← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇)

မောက်မာရိုင်းစိုင်းသော လုံခြုံရေးဝန်ထမ်းလေး

အဆုံးသတ်တွင် အွန်လိုင်း ဆယ်လီ ရှောင်ယျာမှာလည်း ထိုတက္ကသိုလ်ကျောင်းသူလေးကဲ့သို့ပင် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် အစားအသောက် ပို့ဆောင်သည့်အလုပ်ကိုသာ အားကိုးရ တော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။

သူတို့သည် ပို့ဆောင်သူများကို အထင်သေးခဲ့ကြသော်လည်း ယခုအခါတွင်မူ တစ်နှစ်လျှင် ယွမ်တစ် ကျောင် သို့မဟုတ် ပြားအနည်းငယ်မျှသော လစာကို ရရှိရန်အတွက် ပို့ဆောင်သူများ ဖြစ်လာကြရတော့ သည်။

အဘယ်ကြောင့်ဆိုသော် ယခုခေတ်၏ တစ်နှစ်စာ လစာ တစ်ယွမ် သို့မဟုတ် ပြားအနည်းငယ် ဆိုသည် မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ မကျဆင်းမီက တစ်နှစ်လျှင် ယွမ်သန်းချီသော လစာနှင့် ညီမျှ နေသောကြောင့် ဖြစ်လေသည်။

ငွေကြေး၏ ဆွဲဆောင်မှုအောက်တွင် ထိုမောက်မာသော မိန်းကလေးများမှာလည်း ဒူးထောက် အရှုံးပေး လိုက်ကြရတော့သည်။ သို့သော် သူတို့ ဒူးထောက်လိုက်ရခြင်းမှာ သူတို့ စိတ်ကူးထားသကဲ့သို့ မဟုတ်ဘဲ အစားအသောက် ပို့ဆောင်ရန်အတွက် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ထိုဖြစ်ရပ်ပြီးနောက် စကားအသောက် ပို့ဆောင်သူလေးမှာ လျန်ထျန်းကို လက်မထောင်ပြကာ လက် ဟန်ခြေဟန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့လေသည်။

လျန်ထျန်းကြောင့်သာ မဟုတ်ပါက သူသည် အဆိုးမြင် မှတ်ချက်များနှင့် တိုင်ကြားစာများကို ခံရပေ လိမ့်မည်။ လျန်ထျန်းသည် မထွက်ခွာမီ ရှောင်ယျာ့ကို ထိုပို့ဆောင်သူလေးအား ကြယ်ငါးပွင့် မှတ်ချက် ပေးခိုင်းခဲ့သေးသည်။

လျန်ထျန်းက ပို့ဆောင်သူလေး၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"မင်းက တကယ် တော်တဲ့သူပဲ...။ စကားမပြောနိုင်ပေမဲ့ မင်းရဲ့ ကိုယ်ပိုင်လုပ်အားနဲ့ အသက်မွေးနေတာ တကယ်ကို လေးစားဖို့ ကောင်းပါတယ်...။"

"အလုပ်လုပ်တာက လူတိုင်းရဲ့ အခွင့်အရေးပဲ...။ မင်းမှာလည်း ဒီအခွင့်အရေး ရှိတယ်...၊ လူနည်းစုရဲ့ အထင်သေးတဲ့ အမြင်တွေကို ဂရုမစိုက်ပါနဲ့...။"

"ငါတို့က သူတို့ဆီက ပိုက်ဆံကို အလကား တောင်းနေတာ မဟုတ်ဘူး...။ ငါတို့ရဲ့ လုပ်အားနဲ့ ထိုက်တန် တဲ့ ပိုက်ဆံကို ရှာနေတာဆိုတာ အမြဲမှတ်ထားပါ....။"

"ငါ ယုံကြည်ပါတယ်...။ တစ်နေ့မှာ ငါတို့လို ကိုယ်ပိုင်လုပ်အားနဲ့ အသက်မွေးနေတဲ့သူတွေ ထိုက်တန်တဲ့ လေးစားမှုကို ရလာပါလိမ့်မယ်...။ အဲ့ဒီနေ့က မဝေးတော့ပါဘူး...။"

လျန်ထျန်းသည် ဤစကားများကို ပြောကြားရင်း အဝါရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်လေသည်။ ထိုနေ့ရောက်လာပါက သူသည် ပို့ဆောင်သူတိုင်းကို ကိုယ်ပိုင် ကင်မရာတစ်လုံးစီ အခမဲ့ တပ်ဆင်ပေးပေလိမ့်မည်။ အထူးသဖြင့် ဆွံ့အသော ပို့ဆောင်သူ များကဲ့သို့သော "အထူးအသက်မွေးဝမ်းကျောင်း" သမားများမှာ မတရား နှိပ်စက်ခံရသည့်အခါ အားနည်းချက် အရှိဆုံး ဖြစ်သည်။

သူတို့သည် ဝန်ဆောင်မှုဌာနသို့ မိမိတို့ ပြောလိုသည်များကို ရှင်းပြရန် ခက်ခဲလှသကဲ့သို့ စာရိုက်၍ ရှင်းပြရာတွင်လည်း စက်ရုပ်ဆန်သော တုံ့ပြန်မှုများကိုသာ ရရှိတတ်ကြပေသည်။

ထိုအချိန်တွင် ကိုယ်ပိုင် ကင်မရာတစ်လုံးက သူတို့အတွက် "စကားပြော" ပေးပေလိမ့်မည်။ ထိုကင်မရာ များသည် ပို့ဆောင်သူများ ကြုံတွေ့ရသမျှကို မှတ်တမ်းတင်ထားနိုင်မည် ဖြစ်သည်။

အကယ်၍ ဖောက်သည်များက တမင်တကာ နှိပ်စက်ခြင်း သို့မဟုတ် အခက်တွေ့အောင် လုပ်ခြင်းများ ကြုံလာရပါက ယခုကဲ့သို့ ပို့ဆောင်သူများကိုသာ ဒဏ်ရိုက်သည့် စနစ်ဆိုးကို ကျင့်သုံးတော့မည် မဟုတ် ပေ။ ယင်းအစား ဗီဒီယိုမှတ်တမ်းများကို စစ်ဆေးကာ ပို့ဆောင်သူတွင် အပြစ်မရှိဘဲ ဖောက်သည်က တမင် နှောင့်ယှက်ခြင်း ဖြစ်ပါက ထိုဖောက်သည်များကို လူမည်းစာရင်း သွင်းကာ အစားအသောက် မှာယူခွင့်ကို ပိတ်ပင်ပစ်မည် ဖြစ်သည်။

ပို၍ ပြင်းထန်သော ကိစ္စများတွင်မူ လျန်ထျန်းသည် မိမိ၏ ကိုယ်ပိုင်ငွေကို သုံးစွဲ၍ ပို့ဆောင်သူများ အတွက် တရားရင်ဆိုင်ပေးရန်ပင် အသင့်ရှိနေလေသည်။

ဤသို့ ဆောင်ရွက်ရန်မှာ ငွေကြေး အမြောက်အမြား ကုန်ကျမည် ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ပို့ဆောင်သူ သန်းနှင့်ချီသောသူများကို ကင်မရာများ အခမဲ့ တပ်ဆင်ပေးရန်မှာ မည်မျှ ကုန်ကျမည်ကို တွေးကြည့်ရုံ နှင့်ပင် သိနိုင်ပေသည်။

