အခန်း (၄၀၅-၄၀၆)
Vol. 21 Ch. 405-406
အခန်း (၄၀၅) နင်းကျော့ နှင့် ဟွာကူးကျိ
နင်းကျော့က ဆက်၍ “ကျွန်တော် ဒီကျင့်ကြံခြင်းဆိုင်ရာ အသိအမြင် ပန်းချီကားချပ်တွေကို ငြင်းပယ်ရတဲ့ အကြောင်းရင်းက ဒါတွေဟာ မိတ်ဆွေတစ်ယောက်ရဲ့ ကူညီဖေးမမှုကနေ လာတာမဟုတ်လို့ပါပဲ”
“ဒါတွေဟာ တောင်းပန်မှုတစ်ခုအနေနဲ့ ကျွန်တော့်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာတော့ အမှန်ပါပဲ”
“ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားအရတော့ ဒီလိုအရာမျိုးတွေကို သိပ်ပြီး တန်ဖိုးမထားတတ်ဘူး”
“ဟား ဟား ဟား... စဉ်းစားကြည့်စမ်းပါဦး၊ ကျွန်တော့်ရဲ့ မွေးရာပါပါရမီ၊ နောက်ခံနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေအရ အချိန်တစ်ခုသာပေးရင် ဒီလောကမှာ ကျွန်တော်လိုချင်တဲ့ အသိအမြင် ပန်းချီကားချပ်မှန်သမျှကို ရအောင်ယူဖို့ ဘယ်လောက်များ ခက်ခဲနေမှာမလို့လဲ”
“မင်းတို့ဂိုဏ်းက အစ်ကိုကြီးတွေဟာ သူတို့ရဲ့ ညီမလေးကို ကာကွယ်ချင်လွန်းလို့ ကျွန်တော့်အပေါ် အထင်လွဲသွားကြတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်”
“ဒါပေမဲ့ နားလည်ပေးနိုင်တယ်ဆိုတာက ခွင့်လွှတ်ပေးတာနဲ့တော့ မတူဘူးနော်”
“ဒီကိစ္စကို ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ပဲ ပြန်ပြီး တုံ့ပြန်သွားပါ့မယ်”
နင်းကျော့၏ စကားကို ကြားသောအခါ ရှောင်ကျူမှာ စိုးရိမ်တကြီး ဖြစ်သွားပြီး ရန်ငြိုးရန်စများကို ချစ်ကြည်ရေးအဖြစ် ပြောင်းလဲနိုင်ရန် နားချလေတော့သည်။
ထိုအခါ နင်းကျော့က ပြုံးလျက် သူ၏ ခါးပတ်အိတ်အတွင်းမှ သက်သေအထောက်အထားများစွာကို ထုတ်ပြလိုက်၏။
“ဒါတွေကတော့ ဒီနေ့ ကျွန်တော် စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အချက်အလက်တွေပါ၊ သခင်မလေးလင်းရဲ့ အစ်ကိုတွေက ကောလာဟလတွေကို နောက်ကွယ်ကနေ ဘယ်လိုသွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ သက်သေတွေပေါ့”
“ရှောင်ကျူ... ဒါတွေကို တာအိုကျင့်ဖော် လင်ဟုကျိုဆီ ပေးလိုက်ပါဦး၊ တကယ်လို့ သခင်မလေးလင်းသာ သိသွားခဲ့ရင်လည်း ဒါတွေကို ကြည့်ခွင့်ပေးလိုက်ပါ”
နင်းကျော့က ကိစ္စအဝဝကို စုံစမ်းပြီးဖြစ်ကြောင်း သိလိုက်ရသောအခါ ရှောင်ကျူ၏ မျက်နှာလေးမှာ ဖြူလျော်သွားတော့သည်။
“သူကတော့ တကယ့်ကို မျိုးရိုးမြင့် မိသားစုကနေ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တဲ့သူပဲ၊ ဒီလိုနေရာမျိုးမှာတော့ နင်းကျော့နဲ့ သခင်မလေးက တော်တော်လေး ဆင်တူတာပဲ” ဟု ရှောင်ကျူက စိတ်ထဲက ရေရွတ်မိလေသည်။
ရှောင်ကျူမှာ အစေခံမလေးမျှသာ ဖြစ်သဖြင့် ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ နောက်ဆုံးတွင် နင်းကျော့ကိုယ်တိုင် လိုက်ပါပို့ဆောင်မှုဖြင့် ပန်းချီကားချပ်များကို ပြန်လည်ယူဆောင်ကာ အထောက်အထားအသစ်များနှင့်အတူ တိုက်ပွဲငယ်တောင်ထိပ်မှ ထွက်ခွာသွားရလေတော့သည်။
“စိတ်ဝင်စားစရာပဲ... တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေတယ်” နင်းကျော့မှာ သူ၏ ဂူကျောင်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း ထိုအခြေအနေကို ပြန်လည်စဉ်းစားကာ ပို၍ သဘောကျလာမိသည်။
ထိုစဉ် ခါးတွင် ချိတ်ထားသော ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးအတွင်းမှ စွန်းလင်ထုံ၏ အသံ ထွက်ပေါ်လာ၏။
“ကျော့လေး... ဒီသက်သေတွေကို စုဆောင်းဖို့ ငါ တော်တော်လေး အားစိုက်ခဲ့ရတာကို မင်းက ဒီအတိုင်း အလကား ပေးပစ်လိုက်တာလား၊ သူတို့ကို နည်းနည်းပါးပါးတောင် ပြန်ပြီး ခြိမ်းခြောက်မယူတော့ဘူးလား”
“ပြီးတော့ အဲ့ဒီ မီးဓာတ်နဲ့ ရွှေဓာတ်ဆိုင်ရာ အသိအမြင် ပန်းချီကားချပ်တွေကိုရော ဘာလို့ လက်မခံခဲ့တာလဲ၊ အဲ့ဒါတွေက ပါးစပ်နားအထိ ရောက်လာတဲ့ အစာကောင်းတွေပဲကို”
