← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း ၂၇ - သံမဏိလူသား

ယခင်တိုက်ပွဲတွင် မင်စစ်တပ်သည် မွန်ဂိုစစ်အလံကိုပင် သိမ်းပိုက်နိုင်သည်အထိ ပြောင်မြောက်သော ရလဒ်များ ရရှိခဲ့သော်လည်း တပ်မှူးချန် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်းမှာ စိတ်ဓာတ်ရေးရာအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ခဲ့ရသည် ။

သေလုမြောပါး ဖြစ်နေသော တပ်မှူးချန်သည် စစ်မြေပြင်တွင် အားအင်အပြည့်ဖြင့် ပေါ်လာ သောအခါ စစ်သည်များ၏ စိတ်ဓာတ်မှာ ချက်ချင်း မြင့်တက်သွားပြီး မင်စစ်တပ်သည် စုပေါင်းအင်အားဖြင့် ရန်သူများကို မြို့ရိုးပေါ်မှ မောင်းထုတ်နိုင်ခဲ့ကာ အခြေအနေကို ခေတ္တ ထိန်းသိမ်းနိုင်ခဲ့၏။

သို့သော် ဝူကဖိရှန်းမှာမူ မှင်သက်မိနေသည်။သာမန်အခြေအနေတွင် ဦးခေါင်းခွံခွဲစိတ်မှု ခံယူထားသော လူနာတစ်ဦးသည် အနည်းဆုံး ခုနစ်ရက်ခန့် အိပ်ရာထဲတွင် အနားယူရန် လိုအပ်၏။ အခြေအနေ ပြင်းထန်ပါက တစ်လခန့် ဆက်လက်ကုသမှု ခံယူရန် လိုအပ်ပြီး အပြည့်အဝ နာလန်ထူရန်မှာ ပို၍ပင် အချိန်ပေးရသည် ။

သို့သော် ဤတပ်မှူးချန်မှာမူ နိုးလာသည်နှင့် စစ်မြေပြင်သို့ ချက်ချင်း ဆင်းသွားခြင်း ဖြစ်သည် ။သူသည် ဒဏ္ဍာရီလာ သံမဏိစိတ်ဓာတ်ရှိသော စစ်သည်တော်တစ်ဦး ဖြစ်သည်။

ရန်သူများ ဆုတ်ခွာသွားပြီး စစ်မြေပြင်ကို ရှင်းလင်းနေချိန် အခွင့်ကောင်းယူကာ ဝူကျိရှန်းသည် အပြေးအလွှား သွားလိုက်သည် ။

"တပ်မှူးချန် ၊ ခင်ဗျား ခုလေးတင် ခွဲစိတ်ထားတာပါ ။ ကောင်းကောင်း အနားယူသင့်ပါတယ် ။ မသင့်တော်ပါဘူး..."

"စစ်သားတစ်ယောက်ဟာ နိုင်ငံအတွက် ကိုယ်ကိုနှင်းရမယ် ။ စစ်ပွဲက အရေးကြီးနေတာ ၊ ဘယ်လိုလုပ် ဖြည်းဖြည်းချင်း အနားယူနေနိုင်မှာလဲ"

သူ၏ စကားများမှာ မြင့်မြတ်ပြီး ရဲရင့်လှသည် ၊ သို့သော် သူသည်လည်း‌ သွေးသားနှင့် တည်ဆောက်ထားသော လူသားတစ်ဦးသာ ဖြစ်သည် ။ မည်မျှပင် သံမဏိစိတ်ဓာတ်ရှိသော လူသားဖြစ်ပါစေ နာကျင်မှုကိုကြာရှည်မခံနိုင်ပေ ။

ဝူကျိရှန်းသည် သူ့ကို ပြန်သွားနားရန် ဆက်လက် ဖျောင်းဖျချင်သေးသော်လည်းတပ်မှူးချန်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြပြီးခက်ထန်စွာပြန်မေးလိုက်၏။

"ဒီအခြေအနေမှာ ငါ အနားယူလို့ ရဦးမှာလား"

ဝူကျိရှန်းမှာ ပြန်‌ ပြောစရာစကားမရှိချက်ချင်းဆွံ့အသွားရသည် ။

ရက်စက်လှသော တိုက်ပွဲအတွင်းသူတို့ရှေ့သို့တပ်မှူးချန်သာစိတ်ဓာတ်မြှင့်တင်ရန် အချိန်မီ ပေါ်မလာခဲ့ပါက ဤတိုက်ပွဲ၏ ရလဒ်မှာ ပြောရန် ခက်ခဲသွားပေလိမ့်မည် ။

"မင်းနာမည်က ဝူကျိရှန်း မဟုတ်လား"

"ဟုတ်ပါတယ်"

