အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁)
"မနက်ဖြန် မင်းတို့နှစ်ယောက်ထဲက ဘယ်သူက ရှေ့ပြေးတပ်ကို ဦးဆောင်ချီတက်ရဲသလဲ။"
ရှောင်ရှီက ရှောင်မိုနှင့် ရှောင်ယီရှဲတို့ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
ရှောင်ယီရှဲ၏ မျက်နှာထက်တွင်မူ တွေဝေတုံ့ဆိုင်းသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေပြီ။
မြို့သခင်ရှာဟောက်နန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအမြူတေအဆင့်သာဖြစ်သော်လည်း သန္ဓေတည်ဝိညာဉ်အဆင့်ရှိသော စစ်သူကြီးများပင်လျှင် သူ့ရှေ့၌ အစွမ်းမပြနိုင်တော့ကြောင်း ကောလာဟလများက ဆိုကြပေသည်။
အကယ်၍ သူသာ ရှေ့ပြေးတပ်ကို ဦးဆောင်သွားပြီး တစ်ခုခု မှားယွင်းသွားခဲ့လျှင် သူ၏အသက်ကို အမှန်တကယ် စတေးလိုက်ရပေလိမ့်မည်။
"ဒါပေမဲ့..."
ရှောင်ယီရှဲသည် သူ၏ဘေးတွင်ရှိနေသော ရှောင်မိုကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် သူ၏ဖခင်ဖြစ်သူကိုပါ လှမ်းကြည့်လိုက်လေသည်။ ယခုအချိန်၌ သူသာ နောက်ဆုတ်သွားခဲ့လျှင် ဖခင်၏ ရင်ထဲရှိ သူ၏ပုံရိပ်သည် အကြီးအကျယ် ကျဆင်းသွားလိမ့်မည်ဟု သူ ခံစားလိုက်ရ၏။
"ကျွန်တော် ရှေ့ပြေးတပ်ကို ဦးဆောင်ပါ့မယ်။"
ရှောင်ယီရှဲတစ်ယောက် ဆုံးဖြတ်ချက်ချနိုင်ရန် ရုန်းကန်နေရဆဲ အချိန်လေးမှာပင် ရှောင်မိုက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလျက် ဝင်ရောက်ပြောဆိုလိုက်လေတော့သည်။
"လက်ဝဲစစ်သူကြီး... မင်းဆီကနေ ထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအင်တွေအရဆိုရင် မင်းက နဂါးတံခါးအဆင့်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား။" မျက်လုံးတစ်ဖက်ကို အဝတ်စစည်းနှောင်ထားသော စစ်သူကြီးဟွမ်က ရှောင်မိုကို မေးလိုက်၏။
"နဂါးတံခါးအဆင့် ပြီးပြည့်စုံခြင်းပါပဲ။" ရှောင်မိုက ပြန်ဖြေလိုက်လေ၏။
"ဟားဟားဟား... ဒါလည်း နဂါးတံခါးအဆင့်ပဲ မဟုတ်ဘူးလား။" စစ်သူကြီးဟွမ်က ရယ်မောလိုက်လေသည်။ "လက်ဝဲစစ်သူကြီး... ဒီအဘိုးကြီးက မင်းကို အပြစ်တင်နေတာတော့ မဟုတ်ဘူး။ လူငယ်တွေ သွေးဆူကြွတာက ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ဘောင်ကိုယ်လည်း ကြည့်လုပ်ရဦးမယ်လေ။ အဲ့ဒီ ရှာဟောက်နန်က ဝေ့တိုင်းပြည်ရဲ့ သိုင်းပညာပါရမီရှင်တစ်ယောက်ပဲ။ သန္ဓေတည်ဝိညာဉ်အဆင့်က လူတွေကိုတောင် အဆင့်ကျော်ပြီး ဆွဲဖြဲပစ်နိုင်တဲ့ တည်ရှိမှုမျိုးကွ။ မင်းသာသွားမယ်ဆိုရင် သေလမ်းသွားရှာတာကလွဲပြီး ဘာရှိဦးမှာလဲ။"
"ဒီစစ်သူကြီးလည်း ဒါကို မသင့်တော်ဘူးလို့ ထင်တယ်။" လျှိုရှင်းဟု အမည်ရသော စစ်သူကြီးတစ်ဦးက ခေါင်းယမ်းလိုက်လေ၏။ "ရှေ့ပြေးတပ်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ တစ်တပ်လုံးရဲ့ စိတ်ဓာတ်ခွန်အားအပေါ် သက်ရောက်မှု ရှိနေတယ်လေ။ လက်ဝဲစစ်သူကြီးအနေနဲ့ အခုလို သတ္တိရှိတာက ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဒါက တစ်သီးပုဂ္ဂလကိစ္စမဟုတ်ဘဲ စစ်တပ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတာလေ။"
"မင်းကြီး... ကျွန်တော့်ကိုပဲ သွားခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဒီ သွေးနုသားနု ကောင်လေးနှစ်ယောက်ကိုတော့ ဘေးမှာပဲ ထိုင်နေခိုင်းလိုက်ပါ။" အသားမည်းမည်းနှင့် တောင့်တင်းသန်မာသော စစ်သူကြီးတစ်ဦးက ဝင်ပြောလိုက်ပေသည်။
လူတိုင်း၏ သံသယဝင်နေမှုများကို ရင်ဆိုင်နေရသော်လည်း ရှောင်မိုကမူ ဘာစကားမှ မဆိုခဲ့ချေ။ သူ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ကာ ရှောင်ရှီ၏ ဆုံးဖြတ်ချက်ကိုသာ အေးအေးဆေးဆေး စောင့်ဆိုင်းနေလေတော့သည်။
