← Chapters

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အခန်း ၃၇ မိန်းကလေးတစ်ယောက်၏ ခံစားချက်

စားပွဲပေါ်ရှိ မတို့မထိရသေးသော အစားအစာများကို ကြည့်ရှုရင်းခရိုင်ဝန် ရှန်လင်သည် သက်ပြင်းချလိုက်၏။အတန်ကြာသည်အထိ သမီးဖြစ်သူမှာ မျက်နှာမကောင်းဘဲ ရှိနေခဲ့သည်။ သူမသည် တစ်နေ့လုံး ကုတင်ဘေးတွင် ထိုင်ကာ အတွေးလွန်နေတတ်ပြီး အစားမစား ရေလည်းမသောက်လည်းမသောက်ဘဲ သိသိသာသာ ပိန်လှီသွားခဲ့သည်။ သူမသည် အမြဲတမ်း သက်ပြင်းချနေတတ်ပြီး မျက်ခုံးများလည်း တွန့်ချိုးနေခဲ့၏။

“သမီးလေး၊ အစားမစားဘဲ နေလို့မဖြစ်ဘူးလေ၊ ဆန်ပြုတ် ဒါမှမဟုတ် ထမင်းဖြစ်ဖြစ် အနည်းငယ် စားကြည့်ပါဦး၊ ကျန်းမာရေး ထိခိုက်လိမ့်မယ်”

ခရိုင်ဝန်ရှန်လင်က တိုက်တွန်းလိုက်သောအခါရွန့်ကအားအင်ချိနဲ့စွာဖြင့်

“သမီး အစားအသောက် ပျက်နေတယ်၊ ဘာမှ မစားချင်ဘူး”

ခရိုင်ဝန်ရှန်လင်သည် သမီးဖြစ်သူ ခံစားနေရသော ဝေဒနာကို သိရှိ‌ သော်လည်းအချစ်‌ ကြောင့်ခံစားရသည့် ရောဂါသည်မည်သည့်ဆေးနှင့်မျှ ကုသ၍မရနိုင်သော ကြောင့်လက်လျှော့ထားရ၏။

“သခင်ကြီးနဲ့ သခင်မကြီး”

ရွန့်အစေခံမလေးချင်းချင်း သည် အိပ်ဆောင်အတွင်းသို့ ပျော်ရွှင်သောအမူအရာဖြင့်‌ ပြေးဝင်လာခဲ့သည်။

“သတင်းကောင်းကြီးတစ်ခု ရှိပါတယ်ဆရာဝူ ပြန်ရောက်နေပြီ”

ဤသတင်းကို ကြားသည်နှင့် ရွန့်သည် ရုတ်တရက် ထရပ်လိုက်ရာ သူမ၏ လှုပ်ရှားမှုမှာ ပြင်းထန်လွန်းသောကြောင့် စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များကို တိုက်မိကာ မှောက်သွားခဲ့ရ၏။ ဆန်ပြုတ်များမှာ သူမ၏ အဝတ်အစားပေါ်သို့ စင်သွားသော်လည်း သူမ သတိမထားမိဘဲ ချင်းချင်း၏ လက်ကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

သူမ၏ မျက်လုံးများမှာ ဇီးကွက်မျက်လုံးကဲ့သို့ပြူးကျယ်လာပြီး စိတ်အားထက်သန်စွာဖြင့်မေးမြန်းလိုက်၏။

“တကယ်လား၊ သူ တကယ်ပြန်လာတာလား၊ ငါ့ကို မညာနဲ့နော်”

“ဒီလိုကိစ္စမျိုးကို ကျွန်မ ဘယ်လိုလုပ် လိမ်ရဲမှာလဲ”

ချင်းချင်းကနာကျင်နေသော သူမ၏ လက်ကောက်ဝတ်ကို ပြန်လည်ရုန်းထွက်ကာ နှုတ်ခမ်းဆူလျက် ပြောလိုက်၏။

“ဆရာဝူ တကယ်ပြန်လာတာပါ၊ ယွန်ချွမ်းတပ်စခန်းက စစ်သည်တွေက သူ့ကို ရွှေတံဆိပ်ပြားတောင် ပေးခဲ့ကြတယ်၊ ကျွန်မ ကိုယ်တိုင်မြင်ခဲ့သလို သူ့ကို နှုတ်တောင် ဆက်ခဲ့သေးတယ်”

ရက်အတော်ကြာသည်အထိ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ဝူကျိရှန်းကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ကြချေ။ သူသည် တာတာစစ်သည်များ၏ လက်ချက်ဖြင့် သေဆုံးသွားပြီဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ သူ ပြန်ရောက်လာခဲ့သည်။

သူမသည်လန့်နိုးလာသော ညဉ့်နက်သန်းခေါင်ယံများတွင် သူ့ကိုအကြိမ်ပေါင်းများစွာ တမ်းတခေါ်ဆိုခဲ့ရသည်။ အခုတော့သူပြန် ရောက်လာပြီဟူ‌ သောသတင်း‌ ကောင်းကိုသူမကြားရပြီ။အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ရွန့်သည် ဝမ်းသာမျက်ရည်များပင် ကျလာခဲ့သည်။

“ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်”

ခရိုင်ဝန် ရှန်လင်သည် ဝမ်းသာမျက်ရည်ကျနေသော သူမ၏ သမီးကို ကြည့်ရင်း ပြောလိုက်၏။

“သမီးလေးရယ်၊ဆရာဝူ ပြန်လာပြီပဲ့၊ သမီး ပျော်လို့ရပြီ‌ လေ၊ ဘာလို့ ငိုနေတာလဲ”

“သမီး မငိုပါဘူး”

သူမက ငြင်းဆိုခဲ့သော်လည်း မျက်လုံးထောင့်များတွင် မျက်ရည်များ ဝဲနေဆဲဖြစ်ပြီး သူမ၏ မျက်နှာမှာ ကြည်နူးမှုများဖြင့် ဝင်းပနေခဲ့၏။

“သမီး ရယ်နေတာပါ၊ နောက်ဆုံးတော့ သူ ပြန်လာပြီ”

လူသားတို့အား သေခြင်းတရားကိုပင် ရင်ဆိုင်ဝံ့စေသည့် ဤလောကရှိ အချစ်ဆိုသည်မှာ ဘာပါနည်း။ ‘အချစ်’ ဆိုသော စကားလုံးမှာ လူတေကိုအနာကျင်ဆုံးဖြစ်‌ စေသည့်စကားလုံးဖြစ်သည်။

သူမ၏ သမီးဖြစ်သူ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ ရှန်ကတော်က

“ဆရာဝူ ပြန်လာပြီဆိုတော့ သမီးရဲ့ လက်ထပ်ပွဲကို ဆက်လုပ်သင့်ပြီ” ဟု အလျင်အမြန် ပြောလိုက်၏။

သူတို့သည် ယခင်က ဝူကျိရှန်းကို ကမ်းလှမ်းရန်အတွက်ကျန်းစစ်‌ကောကို တာဝန်ပေးအပ်ခဲ့သော်လည်း စစ်ပွဲ ရုတ်တရက် ဖြစ်ပွားခဲ့သောကြောင့် ရွန့်နှင့် ဝူကျိရှန်းတို့၏ လက်ထပ်ပွဲအထမ‌ မြောက်ခဲ့ရ ပေ။ ယခု ဝူကျိရှန်း ပြန်ရောက်လာပြီ ဖြစ်သောကြောင့် လက်ထပ်ပွဲကို ဆက်လက် လုပ်ဆောင်သင့်‌နေပေပြီ။

“ဒါပေမဲ့ ကျန်းစစ်‌ကောက နယ်စပ်တံတိုင်းဆီ သွားနေတာဆိုတော့ ပြန်လာဖို့ အချိန်အနည်းငယ် လိုဦးမယ်”

မင်မင်းဆက် တည်ထောင်ချိန်မှစ၍ လူများကို စုစည်းကာ မဟာတံတိုင်းကို တည်ဆောက်စေခဲ့သည်။ အထူးသဖြင့် ယခုတစ်ကြိမ် တာတာစစ်သည်များ မဟာတံတိုင်းကို ဖောက်ထွက်နိုင်ခဲ့သည့် သင်ခန်းစာကြောင့် နယ်စပ်တံတိုင်း တည်ဆောက်ရေးကို ပိုမိုတွန်းအားပေး လုပ်ဆောင်နေခဲ့ရ၏။

အောင်သွယ်တော်ဖြစ်သူ ကျန်းစစ် ကောသည် ဒေသခံ အလုပ်သမားတစ်စုကို ခေါ်ဆောင်ကာ မဟာတံတိုင်း တည်ဆောက်ရန် နယ်စပ်သို့ သွားရောက်နေခဲ့သည်။ ထို့ကြောင့် သူ ပြန်လာသည်အထိထိုကိစ္စကို စောင့်ဆိုင်းရ‌ ပေမည်။

“အစ်ကိုကျန်း ဘယ်တော့ ပြန်လာမှာလဲ”

ဤမေးခွန်းနှင့် ပတ်သက်၍ ခရိုင်ဝန်ရှန်လင်ပင်လျှင် တိကျသော အဖြေကို မပေးနိုင်ခဲ့ချေ။မဟာတံတိုင်း တည်ဆောက်ခြင်းသည် တိကျသော အချိန်ဇယား မရှိခဲ့ချေ။ နယ်စပ်တွင် အလုပ်သမား အများအပြား ရှိနေပါက သူသည် နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအတွင်း ပြန်လာနိုင်သည်။ သို့မဟုတ်ပါက တစ်နှစ်ခွဲ သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်သည်။

“အဲ့ဒီလောက်တောင် ကြာမှာလား”

