အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း ၁၇ နောက်ဆက်တွဲဆိုးကျိုးများ
လမင်းကြီးသည် ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲလျက်ရှိပြီး ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ခပ်သိမ်းသော အရာတို့ကို တိတ်ဆိတ်စွာ လင်းပပ လွှမ်းခြုံထား၏။
အဝေးတစ်နေရာရှိမြို့ရိုး၏ ဝေဝါးသော ပုံရိပ်သည် မိုးကုတ်စက်ဝိုင်း တစ်လျှောက်တွင် ဆက်တိုက် ဖြစ်ပေါ်နေသော အနက်ရောင် မျဉ်းကြောင်းတစ်ခုကဲ့သို့ ရှိနေသည်။
ရွန့်သည် ခါးစည်းကြိုးကို သတိထား၍ ဖြည်းညှင်းစွာ ဖြည်လိုက်ပြီး ခုတင်ခေါင်းရင်းတွင် ကွင်းတစ်ခုကို ပြုလုပ်လိုက်သည်။
သူမသည် ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်ပြီးနောက် အံကို ကြိတ်ကာ သူမ၏ လည်ပင်းကို ကြိုးကွင်းအတွင်းသို့ လျှိုသွင်းလိုက်၏။
အချိန်မည်မျှ ကြာသွားသည်မသိ။သူမ၏ အစေခံမလေး သည် ရေနွေးအိုးကြီး တစ်လုံးကို သယ်ဆောင်ကာ ဝင်လာ၏။ သတိလစ်နေသော ရွန့်နှင့် သူမ၏ လည်ပင်းမှ ကြိုးကွင်းကို မြင်သောအခါ သူမသည် ချက်ချင်းပင် ကြောက်လန့်တကြားဖြင့် ရူးသွပ်သူတစ်ဦးကဲ့သို့ အော်ဟစ်လိုက်တော့သည်။
"လူရှိကြလား၊ မြန်မြန် လာကြပါဦး၊ ကယ်ကြပါဦး"
ထိုးဖောက်ပြီး စူးရှသော အော်ဟစ်သံသည် ညဉ့်နက်ပိုင်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး အိမ်တော်အတွင်းရှိ အစေခံများနှင့် အထိန်းတော်များများသည် တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြ၏။
အချိန်မီ ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် ရ ကြိုးဆွဲချခဲ့သော ရွန့်သည် မကြာမီမှာပင် သတိပြန်လည်လာ၏။
ရွန့်က ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ၊ ရှန်ကတော်သည် ငိုကြွေးနေရင်းရွန့်အားစိုးရိမ်တကြီးမလိုက်၏။
"ငါ့သမီးလေး၊ ဘာလို့လဲ၊ ဘာဖြစ်လို့လဲ၊ ဘာလို့ မင်းအသက်ကို မင်း အဆုံးစီရင်ဖို့ ကြိုးစားရတာလဲ"
စကားပင် မပြောနိုင်သေး သောရွန့်သည် မျက်ရည်များ ဝဲလာကာ တိုးသဲ့စွာပြောလိုက်၏။
"ကျွန်မက လူစဉ်မမီတော့ဘူး၊ အသက်ရှင်နေလို့ ဘာထူးမှာလဲ၊ သေလိုက်တာကမှ ပိုပြီး စင်ကြယ်ဦးမယ်"
လူစဉ်မမီတော့ဘူးလို့ ဆိုပါလား။ဘာကိုဆိုလိုတာလဲ။
ဝူကျိရှန်း ထွက်သွားပြီးကတည်းက အားနည်းနေသော ရွန့်သည် ခုတင်ပေါ်တွင် အနားယူနေခဲ့၏။
ထိုအချိန်အတွင်း သူမသည် ဆေးမြီးတို တစ်ခွက်ကို သောက်ခဲ့ပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့သည်၊ ညနေပိုင်းတွင် သူမသည် ဆန်ပြုတ် အနည်းငယ်ကိုပင် သောက်ခဲ့သေး၏။
ညမှောင်ပြီးနောက်တွင် ရွန့်သည် သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ခံစားချက် လုံးဝ မရှိတော့ကြောင်းနှင့် သူမ၏ ခြေထောက်များသည် လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
အစပိုင်းတွင် သူမသည် ခုတင်ပေါ်တွင် အကြာကြီး လဲလျောင်းနေသဖြင့် ထုံကျင်နေခြင်း ဖြစ်ပြီး အချိန်အနည်းငယ် ကြာလျှင် သဘာဝအတိုင်း ပြန်ကောင်းသွားမည်ဟုသာ ထင်ခဲ့၏။