ရှောင်ရှီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ရာ စစ်သူကြီးများအားလုံး တဖြည်းဖြည်းနှင့် ငြိမ်သက်သွားကြလေ၏။
ရှောင်ရှီသည် ရှောင်မို၏ မျက်လုံးများထဲသို့ တည့်တည့်စိုက်ကြည့်လိုက်သည်။ "ရှာဟောက်နန်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မင်းလည်း အကြမ်းဖျင်း သိပြီးသားဖြစ်မှာပါ။ ဒါတောင် မင်းက ရှေ့ပြေးတပ်ကို ဦးဆောင်ရဲသေးတယ်ပေါ့။"
"ဒီစစ်သူကြီးက အမိန့်ကို တောင်းခံပါတယ်" ရှောင်မိုက အသံဩဩဖြင့် ပြောလိုက်၏။ သူ၏ လေသံထဲတွင် တုံ့ဆိုင်းနေမှု အနည်းငယ်မျှပင် မပါဝင်ခဲ့ပေ။
"ကောင်းပြီ" ရှောင်ရှီက ခေါင်းညိတ်လိုက်လေသည်။ "ဆုံးဖြတ်လိုက်ပြီ။ မနက်ဖြန် လက်ဝဲစစ်သူကြီး ရှောင်မိုက ရှေ့ပြေးတပ်ကို ဦးဆောင်ရမယ်။ စစ်သူကြီးတို့... အားလုံးပဲ သွားပြီး သေချာနားကြတော့။ မနက်ဖြန်ရဲ့ စစ်ပွဲကြီးမှာ ငါတို့ ပိရွှေမြို့ကို ခြေမွှပစ်ကြမယ်"
ရှောင်ရှီ၏ နောက်ဆုံးစကားစု အဆုံးတွင် သူ၏အကြည့်များက ရှောင်ယီရှဲအပေါ်သို့ ဖြတ်ပြေးသွားလေ၏။
ရှောင်ယီရှဲ၏ ကြက်သီးမွေးညင်းများ ချက်ချင်း ထသွားခဲ့ပြီး နဖူးပြင်ထက်၌ ချွေးစေးများ ပျံ့နှံ့လာချေပြီ။
"အမိန့်အတိုင်းပါ"
စစ်သူကြီးများအားလုံးက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလျက် တုံ့ပြန်လိုက်ကြလေသည်။
စစ်သူကြီးဟွမ်နှင့် အခြားသူများ၏ အမြင်တွင်မူ ရှောင်မိုတစ်ယောက် သူ့သေတွင်းသူ တူးနေသလိုမျိုး ဖြစ်နေသော်ငြားလည်း...
မင်းကြီး ကိုယ်တိုင် ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်သောကြောင့် သူတို့အနေဖြင့် စစ်ဘက်ဆိုင်ရာ အမိန့်များကိုသာ နာခံရန်သာရှိတော့၏။ ထပ်ပြောနေရန် လိုအပ်တော့မည်မဟုတ်ပေ။
ရှောင်မိုနှင့် အခြားသူများအားလုံး စစ်တဲအတွင်းမှ ထွက်လာခဲ့ကြလေသည်။
"အစွမ်းပြချင်နေတယ်ပေါ့လေ။ အဖေ့ရှေ့မှာ မျက်နှာရချင်နေတာလား။ မနက်ဖြန် မြို့ရိုးပေါ်မှာ မင်း ဘယ်လိုသေမလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်"
ရှောင်ယီရှဲက ရှောင်မို၏ ထွက်ခွာသွားသော ကျောပြင်ကို လှမ်းကြည့်လိုက်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်၏။ ထို့နောက် အေးစက်စက် နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားလေတော့သည်။
သူ၏ ကိုယ်ပိုင်စစ်တဲဆီသို့ ပြန်ရောက်သောအခါတွင်မူ စားပွဲကို သုတ်သင်ရှင်းလင်းနေသည့် သူစိမ်းဆန်ဆန်၊ ရင်းနှီးနေသယောင်ယောင် စစ်သည်တစ်ဦးကို ရှောင်မို မြင်လိုက်ရပေသည်။
"ရှောင်ကွေ့လား။"
ရှောင်မိုက မဝံ့မရဲ လှမ်းခေါ်လိုက်လေ၏။
လူငယ်စစ်သည်လေးက မော့ကြည့်လာပြီး ရှောင်မိုကို မြင်လိုက်ရသည်။ သူ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်လက်လာကာ ဝမ်းသာအားရဖြင့် ဆိုလိုက်၏။ "အစ်ကိုမို"
"မင်း တကယ်ပဲဖြစ်နေတာကိုး။" ရှောင်မိုက ပြုံးလိုက်ပြီး ရှေ့သို့ တိုးသွားလေသည်။ "ရင်းနှီးနေတယ်လို့ ထင်သားပဲ။ ဒါနဲ့ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။"
"ကျွန်တော်လည်း မသိဘူးဗျ။" ရှောင်ကွေ့ကလည်း ပြုံးလိုက်၏။ "မကြာခင်လေးကတင် တပ်မှူးက ကျွန်တော့်ကို အခုမှ အသစ်ရောက်လာတဲ့ စစ်သူကြီးဆီမှာ လက်ထောက်သွားလုပ်ဆိုပြီး ပြောလိုက်တာပဲ။ ဘယ်သူများလဲလို့ တွေးနေတာ... အစ်ကိုမို ဖြစ်နေလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူးဗျာ"
ပြောရင်းဆိုရင်းဖြင့် ရှောင်ကွေ့မှာ ပို၍ စိတ်လှုပ်ရှားလာချေပြီ။ "အစ်ကိုမို... အစ်ကိုက အခု နာမည်ကြီးနေပြီနော်။ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ထဲမှာတောင် အစ်ကို့နာမည်ကို ကျွန်တော် ကြားနေရတယ်။"