"ဆေးပညာ ကျွမ်းကျင်မှုက ထူးချွန်တယ်"

အသက်ကို ကယ်တင်ပေးခဲ့သည့်တိုင် တပ်မှူးချန်မှာ ၎င်းကို သာမန်ကိစ္စတစ်ခုကဲ့သို့သာချီးမွမ်းစကားဆိုပြသူ၏ခါးမှ ခါးပတ်ကြီးကို အသာအယာ ဖြုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် ကိုင်၍ ဝူကျိရှန်းကို ကမ်းပေးရင်းလေးနက်စွာပြောလိာက်၏ ။

"ဒီ ကျားပုံဖော်ထားပြီး ကျောက်စိမ်းစီထားတဲ့ ခါးပတ်ဟာ ကျင်းမင်းသားက ချီးမြှင့်ခဲ့တာ ဖြစ်တယ် ။ ငါ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒါကို မင်းကို ပေးတယ်"

လက်ဝါးအကျယ်ခန့်ရှိသော ကျားပုံဖော် ကျောက်စိမ်းစီ ခါးပတ်မှာ အဆင့်အတန်းရှိဟန်ပေါ်သော်လညအလွန်အမင်း တန်ဖိုးကြီးလှသည် မဟုတ်ပေ ၊ ထူးကဲသော စွမ်းဆောင်ရည် ရှိသူများသာ ဤကဲ့သို့ ဆုလာဘ်မျိုး ရရှိကြ၏။

ထိုစဥ်က စစ်သေနာပတိချုပ် ရွှီတွင်မူ ကျူးယွမ်ကျန်း ကိုယ်တိုင် ချီးမြှင့်ခဲ့သော ပို၍ အဆင့်မြင့်သည့် နဂါးပုံဖော် ရွှေနီရောင် ခါးပတ် ရှိခဲ့သည် ။

ဝူကျိရှန်းသည် တပ်မှူးချန်ကို ကြည့်လိုက်ပြီး စွမ်းဆောင်ရည်ကို ကိုယ်စားပြုသော ထိုကျားပုံဖော် ကျောက်စိမ်းစီ ခါးပတ်ကို တိတ်တဆိတ် လက်ခံလိုက်၏။

"စစ်တပ်တစ်ခုလုံး အနားယူမယ် ။ ဒီည သန်းခေါင်ယံမှာ ရန်သူ့စခန်းကို ဝင်တိုက်ဖို့ မြို့ပြင်ကို ထွက်ကြမယ်"

တပ်မှူးချန် ဤသို့ပြောလိုက်သောအခါ ဝူကျိရှန်းသာမက စစ်ပွဲကြီးကြပ်ရေးအရာရှိ အထိန်းတော်ကောင်းပင် မှင်သက်သွားရ၏။

တပ်မှူးချန်သည် ခုလေးတင် ဦးခေါင်းခွံ ခွဲစိတ်ထားရပြီး အနားယူရန် အလွန် လိုအပ်နေသည် ။ စိတ်ဓာတ်မြှင့်တင်ရန် စစ်မြေပြင်သို့ လာခြင်းမှာပင် အလွန်စွန့်စားရာရောက်နေပြီ ဖြစ်သော်လည်း သူက ရန်သူ့စခန်းကို ချုံခိုတိုက်ခိုက်ရန် တပ်များကို ဦးဆောင်ချင်နေသေးသည် ။

စစ်သည်များသည် နိုင်ငံအတွက် ကိုယ်ကိုနှင်းထားသူများ ဖြစ်ကြသော်လည်း ဤသည်မှာ မိမိကိုယ်ကို အလေးမထားလွန်းရာ ရောက်နေ ပေသည် ။

"ညီအစ်ကိုချန် ၊ မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်"

စစ်ပွဲကြီးကြပ်ရေးအရာရှိ အထိန်းတော်ကောင်းသည် တပ်မှူးချန်၏ ဦးခေါင်းဒဏ်ရာ မည်မျှ ပြင်းထန်သည်ကို ကောင်းကောင်း သိသူဖြစ်သည် ။

"မင်း တကယ် တိုက်ခိုက်လို့ မရတော့ဘူး"

"ငါတို့မှာ တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိဘူး"

တပ်မှူးချန်သည် ဆုတ်ခွာသွားသော ရန်သူများကို ကြည့်ကာ ထိုစကားကိုပြောစဉ်သူ၏ မျက်နှာမှာ သံမဏိကဲ့သို့ တည်ကြည်နေ၏။

"ရန်သူက အင်အားကြီးတယ် ။ မနက်ဖြန်ဆိုရင် သူတို့ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာလိမ့်မယ် ။ ဒီအတိုင်း ခုခံနေတာဟာ သေဖို့ စောင့်နေတာနဲ့ အတူတူပဲ"

