← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 21 Ch. 409-410

အခန်း (၄၀၉) လက်ခံခြင်း

"ဪ... ဒါနဲ့" စွန်းလင်ထုံက သတိပေးစကားကို ဆက်၍ ဆိုပြန်သည်။

"မူလဝိညာဉ် သန္ဓေလှေအကြောင်းကိုလည်း မမေ့နဲ့ဦး။ အကယ်၍ မင်းသာ အဲဒီအမွေအနှစ် ရတနာကို ညှိနှိုင်းပြီး ဝယ်ယူချင်တယ်ဆိုရင်တော့ ကျသင့်မယ့် ဈေးနှုန်းကို ငါတောင် မတွေးရဲဘူး"

စွန်းလင်ထုံက အကြံပြုသည်မှာ "ဒီလိုဆိုရင်တော့ ငါတို့နှစ်ယောက် လက်တွဲပြီး ဆေးပေါင်းသောင်းခြောက်ထောင်ဂိုဏ်းကို ဗြောင်းဆန်အောင် လုပ်လိုက်ကြရအောင်။ သူတို့ရဲ့ ဆေးဖက်ဝင်အပင်တွေကို အကုန်ခူးပြီး အကြီးအကျယ် ရောင်းချပစ်မယ်ဆိုရင် ငါတို့ ငွေပုံကြီး ရမှာ သေချာတယ်။ ပြီးမှ အခွင့်အရေးကို စောင့်ပြီး မူလဝိညာဉ် သန္ဓေလှေကို ခိုးယူလိုက်ရင် အရာအားလုံး အဆင်ပြေသွားပြီပေါ့"

နင်းကျော့က ခေါင်းခါယမ်းလျက် တိတ်ဆိတ်စွာ နေ၏။

စွန်းလင်ထုံက ဆက်လက်၍ "ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို အားကိုးမယ်ဆိုရင် ငါတို့မှာ အခွင့်အရေး အများကြီး ရှိပါသေးတယ်။ ဒီလိုလုပ်မယ်လေ... ငါကိုယ်တိုင်ပဲ လှုပ်ရှားမယ်၊ မင်းကတော့ အဲဒီအချိန်မှာ တခြားတစ်နေရာရာမှာ ရှိနေပြီး မင်းနဲ့ မဆိုင်သလိုမျိုး ဟန်ဆောင်နေရုံပဲပေါ့။ မင်းရဲ့ ဂုဏ်သတင်းက အရေးကြီးသေးတာကိုး"

​နင်းကျော့က ခေါင်းခါယမ်းကာ သက်ပြင်းချလျက် "အစ်ကိုစွန်း... ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ အခုတော့ ကျွန်တော်တို့ မိသားစုက အကြီးအကဲတွေ ရောက်လာတာကိုပဲ အရင်စောင့်ကြည့်ရအောင်"

​အမှန်စင်စစ် နင်းကျို့ဖန်းသည် နင်းကျော့ ဤခရီးကို မထွက်ခွာမီကပင် နင်းကျော့ထံမှ ပေးပို့လိုက်သောစာကို လက်ခံရရှိထားပြီး ဖြစ်၏။ စာပို့စခန်းများမှတစ်ဆင့် ပေးပို့ခဲ့သော ထိုစာသည် နင်းကျော့ကိုယ်တိုင် ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းသို့ ရောက်ရှိလာခြင်းထက်ပင် ပိုမိုမြန်ဆန်စွာဖြင့် နင်းကျို့ဖန်းထံသို့ မနေ့ကတည်းက ရောက်ရှိနှင့်နေပြီ ဖြစ်ပေတော့၏။

ရက်အနည်းငယ် ကြာပြီးနောက်...

တိုက်ပွဲငယ်တောင်ထိပ်ရှိ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းအတွင်း။

နင်းကျော့နှင့် ဟန်ကျိုးတို့၏ လေ့ကျင့်မှုမှာ ပြီးဆုံးသွားလေပြီ။

ချွေးများ ရွှဲရွှဲစိုနေသော နင်းကျော့သည် ဟန်ကျိုးကို ကြည့်ရင်း အတန်ငယ် ကြောင်အမ်းအမ်း ဖြစ်နေ၏။ ယင်းက စိတ်ကူးမိသည်မှာ အကယ်၍သာ ဟန်ကျိုးကို စက်မှုပညာရပ်အတွက် ရတနာပစ္စည်းတစ်ခုကဲ့သို့ အသုံးချနိုင်မည်ဆိုလျှင် ကုန်ကျစရိတ် မည်မျှ သက်သာသွားမည်နည်း။

နင်းကျော့က မိမိဘာသာ ရယ်မောလျက် "ငါတော့ တကယ်ကို မွဲနေတာပဲ" ဟု ဆိုကာ ထိုသို့သော အဓိပ္ပာယ်မရှိသည့် အတွေးကို ဖျောက်ဖျက်ရန် ခေါင်းခါလိုက်၏။

"လူ့အသက်က တန်ဖိုးရှိတာပဲ... ဟန်ကျိုးကို ဒီလိုမျိုး အသုံးချဖို့ ကြံရွယ်တာကတော့ တကယ်ကို ဖြုန်းတီးရာ ရောက်မှာပါ"

စွန်းလင်ထုံ၏ နောက်ဆုံး သတိပေးချက်ကြောင့် ယခုရက်ပိုင်းအတွင်း နင်းကျော့သည် ငွေကြေးဆိုင်ရာ ဖိအားများကို ခံစားနေရပြီး ငွေအမြောက်အမြားကို မည်သို့ ရှာဖွေရမည်ကို စဉ်းစားနေမိသည်။

မောပန်းနေသော ဟန်ကျိုးက စူးစမ်းလိုစိတ်ဖြင့် "ညီလေး နင်းကျော့... အခုဆိုရင် တိုက်ပွဲငယ်နေ့က နီးလာပြီဆိုတော့ ဒီတစ်ခါ မင်း ဘယ်သူ့ကို စိန်ခေါ်ဖို့ စိတ်ကူးထားလဲ" ဟု မေးမြန်း၏။

နင်းကျော့က ခေါင်းခါပြလျက် "လောလောဆယ်တော့ ကျွန်တော် ကျင့်စဉ်တွေကို အချောသတ်ဖို့ပဲ စဉ်းစားထားပါတယ်။ ကျွန်တော့်အတွက်တော့ အခုချိန်မှာ ကျန့်ရှင်းချန်နဲ့ လိုင်ဝူရင်းတို့ နှစ်ယောက်ကလွဲရင် စိန်ခေါ်ဖို့ တန်တဲ့သူ မရှိသေးဘူးလေ"

ဟန်ကျိုးက ခေါင်းညိတ်ထောက်ခံသည်။ ယင်းက နင်းကျော့နှင့် အကြိမ်ကြိမ် လေ့ကျင့်ဖူးသဖြင့် နောက်ဆုံးပေါ် တိုက်ခိုက်ရေးစွမ်းရည်ကို ကောင်းစွာ နားလည်ထားပြီး ဖြစ်၏။

နင်းကျော့၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း စက်မှုလက်သီးနှင့် ခြေထောက် ကျင့်စဉ်များကြောင့် ယင်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အထူးပင် ကြောက်မက်ဖွယ် ကောင်းလှပြီး တိုက်ပွဲငယ်တောင်ထိပ်ရှိ ကျင့်ကြံသူများအကြား ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ချန်ရန်၊ ဟွာကူးကျိနှင့် နင်းကျော့တို့သည် သီးခြားအဆင့်တစ်ခုတွင် ရှိနေကြသူများ ဖြစ်ကြောင်း အားလုံးက လက်ခံထားကြပြီး ဖြစ်၏။

ထိုအဆင့်၏ အထက်တွင်မူ ကျန့်ရှင်းချန်နှင့် လိုင်ဝူရင်းတို့ နှစ်ဦးသာ ရှိပြီး ၎င်းတို့၏ ယခင် စွမ်းဆောင်ရည်များမှာ တခြားသူများကို အလှမ်းဝေးစွာ ကျော်လွန်လျက် ရှိနေသည်။

၎င်းတို့နှစ်ဦးသည် ချန်ရန်၊ ဟွာကူးကျိ သို့မဟုတ် လော့ရှောင်တို့နှင့် တိုက်ခိုက်လျှင်ပင် ရှုံးနိမ့်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာပြီး ဘေးချင်းယှဉ်၍ လမ်းလျှောက်လာကြစဉ် လမ်းသွားလမ်းလာများက ၎င်းတို့အား မြင်လျှင် အားတက်သရော နှုတ်ဆက်ကြ၏။

နင်းကျော့ရော ဟန်ကျိုးပါ တိုက်ပွဲငယ်တောင်ထိပ်တွင် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်နေကြပြီ မဟုတ်လော။

