အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း ၂၉ ...ယောက္ခမကို ကယ်တင်ခြင်း
နေ့ရက်များစွာအပြင်းအထန် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများနှင့် ဒဏ်ရာရရှိသူ အရေအတွက် များပြားလွန်းခြင်းတို့ကြောင့် ဝူကျိရှန်းသည်လည်း ခြေကုန်လက်ပန်းကျနေပြီ ဖြစ်သည် ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ဒဏ်ရာအမျိုးမျိုးကို မြင်တွေ့ခဲ့ရပြီးဖြစ်သည် ။ အော်ဟစ်သံများနှင့် သေအံ့ဆဲဆဲ ညည်းတွားသံများမှာ ဝူကျိရှန်းကို ထုံထိုင်းသွားစေကာ စဉ်းစားရန်ပင် အချိန်မရတော့ဘဲ ဒဏ်ရာရစစ်သည် မည်မျှကို ကုသပေးခဲ့သည်ကိုပင် သူ မမှတ်မိနိုင်တော့သည် ။
"စစ်အမိန့်လာတယ်" ဟု ပြင်းထန်စွာ ဒဏ်ရာရထားသော စစ်သည်တစ်ဦးကို သူ ကုသပေးပြီးချိန်မှာပင် သံလျက်ရှည်ကို ကိုင်ဆောင်ထားသော ကျန်းစစ် ကောက အတင်းဝင်ရောက်လာကာအမိန့်တစ်ခုကို ပြောကြား လိုက်၏။
"တပ်မှူး လူကြီးမင်းရဲ့ အမိန့်ကတော့ ဒဏ်ရာရစစ်သည်စခန်းကို ချက်ချင်း ရုပ်သိမ်းပြီး ခရိုင်ရုံးတော်မှာ ပြန်လည်နေရာချထားရမယ်"
ရုံးတော်ရှိ ရုံးစေများနှင့် အစောင့်အကြပ် အားလုံးကို တိုက်ပွဲဝင်စစ်ကြောင်းများအတွင်း ထည့်သွင်းထား၏။ မြို့တွင်းရှိ အရွယ်ရောက်ပြီး အမျိုးသားများပင်လျှင် လက်နက်စွဲကိုင်ကာ တိုက်ပွဲတွင် ပါဝင်နေကြသည်မှာ တိုက်ပွဲ၏ ပြင်းထန်မှုကို သက်သေပြနေသည် ။
ရန်သူ့အင်အားမှာ များပြားလွန်းပြီး ခုခံကာကွယ်ရေး တပ်ဖွဲ့များမှာလည်း ရက်ပေါင်းများစွာ တိုက်ခိုက်နေရသဖြင့် ချပ်ဝတ်တန်ဆာများ ပျက်စီးကာ ဓားသွားများ တုံးနေပြီဖြစ်သည် ။ ဤခရိုင်မြို့ငယ်လေးကျဆုံးရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။
ကံကောင်းသည်မှာ တပ်မှူးချန်သည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး နေရာအနှံ့တွင် ခံစစ်များနှင့် အတားအဆီးများကို အထပ်ထပ် ချထားပြီးဖြစ်သည် ။
ပြင်းထန်သော မြို့စောင့်တပ် တိုက်ပွဲသည် ရက်စက်ကြမ်းကြုတ်သော လမ်းပေါ်တိုက်ပွဲအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားပြီးတပ်မှူးချန်ဦးဆောင်သောတပ်ဖွဲ့သည်မြို့ထဲရှိလမ်းတိုင်းတွင်အပြင်းအထန်ခုခံတိုက်ခိုက်နေကြရ၏။
မည်မျှပင်အင်အားချင်းကွာခြား နေပါစေ ကျင်းမင်းသားဦးဆောင် သောပင်မတပ်ကြီးတပ်ကူ ရောက်လာမည့်မျှော်လင့်ချက်တစ်ခုအတွက်အဆုံးစွန်ထိရောက်အောင်ခုခံတိုက်ခိုက်ကြ ပေမည်။
ပုံမှန်တွက်ချက်မှုများအရ အကယ်၍ သူတို့ ခုနစ်ရက်တိုင်အောင် တောင့်ခံနိုင်ပါက ကျင်းမင်းသားသည် သူ၏ ပင်မစစ်တပ်ကြီးကို ဦးဆောင်ကာ စစ်ကူလာပေးနိုင်မည် ဖြစ်သည် ။ ထိုအခါ လေးဖက်လေးတန် ဝိုင်းရံကာ အလယ်မှ ထိုးဖောက်တိုက်ခိုက်လိုက်ပါက ကြီးကျယ်ခမ်းနားသော အောင်ပွဲကို ရရှိမည်မှာ သေချာသည် ။
