အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း (၁၃) - လူကြီးဆိုပြီး အရှက်မရှိလေခြင်း
မနေ့ကတင် နတ်ဆေးဆရာစွန်းနှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပြီး၊ ဒီနေ့မှာတော့ လူမိုက်တွေနဲ့ လူလေလူလွင့်တွေက ပြဿနာလာရှာကြပြန်၏။ အကယ်၍ အဘိုးကြီးစွန်းသာ နောက်ကွယ်ကရှိနေမှန်း မသိခဲ့လျှင် ကျွန်တော်တကယ်ပဲ သရဲမြင်နေတာ ဟုထင်မိပါလိမ့်မည်။
အစကတော့ အဘိုးကြီးစွန်းဟာ အနည်းငယ် သဘောထားကျဉ်းမြောင်းရုံပဲလို့ ထင်ခဲ့တာ၊ အခုလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သင်က မကြင်နာမှတော့ ကျွန်ုပ်ကလည်း မတရားဘူးလို့ အပြစ်မတင်ပါနဲ့တော့။
ဝူကျိရှန်းသည်အမြဲတမ်း လက်စားချေတတ်တဲ့ လူစားမျိုး ဖြစ်၏။ "လူကြီးလူကောင်းတစ်ယောက် လက်စားချေဖို့ ဆယ်နှစ်ဆိုတာ မနှောင်းသေးဘူး" ဆိုတဲ့ စကားကို သူ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။
နတ်ဆေးဆရာစွန်းက သူ့အပေါ် တစ်ကြိမ် ကြံစည်ခဲ့ကတည်းက သူ ချက်ချင်း ပြန်လည် တုံ့ပြန်ရပါလိမ့်မည်။
လူမိုက်တွေနဲ့ လူလေလူလွင့်တွေကို မြှောက်ပင့်ပြီး 'တိုက်မိခိုက်မိ' ဟန်ဆောင်ကာ ပြဿနာရှာခိုင်းတာဟာ ယုတ်ညံ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပြီ ဖြစ်၏။ ဝူကျိရှန်းကလည်း သူ့ကို အသေအလဲ စက်ဆုပ်ရွံရှာသွားစေဖို့ ပြင်ဆင်ထားလိုက်သည်။
ထိုညတွင် ဝူကျိရှန်းသည် မစင်ပုံးကြီးတစ်ပုံးကို သယ်ဆောင်လာပြီး၊ မှောင်ရိပ်ခိုကာ အန်းမင်ခန်းမရဲ့ ဆိုင်းဘုတ်ပေါ်ကို မစင်တွေနဲ့ ပက်ဖျန်းဖို့ စီစဉ်ထားလိုက်၏။
သင်က လူငှားပြီး ကျွန်ုပ်ကို အကွက်ဆင်တယ်၊ ကျွန်ုပ်ကလည်း သင့်ဆိုင်းဘုတ်ကို မစင်နဲ့ ပက်မယ်။ ဒါကို ညီမျှတဲ့ လက်စားချေခြင်းလို့ သတ်မှတ်ရပေမည်။
မှိန်ပျပျညဥ့်ဦးယံမှာ လမ်းပေါ်မှာ လမ်းသွားလမ်းလာ တစ်ယောက်မှ မရှိပါဘူး။ ဝူကျိရှန်းကမစင်ပုံးကို သယ်ပြီး အန်းမင်းခန်းမ ရှေ့ကို ရောက်လာကာ၊ နတ်ဆေးဆရာစွန်းကို အသေအလဲ စက်ဆုပ်သွားအောင် 'နတ်သမီး ပန်းကြဲခြင်း' အတတ်ကို ဖော်ဆောင်တော့မယ့် ဆဲဆဲမှာပဲ အန်းမင်းခန်းမ အတွင်းထဲကနေ ခြေသံတွေ ထွက်ပေါ်လာ၏။
မစင်နဲ့ ပက်တာက တကယ်ပဲ သိက္ခာမဲ့တဲ့ လုပ်ရပ်တစ်ခု ဖြစ်တာကြောင့် ဝူကျိရှန်းဟာ မစင်ပုံးကို အမြန်သယ်ပြီး အန်းမင်ခန်းမရဲ့ ဆိုင်းဘုတ်ကြီး နောက်ကွယ်မှာ ပုန်းလိုက်သည်။
အဲဒီအချိန်မှာပဲ အန်းမင်းခန်းမရဲ့ ဘေးတံခါးလေးဟာ အနည်းငယ် ပွင့်ဟလာပြီး၊ လူရိပ်တစ်ခုက အသာလေး တိုးထွက်လာသည်ကိုမြင်လိုက်ရ၏။
သူကတော့ ဆရာဝန် စွန်းရှန်းရှန်း ခေါ် နတ်ဆေးဆရာစွန်း ဖြစ်သည်။
နတ်ဆေးဆရာတစ်ယောက်ရဲ့ ပုံမှန် တည်ငြိမ်အေးဆေးတဲ့ ပုံရိပ်နဲ့ လုံးဝ ကွဲပြားစွာပဲ၊ တံခါးကြားကနေ တိုးထွက်လာတဲ့ နတ်ဆေးဆရာစွန်းဟာ လက်တွေကို ပိုက်ထားပြီး ခါးကို ကိုင်းထားကာ၊ နံရံတစ်လျှောက် မှောင်ရိပ်တွေထဲကနေပဲ ရွေးလျှောက်နေပြီး သူ့အမာအရာမှာလုံးဝကို ခိုးကြောင်ခိုးဝှက် နိုင်လှ ပေသည်။
