← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 22 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 22 Ch. 417-418

အခန်း(၄၁၇)

သူမသည် လေသံထွက်ပေါ်လာရာဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ လင်းပုဖန်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရလေသည်။ "အဖေ"

လင်းရှန်းရှန်းသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်၏။

လင်းပုဖန်က နှာတစ်ချက်မှုတ်ကာ "ဒီကိုလာခဲ့" ဟု ဆိုသည်။

လင်းရှန်းရှန်းသည်လည်း ဖခင်ဖြစ်သူ လင်းပုဖန်၏ အနားသို့ လိမ္မာပါးနပ်စွာဖြင့် လျှောက်လှမ်းသွားလေသည်။

လင်းပုဖန်သည် အစေခံများကို လက်ရိပ်ပြကာ အဝေးသို့ မောင်းထုတ်လိုက်ရာ ထိုခြံဝင်းအတွင်း၌ ဖခင်နှင့် သမီး နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

လင်းပုဖန်သည် ခြံဝင်းအတွင်း လမ်းလျှောက်နေပြီး လင်းရှန်းရှန်းကလည်း သူ၏ဘေးမှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့၏။

သူသည် မိမိ၏ ချစ်လှစွာသော သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ "မင်းက နင်းမျိုးနွယ်စုက လူငယ်လေးကို ယုံကြည်မှု မရှိတာလား၊ ဒါမှမဟုတ် မင်းရဲ့ စီနီယာအစ်ကိုကြီးကိုပဲ အယုံအကြည် မရှိတာလား" ဟု မေးမြန်းလိုက်သည်။

လင်းရှန်းရှန်းမှာ အံ့အားသင့်သွားရ၏။

သူမသည် ဖခင်ဖြစ်သူ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်းပင် သဘောပေါက်သွားပြီး လင်းပုဖန်ကို မော့ကြည့်ကာ "အဖေ... ဒါက အဖေဆင်ထားတဲ့ အကွက်တစ်ခုလား" ဟု မေးလိုက်သည်။

လင်းပုဖန်က ခေါင်းကို အသာအယာ ခါယမ်းကာ "လုံးဝကြီးတော့ မဟုတ်ပါဘူး။ နင်းကျော့ကိုယ်တိုင်က ငါ့ရဲ့ အကူအညီကို တောင်းခံလာတာပဲ။ တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိလဲဆိုတာကို သိချင်နေတာနဲ့ အခြေအနေပေးတုန်း လမ်းကြောင်းတည့်ပေးလိုက်တာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

လင်းရှန်းရှန်းက စိုးရိမ်တကြီးဖြင့် "ဒါပေမဲ့ အဖေ... သခင်လေးနင်းကျော့က အသက် ၁၆ နှစ်ပဲ ရှိသေးတာလေ။ ကျွန်မက သူ့ထက် ၅ နှစ်တောင် ကြီးတာ၊ စီနီယာအစ်ကိုကြီးဆိုရင် ပိုတောင် ဝေးသေးတယ်။"

"သူက အရမ်းငယ်သေးတာကို စီနီယာအစ်ကိုကြီးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ အပြင်လူတစ်ယောက်ကို ဒီလိုမျိုး ပစ်မှတ်ထားတာကသာ တခြားလူတွေ သိသွားရင် ကျွန်မတို့ ဆေးပေါင်းသောင်းခြောက်ထောင်ဂူက ဧည့်သည်ကို နှိပ်စက်တယ်လို့ အပြောခံရပါဦးမယ်" ဟု ဆိုလေသည်။

လင်းပုဖန်က သမီးဖြစ်သူကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ခပ်အေးအေး လေသံဖြင့်ပင် "မင်းက အပြင်လူ တစ်ယောက်အတွက် တော်တော်လေး စိုးရိမ်နေပုံ ရတာပဲ။ မင်း ဒီလိုမျိုး ဖြစ်နေတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး။"

"မင်း နင်းကျော့ကို အထင်သေးနေတာပဲ။ သူက ရိုးရိုးရှင်းရှင်းလူမျိုး မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် လင်းပုဖန်သည် ဝိညာဉ်သတင်းလွှာ တစ်ခုကို ထုတ်ယူကာ လင်းရှန်းရှန်းထံသို့ ကမ်းပေးလိုက်သည်။

