အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) အရေးပေါ်အသက်ကယ်ဆယ်နည်း
ကျန်းစစ်ကောသည် ဝူကျိရှန်းနှင့်အတူ အပြေးအလွှား ရောက်ရှိလာချိန်တွင် နေမှာ ဝါးတစ်ပြန်ခန့် မြင့်နေပြီ ဖြစ်သည်။
ခရိုင်ဝန် ရှန်လင်မှာ စိုးရိမ်တကြီးဖြင့် ခြေဆောင့်နေပြီ ဖြစ်၏။ ဝူကျိရှန်းကို မြင်လိုက်သည်နှင့် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ပင်ဖြစ်ကာ ဝူကျိရှန်းကို ဆွဲကိုင်ကာအားကိုးတကြီးပြောလိုက်၏။
"နန်းတွင်းသမားတော်ဝူ... နောက်ဆုံးတော့ ရောက်လာပြီပေါ့ဗျာ"
အမျိုးသမီးငယ်၏ အိပ်ဆောင်ကို သပ်ရပ်လှပစွာ ပြင်ဆင်ထားပြီး အလှပြင်မှန်တင်ခုံ၊ ခုတင်နှင့် အခြားပရိဘောဂများ ပြည့်စုံစွာ ရှိနေ၏။
ထူထဲသော ကန့်လန့်ကာများကို မဖွင့်ရသေးဘဲ ခုတင်ခေါင်းရင်းတွင် လက်နွေးသည့် ကြေးအိုးငယ် နှစ်လုံး ရှိနေသည်။ အထဲမှ မီးသွေးများမှာ ငြိမ်းသွားသည်မှာ ကြာပြီဖြစ်ရာ မီးခိုးရောင် ပြာပုံအနည်းငယ်သာ ကျန်ရှိတော့၏။
မျိုးရိုးမြင့် မိသားစုတစ်ခု၏ အမျိုးသမီး အိပ်ဆောင်မှာ ပြင်ပလူများ ဝင်ရောက်ရန် တင်းကျပ်စွာ တားမြစ်ထားသော်လည်း အခြေအနေမှာ အလွန်အရေးကြီးနေသဖြင့် ထိုကဲ့သို့သော ကိစ္စရပ်များကို မေ့လျော့နေကြ၏။
အခန်းထဲတွင် အစေခံမများ၊ ထိန်းကျောင်းသူများနှင့် ပျာပျာသလဲ ဖြစ်နေသော ရဲမက်အချို့ဖြင့် ပြည့်နှက်နေသည်။
ရွန့်မှာ ခုတင်ပေါ်တွင် ဘေးစောင်းလဲလျောင်းနေပြီး သူမ၏ ခြေလက်များမှာ ထူးဆန်းသော ပုံစံဖြင့် ကောက်ကွေးနေ၏။ အန်ဖတ်များမှာ ပန်းထိုးခေါင်းအုံးနှင့် အိပ်ရာခင်းပေါ်တွင် ပေကျံနေဆဲ ဖြစ်သည်။
သူမ၏ ပါးစပ်ထောင့်ရှိ တံတွေးများမှာ ခြောက်နေပြီး တောက်ပသော အစက်အပြောက်များသာ ကျန်ရစ်သည်။ သူမ၏ နှာခေါင်းပေါက်များမှာ ခြောက်သွေ့နေပြီး နှုတ်ခမ်းများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချယ်ရီနီရောင် ဖြစ်နေ၏။ဤအရာများမှာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၏ ထင်ရှားသော လက္ခဏာများ ဖြစ်၏။
ဆောင်းတွင်းကာလ ရေများ ခဲနေချိန်တွင် လူများသည် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ကာ အခန်းထဲတွင် မီးသွေးမီးဖို နှစ်လုံး ထည့်လေ့ရှိကြသည်။ လေဝင်လေထွက် မရှိခြင်းကြောင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းမှာ အလွန်အဖြစ်များသော ကိစ္စတစ်ခု ဖြစ်၏။
