အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း ၂၁ - လက်ထပ်ခွင့်တောင်းခြင်း
“ဒီခရိုင်က ဝေးလံခေါင်ဖျားတဲ့နေရာမှာ တည်ရှိပေမဲ့ တည်ငြိမ်မှုရှိပြီး တရားဥပဒေစိုးမိုးရေး ကောင်းမွန်ပါတယ်”
ခရိုင်ရုံးတော်၏ ခန်းမဆောင်ကြီးအတွင်း၌ ခရိုင်ဝန် ရှန်လင်ကအားလုံးကို ဝေ့ကြည့်လိုက်ရင်း ရုံးသုံးစကားဖြင့် ထပ်မံပြောကြားလိုက်၏ ။
“ဒီနှစ်တစ်နှစ်လုံးမှာ အမှုကြီး တစ်ခုမှမရှိခဲ့တာဟာ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ဖြစ်ပါတယ်” ။
ခရိုင်ဝန် ရှန်လင်က ခရိုင်အတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်ခြင်းမှာ ရုံးတော်အမှုထမ်းများနှင့် အစိုးရဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ရရှိလာ ရလဒ်ပင် ဖြစ်ကြောင်းချီးမွမ်းလိုက်ခြင်းဖြစ်သည် ။
ဤခရိုင်မြို့လေးတွင် အစမှအဆုံး တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သော ပင်မလမ်းမကြီး တစ်လမ်းသာရှိပြီး လက်အောက်ခံ ကျေးရွာများအပါအဝင် အိမ်ထောင်စု အနည်းငယ်သာ ရှိသည် ။ သို့ဖြစ်ရာ အမှုကြီးများ မည်သို့လျှင် များပြားစွာ ဖြစ်ပွားနိုင်ပါမည်နည်း ။
သို့သော်လည်း ခရိုင်ဝန်ရှန်လင်က ထိုသို့ပြောကြားလာသောအခါ လူတိုင်းက “အချင်းချင်း မြှောက်ပင့်ပေးခြင်း” မူဝါဒအတိုင်း လိုက်နာကြပြီး “ဒီခရိုင်ရဲ့ တရားဥပဒေစိုးမိုးရေး ကောင်းမွန်တာဟာ အရှင်ရဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုကြောင့်ပါ၊ ဒေသခံပြည်သူတွေကလည်း အရှင်မင်းကြီးကို တစ်ခဲနက် ချီးကျူးနေကြပါတယ်” ဆိုပြီးပြန်လည်မြှောက်ပင့်ကြ၏ ။
မူလက ပုံမှန်အတိုင်း မြှောက်ပင့်စကား အနည်းငယ်ပြောရုံဖြင့် လုံလောက်ပြီဟု ထင်မှတ်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ခရိုင်ဝန်ရှန်လင်က အကြောင်းအရာကို ပြောင်းလဲကာ အရေးကြီးကိစ္စတစ်ခုကို တင်ပြလာ၏ ။
“ဒီခရိုင်ရဲ့ တရားဥပဒေစိုးမိုးရေးက အမြဲတမ်းကောင်းမွန်နေပေမဲ့ နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရပါမယ် ။ စစ်ဆေးရေးမှူး တစ်ယောက် ခန့်အပ်ဖို့အတွက် ခရိုင်နဲ့ ပြည်နယ်အဆင့်က တရားဝင် အမိန့်စာတွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်”
စစ်ဆေးရေးမှူး ဆိုသည်မှာ ယခင်က ခရိုင်လက်ထောက်အရာရှိနှင့် အလားသဏ္ဌာန်တူပြီး အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရသည် ။
တစ်ချိန်တည်းမှာပင် သူသည် ဒေသန္တရအဆင့်၌ အမြင့်ဆုံး “စစ်ဘက်ဆိုင်ရာ အရာရှိ” လည်း ဖြစ်၏။ သူသည် ခရိုင်ရုံးတော်၏ တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် လေးသည်တော် ငါးဆယ်ကို ကွပ်ကဲပိုင်ခွင့် ရှိသည် ။
