← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅)

ဆွံ့အသော ပို့ဆောင်သူလေး

အစားအသောက် ပို့ဆောင်သူတစ်ဦးက ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် ကြိုးပမ်းခြင်းမှာ လူအများအတွက်မူ စိတ်ကူးယဉ် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သို့သော် လျန်ထျန်းကမူ သူ့အနေဖြင့် ဤအမှုကို ဆောင်ရွက်နိုင်သည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါ သူသည် အလွန်ထူးခြားသော အခြေအနေတစ်ရပ်သို့၏ ရောက်ရှိနေ သောကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော မိုးရွာသည့် ညတစ်ည၌ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ကမ္ဘာပေါ်ရှိ ကုန်ဈေး နှုန်းများမှာ အဆတစ်သန်းခန့် ပြုတ်ကျသွားခဲ့လေသည်။ သို့သော် သူ ရရှိနေသော အစားအသောက် ပို့ဆောင်ခများမှာမူ မူလအတိုင်းပင် ကျန်ရစ်နေခဲ့လေ၏။

တစ်နည်းအားဖြင့် ဆိုရသော် ယခုအခါ သူ ရှာဖွေရရှိသော ငွေတစ်ယွမ်စီတိုင်းသည် ကုန်ဈေးနှုန်းများ မကျဆင်းမီက ယွမ်တစ်သန်းနှင့် ညီမျှနေခြင်း ဖြစ်လေသည်။ အမှာစာတစ်ခု ပို့ဆောင်ခမှာ ပျမ်းမျှအား ဖြင့် (၅) ယွမ် သို့မဟုတ် (၆) ယွမ်ခန့် ရရှိရာ လျန်ထျန်းအနေဖြင့် အမှာစာတစ်ခု ပို့ဆောင်ရုံဖြင့် ထီပေါက် သကဲ့သို့သော ကြွယ်ဝမှုကို ရရှိနေခြင်း ဖြစ်ပေသည်။

လျန်ထျန်းသည် နံနက်မှ ညမိုးချုပ်သည်အထိ မနားတမ်း ကြိုးစားလျှင် တစ်နေ့လျှင် အမှာစာ (၇၀) မှ (၈၀) အထိ ပို့ဆောင်နိုင်လေသည်။ အလွန်ပင် ပင်ပန်းလှသည်ဆိုသော်လည်း တစ်နေ့လျှင် ယွမ် (၃၀၀) သို့မဟုတ် (၄၀၀) ခန့် ရရှိသဖြင့် သူသည် မညည်းမညူဘဲ ကြိုးစားနေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုခေတ်၏ ယွမ် (၃၀၀)၊ (၄၀၀) ဆိုသည်မှာ ယခင်က ယွမ်သန်း (၃၀၀)၊ (၄၀၀) နှင့် အလားတူနေသောကြောင့်ပင် မဟုတ်ပါလား။

တစ်လလျှင် သူသည် ယွမ်တစ်သောင်းကျော် ရရှိနေပြီး ဤသည်မှာ ယခင်ခေတ်၏ ယွမ်ဘီလီယံ တစ်ဆယ်ကျော်နှင့် ညီမျှနေလေသည်။ လျန်ထျန်းသည် ဤငွေကြေး အမြောက်အမြားကို အလား အလာရှိသော ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံကာ အစုရှယ်ယာရှင်ကြီး ဖြစ်လာခဲ့လေသည်။

တည်ငြိမ်စွာ ဖွံ့ဖြိုးနေသော ကုမ္ပဏီများမှ တစ်နှစ်လျှင် (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိ အကျိုး အမြတ် ရရှိနိုင်သကဲ့သို့ အချို့သော ကုမ္ပဏီများမှာမူ တစ်နှစ်လျှင် အကျိုးအမြတ် (၅၀) ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆအထိပင် တိုးပွားလာတတ်သည်။

ဥပမာအားဖြင့် အယ်လ် မြို့တော်ရှိ ရှစ်ကျား သံမဏိ၊ ကျင်းတ အိမ်ခြံမြေနှင့် ရှောဖု အုပ်စုတို့မှာ လျန်ထျန်း၏ ငွေကြေး အထောက်အပံ့ဖြင့် လုပ်ငန်းများကို အိတ်ချ် မြို့တော်သို့ပါ အရှိန်အဟုန်ဖြင့် တိုးချဲ့နိုင်ခဲ့ကြလေသည်။

ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အမြတ်ရသည်တော့ မဟုတ်ပေ။ အချို့သော ကုမ္ပဏီများကြောင့် လျန်ထျန်းမှာ ဆုံးရှုံးမှုများ ကြုံတွေ့ရသည်လည်း ရှိ၏။ သို့သော် သူ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများမှာ တစ်ခုနှင့် တစ်ခု အပြန်အလှန် ဖေးမကြသဖြင့် ဆုံးရှုံးမှုမှာ အလွန်ပင် နည်းပါးလှလေသည်။

ဒေသတစ်ခု၏ စီးပွားရေး အခြေခံဒေါက်တိုင်များ စုစည်းမိသွားသောအခါ ၎င်းတို့၏ စွမ်းအားမှာ မှန်းဆ ၍ပင် မရနိုင်တော့ပေ။

အချို့သော ဆုံးရှုံးမှုများမှာလည်း ယာယီသာ ဖြစ်သည်။ ဟယ်ရှန့်၏ ကုမ္ပဏီကဲ့သို့ပင် လက်ရှိတွင် အရှုံး ပေါ်နေသော်လည်း အနာဂတ်တွင်မူ လုပ်ငန်းနယ်ပယ်၌ အင်အားကြီး ယူနီကွန်း ကုမ္ပဏီတစ်ခု ဖြစ်လာ နိုင်သည့် အလားအလာ ရှိနေလေသည်။