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းမှာ ကုသရန် အထူးခက်ခဲသော ရောဂါမဟုတ်သော်လည်း ရွန့်မှာမူ ပြင်းထန်သော ရှော့ခ်ဖြစ်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဘယ်အချိန်က တွေ့တာလဲ"
"အမွှေးတိုင်တစ်တိုင် ကုန်လောက်တဲ့ အချိန်ကပါ"
ဝူကျိရှန်းသည် ရွန့်၏ လည်ပင်းသွေးကြောကို စမ်းသပ်ကြည့်ရာ သွေးခုန်နှုန်း လုံးဝ မရှိတော့ပေ။
"ခုနတင်ကပဲ သွေးခုန်နှုန်း ရှိသေးတယ်... အားနည်းပေမဲ့ သွေးခုန်နှုန်းကတော့ သေချာပေါက် ရှိနေခဲ့တာပါ"
လက္ခဏာအားလုံးအရ ရွန့်မှာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှသာ တွေ့ရှိခြင်း ဖြစ်သည်။
အကောင်းဆုံး ကယ်တင်နိုင်သည့် အချိန်ကို လွန်မြောက်သွားပြီ ဖြစ်သောကြောင့် လူနာ၏ အခြေခံ အသက်ရှင်ခြင်း လက္ခဏာများမှာ လျင်မြန်စွာ ကျဆင်းနေ၏။ ဤသည်မှာ အလွန်အန္တရာယ်ရှိသော နိမိတ်တစ်ခုပင် ဖြစ်သည်။
"လေဝင်လေထွက် ရအောင် ပြတင်းပေါက်တွေကို ချက်ချင်းဖွင့်လိုက်ကြ"
"ဘယ်လိုနေလဲ"
ဝူကျိရှန်း၏ လေးနက်သော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ခရိုင်ဝန်ရှန်လင်မှာ အခြေအနေမကောင်းမှန်း သိသွားပြီး ပို၍ စိုးရိမ်လာကာအလောတကြီးမေးလိုက်၏။
"ကျွန်တော့်သမီးမှာ မျှော်လင့်ချက် ရှိသေးရဲ့လား... နန်းတွင်းသမားတော်ဝူ... တစ်ခုခု ပြောပါဦး"
"အချိန်အများကြီး နှောင့်နှေးသွားပြီ... ရလဒ်က ကောင်းဖို့ထက် ဆိုးဖို့က ပိုများနေတယ်"
ဤစကားကို ကြားသောအခါ ခရိုင်ဝန်ရှန်လင်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားပြီးစိတ်လှုပ်ရှားစွာရေရွတ်လိုက်၏။
"မင်းက ကျန်းစစ်ကောရဲ့ ဗိုက်ကို ခွဲပြီးတောင် ကယ်နိုင်သေးတာပဲ... ငါ့သမီးကိုကျတော့ ဘာလို့ မကယ်နိုင်ရမှာလဲ"
"ကျန်းစစ်ကောရဲ့ ကိစ္စက အရေးပေါ် ခွဲစိတ်မှု ဖြစ်ပြီး လျင်လျင်မြန်မြန် ဖြစ်ခဲ့တာ... ခင်ဗျားသမီးရဲ့ အခြေအနေနဲ့ မတူဘူး"
ခရိုင်ဝန်ရှန်လင် မျှော်လင့်ချက် ပျက်သုဉ်းနေစဉ်တွင် ဝူကျိရှန်း၏ နောက်ထပ်စကားက သူ့ကို မျှော်လင့်ချက် အကြီးအကျယ် ပေးလိုက်ပြန်သည်။
"ခင်ဗျားသမီးက သေလုမျောပါး ဖြစ်နေပေမဲ့ ကုလို့မရတော့တာ မဟုတ်ပါဘူး... ဒါပေမဲ့ အရေးပေါ်အသက်ကယ်ဆယ်နည်းလုပ်ဖို့လိုအပ်ပါတယ်..."
ခရိုင်ဝန်ရှန်လင်သည် တစ်သက်လုံး ပညာရှိစာပေများကို ဖတ်ရှုလာခဲ့ပြီး နက်နဲသော အယူအဆများကို နားလည်သော်လည်း အရေးပေါ်အသက်ကယ်ဆယ်နည်း ဆိုသည်မှာ ဘာမှန်းမသိပေ။
"ဘယ်လို နည်းလမ်းပဲ ဖြစ်ဖြစ်... ငါ့သမီး အသက်ရှင်ဖို့အတွက်ဆိုရင် လုပ်သာလုပ်ပါ..."