ဟုန်ဝူ ၁၃ နှစ်မြောက်တွင် ခရိုင်လက်ထောက် ရာထူးကို ဖျက်သိမ်းပြီးနောက်ပိုင်း အင်ပါယာနန်းတွင်းက စစ်ဆေးရေးမှူး စနစ်ကို ပြဋ္ဌာန်းခဲ့သော်လည်း ဒေသန္တရအဆင့်တွင် အကောင်အထည်ဖော်ရန် နှေးကွေးနေခဲ့၏။ အဓိက အကြောင်းရင်းမှာ ၎င်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ပင် ဖြစ်သည် ။
အိမ်ထောင်စု အနည်းငယ်သာရှိသော အနိမ့်ဆုံးအဆင့် ခရိုင်မြို့လေးတစ်ခုအနေဖြင့် ခြေလျင်လေးသည်တော် ငါးဆယ်ကို အခကြေးငွေ မပေးနိုင်သလို စစ်ဆေးရေးမှူး တစ်ဦးခန့်ထားရန်လည်း မလိုအပ်ပေ။
ယခုအခါ အထက်အဆင့်မှ တရားဝင်စာ ထွက်လာပြီဖြစ်သဖြင့် ၎င်းတို့အနေဖြင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်ရတော့မည် ဖြစ်သည်။
“ညီအစ်ကို ကျန်းစစ်က အရည်အချင်းရှိပြီး တာဝန်ကျေပွန်သူ ဖြစ်တယ် ။ ကျွန်ုပ်အနေနဲ့ သူ့ကို ဒီခရိုင်ရဲ့ ပထမဆုံး စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ဖို့ အဆိုပြုချင်ပါတယ် ။ သင်တို့ရော ဘယ်လိုထင်ကြသလဲ”
ခရိုင်ဝန်ရှန်းကိုယ်တိုင် အဆိုပြုနေမှတော့ မည်သူက ကန့်ကွက်ရဲပါမည်နည်း ။ ထို့အပြင်ကျန်းစစ်ကောသည် ရုံးတော်တွင် လူချစ်လူခင် ပေါများသူဖြစ်သဖြင့် သူ့ကိုသာ လုပ်ခိုင်းလိုက်ကြသည်။
ဤရာထူးခန့်အပ်မှုကို ကြားလိုက်ရသောအခါကျန်းစစ်ကောမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေပြီး ကျေးဇူးတင်စကားဆိုလိုက်၏။
“အရှင်ရှန်ရဲ့ မြှောက်စားမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
စစ်ဆေးရေးမှူးသည် အမြဲတမ်း အရာရှိရာထူး မဟုတ်ဘဲ သတ်မှတ်ထားသော အဆင့်အတန်းလည်း မရှိပေ ။ ယေဘုယျအားဖြင့် အဆင့် ၈ နှင့် အဆင့် ၉ ကြားတွင်သာ ရှိ၏။
ဤခရိုင်မှာ အနိမ့်ဆုံးအဆင့် ခရိုင်ငယ်လေးသာ ဖြစ်သဖြင့် ဤစစ်ဆေးရေးမှူး ရာထူးမှာ အလွန်ဆုံးရှိလှ အဆင့် ၉ သာ ဖြစ်လိမ့် ပေမည် ။
အရာရှိအဆင့်မှာ အနိမ့်ဆုံး ဖြစ်နေသော်လည်း ၎င်းမှာ ကြီးမားသော အဓိပ္ပာယ် ရှိသည် ။ ခရိုင်ရုံးတော်အတွင်းရှိ အမှုထမ်းများနှင့် ဝန်ထမ်းအများအပြားမှာ အချိန်မရွေး အလုပ်ပြုတ်ပြီး အိမ်ပြန်ကာ ကလေးထိန်းရနိုင်သည့် “ယာယီဝန်ထမ်းများ” သာ ဖြစ်ကြ၏။
ခရိုင်ဝန်၊ ခရိုင်လက်ထောက်နှင့် မှတ်တမ်းအရာရှိတို့သာလျှင် အတည်ပြုခန့်အပ်ထားသော ရာထူးများ ဖြစ်ကြသည် ။
စစ်ဆေးရေးမှူးသည် အဆင့် ၉ ရှိသော နှမ်းစေ့ခန့် အရာရှိလေးသာ ဖြစ်သော်လည်း ဝန်ထမ်းရေးရာဝန်ကြီးဌာန၏ ရွေးချယ်အတည်ပြုမှုကို ရယူရမည် ဖြစ်သည်။
ပုံမှန်လုပ်ထုံးလုပ်နည်းအရ ကျန်းစစ်၏ ရာထူးခန့်အပ်မှုမှာ အဆင့်ဆင့် အတည်ပြုချက် ရယူရန် လိုအပ်သေးသော်လည်း အဆိုပြုခံရပြီးလျှင် အတည်ဖြစ်သလောက် ရှိနေပြီ ဖြစ်သည် ။
“ကဲ တော်ပြီ၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ အားလုံး လူစုခွဲနိုင်ပါပြီ”
ယနေ့၏ “ပုံမှန်အလုပ်ကိစ္စ အစည်းအဝေး ကို အဆုံးသတ်ပြီးနောက်ခရိုင်ဝန်ရှန်းလင်က အသစ်စက်စက်စစ်ဆေးရေးမှူးကျန်းစစ်ကောအားသီးသန့်ပြောကြားလိုက်၏။
