← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁)

ဒီဝတုတ်မ ရူးသွားလေပြီ

အစားအသောက် ပို့ဆောင်သူမှာ ဆွံ့အသွားရလေသည်။ သူသည် အမှန်တကယ်ပင် စကားပင် မပြော နိုင်တော့ပေ။ ဤဝဝဖိုင့်ဖိုင့် အမျိုးသမီးနှင့် စကားပြောရသည်မှာ အုတ်နံရံတစ်ခုကို စကားပြောနေရ သကဲ့သို့ပင်...။ မည်သို့မျှ ပြောဆို၍ မရနိုင်တော့ပေ။

သူ့အနေဖြင့် ထိုအစားအစာများအတွက် ပိုက်ဆံပေးရန်မှာမူ အဝေးကြီးပင် ဖြစ်သည်။ ပို့ဆောင်သူမှာ ရိုးသားသူဖြစ်သော်လည်း အူကြောင်ကြောင်နိုင်သူတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူသည် သားဖြစ်သူ ၏ လက်ကိုဆွဲကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်လေတော့သည်။ အမှာစာများလည်း ပယ်ဖျက်ပြီး သွားပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ နောက်ထပ် အမှာစာတစ်ခု လက်ခံ ရန်သာ သူ စဉ်းစားလိုက်တော့သည်။

သို့သော်လည်း ထိုဝဝဖိုင့်ဖိုင့် အမျိုးသမီးသည် ပို့ဆောင်သူ ထွက်ခွာသွားသည်ကို မြင်သောအခါ ကောင်တာအတွင်းမှ ပြေးထွက်လာပြီး သူ၏နောက်သို့ အတင်းပြေးလိုက်လေတော့သည်။ သူမသည် ပို့ဆောင်သူကို အမှီလိုက်ကာ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ဆဲဆိုကြိမ်းမောင်းလေတော့သည်။

"နင့်ကို ငါ သေအောင် သတ်မယ်...။ အရှက်မရှိတဲ့ကောင်...၊ နင်က ငါ့စီးပွားရေးကို ဖျက်ဆီးရုံတင်မက ဘဲ လျော်ကြေးမပေးဘဲ ထွက်ပြေးဖို့ ကြံနေတာလား...။ နင့်ကို သေအောင် သတ်ပစ်မယ်...။"

အရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် ပို့ဆောင်သူမှာ ပါးရိုက်ချက် နှစ်ချက်ကို ဘူမသိကိုးမသိ ခံလိုက် ရလေသည်။ ဘေးပတ်ဝန်းကျင်ရှိ အခြားသော ပို့ဆောင်သူများမှာလည်း ဆက်၍ ကြည့်မနေနိုင်တော့ဘဲ ထိုအမျိုးသမီးကို အတင်းဆွဲကြတော့သည်။

ပါးနှစ်ချက် အရိုက်ခံလိုက်ရသော ပို့ဆောင်သူ၏ မျက်နှာမှာ နီရဲကာ ဖူးရောင်သွားပြီး သူလက်စွဲထား သော ကလေးငယ်မှာလည်း ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေတော့သည်။

သို့သော် ထိုပို့ဆောင်သူသည် မိမိမျက်နှာမှ ဒဏ်ရာကို ဂရုမစိုက်ဘဲ သားဖြစ်သူကို အလျင်အမြန် ပွေ့ချီ ကာ ချော့မြှူလိုက်လေသည်။ ပို့ဆောင်သူတစ်ဦးက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"အစ်ကို... ဒီအပေါက်ဆိုးတဲ့ မိန်းမကို ကျွန်တော်တို့ ထိန်းထားပေးတယ်...။ ဘယ်လို ဆက်လုပ်ကြ မလဲ...။"

ပို့ဆောင်သူသည် ဒေါသထွက်နေသော လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ အားနာစွာဖြင့် ပြန်ပြော လိုက်လေသည်။

"ထားလိုက်ပါတော့...။ လူတိုင်းမှာ ကိုယ်စီ အခက်အခဲတွေ ရှိကြတာပဲ...၊ ကိစ္စသေးသေးလေးနဲ့ ပြဿနာ တွေ မရှာချင်ပါဘူး...။"

"သူက အမျိုးသမီးတစ်ယောက်ပဲလေ...။ ကျွန်တော် သူ့ကို ပြန်ပြီး မငြင်းချင်တော့ပါဘူး...။ သူ ကျွန်တော့်ကို ပါးရိုက်လိုက်တော့လည်း သူ့ဒေါသတွေ ပြေသွားလောက်ပါပြီ... ။ဒီလောက်ဆို တော်ပါ ပြီ...။"

ထိုပို့ဆောင်သူသည် အလွန်ပင် သည်းခံတတ်သူဖြစ်ပြီး နောက်ထပ် ပြဿနာများ မဖြစ်ပွားလိုသကဲ့သို့ အခြားသူများကိုလည်း ဒုက္ခမပေးချင်သူ ဖြစ်သည်။ သို့သော် အခြားသူများ၏ တားဆီးခြင်းကို ခံထားရ သော ထိုဝတုတ်မမှာမူ ပို၍ပင် အာပေါင်အာရင်း သန်လာတော့သည်။

"နင်က ဖောက်သည်ကို အော်ဒါပယ်ဖျက်ဖို့ ပြောရဲတယ်ပေါ့လေ...။ နင့်မှာ ဦးနှောက် မရှိဘူးလား... ၊ နင် ရူးနေတာလား...။"

"နင်က ငါ့စီးပွားရေးကို ဖျက်ဆီးတဲ့ လူမိုက်ပဲ...။ နင် ဘာလို့ မသေတာလဲ...၊ နင့်မိသားစုတစ်ခုလုံး သေ သင့်တာ...။"

ထို့နောက် သူမသည် သူမကို တားဆီးထားသော ပို့ဆောင်သူများကိုလည်း လှည့်၍ ဆဲဆိုပြန်လေသည်။

"နင်တို့ ပို့ဆောင်သူ ဝက်တွေ...။ နင်တို့ကရော ဝက်တွေလို မိုက်မဲနေကြတာလား...၊ နင်တို့နဲ့ ဘာဆိုင်လို့ လဲ...။"

"နင်တို့ ငါ့ဆိုင်က အစားအစာတွေကို လာပို့နေသရွေ့ ငါ့လက်အောက်မှာ အလုပ်လုပ်နေရတာနဲ့ အတူ တူပဲ...။ အလုပ်လုပ်ရင် ပရော်ဖက်ရှင်နယ် ဆန်စမ်းပါ...။"

"ငါက နင်တို့ကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားတာကို နင်တို့က ငါ့ကို ပြန်တားရဲတယ်ပေါ့လေ... ။ ငါ့ကို အပေါက်ဆိုးတဲ့ မိန်းမလို့တောင် ခေါ်ရဲကြသေးတယ်...။ ငါ ခိုင်းတာကိုပဲ နင်တို့ လုပ်ရမှာ...။ ဒီငတုံးတွေ..."

