← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း ၇ - ပြန်လည်ရှင်သန်ခြင်း

အခန်းထဲတွင် ဝူကျိရှန်းနှင့် သတိမေ့မြောနေသည့် လုမိသားစု၏ သခင်လေးသာ ကျန်ရှိ‌ နေသည်‌။

သူသည် ဆေးသေတ္တာထဲမှ သာမိုမီတာကို ထုတ်ယူကာ ကလေး၏ ကိုယ်အပူချိန်ကို တိုင်းတာရာ ၃၉.၅ ဒီဂရီစင်တီဂရိတ် ရှိနေပြီး အဖျား အလွန်ကြီးနေ၏။

ပုံမှန်အားဖြင့်ယင်းအပူချိန်သည် အန္တရာယ်ရှိသည့် လက္ခဏာဖြစ်သော်လည်း ယခုအခြေအနေတွင်မူ အဖျားရှိခြင်းသည် ကောင်းမွန်သောအချက် ဖြစ်သည်‌။ ၎င်းသည် ကလေး၏ ကိုယ်ခံအားစနစ်က ပုံမှန် အလုပ်လုပ်နေသေးကြောင်း သက်သေပြနေပြီး ကိစ္စရပ်များကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူစေ၏။

သူသည် ဆေးသေတ္တာထဲမှ ပစ္စည်း အစုံအလင်ကို ထုတ်ယူကာ ပထမဆုံး ကလေး၏ လက်ကောက်ဝတ်ကို အယ်လ်ကိုဟော ဂွမ်းလုံးဖြင့် ပိုးသတ်လိုက်သည်။

ထို့နောက် ကျွမ်းကျင်စွာပင် သွေးပြန်ကြောထဲသို့ အပ်စိုက်ကာ အဖျားကျဆေး အချို့ရောစပ်ထားသော ဆားရည်ကို အကြောအတွင်း သွင်းလိုက်ပြီးလုသခင်‌ လေး၏အ ခြေအ နေကိုစောင့်ကြည့်နေလိုက်၏။

နေ့တာတို၍ ညတာရှည်သော ရာသီဥတု ဖြစ်သောကြောင့် မသိလိုက်မီမှာပင် မှောင်ရိပ်ကျလာပြီး အခန်းထဲတွင် မှောင်ရိပ်သန်းလာခဲ့သည်။

ဆားရည်သည် ဆေးပိုက်မှတစ်ဆင့် လုသခင်လေး၏ သွေးကြောထဲသို့ တစိမ့်စိမ့် စီးဝင်နေပြီး ထိုအရည် ကြောင့် ပင်အဖျားကြီးမှုသည် သိသိသာသာ ကျဆင်းသွားကာ ဖြူဖျော့နေသော မျက်နှာလေး သွေးရောင် ပြန်လည် လွှမ်းလာ၏။

ရေခဲသည့်တိုင်အောင် အေးစက်သောဆောင်းတွင်းညတွင် ချမ်းသာကြွယ်ဝသည့်အ လျောက်အမြဲဇိမ်ခံနေထိုင်နေထိုင်ခဲ့သည့် လုကုန်းရှင်းသည် ဆီးနှင်းများ ဖုံးလွှမ်းနေလျက် ရုပ်တုတစ်ခုကဲ့သို့ တံခါးဝတွင် နာရီပေါင်းများစွာ မတ်တပ်ရပ်နေခဲ့သည်။

လုသခင်လေးသည် လုကုန်းရှင်းအတွက် သူ၏ အသက်ထက်ပင် ပိုမို အဖိုးတန်ပါသည်‌။ ထိုနည်းတူစွာပင်လုသခင်ကြီး၏ တတိယမြောက် မယားငယ်အတွက်လည်းသူမ၏ နှလုံးသားမှာ လည်ပင်းဝသို့ ရောက်နေသကဲ့သို့ ခံစားနေရ စေ၏။

မယားငယ်၏ အဆင့်အတန်းသည် နိမ့်ကျသော်လည်းထိုကလေးကို မွေးဖွားပေးခြင်းဖြင့် လုကုန်းရှင်း၏ မျက်နှာသာပေးမှုကို ရရှိထားခြင်း ဖြစ်ပါ၏။ အကယ်၍သာထိုကလေး တစ်ခုခု ဖြစ်သွားပါက သူမ၏ မိသားစုအတွင်း အဆင့်အတန်းသည်ပြန်လည်နိမ့်ကျသွားမည်ဖြစ်သည်။