ခဏနေခဲ့ပါဦး၊ ကျွန်ုပ် ဆွေးနွေးစရာ အခြားကိစ္စ ရှိသေးတယ်”
ခရိုင်ဝန်ရှန်လင်က သူ့ကို အလုပ်ကိစ္စ လမ်းညွှန်ချက် အချို့ ပေးလိုသည်ဟု ကျန်းစစ်ကောက ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ခရိုင်ဝန်ရှန်လင်က ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကို စတင်ပြောဆိုလာ၏။
“စစ်ဆေးရေးမှူးကျန်း၊ ပြီးခဲ့တဲ့အကြိမ်က မင်းညွှန်းပေးခဲ့တဲ့ နန်းတွင်းသမားတော် ဝူကျိရှန်းက ငါ့သမီးရဲ့ အသက်ကို ကယ်ပေးခဲ့တယ် ။ ငါ သူ့ကို ကျေးဇူးတင်စကား ပြောဖို့ အခွင့်အရေး မရသေးဘူး”
“ဒါဟာ သခင်မလေးရွန့်ရဲ့ ကံကြမ္မာကြောင့်ပါ ။ ကျွန်ုပ်အနေနဲ့ ဂုဏ်ယူဖို့ မဝံ့ရဲပါဘူး”
“သမားတော် ဝူကျိရှန်းက မင်းရဲ့ အိမ်နီးချင်းဆိုတာ ငါကြားတယ်၊ မင်းတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးကြတာလား”
“ဟုတ်ပါတယ်၊ ဝူကျိရှန်းနဲ့ ကျွန်ုပ်က တော်တော်လေး ခင်မင်ကြပါတယ်”
“အဲဒါဆိုရင်တော့ မင်းဆီကနေ အကူအညီအနည်းငယ် တောင်းချင်တယ်”
“အရှင်ရှန်စေခိုင်းတော်မူပါ၊ ကျွန်ုပ် မီးထဲပဲဖြစ်ဖြစ် ရေထဲပဲဖြစ်ဖြစ် ဆင်းရဲပါတယ်”
“မီးထဲရေထဲ ဆင်းစရာ မလိုပါဘူး” ခရိုင်ဝန်ရှန်လင်က ပြုံးလျက်ပြောလိုက်၏။
“ရွန့်အာက အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီ ။ ဝူကျိရှန်းက စိတ်ထားတည်ငြိမ်ပြီး ရွန့်အာရဲ့ အသက်ကိုလည်း ကယ်ခဲ့တယ်ဆိုတော့ သူတို့နှစ်ယောက်ကို လင်မယားအဖြစ် ပေါင်းဖက်ပေးရင် သာယာလှပတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမှာပါ ။ ဒါပေမဲ့ ကျွန်ုပ်တို့အတွက် အောင်သွယ်လုပ်ပေးမယ့်သူ တစ်ယောက် လိုအပ်နေတယ်”
ဘာ...။ခရိုင်ဝန်ရှန်လင်က သခင်မလေးရွန့်ကို ဝူကျိရှန်းနဲ့ ပေးစားချင်နေတာလား ။
ခရိုင်ဝန်ရှန်လင်က သူ့ကို စစ်ဆေးရေးမှူးအဖြစ် မြှောက်စားချင်နေတာ မဆန်းတော့ပေ၊သူကဒီယုန်မြင်လို့ဒီချုံထွင်တာပဲ့။
ဒါဟာ တကယ့်ကို ကံကောင်းခြင်းတစ်ခုပင်ဖြစ်၏။သခင်မလေးရွန့်မှာ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည် ။ သူမ၏ အသက်မှာ အနည်းငယ် ကြီးနေပြီ ဖြစ်သော်လည်း သူမသည်ခရိုင်ဝန်ရှန်လင်၏ သမီးတော် ဖြစ်သည် ။
ဝူကျိရှန်းသာ သခင်မလေးရွန့်နှင့် လက်ထပ်လိုက်ပါက သူသည် ရုံးတော်တွင် “အဆက်အသွယ်” ရှိသူ ဖြစ်လာမည်ဖြစ်ပြီး ရာထူးတိုးရန်ပင် အခွင့်အလမ်း ရှိသွားမည် ဖြစ်၏။
ဘယ်ဘက်ကကြည့်ကြည့် ဤသည်မှာ အလွန်ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။
ကျန်းစစ်ကောက ရင်ဘတ်ကို တဖြောင်းဖြောင်းထုကာ အတိအကျပင်ကတိပေးလိုက်၏။
“အရှင်ရှန် စိတ်ချပါ၊ ဒီကိစ္စကို ကျွန်ုပ် အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်”
ရုံးတော်မှ ထွက်လာပြီးနောက် ကျန်းစစ် ကောမှာ အိမ်သို့ပင် မပြန်တော့ဘဲ ဝူကျိရှန်းထံ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည် ။