ဟန်ကျိုး၏ စွမ်းအားမှာ သိသာထင်ရှားလှသည်။

ယင်း၏ ဂူဗိမာန် အဆင့်နိမ့်နေရခြင်းမှာ အဓိက အကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်၏။ တစ်ရပ်မှာ ယင်းသည် ဆီးနှင်းကမ္ဘာ အေးမြခြင်း ကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်သဖြင့် ဒုက္ခဝေဒနာများကို ခံနိုင်ရည်ရှိရန် လိုအပ်သောကြောင့်ပင်။

ယင်း၏ အထက်ပိုင်း တန်တျန်အတွင်း ခါးသီးအေးမြသော စိတ်ဆန္ဒကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲသော လောကဓံများကို တမင်တကာ ရှာဖွေရလေ့ရှိသည်။

အခြားတစ်ရပ်မှာမူ အောက်ခြေမှနေ၍ တခြားသော ဂူဗိမာန်များကို အလွယ်တကူ စိန်ခေါ်နိုင်ရန်နှင့် တမင်တကာ "ရှုံးနိမ့်" ပေးခြင်းဖြင့် အကျိုးအမြတ်များ ရယူနိုင်ရန် ဖြစ်ပေ၏။

ဆီးနှင်းကမ္ဘာ အေးမြခြင်း ကျင့်စဉ်သည် နင်းကျော့ သိရှိသမျှ ကျင့်စဉ်များထဲတွင် အရင်းအမြစ် အနည်းဆုံး လိုအပ်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဟန်ကျိုးသည် ဝိညာဉ်ကျောက်တုံးများ ရရှိရန်နှင့် ကျင့်ကြံမှုကို ထိန်းသိမ်းရန် ကြိုးစားအားထုတ်နေရဆဲပင်။

အမှန်စင်စစ် ကျင့်ကြံခြင်းဆိုသည်မှာ ပြင်ပလောကရှိ ဒြပ်ဝတ္ထုနှင့် စွမ်းအင်များကို နည်းလမ်းနှင့် ကျင့်စဉ်များမှတစ်ဆင့် မိမိ၏ ခွန်အားအဖြစ် ပြောင်းလဲခြင်းသာ ဖြစ်သည် မဟုတ်လော။

နင်းကျော့၏ ဂုဏ်သတင်းမှာလည်း ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်း တစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိနေသည်။ ဟွာကူးကျိနှင့် တိုက်ခိုက်မှုသည် ယင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီး သံသယရှိသူများကို နှုတ်ဆိတ်သွားစေခဲ့သည်။

ယင်း၏ စွမ်းအားကို အသိအမှတ်ပြုလာကြသည်နှင့်အမျှ နင်းကျော့၏ ဘဝမှာ ပိုမိုအေးချမ်းလာပြီး ယင်းကို ပစ်မှတ်ထားသော ဝေဖန်တိုက်ခိုက်မှုများလည်း မရှိတော့ပေ။

နင်းကျော့က စိတ်ထဲမှ သိရှိနေသည်မှာ မိမိ၏ စွမ်းအားကို ပြသနိုင်ခြင်းကြောင့်သာမက ဆေးပေါင်းသောင်းခြောက်ထောင်ဂိုဏ်း၏ တပည့်ကြီး လင်ဟုကျိုကလည်း ယင်း၏ ဂိုဏ်းတူညီနောင်များကို နင်းကျော့အား နှောင့်ယှက်ခြင်း မပြုရန် တားမြစ်ထားသောကြောင့် ဖြစ်တန်ရာ။

သို့သော်လည်း ဆိုးကျိုးတစ်ခုမှာမူ...

"သခင်လေးနင်းကျော့... ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီနော်" ဟု ဆိုကာ လမ်းချိုးတစ်ခုမှ ဟွာကူးကျိသည် မီးလျှံတစ်ခုကဲ့သို့ ပြေးထွက်လာလေသည်။

နင်းကျော့နှင့် ဟန်ကျိုးတို့မှာ အံ့အားသင့်သွားကြ၏။

"တိုက်ဆိုင်လိုက်တာလား"

နင်းကျော့က မျက်နှာပျက်လျက် "တစ်နေ့ကို သုံးကြိမ်တောင် တိုက်ဆိုင်နေတာပဲ... တာအိုကျင့်ကြံဖော်ဟွာ... မင်းရဲ့ တောင်းပန်မှုတွေရော၊ မုန့်ထုပ်တွေကိုရော ကျွန်တော် မလိုအပ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီလေ" ဟု သက်ပြင်းချကာ မတတ်သာသည့် အမူအရာဖြင့် ဆိုလိုက်သည်။

ဟန်ကျိုးမှာမူ ထိုကဲ့သို့သော မြင်ကွင်းကို မိမိမျက်စိရှေ့တွင် တွေ့မြင်နေရခြင်းအား အံ့ဩ၍ မဆုံး ဖြစ်နေရ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ဟွာကူးကျိသည် ဝိညာဉ်အာဟာရ မုန့်ထုပ်များကို ယူဆောင်လာကာ တောင်းပန်ခဲ့သော်လည်း နင်းကျော့က ထိုနေရာတွင်ပင် ငြင်းပယ်ခဲ့ဖူးသည်။

ဟန်ကျိုးက ဟွာကူးကျိတစ်ယောက် ပြဿနာရှာလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း နောက်တစ်နေ့တွင် ယင်းသည် မတူညီသော မုန့်ထုပ်များကို ယူဆောင်လာကာ ထပ်မံတောင်းပန်နေပြန်ရာ ဟန်ကျိုးအတွက် အံ့ဩစရာပင် ဖြစ်နေတော့သည်။

ပို၍ အံ့ဩစရာ ကောင်းသည်မှာ နင်းကျော့က ယင်းကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ ဆက်လက် ငြင်းပယ်နေခြင်းပင်။

ဟန်ကျိုးက နင်းကျော့အား ဟွာကူးကျိမှာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး တောင်းပန်မှုကိုလည်း ပြုလုပ်နေပြီ ဖြစ်သဖြင့် ရန်သူဖြစ်ရန် မလိုအပ်ကြောင်း အကြံပေးခဲ့သော်လည်း နင်းကျော့ကမူ "အကိုဟန်ကျိူး နားမလည်ပါဘူး" ဟုသာ တုံ့ပြန်ခဲ့လေသည်။

ထို့နောက်တွင် ဖြစ်ပျက်လာသော အရာများက ဟန်ကျိုး၏ လောကအမြင်ကို လုံးဝ ပြောင်းလဲစေခဲ့၏။

နင်းကျော့က မည်မျှပင် ငြင်းပယ်ပါစေ၊ ဟွာကူးကျိမှာ စိတ်ဆိုးခြင်း မရှိသည့်အပြင် မျက်နှာပြောင်တိုက်ကာ ဆက်လက်၍ တောင်းပန်နေမြဲ ဖြစ်သည်။

ယခင်က တစ်နေ့လျှင် တစ်ကြိမ်သာ လာရောက်ခဲ့သော်လည်း ယခုမူ တစ်နေ့လျှင် သုံးကြိမ်အထိ တိုးမြှင့်၍ လာရောက်နေလေပြီ။

နင်းကျော့က ယင်းအပေါ် မည်မျှပင် အေးစက်ပါစေ၊ ယင်းက ပို၍ စိတ်အားထက်သန်လာပြီး နင်းကျော့ကို ဖားယားသော အမူအရာများပင် ပြုလုပ်လာတော့သည်။

"ဒါက တကယ်ပဲ လိုအပ်လို့လား" ဟု ဟန်ကျိုးက တွေးမိ၏။ ဟွာကူးကျိသည် နင်းကျော့ကို ရှုံးနိမ့်ခဲ့သော်လည်း တိုက်ပွဲငယ်တောင်ထိပ်ရှိ အဆင့်မြင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည် မဟုတ်လော။

သို့သော် ယခုမူ သူမသည် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါများ ကင်းမဲ့ကာ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေရလေပြီ။

ဟွာကူးကျိသည် တခြားသူများအပေါ်တွင်မူ ယခင်အတိုင်းပင် ဖြစ်သော်လည်း နင်းကျော့နှင့် တွေ့လျှင်မူ အလွန်အမင်း နှိမ့်ချကာ ဖားယားတတ်သည့် အမူအရာသို့ ရုတ်ခြည်း ပြောင်းလဲသွားတတ်ပေ၏။

