← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) ဈေးနှုန်းစစ်ပွဲ

"ခင်ဗျားရေးပေးတဲ့ ဆေးညွှန်းကို ငါသုံးလို့မရဘူး ဟုတ်လား။ ဒီလောကမှာ အဲဒီလိုမူမျိုး ဘယ်မှာရှိလို့လဲ"

"ဒါ့အပြင် ငါ့ဆေးခန်းက မူလကတည်းက ဆေးရောင်းဖို့ဖွင့်ထားတာပဲ။ မုဆိုးမဝမ်ရဲ့ ဆေးညွှန်းအတိုင်း ဆေးစပ်ပေးတာ ဘာမှားလို့လဲ"

"မင်း ငါ့ဆေးညွှန်းကို သုံးတာက အကြီးမားဆုံး အမှားပဲ။ မင်းမှာ တကယ်ပဲ တော်တဲ့ ဆေးပညာအရည်အချင်းရှိရင် ကိုယ်ပိုင်ဆေးညွှန်းကို အပြည့်အစုံ ရေးနိုင်ရမှာပေါ့၊ အဲဒါဆိုရင် ငါဘာမှပြောစရာမရှိဘူး"

"ဒါပေမဲ့ အခုတော့ မင်းက ငါ့ဆေးညွှန်းကိုသုံးပြီး ဆေးရောင်းစားပြီး ပိုက်ဆံရှာနေတာဆိုတော့ အဲဒါကို မင်းဘာပြောမလဲ"

"ခင်ဗျားရဲ့ဆေးညွှန်း ဟုတ်လား"

နတ်သမားတော်ကြီးစွန်းက ဒါကိုပဲ့ အကြောင်းပြချက်လုပ်နေတော့ ဝူကျိရှန်းကလည်း အလျှော့မပေးဘဲ ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။

"ခင်ဗျားရေးထားတဲ့ ဆေးညွှန်းတွေကို တခြားသူတွေ သုံးလို့မရဘူးလား။ အဲဒီလိုသာဆိုရင် လောကမှာရှိတဲ့ ဆေးဖက်ဝင်အပင်အားလုံးကို ရှန်နုံကိုယ်တိုင် မြည်းစမ်းခဲ့တာပဲ၊ ခင်ဗျားကကော ဘာလို့ အဲဒါတွေကို သုံးနေရတာလဲ"

ရှန်နုံသည် ဆေးဘက်ဝင်အပင် ရာပေါင်းများစွာကို မြည်းစမ်းကာ ဆေးပညာကို အုတ်မြစ်ချခဲ့သူဖြစ်သည်။

နတ်သမားတော်ကြီးစွန်း၏ အယူအဆအရဆိုလျှင် လောကရှိ ဆေးဖက်ဝင်အပင်အားလုံးသည် ရှေးဟောင်းရှန်နုံမျိုးနွယ်စုနှင့်သာ ဆိုင်ရပေမည်။

နတ်သမားတော်ကြီးစွန်းသည် ထိုစကားတစ်ခွန်းတည်းနှင့်ပင် ဆွံ့အသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွား၏။သူသည် ဆေးညွှန်းကိစ္စကို ဆက်မပြောတော့ဘဲ သူအမေးချင်ဆုံးမေးခွန်းကိုသာ မေးလိုက်၏။

"သမားတော်ဝူ၊ ငါ မင်းကို တစ်ခုပဲ မေးချင်တယ်၊ မင်းနဲ့ငါ ဘယ်သူ့ရဲ့ ဆေးပညာက ပိုထူးချွန်သလဲ"

"ပညာရပ်ဆိုတာ အကန့်အသတ်မရှိဘူး၊ တတ်ကျွမ်းသူဟာ ဆရာပဲ"ထို စကားပုံသည် ဆေးပညာလောကတွင်လည်း သက်ရောက်မှုရှိ‌ ‌‌ ပေသည်။

ဝူကျိရှန်း၏ အထူးပြုဘာသာရပ်မှာ လက်တွေ့ကုသရေးဆေးပညာ ဖြစ်ပြီး ပြင်ပဒဏ်ရာများနှင့် အရေးပေါ်လူနာများကို ကုသရာတွင်ပို၍အားသာချက်ရှိ၏။

သို့သော်လည်း နာတာရှည်ရောဂါများနှင့် ကုသရခက်ခဲသော ဝေဒနာများတွင်မူ နတ်သမားတော်ကြီးစွန်းကဲ့သို့သော တရုတ်တိုင်းရင်းဆေးသမားတော်များကို သူ မမီသည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် ကိုယ်စီကျွမ်းကျင်သည့် နယ်ပယ်နှင့် အားသာချက်များ ရှိကြသောကြောင့်ပင်ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် တရုတ်တိုင်းရင်းဆေးပညာနှင့် လက်တွေ့ကုသမှုကို အလေးပေးသည့် အနောက်တိုင်းဆေးပညာတို့သည် တစ်ခုချင်းစီတွင် ကိုယ်ပိုင်ကောင်းကွက်များရှိကြရာ မည်သူက ပိုသာသည်ဟု ပြောရန်ခက်ခဲ ပေသည်။ ၎င်းတို့သည် ကွဲပြားသော နယ်ပယ်များသာ ဖြစ်ကြ၏။

မည်သူ့ဆေးပညာက ပိုထူးချွန်သည်ကို ပြောရန်ခက်ခဲသော်လည်း နတ်သမားတော်ကြီးစွန်း ဖော်စပ်ထားသော 'ရတနာခုနစ်ပါး ကွန်ရွှန်းဆေးမှုန့်' ဆေးညွှန်းမှာမူ အလွန်နက်ရှိုင်းသည့် အခြေခံအုတ်မြစ် ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ဝူကျိရှန်းကိုယ်တိုင်မှာ လက်ရှိရှိပြီးသား ဆေးဝါးများကို သုံးပြီး ကုသရာတွင် တော်သော်လည်း ဤကဲ့သို့ မျှတပြီး သင့်တင့်လျောက်ပတ်သော ဆေးညွှန်းမျိုးကိုမူ သူကိုယ်တိုင် မဖော်စပ်နိုင်ပေ။

