ငါးကြည့်သူများ
Vol. 81 Ch. 845
ထာဝရ ဆိုသည့် နယ်ပယ်မှာ အလွှာနှစ်ခုကြားက ကြားခံအလွှာတစ်ခု၌ တည်ရှိနေသကဲ့သို့ပင်။
၎င်းက ကမ္ဘာလောကကြီးတစ်ခုလုံးကို ကျော်လွန်ကာ စကြာဝဠာ နှင့် သက်ရှိတို့ကို အထက်စီးမှ ငုံ့ကြည့်နေပြီး အရာအားလုံး၏ အပေါ်၌ ရှိနေသည်။
သို့သော် ထိုအလွှာ၏ အပေါ် ဘက်တွင်မူ မည်သို့မျှ ထိတွေ့၍မရသော တည်ရှိမှုတစ်ခု ရှိနေသေးသည်၊ ၎င်းမှာ ငါးမွေးသူ ပင် ဖြစ်သည်။
ကမ္ဘာ့အရှင်က ကောင်းကင် ဝါးမြို နတ်ဆိုး ကို ထိုကြားခံအလွှာထဲ၌ ထည့်ထားခဲ့ခြင်း ဖြစ်သည်။
ထန်ထျန်းအနေဖြင့် ၎င်း၏ တည်ရှိမှုကို မည်သို့မျှ ရှာမတွေ့နိုင်ခဲ့သည်မှာ မဆန်းတော့ပေ။
ကြားခံအလွှာထဲ၌ ရှိနေခြင်းကြောင့် ထာဝရနယ်ပယ်ထဲသို့ အမှန်တကယ် ခြေချနိုင်သူများသာလျှင် ၎င်းနှင့် ထိတွေ့နိုင်မည် ဖြစ်သည်။
"ကောင်းကင် ဝါးမြို နတ်ဆိုး ဆိုတာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုတစ်ခုပဲ"
ကမ္ဘာ့အရှင်က ရှင်းပြသည်။ "အဲ့ဒါကို တခြားသက်ရှိတွေ မရအောင် ထာဝရ ထဲမှာ ထည့်ထားမှပဲ စိတ်ချရမှာ"
" ပြီးတော့ ထာဝရနယ်ပယ်ထဲ ရောက်နိုင်တဲ့သူတွေကလည်း ကောင်းကင် ဝါးမြို နတ်ဆိုးအပေါ် သိပ်ပြီး စိတ်ဝင်တစား ရှိမှာမဟုတ်ဘူး"
"နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ ထာဝရ ဆိုတဲ့ နယ်ပယ် ဟာ စကြာဝဠာဆန္ဒရဲ့ အထက်မှာ ရှိနေလို့ပဲ"
" စကြာဝဠာဆန္ဒ ကိုယ်တိုင်လည်း ကောင်းကင် ဝါးမြို နတ်ဆိုးရဲ့ သဲလွန်စကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ဒါက တကယ်ပင် အလုံခြုံဆုံး ကိုင်တွယ်ပုံ ဖြစ်ပေသည်။
"ဒါဆို ငါက အဲ့ဒါကို ဘယ်လို ရယူနိုင်မှာလဲ"
ထန်ထျန်းက မေးလိုက်သည်။
ကမ္ဘာ့အရှင်က ခေတ္တမျှ ရပ်တန့်ကာ ပြော၏။ "ကမ္ဘာကြီးကနေ မထွက်ခွာခင်မှာ ငါ သော့တစ်ချောင်း ချန်ထားခဲ့တယ်"
" အဲ့ဒီသော့ကတစ်ဆင့် ကောင်းကင် ဝါးမြို နတ်ဆိုး ရှိတဲ့နေရာကို ရှာတွေ့နိုင်ပြီး ကိုယ့်လက်ထဲ ထည့်ထားနိုင်လိမ့်မယ်"
" ဒါပေမဲ့..."