မကြာမီမှာပင် ရွန့်သည် သူမ၏ အောက်ရှိ အိပ်ရာခင်းများမှာ နေရာအနှံ့ စိုစွတ်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်၊ ထိုအခါမှသာ သူမသည် အခြေအနေ၏ ပြင်းထန်မှုကို သိရှိသွား၏။
အသက် ၂၀ ကျော် အရွယ် အမျိုးသမီးငယ်တစ်ဦးသည် အိပ်ရာထဲတွင် ဆီးသွားမိခဲ့ပြီးနောက် သူမသည် စိုစွတ်မှုကို မခံစားရပေ။
သူမသည် ပေါင်ကို အားပြင်းပြင်းဖြင့် ဆွဲဆိတ်ကြည့်သော်လည်း နာကျင်မှု လုံးဝ မရှိခဲ့ ပေ။သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းသည် လုံးဝ လေဖြတ်သွားပြီဟုဆိုရပေမည်။
ကျန်ရှိသော ဘဝတစ်လျှောက်လုံး ကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်စွမ်းပင် မရှိဘဲ ခုတင်ပေါ်တွင်သာ နေသွားရမည်ကို တွေးမိသောအခါ ရွန့်သည် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွားပြီး သူမ၏ ဘဝသည် ပြီးဆုံးသွားပြီဟုယူဆလိုက်၏။
အခြားသူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်အစား အားလုံးကို အဆုံးသတ်လိုက်ခြင်းက ပိုကောင်းသည်ဟု ယူဆလိုက်ပြီးသူမသည် ကြိုးဆွဲချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"လေဖြတ်တာလား၊ ဘယ်လို ဖြစ်နိုင်မှာလဲ၊ မင်းလို အရွယ်လေးနဲ့ ဘယ်လိုလုပ်ပြီး လေဖြတ်နိုင်မှာလဲ"
အိမ်သားများကဝိုင်းမေးကြရာရွန့်သည် ခါးသီးစွာ ပြုံးလိုက်ပြီး လက်ကို မြှောက်ကာ ဆံပင်ထဲမှ ဆံထိုးကို ဆွဲထုတ်လိုက်သည်၊ ထို့နောက် သူမ၏ ပေါင်ထဲသို့ အားပြင်းပြင်းဖြင့် ထိုးစိုက်လိုက်၏။ သွေးများ စီးကျလာသော်လည်း နာကျင်မှု အရိပ်အယောင်လုံးဝမရှိပေ။
"ကျွန်မရဲ့ ခြေထောက်တွေက လုံးဝ မလှုပ်ရှားနိုင်တော့ဘူး၊ နာကျင်တာ ၊ ယားယံတာတောင် မခံစားရတော့ဘူး၊ ကျွန်မက လူစဉ်မမီတဲ့သူ ဖြစ်နေပြီ"
"အသက်ရှင်နေတာက မိဘတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံပဲ၊ သေလိုက်တာကမှ ပိုပြီး စင်ကြယ်ဦးမယ်"
သူတို့၏ သမီးကို ကယ်ဆယ်ပြီးကာမှ တစ်သက်တာ မသန်စွမ်းမှု ကို ခံစားနေရခြင်းအတွက် ခရိုင်ဝန်ရှန်လင်နှင့် ရှန်ကတော်တို့သည် စိတ်ပျက်အားငယ်စွာဖြင့် ဝူကျိရှန်းကို ချက်ချင်း သတိရလိုက်ကြပြီးအစေခံများကိုချက်ချင်းအမိန့်ပေးလိုက်၏။
"မြန်မြန်သွား၊ ဝူနတ်သမားတော်ကို သွားခေါ်လိုက်ကြ"
ဝူကျိရှန်းသည် သူတို့သမီးကို ကယ်တင်နိုင်ခဲ့သဖြင့် သူမ၏ လေဖြတ်ရောဂါကိုလည်း သူကုသပေးနိုင်လိမ့်မည်ဟုယူဆထားကြ၏။
အစေခံမလေးသည်ဝူကျိရှန်းနှင့်အတူ ပြန်ရောက်လာသောအခါ သန်းခေါင်ယံ
အချိန်သို့ ရောက်နေပြီ ဖြစ်သည်။
"ဝူနတ်သမားတော်၊ ကျွန်တော့်သမီးက"
ခရိုင်ဝန်ရှန်လင်၏ စကားမဆုံးမီ ဝူကျိရှန်းသည် လူအားလုံးကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖယ်ထုတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်မလေးရွန့်၊ အခု ခေါင်းကိုက်တာ ခံစားရလား"
"မရှိပါဘူး၊ ခေါင်းက လုံးဝ မနာပါဘူး"
ကောင်းပြီ၊ ကောင်းပြီ၊ သူမ၏ ခေါင်းမနာသရွေ့ အခြေအနေသည် အထူးတလည် မဆိုးရွားသေးကြောင်း ဆိုရ ပေမည် ။
"
