အခန်း (၄၂၉-၄၃၀)
Vol. 22 Ch. 429-430
အခန်း (၄၂၉) ဤသို့ကိုး
“ဓာတ်ငါးပါး နတ်ဘုရားသခင်လား” နင်းကျော့သည် သူ၏ ဝိညာဉ်အာရုံကို ထိုကျောက်စက်ပန်းဆွဲဆီသို့ အလျင်အမြန်ပင် ဖြန့်ကြက်ကြည့်လိုက်ချေသည်။
သို့သော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ရာကိုမျှ မတွေ့ရှိရပေ။
အမှန်စင်စစ်အားဖြင့်မူ ဓာတ်ငါးပါး နတ်ဘုရားသခင်၏ အရိပ်အယောင်ကိုပင် သူ မမြင်လိုက်ရချေ။
ယင်းက နားထဲ၌ ကြားယောင်သွားသည့် အသံတစ်ခုထက် မပိုခဲ့သလိုပင် ရှိနေတော့သည်။
သို့ရာတွင် သိန်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်လှသည့် အာရုံကြောင့် နင်းကျော့သည် မိမိ၏ ခန့်မှန်းချက်တစ်ခု မှန်ကန်နေကြောင်း ထိုခဏ၌ပင် အတည်ပြုနိုင်ခဲ့ပေရာ၊ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူအတွင်း၌ အမှန်တကယ်ပင် ထူးဆန်းသောအရာ တစ်ခုခု ရှိနေပေသည်။
“ညီလေး...” လင်ဟုကျိုက နင်းကျော့၏ ထူးခြားသော မျက်နှာအမူအရာကို သတိပြုမိသွားကာ ခေါ်လိုက်သည်။
နင်းကျော့သည် လင်ဟုကျိုကို ကြည့်ရင်း “အစ်ကိုကြီး... ကျွန်တော် ခုနက ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ ရှေးဟောင်းအသံကို ကြားလိုက်ရတယ်။ အရင်တုန်းက ကျွန်တော့်ကို နတ်ဘုရားပညာရပ်တွေ သင်ပေးခဲ့တာလည်း သူပဲ၊ နောက်ပိုင်း ဓာတ်ငါးပါး ကျင့်စဉ်မှာ အဆင့်တက်အောင် ကူညီပေးခဲ့တာလည်း သူပဲ” ဟု ပြောလိုက်လေသည်။
နင်းကျော့သည် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ဓာတ်ငါးပါး နတ်ဘုရားသခင် ပြောကြားခဲ့သည့် စကားများကို တိုက်ရိုက်ပင် ပြန်လည်ပြောပြလိုက်ချေသည်။
“အဲဒါ ဖြစ်နိုင်ပါ့မလား” လင်ဟုကျိုမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။
သူတို့နှစ်ဦးစလုံးသည် ညွှန်ပြထားသော ကျောက်စက်ပန်းဆွဲကို အနီးကပ် သေချာစွာ စစ်ဆေးကြည့်ကြပေသည်။
၎င်းတို့၏ ဝိညာဉ်အာရုံများဖြင့် အပြန်ပြန်အလှန်လှန် ရှာဖွေကြည့်သော်လည်း ဤကျောက်စက်ပန်းဆွဲ၌ ထူးခြားသော လက္ခဏာ တစ်စုံတစ်ရာကိုမျှ မတွေ့ရှိရချေ။
“ညီလေး... အဲဒီစကားတွေက ဓာတ်ငါးပါး နတ်ဘုရားသခင် ပြောခဲ့တဲ့ ကျောက်စက်ပန်းဆွဲဆီက ထွက်လာတာ သေချာရဲ့လား” လင်ဟုကျိုက ထပ်မံအတည်ပြုလိုသဖြင့် မေးမြန်းလိုက်သည်။
နင်းကျော့က မျက်မှောင်ကြုတ်လျက် “သေချာပါတယ်၊ ကျွန်တော် ခုနက ကြားလိုက်ရတဲ့အသံက ဒီကျောက်စက်ပန်းဆွဲဆီက ထွက်လာတာပါ။ ဒါပေမဲ့ ဘယ်လိုပဲ စစ်ဆေးကြည့်ကြည့် သာမန်ကျောက်စက်ပန်းဆွဲ တစ်ခုလိုပဲ ဖြစ်နေတယ်” ဟု ဆိုသည်။
ပတ်ဝန်းကျင်ရှိ အခြားသော ကျောက်စက်ပန်းဆွဲများနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း ယင်းမှာ အထူးအထွေ မရှိလှပေ။
၎င်းသည် ဂူနံရံအပေါ်ပိုင်းတွင် အမြစ်တွယ်ကာ အောက်ဘက်သို့ တွဲလောင်းကျနေပြီး၊ မျက်နှာပြင်ပေါ်တွင် စီးဆင်းနေသော လှိုင်းအစင်းကြောင်းလေးများကဲ့သို့ နုညံ့သော အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းလျက် ရှေးဟောင်းလျှို့ဝှက်ချက်တို့၏ အငွေ့အသက်ကို ထုတ်လွှင့်နေသယောင် ရှိနေချေသည်။
ကျောက်စက်ပန်းဆွဲ၏ မျက်နှာပြင်မှာ အတော်ပင် စိုစွတ်နေပြီး၊ ၎င်း၏ ထိပ်ဖျား၌ ရေစက်ကလေးတစ်စက် တဖြည်းဖြည်းချင်း ပေါ်ထွက်လာပေသည်။
ထိုရေစက်ကလေးမှာ တဖြည်းဖြည်း ကြီးထွားလာပြီးနောက် ကျောက်တိုင်မှ ကွာကျကာ အောက်ဘက်သို့ အသာအယာ ငြိမ်သက်စွာပင် လွင့်စင်ကျသွားသည်။
