အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အပိုင်း ၅၇
ဟန်ခယ်အာ လုပ်လိုက်သည့် ဟာသကြောင့် ဂူထဲတွင် တင်းမာနေသည့် အခြေအနေမှာ အနည်းငယ် ပြေလျော့သွားသည်။
အပြင်တွင် မိုးတိတ်တော့မည်ကို မြင်ရသဖြင့် ဤနေရာတွင် ကြာကြာနေရန် မသင့်တော်တော့ပေ။
အမာရွတ်လျိုက တိုက်တွန်းလိုက်သည်။ "မင်းတို့ဘာသာ မင်းတို့ မြန်မြန်အတွဲရွေးကြ၊ ကိုယ်တိုင်မရွေးရင် ငါပဲ မဲနှိုက်ပြီး ရွေးပေးလိုက်တော့မယ်။"
ဤစကားကို ကြားသည်နှင့် ဂူထဲတွင် တစ်ဖန် ပြန်လည် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွားပြန်သည်။
ပညာတတ်လူငယ် အမျိုးသား၊ အမျိုးသမီးများသည် တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲကြဘဲ ခေါင်းများကိုသာ အမြန်ငုံ့ထားလိုက်ကြသည်။
"မြန်မြန်ရွေးကြစမ်း။" မျောက်ပျင်းက သေနတ်ကို မြှောက်ကာ ခြိမ်းခြောက်လိုက်သည်။
ပိုင်ရန်ရန်သည် နှုတ်ခမ်းကိုကိုက်ကာ ချန်ဟွိုက်ကျင်းကို မော့ကြည့်လိုက်သည်။ "ရဲဘော်ချန်ဟွိုက်ကျင်း... ကျွန်မတို့ နှစ်ယောက်ပဲ တွဲလိုက်ကြမလား။"
သူမသည် ဟန်ခယ်အာလို အလှောင်ပြောင်မခံချင်သဖြင့် ချန်ဟွိုက်ကျင်းကို ရွေးလိုက်ခြင်းမှာ အန္တရာယ်အကင်းဆုံး ဖြစ်သည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ချန်ဟွိုက်ကျင်းက မဆိုင်းမတွ သဘောတူလိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော်ကပဲ ရဲတင်းပြီး အားမနာတမ်းလုပ်ရတော့မှာပေါ့။"
လေးယောက်လုံးကိုသာ ရွေးခွင့်ရှိရင် အကုန်လုံးကို သူယူမိမှာ အသေအချာပင်။
သို့သော် ပိုင်ရန်ရန်မှာ သူအနှစ်သက်ဆုံး ဖြစ်နေသဖြင့် ခုနက ဟန်ခယ်အာ စ၍ဖိတ်ခေါ်စဉ်က သူ ထရပ်ခြင်းမရှိခဲ့ပေ။
ဘေးတွင်ရပ်နေသော ဟန်ခယ်အာသည် ဤမြင်ကွင်းကိုမြင်သောအခါ ဒေါသထွက်ကာ မျက်နှာရှုံ့မဲ့သွားသည်။
တောက်။ ငါကလည်း ဘယ်နေရာမှာမဆို ပိုင်ရန်ရန်ထက် မညံ့ပါဘူး။ ဘာလို့ သူက သူမကိုပဲ ရွေးပြီး ငါ့ကိုကြတော့ မရွေးတာလဲ။
"ဖြောင်း... ဖြောင်း... ဖြောင်း။" မျောက်ပျင်းက လက်ခုပ်တီးကာ ပြောခဲ့သည်။ "ကောင်းတယ်၊ မင်းတို့အတွဲ အရင်လုပ်ပြ၊ အားလုံးအတွက် စံနမူနာအဖြစ် နေပြလိုက်ကြစမ်း။"
ဒါကို ကြားတော့ ပိုင်ရန်ရန်၏ မျက်နှာလေးမှာ နီမြန်းသွားရသည်။
ချန်ဟွိုက်ကျင်းလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
မျောက်ပျင်းက သူတို့နှစ်ယောက်ကို အနားဆွဲကပ်ပေးကာ ရယ်မောလျက်ပြောလိုက်သည်။ "ကောင်းပြီ... တစ်ယောက်နဲ့တစ်ယောက် နမ်းလိုက်ကြစမ်းပါ။"
"နမ်းလိုက်၊ နမ်းလိုက်။"
ငတုံးဥကတော့ ပါးစပ်ထဲက သကြားလုံးကို မမြိုချနိုင်သေးဘဲ သွားရည်များ တစိုစိုဖြင့် ဝိုင်းအော်နေတော့သည်။
အမာရွတ်လျိုကတော့ သူ့ရဲ့ ဓားကြီးကို ကိုင်ကာ ဘေးပတ်ပတ်လည်ကို အကဲခတ်ရင်း ပြောလိုက်သည်။ "ဒါက သူတို့ရဲ့ အားနည်းချက်ပဲ၊ အားလုံးက သက်သေနော်။"
