တာအိုအရှင်တို့၏ ဝမ်းနည်းဖွယ်ရာ
Vol. 81 Ch. 852
မဝေးတော့တဲ့ အနာဂတ်မှာ ထန်ထျန်းနဲ့ ကျွင်းချန်ချင်းတို့က မလွဲမသွေ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ကြရဦးမှာ ဖြစ်သည်။
ထန်ထျန်းက ကောင်းကင်ဝါးမြိုနတ်ဆိုးကို ထိန်းချုပ်ခွင့် ရရှိထားပြီဆိုပေမဲ့ ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ မသိနိုင်သေးတဲ့ ပဟေဠိတစ်ခုပဲ ဖြစ်နေပါသေးသည်။
အထွတ်အထိပ်ရောက် နေတဲ့ ကျွင်းချန်ချင်းက ဘယ်လောက်အထိ သန်မာ မလဲဆိုတာ ဘယ်သူမှမသိနိုင်သလို သူ့မှာ ကြေးနီဒယ်ဆောက်အိုး နဲ့ ဖန်တီးရှင်နတ်ဘုရားစွမ်းအား တွေလည်း ရှိနေသည်။ ဒါတွေက ထန်ထျန်းမှာ မရှိတဲ့အရာတွေပင်။
ဒါကြောင့် ဒီတိုက်ပွဲမတိုင်ခင်မှာ ထန်ထျန်းအနေနဲ့ နောက်ဆုံးပြင်ဆင်မှုတွေကို သေချာလုပ်ထားဖို့ လိုအပ်သည်။
အခုဆိုရင် စကြာဝဠာရဲ့ နယ်မြေ အတော်များများက သူ့ရဲ့ လက်အောက်ခံတွေ ဖြစ်နေပြီဆိုပေမဲ့ လူတိုင်းကိုတော့ သူ ကာကွယ်ပေးနိုင်မှာ မဟုတ်ပေ။
သူ့ရဲ့ လူယုံတွေ ဒါမှမဟုတ် သူ့အတွက် အရေးပါတဲ့သူအချို့ကိုပဲ ရွေးချယ်ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။
သူ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောရင်လည်း ပြောနိုင်ပေမဲ့ ဒါက ထန်ထျန်းရဲ့ သဘာဝပင်၊ သက်ရှိအားလုံးကို တန်းတူညီတူ ဆက်ဆံဖို့ဆိုတာ သူ မလုပ်နိုင်ပေ။
ထိုက်ယိ မြင့်မြတ်နယ်မြေနဲ့ ထျန်းဖူ ကမ္ဘာ ၉ ခုကို ကာကွယ်ပေးထားနိုင်တာကတင် သူ့အတွက် အကန့်အသတ် ရောက်နေပြီဖြစ်သည်။
အလွန်ဆုံးရှိလှ တခြားမြင့်မြတ်နယ်မြေ တစ်ခုလောက်ကိုပဲ ထပ်တိုးနိုင်မည်၊ အဲ့ဒီထက် ပိုလို့တော့ မရနိုင်တော့ပေ။
အဲ့ဒီထက် ပိုလာရင်တော့... ဂျင်ဂိုကမ္ဘာရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်သွားလိမ့်မည်။
"ဒီကမ္ဘာမှာ မကြာခင်မှာ ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာဖို့ ရှိတယ်"
"ဒါကြောင့် ဒုက္ခသည်တွေလို ပြေးကြရမယ်လို့ ပြောတာလည်း ပြဿနာမရှိဘူး"
ထန်ထျန်းက လေသံအေးအေးနဲ့ ပြောလိုက်သည်။
အောက်မှာ ရှိနေတဲ့သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မှင်တက်သွားကြသည်။
သူတို့ လက်လှမ်းမမီတဲ့ အဆင့် တစ်ခုမှာ အပြောင်းအလဲတွေ ရှိနေမယ်ဆိုတာ သိထားကြပေမဲ့ အခုလိုမျိုး မြင့်မြတ်နယ်မြေတစ်ခုလုံး ဒုက္ခသည်တွေလို ပြေးရမယ့်အဆင့်အထိ ဖြစ်လာလိမ့်မယ်လို့တော့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။
ကျိကျွင်း တွေတောင် သူတို့ကို ကာကွယ်မပေးနိုင်တော့တဲ့အထိ အခြေအနေက ဆိုးရွားနေပြီလား
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ချန်ဝူဟွေ့က လေးနက်တဲ့ မျက်နှာထားနဲ့ မေးလိုက်သည်။ "အရှင်သခင်ကို မေးပါရစေ..."