ကလေး၏ မိခင်အနေဖြင့် သူမသည် အခန်းထဲမှ သတင်းကောင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသလို အဆိုးဆုံးရလဒ်ကိုလည်း ကြောက်ရွံ့နေကာသူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများအထင်းသား‌ ပေါ် နေပြီးလုကုန်းရှင်းအား တိုးတိုး လေးမေးလိုက်၏။

"သခင်ကြီးလု... နာရီပေါင်းများစွာ ကြာသွားပြီကို ဘာကြောင့် ဘာသံမှ မကြားရတာလဲ"

ဖျားနာဆောင် တံခါးပိတ်သွားကတည်းက မည်သည့် သတင်းမျှ မရရှိခဲ့ဘဲ အသံတိုးတိုးလေးပင် မကြားရပါ‌။ မိခင်တစ်ယောက်အနေဖြင့် မည်သို့ မစိုးရိမ်ဘဲ နေနိုင်ပါမည်နည်း။

"ကလေးရဲ့ရောဂါ သက်သာသွားပြီလား... ညတစ်ဝက်တောင် ကုန်သွားပြီဆိုတော့ သတင်းတစ်ခုခုတော့ ရသင့်ပြီ မဟုတ်လား"

လုကုန်းရှင်းသည် မယားငယ်ကို ခက်ထန်စွာ စိုက်ကြည့်ကာတိုးတိုးလေး ပြောလိုက်၏။

"မိန်းမသားက ဘာနားလည်လို့လဲ... ဒီလိုအချိန်မှာ ဘာသတင်းမှ မရှိတာက အကောင်းဆုံး သတင်းပဲ"

အမှန်ပင် သူသည် နယ်ပေါင်းစုံ လှည့်လည်ကာ စီးပွားရေး လုပ်ကိုင်နေသည့် သူဌေးကြီး ပီသပါသည်‌။ စကားတစ်ခွန်းတည်းဖြင့် ပြဿနာ၏ သော့ချက်ကို ထောက်ပြလိုက်ခြင်း ဖြစ်၏။ထိုအခြေအနေမျိုးတွင် သတင်းမရှိခြင်းသည် အကောင်းဆုံး သတင်းပင် ဖြစ်သည်။

၎င်းသည် သေမင်းတမျှ ကြောက်စရာကောင်းသော ဝမ်းရောဂါဖြစ်ရာ အလွယ်တကူ ကုသနိုင်ပါမည်လော။ အထဲမှ ဘာသတင်းမှ မကြားရသရွေ့ သမားတော် ဝူကျိရှန်းတွင် ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်း ရှိနေသေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဝူကျိရှန်းတွင် နည်းလမ်းရှိနေသရွေ့ မျှော်လင့်ချက်မကုန်ဆုံးသေးပါ‌။

ယခုအချိန်တွင် ဝူကျိရှန်းသည် အခန်းထဲ၌ ကုသရန် အစွမ်းကုန် ကြိုးစားနေမည်မှာ သေချာပါသည်‌။ နောက်ဆုံးရလဒ်ကိုမူ ကံကြမ္မာအပေါ်တွင်သာ ပုံအပ်ထားရသည်‌။

လုကုန်းရှင်းသည် နတ်ဘုရားနှင့် တစ္ဆေပုံပြင်များကို ဘယ်သောအခါမှ မယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် တိတ်တဆိတ် ဆုတောင်းနေမိပါသည်‌။ ဘုရားလောင်း၊ ကွမ်ရင်မယ်တော်၊ သိကြားမင်း၊ အနောက်မိဖုရားကြီး စသည့် မည်သည့်နတ်ဘုရားပင် ဖြစ်ပါစေ၊ သူ၏သား ဘေးကင်းမည်ဆိုပါက ဘုရားကျောင်းများစွာ တည်ဆောက်ပြီး ပူဇော်ပသမှုများစွာ ပြုလုပ်ပါမည်ဟု ဆုတောင်းနေ၏။

အချိန်သည်တိတ်တဆိတ် ကုန်ဆုံးသွားပြီး သန်းခေါင်ယံသို့ ရောက်ရှိလာ‌ပေပြီ။

လုကုန်းရှင်းသည်အေးစက်နေသော အမှောင်ထဲတွင်ညတစ်ဝက်ခန့် ရပ်နေပြီးနောက် သူ၏ ခြေထောက်များမှာ အေးစက်၍ ထုံကျင်နေချိန်တွင် သားဖြစ်သူ၏ ငိုသံကို ရုတ်တရက် ကြားလိုက်ကြရသည်‌။

လုသခင်လေးကျယ်လောင်သော ငိုသံ ကြောင့် လုမိသားစုဝင် အားလုံး ဝမ်းသာအားရ ဖြစ်သွားကြပြီးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။

"သခင်လေး နိုးလာပြီ"