မှတ်မိသွားမှာ စိုးရိမ်လို့ထင်တယ်၊ နတ်ဆေးဆရာစွန်းဟာ ခေါင်းစွပ်ကိုတောင် ဝတ်ထားပြီး မျက်နှာမှအစိတ်အပိုင်းအများစုကို ဖုံးကွယ်ထား၏။ အကယ်၍ သူတို့ဟာ ကာလရှည်ကြာ သိကျွမ်းခဲ့သူတွေ မဟုတ်ရင် သူ့ကို မှတ်မိနိုင်မှာ မဟုတ်ပါဘူး။
ဆရာဝန် စွန်းရှန်းရှန်း ခေါ် နတ်ဆေးဆရာစွန်းဟာ ပုံမှန်ဆိုရင် ခန့်ညားထည်ဝါစွာ နေထိုင်တတ်သူ ဖြစ်ပေမဲ့၊ ဒီနေ့မှာတော့ သူက သူခိုးတစ်ယောက်လို ဖြစ်နေတာကြောင့် ဝူကျိရှန်းကို ပိုပြီး စပ်စုချင်စိတ် ဖြစ်ပေါ်စေ၏။ ဒီလို သန်းခေါင်ယံအချိန်ကြီးမှာ ဒီအဘိုးကြီးက ဘယ်လို မကောင်းမှုမျိုးကို ခိုးကြောင်ခိုးဝှက် သွားလုပ်မလို့လဲ။
စပ်စုချင်စိတ်ကြောင့် ဝူကျိရှန်းဟာ နတ်ဆေးဆရာစွန်းရဲ့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပြီး၊ သူ ဘာလုပ်မလဲဆိုတာကို ကြည့်ရန်ဆုံးဖြတ်လိုက်၏။
ခိုးကြောင်ခိုးဝှက် ဖြစ်နေတဲ့ နတ်ဆေးဆရာစွန်းဟာ လမ်းမကြီးကို ဖြတ်ကျော်ပြီး လမ်းကြားလေးတွေထဲ လျှောက်သွားကာ၊ အဝေးကြီး ပတ်လျှောက်ပြီးတဲ့နောက် နောက်ဖေးလမ်းကြားက ရီဟုန်ဝန်းထဲကို ရောက်ရှိသွား၏။ သူက သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ၊ ဘယ်သူမှ မကြည့်နေတာ သေချာမှ အတွင်းထဲကို အမြန် ဆုံးဝင်သွားသည်။
ရီဟုန်ဝန်းဟာ ဒီဒေသမှာရှိတဲ့ တစ်ခုတည်းသော ပျော်ပါးရာ နေရာတစ်ခု ဖြစ်ပြီး၊ ပုံမှန်အားဖြင့် ကာမဂုဏ် လိုက်စားသူတွေသာ သွားလေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ မထင်မှတ်ဘဲ နတ်ဆေးဆရာစွန်းကလည်း ပုံမှန်ဖောက်သည်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အစကတော့ နတ်ဆေးဆရာစွန်းဟာ ငွေမက်ရုံပဲလို့ ထင်ခဲ့ပေမဲ့၊ အပျော်အပါးမက်တဲ့သူလည်း ဖြစ်နေခဲ့တာပဲ့။ သူက အသက်အရွယ်ကြီးရင့်သူ တစ်ယောက် ဖြစ်နေတာတောင်၊ အခုထိ ပျော်ပါးဖို့ ဒီလိုနေရာမျိုးကို သွားနေ သေးသည်။သူ့အသက်အရွယ်နဲ့ ဒီလိုနေရာမျိုးကို လာလိမ့်မယ်လို့ ကျွန်ုပ် မမျှော်လင့်ထားခဲ့ပါဘူး။ သူ ကျောက်ကပ်အားနည်းမှာကို မကြောက်ဘူးလားပဲ။
နတ်ဆေးဆရာစွန်း ရီဟုန်ဝန်းထဲ ဝင်သွားတာကို ကိုယ်တိုင် မြင်လိုက်ရတဲ့အခါ ဝူကျိရှန်းဟာ သူ့စိတ်ကူးကို ချက်ချင်း ပြောင်းလိုက်၏။မစင်နဲ့ ပက်တဲ့ နိမ့်ကျတဲ့ နည်းလမ်းကို မသုံးတော့ဘဲ သူ့ကို အကြီးအကျယ် ဒုက္ခပေးဖို့ပဲ့ ဆုံးဖြတ်လိုက်သည်။
အပြန်အလှန် မလုပ်ပေးရင် ရိုင်းရာကျလိမ့်မည်။ အဘိုးကြီးစွန်း၊ ခင်ဗျားကို ကျွန်ုပ် ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။
ဝူကျိရှန်းဟာ အန်းမင်ခန်းမဆီကို ပြန်ပြေးသွားပြီး၊ တိုက်ရိုက်မဝင်ဘဲ နောက်ဖေးဝန်းဆီကို ပတ်သွားလိုက်သည်။ထို့နောက် နောက်ဖေးဝန်းရဲ့ တံခါးလေးကို အားပြင်းပြင်း ခေါက်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရ၏။
-
"ဘယ်သူလဲ၊ဆေးကုချင်ရင် ရှေ့ခန်းမကို သွားပါ။ နောက်ဖေးဝန်းက အတွင်းနေအိမ် ဖြစ်တယ်"
ဒါဟာ နတ်ဆေးဆရာစွန်းရဲ့ ဇနီးသည်ရဲ့ အသံ ဖြစ်၏။
ဝူကျိရှန်းကသူ့လည်ချောင်းကို ညှစ်ထားပြီး လေသံကို တမင် ပြောင်းလိုက်ပြီး ထူးဆန်းတဲ့ အသံနဲ့ ပြောလိုက်သည်။
"နတ်ဆေးဆရာစွန်းက ရီဟုန်ဝန်းမှာ ပျော်ပါးနေတယ်."