ယနေ့သည် ခုနစ်ရက်မြောက်နေ့ ဖြစ်သည့်အတွက်မှောင်သည်အထိ သို့မဟုတ် အနောက်ကျဆုံး နောက်နေ့ မိုးလင်းသည်အထိ တောင့်ခံနိုင်ပါက မကျင်းမင်းသား၏ ပင်မစစ်တပ်ကြီး ရောက်ရှိလာနိုင်၏။
ကျန်းစစ်ကောသည် သန်မာသော အမျိုးသား အနည်းငယ်ကို ဦးဆောင်ကာ ဒဏ်ရာရစစ်သည်စခန်းရှိ လူများကို ခရိုင်ရုံးတော်သို့ စုပေါင်းရွှေ့ပြောင်းပေးရန် ကူညီပေးနေသည် ။
တပ်မှူးချန်းနှင့်စစ်သည်များသည် ရက်စက်သော လမ်းပေါ်တိုက်ပွဲများမှတစ်ဆင့်မြို့ထဲရှိ လမ်းတိုင်း ၊ အိမ်တိုင်းကို အကြိမ်ကြိမ် အပြန်အလှန် လုယူတိုက်ခိုက်နေကြရ၏ ။
လူသားတို့၏ သမိုင်းတစ်လျှောက်တွင် လမ်းပေါ်တိုက်ပွဲသည် အမြဲတမ်း ရက်စက်အကြမ်းကြုတ်ဆုံး သောတိုက်ပွဲပုံစံဖြစ်သည်။ သို့သော် ဒဏ်ရာရစစ်သည် အရေအတွက်ကိုသိသိသာသာ လျော့နည်းသွား စေ၏။
ညဦးပိုင်းတွင် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာသည် ။ ရန်သူ့တက်လှမ်းမှုကို နှောင့်နှေးစေရန် မင်စစ်တပ်က မီးစတင်ရှို့သည် ။ အိမ်များအတွင်း ပုန်းအောင်းနေသော မင်စစ်သားများကို အပြင်ထွက်လာစေရန် မွန်ဂိုစစ်တပ်ကလည်း မီးရှို့သည် ။မြို့ငယ်လေး၏ အနောက်မြောက်ထောင့်မှာ မီးပင်လယ်ဖြစ်နေပြီဖြစ်ပြီး မီးတောက်များက ညကောင်းကင်ယံ တစ်ဝက်ခန့်ကို တုန်လှုပ်ဖွယ်ရာ အနီရောင်ဖြင့် လင်းထိန် နေစေ၏။
တပ်မှူးချန်စီစဥ်ထား သောလမ်းမအတားအဆီးများလည်း တစ်ခုပြီးတစ်ခု ပျက်စီးကာ လမ်းများမှာ တစ်ခုပြီးတစ်ခု အသိမ်းခံနေရသည် ။သန်းခေါင်ယံအချိန်ခန့်တွင် တိုက်ပွဲသည် ခရိုင်ရုံးတော် အနီးအနားသို့ ပင်ရောက်ရှိလာ၏။
"တာတာတွေ လမ်းကြိုလမ်းကြားထဲကို ချိုးဝင်လာပြီ"
ကျန်းစစ်ကောက ထိတ်လန့်တကြား ပြေးလာရင်းအော်ဟစ်လာ၏။
"သူတို့က ဒီကနေ လမ်းနှစ်လမ်းပဲ ဝေးတော့တယ် ၊ မြန်မြန် ဆုတ်ခွာကြတော့"
ဝူကျိရှန်းသည် စစ်ဘက်ဆိုင်ရာသမားတော်များနှင့်အတူ ဒဏ်ရာရစစ်သည်များကို အမြန်စုစည်းကာ ထပ်မံဆုတ်ခွာရန် ပြင်ဆင်လိုက်၏။
ထိုစဉ် ရုံးတော်၏ နောက်ဘက်ခြံဝန်းအတွင်းမှ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးလူတိုင်း ဘာဖြစ်သည်ကို နားမလည်နိုင်ခင်မှာပင် ရှန်ကတော် ၊ ရွန့်နှင့် အစေခံများ ထိတ်လန့်တကြား ပြေးထွက်လာကြသည် ။သူတို့နောက်တွင် ကွေးညွတ်နေသော ဓားများကို ကိုင်ဆောင်ထားသည့် မွန်ဂိုစစ်သား နှစ်ဆယ်ကျော် လည်းပါလာ၏။
ဤမွန်ဂိုစစ်သား များမည်သည့်နေရာမှ ပေါ်လာသည်ကို မည်သူမျှ မသိဘဲ အားလုံး အငိုက်မိသွားကြသည် ။
သူတို့နှင့်မျက်နှာချင်းဆိုင် တွေ့လိုက်ရ သောမွန်ဂိုစစ်သား များမှာလည်း ထိုနေရာတွင် ဒဏ်ရာရစစ်သည် အများအပြား ရှိနေလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ခေတ္တမျှ မှင်တက်သွားကြသည် ။