လင်းရှန်းရှန်းသည် သူမ၏ ဝိညာဉ်အာရုံစွမ်းအားကို သုံး၍ စစ်ဆေးကြည့်လိုက်ရာ ထိုဝိညာဉ်သတင်းလွှာထဲ၌ မီးလျှံသီးမသေမျိုးမြို့တော်သို့ လက်တွေ့ကွင်းဆင်း စုံစမ်းစစ်ဆေးရန် စေလွှတ်ခြင်းခံရသော ဆဋ္ဌမမြောက်တပည့် လျိုကျန့် စုဆောင်းထားသည့် သတင်းအချက်အလက်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

လင်းရှန်းရှန်းသည် သတင်းများကို အမြန်ပင် ဖတ်ရှုလိုက်ရာ သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာရတော့သည်။

သူမ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် နင်းကျော့သည် ငယ်စဉ်ကတည်းက မိသားစု၏ တန်ဖိုးထား စောင့်ရှောက်မှုကို ခံခဲ့ရသူ မဟုတ်ပေ။

ထိုအစား သူသည် ဘဝတစ်လျှောက်လုံး ဝိုင်းပယ်ခြင်းနှင့် ပြင်းထန်သော ဝေဖန်ကဲ့ရဲ့မှုများကိုသာ ခံခဲ့ရသူ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်ကပင် သူသည် ထိုစဉ်က နင်းမျိုးနွယ်စု၏ မျိုးနွယ်စုဆက်ခံသူ နင်းရှောင်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသေးသည်။

သို့သော်လည်း မကြာမီမှာပင် သူသည် လူစုလူဝေးတစ်ခုကို စုစည်းကာ ပြန်လည်တိုက်ခိုက်ခဲ့ပြီး မျိုးနွယ်စုဆက်ခံသူကို ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။

နင်းကျော့သည် ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် မည်သူမျှ သတိမထားမိဘဲ သာမန်ကာလျှံကာသာ နေထိုင်ခဲ့သူ ဖြစ်သည်။

သို့သော် ချော်ရည်နန်းတော် ပေါ်ပေါက်လာချိန်တွင်မူ သူသည် ရုတ်ခြည်းပင် လူသိထင်ရှား ကျော်ကြားလာခဲ့လေသည်။ ယခင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သလောက် ယခုအခါတွင်မူ တစ်လောကလုံး ဟိုးဟိုးကျော်သွားအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်။

သူသည် မြို့အတွင်းရှိ အင်အားကြီးအဖွဲ့အစည်းများအကြား လှည့်ပတ်ကစားကာ မှောင်ခိုဈေးကွက်ကို ခေတ္တမျှ ထိန်းချုပ်နိုင်ခဲ့ရုံသာမက ချော်ရည်နန်းတော်အတွင်း၌လည်း ထူးကဲသော စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်။

ထို့ကြောင့်ပင် သူ၏ မိသားစုခွဲသည် နင်းမျိုးနွယ်စု ပင်မအဖွဲ့အစည်းမှ ခွဲထွက်ကာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှ ငယ်ရွယ်သော အသက်အရွယ်နှင့်ပင် သူသည် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။

နင်းမျိုးနွယ်စု မိသားစုခွဲသည် ကျန်းမျိုးနွယ်စု၏ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ရာ ယင်းမှာ ပင်မနင်းမျိုးနွယ်စုထက်ပင် ပိုမို ခန့်ညားထည်ဝါလှသည်။

မိသားစုခွဲ၏ အခမ်းအနား ကျင်းပသည့်နေ့တွင် နင်းကျော့သည် ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုစားပွဲကို ကျင်းပခဲ့ရာ မြို့စားမင်းရုံးတော်မှ ဖေးစီ၊ ကျိုးမျိုးနွယ်စုမှ ကျိုးနုန်းယင်း၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် စိယိုဥယျာဥ်မှ ကျူးဟို့အပြင် တောင်ပိုင်းမင်းဆက်၏ စေတမန်များပါ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ကြသည်။

ထိုနေ့တွင် ကုန်သည်အဖွဲ့မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက တံခါးဝတွင် ပိတ်ဆို့ကာ နင်းကျော့ကို အရှက်ခွဲရန် ကြိုးပမ်းခဲ့ဖူးသည်။

သို့သော်လည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာသော ပျံလွှားသတင်းလွှာ သုံးစောင်ကြောင့်သာ ထိုလူမှာ လက်လျှော့သွားခဲ့ရခြင်း ဖြစ်သည်။ နင်းကျော့မှာ မျက်နှာပင် ပြစရာ မလိုခဲ့ပေ။