“မင်းက လေ့လာဖို့ စိတ်မပါရင်တောင် ငါက လေ့လာချင်တာပေါ့ကွ”
နင်းကျော့က ခေါင်းကို အသာအယာ ခါယမ်းလိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုဘဲ မေးခွန်းတစ်ခုသာ ပြန်မေးလိုက်သည်။
“အစ်ကိုစွန်း... အစ်ကို လင်ဟုကျိုကို ဘယ်လိုမြင်လဲ”
စွန်းလင်ထုံက မဆိုင်းမတွပင် “သတင်းအချက်အလက်တွေအရတော့ သူက ဆေးပေါင်းသောင်းခြောက်ထောင်ဂူရဲ့ တပည့်ကြီးပဲ၊ မွေးရာပါပါရမီထူးချွန်ပြီး တီထွင်နိုင်စွမ်းလည်း ရှိတယ်၊ အရက်ကို အရမ်းကြိုက်ပြီး ဂိုဏ်းထဲမှာလည်း နာမည်ကြီးပဲလေ၊ ဒါပေမဲ့ သူက စည်းကမ်းမရှိဘဲ အမှားလုပ်တတ်လွန်းလို့ လင်းပုဖန်က သူ့ကို မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူထဲ ခဏခဏ အကျဉ်းချပြီး အပြစ်ပေးလေ့ရှိတယ်” ဟု ဖြေကြားလေသည်။
နင်းကျော့က ဆက်၍ “ဒါဆို အစ်ကိုစွန်းရော... လင်ဟုကျိုက လင်းပုဖန်ရဲ့ အပြစ်ပေးတာကို ခံရဖို့ ဘယ်လိုအမှားမျိုးတွေကို ခဏခဏ လုပ်တတ်လဲဆိုတာ လေ့လာမိလား” ဟု မေးပြန်သည်။
စွန်းလင်ထုံက ခေတ္တမျှ စဉ်းစားပြီး “အကုန်လုံးက ကိစ္စအသေးအမွှားလေးတွေပါပဲ၊ ဒါပေမဲ့ သူက တပည့်ကြီးဖြစ်နေတော့ စံပြဖြစ်အောင် လင်းပုဖန်က အပြစ်ပေးတာလည်း ဖြစ်နိုင်တာပဲလေ”
နင်းကျော့က ခေါင်းညိတ်လျက် “အမြဲတမ်း အကျဉ်းချခံရပြီး အပြစ်ပေးခံနေရပေမဲ့ လင်ဟုကျိုရဲ့ ဂုဏ်သတင်းက ဆေးပေါင်းသောင်းခြောက်ထောင်ဂူထဲမှာ အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေတယ်”
“လင်းရှန်းရှန်း အပါအဝင် တခြားသူတွေကပါ အခက်အခဲနဲ့ ကြုံရတိုင်း အစ်ကိုကြီး လင်ဟုကျိုကိုပဲ အားကိုးတကြီး ရှာတတ်ကြတယ်”
“အရင်က ရထားတဲ့ သတင်းတွေအရဆိုရင် လင်ဟုကျိုဟာ အပျော်အပါးမက်တဲ့ လူရှုပ်တစ်ယောက်လို့ပဲ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူက ထင်သလောက် မရိုးရှင်းဘူး”
“စဉ်းစားကြည့်ဦးလေ၊ ကျွန်တော်တို့ သက်သေတွေ ရရုံရှိသေးတယ်၊ သူက ချက်ချင်းဆိုသလို အခုလို လှုပ်ရှားလာတာပဲ”
“တကယ်လို့ သူက ကျွန်တော်တို့ သက်သေတွေ ကိုင်ထားမှန်း သိနေတယ်ဆိုရင် သူက ပြင်ပအခြေအနေတွေကို ကောင်းကောင်းကြီး သိနေတာပေါ့၊ အကယ်၍ ရှောင်ကျူဆီကနေမှ သိရတာဆိုရင်လည်း လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဂိုဏ်းတွင်းရေးတွေကို သူ ခန့်မှန်းတွက်ချက်နိုင်စွမ်းက တကယ့်ကို ထူးခြားတာပဲ”
ထိုသို့ပြောပြီးနောက် နင်းကျော့က စွန်းလင်ထုံ၏ အစောပိုင်း မေးခွန်းကို ပြန်လည်ဖြေကြားလေသည်။
“ကျွန်တော် အဲ့ဒီ ပန်းချီကားတွေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်တော်တို့ ကိုင်ထားတဲ့ သက်သေတွေရဲ့ တန်ဖိုးကတော့ အနိမ့်ဆုံးအဆင့်ကို ကျသွားပြီ ဒီဖဲချပ်က တော်တော်လေးကို သုံးမရအောင် ဖြစ်သွားပြီ၊ အခုမှ မထုတ်သုံးရင် နောက်ဆို သုံးဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
စွန်းလင်ထုံလည်း နားလည်သွားကာ “သဘောပေါက်ပြီ... မင်းနဲ့ လင်ဟုကျိုက ဒီကိစ္စကို အသုံးချပြီးတော့ အချင်းချင်း အစွမ်းပြိုင်နေကြတာပေါ့ ဟုတ်လား”
“ဟုတ်တယ်” ဟု နင်းကျော့က ခေါင်းညိတ်ကာ “နှမြောစရာပဲ၊ တကယ်လို့ တိုက်ပွဲကြီးတောင်ထိပ်ရဲ့ အနောက်ဘက်မှာသာ ဆိုရင်တော့ ကျွန်တော် မသိချင်ယောင်ဆောင်ပြီး မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူထဲ ဝင်ပြီး လင်ဟုကျိုနဲ့ တွေ့ခဲ့မှာပါ၊
အခုတော့ ကျွန်တော်တို့ ပစ်မှတ်က လင်းရှန်းရှန်း ဖြစ်နေခဲ့လို့ ဒီလို ရှုပ်ထွေးမှုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး၊ အခုလို အခြေအနေမျိုးမှာ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူထဲ ဇွတ်အတင်း ဝင်သွားဖို့က ဆေးပေါင်းသောင်းခြောက်ထောင်ဂူ တစ်ခုလုံးကို မလေးစားရာ ကျနေလိမ့်မယ်၊ ကျွန်တော် တကယ့်ကို လင်ဟုကျိုနဲ့ တွေ့ဆုံကြည့်ချင်မိတယ်”