ခေတ္တမျှ အပြန်အလှန်ကြည့်ပြီးနောက် နှစ်ဖက်စလုံးမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည် ။မွန်ဂိုစစ်သားများက
"သတ်" "အားလုံးကို သတ်" ဟစ်အော်ကာ အရင်ဦးဆုံး တိုက်ခိုက်လာကြသည် ။တစ်ချိန်တည်းမှာပင် ဒဏ်ရာရစစ်သည်များနှင့် စစ်ဘက်ဆိုင်ရာသမားတော်များ အားလုံးကလည်း လက်နက်များကို ဆုပ်ကိုင်ကာ "သတ်—" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည် ။
ရုတ်ချည်းပင်ရုံးတော်အတွင်း၌လက်နက်ချင်းထိသံများဆူညံသွားကာ သွေးချောင်းစီးတိုက်ခိုက်မှုကြီး စတင်ဖြစ်ပွားတော့သည် ။ရန်သူမှာ မြို့ထဲသို့ ဝင်လာပြီဖြစ်သဖြင့် လူတိုင်းမှာအသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ရန်သာ ကျန်တော့သည် ။
ဝူကျိရှန်းသည် လည်းမည်သည့်အတွက် အသုံးပြုမှန်းမသိသော သစ်သားတုတ်တစ်ချောင်းကို ကောက်ယူကာ သူ့ရှေ့ရှိမွန်ဂိုစစ်သားကိုစတင်တိုက်ခိုက်လိုက်၏။သူတို့ဘက်တွင် လူအင်အား သိသိသာသာ များသော်လည်း အများစုမှာ ခြေပြတ်လက်ပြတ် ဒဏ်ရာရသူများ ဖြစ်သဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ကျဆင်းနေကာ ခဏအတွင်းမှာပင် ထိခိုက်ကျဆုံးမှု များပြားလာသည် ။
ကျိန်ဆဲသံများနှင့် အော်ဟစ်သံများကြားတွင် သွေးနံ့များမှာ လေထုအတွင်း ချက်ချင်း ပျံ့နှံ့သွားသည် ။
ရုံးတော်၏ ခန်းမဆောင်မှာ ကျယ်ဝန်းသော်လည်း တိုက်ပွဲမြေပြင် ဖြစ်သွားသည့်အချိန်တွင် ချက်ချင်းပင် ကျဉ်းမြောင်းသလိုဖြစ်သွားရသည် ။
သူတို့ဘက်မှဒဏ်ရာရစစ်သည်များရော မွန်ဂိုစစ်သားများပါ စစ်ဗျူဟာများ မချနိုင်တော့ဘဲ တောရိုင်းတိရစ္ဆာန်များကဲ့သို့ အသည်းအသန် တိုက်ခိုက်နေကြ၏။
ထိုအချိန်တွင်ဝူကျိရှန်းသည် ရှေ့တွင်ရှိသော မွန်ဂိုစစ်သားကို တုတ်ဖြင့် ရိုက်ချလိုက်ပြီးလှည့်ရန်အပြင်တွင် ကျောဘက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ သို့သော် သူ ဂရုမစိုက်နိုင်တော့ဘဲ အရူးအမူးဖြစ်နေသော သားရဲတစ်ကောင်ကဲ့သို့ သစ်သားတုတ်ကို လွှဲရိုက်နေ တော့၏။
ရွန့်၏အစေခံမလေး ချင်းချင်းကို မွန်ဂိုစစ်သားတစ်ဦးက ဆံပင်မှ ဆွဲခေါ်သွားသည်ကို မြင်သောအခါ ဝူကျိရှန်းသည် ရှေ့သို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး ရှိသမျှ အားအင်ကုန်သုံးကာ နောက်ကျောမှ ရိုက်နှက်လိုက်ရာ မွန်ဂိုစစ်သား၏ ဦးခေါင်းမှာ တစ်ချက်တည်းနှင့် သွေးများဖြာထွက်ကာကွဲအက်သွားသည် ။
ရှန် ကတော်နှင့် ရွန့်တို့မှာထိုသို့သွေးချောင်းစီးသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ကြောက်လန့်တုန်ရီနေကြ၏။ သူတို့သည် မွန်ဂိုစစ်သားများ သူတို့ဆီသို့ လာသည်ကို မြင်သောအခါ မျက်နှာများ ဖြူလျော့ကာ ထောင့်တွင် ကပ်၍ မလှုပ်မရဲ ဖြစ်နေကြသည် ။