ထို့အပြင် စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းမှု၊ ဆာဗာ သိုလှောင်မှု၊ ဗီဒီယို ပြန်လည် စစ်ဆေးမှုနှင့် ဝန်ထမ်း အင်အား စသည်ဖြင့် အသုံးစရိတ်များမှာလည်း မနည်းလှပေ။

မည်သို့ပင်ဖြစ်စေ လက်ရှိ ပို့ဆောင်ရေး ကုမ္ပဏီများကမူ အကျိုးအမြတ် မရှိသော ဤကဲ့သို့သော ရင်းနှီး မြှုပ်နှံမှုကို လုပ်ဆောင်ကြမည် မဟုတ်ပေ။ သို့သော် လျန်ထျန်းကမူ ကုန်ကျစရိတ် မည်မျှပင် ရှိပါစေ လုပ်ဆောင်ရန် အသင့်ရှိနေပေသည်။ သူ၏ ရည်မှန်းချက်မှာ ဤစနစ်ဆိုးများကို အမြစ်ပြတ် တိုက်ဖျက် ကာ ပို့ဆောင်သူများကို မည်သူမျှ အနိုင်မကျင့်နိုင်စေရန်ပင် ဖြစ်ပေသည်။

သို့သော် ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ဝယ်နိုင် ရန်မှာ ပထမဦးစားပေး ဖြစ်သည်။ ယခုအချိန်တွင် ဤအကြံဉာဏ်များကို သွားရောက် ပြောဆိုလျှင် လည်း ထိုကုမ္ပဏီက ဂရုစိုက်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရင်းနှီးမြှုပ်နှံသူများသည် အကျိုးအမြတ် ရရှိမည့် နေရာကိုသာ ကြည့်တတ်ကြ သောကြောင့်သာ ဖြစ်သည်။ အရာအားလုံးကို မိမိ၏ ထိန်းချုပ်မှုအောက်တွင် ရှိမှသာ ဆုံးဖြတ်ချက်များ ကို စိတ်ကြိုက် ချမှတ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် လျန်ထျန်းသည် အစားအသောက်များကို ပို၍ ကြိုးစားပို့ဆောင်သကဲ့သို့ အလားအလာ ရှိသော ကုမ္ပဏီများတွင်လည်း ပိုမို ရင်းနှီးမြှုပ်နှံလာခဲ့လေသည်။

ထိုနေ့က လျန်ထျန်းသည် ည (၁၁) နာရီကျော်အထိ အလုပ်ရှုပ်နေခဲ့ပြီး အလွန်ပင် ပင်ပန်းနေသဖြင့် အိမ်ပြန်ကာ အနားယူရန် ပြင်လိုက်သည်။

လျန်ထျန်းသည် သူ ပင်ပင်ပန်းပန်း အလုပ်လုပ်နေသည်ကို မိသားစုဝင်များ မမြင်စေရန်အတွက် သူတို့ နှင့်အတူ မနေထိုင်ခဲ့ပေ။ ကံကောင်းသည်မှာ သူသည် အိမ်ခြံမြေများစွာကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ် သည်။

ကမ္ဘာ့ကုန်ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိလိုက်ရသည့် အချိန်မှစ၍ သူသည် အစားအသောက် ပို့ဆောင်ရင်း ရှာဖွေရရှိသော ငွေများဖြင့် အယ်လ် မြို့တော်၏ အချက်အချာကျသော နေရာများ၌ အိမ်ပေါင်းများစွာကို ဝယ်ယူခဲ့လေသည်။

ထို့အပြင် ထိုအိမ်များမှာ အဆင့်မြင့် လူနေရပ်ကွက်များတွင် တည်ရှိပြီး အသင့်နေထိုင်နိုင်ရန် ပြင်ဆင် ထားပြီးသား ဖြစ်လေသည်။ သူသည် ရပ်ကွက်တစ်ခုစီ၌ အိမ်တစ်လုံးစီကို မိမိအတွက် ချန်ထားပြီး ကျန်သောအိမ်များကိုမူ ငှားရမ်းထားလေသည်။

ထို့ကြောင့် လျန်ထျန်းသည် အယ်လ်မြို့တော်၏ မည်သည့်နေရာသို့ ရောက်ရောက် အနားယူရန် နေရာ ရှိနေခြင်းပင် ဖြစ်သည်။ ယနေ့တွင်လည်း အလုပ်မှာ အလွန်ပင် နောက်ကျသွားသဖြင့် အနီးဆုံးရှိ သူ၏ အိမ်တစ်လုံးသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။

၎င်းမှာ အဆင့်မြင့် လူနေရပ်ကွက်တစ်ခု ဖြစ်ပေသည်။ လျန်ထျန်းသည် ထိုအိမ်၌ နေထိုင်ခဲသော်လည်း သန့်ရှင်းရေး ဝန်ထမ်းများက ရက်အနည်းငယ်လျှင် တစ်ကြိမ် လာရောက် သန့်ရှင်းပေးသဖြင့် သန့်ရှင်းမှု အတွက် စိတ်ပူစရာ မလိုပေ။ တံခါးများမှာလည်း လက်ဗွေစနစ်များ ဖြစ်သဖြင့် သော့အမြောက်အမြား ကို သယ်ဆောင်သွားရန် မလိုပေ။ ငွေရှိလျှင် ဘဝမှာ အစစအရာရာ အဆင်ပြေလှပေသည်။

သို့သော် လျန်ထျန်းသည် လူနေရပ်ကွက်၏ ဂိတ်ပေါက်သို့ ရောက်သောအခါ အစားအသောက် ပို့ဆောင် သူတစ်ဦးကို ဂိတ်စောင့် လုံခြုံရေးဝန်ထမ်းက တားဆီးထားသည်ကို တွေ့လိုက်ရလေသည်။

ဤကဲ့သို့သော အဆင့်မြင့် လူနေရပ်ကွက်များရှိ လုံခြုံရေးဝန်ထမ်းများမှာ အသက် (၅၀)၊ (၆၀) အရွယ် အဖိုးအိုများ မဟုတ်ဘဲ အသက် (၂၀) ကျော် လူငယ်လေးများသာ ဖြစ်ကြပေသည်။

သို့သော် ထိုလုံခြုံရေး ဝန်ထမ်းလေးမှာ အသက်ငယ်သော်လည်း အလွန်ပင် စိတ်ကြီးကာ ပို့ဆောင်သူကို လက်ညှိုးထိုး၍ အော်ဟစ်နေတော့သည်။

"အခုချက်ချင်း ရပ်လိုက်စမ်း...။ မင်းကို ဘယ်သူက အထဲဝင်ခိုင်းလို့လဲ...။ ဒါက အဆင့်မြင့် လူနေ ရပ်ကွက်ဆိုတာ မသိဘူးလား...။ လူနဲ့ ယာဉ် လမ်းခွဲထားတာလေ...၊ လျှပ်စစ်စကူတာတွေကို ပေးမဝင် ဘူး...။"