ထိုသို့ ဖြစ်လာပါက လျန်ထျန်းအတွက် ပြန်လည်ရရှိမည့် အကျိုးအမြတ်မှာ အဆပေါင်းများစွာ ရှိပေလိမ့်မည်။

လျန်ထျန်းအနေဖြင့် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီကို ဝယ်ယူရန် အလွန်အမင်း ဆန္ဒရှိနေခြင်းမှာ ပို့ဆောင်သူ လုပ်ဖော်ကိုင်ဖက်များ၏ မတရား နှိပ်စက်ခံရမှုများကို သူကိုယ်တိုင် မြင်တွေ့နေရသော ကြောင့် ဖြစ်ပေသည်။

အထူးသဖြင့် မသန်စွမ်းသူများမှာ အခြားသော လုပ်ငန်းခွင်များ၌ အလုပ်အကိုင် ရရှိရန် ခက်ခဲလှသဖြင့် အစားအသောက် ပို့ဆောင်ရေး အလုပ်ဖြင့်သာ ဝမ်းစာ ရှာဖွေနေကြရခြင်း ဖြစ်သည်။ သို့သော်လည်း လူအချို့မှာမူ သူတို့ကို အထင်အမြင်သေးစွာဖြင့် ဆက်ဆံတတ်ကြပေသည်။

ထိုနေ့၌ လျန်ထျန်းသည် ပန်းခြံတစ်ခုအတွင်းရှိ အွန်လိုင်း လူမှုကွန်ရက်ပေါ်တွင် နာမည်ကျော်နေသော နေရာတစ်ခုသို့ အမှာစာ သွားရောက် ပို့ဆောင်ခဲ့လေသည်။ ထိုနေရာ၌ ပို့ဆောင်သူများစွာ သွားလာနေ သည်ကို တွေ့မြင်နိုင်ပေသည်။

အားလပ်ရက် ဖြစ်သဖြင့် လူများစွာသည် အပန်းဖြေရင်း အစားအသောက်များကို မှာယူ စားသောက်နေ ကြခြင်း ဖြစ်ချေသည်။

လူအများစုမှာ အစားအသောက် လက်ခံရရှိသောအခါ ယဉ်ကျေးပျူငှာစွာဖြင့် ကျေးဇူးတင်စကား ဆို တတ်ကြသော်လည်း အချို့မှာမူ မိမိကိုယ်ကိုယ် ဖောက်သည်ဟု အမည်တပ်ကာ ပို့ဆောင်သူများကို အစေခံများသဖွယ် ဆက်ဆံတတ်ကြလေသည်။

ဤသည်မှာ ပို့ဆောင်သူတိုင်း ကြုံတွေ့နေရသော အခက်အခဲများပင် ဖြစ်တော့သည်။ မိသားစုကို လုပ်ကျွေး ပြုစုနေရသူများ ဖြစ်သဖြင့် မည်သို့ပင် နှိပ်စက်ခံရပါစေ သည်းခံနေကြရရှာပေသည်။

လျန်ထျန်းသည် ခေတ္တမျှ အနားယူပြီးနောက် နောက်ထပ် အမှာစာများ ပို့ဆောင်ရန် ပြင်လိုက်လေသည်။ သို့သော် သူ မထွက်ခွာမီ ဘေးရှိ စားပွဲတစ်ခုဆီမှ အမျိုးသမီးတစ်ဦး၏ စူးရှသော အော်သံကို ကြားလိုက် ရလေတော့သည်။

"ဘာလို့ အခုမှ ရောက်တာလဲ...။ အချိန်ကိုလည်း ကြည့်ဦး...၊ ဒီဆိုင်နဲ့ ဒီနေရာက ဘယ်လောက်ဝေး လို့လဲ...။ နင် လမ်းလျှောက်လာတာလား...၊ တစ်ခုခု ပြောစမ်းပါဦး...။"

လျန်ထျန်း လှည့်ကြည့်လိုက်သောအခါ ချောမောလှပသော မိန်းကလေးတစ်ဦးက အစားအသောက် ပို့ဆောင်သူလေးတစ်ဦးကို ငေါက်ငမ်းနေသည်ကို တွေ့လိုက်ရသည်။ ထိုပို့ဆောင်သူလေးမှာမူ လက်ဟန် ခြေဟန်များဖြင့်သာ တုံ့ပြန်နေပြီး ပါးစပ်မှ မည်သည့်အသံမျှ ထွက်မလာပေ။ မိန်းကလေးမှာ ပို၍ စိတ်မ ရှည် ဖြစ်လာကာ ၊

"ဒါက ဘာအမူအရာလဲ...၊ လက်ညှိုးတွေ ထိုးမပြနဲ့...။ စကားပြောစမ်းပါ...၊ နင်က အ အ မ လား...။"

ပို့ဆောင်သူလေးသည် အလုပ်ခွင့်ပြုချက် ကတ်ပြားတစ်ခုကို အလျင်အမြန် ထုတ်ပြလိုက်သည်။ မိန်းကလေးက ၎င်းကို ကြည့်ကာ အော်ဟစ် ဖတ်ပြလိုက်လေသည်။

"စကားပြော မသန်စွမ်းသူများအတွက် အလုပ်လုပ်ခွင့် လက်မှတ်တဲ့...။ ဟားဟား...၊ တကယ်ပဲ အ အ တစ်ယောက်ပဲ...။"

သာမန်လူဆိုလျှင် ဤကဲ့သို့ စကားမပြောနိုင်သော ပို့ဆောင်သူလေးကို မြင်ပါက သနားစာနာစိတ် ဖြစ်မိ ကြမည် ဖြစ်သော်လည်း ထိုမိန်းကလေးကမူ လှောင်ပြုံး ပြုံးလျက် ပြောလိုက်လေသည်။

"နင်က အ အ မ တစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ အစားအသောက် လာပို့နေတာလဲ...။ ပို့ဆောင် ရေး ကုမ္ပဏီမှာ လူကောင်းတွေ မရှိတော့ဘူးလား...။"

