှက်ရစရာမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ။

"နည်းလမ်းတစ်ခုတော့ စဉ်းစားမိတယ်၊ ဒါပေမယ့် သိပ်မကောင်းပါဘူး။"

ပိုင်ရန်ရန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။"... အဲဒါက လူတိုင်း မီးတစ်ချက်စီ ရှို့ပြီး... ဒီတောင်ကြီးကို မီးရှို့ပစ်ကြမယ်လေ..."

ယခုခေတ်တွင် တောမီးရှို့ခြင်းမှာ ကြီးလေးသည့် ရာဇဝတ်မှုဖြစ်ပြီး ထောင်ကျနိုင်သည့် ကိစ္စဖြစ်သည်။

အကြံကတော့ မဆိုးသော်လည်း လက်တွေ့တွင်တော့ မဖြစ်နိုင်ပေ။

အကယ်၍ မီးက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလျှင် တခြားတောင်တွေကိုပါ ကူးစက်သွားမည်ဖြစ်ပြီး ရွာထဲအထိပါ လောင်သွားနိုင်သည်။

ထိုသို့ဆိုလျှင် တောမီးတင်မကဘဲ လူအများအပြားပါ အသက်ဆုံးရှုံးနိုင်သည် မဟုတ်ပါလား။

အမာရွတ်လျိုကတော့ ဒါမျိုး လုံးဝ မဖြစ်စေချင်ပေ။

"နောက်တစ်ယောက်။"

နောက်တစ်ယောက်မှာ ဝမ်လန် ဖြစ်သည်။

ဂူထဲကို ရောက်ကတည်းက သူ စကားတစ်ခွန်းမှ မပြောသေးပေ။

"ကျွန်တော့်မှာ နည်းလမ်းမရှိဘူး။"

ဒါက သူ ပထမဆုံး ပြောလိုက်သည့် စကားပင်။

တိုတောင်းပြီး အေးစက်လှသည်။

ဝတ္ထုထဲက ဇာတ်လိုက် ဝမ်လန်သည် စကားနည်းသူဖြစ်ပြီး စိတ်ထားကောင်းသူ ဖြစ်သည်၊ သူသည် တခြားလူကို ထိခိုက်မည့်အလုပ်မျိုး လုံးဝ လုပ်မည့်သူ မဟုတ်ပေ။

ထို့ကြောင့် သူသည် တခြားလူကို နာကျင်စေမည့်အစား မိမိကိုယ်တိုင်သာ အပြစ်ဒဏ် ခံယူချင်သူ ဖြစ်သည်။

"မင်းတို့ ဘယ်လိုပဲ အပြစ်ပေးပေး... ကျွန်တော် ခံယူပါ့မယ်။"

ဝမ်လန်၏ ပွင့်လင်းမှုကြောင့် လူတိုင်းက သူ့ကို အံ့သြစွာ ကြည့်လိုက်ကြသည်။

ဇာတ်လိုက်မ ယွီချင်းချုံ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

သူမ စိတ်ထင်လို့လားတော့ မသိသော်လည်း တောနယ်ကို ရောက်ကတည်းက ဝမ်လန်သည် သူမကို အမြဲ ကြည့်နေသကဲ့သို့ ခံစားရသည်။

သို့သော် သူမသည် သေချာမသိသလို နောက်ထပ်လည်း အချစ်အတွက် နှလုံးသားတံခါးကို မဖွင့်ချင်တော့သဖြင့် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

သူတို့သည် စကားပြောဖူးသည်မှာ အလွန်နည်းလှသည်၊ အခုလို တိုက်ဆိုင်မှုမျိုးသာ မကြုံခဲ့လျှင် ဝမ်လန်နှင့် ပတ်သက်မိမည် မဟုတ်ပေ။

"ကျွန်မမှာလည်း နည်းလမ်းမရှိပါဘူး" ယွီချင်းချုံ၏ အသံက ဂူထဲတွင် ဟိန်းသွားခဲ့သည်။ "ကျွန်မလည်း ရဲဘော်ဝမ်လန်လိုပဲ၊ အပြစ်ပေးတာကို ခံယူပါ့မယ်။"