"သေစမ်း"
ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝူကျိရှန်းသည် လက်ထဲမှ သစ်သားတုတ်ကို လွှင့်ပစ်လိုက်ကာ မွန်ဂိုစစ်သားကိုခုန်အုပ်လိုက်၏။နပန်းလုံးခြင်းမှာ မွန်ဂိုတို့၏ အစွမ်းဖြစ်သည် ။ သူသည် ကိုယ်ကိုလိမ်ကာ ခြေလှမ်းလိုက်ရုံဖြင့် ဝူကျိရှန်းကို ပုခုံးကျော် လွှဲပစ်လိုက်ပြီး ဝူကျိရှန်း၏ အပေါ်မှ ခွစီးပြီးဖြစ်သွား တော့သည် ။
အရေးကြုံချိန်တွင် အစေခံမလေး ချင်းချင်းက လက်နွေးအိုးတစ်လုံးကို ကောက်ယူကာ ရန်သူ့ခေါင်းကို ရိုက်ချလိုက်၏။ချင်းချင်းမှာ သေးသွယ်အားနည်းသဖြင့် လက်နွေးအိုးဖြင့် ရိုက်ခြင်းက ရန်သူကို သေစေနိုင်သော ဒဏ်ရာ မရစေသော်လည်း ရဲရဲနီနေသော မီးသွေးခဲများ ကြောင့်မီးလောင်ဒဏ်ရာက ရသွား စေသည် ။
မွန်ဂိုစစ်သားမှာ မီးသွေးခဲများ၏ အပူကြောင့် အော်ဟစ် နေစဉ် ဝူကျိရှန်းက အခွင့်အရေးကို အရယူကာ ထရပ်လိုက်ပြီး သစ်သားတုတ်ကို ကောက်ယူကာ ရန်သူ့ခေါင်းကို ချိန်ရွယ်၍ အားကုန် ရိုက်ချလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မွန်ဂိုစစ်သား ဆယ်ဦးခန့်မှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြသည် ။ ကျန်ရှိသော ဆယ်ဦးခန့်မှာလည်း အသက်ကို မနှမြောဘဲ တိုက်ခိုက်နေသော ဒဏ်ရာရစစ်သည်များကို ကြောက်လန့်သွားပုံရကာ အော်ဟစ်ရင်း ဆုတ်ခွာသွားကြ၏။ သူတို့သည် စစ်ကူခေါ်ရန် ပြင်နေပုံရသည် ။
ဤတိုတောင်းသော်လည်း ပြင်းထန်သော တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သည် ထက်ဝက်ခန့်မှာ သေဆုံးသွားခဲ့ရသည် ။ရန်သူသည် ဤနေရာအထိ ရောက်လာခြင်းက စစ်ပွဲအခြေအနေမှာ မကောင်းတော့ကြောင်း ညွှန်ပြနေ၏။
ကံကောင်းသည်မှာ ရန်သူ့အရေအတွက် နည်းပါးလွန်းသဖြင့် သူတို့ သီသီလေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည် ။ အကယ်၍ မွန်ဂိုစစ်တပ် အင်အားအလုံးအရင်းနှင့် ရောက်လာပါက ရလဒ်မှာ မတွေးဝံ့စရာပင်။သူတို့ အမြန်ဆုံး ဆုတ်ခွာမှဖြစ်မည်။
ဒဏ်ရာအနည်းငယ်ရသူများက ဒဏ်ရာပြင်းထန်သူများကို မကာ ဆုတ်ခွာရန် ပြင်ကြသည် ။ဤအခိုက်အတန့်တွင် ရှန်ကတော်နှင့် ရွန့်တို့မှာ အသိစိတ်များ လွတ်ထွက်နေပြီဖြစ်သည် ။ မိခင်နှင့် သမီးသည် တစ်ဦးကိုတစ်ဦး ဖက်ထားရင်း တုန်ရီနေရုံမှအပ ဘာမျှ မလုပ်နိုင်ကြတော့ပေ ။
"ပြေးတော့"
ဝူကျိရှန်းသည် အသံဗလံ ကုန်ခမ်းသည်အထိ အော်ဟစ်လိုက်သော်လည်း ရှန်ကတော်နှင့် ရွန့်တို့မှာ ခြေထောက်များ ပျော့ခွေနေကာ ထရပ်ရန် ကြိုးစားလိုက်သည်နှင့် လဲကျသွားကြ၏။
ဝူကျိရှန်းသည် ဘာစကားမျှ မဆိုတော့ဘဲ ရှန်ကတော်နှင့် ရွန့်ကို ဆွဲထူကာ ပြေးထွက်လိုက်ပြီးအော်ဟစ် လိုက်သည်။
"ချင်းချင်း၊ ငါ့နောက်က လိုက်ခဲ့"
`............