အဆူခံနေရသော ပို့ဆောင်သူမှာ လုံခြုံရေး ဝန်ထမ်းလေးထက် အသက်အနည်းငယ် ပိုကြီးပုံရပြီး အသက် (၃၀) ခန့် ရှိပေလိမ့်မည်။ သူက အားနာစွာဖြင့် ပြုံးလျက် ပြောလိုက်လေသည်။

"ညီလေးရာ...၊ အကို့အော်ဒါက အချိန်ကျော်တော့မှာမို့လို့ အတင်းဝင်လာမိတာပါ...၊ တောင်းပန် ပါတယ်...။ ဒီမှာပဲ ရပ်ထားလိုက်ပါ့မယ်...။"

သို့သော် ပို့ဆောင်သူ စကားပင် မဆုံးသေးမီ လုံခြုံရေး ဝန်ထမ်းလေးက စိတ်မရှည်စွာဖြင့်၊

"တော်စမ်း... ရှင်းပြမနေပါနဲ့...။"

ပြောပြောဆိုဆိုနှင့်ပင် လုံခြုံရေး ဝန်ထမ်းလေးသည် ဖုန်းကို ထုတ်ကာ ငွေပေးချေမှု ကုဒ်ကို ပြလိုက်ပြီး ဆက်၍ ပြောလိုက်လေသည်။

"နင့်ခြေထောက်အောက်က မျဉ်းကို မြင်လား... နင့်ရဲ့ စကူတာ ဘီးက ရပ်ကွက်ထဲကို ရောက်နေပြီ...၊ ဒဏ်ငွေ (၅ ) ဖန် ဆောင်ရမယ်...။ အခုချက်ချင်း ပေးစမ်း...။"

ထိုစကားကြောင့် ပို့ဆောင်သူမှာ အလွန်ပင် အံ့အားသင့်သွားရလေသည်။

"ဗျာ... အဲ့ဒါဆိုရင် ကျွန်တော် ပြန်ဆုတ်ပေးလို့ မရဘူးလား...။ အစားအသောက် ပို့ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားမှာပါ...။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါဦး...။"

ပို့ဆောင်သူသည် သူ၏ လျှပ်စစ်စကူတာကို နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားသော်လည်း လုံခြုံရေး ဝန်ထမ်းလေးက အတင်း ဆွဲထားလိုက်ပြီး မာန်ပါပါဖြင့် ပြောလိုက်လေသည်။

"စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ ဆောင်ရမယ်...၊ စကားအများကြီး ပြောမနေနဲ့...။"

ပို့ဆောင်သူမှာ အလွန်ပင် အခက်တွေ့သွားရလေသည်။

"ညီလေးရာ... ဒါကတော့ မတရားလွန်းပါဘူး...။ (၅) ဖန်တောင်လား...၊ အစ်ကို တစ်နေ့လုံး ပင်ပင်ပန်း ပန်း လုပ်တာတောင် အဲ့ဒီလောက် မရပါဘူး...။"

မှန်ပေသည်။ ယခုခေတ်၏ ၅ ဖန် ဆိုသည်မှာ ယခင်က ယွမ် (၅၀၀) နှင့် ညီမျှလေသည်။ သာမန် ပို့ဆောင် သူတစ်ဦးအနေဖြင့် တစ်နေ့လျှင် (၁၀) နာရီကျော် လုပ်ကိုင်လျှင်ပင် ထိုမျှရရန် ခက်ခဲလှသည်။ လုံခြုံရေး ဝန်ထမ်းလေးက (၅) ဖန်အထိ ဒဏ်ရိုက်ခြင်းမှာ ထိုပို့ဆောင်သူ တစ်နေ့တာ လုပ်အားခထက်ပင် ပို၍ များနေခဲ့လေသည်။

သို့သော် လုံခြုံရေး ဝန်ထမ်းလေးမှာမူ ပို့ဆောင်သူကို စာနာစိတ် မရှိဘဲ လှောင်ပြုံး ပြုံးလိုက်သည်။

"မတရားဘူး ဟုတ်လား...။"

ထို့နောက် သူသည် လှည့်၍ သူ၏ ကျောဘက်ရှိ [လုံခြုံရေး] ဟူသော ကတ်ပြားကို ပြလိုက်ပြီး ပြော လိုက်လေသည်။

"ဒါကို မြင်လား...၊ ဒီနေရာက ငါ စီမံခန့်ခွဲတဲ့ နေရာပဲ...။ ငါကပဲ အမိန့်ပေးရမှာ...၊ မြန်မြန် ပေးစမ်း...။"

ပို့ဆောင်သူမှာ စိုးရိမ်လွန်းသဖြင့် ချွေးများပင် ပြန်လာတော့သည်။

"ညီလေးရာ... အားလုံးက ဝမ်းရေးအတွက် ရုန်းကန်နေကြရတာပဲလေ...။ ဒီတစ်ခါတော့ နားလည် ပေးပါ...၊ နောက်ကျရင် သတိထားပါ့မယ်...။"

ပို့ဆောင်သူ စကားပင် မဆုံးသေးမီ လုံခြုံရေး ဝန်ထမ်းလေးက ရင့်သီးသော လေသံဖြင့်ဖြတ်ပြော လိုက်ပြန်လေသည်။

"မင်း ဘာတွေ လာပြောနေတာလဲ...၊ မင်း တို့လို အောက်ခြေလူတန်းစားတွေနဲ့ ငါက ဘာဆိုင်လို့လဲ...။"

"မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း...၊ ဒီရပ်ကွက်က ဘယ်လောက် အဆင့်မြင့်သလဲဆိုတာ...။ ငါက ဒီရပ်ကွက်ကို စောင့်ရှောက်နေတဲ့သူလေ...။"

"မင်းလို အောက်တန်းစား ပို့ဆောင်သူက ငါ့ကို ပြန်ပြောရဲတယ်ပေါ့လေ...။ ဒဏ်ငွေ မဆောင်ဘူး မဟုတ် လား...။"

ပြောပြီးသည်နှင့် လုံခြုံရေး ဝန်ထမ်းလေးသည် ပို့ဆောင်သူ၏ လျှပ်စစ်စကူတာကို အရှိန်ပြင်းစွာ ကန် ထုတ်လိုက်လေသည်။ ထိုကန်ချက်မှာ အလွန်ပင် ပြင်းလှသဖြင့် ပို့ဆောင်သူနှင့် စကူတာမှာ မြေပြင် ပေါ်သို့ ဝုန်းခနဲ လဲကျသွားလေတော့သည်။

သို့သော် လုံခြုံရေး ဝန်ထမ်းလေးမှာမူ ဤမျှနှင့် မကျေနပ်သေးဘဲ လဲကျနေသော ပို့ဆောင်သူကို ကျော် ဖြတ်ကာ မြေပြင်ပေါ်သို့ လွင့်ကျသွားသော အစားအသောက် ဘောက်စ်ကို ထပ်မံ ကန်လိုက်ပြန်သည်။

"ဝုန်း..."