သူမ တကယ်ပင် ဘာမှစဉ်းစားလို့မရသလို တစ်ခါလောက်တော့ စွန့်စားကြည့်ချင်မိသည်။

အဓိကအချက်မှာ သူမရှေ့က ဓားပြသုံးယောက်သည် သူမထင်သလောက် ကြောက်စရာမကောင်းမှန်း သိလိုက်ရခြင်းပင်။

မျှော်လင့်ထားသည့်အတိုင်း သူမ ခန့်မှန်းချက် မှန်သွားသည်။

ဓားပြခေါင်းဆောင် အမာရွတ်လျိုက ပြောလိုက်သည်။ "စဉ်းစားလို့မရသေးရင် ထပ်စဉ်းစားဦး၊ တခြားလူတွေကို အရင်မေးလိုက်မယ်။"

ဖရဲစေ့စားနေသည့် ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့မှလွဲလျှင် ဝမ်ကျွင်းကျွင်းတစ်ယောက်သာ ကျန်တော့သည်။

ဝမ်ကျွင်းကျွင်းက ခေါင်းကို ကုတ်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် နည်းလမ်းတစ်ခုတော့ စဉ်းစားမိတယ်၊ ဒါပေမယ့် နည်းနည်းတော့ ယုတ်မာရာ ကျမလားလို့..."

မျောက်ပျင်း - "ပြောစမ်းပါ။"

ဝမ်ကျွင်းကျွင်း - "ကောင်းပြီ... ခင်ဗျားတို့လည်း သိတဲ့အတိုင်း ခုခေတ်မှာ သိက္ခာဆိုတာ သိပ်အရေးကြီးတယ်လေ၊ အဲဒါကို နည်းနည်းလောက် ဖျက်ဆီးလိုက်မယ်ဆိုရင်..."

မျောက်ပျင်း၏ မျက်လုံးများ တောက်ပသွားကာ အကြံတစ်ခု ရသွားသည်။

"ငါ နားလည်ပြီ။ မင်းတို့က တောနယ်ကို လာတဲ့ ပညာတတ်လူငယ်တွေဆိုတော့... ရည်းစားတွေ ဘာတွေ မရှိကြသေးဘူးမလား။"

"ဒါဆိုရင် ဒီလိုလုပ်ကြ၊ မင်းတို့ လေးတွဲရှိတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပါးလေးတစ်ချက်စီ နမ်းလိုက်ကြ။"

"ဒါကို အားနည်းချက်အနေနဲ့ မှတ်ထားမယ်၊ တကယ်လို့ မင်းတို့ ရဲတိုင်ရဲရင်တော့ မင်းတို့တွေ ဖောက်ပြန်နေကြတယ်လို့ ငါတို့က သတင်းလွှင့်ပစ်မှာ၊ ဘယ်သူအရင် အဖမ်းခံရမလဲ ကြည့်ကြတာပေါ့။"

ကျန်တဲ့လူများ - ???

ဓားပြအစ်ကိုကြီးတို့ရာ... ခင်ဗျားတို့ရဲ့ အကြံကတော့ တကယ့်ကို ယုတ်မာလွန်းပါတယ်။

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၅၆

လူတိုင်းက ဝမ်ကျွင်းကျွင်းကို လူသတ်တော့မည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြသည်။

'ဝမ်ကျွင်းကျွင်း၊ နင် ဒီနားကိုလာခဲ့စမ်း၊ နင့်ကို သေအောင် ရိုက်ပစ်မယ်။'

ဝမ်ကျွင်းကျွင်းမှာ တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ရှင်းပြရတော့သည်။

"မဟုတ်ပါဘူး ဓားပြအစ်ကိုကြီးတို့ရာ... ကျွန်တော် ဆိုလိုတာက အဲလိုမဟုတ်ပါဘူး။"

"ကျွန်တော် စဉ်းစားမိတာက... အမျိုးသားတွေ အင်္ကျီချွတ်လိုက်ကြရင် ရွာကိုပြန်တဲ့အခါ လူတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို ခံရမှာလေ။"

