← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) မင်မင်းဆက်သို့ ပြန်လည်ရောက်ရှိခြင်း

ဆားရည်များက ပဲနို့ စည်ပိုင်းထဲသို့ တစ်စက်ချင်း စီးကျလာချိန်တွင်ပဲနို့ရည်ထဲ၌အဖတ်ကလေးများ စတင်ပေါ်လာ၏။ ၎င်းမှာ ဟင်းရည်ပူပူထဲတွင် ဝဲပျံနေသော နှင်းပွင့်လေးများနှင့်ပင် တူနေတော့သည်။

ဆားရည်အိုးကို ကိုင်ထားသော အဘိုးအိုတင် သည် တစ်စုံတစ်ခုကို အနှောင့်အယှက်ဖြစ်မည် စိုးသည့်အလား အသက်ကို အောင့်ထား၏။ သူ၏ ညာဘက်လက်မောင်းမှာ ငြိမ်သက်နေပြီး၊ ဆားရည်စီးကျနှုန်းကို တိတိကျကျ ထိန်းချုပ်နိုင်ရန်အတွက် လက်ကောက်ဝတ်အားကိုသာ အသုံးချကာ လှုပ်ရှားနေ၏။

သူ၏ ဘယ်ဘက်လက်က မွှေပေးလိုက်သည့်အခါ စည်ပိုင်းထဲရှိ ပဲနို့ရည်များမှာ တဖြည်းဖြည်း ခဲလာလေသည်။

တို့ဖူးပြုလုပ်သည့် လုပ်ငန်းစဉ်မှာ ရှုပ်ထွေးနက်နဲလှ၏။ ပဲစေ့ရွေးချယ်ခြင်းမှသည် နောက်ဆုံး တို့ဖူးပုံဖော်သည်အထိ ဆေးကြောခြင်း၊ ရေစိမ်ခြင်း၊ ကြိတ်ခြင်း၊ အဖတ်စစ်ခြင်း၊ ကျိုချက်ခြင်း စသည့် အဆင့်များစွာ ပါဝင်သည်။ ၎င်းတို့အနက် အရေးကြီးဆုံးမှာ ဆားရည်ထည့်သည့် အဆင့်ပင် ဖြစ်သည်။

ဆားရည်သည် တို့ဖူး၏ အသက်ဝိညာဉ်ဖြစ်ပြီး၊ ဆားရည်ထည့်သည့် ဖြစ်စဉ်မှာ နဂါးရုပ်တွင် မျက်လုံးဖော်ပေးသည့်အလား အရေးပါသည်။ ဆားရည်များလွန်းလျှင် တို့ဖူးမှာ အဖတ်များကဲ့သို့ ပွယောင်းယောင်းဖြစ်ပြီး ခါးသက်သော အရသာရှိတတ်ကာ၊ ဆားရည်နည်းလွန်းလျှင်မူ ချက်ပြုတ်သည့်အခါ ကြေပျက်သွားတတ်သည်။

အဘိုးအို တင် သည် သူ၏ တစ်သက်တာလုံးနီးပါး တို့ဖူးလုပ်ကိုင်လာခဲ့သူ ဖြစ်သဖြင့် သူ၏ လက်ရာမှာ အလွန်ပင် ပြောင်မြောက်လှသည်။

သူသည် အသက်အရွယ်ကြီးရင့်လာပြီး လူပင်ပန်းလာသောကြောင့်သာ အလုပ်ကြားတွင် ခဏခဏ နားနေရခြင်း ဖြစ်သည်။

စည်းချက်ကျကျ တံခါးခေါက်သံကို ကြားရသဖြင့် အဘိုးအို တင် သည် သူ၏ အလုပ်ကို ခဏချထားပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

တံခါးခေါက်သူမှာ အသက် ၂၀ ခန့်ရှိ လူငယ်တစ်ဦးဖြစ်ပြီး တစ်ကိုယ်လုံး နှင်းများ ဖုံးလွှမ်းနေ၏။

“အဘိုး... ကျွန်တော် အထဲမှာ ခဏလောက် ဝင်နားလို့ ရမလားခင်ဗျာ”

“ညကြီးမင်းကြီး လေပြင်းတွေတိုက်ပြီး နှင်းတွေလည်း ထူနေတာပဲ၊ မြန်မြန်ဝင်ခဲ့။ မီးဖိုနားမှာ လာနွေးလိုက်ဦး”