ထိုဝဝဖိုင့်ဖိုင့် အမျိုးသမီးသည် သူမဆိုင်မှ အမှာစာများကို လာရောက်သယ်ယူသော ပို့ဆောင်သူများကို သူမ၏ ဝန်ထမ်းများကဲ့သို့ သဘောထားနေခြင်းပင် ဖြစ်ချေသည်။ သူမ၏ ကျဉ်းမြောင်းသော အမြင်အရ သူမသည် သူမ၏ ဝန်ထမ်းများကို စိတ်ကြိုက် နှိပ်စက်နိုင်သည်ဟု ယူဆထားလေသည်။

ထို့ကြောင့်ပင် သူမသည် ပို့ဆောင်သူများကို အမြဲတမ်း နှိပ်စက်လေ့ရှိပြီး ၎င်းကိုပင် ပျော်ရွှင်မှုတစ်ရပ် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

သို့သော် သူမ၏ စကားများက ပို့ဆောင်သူများ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ ပို့ဆောင်သူတစ်ဦးက လက်မောင်းကို မြှောက်ကာ အော်ဟစ်လိုက်လေတော့သည်။

"ညီအစ်ကိုတို့... ငါတို့ ပို့ဆောင်သူတွေကလည်း လူတွေပဲ...။ ဒါပေမဲ့ ဒီအပေါက်ဆိုးတဲ့ မိန်းမက ငါတို့ကို လူလို မဆက်ဆံဘူး...။ ဖောက်သည်တွေကို ဖုန်းဆက်ပြီး အော်ဒါတွေ အကုန် ပယ်ဖျက်ကြစို့...။"

ထိုစကားကို ကြားသောအခါ အခြားသူများကလည်း ချက်ချင်းပင် တုံ့ပြန်ကြတော့သည်။

"ဟုတ်တယ်... အော်ဒါတွေ အကုန် ပယ်ဖျက်ကြ...။ ပြီးတော့ ဂရုတိုင်းမှာ စာပို့လိုက်...၊ ဒီဆိုင်က အော်ဒါ တွေကို ဘယ်သူမှ လက်မခံကြဖို့ ပြောရမယ်...။"

"ကြည့်လိုက်စမ်း... ဒီဆိုင်က ဆိုင်ထိုင်စားတဲ့သူမှ မရှိတာ...။ ပါဆယ်ပို့တာကိုပဲ အဓိက အားကိုးနေရ တာလေ...။ ဘယ်သူမှ လာမပို့ပေးတော့ရင် ဘယ်လောက်ကြာကြာ ခံမလဲ ကြည့်ရသေးတာပေါ့...။"

"ဒီလို စိတ်ဓာတ်နဲ့ စီးပွားရေးလုပ်နေတာ...။ မကြာခင် ဒေဝါလီ ခံရမှာ...။"

ထိုသို့ ပြောဆိုပြီးနောက် ပို့ဆောင်သူအားလုံးသည် ဖုန်းများကို ထုတ်ကာ ဖောက်သည်များထံ ဆက်သွယ်၍ အော်ဒါများကို ပယ်ဖျက်ကြတော့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် အမှာစာ ဆယ် ဂဏန်းကျော် ပယ်ဖျက်ခြင်း ခံလိုက်ရပြီး ပို့ဆောင်သူများ အားလုံး ထွက်ခွာသွားကြလေတော့သည်။

ထိုဝတုတ်မမှာ မှင်တက်သွားရလေသည်။ သို့သော် ခဏအကြာတွင် သူမသည် မထွက်ခွာရသေးသော ပို့ဆောင်သူထံသို့ ပြေးသွားကာ ဖမ်းဆွဲလိုက်ပြန်သည်။ ထိုပို့ဆောင်သူသည် သားဖြစ်သူနှင့်အတူ ရှိနေ သဖြင့် အမြန် မသွားနိုင်ခဲ့ပေ။ သူမသည် ပို့ဆောင်သူကို ဖမ်းဆွဲကာ လက်သီးဖြင့်ထိုး၊ ခြေထောက် ဖြင့် ကန်ကာ ဆဲဆိုလေတော့သည်။

"ဒါ နင့်ကြောင့်ပဲ...။ နင်က ငါ့စီးပွားရေးတစ်ခုတင်မကဘဲ အကုန်လုံးကို ဖျက်ဆီးလိုက်တာ...။"

"နင်က အောက်တန်းစားကောင်...။ ဘာလို့ အသက်ရှင်နေသေးတာလဲ...။ နင့်ကို ငါ သေအောင် သတ် မယ်...။"

ဖခင်ဖြစ်သူ အရိုက်ခံနေရသည်ကို မြင်သောအခါ ကလေးငယ်မှာလည်း ပြန်၍ ငိုယိုတော့သည်။

ထိုဝတုတ်မမှာ အမှန်တကယ်ပင် ယုတ်မာလှပေသည်။ သူမသည် ကလေးငယ်၏ ငိုသံကို ကြားသော အခါ အသက် (၄) နှစ်၊ (၅) နှစ်အရွယ် ကလေးငယ်၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြန်လေသည်။

"ဒီကလေးကလည်း သေသင့်တာပဲ...။ နင်တို့လို လူတွေက မျိုးဆက်မရှိသင့်ဘူး...၊ နင်တို့ မျိုးပြတ် သွားရမှာ...။"

ပို့ဆောင်သူသည် မိမိကိုယ်တိုင် အရိုက်ခံရစဉ်က ပြန်မချခဲ့သော်လည်း သားဖြစ်သူ အရိုက်ခံရသောအခါ တွင်မူ ဒေါသကို မထိန်းနိုင်တော့ပေ။

"ဖယ်စမ်း... ငါ့သားကို မထိနဲ့...။"