"အဲဒါဆိုရင် ရှက်လွန်းလို့ ရဲလည်း မတိုင်ရဲတော့ဘူး၊ တိုင်ရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။"

"ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက ဘာမှမဖြစ်ဘဲ ဓားပြတွေက အမျိုးသားတွေကိုပဲ ပစ်မှတ်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဒါက ကျွန်တော် စဉ်းစားမိတဲ့ ယုတ်မာတဲ့ အကြံပါ။"

မျောက်ပျင်းသည် ထိုသည်ကိုကြားတော့ ရယ်မောခဲ့သည်။ "မင်းက တော်တော်ဉာဏ်ကောင်းတာပဲ၊ ဒါပေမယ့် ငါ့အကြံက ပိုကောင်းတယ်လို့ ထင်တုန်းပဲ၊ ဟုတ်တယ်မလား ခေါင်းဆောင်"

အမာရွတ်လျိုက ခေါင်းညိတ်ပြလိုက်သည်။ "အင်းး... ငါ့အမြင်တော့ နှစ်ခုလုံး လုပ်လို့ရတာပဲ။"

"အရင်ဆုံး သူတို့ကို နမ်းခိုင်းမယ်၊ ပြီးရင် ပြန်လွှတ်တဲ့အခါကြရင်တော့ အမျိုးသားတွေက အဝတ်အစားတွေ အများကြီး ဝတ်စရာမလိုတော့ဘူး၊ အတွင်းခံလေးနဲ့ပဲ ပြန်ကြပေါ့။"

ရှိနေသည့် အမျိုးသားများ - ???

ဓားပြအစ်ကိုကြီးတို့... ခင်ဗျားတို့ ပြောနေတာ လူစကား ဟုတ်ရဲ့လား။

"အစ်ကိုကြီး... အဝတ်အစားလေးတော့ ချန်ပေးပါဦး၊ အတွင်းခံပဲ ဝတ်ရမှာကတော့ အရမ်း ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလို့ပါ။"

ဝမ်ကျွင်းကျွင်းမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။

မျောက်ပျင်းက ပြုံးပြီး သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးသည်။

"ရပါတယ် ညီလေးရာ... ငါဆိုရင် ဒီအင်္ကျီမလဲရတာ တစ်လတောင် ရှိပြီ၊ မင်းကိုပဲ အမွေပေးခဲ့မယ်၊ မင်း တကယ့်ကို ကံကောင်းတာပဲ။"

ဝမ်ကျွင်းကျွင်း -.....

အစ်ကိုကြီးရယ်... ကျွန်တော်ကတော့ ဒီလိုကံကောင်းခြင်းမျိုးကို လက်မခံနိုင်ပါဘူး။

ချန်ဟွိုက်ကျင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အမြန်ပြောလိုက်သည်။

"ဓားပြရဲဘော်တို့... တခြားနည်းလမ်းလေး စဉ်းစားပေးပါဦး၊ အမျိုးသားတွေ အရှက်ရတာ ကိစ္စမရှိပေမယ့် အမျိုးသမီးတွေကိုတော့ ဒီလို မလုပ်သင့်ပါဘူး။"

ချန်ဟွိုက်ကျင်းကို ကြည့်လျှင် စကားအပြောအဆို ကောင်းမွန်ပြီး မိန်းကလေးများအကြား ရေပန်းစားသော်လည်း သူ၏ အတွေးအခေါ်မှာ အလွန် ရှေးရိုးစွဲဆန်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူ ဖြစ်သည်။

သူ၏ စိတ်ထဲတွင် အမျိုးသမီးဆိုသည်မှာ နာခံမှုရှိရမည်ဖြစ်ပြီး ဘောင်ကျော်သည့် အလုပ်မျိုးကို မလုပ်သင့်ပေ။

အကယ်၍ လုပ်ခဲ့လျှင်တောင် ၎င်းမှာ မိမိအတွက်သာ ဖြစ်သင့်ပြီး တခြားသူအတွက် မဖြစ်စေရပေ။