“ကျေးဇူးတင်ပါတယ် အဘိုး”

လူငယ်မှာ အိမ်ထဲသို့ ဝင်လာပြီး သူ၏ ပခုံးပေါ်ရှိ သေတ္တာကြီးကို ချလိုက်သည်။ ထိုသေတ္တာပေါ်တွင် “ရှန်ကျန်းဆေးတက္ကသိုလ် ဆက်စပ်ဆေးရုံ အထူးဆေးသေတ္တာ” ဟု စာသားများ ရေးထိုးထားသည်။

သို့သော် အဘိုးအို တင် မှာ စာမတတ်သဖြင့် ထိုစာသားများ၏ အဓိပ္ပာယ်ကို နားမလည်ပေ။ သူသည် စေတနာအပြည့်ဖြင့် ပူနွေးပျစ်ချွဲသော ပဲနို့တစ်ခွက် ခပ်ပေးလိုက်ပြီးဖော်ရွေစွာတိုက်လိုက်သည်။

“လူငယ်လေး၊ ကိုယ်အေးတာ သက်သာသွားအောင် ဒီပဲနို့ပူပူလေး အရင်သောက်လိုက်ဦး”

ပဲနို့တစ်ခွက် သောက်လိုက်ပြီးနောက် အအေးဓာတ်မှာ ထက်ဝက်ကျော် လျော့ပါးသွားသဖြင့် လူငယ်ကကျေးဇူးတင်စွာ ပြုံးလျှက်မေးလိုက်သည်။

“အဘိုးကို ဘယ်လိုခေါ်ရမလဲ ခင်ဗျာ”

“ငါ့မျိုးရိုးက တင် လေ၊ အိမ်နီးနားချင်းတွေကတော့ အဘိုးအို တင် လို့ပဲ ခေါ်ကြတယ်။ မင်းနာမည်ကကော ဘယ်သူလဲ”

“ကျွန်တော့်နာမည်က ဝူကျိရှန်း ပါ”

“ကျွန်တော်က ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆေးအဖွဲ့ကပါ။ ကားပေါ်က ဆင်းဆင်းချင်း လမ်းပျောက်သွားပြီး ဒီနှင်းမုန်တိုင်းထဲမှာ ညဦးပိုင်းကတည်းက လျှောက်သွားနေမိတာ... အော်၊ ဒါနဲ့ ဒီက မြို့နယ်အစိုးရရုံးက ဘယ်နားမှာလဲ ခင်ဗျာ”

"မြို့နယ်အစိုးရရုံး"

အဘိုးအိုမှာ အံ့သြသွားပြီး နားမလည်စွာ ပြန်မေးလိုက်သည် ။

“အဲဒါ ဘာကြီးလဲ”

“ဒီမှာ မြို့နယ်အစိုးရရုံးတောင် မရှိဘူးလား။ ဒါဆို ဒီဒေသက ကိစ္စတွေကို ဘယ်သူက စီမံခန့်ခွဲတာလဲ”

“ခရိုင်အရာရှိရုံး က စီမံတာပေါ့ကွ”

အဘ်ုးအိုက လူငယ်ကို တုံးလိုက်တာဟုသောအကြည့်ဖြင့်ကြည့်၏။

"ခရိုင်အရာရှိရုံး"

လူငယ်သည် အဘိုးအို တင် ကို စူးစိုက်ကြည့်နေပြီး တစ်ခုခုပြောချင်သလိုဖြင့် နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ခဲ့ပေ။

ဝူကျိရှန်းသည် တစ်ခုခု မှားယွင်းနေပြီဟု ခံစားနေရ၏။ သူသည် နှင်းထဲတွင် နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့သော်လည်း လမ်းမကြီး တစ်ခုတောင် မတွေ့ခဲ့ရသလို၊ ဖုန်းလိုင်းလည်း လုံးဝမမိပေ။

နောက်ဆုံးတွင် အိမ်တစ်အိမ် တွေ့ခဲ့သော်လည်း သူ၏ သံသယများမှာ ပို၍ပင် ကြီးထွားလာသည်။

ဤရိုးရှင်းသော တို့ဖူးဖိုတွင် လျှပ်စစ်မီး မရှိသည့်အပြင် အိမ်သုံးလျှပ်စစ်ပစ္စည်း တစ်ခုမှလည်း မရှိပေ။