အကယ်၍ သာမန်လူနာသာ ဖြစ်ပါက စကားများများ ပြောနေစရာ မလိုဘဲ ဝူကျိရှန်းသည် အရေးပေါ် အသက်ကယ်နည်းလမ်း ကိုချက်ချင်း ပြုလုပ်မည် ဖြစ်သည်။
ဤခေတ်ကာလ၏ အယူအဆမှာ "ယောကျ်ားနှင့် မိန်းမ မထိတွေ့အပ်" ဟူ၍ ဖြစ်ရာ အထူးသဖြင့် ခရိုင်ဝန်ရှန်လင်ကဲ့သို့သော အရာရှိ မိသားစုတွင် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ပို၍ အလေးထားကြ၏။ ထို့ကြောင့် ကြိုတင်ရှင်းပြထားရမည် ဖြစ်သည်။
"အရေး ပေါ်အသက်ကယ်နည်း ဆိုတာက တကယ်တော့ ပါးစပ်ချင်းတေ့ပြီး ကုသတာပါ လူကြီးမင်းရှန် ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာ ခင်ဗျား နားလည်မယ် ထင်ပါတယ်"
"အသက်သေတာက အရေးမကြီးဘူး၊ သိက္ခာတရားကသာ အရေးကြီးတယ်"
ထိုစကားမှာ ခရိုင်ဝန်ရှန်လင်၏ ပါးစပ်ဖျားတွင် အမြဲရှိနေသည့် စကား ဖြစ်သည်။ သူသည်လည်း ကျင့်ဝတ်သိက္ခာကို အလေးထားသူ ဖြစ်သည်။
အရေးပေါ်အသက်ကယ်နည်းမှာ ဘာလဲဆိုသည်ကို သိသွားပြီးနောက် ခရိုင်ဝန်ရှန်လင်၏ မျက်နှာမှာ ချက်ချင်း တင်းမာသွားပြီး လက်ခံနိုင်ခြင်း မရှိကြောင်း ပြသကာ ဝူကျိရှန်းအားပြန်မေးလိုက်၏။
"ငါ့သမီးက အိမ်ထောင်မရှိသေးဘူး... သူမရဲ့ သိက္ခာကို အသက်ထက် ပိုတန်ဖိုးထားတာ... ဒါ... ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး... တခြားနည်းလမ်း မရှိတော့ဘူးလား"
အခြားနည်းလမ်း မရှိသည်တော့ မဟုတ်ပေ။ အကောင်းဆုံး ကုသမှုမှာ အသက်ရှူစက် ကို အသုံးပြုရန် ဖြစ်သည်။ သို့သော် ဤခေတ်မှာ မင်မင်းဆက် ဖြစ်ရာ မည်သည့်နေရာတွင်အသက်ရှူစက်ကို သွားရှာရပါမည်နည်း။
"ခင်ဗျားသမီးရဲ့ အခြေအနေက အချိန်အရမ်း နှောင့်နှေးသွားပြီ... ကျွန်တော် ပြောတဲ့ နည်းလမ်းတောင် ထိရောက်ချင်မှ ထိရောက်တော့မှာ... ဒါပေမဲ့ ဒါက နောက်ဆုံး မျှော်လင့်ချက်ပဲ"
"ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ။ ဘာလုပ်ရမယ်ကို ခင်ဗျား မြန်မြန်စွာ ဆုံးဖြတ်ရမယ်"
"တကယ်လို့ခင်ဗျား သမီးကို ကယ်ချင်ရင်အရေးပေါ်အသက်ကယ်နည်းက နောက်ဆုံးမျှော်လင့်ချက် ပဲ့။လူကြီးမင်းက သိက္ခာကိုသာ အလေးထားနေဦးမယ် ဆိုပါက... ခေါင်းတလားသာ မြန်မြန် ပြင်ထားလိုက်ပါတော့"
"ဒါက..."
ဤကိစ္စမှာ သမီးဖြစ်သူ၏ အသက်နှင့် သိက္ခာ နှစ်ခုလုံးနှင့် သက်ဆိုင်နေ၏။
ခရိုင်ဝန်ရှန်လင် အတွက်မူ ဤသည်မှာ ဗျာများရမည့် ကိစ္စတစ်ခု ဖြစ်၏။ မသိလိုက်ဘဲ သူ၏ နဖူးတွင် ချွေးစက်ကလေးများ ထွက်ပေါ်လာကာလေးနက်စွာပြောလိုက်၏။
"ဒါကကြီးလေးတဲ့ ကိစ္စပဲ... ငါ သေချာ စဉ်းစားဖို့ လိုတယ်..."