ဟုတ်သည်... ချန်ဟွိုက်ကျင်းမှာ အလွန်ပင် ဟန်ဆောင်ကောင်းသူ ဖြစ်သည်။

အဓိကအချက်မှာ သူက ဂူထဲရှိ အမျိုးသမီးအားလုံးမှာ သူ့ကို ချစ်နေကြသည်ဟု ထင်နေခြင်းပင် ဖြစ်သည်။

ယွီချင်းချုံနှင့် ပိုင်ရန်ရန်တို့မှာတော့ ပြောနေစရာပင် မလိုပေ၊ သူသည် သူတို့နှစ်ယောက်လုံးကို အကြိမ်ကြိမ် ပရောပရည် လုပ်ခဲ့ဖူးသည်။

ဟန်ခယ်အာမှာလည်း ပိုင်ရန်ရန်နှင့် သူငယ်ချင်းဖြစ်ပြီး သူ့ကို "အစ်ကိုချန်" ဟု ချိုချိုသာသာ ခေါ်တတ်သဖြင့် သူမလည်း သူ့ကို စိတ်ဝင်စားနေသည်ဟု သူယူဆထားသည်။

မျက်မှန်တပ်ထားပြီး သာမန်ရုပ်ရည်သာရှိသည့် ထျဲလန်ယန်မှာလည်း သူ့ကို တဖက်သတ် စိတ်ဝင်စားနေသည်ဟု သူထင်နေပြန်သည်။

မဟုတ်လျှင် သူမသည် သူ့ကို မြင်တိုင်း ဘာကြောင့် မျက်နှာလွှဲသွားရသနည်း၊ ဒါက ရှက်လို့ ဖြစ်ရမည်။

(ထျဲလန်ယန် - ??? နင့်ကို ကန်ပစ်လိုက်မယ်... ဒီကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ ရူးကြောင်ကြောင်ကောင်။)

ချန်ဟွိုက်ကျင်း၏ စိတ်ထဲတွင် အမျိုးသမီး လေးယောက်လုံးမှာ သူနှင့် ပတ်သက်နေသူများဖြစ်ရာ သူက ဘယ်လိုလုပ် တခြားသူကို နမ်းနိုင်ပါမည်နည်း။

ချန်ဟွိုက်ကျင်းသည် ဤအကြံကို သဘောမတူကြောင်း ပြောချင်သော်လည်း မည်းမှောင်နေသည့် သေနတ်ပြောင်းနှင့် ရင်ဆိုင်နေရသဖြင့် ပရိယာယ်သုံး၍သာ ပြောလိုက်ရသည်။

"ကြည့်ပါဦး... ဒီပညာတတ် အမျိုးသမီးငယ်လေးတွေ ငိုတော့မယ့် အတိုင်းပဲ။"

"သူတို့က အပြစ်ကင်းကြတဲ့သူတွေပါ၊ ဘယ်လိုလုပ်ပြီး ကြုံသလို နမ်းနိုင်ပါ့မလဲ၊ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် သူတို့ လူတောတိုးရဲတော့မှာ မဟုတ်ဘူး။"

မျောက်ပျင်းက နှာခေါင်းရှုံ့ခဲ့သည်။ "ငါ အဲဒါတွေ စိတ်မဝင်စားဘူး။ ခေါင်းအပစ်ခံမလား၊ ဒါမှမဟုတ် ဒီနည်းလမ်းကို ရွေးမလား။ တစ်ခုခု ရွေးလိုက်။"

အမာရွတ်လျိုကလည်း ထောက်ခံလိုက်သည်။ "မှန်တယ်၊ ရွေးလိုက်စမ်း။"

"ကျွန်မ နမ်းဖို့ ရွေးတယ်။"

ဟန်ခယ်အာက ပထမဆုံး စတင်ပြောဆိုလိုက်သူ ဖြစ်သည်။

နမ်းရုံနှင့် အသက်ဘေးက လွတ်မည်ဆိုလျှင်တော့ သူမအတွက် ပျော်စရာပင် မဟုတ်ပါလား။

ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူ တစ်ယောက်အနေနှင့် သူမသည် ဤကဲ့သို့သော ကိစ္စများကို လုံးဝ ဂရုမစိုက်ပေ။