"ဒီည ရန်သူ့စခန်းကို ချုံခိုတိုက်မှသာ ငါတို့ရဲ့ စစ်အင်အားကို ပြသနိုင်ပြီး ရန်သူကို မြို့ကို မဆင်မခြင် မတိုက်နိုင်အောင် တားဆီးနိုင်လိမ့်မယ်"

တပ်မှူးချန်သည် ပြတ်သား လေးနက်စွာ ထပ်ပြောလိုက်၏။

"တိုက်စစ်ဟာ အကောင်းဆုံး ခံစစ်ပဲ"

တိုက်စစ်မှာ အကောင်းဆုံး ခံစစ်ဖြစ်သည်ကိုထို‌ နေရာရှိလူတိုင်း နားလည်ကြသော်လည်း တပ်မှူးချန်၏ ခန္ဓာကိုယ် အခြေအနေမှာ ရှေ့တန်းထွက်၍တိုက်ခိုက်ရန်မဖြစ်နိုင်သေးပေ။

စစ်ပွဲကြီးကြပ်ရေးအရာရှိ အထိန်း‌ တော်ကောင်းသည် ဝူကျိရှန်းကို မသိမသာဖြင့်တပ်မှူးချန်ကိုဖျောင်းဖျပေးရန် မျှော်လင့်ချက်ဖြင့်လှမ်းကြ ့်လိုက်၏ ။

ဝူကျိရှန်းကအထိန်းတော် ကောင်း၏အကြည့်ကို ချက်ချင်း နားလည်သွားပြီး စကားအချို့ ပြောရန် ရှေ့သို့ တက်လိုက်သော်လည်း တပ်မှူးချန်က လက်ယမ်းပြကာ ရယ်မောလိုက်ရင်း‌ ပြောလိုက်သည်။

"နတ်ဆေးဆရာ ဝူ ၊ မင်းက ငါ့ဦးခေါင်းခွံကို ဖွင့်ပြီး ငါ့အသက်ကို ကယ်နိုင်ခဲ့တယ် ။ ဒီဆေးပညာဟာ တစ်ခါမှ မကြားဖူးတဲ့အရာပဲ ၊ မင်းကို နတ်ဆေးဆရာလို့ ခေါ်တာဟာ ချဲ့ကားပြီး ပြောတာ မဟုတ်ဘူး ။ ဒါပေမဲ့ စစ်တပ်နှစ်ခုကြားက တိုက်ပွဲတွေအကြောင်းကျတော့ မင်း တကယ် နားမလည်ပါဘူး ၊ ဒါကြောင့် ငါ့ကို ထပ်ပြီး ဖျောင်းဖျနေစရာ မလိုတော့ဘူး"

"ဒီလို အံ့ဖွယ် ဆေးပညာတွေနဲ့ မင်း ဒဏ်ရာရ စစ်သည်တွေကို ကုသပေးပြီး အသက်တွေကို ကယ်နိုင်တယ် ။ စစ်တပ်မှာ မင်းလို သမားတော်တစ်ယောက်ကို အရမ်း လိုအပ်နေတာ ။ မြန်မြန်သွားပြီး ဒဏ်ရာရနေတဲ့ ညီအစ်ကိုတွေကို ကုသပေးလိုက်ပါ"

စစ်ဖြစ်နေသော အခြေအနေတွင် လူတိုင်းကို အစွမ်းကုန် အသုံးချရမည်ဖြစ်ပြီး အရင်းအမြစ်များကို အကျိုးရှိဆုံး ဖြစ်အောင် လုပ်ရ ပေမည် ။ အရာအားလုံးသည် နောက်ဆုံး အောင်ပွဲအတွက်သာ ဖြစ်ရမည် ။ ဝူကျိရှန်း၏ သဘောထားကို မေးနေရန် မလိုပေ ၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စစ်မှုထမ်းရန် အမိန့်ဖြစ်ပြီး နာခံရမည် ဖြစ်သောကြောင့် ဖြစ်သည် ။

ဒဏ်ရာရသူများကို ကယ်တင်ခြင်းမှာ သမားတော်၏ တာဝန်ဖြစ်သည် ။ ဒဏ်ရာရ စစ်သည်များကို ကုသရန် စစ်သမား‌ တော်အဖြစ် ခေါ်ယူခြင်းမှာ စစ်ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့်ဘာမှ ပြောစရာ မရှိပေ ။

ဝူကျိရှန်းသည် သူ၏ ဆေးသေတ္တာကို ကောက်ယူကာ နောက်ဆုတ်သွားပြီး ဒဏ်ရာရ စစ်သည်များကို ကုသရန် စစ်သမားတော်များနှင့်အတူ နောက်တန်းစခန်းသို့ တိုက်ရိုက် သွားလိုက်၏ ။