"သီချင်းတစ်ပုဒ်ကြောင့် ရလာတဲ့ နာမည်က သိပ်တော့ အစစ်အမှန် မဟုတ်သေးပါဘူး။"
ရှောင်မိုက လက်မြှောက်အရှုံးပေးလိုက်သည့် ဟန်ဖြင့် ခေါင်းယမ်းလိုက်လေ၏။
သို့သော်လည်း ရှောင်ကွေ့တစ်ယောက် သူ၏ လက်ထောက်စစ်သူကြီး ဖြစ်လာသည့်အပေါ်တွင်မူ ရှောင်မို အတော်လေး ကျေနပ်နေမိပေသည်။
အနည်းဆုံးတော့ သူသိကျွမ်းသည့်လူ ဖြစ်နေသောကြောင့် ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် ပို၍ လွယ်ကူချောမွေ့နိုင်မည်မဟုတ်ပါလား။
ဒါက သူ့အဖေ အဘိုးကြီး၏ အကြံအစည်ဖြစ်နိုင်ကြောင်းကိုလည်း ရှောင်မို ခန့်မှန်းမိလိုက်လေသည်။
ရှောင်ကွေ့နှင့် စကားပြောပြီးနောက် ရှောင်ကွေ့တစ်ယောက် ယခုအခါတွင် တပ်မှူးရာထူးကို ရရှိနေပြီဖြစ်ကြောင်း ရှောင်မို သိလိုက်ရ၏။
စစ်တပ်ထဲ၌ ခုနစ်နှစ်ကြာပြီးနောက် တပ်မှူးတစ်ယောက် ဖြစ်လာခြင်းက သိပ်ပြီး ထူးခြားသည်ဟု မထင်ရသော်ငြားလည်း နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ထဲတွင်တော့ ကွာခြားပေသည်။ ဤကလေး၌ အမှန်တကယ် အရည်အချင်းရှိကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်ချေ၏။
ရှောင်မိုကို အကျေနပ်ဆုံးဖြစ်စေခဲ့သည့်အရာမှာ ထိုကလေးက နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ထဲတွင် အဆင်ပြေပြေ ဝင်ဆံ့နေပြီး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးသတင်းများကိုပါ အတော်များများ သိရှိနေခြင်းပင်။
ဥပမာအားဖြင့်... စစ်သူကြီးဟွမ်နှင့် အခြားသူများ၏ လုပ်ဆောင်ချက်များနှင့် ကိုယ်ရည်ကိုယ်သွေးများကဲ့သို့သော အချက်အလက်မျိုး ဖြစ်သည်။
ထို့အပြင် တပ်မှူးများအားလုံး၏ အမည်များကိုပင် သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။
"မင်း ပုံမှန်အတိုင်း လေ့ကျင့်ရေးဆင်းဖို့ မလိုဘူးလား။ စစ်တပ်ထဲက ကိစ္စတွေအားလုံးကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။" ရှောင်မိုက မေးလိုက်လေသည်။
"ဟီးဟီး..." ရှောင်ကွေ့က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်၏။ "အမေက ပြောဖူးတယ်လေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူမှုဆက်ဆံရေးက အရေးကြီးတယ်တဲ့။ အဲ့ဒါကြောင့် အားနေတဲ့အချိန်တိုင်း ကျွန်တော့်အထက်လူကြီးတွေရဲ့ ကိစ္စလေးတွေကို စူးစမ်းရတာ သဘောကျတယ်။ ဥပမာ... သူတို့ ဘာတွေကို နှစ်သက်သလဲပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန် အသုံးလိုလာရင် ဘယ်လိုလုပ်မလဲ။"
ရှောင်မိုက သူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ "မပြောနဲ့လေ... ဒါက တကယ်ကို အသုံးဝင်မှာပဲ။ သွား... တပ်မှူးအဆင့်နဲ့ အထက်က စစ်သူကြီးတွေ အားလုံးရဲ့ အချက်အလက်တွေကို စာရင်းလုပ်ပြီး ငါ့ဆီ ယူလာခဲ့စမ်း။ ပြဿနာမရှိဘူးမလား။"
"ပြဿနာမရှိပါဘူး အစ်ကိုမို" ရှောင်ကွေ့က ခေါင်းညိတ်လိုက်လေ၏။ "အာ... ဒါနဲ့ အစ်ကိုမို... ကျွန်တော်တို့ ဝေ့တိုင်းပြည်ကို ဘယ်တော့ချီတက်ကြမှာလဲ။"
"မနက်ဖြန်ပဲ။" ရှောင်မိုသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူ၏လှံရှည်ကြီးကို သုတ်သင်နေလေသည်။
"ဒါဆို တကယ်ပဲ နောက်ရက်အနည်းငယ်အတွင်းမှာပေါ့။" ရှောင်ကွေ့က ရှောင်မိုအတွက် သေရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ "ဒါဆို မနက်ဖြန် ရှေ့ပြေးတပ်ကို ဘယ်စစ်သူကြီးက ဦးဆောင်မှာလဲဗျ။"
ရှောင်မိုက ရှောင်ကွေ့အား ကြည့်ကာ ပြုံးလိုက်လေသည်...
"ငါပေါ့။"
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ...