ကျန်းစစ်ကောမှာ ပင်ကိုယ်ကပင်ပွင့်လင်းသူဖြစ်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလေ့မရှိသဖြင့် တိုက်ရိုက်ပင် ပြောချင်ရာကို ပြောချလိုက်၏။
“ညီအစ်ကို ဝူကျိရှန်း၊ မင်းအတွက် ကြိုတင်ဂုဏ်ပြုပါတယ်”
ဂုဏ်ပြုတာလား။ဘာအတွက် ဂုဏ်ပြုတာလဲ ။ဝူကျိရှန်းမှာအကြောင်းရင်းမသိရဘဲကျန်းစစ်ကောအားအံ့အားသင့်စွကြည့်နေ၏။
“မင်းရဲ့ ဘဝတစ်သက်တာ ကိစ္စအတွက်ပေါ့”
“အစ်ကိုစစ်ရဲ့ ဂုဏ်ပြုစကားက နည်းနည်း စောနေပါသေးတယ် ။ ကျွန်ုပ် ဒီနေ့ လူတွေ့တောင် မသွားရသေးပါဘူး”
မရီးစစ်က ဝူကျိရှန်းကို အောင်သွယ်လုပ်ပေးထားသော မိန်းကလေးမှာ ၁၄ နှစ်သာ ရှိသေးသဖြင့် သူ သွားမတွေ့ခဲ့ပေ ။ ဝူကျိရှန်းက ကျန်းစစ် ထိုကိစ္စကို ပြောနေသည်ဟု ထင်မှတ်နေ၏။
“မသွားတာ ကောင်းတယ် ။ ငါက မင်းအတွက် တခြားတစ်ယောက် ရှာထားပြီးပြီ”
“ဆယ်ကျော်သက် မိန်းကလေးတော့ မဟုတ်ပြန်ဘူးမလား”
“လုံးဝ မဟုတ်ဘူး ။ အခုပြောတဲ့ အမျိုးသမီးက မင်းနဲ့ အသက်ချင်းလည်း တူတယ်၊ မိသားစု နောက်ခံကလည်း ကောင်းတယ်”
ကျန်းစစ်ကော ဇနီးမောင်နှံက သူ့အတွက် အမြဲတမ်း အောင်သွယ်လုပ်ပေးနေသည်မှာ ဝူကျိရှန်းကို စိတ်ထိခိုက်စေ၏။
“အစ်ကိုစစ်နဲ့ မရီးတို့က ကျွန်ုပ်ရဲ့ ဘဝအတွက် အမြဲတမ်း စိတ်ပူပေးနေကြတယ် ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျေးဇူးတင်ရမှာပါ ။ ဒါနဲ့ အစ်ကိုစစ်က ဘယ်မိသားစုက သမီးပျိုကို ရှာထားပေးတာလဲ”
“တကယ်တော့ မင်းလည်း သိပါတယ်”
ကျန်းစစ်ကောက သခင်မလေးရွန့်၏ အမည်ကို ပြောတော့မည့်ဆဲဆဲမှာပင် ထိုခဏ၌ မြောက်ဘက်ကောင်းကင်ယံမှာ ရုတ်တရက် လင်းထိန်သွားပြီးနောက် ရဲရဲနီသော အလင်းတန်းများ ပေါ်ထွက်လာ၏။
ကျန်းစစ်ကော၏ မျက်နှာမှာ ချက်ချင်း ထိတ်လန့်တကြားဖြစ်သွား၏ ။ သူသည် ဗီဇအရ မတ်တတ်ရပ်လိုက်ပြီး မြောက်ဘက်ရှိ မီးရောင်များကို ကြည့်ကာ ငေးကနဲ ဖြစ်သွားသည် ။
ဒါဟာ တောင်ကြားလမ်းက လွှတ်လိုက်တဲ့ အချက်ပေးမီးပဲ့။
မြို့ငယ်လေး၏ မြောက်ဘက်တွင် မဟာတံတိုင်း၏ တောင်ကြားလမ်းတစ်ခု ရှိသည် ။ တောင်ကြားလမ်းပေါ်ရှိ မီးပြတောင်များမှာ မီးများတောက်လောင်နေပြီဖြစ်ပြီး တစ်ခုပြီးတစ်ခု ကူးစက်လောင်ကျွမ်းနေကာ ကောင်းကင်တစ်ဝက်ကို နီရဲသွားစေခြင်းဖြစ်သည် ။
အနီးနားရှိ ရွာသားများလည်း အဝေးမှ အချက်ပေးမီးများကို သတိပြုမိသွားကြပြီး အိမ်ခေါင်မိုးပေါ် တက်ကာ လှမ်းကြည့်နေကြ၏။
တစ်ချိန်တည်းမှာပင် အရှေ့မြောက်ဘက်ရှိ မီးပြတောင် အချို့မှာလည်း ရဲရဲနီသော မီးတောက်များ ပေါ်ထွက်လာပြီး မီးနဂါးနှစ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ် သတင်းစကားကို သယ်ဆောင်လာပေသည် ။
လူများက ထိတ်လန့်တကြား တီးတိုး ပြောနေကြစဉ်မှာပင် မြို့၏ မြောက်ဘက် တောင်ကုန်းပေါ်ရှိ နောက်ဆုံး မီးပြတောင်မှာလည်း မီးတောက်လောင်လာ၏ ။