ဟန်ကျိုးက အတန်ကြာ စဉ်းစားပြီးနောက် နင်းကျော့၏ မျက်နှာကို ကြည့်ကာ အဖြေတစ်ခုကို ရှာတွေ့သွားဟန် တူသည်။ "ဟွာကူးကျိတစ်ယောက် နင်းကျော့အပေါ် စိတ်ကစားနေတာများလား" ဟု ယင်းက တွေးတောမိပြီးမှသာ အံ့ဩနေမှုများမှာ အတန်ငယ် သက်သာသွားတော့သည်။

"သခင်လေးနင်းကျော့က ဟွာကူးကျိရဲ့ ခံစားချက်ကို သိနေလို့ ယင်းကို အခွင့်အရေး မပေးချင်တာကြောင့် အေးစက်စက် ဆက်ဆံနေတာပဲ ဖြစ်ရမယ်"

နင်းကျော့၏ ထူးဆန်းသော အပြုအမူများအတွက် အဖြေမှာ ပေါ်ထွက်လာခဲ့လေပြီ။ "ငါ ဘာလို့ ဒါကို မစဉ်းစားမိတာလဲ။ သခင်လေးနင်းကျော့က ဝိညာဉ်အာရုံခံစားမှု အားကောင်းတာပဲ။ အဲဒီနေ့ကတည်းက တစ်ခုခု မှားနေတာကို သိပြီး ဟွာကူးကျိအပေါ်မှာ လုံးဝ စိတ်မဝင်စားသလို နေခဲ့တာကိုး"

ဟန်ကျိုးက နင်းကျော့ကို စိတ်ထဲမှ ချီးကျူးမိ၏။ ယင်းသာ ဆိုလျှင် ဟွာကူးကျိ၏ စိတ်ပြောင်းလဲမှုကို သတိထားမိလိမ့်မည် မဟုတ်ပေ။

"ကျင့်ကြံသူ မျိုးနွယ်စုကနေ သေချာ ပြုစုပျိုးထောင်ပေးလိုက်တဲ့ သားကောင်းတစ်ယောက်ပဲ။ ဒီလိုမျိုး အမျိုးသမီးတွေရဲ့ လိုက်စားမှုကို သခင်လေးနင်းကျော့က အကြိမ်ကြိမ် ကြုံဖူးနေပုံရတယ်။ ဒါကြောင့်လည်း ဟွာကူးကျိရဲ့ အပြုအမူကို မြင်မြင်ချင်းပဲ တုံ့ပြန်နိုင်ခဲ့တာပေါ့။

လူချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့..."

ဟန်ကျိုးက နင်းကျော့ကို ကြည့်လိုက်၊ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ဖြင့် ခေါင်းကို တရစပ် ခါယမ်းကာ စိတ်မကောင်း ဖြစ်နေမိတော့သည်။

"သခင်လေးနင်းကျော့... ဒါက ကျွန်မ သေချာ ပြုစုပျိုးထောင်ထားတဲ့ ရွှေရောင်ဖီးနစ်မြီး ပန်းလေးပါ။ ဒါလေးကို လက်ခံပေးဖို့ ကျွန်မ တောင်းပန်ပါရစေနော်" ဟု ဟွာကူးကျိက မျက်လုံးလေးများ ဝိုင်းကာ နင်းကျော့ကို စိုက်ကြည့်ရင်း မျှော်လင့်တကြီးဖြင့် ဆိုရှာသည်။

ယင်း၏ သနားစဖွယ် အမူအရာမှာ ငိုတော့မည့်အတိုင်း ဖြစ်နေသဖြင့် ဗုဒ္ဓကျမ်းစာများကို ကျင့်ကြံနေသော ဟန်ကျိုးပင် ငြင်းပယ်ရန် ခက်ခဲနေမိသည်။

သို့သော်လည်း နင်းကျော့ကမူ ရက်ရက်စက်စက်ပင် ထပ်မံ ငြင်းပယ်လိုက်ပြန်၏။ "မင်းရဲ့ တောင်းပန်မှုကို မလိုချင်ဘူးလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။ သွားတော့မယ် တာအိုကျင့်ကြံဖော်ဟွာ"

နင်းကျော့က ဟွာကူးကျိကို ကျော်ဖြတ်ကာ လမ်းကို ဆက်လျှောက်သွားသည်။ "သခင်လေးနင်းကျော့" ဟု ဟွာကူးကျိက နောက်မှ လှမ်းခေါ်သံမှာ ဝမ်းနည်းမှုများ စိမ့်ဝင်နေပြီး မြင်ရသူအပေါင်းကို စိတ်မကောင်း ဖြစ်စေ၏။

နင်းကျော့ကမူ ယင်း၏ ဝိညာဉ်ခေါ်ယူခြင်း ပညာရပ်မှတစ်ဆင့် ဟွာကူးကျိ၏ စိတ်ထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကို အာရုံခံမိနေသဖြင့် ပို၍ပင် မြန်မြန် လျှောက်သွားတော့သည်။

ယွမ်လိုင်တောင်ပေါ်တွင်။

လင်းရှန်းရှန်းသည် မိမိလက်ထဲမှ သတင်းများကို ကြည့်ကာ မျက်နှာပျက်လျက် ရှိ၏။ "ဒီဟွာကူးကျိက ဘာဖြစ်နေတာလဲ။ သခင်လေးနင်းကျော့ကို ရှုံးပြီးကတည်းက သူ့နောက်ကို တစ်ကောက်ကောက် လိုက်နေတာ... သိက္ခာကို လုံးဝ မငဲ့တော့ဘူးလား"

လင်းရှန်းရှန်းက ဒေါသတကြီးဖြင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ နင်းကျော့ ဟွာကူးကျိကို အနိုင်ရခဲ့သည့် သတင်းကြောင့် ပျော်ရွှင်ခဲ့ရသည်မှာ ရက်အနည်းငယ်ပင် မရှိသေးမီ ယခုကဲ့သို့သော သတင်းကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပေ၏။

"သခင်လေးနင်းကျော့က သူ့ကို ထပ်ပြီး ငြင်းလိုက်ပြန်ပြီလား။ ကောင်းလိုက်တာ... သခင်လေးနင်းကျော့က အသိအမြင် ကြွယ်ဝသူဆိုတော့ မင်းရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်ကို သိတာပေါ့၊ မင်း လှည့်စားတာကို ဘယ်ခံမလဲ"

လင်းရှန်းရှန်း၏ အကြည့်များမှာ အေးစက်လှ၏။ ယင်း၏ အနီးကပ်အစေခံမလေး ရှောင်ကျူက ကြောက်လန့်တကြားဖြင့် လင်းရှန်းရှန်း၏ မျက်နှာရှေ့တွင် လက်ယမ်းပြကာ "သခင်မလေး... သတိထားပါဦး။ ကျွန်မကို အဲဒီလို မကြည့်ပါနဲ့၊ ကျွန်မက ရှောင်ကျူပါ... ဟွာကူးကျိ မဟုတ်ပါဘူး" ဟု ဆိုမှ လင်းရှန်းရှန်းမှာ သတိဝင်လာကာ ရှောင်ကျူကို ကပြာကယာ တောင်းပန်လိုက်ရရှာသည်။

တိုက်ပွဲငယ်တောင်ထိပ်။

နင်းကျော့၏ ဂူဗိမာန်အတွင်း။

"ဒီဟွာကူးကျိက ဘာဖြစ်နေတာလဲ" နင်းကျော့ကလည်း စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

ယင်းက အေးစက်စွာ ငြင်းပယ်ခြင်းဖြင့် ဟွာကူးကျိကို ဟန့်တားနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ယင်းက ပို၍ စိတ်အားထက်သန်ကာ ဇွဲကောင်းနေသည် မဟုတ်လော။

"အကိုစွန်း... ဒီလို အခြေအနေမျိုးမှာ ကျွန်တော် ဘာလုပ်သင့်လဲ" ဟု နင်းကျော့က စွန်းလင်ထုံ၏ အကြံဉာဏ်ကို တောင်းခံ၏။ ယခုကဲ့သို့သော လူမျိုးနှင့် ပထမဆုံး ကြုံဖူးခြင်း ဖြစ်သဖြင့် ယင်းကို ထိခိုက်အောင်လည်း မလုပ်ချင်ပေ။

စွန်းလင်ထုံက စက်မှုနဂါးအတွင်းမှနေ၍ ကျယ်လောင်စွာ ရယ်မောလေသည်။ နင်းကျော့ အရွယ်ရောက်လာသည်နှင့်အမျှ ယခုကဲ့သို့ အကျပ်ရိုက်နေသည်ကို မြင်ရခဲလှပေ၏။

စွန်းလင်ထုံက ရယ်သံကို အတတ်နိုင်ဆုံး ထိန်းကာ တည်ငြိမ်ဟန်ဆောင်လျက် "ကျော့လေး... အမှန်တော့ ဟွာကူးကျိက သနားစရာကောင်းတဲ့ သူပါ" ဟု ဆိုသည်။