ရှန်က‌တော်သည် သူမသမီး၏ အရေးတကြီး ဖြစ်နေမှုကို အသိဆုံးဖြစ်သဖြင့်

"ကျန်းစစ်ကောက ချက်ချင်း ပြန်မလာနိုင်ဘူးဆိုမှတော့ သူ့ကို မစောင့်တော့ဘူး၊ ငါတို့ စေ့စပ်ကြောင်းလမ်းမှု အစီအစဉ်တွေကို အရင် ဆွေးနွေးကြတာပေါ့” ဟု အလျင်အမြန် ပြောလိုက်၏။

“အဲ့ဒါက သင့်တော်ပါ့မလား”

ခရိုင်ဝန်ရှန်လင်က ဝေခွဲမရဖြစ်ကာ မေးလိုက်သည်။

“အောင်သွယ်လုပ်ဖို့က ကျန်းစစ်ကောကို တာဝန်ပေးထားတာလေ၊ သူ့ကို စောင့်တာ ပိုကောင်းပါလိမ့်မယ်”

“မသင့်တော်စရာ ဘာရှိလို့လဲ”

ရှန်ကတော်ကတွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။

“နှစ်သစ်ကူးတောင် ကုန်သွားပြီ၊ ရွန့်က အသက် နှစ်ဆယ့်ငါးနှစ်တောင် ရှိပြီလေ၊ ငါတို့ ဘယ်လောက်ကြာအောင် ထပ်စောင့်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ဆရာဝူက ဒီလက်ထပ်ပွဲကို သဘောတူပြီးသားပဲလေ၊ ဒါကြောင့် ငါတို့ ဒါကို ပွင့်ပွင့်လင်းလင်းပဲ ဆက်လုပ်သင့်တယ်”

ယောက်ျားနှင့် မိန်းမတို့၏ မင်္ဂလာပွဲ ကိစ္စမှာ အရှုပ်ထွေးဆုံးနှင့် ဒုက္ခအများဆုံး ဖြစ်ပြီး တရားဝင် ကမ်းလှမ်းခြင်းအပြင် ကံကြမ္မာမေးမြန်းခြင်း၊ နေ့ရက်သတ်မှတ်ခြင်း၊ လက်ဆောင်များ ပေးအပ်ခြင်းနှင့် တောင်းရမ်းခြင်း စသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့် ပါဝင်၏။ ကံကောင်းသည်မှာ ကျန်းစစစ်ကောက တရားဝင် ကမ်းလှမ်းထားပြီးဖြစ်၍ ကနဦး သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။ ကျန်ရှိသည်မှာ သတ်မှတ်ထားသည့် အဆင့်များအတိုင်း လုပ်ဆောင်ရန်သာ ဖြစ်၏။

“ကျန်းစစ်ကောက တရားဝင် ကမ်းလှမ်းထားတယ် ဆိုပေမဲ့ ဝူကျိရှန်းက ဒီလက်ထပ်ပွဲကို တကယ် သဘောတူသလား ဆိုတာ ငါတို့ မသိသေးဘူးလေ”

ခရိုင်ဝန်ရှန်လင်၏ စကားမဆုံးမီ ရွန့်က အနည်းငယ် စိုးရိမ်တကြီးဖြင့်ဆိုလိုက်၏။

“ဆရာဝူ သဘောတူမှာပါ၊ အသေအချာပါပဲ”

“ငါလည်း အဲ့ဒီလိုပဲ ထင်တယ်”

ဤကိစ္စတွင် မိခင်နှင့် သမီးမှာ အပြည့်အဝ သဘောတူညီမှု ရှိခဲ့ကြသည်။

“ဝူကျိရှန်းက ငါတို့ရွန့်အပေါ် စိတ်မရှိဘူးဆိုရင် သူ ဘာလို့ အသက်နဲ့ရင်းပြီး ကယ်ထုတ်ခဲ့မှာလဲ”

တာတာစစ်သည်များ မြို့ထဲသို့ ဝင်ရောက်လာသည့် ညက ရှန်က‌တော်နှင့် ရွန့်တို့၏ အသက်ကို ကယ်တင်ရန်အတွက် ဝူကျိရှန်းသည် တာတာစစ်သည်များကို အသက်စွန့်ကာ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး မိနစ်တွင် သူသည် အပိုင်းပိုင်း အဖြတ်ခံရမည့် ဘေးကိုပင် ဂရုမစိုက်ဘဲ တာတာစစ်သည်များကို ဝေးရာသို့ ဆွဲထုတ်သွားခဲ့၏။

အကယ်၍ ဝူကျိရှန်းသည် ဤလက်ထပ်ပွဲကို သဘောမတူခဲ့လျှင်၊ ရွန့်ကို သူ၏ စေ့စပ်ထားသူဟု သဘောမထားခဲ့လျှင် သူသည် အဘယ်ကြောင့် ဤမျှ အသည်းအသန် တိုက်ခိုက်ခဲ့ပါမည်နည်း။

“သူက ငါတို့ သားအမိကို ကာကွယ်ဖို့ သူ့အသက်ကို ရင်းခဲ့တယ်၊ ဒါက အရာအားလုံးကို သက်သေပြနေတာပဲ့။ ဘာလို့ အဲ့ဒီ ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဂရုစိုက်နေဦးမှာလဲ”