"ဘာမတော်တဆမှုမှ မရှိဘူးဆိုရင် အဲ့ဒီသော့က ကျွင်းချန်ချင်းရဲ့ လက်ထဲမှာ ရှိနေရမယ်"
" ဒါက ငါနဲ့ သူနဲ့ကြားက သဘောတူညီချက်ပဲ"
ထန်ထျန်း ချက်ချင်း တိတ်ဆိတ်သွားသည်။
ဤရလဒ်မျိုး ဖြစ်လိမ့်မည်ဟု သူ ကြိုတွေးထားပြီးသားပင်။
ကျွင်းချန်ချင်းက သူ၏ ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုအပေါ် အလွန်အမင်း တည်ငြိမ်နေခြင်းမှာ အကြောင်းရှိပေသည်။
မှတ်မိသလောက်ဆိုလျှင် ကျွင်းချန်ချင်းက ဤသို့ပင် ပြောခဲ့ဖူးသေးသည်။
"မင်းရဲ့ ခွန်အား ဒီလောက်မြန်မြန် တိုးတက်လာတာကို မြင်ရတာ မင်းထက်တောင် ငါက ပိုဝမ်းသာသေးတယ်"
ကျွင်းချန်ချင်း ဝမ်းသာမည်မှာ သေချာပါသည်။
အဘယ်ကြောင့်ဆိုသော် ထန်ထျန်းက ကောင်းကင် ဝါးမြို နတ်ဆိုးကို အမှီပြု၍ သန်မာလာခြင်းဖြစ်ကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။
၎င်း၏သော့မှာလည်း ကျွင်းချန်ချင်း၏ လက်ထဲ၌သာ ရှိနေခဲ့သည်။
"ဒါပေမဲ့ အခုတော့... အခြေအနေတွေက တခြားတစ်မျိုး ပြောင်းလဲသွားပုံရတယ်"
ရုတ်တရက် ကမ္ဘာ့အရှင်က စကားလမ်းကြောင်း လွှဲကာ ဆက်ပြောသည်။ "ပုံမှန်ဆိုရင် အဲ့ဒီသော့ ရှိမှသာ ကောင်းကင် ဝါးမြို နတ်ဆိုးကို ကိုယ့်လက်ထဲ အပိုင် ထည့်ထားနိုင်မှာ"
" အဲ့ဒါကို မပိုင်ဆိုင်ခင်အထိ ကောင်းကင် ဝါးမြို နတ်ဆိုးက ထာဝရ ထဲမှာပဲ လွင့်မျောနေပြီး မူလစွမ်းအားတွေကို ဝါးမြိုတဲ့ စွမ်းရည်ကလည်း အပြည့်အဝ ပွင့်လာမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ငါ အခု ရှင်းရှင်းလင်းလင်း ခံစားနေရတာက ကောင်းကင် ဝါးမြို နတ်ဆိုးဟာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေတယ်"
"ဒါမှမဟုတ် ပြောရရင် အဲ့ဒါက ထာဝရ ထဲမှာရော မင်းရဲ့ ခန္ဓာကိုယ်ထဲမှာပါ တစ်ပြိုင်တည်း တည်ရှိနေပြီး မူလက မရှိသင့်တဲ့ အားကောင်းတဲ့ စွမ်းအားတွေကို ထုတ်ဖော်နေတာပဲ"
" အဲ့ဒါက ငါ နားမလည်နိုင်တဲ့ နည်းလမ်းမျိုးပဲ"
"ငါ့အထင်... ငါးမွေးသူ တစ်ယောက်ပဲ ဒီလိုမျိုး လုပ်နိုင်လိမ့်မယ်"
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒါက ဘာကို ဆိုလိုတာလဲ"
ကမ္ဘာ့အရှင်က ပြန်ဖြေ၏။ "ကောင်းကင် ဝါးမြို နတ်ဆိုးရဲ့ စွမ်းရည်ကို သုံးနိုင်တယ်ဆိုကတည်းက မင်းက အဲ့ဒါကို ထိန်းချုပ်နိုင်ပြီးသား၊ အရှင်သခင် ဖြစ်နေပြီလို့ အဓိပ္ပာယ်ရတယ်"
" ဒါကြောင့် အဲ့ဒီသော့က ကောင်းကင် ဝါးမြို နတ်ဆိုးကို ဆက်ပြီး ထိန်းချုပ်နိုင်ဦးမလားဆိုတာ မသေချာတော့ဘူး"