"ရီဟုန်ဝန်း မဖြစ်နိုင်တာ သူက အဲဒီလို လူမျိုး မဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ်၊ ကျွန်ုပ်ကတော့ ပြောပြပြီးပြီ၊ ယုံတာ မယုံတာ သဘောပဲ"
ထိုသို့ပြောပြီးနောက် ဝူကျိရှန်းသည်ရီဟုန်ဝန်းရဲ့ အဝင်ဝကို ပြန်ပြေးသွားပြီး၊ ပွဲကြည့်ဖို့ ထောင့်တစ်နေရာမှာ ပုန်းနေလိုက်၏။
နတ်ဆေးဆရာစွန်းရဲ့ ဇနီးဟာ ဒေါသကြီးပြီး သဝန်တိုတတ်တဲ့ မိန်းမအဖြစ် လူသိများ၏။ သူ ရောက်လာတာနဲ့ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာမည်မှာဧကန်မုချပင်ဖြစ်သည်။
ဝူကျိရှန်းမျှော်လင့်ထားတဲ့အတိုင်းပင်၊ သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ် တောင့်တောင့်နဲ့ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် သူ့အမြင်ထဲ ပေါ်လာ၏။
နတ်ဆေးဆရာစွန်းရဲ့ ဇနီး ရောက်လာပြီ ဖြစ်သည်။
ထိုအမျိုးသမီးဟာ တုတ်ကြီးတစ်ချောင်းကို ကိုင်ပြီး မျက်နှာချင်းဆိုင်က ရီဟုန်ဝန်းထဲကို လျင်မြန်စွာပြေးဝင်သွား၏။
လက်ဖက်ရည်တစ်ခွက်စာ သောက်တဲ့ အချိန်တောင် မပြည့်ခင်မှာပဲ ရီဟုန်ဝန်း အတွင်းထဲကနေ အရာဝတ္ထုတွေ ကျကွဲသံနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာ၏။
ခဏအကြာမှာတော့ ဖရိုဖရဲ ဖြစ်နေတဲ့ နတ်ဆေးဆရာစွန်းကို သူ့ဇနီးက ရီဟုန်ဝန်းထဲကနေ ဆွဲထုတ်လာပြီး လမ်းပေါ်မှာတင် တိုက်ပွဲစတော့သည်။
နတ်ဆေးဆရာစွန်းရဲ့ ဇနီးဟာ တကယ်ပဲ ကြမ်းတမ်းတဲ့ ကျားမကြီး တစ်ကောင် ဖြစ်၏။ သူက တုတ်ကြီးကို ဝှေ့ယမ်းပြီး သူ့အပေါ်ကို သနားညှာတာမှုမရှိ ရိုက်နှက်နေတာကြောင့် နတ်ဆေးဆရာစွန်းဟာ အော်ဟစ်ပြီး ခေါင်းကို ကာကာ ဟိုပြေးဒီပြေး ဖြစ်နေ တော့သည်။
နတ်ဆေးဆရာစွန်း သူ့ဇနီးဆီမှာ အသေအလဲ အရိုက်ခံနေရတာကို ကြည့်ပြီး ဝူကျိရှန်းကအလွန်အမင်း ကျေနပ်သွားပေမဲ့၊ ဒါက မလုံလောက်သေးပါဘူး။ သူ မီးလောင်ရာ လေပင့်ပေးဖို့ လိုသေး၏။
သူက မှောင်ရိပ်ထဲကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာပြီး၊ သူတို့ကို သွားနှုတ်ဆက်ကာ ကြားဝင်စေ့စပ်ပေးသူအသွင် ဟန်ဆောင်ပြီး ဖျောင်းဖျပေးလိုက်သည် ။
"အို ၊ ဒါ ဘေးအိမ်က မမစွန်း မဟုတ်လား။ ခင်ဗျားတို့ ဇနီးမောင်နှံက သဟဇာတဖြစ်တဲ့ စုံတွဲလို့ ကျွန်ုပ် အမြဲ ကြားဖူးပါတယ်။ ဒီနေ့ ဘာဖြစ်လို့လဲ ၊ ဘာလို့ လမ်းမပေါ်မှာ ရန်ဖြစ်နေကြတာလဲ"
မမစွန်းဟာ အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။ သူက နတ်ဆေးဆရာစွန်းရဲ့ နှာခေါင်းကို ညွှန်ပြပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ဒီအရှက်မရှိတဲ့ အဘိုးကြီးက ကျွန်မကို လိမ်ပြောတယ်၊ လူနာကြည့်ဖို့ သွားမလို့ဆိုပြီး၊ အခုတော့ သူက ပျော်ပါးဖို့ ရီဟုန်ဝန်းကို လာနေတယ်"
"ကျွန်ုပ် သိသလောက်တော့ နတ်ဆေးဆရာစွန်းက အမြဲတမ်း လူနေမှုစရိုက် စင်ကြယ်သူပါ။ သူက လူနာကုဖို့ ရီဟုန်ဝန်းကို ရောက်နေတာ ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား"
ဝူကျိရှန်းကကြားဝင်စေ့စပ်ပေးသူလို ဟန်ဆောင်နေပေမဲ့၊ တကယ်တော့ သူက မီးလောင်ရာ လေပင့်လုပ်နေခြင်း ဖြစ်သည်။
"ရီဟုန်ဝန်းမှာ လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်လေ၊ သူတို့မှာလည်းဖျားနာတာမျိုးရှိနိုင်တယ် လေ။ နတ်ဆေးဆရာစွန်းက သူတို့ကို ကုသပေးဖို့ လာတာက သဘာဝကျပါတယ်"
အိမ်ထောင်ရေး ပြဿနာသည် မိသားစုတွင်း ကိစ္စသာဖြစ်၏။ ပြင်ပလူတစ်ယောက်ရဲ့ စေ့စပ်ညှိနှိုင်းမှုက မမစွန်း ပိုပြီးတော့ ဒေါသထွက် သွား စေ၏။
"ရောဂါကုတယ် ၊ဒီအသုံးမကျတဲ့ အဘိုးကြီးက ဘောင်းဘီတောင် ချွတ်ထားတယ် ၊အဲဒါက ရောဂါကုတဲ့ နည်းလား"
"မဖြစ်နိုင်တာ ၊ နတ်ဆေးဆရာစွန်းက အဲဒီလို လူစားမျိုး မဟုတ်ဘူးလေ ၊ကျွန်တော် မယုံဘူး"
ဝူကျ်ိရှန်းက ခေါင်းခါပြပြီး "ပြဿနာမီး" ကို ဆက်ပြီး မွှေးလိုက်သည် ။