ငြိမ်သက်နေသော လေထုကို ဖြတ်သန်းကာ နှေးကွေးသယောင်ရှိသော်လည်း လျင်မြန်စွာပင် မြေပြင်သို့ ရိုက်ခတ်သွားပြီး ‘တောက်’ ဟူသော အသံလေးတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုခဏ၌ နင်းကျော့နှင့် လင်ဟုကျိုတို့ နှစ်ဦးစလုံးမှာ ခေတ္တမျှ ဝေဝေဝါးဝါး ခံစားလိုက်ရပေရာ၊ ထိုထူးဆန်းသော ရေစက်ကလေးသည် နှစ်ပေါင်းများစွာသော လျှို့ဝှက်ချက်များကို သယ်ဆောင်ထားသည့် အချိန်ကာလ၏ ကိုယ်ပွားတစ်ခုနှယ် ရှိနေပြီး၊ လတ်ဆတ်သော အငွေ့အသက်များနှင့်အတူ ယင်း၏ ဖြစ်တည်မှုမှသည် ကွဲကြေသွားသည့်တိုင်အောင် ခဏတာသည်ပင် နှစ်ပေါင်းတစ်ထောင်မျှ ကြာမြင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နင်းကျော့နှင့် လင်ဟုကျိုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ၊ နှစ်ဦးစလုံး၏ မျက်လုံးများထဲ၌ အံ့အားသင့်နေသော အရိပ်အယောင်များကို တွေ့မြင်လိုက်ရပေသည်။
နင်းကျော့က “ဒါကြောင့်မို့လို့ကိုး... တကယ်တော့ ကျောက်စက်ပန်းဆွဲက သာမန်ပဲ၊ ဒါပေမဲ့ ဒီရေစက်ကလေးကမှ လျှို့ဝှက်ချက်ရဲ့ အဓိကသော့ချက်ပဲ” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
လင်ဟုကျိုကလည်း ချီးကျူးစကား ဆိုလေသည်၊ “တကယ်ကို အံ့ဩစရာပါပဲ။ ရေစက်ကလေး ကျသွားတဲ့ အခိုက်အတန့်မှာ ရှေးဟောင်းအစီအရင်တစ်ခုရဲ့ ခန့်ညားထည်ဝါတဲ့ အငွေ့အသက်ကို ငါ ခံစားလိုက်ရတယ်။ ငါ ဒီနေရာကို အကြိမ်တစ်ရာမက ဖြတ်သွားဖူးပေမဲ့ ဒီရေစက်လေးထဲမှာ လျှို့ဝှက်တံခါး ရှိနေလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး”
“ဝင်ပေါက်ကို ရောက်ဖို့ဆိုရင် ရေစက်ကလေး ကျသွားတဲ့ အချိန်လေးအတွင်းမှာပဲ အခွင့်အရေး ရှိတာပေါ့”
“ဒါက ဘယ်လိုမျိုး အစီအရင် ဖြစ်မလဲ”
နင်းကျော့ကလည်း ခေါင်းကို အသာအယာ ခါလိုက်ကာ ယင်းအကြောင်းကို တစ်ခါမျှ မကြားဖူးကြောင်း ပြသလိုက်သည်။
သို့ရာတွင် ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါး အတွင်းမှ စွန်းလင်ထုံက “ငါ မှတ်မိသလောက်ဆိုရင် ဆရာက ငါ့ကို ပြောဖူးတယ်... ဒါက ကျောက်စိမ်းရေစက် အစီအရင် ဖြစ်ဖို့ များတယ်” ဟု အသံလွှင့်ကာ ပြောကြားလိုက်သည်။
“ဒီအစီအရင်က အချိန်ကာလရဲ့ သဘောတရားတွေ၊ အချိန်ရဲ့ အနှစ်သာရတွေကို အခြေခံထားတာ။ အစီအရင်အတွင်းမှာ အချိန်ကုန်ဆုံးမှုကို အများကြီး နှေးကွေးသွားစေပြီး သက်တမ်းကိုလည်း အချိုးကျ ရှည်ကြာသွားစေနိုင်တယ်။ ဒါပေမဲ့ ဒီအစီအရင်ကို အလင်းရောင်နည်းတဲ့၊ ဒါမှမဟုတ် အလင်းရောင် လုံးဝမရှိတဲ့ မှောင်မည်းတဲ့ ပတ်ဝန်းကျင်မှာပဲ တည်ဆောက်ရတာ”
“စောစောက ကျော့လေး မင်း ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး မေးခဲ့တယ် မဟုတ်လား။ ဖြစ်နိုင်တာကတော့ ဒီအစီအရင်က အဲဒီအတွက် အဖြေပဲပေါ့”
ဆွေးနွေးတိုင်ပင်ပြီးနောက် နင်းကျော့နှင့် လင်ဟုကျိုတို့သည် ထိုအစီအရင်အတွင်းသို့ အတူတကွ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြပေသည်။
ရေစက်ကလေး ကျလာသည်နှင့်အမျှ ၎င်းတို့သည် ဝိညာဉ်အာရုံဖြင့် ထိုရေစက်ကို ပစ်မှတ်ထားကာ အတွင်းသို့ ခုန်ဝင်လိုက်ကြသည်။