မျောက်ပျင်း၏ တိုက်တွန်းမှုကြောင့် ချန်ဟွိုက်ကျင်းသည် ပိုင်ရန်ရန်၏ ပါးကို အသာအယာ နမ်းလိုက်သည်။
"မဟုတ်ဘူး၊ နှုတ်ခမ်းချင်း နမ်းရမှာ၊ မြန်မြန်လုပ်။"
မျောက်ပျင်းကတော့ ပွဲကြည့်ရတာ ဝါသနာပါလွန်းသဖြင့် မိမိကိုယ်မိမိ ဓားပြဖြစ်နေသည်ကိုပင် မေ့နေပုံရသည်။
"ရဲဘော်ပိုင်ရန်ရန်... တောင်းပန်ပါတယ်" ချန်ဟွိုက်ကျင်းက သက်ပြင်းချကာ သူမ၏ နူးညံ့သော နှုတ်ခမ်းကို နမ်းလိုက်တော့သည်။
သူတို့နှစ်ယောက် နမ်းလိုက်ကြသောအခါ မျောက်ပျင်းနှင့် ငတုံးဥတို့ထံမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။
"အိုး... နမ်းကုန်ပြီဟေ့၊ နမ်းကုန်ပြီ။"
ဟန်ခယ်အာ၏ မျက်နှာမှာတော့ မည်းမှောင်သွားတော့သည်။
ယွီချင်းချုံကတော့ လက်သီးကို တင်းတင်းဆုပ်ကာ အလယ်က လူယုတ်မာကို ကြည့်နေသည်၊ သူမ၏ မျက်ဝန်းများတွင် မကျေနပ်သည့် အမုန်းတရားများ ပြည့်နှက်နေသည်။
ဘာလို့လဲ။ ဒုတိယအကြိမ် ပြန်ရှင်လာတဲ့ ဘဝမှာတောင် သူတို့ကြောင့် စိတ်ပျက်ရပြန်ပြီလား။
မဖြစ်ဘူး... ရွာပြန်ရောက်တာနဲ့ သူတို့ကို ခွဲပစ်ဖို့ နည်းလမ်းရှာရမယ်။
ဝမ်လန်က ယွီချင်းချုံသည် ချန်ဟွိုက်ကျင်းကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရင်ထဲမှာ တင်းခနဲ ဖြစ်သွားရသည်။
ယွီချင်းချုံ သူ့ကို မချစ်မှန်း သိသော်လည်း သူ နာကျင်ရဆဲပင်။
ဝမ်ကျွင်းကျွင်းကတော့ အတင်းအဖျင်းပွဲကို မျက်လုံးတောက်တောက်ဖြင့် ကြည့်နေပြီး သူ့ကိုယ်ပေါ်က ဒဏ်ရာတွေတောင် မနာတော့သည့်အလားပင်။
သူသည် ထျဲလန်ယန်နားကို ဘယ်အချိန်က ရောက်သွားမှန်းမသိဘဲ တတွတ်တွတ် ပြောတော့သည်။
"အစ်မယန်... ကြည့်ပါဦး၊ ချန်ဟွိုက်ကျင်းက တကယ်ကို အားရပါးရ နမ်းနေတာ၊ တကယ့်ကို အခွင့်ကောင်းယူနေတာပဲ။"
"ရဲဘော်ပိုင်ရန်ရန်ရဲ့ မျက်နှာကလည်း မျောက်ဖင်လို နီနေတာပဲ၊ ဟားဟား... ရယ်ရလိုက်တာ။"
"ဘာရယ်စရာရှိလို့လဲ၊ ခဏနေရင် နင့်ကို ဘယ်သူမှ မရွေးရင် နင်ပဲ ငိုရမှာနော်။"
ထျဲလန်ယန်က စကားတစ်ခွန်းတည်းနှင့် ပွဲသိမ်းလိုက်သည်။
ဝမ်ကျွင်းကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "အဟမ်း... အစ်မယန်... ကျွန်တော်တို့နှစ်ယောက်ပဲ တွဲလိုက်ကြမလားလို့..."
ထျဲလန်ယန် မျက်စောင်းထိုးလိုက်သည်။ "နင် အိပ်မက်မက်နေတာလား။"
ဝမ်ကျွင်းကျွင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်မ စိတ်ဆိုးနေတုန်းပဲ မဟုတ်လား၊ ကျွန်တော့်အမှားပါ၊ နောက်တစ်ခါကြရင် အစ်မနဲ့ပဲ လိုက်ခဲ့ပါ့မယ်။"
ထျဲလန်ယန် - "ငါ စိတ်မဆိုးပါဘူး၊ ဒါက တခြားစီလေ။"
သူမအတွက်တော့ ဝမ်ကျွင်းကျွင်းသည် လူစိမ်းတစ်ယောက်သာဖြစ်ပြီး သူငယ်ချင်းတောင် မဟုတ်သဖြင့် သူမ စိတ်ဆိုးနေစရာ အကြောင်းမရှိပေ။
သူဘာရွေးရွေး ဒါက သူ့ကိစ္စသာဖြစ်ပြီး သူမမှာ ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။
ဝမ်ကျွင်းကျွင်းက ငိုတော့မယောင် အမူအရာပြလိုက်သည်။ "အစ်မ..."