"မမစွန်းက သိမ်မွေ့တယ်၊ သီလရှိတယ်၊ ပြီးတော့ ထက်မြက်တယ်၊ နတ်ဆေးဆရာစွန်းက ခင်ဗျားအပေါ် မှားယွင်းတဲ့ အလုပ်မျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"
ဒါကို ကြားလိုက်တဲ့အခါ မမစွန်းရဲ့ ဒေါသက ပိုပြီး တောက်လောင်လာသည်။ သူက နတ်ဆေးဆရာစွန်းရဲ့ ဆံပင်ကို ဆွဲပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဆေးဆရာဝူတောင်မှ ကျွန်မဟာ မျိုးရိုးကောင်းတဲ့ အိမ်က သိမ်မွေ့တဲ့ အမျိုးသမီးဆိုတာ သိနေတယ်၊ ဒါပေမဲ့ ရှင်ကတော့၊ အဘိုးကြီး၊ အခုထိ ပျော်ပါးဖို့ ဒီလိုနေရာကို လာနေတုန်းပဲ့ ရှင် ကျွန်မကို ဒေါသထွက်အောင် လုပ်နေတာပဲ"
မမစွန်းဟာ စဉ်းစားလေလေ ပိုပြီး ဒေါသထွက်လေလေ ဖြစ်လာ၏။ သူက ရုတ်တရက် ကန်လိုက်တာကြောင့် နတ်ဆေးဆရာစွန်းဟာ ပက်လက်လန် လဲကျသွားသည်။
ထို့နောက် သူက အဘိုးကြီးပေါ် ခွထိုင်ပြီး တရစပ် ထိုးနှက်တော့တာကြောင့်၊ ခဏချင်းမှာပဲ နတ်ဆေးဆရာစွန်းဟာ နာကျင်စွာ အော်ဟစ်နေရ တော့သည်။
နတ်ဆေးဆရာစွန်းနဲ့ သူ့ဇနီးတို့ရဲ့ တိုက်ပွဲကြီးသည် ဘေးက ကြည့်နေသူ အများအပြားကို ဆွဲဆောင်ထားပြီး ဖြစ်၏။
ရီဟုန်ဝန်းရဲ့ အဝင်ဝမှာ ဇနီးသည်ရဲ့ ရိုက်နှက်ခြင်းကို ခံနေရတာကို ဉာဏ်ရည် အနည်းငယ်ရှိတဲ့ ဘယ်သူမဆို ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်၏။ လူတိုင်းက တိုးတိုးတိုးတိုးနဲ့ လက်ညှိုးထိုးနေကြသည် ။
"အစကတော့ နတ်ဆေးဆရာစွန်းဟာ ကိုယ်ကျင့်တရား မြင့်မားသူတစ်ယောက်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူလည်း ပျော်ပါးဖို့ ရီဟုန်ဝန်းကို လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
"နတ်ဆေးဆရာစွန်းကလည်း ယောက်ျားတစ်ယောက်ပဲလေ။ ဘယ်ယောက်ျားက ရီဟုန်ဝန်းကို မလာချင်ဘဲ နေမှာလဲ"
"ရီဟုန်ဝန်းကို လာတာက ကိစ္စမရှိပါဘူး၊ အရေးကြီးတာက မယားကို မသိစေဖို့ပဲ"
"ခင်ဗျားတို့ မသိဘူးထင်တယ်၊ နတ်ဆေးဆရာစွန်းနှင့် ရီဟုန်ဝန်းက ရှောင်ထောင်ဟုန်တို့က ရည်းစားဟောင်းတွေလေ။ အဲဒီ ရှောင်ထောင်ဟုန်က အသားအရေလေးက နုဖတ်နေတာ၊ စဉ်းစားကြည့်ရုံနဲ့တင် သွားရည်ကျချင်စရာပဲ"
ပြဇာတ်က အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တာကြောင့်၊ ဝူကျိရှန်းဟာ "လူကောင်း" အဖြစ် ဆက်လက် သရုပ်ဆောင်ပြီး မီးလောင်ရာ လေပင့်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။
" ခင်ဗျားတို့ရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ကျွန်ုပ် ဝင်မပါသင့်ပါဘူး၊ ဒါပေမဲ့ နတ်ဆေးဆရာစွန်းက ဂုဏ်သရေရှိတဲ့သူ တစ်ယောက်ပါ။ ဒီလောက်များတဲ့ ရွာသူရွာသားတွေ ရှေ့မှာ မမစွန်းက သူ့ကို မျက်နှာမထောက်ရင်တောင်၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သိက္ခာလေး ထိန်းသင့်ပါတယ်."
"ဒီအဘိုးကြီးမှာ အရှက်တောင် မကျန်တော့တာ၊ ကျွန်မက ဘာသိက္ခာကို ထိန်းနေရဦးမှာလဲ"
မမစွန်းက ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး၊ နတ်ဆေးဆရာစွန်းကို ဖိထားကာ တရစပ် ထုရိုက်နေပြန်သည်။
"ရိုက်ရင်လည်း ရိုက်ပါ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် သူ့မျက်နှာကိုတော့ မရိုက်ပါနဲ့"
ဒီစကားက သတိပေးလိုက်သလိုဖြစ်သွား၏။ မမစွန်းက အားမနာတမ်း နတ်ဆေးဆရာစွန်းရဲ့ မျက်နှာကို အကြိမ်ပေါင်းများစွာ ထိုးနှက်လိုက်တာကြောင့်၊ ချက်ချင်းဆိုသလိုပဲ သူ့မျက်နှာဟာ ညိုမည်းယောင်ကိုင်း သွား၏။
ရိုက်ရတာ မောသွားလို့ ထင်သည်။ မမစွန်းသည် မြေကြီးပေါ် ထိုင်ချလိုက်ပြီး နှပ်ချေးတွေ မျက်ရည်တွေနဲ့ ရှိုက်ကြီးတငင် ငိုတော့သည် ။
"ကျွန်မက ဒီအဘိုးကြီးအတွက် သားသမီးတွေ မွေးပေးပြီး မောပန်းနွမ်းနယ်အောင် လုပ်ကိုင်ပေးခဲ့တာ၊ ဒါပေမဲ့ ဒီအရှက်မရှိတဲ့သူက ရီဟုန်ဝန်းကို ပျော်ပါးဖို့ လာတယ်၊ ကျွန်မ ဒီလိုမျိုး ဆက်မနေနိုင်တော့ဘူး"