ချက်ချင်းပင် ဘောက်စ်အတွင်းရှိ အစားအသောက်များမှာ မြေပြင်ပေါ်သို့ အကုန်လုံး ဖိတ်စင်ကုန်လေ တော့သည်။ ဤသည်ကို မြင်သောအခါ ပို့ဆောင်သူမှာ မိမိ၏ ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်ဘဲ အလျင် အမြန် ထကာ လုံခြုံရေး ဝန်ထမ်းလေးကို ဆွဲတားရင်း အသနားခံလေတော့သည်။

"ညီလေး...၊ မကန်ပါနဲ့တော့...။ အစားအသောက်တွေ ပျက်စီးသွားရင် အကို အဆိုးမြင် မှတ်ချက်တွေ ခံရမှာ...။ ရက်ပေါင်းများစွာ အလုပ်လုပ်ထားတာတွေ အကုန် ပျက်ကုန်ပါလိမ့်မယ်...။"

သို့သော် ထိုစကားများမှာ လုံခြုံရေး ဝန်ထမ်းလေးအတွက် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။ သူသည် ပို၍ပင် ပျော်ရွှင်စွာဖြင့် အစားအသောက် ဘောက်စ်ကို ကန်ကျောက်နေပြီး မောက်မာစွာ ရယ်မောနေတော့သည်။

"မင်းတို့ကို သင်ခန်းစာ ပေးရမယ်...။ မဟုတ်ရင် နင်တို့ ပို့ဆောင်သူတွေက စည်းကမ်း ရှိကြမှာ မဟုတ် ဘူး...။"

"နောက်ခါကျရင်တော့ ဉာဏ်ရှိစမ်းပါ...။ ဒဏ်ငွေကို ကောင်းကောင်း ဆောင်ရင် အားလုံး ပြီးသွား တာပဲကို...။ မဟုတ်ရင်တော့ မင်းတို့ကို မြင်တိုင်း ဒီလိုပဲ လုပ်ပစ်မယ်...။"

အနီးနားတွင် ရှိနေသော လျန်ထျန်းမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူသည် သူ၏ ပို့ဆောင်သူ ဂျာကင်ကို အလျင်အမြန် ချွတ်လိုက်ပြီး စကူတာကို ဘေးတွင် ရပ်ကာ ထိုနေရာသို့ အပြေးလာခဲ့လိုက် လေသည်။

လျန်ထျန်းသည် ပို့ဆောင်သူ ဝတ်စုံကို ချွတ်လိုက်ခြင်းမှာ သူ၏ အလုပ်ကို ရှက်၍ မဟုတ်ပေ။ ယခင်က ဤကဲ့သို့သော ဖြစ်ရပ်များနှင့် ကြုံတွေ့ဖူးသဖြင့် ပို့ဆောင်သူ ဝတ်စုံဖြင့် သွားရောက် ပြောဆိုပါက ထိရောက်မှု မရှိသည်ကို သိနေသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူသည် ဤရပ်ကွက်ရှိ အိမ်ပိုင်ရှင်တစ်ဦးအဖြစ် ထိုပို့ဆောင်သူအတွက် တရားမျှတမှု ရှာပေးရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ချေသည်။

"ရပ်လိုက်စမ်း... တော်တော့...။"

ထိုအသံကြောင့် လုံခြုံရေး ဝန်ထမ်းလေးမှာ ကန်ကျောက်နေခြင်းကို ရပ်လိုက်သော်လည်း မြေပြင်ပေါ် တွင် ဖိတ်စင်နေသော အစားအသောက်များမှာမူ မရှုမလှ ပျက်စီးကုန်လေပြီဖြစ်၏။ လုံခြုံရေး ဝန်ထမ်း လေးသည် ရှပ်အင်္ကျီအဖြူနှင့် လျန်ထျန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ...။"

လျန်ထျန်းသည် အသက်ကို ဝအောင်ရှူကာ ပြတ်သားစွာ ပြောလိုက်လေသည်။

"ငါက ဒီရပ်ကွက်က အိမ်ပိုင်ရှင် တစ်ယောက်ပဲ...။"

လျန်ထျန်းသည် မိမိကိုယ်မိမိ အိမ်ပိုင်ရှင်ဟု ပြောလိုက်ပါက လုံခြုံရေး ဝန်ထမ်းလေးမှာ ငြိမ်သွားမည်ဟု ထင်မှတ်ထားသော်လည်း လုံခြုံရေး ဝန်ထမ်းလေးကမူ လှောင်ပြုံး ပြုံးလျက် မောက်မာစွာ ဆိုလိုက်ပြန် လေသည်။

"ဘယ်သူများလဲလို့... ဒီမှာ နေတဲ့သူ တစ်ယောက်ပါလား...။"

"မင်း ဒီရပ်ကွက်မှာ အေးအေးဆေးဆေး နေချင်သေးတယ်ဆိုရင် သူတစ်ပါး ကိစ္စမှာ လာမရှုပ်တာ ကောင်းလိမ့်မယ်...။"

"တစ်ခု မှတ်ထားပါ...။ အိမ်ပိုင်ရှင် ဆိုတာတွေကလည်း ငါ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာပဲ...။ အဲ့ဒါ ကြောင့် ငြိမ်ငြိမ်နေစမ်း...၊ ကြားလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ဒေါသမှာ ထိန်းမရတော့ပေ။

"ဘာ... မင်း ဘာပြောလိုက်တယ်...။ အိမ်ပိုင်ရှင်တွေက မင်းကို အိမ်ခြံမြေ စီမံခန့်ခွဲခတွေ လစဉ် ပေးနေ တာလေ...။ အဲ့ဒီ ပိုက်ဆံတွေက မင်းရဲ့ လစာ ဖြစ်လာတာ မဟုတ်ဘူးလား...။"

"မင်းက လုံခြုံရေး ဝန်ထမ်းတစ်ယောက် ဖြစ်နေပြီးတော့ မင်းကိုယ်မင်း အရှင်သခင်လို့ ထင်နေတာ လား...။ အခုချက်ချင်း စီမံခန့်ခွဲရေးဌာနကို ဖုန်းဆက်ပြီး မင်းကို အလုပ်က ထုတ်ခိုင်းလိုက်ရမလား...။"

ပြောပြောဆိုဆိုနှင့်ပင် လျန်ထျန်းသည် ဖုန်းကို ထုတ်ကာ ခေါ်ဆိုရန် ပြင်လိုက်သည်။ သို့သော် လုံခြုံရေး ဝန်ထမ်းလေးမှာမူ မကြောက်ရုံတင်မကဘဲ မောက်မာစွာ ရယ်မောလိုက်ပြန်လေသည်။

"ဆက်စမ်းပါ... အခုချက်ချင်း ဆက်လိုက်...။ ဒီက စီမံခန့်ခွဲရေး မန်နေဂျာက ငါ့ရဲ့ ဒုတိယဦးလေးပဲ...။ မင်းလို အိမ်ပိုင်ရှင် တစ်ယောက်ကို ငါက ကြောက်ရမှာလား...၊ ဟက်...။"

အခန်း (၁၃၈)

မင်းကို နှိပ်စက်တာ ကိစ္စမရှိပါဘူး

ဤစကားကို ကြားရသောအခါ လျန်ထျန်းသည် ရှေ့မှ လုံခြုံရေး ဝန်ထမ်းလေး အဘယ်ကြောင့် ဤမျှ အထိ မောက်မာရဲသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ သူ၏ နောက်ကွယ်၌ အရှိန် အဝါကြီးသော ဒေါက်တိုင်တစ်ခု ရှိနေသည် မဟုတ်ပါလား။