"ဘယ်အချိန်ရှိနေပြီလဲ။ အခုထိ သေချာစဉ်းစားနေတုန်းလား"
ပြင်းထန်သော ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုတွင် အရေးကြီးဆုံးမှာ ကယ်ဆယ်ရန် အချိန်ကို လုယူဖို့ ဖြစ်သည်။ အချိန်ဆွဲလေ မျှော်လင့်ချက် နည်းလေ ဖြစ်၏။
"ခင်ဗျားသမီးက အသက်တောင် မရှူတော့တာကို ခင်ဗျားက တွန့်ဆုတ်ပြီး စဉ်းစားနေတုန်းပဲ့လား။ တကယ်လို့ ကယ်နိုင်ခဲ့ရင်တောင် ဦးနှောက်နဲ့ အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်မှုကြောင့် စိတ်မမှန်တာ ဒါမှမဟုတ် လေဖြတ်တာမျိုးတွေ ဖြစ်သွားနိုင်တယ်"
"ခင်ဗျားသမီး အခြေအနေက နှောင့်နှေးလို့ မရတော့ဘူး လူကြီးမင်းရှန်... မြန်မြန် ဆုံးဖြတ်ပေးပါ"
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ခရိုင်ဝန်ရှန်က ဝေခွဲမရ ဖြစ်နေခြင်းမှာ ဝူကျိရှန်းကို စိတ်ပူစေ၏။
လူ့အသက်မှာ အရေးကြီးသည်။ အချိန်ဆွဲနေခြင်းကို သူ ဘယ်လို ကြည့်နေနိုင်ပါမည်နည်း။ ဘယ်လောက်ပဲ ရှေးရိုးစွဲ ဖြစ်ပါစေ သမီးဖြစ်သူ၏ အသက်ကိုတော့ လျစ်လျူမရှုနိုင်တန်ရာ။ဖခင်တစ်ယောက်က ဒီလိုပဲ လုပ်ရမှာလား။
အရေးကြီးသော အခိုက်အတန့်တွင် မြိရှန်ကတော်ကဝင်၍ကဆုံးဖြတ်ချက် ချပြီး ပြောလိုက်၏။
"ကုပါ... မြန်မြန် ကုပေးပါ... ဘာပဲ ဖြစ်ဖြစ် ငါတို့ သမီးကို အရင် ကယ်ရမယ်..."
သူ့ဇနီးစကားကို ကြားသောအခါ ခရိုင်ဝန်ရှန်လင်မှာ ဘာမှ မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်ရာ ၎င်းမှာ သဘောတူညီမှုဟု ယူဆရ၏။
"နန်းတွင်းသမားတော်ဝူ... ကျွန်တော့်သမီး အသက်ရှင်ဖို့ အတွက်ဆိုရင် ခင်ဗျားမှာ ဘယ်လို နည်းလမ်းရှိရှိ အသုံးပြုပါတော့"
ခရိုင်ဝန်ရှန်လင်၏ စကားကြောင့် ဝူကျိရှန်းမှာ မနှောင့်နှေးတော့ဘဲ အရေးပေါ်အသက် ကယ်ဆယ်ရန် ကုတင်ပေါ်သို့ ချက်ချင်း တက်လိုက်၏။
လူနာ၏ အန်ဖတ်များက အသက်ရှူလမ်းကြောင်းကို မပိတ်ဆို့စေရန် သူက အရင်ဆုံး ဖယ်ရှားပေးလိုက်ပြီး ခေါင်းအုံးကို ယူကာ သူမ၏ လည်ပင်းအောက်တွင် ထားလိုက်သည်။
ထို့နောက် ခေါင်းကို အနည်းငယ် နောက်သို့ လှန်ပေးလိုက်ရာ ပါးစပ်မှာ သဘာဝအတိုင်း ပွင့်သွားပြီး အသက်ရှူလမ်းကြောင်း ပွင့်သွား၏။ထို့နောက် သူမ၏ နှာခေါင်းကို ညှစ်လိုက်သည်။
အရေးပေါ်အသက်ကယ်နည်းမှာအသုံးအများဆုံး ကယ်ဆယ်ရေး စနစ် ဖြစ်ပြီး ဝူကျိရှန်းသည် ကျောင်းသားဘဝကတည်းက ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ဖြစ်သည်။
သူက အသက်ကို ဝဝရှူလိုက်ပြီးနောက် ငုံ့ကာ ပါးစပ်ချင်းတေ့၍ အသက်ရှူသွင်းပေးသည်။ ရွန့်၏ ရင်ဘတ် မြင့်တက်လာမှသာ သူက ရပ်လိုက်ပြီး သူမ၏ နှာခေါင်းအနီးတွင် နားကပ်ကာ လေစီးဆင်းမှုကို ခံစားကြည့်သည်။ ထို့နောက် အသက်ကို ထပ်မံ ရှူသွင်းပြန်သည်။