ဤအချက်က ဘာကို ဆိုလိုနေသနည်း။

လင်းရှန်းရှန်းသည် လောကအကြောင်း နားမလည်သေးဘဲ အပြစ်ကင်းစင်သူ ဖြစ်သော်လည်း အသိအမြင်နှင့် အရည်အချင်း ကင်းမဲ့သူတော့ မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူမသည် ငယ်စဉ်ကတည်းက လင်းပုဖန်၏ ဂရုတစိုက် ပျိုးထောင်ပေးမှုကြောင့် ကိစ္စရပ်များကို အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး၏ အမြင်ဖြင့် ကြည့်တတ်သူ ဖြစ်သည်။

လင်းရှန်းရှန်းသည် ထိုလုပ်ရပ်များက ဘာကို ကိုယ်စားပြုသည်ကို ကောင်းစွာ နားလည်သွားသည့်အတွက် တုန်လှုပ်ခြောက်ခြားသွားရ၏။

နင်းကျော့သည် အပေါ်ယံတွင် မြင်တွေ့ရသလို ရိုးရှင်းသူ မဟုတ်ဘဲ အတွေ့အကြုံရင့်ကျက်ကာ နက်နက်ရှိုင်းရှိုင်း ကြံစည်တတ်သူ ဖြစ်ကြောင်း ယင်းက ဖော်ပြနေသည်။

သူသည် မိမိကိုယ်ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပြီး ချော်ရည်နန်းတော် ပေါ်ပေါက်လာကာ အခွင့်အရေးရလာမှသာ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သူ၏ မွေးရာပါပါရမီသည် ထိပ်တန်းဂိုဏ်းကြီးသုံးခု၏ ကျင့်စဉ်များကို လေ့ကျင့်မှသာ ပေါ်ထွက်လာခြင်း ဖြစ်နိုင်ပါ့မလား။ သူသည် ဤအချက်ကို ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် မသိဘဲ နေနိုင်ပါ့မလား။

ထိုသို့ ဖြစ်နိုင်ချေတော့ ရှိပါသည်။

သို့သော် နင်းကျော့သည် ချော်ရည်နန်းတော်အတွက် ယှဉ်ပြိုင်မှုများအတွင်း ဘာတွေ လုပ်ဆောင်ခဲ့သည်ကို စဉ်းစားကြည့်ပါ။

သူသည် မျိုးနွယ်စုဆက်ခံသူကို ရာထူးမှ ဖြုတ်ချခဲ့သည်၊ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ခဲ့သည်၊ သုံးပွင့်ဆိုင် မဟာမိတ်အဖွဲ့၏ အရင်းအမြစ်များကို အသုံးချကာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

နောက်ဆုံးတွင် သူသည် မိသားစုမှ ခွဲထွက်ရန်အတွက် နင်းမျိုးနွယ်စု၏ ရွှေအမြုတေအဆင့်ရှိသော ဘိုးဘေး၏ သဘောတူညီချက်ကိုပင် ရယူနိုင်ခဲ့သည်။

ဤအဖြစ်အပျက်များကို နုံအသော လူငယ်တစ်ဦးက စီစဉ်နိုင်ပါ့မည်လော။

မဖြစ်နိုင်သည်မှာ အသေအချာပင်။

ထို့ကြောင့် သူ၏ မွေးရာပါပါရမီကို ပြသနိုင်ခဲ့ခြင်းနှင့် ပေါင်းစပ်ကာ နင်းကျော့သည် သင့်တော်သော အချိန်တွင် သင့်တော်သော အရည်အချင်းကိုသာ ထုတ်ပြလိုက်ခြင်း ဖြစ်သည်ဟု လင်းရှန်းရှန်းက ကောက်ချက်ချလိုက်မိသည်။

ထို့နောက် လင်းရှန်းရှန်းသည် ရုကန်းတောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက် မြင်တွေ့လိုက်ရပြန်သည်။

"သခင်လေးနင်းကျော့က တစ်ခါတုန်းက မြူလျှပ်တစ်သိန်း တိမ်ဖုံးတောင်ကို သွားခဲ့ဖူးတယ်၊ ရုကန်းတောင်ကလည်း အဲဒီနားမှာပဲ ရှိတာ။ သူပေးတဲ့ မြူမြေပုံသစ်ခွပန်းကို ကျွန်မ လက်ခံခဲ့တုန်းက မြေပုံကို သေသေချာချာ စစ်ဆေးခဲ့ဖူးတယ်"