နင်းကျော့က နားမလည်နိုင်ဟန်ဖြင့် ကြည့်နေစဉ် စွန်းလင်ထုံက ဆက်လက်၍ "သူ့ရဲ့ စိတ်နေစိတ်ထားက ပုံမှန် မဟုတ်ဘူးလို့ မင်း မထင်ဘူးလား။ ဒါက ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ စိတ်နေစိတ်ထားပဲ၊ ယင်းက သူငယ်စဉ်ကတည်းက ဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေကို ခံစားခဲ့ရတယ်ဆိုတာ ပြနေတာပဲလေ"

နင်းကျော့က အတန်ကြာ တိတ်ဆိတ်သွားပြီးမှ "အကိုစွန်း ပြောသလိုဆိုရင်တော့ ဟွာကူးကျိအပေါ် ကျွန်တော့်ရဲ့ အမြင်က ပြောင်းလဲသွားပြီ" ဟု ဆို၏။

စွန်းလင်ထုံက "ဒါကြောင့် မင်း သူ့ကို ကယ်တင်ဖို့ တစ်ခုခု လုပ်သင့်တယ်" ဟု ဆိုပြန်သည်။

နင်းကျော့က "ဗျာ" ဟု အံ့အားသင့်သွားစဉ် စွန်းလင်ထုံက "ဒီလို စိတ်နေစိတ်ထားမျိုး ရှိတဲ့သူက အစွန်းရောက်သွားဖို့ လွယ်တယ်။ မင်းက ဒီလိုပဲ ဆက်ပြီး ငြင်းနေမယ်ဆိုရင် တစ်နေ့ကျရင် သူ မျှော်လင့်ချက် ကုန်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရင် ဘယ်လိုလုပ်မလဲ" ဟု ထပ်လောင်း ပြောကြားသည်။

နင်းကျော့ကမူ မိမိ၏ အတွေးဖြင့် "ဒါကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် ငြင်းလိုက်တိုင်း သူက စိတ်ထဲမှာ ပျော်နေသလိုပဲလေ" ဟု ဆိုသော်လည်း စွန်းလင်ထုံက ခေါင်းခါလျက် "ဒီလိုလူမျိုးတွေကို ပေါ့ပေါ့တန်တန် တွေးလို့ မရဘူး။ အချစ်ကနေ အမုန်း ပြောင်းသွားပြီး မင်းကို မပိုင်ဆိုင်ရရင် ဖျက်ဆီးပစ်ဖို့ ကြံစည်လာမှာကိုပဲ ကြောက်ရတာ" ဟု သတိပေးလေသည်။

နင်းကျော့က မျက်မှောင်ကြုတ်လျက် "ကျွန်တော်က ဒီက စည်းကမ်းတွေကို ငဲ့ညှာလို့ရယ်၊ ဂုဏ်သိက္ခာကို ငဲ့လို့ရယ်ကြောင့်ပဲ သူ့ကို ဘာမှ မလုပ်သေးတာပါ။ အကယ်၍ နောက်ပိုင်းမှာ သူက..."

စွန်းလင်ထုံက စကားဖြတ်၍ "မဟုတ်ဘူး... မဟုတ်ဘူး... မင်း ငါပြောတာကို မှားနားလည်နေပြီ။ ငါ ဆိုလိုတာက သူ မင်းကို မုန်းမသွားခင်မှာ မင်းဘက်က အရင်ဦးအောင် သူ့ကို သိမ်းသွင်းထားသင့်တယ်လို့ ပြောတာ။

သူ့လို စိတ်နေစိတ်ထားမျိုးက သစ္စာရှိတဲ့ စစ်သည်တော်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်လို့ ရတယ်။ ဒါပေမဲ့ ဒါက အရူးတစ်ယောက်ရဲ့ ဓားသွားလိုပဲ၊ သေချာ မကိုင်တွယ်တတ်ရင် ကိုယ့်ကိုကိုယ် ပြန်ထိခိုက်စေနိုင်တယ်"

နင်းကျော့က ခေါင်းကို တရစပ် ခါယမ်းကာ "သူက အရမ်းကို ရူးသွပ်လွန်းတယ်။ လောကမှာ ဒီလိုလူမျိုးတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး၊ အမှန်တော့ ကျွန်တော် သူနဲ့ ဘာပတ်သက်မှုမှ မရှိချင်ပါဘူး"

စွန်းလင်ထုံက "မင်းသာ သူ့ကို ပစ်ထားမယ်ဆိုရင် ပိုပြီး အန္တရာယ်ရှိတယ်။ သူက မင်းနောက်ကို မလိုက်ရင်တောင် မင်း တည်ထောင်မယ့် မျိုးနွယ်စုခွဲကို ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ။ မင်းတို့ ဒီကနေ ထွက်သွားတဲ့အခါ သူက မီးလျှံသီး မသေမျိုးမြို့တော်အထိ မင်းနောက်ကို လိုက်မလာဘူးလို့ မင်း ပြောနိုင်မလား"

နင်းကျော့၏ မျက်မှောင်များ ပို၍ ကြုတ်သွားကာ "အကိုစွန်း ပြောတာလည်း မှန်တာပဲ။ ဒါပေမဲ့ ကျွန်တော်သာ ဟွာကူးကျိကို လက်ခံလိုက်မယ်ဆိုရင် အကောင်းဖြစ်လာမှာ မဟုတ်ဘူးလို့ ခံစားနေရတယ်"

ထိုစဉ်မှာပင် ပျံသန်းလာသော သတင်းစကားတစ်ခု ရောက်ရှိလာ၏။ ယင်းကို ဖွင့်ကြည့်လိုက်ရာ ဟွာကူးကျိထံမှ ပေးစာတစ်စောင် ဖြစ်နေသည်။

နင်းကျော့၏ မျက်နှာမှာ အတန်ငယ် ဖြူဖျော့သွားကာ "အကိုစွန်း... ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ အခု သူက ကျွန်တော့် ဂူဗိမာန်ကို တိုက်ရိုက် လာနေပြီတဲ့"

စွန်းလင်ထုံက ယင်း၏ ဝိညာဉ်အာရုံဖြင့် စာကို ဖတ်ကြည့်ပြီးနောက် "ကျော့လေး... မစိုးရိမ်ပါနဲ့။ စာထဲက အကြောင်းအရာကို သေချာကြည့်ဦး၊ ဟွာကူးကျိက ဆန်းပြားတဲ့ ပန်းခုနစ်မျိုး ကျင့်ကြံနည်းတွေနဲ့ တောင်းပန်ချင်တယ်လို့ ပြောထားတာပဲ။

ဒါတွေက တကယ်ကို ကောင်းတဲ့အရာတွေပဲ... မင်းသာ ဒါတွေကို မျိုးနွယ်စုအတွက် အသုံးချနိုင်မယ်ဆိုရင် နောက်ပိုင်းမှာ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။ ဒါတွေက တကယ့်ကို တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတွေပဲ"

နင်းကျော့က သေချာစွာ ကြည့်လိုက်ရာ စွန်းလင်ထုံ ပြောသကဲ့သို့ပင် ဖြစ်နေသည်။ ယင်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ဟွာကူးကျိကို မိမိ၏ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့် ပေးလိုက်လေတော့သတည်း။

အခန်း (၄၁၀)- ပန်းခုနစ်ပွင့် စိုက်ပျိုးနည်း လျှို့ဝှက်မှတ်တမ်း

ဟွာကူးကျိသည် နင်းကျော့၏ ဂူဗိမာန်အတွင်းသို့ ခေါ်ဆောင်ခြင်း ခံရစဉ်က မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်မိချေသည်။

“ငါ... ငါ တကယ်ပဲ အထဲရောက်သွားတာလား”

သူမသည် မယုံကြည်နိုင်စွမ်းသော မျက်နှာပေးဖြင့် ရပ်တန့်နေမိ၏။

နင်းကျော့သည် အိမ်ရှင်နေရာတွင် ဦးစွာဝင်ထိုင်လိုက်ပြီးနောက် ဟွာကူးကျိအား လှမ်း၍ ပြောလိုက်သည်။

“တာအိုကျင့်ကြံဖော်ဟွာ... ထိုင်ပါဦး”

ဟွာကူးကျိသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နင်းကျော့နှင့် အနီးဆုံးနေရာကို ရွေးချယ်ကာ ထိုင်လိုက်လေသည်။

ထို့နောက် သူမသည် နင်းကျော့နှင့် အနီးကပ်ဆုံးဖြစ်အောင် ကိုယ်ကို စောင်းကာ တိုးကပ်ရန် ကြိုးစားနေပြန်သည်။