"ကဲပါ ကဲပါ၊ ခင်ဗျားလည်း သူ့ကို ရိုက်လည်း ရိုက်ပြီးပြီ၊ ဆဲလည်း ဆဲပြီးပြီ။ ရွာသားတွေရဲ့ လှောင်ပြောင်မှုကိုထပ်ပြီး မခံပါနဲ့တော့"
ဝူကြည်ရှန်းသည်ရယ်ချင်လွန်းပြီး ဗိုက်တောင် နာနေပြီ ဖြစ်ပေမဲ့၊ စိုးရိမ်ဟန်ဆောင်ပြီး မမစွန်းကို ထူပေးကာအခွင့်အရေး ထပ်ယူလိုက်သည် ။
"လင်မယား တစ်ရက်ဆိုတာ သံယောဇဉ် တစ်ရာ၊ လင်မယား ရက်တစ်ရာဆိုတာ ပင်လယ်လို နက်ရှိုင်းတဲ့ အချစ်ပါ။ ခင်ဗျားတို့က ဆယ်စုနှစ်ပေါင်းများစွာ နေလာတဲ့ ဇနီးမောင်နှံဟောင်းတွေပဲ။ အိမ်မှာ ပြောလို့ မရတဲ့ ကိစ္စ ဘာရှိလို့လဲ၊ အကယ်၍ မမစွန်းက အခုထိ ဒေါသထွက်နေသေးရင် အိမ်ရောက်မှ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ ရတာပဲ။ မီးအင်တုံပေါ် ရပ်ခိုင်းတာပဲဖြစ်ဖြစ်၊ အဝတ်လျှော်ပြားပေါ် ဒူးထောက်ခိုင်းတာပဲဖြစ်ဖြစ်၊ ဘာမဆို အဆင်ပြေပါတယ်"
နတ်ဆေးဆရာစွန်းက လူအ တစ်ယောက်မဟုတ်ပါ၊ ဝူကျ်ိရှန်းက ဒါကို နောက်ကွယ်က ကြိုးကိုင်နေတာဆိုတာ သူသိရှိလိုက်၏။
သူက ရီဟုန်ဝန်းကို ပျော်ပါးဖို့ တိတ်တဆိတ် လာခဲ့တာဖြစ်ပြီး၊ ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့၊ သူ့ဇနီးက လက်ပူးလက်ကျပ် မိသွားခဲ့သည်။ တစ်ယောက်ယောက်က သူ့ကို သတင်းပေးလိုက်တာ သေချာသည်။
ပြီးတော့ သူ့ရဲ့ ပြိုင်ဘက်ဟောင်း ဝူကျိရှန်းကလည်း အခင်းဖြစ်ပွားရာနေရာကို "တိုက်တိုက်ဆိုင်ဆိုင်" ရောက်နေသည်။ ဒါဟာ သူ့လက်ချက် မဟုတ်ဘူးလို့ ပြောတာဟာ နတ်ဆေးဆရာစွန်းရဲ့ ဉာဏ်ရည်ကို စော်ကားရာ ရောက်ပါလိမ့်မည်။
ဒီလို အပျော်အပါးလိုက်စားခြင်း ဟာ တကယ်တော့ ကိစ္စကြီး မဟုတ်ပါဘူး၊ သူ့ဇနီးက ဆူညံပူညံ လုပ်ပြီးရင် ပြီးသွားမှာ ဖြစ်သည်။ ဒါပေမဲ့ ဝူကျိရှန်းက "မီးလောင်ရာ လေပင့်" လုပ်နေတာကြောင့် နတ်ဆေးဆရာစွန်းကို ပိုပြီး အရှက်ရစေကာ နေရခက်စေသည်။
သူက မသိမသာ ဝူကျိရှန်းကို ကြည့်လိုက်တဲ့အခါ၊ ဝူကျိရှန်းကလည်း သူ့ကို တိုက်တိုက်ဆိုင်ဆိုင် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူတို့ရဲ့ အကြည့်တွေ ဆုံသွားပြီး မီးပွားတွေ ထွက်လာမတတ်ဖြစ်သွား၏။
သူတို့သည်ဘာစကားမှာ မပြောကြပေမယ့် နတ်ဆေးဆရာစွန်းရဲ့ မျက်လုံးတွေက ဝူကျိရှန်းကို စားဝါးမတတ်ကြည့်ပြီးစိတ်ထဲမှပြောလိုက်၏။
မင်း လက်ချက်ဆိုတာ ငါ သိတယ်၊ ကောင်လေး"
ဝူကိိရှန်းကလည်း အားမနာတမ်း သူ့အကြည့်ကို တုံ့ပြန်လိုက်၏။
" ကျွန်တော်လုပ်တာပဲ၊ ခင်ဗျား ဘာတတ်နိုင်မှာလဲ"
သူတို့ နှစ်ယောက် စိုက်ကြည့်နေစဉ်မှာပဲ၊ မမစွန်းသည် နတ်ဆေးဆရာစွန်းရဲ့ နားရွက်ကို ဆွဲပြီး ခေါ်ထုတ်သွားကာ၊ လမ်းတစ်လျှောက် ဆဲဆိုသွားတော့သည် ။
"ရှင် အရှက်မရှိတဲ့ အဘိုးကြီး၊ အိမ်ရောက်မှ ရှင်ကို သင်ခန်းစာ ပေးတာကို စောင့်နေလိုက်"
နတ်ဆေးဆရာစွန်း ကိုသူ့ဇနီးကဆဲဆိုပြီး ဆွဲခေါ်သွားတာကို ကြည့်ရင်း ဝူကျိရှန်းသည် ရယ်ရလွန်းလို့ ခါးတောင် မဆန့်နိုင်တော့ပေ။
ဒီလို ပွဲကောင်းတစ်ပွဲကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး နတ်ဆေးဆရာစွန်း သူ့ဇနီးရဲ့ ရိုက်နှက်မှုကြောင့် မျက်နှာ ညိုမည်းသွားတာကို ကြည့်ရတာ တကယ်ပဲ အားရစရာ ကောင်းလှ၏။
အခုကစပြီး နတ်ဆေးဆရာစွန်းသည် ကာမဂုဏ် လိုက်စားတဲ့ အဘိုးကြီးဆိုတာ လူတိုင်း သိသွားပြီ ဖြစ်သည်။ ကျွန်ုပ်နဲ့ ပြိုင်ဖို့ သူ့မှာ ဘယ်လို မျက်နှာမျိုး ကျန်တော့မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ။
---+++----
`
အခန်း ၁၄ ရုတ်တရက်သေဆုံးခြင်း
ယခုနှစ် ရာသီဥတုမှာထူးဆန်း၏။တစ်ဆောင်းလုံး နှင်းများများစားစား မကျဘဲ နှစ်သစ်ကူးခါနီးမှ ရုတ်တရက် နှင်းမုန်တိုင်း ကျရောက်လာ ပေသည်။
သည်းထန်သော နှင်းများသည် ယီချို့နေ့တွင် စတင်ကျဆင်းပြီး နှစ်ရက်နှင့် နှစ်ညတိုင်တိုင် ကျနေခဲ့ကာ တင်းမောင်နေ့ အရုဏ်တက်ချိန်အထိပင် မရပ်နားသေးဘဲဆက်လက်ကျ နေဆဲဖြစ်၏။