ရှန်ကတော်နေရာတင် ဆုံးဖြတ်လိုက်ပြီး

“ဒီနေ့ပဲ လက်ထပ်ပွဲ အစီအစဉ်တွေကို မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဝူကျိရှန်းကို ဖိတ်ကြမယ်”

သူမ၏ သမီးဖြစ်သူမှာ ဝူကျိရှန်းကို အထူးတလည် နှစ်သက်နေပြီး ဝူကျိရှန်းသည်လည်း သူမတို့ကို ကယ်တင်ရန် သူရဲကောင်းဆန်စွာ အသက်စွန့်ခဲ့၏။ ၎င်းမှာ ယောက်ျားရော မိန်းမပါ လိုလားကြသော လှပသည့် ဖူးစာတစ်ခု ဖြစ်သည်။ သမီးဖြစ်သူ၏ တစ်သက်တာ ပျော်ရွှင်မှုအတွက် အမြဲတမ်း စည်းစနစ်ကြီးသော ခရိုင်ဝန်ရှန်လင်သည်လည်း လက်ခံရန်သာ ရွေးချယ်လိုက်ရသည်။

“သခင်မကြီး ပြောသလိုပဲ လုပ်ကြတာပေါ့၊ ငါ့မိသားစုက အရာရှိမိသားစု ဖြစ်နေတော့ တောင်းရမ်းတဲ့ လက်ဆောင်တွေကတော့ လျော့လို့မရဘူးပေါ့”

ထိုခေတ်က ဓလေ့ထုံးတမ်းအရ ရွန့်ကဲ့သို့သော ထင်ရှားသည့် မိသားစုမှ အမျိုးသမီးငယ်တစ်ဦးအတွက် တောင်းရမ်းသည့် လက်ဆောင်မှာပင် သေတ္တာပေါင်း နှစ်ဆယ့်လေးလုံးထက် မနည်းစေရဘဲ အခြားသော လက်ဆောင်များနှင့် တောင်းရမ်းခများကို သီးခြား တွက်ချက်ရမည် ဖြစ်သည်။

“ဆရာဝူက ဆင်းရဲတဲ့ သမားတော်လေး တစ်ယောက်ပဲ့လေ၊ သူက အဲ့ဒီလောက် ပိုက်ဆံ ဘယ်မှာ ရှိမှာလဲ။ အဖေက သမီးကို ဆင်းရဲသားကို မနှိမ်ဖို့နဲ့ ချမ်းသာသူကို မျက်နှာမသာဖို့ ခဏခဏ သင်ပေးဖူးတယ်လေ”

“သူက ဘာမှ မလုပ်ရသေးဘူး၊ ဝူကျိရှန်းအတွက်တောင် ကြိုပြီး စဉ်းစားပေးနေပြီ။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သမီးတွေဆိုတာ သူစိမ်းဘက်ကို ပါတာပဲ့"

ထိုစကားကြောင့် ရွန့်၏ မျက်နှာမှာ ကဲ့နီမြန်းသွားပြီး ခေါင်းပင် မဖော်ရဲလောက်အောင် ရှက်ရွံ့သွားခဲ့သည်။ သူမက

“သမီးက အရှိကို အရှိအတိုင်း ပြောတာပါ” ဟုသာ တိုးတိုးလေး ရေရွတ်နိုင်ခဲ့သည်။

“သမီးလေး ကျေနပ်နေသရွေ့တော့ တောင်းရမ်းတဲ့ လက်ဆောင်တွေက ညှိနှိုင်းလို့ ရပါတယ်၊ ငါတို့ မိသားစုဘက်ကနေပဲ အရာအားလုံး စီစဉ်ပေးရမယ် ဆိုရင်တောင် ကိစ္စမရှိပါဘူး”

ရှန်ကတော်က ရွန့်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။

“ညကျရင် ငါတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောဖို့ဆိုပြီး ဝူကျိရှန်းကို ဖိတ်လိုက်မယ်”

မည်သို့ပင်ဖြစ်စေ ဝူကျိရှန်းသည် မိခင်နှင့် သမီး နှစ်ဦးလုံး၏ အသက်ကို ကယ်တင်ခဲ့သူ ဖြစ်သောကြောင့် ကျေးဇူးတင် ကြောင် ဖော်ပြရန် ထမင်းစားပွဲ ပြုလုပ်ခြင်းမှာ သဘာဝကျသော ကိစ္စဖြစ်သည်။

သို့သော် ထိုထမင်းစားပွဲမှာ အကြောင်းပြချက်သာ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ လက်ထပ်ပွဲကို အမြန်ဆုံး အတည်ပြုရန်သာ ဖြစ်သည်။

“အမျိုးသမီးငယ် တစ်ယောက်အနေနဲ့ သမီးက လှလှပပ ပြင်ဆင်ထားသင့်တယ်”

ရှန်ကတော်က ပြုံးလျက်

“အချိန်အတော်ကြာအထိသမီးက အမြဲတမ်း ဖရိုဖရဲ ဖြစ်နေပြီး ဆံပင်တောင် မဖြီးချင်ဖြစ်နေတာ၊ အဲ့ဒါက ဘယ်လိုရုပ်လဲ။ ချင်းချင်း နင့်သခင်မလေးကို သေသေချာချာ ပြင်ဆင်ပေးလိုက်စမ်း”

………..