အနောက်ဘက် မိုးကုပ်စက်ဝိုင်းရှိ ကျယ်ပြောလှသည့် သွေးရောင်လွှမ်းနေသော နေဝင်ချိန် တိမ်တိုက်များကို ကြည့်ရင်း တပ်ချန်၏ တည်ကြည်သော မျက်နှာထားမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်၏။

"အထိန်းတော်ကောင်း ၊ ဒီမြို့ကို ဆက်မထိန်းထားနိုင်မှာ ငါ စိုးရိမ်မိတယ်"

အစကတည်းကအထိန်း‌တော်ကောင်းသည် အလောတဆယ် ချထားသော စစ်သည်အနည်းငယ်ဖြင့် ဤခရိုင်မြို့ငယ်‌လေးကို ကာကွယ်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဥ်မှုသက်သက်သာ ဖြစ်ကြောင်းသိထား ပေသည် ။

ကံကောင်းသည်မှာ သူတို့၏ တာဝန်က မြို့ကို ကာကွယ်ရန် မဟုတ်ဘဲ အချိန်ကို တတ်နိုင်သမျှ ဆွဲထားရန်သာ ဖြစ်သည် ။ ခုနစ်ရက်ခန့် ထိန်းထားနိုင်ပါက ကျင်းမင်းသားသည် စစ်ကူတပ်မတော်ကြီးနှင့်အတူ ရောက်လာလိမ့်မည် ။ ထိုအချိန်တွင် လေးဖက်လေးတန် ဝိုင်းရံပြီး အလယ်မှ ဖောက်ထွက်လိုက်ပါက ရန်သူ့တပ်ကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မည် ဖြစ်သည် ။

ကံမကောင်းစွာဖြင့် တိုက်ပွဲမှာ မျှော်လင့်ထားသည်ထက် ပိုမို ခက်ခဲနေ၏။ တစ်ရက်နှင့် တစ်ညသာ ရှိသေးသော်လည်းအထူးတပ်ဖွဲ့မှာ ထိခိုက်ကျဆုံးမှု များပြားနေပြီး ချပ်ဝတ်တန်ဆာများနှင့် ဓားများလည်း ပျက်စီးကုန်ပြီ ဖြစ်သည် ။ ခုနစ်ရက်အထိ ထိန်းထားရန်မှာ မဖြစ်နိုင်သော်လည်းဆက်လက် ခုခံ နေရပေမည် ။စစ်အမိန့်သည် ဖောက်ဖျက်၍ မရပေ ။

မင်စစ်တပ်၏ စစ်သည်များအနေဖြင့် သူတို့သည် စစ်မြေပြင်တွင် သေဆုံးပါကမြင်းရေခွံဖြင့် အလောင်းကို ပတ်ထားနိုင်၏။သို့သော် စစ်အမိန့်ကိုမူ မည်သည့်အခါမျှ ဖောက်ဖျက်၍ရမည် မဟုတ်ပေ ။

"ငါတို့ တတ်နိုင်သလောက် ဆက်ထိန်းထားတာပေါ့

စစ်ကြီးကြပ်ရေးအရာရှိ အထိန်း တော်ကောင်းသည်‌ အေးစက်စွာရယ်မောကာ ပြောဆိုလိုက်သည် ။

"တကယ်လို့ ငါတို့ ဆက်မထိန်းနိုင်တော့ဘဲ တာတာတွေက ငါတို့ ခေါင်းကို ဓားနဲ့ တစ်ချက်တည်း ဖြတ်သွားရင်တောင် ကျင်းမင်းသားအတွက် ထိုက်တန်တယ်လို့ ယူဆလို့ ရပါတယ်"

"ဒီည ချုံခိုတိုက်ခိုက်မှု အောင်မြင်ရင် ရက်အနည်းငယ်လောက် အချိန်ဆွဲနိုင်လိမ့်မယ် ။ တကယ်လို့ ရှုံးနိမ့်သွားရင်တော့ မနက်ဖြန်မှာ ငါတို့ ဆက်ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး ။ လမ်းပေါ် တိုက်ပွဲတွေအတွက် မြန်မြန် ပြင်ဆင်ရလိမ့်မယ်"

ထိုအချိန်တွင် တပ်မှူးချန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အချို့ ပိုမို ပေါ်လာပြီး

"ဒါပေမဲ့ ဒီမြို့ထဲက သောင်းနဲ့ချီတဲ့ သာမန် ပြည်သူတွေဟာ စစ်ပွဲရဲ့ ဘေးဒုက္ခကို ခံစားရမှာက်ိုငါ စိုးရိမ်မိတယ်"