ခါးအောက်ပိုင်းကော နာသလား"
"ခါးအောက်ပိုင်းထဲမှာ စတီးအပ်တစ်ချောင်း စိုက်ထားသလိုပဲ၊ အရမ်းနာတယ်"
ဝူကျိရှန်းသည် ဘာဖြစ်နေသည်ကို ယေဘုယျအားဖြင့် သိရှိသွားပြီ ဖြစ်သော်လည်း ရောဂါကိုအတိအကျဆုံးဖြတ်ရန်မဝံ့ရဲသေး ပေ။
"အခြေအနေက အရေးကြီးနေတယ်၊ ဝူကျိရှန်းရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ"
ဤအချိန်တွင် သူသည် အမျိုးသားနှင့် အမျိုးသမီး မထိတွေ့ရ ဆိုသည့် မူကို လိုက်နာနိုင်ခြင်း မရှိတော့ပေ၊ သူသည် မမလေးရွန့်ကို မှောက်လျက် အနေအထားဖြင့် လဲလျောင်းနေစေရန် ချက်ချင်းပင် လှန်ပေးလိုက်၏။
ထို့နောက်ခါးရိုးဆစ်မှ စတင်ကာ ပဉ္စမမြောက် ခါးရိုးဆစ်နှင့် မြီးညောှင့်ရိုးကြားကို သူ၏ လက်မဖြင့် အားပြင်းပြင်း ဖိချလိုက်ရာ မမလေးရွန့်သည် ချက်ချင်းပင်အလန့်တကြားအော်ဟစ်လိုက် လေ၏။
"နာတယ်"
ရောဂါရှာဖွေပြီးပြီ၊ ရောဂါရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။သခင်မလေးရွန့်၏ လက္ခဏာများသည် လေဖြတ်ခြင်းနှင့် အတူတူပင် ဖြစ်သော်လည်း ၎င်းသည် လေဖြတ်ခြင်း မဟုတ်ဘဲ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၏ ထူးခြားသော နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်သည့် အာရုံကြောဆိုင်ရာ လှုပ်ရှားမှု ချို့ယွင်းခြင်းသာ ဖြစ်သည်။
ပြင်းထန်သော ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သော လူနာများသည် ထိုကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်ရန် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အခွင့်အလမ်း ရှိ၏။
ဆေးဘက်ဆိုင်ရာ အခြေအနေများ လုံလောက်ပြီး ကုသမှု အချိန်မီပါက အာရုံကြောများကို လျှပ်စစ်ဖြင့် တိုက်ရိုက် လှုံ့ဆော်ခြင်းသည် များသောအားဖြင့် ထိရောက်ပြီး အများစုမှာ ပြန်ကောင်းလာနိုင်သည်။
သို့သော် ဤသည်မှာ မင်မင်းဆက် ခေတ် ဖြစ်ပြီး လျှပ်စစ်လှုံ့ဆော်မှုလုပ်ရန် အခြေအနေများ မရှိပေ။
တစ်ခုတည်းသော နည်းလမ်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးလုပ်ရန်သာ ဖြစ်သည်။ဆိုးကျိုးကို ကုသရန် သော့ချက်မှာ "မြန်ဆန်မှု"ပင် ဖြစ်သည်။
ကုသမှုကို အမြန်ဆုံး စတင်ရမည် ဖြစ်ပြီး အချိန်အကြာကြီး နှောင့်နှေးသွားပါ
က လေဖြတ်ရောဂါ ဖြစ်သွားနိုင်၏။
"ဝူနတ်သမားတော်၊ ကျွန်တော့်သမီးရဲ့ ရောဂါက"
"ရှင်းပြဖို့ အချိန်မရှိဘူး၊ ကုသမှုကို အမြန်ဆုံး စတင်ရမယ်၊ မဟုတ်ရင် အန္တရာယ် အရမ်းများတယ်၊ လူတိုင်း ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကို နားထောင်ပါ"
ဝူကျိရှန်းက ထိုသို့ ပြောလိုက်ခြင်းမှာ သူသည် အတော်လေး ယုံကြည်မှု ရှိနေကြောင်း ပြသနေ ပေသည်။
ထိုစကားကိုကြားလိုက်ရသောခရိုင်ဝန်ရှန် လင်မှာအလွန်အမင်းဝမ်းသာသောအမူအရာဖြင့်ချက်ချင်းပြန်ပြောလိုက်လေသည်။
"ကျွန်တော့်သမီး ပြန်ကောင်းလာသရွေ့ အရာအားလုံးကို ဝူနတ်သမားတော်ရဲ့ သဘောအတိုင်းပါပဲ့"
"
အားလုံး ဘေးကို ဖယ်ပေးကြပါ၊ ရေနွေးအနည်းငယ် ယူလာပါ၊ ရှန်က တော်တို့ကသခင်မလေးရွန့်ရဲ့ခန္ဓာကိုယ် အောက်ပိုင်းကို သုတ်ပေးပြီး ပွပွယောင်းယောင်း အဝတ်အစားတွေ လဲပေးလိုက်ပါ"