လင်ဟုကျိုက နင်းကျော့ကို တွေ့ချင်သကဲ့သို့ပင် နင်းကျော့ကလည်း လင်ဟုကျိုအပေါ် စိတ်ဝင်တစား ရှိနေလေသည်။
စွန်းလင်ထုံက “ကျော့လေး... အခု လောလောဆယ်တော့ လက်ရှိကိစ္စကိုပဲ အာရုံစိုက်လိုက်တာ ပိုကောင်းမယ်ထင်တယ်၊ မင်းဆီမှာ ရွှေဓာတ် ဒါမှမဟုတ် မီးဓာတ်ဆိုင်ရာ အတတ်ပညာတွေ မရှိဘဲနဲ့ ဟွာကူးကျိကို ဘယ်လို ရင်ဆိုင်ဖို့ စဉ်းစားထားလဲ” ဟု သတိပေးလိုက်သည်။
နင်းကျော့က ပြုံးလျက် “အစ်ကိုစွန်း စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်” ဟု ပြန်ပြောလေသည်။
နင်းကျော့က အသိအမြင် ပန်းချီကားချပ်များကို ပြန်ပေးပြီး တောင်းပန်မှုကို ငြင်းပယ်လိုက်ခြင်းကြောင့် လင်ဟုကျိုမှာ အံ့အားသင့်သွားရသည်။
လင်းရှန်းရှန်းကမူ ထိုသတင်းကို ကြားရသောအခါ အစောပိုင်းကကဲ့သို့ မစိုးရိမ်တော့ဘဲ စိတ်အေးသွားခြင်းကို ရှောင်ကျူက မြင်ပြီး အံ့သြနေပြန်သည်။
လင်းရှန်းရှန်းက “ငါ သခင်လေးနင်းကျော့ရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း သိတာပေါ့၊ သူက ဒါတွေကို ငြင်းလိုက်တယ်ဆိုကတည်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိလို့ပဲ နေမှာပါ၊ အခုတော့ သူ ဟွာကူးကျိကို အနိုင်ယူမယ့် အချိန်ကိုတောင် ငါ မျှော်လင့်နေမိပြီ” ဟု ရှင်းပြလေသည်။
ဤတိုက်ပွဲမှာ သီးသန့်စီစဉ်ထားသော စိန်ခေါ်ပွဲ ဖြစ်သဖြင့် ကျင့်ကြံသူ အများအပြားက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
တိုက်ပွဲငယ်တောင်ထိပ်ရှိ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းအတွင်း...
ဟွာကူးကျိမှာ သေးငယ်ကျစ်လျစ်သော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အရပ်မှာ လေးပေခွဲမျှသာ ရှိသည်။
သူမ၏ ဆံပင်တိုလေးများမှာ အရင်းတွင် နက်မှောင်နေသော်လည်း အဖျားဘက်တွင်မူ ခရမ်းရောင်သန်းသော အဖြူရောင်အဖြစ် ပြောင်းလဲသွား၏။
ဝိုင်းစက်သော မျက်နှာလေးမှာ ကလေးငယ်တစ်ဦးကဲ့သို့ ချစ်စဖွယ်ကောင်းပြီး အသားအရေမှာလည်း နုနယ်ဖြူစင်လှသည်။
သူမ၏ မျက်လုံးများမှာ ခရမ်းရောင်အလင်းတန်းများ တောက်ပနေပြီး မိစ္ဆာဆန်သော အငွေ့အသက်များ ပါရှိနေသဖြင့် သူမအား လူသားနှင့် မိစ္ဆာ ကပြားဟုလည်း ပြောစမှတ် ပြုကြသည်။
သူမသည် အနီနှင့် အဖြူရောင်စပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဖြစ်၏။ လှုပ်ရှားလိုက်တိုင်း မြေပြင်နှင့် မထိဘဲ လွင့်မျောနေသကဲ့သို့ ထင်မှတ်ရသည်။
“နင်းကျော့... မင်းက ရုပ်ရည်လေး နည်းနည်းချောတာနဲ့ပဲ ဒီလောက်အထိ မာန်တက်မနေနဲ့ဦး၊ ဒီနေ့တော့ ငါ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးရဦးမှာပဲ” ဟု ဟွာကူးကျိက စတင်၍ ကဲ့ရဲ့လိုက်သည်။
နင်းကျော့က ပြုံးလျက် “တာအိုကျင့်ဖော် ဟွာ... မင်းကလည်း ရုပ်ရည်လေးက ချောမောလှပပြီး ကျွန်တော့်ထက်တောင် ပိုပြီး စိတ်ကြီးပုံရတယ်၊ အဲ့ဒီတော့ မင်းပြောတဲ့အတိုင်းဆိုရင် သင်ခန်းစာ အပေးခံရသင့်တာက မင်း ဖြစ်မနေဘူးလား”
ဟွာကူးကျိမှာ အံ့အားသင့်ကာ ငြိမ်ကျသွားလေသည်။ သူမမှာ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း သတိဝင်လာသောအခါ “ဟင်... မင်းက စကားပြော တော်တော်တတ်တာပဲနော်၊ ဟီးဟီးဟီး... မိန်းကလေးတွေကို ဒီလောက်တောင် ချိုချိုသာသာ ပြောတတ်တော့ ငါ ပိုပြီး စိတ်လှုပ်ရှားလာပြီ၊ မင်းရဲ့ ပါးစပ်ကို ငါ ကိုယ်တိုင် ဆွဲဖြဲပစ်မယ်” ဟု ဆိုကာ ကျင့်စဉ်ကို ချက်ချင်း ထုတ်သုံးလိုက်လေတော့သည်။
သစ်တောကမ္ဘာ ဆင်းသက်ခြင်း
စွမ်းအားကြီးမားလှသော ထိုသစ်သားဓာတ် ပညာရပ်ကြောင့် မြေပြင်မှ ကြီးမားသော သစ်ပင်ကြီးများ ချက်ချင်း ပေါက်ထွက်လာပြီး နင်းကျော့အား ဝန်းရံသွားလေသည်။