"ဒုက္ခသည်လို ပြေးတာအပြင် ငါတို့ တခြားဘာများ လုပ်နိုင်သေးလဲ"
သူက ဘယ်လိုကပ်ဘေးမျိုးလဲဆိုတာကို အသေးစိတ် မမေးခဲ့ပေ။ ဘာလို့လဲဆိုတော့ ကျိကျွင်းအထက်က ပုဂ္ဂိုလ်တွေတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးကို မေးနေလည်း အပိုပဲဆိုတာ သူ နားလည်လို့ပင်။
ဒါပေမဲ့ ထန်ထျန်းက ခေါင်းယမ်းပြလိုက်သည်။
"ဘာမှ လုပ်လို့မရဘူး"
သူက ဆက်ပြောသည်။ "ဒီကပ်ဘေးက စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးသွားမှာ၊ သက်ရှိမှန်သမျှ ဘယ်သူမှ လွတ်မှာမဟုတ်ဘူး"
"နောက်ဆုံးမှာ အသက်ရှင်ကျန်ရစ်မယ့်သူက ဘီလီယံ ပေါင်းများစွာထဲမှာ တစ်ယောက်လောက်ပဲ ရှိနိုင်လိမ့်မယ်"
"တကယ်လို့ ကပ်ဘေးကြီး ကျရောက်လာခဲ့ရင် မင်းတို့က ထိုက်ယိ မြင့်မြတ်နယ်မြေ ရှိနေတဲ့ ဒီကမ္ဘာငယ်လေးထဲမှာပဲ ငြိမ်ငြိမ်လေးနေကြ၊ အပြင်လူတွေ ကျူးကျော်မလာအောင်ပဲ ကာကွယ်ထားကြ"
"ဒါဆို ရပြီ"
ဂျင်ဂိုကမ္ဘာထဲမှာ သက်ရှိတွေ အဆင်ပြေပြေ နေထိုင်နိုင်ပြီဆိုပေမဲ့ ထန်ထျန်းက အဲ့ဒီလိုလုပ်ဖို့ အစီအစဉ်မရှိသေးပေ။
အနာဂတ်ရလဒ်က မသေချာသေးဘူးလေ၊ တကယ်လို့ သူ နိုင်သွားခဲ့ရင်ကော
ဂျင်ဂိုကမ္ဘာက လျိုလီကမ္ဘာ နဲ့ မတူဘဲ ပြီး ပြည့်စုံပြီး အသစ်စက်စက် ကမ္ဘာတစ်ခု ဖြစ်သည်။
တကယ်လို့ သက်ရှိတွေကို အဲ့ဒီထဲမှာ အခြေချခိုင်းလိုက်ရင် သူတို့က ဂျင်ဂိုကမ္ဘာရဲ့ အော်ရာ တွေကို မလွဲမသွေ ရရှိသွားမှာဖြစ်ပြီး အဲ့ဒီအော်ရာတွေက စကြာဝဠာကြီးနဲ့ ပဋိပက္ခ ဖြစ်လိမ့်မည်။
ရိုးရိုးလေးပြောရရင် အထဲဝင်ရတာ လွယ်ပေမဲ့ ပြန်ထွက်ဖို့ကျရင် ခက်ခဲသွားလိမ့်မည်။
ဒါကြောင့် ထန်ထျန်းက တခြားနည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။
ကမ္ဘာငယ် ပုံစံမျိုးနဲ့ ဂျင်ဂိုကမ္ဘာကို အကာအကွယ်ပေးခိုင်းထားဖို့ပင်။
သူက မြင့်မြတ်နယ်မြေ ရှိနေတဲ့ ကမ္ဘာနဲ့ ထျန်းဖူ ကမ္ဘာ ၉ ခုလုံးကို ဂျင်ဂိုကမ္ဘာနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပေမဲ့ စကြာဝဠာကြီး နဲ့ ရှိနေတဲ့ အဆက်အသွယ်ကိုတော့ ဖြတ်တောက်မှာ မဟုတ်ပေ။
ဒီလိုလုပ်ခြင်းအားဖြင့် စကြာဝဠာကြီး ပျက်စီးမသွားရင် အရာအားလုံးက အရင်အတိုင်းပဲ ကျန်ရှိနေမှာဖြစ်ပြီး သူတို့တွေလည်း စကြာဝဠာထဲမှာ ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်သည်။
တကယ်လို့ စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တော့ ဂျင်ဂိုကမ္ဘာက ဝင်ရောက်ကူညီပြီး ဒီကမ္ဘာငယ်တွေကို သူ့အနားဆီ ရွှေ့ပြောင်းကာ အပြည့်အဝ ပေါင်းစည်းပစ်လိုက်မှာ ဖြစ်သည်။
ဒါဆိုရင် အဝင်အထွက် ကိစ္စက ပြဿနာရှိမှာ မဟုတ်တော့ပေ။
ဒါ့အပြင် ဒီလိုလုပ်တာက နောက်ထပ် အကျိုးကျေးဇူးတစ်ခု ရှိသေးတယ်၊ အဲ့ဒါကတော့ ဂျင်ဂိုကမ္ဘာရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အသုံးချပြီး သက်ရှိအမြောက်အမြားကို ကာကွယ်ပေးနိုင်မှာပင်။
မဟုတ်ရင် ထျန်းဖူ ကမ္ဘာ ၉ ခုထဲက သက်ရှိတွေတင် ဂျင်ဂိုကမ္ဘာရဲ့ လက်ရှိ ခံနိုင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ထန်ထျန်း ပြောတာကို ကြားတဲ့အခါ လူတိုင်းက ထပ်မံ တိတ်ဆိတ်သွားကြပြန်သည်။
သူတို့တွေ အဆိုးဆုံးကို တွေးထားကြပေမဲ့ အမှန်တရားက သူတို့ ထင်ထားတာထက် ပိုပြီး ဆိုးရွားနေခဲ့သည်။
ဘာမှ လုပ်လို့မရဘူးလား
ဒုက္ခသည်လိုပဲ ပြေးရမှာလား...