သူသည် ထိုအမျိုးသမီးကို တွန်းဖယ်လိုက်ရာ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားတော့လေသည်။

သူသည် သားဖြစ်သူ၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်ကာ နာကျင်နေသလားဟု မေးမြန်းနေရှာသည်။ ထိုဝတုတ်မသည် မြေပြင်ပေါ်မှ အလျင်အမြန် ပြန်ထလာခဲ့လေသည်။ ပို့ဆောင်သူသည် ဆေးရုံတွင် ရှိ နေသော ဇနီးသည်နှင့် သားငယ်အတွက် ကြောင့်ကြမှုများ ရှိနေသဖြင့် မိမိကိုယ်ကို ထိခိုက်မှု မရှိအောင် အစစအရာရာ ဆင်ခြင်နေရသူ ဖြစ်ပေသည်။

သို့သော် ထိုဝတုတ်မမှာမူ မည်သည့် ကြောင့်ကြမှုမျှ မရှိပေ။ သူမသည် ပို့ဆောင်သူကို ဒေါသတကြီး စိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက်လေသည်။

"နင်က ငါ့ကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့...။ ကောင်းပြီလေ...၊ ငါ အခုပဲ ကားသွားယူမယ်...။ ငါ့ကားမှာ (၃) ယွမ် တန် အာမခံ ရှိတယ်...။ နင့်ကို တိုက်သတ်ရင်တောင် ငါ လျော်နိုင်တယ်...။"

ပြောပြီးသည်နှင့် သူမသည် ဆိုင်ရှေ့တွင် ရပ်ထားသော သူမ၏ ဘီအမ်ဒဗလျူ ကားဆီသို့ ပြေးသွား တော့သည်။ သူမသည် ဒေါသကြောင့် ရူးသွပ်နေပြီး ကားထဲသို့ ဝင်ကာ ပို့ဆောင်သူ သားအဖထံသို့ အရှိန်ပြင်းစွာ မောင်းနှင်လာတော့သည်။ သူမသည် သူမ၏ အာမခံအကြောင်းကိုသာ တွေးနေပြီး တမင်တကာ လူတိုက်ခြင်းမှာ ရာဇဝတ်မှု မြောက်သည်ကိုမူ သတိမထားမိပေ။

"ဝူး...ဝူး...။"

လီဗာကို အဆုံးထိ နင်းထားသဖြင့် ကားမှာ ပို၍ မြန်လာပြီး ပို့ဆောင်သူ သားအဖကို တိုက်မိတော့မည့် ဆဲဆဲ...။ ဤအတိုင်းသာဆိုလျှင် ထိုသားအဖနှစ်ဦးမှာ အသက်ပျောက်သွားပေလိမ့်မည်။ သို့သော် ထိုအရေးကြီးသော အချိန်တွင်...၊

"ဒုန်း... "

ဘီအမ်ဒဗလျူ ကားထက် နှစ်ဆခန့် ပိုကြီးသော အနက်ရောင် ဂျီ-ကလက်စ် ကားကြီးတစ်စီးက ရုတ်တရက် ပေါ်လာပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသော ဘီအမ်ဒဗလျူ ကားကို ဝင်တိုက်လိုက်လေ တာ့သည်။

"ဝုန်း... "

ကျယ်လောင်လှသော အသံကြီးနှင့်အတူ ဘီအမ်ဒဗလျူ ကားမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်ကာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့လေသည်။

ဘီအမ်ဒဗလျူ ကားမှာ ပျက်စီးသွားသော်လည်း ဂျီ-ကလက်စ် ကားကြီးမှာမူ ရှေ့ပိုင်းတွင် အနည်းငယ် သာ ပိန်သွားလေသည်။ ဤသည်မှာ ဈေးကြီးသော ကားများ၏ ခိုင်ခံ့မှုကို ပြသနေခြင်းပင်။

ဂျီ-ကလက်စ် ကားတံခါး ပွင့်လာပြီး လျန်ထျန်း ဆင်းလာကာ ဖုန်းထုတ်၍ တစ်စုံတစ်ဦးထံ ဆက်သွယ် လိုက်လေသည်။

"ဟေး... ညွှန်ကြားရေးမှူးတန်... ဒီမှာ ကိုင်တွယ်စရာ ကိစ္စတစ်ခု ရှိတယ်...။"

"ရူးနေတဲ့ မိန်းမတစ်ယောက်က ပို့ဆောင်သူ သားအဖကို ကားနဲ့ တိုက်သတ်ဖို့ ကြိုးစားနေလို့ ကျွန်တော် ကားနဲ့ ကြားက ဖြတ်တိုက်လိုက်တယ်...။"

"အဲဒီမိန်းမ သေသလား ရှင်သလားတော့ မသိသေးဘူး...။ လူနာတင်ကားပါ ခေါ်ခဲ့ပေးပါ...၊ အသက် မီသေးရင် ကယ်ပေးလိုက်ပါဦး...။"

"သက်သေလား... ရှိတာပေါ့...။ ကျွန်တော့်မှာ ဗီဒီယိုနဲ့ အသံဖိုင်တွေ အကုန်ရှိတယ်...။ အဲဒီမိန်းမက ပို့ဆောင်သူကို ဘယ်လို နှိပ်စက်ပြီး တမင်တကာ တိုက်သတ်ဖို့ လုပ်တယ်ဆိုတာ အထင်အရှားပဲ...။"

"ဟုတ်ကဲ့... ဒါဆိုရင်တော့ အဆင်ပြေတာပေါ့...။ အော်...၊ ပရောဂျက်အတွက် နောက်ထပ် ရန်ပုံငွေ လိုနေပြီလား...။"

"ရပါတယ်... လကုန်ကျရင် ကျွန်တော် လွှဲပေးလိုက်ပါ့မယ်...။"

ဖုန်းချပြီးနောက် လျန်ထျန်းသည် သူ့ထံသို့ လျှောက်လာသော ပို့ဆောင်သူ သားအဖကို တွေ့လိုက်ရ လေသည်။ ပို့ဆောင်သူမှာ လျန်ထျန်းကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားခဲ့လေသည်။

"မင်း... မင်းက ဟိုနေ့က ညီလေးပဲ...။"

လျန်ထျန်းက ငြင်းရန် ပြင်လိုက်သော်လည်း ကလေးငယ်က လျန်ထျန်း၏ ခြေထောက်ကို ဖက်ကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဦးဦး...။ ဟိုတစ်ခါက တိုက်ခဲ့တဲ့ အချိုရည်အတွက်ရော ပိုက်ဆံအတွက်ရော ပါ...။"