မြို့ရိုး ကျိုးပေါက်သွားသည်နှင့် လမ်းပေါ်တိုက်ပွဲများမှာ ရှောင်လွှဲ၍မရ ဖြစ်လာလိမ့်မည်။ရက်စက်လှသော လမ်းပေါ်တိုက်ပွဲများသည် တိုက်ခိုက်သူနှင့် ခုခံသူ နှစ်ဖက်စလုံးအတွက် ဆိုးရွားသော အိပ်မက်ဆိုးတစ်ခု ဖြစ်လာ‌ ပေလိမ့်မည်။ သို့သော်လည်းမြို့သူမြို့သားများကိုရွေ့ပြောင်းရန်အတွက်မည်သူမျှအမိန့်မပေးနိုင်ပေ။

မင်မင်းဆက်၏ စစ်ဘက်စနစ်အရ ခွင့်ပြုချက်မရှိဘဲ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းမှာ မြို့နှင့် နယ်မြေကို စွန့်ခွာခြင်းနှင့် အတူတူပင် ဖြစ်သည် ။ မှားသည် မှန်သည် အကြောင်းပြချက် ရှိသည် မရှိသည်ကို မကြည့်ဘဲ စစ်ဥပဒေဖြင့် ထိုနေရာမှာပင် ကွပ်မျက်နိုင်သည် ။ ထိုလူကို ခေါင်းဖြတ်ပြီး လူမြင်ကွင်းတွင် ပြသရုံသာမက သူ၏ မျိုးဆက်သုံးဆက်ကိုပါ သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဖြစ်သည် ။

ဤအလွန်အမင်း တင်းကြပ်သော စနစ်သည် ဒေသခံ အရာရှိများကို တိုက်ပွဲအတွင်း ထွက်ပြေးခြင်း မှ ကာကွယ်နိုင်ပြီး သူတို့ကို သေသည်အထိ တိုက်ခိုက်ရန် ဖိအားပေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည် ။

…….

အခန်း ၂၈ စစ်ဘက်ဆိုင်ရာ ဒဏ္ဍာရီ

ဝူကျိရှန်းသည် ကျဆုံးစစ်သည်၏ ရုပ်အလောင်းကို အဝတ်ဖြူတစ်ထည်ဖြင့် ဖုံးအုပ်ပေးလိုက်ပြီးနိုင်ငံတော်အတွက် အသက်ပေးသွားသောစစ်သည်တော်ကို လေးစားစွာအရိုအသေပြုလိုက်၏။

ထိုနှစ်ရက်အတွင်း ဝူကျိရှန်း ကုသပေးခဲ့သော ဒဏ်ရာရစစ်သည် လေးဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်သည် ။သူသည် ထိုသူတို့ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်းဆေးဝါးမလုံလောက်မှုကြောင့်မကယ်နိုင်ခဲ့ ပေ။

ရက်များစွာအပြင်းအထန်တိုက်ခိုက်ခဲ့ရမှုများကြောင့် ဒဏ်ရာရစစ်သည် အရေအတွက်မှာဆက်လက် တိုးပွားလာနေ၏။ မြို့တွင်းရှိ ဆေးဆိုင်များနှင့် ဆေးခန်းများမှ ဆေးဝါးအားလုံးကို သိမ်းယူခဲ့သော်လည်း သမုဒ္ဒရာထဲသို့ ရေတစ်စက် ချသကဲ့သို့သာ ရှိနေ၏။

ယနေ့မွန်းလွဲပိုင်းမှ စတင်၍ အခြေခံအကျဆုံး ဒဏ်ရာလိမ်းဆေးနှင့် သွေးတိတ်ဆေးမှုန့်များပင်မလုံလောက်တော့‌ ပေ။

တန်ဖိုးရှိစစ်သည် လေးဦး၏အသက်ဆုံးရှုံးသွားခဲ့ရသဖြင့် ဝူကျိရှန်းမှာအ‌ တော်ပင်စိတ်ပျက်လက်ပျက်ဖြစ်‌ နေခဲ့သည်။

"ကျွန်တော့်မှာ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ညီအစ်ကိုတစ်ယောက်ရှိတယ် ၊ သူ့အလောင်းကိုတောင် ရှာမတွေ့ခဲ့ဘူး"

ကုသမှုခံယူရန် စောင့်ဆိုင်းနေသော ဘေးနားရှိ စစ်သည်ကြီးကဝူကျိရှန်းအား ပြုံးပြကာနှစ်သိမ့်သည့်ပုံစံဖြင့် ပြောလိုက်သည် ။