တရုတ်တိုင်းရင်းဆေးပင်များဖြင့် ရောဂါကုသသည့် နယ်ပယ်တွင်မူ ဝူကျိရှန်းသည် နတ်သမားတော်ကြီးစွန်းထက် အနည်းငယ်နိမ့်ကျနေသည်မှာ ငြင်းမရသော အချက်ဖြစ်ပင်ဖြစ်သည်။

"တခြားအရာတွေကို ခဏထားလိုက်ရင်တောင် ဒီ 'ရတနာခုနစ်ပါး ကွန်ရွှန်းဆေးမှုန့်' ကို ကျွန်တော်ကိုယ်တိုင် မဖော်စပ်နိုင်ပါဘူး။ ခင်ဗျား နတ်သမားတော်ကြီးစွန်းက တကယ်ပဲ ပိုထူးချွန်ပါတယ်"

ဝူကျိရှန်းက လူပုံအလယ်တွင် ထိုသို့ပြောလိုက်သည်ကို ကြားသော် နတ်သမားတော်ကြီးစွန်းသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အောင်ပွဲရကြက်ဖကြီးတစ်ကောင်လိုဝင့်ကြွားစွာဖြင့်‌ ခေါင်း‌ မော့ပြီးအားလုံးကြားအောင်‌အော်ပြောလိုက်၏။

"ကြည့်ရှုနေသူအပေါင်းတို့၊ အားလုံးကြားကြတယ်မလား။ သမားတော်ဝူကိုယ်တိုင်က သူ့ဆေးပညာဟာ ငါ့ကိုမမီဘူးလို့ ဝန်ခံလိုက်ပြီ။ သူကိုယ်တိုင် ပြောလိုက်တာနော်"

"နတ်သမားတော်ကြီးစွန်းရဲ့ ဆေးပညာကတော့ တကယ်ကို အပြစ်ပြောစရာမရှိအောင် တော်ပါတယ်၊ သူရေးပေးတဲ့ ဆေးညွှန်းတွေကလည်း တကယ်ကောင်းပါတယ်"

သက်ဆိုင်သူတစ်ဦးဖြစ်သည့် မုဆိုးမဝမ်က သူ၏စကားအဆုံးတွင် ဝင်ပြေံာလိုက်၏။ သူမ၏အသံမှာ တိုးသော်လည်း လူတိုင်းကို အာရုံစိုက်သွား စေ၏။

"ကျွန်မရဲ့ရောဂါကို ရှင်ကုပေးနေတာ ကြာပါပြီ၊ ဒီ 'ရတနာခုနစ်ပါး ကွန်ရွှန်းဆေးမှုန့်' တစ်မျိုးတည်းတင် ဆယ်ကြိမ်မက သောက်ခဲ့ပြီးပြီ။ ဆေးတစ်ခါစပ်တိုင်း အနည်းဆုံး ငွေဒင်္ဂါး သုံးပြားလောက် ကုန်တယ်။ ကျွန်မက မိသားစုကို အဝတ်လျှော်တဲ့အလုပ်နဲ့ ကျွေးမွေးနေရတာ။ ကျွန်မမှာ အဲဒီလောက် ပိုက်ဆံတွေ ဘယ်ကရှိမှာလဲ"

"ရှင်တို့ရဲ့ အန်းမင်းခန်းမမှာ ဆေးဆယ်ကြိမ်မက စပ်သောက်ပြီးတဲ့နောက် ကျွန်မရဲ့ စုဆောင်းထားသမျှတွေ အကုန်ကုန်သွားပြီ။ ကျွန်မရောဂါကုဖို့ ကျွန်မမှာ ပိုင်ဆိုင်တာ ဘာမှမရှိတော့ဘဲ ထမင်းတောင် မစားနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နတ်သမားတော်ကြီးစွန်းရယ်... ရှင့်ရဲ့ဆေးဖိုးတွေက တကယ်ကို ကြီးလွန်းပါတယ်"

"ဆေးကုသရင် ဆေးဖိုးပေးရတာက ဓမ္မတာပဲလေ"

နတ်သမားတော်ကြီးစွန်းက ခေါင်းမာနေဆဲဖြစ်သည်ဖြစ်သည်။

"နတ်သမားတော်ကြီးစွန်းရယ်... ရှင်ဟာ နတ်သမားတော်ဆိုတဲ့ နာမည်ကို အလွဲသုံးစားလုပ်နေတာပဲ၊ ရှင်က ရောဂါကုသပေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က စီးပွားရေးသမားတစ်ယောက်သက်သက်ပါပဲ့"

" ရှင့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက ပိုက်ဆံရှာဖို့ပဲ၊ ဘယ်တုန်းကများ လူနာတွေကို ကယ်တင်ချင်တဲ့စိတ် ရှိခဲ့ဖူးလို့လဲ"

"ကျွန်မမှာ ကြီးလေးတဲ့ ဆေးကုသစရိတ် မပေးနိုင်ရုံနဲ့ ရှင်က ကျွန်မကို ဆေးမရောင်းခဲ့ဘူး။ ဒါဟာ ဆရာဝန်တစ်ယောက်ရဲ့ မေတ္တာတရား ဟုတ်ပါဦးမလား"

"ဒေါက်တာဝူရဲ့ သင့်တင့်တဲ့ဈေးနှုန်းသာ မရှိရင် ကျွန်မ ဆေးကုသတာကို လက်လျှော့လိုက်ရတော့မှာ"

နတ်သမားတော်ကြီးစွန်း၏ ဆေးပညာမှာ ကောင်းမွန်သော်လည်းသူ၏ အမြတ်ကြီးစားမှု ကြောင့် လူအများ၏ ဝေဖန်ခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်၏။