ထျဲလန်ယန် သူ့ကို စိုက်ကြည့်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း၊ ငါ့ကို အစ်မလို့ မခေါ်နဲ့၊ ငါက နင့်ထက် ငယ်တယ်။"
ဝမ်ကျွင်းကျွင်းမှာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး သူ၏ မျက်ဝန်းများမှာ နာကျင်နေသည့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ သနားစရာ ဖြစ်သွားသည်။
ဘေးက စုန့်ပိုင်ယွမ်ကတော့ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း အခွံခွာပြီးသား ဖရဲစေ့ဆံလေးများကို ထျဲလန်ယန်၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။
ထျဲလန်ယန်က ဖရဲစေ့ဆံလေးများကို ယူလိုက်ပြီး စုန့်ပိုင်ယွမ်ကို မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ပြုံးပြလိုက်သည်။
ဝမ်ကျွင်းကျွင်း - ...... သွားပြီ... သွားပြီ... အစ်မယန်မှာ ဖရဲစေ့ခွာပေးမယ့် လူသစ်ရသွားပြီ၊ ငါ့ကို မလိုတော့ဘူးပေါ့။
……
ဂူထဲတွင် ဒုတိယအတွဲ စတင်နေပြီဖြစ်သည်။
ဟုတ်သည်... ဇာတ်လိုက်မ ယွီချင်းချုံနှင့် ဇာတ်လိုက်မင်းသား ဝမ်လန်တို့ပင် ဖြစ်သည်။
ယွီချင်းချုံက ဝမ်လန်ဘက်ကို လှည့်ကြည့်လိုက်သောအခါ သူမ မမေးခင်မှာပင် ဝမ်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် သဘောတူပါတယ်။"
ဤမြင်ကွင်းမှာ မင်္ဂလာပွဲတစ်ခုနှင့်ပင် ဆင်တူနေပြီး လက်စွပ်လဲရန်သာ လိုတော့သည့်အတိုင်းပင် ဖြစ်နေသည်။
ထျဲလန်ယန်ကတော့ စိတ်ထဲကနေ လက်ခုပ်တီးနေမိသည်၊ "တော်တယ်... ဇာတ်လိုက်မင်းသားကြီးရေ။"
ဤခေတ်ဟောင်း ဝတ္ထုမှာ အလွန်ဟောင်းနေပြီဖြစ်သဖြင့် သူမ အချက်အလက် တော်တော်များများကို မေ့နေခဲ့သည်၊ ဤဂူမြင်ကွင်း ပါ၊ မပါ သူမ မသေချာပေ။
ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့၏ တိုးတက်မှုမှာ အလွန်နှေးကွေးနေသည်။
ဤဂူထဲက အနမ်းသည် သူတို့ကြားက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ပိုနီးစပ်စေလိမ့်မည်။
ချန်ဟွိုက်ကျင်းနှင့် ပိုင်ရန်ရန်တို့၏ ရိုမန့်တစ်ဆန်သော အခြေအနေနှင့် ယှဉ်လျှင်…
ယွီချင်းချုံနှင့် ဝမ်လန်တို့မှာ အလွန်ပင် တောင့်တင်းနေပြီး နှစ်စက္ကန့်တောင် မပြည့်ခင်မှာပင် နှုတ်ခမ်းချင်း ထိရုံလေးထိကာ ခွဲလိုက်ကြသည်။
မျောက်ပျင်းက အားမရသဖြင့် နောက်တစ်ခါ ထပ်လုပ်ရန် တိုက်တွန်းသော်လည်း အမာရွတ်လျိုက ဆူလိုက်သည်။
"မင်းက ဘာတွေ အော်ဟစ်နေတာလဲ၊ မြန်မြန်လုပ်ပြီးရင် ထွက်ကြတာပေါ့၊ အပြင်မှာ မိုးတိတ်သွားပြီ။"
ယခု ဟန်ခယ်အာ၊ ဝမ်ကျွင်းကျွင်း၊ ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့သာ ကျန်တော့သည်။
ထျဲလန်ယန် အမြန်ပြောလိုက်သည်။ "ကျွန်မကတော့ ရဲဘော်စုန့်နဲ့ တွဲဖို့ သဘောတူထားပြီးသားပါ၊ ဒါပေမယ့် ကျွန်မတို့က နောက်ဆုံးမှ လုပ်မယ်။"
စုန့်ပိုင်ယွမ် - ???
ဘယ်တုန်းက သဘောတူလိုက်တာလဲ၊ ငါတောင် မသိပါလား။
ထျဲလန်ယန်က သူ့နားကို ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "မကြောက်နဲ့နော်၊ ကျွန်မ ရှင့်ကို အန္တရာယ်မပေးပါဘူး။"
စုန့်ပိုင်ယွမ် - .......