အထူးသဖြင့် ထူးဆန်းသည်မှာ တို့ဖူးလုပ်သည့် ပစ္စည်းများမှာ သစ်သားဇလုံများနှင့် မြေအိုးများသာ ဖြစ်ပြီး၊ ပလတ်စတစ်ဇလုံ တစ်လုံးတောင် မတွေ့ရခြင်းပင်ဖြစ်သည်။

ထို့ပြင် သူ၏ရှေ့မှ အဘိုးအို တင် မှာ ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည်မဟုတ်ပါလား။

ရှေးဟောင်းဝတ်စုံ ဝတ်ထားသည့် အဘိုးကြီးနှင့် သူခဏခဏ ပြောနေသည့် “ခရိုင်အရာရှိရုံး” ဆိုသည်မှာ ဝူကျိရှန်း အတွက် အခြားခေတ်ကာလတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

"ငါ... ခေတ်နောက်ပြန် ရောက်သွားတာ များလား"

နေ့စဉ် အရုဏ်တက်ချိန်တိုင်း ဝူကျိရှန်း သည် ထမ်းပိုးကို ထမ်းကာ လမ်းတကာ လှည့်၍ တို့ဖူးရောင်းရ၏။

“တို့ဖူး... တို့ဖူး ပူပူလေး...”

မကြာမီပင် မြို့ငယ်လေးမှ လူများသည် ထိုတို့ဖူးရောင်းသည့် လူငယ်လေးနှင့် ရင်းနှီးလာကြ၏။

ဝူကျိရှန်း ကိုယ်တိုင်မသိလိုက်ဘဲနှင့်ပင် ဤဘဝထဲသို့ လိုက်လျောညီထွေ ဖြစ်လာပြီး ဤခေတ်ကာလထဲတွင် တဖြည်းဖြည်း အသားကျလာပါတော့သည်။

-----------------

အခန်း (၂) ခွဲစိတ်မှုအတွက် ပြင်ဆင်ခြင်း

နေ့တာတိုပြီး ညတာရှည်သော ချမ်းအေးသည့် ရာသီတွင် မောင်းတီးချိန်( နံနက် ၅ နာရီမှ ၇ နာရီကြား) ရောက်နေပြီဖြစ်သော်လည်း ပတ်ဝန်းကျင်မှာ မှောင်အတိကျနေဆဲဖြစ်သည်။ လူများ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်တွင် ဝူကျိရှန်း နှင့် အဘိုးအို တင် တို့မှာ အလုပ်စတင်နေကြပြီဖြစ်၏။

ထုံးစံအတိုင်း သူတို့သည် လေးလံသော ကျောက်ကြိတ်ဆုံကြီးကို တွန်းကာ ရေစိမ်ထားသော ပဲစေ့များကို ပဲနို့ရည်ဖြစ်အောင် တစ်စက်ချင်း ကြိတ်နေကြသည်။

"လောကမှာ အခက်ခဲဆုံး အလုပ်သုံးမျိုးရှိတယ်ကွ။ လှေထိုးတာ၊ ပန်းပဲခတ်တာနဲ့ တို့ဖူးရောင်းတာပဲ့၊ ပဲနို့ကြိတ်တာက ပင်ပန်းတဲ့အလုပ်ပဲ၊ မင်းညောင်းရင် ခဏနားဦးလေ"

ဝူကျိရှန်း က နဖူးပေါ်မှ ချွေးစက်လေးများကို သုတ်လိုက်ပြီးပြန်ပြောလိုက်၏။

"ပင်ပန်းတဲ့အလုပ်ဆိုတာ တစ်ခါတည်း အပြတ်လုပ်ရတာ အဘိုး။ ကြားထဲမှာ နားလိုက်ရင် ကြွက်သားတွေက ပျင်းသွားတတ်တယ်။ ဒီပဲတစ်သုတ်ကို မြန်မြန်ကြိတ်ပြီးတာကမှ ပိုကောင်းဦးမယ်"

"တို့ဖူးလုပ်တာ ပင်ပန်းတယ်ဆိုပေမဲ့ အမြတ်တော့ အသင့်အတင့် ကျန်ပါတယ်"