" ဖြစ်နိုင်တာက... မင်းက အဲ့ဒီသော့ရဲ့ အထက်ကို ရောက်သွားပြီပေါ့"
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်သည်။
တကယ်လို့ ဤအတိုင်းသာဆိုလျှင် တကယ့်ကို အဆင်ပြေလှသည်။
တကယ်လို့ သူကသာ ကောင်းကင် ဝါးမြို နတ်ဆိုးကို ပိုင်ဆိုင်သွားပြီဆိုလျှင် ကျွင်းချန်ချင်းနှင့် ညှိနှိုင်းရန် အခြေအနေကောင်းတစ်ခု ရရှိသွားပြီ ဖြစ်သည်။
အရင်က သူနှင့် နေနတ်ဘုရားတို့ တွင်းနက်၏ သဲလွန်စကို လိုက်ရှာခဲ့ကြသည်မှာလည်း ဤရည်ရွယ်ချက်ကြောင့်ပင်။
နှမြောစရာကောင်းသည်မှာ ကမ္ဘာ့အရှင်က ဤအချက်ကို အသေအချာ မဆုံးဖြတ်နိုင်သေးခြင်းပင် ဖြစ်သည်။
"ကျွင်းချန်ချင်းက ဒီအခြေအနေကို သိလား"
ထန်ထျန်းက မေးလိုက်သည်။
ကမ္ဘာ့အရှင်က ခေါင်းယမ်းကာ "မသိနိုင်ဘူး"
" ဒါက ငါတို့ သဘောတူညီချက်ထဲမှာ မပါဘူး"
" သူကိုယ်တိုင်လည်း ကောင်းကင် ဝါးမြို နတ်ဆိုးရဲ့ သဘာဝ ကို နားမလည်ဘူး"
"သူ့အထင်ကတော့ သော့ရှိရင် ကောင်းကင် ဝါးမြို နတ်ဆိုးကို ပိုင်ဆိုင်မယ်လို့ပဲ ယူဆထားဦးမှာပဲ"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ဒါဆိုလျှင် အဆင်ပြေသည်။
သူနှင့် ကျွင်းချန်ချင်းမှာ မလွဲမသွေ ထပ်မံတွေ့ဆုံရဦးမည်ဖြစ်ရာ ထိုအချိန်ကျမှ စမ်းသပ်ကြည့်ရမည်။
တကယ်လို့သာ အမှန်တကယ် ဖြစ်နိုင်ခဲ့လျှင်...
သူ့အတွက် လှုပ်ရှားစရာများစွာ ရှိလာပေလိမ့်မည်။
သတင်းအချက်အလက် ကွာဟချက် ဆိုသည်မှာ အလွန်အရေးကြီးပါသည်။
ဒါကလည်း အရာအားလုံးကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိအောင် သူ ကြိုးစားနေရသည့် အကြောင်းရင်းပင်။
ကျွင်းချန်ချင်းကို အမြဲတမ်း အပေါ်စီးမှာ မထားနိုင်သလို သူကိုယ်တိုင်လည်း သံသယတွေကြားမှာ အမြဲ နစ်မနေနိုင်ပေ။
အခုဆိုလျှင် သံသယအများစုမှာ အကုန်လုံးနီးပါး ရှင်းလင်းသွားပြီ ဖြစ်သည်။
စနစ် ၏ သဲလွန်စကိုပင် အတော်အတန် သိရှိခဲ့ရပြီ။
ကမ္ဘာ့အရှင် ပြောသည့် ကယ်တင်ရှင် ဆိုသည်မှာမူ...
ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါးမွေးသူက သူ့ရှေ့မှာ ပေါ်မလာဖူးသလို သူကလည်း ကိုယ်ပိုင်ဆန္ဒအတိုင်းပဲ လုပ်သွားရုံသာ ရှိသည်။
ဒါဆိုလျှင် နောက်ထပ်လုပ်ရမှာက ကျွင်းချန်ချင်းနှင့် တွေ့ဆုံဖို့ စောင့်ဆိုင်းရန်သာ ကျန်တော့သည်။
ကျွင်းချန်ချင်းကို ထာဝရနယ်ပယ်ထဲ မဝင်အောင် တားဆီးရမလား ဆိုသည်မှာမူ...
တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့။
ဖြစ်နိုင်တာက ဒီဖြစ်စဉ်အတွင်းမှာ တခြား အလှည့်အပြောင်းတွေ ပေါ်လာနိုင်ပါသေးသည်။
"ဪ... ဒါနဲ့ မေ့တော့မလို့၊ နောက်ထပ် တစ်ခု ရှိသေးတယ်"
ထန်ထျန်း ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။ "အစောက မင်းပြောတာ မင်းရဲ့ မူလခန္ဓာကိုယ်က ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာလေ"
" ပြန်လာခဲ့ရင်တောင် တခြား အခြေအနေတစ်ခုနဲ့ပဲ ပြန်လာမယ် ဆိုတာ"
"အဲ့ဒါက ဘယ်လို အခြေအနေမျိုး ဖြစ်မလဲ"
" အဲ့ဒီ အခြေအနေနဲ့ ပြန်လာတာကရော ဘာရည်ရွယ်ချက်နဲ့ ဖြစ်မလဲ"
ဒါကလည်း အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။
တကယ်လို့ အဲ့ဒါကို ရှာတွေ့နိုင်ခဲ့လျှင် တခြား သတင်းအချက်အလက်အချို့ကိုလည်း တွေ့ရှိနိုင်ပေလိမ့်မည်။
သို့သော် ဤမေးခွန်းကို ကမ္ဘာ့အရှင်က ခေါင်းယမ်းပြသည်။
"မသိဘူး"
"စကြာဝဠာဆန္ဒက ငါပြန်လာတာကို အာရုံခံမိတယ်ဆိုကတည်းက ငါ့ရဲ့ အရင်အစီအစဉ် တွေထက် ကျော်လွန်သွားပြီ"
"အခု မင်းတွေ့နေရတဲ့ ငါက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ချန်ထားခဲ့တာပဲ"
" ဒါကြောင့် ဒီနှစ်သန်းပေါင်းများစွာအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါလည်း မသိနိုင်ဘူး"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ဤနေရာက ကမ္ဘာ့အရှင်မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ပုံရိပ်ယောင်မျှသာ ဖြစ်သဖြင့် မသိခြင်းမှာ သဘာဝကျပါသည်။
သို့သော် သူ ဤနေရာမှ ထွက်သွားလျှင်တော့ သေချာပေါက် သွားရှာကြည့်ရမည်။
ဒါပေမဲ့ သူ့မှာ ကြိုတင်ခံစားချက်တစ်ခု ရှိနေသည်၊ ရလဒ်ထွက်ဖို့တော့ ခက်ခဲလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေအတွင်း စကြာဝဠာဆန္ဒက ကမ္ဘာ့အရှင်နှင့် ကောင်းကင်ခွင်း ဓား ပြန်လာတာကို အာရုံခံမိသည်မှလွဲ၍ တခြားမည်သူမှ သူတို့ကို မမြင်ဖူးကြပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကမ္ဘာ့အရှင်က ပြောလာသည်။ "မင်းမှာ တခြား သံသယတွေ ရှိသေးလား"
" ဒီနေရာကနေ ထွက်သွားတာနဲ့ ဟင်းလင်းပြင်က ပြိုကွဲသွားမှာဖြစ်ပြီး ငါလည်း အတူတူ ပျောက်ကွယ်သွားလိမ့်မယ်"
ထန်ထျန်း စဉ်းစားကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
သံသယအားလုံးနီးပါး အဖြေရခဲ့ပြီဖြစ်ရာ သူ ထင်ထားသည်ထက် ပို၍ ချောမွေ့ခဲ့သည်။
နောက်ဆုံးတွင် သူက ပြောလိုက်သည်။ "မရှိတော့ပါဘူး"
" ဒါပေမဲ့..."