ဥသြမှုတ်သံ ထွက်ပေါ်လာသည်နှင့်အမျှ... မြောက်ပိုင်းနယ်စပ်မြို့ ခုနစ်မြို့ကို စောင့်ကြပ်နေသည့် စစ်သည်များမှလွဲ၍ နှင်းနင်းနဂါးမြင်းသည်တော် နှစ်သိန်းခွဲနှင့် ခြေလျင်တပ်သား ခြောက်သိန်း ပါဝင်သော မြောက်ပိုင်းတပ်မတော်ကြီးသည် ချီတက်ရန် အသင့်ဖြစ်နေချေပြီ။
မြို့ရိုး၏ အောက်ဘက်တွင်မူ မြင်းများရော စစ်သည်များပါ ဖြူလွှလွှ သံချပ်ကာများကို ဝတ်ဆင်ထားကြလေ၏။
တစ်ခုတည်းသော ကွာခြားချက်မှာ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့၏ သံချပ်ကာများတွင် နက်နဲသော သံမဏိများ ရောနှောပါဝင်နေခြင်းပင် ဖြစ်သည်။
စစ်သည်များအားလုံးသည် ရုပ်တုများအလား မလှုပ်မယှက် ရပ်တန့်နေကြပြီး တပ်မတော်ကြီးတစ်ခုလုံး သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေပေသည်။
သူတို့တစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် မြောက်ပိုင်းနယ်မြေမှသာ ပိုင်ဆိုင်သော ထူးခြားသည့် ဂုဏ်ယူဝင့်ကြွားမှုများ ရှိနေလေ၏။
ယခု ဝေ့တိုင်းပြည်သို့ ချီတက်သည့် စစ်ပွဲသည် ချင်တိုင်းပြည်၏ ကံကြမ္မာအတွက် အရာအားလုံးကို ပုံအောထားသည့် စစ်ပွဲတစ်ပွဲဟုပင် ဆိုနိုင်ပေသည်။
ရှောင်ရှီသည် မြို့ရိုးပေါ်တွင် ရပ်နေကာ တပ်မတော်ကြီးတစ်ခုလုံးကို အကဲခတ်ကြည့်ရှုလိုက်ပြီး သူ၏ အသံကို ဝိညာဉ်စွမ်းအင်၏ အကူအညီဖြင့် တောရိုင်းနယ်မြေတစ်ခွင်သို့ ပျံ့နှံ့သွားစေလိုက်လေ၏။
"ငါ့ရဲ့ မြောက်ပိုင်းတပ်မတော်ဟာ နာမည်မရှိတဲ့ ကောင်တွေကို ဘယ်တော့မှ သတ်ဖြတ်လေ့မရှိဘူး။ ပြီးတော့ နိုင်ငံငယ်လေးတွေကိုလည်း ဘယ်တုန်းကမှ အထင်ကြီးပြီး မျက်လုံးထဲ ထည့်ထားလေ့မရှိဘူး
ငါတို့ တိုက်ပွဲဝင်ရမယ်ဆိုရင် ပြင်းထန်တဲ့ တိုက်ပွဲတွေကိုပဲ တိုက်ခိုက်မယ်
ငါတို့ ဖျက်ဆီးရမယ်ဆိုရင် နိုင်ငံကြီးတွေကိုပဲ ဖျက်ဆီးပစ်မယ်
ဝေ့တိုင်းပြည်ဟာ ငါတို့ရဲ့ နယ်စပ်တွေကို နှောင့်ယှက်ခဲ့တယ်။ ငါတို့ပြည်သူတွေကို ကျူးကျော်ခဲ့ပြီး ချင်တိုင်းပြည်နဲ့ နှစ်ပေါင်းရာချီကြာအောင် အားပြိုင်နေခဲ့တာပဲ။
ဒီနေ့ကစပြီး အရာအားလုံးကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ
ချင်တိုင်းပြည်ရဲ့ ထက်မြက်တဲ့ ဓားသွားတွေအနေနဲ့... မင်းတို့ ဘာလုပ်ကြမလဲ"
"သတ်"
"သတ်"
"သတ်"
စစ်သည်ဆယ်သိန်းက တစ်သံတည်း ဟစ်ကြွေးလိုက်ကြရာ သူတို့၏ အသံများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေလေတော့သည်။
သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပြီးနောက် ဆယ်သိန်းသော တပ်မတော်ကြီးသည် တိတ်ဆိတ်သွားပြန်၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် တိုက်ပွဲဝင် ကြွေးကြော်သံများသာ ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။
"မြောက်ပိုင်းတပ်မတော်... ချီတက်"
ရှောင်ရှီ၏ အသံအဆုံးတွင် ဆယ်သိန်းသော တပ်မတော်ကြီးသည် ပိရွှေမြို့ဆီသို့ တိုက်ရိုက်ချိန်ရွယ်ထားသည့် လှံရှည်ကြီးတစ်လက်အလား တညီတညွတ်တည်း ရွေ့လျားသွားကြလေတော့၏။
စစ်သည်ဆယ်သိန်း ပါဝင်သော တပ်မတော်ကြီးက ပိရွှေမြို့အောက်သို့ ဆိုက်ရောက်လာသောအခါ...