မုဆိုးမဝမ်သည် သူ၏ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အပြင်းအထန် ထိုးနှက်လိုက်သည်။

"ရှင့်ရဲ့ အန်းမင်းခန်းမက ရောဂါကုပြီး လူကယ်တဲ့နေရာ မဟုတ်ဘူး၊ စည်းစိမ်ဥစ္စာတွေကို စုဆောင်းနေတဲ့ နေရာပဲ့၊ ဆေးဘုရင် စွန်းစီမြောင်ရဲ့ မျိုးဆက်ပါလို့ ဘယ်လိုမျက်နှာနဲ့ ပြောနေရတာလဲ၊ 'ဆေးဖက်ဆိုင်ရာ ကျင့်ဝတ်' ဆိုတဲ့ စကားလုံးနှစ်လုံးကို ရှင်မေ့နေပြီလား"

မုဆိုးမဝမ်၏ အသံမှာ သိပ်မကျယ်သော်လည်း အလေးအနက်ရှိလှသဖြင့် နတ်သမားတော်ကြီးစွန်းမှာဘာမှပြန်မ ပြောနိုင်ဘဲဆွံ့အသွားရ၏။

ဆေးပညာသက်သက်အရဆိုလျှင် နတ်သမားတော်ကြီးစွန်းသည် တကယ့်အထိပ်အ‌ခေါင်ဆရာကြီးတစ်ဦးဖြစ်၏။

သို့သော် နတ်သမားတော်ဆိုသည်မှာလည်း နတ်သမားတော်နှင့် တန်သောဈေးနှုန်းရှိသည်။ နတ်သမားတော်ကြီးစွန်း၏ ဆေးစပ်ခနှင့် ဆေးဈေးနှုန်းမှာ မသက်သာလှပေ။ သူဌေးများသာ သူ၏ကုသမှုကို ခံယူနိုင်၏။

ဆင်းရဲသားများ၏ အမြင်တွင်မူ နတ်သမားတော်ကြီးစွန်း၏ ဆေးပညာ မည်မျှပင် ထူးချွန်နေပါစေ၊ မြင့်မားလွန်းလှသော ဆေးကုသစရိတ်က လူတို့ကို နောက်တွန့်သွားစေရန် လုံလောက် နေ ပေသည်။

နတ်သမားတော်ကြီးစွန်းသည် ဂုဏ်သိက္ခာကို အလေးထားသူတစ်ဦးဖြစ်သည်။

လူပုံအလယ်တွင်မုဆိုးမဝမ်၏ ကဲ့ရဲ့ခြင်းကို ခံလိုက်ရသဖြင့် သူသည် အကြိမ်ကြိမ် ပြန်လည်ချေပရန် ကြိုးစားသော်လည်း သူမပြောသည့် စကားများမှာ ယုတ္တိရှိနေသဖြင့် သူ ခေတ္တမျှ စကားမထွက်နိုင် ဖြစ်သွားရခြင်းဖြစ်၏။

သူ၏မျက်နှာမှာဒေါသကြောင့် အဖြူရောင်မှအနီ‌ ရောင်သို့ အကြိမ်ကြိမ် ပြောင်းလဲသွားသည်။ အတန်ကြာမှ သူသည် သူ၏ပေါင်ကို ရုတ်တရက် ရိုက်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏ ။

"ဒီနေ့ကစပြီး ငါ့ရဲ့ အန်းမင်းခန်းမကို ဆေးကုဖို့ လာသမျှလူတိုင်းအတွက် ဆေးစပ်ခမယူဘူး။ ဆေးဝါးအားလုံးကိုလည်း အရင်းဈေးအတိုင်းပဲ ပြန်ရောင်းပေးမယ်"

ထိုသို့ပြောပြီးနောက် နတ်သမားတော်ကြီးစွန်းသည်ဒေါသတကြီးဖြင့် ဆတ်ခနဲလှည့်ထွက်သွား‌ တော့၏။

ခေတ်ကို ဖြတ်ကျော်လာသူတစ်ဦးအနေဖြင့် ဝူကျိရှန်းသည် နှစ်ပေါင်းရာချီ ရှေ့ရောက်နေသော ဆေးပညာနည်းပညာများကို ပိုင်ဆိုင်ထားသဖြင့် နတ်သမားတော်ကြီးစွန်းနှင့် ယှဉ်ပြိုင်ရမှာကို လုံးဝမကြောက်ပေ။

သို့သော်လည်း အန်းမင်းခန်းမမှာ နှစ်ပေါင်းရာချီ သက်တမ်းရှိသော နေရာဖြစ်ပြီး နတ်သမားတော်ကြီးစွန်း၏ ဆေးပညာမှာလည်း သာမန်မဟုတ်ပေ။ အခြေအနေမှာ ရှောင်လွှဲ၍မရတော့ဘဲ တစ်ဖက်က ဈေးနှုန်းစစ်ပွဲကို စတင်လိုက်ပြီဖြစ်ရာ ဝူကျိရှန်းအနေဖြင့်လည်း မယှဉ်ပြိုင်ဘဲ နေလို့မရတော့ပေ။

ဝူကျိရှန်းကလည်း ချက်ချင်းပင် ကြေညာလိုက်၏။

"အခုကစပြီး ဝူဆေးခန်းမှာလည်း ဆေးစပ်ခ လုံးဝကောက်ခံမှာ မဟုတ်ပါဘူး၊ ဆေးဝါးအားလုံးကိုလည်း (၂၀) ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်"

ထိုစကားကို ကြားသော် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများက ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်အားပေးကြ ၏။

ဘာမှမလုပ်ရသေးခင်မှာတင် အန်းမင်းခန်းမနှင့် ဝူဆေးခန်းတို့မှာ ဆေးစပ်ခတွေ အခမဲ့ဖြစ်သွားပြီး ဆေးဈေးနှုန်းတွေလည်း သိသိသာသာ ကျဆင်းသွားသည်။ ယခုမှစ၍ လူတိုင်းအတွက် ဆေးကုသရသည်မှာ ပိုမိုသက်သာသွားတော့မည်ဖြစ်သည်။