"နင်းမျိုးနွယ်စု မိသားစုခွဲရဲ့ ကျောက်စိမ်းရောင် သံမဏိလုပ်ငန်းက အခုမှ စတင်တာပဲ ရှိသေးတာ၊ အဲဒီအချိန်က သခင်လေးနင်းကျော့ မြူလျှပ်တစ်သိန်း တိမ်ဖုံးတောင်မှာ ရှိနေတဲ့ အချိန်နဲ့လည်း ကွက်တိပဲ"

"ဒါဟာ သူ ကြိုးစားအားထုတ်ထားတဲ့ ရလဒ်တွေပဲ ဖြစ်ရမယ်"

"ဒီတစ်ခါ သူ ဆေးပေါင်းသောင်းခြောက်ထောင်ဂူကို လာပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားတာကလည်း ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်ပဲ ဖြစ်နိုင်တယ်"

"သူက တကယ်ကို... အံ့ဩစရာကောင်းတဲ့ လူပဲ"

လင်းရှန်းရှန်းသည် သူမနှင့် ရွယ်တူ၊ ပို၍ တိတိကျကျ ပြောရလျှင် သူမထက် ၅ နှစ်ငယ်သော လူငယ်တစ်ဦးအပေါ် ပထမဆုံးအကြိမ်အဖြစ် လေးစားအားကျစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

သူမသည် လက်ထဲရှိ ဝိညာဉ်သတင်းလွှာကို အသာအယာ ပွတ်သပ်ရင်း နင်းကျော့သည် အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရကြောင်း ပို၍ ပို၍ တွေးတောမိလာသည်။

ငယ်စဉ်ကတည်းက ပြင်းထန်သော ဝေဖန်မှုများနှင့် လျစ်လျူရှုမှုများကို ကြုံတွေ့ခဲ့ရသော်လည်း သူသည် လက်ရှိအခြေအနေကို ကျေနပ်မနေခဲ့ပေ။

ထိုအစား သူသည် တိတ်တဆိတ် အင်အားစုဆောင်းကာ အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ပြီး ရန်သူအားလုံးကို အထင်အမြင်မှားသွားအောင် ဖန်တီးခဲ့သည်။

ချော်ရည်နန်းတော်ဆိုသည်မှာ နင်းကျော့ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် အသည်းအသန် စောင့်ဆိုင်းနေခဲ့ရသော အခွင့်အရေးတစ်ခု သက်သက်သာ ဖြစ်သည်။

မီးလျှံသီးမသေမျိုးမြို့တော်ရှိ လူအများက နင်းကျော့ကို ချော်ရည်နန်းတော်ကြောင့် အောင်မြင်လာသည်ဟု ပြောဆိုကြသော်လည်း လင်းရှန်းရှန်းကမူ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက် အခွင့်အရေးတစ်ခုသာ လိုအပ်သည်ဟု ယုံကြည်နေသည်။

အကယ်၍ ချော်ရည်နန်းတော်သာ မဟုတ်ခဲ့လျှင် အခြားသော အရာတစ်ခုခုက ဖြစ်လာပေလိမ့်မည်။

"ဒီလိုလူမျိုးက တောထဲမှာ ပုန်းနေတဲ့ ကျားလိုပဲ၊ အခွင့်အရေးသာ ရလိုက်ရင် လက်လွတ်မခံဘဲ အမိအရ ဖမ်းဆွဲပြီး သူ့ရဲ့ဘဝကို အကြီးအကျယ် ပြောင်းလဲပစ်မယ့်သူမျိုးပဲ"

လင်းရှန်းရှန်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လင်းပုဖန်က ပြုံးလိုက်ပြီး "ရှန်းရှန်း... အခုတော့ မင်း နားလည်သွားပြီ မဟုတ်လား။ နင်းကျော့က မင်းကို အများကြီး ဖုံးကွယ်ထားတာ။ သူ့ရဲ့ အရွယ်နဲ့မလိုက်တဲ့ အသွင်အပြင်ကို ကြည့်ပြီး အလိမ်မခံနဲ့ဦး"

"သူက အရမ်းကို နက်နက်ရှိုင်းရှိုင်း ကြံစည်တတ်ပြီး ကိုယ်ကိုယ်ကိုယ် ဖုံးကွယ်ထားတတ်တဲ့ လူမျိုးပဲ။ မင်းကို မပြောပြသေးတဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိနေဦးမှာပဲ မဟုတ်လား"

အခန်း(၄၁၈)

လင်းရှန်းရှန်းက ခေါင်းညိတ်ပြလျက် “ဟုတ်ကဲ့၊ သူက ဘယ်တုန်းကမှ မျိုးနွယ်စုခွဲရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ မပြောခဲ့ပါဘူး” ဟု ဆိုချေသည်။