ဤအရာကိုခနချင်းမှာပင်လွယ်ကူစွာ
လုပ်ဆောင်လိုက်ကြ၏။
"သခင်မလေး၊ ပက်လက် လှဲနေပါ၊ ခေါင်းအုံး အတော်များများကို ခုထားပါ"
"ရှန်ကတော်၊ သူမရဲ့ ပုခုံးတွေကို ဖိထားပေးပါ"
အရာအားလုံး အဆင်သင့် ဖြစ်ပြီးနောက် ဝူကျိရှန်းသည် ခုတင်ပေါ်သို့ တက်ကာ ခုတင်ခြေရင်းတွင် ဒူးတစ်ဖက်ထောက် ထိုင်လိုက်၏။
ထို့နောက်တွင် သူသည် သခင်မလေးရွန့်၏ ခြေကျင်းဝတ်များကို မြဲမြံစွာ ဆုပ်ကိုင်ပြီး သူမ၏ ခြေဖဝါးများကို သူ၏ ရင်ဘတ်နှင့် ဖိကပ်လိုက်သည်။
ထို့နောက် သူ၏ ကိုယ်အလေးချိန်ကို အသုံးပြုကာ အရှေ့သို့ ဖြည်းဖြည်းချင်း ဖိအားပေးလိုက်၏။၎င်းမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုအတွက် အားပြု ပြန်လည် ထူထောင်ရေးနည်းပညာ ဖြစ်သည်ဟု ဆိုရပေမည်။
မလိုအပ်သော ဒဏ်ရာရမှုများကို ကာကွယ်ရန် ဝူကျိရှန်းသည်ဖြည်းညည်းစွာလှုပ်ရှားပြီးသခင်မလေးရွန့်၏ ခန္ဓာကိုယ်ကို "U" ပုံသဏ္ဌာန် ကွေးသွားသည်အထိ ဖိအားကို တဖြည်းဖြည်းချင်း ပေးလိုက်၏။
"သခင်မလေး၊ နောက်လာမယ့် လှုပ်ရှားမှုက အရမ်းနာကျင်လိမ့်မယ်၊ သင် အောင့်ခံရမယ်"
သူသည် ဖိအားကို ဆက်လက် ပေးနေပြီး သူ၏ ကိုယ်အလေးချိန် အားလုံးနီးပါးကို သခင်မလေးရွန့်၏ ခန္ဓာကိုယ် အောက်ပိုင်းပေါ်သို့ တင်ထားလိုက်သည်။
"နာတယ်"
သခင်မလေးရွန့်၏ မျက်နှာသည် နာကျင်မှုကြောင့် ဖြူဖျော့သွားသော်လည်း ဝူကျိရှန်းသည် အားကို ဆက်လက် စိုက်ထားပြီး သူ၏ ခန္ဓာကိုယ်ကို သူမ၏ ခြေသလုံးများနှင့် ဖိကပ်ကာ သူမ၏ ခန္ဓာကိုယ်ကို ပိုမို ပြင်းထန်စွာ ကွေးသွားစေလိုက်၏။
"ကျွန်မ သေတော့မယ်"
"အောင့်ထားပါ၊ သခင်မလေးအောင့်ထားရမယ်"
ထိုပုံစံအတိုင်း တစ်မိနစ်ခန့် ထိန်းထားပြီးနောက် ဝူကျိရှန်းသည် ဖိအားကို လျှော့ချလိုက်သော်လည်း သူမ၏ ခြေထောက်များကို ဆက်လက် ဆုပ်ကိုင်ထားကာ အနောက်သို့ ပြန်ဆွဲလိုက်၏။
အဆစ်အမြစ်များကို လှုပ်ရှားပေးခြင်းသည် သွေးလှည့်ပတ်မှုကို များစွာ အထောက်အကူဖြစ်စေပြီး ချို့ယွင်းနေသောအင်္ဂါများကိုပြန်လည် ကောင်းမွန်လာစေသည်ဟုဆိုရပေမည်။
ထိုကဲ့သို့ အကြိမ်နှစ်ဆယ်ကျော် ပြုလုပ်ခဲ့ပြီးနောက်တွင် သခင်မလေးရွန့်သည် နာကျင်မှုကြောင့် ချွေးစေးများ ထွက်နေပြီး ဝူကျိရှန်းသည်လည်း ချွေးများဖြင့် ရွှဲနစ်နေ၏။
"ပုံစံပြောင်းမယ်၊ သခင်မလေးကို ထူပေးပါ"
ဝူကျိရှန်း၏ တောင်းဆိုချက်အရ ရှန်က တော်နှင့် အစေခံမလေးတို့သည် ခုတင်ပေါ်တွင် ရပ်ကာ သခင်မလေး၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို အားဖြင့် မပြီး ကိုင်ထားလိုက်ကြ၏။
ထိုစဉ် ဝူကျိရှန်းသည် သူမ၏ ခြေထောက်များကို ဆက်လက် ကွေးလိုက် ဆန့်လိုက် လုပ်ပေးနေသည်။
"နာတယ်"
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သခင်မလေးရွန့်သည် ရုတ်တရက် သူမ၏ ခြေထောက်ကို မြှောက်ကာ ဝူကျိရှန်း၏ မျက်နှာကို အားပြင်းပြင်းဖြင့် ကန်လိုက်လေသည်။
"ဝူနတ်သမားတော်၊ ကျွန်မ တမင်ကန်တာ မဟုတ်ပါဘူး..."