၎င်းတို့၏ မြင်ကွင်းအတွင်း၌ ရေစက်ကလေးမှာ တဖြည်းဖြည်း ကြီးထွားလာကာ ခဏချင်းအတွင်းမှာပင် တောင်ကုန်းတစ်ခု ပမာဏအထိ ကြီးမားသွားတော့သည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင်မူ ထိုရေစက်ကလေးသည် ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး ထိုလူနှစ်ဦးကို အလင်းဖြင့် လွှမ်းခြုံထားကာ ၎င်းတို့၏ အရွယ်အစားမှာ လျင်မြန်စွာ ကျုံ့သွားပြီးနောက် ရေစက်ကလေးအတွင်းသို့ ဝင်ရောက်သွားကြချေသည်။
‘တောက်’
နောက်တစ်ခဏတွင်မူ ထိုရေစက်ကလေးသည် ကျောက်သားမြေပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး ရေစက်လေးပေါင်း မြောက်မြားစွာအဖြစ် ကွဲကြေပျက်စီးသွားတော့သည်။
နင်းကျော့နှင့် လင်ဟုကျိုတို့မှာမူ ထိုနေရာမှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်စွမ်းအား အထောက်အပံ့ မရှိတော့သဖြင့် အလင်းရောင်များမှာလည်း လျင်မြန်စွာပင် ကွယ်ပျောက်သွားကာ၊ ဂူအတွင်း၌ မှောင်မည်းမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုတို့က ပြန်လည်စိုးမိုးသွားတော့သည်။
ထိုလူနှစ်ဦးမှာမူ ရေစက်ကလေးနှင့် ၎င်းအတွင်းရှိ အစီအရင်ထဲသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ဤသည်မှာ အစီအရင်အတွင်းရှိ မြူခိုးများ ဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုပင် ဖြစ်တော့သည်။
အတွင်းသို့ ရောက်ရှိသွားသည်နှင့် နင်းကျော့နှင့် လင်ဟုကျိုတို့သည် မဆင်မခြင် မလှုပ်ရှားရဲဘဲ ငြိမ်သက်စွာ ရပ်နေကြပေသည်။
ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါး အတွင်းမှ စွန်းလင်ထုံက “ဒီအစီအရင်ထဲမှာ နောက်ထပ် အစီအရင်တစ်ခု ရှိနေသေးတာပဲ။ အစီအရင်ထဲက အစီအရင်ပေါ့” ဟု အံ့အားတကြီး ရေရွတ်လိုက်သည်။
“ကျောက်စိမ်းရေစက် အစီအရင်က ရှုပ်ထွေးပြီးသားဆိုပေမဲ့ အပြင်ဘက်က အစီအရင်သက်သက်ပဲ ရှိသေးတာ။ ညီလေး... သတိထားဦးနော်၊ အတွင်းဘက်က အစီအရင်ကတော့ တကယ့်ကို ထူးခြားမှာ သေချာတယ်”
အနီးအနားရှိ လင်ဟုကျိုကလည်း “အစီအရင်ထဲက အစီအရင်တဲ့လား။ ညီလေးနင်းကျော့... ငါက အစီအရင်တွေနဲ့ ပတ်သက်ရင် ဗဟုသုတ နည်းပါးလှပါတယ်၊ ဓားသိုင်းပညာနဲ့ ဝိုင်အရသာခံတဲ့ နေရာမှာပဲ ကျွမ်းကျင်တာပါ။ ငါလည်း မဆင်မခြင် မလှုပ်ရှားရဲဘူး၊ မင်းပဲ ဒီအစီအရင်ကို အရင် စူးစမ်းကြည့်ပါဦး” ဟု အံ့ဩစွာ ဆိုလေသည်။
နင်းကျော့သည် ပတ်ဝန်းကျင်ကို ခေတ္တမျှ ကြည့်ရှုစစ်ဆေးလိုက်ရာ လင်းထိန်နေသော မြူခိုးများကြောင့် အမြင်အာရုံကို ပိတ်ဆို့ထားပြီး ခြေလှမ်းငါးလှမ်းထက် ကျော်လွန်၍ မမြင်နိုင်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
မြူခိုးများမှာ ဖြူစင်နေသော်လည်း တစ်ခါတစ်ရံတွင် ကြီးမားသော အရိပ်မည်းကြီးများက လျင်မြန်စွာပင် ဖြတ်သန်းသွားတတ်ကြသည်။
နင်းကျော့သည် စက်မှုအတတ်ပညာ၌ ကျွမ်းကျင်ပြီး အစီအရင်များအကြောင်းကိုလည်း အတော်အသင့် သိရှိသော်လည်း ဤအခိုက်အတန့်တွင်မူ ဤအစီအရင်၏ အခြေခံသဘောတရားကို ခွဲခြားနိုင်စွမ်း မရှိသဖြင့် လမ်းစပျောက်နေရချေသည်။
“အခု အစ်ကိုစွန်းရဲ့ အလှည့်ပဲ” ဟု နင်းကျော့က သတင်းပို့လိုက်သည်။
စွန်းလင်ထုံက “ဒီလိုမျိုး စွန့်စားခန်းကမှ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပေါ့။ ငါ့ကိုပဲ ကြည့်နေတော့” ဟု ရယ်မောကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် မိမိ၏ ပါရမီထူး ဝိညာဉ်မျက်လုံးကို အသုံးပြုလိုက်ရာ မျက်လုံးများမှ ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး မြူခိုးများကို ဖောက်ထွင်းကာ ပိုမိုကျယ်ပြန့်သော နေရာတစ်ခုကို မြင်တွေ့လိုက်ရပေသည်။