ဒါက ငါပြောရမယ့် စကားမဟုတ်ဘူးလား။
မျောက်ပျင်းသည် သူတို့၏ နာခံမှုကို ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ။"
ယခု ဟန်ခယ်အာနှင့် ဝမ်ကျွင်းကျွင်းတို့သာ ကျန်တော့သည်။
ဤနှစ်ယောက်မှာ အစကတည်းက အဆင်မပြေကြသူများ ဖြစ်သည်။
ဝမ်ကျွင်းကျွင်းမှာလည်း ဟန်ခယ်အာ၏ နောက်ဆုံး ရွေးချယ်စရာသာ ဖြစ်သည်။
သို့သော် ယခုမူ သူသည် သူမနှင့် မဖြစ်မနေ တွဲရမည့် အခြေအနေသို့ ရောက်နေသည်။
နည်းလမ်းမရှိတော့ပေ၊ အသက်ရှင်ဖို့အတွက် သူဒါကို လုပ်ရမည်။
ဟန်ခယ်အာသည် ဤတစ်ကြိမ်တွင် မျက်လုံးမမှိတ်တော့ဘဲ မျက်နှာကိုသာ လွှဲထားလိုက်သည်။
သူမပုံစံက "မမြင်ရရင် စိတ်မညစ်ရဘူး" ဆိုသည့် ပုံစံမျိုးပင် ဖြစ်နေသည်။
ဝမ်ကျွင်းကျွင်းမှာ အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့သည်၊ သူ လုံးဝ မလုပ်ရဲပေ။
သူ ဟန်ခယ်အာကို မကြိုက်သော်လည်း သူ၏အပြုအမူကြောင့် သူမ၏ သိက္ခာကို မထိခိုက်စေချင်ပေ။
ဒါက သူ၏ ပထမဆုံးအနမ်းဖြစ်သဖြင့် အနာဂတ်ဇနီးလောင်းအတွက်သာ သိမ်းထားချင်သည်။
ထို့အပြင် ဟန်ခယ်အာက အရမ်း အနိုင်ကျင့်တတ်သဖြင့် နောင်ကြလျှင် သူ့ကို တာဝန်ယူခိုင်းနေရင် ဘယ်လိုလုပ်မလဲ။
စဉ်းစားပြီးနောက်တွင် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
"ဓားပြအစ်ကိုကြီးတို့... ကျွန်တော် လူလဲလို့ ရမလားဗျ။"
ဝမ်ကျွင်းကျွင်းက ထိုသို့ပြောလိုက်သည်နှင့် ဟန်ခယ်အာမှာ ပေါက်ကွဲသွားတော့သည်။
"ဝမ်ကျွင်းကျွင်း၊ နင့်ရဲ့ အခွင့်ကောင်းကို မတွန်းထုတ်စမ်းနဲ့။ နင်က ဘာကောင်မို့လို့ ငါ့ကို ငြင်းရဲတာလဲ။"
ဝမ်ကျွင်းကျွင်းက သူမကို လုံးဝ မကြည့်ဘဲ မျောက်ပျင်းကို ထပ်မေးလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော် လူလဲလို့ ရမလားလို့၊ ရတယ်မလား။"
"ဝမ်ကျွင်းကျွင်း... နင်ကောင်စုတ်။ ဘာလို့ ငါ့ကို ငြင်းတာလဲ၊ နံစော်နေတဲ့ ဆံပင်ကောက်ကောက်နဲ့အကောင်ရဲ့။"
ဟန်ခယ်အာက ဆဲဆိုအော်ဟစ်တော့သည်။
မျောက်ပျင်းက ဝမ်ကျွင်းကျွင်းကို သနားသလို ကြည့်ကာ သူ့ပခုံးကို ပုတ်လိုက်သည်။
"ညီလေးရာ... ငါလည်း လဲပေးချင်တာပေါ့၊ ဒါပေမယ့် ဘယ်သူမှ မကျန်တော့ဘူးလေ။"
ယခု ဟန်ခယ်အာ တစ်ယောက်သာ ကျန်တော့ရာ တခြားသူ မရှိတော့ပေ။
ဝမ်ကျွင်းကျွင်းသည် အံကိုကြိတ်ကာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
"လူဖြစ်ရင် ရတာပဲ မဟုတ်လား၊ ဒါဆိုရင် ကျွန်တော်... ခင်ဗျားရဲ့ ပါးကိုပဲ နမ်းလိုက်မယ်၊ ပြီးရင် ကျွန်တော့်ကို လွှတ်ပေးမလား။"
ဤသို့ဆိုလျှင် အနည်းဆုံးတော့ သူ၏ ပထမဆုံးအနမ်းကို ကာကွယ်နိုင်မည်။
ထိုရူးကြောင်ကြောင် မိန်းမ ဟန်ခယ်အာကလည်း သူ့နောက်ကနေ တာဝန်ယူခိုင်းပြီး လိုက်ရှုပ်တော့မည် မဟုတ်ပေ။
မျောက်ပျင်းမှာ လန့်သွားခဲ့သည်…
သူသည် သုံးပေခန့်အထိ အပေါ်သို့ ခုန်တက်သွားပြီး ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာကာ အလွန်အမင်း သတိထားလျက် ပြောလိုက်သည်။
"မင်း ဘာလုပ်တာလဲ။ ငါက ဓားပြဖြစ်ပေမယ့် လူပျိုလေးပဲ ရှိသေးတာနော်။ ငါ့အပေါ်ကိုတော့ ဘာမှကြံစည်ဖို့ စိတ်မကူးနဲ့။"
ဝမ်ကျွင်းကျွင်း - ......