"ဂုဏ်ယူပါတယ် သခင်ကြီးလု... သခင်လေး နောက်ဆုံးတော့ နိုးလာပါပြီ"

သားဖြစ်သူ၏ ငိုသံကို ကြားလိုက်ရသောအခါ လုကုန်းရှင်းသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေမှ အသက်ဆက်ခွင့် ရလိုက်သကဲ့သို့ အတိုင်းထက်အလွန် ဝမ်းသာသွား၏။

"ငါ့ရဲ့ ဘိုးဘေးတွေ စောင်မလို့ လုမိသားစုရဲ့ မျိုးဆက် နောက်ဆုံးတော့ ဆက်နိုင်ခဲ့ပြီ "

ထိုအချိန်တွင် ဝူကျိရှန်းသည် အခန်းထဲမှ လမ်းလျှောက် ထွက်လာပြီး သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"သခင်ကြီးလု ခင်ဗျားရဲ့သား နိုးလာပါပြီ"

"ကျေးဇူးတင်ပါတယ် ဆရာဝန်ကြီး... ကျေးဇူးအများကြီး တင်ပါတယ်"

လုကုန်းရှင်းသည် လောကအတွေ့အကြုံ များပြားသူ ဖြစ်သော်လည်း အလွန်အမင်း စိုးရိမ်ခဲ့ရသည့်အတွက် စကားပြောရာတွင် အသံများ တုန်ယင်နေ‌ လေသည်‌။

"ကျွန်တော့်ကို အခုထိ ကျေးဇူးမတင်ပါနဲ့ဦး... ကျွန်တော် သူ့ကို တရားဝင် ဆေးမတိုက်ရသေးပါဘူး"

သူ၏သားသည် ဆေးပင် မသောက်ရသေးဘဲ နိုးလာခဲ့ခြင်းမှာ ဤဆေးပညာမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှ၏။

သူ့ရှေ့တွင်ရှိသော လူငယ်လေး ဝူကျိရှန်းသည် ဧကန်မုချ နတ်ဆေးဆရာပင် ဖြစ်သည်‌။

လုကုန်းရှင်းက အလွန် နှိမ့်ချပြီးရိုသေ‌စွာဖြင့် ပြောလိုက်၏။

"ကျေးဇူးပြုပြီး ဆရာဝန်ကြီး... ကျွန်တော့်သားကို ဆေးမြန်မြန် တိုက်ပေးပါ"

"ကျွန်တော့်ဆီမှာ ရှိတဲ့ ဆေးတွေက တော်တော်လေး ရှားပါးပြီး အဖိုးတန်ပါတယ်... ဒါကြောင့် ဆေးကုသခကတော့ နည်းနည်း ကြီးနိုင်ပါတယ်"

"ကျွန်တော် လုကုန်းရှင်းဟာ အရည်အချင်း မရှိပေမဲ့ ရွှေမှာ ဈေးနှုန်းရှိပေမဲ့ ဆေးမှာ တန်ဖိုးဖြတ်လို့ မရဘူးဆိုတဲ့ မူကိုတော့ နားလည်ပါတယ်‌။ ဆေးကုသခကိုသာ မိန့်ရုံရှိပါ ဆရာဝန်ကြီး"

"ဆေးကုသခက... အနည်းဆုံး ငွေစ ငါးရာ ဖြစ်ပါလိမ့်မယ်"

"အကယ်၍ သခင်ကြီးလုက ကျွန်တော့်ဆေးခက အရမ်းများတယ်လို့ ထင်ရင် တခြားဆရာဝန်တွေနဲ့ ကုသနိုင်ပါတယ်‌။ ခင်ဗျားသားရဲ့ အခုအခြေအနေအရဆိုရင် တခြားဆရာဝန်တွေလည်း ကုသနိုင်ပါပြီ"

ဝူကျိရှန်းသည် ဆေးခအတွက် သီးသန့် ထွက်ပြောခြင်း ဖြစ်ပါသည်‌။ မူလက လုကုန်းရှင်းသည် သူက ဈေးကြီးပေးရမည်ဟု မျှော်လင့်ထားပြီး အရာအားလုံး ဆုံးရှုံးရန်ပင် ပြင်ဆင်ထားသော်လည်း ငါးရာသာ ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ‌။