တောင်ကြားလမ်းရှိ အချက်ပေးမီးများမှာ သတိပေးချက်မျှသာ ဖြစ်သော်လည်း မြို့မြောက်ဘက်ရှိ အချက်ပေးမီးမှာမူ အတည်ပြုချက်ပင် ဖြစ်သည် ။ တာတာစစ်သည်တွေ ရောက်လာကြပြီ ။`
----++---------
အခန်း ၂၂ - ဝသော မိန်းမစိုး
ဝေးလံသောနေရာမှ မီးပြတောင် အချက်ပေးမီးများက ဘာကို ဆိုလိုသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်ကြသည် ။ ၎င်းမှာ မုန်တိုင်းလာတော့မည်ကို ကြိုတင်သိရှိသော ပုရွက်ဆိတ်များကဲ့သို့ပင် စစ်ဘေးဒုက္ခကို ခုခံရန် ဗီဇအရ စတင်ပြင်ဆင်ကြ၏။
အဘိုးအိုတန်မှာ စစ်ပွဲအချို့ကို ကြုံဖူးပြီးသူဖြစ်သဖြင့် အတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်သည် ။ သူသည် အိမ်ရှိ ဆန်နှင့် စပါးများကို ဝှက်ပြီးနောက် ကျောက်ကြိတ်ဆုံကိုပင် မြေအောက်ခန်းထဲသို့ ရွှေ့ရန်ကြံစည်နေ၏။
“ငါ့ဘဝတစ်လျှောက်လုံး ဒီကျောက်ကြိတ်ဆုံကို သုံးလာတာ ။ ဒါကို တာတာတွေ လက်ထဲ အရောက်မခံနိုင်ဘူး ။ မြေအောက်ခန်းထဲမှာ ဝှက်ထားမှပဲ ငါ စိတ်အေးရမှာ”
လေးလံသော ကျောက်ကြိတ်ဆုံမှာ ပေါင်ရာချီ အလေးချိန်ရှိ၏ ။ ရန်သူက မြို့ထဲသို့ အမှန်တကယ် ချိုးဖောက်ဝင်ရောက်လာလျှင်တောင် ဤကဲ့သို့ အရာမျိုးကို ခိုးယူသွားရန် မဖြစ်နိုင်ချေ ။
“ဒါတော့ မသေချာဘူး ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တာတာတွေ လာတုန်းက နောက်ဘက်လမ်းက အဖိုးကြီးလျူရဲ့ ခေါင်းတောင်ကိုတောင် ခိုးသွားကြတာ ။ ငါ့ကျောက်ကြိတ်ဆုံကိုလည်း ခိုးသွားနိုင်တယ်”
အဘိုးအိုတန်က စိုးရိမ်တကြီး ပြော၏။
“တာတာတွေ ဒါကို ယူသွားရင် နောင်မှာ တို့တွေ ဘယ်လိုလုပ် တို့ဖူးလုပ်တော့မလဲ ။ မြေအောက်ခန်းထဲမှာ ဝှက်ထားတာကမှ ပိုစိတ်ချရမယ်"
ထိုသို့ဖြင့် အဘိုးအိုတန်နှင့် သားဖြစ်သူတို့သည် လေးလံသော ကျောက်ကြိတ်ဆုံကို မြေအောက်ခန်းထဲသို့ ပင်ပင်ပန်းပန်း ဝှက်လိုက်ကြ၏။ သူတို့ အမောဖြေရန် ပြင်ဆင်နေစဉ်မှာပင် ရုံးတော်မှ အမှုထမ်းများက မောင်းထုကာ လမ်းတကာလှည့်၍ အော်ဟစ်နေကြပြီ ဖြစ်သည် ။
“တာတာတွေ ကျူးကျော်လာပြီ ။ အရပ်သားနဲ့ စစ်သည်တွေ မြို့ကို ကာကွယ်ဖို့ ပူးပေါင်းကြပါ”
“အသက် တစ်ဆယ့်လေးနှစ်ကနေ ခြောက်ဆယ်ကြားရှိတဲ့ အမျိုးသားအားလုံး တာဝန်ယူဖို့ မြို့ရိုးပေါ်ကို လာကြပါ”
ဒါဟာ စစ်မဖြစ်မီ လူအင်အား စုဆောင်းခြင်း ဖြစ်သည် ။စစ်ပွဲက နီးကပ်နေပြီ ဖြစ်သဖြင့် မြို့ထဲရှိ ကျန်းမာသန်စွမ်းသော အမျိုးသားအားလုံးတွင် ရန်သူကို ခုခံရန်နှင့် မြို့ကို ကာကွယ်ရန် တာဝန်ရှိ ပေသည် ။
ဝူကျိရှန်းသည် အိမ်မှ အမြန်ထွက်လာပြီး အိမ်နီးချင်းများနှင့်အတူ ရမြို့ရိုးပေါ်သို့ တက်ခဲ့ကြ၏။
ခရိုင်ဝန် ရှန်လင်မှာ စာပေပညာရှင် တစ်ဦးသာ ဖြစ်သည် ။ သူ၏ ကျွမ်းကျင်မှုမှာ နန်းတွင်းကို ဝေဖန်ခြင်းနှင့် လက်ရှိ အခြေအနေများကို အကျယ်တဝင့် ပြစ်တင်ရှုတ်ချခြင်းသာ ဖြစ်ပြီး တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင်မူ သူ၏ တတ်စွမ်းနိုင်မှု အပြင်ဘက်တွင် ရှိနေသည် ။