ကျန်သည့်လူများ - .......
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၅၈
ဂူအတွင်းရှိ လေထုမှာ ခဏလေးအတွင်းမှာပင် စိတ်မသက်မသာ ဖြစ်စရာ ကောင်းသွားတော့သည်။
ထိုအချိန်တွင် ပါးစပ်ထဲက သကြားလုံးကို ဝါးစားပြီးသွားသော ငတုံးဥက ရုတ်တရက် သူ၏လက်ထဲမှ သေနတ်ကို မြှောက်လိုက်သည်။
သူသည် မျောက်ပျင်း၏ ပုံစံကို အတုယူကာ သေနတ်နှင့် ဝမ်ကျွင်းကျွင်း၏ ခေါင်းကို ချိန်ပြီး ပြောလိုက်သည်။
"စကားနားမထောင်ရင် ပစ်သတ်လိုက်မယ်။"
သူသည် မောင်းခလုတ်ကို ဆွဲတော့မည့်ဆဲဆဲပင်။
"ငတုံးဥ... မလုပ်နဲ့။" အမာရွတ်လျိုက ဟိန်းဟောက်လိုက်သည်။
လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် လန့်ဖျပ်သွားပြီး ရှိသည့်နေရာမှာတင် ကျောက်ရုပ်ပမာ တောင့်တင်းသွားကြသည်။
ထိုအရေးကြီးသည့် အချိန်တွင် အရပ်ရှည်ရှည်နှင့် လူရိပ်တစ်ခုက ရုတ်တရက် ရှေ့သို့ ပြေးထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ငတုံးဥ၏လက်ထဲမှ သေနတ်မှာ ကလစ်ခနဲ အသံထွက်ပေါ်လာပြီး ဝမ်ကျွင်းကျွင်းဆီသို့ ကျည်ဆန်မဲ့ ပစ်ခတ်လိုက်သည်။
သေနတ်ထဲတွင် ကျည်ဆန် လုံးဝမရှိပါ။
သေဘေးမှ လွတ်မြောက်သွားသော ဝမ်ကျွင်းကျွင်းမှာ မျက်နှာဖြူလျော့ကာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ဘုရားရေ။ ဝူး ဝူး ဝူး... ဘိုးဘွားတွေကို ကျေးဇူးတင်ပါတယ်။ ဘွားဘွားကြီးကို ကျေးဇူးတင်ပါတယ်။
ငတုံးဥမှာတော့ စုန့်ပိုင်ယွမ်၏ လက်ချက်ဖြင့် မြေပြင်ပေါ်တွင် ဖိသိပ်ခံထားရပြီ ဖြစ်သည်။
မျောက်ပျင်းသည် အခြေအနေမဟန်မှန်း သိသဖြင့် ကူညီရန် အမြန်ပြေးလာသည်။
"ငတုံးဥကို အခုချက်ချင်းလွှတ်၊ မဟုတ်ရင် ငါ့အကြောင်း သိစေရမယ်။"
စုန့်ပိုင်ယွမ်က ခြေထောက်ဖြင့် ဝှေ့ယမ်းကန်လိုက်ရာ ထိုလူလည်း လဲကျသွားတော့သည်။
"ငတုံးဥ၊ မျောက်ပျင်း။"
ဂူဝတွင် စောင့်နေသည့် အမာရွတ်လျိုသည်လည်း သူ၏ ညီအစ်ကိုများကို ပစ်မထားနိုင်ပေ။
သူသည် ဓားကြီးကိုကိုင်ကာ အော်ဟစ်လျက် ပြေးဝင်လာခဲ့သည်။
ထျဲလန်ယန်ကတော့ အေးအေးဆေးဆေးပင် ထလာခဲ့သည်။
သူမက ခြေထောက်ဖြင့် ကန်လိုက်ရာ မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးသည် အမာရွတ်လျို၏ ရင်ဘတ်ကို မှန်သွားပြီး သူ့ကို မြေပြင်ပေါ် လဲကျသွားစေခဲ့သည်။
ရှိနေသည့် ပညာတတ်လူငယ်အားလုံးမှာ မှင်တက်သွားကြသည်။
မဟုတ်သေးပါဘူး... ထျဲလန်ယန်က ဘယ်တုန်းက ဒီလောက် တော်သွားတာလဲ။