"မင်း ငါ့ဘက်ကို လှည့်လာပေးလို့ ရမလား၊ မင်း ဘယ်လိုပုံစံလဲဆိုတာ ငါ ကြည့်ချင်လို့"
"ဒီကမ္ဘာကို ရောက်ကတည်းက မင်းရဲ့ ဒဏ္ဍာရီတွေကိုပဲ အမြဲကြားဖူးပြီး မင်းရဲ့ တကယ့်ရုပ်ရည်ကို တစ်ခါမှ မမြင်ဖူးဘူး"
" မင်းရဲ့ နာမည်ကိုတောင် အခုထိ မသိသေးဘူး"
" မင်း နာမည်က ဘယ်သူလဲ"
ဤမေးခွန်းကို ကမ္ဘာ့အရှင်က လျှို့ဝှက်ဆန်းပြားစွာ ပြုံးလိုက်သည်။
"ဒါက ငါ တမင် ဖုံးကွယ်ထားတာပဲ"
ထန်ထျန်း မှင်တက်သွားကာ "ဘာလို့လဲ"
" တစ်ခုခု လူမမြင်စေချင်တာမျိုး ရှိလို့လား"
ကမ္ဘာ့အရှင်၏ ထိုကဲ့သို့သော အပြုအမူကို သူ နားမလည်နိုင်ပေ။
သို့သော် ကမ္ဘာ့အရှင်က အေးအေးဆေးဆေး ရှင်းပြသည်။ "အဲ့ဒါက... ငါက လုံးဝ အရှုံးမပေးချင်သေးလို့ပဲ"
" ဒီနှစ်တွေတစ်လျှောက်လုံး ငါ အမြဲတွေးနေတာက အရာအားလုံးကို သိနေတဲ့ ငါးမွေးသူဆီကနေ ဖုံးကွယ်ထားနိုင်မယ့် နည်းလမ်း ရှိမလားဆိုတာပဲ"
" မရေမတွက်နိုင်တဲ့ ကြိုးစားမှုတွေအပြီးမှာ ငါ နည်းလမ်းအချို့ကို ရှာတွေ့ခဲ့တယ်"
"နှမြောစရာကောင်းတာက အစွမ်းကုန် ကြိုးစားခဲ့တာတောင် ငါ့ရဲ့ နာမည်နဲ့ ရုပ်ရည်ကိုပဲ ဖုံးကွယ်ထားနိုင်ခဲ့တယ်"
ထန်ထျန်း အံ့သြသွားရသည်။ တကယ်ပဲ ဒီလိုလား။
"ဒါက ငါ အရှုံးမပေးချင်လို့ ကြိုးစားကြည့်တဲ့ နည်းလမ်းတစ်ခုပါပဲ၊ သိပ်တော့ အသုံးမဝင်လှပါဘူး"
" မင်း သိချင်တယ်ဆိုရင်တော့ ငါ မင်းကို ပြပါ့မယ်"
ကမ္ဘာ့အရှင် ပြောအပြီးတွင် အနက်ရောင် ပုတီးစေ့တစ်စေ့က ထန်ထျန်း၏ မျက်စိရှေ့၌ လေထဲတွင် ပေါ်လာသည်။
ထိုပုတီးစေ့မှာ အလွန်ထူးဆန်းလှသည်၊ ၎င်းကို ကြည့်နေမှသာ တည်ရှိနေပြီး မကြည့်တော့ပါက လုံးဝဥဿုံ ပျောက်ကွယ်သွားကာ အစအနပင် မကျန်တော့ပေ။
အံ့သြမှုများနှင့်အတူ ထန်ထျန်းက စိတ်အာရုံကို ပုတီးစေ့ထဲသို့ ထည့်သွင်းလိုက်သည်။
အတွင်း၌ ပုံတူပန်းချီကား တစ်ချပ်နှင့် နာမည်တစ်ခုသာ ရှိသည်။
"တော်တော် ချောတာပဲ"
ထန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။ "မင်းနာမည်ကလည်း တကယ် ကဗျာဆန်တယ်..."
သို့သော် စကားမဆုံးမီမှာပင် ကမ္ဘာ့အရှင်က ဖြတ်ပြောလိုက်သည်။
"အပြင်ကို ထုတ်မပြောပါနဲ့"
"မင်း ထုတ်မပြောသရွေ့ သူမ သိမှာ မဟုတ်ဘူး"
"သူတို့... သိမှာ မဟုတ်ဘူး"
ထန်ထျန်း ချက်ချင်း ကြောင်သွားသည်။
"သူတို့ လား"
ကမ္ဘာ့အရှင်က ခေါင်းညိတ်၏။
"ဒီနှစ်တွေအတွင်း ငါ လေ့လာမိသလောက်ဆိုရင် ငါးမွေးသူက တစ်ယောက်တည်း မဟုတ်နိုင်ဘူး"
" ဒါမှမဟုတ် ငါးမွေးသူက တစ်ယောက်တည်း ဖြစ်နိုင်ပေမဲ့..."
"သူမရဲ့ ဘေးပတ်ပတ်လည်မှာ တခြားသူတွေ အများကြီး ရှိနေပုံရတယ်..."
"ငါးကြည့်သူတွေ ပေါ့"
ပြောရင်းနှင့် ကမ္ဘာ့အရှင်က ခေါင်းကို အနည်းငယ် မော့လိုက်သည်။ သူ၏ မမြင်ရသော အကြည့်က အတားအဆီး အားလုံးကို ထိုးဖောက်သွားဟန် တူသည်။
"ဟုတ်တယ်"
"ငါ မင်းတို့ကို မြင်နေရတယ်"