“ဟူး... ဒါကတော့ သူ့ရဲ့ သဘောထားပါပဲကွယ်၊ သူက အရမ်းကို နှိမ့်ချလွန်းတာကိုး”

“တကယ်တော့ စီနီယာအစ်ကို ခြောက် ကိုယ်တိုင် စုံစမ်းစစ်ဆေးထားတဲ့ အချက်အလက်တွေသာ မရှိခဲ့ရင် ဆယ့်ခြောက်နှစ်သားလေး တစ်ယောက်က အခုလိုမျိုး အောင်မြင်မှုတွေ ရရှိခဲ့လိမ့်မယ်လို့ သမီး ထင်မိမှာ မဟုတ်ဘူး”

“သူနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ သမီးက အချိန်တွေ ဖြုန်းတီးနေသလိုပါပဲ၊ လုံးဝကို အရှုံးသမား တစ်ယောက်လို ခံစားနေရတယ်”

လင်းပုဖန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် “မင်းက နင်းကျော့အပေါ်မှာ အတော်လေး သံယောဇဉ် ကြီးနေတာပဲ၊ သူ့ကို ကူညီဖို့အတွက်နဲ့ အကျယ်ချုပ် အပြစ်ပေးတာကိုတောင် ခံယူခဲ့တယ်ပေါ့၊ အခုလို သူက မင်းအပေါ်မှာ ပွင့်ပွင့်လင်းလင်း မရှိခဲ့တာကို မကျေမနပ် မဖြစ်ဘူးလား” ဟု မေးမြန်းလိုက်လေသည်။

လင်းရှန်းရှန်းက ဖခင်ဖြစ်သူအား ချက်ချင်းပင် မျက်စောင်းထိုးကြည့်လိုက်ကာ “အဖေကလည်း ဘာတွေ ပြောနေတာလဲ”

“သခင်လေးနင်းကျော့က သမီးအပေါ်မှာ တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး၊ ဒီအကြောင်းတွေကို သူက မပြောခဲ့ရုံ သက်သက်ပါ”

“သူ့ရဲ့ အေးအေးဆေးဆေးနဲ့ တည်ငြိမ်တဲ့ စရိုက်အရ သူကသာ အရင်က အောင်မြင်ခဲ့တာတွေကို လာပြီး ကြွားလုံးထုတ်နေမယ်ဆိုရင် သမီးက နားထောင်ချင်မှာ တောင် မဟုတ်ဘူး”

လင်းပုဖန်မှာ ဆွံ့အသွားရချေသည်။

ရုတ်တရက် လင်းရှန်းရှန်းက ပြုံးလိုက်ပြီး “တကယ်တော့ နင်းကျော့က အဖေ့လို လူမျိုးပဲ မဟုတ်လား” ဟု ဆိုလေသည်။

“အဖေ ငယ်ငယ်တုန်းကလည်း ရွှေအမြုတေအဆင့်မှာ ရှိနေခဲ့စဉ်က သာမန် ကျင့်ကြံသူတစ်ယောက်လိုပါပဲ၊ အဲဒီတုန်းက ဆေးပေါင်းသောင်းခြောက်ထောင်ဂူက အကြီးအကဲတွေ အများကြီးက အဖေ့ကို အထင်မကြီးခဲ့ကြဘူး၊ အဖေက လင်းဖန် ဆိုတဲ့ နာမည်နဲ့ ပိုပြီး လိုက်ဖက်တယ်လို့တောင် ထင်ခဲ့ကြတာ”

“ဒါပေမဲ့ အဲဒါတွေက အဖေ့ရဲ့ ဟန်ဆောင်မှုတွေပဲ မဟုတ်လား၊ တစ်နေ့မှာတော့ အဖေ့ရဲ့ ကျင့်ကြံမှုအဆင့်က ရုတ်တရက် တိုးတက်သွားပြီး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ကို ရောက်သွားခဲ့တယ်၊ အဲဒီအချိန်ကျမှ လူတွေအားလုံးက အဖေဟာ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံမှုကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့မှန်း သိပြီး အံ့အားသင့်သွားကြရတာ”

“ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာတော့ အဖေက ပြိုင်ဘက်တွေ အားလုံးကို ဖယ်ရှားပြီး ဆေးပေါင်းသောင်းခြောက်ထောင်ဂူရဲ့ အာဏာအားလုံးကို ချက်ချင်း လက်ဝယ်ပိုင်ပိုင် ရယူခဲ့တယ်၊