"နင် ငါပြောတာကိုတော့ ကြားတယ် မဟုတ်လား...။ နင်လို စကားမပြောနိုင်တဲ့သူနဲ့ ဒီလို အလုပ်မျိုးက မထိုက်တန်ဘူး...။ အစားအသောက် ပို့တယ်ဆိုတာမှာလည်း လိုအပ်ချက်တွေ ရှိတယ်လေ...။"

"အစားအသောက် ပို့တဲ့အခါမှာ လူတွေနဲ့ ဆက်သွယ်ပြောဆိုရတာတွေ ရှိတယ်...။ ငါ ပွင့်ပွင့်လင်းလင်း ပြောရရင် နင်က ဒီအလုပ်မျိုးကို လုပ်ဖို့ မထိုက်တန်ဘူး...။"

မိန်းကလေး၏ စကားများမှာ ပို၍ ရိုင်းစိုင်းလာသဖြင့် စကားမပြောနိုင်သော ပို့ဆောင်သူလေးမှာ အဆက်မပြတ် ဦးညွှတ်ကာ တောင်းပန်နေရရှာလေသည်။ ဘေးပတ်ဝန်းကျင်ရှိ စိတ်ထားကောင်းသူ အချို့ကလည်း ဝိုင်းဝန်း ပြောဆိုပေးကြသော်လည်း ထိုမိန်းကလေးကမူ ဒေါသတကြီး ပြန်ပြော နေခဲ့ လေသည်။

"နင်တို့ ဘာသိလို့လဲ...။ ငါ မှာထားတဲ့ ကော်ဖီအေးက အခုတော့ အကုန် အရည်ပျော်ကုန်ပြီ...။ ကော်ဖီက မအေးတော့ဘူး...။"

"အဲ့ဒါထက် ပိုအရေးကြီးတာက ငါက ဒီကော်ဖီကို ဓာတ်ပုံရိုက်ပြီး ဗီဒီယို တင်ချင်တာလေ...။ အခုတော့ ကော်ဖီခွက်က ရေငွေ့တွေနဲ့ စိုနေပြီ...။ ငါ ဘယ်လို ဓာတ်ပုံရိုက်ရမလဲ...။"

"ငါက ဝူလု မီဒီယာ ကုမ္ပဏီ နဲ့ စာချုပ်ချုပ်ထားတဲ့ အွန်လိုင်း ဆယ်လီ တစ်ယောက်ပဲ...။ ဒါက ငါ့အတွက် ဘယ်လောက် ထိခိုက်သလဲ နင်တို့ သိလား...။ ဒါကြောင့် သူ့ကို အဆိုးမြင် မှတ်ချက် ပေးပြီး တိုင်ပစ်ရမှာ ပဲ...။"

"တကယ်တော့ အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ရင် မလုပ်နဲ့လေ...။ နင့်ကိုယ်နင် မသန်စွမ်းမှန်း သိသိနဲ့ သူတစ်ပါး အလုပ်ကို လာပြီး နှောင့်နှေးအောင် လုပ်နေတာလား...။"

ထိုစကားများကြောင့် ဘေးရှိ လူများမှာလည်း ဆက်၍ မပြောရဲကြတော့ပေ။ စကားမပြောနိုင်သော ပို့ဆောင်သူလေးမှာမူ ဖုန်းထဲတွင် စာရိုက်ကာ အသနားခံနေရှာလေသည်။

[တောင်းပန်ပါတယ်...၊ ကျွန်မ နည်းနည်း နောက်ကျသွားပါတယ်...။ ကျေးဇူးပြုပြီး အဆိုးမြင် မှတ်ချက် မပေးပါနဲ့ရှင်...။ ဒီလထဲမှာ ကျွန်မ အဆိုးမြင် မှတ်ချက် နှစ်ခု ရထားလို့ပါရှင်...။]

ထိုစာကို မြင်သောအခါ မိန်းကလေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

"တွေ့တယ်မလား...။ နင်က အစားအသောက် မပို့သင့်ဘူးလို့ ထင်တာ ငါတစ်ယောက်တည်း မဟုတ် ဘူး...။ အဲ့ဒီ အဆိုးမြင် မှတ်ချက် နှစ်ခုကလည်း ငါ့လိုပဲ ထင်လို့ ဖြစ်မှာပေါ့...။"

"နင့်ကိုယ်နင်လည်း သိသင့်ပါတယ်...၊ နင်က ငါတို့လို သာမန်လူတွေနဲ့ မတူဘူးလေ...။"

"ကြည့်စမ်း... နင်နဲ့ စကားပြောရတာ ဘယ်လောက်တောင် အချိန်ကုန်ပြီး ခက်ခဲသလဲဆိုတာ...။"

"ထားလိုက်ပါတော့... နင့်ကို ဆက်ပြောနေလည်း အပိုပဲ...။ အုတ်နံရံကို စကားပြောနေရသလိုပဲ...။"

"ဒီကော်ဖီကို အခုချက်ချင်း ပြန်ယူသွားတော့...၊ ငါ မသောက်တော့ဘူး...။ ပြန်ယူသွား...၊ ငါကတော့

တိုင်မှာပဲ...။"

ပို့ဆောင်သူလေးမှာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေရှာသည်။ လျန်ထျန်းသည် ထိုအခြေအနေကို ဆက်၍ ကြည့်မနေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကော်ဖီခွက်၌ ရေငွေ့များ စိုနေခြင်းမှာ သဘာဝပင် ဖြစ်သောကြောင့် ဖြစ်သည်။

ဩဂုတ်လကုန်၏ ပူပြင်းလှသော ရာသီဥတုတွင် အေးခဲနေသော ကော်ဖီခွက်အပြင်ဘက်၌ ရေငွေ့များ ဖြစ်ပေါ်လာခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော အချက်ပင်။ ဤအချက်ကို အခြေခံ၍ မသန်စွမ်းသူတစ်ဦး ကို နှိပ်စက်ခြင်းမှာ လွန်လွန်းလှပေသည်။