ငွေစ ငါးရာဆိုသည်မှာ ညအနည်းငယ် အပြင်ထွက်လည်သည့် ကုန်ကျစရိတ်မျှသာ ဖြစ်၏။

ထို့အပြင် သူ၏သားကို ခေါ်လာစဉ်က သတိမေ့မြောကာ သေလုမျောပါး ဖြစ်နေခြင်းဖြစ်ပြီး၊ ဝူကျိရှန်းက ခက်ခဲစွာ ကယ်တင်နိုးထစေခဲ့ခြင်း ဖြစ်ရာ ၎င်းမှာဝူကျိရှန်း၏ ဆေးပညာ ကျွမ်းကျင်မှုကို သက်သေပြနေပါသည်‌။ ဆေးကုသခ အနည်းငယ် သက်သာစေရန်အတွက် ကလေးကို ခေါ်သွားပြီး တခြားဆရာဝန်ထံ ပြသရန်မှာ မဖြစ်နိုင်ပါ‌။

သူ ရောက်လာချိန်တွင် သားဖြစ်သူမှာ သတိမေ့ပြီး သေနေသကဲ့သို့ ဖြစ်နေကာ နာရီအနည်းငယ်အတွင်း ပြန်နိုးလာခြင်းက ဝူကျိရှန်း၏ ဆေးပညာမှာ အထူးကောင်းမွန်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်‌။

သူသည် နှစ်ပေါင်းတစ်ထောင် ဂျင်ဆင်း သို့မဟုတ် နှစ်ပေါင်းတစ်သောင်း နှင်းကြာပန်း ကဲ့သို့သော အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများကို သုံးစွဲခဲ့ခြင်း ဖြစ်နိုင်ရာ၊ ဈေးကြီးလျှင်လည်း သင့်လျော်သည်‌။

ထို့ကြောင့်တုံ့ဆိုင်းမနေဘဲ လုကုန်းရှင်းကဝူကျိရှန်းအားပြတ်သားစွာပြန်ပြောလိုက်၏။

"ဆရာဝန်ကြီး... အကောင်းဆုံး ဆေးကိုသာ သုံးပါ၊ ငွေဘယ်လောက် ကုန်ကုန် ကျွန်တော် ဂရုမစိုက်ပါဘူး"

"အကောင်းသားပဲ... အခု ကျွန်တော် ခင်ဗျားသားကို အကောင်းဆုံး ဆေးတွေ ပေးပါ့မယ်"

ဖျားနာဆောင်သို့ ပြန်ရောက်သောအခါ သူသည် ဆေးထိုးပြွန်ကို ချက်ချင်း ထုတ်ယူပြီး အကြောသွင်း ဆေးပုလင်းထဲသို့ ဗိုင်းရပ်စ်သတ်ဆေး တစ်မျိုးကို ထည့်လိုက်သည်‌။

ထိုခေတ်ကာလမှ ဗိုင်းရပ်စ်များသည် ဆေးယဉ်ပါးမှု မရှိသေးသောကြောင့် သာမန် ဗိုင်းရပ်စ်သတ်ဆေးကပင် သိသိသာသာ ထိရောက်မှု ရှိ‌ စေ၏။

ငွေစ ငါးရာတန်သော ဗိုင်းရပ်စ်သတ်ဆေး တစ်လုံးမှာ တစ်ဖက်လူ ဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူကာ ခြိမ်းခြောက်ငွေတောင်းခြင်း မဟုတ်ဘဲ ၎င်း၏ တန်ဖိုးနှင့် ထိုက်တန်ခြင်းသာ ဖြစ်ပါသည်‌။

ဆေးသေတ္တာထဲရှိ ပိုးသတ်ဆေးနှင့် ဗိုင်းရပ်စ်သတ်ဆေး အရေအတွက်မှာ အကန့်အသတ်ရှိပြီး သုံးစွဲလိုက်တိုင်း လျော့နည်းသွားမည် ဖြစ်ရာ၊ အကယ်၍ လုကုန်းရှင်းက မြင့်မားသော ဈေးကို မပေးခဲ့ပါက ဝူကျိရှန်းအနေဖြင့် သုံးစွဲရန် ဝန်လေးနေမည် ဖြစ်သည်‌။

--------++++

အခန်း ၈ - ကြွယ်ဝချမ်းသာလာခြင်း

နောက်တစ်နေ့နံနက်ခင်း၏ နေရောင်ခြည်ကျရောက်လာသောအခါ လုမိသားစု၏ စိုးရိမ်တကြီး စောင့်ဆိုင်းနေမှုများကြားမှ လူနာဆောင်တံခါးသည် ပွင့်လာခဲ့ပြီးဝူကျိရှန်းထွက်လာကာပြောလိုက်၏ ။

"ကလေး နေပြန်ကောင်းသွားပါပြီ၊ ခေါ်သွားလို့ ရပါပြီ"