"သခင်မလေး တမင်လုပ်တာ မဟုတ်မှန်း ကျွန်တော် သိပါတယ်"
ဝူကျိရှန်းက ပြုံးလိုက်ရင်းသခင်မလေးကိုကြည့်ကာဆိုလိုက်၏။
"သခင်မလေးရဲ့ခြေထောက်က အခု လှုပ်ရှားလို့ ရသွားပြီ မဟုတ်လား"
-------------
အခန်း (၁၈) စစ်ဖက်သုံးလက်ဝှေ့
မသိလိုက်မသိဘာသာဖြင့် နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီး လေထုထဲတွင်လည်း မုန့်ဆီကျော်နံ့များ ပျံ့လွင့်နေခဲ့သည်။
ချန်အချိန် (နံနက် ၇ နာရီမှ ၉ နာရီ) ရောက်ကတည်းက သခင်မလေးရွန့်သည် အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်နေပြီး တစ်ခုခုကို စောင့်မျှော်နေသကဲ့သို့ ပြတင်းပေါက်အပြင်ဘက်သို့ ခဏခဏ မော့ကြည့်နေခဲ့၏။
သခင်မလေးရွန့်၏ ကိုယ်ပိုင်အစေခံဖြစ်သော ချင်းချင်း သည် အစေခံဖြစ်သော်လည်း သူမအတွက် ညီမတစ်ဦးကဲ့သို့ဖြစ်ပြီး သခင်မလေး၏ စိတ်ကို အသိဆုံးသူဖြစ်သည်။
သူမက သခင်မလေး၏အမူအရာက်ိုကြည့်ကာရယ်လျက် ပြောလိုက်၏။
"သခင်မလေး၊ ခဏလောက် ထပ်စောင့်ပါဦး ။ ဆရာဝူ လာဖို့ နောက်ထပ် နာရီဝက်လောက် လိုပါသေးတယ်"
ချင်းချင်းက သူမ၏စိတ်ကို ဖော်ထုတ်လိုက်သဖြင့် သခင်မလေးရွန့်၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီးရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်၏။
"ငါက ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို အမှတ်မထင် ကြည့်နေတာပါ၊
ဆရာဝူကို စောင့်နေတာ မဟုတ်ပါဘူး"
"သခင်မလေးရဲ့ အတွေးတွေက တခြားသူတွေကို လှည့်စားနိုင်ပေမဲ့ ကျွန်မကိုတော့ လှည့်စားလို့ မရပါဘူး"
ချင်းချင်းက နောက်ပြောင်သလို ထပ်ပြောလိုက်၏။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သခင်မလေးဟာ ဆရာဝူလာမှာကို အမြဲတမ်း စောင့်မျှော်နေခဲ့တာပါ ။ သခင်မလေး ဘာတွေးနေလဲဆိုတာ ကျွန်မ မသိဘဲ နေမလား"
လွန်ခဲ့သည့် ငါးရက် ရက်ခန့်ကစ၍ ဝူကျိရှန်းသည် သခင်မလေးရွန့်အား ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ လုပ်ရာတွင်ကူညီပေးနေခဲ့၏။
သူသည် နေ့တိုင်း အချိန်တိကျစွာ ရောက်ရှိလာပြီး ရက်ဆက်လေ့ကျင့်ပေးပြီးနောက် သခင်မလေးရွန့်၏ ကိုယ်ခန္ဓာအခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့သည် ။
ကြာရှည်စွာ ထိတွေ့ဆက်ဆံမှုကြောင့် သခင်မလေးရွန့်၏ စိတ်ပိုင်းဆိုင်ရာတွင် သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့၏။
ဝူကျိရှန်းသည် ခန့်ညားထည်ဝါလှသော လူငယ်တစ်ဦးမဟုတ်သော်လည်း သူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်မှာ အတော်အတန် ကြည့်ကောင်းသူဖြစ်သည်။
သခင်မလေးရွန့်သည် ဂုဏ်သရေရှိ မိသားစုမှ သမီးပျိုတစ်ဦးဖြစ်ပြီး အိမ်ပြင်သို့ တစ်ခါမှ မထွက်ဖူးသဖြင့် သူမနှင့် သက်တူရွယ်တူ အမျိုးသားတစ်ဦးနှင့် နီးကပ်စွာထိတွေ့ဖူးခြင်းမရှိခဲ့ချေ ။
ဤရက်အနည်းငယ်အတွင်း အပြန်အလှန် ဆက်ဆံပြီးနောက် သူမ၏နှလုံးသားမှာ လှုပ်ရှားလာခဲ့ပြီး ဝူကျိရှန်းကို တိတ်တဆိတ် သဘောကျမိနေသော်လည်း ထုတ်ပြောရန် မဝံ့ရဲခဲ့ချေ။
ဝူကျိရှန်းနှင့် နေ့တိုင်း အတူဖြတ်သန်းရသည့် အချိန်များသည် သခင်မလေးရွန့်အတွက် အပျော်ရွှင်ဆုံးနှင့်ကြည်နူးဖွယ်အကောင်းဆုံး အချိန်များဖြစ် နေခဲ့သည် ။