နင်းကျော့၏ စိတ်ထဲတွင်တော့ မှတ်ချက်ပြုမိသည်မှာ ‘ဟင်’ ဟူ၍သာ ဖြစ်ချေသည်။

ထိုခဏ၌ပင် ဟွာကူးကျိ၏ စိတ်နှလုံးအတွင်းပိုင်းမှ ပြင်းထန်သော ကြည်နူးနှစ်သက်မှုနှင့် စွဲလမ်းမှုလှိုင်းလုံးကြီးများကို သူ အာရုံရလိုက်၏။

ကြောက်စရာကောင်းလိုက်ပါဘိ။

နင်းကျော့သည် ဟွာကူးကျိအား အထဲသို့ ခေါ်သွင်းမိသည်ကို ချက်ချင်းပင် နောင်တရသွားသော်လည်း ပြန်လှည့်ရန် မဖြစ်နိုင်တော့သဖြင့် အံကြိတ်ကာ ဆက်လက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အေးစက်စက် လေသံဖြင့် ဆို၏။

“တာအိုကျင့်ကြံဖော်ဟွာ... နောက်နောင် အရှုပ်အရှင်းတွေ မဖြစ်ရအောင် မင်းပြောတဲ့ ပန်းစိုက်ပျိုးနည်းကို ဒီနေ့ပဲ ကျွန်တော် လက်ခံလိုက်ပါ့မယ်”

ဟွာကူးကျိသည် နေရာမှ ဝုန်းကနဲ ထရပ်လိုက်ပြီး နင်းကျော့ရှိရာသို့ စိတ်အားထက်သန်သော မျက်လုံးများဖြင့် တိုးကပ်လာကာ ကျောက်စိမ်းပြားကို ကပျာကယာ ကမ်းပေးလေသည်။

“ရပ်လိုက်ပါ”

နင်းကျော့သည် သူမ အနားသို့ အလွန်အမင်း တိုးကပ်မလာစေရန် လက်ကို အမြန်မြှောက်၍ တားလိုက်ရ၏။ သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို အသုံးချကာ ဟွာကူးကျိ၏ လက်ထဲမှ ကျောက်စိမ်းပြားကို လှမ်း၍ ယူလိုက်သည်။

ဟွာကူးကျိသည် နင်းကျော့၏ လက်ချောင်းလေးများကို ထိတွေ့ခွင့် မရလိုက်သဖြင့် များစွာ စိတ်ပျက်သွားရချေသည်။

“ကောင်းပြီလေ”

နင်းကျော့သည် လက်တစ်ကမ်းအကွာတွင် ရှိနေသော ဟွာကူးကျိကို ကြည့်ရင်း သူမသည် အချိန်မရွေး မိမိအပေါ် ခုန်အုပ်လာတော့မည့်အတိုင်း ခံစားနေရ၏။

အကယ်၍ ဟွာကူးကျိသာ ရန်ငြိုးရန်စ သို့မဟုတ် သတ်ဖြတ်လိုစိတ်၊ တိုက်ခိုက်လိုစိတ်များ ရှိနေပါက နင်းကျော့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူပေလိမ့်မည်။

သို့သော် ဟွာကူးကျိသည် သူ့အပေါ်တွင် အလွန်အမင်း ရင်းနှီးဖော်ရွေပြနေသဖြင့် နင်းကျော့မှာ အခက်တွေ့နေရခြင်း ဖြစ်သည်။

သူသည် အသက် ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးရာ ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် ပြဿနာမျိုးမှာ သူ့အတွက် ကိုင်တွယ်ရ ခက်ခဲလွန်းလှချေသည်။

နင်းကျော့သည် စိုးရိမ်စိတ်ကို ဖုံးကွယ်ကာ အေးစက်စွာ ပြောလိုက်သည်။

“ကဲ... ကျွန်တော် ပစ္စည်းယူပြီးပြီ။ အခုတော့ မင်းပြန်လို့ရပါပြီ”

“ဒီလိုပဲ ပြန်ရတော့မှာလား”

ဟွာကူးကျိသည် အလွန်အမင်း နှမြောတသဖြစ်နေကာ ခွဲခွာရန် ခက်ခဲနေပုံရ၏။

“တာအိုကျင့်ကြံဖော်ဟွာ... ကျေးဇူးပြုပြီး ပြန်ပါတော့”

နင်းကျော့၏ အသံမှာ ရေခဲကဲ့သို့ အေးစက်သွားပြီး မျက်နှာပေါ်ရှိ အပြုံးများမှာလည်း အစအနပင် မကျန်တော့ချေ။

ဟွာကူးကျိ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ နင်းကျော့၏ ထိုသို့ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်မှာ သူမအတွက်တော့ စိတ်လှုပ်ရှားဖွယ်ရာ အရှက်ရမှုတစ်ရပ်အဖြစ် စိတ်နှလုံးအတွင်းပိုင်းမှ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

‘ယုတ်မာတယ်၊ မုန်းစရာကောင်းတယ်၊ တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ’

‘ငါ့ကို ဒီလို ဆက်ဆံတယ်ပေါ့။ ငါ့ကို ဂရုမစိုက်ဘူးပေါ့’

‘နင်းကျော့... ဒီလူကတော့... ငါ... ငါ... ငါ...’

ဟွာကူးကျိသည် နင်းကျော့၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ဂူဗိမာန်အတွင်းမှ ထွက်လာခဲ့ရသည်။

သူမ၏ မျက်လုံးများမှာ သွေးကြောများ ယှက်သန်းကာ နီမြန်းနေပြီး တစ်ကိုယ်လုံးလည်း အနည်းငယ် တုန်ယင်နေ၏။ ဒေါသ၊ အမုန်းနှင့် နာကျည်းမှုများ ရှိနေသော်လည်း ထူးဆန်းစွာပင် အလွန်အမင်း စိတ်လက်ပေါ့ပါးသွားသည့် ခံစားချက်ကြီးက လွှမ်းမိုးနေပြန်သည်။

မကြာမီတွင် ထိုစိတ်လက်ပေါ့ပါးမှုမှာ ရေလွှမ်းမိုးကြီးသဖွယ် ဖြစ်ပေါ်လာပြီး အဆိုးမြင်စိတ် အားလုံးကို ဖုံးလွှမ်းသွားတော့သည်။

သူမသည် နင်းကျော့၏ ဂူဗိမာန်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်ပြီး ရှက်သွေးဖြန်းနေသော မျက်နှာဖြင့် ညည်းညူသံလေး ပြုကာ ပျံသန်းထွက်ခွာသွားလေတော့သည်။

“နောက်ဆုံးတော့ သူ သွားပြီပေါ့”

နင်းကျော့သည် နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်ရင်း အာခေါင်များပင် ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။

သူသည် အိမ်ရှင်နေရာတွင် တည့်တည့်ထိုင်ကာ မျက်စိမှိတ်၍ အနားယူလိုက်ပြီး အသက်ရှူနှုန်း မှန်သွားသည့်အခါမှသာ စိတ်အခြေအနေမှာ ပြန်လည် တည်ငြိမ်လာတော့၏။

သူသည် မိမိလက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်ရာ ဤပန်းစိုက်ပျိုးနည်းမှာ အလွန်ပင် တန်ဖိုးကြီးလှသည်ဟု ခံစားမိချေသည်။

နင်းကျော့သည် ၎င်းကို လေ့လာရန်အတွက် မိမိ၏ ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းလိုက်သည်။

ညလှည့်ကင်းမြက်။

၎င်း၏ အရွက်များမှာ အနက်ရောင်သန်းသော အစိမ်းရောင်ဖြစ်ပြီး အနားသတ်များမှာ ခရမ်းဖျော့ရောင် အလင်းတန်းများ ထွက်ပေါ်နေကာ နေကြာပန်းကဲ့သို့ ပွင့်အာနေ၏။

အရွက်တစ်ခုချင်းစီတွင် ငွေရောင် သွေးကြောမျှင်လေးများ ပါရှိပြီး ညအချိန် လရောင်အောက်တွင် မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်ကာ အရွက်ပေါ်တွင် ကြယ်ကလေးများ ကြဲပက်ထားသကဲ့သို့ ရှိချေသည်။

၎င်း၏ ပင်စည်မှာ ရှည်လျားမတ်စောက်ပြီး ချောမွေ့သော မျက်နှာပြင်မှာ ခရမ်းနုရောင် တောက်ပနေ၏။ ပင်စည်အောက်ခြေတွင် အလင်းစက်ကလေးများကို ပြန်ဟပ်နိုင်သော ငွေရောင် အကြေးခွံလေးများ ရှိသည်။