အခန်း ၃၈ လွဲချော်သွားသော ဇာတ်ညွှန်း

သူတို့ သတိမထားမိလိုက်မီမှာပင် နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိသွားပြီး ညနေခင်း ရောက်လာခဲ့သည်။

"သခင်မလေး၊ သခင်မလေး၊ မြန်မြန်လုပ်ပါဦး"

အစေခံမလေး ချင်းချင်းသည် အိပ်ဆောင်အတွင်းသို့ ပြေးဝင်လာခဲ့ပြီး

"ဆရာဝူ ရောက်နေပြီ၊ အခု ဧည့်ခန်းလေးထဲမှာ သခင်ကြီးနဲ့ သခင်မကြီးရှန်တို့နဲ့ စကားပြောနေကြတယ်။ စားပွဲလည်း ပြင်ပြီးနေပြီ၊ သခင်မလေးက ဘာလို့ အဆင်သင့် မဖြစ်သေးတာလဲ"

အမှန်စင်စစ် သခင်မလေးရွန့်သည် ပြင်ဆင်ပြီးသည်မှာ ကြာပြီဖြစ်၏။

သူမ ချစ်မြတ်နိုးရသူကို မကြာမီ တွေ့ရတော့မည်ဟု တွေးမိသည်နှင့် သခင်မလေးရွန့်၏ နှလုံးသားမှာ လှုပ်ရှားနေပြီး သူမကိုယ်သူမ အဆင်သင့်မဖြစ်သေးဟုသာ အမြဲ ခံစားနေရသည်။

သူမသည် တစ်မွန်းလွဲခင်းလုံးကို အသေအချာ ပြင်ဆင်ရင်း၊ ဆံပင်ကို အထပ်ထပ်အခါခါ ဖြီးသင်ရင်း၊ အဝတ်အစားများကို ကြိမ်ဖန်များစွာ လဲလှယ်ရင်း ဝူကျိရှန်း ရောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်စားနေခဲ့သည်။

ဝူကျိရှန်း ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုမှာ သင့်တော်ပါ့မလားဟု စိုးရိမ်နေပြန်သည်။

"ချင်းချင်း၊ ဒီဝတ်စုံက အရမ်းပါးလွန်းသလား၊ ကြည့်ရတာ တစ်မျိုးဖြစ်နေမလား၊ ငါ နောက်တစ်ထည် ထပ်လဲရမလား"

သခင်မလေးရွန့်သည် လရောင်အသွေးရှိသော ပိုးထည်အင်္ကျီနှင့် ကျောက်စိမ်းရောင် စကတ်အရှည်ကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။ထိုနွေဦးဝတ်စုံမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေပြီး သူမကို ပိုမိုတင့်တယ်သွယ်လျစေ၏။

"ဒီဝတ်စုံက အရမ်းလှပါတယ်၊ နတ်သမီးလေးတွေထက်တောင် ပိုလှနေပါသေးတယ်။ဆရာဝူကတော့ သေချာပေါက် သဘောကျမှာပါ"

ချင်းချင်းကအသေအချာကြည့်၍ပြောဆိုကာ သူမ၏သခင်မလေးကို ဆွဲခေါ်သွားလာခဲ့သည်။

"သခင်မကြီးရှန်က ခေါ်နေပြီ၊ မြန်မြန်သွားကြစို့"

သခင်နှင့် အစေခံ ဧည့်ခန်းလေးသို့ ရောက်ရှိလာသောအခါ စားပွဲကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ခရိုင်ဝန်ရှန်လင်နှင့် ဇနီးဖြစ်သူတို့မှာ ဝူကျိရှန်းနှင့် စကားပြောနေကြသည်။

သူမ ချစ်မြတ်နိုးရသူကို အဝေးမှ မြင်လိုက်ရသည်နှင့် ရွန့်၏ နှလုံးသားမှာ "ဒိန်းဒိန်း" နှင့် ခုန်သွားခဲ့သည်။ သူမသည် အလျင်အမြန် ခေါင်းငုံ့ကာ ခြေလှမ်းကျဉ်းကျဉ်းလေးများဖြင့် ရှေ့သို့တိုးသွားပြီး ထင်ရှားသော မိသားစုမှ အမျိုးသမီးငယ်တို့၏ ရှက်ရွံ့မှုကို ထိန်းသိမ်းလျက် ဂါရဝပြုခဲ့၏။

"ဆရာဝူ၊ ကောင်းကျိုးမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ။ ဆရာဝူကို နှုတ်ဆက်ပါတယ်"

"သခင်မလေးရွန့်၊ ကျန်းမာပါစေ"