ကျောက်ခဲတစ်လုံးတည်းနဲ့ သန်သန်မာမာ လူတစ်ယောက်ကို လဲကျအောင် လုပ်နိုင်တယ်လား။ ဒါက သာမန်လူ လုပ်နိုင်တဲ့အလုပ် မဟုတ်ဘူး။
ဒါမှမဟုတ်... သူမမှာ ဒဏ္ဍာရီထဲကလို သိုင်းပညာတွေ ရှိနေတာလား။
ဤမြင်ကွင်းက ထျဲလန်ယန်အပေါ် လူတိုင်း၏ အမြင်ကို တစ်ခါ ထပ်မံပြောင်းလဲစေခဲ့သည်။
ယခင်က ထျဲလန်ယန်သည် အေးအေးဆေးဆေး နေတတ်သူဖြစ်ရာ မည်သူမှ သူမကို သတိမထားမိခဲ့ကြပေ။
သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များက သူမသည် အနိုင်ကျင့်၍ရသည့်သူ မဟုတ်ကြောင်း လူတိုင်းကို သိရှိစေခဲ့သည်။
ခဏမျှ လူတိုင်း၏ စိတ်ထဲတွင် အတွေးကိုယ်စီ ရှိနေကြသည်။
ဝမ်လန်၏ မျက်လုံးများက အေးစက်နေခဲ့သည်။ 'ဒီရဲဘော်မလေးက အရမ်းတော်တာပဲ၊ ငါသူ့ကို ရှောင်နိုင်သမျှ ရှောင်ရမယ်။'
ချန်ဟွိုက်ကျင်းက ပြုံးလိုက်သည်။ 'ရဲဘော်ထျဲမှာ ဒီလိုအရည်အချင်းရှိမယ်လို့ မထင်ထားဘူး၊ သူမက ဒါကို တမင်ဖုံးကွယ်ထားတာပဲ၊ ငါ့ကို အံ့သြအောင် လုပ်ချင်တာ နေမှာပါ။'
ပိုင်ရန်ရန် - 'ငါသူ့ကို မစော်ကားခဲ့သင့်ဘူး... မကြောက်နဲ့... မကြောက်နဲ့။'
ယွီချင်းချုံ - '... ငါ့ဘက်ကနေ ကူပြီး လက်စားချေဖို့ သူမကို ငါ့ဘက်ပါအောင် ဆွဲဆောင်နိုင်မလားဆိုတာ သိချင်မိတယ်...'
ဟန်ခယ်အာကတော့ မနာလိုစိတ်များ ပြည့်နေသည်။ "တိုက်ဆိုင်တာပါ။ ဒါ တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်။"
'ထျဲလန်ယန်... နင်က ဘာလို့ ဒီလောက် တော်နေရတာလဲ၊ ငါကသာ ကံတရားက ရွေးချယ်ထားတဲ့သူလေ။ အရာအားလုံးက ငါ့ဟာပဲ ဖြစ်ရမှာ။'
ဝမ်ကျွင်းကျွင်း၏ မျက်လုံးများက တောက်ပနေသည်။ "အစ်မ... ကျွန်တော့်ရဲ့ ထာဝရအစ်မကြီးပဲ၊ ကျွန်တော် အစ်မနောက်ပဲ တကောက်ကောက် လိုက်တော့မယ်။"
……
ဂူထဲတွင် ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့က ဓားပြသုံးယောက်ကို ချည်နှောင်ရန် ပြင်လိုက်စဉ်မှာပင်…
မြေပြင်ပေါ် လဲကျနေသည့် အမာရွတ်လျိုက ဝုန်းခနဲ ထရပ်လိုက်သည်။
သူသည် ဘေးက ဝမ်ကျွင်းကျွင်းကို ဖမ်းဆွဲလိုက်ပြီး ဓားနှင့် သူ့လည်ပင်းကို ထောက်ကာ ပြောလိုက်သည်။
"အနားမလာနဲ့။ ငါ့ညီအစ်ကိုနှစ်ယောက်ကို အခုလွှတ်၊ မဟုတ်ရင် ငါ တကယ် သတ်ပစ်မှာ။"
"အစ်ကိုကြီး... စိတ်လျှော့ပါ... စိတ်လျှော့ပါ..."
ဝမ်ကျွင်းကျွင်းမှာ ခြေထောက်များ တုန်ယင်နေပြီး ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကယ်ပါဦး... ကျွန်တော့်ကို ကယ်ကြပါဦး..."