သူသည် ဤကဲ့သို့ ဆယ်ကြိမ်မက ပြုလုပ်ခဲ့သည်။လူအများ၏ စိတ်ထဲတွင် အရေးပေါ် အသက်ကယ်နည်းမှာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းကို ကုသသည့် အရေးကြီးသော နည်းလမ်းဟု ထင်ကြသော်လည်း ဤသည်မှာ အယူအဆ အမှားတစ်ခု ဖြစ်သည်။
အရေးပေါ် အသက်ကယ်နည်း၏ အဓိပ္ပာယ်မှာ လူနာ၏ အသက်ရှင်ခြင်း လက္ခဏာများကို ထိန်းသိမ်းထားရန်နှင့် အောက်ဆီဂျင် ပေးပို့ခြင်းဖြင့် ဦးနှောက်နှင့် အရေးကြီး အင်္ဂါများ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အရေးပေါ် ထိရောက်မှုမှာ နှလုံးနှင့် အဆုတ် ပြန်လည် လှုပ်ရှားစေခြင်း ဖြစ်သည်။
---+------
`
အခန်း ၁၆ - ပြန်လည်ရှင်သန်ခြင်း
အသက်ရှူထောက်ကူပြုနည်းလမ်း သည် သက်သက်သာသာ အလုပ်မဟုတ်ဘဲ ကြိုးစားအားထုတ်ရသည့် အလုပ်ဖြစ်ရာ ဆယ်ကြိမ်ခန့် ပြုလုပ်ပြီးနောက်တွင် ဝူကျိရှန်းတစ်ယောက် ခေါင်းပင်မူးနောက်လာ၏။
သူသည် နာမည်ကျော် 'ရင်ဘတ်ဖိနှိပ်ခြင်း'နည်းလမ်းသို့ အမြန်ပြောင်းလဲလိုက်ပြီး လက်နှစ်ဖက်ကို ထပ်ကာ အရှိန်ပြင်းပြင်းဖြင့် အကြိမ်ရေများများ ဖိနှိပ်ပေးလိုက်သည် ။
ဤသည်မှာ အခြေခံကျသော ရှေးဦးသူနာပြုနည်းစနစ်တစ်ခုဖြစ်ပြီး ဆေးပညာရှင်မဟုတ်သည့် သာမန်လူများပင် လုပ်ဆောင်နိုင်၏။ ဆရာဝန်ဖြစ်သောဝူကျိရှန်းအတွက် ဤနည်းလမ်းမမှာအိပ်ပျော်နေလျှင်ပင် မှားယွင်းမည်မဟုတ်ပါ။
အချိန်များစွာ ကုန်ဆုံးသွားပြီဖြစ်သည်ကို ထည့်သွင်းစဥ်းစားကာ ရင်ဘတ်ဖိနှိပ်ရသည့် အကြိမ်ရေနှင့် အချိန်ကို လျှော့ချလိုက်ရသည် ။ အကြိမ်နှစ်ဆယ်ခန့် ဖိနှိပ်ပြီးနောက် လူနာ၏ ဦးခေါင်းဘက်သို့ ပြန်သွားကာ အသက်ရှူထောက်ကူပြုနည်းကို ပြန်လည်လုပ်ဆောင်လိုက်သည်။
အကယ်၍ ဤရှေးဦးသူနာပြုစုမှုကို ဆေးဝန်ထမ်းနှစ်ယောက်က တစ်ပြိုင်နက်တည်း လုပ်ဆောင်မည်ဆိုပါက နှစ်ဆထိရောက်မည်ဖြစ်သော်လည်း ဝူကျိရှန်းတစ်ယောက်တည်း သာလုပ်နေသဖြင့် အနည်းငယ် ပြာယာခတ်နေရ၏ ။
ဝူကျိရှန်းက ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီး ထိရောက်မှု ရှိမရှိကို ခဏထား အနည်းဆုံးတော့ အနီးနားရှိ လူတိုင်းအတွက် အားကိုးရာ မျှော်လင့်ချက်အလင်းတန်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည် ။
လူနာကို ကယ်တင်နိုင်မည့် အကောင်းဆုံးအချိန် ကျော်လွန်သွားပြီဖြစ်ရာ ဝူကျိရှန်းကိုယ်တိုင်လည်း မသေချာပါ။ ယခု သူလုပ်နေသမျှသည် အစွမ်းကုန်ကြိုးစားပြီး ကံတရားကိုသာ ပုံအပ်ထားခြင်းဖြစ်သည်။
"မျှော်လင့်ချက် ရှိသေးလား ၊ သူမကို ကယ်နိုင်ပါ့မလား"
ခရိုင်ဝန်ရှန်လင်က ထိုမေးခွန်းကို အကြိမ်ကြိမ်မေးသော်လည်း ဝူကျိရှန်းမှာ ပြန်ဖြေရန် အချိန်မရှိဘဲ အသက်ရှူထောက်ကူနည်းနှင့် ရင်ဘတ်ဖိနှိပ်ခြင်းကိုသာ စနစ်တကျ အလှည့်ကျ လုပ်ဆောင်နေ၏ ။