ဝူကျိရှန်း၏ ကြိုးစားမှုကို အဘိုးအို တင် က သဘောကျနေသည်။

"ဒီနှစ်တွေထဲမှာ ငါ ငွေခုနစ်မူး ရှစ်မူးလောက် စုမိထားတယ်။ ငါတို့ သားအဖနှစ်ယောက် နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားပြီး ပိုက်ဆံလေး ထပ်စုလိုက်ရင် မင်းအတွက် မိန်းမတစ်ယောက် ရှာပေးလို့ရပြီ "

အဘိုးအို တင် သည် ဝူကျိရှန်းကို သူ၏ သားအရင်းကဲ့သို့ သဘောထားနေသည်မှာ ကြာပြီဖြစ်သည်။ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ပိုက်ဆံစုပြီး ဝူကျိရှန်းကို အိမ်ထောင်ချပေးပြီး မြေးမြစ်များ မြင်တွေ့ရန်နှင့် သူအိုမင်းလာချိန်တွင် ပြုစုမည့်သူ၊ သေဆုံးချိန်တွင် သင်္ဂြိုဟ်ပေးမည့်သူ ရှိစေရန်ဖြစ်၏။

အဘိုးအို၏ ရိုးသားဖြူစင်မှုနှင့် ကြင်နာမှုကြောင့် ဝူကျိရှန်း စိတ်လှုပ်ရှားသွားရသည်။ သူ တစ်ခုခု ပြန်ပြောမည်အလုပ်တွင် တံခါးကို အလောတကြီး လာခေါက်သံ ကြားလိုက်ရသည် ။

"အဘိုးအို တင်၊ ဝူကျိရှန်း... မြန်မြန်ထကြပါဦး၊ စတုတ္ထအစ်ကို သေတော့မယ်ဗျို့"

အိမ်နီးနားချင်းများမှာ ထုံးစံအတိုင်း တစ်ဦးနှင့်တစ်ဦး ကူညီကြလေ့ရှိသည်။ ဘေးအိမ်တွင် နေထိုင်သည့် ကျန်းစစ်ကော မှာ ခရိုင်အရာရှိရုံးမှ အမှုထမ်းတစ်ဦးဖြစ်ပြီး ဝူကျိရှန်း၏ 'အိမ်ထောင်စုစာရင်း' ကိုလည်း သူကပင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကျန်းစစ်ကောမှာ ထွားကျိုင်းသန်မာသူ တစ်ဦးဖြစ်၏။ မနေ့ကပင် အိမ်သို့ လာလည်သေးသည်ကို ယခု ဘယ်လိုဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရောက်သွားရသနည်း။

အဘိုးအို တင် နှင့် ဝူကျ်ိရှန်း တို့မှာ သူတို့၏ အလုပ်များကို ပစ်ထားခဲ့ပြီး အိမ်တံခါးပင် မပိတ်နိုင်အားဘဲ အိမ်နီးနားချင်းအိမ်သို့ အပြေးအလွှား သွားကြတော့သည်။

ဝူကျိရှန်းတို့ ကျန်းစစ်ကော၏ အိမ်သို့ ရောက်သည့်အခါ အိမ်နီးနားချင်းအားလုံးနီးပါး စုရုံးရောက်ရှိနေကြပြီး ခြံဝင်းလေးထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။

"ဘာဖြစ်တာလဲ"

"တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ"

ကိုယ်ဝန်ရင့်မာကြီးနှင့်ဖြစ်သော ကျန်းစစ်ကော၏ ဇနီး မှာ ရင်ကွဲမတတ် ငိုကြွေးနေရင်းဗလုံးဗထွေးပြန်‌ဖြေလိုက်၏။

"ကျမယောကျ်ား ဒီနေ့ အလုပ်ကပြန်လာတော့ ဗိုက်အောင့်တယ်လို့ ပြောတယ်။ မသန့်တာတစ်ခုခု စားမိလို့နေမှာပါဆိုပြီး ကျမလည်း သိပ်ဂရုမစိုက်မိဘူး"

"မထင်မှတ်ဘဲ နာကျင်တာက ပိုဆိုးလာပြီး ကုတင်ပေါ်မှာတောင် လူးလှိမ့်နေတော့တာပဲ။ ဒါနဲ့ အလျင်အမြန်ပဲ အန်းမင်းခန်းမ ကို ပို့လိုက်ရတယ်။ အန်းမင်းခန်းမက သမားတော်ကြီး စွန်းက ဒါ 'ကျောင်ချန်ရှား' ရောဂါတဲ့ "