ထို့အပြင် လျန်ထျန်း လျှောက်သွားစဉ် ပို့ဆောင်သူလေး၏ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ အချိန် လည်း ကျော်လွန်ခြင်း မရှိသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မည်သည့်အချက်နှင့် ကြည့်ကြည့် ပို့ဆောင်သူလေးတွင် အပြစ်မရှိပေ။ လျန်ထျန်းသည် ရှေ့သို့ တိုးလာကာ ပြောလိုက်လေသည်။

"မမလေး...၊ ခုနက ပြောတာက စကားမပြောနိုင်တဲ့သူတွေက အစားအသောက် မပို့သင့်ဘူးပေါ့...။ ဆက်သွယ်ပြောဆိုမှု မလုပ်နိုင်လို့ပေါ့...။ အဲ့ဒါဆိုရင် ဆက်သွယ်ပြောဆိုမှု မလိုတဲ့ အလုပ်ဆိုတာကော ရှိလို့လား...။"

"မမလေး ပြောသလိုဆိုရင် စကားမပြောနိုင်တဲ့သူတွေ...၊ မဟုတ်ဘူး...။ မသန်စွမ်းသူတွေ အားလုံးက အလုပ်လုပ်ခွင့် မရှိတော့ဘူးလား...။"

"အဲ့ဒါဆိုရင် သူတို့ ဘယ်လို အသက်ရှင်ရမလဲ...။ သူတို့က အသက်ရှင်ဖို့အတွက် အစွမ်းကုန် ကြိုးစား နေကြတာလေ...။ ခင်ဗျားမှာ သူတို့ကို ဒီလို ပြောဆိုခွင့် ဘာများရှိလို့လဲ...။"

တစ်စုံတစ်ဦးက ဝင်ရောက် ပြောဆိုသည်ကို မြင်သောအခါ မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်သွား တော့သည်။ လျန်ထျန်းမှာလည်း ပို့ဆောင်သူတစ်ဦး ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမက လှောင် ပြုံး ပြုံးလျက် ပြောလိုက်လေသည်။

"ငါက စားသုံးသူပဲ...၊ ငါက ဖောက်သည်ပဲ...။ ငါ့မှာ သူ့ကို ပြောဆိုပိုင်ခွင့် ဘာလို့ မရှိရမှာလဲ...။"

"ပြီးတော့ နင်ကလည်း အစားအသောက် ပို့တဲ့သူ တစ်ယောက်ပဲလေ...။ ငါ့ကို အဲ့ဒီလို စကားမျိုး ပြောရ အောင် နင်က ဘယ်လောက်အဆင့်အတန်း ရှိလို့လဲ...။"

အခန်း (၁၃၆)

အွန်လိုင်း ဆယ်လီမလေး၏ အလှည့်အပြောင်း

ထိုမိန်းကလေးမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလှပေသည်။

"နင့်ကို ငါနဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ လာဝင်မရှုပ်ဖို့ သတိပေးလိုက်မယ်...။ မဟုတ်ရင် နင့်ကိုပါ ငါ တိုင်ပစ် မှာနော်...။"

သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား မျက်လုံးများ ကစား လျက် အဓိပ္ပာယ်မရှိသော စကားများကို ဆက်၍ ဆိုပြန်လေသည်။

"မဟုတ်သေးဘူး...၊ နင် ငါ့ကို တောင်းပန်ရမယ်...။"

"တောင်းပန်ပြီးရင် ငါပြောတာ မှန်တယ်လို့ ဝန်ခံရမယ်...။ ပြီးတော့ မသန်စွမ်းတဲ့သူတွေက အစားအ သောက် ပို့တဲ့အလုပ်နဲ့ မသင့်တော်ပါဘူးလို့ နင်ကိုယ်တိုင် ပြောရမယ်...။ မဟုတ်ရင်တော့ နင့်ကိုပါ ငါ တိုင်ပစ်မှာ အသေအချာပဲ...။"

ထိုမိန်းကလေး၏ အကျိုးအကြောင်း မဆီလျော်လှသော စကားများကြောင့် လျန်ထျန်း၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

"ဟုတ်ကဲ့... မင်းပြောတာ အကုန်မှန်ပါတယ်...။"

"သူတို့က မသန်စွမ်းသူတွေပဲလေ...၊ ဘာအလုပ်မှ မလုပ်သင့်ဘူး မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ မိန်းကလေးသည် လျန်ထျန်းကို အနိုင်ယူလိုက်နိုင်ပြီဟု ထင်မှတ်ကာ ကျေနပ်စွာ ပြုံးလိုက်လေသည်။ သို့သော်လည်း လျန်ထျန်း၏ နောက်ဆက်တွဲ စကားများကြောင့် သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

"သူတို့က မင်းရဲ့ နှိပ်စက်မှုကိုပဲ ခံနေရမှာပေါ့...။ အလုပ်မှန်သမျှကိုတော့ မင်းလို ရုပ်ရည်လေးရှိပြီး စကား တတ်တဲ့သူတွေကပဲ လုပ်သင့်တာပေါ့...။"

"ငါ တစ်ခုပဲ နားမလည်တာက ဒီမသန်စွမ်းသူတွေက မင်းကို ဘာများ စော်ကားခဲ့လို့လဲ...။ ကိစ္စသေး သေးလေးကို ဘာလို့ ဒီလောက်အထိ အခက်တွေ့အောင် လုပ်နေရတာလဲ...။"

"ကော်ဖီခွက်ပေါ်မှာ ရေငွေ့တွေ စိုနေတာက သဘာဝပဲလေ... ။ ဒါက အအေးကြောင့် ဖြစ်တဲ့ ရေငွေ့ဆို တာ မင်း ကျောင်းမတက်ဖူးဘူးလား...။ ရိုးရှင်းတဲ့ ရူပဗေဒ သဘောတရားကိုတောင် မသိဘူးလား...။"