မြို့သခင် ရှာဟောက်နန်သည်လည်း ခုနစ်သိန်းသော စစ်တပ်ကြီးကို ဦးဆောင်ကာ အသင့်ပြင်ဆင် စောင့်ဆိုင်းနေချေပြီ။
တပ်မတော်နှစ်ခု မျက်နှာချင်းဆိုင် မိသွားကြရာ... တိုက်ပွဲကြီးတစ်ရပ်က အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်ဟန် ရှိနေလေတော့သတည်း။
အခန်း (၃၇၂)
ရှာဟောက်နန်သည် ပုဆိန်အမြွှာကြီးနှစ်လက်ကို ကိုင်ဆောင်လျက် ရှေ့သို့ မြင်းစီးထွက်လာခဲ့၏။ သူက ပါးစပ်ထဲမှ မြက်တပင်ကို ထွေးထုတ်လိုက်ပြီးနောက် ရှောင်ရှီနှင့် အခြားသူများဘက်သို့ အထင်အမြင်သေးမှုများ ပြည့်နှက်နေသော အကြည့်တို့ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရှာဟောက်နန်၏ တစ်ဖက်တစ်ချက်စီတွင် မသေမျိုးအဆင့် ကျင့်ကြံသူနှစ်ဦးရှိနေပြီး စစ်တပ်ကြီး၏ အလယ်ဗဟို၌မူ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ထိုင်နေချေပြီ။
ရှာဟောက်နန်သည် မြို့သခင်တစ်ဦးဖြစ်သော်ငြား သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြင့်မားဆုံးတော့ မဟုတ်ပေ။
ဤသည်က နိုင်ငံအသီးသီး၏ စစ်တပ်များတွင် တွေ့ရလေ့ရှိသော သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအဆင့် မြင့်မားသော ကျင့်ကြံသူတိုင်းက တိုက်ပွဲများတွင် စစ်တပ်ကို ဦးဆောင်နိုင်စွမ်းရှိသည်ဟု မဆိုလိုသောကြောင့်ပင်တည်း။
ထို့အပြင် စစ်တပ်အတွင်း ရာထူးမြင့်မားလေလေ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ များပြားလေလေဖြစ်ရာ ကျင့်ကြံရန် အချိန်နည်းပါးသွားခြင်းမှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထို့ကြောင့် စစ်သူကြီးများ၏ ကျင့်ကြံခြင်းအဆင့်မှာ ယေဘုယျအားဖြင့် သိပ်မမြင့်မားတတ်ကြဘဲ အဆင့်မြင့်ကျင့်ကြံသူများကိုမူ နိုင်ငံအသီးသီးက ပူဇော်ခံများအဖြစ် ထားရှိကာ စစ်တပ်နှင့်အတူ လိုက်ပါစေလေ့ရှိပေသည်။
သို့သော်လည်း အရာရာတိုင်းတွင် ချွင်းချက်ဆိုသည်က ရှိစမြဲပင်။
ဥပမာအားဖြင့် ကျန်းပေမင်းသား ရှောင်ရှီ၏ ကျင့်ကြံခြင်းအဆင့်သည် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်း၌ ရှိနေပေသည်။
နောက်ထပ် ဥပမာတစ်ခုမှာ ယခု ရှာဟောက်နန်ပင် ဖြစ်၏။ သူသည် အသက်ငါးဆယ်ပင် မပြည့်သေးသော်လည်း ရွှေအမြူတေအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ဉာဏ်ရည်ပြည့်ဝပြီး ဝေ့တိုင်းပြည်နန်းတွင်း၏ အလွန်တန်ဖိုးထားခြင်းကို ခံရသူဖြစ်လေသည်။ နောင်တစ်ချိန် အထက်သုံးဆင့်သို့ တက်လှမ်းနိုင်မည်ဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိလောက်အောင် သေချာနေသည့် ကိစ္စတစ်ခုပင်။
"ကျန်းပေမင်းသားက ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီးကို ခေါ်လာရလောက်အောင်ကို ရန်လိုလွန်းနေတယ်။ တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"
ရှာဟောက်နန်က ရှောင်ရှီကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာအမူအရာတွင် အကြောက်တရား အနည်းငယ်မျှပင် မရှိနေသည့်အပြင် ရှောင်ရှီကို အရှင်လတ်လတ်ဖမ်းဆီးကာ နန်းတွင်းသို့ ပြန်ခေါ်သွားချင်နေသည့် အရိပ်အယောင်များပင် ပြသနေလေသည်။
"ရှာဟောက်နန်... လက်ရှိ ဝေ့တိုင်းပြည်ရဲ့ နန်းတွင်းက ယိုယွင်းပျက်စီးနေပြီ။ သစ္စာဖောက် အမတ်တွေက အာဏာကိုင်စွဲထားကြပြီး ပြည်သူတွေကလည်း ဒုက္ခရောက်နေကြရပြီ။ ဝေ့တိုင်းပြည်ရဲ့ ကံကြမ္မာက ကုန်ဆုံးသွားပြီမို့ မင်းက ဘာလို့ သူတို့အတွက် အသက်စွန့်နေရဦးမှာလဲ။ ငါမင်းကြီးက မင်းကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ထားတယ်။ တကယ်လို့ မင်းသာ ငါတို့ချင်တိုင်းပြည်ကို အညံ့ခံမယ်ဆိုရင် နောင်တစ်ချိန်ကျ ဝေ့တိုင်းပြည်ရဲ့ နယ်မြေတွေက မင်းရဲ့ အပိုင်စားနယ်မြေတွေ ဖြစ်လာလိမ့်မယ်"