သတ်မှတ်ထားသော ကာလတစ်ခုရောက်လျှင် ခရမ်းရောင် ပန်းပွင့်လေးများ ပွင့်လာတတ်ပြီး ပွင့်ချပ်များမှာ ဖန်သားကဲ့သို့ ကြည်လင်နေကာ ပန်းပွင့်၏ အလယ်ဗဟိုတွင် ညကောင်းကင်ယံကို အမှတ်ရစေသော အပြာရင့်ရောင် အမြုတေတစ်ခု ပါရှိတတ်၏။

ထိုသတ်မှတ်ထားသော ကာလမှာ အခြားမဟုတ်၊ တစ္ဆေပွဲတော် အချိန်ပင် ဖြစ်ချေသည်။

ပွဲတော်ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ ငရဲတံခါးများ ပွင့်လာပြီး ငရဲဘုံမှ ဝိညာဉ်များသည် လူ့ပြည်လောကသို့ လွတ်လပ်စွာ လှည့်လည်ကာ ကလဲ့စားချေခြင်းနှင့် ရန်ကြွေးဆပ်ခြင်းများကို ပြုလုပ်ကြသည်။

ငရဲဘုံမှ နတ်ဘုရားများသည် ထိုသို့ မကောင်းမှုပြုရန် ကြံစည်နေသော ဝိညာဉ်များကို လိုက်လံတားဆီး ချိပ်ပိတ်ရန် အလျင်အမြန် လှုပ်ရှားကြရ၏။ ထိုသူများထဲတွင် ညလှည့်ကင်းနတ်မင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

ညလှည့်ကင်းနတ်မင်းသည် ပင်ပန်းနွမ်းနယ်လာသောအခါ အမောဖြေရန်နှင့် အမောပြေစေရန်အတွက် ညလှည့်ကင်းမြက်ပေါ်တွင် ခဏတာ နားခိုလေ့ ရှိသည်။

ဤသည်မှာ ညလှည့်ကင်းမြက်ဟူသော အမည် ရလာခြင်း၏ အကြောင်းရင်းပင် ဖြစ်ချေသည်။

ညလှည့်ကင်းမြက်ကို စိုက်ပျိုးရန်အတွက် မိစ္ဆာအငွေ့အသက်များ ကြွယ်ဝသော မှောင်မိုက်သည့်နေရာတစ်ခု လိုအပ်၏။

ဝိညာဉ်စွမ်းအားနှင့် ပတ်သက်လျှင်တော့ နေ့ဘက်တွင် နည်းပါးပြီး ညဘက်တွင် ကြွယ်ဝနေကာ သိသာထင်ရှားသော ကွာခြားချက် ရှိနေရမည် ဖြစ်သည်။

မြေသြဇာ ကျွေးရာတွင်တော့ ညဉ့်နှင်းရည်၊ ကြယ်စင်မြစ် ဝိညာဉ်ရည်၊ ညဉ့်နန်းတော် စံပယ်ပန်း စသည်တို့ကို အသုံးပြုရ၏။

ညလှည့်ကင်းမြက်၊ ခရမ်းမြူသစ်ခွ၊ ငွေလိပ်ပြာပန်း၊ ဝိညာဉ်အနှစ်ပန်း၊ မိုးတိမ်ရောင် မက်မွန်ပန်း၊ နှလုံးသားလောင်မြိက်ပန်း၊ အဆိပ်မီးလျှံ ဂန္ဓာမာပန်း ဟူသော ရှားပါးဆန်းပြားသည့် ပန်းနှင့် ဆေးဖက်ဝင်အပင် ခုနစ်မျိုး။

ကျောက်စိမ်းပြားအတွင်းရှိ အရာအားလုံးမှာ ဤရှားပါးဆန်းပြားသည့် အပင် ခုနစ်မျိုးကို စိုက်ပျိုးနည်းများပင် ဖြစ်ချေသည်။

အမျိုးအစားတစ်ခုချင်းစီကို အသေးစိတ် ဖော်ပြထားပြီး အဆင့်ဆင့်ကို စနစ်တကျ လိုက်နာပါက စိုက်ပျိုးနိုင်မည် ဖြစ်ရာ လက်တွေ့အသုံးချနိုင်စွမ်းမှာ အလွန်ပင် မြင့်မားလှ၏။

“ဝိညာဉ်အနှစ်ပန်းလား”

နင်းကျော့၏ အကြည့်မှာ အနည်းငယ် ရပ်တန့်သွားသည်။ သူ ဤပန်းကို သိ၏။

လွန်ခဲ့သော ဆယ့်တစ်နှစ်ခန့်က မီးလျှံသီး မသေမျိုးမြို့တော်၏ အပြင်ဘက်သို့ ဟွာချန်ဟွန်း အမည်ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦး ရောက်ရှိလာခဲ့ဖူးသည်။

သူသည် မြို့အနီးရှိ ချိုင့်ဝှမ်းတစ်ခုတွင် ပန်းများကို စိုက်ပျိုးကာ ပန်းပင်လယ်ကြီးကို ကျယ်ပြန့်စွာ ပြန့်နှံ့စေခြင်းဖြင့် ထူးဆန်းသော ပန်းများ ပေါ်ထွက်လာတော့မည်ဟူသော ကောလာဟလများကို ဖန်တီးခဲ့၏။

လူများစွာသည် ထိုပန်းပင်လယ်ဆီသို့ ဆွဲဆောင်ခြင်း ခံခဲ့ရပြီး ၎င်းတို့၏ ဝိညာဉ်များမှာ ထုတ်ယူခြင်း ခံရကာ ပန်းများအတွက် မြေသြဇာအဖြစ် အသုံးချခြင်း ခံခဲ့ရသည်။

နောက်ဆုံးတွင် ဝိညာဉ်အနှစ်ပန်းဟု လူသိများသော လျှို့ဝှက်ဆန်းပြားသည့် ပန်းတစ်ပွင့် အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီး ဟွာချန်ဟွန်းသည် ၎င်းကို ချက်ချင်းပင် ဆွတ်ခူးကာ အလျင်အမြန် ထွက်ပြေးလွတ်မြောက်သွားခဲ့ချေသည်။

နင်းကျော့သည် စိတ်ဝင်စားသွားသဖြင့် အလယ်မှ ပန်းအချို့ကို ကျော်လိုက်ပြီး ဝိညာဉ်အနှစ်ပန်းအကြောင်းကို ဦးစားပေး၍ ဖတ်ကြည့်လိုက်သည်။

ကျောက်စိမ်းပြားထဲတွင် ဝိညာဉ်အနှစ်ပန်း၏ ပုံသဏ္ဌာန်ကို အသေးစိတ် ဖော်ပြထား၏။

၎င်း၏ ပွင့်ချပ်များမှာ တစ်ပိုင်းတစ်စ ကြည်လင်နေပြီး အရောင်မှာ အလင်းအမှောင်ပေါ် မူတည်ကာ ကြည်လင်သောအရောင်မှ ခရမ်းရင့်ရောင်အထိ ပြောင်းလဲနေတတ်သည်။

ပွင့်ချပ်တစ်ခုချင်းစီပေါ်တွင် ဝိညာဉ်များ ဝဲပျံနေသကဲ့သို့ ထင်မှတ်ရပြီး လေတိုက်လိုက်သည့်အခါတွင် လှိုင်းတွန့်ကလေးများကို မျက်စိဖြင့် မြင်တွေ့နိုင်ချေသည်။

ပန်းပွင့်၏ အလယ်ဗဟိုမှာ နက်မှောင်နေပြီး လူတစ်ဦး၏ နှလုံးသားကို ထိုးဖောက်ကြည့်နေသည့် နက်ရှိုင်းသော မျက်လုံးတစ်စုံကဲ့သို့ မှိန်ပျပျ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေ၏။

အရွက်များမှာတော့ မှောင်မိုက်သော အစိမ်းရောင်ဖြစ်ပြီး အေးစက်လှသော ထိတ်လန့်မှုကို ပေးစွမ်းနေချေသည်။

မြေဆီလွှာ လိုအပ်ချက်ကို စစ်ဆေးကြည့်သည့်အခါတွင် ဝိညာဉ်အနှစ်ပန်းကို ဝိညာဉ်ရနံ့များ ကြွယ်ဝသော မြေတွင် စိုက်ပျိုးရမည်ကို နင်းကျော့ တွေ့လိုက်ရသည်။

ရှေးဟောင်းတိုက်ပွဲမြေပြင်မှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။

သို့သော် မီးလျှံသီးတောင်ပေါ်တွင် သတ္တဝါပေါင်းများစွာ သေဆုံးခဲ့ဖူးသဖြင့် ထိုနေရာရှိ မြေဆီလွှာမှာလည်း လိုအပ်ချက်နှင့် ကိုက်ညီနေသည်မှာ အမှန်ပင် ဖြစ်ချေသည်။