ဝူကျိရှန်း၏ ကြာရှည်စွာ နှုတ်ဆိတ်နေမှုနှင့် ပိုမိုလေးနက်လာသော မျက်နှာအမူအရာတို့က အခြေအနေ၏ စိုးရိမ်ရမှုကို လူတိုင်း သဘောပေါက်စေသည်။ အားလုံးက ဘာမျှမတတ်နိုင်ဘဲ အသက်ရှူအောင့်ကာ တိတ်တဆိတ် ဆုတောင်းပေးနေကြ၏။
ကြာရှည်စွာ အသက်ရှူထောက်ကူပေးရခြင်းကြောင့် ဝူဇီရှန်းကိုယ်တိုင် အောက်ဆီဂျင်ပြတ်လပ်သလို ခံစားလာရသည် ။ သူသည် ရင်ဘတ်ဖိနှိပ်နေစဥ်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်းနေရပြီး မသိလိုက်ဘဲ ချွေးများလည်း ရွှဲနစ်နေ၏။
တူညီသော နည်းစနစ်ကို ဆယ်ကြိမ်မက ပြုလုပ်ပြီး ထူးခြားမှု မရှိသေးသော်လည်း ဝူကျိရှန်းကတော့ လက်မလျှော့သေးပါ ။
ဤနည်းဖြင့် လူကို ကယ်တင်ရာတွင် စိတ်ရှည်မှုက အရေးကြီးဆုံးဖြစ်ပြီး ဇွဲရှိရှိဖြင့် အချိန်အကြာကြီး ပြုလုပ်ရပါသည် ။ ဆေးပညာစာအုပ်များအရ အချိန်နှစ်နာရီကျော်ကြာ ပြုလုပ်ပြီးမှ နိုးထလာသော လူနာရှိခဲ့ဖူးရာ ၎င်းမှာ တကယ့်အံ့ဖွယ်ဖြစ်ရပ်ပင်ဖြစ်သည်။
နေဝန်းက ထွက်ပေါ်လာပြီရာ နှင်းများကြားမှ ဖြာကျလာသော နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဝူကျိရှန်းအပေါ်သို့ ကျရောက်နေကာ သူ့ကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသကဲ့သို့ ခန့်ညားထည်ဝါနေ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မမှတ်မိတော့ပါ ။ ဝူကျိရှန်း နောက်ထပ်တစ်ကြိမ် အသက်ရှူထောက်ကူပြီးနောက် ရွန့်၏ နှာခေါင်းနားသို့ နားကပ်ကြည့်ရာတွင် မသိမသာလေး လှုပ်ခတ်နေသော လေစီးကြောင်းကို ခံစားလိုက်သည် ။
သူမကိုယ်တိုင် အသက်ရှူစပြုနေပါပြီ။
ဒါသည် သေခြင်းနှင့် ရှင်ခြင်းကြားမှ နယ်နိမိတ်ဖြစ်၏ ။
နောက်ဆုံးတွင် မျှော်လင့်ချက်အလင်းကို မြင်လိုက်ရသဖြင့် ဝူကျိရှန်းသည် ရင်ဘတ်ကို ပိုမိုအားစိုက်ကာ ဖိနှိပ်ပေးလိုက်၏။
တဖြည်းဖြည်းနှင့် ရွန့်၏ နှုတ်ခမ်းများသည် ဖြူဖျော့ရာမှ မီးခိုးရောင်သန်းလာပြီး နောက်ဆုံးတွင် ပန်းရောင်သန်းလာပါသည် ။ ဒါသည် နှလုံးပြန်လည် အလုပ်လုပ်လာသည့် လက္ခဏာဖြစ်ပါသည် ။
မျက်ခွံကို မကြည့်ရာတွင် သူမ၏ သူငယ်အိမ်များ ကျုံ့သွားသည်ကို ရှင်းလင်းစွာ မြင်ရ၏ ။
ယခုအချိန်တွင် အသက်ရှူထောက်ကူရန် မလိုတော့ဘဲ ရင်ဘတ်ကိုသာ ဆက်လက်ဖိနှိပ်ပေးရန် လိုအပ်သည် ။
အရှိန်မြှင့် ဖိနှိပ်ပေးခြင်းက အထောက်အကူများစွာ ဖြစ်စေ၏ ။ သူမ၏ နှလုံးသည် တဖြည်းဖြည်း နိုးထလာပြီး ပုံမှန်အတိုင်း ပြန်လည်ခုန်လာပါသည်။
နှလုံးခုန်သံထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသော အသံမရှိသလို သက်ရှိတစ်ခုထက် ပို၍ မြင့်မြတ်သောအရာလည်း မရှိပါ ။