"ဒါပေမယ့် ရာသီဥတုက အေးတာမို့ ကလေး အအေးမိမသွားအောင်တော့ ဂရုစိုက်ပါ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုကုန်းရှင်းသည် လူနာဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားပြီး သူ၏ သားမွေးဝတ်ရုံကို ချွတ်၍ ကလေးကို လုံခြုံအောင် ပတ်ပေးလိုက်၏ ။

အစေခံမများ၊ ကလေးထိန်းများ၊ အိမ်တော်ထိန်းနှင့် အခြားသော အလုပ်အကျွေးများစွာသည် ဝိုင်းအုံလာကြပြီး စိုးရိမ်တကြီး မေးမြန်း နေကြသည် ။

"သခင်လေး နေကောင်းသွားပြီလား"

"ငါ့အသည်းလေးရယ်၊ ငါ့ကို သေမတတ် ထိတ်လန့်အောင် လုပ်တာပဲ၊ အခုတော့ ဘေးကင်းသွားပါပြီ"

ဤကလေးသည် လုမိသားစု၏ တစ်ဦးတည်းသော အမွေခံဖြစ်သဖြင့် အတိုင်းအဆမရှိသော ချစ်ခြင်းမေတ္တာကို ရရှိထားခြင်း ဖြစ်သည် ။

ကလေးသည် အနည်းငယ် အားနည်းနေသေးသော်လည်း မျက်လုံးလေးများမှာ ဟိုဟိုဒီဒီ လှုပ်ရှားနေပြီး ကလေးငယ်တို့၏ သဘာဝအတိုင်း ဖျတ်လတ်မှုများ ရှိနေပြီ ဖြစ်၏ ။

ထိုအချိန်တွင် လုကုန်းရှင်းသည် အလွန်အမင်း ဝမ်းသာသွားပြီး စိတ်ပျက်အားငယ်မှုမှ ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားလိုက်ရသည် ။ သူသည် ကလေးကို အကြာကြီး ပွေ့ချီထားပြီးမှ ဘေးနားရှိ အစေခံမထံသို့ လွှဲပြောင်းပေးလိုက်၏ ။

လုကုန်းရှင်းသည် လူနာဆောင်အပြင်သို့ ထွက်လာသောအခါ ဆေးကုသမှု ခံယူစဉ်က ရှိခဲ့သော ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြုံးရွှင်နေသည် ။ သူသည် သားဖြစ်သူကို တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ ရှေ့သို့ လှမ်းတက်ကာ ဝူကျိရှန်းကို လက်အုပ်ချီ၍ နှုတ်ဆက် လိုက်သည်။

"ဝူနတ် ဆေးဆရာကြီး၊ ခင်ဗျား တစ်ညလုံး မအိပ်ဘဲ ကုသပေးခဲ့တာ တကယ်ကို ကျေးဇူးတင်ပါတယ်"

ဝူကျိရှန်းသည် အနည်းငယ် နာကျင်နေသော သူ၏ ကျောပြင်ကို ဆန့်ထုတ်လိုက်ရင်းလုကုန်းရှင်းအားညွှန်ကြားလိုက်၏။

"ခင်ဗျားသားရဲ့ အခြေအနေက အခြေခံအားဖြင့် ပျောက်ကင်းသွားပါပြီ၊ ဒါပေမဲ့ သူရဲ့ သရက်ရွက်နဲ့ အစာအိမ်က အားနည်းနေသေးလို့ ပြုစုပေးဖို့ လိုအပ်ပါတယ်၊ အစားအသောက်ကို အထူးဂရုစိုက်ပါ"

"အသားငါး၊ အဆီအအေး၊ အစိမ်း ၊အစပ်တွေကို မကျွေးပါနဲ့၊ ဆန်ကို ညက်အောင်ကြိတ်ပြီး ဆန်ပြုတ်ပျော့ပျော့လေး လုပ်ကျွေးပါ၊ အစာခြေစနစ် ပြန်ကောင်းဖို့ သုံးရက်ကနေ ငါးရက်လောက် ကြာပါလိမ့်မယ်၊ အဲဒီနောက်မှ ပုံမှန်အတိုင်း စားလို့ရမှာ ဖြစ်ပါတယ်"

ထို့နောက်ဝူကျိရှန်းကအထူးဂရုစိုက်ရမည့်အချက်ကိုထပ်လောင်းမှာကြား၏။

"ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကလေးကို နွေးနွေးထွေးထွေး ထားဖို့နဲ့ အအေးမိမခံဖို့ သတိရပါ"

"ဝူဆရာကြီးရဲ့ ညွှန်ကြားချက်အားလုံးကို ကျွန်တော် လိုက်နာပါ့မယ်"