သူ မသေချင်သေးပါ၊ ဘွားဘွားကြီးဆီကို အစောကြီး မသွားချင်သေးပါ။
စုန့်ပိုင်ယွမ်၏ မျက်လုံးများက စူးရှနေသည်။ "သူ့ကို လွှတ်လိုက်။"
အမာရွတ်လျို - "မင်းတို့က ငါ့ညီတွေကို အရင်လွှတ်။"
သူက ပြောရင်းနှင့် ဓားကို ဖိလိုက်ရာ ဝမ်ကျွင်းကျွင်း၏ လည်ပင်းတွင် သွေးစို့သွားပြီး သူလည်း လန့်ကာ ငိုတော့သည်။
ထျဲလန်ယန် ပြောလိုက်သည်။ "ရဲဘော်စုန့်... သူတို့ကို လွှတ်ပေးလိုက်ပါ။"
စုန့်ပိုင်ယွမ်က အေးစက်စွာဖြင့် ပြောလိုက်သည်။ "လုယူထားတဲ့ ပစ္စည်းတွေအကုန်လုံး ပြန်ပေး၊ ပြီးရင် သွားလို့ရပြီ။"
မြေပြင်ပေါ်တွင် သေဟန်ဆောင်နေသည့် မျောက်ပျင်းသည် ချက်ချင်း ထလာပြီး ပစ္စည်းအားလုံးကို ပြန်ပေးသည်၊ ငတုံးဥ၏ အိတ်ထဲက သကြားလုံး နှစ်လုံးကိုတောင် မချန်ပေ။
သကြားလုံး ဆုံးရှုံးသွားသဖြင့် ငတုံးဥမှာ ထပ်၍ငိုယိုပြန်သည်။
နောက်ဆုံးတွင် အမာရွတ်လျိုက ဟောက်လိုက်သဖြင့် သူသည် မျောက်ပျင်းနှင့်အတူ ဂူထဲမှ အင်တင်တင် ထွက်သွားတော့သည်။
အမာရွတ်လျိုသည် ဝမ်ကျွင်းကျွင်းကို ဂူဝအထိ ဆွဲခေါ်သွားပြီး အတွင်းထဲသို့ တွန်းပို့ကာ အမြန်ထွက်ပြေးသွားတော့သည်။
စုန့်ပိုင်ယွမ်က သူတို့နောက်ကို လိုက်ချင်သော်လည်း ထျဲလန်ယန်က အရင်ဦးအောင် ပြောလိုက်သည်။
"ကျွန်မ လိုက်သွားလိုက်မယ်၊ ရှင် ဒီလူတွေကို ကြည့်ထားလိုက်။"
သူမသည် ပြောပြီးသည်နှင့် အပြင်သို့ ပြေးထွက်သွားတော့သည်။
စုန့်ပိုင်ယွမ်သည် ဝမ်ကျွင်းကျွင်းကို အရင်ဖြေပေးပြီး ကျန်တဲ့လူများကိုပါ ကြိုးဖြေပေးလိုက်ရာ အားလုံးက သူ့ကို ကျေးဇူးတင်ကြသည်။
ဂူထဲမှ ထွက်လာကြသောအခါ…
ဝမ်ကျွင်းကျွင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်မယန်က ဘာလို့ ဓားပြတွေနောက်ကို လိုက်သွားတာလဲ၊ အရမ်း အန္တရာယ်များတာကို။"
ဟန်ခယ်အာက နှာခေါင်းရှုံ့လိုက်သည်။ "သူမက ဟန်ပြချင်ရုံပါပဲ၊ ခုနက ဒုက္ခရောက်တုန်းကကြတော့ ထွက်မကယ်ဘဲ အခုမှ လာဟန်ဆောင်နေတာ။"
ဝမ်ကျွင်းကျွင်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ဟန်ခယ်အာ... တော်စမ်းပါ၊ အစ်မယန်က ဓားပြတွေဆီမှာ ကျည်ဆန်မရှိမှန်းမှ မသိတာ၊ အလောတကြီး လုပ်ရင် ဒဏ်ရာရသွားမှာပေါ့။"
စုန့်ပိုင်ယွမ်၏ နက်မှောင်သော မျက်ဝန်းများက လှုပ်ရှားသွားပြီး သူသည် အဝေးတစ်နေရာကို တွေးတောစွာဖြင့် ငေးကြည့်နေမိသည်။
……
အခြားတစ်ဖက်တွင်…
ထျဲလန်ယန်သည် ဓားပြသုံးယောက်နောက်ကို သူတို့ပုန်းအောင်းရာနေရာအထိ တကောက်ကောက် လိုက်လာခဲ့သည်။
သူတို့၏ ပုန်းအောင်းရာနေရာဆိုသည်မှာ တောင်နံရံတစ်ခု၏ အောက်ခြေတွင်ဖြစ်သည်။
စုတ်ပြတ်နေသော မိုးကာစကို ဝါးလုံးနှစ်လုံးဖြင့် ထောက်ထားသည့် လေဒဏ်၊ မိုးဒဏ် ခိုလှုံရာ တဲစုတ်လေးတစ်ခုသာ ဖြစ်သည်။
အတွင်းထဲတွင်လည်း ရှုပ်ပွနေပြီး ကွဲအက်နေသည့် အိုးခွက်ပန်းကန် အနည်းငယ်နှင့် စုတ်ပြတ်နေသည့် အဝတ်အစားများမှလွဲ၍ ဘာမှမရှိပေ။