အခန်း ၃၀ လျှို့ဝှက်သောအချစ်
လမ်းမများပေါ်တွင် အသက်လုပြေးနေကြသော လူအုပ်ကြီးဖြင့် ရှုပ်ထွေးနေပြီး ရံဖန်ရံခါတွင် တာတာစစ်သားများက တံခါးများကို ရိုက်ချိုးကာ ရမ်းကားစွာ သတ်ဖြတ်လုယက်နေကြသည်ကို မြင်တွေ့ရသည်။
ချင်းချင်မှာ ကြာမြင့်ထိတ်လန့်နေခဲ့ပြီး ရွန့်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အရှေ့တောင်ဘက်သို့ အသည်းအသန် ပြေးနေသော ဝူကျိရှန်းနောက်မှ လိုက်ပါလာ၏။
ဝူကျိရှန်းတို့သည် ရှန်ကတော်နှင့် ရွန့်တို့သားအမိကို ဆွဲခေါ်လာရသည့်အပြင် သူတို့နောက်တွင် ခရိုင်ရုံးတော်မှ ထွက်ပြေးလာကြသော အစေခံမများနှင့် အဘွားအို အုပ်စုကြီး ပါလာသောကြောင့် အလွန်နှေးကွေးစွာ ပြေးလွှားနေရပြီး မကြာမီမှာပင် အခြားသူများအနောက်၌ ကျန်ရစ်ခဲ့သည်။
သူတို့နောက်မှ မွန်ဂိုစစ်သားများမှာမူ အပူတပြင်း လိုက်လံတိုက်ခိုက်နေဆဲဖြစ်ပြီး အော်ဟစ်သံများကိုပင် ကြားနေရ၏။ ဝူကျိရှန်းသည်သူ့ နောက်ရှ်ိအားနွဲ့သူများနှင့်သက်ကြီးရွယ်အိုများ ကြောင့်မည်သည့်နေရာသို့ သွားရမည်ကို မသိတော့ဘဲ ဗီဇအရ မိမိအိမ်ရှိရာသို့ ဦးတည်ပြေးမိ၏။
တို့ဖူးဆိုင်ဟောင်းလေးမှာ အထဲတွင် လူမရှိတော့ဘဲ တံခါးမှာလည်း သော့ ခတ်ထားကာ ပြတင်းပေါက်တံခါးများပင် ပိတ်ထားသည် ။ ခြံထဲတွင် အိုးများ ၊ ခွက်များ ၊ ယောက်မများနှင့် လက်တွန်းလှည်းတစ်ခုပျောက်ဆုံးနေသည် ။ကြည့်ရသည်မှာ အဘိုးအိုတန်သည် လက်တွန်းလှည်းကို အသုံးပြု၍ တိုဖူးလုပ်သည့် ကိရိယာများကို တင်ဆောင်ကာ ကြိုတင်တိမ်းရှောင်သွားပုံရသဖြင့် ဝူကျိရှန်းမှာ များစွာ စိတ်သက်သာရာရသွားသည်။
"ဆရာဝူ... ဆရာဝူ..."
အစေခံမလေး ချင်းချင်းမှာ ဖိနပ်တစ်ဖက် ကျန်ရစ်ခဲ့ပြီး အမောတကော ဖြင့်ဝူကျိရှန်းအား မေးလိုက်၏။
"ကျွန်မတို့ ဘယ်ကိုသွားကြမလဲ"
ဤခရိုင်မြို့ငယ်လေးထဲမှာဆင်ကျုံးသွင်းခံထားရသကဲ့ ပိတ်မိနေသောသူတို့ ဘယ်ကို ထပ်ပြေးနိုင်ဦးမည်နည်း ။
ထိုစဉ် အလျင်စလို နှင်လာသော မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
ကျယ်လောင်သောမြင်းခွာသံများမှာ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို ထိတ်လန့်သွားစေပြီး လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။တာတာတို့၏ မြင်းတပ်ဖွဲ့ လာနေပြီဖြစ်သည် ။
ခုခံနိုင်စွမ်းမရှိသော အမျိုးသမီးများ နှင့်လူအများအပြားမှာ ခြံဝန်းငယ်လေးအတွင်း စုဝေးနေမိကြ၏။ အကယ်၍ တာတာစစ်သားများ ချိုးဝင်လာပါက ရလဒ်မှာ မှန်းဆ၍ပင် မရနိုင်တော့ပေ ။
ထိုအချိန်တွင် ဝူကျိရှန်းသည် မြေအောက်ခန်းအဖုံးကိုလျင်မြန်စွာ မလိုက်ပြီး
"အားလုံး မြေအောက်ခန်းထဲ ဝင်ကြပါ ၊ အပြင်မှာ ဘာပဲဖြစ်ဖြစ် ထွက်မလာကြနဲ့"
ရှန်ကတော်တို့သားအမိနှင့် အခြားအမျိုးသမီး အများအပြားမှာ မြေအောက်ခန်းထဲသို့ အသည်းအသန် ဝငိရောက်ပုန်းအောင်းလိုက်ကြသည် ။