အိပ်ရာမှနိုးလာကာစဖြစ်သော ရှန်လင်ခရိုင်ဝန် ရှန်သည် မျက်နှာသစ်နေစဉ် ဘေးနားရှိ သူ၏ဇနီးက ထုံးစံအတိုင်း စတင်ပွစိပွစိ ပြောတော့၏။
"ဘေးခရိုင်က အမတ်မင်းချန်ရဲ့ အိမ်တော် ချိပ်ပိတ်ခံလိုက်ရတယ်လို့ ကြားတယ်၊ အဲဒါက ဟူဝေယုံအမှုနဲ့ ပတ်သက်နေတုန်းပဲတဲ့"
ခရိုင်ဝန် ရှန်လင်သည် မူလက မြို့တော်မှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သော်လည်း ဟူဝေယုံအမှုတွင် ပါဝင်ပတ်သက်မှုကြောင့် ယခုကဲ့သို့ ဝေးလံပြီး အရေးမပါသော အရပ်သို့ သတ္တမအဆင့် အရာရှိအဖြစ် ရာထူးချထားခြင်း ခံရသူ ဖြစ်သည်။
ဟူဝေယုံအမှု ပြီးဆုံးသွားသည်မှာ ဆယ်စုနှစ်တစ်ခု ကြာပြီဖြစ်သော်လည်း ၎င်း၏ နောက်ဆက်တွဲ သက်ရောက်မှုများက ကျန်ရှိနေဆဲဖြစ်ကာ အရာရှိများ ပါဝင်ပတ်သက်နေသည့် သတင်းများမှာ အခါအားလျော်စွာ ထွက်ပေါ်နေဆဲ ဖြစ်၏။
ထိုကဲ့သို့သော သတင်းများကို ကြားရတိုင်း ခရိုင်ဝန် ရှန်လင်သည် တစ်နေ့တွင် မိမိထံသို့ ဘေးဒုက္ခ ကျရောက်လာမည်ကို စိုးရိမ်ပြီး ကြောက်စိတ်များ ဝင်လာရ ပေသည်။
ရှန်က သက်ပြင်းချရင်း တိုးတိုးလေးရေရွတ်လိုက်၏။
"ဒီဘက်ခေတ် အရာရှိလောကက တကယ်ကို မရေရာလှဘူး"
မကြာသေးမီ နှစ်များအတွင်း နန်းတော်က အမှုကြီးများကို ထပ်ခါတလဲလဲ ကိုင်တွယ်ခဲ့ရာ လူပေါင်းသောင်းချီ ပါဝင်ပတ်သက်ခဲ့ပြီး များပြားလှစွာသော အရာရှိများမှာ အိမ်တော်ချိပ်ပိတ်ခံရခြင်းနှင့် မိသားစုအလိုက် သတ်ဖြတ်ခံရခြင်းများ ကြုံခဲ့ကြရသည်။
"ကျွန်မပြောတာကို နားထောင်စမ်းပါဦး အမတ်မင်းရယ်၊ အရာရှိအလုပ်ကနေ အမြန်ဆုံး အနားယူပြီး နေရပ်ပြန်ကြရအောင်၊ လယ်လုပ်ပြီး အေးအေးဆေးဆေး နေရအောင်ပါ"
ရာထူးမှ နုတ်ထွက်ရန်လား။ဆယ်နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း စာသင်ကြားခဲ့ပြီးမှ ရလာခဲ့သောအရာရှိဦးထုပ်ကို ချွတ်ကာ လယ်သမားတစ်ဦး ဖြစ်လာရန် သူ စိတ်ပင်မကူးဖူးပါ။
ခရိုင်ဝန် ရှန်လင်က အရာရှိဦးထုပ်ကို စွန့်လွှတ်ရန် ဝန်လေးနေသည်ကို မြင်သောအခါ ရှန်ကတော်မကျေမနပ်နှင့် ထပ်မံညည်းညူလိုက်၏။
"အရာရှိလုပ်တယ်၊ အရာရှိလုပ်တယ်နှင့် အရာရှိလုပ်ရတာ ဘာကောင်းလို့လဲ။ စစ်ဆေးရေးအရာရှိချုပ် အမတ်မင်းနင်၊ ပြည်ထဲရေးဌာနက အမတ်မင်းဝမ်နဲ့ ဘဏ္ဍာရေးဌာနက အမတ်မင်းလျိုတို့ဆိုရင် တိုင်းပြည်အပေါ် သစ္စာရှိတဲ့စိတ် အမြဲထားခဲ့ကြတာ မဟုတ်ဘူးလား။ ဘယ်သူများ ကောင်းကောင်း အဆုံးသတ်ခဲ့ရလို့လဲ"
ဟုန်းဝူဧကရာဇ် ကျူးယွမ်ကျန်းကို ခစားရသည်မှာ မလွယ်ကူပေ၊ သူသည် ခဏခဏ အိမ်တော်များကို ချိပ်ပိတ်ခြင်း၊ ဆွေမျိုးခုနစ်ဆက် သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်ခြင်းများကို ပြုလုပ်လေ့ရှိ၏။
"အမတ်မင်းက စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်ကို မစွန့်နိုင်တာက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ ရွန့်ကိုပါ ထိခိုက်စေတယ်၊ သူမကို အခုထိ အိမ်ထောင်မပြုရသေးဘူး"
ခရိုင်ဝန် ရှန်လင်တွင် 'ရွန့်' ဟု အမည်ရသော တစ်ဦးတည်းသော သမီးရှိ၏။ သူမကို ထပ်ဆင့်လ တွင် မွေးဖွားသောကြောင့် ထိုအမည်ကို ပေးထားခြင်းဖြစ်ကာ ခရိုင်ဝန် ရှန်လင်၏ အမြတ်နိုးဆုံး သမီးလေး ဖြစ်သည်။
ရှေးလူကြီးများတွင်သားသမီးများကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ချပေးသော ဓလေ့ရှိ၏။ သာမန်မိသားစုမှ မိန်းကလေးများသည်များသောအားဖြင့် တစ်ဆယ့်လေး၊ ငါးနှစ်တွင် အိမ်ထောင်ပြုကြပြီး တစ်ဆယ့်ခုနစ်၊ ရှစ်နှစ်တွင် မိခင်များ ဖြစ်နေကြပြီ ဖြစ်သည်။
ခရိုင်ဝန် ရှန်လင်၏ သမီးရွန့်မှာမူ အသက် နှစ်ဆယ့်လေးနှစ် ရှိနေပြီဖြစ်ကာ နောက်နှစ်တွင် နှစ်ဆယ့်ငါးနှစ် ပြည့်တော့မည် ဖြစ်သော်လည်း အိမ်ထောင်မရှိသေးပေ။ အဓိကအကြောင်းရင်းမှာ ဖခင်ဖြစ်သူ၏ အမှုပတ်သက်မှုကြောင့် ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်၊ ရွန့် အသက် တစ်ဆယ့်လေးနှစ်အရွယ်တွင် သူမသည် ပြည်ထဲရေးဌာနမှ အမတ်မင်း ချန်နင်၏ သားနှင့် စေ့စပ်ထားခဲ့၏။