ဤရပ်ကွက်၏ စီမံခန့်ခွဲရေး မန်နေဂျာမှာ သူ၏ ဒုတိယဦးလေး တော်စပ်နေခြင်း ဖြစ်သည်။

လျန်ထျန်းသည် စီမံခန့်ခွဲရေးဌာနသို့ ဖုန်းခေါ်ဆိုရန် ပြင်နေရာမှ ခေတ္တမျှ ရပ်တန့်လိုက်ပြီး ပိုမိုကောင်းမွန် သော နည်းလမ်းတစ်ခုကို စဉ်းစားလိုက်လေသည်။ သို့သော် လုံခြုံရေး ဝန်ထမ်းလေးကမူ လျန်ထျန်း ဖုန်းမဆက်တော့သည်ကို မြင်သောအခါ သူ ကြောက်သွားပြီဟု ထင်မှတ်ကာ ဆက်၍ လှောင်ပြုံး ပြုံးနေ တော့သည်။

"သဘောပေါက်သွားပြီလား...။ ဒီလိုမှပေါ့...၊ အောက်ခြေလူတန်းစား ပို့ဆောင်သူတစ်ယောက်အတွက်နဲ့ မင်းရဲ့ အေးချမ်းတဲ့ဘဝကို အလဲအထပ် လုပ်ရတာ မထိုက်တန်ပါဘူး...၊ ဟုတ်တယ်မလား...။"

ထိုစဉ်မှာပင် ပို့ဆောင်သူလေး၏ ဖုန်းမြည်လာခဲ့လေသည်။ သူသည် ဖုန်းကို ထိတ်လန့်တကြား ကိုင် လိုက်ရာ တစ်ဖက်မှ ဆဲဆိုသံများမှာ ဖုန်းစပီကာ ဖွင့်မထားသော်လည်း ဘေးပတ်ဝန်းကျင်အထိ ကြားနေ ရတော့သည်။

"ဘာလို့ အခုထိ ငါ့အော်ဒါ မရောက်သေးတာလဲ...။ မင်း ဘာတွေ လုပ်နေတာလဲ...၊ ငါက အသားကင် တွေ မှာထားတာလေ...။ အေးကုန်ရင် ဘယ်လို စားရမှာလဲ...။"

မနားတမ်း ဆဲဆိုနေမှုများအောက်တွင် ပို့ဆောင်သူလေးမှာ အားနာစွာဖြင့်သာ တောင်းပန်နေရရှာလေ သည်။

"တောင်းပန်ပါတယ်ဗျာ... တကယ်ကို တောင်းပန်ပါတယ်...။"

"ကျွန်တော် လျှပ်စစ်စကူတာနဲ့ မတော်တဆ ရပ်ကွက်ထဲ ဝင်မိသွားလို့ လုံခြုံရေး ဝန်ထမ်းက စည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး စကူတာကို ကန်လိုက်တာ...။ အဲ့ဒါနဲ့ အစားအသောက်တွေ အကုန် ဖိတ်ကုန် လို့ပါ...။"

"လူကြီးမင်းရဲ့ အစားအသောက်တွေ ဘယ်လောက်ကျပါသလဲခင်ဗျာ...၊ ကျွန်တော် ပြန်လျော်ပေးပါ့ မယ်...။ ဟုတ်ပြီလား...၊ ကျေးဇူးပြုပြီး အဆိုးမြင် မှတ်ချက်နဲ့ တိုင်ကြားစာတော့ မပို့ပါနဲ့ဦးဗျာ...။ တောင်းပန်ပါတယ်ဗျာ...။"

ဤပို့ဆောင်သူမှာ အလွန်ပင် ရိုးသားဖြောင့်မတ်သူ ဖြစ်ပေသည်။ သူသည် မတရား နှိပ်စက်ခံရပါသော် လည်း ပထမဦးဆုံးအနေဖြင့် ဖောက်သည်ကို တောင်းပန်ကာ မိမိ၏ ပိုက်ဆံဖြင့်သာ ပြန်လည် လျော် ကြေးပေးရန် ကြိုးစားနေရှာပေသည်။

သူသည် အခြားသူကို အပြစ်မတင်ဘဲ မိမိ၏ အမှားအဖြစ်သာ မှတ်ယူကာ တာဝန်ယူလိုသူ ဖြစ်သည်။

အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသားများမှာ များသောအားဖြင့် မိသားစု၊ သားသမီးနှင့် တာဝန် ဝတ္တရားများ ရှိကြသည် မဟုတ်ပါလား။ သူတို့သည် မိသားစုကို စောင့်ရှောက်ရန်နှင့် ချစ်ရသူများကို ကာကွယ်ရန်အတွက် မည်သည့်အရာကိုမဆို သည်းခံနိုင်ကြသူများ ဖြစ်ချေသည်။

ထို့ကြောင့် လူငယ်ဘဝကဲ့သို့ စိတ်လိုက်မာန်ပါ မလုပ်ကြတော့ဘဲ ပြဿနာများကို တတ်နိုင်သမျှ ရှောင်ရှားကာ သည်းခံတတ်လာကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်လှမ်းဆုတ်လိုက်ခြင်းက အမြဲတမ်း ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည်တော့ မဟုတ်ပေ။ ပို့ဆောင်သူ၏ တောင်းပန်မှုကို ကြားသောအခါ ဖောက်သည်က ဖုန်းထဲမှ ပို၍ပင် အော်ဟစ် လာတော့သည်။

"ဘာ... အကုန် ဖိတ်ကုန်ပြီ ဟုတ်လား...။ မင်းက ငါ့ကို ပြန်လျော်ပေးမယ်ပေါ့...။ ငါက မင်းရဲ့ ပိုက်ဆံ အနည်းအကျဉ်းကို လိုချင်နေတယ်လို့ ထင်နေတာလား...။"

"ငါက ဒီနေ့ သူငယ်ချင်းတွေကို အသားကင်ကျွေးဖို့ ဖိတ်ထားတာလေ...။ အခု မင်းက အကုန် ဖိတ် အောင် လုပ်လိုက်ပြီဆိုတော့ မင်း ပြန်လျော်ပေးရုံနဲ့ အားလုံး ပြီးသွားမယ် ထင်နေတာလား...။"

"ပြောလိုက်မယ်...၊ ငါ အခုပဲ အဆိုးမြင် မှတ်ချက်ပေးပြီး တိုင်ပစ်လိုက်ပြီ...။ မင်းလို ပို့ဆောင်သူမျိုးနဲ့မှ လာတွေ့ရတယ်လို့...၊ တောက်...။"

ဖောက်သည်က ဖုန်းထဲမှ ဆဲဆိုနေစဉ်မှာပင် လျန်ထျန်းသည် ပို့ဆောင်သူ၏ လက်ထဲမှ ဖုန်းကို လှမ်းယူ ကာ ပြောလိုက်လေသည်။