ဝိညာဉ်အနှစ်ပန်းအတွက် လိုအပ်သော ပစ္စည်းမှာ ဝိညာဉ်ကိုယ်တိုင်ပင် ဖြစ်ပြီး ၎င်းမှာလည်း လတ်ဆတ်သော ဝိညာဉ် ဖြစ်ရပေမည်။

စိုက်ပျိုးရမည့် နေရာကိုလည်း ဂရုတစိုက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ရာ အလွန်အမင်း မမှောင်လွန်း၊ အလွန်အမင်းလည်း အလင်းမများလွန်းသော ယင်နှင့် ယန်ဓာတ်များ ဆုံစည်းရာနေရာ ဖြစ်ရမည်။

အကောင်းဆုံးနေရာမှာ မိစ္ဆာအငွေ့အသက်များ ပိုမိုလေးလံသော်လည်း နေရောင်ခြည် အသင့်အတင့် ရရှိနိုင်သော ချိုင့်ဝှမ်းအနက်ပိုင်း ဖြစ်ပေသည်။

ထို့နောက်တွင်တော့ ယဇ်ပူဇော်ခြင်း အတတ်ပညာ ရှိသေး၏။

ယဇ်ပူဇော်ခြင်း ခံရမည့် အရာမှာ ဝိညာဉ်အနှစ်ပန်းပင် ဖြစ်ပြီး ၎င်းအား ကြီးထွားလာစေရန်အတွက် ယဇ်ပူဇော်ခြင်း မှော်အတတ်ကို အသုံးပြုကာ ဝိညာဉ်များ၏ အနှစ်သာရကို ကျွေးမွေးရမည် ဖြစ်သည်။

ကျောက်စိမ်းပြားတွင် ၎င်း၏ အာနိသင်များကိုလည်း ဖော်ပြထားချေသည်။

ဝိညာဉ်အနှစ်ပန်းမှတစ်ဆင့် ပြင်ပဝိညာဉ်များကို သဘာဝအတိုင်း သန့်စင်စေခြင်းဖြင့် ဘေးထွက်ဆိုးကျိုး မရှိဘဲ မိမိ၏ ဝိညာဉ်အခြေခံကို မြှင့်တင်ပေးနိုင်၏။

အကယ်၍ ၎င်းကို ဝိညာဉ်အနှစ်ဆေးလုံး ဖော်စပ်ရာတွင် အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုပါက ပန်းကို ဒီအတိုင်း စားသုံးခြင်းထက် အာနိသင်မှာ သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမို ထိရောက်ပေလိမ့်မည်။

နင်းကျော့သည် ကျောက်စိမ်းပြားပါ အကြောင်းအရာ အားလုံးကို ဖတ်ရှုပြီးနောက် မိုးတိမ်ရောင် မက်မွန်ပန်းမှာ ဈေးကွက်တန်ဖိုး အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သို့သော် နင်းမျိုးနွယ်စု၏ မျိုးနွယ်စုခွဲအတွက် အသင့်တော်ဆုံးမှာမူ အဆိပ်မီးလျှံ ဂန္ဓာမာပန်းပင် ဖြစ်ချေသည်။

ဤဂန္ဓာမာပန်းကို အလွန်အမင်း ပူပြင်းလှသော မီးဓာတ်ရှိသည့် ပတ်ဝန်းကျင်တွင် စိုက်ပျိုးရန် လိုအပ်ပြီး မီးအဆိပ်များ ပြန့်နှံ့နေသော မီးတောင်ရှင်များမှာ အကောင်းဆုံးနေရာ ဖြစ်ပေသည်။

တစ်နှစ်ပတ်လုံး မီးလျှံများ တောက်လောင်နေပြီး မြေအောက်မီးများ ပန်းထွက်နေသော ထိုသို့သော နေရာမျိုးသည် အဆိပ်မီးလျှံ ဂန္ဓာမာပန်းအတွက် မီးအဆိပ်စွမ်းအားများကို စုပ်ယူရာတွင် အထောက်အကူ ဖြစ်စေချေသည်။

အကယ်၍ နေရာရွေးချယ်မှု ကောင်းမွန်ပါက အဆိပ်မီးလျှံ ဂန္ဓာမာပန်း စိုက်ပျိုးရန် မြေဆီလွှာကို ပြုပြင်ရန်ပင် မလိုချေ။

သို့သော် အနည်းငယ် ညံ့ဖျင်းသော နေရာဖြစ်ပါက မြေဆီလွှာကို အေးခဲသွားသော မီးတောင်ချော်ရည်များမှ ရရှိသော မြေများနှင့် ရောစပ်ရမည် ဖြစ်ပြီး နှစ်ပေါင်း ရာချီသော မီးအဆိပ် ကျောက်တုံးအပိုင်းအစများ၊ နှစ်ပေါင်း ထောင်ချီသော မီးလျှံနွယ်ပင်များမှ ရရှိသော ပြာများနှင့် ပေါင်းစပ်ကာ ယဇ်ပူဇော် သန့်စင်ခြင်း နည်းလမ်းဖြင့် မီးလျှံအဆိပ် မီးဓာတ်မြေအဖြစ် ပြုပြင်ဖန်တီးရမည် ဖြစ်သည်။

မီးအဆိပ်စွမ်းအင်များကို စုစည်းပေးမည့် ပြင်းထန်မီးလျှံ အဆိပ်မီး အစီအရင်ကို တည်ဆောက်ခြင်းဖြင့် အဆိပ်မီးလျှံ ဂန္ဓာမာပန်း၏ အဆိပ်ပြင်းအားနှင့် မီးဓာတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ချေသည်။

ကျောက်စိမ်းပြားတွင် ပြင်းထန်မီးလျှံ အဆိပ်မီး အစီအရင်ကို မည်သို့ စီစဉ်ရမည်ဆိုသည့် အသေးစိတ် ညွှန်ကြားချက်များလည်း ပါဝင်သည်။

ဥပမာအားဖြင့် အစီအရင်ဗဟိုကို ပြင်းထန်သော မီးလျှံများကို ဆွဲဆောင်နိုင်သည့် အဆင့်မြင့် မီးဓာတ်ဆောင် ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ရမည် ဖြစ်သည်။

ထို့နောက်တွင် မီးတံခါးလေးခု ရှိရမည်ဖြစ်ပြီး တစ်ခုချင်းစီတွင် မီးလျှံအနှစ်များဖြင့် ထာဝရ တောက်လောင်နေကာ အရပ်မျက်နှာ အားလုံးကို လင်းထိန်စေမည့် မီးလျှံဝိညာဉ်မီးအိမ် တစ်လုံးစီ ရှိရမည် ဖြစ်သည်။

အဆိပ်ရှိသော နေရာ ရှစ်ခုလည်း ရှိရမည်ဖြစ်ပြီး တစ်ခုချင်းစီတွင် မီးအဆိပ်စွမ်းအင်ကို ပြောင်းလဲပေးရန်အတွက် မီးအဆိပ် ကြေးနီအကြေးခွံမြွေတစ်ကောင်စီ ထားရှိရမည် ဖြစ်သည်။

အဆိပ်မီးလျှံ ဂန္ဓာမာပန်း ကြီးထွားလာချိန်တွင် ပန်းငုံများ စတင်ဖြစ်ပေါ်လာသည်နှင့် အဆောင်လက်ဖွဲ့များကို သင့်တော်သလို ရေးဆွဲပေးရ၏။

ထိုအဆောင်လက်ဖွဲ့များကို အဆိပ်မြူအဆောင်နှင့် ပြင်းထန်မီးလျှံအဆောင်ဟု ခေါ်ဆိုသည်။ အကယ်၍ အဆိပ်မီးလျှံ ဂန္ဓာမာပန်းတွင် အဆိပ်ပြင်းအား လိုအပ်နေပါက အဆိပ်မြူအဆောင်ကို အသုံးပြု၍ မြှင့်တင်ပေးရမည်။

အကယ်၍ မီးဓာတ်စွမ်းအား လိုအပ်နေပါက ပြင်းထန်မီးလျှံအဆောင်ကို အသုံးပြု၍ ပြင်းအားကို မြှင့်တင်ပေးရမည် ဖြစ်သည်။

ကျောက်စိမ်းပြားတွင် ဤအဆောင်လက်ဖွဲ့များကို ရေးဆွဲနည်း အသေးစိတ်လည်း ပါဝင်ချေသည်။

ဥပမာအားဖြင့် အဆိပ်မြူအဆောင်ကို အထူးအဆောင်မှင်အဖြစ် ဖန်တီးရန်အတွက် သွေးနီရောင် မှင်ကို မီးအဆိပ်ပိုးမွှားအနှစ်များနှင့် ရောစပ်ကာ ပြင်ဆင်ရမည် ဖြစ်သည်။