"ပြီးတော့ ဒီအမှာစာက အချိန်လည်း မကျော်သေးဘူးလေ...။ ဘာလို့ နောက်ကျတယ်လို့ ပြောနေရ တာလဲ...။ ဘာလို့ သူ့ကို အဆိုးမြင် မှတ်ချက် ပေးပြီး တိုင်ချင်နေရတာလဲ...။"

ထိုစကားများကို ကြားသောအခါ မိန်းကလေးမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရှုံ့မဲ့သွားကာ လျန်ထျန်းကို လက်ညှိုးထိုးလျက် အော်ဟစ်လေတော့သည်။

"နင်တော့ သေပြီသာ မှတ်လိုက်တော့...။ နင့်ကို ငါ အပြုတ် တိုင်ပစ်မယ်...။"

"အနံ့အသက် မကောင်းတဲ့ အစားအသောက် ပို့တဲ့ကောင်က ငါ့ကို ဘယ်လို စကားပြောရဲတာလဲ...။ ငါက ဝူလု မီဒီယာ နဲ့ စာချုပ်ချုပ်ထားတဲ့ အွန်လိုင်း ဆယ်လီ တစ်ယောက်ပဲ...။ ဖော်လိုဝါ သိန်းနဲ့ချီ ရှိတဲ့ နတ်သမီးလေးလို့ ခေါ်ရမယ့်သူမျိုးပဲ...။"

မိန်းကလေး၏ ဒေါသတကြီး ဖြစ်နေပုံကို ကြည့်ကာ လျန်ထျန်းက ရယ်မောလိုက်လေသည်။

"မင်း ငါ့ကို တိုင်မယ် ဟုတ်လား...။ ဘယ်လို တိုင်မှာလဲ...၊ မင်းရဲ့ အစားအသောက်ကို ပို့ပေးခဲ့တာ ငါမှ မဟုတ်တာ...။ ငါ ဘယ်သူလဲဆိုတာရော မင်း သိလို့လား...။"

ထိုအခါ မိန်းကလေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ၊

"နင် ဘယ်သူလဲဆိုတာ ငါ မသိဘူး...။ ဒါပေမဲ့ ငါပြောပြီးပြီလေ...၊ ငါက ဖော်လိုဝါ သိန်းနဲ့ချီ ရှိတဲ့ အွန်လိုင်း ဆယ်လီ တစ်ယောက်ပါလို့...။"

"ငါသာ နင့်ကို ဓာတ်ပုံရိုက်လိုက်ရင် ငါ့ရဲ့ ဖော်လိုဝါ သိန်းနဲ့ချီက နင့်ရဲ့ အကြောင်းစုံကို ရှာပေးကြလိမ့် မယ်...။"

"အဲ့ဒီအခါကျရင် နင့်ရဲ့ အချက်အလက်တွေ အကုန် ပေါ်လာလိမ့်မယ်...။ ငါ့ရဲ့ ဖန်တွေ အကုန်လုံးက နင့်ကို ဝိုင်းပြီး တိုင်ကြလိမ့်မယ်...၊ ဟားဟား...။"

ပြောပြောဆိုဆိုနှင့်ပင် ထိုမိန်းကလေးသည် ဖုန်းကို ထုတ်ကာ လျန်ထျန်းကို ဓာတ်ပုံရိုက်လေတော့သည်။ ထို့အပြင် သူမသည် အမှန်တရားကို လိမ်လည်ကာ သနားစဖွယ် ပုံစံဖမ်းလျက် ဗီဒီယို ရိုက်ကူးလေတော့ သည်။

"ချစ်လေးတို့ရေ... ၊ ဒီနေ့ ရှောင်ယျာ အနိုင်ကျင့်ခံရတယ်...။ အနိုင်ကျင့်တဲ့သူက အစားအသောက် ပို့တဲ့ သူတစ်ယောက်ပါ...။ ဟီး...။"

ထို့နောက် သူမသည် ကင်မရာကို လျန်ထျန်းဘက်သို့ လှည့်ကာ ဆက်၍ ရိုက်ကူးပြန်လေသည်။

"ကြည့်ကြပါဦး ချစ်လေးတို့ရေ...။ ဒါ အဲ့ဒီ ပို့ဆောင်သူပဲ...၊ သူက ရှောင်ယျာ့ ရဲ့ အော်ဒါကို ပို့ပေးတာ မဟုတ်ဘဲနဲ့ ရှောင်ယျာ့ ကို လာပြီး နှောင့်ယှက်နေတာ...။ ရှောင်ယျာက ငြင်းလိုက်တော့ သူက အရမ်း ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုနေတယ်...။ ရှောင်ယျာက သူ ဘယ်သူလဲဆိုတာ မသိတော့ တိုင်လို့ မရဖြစ်နေတယ်...။"

"ချစ်လေးတို့ထဲက တစ်ယောက်ယောက်များ သူ ဘယ်သူလဲဆိုတာ သိရင် ရှောင်ယျာ့ ကို ကူညီပေးကြ ပါဦးနော်...။ အားလုံးကို ကျေးဇူးတင်ပါတယ်...။"

ဗီဒီယို ရိုက်ကူးပြီးနောက် ရှောင်ယျာဟု မိမိကိုယ်ကိုယ် အမည်ပေးထားသော ထိုကျောင်းသူလေးသည် ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ်သို့ တင်လိုက်လေတော့သည်။

ဗီဒီယို တင်ပြီးသည်နှင့် သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ယုတ်မာသော အပြုံးတစ်ခု ပေါ်လာလေတော့သည်။

"နင်တော့ အပြတ်ကို သေပြီသာ မှတ်လိုက်...။"