အုပ်စုဟောင်းတွေရဲ့ သြဇာလွှမ်းမိုးမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ရှောင်ရှားဖို့အတွက် အဖေက တောင်ပိုင်စိုးနတ်မင်းနဲ့ တစ်ယောက်တည်း ညှိနှိုင်းပြီး ယွမ်လိုင်တောင်ကို ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းဆီ ရွှေ့ပြောင်းလာခဲ့တယ်၊

ဒါကြောင့် အရင်က အရှိန်အဝါတွေကို အကုန်လုံး ချေမှုန်းပစ်နိုင်ခဲ့တာပေါ့၊ အဲဒီနောက်မှာတော့ အဖေက အစကနေ ပြန်စပြီး အဖေ့ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ခဲ့လို့ ဆေးပေါင်းသောင်းခြောက်ထောင်ဂူဟာ အရင်ကနဲ့မတူဘဲ အခုလိုမျိုး ထွန်းကားလာခဲ့တာပါ”

“အခုဆိုရင် ဆေးပေါင်းသောင်းခြောက်ထောင်ဂူ တစ်ခုလုံးမှာ အဖေ့ရဲ့ အသံတစ်သံတည်းကိုပဲ ကြားရတော့တယ်၊ အဖေ့ရဲ့ ဆန္ဒတစ်ခုတည်းကပဲ အရာရာကို လွှမ်းမိုးထားတာလေ”

လင်းပုဖန်က သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လျက် စကားတစ်လုံးမျှ မဆိုဘဲ ပြုံးနေမိသည်။

လင်းရှန်းရှန်းက ဆက်လက်၍ “အခု နင်းကျော့ကလည်း အဖေ့ရဲ့ အတိတ်က ပုံစံအတိုင်းပဲ မဟုတ်လား၊ အဖေကတော့ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ကို ရောက်တဲ့အထိ ပိုပြီး သည်းခံနိုင်ခဲ့တာပေါ့”

“သခင်လေးနင်းကျော့ကတော့ ဒီအချက်မှာ အဖေ့ကို မယှဉ်နိုင်သေးပါဘူး၊ သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာတင် သူ့ရဲ့ ထက်မြက်မှုကို မထိန်းနိုင်ဘဲ ပြသလိုက်မိပြီလေ”

လင်းပုဖန်က ခေါင်းခါပြလျက် “သူက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာ ရှိနေတာပါ၊ သူ မီးလျှံသီး မသေမျိုးမြို့တော်မှာ ရှိနေတုန်းက ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတာ၊

သူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားတာက အခုမှ မကြာသေးခင်ကမှပါ” ဟု ပြောလိုက်ချေသည်။

“မင်း ပြောတာကို ကြားရတော့ နင်းကျော့အပေါ် ဘာကြောင့် မင်း သဘောကျနေလဲဆိုတာ အခုမှ ငါ နားလည်သွားတော့တယ်”

“ဒီကလေးမလေးကတော့ စကားပြော ကောင်းလာလိုက်တာ၊ တစ်နေ့ထက်တစ်နေ့ကို တိုးတက်လာတာပဲ”

လင်းရှန်းရှန်းမှာ ပြုံးလိုက်မိပြီး အရင်ကလောက် စိတ်မလှုပ်ရှားတော့ပေ။

အရင်က သူမ စိတ်ပူနေခဲ့သည်မှာ နင်းကျော့၏ အောင်မြင်မှုများကို မသိရှိခဲ့သောကြောင့် ဖြစ်၏။

သို့သော် ယခု ထောက်လှမ်းရေး အစီရင်ခံစာများကို ကြည့်ရှုပြီးနောက်တွင်မူ နင်းကျော့အကြောင်းကို သူမ ပိုမို နားလည်သွားခဲ့ရသည်။

နင်းကျော့မှာ ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သဖြင့် ဂိုဏ်းချုပ်၏ တပည့်ကြီးနှင့် ထိပ်တိုက်တွေ့မည်ကို သူမ စိုးရိမ်ခဲ့ခြင်း ဖြစ်၏။

သို့သော် အခုလိုမျိုး ပါးနပ်လွန်းသော မြေခွေးတစ်ကောင်က အဲဒီလို မိုက်မဲတဲ့ အလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်ပါ့မလဲ။