ချန်အချိန်၏ အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သဖြင့်ဝူကျိရှန်း ရောက်ရှိလာသင့်ပြီဖြစ်သော်လည်းသူ၏အရိပ်အယောင်ကို မမြင်ရသေးချေ ။ သခင်မလေးရွန့်မှာအတွေးဝင်လာရ၏။
"ဆရာဝူ တစ်ခုခုကြောင့် နောက်ကျနေတာလား၊ ဒါမှမဟုတ် ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
"ချင်းချင်း၊ ရှေ့ခန်းမကိုသွားပြီး ဆရာဝူ ရောက်မရောက် ကြည့်ပေးပါဦး"
"ကျွန်မရဲ့ သခင်မလေးရယ်၊ ဘာတွေ အလောတကြီး ဖြစ်နေတာလဲ ။ ဆရာဝူက ဆေးခန်းဖွင့်ထားတာဆိုတော့ အလုပ်အရမ်းများမှာပေါ့ ။ ခဏလောက် ထပ်စောင့်ပါဦး"
"ချင်းချင်းရယ်၊ ရှေ့ခန်းမကိုသွားပြီးတော့ပဲ ကြည့်ပေးပါ"
၎င်းတို့ စကားပြောနေစဉ်မှာပင် ရင်းနှီးသော ပုံရိပ်တစ်ခုသည် ရှေ့ဝင်းနှင့် နောက်ဝင်းကြားရှိ လမင်းတံခါးပေါက်မှ ဖြတ်ကျော်ကာ သခင်မလေးရွန့်၏ အမြင်အာရုံထဲသို့ ပေါ်လာခဲ့၏ ။
၎င်းမှာ ဝူကျိရှန်းဖြစ်သည်ဖြစ်သည် ။
ဝူကျိရှန်းကို မြင်လိုက်ရသည့် ခဏ၌ သခင်မလေးရွန့်၏ နှလုံးခုန်သံများ မြန်လာပြီး အကြောင်းရင်းမရှိဘဲ မျက်နှာနီမြန်းလာကာ မှန်ကို အမြန်ပြေးကြည့်လိုက်၏ ။
သူမ၏ မိတ်ကပ်များ စနစ်တကျ ရှိသည်ကို အတည်ပြုပြီးနောက် ကုတင်ပေါ်တွင် အမြန်လဲလျောင်းလိုက်ပြီးချင်းချင်းအားတိုးတိုးလေးပြောလိုက်၏။
"ဆရာဝူကို အထဲဝင်ဖို့ ဖိတ်လိုက်ပါ"
"ဒီနေ့လည်း မနေ့ကအတိုင်းပဲ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို ဆက်လုပ်ပါမယ်"
ထုံးစံအတိုင်း သခင်မလေးရွန့်သည် ကုတင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းကာ တစ်ကိုယ်လုံးကို ဖြေလျှော့ထားလိုက်၏။
ထို့နောက် ဝူကျိရှန်းက သူမ၏ ခြေထောက်များကို ဆန့်ထုတ်ပေးလိုက်သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်ခန့်အကြာတွင် သူမသည် ကိုယ်တိုင် လှုပ်ရှားမှုများကို စတင်နိုင်ခဲ့သည်။
ပထမဦးစွာ သူမသည် ထိုင်ခြင်းနှင့် ထရပ်ခြင်းကို ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက် ထိခိုက်ထားသော ခြေလက်များအတွက် ဟန်ချက်ညီ လေ့ကျင့်ခန်းများကို လုပ်ဆောင်ရ၏ ။
ဤသံသရာကို ဆယ်ကြိမ်မက ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်ဖြစ်သည် ။ မသိလိုက်ဘဲ သူမ၏ နဖူးပြင်တွင် ချွေးစက်ကလေးများ ပေါ်လာခဲ့၏။
"ဒီလောက်လေး လေ့ကျင့်တာနဲ့တင် အသက်ရှူမဝ ဖြစ်နေပြီဆိုတော့သခင်မလေး ရဲ့ ကိုယ်ခန္ဓာအခြေအနေက သိပ်မကောင်းသေးဘူးပဲ့"
"ဒါဆိုရင် ကျွန်မအတွက် အားဖြည့်ပေးမယ့် ဆေးအချို့ ဖော်စပ်ပေးဖို့ ဆရာဝူကို အကူအညီ တောင်းပါရစေ"
ကျန်းမာရေးမကောင်းသည့်အခါ အားဆေးစားခြင်းသည် လုံးဝ အထင်အမြင်မှားခြင်းဖြစ်ပြီး ယင်းအစား လေ့ကျင့်ခန်းကို ပိုမိုလုပ်ဆောင်သင့်ပေသည် ။
ရွန့်ကဲ့သို့သော အမျိုးသမီးငယ်များသည် လေ့ကျင့်ခန်း လှုပ်ရှားမှုအလွန်နည်းပါးကြသည် ။ သူတို့သည် အစေခံများ ဝိုင်းဝိုင်းလည်နေသည်ကို ကျင့်သားရနေပြီး သူတို့၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ သိပ်မကောင်းလှချေ ။
"သခင်မလေးအနေနှင့် အပြင်ဘက် လှုပ်ရှားမှုတွေ ပိုလုပ်သင့်တယ်၊ ကြွက်သားနဲ့ အရိုးတွေကို လေ့ကျင့်ပေးပြီး ကိုယ်ခန္ဓာကို ကြံ့ခိုင်အောင် လုပ်သင့်တယ်၊ အခန်းထဲမှာပဲ အမြဲတမ်း ပိတ်အောင်းမနေသင့်ဘူး"