ဝူကျိရှန်းနှင့် နတ်သမားတော်ကြီးစွန်းတို့ ဆက်လက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လေလေ ပိုကောင်းလေလေဟု အားလုံးက မျှော်လင့်နေကြ‌ ပေသည်။

သက်ဆိုင်သူတစ်ဦးအနေဖြင့် မုဆိုးမဝမ်က ဝူကျိရှန်းကို စေတနာဖြင့် သတိပေးလိုက်၏။

"ဒီအခြေအနေကို ကြည့်ရတာ နတ်သမားတော်ကြီးစွန်းက ရှင့်ကို အဆုံးအထိ တိုက်ခိုက်တော့မယ့်ပုံပဲ။ ရှင် သတိထားမှရမယ်"

"တိုက်ချင်တိုက်ပါစေ၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"

ဘာပဲဖြစ်ဖြစ် ငါက ၂၁ ရာစုကနေ ကူးပြောင်းလာတာပဲ့၊ ငါက နာမည်ကြီး ဆေးတက္ကသိုလ်ကနေ မာစတာဘွဲ့ရထားပြီး လက်တွေ့ကုသမှု အတွေ့အကြုံတွေလည်း အများကြီးရှိတဲ့သူ။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ဆရာဝန်အိုကြီးတစ်ယောက်ကို ငါက ဘာလို့ကြောက်နေရမှာလဲ။

ငါက လူ့ခန္ဓာကိုယ်ရဲ့ တိကျတဲ့ တည်ဆောက်ပုံကို သိတယ်၊ ဗိုင်းရပ်စ်နဲ့ ကူးစက်ရောဂါတွေလို ခေတ်မီဆေးပညာ အယူအဆတွေကိုလည်း သိတယ်။ ငါက မရေမတွက်နိုင်တဲ့ ဆေးပညာရှေ့ဆောင်တွေရဲ့ ပခုံးပေါ်မှာ ရပ်နေတာ။ ဒေါက်တာစွန်းကို ထားလိုက်ပါဦး၊ ဒီခေတ်က ဆေးပညာရှင်တွေအားလုံး ပေါင်းလိုက်ရင်တောင် ငါ့လောက် သိမှာမဟုတ်ဘူး။

"ဒီနေ့ဖြစ်ရပ်ကြောင့် သူ ဆေးစပ်ခတွေ လျှော့ပေးလိုက်ရတယ်၊ အဲဒါကြောင့် သူဝင်ငွေ အများကြီး ဆုံးရှုံးသွားရပြီ"

"တစ်စုံတစ်ယောက်ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်တာဟာ သူတို့ရဲ့ မိဘတွေကို သတ်တာနဲ့ တူတူပဲ"

နတ်သမားတော်ကြီးစွန်းရဲ့ စရိုက်ကို ကောင်းကောင်းသိတဲ့ မုဆိုးမဝမ်က ဝူကျိရှန်းအတွက် စိုးရိမ်လာ၏။

"တကယ်လို့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီနတ်သမားတော်ကြီးစွန်းက အလွန် စိတ်ပုတ်တဲ့သူ။ သူသာ မရိုးသားတဲ့ နည်းလမ်းတွေ သုံးလာရင်တော့ ကာကွယ်ဖို့ ခက်လိမ့်မယ်"

-----------

အခန်း (၁၂) လာထိရင် ငြိပြီ

ဟူအာသည် အလွန်အကြူးသောက်စားပြီးနောက် ဝူဆေးခန်းရှေ့သို့ ယိမ်းထိုးလျက် လျှောက်လာ၏။‌ ဆေးခန်း ရှေ့သို့ရောက်‌ သောအခါရုတ်တရက် မြေပြင်ပေါ်သို့ ပစ်လှဲချလိုက်ပြီးလူးလှိမ့်အော်ဟစ်ငိုယို နေတော့သည်။

"နာလှချည်ရဲ့၊ သေပါပြီဗျ"

ဟူအာသည် တစ်နယ်လုံးက သိထားသည့် လူမိုက်တစ်ယောက်ဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်းနှင့် ခိုးဝှက်ခြင်းတို့ကို အမြဲပြုလုပ်လေ့ရှိသူဖြစ်၏။

သူသည် အကြောင်းရင်းမရှိဘဲ ဝူဆေးခန်းရှေ့တွင် ရုတ်တရက် လူးလှိမ့် အော်ဟစ်ငိုကြွေးနေသည်ကို မြင်သောအခါ ဖြတ်သွားဖြတ်လာ များက သူဘာရည်ရွယ်ချက်နဲ့ လုပ်နေတယ် ဆိုတာကို သိရှိကြသဖြင့် ခပ်လှမ်းလှမ်းမှသာ ရှောင်ကွင်းသွားကြလေသည်။

"နာတယ်၊ ဗိုက်ထဲက အရမ်းနာနေတယ်"

ဟူအာ၏ နာကျင်လှပါသည်ဆိုသော အော်ဟစ်သံများမှာ ကျယ်လောင်ဆူညံနေသော်လည်း သူသည် မည်သို့သောသူမျိုးဖြစ်သည်ကို လူတိုင်းက သိကြသဖြင့် ခပ်လှမ်းလှမ်းမှသာ ဝိုင်းကြည့်နေကြပြီး မည်သူကမျှ သူ့ကို လာရောက်မမေးမြန်းကြပေ။

ထိုအချိန်တွင်ဝူဆေးခန်း၏မျက်နှာချင်းဆိုင်ရှိ အန်းမင်းခန်းမမှ နတ်သမားတော်ကြီးစွန်းသည် တိုက်တိုက်ဆိုင်ဆိုင်ပင် အပြင်ထွက်လာသည်ကို တွေ့လိုက်ကြရ၏။