ကျောင်ချန်ရှား ဆိုသည်မှာ သေစေနိုင်သော ရောဂါမျိုးဖြစ်သည်။ ရောဂါဖောက်လာလျှင် ဝမ်းဗိုက်ထဲ၌ ဓားဖြင့် မွှန်းနေသကဲ့သို့ နာကျင်ရသော်လည်း ကုသရန် ဆေးမရှိပေ။ မည်မျှပင် တော်သော သမားတော်ဖြစ်ပါစေ မတတ်နိုင်တော့သဖြင့် လူနာကို အိမ်ပြန်လွှတ်ကာ သေမည့်ရက် စောင့်ခိုင်းလေ့ရှိသည်။

ကျန်းစစ်ကောမှာ ကြင်နာတတ်ပြီး သူတစ်ပါးကို ကူညီတတ်သူဖြစ်၍ လူချစ်လူခင် ပေါများသည်။ သူ ရုတ်တရက် ဤရောဂါဖြစ်ရသည်ကို အိမ်နီးနားချင်းများက နှမြောတသ ဖြစ်နေကြ၏။

"စတုတ္ထအစ်ကိုက လူကောင်းတစ်ယောက်ပါ။ အသက်ရှည်ရှည် နေရမယ့်သူက အခုတော့ ဒီသေနာ ကျောင်ချန်ရှား ဖြစ်ရပြီ။ ကံကြမ္မာပဲလို့ ပြောရတော့မှာပဲ"

"မွေး၊ အို၊ နာ၊ သေ ဆိုတာ ဘယ်သူက ကြိုပြောနိုင်မှာလဲ။ မှတ်မိသေးတယ်။ ရှောက်ပင်လမ်းက အဘိုးကြီး လျို လည်း ဒီရောဂါဖြစ်တာ၊ ကုတင်ပေါ်မှာ သုံးရက်သုံးည နာလွန်းလို့ အော်ဟစ်လူးလှိမ့်နေပြီးမှ ဆုံးသွားတာ"

"သူ့မှာ လူကြီးမိဘတွေရှိသေးတယ်၊ ကလေးတွေလည်း ရှိသေးတယ်။ ဇနီးကလည်း ကိုယ်ဝန်နဲ့။ အိမ်ရဲ့ ဒေါက်တိုင်ကြီး မရှိတော့ရင် သူတို့ ဘယ်လို ဆက်ရှင်သန်ကြမလဲ"

"အခုချိန်မှာ ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ စတုတ္ထအစ်ကိုရဲ့ နောက်ဆုံးခရီးအတွက် အားလုံး ဝိုင်းကူကြရအောင်"

"မြို့အရှေ့ဘက်က ဖူရှို့ဆိုင်က အဘိုးကြီးကျိုး ကို ငါသိတယ်၊ သူက ခေါင်းတလားကို ဈေးသက်သက်သာသာနဲ့ ပေးနိုင်လိမ့်မယ်"

ကျောင်ချန်ရှားမှာ သေစေနိုင်သော ရောဂါဖြစ်၍ အချိန်တန်လျှင် သေဆုံးရမည်မှာ မလွဲဧကန်ဖြစ်၏။ စေတနာရှင် အိမ်နီးနားချင်းများက ကျန်းစစ်ကောအတွက် နာရေးကိစ္စများ စီစဉ်နေကြစဉ် ဝူကျိရှန်းက ပြတင်းပေါက်နားသို့ တိုးသွားကာ ကုတင်ပေါ်ရှိ ကျန်းစစ်ကောကို ကြည့်လိုက်သည်။

တစ်ညလုံး လူးလှိမ့်နေခဲ့သဖြင့် ကျန်းစစ်ကောမှာ အားအင်ကုန်ခမ်းနေပြီး ကုန်းပေါ်တင်ခံထားရသော ငါးတစ်ကောင်ကဲ့သို့ အသက်ရှူရန် အားယူနေရ၏။

ပြင်းထန်သော ဗိုက်အောင့်ဝေဒနာကြောင့် ကျန်းစစ်ကောမှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေကာ နှုတ်ခမ်းများမှာလည်း ပြာနှမ်းနေပြီဖြစ်သော်လည်း သတိက‌ တော့ရှိနေသေးသည်။