"ငါ့ရဲ့ ဖော်လိုဝါ သိန်းနဲ့ချီရဲ့ အစွမ်းနဲ့ နင့်ရဲ့ အကြောင်းတွေကို ခဏလေးနဲ့ ရှာနိုင်လိမ့်မယ်...။ နင် ဘယ်မှာ နေလဲဆိုတာအထိပေါ့...။"

"ဟားဟား...၊ ကြည့်စမ်း... တစ်ယောက်က မှတ်ချက် ပေးလိုက်ပြီ...။ ဒါ ငါ့ရဲ့ ဖန်တွေရဲ့ စွမ်းအားပဲ...။"

"ဘယ်သူ အရင်ဆုံး မှတ်ချက် ပေးသလဲ ကြည့်ရအောင်...။ နင့်ကို သိတဲ့သူလည်း ဖြစ်နိုင်တာပဲလေ... ။ သူတို့က ငါ့ကို မျက်နှာသာရအောင် အပြိုင်အဆိုင် လုပ်ကြမှာ...။"

"ငါက သူတို့ကို ချစ်လေးတို့လို့ ခေါ်ပေမဲ့ တကယ်တော့ သူတို့က ငါ့ရဲ့ ခွေးတွေပဲ...။ ငါ ခိုင်းတာမှန်သမျှ လုပ်ပေးမယ့်သူတွေပေါ့...။"

"ဒီမှာ... ပထမဆုံး မှတ်ချက်က...၊"

သို့သော်လည်း သူမသည် မှတ်ချက်ကို ဖတ်လိုက်သောအခါ စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံး မှတ်ချက်မှာ ဝူလု မီဒီယာ ၏ အမှုဆောင် အရာရှိချုပ် လေ့ပင်းယီ ဆီမှ ဖြစ်နေသောကြောင့်ပင်။

လေ့ပင်းယီ ၏ မှတ်ချက်မှာ ၊

[အခုချက်ချင်း ဗီဒီယိုကို ဖျက်လိုက်စမ်း...။ အဲ့ဒါ ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာရှင်အသစ်ပဲ...။ မင်း ဘယ်လိုမှ မစော်ကားသင့်တဲ့သူမျိုးပဲ...။]

ထိုမှတ်ချက်ကို မြင်လိုက်ရသောအခါ ရှောင်ယျာမှာ မှင်တက်သွားရလေတော့သည်။

*ကုမ္ပဏီရဲ့ ရှယ်ယာရှင်အသစ်က ဘယ်သူလဲ...။ ငါ့ရှေ့က အစားအသောက် ပို့တဲ့သူလား...။ ဟားဟား...၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။*

သူမ ထိုသို့ တွေးနေစဉ်မှာပင် ဖုန်းဝင်လာခဲ့လေသည်။ ဖုန်းခေါ်ဆိုသူ၏ အမည်မှာ "ဥက္ကဋ္ဌလေ့" ဟု ပေါ် နေလေသည်။ ဝူလု မီဒီယာ ရှိ မည်သည့် အွန်လိုင်း ဆယ်လီမှ ဥက္ကဋ္ဌလေ့ ၏ ဖုန်းကို မကိုင်ဘဲ မနေရဲ ကြပေ။

ရှောင်ယျာလည်း အလျင်အမြန် ဖုန်းလက်ခံလိုက်သည်။ ဖုန်းကို နားထောင်လိုက်သည်နှင့် တစ်ဖက်မှ ဥက္ကဋ္ဌလေ့ ၏ ဟိန်းဟောက်သံ ထွက်ပေါ်လာလေတော့သည်။

"အဲ့ဒီ ဗီဒီယိုကို ဖျက်ခိုင်းနေတာ ဘာလို့ မဖျက်သေးတာလဲ...။"

ရှောင်ယျာမှာ အလွန်ပင် အားငယ်သွားပြီး ပြန်ပြောလိုက်လေသည်။

"ဥက္ကဋ္ဌလေ့... ရှင် လူမှားနေတာ ထင်တယ်...။"

"ကျွန်မရှေ့က တစ်ယောက်က အစားအသောက် ပို့တဲ့သူ အစစ်ပါ...။ ကျွန်မတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင် ကြီး မဖြစ်နိုင်ပါဘူး...။"

"သူ တခြားလူတွေကို အစားအသောက် ပို့ပေးနေတာ ကျွန်မ ကိုယ်တိုင် မြင်လိုက်တာပါ...။ သူသာ ရှယ်ယာရှင်ကြီး ဆိုရင် ဒီလို အောက်တန်းကျတဲ့ အလုပ်မျိုးကို ဘာလို့ လုပ်နေမှာလဲ...။"

"ဒါကြောင့် ဥက္ကဋ္ဌ လူမှားနေတာ ဖြစ်မှာပါ...။ စိတ်ချပါ...၊ ကျွန်မသာ ရှယ်ယာရှင်ကြီးနဲ့ တွေ့ရင် လုံးဝ မစော်ကားပါဘူး...။ ကျွန်မက...၊"

ရှောင်ယျာ စကားပင် မဆုံးသေးမီ ဥက္ကဋ္ဌလေ့ ၏ အော်ဟစ်သံက သူမ၏ စကားကို ဖြတ်ပြောလိုက် ပြန်လေသည်။

"နင်က တကယ့်ကို ငတုံးမပဲ...။ ငါတို့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်အသစ်ရဲ့ ဝါသနာက အစားအသောက် လိုက်ပို့တာလေ...။"

"အဲ့ဒီနေ့က ငါ ဘယ်တော့မှ မမေ့ဘူး.... လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ စာချုပ်လာချုပ်တုန်းကလည်း ဒီလို ဝတ်စုံနဲ့ပဲလေ...။ ပြီးတော့ ယွမ်နှစ်ထောင် ကို အသာလေး လွှဲပေးခဲ့တာ...။"

