အခန်း (၃၇၃-၃၇၄)
Vol. 38 Ch. 373-374
အခန်း (၃၇၃)
ရှာဟောက်နန်သည် မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရပြီးနောက် သူ၏ မြင်းပေါ်သို့ ပြန်လည်ခုန်တက်ကာ စစ်တပ်ကို ဆက်လက်ဦးဆောင်၍ တိုက်ပွဲဝင်ခဲ့လေ၏။
သို့သော်လည်း ရှောင်မိုက ဝေ့တိုင်းပြည်၏ စစ်သူကြီးအတော်များများကို ဆက်တိုက်ဆိုသလို သတ်ဖြတ်လိုက်နိုင်သောကြောင့် ဤအခိုက်အတန့်တွင် ချင်တိုင်းပြည်စစ်တပ်၏ ရောင်ဝါသည် ဝေ့တိုင်းပြည်ထက် များစွာ ပိုမိုအားကောင်းနေခဲ့ပေသည်။
ထိုစဉ် ရှောင်မိုသည်လည်း သူ၏မြင်းပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး နှင်းနင်းမြင်းကို စီးနင်းကာ စစ်ကြောင်း၏ အရှေ့ဘက်ဆုံးသို့ ထပ်မံပြေးထွက်သွားလေသည်။
ရှောင်မိုက ဆယ်သိန်းသော စစ်တပ်ကြီး၏ တိုက်ပွဲမြေပြင်တစ်လျှောက်တွင် အဆက်မပြတ် ဝင်ရောက်မွှေနှောက်နေခဲ့ပြီး သူဖြတ်သန်းသွားရာ နေရာတိုင်းတွင် အလောင်းကောင်များသာ ကျန်ရစ်ခဲ့ရတော့၏။
တိမ်တိုက်များအထက်တွင်မူ နှစ်ဖက်စလုံးမှ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများက မှော်ပညာရပ်များဖြင့် တိုက်ခိုက်နေကြပေသည်။
မသေမျိုးအဆင့် ကျင့်ကြံသူများသည်လည်း စစ်မြေပြင်တွင် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်နေကြလေသည်။
ထို့အပြင် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ အထက်သုံးဆင့် ကျင့်ကြံသူများကို ပြေးဝင်တိုက်ခိုက်ကြသော စစ်သည်များလည်း အမြောက်အမြား ရှိနေခဲ့၏။
ဤကျင့်ကြံသူများက ထိုစစ်သည်များကို ငါးတစ်ကောင်ကို သတ်ဖြတ်နေရသကဲ့သို့ လွယ်လင့်တကူ သတ်ဖြတ်ပစ်နိုင်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စစ်သည်အတော်များများ၏ အသက်ကို နုတ်ယူနိုင်သော်ငြားလည်း...
ဤစစ်သည်များမှာ အလကား သေဆုံးသွားခဲ့ကြခြင်းတော့ မဟုတ်ပေ။
ကျင့်ကြံသူတစ်ဦးသည် မည်သည့်အဆင့်၌ပင် ရှိနေပါစေ သူတို့အားလုံးက ချီစွမ်းအင် တစ်ရှိုက်အပေါ်တွင်သာ မှီခိုနေကြရသည် မဟုတ်ပါလား။
စစ်မြေပြင်၏ နက်ရှိုင်းသော ရွှံ့နွံများထဲတွင် သင်၏ ထိုချီစွမ်းအင်တစ်ရှိုက်ကို အဆုံးသတ်ပစ်ရန်၊ သင်၏ ချီကို ကုန်ဆုံးသွားစေရန် သိုင်းကျင့်ကြံသူများနှင့် စစ်သည်များက အဆုံးမရှိ ဆက်တိုက်ဆိုသလို ရောက်ရှိလာကြမည်သာ ဖြစ်လေသည်။
အကယ်၍ သင်သာ ဤချီစွမ်းအင်ကို ပြန်လည်မဖြည့်တင်းနိုင်ခဲ့လျှင် သင်ကိုယ်တိုင် ဤသွေးစွန်းနေသော မြေပြင်ပေါ်၌ မြှုပ်နှံခံရဖို့ ရာခိုင်နှုန်း အလွန်များပြားလှပေသည်။
အထက်သုံးဆင့် ကျင့်ကြံသူ အတော်များများမှာ ဤနည်းလမ်းဖြင့်ပင် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ရဖူးလေ၏။
ထို့အပြင် ယခုအခါ ရှောင်မိုက စစ်မြေပြင်တွင် အလွန်ထင်ရှားပေါ်လွင်လွန်းနေချေပြီ။
ထို့ကြောင့် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအချို့နှင့် သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအချို့က ရှောင်မိုကို သတိထားမိသွားကြသည်မှာ သဘာဝပင် ဖြစ်၏။
သူတို့က ရှောင်မိုကို ချုံခိုတိုက်ခိုက်ကာ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများနှင့် မျက်လုံးတစ်ဖက်ကို အဝတ်စစည်းနှောင်ထားသော ထိုစစ်သူကြီးတို့က ရှောင်မို၏ အရှေ့မှ ဝင်ရောက်ပိတ်ဆို့ပေးခဲ့ပြီး သူ့စိတ်ကြိုက် တိုက်ပွဲဝင်နိုင်ရန် ကာကွယ်ပေးထားခဲ့ကြပေသည်။
ဤစစ်ပွဲကြီးမှာ နေ့ရောညပါ နှစ်ရက်တိတိ ကြာမြင့်ခဲ့လေ၏။