ဟူအာ မြေပြင်ပေါ်တွင် လဲနေသည်ကို မြင်သောအခါ သူသည် ကွဲကွာနေသော ဆွေမျိုးအရင်းအချာကို တွေ့လိုက်ရသကဲ့သို့ အနားသို့ ချက်ချင်းလျှောက်သွားပြီးကြင်နာစွာမေးမြန်းလိုက်၏။

"ဒါ ဟူအာ မဟုတ်လား၊ မင်း ဘာဖြစ်တာလဲ"

နတ်သမားတော်ကြီးစွန်း၏ ကြင်နာစွာဖေးမမှုကြောင့်ဟူအာသည် ပို၍ပင် အားတက်လာပြီး ဝူဆေးခန်း၏ ဆိုင်းဘုတ်ကို လက်ညှိုးထိုးကာထိုကဲ့သို့လုပ်ကြံ‌ ပြောဆိုတော့သည်။

"ဒီနေ့ ကျွန်တော် ဗိုက်နာလို့ ဝူဆေးခန်းကို လာပြတာ၊ ဝူကျိရှန်းပေးတဲ့ ဆေးကို သောက်ပြီးတဲ့နောက် ရောဂါက သက်သာမသွားတဲ့အပြင် ပိုတောင် ဆိုးလာသေးတယ်၊ တကယ် သေတော့မှာပဲ"

"ရိုးရိုးဗိုက်နာတာကို ဒီလောက်တောင် နာနေရတယ်ဆိုတော့ ရောဂါရှာဖွေတာ မှားနေလို့လား"

ထိုစကားကို ကြားသော် ဟူအာပိုမိုအားတက်လာပြီးသူ၏ အော်ဟစ်သံမှာ ချက်ချင်းပင် ပိုမိုကျယ်လောင်လာ လေသည်။

"ဆရာဝူရဲ့ ဆေးပညာက ညံ့လွန်းလို့ ကျွန်တော့်ကို ဒီလောက် ဒုက္ခရောက်အောင် လုပ်တာပဲ၊ နာလှချည်ရဲ့"

သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့် အပေးအယူမျှမျှဖြင့် သရုပ်ဆောင်နေကြရာ ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများမှာလည်း တီးတိုးဝေဖန်လာကြသည်။

ဝူကျိရှန်းသည် ဆူညံသံများကို ကြားသဖြင့် ဘာဖြစ်သလဲဟု ကြည့်ရန် ဆေးခန်းထဲမှ ထွက်လာ၏။

ထိုစဉ် ဟူအာက ဝူကျိရှန်း၏ ခြေရင်းသို့ လိမ့်လာပြီး သူ၏ခြေသလုံးကို ဖက်ထားလိုက်သည် ။

"ဆရာဝူ... ခင်ဗျားက ဒီလောက် ညံ့ဖျင်းတဲ့ ဆေးပညာနဲ့ ဆေးခန်းဖွင့်ရဲတယ်ပေါ့၊ ကျွန်တော့်ရောဂါကို ပိုဆိုးစေပြီး ဗိုက်ကို မခံမရပ်နိုင်အောင် နာစေတယ်၊ မြန်မြန် ငွေတစ်ရာ ပေးလျော်ပါ၊ မဟုတ်ရင်... ကျွန်တော် ဒီမှာတင် အသေခံလိုက်မယ်"

လွန်ခဲ့သော နာရီဝက်ခန့်ကပင်ဟူအာသည် ဗိုက်နာသည်ဟုဆိုကာ ဝူကျိရှန်းထံတွင် ဆေးခန်းလာပြခဲ့ခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ပြန်ရောက်လာပြန်၏။

ဤမျှ တိုတောင်းသော အချိန်အတွင်းမှာ ဆေးရည်ပင် ကျို၍မပြီးနိုင်သေးပါဘဲ ဝူကျိရှန်း၏ဆေးကို သောက်ပြီးနောက် ရောဂါပိုဆိုးလာသည်ဟု သူက ဆိုနေခြင်းဖြစ်သည်။ ခြေဖျားနှင့် စဉ်းစားကြည့်လျှင်ပင် သူသည် တမင်တကာ လာရောက်ပြဿနာရှာနေခြင်းဖြစ်ကြောင်း ထင်ရှား နေပေသည်။

"ကျွန်တော် ဒီလောက် နာနေတာ ခင်ဗျားရဲ့ ဝူဆေးခန်းကြောင့်ပဲ"

ဟူအာသည် လူမိုက်ပီပီ ချက်ချင်းပင် လုပ်ကြံလီဆယ်ကာ သောင်းကျန်းတော့သည် ။

"ခင်ဗျား ငွေမပေးရင် ခင်ဗျားရဲ့ ဆိုင်းဘုတ်ကို ကျွန်တော် ရိုက်ခွဲပစ်မယ်"

တစ်ဖက်တွင် လှောင်ပြုံးပြုံးနေသော နတ်သမားတော်ကြီးစွန်းနှင့် သောင်းကျန်းနေသော ဟူအာတို့ကို ကြည့်ပြီး ဝူကျိရှန်းက အားလုံးကို နားလည်သွား၏။ဤလူမိုက်သည် နတ်သမားတော်ကြီးစွန်း၏ စေခိုင်းမှုဖြင့် ဟန်ဆောင်ပြဿနာရှာနေခြင်းဖြစ်သည်မှာထင်ရှား နေပေသည်။

ဤကဲ့သို့ ယုတ်ညံ့သော လုပ်ရပ်မျိုးအတွက် သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးရန်ဆုံးဖြတ်လိုက်‌ လေသည်။

"ညီလေး... မင်းကြည့်ရတာ အားအင်တွေ ပြည့်နေပြီး အသံကလည်း အရမ်းကျယ်တာပဲ၊ ရောဂါသည်းနေတဲ့ပုံနဲ့ လုံးဝမတူဘူး"