စွန်းလင်ထုံ၏ အစီအရင်ဆိုင်ရာ ကျွမ်းကျင်မှုမှာ နင်းကျော့ထက် သာလွန်ပေသည်။
နင်းကျော့မှာ စက်မှုအတတ်ပညာကို အလေးပေးလေ့လာသော်လည်း အစီအရင်များကိုမူ အထူးပြုလေ့လာခြင်း မရှိပေ။
စွန်းလင်ထုံမှာမူ အစီအရင်များနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော နားလည်မှု ရှိသည်။
တစ်ဖက်တွင်လည်း စွန်းလင်ထုံသည် မုန့်ယာယောင် ချန်ထားခဲ့သည့် ပညာရပ်ဆိုင်ရာ ကျမ်းစာများကို လေ့လာထားသူ ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ ဗုဒ္ဓနှလုံးသားဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည့်အားလျော်စွာ သူခိုးတစ်ယောက်အတွက် အစီအရင်များကို လေ့လာထားရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။
နောက်ဆုံးအနေဖြင့် စွန်းလင်ထုံမှာ နင်းကျော့ထက် အသက်ကြီးပြီး အစီအရင်များကို လေ့လာရာ၌ အချိန်ပိုမိုပေးထားနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
စွန်းလင်ထုံသည် အကြောင်းအရာ အတော်များများကို ရှင်းရှင်းလင်းလင်း သိမြင်သွားကာ နင်းကျော့ထံသို့ ချက်ချင်းပင် အသံလွှင့် အကြောင်းကြားလိုက်လေသည်။
နင်းကျော့သည် အသာအယာ ပြုံးလိုက်ကာ “အစ်ကိုကြီးလင်ဟု... ကျွန်တော် သိသွားပြီ။ လာပါ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ” ဟု ပြောလိုက်သည်။
နင်းကျော့သည် လက်ကို ဆန့်ထုတ်ကာ လင်ဟုကျို၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီးနောက် ရှေ့သို့ ဦးဆောင်ကာ လှမ်းတက်လိုက်လေတော့သတည်း။
အခန်း (၄၃၀)
ရုတ်ချည်းပင် မြူနှင်းများ ဝေတက်လာပြီး အာရုံငါးပါးကို ရှုပ်ထွေးစေကာ အရပ်မျက်နှာများကိုပင် မခွဲခြားနိုင်အောင် လွှမ်းမိုးသွားချေသည်။
ခြေတစ်လှမ်း လှမ်းတိုင်းတွင် နင်းကျော့မှာ သူ၏ အသက်ရှူနှုန်းကို အကြိမ်ကြိမ် ပြန်လည်ညှိယူနေရ၏။
စွန်းလင်ထုံမှာလည်း ပတ်ဝန်းကျင်ကို မပြတ် စူးစမ်းထောက်လှမ်းနေသည်။
ခြေခြောက်လှမ်းမြောက် လှမ်းပြီးချိန်တွင်မူ ဖြူလွလွ မြူထုကြား၌ မထင်မရှား ထွက်ပေါက်တစ်ခု ပေါ်ပေါက်လာလေသည်။
"ဒါ အသက်ရှင်ရာလမ်းပဲ၊ ဒီလမ်းအတိုင်းသွားရင် အစီအရင်နယ်မြေထဲကနေ အပြင်လောကကို ပြန်ထွက်နိုင်လိမ့်မယ်" ဟု စွန်းလင်ထုံက ဆိုသည်။
"တကယ်လား"
နင်းကျော့သည် တွေ့ရှိမှုကို လင်ဟုကျိုအား ပြောပြရန် နောက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် သူလှည့်ကြည့်လိုက်သည့်အချိန်တွင် လင်ဟုကျိုမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။
နင်းကျော့၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။
သူသည် လင်ဟုကျို၏ လက်မောင်းကို တစ်ချိန်လုံး ဆွဲထားသည်ဟု ထင်မှတ်ခဲ့သော်လည်း အစီအရင်၏ လှည့်ဖြားမှုကြောင့် အာရုံများ မှားယွင်းကာ လူချင်းကွဲသွားခြင်း ဖြစ်ပေမည်။
"ခက်ပြီ၊ လင်ဟုကျိုတော့ ဒီအစီအရင်ထဲမှာ လမ်းပျောက်သွားပြီထင်တယ်၊ ငါတို့ သူ့ကို ပြန်ရှာရမယ်" ဟု စွန်းလင်ထုံက ပြောသည်။
သူသည် လင်ဟုကျို၏ ထူးချွန်ထက်မြက်မှုနှင့် စိတ်ထားကို လေးစားသူ ဖြစ်သည့်အပြင် နင်းကျော့ကလည်း လင်ဟုကျိုအပေါ် ခင်မင်တွယ်တာမှုရှိသည်ဖြစ်ရာ သူကပါ ထပ်တူ လေးစားမိခြင်း ဖြစ်သည်။