ဒါက တကယ်ကို မျှော်လင့်ချက်မဲ့စေတဲ့ အဖြေတစ်ခုပင်။
"ကဲ... တော်ပြီ"
ထန်ထျန်းက ထပ်ပြောသည်။ "တခြားမေးစရာ မရှိတော့ရင် အချိန်မဖြုန်းဘဲ အမြန်သွားလုပ်ကြတော့"
"အစီအစဉ်တကျ ဖြစ်အောင် စီမံကြပါ၊ မြင့်မြတ်နယ်မြေကြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို ငါ မမြင်ချင်ဘူး"
ဒီအစီအစဉ်အတိုင်းသာ လုပ်မယ်ဆိုရင် မြင့်မြတ်နယ်မြေထဲက လူဦးရေဟာ အဆပေါင်း ရာနဲ့ချီ တိုးလာမှာ ဖြစ်သည်။
အရင်းအမြစ် လုယူမှုတွေ၊ အာဏာလုယူမှုတွေကတော့ မလွဲမသွေ ဖြစ်လာမှာပင်။
ဒါပေမဲ့ ချန်ဝူဟွေ့တို့အနေနဲ့ ဒီပြဿနာတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ သူ ယုံကြည်သည်။
ခဏအကြာမှာတော့ ဘယ်သူမှ ထပ်ပြီး မမေးကြတော့တာကို မြင်တဲ့အခါ ထန်ထျန်း မတ်တတ်ရပ်လိုက်သည်။
"ဒါဆိုရင် ဒီလောက်ပဲ"
ထို့နောက် သူက ချန်ဝူဟွေ့ကို ကြည့်လိုက်သည်။
"မင်း ငါ့နောက်ကို လိုက်ခဲ့ဦး"
ပြောပြီးတာနဲ့ သူက ခန်းမထဲကနေ ထွက်သွားခဲ့ရာ ချန်ဝူဟွေ့ကလည်း ထန်ထျန်းနောက်ကို လိုက်ပါသွားတော့သည်။
နှစ်ယောက်သားက သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ ပန်းခြံလေးထဲကို ရောက်လာကြသည်။
အရင်က နားနေဆောင် လေး၊ အရင်က နေရာလေးပဲ ဖြစ်သည်။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်း ကတော့ အရင်နဲ့ လုံးဝ ကွာခြားသွားပြီပင်။
"အရှင်သခင်... ငယ်သားကို ဘာများ ခိုင်းစရာ ရှိလို့လဲ"
ချန်ဝူဟွေ့က ရိုသေစွာ မေးသည်။
ထန်ထျန်းက ချက်ချင်း ပြန်မဖြေဘဲ ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပြီးမှ ပြောလိုက်သည်။ "တာအိုအရှင် ဝူဟွေ့ "
"ကျိကျွင်း နဲ့ ပတ်သက်ပြီး..."
"မင်း ဘယ်လို မြင်သလဲ"
ချန်ဝူဟွေ့ ခဏ မှင်တက်သွားသည်။ ထန်ထျန်းက ဒီမေးခွန်းကို ရုတ်တရက် ဘာလို့ မေးရတာလဲဆိုတာ သူ မတွေးမိပေ။
ထန်ထျန်း ဘာကို သိချင်တာလဲ၊ ဘယ်လိုအဖြေမျိုး ကြားချင်တာလဲဆိုတာကို သူ စိတ်ထဲကနေ အမြန် ခန့်မှန်းကြည့်လိုက်သည်။
ဒါပေမဲ့ ထန်ထျန်းက ချက်ချင်းပဲ ထပ်ပြောလိုက်သည်။ "ငါက အမှန်အတိုင်းပဲ ကြားချင်တာ"
ချန်ဝူဟွေ့ရဲ့ အကြည့်တွေ ခေတ္တမျှ တုန်လှုပ်သွားသည်။
ခေတ္တအကြာမှာတော့ သူက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"ကျွန်တော် အခုထိ ယူဆထားတာကတော့..."