"အဲဒီပိုက်ဆံကြောင့် မေမေ နေကောင်းလာပြီး နောက်ရက်ကျရင် ဆေးရုံက ဆင်းရတော့မှာလို့ ဖေဖေ က ပြောတယ်...။"

"ဦးဦးကို ပြန်တွေ့ရင် ကျေးဇူးဆပ်ရမယ်လို့လည်း ဖေဖေက ပြောထားတယ်...။ အခုချက်ချင်း မဆပ်နိုင် ရင်တောင် နောင်ကျရင် ဖြည်းဖြည်းချင်း ဆပ်ပါ့မယ်...။"

"ဦးဦး... ရှောင်တုန်း ကြီးလာတဲ့အထိ စောင့်နေပေးပါနော်...။ ရှောင်တုန်း ကြီးလာရင် ပိုက်ဆံတွေ အများ ကြီး ရှာပြီး ဦးဦးကို ပြန်ဆပ်ပါ့မယ်...။"

ကလေးငယ်၏ ချစ်စဖွယ် စကားကြောင့် လျန်ထျန်း ပြုံးလိုက်ပြီး သူ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။ ပို့ဆောင်သူကလည်း ထပ်မံ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ညီလေး... မင်းက ငါတို့ကို ဟိုတစ်ခါလည်း ကူညီခဲ့တယ်...။ အခုလည်း အသက်ကို ကယ်ခဲ့ပြန်ပြီ...။ ငါတို့ မိသားစုတစ်ခုလုံး မင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး...။"

လျန်ထျန်းက အလျင်အမြန် ခေါင်းခါလိုက်သည်။

"အစ်ကို... အားနာစရာတွေ ပြောမနေပါနဲ့...။ ဒါက တိုက်ဆိုင်မှုပါ...၊ ကျွန်တော့်မှာ ကူညီနိုင်တဲ့ စွမ်းအား ရှိနေလို့ ကူညီလိုက်တာပါ...။"

"ဒါက ရေစက်လို့ပဲ သဘောထားလိုက်ပါ...။ အစ်ကိုက ကျွန်တော့်ကို အရင်ဘဝက ကူညီခဲ့ဖူးလို့ ဒီဘဝ မှာ ကျွန်တော် ပြန်ကူညီတာလည်း ဖြစ်နိုင်တာပဲလေ...။ ဒါကြောင့် စိတ်ထဲ သိပ်မထားပါနဲ့...။"

သို့သော် ပို့ဆောင်သူ ကျောက်ယန်က အတင်း အခိုင်အမာ ပြောပြန်လေသည်။

"အတိတ်ဘဝကိုတော့ ငါ မမှတ်မိဘူး...၊ ဒီဘဝကိုပဲ ငါ မှတ်မိတယ်...။"

"မင်းက ငါတို့ မိသားစုအတွက် ကျေးဇူးရှင်ပဲ...။ နောင်ကျရင် ငါ ကျောက်ယန် လုပ်ပေးနိုင်တာ ရှိရင် ပြောပါ...။ မင်းအတွက်ဆိုရင် အသက်တောင် ပေးဝံ့ပါတယ်...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း ဘာပြောရမှန်း မသိတော့သဖြင့် ပြုံးလျက်သာ ခေါင်းငြိမ့်ပြ လိုက်လ​ေတော့သည်။ ထိုအချိန်တွင် ပို့ဆောင်သူသည် လျန်ထျန်း၏ ပျက်စီးသွားသော ဂျီ-ကလက်စ် ကားကြီးကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်လေသည်။

"ညီလေး... မင်းက ဘယ်သူလဲ...။ ဒီလောက် ကောင်းတဲ့ ကားကို ဘယ်လို မောင်းနေတာလဲ...၊ မင်းက တကယ်ပဲ ငါတို့လို အစားအသောက် ပို့ဆောင်သူကော ဟုတ်ရဲ့လား...။"

လျန်ထျန်း ခေတ္တမျှ စဉ်းစားပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

"အစ်ကိုကျောက်...။ ကျွန်တော့်ကို အစားအသောက် ပို့တဲ့သူလို့ပဲ မထင်လိုက်ပါနဲ့ဦး...။ ကျွန်တော့်မှာ တခြား အဆင့်အတန်းတွေ အများကြီး ရှိပါသေးတယ်...။"

"ဥပမာ ပြောရရင်...၊ အချမ်းသာဆုံး အုပ်စုရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး၊ ကျင်းတ အိမ်ခြံမြေရဲ့ အကြီးဆုံး အစုရှယ်ယာရှင် စတာတွေပေါ့...။ ဒါကြောင့် ဒီကိစ္စတွေက ကျွန်တော့်အတွက်တော့ သေးငယ်လွန်းပါတယ်...။ စိတ်ထဲ အရမ်း မထားပါနဲ့တော့...။"

အခန်း (၁၃၂)

တက္ကသိုလ်ကျောင်းသူ၏ ဆဲဆိုခြင်းကို ခံရသော ပို့ဆောင်သူ

ထိုစကားကို ကြားသောအခါ ကျောက်ယန်သည် အမှန်တကယ်ပင် အံ့အားသင့်သွားပြီး ခေတ္တမျှ ကြောင်အ သွားရလေတော့သည်။

"ဩော်... ညီလေးက တကယ်တော့ သူဌေးတစ်ယောက် ဖြစ်ပြီး ဘဝကို အတွေ့အကြုံယူဖို့ အစားအ သောက် လာပို့နေတာပေါ့ ဟုတ်လား...။"

လျန်ထျန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို ကုတ်ကာ ပြုံးလိုက်လေသည်။

"အစ်ကိုကျောက်... အဲ့ဒီလိုပဲ သဘောထားလိုက်ပါ...။ အဓိကကတော့ ဒီကိစ္စတွေကို စိတ်ထဲ သိပ်မထား ဖို့ပါပဲ...။"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရဲကားများနှင့် လူနာတင်ကားများ တစ်စီးပြီးတစ်စီး ရောက်ရှိလာ တော့သည်။ ထိုဝဝဖိုင့်ဖိုင့် အမျိုးသမီးကို လိပ်ခွံကဲ့သို့ မှောက်ခုံဖြစ်နေသော ကားထဲမှ ကယ်ထုတ်လိုက် ရလေသည်။ သူမတွင် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မရှိပေ။