သို့ရာတွင် ထိုစဉ် နင်းကျော့၏ မျက်နှာရိပ်မျက်နှာကဲမှာ တစ်မျိုး ဖြစ်နေပြီး သူက ပြတ်သားစွာပင် ခေါင်းခါပြလိုက်သည်။
"မဖြစ်ဘူး၊ အရင်ဆုံး ဒီထွက်ပေါက်အတိုင်း အပြင်ကို ထွက်ကြရအောင်"
"အစ်ကိုစွန်း... ကျွန်တော် အရင်ဝင်နှင့်မယ်"
နင်းကျော့သည် စက်မှုနဂါးကို ထုတ်ဖော်လိုက်ပြီး အတွင်းသို့ ဝင်ကာ စွန်းလင်ထုံနှင့် ပူးပေါင်းလိုက်သည်။
"ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးက ဒီနေရာမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ပါ့မလား" ဟု နင်းကျော့က မေးသည်။
စွန်းလင်ထုံက ခေါင်းညိတ်ရင်း "စမ်းကြည့်ပြီးပြီ၊ ဒီစွမ်းရည်က အပိတ်ခံထားရတာမျိုး မရှိဘူး၊ သုံးလို့ရသေးတယ်" ဟု ပြန်ဖြေသည်။
နင်းကျော့က ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့" ဟု ဆိုသည်။
ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသည့် ရတနာတစ်ခု ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည်တွင် သိပ်မထူးခြားသော်လည်း တိမ်းရှောင်သည့်နေရာ၌မူ အလွန်ထက်မြက်လှ၏။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်၏ အစွမ်းဖြစ်သော ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်စွမ်း ရှိခြင်းမှာ နင်းကျော့အတွက် ဤနေရာကို စူးစမ်းရန် ယုံကြည်ချက် တစ်ရပ်ပင် ဖြစ်ချေသည်။
နင်းကျော့နှင့် စွန်းလင်ထုံတို့သည် နဂါးဦးခေါင်းခန်းအတွင်းသို့ ဝင်ရောက်ကာ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို ထိန်းချုပ်ပြီး မထင်မရှား မြင်နေရသည့် ထွက်ပေါက်ဆီသို့ ပျံသန်းသွားကြသည်။
သူတို့ ရှေ့သို့ တိုးသွားသည်နှင့်အမျှ ထိုထွက်ပေါက်မှာ ပိုမိုထင်ရှားလာပြီး မကြာမီမှာပင် တောင်အတွင်းရှိ မှောင်မှိုင်သော လိုဏ်ဂူလမ်းကြောင်းတစ်ခု ဖြစ်လာတော့သည်။
ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးသည် ကိုယ်ရောင်ဖျောက်ကာ တောင်ပတ်လမ်းအတိုင်း အထက်သို့ ကွေ့ဝိုက်ပျံသန်းသွား၏။
တောင်ပတ်လမ်းကြောင်းမှာ အထက်သို့ စောင်းတက်သွားခြင်း ဖြစ်ကြောင်း သိသာလှသည်။
လမ်းတစ်လျှောက်တွင် ငြိမ်သက်တိတ်ဆိတ်နေပြီး မည်သည့်ထောင်ချောက် သို့မဟုတ် မိစ္ဆာသားရဲမျှ မရှိချေ။
အထက်သို့ ရောက်လေလေ လူသူသွားလာသည့် အမှတ်အသားများက ပို၍ ထင်ရှားလာလေလေ ဖြစ်သည်။
ခေတ္တမျှ ကြာသောအခါ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးသည် ရေခန်းနေသော ရေတွင်းဟောင်းတစ်ခု၏ အောက်ခြေမှနေ၍ အပြင်သို့ ထွက်လာခဲ့သည်။
ရေတွင်းဟောင်းထဲမှ ထွက်လာသည်နှင့် ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးသည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။
စွန်းလင်ထုံနှင့် နင်းကျော့တို့ မြင်လိုက်ရသည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော အဆောင်အယောင်များနှင့် ပြုပြင်မွမ်းမံထားသည့် အဆောက်အအုံများစွာ ဖြစ်သည်။
ဝင်းခြံများနှင့် စင်္ကြံလမ်းများကြားတွင် လူအချို့ သွားလာနေသည်ကို ဟိုတစ်စ ဒီတစ်စ မြင်တွေ့နေရသည်။
"ဒါ ယွမ်လိုင်တောင် မဟုတ်လား" ဟု စွန်းလင်ထုံက အံ့ဩတကြီး မှတ်မိသွားသည်။
ထိုနောက်တွင် သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ နင်းကျော့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီလေးနင်းကျော့..."