ဒါကို ကြားတော့ မျောက်ပျင်း နှုတ်ခမ်းမဲ့သွားသည်။

ဒီမိန်းမကတော့ တကယ့်ကို ဟန်ဆောင်ကောင်းတာပဲ၊ ခုနကတော့ သူ့ကို ပေါင်ကြားကန်ပြီး အပြင်းအထန် ခုခံနေခဲ့တာလေ။

အခုကြမှ တခြားသူကို နမ်းဖို့ လက်ခံလိုက်တယ်တဲ့လား၊ တကယ့်ကို မျက်နှာပြောင်းတာ မြန်လွန်းလှသည််။

"ကဲ... ဘယ်သူ ကျွန်မကို နမ်းချင်လဲ၊ ကျွန်မကတော့ သူ့ကို အပြစ်မတင်ပါဘူး။"

ဟန်ခယ်အာက ရဲရဲဝံ့ဝံ့ ပြောလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဂူထဲတွင် ရှိနေသည့် အမျိုးသားများမှာလည်း ရုပ်ဖြောင့်ကြသူများ ဖြစ်သည်။

ချန်ဟွိုက်ကျင်းက နုနယ်ချောမောပြီး ဝမ်လန်က သန်မာခံ့ညားကာ ဝမ်ကျွင်းကျွင်းမှာလည်း ချစ်စရာကောင်းသည့် လူငယ်လေး ဖြစ်သည်။

ပြီးတော့ ထောင့်မှာထိုင်နေသည့် ဓားသွားကဲ့သို့ မျက်ခုံးနှင့် ကြယ်ပမာ တောက်ပသည့် မျက်ဝန်းပိုင်ရှင် အမျိုးသားမှာလည်း တကယ့်ကို ထူးခြားခံ့ညားလှသည်။

ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် သူမအတွက် အရှုံးမရှိပေ။

ထောင့်က အမျိုးသားသာ ဖြစ်ရင်တော့ အကောင်းဆုံးပဲ၊ အကယ်၍ သူသာ သူမကို နမ်းပြီး ချစ်သွားရင်တော့ သူမအတွက် ကံထူးတာပဲပေါ့။

(စုန့်ပိုင်ယွမ် - ......)

ဟန်ခယ်အာမှာ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေသည်။

သူမက ဒီလောက် လှတာအပြင် ကိုယ်တိုင်ကလည်း အစပြုနေတာဆိုတော့ ဘယ်အမျိုးသားကမှ ငြင်းမည်မဟုတ်ပေ။

သို့သော် ရလဒ်မှာ မျက်လုံးမှိတ်ပြီး ၃ မိနစ်လောက် စောင့်သော်လည်း မည်သူမှ တုံ့ပြန်ခြင်း မရှိပေ။

သူတို့တွေ ရှက်နေကြတာလား။

ဟန်ခယ်အာက နှုတ်ခမ်းကိုကိုက်ကာ ခြေဆောင့်လိုက်သည်။ "မြန်မြန်လုပ်ကြလေ၊ ယောက်ျားတွေဖြစ်ပြီး ဒီလောက် နှေးမနေကြနဲ့။"

သူမက ဒီလောက် တက်တက်ကြွကြွ ရှိနေတာကို ဘယ်သူမှ တုံ့ပြန်ခြင်းမရှိတာကို သူမ မယုံနိုင်ပေ။

သို့သော်လည်း ........