ထို့နောက် ရေတွက်၍မရနိုင်သော နွယ်ပင်များနှင့် အမြစ်များမှာ မြွေများကဲ့သို့ နင်းကျော့ထံသို့ တိုးဝင်လာကြတော့သည်။
နင်းကျော့က ခုခံရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွား၏။
“ဒါက အတုပဲ... အတု ဖြစ်ရမယ်”
နင်းကျော့က ထိုအချက်ကို သတိပြုမိသွားပြီး အံကိုကြိတ်ကာ မခုခံဘဲ နေလိုက်သည်
ဤတိုက်ပွဲတွင် ဒိုင်လူကြီး ရှိနေသဖြင့် ဒိုင်လူကြီးက တိုက်ပွဲစတင်ကြောင်း မကြေညာသေးဘဲ မည်သူမဆို စတင်တိုက်ခိုက်ပါက စည်းကမ်းဖောက်ဖျက်သူအဖြစ် ရှုံးနိမ့်မည်သာ ဖြစ်သည်။
အမှန်တကယ်ပင် သစ်မြစ်နွယ်များမှာ နင်းကျော့အား ရစ်ပတ်မိသွားသောအခါ ပျောက်ကွယ်သွားကြသည်။ သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသော တောအုပ်ကြီးမှာလည်း နင်းကျော့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားပြန်သည်။
ဟွာကူးကျိမှာ ယခင်နေရာတွင်ပင် ငြိမ်သက်စွာ ရှိနေဆဲဖြစ်၏။ သူမက ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခိုလေးတစ်ကောင် ကူးကူးဟု မြည်သကဲ့သို့ ထူးဆန်းစွာ ရယ်မောနေသည်။
ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာလည်း နင်းကျော့၏ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ကာ ရယ်မောနေကြတော့သည်။
ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးအတွင်းမှ စွန်းလင်ထုံကလည်း “မျက်လှည့်အတတ်ပဲ... ကျော့လေး၊ မင်း သူမရဲ့ မျက်လှည့်အတတ်ထဲမှာ မိသွားတာပဲ” ဟု အားရပါးရ ရယ်မောနေသည်။
နင်းကျော့က မျက်နှာကို တည်ကြည်စွာ ထားလျက် “တာအိုကျင့်ဖော် ဟွာရဲ့ မျက်လှည့်အတတ်တွေက ကျွန်တော် ထင်ထားတာထက် ပိုပြီး ဒုက္ခပေးနိုင်တာပဲ၊ ကျွန်တော် သင်ခန်းစာ ရသွားပါပြီ” ဟု ဆိုလိုက်သည်။
ဟွာကူးကျိက နင်းကျော့ကို ကြည့်ကာ ရက်စက်သော အပြုံးဖြင့် “စိတ်ချပါ မောင်လေး... ဒီသင်ခန်းစာလောက်နဲ့တော့ မပြီးသေးပါဘူး၊ နောက်ကျရင် ငါ့ရဲ့ ပန်းရနံ့တွေရဲ့ အရသာကို မင်း ကောင်းကောင်းကြီး သိစေရမယ်”
တိုက်ပွဲကတော့ အမှန်တကယ် စတင်လေပြီ။
သစ်သားဓာတ် ပညာရပ် — သစ်မြစ်နွယ်များဖြင့် ရစ်ပတ်ခြင်း
သစ်သားဓာတ် ပညာရပ် — ပန်းရနံ့ မျက်လှည့်အတတ်
နင်းကျော့က အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။
မြေပြင်အောက်မှ နွယ်ပင်များမှာ မိကျောင်းများကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာပြီး ဟွာကူးကျိအား ဖမ်းဆီးရန် ကြိုးစားသော်လည်း ဘာကိုမျှ ဖမ်းမမိဘဲ ဖြစ်သွားရသည်။
ဟွာကူးကျိ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ပန်းပွင့်ချပ်အချို့နှင့် ရနံ့အချို့သာ ကျန်ရစ်ခဲ့၏။ သူမအား မမြင်ရသဖြင့် နင်းကျော့မှာ အကျပ်ရိုက်သွားတော့သည်။
သူသည် စက်မှုလက်တံများကို ထုတ်သုံးကာ ဓာတ်ငါးပါး အတတ်ပညာမျိုးစုံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ရမ်းသန်း၍ တိုက်ခိုက်နေရသည်။ ထိုသို့ တိုက်ခိုက်နေရင်းမှ သူသည် သစ်တောကမ္ဘာ ဆင်းသက်ခြင်း ကျင့်စဉ်ကိုပါ ပြင်ဆင်လိုက်သည်။
သစ်သားဓာတ် ပညာရပ် — သစ်တောကမ္ဘာ ဆင်းသက်ခြင်း
ခဏချင်းတွင်ပင် သစ်ပင်ကြီးများ မြေပြင်မှ ပေါက်ထွက်လာပြီး တိုက်ပွဲကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ထိုစဉ် ဟွာကူးကျိမှာ သစ်ပင်ထိပ်ဖျားထက်တွင် ပေါ်လာ၏။
သူမက “မင်း ဒီကျင့်စဉ်ကို သုံးမယ့်အချိန်ကိုပဲ ငါ စောင့်နေတာ” ဟု ဆိုကာ ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
သစ်သားဓာတ် ပညာရပ် — အသက်ဇီဝစုပ်ယူသည့် ပန်း။
နွယ်ပင်များနှင့် အမြစ်များပေါ်တွင် ပန်းငုံများ ချက်ချင်း ပေါ်လာပြီး ပွင့်အာသွားကြသည်။ ထိုအခါ နွယ်ပင်များမှာ ဝိညာဉ်စွမ်းအားများ အစုပ်ခံလိုက်ရသဖြင့် ချက်ချင်းပင် ခြောက်သွေ့သွားကြတော့သည်။