"မင်း ဒါကို ကြိုတင်သံသယရှိနေလို့ လင်ဟုကျိုကို မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူထဲ တမင်ခေါ်သွားခဲ့တာလား"
နင်းကျော့သည် တစ်စုံတစ်ရာကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ယခုအချိန်တွင်မူ သူ၏ ကျောရိုးထဲအထိ ချမ်းစိမ့်သွားရသည်။
သူသည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်၏။
"ယွမ်လိုင်တောင်က ဒီနေရာမှာ မူလကရှိနေတာ မဟုတ်ဘူး၊ တစ်နေရာကနေ ရွှေ့လာခဲ့တာ"
"ဒါပေမဲ့ ရှေးဟောင်းအစီအရင်ထဲမှာ ဒီနေရာကို တိုက်ရိုက်ရောက်နိုင်တဲ့ လွတ်မြောက်ရာလမ်း ရှိနေတယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကျောက်စိမ်းရေစက်အစီအရင်ကို ငါတို့ထက် စောပြီး တွေ့ထားနှင့်ပြီဆိုတဲ့ သက်သေပဲ"
"ပြီးတော့ ဒီကိစ္စမှာ အဓိက သံသယဖြစ်စရာအကောင်းဆုံးလူက ဆေးပေါင်းသောင်းခြောက်ထောင်ဂူရဲ့ ဂိုဏ်းချုပ် လင်းပုဖန်ပဲ ဖြစ်ရမယ်"
"ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းကိုလည်း ထိန်းချုပ်ထားနိုင်တဲ့သူဆိုတော့ ဒီလိုမျိုး စီစဉ်ထားဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူးလေ"
စွန်းလင်ထုံမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အသိဝင်လာသည့်အလား ပြောပြန်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လင်းပုဖန်ဟာ ဂိုဏ်းတစ်ခုလုံးကို ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်းဆီ ရွှေ့ဖို့ တိုက်တွန်းခဲ့တာပဲ၊ သူက ဒီက ဝိညာဉ်စမ်းချောင်းကိုပဲ စိတ်ဝင်စားနေခဲ့တာ မဟုတ်ဘူးထင်တယ်"
"သူ ဒီအခွင့်အရေးကို အပြည့်အဝတော့ မရသေးဘူးဆိုတာ မင်းပဲ သက်သေပဲလေ ညီလေးနင်းကျော့"
"ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ လက်ဆင့်ကမ်းမှုကြောင့် မင်းဟာ 'ကိုယ်တွင်းအင်္ဂါငါးပါး ကျောင်းတော် ဝိညာဉ် နတ်ဘုရားပညာရပ်' ကို ရရှိခဲ့ပြီး ဓာတ်ငါးပါးနယ်ပယ်မှာလည်း အများကြီး တိုးတက်လာခဲ့တာပဲ၊
လင်းပုဖန်သာ ဒီအခွင့်အရေးကို အပြည့်အဝ ပိုင်ဆိုင်ထားတယ်ဆိုရင် မင်းလို ပြင်ပလူတစ်ယောက်ကို ဒီလောက်အကျိုးကျေးဇူးတွေ လွယ်လွယ်နဲ့ ရခွင့်ပေးမှာ မဟုတ်ဘူး"
"ဒါဆိုရင် ငရဲဘုံလွမ်းဆွတ်ဖွယ်ရာဝိုင်ဆိုတာ တကယ်ပဲ အတုကြီးပေါ့၊ ဟွာကူးကျိ ပြောတာ မှန်နေတာပဲ"
"အစစ်အမှန်ကတော့ ဒီနေရာမှာ အင်အားကြီးမားတဲ့ အမွေအနှစ်တစ်ခု ကျန်ရစ်နေခဲ့တာပဲ၊ ဒါကြောင့်လည်း မင်း ဝိညာဉ်ဖုံးကွယ်မိုးမခပင်အောက်မှာ ထိုင်နေတုန်းက ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ရခဲ့တာပေါ့၊ မြေအောက်လိုဏ်ဂူထဲမှာတုန်းကလည်း ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ အသံကို ကြားခဲ့ရတာပေါ့"
"ဒီမှာ မြှုပ်နှံထားတာတွေက ဝူဧကရာဇ်ခေတ်က အရာတွေ ဖြစ်ရမယ်၊ ပြီးတော့ ဓာတ်ငါးပါး နတ်ဘုရားသခင်နဲ့လည်း နီးနီးကပ်ကပ် ဆက်နွယ်နေတာပဲ"
"မဟုတ်ဘူး၊ သူတစ်ယောက်တည်း မဟုတ်သေးဘူး"
"လင်ဟုကျို ပြောဖူးတာ ရှိတယ်၊ သူလည်း လမ်းညွှန်မှုအချို့ ရဖူးတယ်တဲ့၊ အဲဒါက တကယ်တော့ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူအောက်မှာ မြှုပ်နှံထားတဲ့ အခွင့်အရေးတွေကြောင့်ပဲ"
"လင်ဟုကျိုက... သိနေတာလား"
နင်းကျော့၏ မျက်ဝန်းများမှာ စူးရှသော အလင်းတန်းများဖြင့် တောက်ပနေသည်။
"သူ မသိတာ ဖြစ်ဖို့များတယ်"
"သူ့ကိုလည်း အမှောင်ချထားတာပဲ ဖြစ်လိမ့်မယ်၊ မဟုတ်ရင် သူ့ရဲ့ ဂိုဏ်းအကျိုးစီးပွားကို ငဲ့ကွက်တတ်တဲ့ စိတ်နဲ့ သူ့ရဲ့ ရက်ရောတဲ့ စိတ်ထားအရဆိုရင် ကျွန်တော့်ကို ငရဲဘုံလွမ်းဆွတ်ဖွယ်ရာဝိုင်ကို ဒီတိုင်းပေးပြီး ဒီလောက်ကြီးမားတဲ့ ဟာကွက်ကို အလကား ဖန်တီးပေးမှာ မဟုတ်ဘူး"