"စစ်သားဖြစ်ရတာ ဒီလိုပါပဲ ၊ ဘယ်အချိန်မှာ ကိုယ်သွားရမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး ၊ ရုပ်အလောင်းကို ပြည့်ပြည့်စုံစုံ ပြန်ရတာကိုက အတိတ်ဘဝက ကုသိုလ်တစ်ခုပဲ"

စစ်ပွဲသည် အန္တရာယ်များပြီး မည်သည့်အရာကိုမျှခန့်မှန်း၍မရနိုင်ပေ ။ အသက်သေရမှာကြောက်တဲ့သူတွေက တပ်သားသစ်တွေသာ ဖြစ်ပြီးနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည်ကြီးများမှာမူယင်းကိုအမှုမထားကြတော့‌ပေ။

"ဒီယူနီဖောင်းကို ဝတ်ခဲ့တဲ့နေ့ကစပြီး ဒီ

အသက်က ကိုယ့်အသက်မဟုတ်တော့ဘူး"

သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင် စစ်သည်ကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

"ကျွန်တော်တို့က ဓားသွားပေါ်က သွေးကို လျက်ပြီး အသက်ရှင်နေကြတာ ၊ ဘယ်နေ့မှာ ငရဲပြည်တံခါးဝရှေ့ ရောက်နေမလဲဆိုတာ မသိနိုင်ဘူး ၊ စစ်သားလုပ်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် ငရဲတံခါးဝကိုမကြာခန‌ ရောက်ဖူးတယ်"

စစ်သည်များဖြစ်ကြသည့် ဤတိုက်ခိုက်ရေးသမားများမှာ ရိုးအသူများသာ ဖြစ်ကြသည် ။ သူတို့သည် သစ္စာစောင့်သိမှုအကြောင်းကို အများကြီး နားမလည်ကြသလို ပညာရှိများ၏ သွန်သင်ဆုံးမမှုကိုလည်း မရရှိခဲ့ကြပေ ။ သူတို့သည် ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းကြသည် ။ စစ်သားသည် စစ်လစာကို စားသဖြင့် တိုက်ပွဲတွင် သေရန် အသင့်ဖြစ်နေရမည်ဖြစ်ပြီး သေဆုံးခဲ့လျှင်ပင် မိမိ၏ ကံကြမ္မာကိုသာ အပြစ်တင်ကြ‌ ပေမည်။

"နတ်သမားတော်ဝူက ညီအစ်ကိုပေါင်း ဒါဇင်နဲ့ချီပြီး ကုသပေးခဲ့တာမှာ လေးယောက်ပဲ သေသေးတာ ၊ ဒါက တော်တော်လေးကို ကောင်းနေပါပြီ ၊ ညီအစ်ကိုတွေ အားလုံးက ခင်ဗျားရဲ့ ဆေးပညာက ထူးချွန်တယ်လို့ ပြောနေကြတယ်"

အကယ်၍ ဤသည်မှာ ၂၁ ရာစုတွင်သာ ဖြစ်ပါက နှစ်ရက်အတွင်း စစ်သည် လေးဦး သေဆုံးခြင်းမှာ ဆေးဘက်ဆိုင်ရာ အမှားအယွင်းကြီးတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည် ။ သို့သော် မင်မင်းဆက်တွင်မူ ဤသည်မှာ မယုံကြည်နိုင်လောက်သော ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင် ဖြစ်သည် ။

ဆေးပညာနည်းပညာ မဖွံ့ဖြိုးသေးသည့် ဤခေတ်တွင် ဒဏ်ရာရစစ်သည်များကို ကုသသည့် နည်းလမ်းအများစုမှာ ရိုးရှင်းပြီး ကြမ်းတမ်းလွန်းသည် ။ လွှကို အသုံးပြု၍ လက်ခြေများကို ဖြတ်တောက်ခြင်းမှာ အဖြစ်များသော ကိစ္စဖြစ်ပြီး ဒဏ်ရာရစစ်သည် အများအပြားမှာ ခွဲစိတ်စားပွဲ ပေါ်တွင်ပင် သေဆုံးနိုင်သလိုနောက်ဆက်တွဲကူးစက်ပိုးဝင်မှုများကလည်းအသက်ကိုခြိမ်းခြောက်နိုင်ပေသည်။

ဆေးဝါးများ လုံလောက်မှုမရှိသော်ငြားလည်း ဝူကျိရှန်းသည် ဒဏ်ရာရစစ်သည် အများအပြားကို ကုသပေးခဲ့ပြီး လေးဦးသာ သေဆုံးခဲ့သည်မှာ လက်တွေ့တွင် အံ့ဖွယ်တစ်ခုလိုပင်ဖြစ် နေသည် ။