လုကုန်းရှင်းက အချက်ပြလိုက်သောအခါ အနားရှိ အိမ်တော်ထိန်းအိုကြီးသည် ယွန်းဗန်းနီတစ်ခုကို ချက်ချင်း ယူဆောင်လာ၏။ ထိုဗန်းပေါ်တွင် ငွေတုံးဝိုင်း ဆယ်တုံးကို ဆင့်ထား၏။

ထိုငွေတုံးများမှာ တစ်တုံးလျှင် ကျပ်ငါးဆယ်သား အလေးချိန်ရှိသော ငွေတုံးကြီးများ ဖြစ်ပြီး ဆယ်တုံးဆိုလျှင် စုစုပေါင်း ငွေကျပ်ငါးရာ တိတိ ဖြစ်သည်။

"ဝူဆရာကြီးက ကျွန်တော့်သားရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး လုမိသားစုရဲ့ မျိုးဆက်ကို ဆက်ခံနိုင်အောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်၊ ဆရာကြီးရဲ့ ကျေးဇူးဟာ ဒုတိယအကြိမ် ပြန်လည်မွေးဖွားပေးသလိုပါပဲ၊ ဒါကြောင့် ကျေးဇူးတင်စကားပဲ ပြောဖို့ မသင့်တော်ပါဘူး၊ ဒီဆေးကုသခလေးကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ"

ဝူကျိရှန်းသည် ဆေးကုသခ ငွေငါးရာကိုယဉ်ကျေးစွာဖြင့် လက်ခံလိုက်၏။

လုကုန်းရှင်းသည် ရယ်မောလိုက်ပြီး သူ၏ အင်္ကျီလက်ထဲမှ "ရွှေတုံးငယ်" တစ်တုံးကို ထုတ်ယူကာ ရိုသေစွာဖြင့် ကမ်းလှမ်းသည် ။

"ဒါက ကျွန်တော့်ရဲ့ စေတနာအနည်းငယ်ပါ၊ ဆရာကြီး လက်ခံပေးပါဦး"

သူသည် ဆေးကုသခအဖြစ် ငွေငါးရာတောင် ပေးပြီးပြီဖြစ်ရာ အဘယ်ကြောင့် ရွှေကိုပါ ထပ်ပေးသနည်း ဟု တွေးတောစရာ ဖြစ်သည် ။

ဒါက ဆုကြေးများလား ။

"ကျွန်တော့်သားကို ကုသဖို့အတွက် ဝူဆရာကြီး တစ်ညလုံး မအိပ်မနေ ကြိုးစားပေးခဲ့တာ ဖြစ်ပါတယ်၊ ဒါကို ဝူဆရာကြီးအတွက် ထမင်းတစ်နပ် ကျွေးတယ်လို့ပဲ သဘောထားပေးပါ"

ဆေးကုသခ ငွေငါးရာ ပေးပြီးဖြစ်သော်လည်း လုကုန်းရှင်းက နောက်ထပ် "ဆုကြေး" များ ထပ်ပေးနေခြင်းမှာ သူက ပိုက်ဆံအလွန်ပေါနေ၍ မဟုတ်ဘဲ သူ၏ လည်ပတ်ကျွမ်းကျင်မှုကြောင့် သာဖြစ်သည် ။

လူသားဆိုသည်မှာ အစာစားသရွေ့ ဖျားနာမှုနှင့် မကင်းနိုင်ပေ ။ သူ၏ အဖိုးတန်သားမှာ နောင်တွင်လည်း အမျိုးမျိုးသော ဖျားနာမှုများနှင့် ကြုံတွေ့ရနိုင်သဖြင့် ဝူကျိရှန်းနှင့် ထပ်မံ ဆက်ဆံရဦးမည် ဖြစ်၏။

လုကုန်းရှင်းအတွက်မူ ငွေဖြင့် ဖြေရှင်းနိုင်သော ပြဿနာသည် ပြဿနာမဟုတ်ပေ ။ ယခုအချိန်တွင် ရက်ရောစွာ ပေးကမ်းပြီး ဝူကျိရှန်းကဲ့သို့သော ဆရာဝန်နှင့် မိတ်ဆွေဖွဲ့ထားခြင်းမှာ သူ၏သားအတွက် အာမခံချက်တစ်ခု ထပ်တိုးလိုက်ခြင်းပင် ဖြစ်သည် ။ ငွေအနည်းငယ် သုံးစွဲရခြင်းမှာ ဘာမှမဟုတ်ပေ။

"လုသခင်ကြီး၊ ခင်ဗျား တကယ်ကို စေတနာကောင်းတာပဲ"

ဝူကျိရှန်းက ပြုံး၍ ပြောကာ "ရွှေတုံးငယ်" ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည် ။