စွန်းလင်ထုံက ခေါင်းညိတ်ရင်း "မှန်တယ်၊ သူသာ သိနေရင် မင်းနဲ့အတူ မိစ္ဆာဂူကို စူးစမ်းဖို့ အလွယ်တကူ သဘောတူမှာ မဟုတ်ဘူး" ဟု ဆိုသည်။
"ဘေးတွေ့ပြီ"
"လင်းပုဖန် အခု မင်းအကြောင်း သိသွားပြီ"
"ညီလေးနင်းကျော့... မင်း အရင်က ဓာတ်ငါးပါး နတ်ဘုရားသခင်ရဲ့ အမွေအနှစ်ကို ရထားတာကို မဖုံးကွယ်ခဲ့ဘူးလေ၊ လင်ဟုကျိုကလည်း သိနေတယ်၊ သူက 'ကိုယ်တွင်းအင်္ဂါငါးပါး ကျောင်းတော် ဝိညာဉ် နတ်ဘုရားပညာရပ်' ကို မမက်မောဘူး ဆိုဦးတော့၊ သူ့ဆရာကိုတော့ သေချာပေါက် ပြောပြမှာပဲ"
"အခု နင်းမျိုးနွယ်စုနဲ့ ဆေးပေါင်းသောင်းခြောက်ထောင်ဂူတို့က မဟာမိတ်ဖွဲ့ဖို့ ညှိနှိုင်းနေကြတာလေ၊ ဒီလို သတင်းအချက်အလက်မျိုးက လင်းပုဖန်ကို ငါတို့အပေါ် ပိုပြီး အထင်ကြီးစေလိမ့်မယ်၊ သူက သူကိုယ်တိုင်တောင် မင်းကို တိတ်တဆိတ် ကူညီပေးခဲ့တယ်လို့ ထင်နေဦးမှာ"
စွန်းလင်ထုံသည်လည်း ပါးနပ်သူတစ်ဦး ဖြစ်သည့်အလျောက် အမှန်တရားများကို လျင်မြန်စွာပင် ဆက်စပ်တွေးတောနိုင်လေသည်။
"နောက်ထပ် ဘာဆက်လုပ်ကြမလဲ၊ မင်း ဘယ်လို စဉ်းစားထားလဲ" ဟု စွန်းလင်ထုံက စိုးရိမ်တကြီး မေးမြန်းသည်။
"လင်းပုဖန်ဟာ ဒီအခွင့်အရေးတွေကို မက်မောနေတာ နှစ်ပေါင်းတစ်ရာကျော်ပြီ၊ ဒီလောက်ထိ ပြင်ဆင်ထားတာတောင် အခုထိ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး"
"ဒါက ဒီနေရာက အခွင့်အရေးတွေဟာ သာမန်မဟုတ်ဘူးဆိုတာ ပြနေတာပဲ၊ ပြီးတော့ မင်း ရခဲ့တဲ့ အကျိုးအမြတ်တွေကို ကြည့်ရင်လည်း ဒီအခွင့်အရေးတွေရဲ့ တန်ဖိုးက ဘယ်လောက်ကြီးမားသလဲဆိုတာ သိသာတယ်"
"လင်းပုဖန်ဟာ ငါတို့တွေ လျှို့ဝှက်ချက်အချို့ကို သိသွားပြီဆိုတာ အခုတော့ သိသွားလောက်ပြီ၊ ငါတို့ မိစ္ဆာဂူကို တိတ်တဆိတ် စူးစမ်းနေတာကို လင်းပုဖန် တွေ့သွားမှာ အသေအချာပဲ"
"ဒီလောက် ကြီးမားတဲ့ အခွင့်အရေးကြီးကို သူက ငါတို့ကို ပါဝင်ခွင့် ပေးပါ့မလား"
နင်းကျော့က အသာအယာ ရယ်မောလိုက်ပြီး "အဲဒါကပဲ အခု အခြေအနေရဲ့ အဓိက အချက်ပဲပေါ့" ဟု ဆိုသည်။
စွန်းလင်ထုံက သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်ပြီး "မင်း မျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးကို ချက်ချင်း အကြောင်းကြားသင့်တယ်၊ ငါ့အမြင်ပြောရရင် မင်း သူ့ကို ကြိုပြီး ပြောထားသင့်တာ"
နင်းကျော့က ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်သည်။
စွန်းလင်ထုံမှာ ရုတ်တရက် ကျောထဲ စိမ့်ခနဲ ဖြစ်သွားရ၏။
"ငါ အခုမှ သဘောပေါက်တော့တယ်၊ ငါတို့ နင်းကျိုဖန်ကို ကြိုပြီး အကြောင်းကြားလို့ မဖြစ်ဘူးပဲ"
"ဘာလို့လဲဆိုတော့ သူဟာ လင်းပုဖန်ရဲ့ အနီးကပ် စောင့်ကြည့်တာကို ခံနေရလို့ပဲ မဟုတ်လား"
နင်းကျော့က ခေါင်းညိတ်ရင်း "အတိအကျပဲ" ဟု ဆိုသည်။
"ဟိုတုန်းက နင်းမျိုးနွယ်စုဟာ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ဂူကနေ မြေအောက်မြစ်အတိုင်း ဆင်းလာပြီး ချိုင့်ဝှမ်းကို ရောက်ခဲ့ကြတာလေ၊ အဲဒီတုန်းက လင်းပုဖန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာ"
"သူက မျိုးနွယ်စုကို ချိုင့်ဝှမ်းထဲမှာ လအတော်ကြာအောင် နေခိုင်းခဲ့တယ်၊ ဧည့်ခံကျွေးမွေးပြီးမှ ပြန်လွှတ်ပေးခဲ့တာ"
"အဲဒီအချိန်တုန်းက သူဟာမျိုးနွယ်စုထဲက တစ်ယောက်ယောက် ဒီအခွင့်အရေးကို တွေ့သွားသလားဆိုတာကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းနေခဲ့တာ ဖြစ်ရမယ်"
"ဘယ်သူမှ မတွေ့သွားဘူးဆိုတာ သေချာမှပဲ နင်းမျိုးနွယ်စုကို လွှတ်ပေးခဲ့တာ"