သို့သော် ဆရာဝန်၏ စစ်ဆေးချက်အရ ထိုဒဏ်ရာများမှာ ပျောက်ကင်းရန် အနည်းဆုံး တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး နောင်တွင် လမ်းကောင်းကောင်း လျှောက်နိုင်တော့မည် မဟုတ်သဖြင့် ကားပြန် မောင်းနိုင်တော့မည် မဟုတ်ပေ။

လျန်ထျန်းသည် ရဲအရာရှိများကို အခြေအနေများ ရှင်းပြကာ ပူးပေါင်းဆောင်ရွက်ခဲ့လေသည်။ သူသည် ညွှန်ကြားရေးမှူးတန်နှင့် ကြိုတင်စကားပြောထားပြီး ဖြစ်သဖြင့် ရဲအရာရှိများမှာ လျန်ထျန်းအပေါ် အလွန်ပင် ယဉ်ကျေးပျူငှာခဲ့ကြလေသည်။

ပို့ဆောင်သူ ကျောက်ယန်နှင့် သူ၏သားငယ် ရှောင်တုန်းတို့ကလည်း လျန်ထျန်းအတွက် သက်သေ အဖြစ် ထွက်ဆိုပေးကြသည်။ တစ်ချိန်တည်းမှာပင် လျန်ထျန်းက ဗီဒီယိုနှင့် အသံဖိုင်များကို သက်သေ အဖြစ် တင်ပြလိုက်သဖြင့် ထိုဝတုတ်မ၏ ယုတ်မာရိုင်းစိုင်းသော အပြုအမူများအတွက် ခိုင်လုံသော အထောက်အထားများ ဖြစ်သွားလေတော့သည်။

နောက်ဆုံးရလဒ်မှာ လျန်ထျန်းသည် သူရဲကောင်းဆန်စွာ ကာကွယ်ခဲ့သူအဖြစ် သတ်မှတ်ခံရပြီး အဖမ်း မခံရရုံတင်မကဘဲ ဆုလာဘ်ပင် ရရှိနိုင်သေးသည်။ ထိုဝတုတ်မမှာမူ ဆေးကုသမှု ခံယူပြီးနောက် သက်ဆိုင်ရာ ဥပဒေများအရ ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်အထိ ကျခံရဖွယ် ရှိလေသည်။

ပျက်စီးသွား သော အနက်ရောင် ဂျီ-ကလက်စ် ကားကြီးနှင့် ပတ်သက်၍မူ ထိုဝတုတ်မက သူမတွင် (၃) ယွမ်တန် မခံရှိသည်ဟု ကြုံးဝါးနေခဲ့သော်လည်း လျန်ထျန်း၏ ဂျီ-ကလက်စ် ကားတွင်မူ ယွမ် (၁၀) ကျော်တန် အာမခံ ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် အာမခံကုမ္ပဏီသို့ ဖုန်းဆက်ကာ အားလုံးကို လွှဲအပ်လိုက်လေတော့သည်။

ထိုကိစ္စများကို အပြီးသတ်လိုက်သောအခါ မွန်းတည့်ချိန်ပင် ကျော်လွန်နေပြီ ဖြစ်ရာ လျန်ထျန်းသည် ပြင်ဆင်ပြီးစီးသွားသော လျှပ်စစ်စကူတာကို သွားရောက်ယူလိုက်​လေသည်။ အစားအသောက်များ ပို့ဆောင်ရာတွင် နှစ်ဘီးတပ် လျှပ်စစ်ယာဉ်များမှာ အဆင်ပြေဆုံးနှင့် အမြန်ဆုံးပင် ဖြစ်သည်။

မထွက်ခွာမီ ကျောက်ယန်က လျန်ထျန်းကို ထမင်းကျွေးချင်သော်လည်း လျန်ထျန်းက ငြင်းပယ်လိုက် လေသည်။ လျန်ထျန်းက သူ့ကို ဆေးရုံတွင် ရှိနေသော ဇနီးသည်ကိုသာ အမြန်သွားရောက် ပြုစုရန် ပြောကာ ဆက်သွယ်ရန် လိပ်စာပေးပြီးနောက် ထွက်ခွာခဲ့လိုက်သည်။

သို့သော် သူ မသိလိုက်သည်မှာ ရှောင်တုန်းလေးသည် သူ၏ ကျေးဇူးရှင်ကို ရင်ထဲတွင် အခိုင်အမာ မှတ်သားထားလိုက်ခြင်းပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှောင်တုန်း ကြီးပြင်းလာသော အခါ လျန်ထျန်း၏ လက်ရုံးတစ်ဆူနှင့် ယုံကြည်စိတ်ချရသော တပည့်ရင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။

လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာလေးကို စီးကာ လမ်းကြားများတစ်လျှောက် အမှာစာများကို တစ်ခုပြီးတစ်ခု ပို့ဆောင်နေခဲ့သည်။ ဤကဲ့သို့ပင် ရိုးရှင်းကာ ပင်ပန်းလှသော အလုပ်များကို လုပ်ကိုင် ရင်း အချိန်အချို့ ကုန်ဆုံးသွားခဲ့လေသည်။

ထိုနေ့တွင် သူသည် မြို့ပြင်ရှိ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုသို့ ပို့ဆောင်ရမည့် အမှာစာတစ်ခုကို လက်ခံရ ရှိခဲ့လေသည်။ အကွာအဝေးမှာ အတော်ပင် ဝေးကွာလှသဖြင့် တစ်ခုတည်း သွားပို့ရသည်မှာ မတန်သော ကြောင့် လျန်ထျန်းသည် အနီးအနားရှိ အခြားသော အမှာစာအချို့ကိုပါ ထပ်မံ လက်ခံခဲ့လိုက်လေသည်။

မကြာမီပင် လျန်ထျန်းသည် အမှာစာတွင် ပါရှိသည့်အတိုင်း ထိုတက္ကသိုလ်၏ တောင်ဘက်ဂိတ်ပေါက် သို့ ရောက်ရှိလာခဲ့လေသည်။ သို့သော် ဖောက်သည်ကို ဖုန်းဆက်ရန် ကြိုးပမ်းသောအခါ တစ်ဖက်လူ၏ ဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေသဖြင့် အကြိမ်ကြိမ် ဆက်သော်လည်း မရရှိခဲ့ပေ။