နောက်ဆုံးတွင် ရွန့်မျက်လုံးပွင့်လာပြီးအခန်းထဲရှိ အစေခံများနှင့် အထိန်းတော်များက ချက်ချင်းပင် ဟေးခနဲ အော်ဟစ်အောင်ပွဲခံကြပြီး စိုးရိမ်နေသော ခရိုင်ဝန်ရှန်လင်မှာလည်း ဝမ်းသာပြီးမျက်ရည်များ ပင်ကျလာ၏။
"ခင်ဗျားရဲ့သမီး အသိပြန်ဝင်လာပြီဆိုပေမဲ့ ခန္ဓာကိုယ်က အားနည်းနေပါသေးတယ် ၊ အစာချက်ချင်း မကျွေးပါနဲ့ ၊ ရေနွေးနွေးလေးပဲ တိုက်ပေးပါ"
"နောက်ပြီး ဒီရက်ပိုင်းအတွင်း အအေးမိတာနဲ့ လေတိုက်တာကို ရှောင်ပါ ၊ နွေးနွေးထွေးထွေး ထားဖို့ မမေ့ပါနဲ့"
"ဒီလို လက်နွေးအိတ်မျိုးကို နောက်ဘယ်တော့မှ မသုံးပါနဲ့ ၊ သုံးမယ်ဆိုရင်တောင် ကုတင်ခေါင်းရင်းမှာ မထားပါနဲ့ ၊ လေဝင်လေထွက် ကောင်းဖို့ကို သေချာအောင်လုပ်ပါ ၊ တံခါးနဲ့ ပြတင်းပေါက်တွေကို ဟထားတာ အကောင်းဆုံးပါပဲ"
"အားပြန်ပြည့်ဖို့ ဆေးအချို့ ညွှန်းပေးပါ့မယ်"
ဝူကျိရှန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပါသည်။
"ဆေးဖော်စပ်နည်းက ရိုးရှင်းတာမို့ ဆေးညွှန်းစာ မလိုပါဘူး ၊ မှတ်ထားရုံပါပဲ ။ အက်ထရက်တီလုဒ် ဆယ့်ငါးကျပ်သား ၊ ဖိုရီယာ ခြောက်ကျပ်သား ၊ နွယ်ချို ခြောက်ကျပ်သား ။ ဆေးကို မီးပြင်းပြင်းနဲ့ ကျိုပြီး ရေနွေးနဲ့ သောက်ပါ"
သာမန် တရုတ်တိုင်းရင်းဆေးများကို 'ချင်း' (မူး) ဖြင့် တိုင်းတာလေ့ရှိရာ ဝူကျိရှန်း၏ ဆယ့်ငါးကျပ်သားမှာ ပမာဏ အတော်များပါသည် ။
ကံကောင်းသည်မှာ ၎င်းတို့သည် အပျော့စားဆေးများဖြစ်ပြီး အစာအိမ်နှင့် သရက်ရွက် အားနည်းခြင်း ၊ မူးဝေခြင်းတို့ကို ကုသရာတွင် အထူးကောင်းမွန်ကာ ဆီးရွှင်စေသဖြင့် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို စစ်ထုတ်ပေးနိုင်ပါသည် ။ နာလန်ထူဆေးအဖြစ် သုံးရန်အသင့်တော်ဆုံး ဖြစ်သည် ။
"ဝူနတ်ဆေးဆရာရဲ့ အံ့ဖွယ်ကုသမှုကြောင့်ပဲ ရွန့်အသက်ပြန်ရှင်ခဲ့ရတာပါ"
ထိုအချိန်တွင် ခရိုင်ဝန်ရှန်လင်သည် အလွန်အမင်း စိတ်ချမ်းသာနေပြီး စေတနာလည်း ပိုထွက်လာရာ ငွေတုံးလေးတုံးကို ချက်ချင်း ယူဆောင်လာခိုင်းပါသည် ။
"ဆေးဖိုးအနည်းငယ်ပါ ၊ လက်ခံပေးပါဦး ဆေးဆရာ"
ဤငွေတုံးများမှာ ငွေ ၂၅ ကျပ်သားရှိသော အလတ်စား ငွေတုံးများဖြစ်ရာ လေးတုံးဆိုလျှင် ငွေ ၁၀၀ ကျပ်သား ရှိပါသည် ။
ရွန့်၏ ရောဂါကို ကုသရာတွင် တန်ဖိုးကြီးဆေးဝါးများ လုံးဝမပါဝင်ပါ ။ ဆေးကုသခနှင့် လာရောက်ကြည့်ရှုခကို ငွေသုံးလေးကျပ်သားပေးလျှင်ပင် များသည်ဟု ဆိုနိုင်ရာ ငွေ ၁၀၀ ကျပ်သားဆိုသည်မှာ အလွန်များပြားပါသည် ။
ခရိုင်ဝန်ရှန်လင်အတွက်ပင်လျှင် ငွေ ၁၀၀ ကျပ်သားမှာ နည်းသောပမာဏ မဟုတ်ပါ ။
"ကျွန်တော့်သမီးအသက်ကို ကယ်တင်တဲ့ ဆေးဆရာကြီးက ပိုရသင့်ပါတယ်"
ခရိာင်ဝန်ရှန်လင်က ဝူကျိရှန်းကို ဘေးသို့ အသာအယာဆွဲခေါ်သွားပြီးတိုးတိုးလေးပြောကြား၏။