သစ်သားဓာတ် ပညာရပ် — ညှိုးနွမ်းသော ပန်းမိုး
ပန်းပွင့်ချပ်များမှာ မိုးရေကဲ့သို့ တောအုပ်တစ်ခုလုံးအပေါ် ကျဆင်းလာပြီး သစ်ပင်ကြီးများအားလုံးကို ညှိုးနွမ်းသွားစေသည်။
ဟွာကူးကျိက အားရပါးရ ရယ်မောရင်း “ငါ့ရှေ့မှာမှ သစ်သားဓာတ် ပညာရပ်ကို သုံးချင်သေးတာလား၊ ဒီကစားပွဲမှာတော့ ငါက မင်းရဲ့ ဘိုးဘေးပဲ” ဟု အောင်နိုင်သူအလား ကြွေးကြော်လေတော့သည်။
အခန်း (၄၀၆) - ဝါဇီရမှန်၏ အာရုံစွမ်းအား
“ငါ့ကို အနိုင်ယူလိုက်စမ်းပါ”
ဟွာကူးကျိသည် သူမ၏ ဝိညာဉ်စွမ်းအားအားလုံးကို ပုံအောထုတ်သုံးလိုက်ချေသည်။
သစ်သားဓာတ်ပညာရပ် — ပန်းပင်လယ်လှိုင်းတံပိုး
ထိုအခါ လှပသော ပန်းပွင့်ချပ်ကလေးများသည် ဧရာမလှိုင်းလုံးကြီးများအသွင် ပြောင်းလဲသွားပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံကာ နင်းကျော့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
နင်းကျော့သည်လည်း တည်ငြိမ်သော မျက်နှာထားဖြင့် လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။
သစ်သားဓာတ်ပညာရပ် — ထင်းရှူးတောလှိုင်း စိမ်းလန်းဒီရေ
သစ်သားဓာတ် ဝိညာဉ်စွမ်းအားများ တိုးဝှေ့ထွက်ပေါ်လာပြီး စိမ်းလန်းသော အလင်းလှိုင်းကြီးများအဖြစ် ပုံဖော်ကာ ပန်းရောင်ပန်းပင်လယ်လှိုင်းကို ခုခံလေသည်။
ဝုန်း ဝုန်း ဝုန်း
ဧရာမလှိုင်းလုံးကြီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် ရိုက်ခတ်မိရာ တုန်ခါမှုမှာ တစ်ကွင်းလုံးကို လှုပ်ခတ်သွားစေပြီး ကြည့်ရှုနေသူများ၏ ရင်ကိုပင် တထိတ်ထိတ်ဖြစ်စေသည်။
သို့သော်လည်း ထိုသို့အင်အားချင်း ယှဉ်ပြိုင်နေမှုမှာ ကြာရှည်မခံလိုက်ပေ။ ပန်းရောင်လှိုင်းလုံးကြီးများသည် စိမ်းလန်းသောလှိုင်းကို တဖြည်းဖြည်း လွှမ်းမိုးသွားပြီး နင်းကျော့ရှိရာဘက်သို့ တရွေ့ရွေ့ ကပ်လာတော့သည်။
တိုက်ပွဲအခြေအနေမှာ အဖြေပေါ်လုနီးပါး ဖြစ်နေချေပြီ။ ပွဲကြည့်ပရိသတ်များကြားတွင်လည်း ဝေဖန်သံများ ဆူညံသွားလေသည်။
“နင်းကျော့တော့ အဖိနှိပ်ခံနေရပြီ”
“သူက ဓာတ်ငါးပါးပညာရပ်ကို လေ့ကျင့်ထားတာဆိုတော့ သစ်သားဓာတ်တစ်ခုတည်းနဲ့ တိုက်ခိုက်နေရင် သူ့ရဲ့ တကယ့်စွမ်းအားအစစ်အမှန် ထွက်လာမှာမဟုတ်ဘူး”
“သူ့ရဲ့ ကျင့်စဉ်က တော်တော်လေး ဆန်းကြယ်တာပဲ၊ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားတွေကို လိုသလို ပြောင်းလဲနိုင်ပြီး အပြန်အလှန် အကျိုးပြုစေရင် အင်အားက နှစ်ဆတောင် တိုးလာနိုင်တာ၊ အခုလို အခြေအနေမျိုးမှာ သူက မီးဓာတ် ဒါမှမဟုတ် ရွှေဓာတ်ကို ပြောင်းပြီး တိုက်သင့်တာပေါ့”
“လူငယ်တွေဆိုတော့လည်း မာန်တက်နေတာပေါ့လေ၊ ဟွာကူးကျိရဲ့ သစ်သားဓာတ်ကိုမှ သစ်သားဓာတ်ချင်း ယှဉ်ပြိုင်ပြီး ဘယ်သူက ပိုသာလဲဆိုတာကို စမ်းကြည့်ချင်ပုံရတယ်၊
နားလည်ပေးလို့ရပါတယ်လေ”
နင်းကျော့၏ မျက်နှာမှာမူ ခက်ထန်တည်ကြည်မြဲ ဖြစ်သည်။ သူ၏ သစ်သားဓာတ်ပညာမှာ အခြေခံအဆင့်မျှသာ ရှိသေးပြီး အသိအမြင်ပန်းချီကား၏ အကူအညီကြောင့်သာ ဤမျှအထိ မြန်မြန်ဆန်ဆန် တတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏ ရည်ရွယ်ချက်မှာ ဟွာကူးကျိနှင့် သစ်သားဓာတ်ချင်း ယှဉ်ပြိုင်လိုခြင်း မဟုတ်ဘဲ တကယ့်တိုက်ပွဲအတွင်း မိမိ၏ အဆင့်အတန်းကို စမ်းသပ်လိုခြင်းသာ ဖြစ်ချေသည်။
ဟွာကူးကျိသည် သစ်သားဓာတ်ကို အဓိကထား ကျင့်ကြံသူဖြစ်ပြီး တိုက်ပွဲငယ်တောင်ထိပ်တွင် ထိပ်တန်းကျင့်ကြံသူ ဆယ်ဦးစာရင်းဝင်သူတစ်ဦး ဖြစ်သည်။
မိမိ၏ သစ်သားဓာတ်အပေါ် အချိန်ပေးလေ့ကျင့်မှုမှာ ဟွာကူးကျိနှင့် ယှဉ်လျှင် များစွာနိမ့်ပါးနေကြောင်းကို နင်းကျော့ ကောင်းစွာသိရှိထား၏။