ရွန့်သည် ဝူဇီရှန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး တစ်ခုခုပြောချင်သကဲ့သို့ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း နောက်ဆုံးတွင် ဘာစကားမျှ မဆို တော့ဘဲ မြေအောက်ခန်းထဲသို့ ဝင်သွား၏။
"ဆရာဝူ ၊ မြန်မြန် ဝင်လာပါ"
အစေခံမလေး ချင်းချင်းက ကျယ်လောင်စွာ အော်ခေါ်၏။သို့သော် ဝူကျိရှန်းသည် မြေအောက်ခန်းထဲသို့ မဝင်ခဲ့ပေ။အကြောင်းမှာ မြေအောက်ခန်းဝင်ပေါက်မှာ သိသာလွန်းပြီး တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သောကြောင့် ထပ်မံ ဖုံးကွယ်ရန် လို သောကြောင့်ဖြစ်သည်။
သူသည် မြေအောက်ခန်းဝင်ပေါက်ကို ဖုံးအုပ်ရန် ထင်းအချို့ကို ပုံလိုက်သည် ။ ဤသို့ဆိုလျှင် သေသေချာချာ မကြည့်ဘဲ မြေအောက်ခန်းကို ရှာတွေ့ရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည် ။
အရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူကျိရှန်းသည် အိမ်နီးချင်းဖြစ်သူ အစ်ကိုကျန်း၏အိမ်နှင့်ကပ်လျက်ရှိသောနံရံကြားမှကျဉ်းမြောင်းသော နေရာလွတ်တွင်ပုန်းအောင်းလိုက်၏ ။
နံရံကြားရှိ နေရာလွတ်မှာ တစ်ပေကျော်ခန့်သာ ကျယ်သော်လည်း လူတစ်ယောက် ဆံ့ရန် လုံလောက်ပြီး မှောင်မိုက်နေချိန်တွင် ရှာတွေ့ရန် မဖြစ်နိုင်သလောက် ရှိသဖြင့် အလွန်ကောင်းမွန်သော ပုန်းအောင်းရာနေရာ ဖြစ် နေသည် ။
အနဲငယ်သာကြာသည့်ချိန်အတွင်းမှာပင် သားရေဦးထုပ်များ ဆောင်းထားပြီး လခြမ်းပုံဓားများ ကိုင်ဆောင်ထားသည့် မွန်ဂိုစစ်သား ခုနစ်ဦး ရှစ်ဦးခန့် ခြံဝင်းထဲချိုးဝင်လာသည်ကိုမြင်လိုက်ရ၏။
မြေအောက်ခန်းဝင်ပေါက်ကို ဖုံးအုပ်ထားသော ထင်းပုံများကြားရှိ အပေါက်ငယ်များမှတစ်ဆင့် ခြံဝန်းအတွင်း အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရသည် ။ မြေအောက်ခန်းအတွင်း ပုန်းနေသော အမျိုးသမီးများမှာ ရင်တမမ ဖြစ်နေကြပြီး အသက်ကို အောင့်ထားကာ ကျူးကျော်ဝင် ရောက်လာသော မွန်ဂိုစစ်သားများကို စိုက်ကြည့်နေကြ၏။
မွန်ဂိုစစ်သားများသည် ဤဆင်းရဲသော မိသားစု၏ ခြံဝန်းငယ်လေးကို စိတ်ဝင်စားမှု သိပ်မရှိပုံရပြီး သေသေချာချာ ရှာဖွေရန် ဆန္ဒမရှိကြပေ။ သူတို့သည် ဟိုဟိုဒီဒီ ခပ်ပေါ့ပေါ့ ကြည့်ရှုပြီးနောက် တံခါးဝသို့ ပြန်ဆုတ်သွားကြသည် ။အန္တရာယ် ကျော်လွန်တော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်တွင် မွန်ဂိုစစ်သားများ၏ နောက်ထပ် လုပ်ရပ်ကြောင့် လူတိုင်း ကျောချမ်းသွားရ၏။
မွန်ဂိုစစ်သားတစ်ဦးမှာ မီးတုတ်ကို ကိုင်ဆောင်ကာ လျှောက်လာပြီး မြေအောက်ခန်းကို ဖုံးထားသော ထင်းပုံကို မီးရှို့ရန်နှင့် အိမ်ကိုပါ မီးတင်ရန် ပြင်လိုက်ခြင်းဖြစ်သည်။ထင်းပုံကို မီးရှို့လိုက်သည်နှင့် မြေအောက်ခန်းထဲတွင် ပုန်းနေသူများမှာ သေချာပေါက် အရှင်လတ်လတ် မီးလောင်သေဆုံးကြရမည် ဖြစ်သည် ။