ဝူကျိရှန်းလာခဲ့ သောခေတ်ကာလတွင် မိန်းကလေးငယ်များသည် လေ့ကျင့်ခန်းလုပ်ရန်အထူးဂရုပြုကြပြီး နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်း လုပ်ကြသည် ။
နံနက်ပိုင်းနှင့်ညနေပိုင်းအချိန်များတွင် ပြေးလွှားလှုပ်ရှားနေသည့်ကျန်းမာသန်စွမ်းသောအမျိုးသမီးလေးများ၏ ပုံရိပ်များကိုလမ်းမများထက်တွင် မြင် တွေ့နိုင်၏။
သို့သော် ဤခေတ်ကာလတွင်မူသခင်မလေးရွန့်ကဲ့သို့ အမျိုးသမီးငယ်တစ်ဦးအတွက် အရေးကြီးဆုံးမှာ အိမ်ပြင်မထွက်ရန်ဖြစ်၏ ။ အပြင်ထွက်၍ ပြေးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းမှာ လုံးဝစိတ်ကူး၍မရသောကိစ္စဖြစ်ပေသည်။
ခေတ်နောက်ခံကို ထည့်သွင်းစဉ်းစားလျှင် သခင်မလေးရွန့်အား အပြင်ထွက် လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းမှာ လက်တွေ့မကျလှချေ။
"ဒါဆိုရင် ကျွန်တော် သခင်မလေးရွန့်ကို အိမ်ထဲမှာတင် လုပ်လို့ရမယ့် ကျန်းမာရေး လေ့ကျင့်ခန်းအချို့ သင်ပေးပါမယ်"
ဝူကျိရှန်းက ပြောရင်း မတ်တတ်ရပ်ကာ သူ၏ ဝတ်ရုံအောက်နားကို ခါးပတ်ထဲသို့ ထိုးထည့်လိုက်ပြီး ဝမ်းဗိုက်ကို ချပ်ကာ ရင်အုပ်ကို ဖွင့်လိုက်သည်။သူ၏ကိုယ်ဟန်မှာ လှံတစ်စင်းကဲ့သို့ ဖြောင့်တန်းနေ၏ ။
သူသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပူးကပ်ထားပြီး ဦးခေါင်းကို ဘယ်ဘက်သို့ အနည်းငယ် စောင်းကာ သူ၏ လက်သီးများကို စိုက်ကြည့်လိုက်၏ ။
၎င်းမှာ စစ်ဖက်သုံးလက်ဝှေ့၏ အစပြုဟန်ဖြစ်သည်ဖြစ်သည် ။
စစ်ဖက်သုံးလက်ဝှေ့သည် မူလက စစ်တပ်အတွင်းရှိ တိုက်ခိုက်ရေး နည်းစနစ်များမှ ဆင်းသက်လာခြင်းဖြစ်သည် ။ ဤကိုယ်နေဟန်ထားကို ပြင်လိုက်သောအခါ သူ၏ပုံရိပ်သည် ပိုမိုမြင့်မား၊ ခန့်ညားပြီး ကြံ့ခိုင်သွားကာ သူရဲကောင်းဆန်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။
သူသည် ကျောင်းတွင် စစ်သင်တန်းတက်စဉ်က စစ်ဖက်သုံးလက်ဝှေ့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ဖူးပြီး လှုပ်ရှားမှုတစ်ခုချင်းစီကို စတင် သရုပ်ပြလေသည်ဖြစ်သည် ။
နောက်ဆုံးကွက်ဖြစ်သော ခါးကိုရိုက်၍ လည်ပင်းကိုပိတ်ခြင်း"ကို အဆုံးသတ်ပြီးနောက် နောက်ထပ် လှပသော အဆုံးသတ်ဟန်တစ်ခု ပေါ်ထွက်လာပြန်သည်။
"ဆရာဝူရဲ့ လှုပ်ရှားမှုတွေက ငါးမျိုးတိရစ္ဆာန် လေ့ကျင့်ခန်း တွေ၊ ရှစ်ကွက်အလှ လေ့ကျင့်ခန်း တွေနဲ့ လုံးဝကွဲပြားနေတယ်။ တိုက်ခိုက်ရေး နည်းစနစ်တွေ အများကြီး ပါဝင်နေပုံရတယ်"
"အင်း၊ သခင်မလေးရွန့် ပြောတာ မှန်တယ်။ ဒီလက်ဝှေ့က စစ်တပ်က စစ်သည်တွေအတွက် တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်တယ် ။ ဘာပစ္စည်းမှ မလိုသလို နေရာကန့်သတ်ချက်လည်း မရှိဘူး ။ ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့အတွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ဖို့အတွက် အသင့်တော်ဆုံးပဲ့"
"ဒီလို အားပါတဲ့ လက်ဝှေ့ပုံစံကို အမျိုးသမီးတွေလည်း လေ့ကျင့်လို့ ရပါသလား"
စစ်ဖက်သုံးလက်ဝှေ့မှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားလို့လား ။ စစ်သင်တန်းတုန်းက ငါတို့အတန်းထဲက မိန်းကလေးတွေတောင် ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့တာပဲ့ လို့ဝူကျိရှန်းစိတ်ထဲက တွေးလိုက်မိ၏ ။
"ကျွန်တော် အဓိက လှုပ်ရှားမှုတွေကို အသေးစိတ် ခွဲခြားပြပါမယ် ။ သခင်မလေးရွန့် သေချာကြည့်ပါ၊ ကျွန်တော်နဲ့အတူ လိုက်လုပ်ရင် အကောင်းဆုံးပါပဲ့"