လင်းရှန်းရှန်းမှာ လွန်လွန်ကဲကဲ စိုးရိမ်မိခဲ့သဖြင့် သူမ၏ တည်ငြိမ်မှုကို ပျက်ပြားခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ စိတ်အေးသွားပြီ ဖြစ်သောကြောင့် အခြေအနေကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်၏။

သူမက “ဒါဆိုရင်တော့ သခင်လေးနင်းကျော့နဲ့ စီနီယာအကိုကြီးတို့ တွေ့ဆုံကြမှာက အတော်လေး အရေးကြီးတာပေါ့၊ ဒါက သမီးတို့ ဂိုဏ်းနဲ့ မီးလျှံသီး နင်းမျိုးနွယ်စုကြားက ရေရှည် ဆက်ဆံရေးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တာပဲ” ဟု ဆိုလေသည်။

လင်းပုဖန်က ခေါင်းညိတ်လျက် “မှန်တာပေါ့၊ ငါ့ရဲ့ အရိုက်အရာကို ဆက်ခံပြီး ဂိုဏ်းချုပ် ဖြစ်လာနိုင်မယ့်သူက မင်းရဲ့ စီနီယာအစ်ကိုကြီးကလွဲလို့ တခြားသူ မရှိဘူး”

“လမင်းအောက် မသေမျိုးအား ရှာဖွေခြင်း ပညာရပ်က အဆင့်မြင့် ပါရမီထူးလို့ သတ်မှတ်နိုင်ပေမဲ့ ကောင်းတဲ့ဝိုင်ကို ရှာဖို့ ခက်ခဲလွန်းပြီး ကုန်ကျစရိတ်ကလည်း အရမ်းများတယ်၊ အခုတော့ ငရဲဘုံ လွမ်းဆွတ်ဖွယ်ရာ ဝိုင်နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင်တော့ မင်းရဲ့ စီနီယာအစ်ကိုကြီးအတွက် ကောင်းကင်က ဖန်တီးပေးလိုက်သလိုပါပဲ”

“ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားက အရမ်းကို အေးဆေးလွန်းနေတယ်၊ ညီအစ်ကို မောင်နှမတွေကြားက သံယောဇဉ်ကိုပဲ အရမ်း ဦးစားပေးနေတာ၊ ဂျူနီယာညီလေးတွေက ဂိုဏ်းရဲ့ စည်းကမ်းတွေကို ဘယ်နှစ်ကြိမ်တောင် ဖောက်ဖျက်ခဲ့ကြလဲ၊ အဲဒါတွေကို သူကပဲ အပြစ်တွေ အားလုံးကို ခေါင်းခံပေးခဲ့တာ ငါ မသိဘူးလို့ မင်း ထင်နေလား”

“ဟွန်း... အဲဒီလို အချက်မှာတော့ ငါက သူ့ကို နင်းကျော့ဆီကနေ နည်းနည်းလောက် သင်ယူစေချင်မိတယ်”

“ငါက မင်းရဲ့ စီနီယာအစ်ကိုကြီးကို အကျယ်ချုပ် အမြဲတမ်း အပြစ်ပေးနေတာက သူ့ရဲ့ ပျင်းရိတဲ့ စရိုက်ကို ပြင်စေချင်လို့ပဲ၊ တစ်ယောက်တည်း အထီးကျန်နေချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ပြီး ဆင်ခြင်သုံးသပ်နိုင်အောင်ပေါ့၊

သူတစ်ပါးအပေါ် ရက်ရောတာကို လျှော့ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ လိုတယ်၊ မဟုတ်ရင်တော့ တစ်နေ့နေ့မှာ သူဟာ မင်းတို့ ဂျူနီယာညီအစ်ကို မောင်နှမတွေကြောင့်ပဲ ဒုက္ခရောက်ရလိမ့်မယ်”

လင်းရှန်းရှန်းက မကျေမနပ်ဖြစ်စွာဖြင့် “အဖေကလည်း၊ စီနီယာအစ်ကိုကြီးနဲ့ ကျွန်မတို့က အတူတူ ကြီးပြင်းလာကြတာလေ၊ ညီအစ်ကို မောင်နှမ သံယောဇဉ်က ငယ်ငယ်ကတည်းက ရှိခဲ့တာပါ၊ အဖေကိုယ်တိုင်လည်း သူက စံပြ စီနီယာအစ်ကိုကြီး တစ်ယောက်ပါလို့ ချီးကျူးခဲ့ဖူးတယ် မဟုတ်လား”

“စီနီယာအစ်ကိုကြီး အခုလို ဖြစ်နေတာက အဖေ ကိုယ်တိုင် သင်ပေးခဲ့လို့ မဟုတ်ဘူးလား”