"စာချုပ်ချုပ်ပြီးတော့ ငါက ထမင်းဖိတ်ကျွေးတာကိုတောင် အော်ဒါပို့စရာ ရှိတယ်ဆိုပြီး ငြင်းသွား တာလေ...။"

"အဲ့ဒီအချိန်မှာ ငါ သဘောပေါက်သွားတာက တကယ့် သူဌေးကြီးတွေရဲ့ ဝါသနာဆိုတာ ငါတို့လို လူတွေ နားမလည်နိုင်ဘူးဆိုတာပဲ...။"

"အဲ့ဒါကြောင့် ငါလည်း ရှယ်ယာရှင်ကြီးဆီက သင်ယူပြီး အားတဲ့အချိန်မှာ အစားအသောက် လိုက်ပို့နေ တာပေါ့...။"

"အဲ့ဒီတော့မှ အစားအသောက် ပို့တာက တကယ့်ကို လေ့ကျင့်ခန်း ဖြစ်မှန်း ငါ သိသွားတယ်...။ လမ်း လျှောက်ရတယ်၊ လှေကားတက်ရတယ်...။ ဂျင် သွားတာထက်တောင် ပိုပြီး ထိရောက်သေးတယ်...။"

"ရက်ပိုင်းအတွင်းမှာပဲ ငါ သုံးပေါင်တောင် ကျသွားပြီ...။ စိတ်ကလည်း ကြည်လင်လာတယ်...။ ရှယ်ယာ ရှင်ကြီးရဲ့ ဝါသနာက တကယ်ကို ထူးခြားတာပဲ...။"

"အခုပဲ ငါ အော်ဒါတစ်ခု ပို့ပြီးလို့ နားနေတုန်း မင်းရဲ့ ဗီဒီယိုကို မြင်လိုက်တာ...။ ပြီးတော့ မင်းက ရှယ်ယာရှင်ကြီးကို စော်ကားနေတာကို တွေ့လိုက်ရတာပဲ...။"

"အခုချက်ချင်း ရှယ်ယာရှင်ကြီးကို တောင်းပန်လိုက်...။ ပြီးတော့ သူ ခိုင်းသမျှကို လုပ်ရမယ်...။ ကြား လား...။"

"နင်သာ မလုပ်ဘူးဆိုရင် နင့်ရဲ့ ဖော်လိုဝါ သိန်းနဲ့ချီရှိတဲ့ အကောင့်ကို ငါ အခုချက်ချင်း ပြန်သိမ်းပစ်မယ်..။ စာချုပ်အရ အကောင့်က ကုမ္ပဏီပိုင်ပဲ...။"

ထိုစကားများကို ကြားပြီးနောက် ရှောင်ယျာမှာ လုံးဝ ဆွံ့အသွားတော့သည်။ သူမသည် လျန်ထျန်းကို ပြန်လည် ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီနေပြီး လေသံမှာလည်း တုန်ယင်နေတော့သည်။

"ရှင်...၊ ရှင်က တကယ်ပဲ ဝူလု မီဒီယာ ရဲ့ ရှယ်ယာရှင်ကြီးလား...။"

လျန်ထျန်းက ခေတ္တမျှ စဉ်းစားပြီး ခေါင်းငြိမ့်လိုက်လေသည်။

"ဩော်... ဝူလု မီဒီယာ လား...။ မှတ်မိသလိုတော့ ရှိသားပဲ...။"

"ဒီရက်ပိုင်း ကုမ္ပဏီတွေ အများကြီးမှာ ရင်းနှီးမြှုပ်နှံထားတော့ ချက်ချင်း မမှတ်မိလိုက်ဘူး...။"

"ဒါဆိုရင် မင်းက ငါ့လက်အောက်မှာ အလုပ်လုပ်နေတာပေါ့ ဟုတ်လား...။"

အတည်ပြုချက် ရရှိသွားသောအခါ ရှောင်ယျာမှာ ပို၍ပင် တုန်ရီလာပြီး ခုနက ဗီဒီယိုကို၏ အလျင် အမြန် ဖျက်လိုက်လေတော့သည်။ ထို့နောက် သူမသည် ချွဲနွဲ့သော အပြုံးတစ်ခုကို ဖန်တီးလိုက် သော်လည်း ထိုအပြုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့လေသည်။

"ရှယ်ယာရှင်ကြီး... ခုနက ကျွန်မ ပြောတာတွေက စိတ်ရင်း မဟုတ်ပါဘူး...။"

"အော်... ဟုတ်ပြီ...။ ဒီနေ့ ကျွန်မရဲ့ အမျိုးသမီး ဝေဒနာ ဖြစ်နေတဲ့ ရက်မို့လို့ စိတ်တိုနေမိတာပါ...။"

"ကျွန်မက မိန်းကလေးတစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ ဦးနော်...။"

ပြောပြောဆိုဆိုနှင့်ပင် ရှောင်ယျာသည် လျန်ထျန်းကို အလွန်ပင် ရိုသေစွာဖြင့် ဦးညွှတ်လိုက်လေသည်။ နွေရာသီ၏ ပူပြင်းလှသော နေ့တစ်နေ့ ဖြစ်သော်လည်း ရှောင်ယျာသည် သူမ၏ အလှအပကို ပြသရန် အတွက် အင်္ကျီအဟိုက်ကို ဝတ်ဆင်ထားလေသည်။

သူမ ဦးညွှတ်လိုက်သောအခါ သူမ၏ ဖြူဖွေးလှ သော ရင်သားအစုံမှာ အထင်အရှား ပေါ်ထွက်နေ သော်လည်း လျန်ထျန်းကမူ မျက်လုံးပင် မကစားဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

"အမျိုးသမီး ဝေဒနာ ဖြစ်နေတဲ့သူက ကော်ဖီအေး မှာသောက်နေတာလား…။ မင်း လိမ်မယ်ဆိုရင်တောင် ဦးနှောက်လေးတော့ သုံးပါဦး...။"