သူ့ရောဂါက ပိုဆိုးလာပြီဆိုလျှင် သေလုမျောပါးဖြစ်နေသည့်ပုံစံမျိုး ဟန်ဆောင်သင့်ပေသည်။ သို့သော်ဟူအာမှာမူ သောင်းကျန်း လူးလှိမ့် အော်ဟစ်ရန် အားအင်တွေ ရှိနေသေးသဖြင့်သူ၏ သရုပ်ဆောင်မှုမှာ လိမ်ညာမှုသာဖြစ်ကြောင်းပေါ်လွင်နေပေသည်။

နတ်သမားတော်ကြီးစွန်းက သူ့ကို မျက်ရိပ်ပြလိုက်သဖြင့် ဟူအာက ချက်ချင်းပင် နားလည်သွားပြီးသေလုမြောပါး ပုံစံကို ချက်ချင်းပြောင်းလိုက်၏။ ထို့နောက်ငြီးငြူ ငိုချင်းချတော့သည် ။

"ကျွန်တော့်ကို သနားကြပါဦး၊ ကျွန်တော့မှာ အသက်ရှစ်ဆယ်အရွယ် အမေအိုကြီးရှိသလို ငိုနေတဲ့ ရင်ခွင်ပိုက်ကလေးလေး ရှိပါတယ်၊ တကယ်လို့ ကျွန်တော် ဒီရောဂါနဲ့ သေသွားရင် မိသားစုက ဘယ်လို အသက်ဆက်ရမလဲ၊ ဆရာဝူ ခင်ဗျား လျော်ကြေးပေးရမယ်"

"တကယ်လို့ ဒါဟာ ရောဂါရှာဖွေတာ မှားယွင်းတာ ဒါမှမဟုတ် ဆေးညွှန်းမှားတာဆိုရင် လျော်ကြေးကို သေချာပေါက် ပေးရမှာပေါ့"

ဝူကျိရှန်းက ထိုလူမိုက်ကိုစိုက် ကြည့်ပြီး ပြုံးလျက် မေးလိုက်‌ လေသည်။

"ညီလေးက ကျွန်တော့်ကို ငွေဘယ်လောက် လျော်စေချင်တာလဲ"

"အနည်းဆုံး ငွေတစ်ရာ၊ တစ်ပြားတောင် မလျော့နိုင်ဘူး"

ဤလူမိုက်မှာ ဟန်ဆောင်နေခြင်းဖြစ်သည်ကို သိသော်လည်း ဝူကျိရှန်းက ဘာမှဂရုမစိုက်သည့်အမူအရာဖြင့် ပြောလိုက်၏။

"ငွေတစ်ရာဆိုတာ... သိပ်မများပါဘူး။ ဒါပေမဲ့ ငွေဆိုတာက ပြင်ပပစ္စည်းပါ၊ ရောဂါပျောက်ဖို့က ပိုအရေးကြီးပါတယ်"

"ညီလေးက ကျွန်တော့်ဆေးကို သောက်ပြီးနောက် ဗိုက်က မခံမရပ်နိုင်အောင် နာလာတယ်လို့ ပြောနေမှတော့ ကျွန်တော် သေချာမေးရမယ်၊ ဘယ်နေရာက အတိအကျ နာနေတာလဲ"

"ဗိုက်က နာတယ်၊ အရမ်းနာနေတာ"

"ဗိုက်အပေါ်ပိုင်းက နာတာလား၊ အောက်ပိုင်းက နာတာလား"

"အားလုံး နာတာပဲ၊ တစ်ကိုယ်လုံး နာနေတာ"

သူပြောသည်မှာ အမှန်ဖြစ်ကြောင်း သက်သေပြရန်အတွက် ဟူအာသည် အော်ဟစ်ကာ အကြိမ်ကြိမ် လူးလှိမ့်ပြကာမျက်နှာကိုလည်း ရှုံ့မဲ့လျက် အလွန်နာကျင်နေသည့်ပုံစံကို လုပ်ပြ‌လေသည်။

"တကယ် သေတော့မှာပဲဗျ"

ထို ညံ့ဖျင်းလှသော သရုပ်ဆောင်မှုကို မြင်သော် ဝူကျိရှန်းမှာ ရယ်ချင်စိတ်ကို အောင့်ထားရ‌ လေသည်။ သို့သော် သူသည် အလွန်တည်ကြည်လေးနက်သော မျက်နှာပေးကိုလုပ် ထားရ၏။

"ငွေက ကိစ္စမရှိပါဘူး၊ ညီလေးရဲ့ အသက်က ပိုအရေးကြီးပါတယ်၊ တကယ်လို့ ကျွန်တော် ညီလေးကို ကုပေးလိုက်ရင် လျော်ကြေးပေးစရာ မလိုတော့ဘူးမလား"

ကုပေးမယ် ဟုတ်လား၊ရယ်စရာတွေ လာမပြောနဲ့လေ။ငါက တမင် ဟန်ဆောင်နေတာပဲ၊ မင်းက ငါ့ကို ဘယ်လိုလုပ် ကုပေးနိုင်မှာလဲ"

"ခင်ဗျားက ကျွန်တော့်ရောဂါကို တကယ် ကုပေးနိုင်လို့လား"

"သေချာပေါက် ကုပေးနိုင်တာပေါ့"

"ဒါဆိုရင်လည်း ကုပေးလေ"

ဘာပဲဖြစ်ဖြစ် ခင်ဗျား ဘယ်လိုပဲ ကုကု၊ ငါကတော့ ဗိုက်နာနေတုန်းပဲလို့ ပြောနေမှာပဲ၊ ခင်ဗျားရဲ့ ဆေးပညာ ဘယ်လောက်ပဲ တော်တော် အလကားပဲဖြစ်မှာပါပဲ။