ရန်သူ၏ အရိပ်အယောင်ကို မမြင်ရသေးသော်လည်း ခရိုင်ဝန်ရှန်လင်မှာ ပူပြင်းသော အိုးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ ပျာယာခတ်နေကာ
“စစ်ကူတွေ ဘယ်တော့ ရောက်မလဲ”
မေးခွန်းတစ်ခုတည်းကိုပင် ထပ်တလဲလဲ မေး နေ၏။
ရုံးတော်ရှိ အမှုထမ်းများနှင့် ရဲမက်များ လောက်တည်းနှင့်မြို့ကို ကာကွယ်ရန် မဖြစ်နိုင်ပေ။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယွန်းချွမ်းတပ်စခန်းမှ စစ်ကူများရောက်လာရန်သာ ဖြစ်သည် ။
ယွန်းချွမ်းတပ်စခန်းသည် မြို့၏ အနောက်ဘက် မိုင်နှစ်ဆယ်ခန့်တွင် တည်ရှိပြီး အထူးလေ့ကျင့်ထားသော နယ်ခြားစောင့်တပ် ဖြစ်သည်။
“အရှင်ရှန်၊ စိုးရိမ်စရာ မလိုပါဘူး ။ လူလွှတ်ပြီး အကြောင်းကြားထားပြီ ဖြစ်ပါတယ်”
“စစ်ကူတွေ မကြာခင် ရောက်လာမှာ ဖြစ်ပါတယ်”
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် လူများ၏ စိုးရိမ်တကြီး စောင့်ဆိုင်းမှုကြားတွင် စစ်ကူများ ရောက်ရှိလာကြသည်။
စစ်တပ်ကို ဦးဆောင်လာသူမှာ အထိန်း တော်ကြတစ်ဦး ဖြစ်လိမ့်မည်ဟု ဝူကျိရှန်း တစ်ခါမှ အိမ်မက်မမက်ဖူးပေ ။သူ့အတွက် အထိန်း တော်တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အသေအချာ ကြည့်လိုက်ကြည့်မိ၏ ။ ထို့နောက်သူသည် ကျန်းစစ် ကော၏ တံတောင်ကို ပုတ်ကာ တိုးတိုးလေး မေးလိုက်၏။
“စစ်တပ်ကို ဦးဆောင်လာတဲ့သူက ကြံ့ခိုင်တဲ့ စစ်ဗိုလ်ချုပ် ဖြစ်ရမှာ မဟုတ်ဘူးလား၊ ဘာလို့ အထိန်းတော်ဖြစ်နေတာလဲ”
ကျန်းစစ် ကောကတိုးတိုးလေးရှင်းပြ၏။
“ဒီအထိန်းတော်ကြီး ကောင်းဖူက ယွန်းချွမ်းတပ်စခန်းရဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးမှူး လေ။ သူက မင်းသားရဲ့ ရှေ့မှောက်မှာ မျက်နှာသာပေးခံရသူဖြစ်ပြီး အာဏာကလည်း အလွန်ကြီးမားတယ်"
ဝူကျိရှန်း၏ စိတ်ထဲတွင် အထိန်းတော်ဆိုသည်မှာ နန်းတော်ထဲမှာပဲ ရှိသည်ဟု ထင်မှတ်ထား ပေသည်။မင်မင်းဆက်တစ်လျှောက်လုံးတွင် မင်းသားများ၏ အနီး၌ နန်းတွင်းမှ ခန့်အပ်ထားသော အထိန်း တော်အုပ်စုများ အမြဲရှိနေ ပေသည် ။ အထိန်းတော်တစ်ဦးက စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးမှူးအဖြစ် တာဝန်ယူခြင်းမှာ ပုံမှန်ပင် ဖြစ်သည် ။
အထူးသဖြင့် မင်မင်းဆက်တွင် ဟုန်ဝူဧကရာဇ် ကျူယွမ်ကျန်းမှသည် ချုံကျန်းဧကရာဇ်အထိ အထိန်းတော်များ စစ်ဘက်ရာထူး ယူခြင်းမှာ မထူးဆန်းပေ ။
ဤအထိန်းတော်ကြီး ကောင်းဖူမှာ အသက် ငါးဆယ်ခန့် ရှိပြီး ဦးခေါင်းကြီးကာ နားရွက်များလည်း ကြီးမား၏ ။ အဆီပြန်သော မျက်နှာထားရှိပြီး မောက်မာသော လက္ခဏာ ဆောင်နေသည် ။
“ခရိုင်ဝန်ရှန်၊ ငါတို့ ယွန်းချွမ်းတပ်စခန်းက ညီအစ်ကို ထောင်ပေါင်းများစွာဟာ မင်းကို ကူညီဖို့ ဖိနပ်တွေတောင် ပေါက်ပြဲတဲ့အထိ အပြေးအလွှား လာခဲ့ကြတာ ။ မင်းအနေနဲ့ အသိအမှတ်ပြုမှု တစ်ခုခုတော့ ပြရမယ် မဟုတ်လား”