မူလက အလွန်လိုက်ဖက်သော အိမ်ထောင်တစ်ခု ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် ဟူဝေယုံအမှု ဖြစ်ပွားခဲ့ပြီး အမတ်မင်းချန်၏ မိသားစုတစ်ခုလုံး ကွပ်မျက်ခံလိုက်ရသဖြင့် ဤလက်ထပ်ပွဲမှာ ပျက်ပြားသွားခဲ့ရသည်။
ရွန့်သည် စာပေတတ်မြောက်ပြီး နူးညံ့သိမ်မွေ့ကာ ထင်ရှားသော မိသားစုမှ ယဉ်ကျေးသော မိန်းကလေးတစ်ဦး ဖြစ်၏။ သို့သော် မည်သူကမျှ ဟူဝေယုံအမှုနှင့် မပတ်သက်ချင်ကြသလို၊ အမတ်မင်းရှန်လင်၏ သမီးကို လက်ထပ်ရန် ပို၍ပင် မဝံ့မရဲ ဖြစ်နေကြ၏။
ထိုခေတ်က လက်ထပ်မှု ဓလေ့ထုံးတမ်းများအရ အသက် နှစ်ဆယ့်လေး၊ ငါးနှစ်ရှိသော အမျိုးသမီးတစ်ဦးကို အပျိုကြီးအဆင့်ထက်ပင် ကျော်လွန်သော 'နတ်ဘုရားမ' အဆင့်ရှိသည့် အပျိုဟိုင်းကြီးအဖြစ် သတ်မှတ်ကြသည် ။
ဟူဝေယုံအမှုအကြောင်း ပြောလိုက်သည်နှင့် ခရိုင်ဝန် ရှန်လင်သည် ခေါင်းကိုက်သွားရကာ ဇနီးဖြစ်သူ၏ ပွစိပွစိ ပြောဆိုမှုများကြောင့် ပို၍ စိတ်တိုလာပြီး ဒေါသကို မထိန်းနိုင်ဖြစ်ကာ ပြောလိုက်သည်။
"အိမ်ထောင်ရေးဆိုတာ ကံတရားနဲ့ပဲ ဆိုင်တယ်။ ရွန့်ရဲ့ အိမ်ထောင်ရေးကိစ္စ ဒီနေ့အထိ ကြန့်ကြာနေတာသူမရဲ့ ဖူးစာဖက်မတွေ့သေးလို့ပဲ။ မိန်းမတွေ ဘာနားလည်လို့လဲ"
"ရွန့်က ဘာလို့ ငါတို့ကို လာပြီး ဂါရဝမပြုသေးတာလဲ။ သူမ အိပ်ရာထ နောက်ကျနေတာ ဖြစ်မယ်။ သွားပြီး အမြန်နှိုးလိုက်ဦး"
ချမ်းသာသော မိသားစုများတွင် စည်းကမ်းများစွာ ရှိ၏။ သားသမီးများသည် နေ့စဉ် သတ်မှတ်ထားသော အချိန်တွင် မိဘများကို ဂါရဝပြုကြရသည်။ သမီးဖြစ်သူ ရောက်မလာသေးသဖြင့် သူမ အိပ်ပျော်နေသည်ဟု ထင်မှတ်နေခြင်း ဖြစ်၏။
ဇနီးမောင်နှံနှစ်ဦး စကားပြောနေစဉ် ကျန်းစစ်ကောနှင့် ရုံးအစေခံအချို့ တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာပြီး သတင်းပို့ကြသည်။
"အမတ်မင်း၊ နှင်းတွေတအားကျလို့ မြို့မြောက်ဘက်က အရပ်သားအိမ်အချို့ ပြိုကျပြီး လူ လေးငါးယောက် ဒဏ်ရာရသွားပါတယ်။ မြို့စောင့်နတ်ကျောင်းမှာလည်း လေလွင့်နေသူ နှစ်ယောက် အေးခဲသေဆုံးနေတာမို့ အမတ်မင်းရဲ့ ညွှန်ကြားချက်ကို စောင့်နေကြပါတယ်"
ခရိုင်ဝန်တစ်ဦးသည် ထိုခရိုင်ရှိပြည်သူတို့၏မိဘသဖွယ် အရာရှိ ဖြစ်ပြီး ကိစ္စအဝဝကို တာဝန်ယူရသူ ဖြစ်၏။ နှင်းကြောင့် အိမ်ပြိုခြင်းနှင့် အေးခဲသေဆုံးသူများ ကိစ္စအားလုံးမှာ အမတ်မင်းရှန်လင် ကိုယ်တိုင် ကိုင်တွယ်ရမည့် ကိစ္စများ ဖြစ်သည်။
ထို့ကြောင့်အမတ်မင်းရှန်လင်သည်စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း အရာရှိဝတ်စုံကို အလျင်အမြန် လဲလှယ်ကာ အရာရှိဦးထုပ်ကို ဆောင်းလိုက်သည်။
ထို့နောက်သူသည် ရုံးကိစ္စများကို ကိုင်တွယ်ရန် လက်အောက်ငယ်သားများကို ခေါ်ပြီး ထွက်ခွာတော့မည့်အချိန်မှာပင် ရှန်ကတော်သည် ထိတ်လန့်တကြားနှင့် အော်ပြီးပြေးဝင်လာ၏။
"မကောင်းတော့ဘူး၊ မကောင်းတော့ဘူး"
"ဘာတွေ အလန့်တကြား ဖြစ်နေတာလဲ"
စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားနေရသော်လည်း ခရိုင်ဝန် ရှန်လင်သည် တည်ငြိမ်ယောင်ဆောင်ကာ ဟောက်လိုက်၏။
"ဒီလောက် ပျာပျာသလဲ ဖြစ်နေတာ ဘယ်လို အမူအရာမျိုးလဲ"
"ရွန့် သေသွားပြီ"
ထိုစကားလုံးများသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ခရိုင်ဝန် ရှန်လင်၏ ဝိညာဉ်ကို ချက်ချင်းပင် လွင့်စင်သွားစေသည် ။
"ဘာတွေ လျှောက်ပြောနေတာလဲ။ ရွန့်က မနေ့ညကတောင် နေကောင်းနေတာပဲကို"
"သူမ တကယ် သေသွားပြီ"
ရှန်ကတော်သည် မျက်လုံးများ ပြူးထွက်မတတ် စိုးရိမ်တကြီးနှင့် အော်ဟစ်ငိုယိုရင်း ပြော၏။
"အခုတင် ရွန့်ရဲ့ အိပ်ဆောင်ထဲကို ဝင်သွားတာ၊ သူမ အသက်ရှူရပ်နေပြီ"