"ဆရာဝူ... ဒီလူကို ကြည့်ရတာ ဟန်ဆောင်နေတဲ့ပုံပဲ၊ ခင်ဗျား တကယ်ပဲ သူ့ကို ကုပေးနိုင်လို့လား"

ကြည့်ရှုနေသူတစ်ဦးက စေတနာဖြင့် သတိပေးလိုက်၏။

ဘေးကလူတွေတောင် သူဟန်ဆောင်နေတာကို မြင်နေရတာပဲ၊ ငါက ဘာလို့ မမြင်ဘဲ နေမှာလဲ။

ဝူကျိရှန်းက ခပ်ပြုံးပြုံးပင် ဟူအာ၏ သွေးခုန်နှုန်းကို စမ်းသပ်သလို ဟန်ဆောင်လိုက်ပြီးနောက် ယုံကြည်ချက်ရှိသော ပုံစံဖြင့်ပြောလိုက်သည်။

"ဒီညီလေးက မသန့်ရှင်းတာ တစ်ခုခု စားမိလို့ အူတွေထဲမှာ ပြဿနာတက်နေတာပဲ။ ဆေးသောက်ရုံနဲ့တော့ သေချာပေါက် မပျောက်နိုင်ဘူး၊ ထူးခြားတဲ့ ကုသနည်းကို သုံးရမယ်။ တကယ်လို့သာ အချိန်ဆွဲနေရင် ညီလေးရဲ့ အူတွေက ဗိုက်ထဲမှာတင် ပုပ်သွားလိမ့်မယ်"

ဝူကျိရှန်းသည် ဆေးခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် ဆေးသေတ္တာကို သယ်ထုတ်လာ၏။

သူကအခြေအနေ အလွန်အရေးကြီးနေပြီး ချက်ချင်းကုသရန် လိုအပ်သည့်ပုံစံဖြင့် တမင်လုပ်ပြလိုက်၏။ဆေးသေတ္တာကို အလျင်အမြန် ဖွင့်လိုက်ပြီး တလက်လက်တောက်ပနေသော ငွေရောင် ခွဲစိတ်ဓားအကြီးအသေးများကိုလည်းကောင်း၊ ညှပ်များနှင့် တခြားသော ခွဲစိတ်ကိရိယာများကိုလည်းကောင်း ထုတ်ယူလိုက်သည်။

ထက်မြက်လှသော ခွဲစိတ်ဓားတစ်လက်ကို ကိုင်လိုက်ပြီး ဟူအာ၏ မျက်စိရှေ့တွင် တမင်တကာ ဝေ့ယမ်းပြပြီး‌ ပြောလိုက်သည် ။

"ညီလေးရဲ့ ဗိုက်နာတာက အရမ်းပြင်းထန်လွန်းတယ်၊ ဒါဟာ အူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ ဖြစ်ရမယ်။ ငါ ညီလေးရဲ့ ဗိုက်ကို ခွဲရမယ်၊ ပုပ်နေတဲ့ အူအပိုင်းအစတွေကို ဖြတ်ထုတ်ပြီးမှ အပ်နဲ့ချည်နဲ့ ပြန်ချုပ်ပေးရမယ်။ ဒါဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ အကောင်းအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"

"ခင်ဗျား ဘာတွေ လာပြောနေတာလဲ"

ထိုစကားကို ကြားသော် ဟူအာသည် ချက်ချင်းပင် ထိတ်လန့်သွား၏။

"ခင်ဗျားက ငါ့ဗိုက်ကို ခွဲမယ်ဆိုရင် ငါ ဒီမှာတင် သေသွားမှာပေါ့၊ ခင်ဗျားက ငါ့ကို ကယ်မှာလား၊ သတ်မှာလား"

"စိတ်မပူပါနဲ့၊ ဘာမှမဖြစ်စေရဘူး"

ဝူကျိရှန်းက တောက်ပနေသော ခွဲစိတ်ဓားကို ကိုင်ထားပြီး သူ၏မျက်နှာတွင်မူ အပြုံးတစ်ခု အမြဲရှိနေ၏။

"ရုံးတော်က ကျန်းစစ်‌ကောဆိုတဲ့ ညီအစ်ကိုလည်း တစ်ခါက အူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ ခံစားခဲ့ရဖူးတယ်။ အဲဒီတုန်းကလည်း ငါ ဒီဓားနဲ့ပဲ သူ့ဗိုက်ကိုခွဲပြီး ပုပ်နေတဲ့အူတွေကို ဖယ်ထုတ်ပေးခဲ့တာ၊ သူ ရက်အနည်းငယ်အတွင်းမှာတင် ပြန်ကောင်းသွားခဲ့တယ်။ တကယ်လို့ မယုံရင် ဒီမှာရှိတဲ့ ရွာသားတွေကို မေးကြည့်လို့ရတယ်"

ကျန်းစစ်‌‌ကော၏ ဗိုက်ကို ခွဲစိတ်ကုသပေးခဲ့ခြင်းမှာ ဝူကျိရှန်း၏ နာမည်ကျော် စွမ်းဆောင်ချက်ဖြစ်ပြီး လူတိုင်း သိထားကြပြီးသားဖြစ်၏။ ရွာသားအချို့က ဝူဇီရှန်းအတွက် ချက်ချင်းပင် သက်သေထွက်ပေးကြသည် ။

"ဆရာဝူမှာ တကယ်ပဲ ဒီအရည်အချင်း ရှိပါတယ်၊ သူက ဗိုက်ခွဲပြီး အူထုတ်တဲ့နေရာမှာ အတော်ဆုံးပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျန်းစစ်‌ ကောရဲ့ ဗိုက်ကို သူခွဲနေတာကိုတောင် ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ"

"လူ့အသက်က အရေးကြီးတယ်၊ အချိန်ဆွဲလို့ မဖြစ်တော့ဘူး"