ထို့ကြောင့် ဤပညာရပ်တစ်ခုတည်းဖြင့် အနိုင်ရရန် ခက်ခဲမည်ကို သူ ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။ သူသည် မည်သည့်အခါမျှ ကမ္ဘာပေါ်ရှိ သူရဲကောင်းများကို အထင်မသေးခဲ့ပေ။
‘ဟွာကူးကျိက ငါ့ကို ပစ်မှတ်ထားပြီး ဗျူဟာခင်းထားတာပဲ’
‘ငါ့ရဲ့ တိုက်စစ်ကို တန်ပြန်ဖို့ သူက နောက်မှလှုပ်ရှားတဲ့ နည်းပရိယာယ်ကို သုံးနေတာ’
‘ငါ့ရဲ့ သစ်သားဓာတ် ဝိညာဉ်စွမ်းအား အတော်များများကို သူက တိုက်စားပြီး ဝါးမြိုလိုက်တယ်၊ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်ဖို့ ပြန်သုံးလိုက်တာပဲ’
‘ငါ သင်ခန်းစာတစ်ခုတော့ ရသွားပြီ’
‘သူ့ရဲ့ သစ်သားဓာတ်ပညာရပ်အဆင့်က ငါ့ထက် အများကြီး သာလွန်နေတာကြောင့်ပဲ သစ်သားဓာတ်ချင်း တန်ပြန်နိုင်တာပေါ့’
နင်းကျော့သည် စိုးရိမ်တကြီး မဖြစ်ခဲ့ပေ။ ပန်းပင်လယ်လှိုင်းကြီးမှာ သူနှင့် ခြေလှမ်းငါးလှမ်းအကွာသို့ ရောက်ရှိလာမှသာ သူ၏ စက်မှုလက်တံနှင့် ခြေတံများကို ထုတ်လွှတ်လိုက်တော့သည်။
ထိုစက်မှုအစိတ်အပိုင်းများကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ပန်းပင်လယ်လှိုင်း၏ တိုက်စားမှုကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိသည်။
ထို့ပြင် ယင်းတို့တွင် ကာကွယ်ရေးအစီအရင်များနှင့် အဆောင်လက်ဖွဲ့များကို တပ်ဆင်ထားသဖြင့် တစ်ခုချင်းစီမှာ အလွန်မာကျောတောင့်တင်းလှချေသည်။
ယင်းတို့သည် နင်းကျော့ကို ဝန်းရံကာ ခေတ္တမျှ လည်ပတ်နေပြီးနောက် အားလုံးတစ်ပြိုင်နက် ရှေ့သို့ ထိုးနှက်တိုက်ခိုက်လိုက်ကြတော့သည်။
လက်သီးချက်နှင့် ခြေကန်ချက်အမျိုးမျိုး၏ စွမ်းအားကြောင့် ပန်းပင်လယ်လှိုင်းကြီးမှာ ဟာကွက်များစွာ ဖြစ်ပေါ်သွားလေသည်။
နင်းကျော့သည် စက်မှုလက်တံနှင့် ခြေတံ အခုနှစ်ဆယ်ကို အသုံးပြုကာ ပန်းရောင်အလင်းလှိုင်းများကို လုံးဝဖယ်ရှားပစ်လိုက်နိုင်သည်။
“စက်မှုအတတ်ပညာတွေပါလား” လူတိုင်း အံ့အားသင့်သွားကြရသည်။ နင်းကျော့သည် ဓာတ်ငါးပါးပညာရပ်ဖြင့်သာ တိုက်ခိုက်လိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါ သူသည် စက်မှုအတတ်ပညာကို အံ့သြဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“သွားစမ်း” လမ်းကြောင်းကို ရှင်းလင်းပြီးနောက် နင်းကျော့သည် ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ဖြင့် စက်မှုလက်တံနှင့် ခြေတံများကို စေခိုင်းကာ ဟွာကူးကျိထံသို့ အရှိန်အဟုန်ဖြင့် ထိုးနှက်ခိုင်းလိုက်တော့သည်။
ဟွာကူးကျိသည် ခက်ထန်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ သစ်သားဓာတ်ပညာရပ်ကို ထုတ်သုံးလိုက်ပြန်သည်။
ဆူးပင်ပန်းတံတိုင်း
ဆူးနွယ်ပင်များမှာ အလွန်လျင်မြန်စွာ ပြန့်ကားသွားပြီး ခဏချင်းအတွင်းမှာပင် ဟွာကူးကျိ၏ ရှေ့တွင် ပန်းတံတိုင်းကြီးများ ဖြစ်ပေါ်လာကာ ကာကွယ်ထားလေသည်။
နင်းကျော့သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ စက်မှုအစိတ်အပိုင်းများကို ကိုယ်ခံပညာဖြင့် ပေါင်းစပ်စေခိုင်းလိုက်သည်။
ကိုယ်ခံပညာ — ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်
ကိုယ်ခံပညာ — ရေခဲနှင်းခဲ လက်သီးစွမ်းအား
ကိုယ်ခံပညာ — အေးမြလှသည့် ခြေထောက်ကျင့်စဉ်
စက်မှုလက်တံနှင့် ခြေတံများသည် ဟန်ကျိုး၏ တိုက်ခိုက်ဟန်အတိုင်း မိမိကိုယ်ကို အထိအခိုက်မမှုဘဲ ဆူးပင်ပန်းတံတိုင်းကြီးများဆီသို့ တိုးဝင်တိုက်ခိုက်ကြသည်။
အကယ်၍သာ ထိုအရာများသည် သွေးသားခန္ဓာကိုယ်များ ဖြစ်နေပါက ယခုကဲ့သို့ မဆင်မခြင် တိုက်ခိုက်မှုကြောင့် အရေပြားများ စုတ်ပြတ်ကာ သွေးချင်းချင်းနီသွားမည်မှာ အမှန်ပင်။
ဆူးပင်ပန်းတံတိုင်းသည် တိုက်စစ်ရော ခံစစ်ပါ ပါဝင်သောကြောင့် အလွန်ပင် လိမ္မာပါးနပ်လှသော ပညာရပ်တစ်ခု ဖြစ်သည်။