ရှောင်ရှီက အလွန်ရိုးသားစစ်မှန်သော လေသံဖြင့် ရှာဟောက်နန်အား လက်နက်ချရန် ဖျောင်းဖျလိုက်လေ၏။
"ဟားဟားဟား... မင်းကြီးရဲ့ စကားတွေက တကယ့်ကို ကောင်းမွန်လွန်းလှပါတယ်" ရှာဟောက်နန်က မြင်းကျောပေါ် မတ်တတ်ရပ်ကာ သေရည်တစ်ခွက်ကို သောက်လိုက်၏။ "ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ မင်းကြီးက ငါတို့ဝေ့တိုင်းပြည်ဘက်ကို ပူးပေါင်းလိုက်ပါ။ မင်းကြီး လက်အောက်က ကြီးမားတဲ့ စစ်အင်အားတွေရယ်၊ ငါတို့ ဝေ့တိုင်းပြည်ရဲ့ ထောက်ခံအားပေးမှုတွေရယ်နဲ့ဆိုရင် အနာဂတ်မှာ ချင်တိုင်းပြည်ရဲ့ အရှင်သခင်ဆိုတာ မင်းကြီးပဲ ဖြစ်လာမှာ။ ဒါက သိပ်မကောင်းပေဘူးလား"
ရှောင်ရှီက ခေါင်းယမ်းလိုက်လေသည်။ "ထပ်ပြောစရာ စကားမရှိတော့ဘူးထင်တယ်"
"တကယ်လို့များ ပြောစရာစကားတွေ ရှိနေသေးတယ်ဆိုရင်တောင် ငါတို့ရဲ့ ဒီဆယ်သိန်းသော စစ်တပ်ကြီးတွေက ကလေးကလား ကစားဖို့အတွက် ဒီကို ရောက်နေကြတာမှတ်လို့လား" ရှာဟောက်နန်က လှောင်ပြုံးပြုံးလိုက်၏။ "မင်းကြီးက အသက်ရာကျော်နေပြီကို ကလေးတစ်ယောက်လို ဘယ်လိုလုပ်ပြီး ရိုးအဆဲ ဖြစ်နေရတာလဲ"
တစ်ဖက်လူ၏ လှောင်ပြောင်မှုများကို ရင်ဆိုင်ရသော်လည်း ရှောင်ရှီက အလေးမထားခဲ့ပေ။ သူက ဘေးနားရှိ လူများကိုသာ လှည့်၍ ပြောလိုက်၏။ "စစ်သူကြီးရှာဟောက်က ကမ်းလှမ်းချက်ကို အသိအမှတ်မပြုမှတော့ ဘယ်စစ်သူကြီးကများ စစ်သူကြီးရှာဟောက်နဲ့ သွားပြီး ရင်ဆိုင်ပေးမလဲ"
ရှောင်မိုက သူ၏လှံကိုကိုင်ကာ အရိုအသေပေးလိုက်လေသည်။ "ဒီစစ်သူကြီးက စစ်သူကြီးရှာဟောက်ရဲ့ ပုဆိန်အမြွှာကို သွားပြီး စမ်းသပ်ပေးပါ့မယ်"
ရှောင်ရှီက ပြုံးလိုက်၏။ "ကောင်းပြီ။ ဒါဆို မင်းက စစ်သူကြီးရှာဟောက်ကို ကောင်းကောင်းကြီး ပျော်ရွှင်သွားအောင် လုပ်ပေးလိုက်ဦး"
"အမိန့်တိုင်းပါ"
ရှောင်မိုသည် နှင်းပွင့်ပမာ ဖြူလွှနေသော လှံရှည်ကြီးကို ကိုင်ဆောင်လျက် ငွေရောင်နဂါးသံချပ်ကာကို ဝတ်ဆင်ကာ နှင်းနင်းမြင်းကို စီးနင်းပြီး စစ်ကြောင်း၏ အရှေ့ဘက်သို့ ထွက်လာခဲ့လေ၏။
"ကျွတ် ကျွတ် ကျွတ်" ရှာဟောက်နန်က ရှောင်မိုကို ကြည့်ကာ စုတ်သပ်လိုက်လေသည်။ "မင်းလို ရုပ်ဖြောင့်တဲ့ကောင်လေးက ပညာရှိတစ်ယောက်လို ပျော့ညံ့ညံ့လေး ဖြစ်နေပေမဲ့ ရုပ်ရည်ကတော့ တော်တော်လေး ကြည့်ကောင်းသားပဲ။ မင်းနာမည်ကို ပြောစမ်း"
"လက်ဝဲစစ်သူကြီး ရှောင်မို"
"ရှောင်မိုလား။ ဒါဆို မင်းက အဲ့ဒီ ဆီးနှင်းမင်းသားပေါ့လေ။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ်။ မင်းကို သတ်ရတာက အားရကျေနပ်စရာတောင် ကောင်းမှာ မဟုတ်ဘူး။ ထွက်သွားစမ်း။ တခြားတစ်ယောက်ကို လွှတ်လိုက်" ရှာဟောက်နန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်လေ၏။
"လူစားလဲဖို့ မလိုပါဘူး။ မင်းကို သတ်ဖို့က ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်" ရှောင်မို၏ အသံက စစ်တပ်ကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားလေသည်။
"စိတ်ဝင်စားစရာပဲ။ ဝေ့တိုင်းပြည်လေးတစ်ခုကို ဖျက်ဆီးလိုက်နိုင်ရုံနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား" ရှာဟောက်နန်က သူ၏ ဘေးနားရှိလူများကို မေးလိုက်၏။ "ဒါပေမဲ့ ဆီးနှင်းမင်းသား ကိုယ်တိုင်က ဒီလိုပြောနေမှတော့ ဘယ်စစ်သူကြီးက သူ့ကို သွားရင်ဆိုင်ပေးမလဲ"
"ဒီစစ်သူကြီး သွားပါ့မယ်" မုတ်ဆိတ်မွေးကြမ်းကြမ်းနှင့် တောင့်တင်းသန်မာသော လူကြီးတစ်ဦးက မြင်းကိုစီး၍ ရှေ့သို့ ထွက်လာခဲ့၏။ သူက နှုတ်ခမ်းကို သပ်လိုက်ကာ ပြောလိုက်လေသည်။ "ဒီဆီးနှင်းမင်းသားက တကယ်ကို ရုပ်ရည်ချောမောတာပဲ။ သူ့ကို အရှင်လတ်လတ် ဖမ်းမိတာနဲ့ ငါ့ရဲ့ စစ်တဲထဲမှာ ကောင်းကောင်းကြီး ပြုစုပေးရမယ်"