နှုတ်ဆက်စကားများ ဖလှယ်ပြီးနောက် ရှန်က‌တော်က ပြုံးလျက်

"နှစ်သစ်ကူးမတိုင်ခင် ရန်သူတွေ မြို့ထဲကို ကျူးကျော်တုန်းက နန်းတွင်းသမားတော်ဝူက ငါတို့ရဲ့ အသက်ကို ရင်းပြီး ကယ်ခဲ့တာပဲ့။ ဒီလို ကျေးဇူးတရားမျိုးကို ကျေးဇူးတင်စကား တစ်ခွန်းတည်းနဲ့ ပြန်မဆပ်နိုင်လို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီထမင်းဝိုင်းလေးကို ပြင်ဆင်ထားတာပါ"

"သခင်မကြီးက အားနာစရာတွေ ပြောနေပြန်ပြီ။ အဲ့ဒီလို အခြေအနေမျိုးမှာ ဘယ်သူမဆို ဒီလိုပဲ လုပ်ကြမှာပါ"

"မင်းရဲ့ အသက်စွန့် ကာကွယ်မှုသာ မရှိရင် ငါတို့ သားအမိဟာ တာတာစစ်သည်တွေရဲ့ လက်ထဲကို ကျရောက်နေတာ ကြာလှပြီ။ ဒီလို မြင့်မြတ်တဲ့ စိတ်ထားအတွက် အမြဲတမ်း ကျေးဇူးတင်နေရမှာပါ"

အားနာစရာ စကားများ အတော်ကြာ ပြောဆိုပြီးနောက် ခရိုင်ဝန်ရှန်လင်က ထိုအချိန်က အခြေအနေကို မေးမြန်းခဲ့သည်။

"ငါတို့ သိထားသလောက်တော့ မင်း တာတာစစ်သည်တွေကို ဆွဲထုတ်သွားပြီးတဲ့နောက် ဘာသတင်းမှ မကြားရတော့ဘူး။ ဘယ်လိုများ လွတ်မြောက်လာခဲ့တာလဲ"

ထိုကိစ္စမှာ အမှန်တကယ်တော့ ရိုးရှင်းပါသည်။ ထိုစဉ်က ဝူကျိရှန်းသည် တာတာစစ်သည်များကို အသည်းအသန် ဆွဲထုတ်သွားခဲ့ပြီးလမ်းနှစ်လမ်းစာခန့် အလိုက်ခံရပြီးနောက် သူသည် တပ်မှူးချန်တို့နှင့် တွေ့ဆုံခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရ ပေသည်။

မကြာမီမှာပင် ကျင်းမင်းသားက စစ်ကူများနှင့် ရောက်ရှိလာပြီး တာတာစစ်သည်များ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။ ဒဏ်ရာရစစ်သည်များကို ကုသပေးရန် လိုအပ်နေသေးသဖြင့် ဝူကျိရှန်းသည် စစ်တပ်ကြီးနှင့်အတူ လိုက်ပါသွားခဲ့ပြီး ဆယ်ရက်ကျော်အတွင်း တိုက်ပွဲငယ်ပေါင်း ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကြုံတွေ့ခဲ့ရကာ တာတာစစ်သည်များကို မဟာတံတိုင်း အပြင်ဘက်သို့ မောင်းထုတ်ရန် ဆယ်ရက်တိတိ အချိန်ယူခဲ့ရ ပေသည်။

ဝူကျိရှန်းက အသာအယာသာ ပြောဆိုသွားသော်လည်း ရွန့်ကမူ တိုက်ပွဲ၏ အန္တရာယ်နှင့် ရက်စက်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရသည်။ သူမသည် သူ့ကိုငေးကြည့်ရင်း ယောက်ျားကောင်းတစ်ယောက်၏ ခန့်ညားထည်ဝါသော အရှိန်အဝါကို ပိုမိုခံစားခဲ့ရသည်။

ယောက္ခမလောင်းသည် သမက်လောင်းကို ကြည့်လေ ပိုသဘောကျလေဆိုသည့် စကားအတိုင်းပင် ဖြစ်သည်တည်း။ ရှန်က‌တော်သည် ဝူကျိရှန်းကို သူမ၏ သမက်လောင်းအဖြစ် ကြိုတင်သဘောကျနေခဲ့ပြီး ဖြစ်ကာ၊ ထိုကဲ့သို့ သေရေးရှင်ရေး တိုက်ပွဲကို ဖြတ်ကျော်လာခဲ့သည်ကို သိရပြီးနောက် သူ့ကို ပို၍ပင် သဘောကျသွားကာ ၎င်းမှာ ကောင်းကင်ဘုံက ဖန်တီးပေးသည့် ဖူးစာဟုပင် ပခံစားလိုက်ရ၏။

စားသောက်ပြီးနောက် ရှန်က‌ တော်သည် စကားဝိုင်းကို အဓိက အကြောင်းအရာဘက်သို့ ဆွဲယူလိုက်သည်။