ဝူကျိရှန်းသည် ကိုယ်နေဟန်ထားတစ်ခုကို ယူလိုက်ပြီး အသေးစိတ် ရှင်းပြလေ၏။
"လေးကိုင်းပုံစံ ရပ်ပါ၊ အားကို ခါးကနေ ယူပါ၊ ခါးအားကို သုံးပြီး ညာလက်သီးနဲ့ ထိုးပါ၊ ဘယ်လက်သီးကို ခါးဆီ ပြန်ရုပ်ပါ ။ ဒီကွက်ကို 'လေးကိုင်းပုံစံ လက်သီးထိုးချက်' လို့ ခေါ်ပြီး ခါးနဲ့ ဝမ်းဗိုက်ကို အဓိက လေ့ကျင့်ပေးတာ ဖြစ်တယ်"
သခင်မလေးရွန့်ကလည်းဝူကျိရှန်းညွှန်ကြားသည့်အတိုင်းအားကြိုးမာန်တက်ပြုလုပ်၏။
သခင်မလေးရဲ့ ကိုယ်နေဟန်ထား မှားနေတယ်၊ ကျောက မတ်နေရမယ် ။ ဟုတ်ပြီ၊ အဲဒီအတိုင်းပဲ၊ အားနဲ့ ထိုးပါ၊ မြန်မြန် လှုပ်ရှားပါ"
စစ်ဖက်သုံးလက်ဝှေ့သည် တိုက်ခိုက်ရေး နည်းစနစ်များ၏ အထွတ်အထိပ်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းမှာ အလွန် စံနမူနာကျသည် ။ စစ်ပွဲ၏ အေးစက်သော အငွေ့အသက်များပင် ပါဝင်နေ သောကြောင့်ဖြစ်သည်။
ကံကောင်းသည်မှာ သခင်မလေးရွန့်သည် လေ့ကျင့်ခန်း လုပ်ရုံသာဖြစ်သဖြင့် အစုံအလင် သင်ယူရန် မလိုဘဲ အဓိကကျသော ကွက်အချို့ကို တတ်မြောက်လျှင်ပင် လုံလောက် နေပြီ။
"ကဲ၊ သခင်မလေးရွန့် ဒီအကွက်အနည်းငယ်ကိုပဲ ထပ်ခါတလဲလဲ လေ့ကျင့်နေသရွေ့ ကိုယ်ခန္ဓာ ကြံ့ခိုင်လာမှာ အသေအချာပါပဲ့ ။ အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်တော် ပြန်ပါဦးမယ်"
"
ကျွန်မ ဆရာဝူကို အပြင်အထိ လိုက်ပို့ပါရစေ"
"နောက်တစ်ချက်ကတော့"
ဝူကျိရှန်းက သခင်မလေးရွန့်အားကြည့်ပြီးတုံ့ဆိုင်းစွာ ပြောလိုက်၏။
"မနက်ဖြန် ကျွန်တော် လာနိုင်မှာ မဟုတ်ဘူး ။ သခင်မလေးရွန့် ကြိုးကြိုးစားစား လေ့ကျင့်ပြီး ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ဖို့မျှော်လင့်ပါတယ်"
"မနက်ဖြန် ဆရာဝူ တစ်ခုခု အလုပ်ရှိလို့လား"
သခင်မလေးရွန့်၏အမေးကိုဝူကျိရှန်းကပြုံးလိုက်ရင်းပြန် ဖြေလိုက်၏။
"ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပါ"
"ကျွန်တော့်အိမ်နီးချင်း မမစစ်က ကျွန်တော့်အတွက် အိမ်ထောင်ဖက် စီစဉ်ပေးထားလို့ မနက်ဖြန် မိန်းကလေး သွားကြည့်ရမှာ"
အမျိုးသားနှင့် အမျိုးသမီး အရွယ်ရောက်လျှင် အိမ်ထောင်ပြုကြသည်မှာ သဘာဝဖြစ်သည် ။ အသက် ၂၀ ကျော် အရွယ်ရောက်နေပြီဖြစ်သော လူပျိုကြီးဝူကျိရှန်းအတွက် စေတနာရှင် မမစစ်က အောင်သွယ်တော် လုပ်ပေးခြင်းသာဖြစ်သည် ။
သူမ၏ ပြုံးနေသော မျက်နှာမှာ တောင့်တင်းသွားပြီး သခင်မလေးရွန့်၏ အမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ်တော့ချေ ။ သူမ၏ နှုတ်ခမ်းများမှာ တစ်ခုခု ပြောချင်သကဲ့သို့ အကြိမ်ကြိမ် လှုပ်ရှားနေသော်လည်း ဘာပြောရမည်မှန်း မသိဖြစ်နေသည် ။
အတော်ကြာတိတ်ဆိတ်နေပြီးမှသူမက ယဉ်ကျေးစွာဖြင့်မျက်နှာခပ်နွမ်းနွမ်းဖြင့် ပြောလိုက်လေ၏။
"ဆရာဝူ အဆင်ပြေမယ့် လက်တွဲဖော်ကို တွေ့ပါစေလို့ပဲ ဆုတောင်းပေးပါတယ်"
ဝူကျိရှန်း တစ်ယောက် မိန်းကလေး သွားကြည့်တော့မည်ဟု တွေးလိုက်မိသည်နှင့် ရွန့်၏ စိတ်ဓာတ်များ ကျဆင်းသွား တော့သည်။
သူမသည် သူ့ကို တံခါးဝအထိ လိုက်ပို့ပြီး ဝူကျိရှန်း၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် မနှစ်မြို့ဖွယ် ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့သည် ။`
----------