ရှန်ကတော်၏ မျက်နှာမှာ ပျက်နေပြီဖြစ်ပြီး ရွန့်မှာ ထိတ်လန့်တကြား ပါးစပ်ဟောင်းလောင်းဖြစ်နေကာချင်းချင်း၏ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုများဖြင့်ပြူးကျယ် နေ၏။။
ထိုစဉ် ဝူကျိရှန်းသည် တစ်ဖက်ရှိ နံရံကြားမှ ရုတ်တရက် ခုန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ရှာမနေနဲ့တော့ ၊ငါ ဒီမှာ ရှိတယ်"
ထိုအသံကိုကြားသည်နှင့်မွန်ဂိုစစ်သားများသည် မီးရှို့ရန် ဂရုမစိုက်တော့ဘဲ အော်ဟစ်ကာရှေ့သို့ အလုံးအရင်းနှင့် တိုးဝင်လာကြ၏။ဝူကျိရှန်းသည် ကြိုတင်ပြင်ဆင်ထားပုံရပြီး မဆိုင်းမတွဘဲ တံခါးအပြင်သို့ ပြေးထွက်သွားသည် ။ ထိုမွန်ဂိုစစ်သားများကလည်း တောယုန်ကို လိုက်သည့် အမဲလိုက်ခွေးအုပ်ကဲ့သို့ သူ၏ နောက်သို့ ချက်ချင်း လိုက်လံဖမ်းဆီးကြသည် ။
မွန်ဂိုစစ်သားများ ထွက်သွားသော်လည်း မြေအောက်ခန်းထဲတွင် ပုန်းနေသော အမျိုးသမီးများမှာ လွတ်မြောက်သွားရသဖြင့် ဝမ်းသာပီတိဖြစ်မှု မရှိကြပေ ။ သူတို့၏ မျက်နှာများမှာ အချိန်အတော်ကြာသည်အထိတည်ငြိမ်နေကြ၏။
အကယ်၍ ဝူကျိရှန်းသာ နံရံကြားတွင် ဆက်လက်ပုန်းနေပါက သူသည် အန္တရာယ်ရှိလိမ့်မည် မဟုတ်ကြောင်း လူတိုင်း ရှင်းလင်းစွာ သိကြသည် ။ သို့သော် သူသည် ရန်သူကို ဆွဲထုတ်သွားရန်နှင့် လူတိုင်း အရှင်လတ်လတ် မီးမလောင်စေရန် မိမိကိုယ်တိုင် ဆန္ဒအလျောက် ခုန်ထွက်သွားခဲ့ခြင်း ဖြစ်သည် ။
"ဆရာဝူက သူရဲကောင်းတစ်ယောက်ပဲ"
အစေခံမလေး ချင်းချင်းက တိုးတိုး လေးရေရွတ်လိုက်သည် ။
"နှမြောစရာကောင်းတာက.."
ချင်းချင်းက စကားကို အဆုံးထိဆက်မ ပြောသော်လည်း ဝူကျိရှန်းမှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရနိုင်ကြောင်း လူတိုင်း၏ စိတ်ထဲတွင် သိရှိနေကြသည် ။ထိုမျှ ရက်စက်ကြမ်းကြုတ်သော တာတာစစ်သားများကြားတွင် သူ ဘယ်ကို ပြေးနိုင်ဦးမည်နည်း ။
မွန်ဂိုစစ်သားများကို ခြံဝင်းအပြင်မျှား ခေါ်ရန်ဆုံးဖြတ်ခဲ့သည့် အချိန်ကတည်းက သူသည် အသေခံရန် ဆုံးဖြတ်ထားပုံရသည် ။
"ကျွန်မတို့ကို ကယ်ဖို့ သူက သူက အမှန်တကယ်ပဲ"
ဝူကျိရှန်းမှာ တာတာစစ်သားများ၏ ဖမ်းဆီးခြင်းကို ခံရပြီး ရက်စက်စွာ အသတ်ခံရနိုင်သည်ကို တွေးမိကာ ရဠန့်မှာ မျက်ရည်မဆည်နိုင် ဖြစ် နေရသည် ။တန်ဖိုးမဖြတ်နိုင်သော ရတနာများကို ရှာဖွေရန် လွယ်ကူသော်လည်း သစ္စာရှိသော ချစ်သူကို ရှာဖွေရန် ခက်ခဲ၏။
ဝူကျိရှန်း၏ နောက်ခံမှာ သိပ်မကောင်းသော်လည်း အရေးကြီးသော အချိန်တွင် ရှေ့သို့ ထွက်လာပြီး သူတို့အသက်ကို ကယ်တင်ရန် မိမိအသက်ကို စွန့်စားနိုင်ခဲ့သည် ။ သမီးဖြစ်သူကို သူနှင့် လက်ထပ်ပေးခြင်းမှာ အစိတ်အချရဆုံး ဖြစ်လိမ့်မည်ရှန်ကတော်သိခဲ့ သော်လည်းတော်ကံကြမ္မာက ရက်စက်ခဲ့သည်။