သို့သော် ဤစက်မှုရုပ်သေးအစိတ်အပိုင်းများသည် ကျင့်ကြံသူများ မဟုတ်သဖြင့် နင်းကျော့၏ စေခိုင်းမှုအောက်တွင် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်ကြချေသည်။
ပြင်းထန်သော အအေးဓာတ်များ ပေါက်ကွဲထွက်လာသည်။ လတ်ဆတ်သော ပန်းများပွင့်လန်းနေသည့် ဆူးပင်ပန်းတံတိုင်းကြီးမှာ အအေးဓာတ်ကြောင့် တစ်ခုပြီးတစ်ခု ကျိုးကြေပျက်စီးသွားရသည်။
ထို့ပြင် ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်ကြောင့် ထိုစက်မှုအစိတ်အပိုင်းများမှာ ပိုမိုမြန်ဆန်လာပြီး တိုက်စစ်မှာလည်း ပိုမိုကြမ်းတမ်းလာသလို အထိအခိုက်ရလေ ခံစစ်စွမ်းအားမှာလည်း ပိုမိုတောင့်တင်းလာလေ ဖြစ်ချေသည်။
ဟွာကူးကျိ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး နောက်သို့ ဆုတ်ခွာရင်း နောက်ထပ် ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်ရသည်။
သစ်သားဓာတ် — ခရမ်းရောင်ပန်း ပြင်းထန်မီးလျှံ
သစ်သားဓာတ် ဝိညာဉ်စွမ်းအားများ တိုးထွက်လာပြီး လေထုထဲတွင် ကြိတ်ဆုံခွဲသလောက်ရှိသော ခရမ်းရောင်ပန်းကြီးများအဖြစ် ပြောင်းလဲသွားသည်။
ထိုပန်းကြီးများ ပွင့်အာလာသောအခါ ပန်းပွင့်ချပ်များသည် လေဒိုင်ကဲ့သို့ လည်ပတ်နေပြီး ပန်းဝတ်ဆံမှ မီးလျှံများ မှုတ်ထုတ်လိုက်တော့သည်။
ခရမ်းရောင်သန်းနေသော မီးလျှံများသည် သစ်ပင်ပန်းမန်များကို ထိခိုက်ခြင်းမရှိသော်လည်း စက်မှုအစိတ်အပိုင်းများကိုမူ ခိုင်မြဲစွာ တွယ်ကပ်လောင်မြိုက်လေတော့သည်။
ကိုယ်ခံပညာ — ခါးသီးသောရေကို လောင်းထည့်ခြင်း
နင်းကျော့သည် ဟန်ကျိုးနှင့်အတူ နေ့ရက်များစွာ လေ့ကျင့်ခဲ့ပြီး ခါးသီးသောရေမှ အအေးဓာတ်ကိုလည်း စုပ်ယူထားနိုင်ခဲ့သဖြင့် ကိုယ်ခံပညာရပ်များတွင် အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။
သူသည် စက်မှုလက်တံကို အဝေးမှ စေခိုင်းကာ အရက်မူးလက်သီးကွက်အသွင် ပြောင်းလဲလိုက်ပြီး ပတ်ဝန်းကျင်ရှိ စက်မှုအစိတ်အပိုင်းများဆီသို့ ထိုးနှက်လိုက်သည်။
ခဏချင်းအတွင်းမှာပင် အေးမြလှသော အရှိန်အဝါများသည် ခါးသီးသော ရေစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး အခြားစက်မှုအစိတ်အပိုင်းများပေါ်သို့ ကျရောက်ကာ ခရမ်းရောင်မီးလျှံများကို ငြှိမ်းသတ်ပေးလိုက်သည်။
စက်မှုအစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ကူညီပေးရုံသာမက ခါးသီးသော ရေစက်များကြောင့် ဝိညာဉ်အသွေးအသား ခံနိုင်ရည်ကျင့်စဉ်၏ စွမ်းအားကိုလည်း ပိုမိုမြင့်မားသွားစေသည်။
ဘုန်း ဘုန်း ဘုန်း
စက်မှုအစိတ်အပိုင်းများ၏ အရှိန်မှာ ရုတ်တရက် မြင့်တက်လာပြီး ကျည်ဆန်များသဖွယ် ဟွာကူးကျိထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။
သစ်သားဓာတ် — ပန်းရနံ့ မျက်လှည့်အတတ်
မိမိ၏ အရှိန်မှာ ရန်သူထက် များစွာနိမ့်ပါးနေပြီး မည်သို့မျှ မရှောင်တိမ်းနိုင်တော့သည်ကို မြင်သောအခါ ဟွာကူးကျိသည် ပျောက်ကွယ်သွားပြီး ရနံ့အချို့သာ ကျန်ရစ်ခဲ့တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
သူမ ပျောက်ကွယ်သွားသော နေရာရှိ ကြမ်းခင်းကျောက်ပြားများမှာ စက်မှုအစိတ်အပိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။
ကြည့်ရှုနေသူများမှာလည်း ဆိတ်ငြိမ်သွားကြတော့သည်။ တိုက်ပွဲအခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားပြီး နင်းကျော့က ဟွာကူးကျိကို အတင်းအကျပ် လိုက်လံတိုက်ခိုက်နေသည်မှာ မယုံနိုင်စရာပင်။
“သူက ဓာတ်ငါးပါးပညာရပ်ကိုပဲ ကျင့်ကြံတာ မဟုတ်ဘူးလား”
“စက်မှုအတတ်ကိုရော ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ”
“မဟုတ်ဘူး၊ သူ့ရဲ့ စက်မှုအတတ် စေခိုင်းပုံက သစ်သားဓာတ်ပညာရပ်ကို သုံးတာထက်တောင် ပိုပြီး သဘာဝကျနေသေးတယ်”