"လူတိုင်းလည်း တစ်ညလုံး အလုပ်ရှုပ်ပြီး ပင်ပန်းနေကြပြီမို့ စောစောစီးစီး ပြန်ပြီး အနားယူကြပါတော့"

"ဝူဆရာကြီးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်"

လုမိသားစုသည် ကလေးကို ပွေ့ချီကာ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည် ။ ဝူကျိရှန်းသည်လည်း ငွေများကို အိမ်ထဲသို့ အမြန်သယ်ယူသွားသည် ။

ထိုခေတ်က ကုန်စျေးနှုန်းများမှာ အလွန်သက်သာသဖြင့်လူငါးဦးရှိသော ချမ်းသာသည့် မိသားစုတစ်စုပင် တစ်နှစ်လျှင် ငွေဆယ်သားထက် ပိုမသုံးစွဲကြပေ ။ ခမ်းနားသော မင်္ဂလာဆောင် သို့မဟုတ် နာရေးတစ်ခု ပြုလုပ်ရန်ပင် ငွေနှစ်ဆယ် သို့မဟုတ် သုံးဆယ်သားဆိုလျှင် လုံလောက်သည် ။ ဤငွေငါးရာမှာ အလွန်များပြားသော ပမာဏ ဖြစ်လေ၏။

အဘိုးအိုတင်သည် သူ၏တစ်သက်တွင် ဤမျှများပြားသော ငွေကို တစ်ခါမျှ မမြင်ဖူးပေ ။ထို့ကြောင့်နံနက်ခင်း နေရောင်အောက်တွင် တောက်ပနေသော ငွေတုံးဝိုင်းများကို ကြည့်ပြီး ဖခင်တင်၏ မျက်လုံးများမှာ ပြူးကျယ်‌လျက်ရှိ‌ နေ၏။

"ငါတစ်သက်လုံး ပဲပြားလုပ်လာတာ ငွေ တစ်တုံးတောင် မရှာနိုင်ခဲ့ဘူး၊ မင်းကတော့ တကယ့်ကို တော်တာပဲ၊ တစ်ခါတည်းနဲ့ အများကြီး ရှာနိုင်ခဲ့တယ်"

ဆင်းရဲတွင်းနက်နေသော အဘိုးအိုတင်မှာငွေ တုံးများကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ် နေပေသည်။

"မင်း ဆေးခန်းဖွင့်ချင်နေတာ ငါသိပါတယ်၊ ဒီငွေတွေကို မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သုံးလို့ရတာပေါ့"

ထိုသို့ပြောရင်း အဘိုးအိုတင်သည် သံဂေါ်ပြားတစ်ခုကို ယူလာကာ နံရံထောင့်တွင် ကျင်းတူးတော့သည် ။

ထိုအချိန်မှာ ဆောင်းရာသီ၏ အအေးဆုံးအချိန် ဖြစ်သဖြင့် မြေကြီးမှာ အုတ်ခဲကဲ့သို့ မာ ကြောနေသော်လည်း အဘိုးအိုတင်သည် ဂရုမစိုက်ဘဲ ပင်ပင်ပန်းပန်း တူးနေ‌ တော့၏ ။

"အဖေ၊ ဘာလို့ ကျင်းတူးနေတာလဲ"

"စကားပုံ ရှိတယ်လေ၊ 'စည်းစိမ်ကို ထုတ်မပြရဘူး' တဲ့၊ ဒီငွေတွေက မင်းဆေးခန်းဖွင့်ဖို့ အရင်းအနှီးတွေလေ၊ သူခိုးတွေ ခိုးသွားရင် ဒုက္ခရောက်ကုန်မယ်၊ ဒါကြောင့် ကျင်းတူးပြီး မြှုပ်ထားရမယ်၊ နက်နက်တူးဖို့ လိုတယ်..."

အဘိုးအိုတင်သည် ထပ်ဆင်းရဲမည့်ဘေးကို တကယ်ပင် ကြောက်ရွံ့နေခြင်း ဖြစ်သည် ။ သူခိုးများ လာခိုးမည်ကို စိုးရိမ်သဖြင့် ဝင်းထဲတွင် ကျင်းနက်နက်တူးကာ ငွေတုံးများကို ဂရုတစိုက် မြှုပ်နှံလိုက်သည်။

ဝူကျိရှန်းမှာမူ မနေ့ညနေကတည်းက ယခုအချိန်ထိ မျက်စိမမှိတ်ရသေးသဖြင့် အလွန်အိပ်ငိုက်နေသည် ။ သူသည် အဘိုးအိုတင် ကျင်းတူး၍ ငွေမြှုပ်နေသည်ကို လွှတ်ထားလိုက်ပြီး အခန်းထဲသို့ ဝင်ကာ အိပ်ပျော်သွား၏။