"ဒီငွေက ပထမတော့ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်တာပါ ၊ ဒုတိယကတော့... ကျုပ်မှာ အားနာစရာ တောင်းဆိုချက်တစ်ခု ရှိလို့ပါ"
ခရိုင်ဝန်ရှန်လင်သည် တွေဝေနေသော အမူအရာဖြင့် အတော်ကြာ စဥ်းစားပြီးမှ ရှင်းပြ၏ ။
"ကျွန်တော့်သမီးက အိမ်ထောင်မရှိသေးပါဘူး ၊ ဒီနေ့ ကုသမှုမှာ အရေပြားချင်း ထိတွေ့တာတွေ အများကြီး ရှိခဲ့ပါတယ် ၊ အသက်ကယ်ဖို့ ဆိုပေမဲ့လည်း ဒါက ယောက်ျားနဲ့ မိန်းမကြားက စည်းကို ကျော်သလို ဖြစ်နေတယ် ၊ တစ်ယောက်ယောက် သိသွားရင် ကျွန်တော့်သမီးရဲ့ နာမည်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ"
ရွန့်၏ အသက်ကို ကယ်ရန် အသက်ရှူထောက်ကူခြင်းနှင့် ရင်ဘတ်နှိပ်ခြင်းများကို အတော်ကြာ လုပ်ဆောင်ခဲ့ရသည် ။ မတတ်သာ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ရွန့်မှာ အိမ်ထောင်မရှိသေးသော မိန်းကလေးပျို ဖြစ်နေသဖြင့် လူပြောသူပြော မကောင်းနိုင်ပါ ။
အကယ်၍ ပေါက်ကြားသွားပါက နားမခံသာစရာ ဖြစ်လာပါလိမ့်မည် ။
'ယောက်ျားနှင့် မိန်းမ မထိတွေ့ရ' ဟူသော ရှေးရိုးစွဲ ယဉ်ကျေးမှု ထွန်းကားသည့် ခေတ်တွင် ဤကိစ္စက ရွန့်၏ သိက္ခာကို အမှန်တကယ် ထိခိုက်စေနိုင်ပါသည် ။
ထိုအခါမှ ဝူကျိရှန်း နားလည်သွား၏ ။ ဤငွေ ၁၀၀ ကျပ်သားမှာ ဆေးဖိုးထက် 'နှုတ်ပိတ်ခ' အဖြစ် ပေးခြင်းသာ ဖြစ် ပေသည် ။
ခရိာင်ဝန်ရှန်လင် ငွေအမြောက်အမြား ပေးရခြင်းမှာ ဝူကျိရှန်းအနေဖြင့် ယနေ့ဖြစ်ရပ်ကို ဘယ်သူ့ကိုမှ မပြောဘဲ နှုတ်ဆိတ်နေစေချင်သောကြောင့်သာ ဖြစ်ပသည်။
ဝူကျိရှန်းအနေဖြင့် ထိုကဲ့သို့ ရှေးရိုးစွဲ အယူအဆများကို ဂရုမစိုက်သော်လည်း ခရိုင်ဝန်ရှန်လင်၏ စိုးရိမ်မှုကိုတော့အပြည့်အဝ နားလည်ပါသည် ။
အကယ်၍ သူသာ ဤငွေကို မယူလျှင် ခရိာင်ဝန်ရှန်လင် စိတ်အေးရမည်မဟုတ်ရာ စေတနာရှိရှိဖြင့်ပင် လက်ခံလိုက်ပါသည် ။
"လူကြီးမင်း ပေးသနားတာကို မငြင်းဝံ့ပါဘူး"
ဝူကျိရှန်းက ရယ်မောရင်း ငွေတုံးလေးတုံးကို အိတ်ကပ်ထဲ ထည့်လိုက်၏။
"ဒီနေ့ကိစ္စကို ဘာမှ မဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါ ၊ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ စကားတစ်ခွန်းမှ ဟမှာ မဟုတ်ပါဘူး ၊ ဒါကြောင့် လူကြီးမင်း စိတ်ချနိုင်ပါတယ်"
အားလုံး ပျော်ရွှင်သွားကြပြီးခရိုင်ဝန်ရှန်လင်နှင့် ဇနီးဖြစ်သူတို့က ဝူကျိရှန်းကို အိမ်တံခါးအထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ကြ၏ ။
ရောဂါကုသရင်း လူ့အသက်ကို ကယ်တင်နိုင်ခဲ့သလို ငွေ ၁၀၀ ကျပ်သားလည်း ရရှိခဲ့သည် ။ သူ၏ ဘဝမှာ တဖြည်းဖြည်းနှင့် ပို၍ ကောင်းမွန်လာပါတော့သည် ။
---++--------