စစ်ကူများ ရောက်ရှိလာသည်နှင့် ရန်သူ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးမီမှာပင် သူတို့က အခွင့်အရေး များကို ဗြောင်ကျကျ တောင်းဆိုတော့သည် ။ ခရိုင်ဝန်ရှန်လင်မှာဘာမှ မတတ်နိုင်ပေ ။
နယ်မြေကို ကာကွယ်ပြီး ပြည်သူကို ငြိမ်းချမ်းစေခြင်းမှာ စစ်သားတို့၏ တာဝန်ဖြစ်သော်လည်း ၎င်းမှာ နားဝင်ချိုရုံသာ ပြောသော စကားဖြစ်သည် ။ စစ်သားများ အသက်ပေး တိုက်ခိုက်စေရန်အတွက် အကျိုးခံစားခွင့်များ အမြဲပေးရသည် ။ စစ်ချီခွင့်၊ ဒေသတွင်း တပ်စွဲခွင့်နှင့်တိုက်ပွဲအောင်မြင်မှု ဆုလာဘ်များအတွက်ငွေလိုအပ်၏ ။
အရာရာတိုင်းအတွက် ငွေလိုအပ်ခြင်းမှာ မင်းဆက်အဆက်ဆက်က လက်ခံလာခဲ့သော မရေးသားထားသည့် စည်းမျဉ်းတစ်ခု ဖြစ် ပေသည်။
ခရိုင်ဝန် ရှန်လင်သည်လည်း ဤ စည်းမျဉ်း ကို သိသည် ။ သူက အမြန်ပင် လျှောက်တင်လိုက်၏။
"ဒီခရိုင်လေးက ဆင်းရဲပြီး ဘဏ္ဍာတိုက်ကလည်း အလွတ်ဖြစ်နေပါတယ် ။ အခွန်တောင် မကောက်နိုင်ပါဘူး ။ ကျွန်ုပ်ကို ဖြေရှင်းနည်းတစ်ခု စဉ်းစားခွင့်ပေးပါ ။ နောင်မှာ မိန်းမစိုးကောင်းကို စိတ်ရင်းမှန်နဲ့ ကျေးဇူးဆပ်မှာ ဖြစ်ပါတယ်”
“ငါ့အတွက် ဝေစုကိုတော့ မင်း ချန်ထားလို့ ရပါတယ်”
“ဒါပေမဲ့ ငါ့လက်အောက်က ညီအစ်ကို ထောင်ပေါင်းများစွာဟာ အသက်ကို ရင်းပြီး တိုက်မယ့်သူတွေ ဖြစ်တယ် ။ လက်တွေ့ကျတဲ့ အကျိုးခံစားခွင့် မရှိဘဲ သူတို့ ဘယ်လိုလုပ် စိတ်အေးလက်အေး တိုက်ပွဲဝင်နိုင်ပါ့မလဲ”
“ဒါပေမဲ့... ကျွန်ုပ်ဆီမှာ တကယ်ပဲ့ ငွေမရှိပါဘူး”
“မင်းမှာ ငွေရှိမရှိဆိုတာ မင်းကိစ္စပဲ ။ စစ်ဘက်စစ်ဆေးရေးမှူးအနေနဲ့ ငါ့ညီအစ်ကိုတွေကို လက်ဗလာနဲ့တော့ စစ်တိုက်ခိုင်းလို့ မရဘူး မဟုတ်လား”
အထိန်းတော်ကြီး ကောင်းဖူနှင့် ခရိုင်ဝန် ရှန်လင်တို့ စကားများနေစဉ်မှာပင် ဘေးရှိ စစ်အရာရှိကတိုးတိုးလေးသတိ ပေးလိုက်သည်။
“စစ်ပွဲက နီးနေပြီဖြစ်လို့ စစ်အင်အားကို အမြန်ဆုံး ဖြန့်ကျက်သင့်ပါတယ်”
“ငါ မိတ်ဆက်ပေးဖို့ မေ့သွားတယ်”
အထိန်းတော်ကြီးကောင်းက စစ်အရာရှိကို ညွှန်ပြလျက် ပြောလိုက်၏။
“ဒီတပ်မှူးချန်ဟာ မင်းသားက မကြာသေးခင်ကမှ ရာထူးတိုးပေးလိုက်တဲ့ သူရဲကောင်းဖြစ်ပြီး ယွန်းချွမ်းတပ်စခန်းကို ထောင်စုမှူးအဖြစ် ပြောင်းရွှေ့လာတာ ဖြစ်တယ်”
“တပ်မှူးချန်ဟာ တိုက်ပွဲပေါင်း ရာချီ ဆင်နွှဲခဲ့သူဖြစ်ပြီး မင်းသားရဲ့ အလေးပေးခြင်းကို အမြဲခံရသူ ဖြစ်တယ် ။ သူ ဒီမှာ ရှိနေသရွေ့ တာတာတွေဟာ လာရုံပဲ ရှိမယ်၊ ပြန်ရမှာ မဟုတ်ဘူး”
မြှောက်ပင့်ခြင်း ပြောဆိုမှုများကို တပ်မှူးချန်မှာ စိတ်မရှည်တော့ဘဲ
“အထိန်းတော်ကောင်း၊ ရန်သူတွေက ပေါ့ပေါ့ပါးပါးနဲ့ ချီတက်လာနေတာ ဖြစ်လို့ မြို့တံခါးကို မကြာခင် ရောက်လာမှာ သေချာပါတယ် ။ ကျွန်ုပ်တို့ ခုခံရေးကို စောစောပြင်ဆင်သင့်ပါတယ်”