လင်းပုဖန်က ခေါင်းခါလျက် “ဒီကိစ္စကို ငါ အမြဲတမ်း ပြန်ပြီး စဉ်းစားမိပါတယ်၊ ငါက ဂိုဏ်းချုပ် ရာထူးကို ယူထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုပေမဲ့ မိဘတစ်ယောက် အနေနဲ့ကတော့ အတွေ့အကြုံ သိပ်မရှိသေးဘူး၊ ဒါကြောင့် နှစ်ပေါင်း ရာချီပြီး အသက်ရှင်နေပေမဲ့ ငါ့မှာ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတာ သိလာရတယ်”

“သစ်ပင်တစ်ပင် ဖြစ်ထွန်းဖို့ ဆယ်နှစ် ကြာတတ်ပေမဲ့ လူတစ်ယောက် ဖြစ်ထွန်းဖို့ကတော့ နှစ်ပေါင်း ရာချီ ကြာတတ်တယ်လို့ ဆိုကြတယ်၊ ဟူး... မိဘတစ်ယောက် အနေနဲ့ နောက်မျိုးဆက်ကို ပညာပေးဖို့ ဆိုတာက လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး၊ ဂိုဏ်းတစ်ခုကို အုပ်ချုပ်ရတာထက်တောင် အများကြီး ပိုပြီး ခက်ခဲပါသေးတယ်”

လင်းပုဖန်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

သူက လင်းရှန်းရှန်းနှင့် စကားပြောနေသည်မှာ သမီးဖြစ်သူ၏ အနာဂတ်အတွက် စိုးရိမ်သောကြောင့်လည်း ဖြစ်၏၊

နင်းကျော့က အချစ်ကို အသုံးချပြီး သူမအပေါ် အမြတ်ထုတ်သွားမည်ကို သူက စိုးရိမ်နေခြင်း ဖြစ်သည်။

လင်းရှန်းရှန်းသည် နင်းကျော့နှင့် တွေ့ဆုံခဲ့သည်မှာ မကြာသေးသော်လည်း သူ့ကို အများကြီး ကူညီခဲ့ပြီးပြီ ဖြစ်၏။

သူမမှာ အကြွေးတွေ တင်ခဲ့ရသလို နေ့စဉ် ကျင့်ကြံခြင်းကိုတောင် လျစ်လျူရှုထားခဲ့သည်။

ဒါကတော့ လုံးဝကို မဖြစ်သင့်တဲ့ အရာပဲ။

လင်းပုဖန်မှာ အောင့်အည်း သည်းခံနေခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က နင်းကျော့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကပင် သူ့အကြောင်း ထောက်လှမ်းရေး အချက်အလက်များကို ရရှိခဲ့သောကြောင့် လင်းရှန်းရှန်း ပါဝင်ပတ်သက်နေခြင်းမှာ အကြောင်းမဲ့ မဟုတ်ကြောင်း သူ သိရှိခဲ့ရသည်။

ယနေ့တွင် သူက လင်းရှန်းရှန်းနှင့် စကားပြောရန် သီးသန့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး သမီးဖြစ်သူ၏ အမြင်နှင့် သဘောထားများကို သူမ၏ နှုတ်ဖျားမှ ကိုယ်တိုင် ကြားသိခဲ့ရပြီ ဖြစ်၏။

သမီးဖြစ်သူက နင်းကျော့အပေါ် သဘောကျနေခြင်းမှာ နင်းကျော့သည် သူနှင့် အတော်လေး ဆင်တူနေသောကြောင့် ဖြစ်ကြောင်းကို ယခုအခါ သူ သဘောပေါက်သွားခဲ့လေပြီ။

“တကယ်ပဲကိုး”

“ကျိုအာ့နဲ့ ငါ့ကြားက စိတ်နေစိတ်ထားက အတော်လေး ကွာခြားနေတာပဲ”

“အဲဒီ ကောင်လေး နင်းကျော့ကတော့ တကယ်ပဲ ငါနဲ့ တူတာ၊ ငါနဲ့ လုံးဝကို တူတာပဲ”

ထိုသို့ တွေးမိလိုက်သောအခါ လင်းပုဖန်၏ စိတ်ထဲတွင် နင်းကျော့အပေါ် ထားရှိခဲ့သော မသိမသာ ရန်လိုမှုများမှာ အတော်လေး လွင့်ပြယ်သွားခဲ့ရလေတော့သည်။

All Chapters