"မင်းရဲ့ အမှာစာက ဘယ်လောက်ကျလဲ...။ ငါ ဆယ်ဆပေးပြီး အကုန် ဝယ်မယ်...။"

ထိုစကားကို ကြားသောအခါ တစ်ဖက်မှ ဆဲဆိုသံများ ရုတ်တရက် တိတ်သွားလေသည်။ သို့သော် ခဏ အကြာတွင် ပို၍ပင် စိတ်တိုသော အသံဖြင့် ပြန်ပြောလာခဲ့လေသည်။

"မင်းက ဘယ်ကကောင်လဲ...၊ ငါ ပြောပြီးပြီလေ...။ ငါက ပိုက်ဆံ လိုနေတဲ့သူ မဟုတ်ဘူး...။ ငါ ဒီနေ့ အဲ့ဒီကောင့်ကို သင်ခန်းစာ ပေးရမှ...၊"

လျန်ထျန်းက သူ၏ စကားကို ဖြတ်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ငါ အမှာစာကို ကြည့်ပြီးပြီ... (၄) ဖန် (ယွမ် ၄၀၀ ခန့်) မဟုတ်လား...။ ဆယ်ဆ မလောက်ဘူးဆိုရင် အဆ (၂၀)...(၈)ဖန် ဆိုရင်ရော ဘယ်လိုလဲ...။"

(၈) ဖန် ဟု ကြားသောအခါ ဖောက်သည်မှာ ခေတ္တမျှ တိတ်သွားပြန်လေသည်။

"မင်း... မင်းက ဘယ်သူလဲ...။ (၈) ဖန် ဆိုတာက သာမန်လူအတွက် မနည်းဘူးဆိုပေမဲ့ ငါက ဒီလို အဆင့်မြင့်ရပ်ကွက်မှာ နေတာလေ...။ မင်း ပိုက်ဆံကို ငါ မလိုချင်...၊"

လျန်ထျန်းက ထပ်မံ ဖြတ်ပြောလိုက်ပြန်လေသည်။

"မကျေနပ်သေးဘူးလား... အဲ့ဒါဆိုရင် အဆ (၃၀)...၊ အဆ (၄၀)...။ မင်း စိတ်ကြိုက် ဈေးခေါ်လိုက် စမ်းပါ...။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ဒီအစားအသောက်ကို ငါ ဝယ်မယ်...။"

ထိုအချိန်တွင် ဖုန်းထဲမှ တံတွေးမြိုချသံကို ကြားလိုက်ရသဖြင့် ဖောက်သည်မှာ ထိတ်လန့်သွားကြောင်း သိသာလှပေသည်။ သုံးစက္ကန့်ခန့် ကြာပြီးနောက် တုန်ရီသော အသံဖြင့် ပြောလာတော့သည်။

"မင်းက တကယ်ပဲ အဲ့ဒီလောက် ချမ်းသာတာလား...။ အဲ့ဒါဆိုရင် အဆ (၁၀)... (၄) ကျောင် ပေး မလား...။"

လျန်ထျန်းက ချက်ချင်းပင် သဘောတူလိုက်လေသည်။

"ရတယ်... ငါ့ကို သူငယ်ချင်းအဖြစ် အပ်လိုက်...။ အခုချက်ချင်း လွှဲပေးလိုက်မယ်...။"

"ဒါပေမဲ့ ကတိတစ်ခုတော့ ရှိတယ်...။ ပိုက်ဆံ ရပြီးတာနဲ့ အမှာစာကို လက်ခံရရှိကြောင်း နှိပ်ပေးရမယ်... ။ ပြီးတော့ ပို့ဆောင်သူကို ကြယ်ငါးပွင့် မှတ်ချက် ပေးရမယ်...။"

ဖုန်းချပြီးနောက် ဖောက်သည်သည် သံသယစိတ်ဖြင့်ပင် လျန်ထျန်းကို သူငယ်ချင်းအဖြစ် အပ်လိုက်လေ သည်။ ငါးစက္ကန့်ပင် မကြာလိုက်ဘဲ (၄) ကျောင် (ယွမ် ၄၀,၀၀၀ ခန့်) ကို လွှဲပေးလိုက်ရာ ပိုက်ဆံ လက်ခံ ရရှိသွားသော ဖောက်သည်မှာ အံ့ဩလွန်း၍ ဟာခနဲ ဖြစ်သွားတော့သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူငယ်ချင်းကလည်း အလျင်အမြန် ကြည့်ကာ ပြောလိုက် လေသည်။

"တကယ်ကြီးလား...၊ ဘုရားရေ...။ အဲ့ဒီ ပို့ဆောင်သူက ဘယ်လို ကျေးဇူးရှင်နဲ့ သွားတွေ့တာလဲ...။ (၄)ကျောင် ကို မျက်တောင် မခတ်ဘဲ လွှဲပေးလိုက်တာလား...။"

ဖောက်သည်သည် လျန်ထျန်း၏ ဝီချက် လူမှုကွန်ရက်ကို ကြည့်သော်လည်း ဘာမျှ မတွေ့ရသဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။

"ငါ တကယ့် သူဌေးကြီးတစ်ယောက်နဲ့ တွေ့လိုက်တာပဲ...။ (၄) ကျောင် ဆိုတာ ငါ့ရဲ့ နှစ်လစာ အိမ်လခ ချေရမယ့် ပိုက်ဆံလေ...။"

"အစားအသောက် မှာရုံနဲ့ ငါ့ရဲ့ အိမ်လချေရမယ့် ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ လုံးဝ ထင်မ ထားဘူး...။ ဒါကြောင့် မင်းဆီက ပိုက်ဆံ ချေးစရာ မလိုတော့ဘူး...။"

"အော်... ဟုတ်သားပဲ...။ အဲ့ဒီ ကျေးဇူးရှင် ပြောတဲ့အတိုင်း အမြန်လုပ်ရမယ်...။ ကြယ်ငါးပွင့် ပေးလိုက် ပြီ...။ ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး...။"

မကြာမီပင် ပို့ဆောင်သူလေး၏ ဖုန်းထဲသို့ အမှာစာ လက်ခံရရှိကြောင်းနှင့် ကြယ်ငါးပွင့် မှတ်ချက် ရရှိကြောင်း သတင်းစကား ရောက်ရှိလာတော့သည်။ သို့သော်လည်း ပို့ဆောင်သူလေးမှာ ဝမ်းသာခြင်း မရှိဘဲ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"ဘုရားရေ... (၄) ကျောင် ဆိုတာ ကျွန်တော့်ရဲ့ တစ်နှစ်စာ ဝင်ငွေရဲ့ တစ်ဝက်လောက် ရှိတာလေ... ။ ညီလေး ကူညီတာကို ကျေးဇူးတင်ပေမဲ့ ဒီလောက် ပိုက်ဆံအများကြီးကို ကျွန်တော် ပြန်မဆပ်နိုင် ပါဘူး...။"

စိုးရိမ်နေသော ပို့ဆောင်သူလေးကို ကြည့်ကာ လျန်ထျန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ပြန်ဆပ်စရာ မလိုပါဘူး...။ ဒါက ကျွန်တော် စေတနာအရ ဝယ်လိုက်တာပါ...။ အစ်ကိုနဲ့ ဘာမှ မဆိုင်တော့ပါဘူး...။"