ဝူကျိရှန်းက ဘာမှထပ်မပြောတော့ဘဲ ခွဲစိတ်ဓားကို အသုံးပြုကာ ဟူအာ၏ အင်္ကျီကို တိုက်ရိုက်ဖြတ်လိုက်သည်၊ ဖြူဖျော့ပြီး ဖောင်းနေသော သူ၏ဗိုက်သား ပေါ်လာသောအခါ ဓားရိုးဖြင့် ဗိုက်ပေါ်တွင် ဟန်ဆောင်ဝေ့ယမ်းလိုက်၏။ထို့နောက် ပြုံးလျက် ဟူအာကို ပြောလိုက်သည် ။

"ညီလေး... ဗိုက်ခွဲတာကတော့ နည်းနည်းတော့ နာလိမ့်မယ်...မဟုတ်ဘူး၊ တကယ်တော့ အရမ်းနာမှာ၊ ဒါပေမဲ့ ငါက ညီလေးရဲ့ ရောဂါကို ကုပေးနေတာဆိုတော့ အောင့်ခံမယ်လို့ မျှော်လင့်ပါတယ်"

"ဘယ်လောက်ပဲ နာနာ ညီလေး လုံးဝမလှုပ်ရဘူးနော်၊ မဟုတ်ရင် ငါ့ဓားက ချော်သွားပြီး နှလုံးတို့၊ အသည်းတို့၊ အစာအိမ်တို့ ဒါမှမဟုတ် တခြား အင်္ဂါတစ်ခုခုကို မှားဖြတ်မိသွားရင်တော့ အသက်အန္တရာယ် ရှိသွားလိမ့်မယ်"

ထိုစကားကို ကြားသော် ဟူအာ၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်မှု ကြောင့်‌ သွေးဆုတ်သွား၏။

"ကျွန်တော် မလုပ်ချင်ဘူး၊ ခင်ဗျား အဲဒီလို မလုပ်ရဘူး..."

"နတ်သမားတော်ကြီးစွန်း... ဒီညီလေးက ခင်ဗျားနဲ့ ခင်တယ်လို့ ပြောနေမှတော့ ကူညီပြီး သူ့လက်မောင်းတွေကို ဖိထားပေးပါဦး။ သူ လျှောက်မလှုပ်အောင် သေချာကိုင်ထားပေးပါ"

ဝူကျိရှန်းက ထိုသို့ပြောလိုက်တော့ နတ်သမားတော်ကြီးစွန်းအနေဖြင့် ငြင်း၍မရတော့ဘဲကူညီချင်ယောင်ဆောင်ကာဟူအာ၏ လက်များကို ဟန်ဆောင်ဖိပေးလိုက်ရ၏။

ဝူကျိရှန်းက အခွင့်ကောင်းယူကာ သူ၏ကိုယ်လုံးဖြင့် ဟူအာ၏ ကိုယ်အောက်ပိုင်းကို ဖိထားလိုက်ပြီး ခွဲစိတ်ဓားကို သူ၏ဗိုက်သို့ ချိန်ရွယ်လိုက်သည်။

ထက်မြက်လှသော ဓားသွားက သူ၏ဗိုက်ကို ခွဲတော့မည့်အချိန်တွင် ဟူအာသည် ကြောက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး တုန်ရီနေသောအသံဖြင့် အော်ဟစ်တော့သည်။

"မလုပ်ပါနဲ့... ကျွန်တော် နေမကောင်းတာ မဟုတ်ပါဘူး"

"မင်းဗိုက်က အရမ်းနာနေတာ မဟုတ်ဘူးလား၊ ဒါဟာ အူလမ်းကြောင်း ပိတ်ဆို့တာလို့ ငါ ယူဆတယ်၊ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါပဲ"

"ကျွန်တော် ဟန်ဆောင်နေတာပါ၊ ဘာရောဂါမှမဖြစ်ပါဘူး၊ ကယ်ကြပါဦး၊ ကယ်ကြပါဦး"

"ဟန်ဆောင်တာ ဟုတ်လား၊ မဖြစ်နိုင်တာ၊ မင်း ဒီလောက် နာနေတာကို ဘယ်လိုလုပ် ဟန်ဆောင်တာ ဖြစ်မှာလဲ။ ငါ မင်းဗိုက်ကို ခွဲပြီး သေချာကြည့်ရမယ်"

နတ်သမားတော်ကြီးစွန်းမှာ အသက်ကြီးပြီး အားနည်းနေသူဖြစ်ရာ ဟူအာက အားကုန်ရုန်းကန်လိုက်သောအခါ မည်သို့လျှင် ဖိထားနိုင်ပါမည်နည်း။

ဟူအာသည် သူ၏လက်များကို ရုတ်တရက် ရုန်းထွက်လိုက်ပြီး နတ်သမားတော်ကြီးစွန်းကို အားဖြင့် တွန်းထုတ်လိုက်ရာ နတ်သမားတော်ကြီးစွန်းမှာ ယိုင်လဲသွားရသည်။ ဟူအာသည် အံ့အားသင့်ဖွယ် လျင်မြန်မှုဖြင့် ထရပ်လိုက်ပြီး ဘာမှမပြောတော့ဘဲ လှည့်ပြေးတော့၏။

"မပြေးနဲ့လေ၊ ငါ မင်းရဲ့ရောဂါကို မကုရသေးဘူး"

ဝူကျိရှန်းက ခွဲစိတ်ဓားကို ကိုင်လျက် သူ့နောက်ကနေ ပြေးလိုက်ရင်း လှမ်းအော်လိုက်၏။

"ညီလေး ပြန်လာဦးလေ၊ ငါ မင်းရဲ့ရောဂါကို ကုပေးဖို့ လိုသေးတယ်"

သို့သော် ဟူအာမှာ ယုန်တစ်ကောင်ထက်ပင် မြန်အောင် ပြေးသွားပြီး လမ်းထောင့်သို့ ကွေ့ကာ ပျောက်ကွယ်သွားတော့သည်။`

-----------

All Chapters