ထျဲလန်ယန်သည် မလှမ်းမကမ်းရှိ မြက်တောထဲတွင် ပုန်းနေရင်း ဤမြင်ကွင်းကို ကြည့်ကာ အတွင်းထဲတောင် မဝင်ချင်တော့ပေ။
တန်ဖိုးရှိတာ ဘာမှမရှိဘူး၊ ဒါကို ငါက ဘာသွားလုရမှာလဲ၊ ဘာမှတောင် ရမှာမဟုတ်ဘူး။
ထျဲလန်ယန်သည် သူမ ဘာကြောင့် သူတို့နောက် လိုက်လာမိမှန်း ကိုယ်တိုင်ပင် မသိတော့ပေ။
သူမ၏ စိတ်ထဲတွင်တော့ ဤဓားပြသုံးယောက်ကို ကယ်တင်ပေးနိုင်သည်ဟု ခံစားရပြီး စုန့်ပိုင်ယွမ်၏ ဖမ်းဆီးခြင်းကို မခံစေချင်ပေ။
ထို့အပြင် ယနေ့ ဂူထဲတွင် စိတ်ဝင်စားစရာ မြင်ကွင်းများ မြင်ခဲ့ရသဖြင့် ဤဓားပြသုံးယောက်ကိုပင် ကျေးဇူးတင်ရဦးမည်။
သူမ သူတို့ကို ရှာမတွေ့ဘူးလို့ပဲ ပြန်ပြောရမလား။
ထျဲလန်ယန် ထိုသို့တွေးနေစဉ်မှာပင် မျောက်ပျင်းက စုတ်ပြတ်နေသည့် အိတ်ထဲမှ တောက်ပနေသည့် ရွှေရောင် ပန်းကန်လုံးတစ်လုံး ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
"ခေါင်းဆောက်... ကြွေထည်တွေကတော့ တောဝက်ကြောင့် အကုန်ကွဲကုန်ပြီ။ တော်သေးတာက ဒီရွှေပန်းကန်လုံး ကျန်ခဲ့လို့၊ တော်တော်လေး လေးတယ်၊ မှောင်ခိုဈေးမှာ ရောင်းရင် ပိုက်ဆံ တော်တော်ရမှာ။"
သူ စကားပြောလို့မှ မဆုံးသေး…
ထျဲလန်ယန်က မြက်တောထဲမှ ဝုန်းခနဲ ခုန်ထွက်လာခဲ့သည်။ "ဓားပြတိုက်မယ်။"
ဓားပြသုံးယောက် - ???
ဒါ ခုနက ဂူထဲက မျက်နှာမှာ အမာရွတ်နဲ့ ပညာတတ်မလေး မဟုတ်လား၊ ကျောက်ခဲနဲ့ အမာရွတ်လျိုကို ကန်လိုက်တဲ့သူလေ။
သူမက ဒီအထိတောင် လိုက်ရဲတယ်လား၊ ငါတို့ သုံးယောက်ပေါင်းပြီး သူမကို နှိမ်နင်းမှာကို မကြောက်ဘူးလား။
အမာရွတ်လျို - "ညီကိုတို့... ဝိုင်းဖမ်းကြ။"
သုံးမိနစ်အကြာတွင်…
မြေပြင်ပေါ် လဲကျနေသည့် ဓားပြသုံးယောက် -"ငါတို့က လူပြက်တွေ ဖြစ်ကုန်ပြီ။"
မျောက်ပျင်းသည် သူ၏ မျက်နှာပေါ်က ဖူးရောင်နေသည့် ဒဏ်ရာကို ကိုင်ကာ မျက်နှာရှုံ့မဲ့လျက် ပြောလိုက်သည်။
"မိန်းကလေးရယ်... နင်ကလည်း လက်ပြင်းလိုက်တာ၊ ငါတောင် ဂူထဲမှာ နင့်ကို ကြိုးဖြေပေးခဲ့တာလေ၊ နင့်ကို ငါဘာမှ မလုပ်ခဲ့ပါဘူး။"
ထျဲလန်ယန် ပြုံးလိုက်သည်။ "သေချာကြည့်စမ်း... ငါက ဘယ်သူလဲ။"
အမာရွတ်လျိုနှင့် မျောက်ပျင်းမှာ ကြောင်သွားခဲ့သည်။ "... ဘယ်သူလဲ။"
ငတုံးဥက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ "ငါ့သကြားလုံး... သူမ ငါ့သကြားလုံးကို ခိုးသွားတာ။"
အမာရွတ်လျိုနှင့် မျောက်ပျင်းမှာ လန့်သွားပြီး သတိရသွားကြသည်။
ဒီပုံစံ... ဒီအသံ…
ဒါ ငါတို့ရဲ့ စုဆောင်းထားသမျှ အကုန်ခိုးသွားတဲ့ ကောင်မလေးပဲ။
ဒါဆို သူမမျက်နှာက အမာရွတ်က အတုပေါ့။ သူမက ဂူထဲမှာ ငါတို့ကို လာနောက်နေတာလား။
အမာရွတ်လျိုနှင့် မျောက်ပျင်းမှာ ခြေကုန်လက်ပန်းကျကာ လဲကျလုနီးပါး ဖြစ်သွားသည်။
သေစမ်း။ ငါတို့က ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ၊ ဓားပြတိုက်တိုင်း သူမနဲ့ပဲ လာတိုးနေရတယ်။