ဤသည်ကို ကြားသောအခါ ဘေးရှိ လုံခြုံရေး ဝန်ထမ်းလေးက လျန်ထျန်းကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်နေတော့သည်။ သို့သော် ထိုအချိန်တွင် လျန်ထျန်းသည် သူ၏ ဖုန်းထဲမှ ငွေပေးချေမှု ကုဒ်ကို ထုတ်ကာ လုံခြုံရေး ဝန်ထမ်းလေးကို ပြလိုက်လေသည်။

လုံခြုံရေး ဝန်ထမ်းလေးမှာ ကြောင်အသွားပြီးနောက် မေးလိုက်သည်။

"ဘာ... ဘာသဘောလဲ...။"

လျန်ထျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဒီအစားအသောက်ကို ငါ ဝယ်ပြီးသွားပြီ.... အဲ့ဒါကြောင့် ဖိတ်အောင် လုပ်တဲ့သူက ငါ့ကို ပြန်လျော်ပေး ရမယ်...။"

"ခုနက မင်း မြင်တဲ့အတိုင်းပဲ... ငါ (၄) ကျောင် ပေးပြီး ဝယ်လိုက်တာဆိုတော့ မင်း ငါ့ကို (၄) ကျောင် ပြန်ပေးရမယ်...။"

ထိုစကားကြောင့် လုံခြုံရေး ဝန်ထမ်းလေးမှာ ထိတ်လန့်သွားတော့သည်။

"ဗျာ...။ ဒါ... ဒါက ဘာလို့ ငါ့အပြစ် ဖြစ်ရမှာလဲ...။"

သူသည် ခေတ္တမျှ တိတ်သွားပြီးနောက် ပို့ဆောင်သူလေးကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"သူ့ဆီမှာ သွားတောင်းလေ...။ သူက အောက်ခြေလူတန်းစားမို့လို့ နှိပ်စက်ရတာ ပိုလွယ်တာပေါ့...။"

လျန်ထျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

"မင်း မှားသွားပြီ...။ အနိမ့်ဆုံး အဆင့်မှာ ရှိနေတာက မင်းပဲ...။ လာ...၊ ငါ ရှင်းပြမယ်...။"

"မင်းက လုံခြုံရေး ဝန်ထမ်းတစ်ယောက် ဖြစ်နေပြီး မင်းရဲ့ လစာကို ငါတို့လို အိမ်ပိုင်ရှင်တွေက ပေးနေတာဆိုတော့ မင်းက ငါ့ရဲ့ လက်အောက်မှာ ရှိတာပဲ...။"

"သူကတော့ ငါ့အတွက် အစားအသောက် လာပို့ပေးတာဆိုတော့ ငါ့ကို ထောက်ပံ့နေတဲ့သူပဲ...။ အဲ့ဒါ ကြောင့် သူက မင်းထက် အဆင့်မြင့်တယ်...။ ငါက အောက်တန်းစားဖြစ်တဲ့ မင်းကို နှိပ်စက်တာက တကယ်ကို ယုတ္တိရှိတာပေါ့...။"

လုံခြုံရေး ဝန်ထမ်းလေးမှာ ထိုစကားကို ကြားပြီးနောက် ဆွံ့အသွားရလေသည်။

"ဗျာ...၊ ဒါ... နေဦး...။ ငါ နည်းနည်း ဇဝေဇဝါ ဖြစ်သွားလို့...။"

လျန်ထျန်းသည် သူ စဉ်းစားရန် အချိန်မပေးဘဲ ဆက်၍ ဖိအားပေးလိုက်လေသည်။

"မြန်မြန် ပေးစမ်း...။ မပေးရင်တော့ ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းလိုက်မယ်...။ အဲ့ဒီကျရင်တော့ မင်းရဲ့ စီမံခန့်ခွဲရေး မန်နေဂျာ ဦးလေးလည်းကယ်နိုင်မှာ မဟုတ်ဘူး...။"

လျန်ထျန်းသည် ပို့ဆောင်သူမှတစ်ဆင့် ဖောက်သည်နှင့် ဆက်သွယ်ကာ အမှာစာကို ဝယ်ယူလိုက်ခြင်းမှာ ဤလုံခြုံရေး ဝန်ထမ်းလေးကို သင်ခန်းစာ ပေးရန်အတွက် ဖြစ်ပေသည်။

"ငါ ဝယ်ထားတဲ့ ပစ္စည်းကို မင်းက ဖျက်ဆီးလိုက်တာ" ဟူသော အကြောင်းပြချက်ဖြင့် ထိုလုံခြုံရေး ဝန်ထမ်းလေးအား ပြန်လည် ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်ချေသည်။

ဖောက်သည်ကလည်း (၄) ကျောင် (ယွမ် ၄ သောင်းခန့်) ရရှိသွားသဖြင့် လျန်ထျန်း၏ အစီအစဉ်မှာ အောင်မြင်သွားခဲ့လေပြီ။ ယခုအခါ လုံခြုံရေး ဝန်ထမ်းလေးကို ပြန်လည် အနိုင်ကျင့်ရန် အလှည့်ရောက် လာလေပြီ။ သို့သော် လုံခြုံရေး ဝန်ထမ်းလေးမှာ ငတုံးတစ်ဦး မဟုတ်သဖြင့် ပြန်လည် တုံ့ပြန်လေသည်။

"ဒါ ဘာတွေ လာပြောနေတာလဲ...၊ မင်းက ငါ့ဆီက( ၄ )ကျောင် တောင်းတယ် ဟုတ်လား...။ ဒါက အတင်းအကျပ် ငွေညှစ်တာပဲ...။"

လျန်ထျန်းက သဘောကျစွာ ပြောလိုက်လေသည်။

"ငွေညှစ်တယ် ဟုတ်လား...။ ပို့ဆောင်သူလေးက မျဉ်းကို ဘီးနဲ့ နည်းနည်း နင်းမိတာကို မင်းက (၅) ဖန် ဒဏ်ရိုက်တာကော ငွေညှစ်တာ မဟုတ်ဘူးလား...။"

"ပြီးတော့ မင်းကိုယ်တိုင် မြင်သားပဲ... ငါ ဒီအစားအသောက်ကို (၄)ကျောင် ပေးပြီး ဝယ်လိုက်တာ လေ...။ သက်သေလည်း ရှိတယ်...။"

"အဲ့ဒါကြောင့် ဒါက ငွေညှစ်တာ မဟုတ်ဘူး.... မင်းက ငါ့ရဲ့ အစားအသောက်ကို ဖိတ်အောင် လုပ်လိုက် တာဆိုတော့ လျော်ကြေးတောင်းတာက သဘာဝပဲလေ...။ မြန်မြန် ပေးစမ်း... မဟုတ်ရင် ရဲ တကယ် ခေါ်လိုက်မယ်...။"

လုံခြုံရေး ဝန်ထမ်းလေးမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာကာ နောက်ဆုံးတွင်မူ အရှက်မရှိဘဲ ငြင်းဆန်လေတော့သည်။