ကျီးကန်းအုပ်ကြီး ပျံသန်းသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်…

ယနေ့ည၏ တိတ်ဆိတ်မှုမှာ ကမ်းဘရစ်ချ်တံတားထက်ပင် ပိုလေမလား။

"ဖွီ။" မျောက်ပျင်းက ဗိုက်ကိုကိုင်ပြီး ရယ်တော့သည်။ "ဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်၊ ဘယ်သူမှ နင့်ကို မလိုချင်ကြဘူးပဲ။"

"ဘယ်သူမှ မလိုချင်ဘူး၊ ဘယ်သူမှ နင့်ကို မလိုချင်ဘူး။"

ငတုံးဥကလည်း ပါးစပ်ထဲ သကြားလုံးငုံရင်း လက်များဝှေ့ယမ်းကာ ဝိုင်းလှောင်တော့သည်။

အမာရွတ်လျိုပင် မရယ်ဘဲ မနေနိုင်တော့ပေ။

သူ မျက်နှာဖုံးစွပ်ထားလို့သာ တော်တော့သည်၊ မဟုတ်လျှင် ဓားပြခေါင်းဆောင်တစ်ယောက် ဤမျှ သဘောကောင်းစွာ ရယ်နေသည်ကို မြင်သွားကြပါက သူ၏ ပုံရိပ် ပျက်စီးသွားလိမ့်မည်။

အားလုံးကလည်း အနည်းနှင့်အများ ရယ်မောကြပြီး ဟန်ခယ်အာကို ကြည့်ကာ ဆွံ့အကုန်ကြသည်။

ဟန်ခယ်အာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဤမြင်ကွင်းကို မြင်ပြီး ဒေါသတကြီး ခြေဆောင့်ကာ ပြောခဲ့သည်။

"နင်... နင်တို့အားလုံး ငါ့ကို ဝိုင်းစော်ကားနေကြတာပဲ။"

သူမသည် စုန့်ပိုင်ယွမ်ကိုပင် စိုက်ကြည့်လိုက်သေးသည်။

စုန့်ပိုင်ယွမ်က မျက်မှောင်ကြုတ်ကာ အနည်းငယ် ကြောင်သွားရသည်။

ထျဲလန်ယန်ကတော့ ဟန်ခယ်အာ၏ အတွေးကို ကောင်းကောင်း ခန့်မှန်းမိသည်။

"သူမက ရှင် သူမကို ရွေးလိမ့်မယ်လို့ ထင်နေပုံရတယ်။"

စုန့်ပိုင်ယွမ်သည် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့သည်၊ သူသည် ထိုမိန်းကလေး၏ အတွေးကို တကယ်ပင် နားမလည်နိုင်ပေ။

"သူမက ဘယ်ကယုံကြည်ချက်တွေနဲ့ ဒီလို ထင်နေရတာလဲ။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "ဘုရားသခင်က ပေးလိုက်တဲ့ ယုံကြည်ချက် ဖြစ်မှာပေါ့။"

သူမက ကမ္ဘာကူးလာသူဆိုတော့ မာနကြီးတာပေါ့။

စုန့်ပိုင်ယွမ်သည် ထျဲလန်ယန်ကို ကြည့်လိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။

အကယ်၍ သူမသာ ဖြစ်မယ်ဆိုရင်... သူ... တော်စမ်း၊ ဘာတွေ လျှောက်တွေးနေတာလဲ။ ရှက်စရာကြီး။

စုန့်ပိုင်ယွမ်မှာ ရှက်သွားပြီး ထျဲလန်ယန် သိသွားမည်စိုးသဖြင့် အမြန် ခေါင်းငုံ့လိုက်သည်။

ခဏအကြာတွင် နူးညံ့ဖြူစင်သည့် လက်ကလေးတစ်ဖက် သူ့ရှေ့သို့ ရောက်လာသည်။

စုန့်ပိုင်ယွမ် ကြောင်သွားရပြန်သည်။

ထိုကောင်မလေးက သူမ၏လက်ကို သူ့မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

သူမ၏ သာယာသည့် အသံလေးကို ကြားလိုက်ရသည်။ "တွေဝေမနေပါနဲ့ဦး၊ ကျွန်မရဲ့ ဖရဲစေ့လေးတွေ အခွံခွာပြီးပြီလား။"

စုန့်ပိုင်ယွမ်မှာ ခေါင်းခါရင်း ရယ်မောလိုက်ရသည်၊ သူ၏ မျက်ဝန်းထဲတွင်တော့ အလိုလိုက်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ဒီကောင်မလေးကတော့ တကယ်ကို အားမနာတတ်တာပဲ။

All Chapters