"ငါ့အမြင်မှာတော့ မင်းလို စိတ်တိုတတ်တဲ့သူ၊ ဉာဏ်ရည် မရှိတဲ့သူ၊ မသန်စွမ်းသူတွေနဲ့ ပို့ဆောင်သူတွေ ကို အထင်သေးတဲ့သူက အွန်လိုင်း ဆယ်လီ ဖြစ်ဖို့ မထိုက်တန်ဘူး...။"

"အွန်လိုင်း နာမည်ကျော် ဖြစ်ဖို့ဆိုတာမှာလည်း ကိုယ်ကျင့်တရားနဲ့ အရည်အချင်း ရှိဖို့ လိုအပ်တယ် လေ...။ မင်းရဲ့ အကောင့်ကို ကုမ္ပဏီကို ပြန်အပ်ပြီး အခုချက်ချင်း ထွက်သွားတော့...။"

ထိုစကားကို ကြားသောအခါ ရှောင်ယျာမှာ အလွန်ပင် ထိတ်လန့်သွားပြီး လျန်ထျန်းကို အနူးအညွတ် တောင်းပန်ရန် ပြေးလာခဲ့လေသည်။ သို့သော် သူမသည် ဖိနပ်အမြင့်နှင့် ဖြစ်သဖြင့် ခြေချော်ကာ မြေပြင် ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။ သို့သော်လည်း သူမသည် လျန်ထျန်း၏ ခြေထောက်ကို အတင်း ဖက်တွယ်ကာ တောင်းပန်လေတော့သည်။

"ရှယ်ယာရှင်ကြီး...၊ ကျွန်မကို အလုပ်က မထုတ်ပါနဲ့...။ ဒီအကောင့်မှာ ဖော်လိုဝါ သိန်းနဲ့ချီ ရအောင် ကျွန်မ အများကြီး ကြိုးစားခဲ့ရတာပါ...။"

"ကျွန်မ အခု တစ်နှစ်ကို ကျောင်အနည်းငယ် (ယွမ် သိန်းဂဏန်း) ပဲ ရှာနိုင်ပါသေးတယ်...။ ဒီအကောင့်ကို ပြန်သိမ်းလိုက်ရင် ကျွန်မ ဘယ်လို အသက်ရှင်ရမလဲရှင်..."

ရှောင်ယျာ၏ တောင်းပန်မှုကို လျန်ထျန်းက ဂရုမစိုက်ဘဲ အေးစက်စွာသာ ကြည့်နေလေသည်။ ခုနက သူမသည် စကားမပြောနိုင်သော ပို့ဆောင်သူလေးကို မည်သို့ နှိပ်စက်ခဲ့ပါသနည်း။

"လူတွေကို နှိပ်စက်တဲ့သူဟာ တစ်နေ့မှာ မိမိကိုယ်တိုင်လည်း ပြန်ပြီး နှိပ်စက်ခံရမယ်ဆိုတာကို မင်း သိထားသင့်တယ်...။"

လျန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အွန်လိုင်း ဆယ်လီ မလုပ်ရရုံနဲ့ အသက်မရှင်နိုင်ဘူးလို့ ဘယ်သူပြောလဲ...။ မင်းမှာ ခြေရှိတယ်၊ လက် ရှိတယ်၊ ပါးစပ်ရှိတယ် မဟုတ်လား...။ တခြား အလုပ်တွေ အများကြီး လုပ်လို့ ရပါတယ်...။"

"ခုနက မင်း ပြောခဲ့သလိုပဲ...၊ အစားအသောက် ပို့ဆောင်တဲ့ အလုပ်မှာလည်း လိုအပ်ချက်တွေ ရှိတယ် လေ...။ မင်းကတော့ ဆက်သွယ်ပြောဆိုမှုမှာ တကယ် တော်တဲ့သူပဲ...။"

"ဒါကြောင့် ဒီနေ့ကစပြီး မင်းလည်း အစားအသောက် လိုက်ပို့ရမယ်...။ မင်းရဲ့ လုပ်အားနဲ့ အသက်ရှင်ရ တာ ဘယ်လိုလဲဆိုတာ သိအောင် လုပ်ပေးရမယ်...။"

ရှောင်ယျာမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"ကျွန်မ သိပြီ... ရှယ်ယာရှင်ကြီးက ကျွန်မကို အစားအသောက် ပို့တဲ့ မိန်းကလေးအဖြစ် ပုံစံပြောင်းပြီး နာမည်ကြီးအောင် လုပ်ခိုင်းတာ မလား...။"

"အခုနောက်ပိုင်း အစားအသောက် ပို့တဲ့ ချောမောတဲ့ မိန်းကလေးတွေ နာမည်ကြီးနေတာပဲ...။ ကျွန်မ သာ အဲ့ဒီလို လုပ်လိုက်ရင် ဖော်လိုဝါတွေ အများကြီး ထပ်တိုးလာမှာ သေချာပါတယ်...။"

"ရှယ်ယာရှင်ကြီးရဲ့ အတွေးအခေါ်က တကယ်ကို ထူးခြားတာပဲ...၊ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်..။"

လျန်ထျန်းက သူမ၏ စကားကို ဒေါသတကြီး ဖြတ်ပြောလိုက်လေသည်။

"ငါက မင်းကို နာမည်ကြီးအောင် လုပ်ခိုင်းတာ မဟုတ်ဘူး...၊ တကယ် ပို့ခိုင်းတာ...။"

"မင်းရဲ့ တစ်နှစ်စာ ဝင်ငွေလေးကို ဆက်ပြီး လိုချင်သေးတယ်ဆိုရင်တော့ ဒီနေ့ကစပြီး အစားအသောက် ကို ကြိုးကြိုးစားစား ပို့ရမယ်...။ တစ်နေ့ကို အမှာစာ ရှစ်ဆယ် မနည်းစေနဲ့...။"

All Chapters