လူအများ၏ အကြည့်များသည် နင်းကျော့ထံတွင်သာ စွဲထင်နေတော့သည်။ နင်းကျော့မှာ အသက်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ယခုကဲ့သို့ စက်မှုအတတ်ပညာကို အံ့သြဖွယ်ကောင်းလောက်အောင် တတ်မြောက်ထားသည်မှာ အလွန်ရှားပါးလှသော ပါရမီပင် ဖြစ်ချေသည်။
ဟွာကူးကျိမှာမူ တစ်ကွင်းလုံးကို ပတ်ပြေးနေရသော်လည်း စက်မှုအစိတ်အပိုင်းများ၏ အရှိန်ကြောင့် အလွန်အမင်း ရုန်းကန်နေရသည်။
“နင်းကျော့၊ မင်း သိပ်ပြီး မောက်မာမနေနဲ့” ဟွာကူးကျိသည် အော်ဟစ်လိုက်ချေသည်။ အခြေအနေမှာ အလွန်ဆိုးရွားနေသဖြင့် နောက်ဆုံးလက်နက်ကို အသုံးမပြုပါက သူမ ရှုံးနိမ့်တော့မည်ကို ကောင်းစွာသိထား၏။
သစ်သားဓာတ် — ပန်းကမ္ဘာ
ရုတ်တရက်ဆိုသလို နင်းကျော့၏ အာရုံထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး ပန်းများပွင့်လန်းနေသော ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားတော့သည်။
ယင်းမှာ မျက်လှည့်အတတ်တစ်ခုဖြစ်ကြောင်း နင်းကျော့ ချက်ချင်းသိလိုက်၏။ စက်မှုနဂါးကြီးထဲမှ စွန်းလင်ထုံသည်လည်း စိုးရိမ်တကြီးဖြင့် ဟွာကူးကျိက နင်းကျော့ဆီသို့ ပြေးဝင်သွားသည်ကို ကြည့်နေမိသည်။
သို့သော် နောက်တစ်ခဏ၌ စက်မှုအစိတ်အပိုင်းများပေါ်တွင် ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုအလင်းတန်းများသည် ဧရာမလက်ကြီးများသဖွယ် ပန်းကမ္ဘာကြီးကို ဆွဲဖြဲပစ်လိုက်တော့သည်။
ဟွာကူးကျိ၏ မျက်နှာမှာ ဖြူလျော်သွားပြီး အလွန်အစွမ်းထက်သော ဝါဇီရတုတ်အသွင် အာရုံစွမ်းအားကြီးက သူမ၏ အသိအမြင်ပင်လယ်ထဲသို့ ရိုက်သွင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“ဒီလောက် ပြင်းထန်တဲ့ အာရုံစွမ်းအားက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ” ဟွာကူးကျိသည် ပါးစပ်၊ နှာခေါင်း၊ နားနှင့် မျက်လုံးများမှ သွေးများထွက်လာပြီး အပြင်းအထန် ဒဏ်ရာရသွားတော့သည်။
သူမ၏ ပညာရပ်မှာ သူမ၏ ဝိညာဉ်ကို အသုံးပြုကာ ရန်သူ၏ အာရုံကို လွှမ်းမိုးခြင်းဖြစ်ရာ ယခုကဲ့သို့ နင်းကျော့၏ အာရုံစွမ်းအားက ရုတ်တရက် မြင့်တက်လာသောအခါ ရေနှင့်မီးကဲ့သို့ပင် သူမ၏ စွမ်းအားမှာ အငွေ့ပျံပျက်စီးသွားရခြင်း ဖြစ်ချေသည်။
စွန်းလင်ထုံမှာလည်း အံ့သြသွားရသည်။ နင်းကျော့တွင် ယခုကဲ့သို့ နည်းဗျူဟာရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ စစ်ဆေးကြည့်လိုက်သောအခါ နင်းကျော့၏ စက်မှုအစိတ်အပိုင်း အခုနှစ်ဆယ်လုံးမှ ပြင်းထန်သော အာရုံစွမ်းအားများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
“အော်... ဝါဇီရမှန်ကိုး” စွန်းလင်ထုံ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ နင်းကျော့သည် မှန်ပြကွက် ဝိညာဉ်ဆက်သွယ်ခြင်း ပညာရပ်မှရသော အာရုံစွမ်းအားကို ပြင်ပအရာဝတ္ထုများနှင့် ပေါင်းစပ်ပါက အရည်အသွေး ပြောင်းလဲသွားနိုင်ကြောင်း သိရှိထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ဤစက်မှုအစိတ်အပိုင်းများထဲတွင် ဝါဇီရမှန်များကို ဝှက်ထားခြင်း ဖြစ်ချေသည်။
ဟွာကူးကျိသည် အာရုံစွမ်းအား အပြင်းအထန် ထိခိုက်သွားသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားရသည်။
သို့သော် သူမ၏ တိုက်ပွဲအတွေ့အကြုံကြောင့် ချက်ချင်းပင် ခံစစ်သို့ ပြောင်းလဲကာ အလျှင်အမြန် ဆုတ်ခွာသွားတော့သည်။
နင်းကျော့မှာ အခွင့်အရေးကို တစ်ခဏမျှ လွတ်သွားခဲ့သဖြင့် သူမအား မဖမ်းဆီးနိုင်လိုက်ပေ။
ဟွာကူးကျိသည် သူမ၏ အဆောင်လက်ဖွဲ့ထဲမှ အစားအစာများကို ထုတ်ယူကာ ကမန်းကတန်း စားသောက်ရင်း အင်အားပြန်ဖြည့်နေတော့သည်။ ယင်းမှာ ဟွာကူးကျိသည် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက ဟင်းချက်ရာတွင်လည်း အလွန်ကျွမ်းကျင်သည့် ဝိညာဉ်စားဖိုမှူးတစ်ဦး ဖြစ်ကြောင်း နင်းကျော့ကို သတိရသွားစေတော့သည်။