အထိန်းတော်ကြီး ကောင်းဖူသည် သူ၏ တာဝန်ကို အခုမှ သတိရသကဲ့သို့ အေးအေးဆေးဆေးပင် ပြောလိုက်၏။
“တိုက်ခိုက်တာက မင်းအလုပ်ပဲ့၊ မင်း အဆင်ပြေသလို လုပ်ပါ ။ ငါကတော့ ခရိုင်ဝန်ရှန်နဲ့ သေသေချာချာ ဆွေးနွေးရဦးမယ် ။ ငါတို့ ညီအစ်ကိုတွေကို နစ်နာအောင် လုပ်လို့ မရဘူး"
ထိုစကားကို ကြားသောအခါ တပ်မှူးချန်သည် မြို့၏ ခုခံရေးကို ချက်ချင်း ပငါစတင်စီမံတော့သည်။
“ဒေသခံ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံး ငါ့အမိန့်ကို နားထောင်ကြ ။ မြို့ရိုးအနီးမှာရှိတဲ့ အရပ်သား အိမ်အားလုံးကို ချက်ချင်း ဖျက်ဆီးပစ်ကြ”
“ဖယ်ရှားလိုက်တဲ့ အုတ်တွေ၊ ကြွေပြားတွေနဲ့ သစ်သားတိုင်တွေကို မြို့ရိုးကို ခိုင်ခံ့အောင် လုပ်တဲ့နေရာမှာ သုံးမယ် ။ တစ်ချိန်တည်းမှာပဲ မြို့အပြင်ဘက်က နေထိုင်သူအားလုံးကို စစ်ဘေးရှောင်ဖို့ မြို့ထဲကို ရွှေ့ပြောင်းပေးရမယ်”
“မြို့အပြင်ဘက်က သစ်တောတွေနဲ့ အပင်အားလုံးကို မီးရှို့ပစ်ရမယ်၊ တာတာတွေအတွက် အသုံးဝင်မယ့်အရာ တစ်ခုမှ မကျန်စေရဘူး”
အမိန့်များကို စနစ်တကျ ထုတ်ပြန်နေပြီး တပ်မှူးတစ်ဦး၏ ကျွမ်းကျင်မှုကို နေရာတိုင်းတွင် ပြသနေ ပေသည် ။
“အဖွဲ့ (က) နဲ့ (ခ)၊ ဒူးလေးတွေကို ပြင်ထားကြ”
“ပြီးတော့ ကြေးအမြောက် နှစ်လက်ကို ဆွဲတင်ဖို့ လူအင်အား ထပ်ခေါ်လိုက်”
ဝူကျိရှန်း၊ ကျန်းစစ်ကောနှင့် အခြားသူများသည် အမြောက်နှစ်လက်ကို မြို့ရိုးပေါ်သို့ အားစိုက်၍ တွန်းတင်လိုက်ကြ၏။ဤခုနစ်ပိဿာ ရှစ်ပိဿာခန့်လေးသော ကြေးအမြောက်များမှာ ဟောင်းနွမ်းနေသော်လည်း မြို့ကို ကာကွယ်ရန် အစွမ်းထက်သော ကိရိယာများ ဖြစ်ကြသည် ။ ၎င်းတို့၏ မည်းနက်သော ရုပ်သွင်မှာ အထင်ကြီးစရာ ကောင်းလှပြီး မြို့ရိုးပေါ်တွင် ထားရှိရုံဖြင့်ပင် လူများကို စိတ်အေးစေ၏ ။
“ကျည်ဖြည့် ပထမဆုံး စမ်းသပ်ပစ်ခတ်မယ်”
ကြေးအမြောက်၏ ဟိန်းသံမှာ နားကွဲလုမတတ် ကျယ်လောင်လှပြီး မြို့တံခါး မျှော်စင်ကို အနည်းငယ် တုန်ခါသွားစေ၏။
တပ်မှူးချန်သည် အမြောက်ကျည် ကျရောက်ရာနေရာကို အဝေးမှ တိုင်းတာပြီး ကျွမ်းကျင်စွာ ချက်ချင်း ပြင်ဆင်လိုက်သည် ။
“အကွာအဝေးက တိုလွန်းတယ် ။ အမြောက်ပြောင်းကို မြှင့်ပြီး ထပ်စမ်းကြည့်မယ်”
ဝူကျိရှန်းသည် တိုက်ခိုက်ရေးနှင့် ပတ်သက်၍ ဘာမှ မသိသော်လည်း ဤတပ်မှူးချန်မှာ တိုက်ပွဲ အတွေ့အကြုံ အလွန်များပြားပြီး စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှု အလွန်မြင့်မားကြောင်း သိလိုက်သည် ။ သူသည် တကယ့် စစ်သားကောင်းတစ်ဦး ဖြစ်သည် ။
တောက်ပသော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော တပ်သားများနှင့် အတွေ့အကြုံရှိသော တပ်မှူးချန်ကို မြင်ရသဖြင့် ဝူကျိရှန်းသည် နီးကပ်လာသော တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ရန်ပိုမိုအားတက်လာမိ ပေသည်။`
—------