"ဒီတိုက်ပွဲပြီးနောက်ဆရာဝူနဲ့ ငါတို့ရှန်မိသားစုဟာ သေအတူရှင်အတူ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ခဲ့ကြပြီးပြီ။ ငါတို့က မိသားစုတွေ ဖြစ်နေပြီဆိုတော့ ကျေးဇူးတင်စကားတွေ ပြောမနေတော့ဘူး။ မင်း အသက် နှစ်ဆယ့်ခြောက်နှစ် ရှိပြီ မဟုတ်လား"

"နှစ်သစ်ကူးပြီးရင် နှစ်ဆယ့်ခုနစ်နှစ် ရှိပါပြီ"

"မင်းလည်း မငယ်တော့ဘူး။ ငါတို့က မိသားစုတွေဖြစ်နေပြီဆိုတော့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်"

မိသားစု၊ဘယ်မိသားစုလဲ၊ဝူကျိရှန်း ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ရှန်ကတော်က အဓိက အကြောင်းအရာကို ထုတ်ပြောလိုက်၏။

"တကယ်တော့ ဒီကိစ္စကကျန်းစစ်ကော ပြန်လာတဲ့အထိ စောင့်သင့်တာပေါ့၊ ဒါပေမဲ့ ငါတို့က အဲ့ဒီလောက်အထိ မစောင့်ချင်တော့ဘူး။ အရာအားလုံးကို အမြန်ဆုံး အကောင်အထည်ဖော်သင့်နေပြီ။ တရားဝင် အဆင့်အတန်းတစ်ခု ရှိသွားရင် နောက်ပိုင်းကိစ္စတွေက ပိုပြီး အဆင်ပြေသွားမှာပါ"

သူမ၏ မိခင်က ဤသို့ပြောသည်ကို ကြားသောအခါ ရွန့်၏ မျက်နှာမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားခဲ့သည်။ သူမသည် စကားတစ်လုံးမျှ မပြောရဲဘဲ ခေါင်းငုံ့ကာ သူမ၏ လက်ချောင်းလေးများကို သာဆော့ ကစားနေခဲ့သည်။

ဝူကျိရှန်းကမူ လုံးဝ ဇဝေဇဝါ ဖြစ်နေပြီး ရှန်ကတော် ဘာပြောနေသည်ကို လုံးဝနားမလည်ခဲ့ချေ။ဘာကိုအ‌ ကောင်အထည်‌ဖော်မှာလဲ။အဆင့်အတန်း ဆိုတာကကော ဘာကို ဆိုလိုတာလဲ။ ဘာလို့ အစ်ကိုစစ် ပြန်လာတာကို စောင့်ရမှာလဲ။

"ယောက်ျားဆိုတာ အိမ်ထောင်ပြုရမှာဖြစ်သလို မိန်းမဆိုတာလည်း အိမ်ထောင်ချပေးရမှာပဲ၊ ဒါက ရှက်စရာ မဟုတ်ပါဘူး။ ဒီအခြေအနေအထိ ရောက်လာပြီဆိုမှတော့ ဖြစ်သင့်တဲ့အတိုင်းပဲ ဆက်လုပ်ကြတာပေါ့"

ရှန်ကတော်ကဝူကျိရှန်းကို ပြုံးကြည့်ရင်း ပြောလိုက်၏။

"ငါက ဆင်းရဲတာ ချမ်းသာတာကို ကြည့်တဲ့လူ မဟုတ်ပါဘူး။ တောင်းရမ်းတဲ့ လက်ဆောင်တွေနဲ့ တင်တောင်းတာတွေကို ညှိနှိုင်းလို့ ရပါတယ်။ မင်းတို့ရဲ့ လက်ထပ်ပွဲကို အမြန်ဆုံး အကောင်အထည်ဖို့ပဲ လိုတာပါ"

လက်ထပ်ပွဲ။ ဘယ်သူနဲ့ ဘယ်သူ လက်ထပ်မှာလဲ။ဝူကျိရှန်းမှာ လုံးဝကို ဗြောင်းဆန်သွားပြီး ရှန်ကတော် ဘာတွေ ပြောနေမှန်းကို မသိတော့ချေ။

ဒါက အသက်ကယ်ပေးခဲ့လို့ ကျေးဇူးတင်တဲ့ ထမင်းဝိုင်း မဟုတ်ဘူးလား။ ဘာလို့ တင်တောင်းတာတွေ၊ လက်ဆောင်တွေအကြောင်း ပြောနေရတာလဲ။ ဒါက ဘာကို ဆိုလိုတာလဲ။

ရှန်က‌တော်မှာမူ အလွန်အမင်း ဝမ်းသာနေခြင်းကြောင့် ဖြစ်နိုင်သည်။ဝူကျိရှန်း၏ မျက်နှာအမူအရာကို လုံးဝ သတိမထားမိခဲ့ချေ။ သူမသည် ယောက္ခမတစ်ယောက်၏ လေယူလေသိမ်းဖြင့် ဆက်၍ ပြောနေခဲ့သည်။