သူသည် ဆီးသွားချင်စိတ်ကြောင့် နိုးလာသည်အထိ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည် ။ သူနိုးလာချိန်တွင်ညသန်းခေါင်ကျော်အချိန်သို့ ရောက်နေပြီဖြစ်ပြီး ကောင်းကင်တွင် လနှင့် ကြယ်များ စုံလင်စွာ ရှိနေသည်။

အိမ်သာတက်ပြီးနောက် သူ ပြန်အိပ်ရန် ပြင်စဉ်တွင် ရုတ်တရက် တဒုတ်ဒုတ် အသံတစ်ခုကို ကြားလိုက်ရ၏ ။

အသံလာရာသို့ ကြည့်လိုက်သောအခါ လရောင်မှိန်မှိန်အောက်တွင် လူရိပ်တစ်ခုသည် နံရံထောင့်၌ ကျင်းတူးနေသည်ကို တွေ့ရသည် ။ ထိုနေရာမှာ အဘိုးအိုတင်ငွေမြှုပ်ထားသောနေရာဖြစ်သည်။

သူခိုးဟု သူထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲအဘိုးအိုတင်ဖြစ်နေသည်။

"အဖေ၊ ဘာလို့ ညသန်းခေါင်ကြီး မအိပ်ဘဲ ကျင်းပြန်တူးနေတာလဲ"

"ငွေတုံးတွေကို နံရံထောင့်မှာ မြှုပ်ထားတာ စိတ်မချရသေးဘူးလို့ ထင်လို့ပါ၊ ငါတို့အိပ်နေတုန်း သူခိုးလာခိုးရင် ဒုက္ခပဲ"

အဘိုးအိုတင်က နဖူးမှ ချွေးစများကို သုတ်ရင်း ဝူကျိရှန်းကို တိုးတိုးလေး ပြော၏ ။

"ငွေတွေကို ခုတင်အောက်မှာ မြှုပ်ထားတာက ပိုစိတ်ချရတယ်၊ ဒီနေရာကို ငါတို့နှစ်ယောက်ပဲ သိတာဆိုတော့ သူခိုးလာရင်တောင် ရှာမတွေ့နိုင်ဘူး..."

ငွေအနည်းငယ် ရလာသောအခါ အဘိုးအိုတင်သည် မည်သည့်နေရာတွင် ထားထား စိတ်မအေးနိုင်ဖြစ်နေသည် ။ သူသည် ညသန်းခေါင်ယံတွင် ငွေဝှက်သည့်နေရာကို ပြောင်းလဲနေခြင်းကြောင့် ဝူကျိရှန်းမှာ ရယ်လည်းရယ်ချင်၊သနားလည်းသနား ဖြစ်နေရ ပေသည်။

ငွေမရှိစဉ်က ချမ်းသာချင်ခဲ့သော်လည်း ယခု ငွေအမြောက်အမြား ရလာသောအခါ သူခိုးလာမည်ကို စိုးရိမ်နေရပြန်သည် ။ အဘိုးအိုတင်မှာ ဤငွေများကြောင့် ကောင်းကောင်းပင် မအိပ်နိုင်ဘဲ ဒုက္ခရောက်နေရ၏ ။

"ဒီရွှေတွေ ငွေတွေကို စောင့်နေရတာ အိပ်ရင်တောင် မျက်စိမှိတ်ဖို့ မရဲဘူး"

အဘိုးအိုတင်က ပြုံး၍ ပြောလိုက်ရာ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပြေလျော့သွားသည် ။

"မင်းမှာ ဒီလောက်ကောင်းတဲ့ ဆေးပညာရှိတာပဲ၊ ပဲပြားလုပ်နေတာက မင်းရဲ့ အရည်အချင်းကို ဖြုန်းတီးရာကျတယ်၊ မင်း မြန်မြန် ဆေးခန်းဖွင့်သင့်တယ်"

"မနက်ဖြန်ကျရင် ငါ သင့်တော်တဲ့ ဆိုင်ခန်းသွားရှာမယ်၊ ပြီးတော့ ဆေးဖက်ဝင် အပင်တွေကိုလည်း အဆင်သင့် ပြင်ဆင်မယ်၊ မင်း တင့်တင့်တယ်တယ် ဆေးခန်းဖွင့်နိုင်ပြီဆိုရင်တော့ ငါလည်း စိတ်အေးလက်အေး အိပ်နိုင်ပါပြီ"

---------------

All Chapters