ထို့အတူ ပြင်းထန်မီးလျှံအဆောင်ကိုတော့ ပြင်းထန်သော နေရောင်ခြည်၏ တောက်ပမှုကို စုပ်ယူနိုင်ရန်အတွက် ပူပြင်းသော နေရောင်အောက်တွင် ရေးဆွဲခြင်းမှာ အကောင်းဆုံးပင် ဖြစ်ချေသည်။

အကယ်၍ အခြေအနေ ပေးပါက အဆိပ်မီးလျှံမှုန့်ကို မြေသြဇာအဖြစ် အသုံးပြုနိုင်ကြောင်းလည်း ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသည်။

ဤဆေးမှုန့်ကို အဆိပ်မီးလျှံ ဂန္ဓာမာပန်း၏ ပွင့်ချပ်များကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကာ မီးကင်းမြီးကောက်နှလုံး၊ မီးအဆိပ်ပုတ်သင်ညို သည်းခြေ၊ မြစိမ်းဝိညာဉ်မြက်နှင့် အခြားသော အဆိပ်ပြင်းဆေးဖက်ဝင်ပစ္စည်းများနှင့် ပေါင်းစပ်ကာ ဖော်စပ်ထားခြင်း ဖြစ်သည်။

၎င်းတွင် အဆိပ်ကို မြှင့်တင်ပေးခြင်း၊ အမြစ်များကို ကာကွယ်ပေးခြင်း၊ မိစ္ဆာစွမ်းအင်ကို အားကောင်းစေခြင်းနှင့် ပြင်းအားကို မြှင့်တင်ပေးခြင်းဟူသော အဓိက အာနိသင် လေးမျိုး ပါရှိချေသည်။

အဆိပ်မီးလျှံ ဂန္ဓာမာပန်းကို စိုက်ပျိုးရာတွင် ရေအနည်းငယ်သာ လိုအပ်သော်လည်း လုံးဝမရှိ၍တော့ မရချေ။

ရေလောင်းရာတွင် အေးမြမှုမရှိဘဲ မြင့်မားသောအပူချိန်ရှိသည့် သဘာဝရေပူစမ်းရေကို အသုံးပြုရန် လိုအပ်သည်။

အဆိပ်မီးလျှံ ဂန္ဓာမာပန်း ကြီးထွားလာစဉ် တစ်လျှောက်လုံးတွင် ယင်း၏ ယင်ဓာတ်များကို ဓာတ်ပြယ်စေရန်အတွက် ပြင်းထန်သော နေရောင်ခြည်နှင့် အခါအားလျော်စွာ ထိတွေ့ပေးရမည် ဖြစ်ပြီး ထိုသို့မှသာ သန်စွမ်းစွာ ကြီးထွားနိုင်ပေလိမ့်မည်။

...

နင်းကျော့သည် ၎င်းကို ဂရုတစိုက် လေ့လာပြီးနောက် များစွာ စွဲလန်းအားကျသွားမိချေသည်။

ဝိညာဉ်အပင်များကို စိုက်ပျိုးခြင်းကို အရပ်စကားဖြင့် အပင်စိုက်ခြင်းဟု ခေါ်ဆိုကြပြီး ၎င်းမှာ ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာ တစ်ရာထဲမှ တစ်ခု ဖြစ်ပေသည်။

ဤနယ်ပယ်တွင် ကျွမ်းကျင်လိုပါက အခြားသော ကဏ္ဍများတွင်လည်း ကျွမ်းကျင်ရန် အမှန်တကယ် လိုအပ်လှ၏။ ဥပမာအားဖြင့် ဆေးလုံးများ အသုံးပြုခြင်း၊ အစီအရင်များ တည်ဆောက်ခြင်းနှင့် အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းတို့ ဖြစ်ချေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာ တစ်ရာမှာ တစ်ခုနှင့်တစ်ခု သီးခြားစီ မဟုတ်ဘဲ အပြန်အလှန် ဆက်နွှယ်နေကြောင်း သိသာလှ၏။

တစ်ခုချင်းစီတွင် အခြားအရာများ၏ အစိတ်အပိုင်းများ ပါဝင်နေကာ ရောယှက်နေကြခြင်း ဖြစ်ပေသည်။

အတတ်ပညာ တစ်ခုကို အဓိကထားကာ အခြားအရာများကို အရန်အဖြစ် အသုံးပြုကြခြင်းသာ ဖြစ်ပြီး အဓိကနှင့် အရန်ဟူ၍ ရှင်းလင်းစွာ ခွဲခြားထားချေသည်။

စက်မှုအတတ်ပညာ တစ်ခုတည်းသာလျှင် အဓိကနှင့် အရန်ဟူ၍ ခွဲခြားထားခြင်း မရှိချေ။ ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာ တစ်ရာနှင့် ကျင့်ကြံခြင်းကိုယ်တိုင်ပင်လျှင် စက်မှုပစ္စည်းများ၏ ပုံသဏ္ဌာန်ဖြင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် စက်မှုအတတ်ပညာကို သင်ယူရန် ခက်ခဲလှပြီး ကျွမ်းကျင်ပိုင်နိုင်ရန်မှာ ပို၍ပင် ခက်ခဲလှချေသည်။ သို့သော် အမှန်တကယ် ကျွမ်းကျင်သွားသည့်အခါတွင်တော့ အလားအလာမှာ အလွန်ပင် ကြီးမားလှပြီး ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာ တစ်ရာလုံးကို လွှမ်းခြုံနိုင်ကာ မဟာအောင်မြင်မှုကြီးကို ရရှိနိုင်ပေလိမ့်မည်။

နင်းကျော့သည် အပင်စိုက်ပျိုးခြင်း အတတ်ပညာနှင့် ပတ်သက်လျှင် အခြေခံအဆင့်သာ ရှိပြီး ကျွမ်းကျင်သူ မဟုတ်ဘဲ အပြင်လူသာ ဖြစ်ချေသည်။

ဟွာကူးကျိထံမှ ရရှိသော ‘ပန်းခုနစ်ပွင့် စိုက်ပျိုးနည်း လျှို့ဝှက်မှတ်တမ်း’ က သူ့ကို မျက်စိပွင့်သွားစေခဲ့ပြီး ဆေးပေါင်းသောင်းခြောက်ထောင်ဂူ၏ မရေမတွက်နိုင်သော ဆေးဖက်ဝင်အပင်များ စိုက်ပျိုးနည်းမှာလည်း ဤကဲ့သို့ပင် ဖြစ်လေမည်လားဟု သူ တွေးတောမိနေ၏။

နင်းကျော့သည် ဤစိုက်ပျိုးနည်း မှတ်တမ်းများတွင် ဖော်ပြထားသည့် အချက်များကိုသာ နားလည်နိုင်သော်လည်း ၎င်းတို့၏ နောက်ကွယ်မှ အခြေခံသဘောတရားများကိုမူ မသိရှိနိုင်ချေ။

“ငါကတော့ အပေါ်ယံပဲ သိသေးတာပါလား”

“အကြောင်းအရာတွေက ငါ့မျက်စိရှေ့မှာ ရှိနေပေမယ့် ဒီနည်းလမ်းတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ငါ မခန့်မှန်းနိုင်သေးဘူး”

“ပညာဆိုတာ သင်လို့မကုန်နိုင်ပါဘူး။ ငါ ထပ်ပြီး လေ့လာဖို့ လိုသေးတယ်”

နင်းကျော့သည် သက်ပြင်းချလိုက်ရင်း ‘ပန်းခုနစ်ပွင့် စိုက်ပျိုးနည်း လျှို့ဝှက်မှတ်တမ်း’ ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

သူသည် ဤကျောက်စိမ်းပြားကို ချောပို့စခန်းမှတစ်ဆင့် နင်းမျိုးနွယ်စုခွဲသို့ ပြန်ပို့ရန် ဆန္ဒမရှိချေ။

အန္တရာယ် များလွန်းလှ၏။

ရွှေဥအုပေးသော ငန်းနှင့်တူသည့် ဤသို့သော လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များကို ကိုယ်တိုင်ကိုယ်ကျသာ ပို့ဆောင်ပေးရမည် ဖြစ်သည်။

အဆိပ်မီးလျှံ ဂန္ဓာမာပန်း စီမံကိန်းသာ အကောင်အထည်ဖော်နိုင်ပါက နင်းမျိုးနွယ်စုခွဲအတွက် အမြဲမပြတ်သော ဝင်ငွေအသစ်များ ရရှိလာပေလိမ့်မည်။

တစ်မျိုးနွယ်စုလုံးအတွက်သာမက နင်းကျော့ကိုယ်တိုင်အတွက်ပါ ဤသည်မှာ အကျိုးရှိသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေတော့သတည်း။

All Chapters