"အခုလည်း နင်းကျိုဖန်နဲ့ ကျွန်တော်ဟာ တစ်ယောက်ပြီးတစ်ယောက် ဆေးပေါင်းသောင်းခြောက်ထောင်ဂူကို ရောက်လာကြတယ်၊ ဒါက လင်းပုဖန်ရဲ့ စိတ်ထဲမှာ သံသယတွေ အများကြီး ဖြစ်စေမှာ အမှန်ပဲ"
"နင်းမျိုးနွယ်စုဟာ အဲဒီတုန်းကတည်းက သိနေခဲ့တာလား၊ အခု မီးလျှံသီးမသေမျိုးမြို့တော်မှာ အခြေကျသွားပြီဆိုတော့မှ ဒီအခွင့်အရေးကို လာပြီး စူးစမ်းကြတာလားလို့ သူ တွေးကောင်း တွေးလိမ့်မယ်"
"လင်းပုဖန်က 'ငါ လင်းပုဖန် ဒီအခွင့်အရေးကို သိနေတယ်ဆိုတာကို နင်းမျိုးနွယ်စုက မသိဘူး၊ ဒါကြောင့် သူတို့ တိတ်တဆိတ် လာနှိုက်နေတာပဲ' လို့ သံသယဖြစ်နေမှာပဲ၊ နင်းမျိုးနွယ်စုဟာ သူတို့ရဲ့ အထူးချွန်ဆုံး လူငယ်လေးကို အရင်လွှတ်ပြီး စုံစမ်းခိုင်းတယ်၊ ပြီးမှ မဟာမိတ်ကိစ္စကို အကြောင်းပြပြီး ရွှေအမြုတေအဆင့် ဘိုးဘေးကို လွှတ်တယ်၊ ဒီမှာ ရေရှည်နေပြီး အခွင့်အရေးကို တိတ်တဆိတ် စူးစမ်းဖို့ အကြောင်းပြချက် ရှာနေတာပဲလို့ သူ ယူဆနေလိမ့်မယ်"
"ဒီလို တွေးတော သံသယဖြစ်နေတဲ့ အခြေအနေမှာ ကျွန်တော်သာ နင်းကျိုဖန်ကို အခု ဆက်သွယ်လိုက်ရင် လင်းပုဖန်က ချက်ချင်း သိသွားလိမ့်မယ်၊ သူဟာ ဘိုးဘေးရော ကျွန်တော့်ကိုပါ အနီးကပ် စောင့်ကြည့်နေမှာ အသေအချာပဲ"
"အခု ကျွန်တော်တို့ လုပ်နိုင်တာက... စောင့်ရုံပဲ ရှိတော့တယ်"
စွန်းလင်ထုံက မျက်မှောင်ကြုတ်လိုက်ပြီး "ငါတို့ ကျောက်စိမ်းရေစက်အစီအရင်ကို စူးစမ်းပြီး လျှို့ဝှက်စွာ ပျောက်ကွယ်သွားတာကို သိရင် လင်းပုဖန်ကတော့ စိုးရိမ်နေတော့မှာပဲ၊ သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုက ငါတို့အပေါ် ထားတဲ့ သူ့ရဲ့ သဘောထားအစစ်အမှန်ကို ပြလိမ့်မယ်" ဟု ဆိုသည်။
"မှန်တာပေါ့" ဟု နင်းကျော့က ခေါင်းညိတ်လိုက်သည်။
သူ စကားပြောပြီးသည်နှင့် နောက်တစ်ခဏ၌ပင် ကောင်းကင်နှင့် မြေကြီးသည် အရောင်အသွေးများ ပြောင်းလဲသွားချေသည်။
ရုတ်တရက် အစီအရင်ကြီး နိုးထလာ၏။
ယွမ်လိုင်တောင်ကြီးမှာ တုန်ခါသွားရသည်။
တောင်စောင့်အစီအရင်ကြီးသည် အတွင်းနှင့် အပြင်ကို အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး ကြီးမားသော မြူခိုးအလင်းတန်းကြီးအဖြစ် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ခဏချင်းမှာပင် ဖြူလွလွ မြူထုကြီးသည် ဆေးပေါင်းသောင်းခြောက်ထောင် ချိုင့်ဝှမ်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ယွမ်လိုင်တောင်၊ တိုက်ပွဲငယ်တောင်ထိပ်၊ တိုက်ပွဲကြီးတောင်ထိပ်နှင့် ဆေးဘက်ဝင်အပင်များ စိုက်ပျိုးရာတောင်တို့ကိုပါ ဖုံးအုပ်သွားတော့သည်။
ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကြောင့် နင်းကျိုဖန်မှာ သတိထားမိသွား၏။ သူသည် ဝိညာဉ်အာရုံဖြင့် စူးစမ်းကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်လင်း... ဘာဖြစ်လို့ ရုတ်တရက် တောင်စောင့်အစီအရင်ကို ဖွင့်လိုက်တာလဲ၊ အင်အားကြီးတဲ့ ရန်သူတွေ လာတိုက်ခိုက်နေလို့လား"
လင်းပုဖန်က ပြုံးလိုက်သည်။
သူသည် အစပိုင်းတွင် အပ်တစ်ထောင်ရှစ်ရာခုနစ်ဆယ်ကို အကြီးအကဲယွမ်၏ ကိုယ်ပေါ်သို့ ထိုးစိုက်လိုက်ပြီး သူ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေသည်။
ထို့နောက် သူသည် နင်းကျိုဖန်ဘက်သို့ လှည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ဖြာထွက်နေတော့သည်။
"တာအိုကျင့်ကြံဖော်နင်း... မင်းက တကယ့်ကို သရုပ်ဆောင် ကောင်းတာပဲနော်"
နင်းကျိုဖန်မှာမူ ဘာကိုဆိုလိုမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရတော့သည်။