"ငါ ကန်လိုက်တာကို ဘယ်သူ မြင်လို့လဲ...။ ငါ လုပ်တာဆိုတာ ဘာသက်သေ ရှိလို့လဲ...။"

လျန်ထျန်းက ဘေးရှိ လုံခြုံရေး ဂိတ်ထဲမှ ကင်မရာကို လက်ညှိုးထိုးပြလိုက်လေသည်။

"ဒီလောက် ကြီးတဲ့ ကင်မရာ ရှိနေတာပဲ...။ ခုနက အဖြစ်အပျက်တွေ အကုန်လုံးကို အထင်အရှား မှတ်တမ်းတင်ထားမှာပေါ့...။ သွားကြည့်ကြမလား...။"

ကင်မရာအကြောင်း ကြားသောအခါ လုံခြုံရေး ဝန်ထမ်းလေးက ပြန်၍ လှောင်လိုက်ပြန်လေသည်။

"ဒီက ဗီဒီယိုတွေကို ကြည့်ဖို့ဆိုတာ ငါ့သဘောပဲလေ...။ ငါ အခုပဲ အဲ့ဒီ ဗီဒီယိုကို ဖျက်ပစ်လိုက်ရင် မင်း မှာ ဘာသက်သေ ကျန်ဦးမလဲ...။"

လျန်ထျန်းက ခေါင်းခါလိုက်ပြီး ၊

"မင်းကတော့ ဒုက္ခမရောက်မချင်း နောင်တရမှာ မဟုတ်ဘူးပဲ...။ ကောင်းပြီလေ... ရဲကိုပဲခေါ် လိုက်တော့ မယ်...။"

လုံခြုံရေး ဝန်ထမ်းလေးက မောက်မာစွာပင်၊

"တိုင်စမ်းပါ... ရဲတွေ ရောက်လာရင်တောင် မင်းပြောတာကို သူတို့က ယုံမယ် ထင်နေတာလား...။"

"ဩော်...မင်း ပေးလိုက်တဲ့ ဈေးအတိုင်း ငါက ပြန်လျော်ပေးရမယ်ပေါ့...။ ဒါက မတရားဘူးလေ...၊ ပစ္စည်းရဲ့ မူလတန်ဖိုးအတိုင်းပဲ လျော်ရမှာပေါ့...။"

"ငါ ပြောလိုက်မယ်... ငါက အလယ်တန်းအထိပဲ ကျောင်းတက်ဖူးပေမဲ့ ဥပဒေအကြောင်းတော့ နည်း နည်းပါးပါး သိပါတယ်...။ ငါ့ကို ပညာမတတ်ဘူးဆိုပြီး လာမနှိမ်နဲ့...။"

လျန်ထျန်းက သူ့ကို ဂရုမစိုက်တော့ဘဲ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။

"ဟေး... ညွှန်ကြားရေးမှူးတန်... အနားယူနေပြီလား.... ကျွန်တော် အခုထိ အလုပ်ရှုပ်နေတုန်းပဲ...၊ ဟို ပရောဂျက်အတွက် ရင်းနှီးမြှုပ်နှံမှု အဆင့်သစ်အတွက်လေ...။"

"ဟုတ်ကဲ့... အခု လုပ်စရာလေး တစ်ခု ရှိလို့ပါ...။ ကျွန်တော် လိပ်စာ ပို့လိုက်မယ်...၊ လူအချို့နဲ့ အမြန် ဆုံး လာခဲ့ပေးပါဦး...။"

လုံခြုံရေး ဝန်ထမ်းလေးမှာ ထိုစကားကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်တော့သည်။

"တောက်... မင်းက ရဲခေါ်တာ မဟုတ်ဘဲနဲ့ လူခေါ်နေတာလား...။ ငါ ပြောပြီးပြီလေ...၊ ဒါ ငါ့နယ်မြေ ပါလို့...။ ငါ့ဦးလေးက မန်နေဂျာလေ...၊ မင်း လူဘယ်လောက် ခေါ်ခေါ် ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေ တာလား...။"

ပြောပြောဆိုဆိုနှင့်ပင် လုံခြုံရေး ဝန်ထမ်းလေးသည် ဖုန်းထုတ်ကာ ခေါ်ဆိုလိုက်လေသည်။ သူ၏ မျက်နှာကို ကြည့်ရုံနှင့်ပင် "ညွှန်ကြားရေးမှူးတန်" ဆိုသည်ကို လူအမည်ဟု ထင်မှတ်ကာ အထင်မှားနေ ကြောင်း သိသာလှပေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် စီးကရက်ကို ပါးစပ်တွင် ခဲထားသော ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦး သည် လူ ဆယ်ဂဏန်းကျော်နှင့်အတူ ရောက်ရှိလာပြီး လျန်ထျန်းနှင့် ပို့ဆောင်သူတို့ကို ဝိုင်းရံလိုက်တော့ သည်။ လုံခြုံရေး ဝန်ထမ်းလေးသည် ထိုဝဝဖိုင့်ဖိုင့် အမျိုးသားကို မြင်သည်နှင့် အပြေးအလွှား သွား ရောက်ကာ ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။

"ဦးလေး... ရောက်လာပြီလား...။ ဟိုကောင်ပဲ...၊ သူက အိမ်ပိုင်ရှင်ဆိုပြီးတော့ ပို့ဆောင်သူ ခွေးတစ် ကောင်နဲ့ ပေါင်းပြီး ကျွန်တော့်ကို လာလိမ်နေတာ...။"

ထိုစကားကို ကြားသောအခါ စီးကရက် ခဲထားသော အမျိုးသားသည် လျန်ထျန်းကို တစ်ချက် ကြည့် လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

"မျက်နှာက သိပ်မရင်းနှီးပါလား...။ ရပ်ကွက်ထဲက ဂုဏ်သရေရှိ လူကုံထန်တွေထဲက မဟုတ်ပုံပဲ...။ ချေးငွေနဲ့ အိမ်ဝယ်ထားတဲ့ ရုံးဝန်ထမ်း တစ်ယောက်ပဲ ဖြစ်မှာပါ...။"

"ကောင်လေး...။ မင်း ဒီမှာ အိမ်ဝယ်နိုင်ဖို့ နှစ်ပေါင်းများစွာ ချေးငွေတွေနဲ့ ရုန်းကန်ခဲ့ရမှာပေါ့...။ မလွယ် လှပါဘူး...။"

"နှမြောစရာကောင်းတာက မင်း ငါ့ရဲ့ တူကို သွားပြီး စော်ကားမိတာပဲ...။ မင်း ဒီရပ်ကွက်မှာ အေးအေး ဆေးဆေး နေနိုင်တော့မှာ မဟုတ်ဘူး...။"

"ဒါပေမဲ့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်...။ မင်းရဲ့ အိမ်ကို ငါ့ဆီ ဈေးတစ်ဝက်နဲ့ ရောင်းလိုက်...၊ အဲ့ဒီ ပိုက်ဆံနဲ့ မင်းရဲ့ ချေးငွေတွေကို သွားဆပ်လိုက်ပေါ့...။"

"မဟုတ်ရင်တော့ မင်းမှာ အိမ်ရှိပေမဲ့ နေလို့မရ၊ ရောင်းလို့မရတဲ့ အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်...။"

All Chapters