ထို့ကြောင့် လျန်ထျန်းသည် အက်ပလီကေးရှင်းအတွင်းရှိ စာတိုပေးပို့စနစ်မှတစ်ဆင့် အလျင်အမြန် ဆက်သွယ်လိုက်လေသည်။

[မင်္ဂလာပါ... အစားအသောက် ပို့ဆောင်သူပါ...။ ဖုန်းဆက်လို့ မရလို့ပါခင်ဗျ...။]

[အခု တောင်ဘက်ဂိတ်ကို ရောက်နေပါပြီ...။ စာကို မြင်တာနဲ့ အမြန်လာယူပေးပါခင်ဗျာ...။]

[နောက်ထပ် ပို့စရာ အမှာစာတွေ ရှိသေးလို့ပါ...။ နောက်ကျရင် အချိန်ကျော်သွားပါလိမ့်မယ်ဗျ...။]

သူသည် စာများစွာ ပို့ခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ပြန်စာ မရရှိခဲ့ပေ။ ဤသည်မှာ လျန်ထျန်းကို အမှန်တကယ်ပင် စိတ်ပူစေခဲ့လေသည်။ ထိုပုဂ္ဂလိက တက္ကသိုလ်မှာ စည်းကမ်းတင်း ကျပ်သဖြင့် သူသည် အတွင်းသို့ ဝင်၍ မရပေ။

အမှာစာတွင် ပါရှိသော လိပ်စာမှာလည်း တောင်ဘက်ဂိတ်သာ ဖြစ်ပြီး ထိုနေရာတွင် ပါဆယ်ထားစရာ ဗီရိုများလည်း မရှိပေ။ ထို့အပြင် ဖောက်သည်နှင့် မဆက်သွယ်ရဘဲ ပစ္စည်းကို စည်းမဲ့ကမ်းမဲ့ ထားခဲ့ပါက လည်း တိုင်ကြားခံရနိုင်ခြေ အလွန်ပင် မြင့်မားလှပေသည်။

လျန်ထျန်းသည် စိုးရိမ်တကြီးဖြင့် စာများစွာ ထပ်မံ ပို့လိုက်သော်လည်း အခြားသော အမှာစာများမှာ လည်း အချိန်ကျော်တော့မည် ဖြစ်ချေသည်။

လျန်ထျန်းသည် အခြားနည်းလမ်းမရှိတော့သဖြင့် အခြားအမှာစာများကို အရင်သွားပို့ရန် ဆုံးဖြတ်လိုက် ပြီး ဤအမှာစာကို နောက်မှ ပြန်လည် ကိုင်တွယ်ရန် စဉ်းစားလိုက်လေတော့သည်။ အနီးအနားရှိ အမှာ စာများကို ပို့ဆောင်ပြီးနောက်တွင်မှ ထိုဖောက်သည်ထံမှ ပြန်စာကို ရရှိခဲ့လေတော့သည်။

[ငါ့ဖုန်းက ဆက်သွယ်လို့ ရပါတယ်...။ မြန်မြန် မြောက်ဘက်ဂိတ်ကို လာခဲ့စမ်း...။]

နောက်ဆုံးတော့ ပြန်စာ ရခဲ့ပြီဖြစ်ရာ လျန်ထျန်းမှာ သက်ပြင်းချလိုက်ပြီး ပြန်စာ ရေးလိုက်သည်။

[ဒါပေမဲ့ ဖုန်းနံပါတ်က ဆက်လို့ မရဘူးလေ...၊ နံပါတ် မှားပေးထားတာလား... ။ တစ်ချက်လောက် ပြန်စစ်ကြည့်ပါဦး...။]

ဆယ်စက္ကန့်ခန့်အကြာတွင် ဖောက်သည်က ပြန်ပြောလာလေသည်။

[ဩော်... မေ့သွားလို့...။ အရင်က အကောင့်အသစ် ပြောင်းထားတာ..၊ အဟောင်းကို မသုံးတော့ဘူး...။]

[စကားတွေ အများကြီး ပြောမနေနဲ့...၊ မြောက်ဘက်ဂိတ်ကို မြန်မြန် လာပို့စမ်းပါ... ဗိုက်ဆာလို့ သေ တော့မယ်...။]

ဤသည်ကို မြင်သောအခါ လျန်ထျန်း မျက်မှောင်ကြုတ်သွားပြီး စာ ဆက်ပို့လိုက်လေသည်။

[ကျွန်တော်က နှေးနေတာ မဟုတ်ပါဘူး...။ အရင်က ဆက်သွယ်လို့ မရခဲ့တာပါ...။ ပြီးတော့ အမှာစာ လိပ်စာက တောင်ဘက်ဂိတ် ဖြစ်နေတယ်လေ...။ အခု ဘာလို့ မြောက်ဘက်ဂိတ်ကို ပို့ခိုင်းရတာလဲ...။]

[အချိန်မကျော်အောင်လို့ ကျွန်တော် ခေတ္တရပ်နားထားတဲ့ ပုံစံမျိုး ရွေးထားပါတယ်...။ မြေပုံထဲမှာ လိပ်စာ ပြန်ပြင်ပြီး ဒုတိယအကြိမ် ပို့ခိုင်းလိုက်ပါခင်ဗျ...။]

ယခုတစ်ကြိမ်တွင် စာတို မဟုတ်တော့ဘဲ အသံဖိုင်များ တစ်သီကြီး ရောက်လာတော့သည်။ ဖွင့်ကြည့် လိုက်သောအခါ စိတ်တိုနေသော မိန်းကလေးတစ်ဦး၏ အသံက ထွက်ပေါ်လာလေတော့သည်။

"ဘာတွေ ရှုပ်နေတာလဲ...၊ နင် ပို့တာ နှေးနေတာကို ငါ့ကို အပြစ်လာတင်နေတာလား...။"

"ပြီးတော့ ငါ ခိုင်းတဲ့နေရာကို လာပို့ရုံပဲ...။ မြောက်ဘက်ဂိတ်ကို မြန်မြန် လာခဲ့...။"

လျန်ထျန်းမှာ ပို၍ပင် မျက်မှောင်ကြုတ်သွားရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူ စာ ဆက်ပို့လိုက် လေသည်။