ထိုဒဏ်ရာရစစ်သည်ကြီး၏ ညှပ်ရိုးမှာ ကျိုးနေပြီး ပခုံးရိုးမှာလည်း ကြေမွနေသည် ။ သွေးများ အလွန်အမင်း ထွက်နေသော်လည်း သူသည် စစ်ဘက်သမားတော်များ၏ ကုသမှုကို ငြင်းဆန်ကာ ဝူကျိရှန်းအား ကုသပေးရန် အတင်းအကျပ် တောင်းဆိုခဲ့၏။

အကြောင်းရင်းမှာ ဝူကျိရှန်း၏ ဆေးပညာမှာ ပိုမိုကောင်းမွန်ပြီး သူကုသပေးသော ဒဏ်ရာရစစ်သည်များ၏ ရှင်သန်မှုနှုန်းမှာ ပိုမိုမြင့်မားသောကြောင့်ပင်ဖြစ်သည် ။

"အစ်ကိုကြီး ၊ ခင်ဗျားရဲ့ ဒဏ်ရာက နည်းနည်းပြင်းထန်တယ် ၊ ကျွန်တော့်မှာ အကြွင်းမဲ့ ယုံကြည်ချက်တော့ မရှိဘူး"

ထိုစကားကို ကြားသောအခါ စစ်သည်ကြီးသည် စိတ်ပျက်သည့်အရိပ်အယောင် မပြသည့်အပြင် ပါးစပ်ကြီးဖြဲကာ ရယ်မောလိုက်ပြီး

"ငရဲမင်းဖြစ်တဲ့ ခင်ဗျားတောင် မကုနိုင်

ရင် ကျွန်တော့်ရဲ့ ကံဆိုးမှုပဲပေါ့ ၊ ခေါင်းပြတ်သွားရင်တောင် ပန်းကန်လုံးလောက်ရှိတဲ့ အမာရွတ်ပဲ ကျန်မှာပဲ ၊ ခင်ဗျားသာ ရှေ့ဆက်ပြီး ကုလိုက်ပါ"

တ်မှူးချန်၏ ဦးခေါင်းခွံကို ဖောက်ကာ အသက်ကယ်ခဲ့သည့် အကြောင်းပျံ့နှံ့သွားခဲ့ပြီးနောက် ဒဏ်ရာရစစ်သည်များ၏ စိတ်ထဲတွင် ဝူကျိရှန်းမှာ သေလုမြောပါးဖြစ်နေသူများကို ကယ်တင်ကာ ဒဏ်ရာရသူများကို ကူညီပေးသည့် ကုသပေးသူတစ်ဦးသာမက ငရဲမင်းနှင့် တိုက်ရိုက်ရင်ဆိုင်နိုင်သည့်နာမည်ကျော်နတ်မင်းတစ်ပါး ဖြစ်လာခဲ့၏။

ဤခေတ်ရှိ လူအများစုမှာ သရဲတစ္ဆေနှင့် နတ်ဘုရားများကို ယုံကြည်ကြသည် ။ထို့ ကြောင့်တပ်မှူးချန်ကို ကယ်တင်ခဲ့သည့် ဖြစ်ရပ်က ဝူကျိရှန်းအားနတ်မင်းတစ်ပါးကဲ့သို့ထင်လာ‌ စေခြင်းဖြစ်သည်။

"ညီအစ်ကိုတွေ အားလုံးက ဆရာဝူရဲ့

နည်းလမ်းတွေက ကောင်းကင်ကို ဆန့်ကျင်နိုင်တယ်လို့ ပြောနေကြတယ် ၊ ခင်ဗျားက ဝိညာဉ်တွေကို တောင် ကုသပေးနိုင်ပြီး ဝိညာဉ်ကူးတံတားအောက်က သရဲတွေကို ကယ်တင်နိုင်သလို ငရဲမင်းရဲ့ သေစာရင်းထဲကနေတောင် လူတွေကို ကယ်နိုင်တယ်လို့ ပြောကြတယ် ၊ အကယ်၍ ခင်ဗျားတောင် မကယ်နိုင်ရင် သူတို့ရဲ့ ကံဆိုးမှုလို့ပဲ ပြောရမှာပဲ့"

ငရဲမင်းနှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းဟူသော စကားများမှာချဲ့ကားလွန်းလှသော်လည်း ဓားဖျားပေါ်တွင် လှိမ့်နေရသည့် ဤစစ်သားများမှာ သေခြင်းတရားနှင့် မကြာခဏ ရင်ဆိုင်နေရသဖြင့် ဝူကျိရှန်း၏ ပေါ်ထွက်လာမှုက သူတို့ကို မျှော်လင့်ချက်ရောင်ခြည်တစ်ခု ပေးစွမ်းလိုက်သည် ။