ခရိုင်ဝန် ရှန်လင်သည် ရုတ်တရက် ခုန်ထလိုက်ပြီး အရာအားလုံးကို ဂရုမစိုက်နိုင်တော့ဘဲ နောက်ဘက်အိမ်သို့ အပြေးအလွှားသွားတော့သည်။
ခရိုင်ဝန်သမီး၏ ရုတ်တရက် သေဆုံးမှုကြောင့် လူတိုင်းသည် အခြားကိစ္စများကို စိတ်မဝင်စားနိုင်တော့ဘဲ နောက်ဘက်အိမ်သို့ အုပ်စုလိုက် ပြေးသွားကြ၏။
ရှုပ်ထွေးနေသော လူအုပ်ကြီးသည် နောက်ဘက်အိမ်ရှိ သခင်မလေးရွန့်၏ အိပ်ဆောင်သို့ ရောက်သောအခါ ချက်ချင်းပင် အံ့ဩမှင်တက်သွားကြသည် ။
သခင်မလေးရွန့်သည် ကုတင်ပေါ်တွင် ထူးဆန်း သောပုံစံဖြင့် လဲလျောင်းနေကာ ဘေးနားရှိ အစေခံမလေးမှာ တရှုံ့ရှုံ့ ငိုနေ၏။
သခင်မလေးရွန့်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူရပ်နေပြီ ဖြစ်၏။
ဇနီးမောင်နှံနှစ်ဦးမှာ ချက်ချင်းပင် အော်ဟစ်ငိုယိုကြတော့သည်။
"ရွန့်၊ ရွန့်ရယ်၊ နေကောင်းနေရင်းနှင့် ဘယ်လိုလုပ် ထွက်သွားရတာလဲ"
"အို... ကောင်းကင်ကြီး၊ ကျွန်ုပ်အပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ ဘာလို့ ဆံဖြူက ဆံနက်ကို ပို့ရတဲ့ ဒီလို ကြေကွဲစရာ ဘေးဒုက္ခမျိုး ပေးရတာလဲ"
"အို ဘုရားသခင်၊ ကျွန်မ ဘာအကုသိုလ်တွေ လုပ်ခဲ့မိလို့လဲ"
ရှန်ကတော်သည် သူမ၏ အမူအရာကို ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်ကို အော်ဟစ်တိုင်တည်ပြီး မြေကြီးကို လက်နှင့် ကုတ်ခြစ်ကာ အသည်းအသန် ငိုကြွေးနေ တော့သည်။
ဤအရပ်မှာ အိမ်ခြေအနည်းငယ်သာရှိသော ခရိုင်ငယ်လေးဖြစ်ပြီး သီးသန့် မှုခင်းဆရာဝန် မရှိပေ။ ကျန်းစစ် ကောသည် ပုံမှန်အားဖြင့် မှုခင်းဆရာဝန်အဖြစ် တာဝန်ယူလေ့ရှိသူ ဖြစ်သည်။
ကျန်းစစ်ကောသည် ရှေ့သို့တိုးကာ သခင်မလေးရွန့်၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်ရာ အလွန်အားနည်းသော သွေးခုန်နှုန်းကိုတွေ့ရှိလိုက်ရ၏။
"အမတ်မင်းရှန်၊ မငိုပါနဲ့ဦး"
အရေးကြီးသော အချိန်တွင် ကျန်းစစ် ကောက အရေးပါသော စကားတစ်ခွန်းကို ပြောလိုက်၏။
"သခင်မလေးမှာ သွေးခုန်နှုန်း ရှိနေပါသေးတယ်။ သွေးခုန်နှုန်း ရှိနေတယ်ဆိုတာ မသေသေးဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော် အခုချက်ချင်း နန်းတွင်းသမားတော် ဝူကို သွားခေါ်လိုက်ပါမယ်"
"သူမက အသက်ရှူရပ်နေပြီပဲ၊ ဆရာဝန်ခေါ်လို့ ဘာထူးမှာလဲ"
"သခင်မလေးက လုံးဝ သေသွားတာမဟုတ်သေးတော့ အခွင့်အရေး ရှိပါသေးတယ်"
ကျန်းစစ်ကောက ပြောရင်းခရိုင်ဝန်ရှန်ကိုတစ်ဆက်ထဲမေးလိုက်၏။
"အမတ်မင်း မှတ်မိသေးလား၊ နန်းတွင်းသမားတော် ဝူက ကျွန်တော့်ရဲ့ ရောဂါကို ခွဲစိတ်ကုသပေးခဲ့တာလေ။ အဲဒီ သမားတော် ဝူကျိရှန်းက ဆေးပညာမှာ ထူးချွန်လှပါတယ်။ လူက မသေသေးသရွေ့တော့ ကယ်တင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်"
"တကယ်ကော ဖြစ်နိုင်ပါ့မလား"
"ဖြစ်နိုင်မလားတော့ ကျွန်တော် မပြောနိုင်ဘူး၊ ဒါပေမဲ့ စမ်းကြည့်ရမှာပဲ့၊ သခင်မလေးရဲ့ သေရမယ့်အချိန် မကျသေးရင်တော့ မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်"
ကျန်းစစ်ကောက မျှော်လင့်ချက် ရှိသေးတယ်ဟု ပြောသော်လည်း သူကိုယ်တိုင်ပင် ယုံကြည်ချက် အပြည့်အဝ မရှိဘဲ ပျက်စီးလုဆဲဆဲ အခြေအနေကို ကယ်တင်ရန် အခွင့်အရေးလေးကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သခင်မလေးရွန့်မှာ ကိုးဆယ့်ကိုးရာခိုင်နှုန်း သေလုနီးပါး ဖြစ်နေပြီဖြစ်ရာ မကယ်နိုင်ခဲ့လျှင်ပင် ဆုံးရှုံးစရာ မရှိပေ။ အကယ်၍ ကယ်တင်နိုင်ခဲ့ပါက ၎င်းမှာ ကြီးမားသော အခွင့်အလမ်းရကာ သူသည် ရှန်လင်ခရိုင်ဝန်၏ ရာထူးတိုးပေးခြင်းကိုပင် ခံရနိုင်ပေ၏။
စိတ်ဓာတ်များ ပြိုလဲနေပြီ ဖြစ်သောခရိုင်ဝန်ရှန်သည် ကျန်းစစ်ကော၏ စကားကို ကြားသောအခါ ရေနစ်နေသောသူသည်ကောက်ရိုးတစ်မျှင်ကိုတွေ့လိုက်ရသကဲ့သို့ဝမ်းသာသွားကာ ရှိုက်ကြီးတငင်နှင့် အော်ပြောလိုက် ၏။
"အမြန်သွား... သမားတော် ဝူကို အမြန်သွားရှာချေ"
-----------+