[ကျွန်တော် ပို့ပေးလို့ ရပါတယ်...။ ဒါပေမဲ့ ဒါက ပိုပြီး သွားရတာလေ...၊ ကျေးဇူးတင်စကား ပြောရမယ့် အစား ဘာလို့ ဒီလို အမိန့်ပေးသံနဲ့ ပြောနေရတာလဲ...။]

ဤသို့ ပို့ပြီးနောက် လျန်ထျန်းသည် ထိုနေရာသို့ သွားရန်ပင် ပြင်လိုက်သေးသည်။ ထိုတက္ကသိုလ်၏ မြောက်ဘက်ဂိတ်မှာ တောင်ဘက်ဂိတ်ထက် ပိုဝေးသော်လည်း ပုံမှန်အားဖြင့် ဖောက်သည်၏ တောင်းဆိုချက်မှာ အလွန်အကျွံ မဟုတ်ပါက သူသည် လိုက်လျောပေးလေ့ ရှိသည်။

သို့သော်လည်း ထိုတက္ကသိုလ် ကျောင်းသူပေးပို့လိုက်သော အသံဖိုင်များမှာမူ မည်သူမျှ လက်မခံနိုင်စရာ ဖြစ်လာတော့သည်။

"ငါက ဖောက်သည်ပဲ...၊ ဖောက်သည်က ဘုရားသခင်ပဲ...။ အဲ့ဒါကြောင့် ငါက နင့်ရဲ့ ဘုရားသခင်ပဲပေါ့...။ ငါက နင့်ကို မခိုင်းရင် ဘယ်သူ့ကို ခိုင်းရမှာလဲ...။"

"နင်က ငါ့ရဲ့ သားလေးလို ဒီမှာ အလုပ်လုပ်နေတာ မဟုတ်ဘူးလား...။ နင့်ကို ငါက ကျေးဇူးတင်ရဦးမယ် ဟုတ်လား...၊ ငါ ဆဲရင်တောင် နင်က ငြိမ်ခံရမှာလေ…။"

ထိုကျောင်းသူ၏ စကားများမှာ အလွန်ပင် နားမခံသာအောင် ရိုင်းစိုင်းလှသော်လည်း လျန်ထျန်းက သည်းခံကာ ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်လေသည်။

သို့သော် ထိုကျောင်းသူမှာ ပို၍ပင် ရိုင်းစိုင်းလာသဖြင့် စိတ်ရှည်တတ်သော လျန်ထျန်းပင် ဒေါသထွက် လာရတော့သည်။

[မင်းက တက္ကသိုလ် ကျောင်းသူ တစ်ယောက်ပဲလေ...။ ဒီလို ပြောတာမျိုးက သင့်တော်တယ်လို့ ထင် လား...။ ကျောင်းမှာ ယဉ်ကျေးလိမ္မာမှုအကြောင်း သင်မပေးဘူးလား...။]

လျန်ထျန်း၏ စာရိုက်နှုန်းမှာ တစ်ဖက်လူ၏ ဆဲဆိုသံများကို မမီတော့ပေ။ သူသည် ဤစာကို ပို့လိုက် စဉ်မှာပင် ထိုကျောင်းသူထံမှ ရိုင်းစိုင်းသော အသံဖိုင်များစွာ ထပ်မံ ရောက်ရှိလာပြန်လေသည်။

"နင်က အလုပ်လုပ်တတ်ရဲ့လား...၊ နင်တို့လို အောက်ခြေလူတန်းစားတွေက အလုပ်လုပ်ရင် ခေါင်းငုံ့ ခံနေရမှာ မဟုတ်ဘူးလား...။"

"ဝန်ဆောင်မှု လုပ်ငန်းမှာ လုပ်နေတာဆိုရင် ကောင်းကောင်း ဝန်ဆောင်မှု ပေးစမ်းပါ...။ ဘာလို့ ဖောက်သည်ကို ပြန်အော်နေတာလဲ...။ နင်က ဦးနှောက်မရှိတဲ့ကောင်ပဲ...။"

"ခုနက ပို့လိုက်တဲ့စာက ဘာသဘောလဲ...၊ နင့်မှာ အရှက်မရှိဘူးလား...။"

"ငါက ကျောင်းသူ ဖြစ်တော့ ဘာဖြစ်လဲ...။ နင်က အစားအသောက် ပို့တဲ့ ခွေးတစ်ကောင်ပဲလေ...၊ ငါက ဘာလို့ နင့်ကို ယဉ်ကျေးနေရမှာလဲ...။"

"ပိုက်ဆံမရှိတဲ့ ခွေး...။ အစားအသောက် ပို့တဲ့ ငတုံး...၊ နင့်ကို ငါ ဆဲရင်လည်း နင်က ပြုံးပြီး ခံနေရမှာ ပေါ့...။ အနံ့အသက်မကောင်းတဲ့ လူမိုက်ရယ်...။"

"ထပ်ပြောလိုက်မယ်...။ အစားအသောက်ကို မြန်မြန် လာပို့စမ်း...၊ မဟုတ်ရင် နင့်ကိုတင်မကဘူး...။ ဆိုင်ကိုပါ တိုင်ပစ်မှာ...။"

လျန်ထျန်းသည် ထိုသို့ ဆဲဆိုခံရသဖြင့် အလွန်ပင် ဒေါသထွက်သွားရလေသည်။ ထို့ကြောင့် သူသည် "ဖောက်သည်က ပစ္စည်းလက်ခံရန် ငြင်းဆိုသည်" ဟူသော အကြောင်းပြချက်ဖြင့် အမှာစာကို ချက်ချင်း ပယ်ဖျက်လိုက်ပြီး အစားအစာများကို ဆိုင်သို့ ပြန်လည် ပို့ဆောင်လိုက်လေတော့သည်။

ထိုအချိန်အတွင်း ထိုကျောင်းသူက အသံဖိုင်များစွာ ထပ်မံ ပို့နေသော်လည်း လျန်ထျန်းက တစ်ခုမျှ ဖွင့်မကြည့်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာများမှာ နားမခံသာသော စကားများသာ ဖြစ်မည်ကို သိနေသဖြင့် မိမိ၏ နားကို အညစ်အကြေး မပေးလိုတော့ခြင်းပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လျန်ထျန်းသည် ပလက် ဖောင်းထံသို့ တိုင်ကြားစာ ပို့လိုက်ပြီး စာတိုများအားလုံးကို သက်သေအဖြစ် တင်ပြလိုက်လေသည်။