ဆရာဝန်တစ်ဦး၏ ဗီဇအရ ဝူကျိရှန်းသည် ကျန်းစစ်ကော၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်ရာ နှလုံးခုန်နှုန်းမှာ အလွန်မြန်နေပြီး ကိုယ်အပူချိန်မှာလည်း ကြောက်ခမန်းလိလိ မြင့်တက်နေသည်ကို တွေ့လိုက်ရ၏။

"ဗိုက်အောင့်ခြင်း" နှင့် "နာလွန်း၍ လူးလှိမ့်ခြင်း" ဝူကျိရှန်း စိတ်ထဲတွင် ရောဂါရှာဖွေမှု တစ်ခုကို အကြမ်းဖျင်း ရရှိသွားပြီဖြစ်သည်။

ထပ်မံသေချာစေရန် ဝူကျိရှန်းသည် ကျန်းစစ်ကော၏ အင်္ကျီထဲသို့ လက်နှိုက်ကာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်မဖြင့် အသာအယာ ဖိကြည့်လိုက်သည်။

ကျန်းစစ်ကော၏ မျက်နှာတွင် ချက်ချင်းပင် နာကျင်သည့် အရိပ်အယောင် ပေါ်လာသည်။

"စတုတ္ထအစ်ကို... ကျွန်တော် ဖိလိုက်ရင် သိပ်နာလား။ နာရင် မျက်တောင်ခတ်ပြပါ"

အားအင်ကုန်ခမ်းနေသော ကျန်းစစ်ကောမှာ စကားမပြောနိုင်တော့သဖြင့် မျက်တောင်သာ ခတ်ပြနိုင်သည်။

"ဘယ်လိုနာတာလဲ။ အပ်နဲ့ထိုးသလို နာတာလား"

ကျန်းစစ်ကော နောက်တစ်ကြိမ် မျက်တောင်ခတ်သည်။

"နာပြီးသွားရင် ကြိုးတစ်ချောင်းက ဆွဲထားသလို ခံစားရလား"

တတိယအကြိမ် မျက်တောင်ခတ်ပြန်သည်။

အတည်ပြုလိုက်ပြီ။

"ကျောင်ချန်ရှား" ဟု ခေါ်နေကြသော ရောဂါမှာ အမှန်စင်စစ် အူအတက်ရောင်ရောဂါ ဖြစ်ပြီး ယခုအခါ အူအတက်ပေါက်သည့် အခြေအနေ သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

အူအတက်ပေါက်ခြင်းမှာ သူ့ချည်းသက်သက်ဆိုလျှင် ကြောက်စရာကောင်းသော ရောဂါမဟုတ်သော်လည်း အလွန်နာကျင်လှသည်။ အချိန်ကြာသွားသည်နှင့်အမျှ သွေးထဲ ပိုးရောက်သည့် လက္ခဏာများ ပေါ်လာပါက ကုသရန် မဖြစ်နိုင်တော့ပေ။

"အားလုံး နားထောင်ကြပါဦး၊ နာရေးကိစ္စတွေ ပြင်ဆင်ဖို့ မလောကြပါနဲ့ဦး။ စတုတ္ထအစ်ကို့ကို ကယ်လို့ရပါသေးတယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ အားလုံး မှင်တက်သွားကြသည်။ ကျောင်ချန်ရှားမှာ သေနာဖြစ်ပြီး အန်းမင်းခန်းမမှ သမားတော်ကြီး စွန်း ပင်လျှင် မတတ်နိုင်တော့ဟု ပြောထားသည်ကို သူက ဘယ်လို ကယ်မည်နည်း။

"စတုတ္ထအစ်ကို့ရဲ့ ရောဂါက သူ့ရဲ့ အူအတက်... ဆိုလိုတာက အူလမ်းကြောင်းထဲက အပိုင်းအစလေး တစ်ခု ပုပ်သွားတာပါ။ အဲဒီ ပုပ်နေတဲ့ အူအပိုင်းအစကို ဖြတ်ထုတ်လိုက်ရင် ဘာမှမဖြစ်တော့ပါဘူး"

သူတို့သည် လက်ချောင်း ခြေချောင်းများ ဖြတ်သည်ကိုသာ ကြားဖူးကြသော်လည်း အူကို ဖြတ်မည်ဆိုသည်ကို မည်သူကြားဖူးသနည်း။