ရှန်ကတော်နှင့် ရွန့်တ်ို့သားအမိနှစ်ဦး၏ စိတ်ထဲတွင် ကျန်းစစ်ကောသည် ဝူကျိရှန်းအား လက်ထပ်ရန် ကမ်းလှမ်းမှုကို ပြောပြထားပြီးဖြစ်ရမည် ၊ သို့မဟုတ်ပါက ဝူကျိရှန်းသည် မိမိအသက်ကို စွန့်စားကာ ဤကဲ့သို့ ကယ်တင်လိမ့်မည် မဟုတ်ဟု ယူဆလိုက်ကြသည် ။
မည်မျှ လှပသော ဖူးစာဆုံမှုဖြစ်သော်ငြားလည်း စစ်ပွဲနှင့် ကြုံတွေ့ရကာ ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားရသည်ကို မည်သို့လျှင် မညည်းတွားဘဲ နေနိုင်မည်နည်း ။
"ဆရာဝူက သခင်မလေးကို စဉ်းစားပေးလို့ အရာအားလုံးကို ဂရုမစိုက်ဘဲ အသက်စွန့် ကယ်ခဲ့တာပဲ"
ထိုစကားကို ပြောလိုက်သောချင်းချင်း၏ မျက်နှာတွင် မနာလိုမှုနှင့် အားကျမှုများ ပြည့်နှက်နေ ပေသည် ။
"ကျွန်မအပေါ်မှာ ဒီလောက်အထိ သစ္စာရှိတဲ့ အမျိုးသားတစ်ယောက်သာ ရှိရင် သေရရင်တောင် တန်ပါတယ်"
ရွန့်သည် ပညာရှိလူငယ်များနှင့် အလှပဂေးများအကြောင်း ပုံပြင်များစွာ ဖတ်ဖူးသော်လည်း ထိုစာအုပ်များထဲမှ အချစ်ဇာတ်လမ်းများမှာ ယခုအခြေအနေနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ ။
မိမိချစ်ရသော အမျိုးသမီးကို ကာကွယ်ရန် မိမိအသက်ကို စတေးခြင်းမှာ ပုံပြင်များထက်ပင် ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းသော အချစ်တစ်ခု ဖြစ်သည် ။လက်တွေ့ဘဝမှာ ပုံပြင်များထက် များစွာ ရက်စက်လွန်းလှသဖြင့် ဤလှပသော အချစ်ဇာတ်လမ်းမှာ ပျော်ရွှင်စရာ အဆုံးသတ် မရှိခဲ့သည်မှာ နှမြောစရာ ကောင်းလှသည် ။
"ဆရာဝူက ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ လူကောင်းတစ်ယောက်ပါ ၊ သူ သေချာပေါက် ဘေးကင်းမှာဖြစ်သလို အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါ ၊ ဘုရားက သူ့ကို သေချာပေါက် စောင့်ရှောက်မှာပါ..."
ရှန်ကတော်၏ စကားများမှာ နှစ်သိမ့်မှု မဖြစ်စေဘဲ ရွန့်ကို ပိုမို ဝမ်းနည်းကြေကွဲစေသည် ။ဘေးကင်းလိမ့်မည်ဟူသော စကားမှာ နှစ်သိမ့်စကားသာဖြစ်ပြီး ဝူကျိရှန်းမှာ ထိုအချိန်တွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရနိုင်ကြောင်း လူတိုင်း အမှန်တကယ် သိနေကြပြီဖြစ်သည် ။
အေးစက်ပြီး အန္တရာယ်များသော ဆောင်းရာသီညမှာ ကျော်ဖြတ်ရန် ခက်ခဲလွန်းလှသဖြင့် နှစ်ပေါင်းတစ်ရာမျှ ရှည်လျားနေသကဲ့သို့ ခံစားကြရသည် ။နောက်ဆုံးတွင် မိုးလင်းလာခဲ့ပြီး ဆူညံနေသော သတ်ဖြတ်သံများနှင့် အော်ဟစ်သံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။
အပြင်တွင် အခြေအနေ မည်သို့ရှိသည်ကို မည်သူမျှ မသိသလို ၊ မည်သူမျှလည်း အပြင်ထွက် မကြည့်ရဲကြပေ ။ သူတို့သည် ရေအောက်တွင် ပုန်းနေသော ငါးအုပ်ကဲ့သို့ ငါးဖမ်းလှေ ချဉ်းကပ်လာသော အသံကို ထိတ်လန့်တကြား နားစွင့်ရင်း မြေအောက်ခန်းထဲတွင် တုန်ရီစွာ ပုန်းအောင်းကာ ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည် ။