ဤအခိုက်အတန့်တွင်မှ ဝူကျိရှန်းသည် သူ၏ အဆင့်အတန်းမှာ သမားတော်တစ်ဦးထက် များစွာသာလွန်နေပြီး သူသည် ဤဒဏ်ရာရစစ်သည်များအတွက် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်သည်ကိုနားလည်သွားခဲ့၏ ။

သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် ဝူကျိရှန်းမှာ သူတို့၏ နောက်ဆုံးအားကိုးရာလည်းဖြစ်သည် ။

"အစ်ကိုကြီး ၊ ကျွန်တော် ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ကျိုးနေတဲ့ အရိုးတစ်ခုချင်းစီကို အရင်ဆုံး ပြန်ဆက်ပေးရမယ် ၊ ပြီးမှ ကျောက်ပတ်တီး စည်းပေးရမယ် ၊ ဒါကအရမ်းနာကျင်လိမ့်မယ်"

"အသက်ရှင်နိုင်သရွေ့တော့ နာကျင်မှုလေးက ဘာမှမဟုတ်ပါဘူး"

စစ်ပြန်ကြီးက ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ဖော့တုံးတစ်တုံးကို ကိုက်ထားပြီး ဝူကျိရှန်းအား အနည်းငယ် ခေါင်းညိတ်ပြလိုက်ကာ အဆင်သင့်ဖြစ်ပြီ ၊ ကုသမှုကို စတင်လို့ရပြီ ဟု အချက်ပြလိုက်၏။

ဝူကျိရှန်းအတွက် ထိုသို့သော ခွဲစိတ်မှုမျိုးမှာ ခက်ခဲမှု လုံးဝမရှိသလောက်ပင် ဖြစ်သည် ။ လူ့ခန္ဓာကိုယ် တည်ဆောက်ပုံကို နက်နက်ရှိုင်းရှိုင်း နားလည်ထားမှုအပေါ် အခြေခံ၍ ခွဲစိတ်မှုလုပ်ငန်းစဉ် တစ်ခုလုံးမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး ပို၍ဝမ်းမြောက်စရာကောင်းသည်မှာ သွေးများ အလွန်အမင်း ထွက်မလာခြင်းပင် ဖြစ်သည် ။

ဒဏ်ရာရစစ်သည် အလွန်များပြားနေသဖြင့် သေသေချာချာ ချုပ်ရန် အချိန်မရှိသောကြောင့် ထိုခေတ်က အသုံးအများဆုံး နည်းလမ်းကိုသာသုံးလိုက်ရသည်၊ ၎င်းမှာ မီးဖြင့်ဖုတ်ထားသည့်

ရဲရဲနီနေသော သံပူချောင်းကို ယူကာ ဒဏ်ရာကို တိုက်ရိုက် မီးကပ်လိုက်ခြင်းဖြစ်သည်။ ရက်စက်ပုံရသော်လည်း သွေးတိတ်စေရန် အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ရုံသာမက ကူးစက်ပိုးဝင်မှုများကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်၏ ။

ကံကောင်းသည်က စစ်သည်ကြီးများမှာ ထိုသို့သော မြင်ကွင်းများကို ကျင့်သားရနေပြီဖြစ်ပြီး သွားကို တင်းတင်းကြိတ်ကာ ငရဲကျသကဲ့သို့ နာကျင်မှုကို အောင့်ခံနေကြသည် ။

"ပြီးပြီ ၊ ပြီးပြီ"

ဝူကျိရှန်းသည် လက်ထဲမှ သံပူချောင်းကို ချထားလိုက်ပြီး နောက်ဆုံးပတ်တီးစီးခြင်းကို လုပ်ဆောင်ပေးလိုက်၏။

"အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်က တကယ်ကို သန်မာတာပဲ ၊ သတိမေ့မသွားဘဲ တောင့်ခံနိုင်တယ် ၊ ဒီညကစပြီး ခင်ဗျား ကိုယ်ပူပြီးဖျားလာနိုင်တယ် ၊ ဒါပေမဲ့ ခင်ဗျား ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

"ငရဲမင်းက ကျွန်တော့်ကို အဆင်ပြေတယ်လို့ ပြောရင်တော့ သေချာပေါက် ကြောက်စရာ မလိုတော့ဘူး ၊ ငရဲမင်းတောင် ကျွန်တော့်ကို ဘာမှလုပ်လို့မရတော့ဘူး ၊ ကျွန်တော့်အသက်ကို ကယ်တင်လိုက်နိုင်ပြီ"

ဤခွဲစိတ်မှုကို ပြီးစီးပြီးနောက် အသက်ရှူရန်ပင် မနားတော့ဘဲ ဝူကျိရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နောက်တစ်ယောက်"

……….

All Chapters