"အဲ့ဒါက မတည်ရှိသင့်တဲ့ အဆင့် တစ်ခုပဲ"
သူ ဒီစကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့ ပထမဆုံး တွေ့တုန်းကလည်း ချန်ဝူဟွေ့က ဒီလိုပဲ ရင်ဖွင့်ခဲ့ဖူးသည်။
ဘာလို့လဲဆိုတော့ သူ တကယ်ကို မကျေနပ်လို့ပင်။
ချန်ဝူဟွေ့ရဲ့ ကျင့်ကြံခြင်း ပါရမီက သက်ရှိအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်လို့ ပြောလို့ရသည်။ ကျိကျွင်း အတော်များများတောင် သူ့လောက် ပါရမီ မကောင်းသလို တာအိုနှလုံးသားလည်း မခိုင်မာကြပေ။
ဒါပေမဲ့ ကျိကျွင်းအဆင့်ကို တက်လှမ်းနိုင်မယ့် နတ်ဘုရား ရတနာ ကို မရှာတွေ့နိုင်တာကြောင့် သူက တာအိုအရှင် အဆင့်မှာပဲ ထာဝရ ပိတ်မိနေခဲ့ရသည်။
ဒါက အထွတ်အထိပ် တာအိုအရှင် အားလုံးရဲ့ ဝမ်းနည်းဖွယ်ရာပင်။
ကျင့်ကြံခြင်းလမ်းစဉ်က ပြင်ပပစ္စည်းတစ်ခုကြောင့်နဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေ ပိတ်ဆို့မခံရသင့်ပေ။
"နတ်ဘုရားရတနာ ကို အသုံးမပြုဘဲ ကျိကျွင်းအဆင့်ကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းကို ရှာဖို့ ကျွန်တော် အမြဲ ကြိုးစားခဲ့တယ်"
"ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော် သိလိုက်ရတာက နတ်ဘုရား ရတနာ ကို ကျော်လွန်ပြီး ကျိကျွင်း ဖြစ်လာမယ်ဆိုရင် တစ်ကမ္ဘာလုံးကို ပြန်ပြင်လို့မရတဲ့ ကြောက်စရာကောင်းတဲ့ ထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်"
"အဲ့ဒီအဆင့်က ကမ္ဘာကြီးကို စတေးပြီးမှ ကိုယ့်ကိုယ်ကိုယ် အောင်မြင်အောင် လုပ်ရတဲ့ အဆင့် ပဲ၊ ကမ္ဘာကြီးနဲ့ လုံးဝ ပဋိပက္ခ ဖြစ်နေတဲ့ အဆင့် တစ်ခုပေါ့"
"ဒါကြောင့်မို့... အဲ့ဒါက မတည်ရှိသင့်တဲ့ အဆင့် တစ်ခုလို့ ကျွန်တော် ယူဆတာပါ"
ချန်ဝူဟွေ့က ပြောလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
အမှန်တရားကလည်း အဲ့ဒီအတိုင်းပင်။
ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးက မပြည့်စုံဘဲ ဟာကွက်တွေ ရှိနေလို့ဖြစ်ပြီး ကျိကျွင်း ဆိုတာကတော့ အဲ့ဒီဟာကွက်ထဲကနေ ပေါ်ထွက်လာတဲ့ တည်ရှိမှုမျိုး ဖြစ်သည်။
ဒါပေမဲ့ သူ မထင်ထားတာက ချန်ဝူဟွေ့ဟာ နတ်ဘုရားရတနာ ကို ကျော်လွန်ပြီး တက်လှမ်းမယ့် လမ်းကြောင်းကို တကယ် ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။
သူ့ရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းလှသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ထပ်မေးလိုက်သည်။
"ဒါဆို ငါ မင်းကို နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးမယ်"
"မင်းက ကျိကျွင်းတွေ ရှိတဲ့ ကမ္ဘာမှာ ရှင်သန်ချင်သလား၊ ဒါမှမဟုတ် ကျိကျွင်းတွေ မရှိတဲ့ ကမ္ဘာမှာ ပိုပြီး ရှင်သန်ချင်သလား"
ဒီမေးခွန်းက ချန်ဝူဟွေ့ကို အချိန်အတော်ကြာ စဉ်းစားသွားစေသည်။
နောက်ဆုံးမှာတော့ သူက အလေးအနက် ပြန်ဖြေလိုက်သည်။ "ကျွန်တော် ရှင်သန်ချင်တာက..."
"ပြီးပြည့်စုံတဲ့ နိယာမတွေ ရှိနေတဲ့ ကမ္ဘာတစ်ခုမှာပါ"