သို့သော် တရားမျှတမှု ရမည့်အစား တိုင်ကြားချက်များနှင့် ဒဏ်ငွေများကသာ သူ့ထံသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာလေတော့သည်။

ခဏအကြာတွင် လျန်ထျန်း၏ ဖုန်း မြည်လာခဲ့လေသည်။ ဖုန်းနံပါတ်၏ အမည်မှာ "အတွင်းရေးမှူး လျှောက်ထားသူ (၃)" ဟု ပေါ်နေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က အစ်ကိုလု ပို့ပေးထားသော နံပါတ်ဖြစ်သည်ကို လျန်ထျန်း ရုတ်တရက် သတိရသွားသည်။

ထိုစဉ်က အစ်ကိုလုက ပြောခဲ့ဖူးလေသည်။

"ညီလေးလျန်... မင်းက အခု ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာရှင်ကြီး ဖြစ်နေပြီ...။ ငါ့ထက်တောင် အဆင့် မြင့်နေပြီလေ...။"

"ဒါပေမဲ့ မင်းမှာ အတွင်းရေးမှူး မရှိသေးတာက မဖြစ်သင့်ဘူး...။"

"ဒီကိစ္စကို ငါ့ကို လွှဲထားလိုက်...။ မင်းအတွက် တကယ့်ကို တော်တဲ့ အတွင်းရေးမှူးတစ်ယောက် ရှာပေး မယ်...။ တက္ကသိုလ်က ဘွဲ့ရခါစ မိန်းကလေးဆိုရင် ဘယ်လိုလဲ...။"

လျန်ထျန်းက အပြတ်အသတ် ငြင်းပယ်ခဲ့သော်လည်း အစ်ကိုလုမှာ အိတ်ချ်မြို့တော်ရှိ စီးပွားရေး လုပ်ငန်းများ အောင်မြင်နေသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့လေသည်။ ထို့ကြောင့် လျန်ထျန်း မည်သို့ပင် ပြောပါစေ...၊ သူကတော့ ညီလေးအတွက် အတွင်းရေးမှူး ခန့်ပေးရန် အတင်းအကျပ် စီစဉ်နေတော့သည်။

ထို့နောက် မနေ့ကပင် အစ်ကိုလုသည် ဖုန်းနံပါတ် သုံးခု ပို့ပေးခဲ့ပြီး လူတွေ့စစ်ဆေးမှုတွင် အောင်မြင် ထားသူ သုံးဦး ဖြစ်သဖြင့် လျန်ထျန်းကို စိတ်ကြိုက် ရွေးချယ်ခိုင်းထားခြင်း ဖြစ်လေသည်။

လျန်ထျန်းသည် အတွင်းရေးမှူး မလိုချင်ပေ။ အတွင်းရေးမှူး ရှိနေပါက သူ၏ အစားအသောက် ပို့ဆောင် သည့် အရှိန်ကို ထိခိုက်မည်ဟု သူ ထင်နေမိသည်။ သို့သော် အစ်ကိုလုက နံပါတ်များကို မှတ်ထားရန်နှင့် ရက်အနည်းငယ်ကြာလျှင် သူတို့က ဆက်သွယ်လိမ့်မည်ဟု ပြောခဲ့ဖူးလေသည်။ လျန်ထျန်းသည် ဖုန်းနံ ပါတ်ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"မလိုဘူးလို့ ပြောထားတာကို ဘာလို့ အတင်း ခန့်ခိုင်းနေတာလဲ...။"

"ပြီးတော့ ဘာလို့ ဒီနေ့မှ ဆက်ရတာလဲ...။ ဒီရက်ပိုင်း အလုပ်ရှုပ်နေပါတယ်ဆိုမှ...။"

"ထားလိုက်ပါတော့...၊ ဆက်လာမှတော့ လက်ခံလိုက်ပြီး ငြင်းလိုက်တာပေါ့...။"

"တိုင်ကြားစာတွေကလည်း တက်နေတုန်းပဲ...၊ တကယ်ကို မတရားတာပဲ...။"

လျန်ထျန်းသည် မိမိကိုယ်ကိုယ် ရေရွတ်ပြီးနောက် ဖုန်းကို လက်ခံလိုက်လေသည်။ သူ စကားပင် မပြော ရသေးမီ ဖုန်းထဲမှ ရိုင်းစိုင်းသော ဆဲဆိုသံများ ထွက်ပေါ်လာတော့သည်။

"နင့်ဦးနှောက်က အမေဗိုက်ထဲမှာ ကျန်ခဲ့တာလား...။ အော်ဒါကို ပယ်ဖျက်ပြီး ငါ့စာတွေကို ဖျက်လိုက်ရင် ပြီးသွားပြီ ထင်နေတာလား...။"

"ငါ ပြောလိုက်မယ်... မပြီးသေးဘူး...။ နင် မထင်ထားဘူးမလား...၊ နင့်ဖုန်းနံပါတ်ကို ငါ ဝန်ဆောင်မှု ဌာနကနေ ရလာတာ...။"

"နင်လို အောက်တန်းစား ပို့ဆောင်သူ ခွေး...။ နင့်ကြောင့် ငါ နေ့လယ်စာ မစားလိုက်ရဘူး...။ နင့်ကို ဒီအလုပ်ကနေ ထုတ်ပစ်အောင် ငါ လုပ်မယ်...။ နင် ပိုက်ဆံ ရှာလို့ မရအောင် လုပ်ပစ်မယ်...။"

"နင်လို ဦးနှောက်မရှိတဲ့ ခွေး...၊ နင် ဆင်းရဲပြီး ထမင်းငတ်သွားတဲ့အထိ စောင့်နေလိုက်...။ ဒါ ငါ့ကို စော်ကားတဲ့ ရလဒ်ပဲ...။"

လျန်ထျန်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ သူသည် ဖုန်းနံပါတ်ကို ပြန်ကြည့်လိုက်ရာ "အတွင်းရေးမှူး လျှောက်ထားသူ (၃)" ဖြစ်နေသည်မှာ အမှန်ပင်။

"ဒီလောက်တောင် တိုက်ဆိုင်ရသလား...။"

ဤ "အတွင်းရေးမှူး လျှောက်ထားသူ ၃" ဆိုသည်မှာ ယခင်က အစားအသောက် မှာယူပြီး သူ့ကိုဆဲဆို ခဲ့သော ထိုတက္ကသိုလ် ကျောင်းသူပင် ဖြစ်နေတော့သည်။

All Chapters