နှလုံး၊ အသည်း၊ အူ နှင့် အစာအိမ်တို့မှာ အသက်ရှင်ရန် အရေးကြီးသော အင်္ဂါများဖြစ်ရာ အူကို ဖြတ်၍ ရပါမည်လော။

အူကို ဖြတ်လိုက်လျှင် လူက ဘယ်လို ဆက်ရှင်မည်နည်း။

"ကျွန်တော် နေရပ်မှာတုန်းက ဆေးကုခဲ့ဖူးပါတယ်။ အားလုံး ကျွန်တော်ခိုင်းတာကို လုပ်ပေးမယ်ဆိုရင် စတုတ္ထအစ်ကို့ကို ကျွန်တော် ကယ်ပေးနိုင်ပါတယ်"

"စတုတ္ထအစ်ကို... အစ်ကို့ရောဂါကို ကယ်လို့ရပါသေးတယ်"

"ဒါပေမဲ့ ဗိုက်ကိုခွဲပြီး ပုပ်နေတဲ့ အူအပိုင်းအစကို ဖြတ်ထုတ်ရမယ်။ ဒီနည်းနဲ့မှ အစ်ကို့အသက်ကို ကယ်လို့ရမှာပါ။ အစ်ကို သဘောတူရင် မျက်တောင် သုံးကြိမ်ခတ်ပြပါ"

ဗိုက်ခွဲမည်ဆိုသည်မှာပင် ကြောက်စရာကောင်းလှပြီဖြစ်ရာ အူကို ဖြတ်မည်ဆိုသည်မှာ ပို၍ပင် တုန်လှုပ်စရာကောင်းနေသည်။

သို့သော် မည်မျှပင် ကြောက်စရာကောင်းစေကာမူ သေခြင်းတရားနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ကျန်းစစ်ကောမှာ တွန့်ဆုတ်မနေဘဲ မျက်တောင်ကို သုံးကြိမ် ဆက်တိုက် ခတ်ပြလိုက်သည်။

"မရီး... ကျွန်တော် စတုတ္ထအစ်ကို့ကို ခွဲစိတ်ကုသပေးဖို့ လိုပါတယ်"

ဇနီးဖြစ်သူမှာ မျက်ရည်များဖြင့်ပြန်မေးလိုက်၏။

"တကယ်ပဲ ဗိုက်ခွဲရမှာလား မောင်လေးရယ်။ တခြားနည်းလမ်း မရှိတော့ဘူးလား။ မောင်လေးက ဆေးပညာတတ်တယ်ဆိုရင် သူ့ကို ဆေးနည်းလေးပေးပြီး ဆေးကျိုတိုက်ပါလား"

ကျန်းစစ်ကောမှာ သေမင်းနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ ဆေးကျိုရန် အချိန်မရှိတော့ပေ။ခွဲစိတ်ကုသမှု တစ်ခုတည်းသာ လိုအပ်သည်။

ခွဲစိတ်ခြင်းဖြင့်သာ ကျန်းစစ်ကော၏ အသက်ကို ကယ်နိုင်မည်ဖြစ်သည်။

ဇနီးဖြစ်သူမှာ မျက်ရည်များကြားမှ ဝူကျိရှန်းကို တစ်လှည့်၊ ကုတင်ပေါ်မှ လင်ယောက်ျားကို တစ်လှည့် ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ

ပြတ်သားစွာပြောလိုက်၏။

"ကောင်းပြီ... မောင်လေးပြောသလိုပဲ လုပ်ပါ။ ငါ့ယောက်ျားကို ကယ်မရရင် ငါလည်း ဆက်မရှင်တော့ဘူး"

လူနာနှင့် မိသားစုဝင်နှစ်ဦးစလုံး၏ သဘောတူညီချက် ရရှိပြီးနောက် ဝူကျိရှန်းသည် သူ၏ အလေ့အကျင့်အတိုင်း အော်ပြောလိုက်သည် ။

"ခွဲစိတ်ဖို့ ပြင်ဆင်ကြ"

"ခွဲစိတ်ဖို့" ခွဲစိတ်မှုဆိုတာ ဘာလဲ"

အားလုံး ကြောင်အမ်းအမ်း ဖြစ်နေကြစဉ်မှာပင်ဝူကျိရှန်းသည် သူ၏ ဆေးသေတ္တာကို ယူရန် အပြေးလေး ထွက်သွားတော့သည်။

-------------

All Chapters