"ကောင်းပြီလေ... ဒါပေမဲ့ သူ့ကိုတော့ မကျိုးပဲ့သွားစေနဲ့ဦး။ ဝေ့မြို့တော်က မြင့်မြတ်တဲ့ အမျိုးသမီးတွေအားလုံးက ရှောင်မိုကို တော်တော်လေး သဘောကျနေကြတာ။ နောက်ကျရင် ကစားဖို့အတွက် သူ့ကို သူတို့ဆီ ပို့ပေးရဦးမယ်"
"စိတ်မပူပါနဲ့ မြို့သခင်" ထိုလူသန်ကြီးက မြင်းကို ခြေသလုံးဖြင့်ညှပ်ကာ ရှည်လျားသော ဓားကြီးကို ကိုင်ဆောင်လျက် အရှေ့သို့ ပြေးဝင်သွားလေ၏။ "ငါက ရှန်းဟဲခရိုင်က လီဟေးလုံပဲ။ ရှောင်မို... မင်းရဲ့ဖင်ကိုသာ ဆီစွတ်ပြီးအဆင်သင့် ပြင်ထားပေတော့"
"နောက်ဆိုရင်တော့ မျက်နှာဖုံးတစ်ခု တပ်ထားရတော့မယ့်ပုံပဲ"
ရှောင်မိုက သက်ပြင်းချကာ ခေါင်းယမ်းလိုက်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်လေသည်။
ထိုခဏမှာပင် ရှောင်မိုက သူ၏လှံရှည်ကြီးကို ဆုပ်ကိုင်ကာ မြင်းကိုစီးလျက် အရှေ့သို့ ဒုန်းစိုင်းပြေးဝင်သွားလေ၏။
ရှောင်မိုက လှံဖြင့် စတင်ထိုးနှက်လိုက်သည့် အခိုက်အတန့်တွင် တစ်ခုခု မှားယွင်းနေကြောင်း လီဟေးလုံ ချက်ချင်းပင် ခံစားလိုက်ရပေသည်။
ဤလူ၏ လှံသိုင်းက ဘယ်လိုနည်းနှင့်မျှ ရိုးရှင်းမနေခဲ့ချေ။
သုံးကွက်ပင် မပြည့်လိုက်မီ ရှောင်မို၏ လှံရှည်က လီဟေးလုံ၏ လည်မျိုကို ဖောက်ထွင်းသွားခဲ့လေပြီ။
ရှောင်မိုက ပေါ့ပေါ့ပါးပါးပင် တစ်ချက်ပင့်ရမ်းလိုက်ရာ သူ၏ ဦးခေါင်းပြတ်ထွက်သွားခဲ့၏။ ထို့နောက် လှံဖျားတွင် စိုက်ဝင်နေသော ထိုဦးခေါင်းကို ရှာဟောက်နန်၏ အရှေ့သို့ လွှင့်ပစ်လိုက်ကာ ဖြည်းညင်းစွာ ဆိုလိုက်လေသည်။ "နောက်တစ်ယောက်"
"ကောင်လေး... အရမ်းကြီး မာနမတက်နေနဲ့။ မင်းကို ငါ လာရင်ဆိုင်မယ်"
နောက်တစ်ခဏ၌ ကြယ်ပျံသံမဏိဘောလုံးကို ကိုင်ဆောင်ထားသော စစ်သူကြီးတစ်ဦးက အရှေ့သို့ ပြေးထွက်လာခဲ့၏။
ရှောင်မိုက ထိုစိန်ခေါ်မှုကို ထပ်မံရင်ဆိုင်လိုက်ပြန်သည်။
ငါးကွက်ခန့် အကြာတွင်တော့ ရှောင်မို၏ လှံရှည်က သူ၏ နှလုံးသားကို ဖောက်ထွင်းသွားခဲ့လေပြီ။
"ကောင်းတယ်ဟေ့"
ရန်သူ့ဘက်မှ နဂါးတံခါးအဆင့် ပြီးပြည့်စုံခြင်းရှိသော စစ်သူကြီးနှစ်ဦးကို ရှောင်မိုက တစ်ဆက်တည်း သတ်ဖြတ်လိုက်ပြီးနောက် နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့မှ စစ်သူကြီးများအားလုံးက အားပေးဟစ်ကြွေးလိုက်ကြလေ၏။
ရှောင်မိုတစ်ယောက် အပြင်ပန်းသာ ကြည့်ကောင်းနေပြီး အနှစ်သာရမရှိမည်ကို သူတို့ အစပိုင်းက စိုးရိမ်နေခဲ့ကြခြင်းပင်။
သို့သော် တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ပြိုင်ဘက်များကို ရှောင်မိုက ကြက်ငှက်ခွေးဝက်များအလား လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားခဲ့မည်နည်း။
"မင်းတို့ ဝေ့တိုင်းပြည်မှာ တကယ်ပဲ လူမရှိတော့ဘူးလား။ တစ်ယောက်ယောက်များ ငါ့ကို သေသေချာချာ လာမတိုက်ခိုက်ပေးနိုင်တော့ဘူးလား" ရှောင်မိုက ရန်စလှောင်ပြောင်လိုက်လေသည်။
"ငါလုပ်မယ်"
ရွှေအမြူတေအဆင့်ရှိ ဓားကျင့်ကြံသူတစ်ဦးက ရှောင်မိုကို တိုက်ခိုက်ရန် ရှေ့သို့ ပြေးထွက်လာခဲ့၏။
သို့သော်လည်း အကွက်သုံးဆယ်ခန့်အကြာတွင် ဤဓားကျင့်ကြံသူသည်လည်း ရှောင်မို၏ ခုတ်ပိုင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် ရှောင်မိုသည် သူ၏ လှံရှည်ကြီးကို ကိုင်ဆောင်လျက် ရန်သူ၏ ဆယ်သိန်းသော စစ်တပ်ကြီးဆီသို့ တစ်ကိုယ်တော် တိုက်ရိုက်ပြေးဝင်သွားလေတော့၏။
"သတ္တိကောင်းလှချည်လား။ လာစမ်း... လာစမ်း... လာစမ်း"
ရှာဟောက်နန်က ရှောင်မိုကို ထပ်၍ အထင်မသေးရဲတော့ဘဲ သူ၏ ပုဆိန်မြွှာကြီးများကို ကိုင်ဆောင်လျက် ထွက်၍ရင်ဆိုင်လိုက်လေသည်။