"နောက်မှ မင်းရဲ့ မွေးသက္ကရာဇ်ကို ယူခဲ့ပါဦး၊ ဇာတာတိုက်ကြည့်ဖို့ လူတစ်ယောက် ရှာရမယ်။ ဒါက လုပ်ရိုးလုပ်စဉ် သဘောပါပဲ၊ အဲ့ဒီနောက်မှာတော့ မင်းတို့ တရားဝင် စေ့စပ်လို့ ရပါပြီ"

စေ့စပ်မယ်။ ဘယ်သူနဲ့ စေ့စပ်မှာလဲ။

ဝူကျိရှန်း နားထောင်လေလေ တစ်ခုခု လွဲနေပြီဟု ခံစားရလေလေ ဖြစ်သည်။ သူသည် ရှန်ကတော်၏ စကားကို အလျင်အမြန် ဖြတ်ပြောကာ

"သခင်မကြီး ပြောနေတဲ့ စေ့စပ်ပွဲဆိုတာ... အဲ့ဒါက ဘာကို ဆိုလိုတာလဲ" ဟု မေးမြန်းလိုက်သည်။

"လူငယ်တွေကတော့ ရှက်တတ်ကြတာပဲ၊ မသိချင်ယောင် ဆောင်မနေပါနဲ့တော့"

ရှန်က‌တော်က ပြုံးလျက် ဆိုလိုက်သည်။

"မင်းနဲ့ ရွန့်နဲ့က တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြတာပဲ့၊ သေအတူရှင်အတူလည်း ဖြစ်ခဲ့ကြပြီးပြီ။ ဒီလက်ထပ်ပွဲက စီစဉ်ပြီးသား ဖြစ်နေသင့်တာ ကြာလှပြီ။ စေ့စပ်ပြီးရင် မင်္ဂလာဆောင်အတွက် ဖြည်းဖြည်းချင်း ပြင်ဆင်လို့ ရတာပေါ့"

ငါက သခင်မလေးရွန့်နှင့်လက်ထပ်ရမှာလား။ဒါကို ငါကိုယ်တိုင်တောင် မသိပါလား။ ဒါက ဘယ်လို လက်ထပ်ပွဲမျိုးလဲ။မင်းတို့များ မှားနေတာလား။

ပထမတွင် ရှန်က‌‌တော်သည် ဝူကျိရှန်းမှာ ရှက်နေ၍ မသိချင်ယောင် ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း မကြာမီမှာပင် ထိုသို့မဟုတ်ကြောင်း သိလိုက်ရသည်။

ဝူကျိရှန်းသည် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ဤကိစ္စကို အမှန်တကယ် ဘာမှ သိရှိထားပုံမရ‌ ချေ။

"ကျန်းစစ်ကောက မင်းကို အရင်က မပြောပြဖူးဘူးလား"

"လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်ကိုစစ် ကျွန်တော့်ဆီ လာခဲ့ပါသေးတယ်၊ သူ တစ်ခုခု ပြောချင်နေပုံရပေမဲ့ မပြောရသေးခင်မှာပဲ တာတာစစ်သည်တွေ တိုက်ခိုက်လာကြတာပါ"

ထိုစကားကို ကြားသောအခါ အားလုံးမှာ မှင်တက်သွားခဲ့ကြသည်။အရာအားလုံး ပြီးဆုံးသွားသည့်တိုင် ကျန်းစစ်ကောသည် လက်ထပ်ရန် ကမ်းလှမ်းမှုကို စကားပင် မစရသေးချေ။

ဝူကျိရှန်းသည် ဤလက်ထပ်ပွဲအကြောင်းကို လုံးဝ မသိရှိခဲ့သဖြင့် စေ့စပ်ပွဲဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။ဝူကျိရှန်းကို ဤကဲ့သို့ ရုတ်တရက်ကြီး ဖိတ်ခေါ်ခဲ့မိခြင်းမှာ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွား စေခဲ့သည်။ထမင်းဝိုင်း၏ လေထုမှာ ချက်ချင်းပင် အလွန်အမင်း အနေရခက်သွားခဲ့ကြသည်။

ရှန်က‌တော်သည် စကားတစ်လုံးမျှ မဟနိုင်တော့ဘဲ ဆွံ့အသွားခဲ့၏။ရွန့်မှာလည်း မှင်တက်နေပြီး အနေရခက်စွာ ထိုင်နေရင်း ဂဏာမငြိမ် ဖြစ်နေခဲ့သည်။ သူမသည် ဝူကျိရှန်းကို မော့ကြည့်ကာ တစ်ခုခု ပြောချင်နေပုံ ရသော်လည်း ဘယ်ကစပြောရမှန်း မသိဖြစ်နေခဲ့သည်။

ထမင်းဝိုင်းမှ ပျော်ရွှင်စရာ လေထုမှာ ချက်ချင်းပင် လေးလံထိုင်းမှိုင်းသွားပြီး အားလုံးမှာ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားခဲ့ကြသည်။

………

All Chapters