ရှာဟောက်နန် ကျင့်ကြံထားသော ကျင့်စဉ်ပညာရပ်ကို "တောင်ဖြိုခွဲပုဆိန်" ဟု ခေါ်ဆိုပြီး ၎င်းက ကျယ်ပြန့်ကာ အစွမ်းထက်သော ထိုးနှက်ချက်များကို အဓိကထားလေသည်။ ထိုးနှက်ချက်တိုင်းတွင် ဧရာမ တောင်ကြီးတစ်တောင်၏ စွမ်းအားများ ပါဝင်နေပြီး ရှောင်မိုကို အသားနှစ်များဖြစ်သွားသည်အထိ ဖိချေပစ်ရန် ရည်ရွယ်ထား၏။
ရှောင်မိုက သူ၏ ထက်မြက်လှသော တိုက်ခိုက်မှုများကို ရှောင်ရှားသွားလိမ့်မည်ဟု အစက သူ တွေးထင်ထားခဲ့သည်။
သို့သော် အမှန်တကယ်၌မူ ရှောင်မိုက ရှောင်တိမ်းပုန်းကွယ်ခြင်း မရှိဘဲ အားလုံးကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။ ထို့အပြင် သူ၏ လက်ထဲရှိ လှံရှည်ကြီးမှာ အဆက်မပြတ် ပြောင်းလဲနေပြီး ပြင်းထန်သော မိုးကြိုးလျှပ်စီးများနှင့် ပေါက်ကွဲသံများလည်း ရောယှက်ပါဝင်နေပေသည်။
"နတ်ဘုရားသတ်လှံလား။ မင်းက အဲ့ဒီစီနီယာရဲ့ တပည့်လား" အကွက်ငါးဆယ်ခန့်အကြာတွင်တော့ ရှာဟောက်နန်က တစ်ဖက်လူ၏ လှံသိုင်းကို အဆုံး၌ မှတ်မိသွားခဲ့လေပြီ။
ရှောင်မိုက ပြန်မဖြေခဲ့ပေ။ သူက အပေါ်သို့ ခုန်တက်လိုက်ရာ ကောင်းကင်ယံမှ လျှပ်စီးကြောင်းတစ်ခုက ပစ်ချလာပြီး သူ၏ လက်ထဲရှိ လှံရှည်ကြီးထက်၌ စုစည်းသွားလေ၏။
လှံရှည်ကြီးမှာ တောက်ပစွာ လင်းလက်သွားပြီး အလင်းရောင်များက လှံ၏ နှစ်ဖက်စွန်းမှနေ၍ ကိုက်အနည်းငယ်အထိ ရှည်ထွက်လာခဲ့သည်။
ရှောင်မိုက လှံကို ပစ်လွှတ်လိုက်ရာ ၎င်းက လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှာဟောက်နန်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။
ရှာဟောက်နန်က အချိန်မီ မရှောင်ရှားနိုင်တော့ကြောင်းကို သိလိုက်သဖြင့် သူ၏ ဝိညာဉ်စွမ်းအင်များအားလုံးကို စုစည်းကာ ပုဆိန်ကို လွှဲယမ်းလိုက်၏။
"ဘုန်း"
တပ်မတော်နှစ်ခု၏ ရှေ့တန်းမှ ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားပြီး ဖုန်မှုန့်များက ကိုက်အတော်များများအထိ လွင့်စင်ထလာခဲ့ပေသည်။
ဖုန်မှုန့်များ ငြိမ်ကျသွားသောအခါ...
လှံရှည်ကြီးက ရှောင်မို၏ လက်ထဲသို့ ပြန်လည်ပျံသန်းလာခဲ့သည်။
ရှာဟောက်နန်မှာမူ သွေးများအန်ထုတ်ကာ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ချေပြီ။
ရှောင်မိုက လှံကို လှည့်ပတ်လိုက်ပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားသော လျှပ်စီးနဂါးတစ်ကောင်အလား သူ၏ နဖူးတည့်တည့်ဆီသို့ ထိုးချလိုက်လေ၏။
ဤအရေးကြီးလှသော အခိုက်အတန့်လေးမှာပင် ဝေ့တိုင်းပြည်မှ မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးက တောင်မှောက်လှန်တံဆိပ်တုံးကို ပစ်လွှတ်လိုက်ကာ ရှောင်မိုဆီသို့ ဖိချလိုက်ပြီး ဤလူငယ်ပါရမီရှင်လေးကို ဖျက်ဆီးပစ်ရန် ကြံစည်လိုက်လေသည်။
ထိုသို့မဟုတ်ဘဲ သူသာ ကြီးပြင်းလာခဲ့လျှင် တကယ့်ကို ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမည်မှာ သေချာနေသည်မဟုတ်ပါလား။
"ထင်တဲ့အတိုင်းပဲ... အသက်ကြီးလာလေလေ ပိုပြီး အရှက်မရှိလာလေလေပဲ"
ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော ရှောင်ရှီက အေးစက်စက် နှာမှုတ်လိုက်ကာ ပျံသန်းထွက်လာပြီး ရှောင်မို၏ အရှေ့မှ ဝင်ရောက်ကာကွယ်လိုက်လေ၏။ သူက သူ၏လှံကို တောင်မှောက်လှန်တံဆိပ်တုံးဆီသို့ တိုက်ရိုက်ချိန်ရွယ်လိုက်ပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ရိုက်ချပစ်လိုက်လေသည်။
"သတ်"
ရှောင်ရှီက အရှေ့သို့ လက်ညှိုးထိုးကာ အမိန့်ပေးလိုက်၏။
နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့က ရှေ့သို့ ပြေးဝင်သွားကြပြီး စိတ်ဓာတ်ခွန်အားများ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဆယ်သိန်းသော မြောက်ပိုင်းတပ်မတော်ကြီးသည်လည်း ဒီရေအလား တဟုန်ထိုး ချီတက်သွားကြလေတော့သည်။
တပ်မတော်နှစ်ခု၏ လက်နက်များက အပြင်းအထန် ထိပ်တိုက်ရင်ဆိုင် မိသွားကြလေတော့သတည်း။