စစ်မျက်နှာပြင်မှာလည်း ပိရွှေမြို့နှင့် ပိုပို၍ နီးကပ်လာခဲ့သည်။
ရှာဟောက်နန်တစ်ယောက် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရပြီး မြို့ကို ကာကွယ်ရန် ဆုတ်ခွာသင့်၊ မဆုတ်ခွာသင့် တွေဝေသွားခဲ့၏။
သို့သော် မကြာမီမှာပင် ရှာဟောက်နန် တွေဝေနေရန် မလိုအပ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် နေ့ရောညပါ နှစ်ရက်တိတိ တိုက်ပွဲဝင်နေခဲ့သော ရှောင်မိုက ဝေ့စစ်တပ်၏ နက်ရှိုင်းသော နေရာအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး သူ၏ လှံရှည်တစ်ချက်အဝှေ့ဖြင့် စစ်သူကြီးတစ်ဦးကို ခေါင်းဖြတ်လိုက်ကာ ဝေ့တိုင်းပြည်၏ စစ်တပ်အလံကြီးကို လက်တစ်ဖက်ဖြင့် ဆွဲယူပြီး လေထဲသို့ မြှောက်တင်လိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။ လှံရှည်ကြီးက ခုတ်ပိုင်းလိုက်ရာ စစ်တပ်အလံကြီးမှာ နှင်းပွင့်များအလား အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေတော့သည်။
"ဆုတ်ခွာ"
ရှာဟောက်နန်က ရှောင်မိုကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် တပ်ဆုတ်ရန် ရွေးချယ်လိုက်လေ၏။
စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက်... ရှောင်မိုသည် နှင်းနင်းမြင်းကို စီးနင်းလျက် စစ်မြေပြင်ထက်တွင် မတ်တတ်ရပ်နေခဲ့သည်။ သူ၏ မူလက နှင်းပွင့်ပမာ ဖြူလွှနေခဲ့သော သံချပ်ကာမှာ ယခုအခါတွင် သွေးများဖြင့် ရွှဲရွှဲစိုနေချေပြီ။
ရှာဟောက်နန်က သူ၏စစ်တပ်ကို မြို့ထဲသို့ ဆုတ်ခွာသွားခဲ့ပြီး ပိရွှေမြို့၏ မြို့ကာကွယ်ရေးဝင်္ကပါကို ဖွင့်လှစ်လိုက်ကာ အပြင်သို့ မထွက်လာတော့ဘဲ မြို့ကိုသာ ခံစစ်ဆင်၍ ကာကွယ်နေကြတော့သည်။
မြောက်ပိုင်းတပ်မတော်ကြီးကလည်း မိုင်သုံးဆယ်အကွာတွင် စခန်းချလိုက်ကြလေ၏။
ဝေ့တိုင်းပြည်နှင့် ဆင်နွှဲခဲ့သော ဤစစ်ပွဲတွင် ဝေ့စစ်တပ်မှာ အထိနာခဲ့သော်လည်း မြောက်ပိုင်းတပ်မတော်၏ သေဆုံးဒဏ်ရာရမှုမှာလည်း ဝေ့စစ်တပ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရှိနေခဲ့သည်။
သို့သော်လည်း မြောက်ပိုင်းတပ်မတော်သည် စိတ်ဓာတ်ခွန်အား အပြည့်အဝဖြင့် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် ရှောင်မိုပင် ဖြစ်၏။
မြောက်ပိုင်းနယ်မြေမှ စစ်သူကြီးအများစုက ရှောင်မိုကို ရုပ်ရည်သာ ကြည့်ကောင်းပြီး အလှပြသက်သက်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်ထားခဲ့ကြသည်။ အစွမ်းအစ အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း သိပ်တော့များများစားစား ရှိလိမ့်မည်မဟုတ်ဟု တွေးထင်ထားခဲ့ကြခြင်းပင်။
သို့သော် စစ်မြေပြင်ထက်ရှိ ရှောင်မို၏ ရဲရင့်ပြောင်မြောက်လှသော စွမ်းဆောင်ရည်က အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ဤလူငယ်လေးကို လူတိုင်းက အမြင်သစ်ဖြင့် ပြောင်းလဲကြည့်ရှုလာစေခဲ့လေသည်။
ရှောင်ရှီကိုယ်တိုင်ပင်လျှင် မင်းကြီးက အဘယ်ကြောင့် ရှောင်မိုကို ဤမျှလောက် တန်ဖိုးထားနေရသနည်းဆိုသည်ကို နားလည်သဘောပေါက်စ ပြုလာခဲ့ချေပြီ။
ဤကလေးက တကယ်ကို ထူးချွန်လွန်းလှသည် မဟုတ်ပါလား။
ဤစစ်ပွဲကြီးအပြီးတွင်... ရှောင်မိုက စစ်ကြောင်းကို ဦးဆောင်ကာ ရန်သူ့စစ်သူကြီး အတော်များများကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့ပြီး ကြီးမားလှသော စစ်မြေပြင်ထက်တွင် ရန်သူ့အလံကို လုယူနိုင်ခဲ့ကာ စစ်သူကြီးများကို ခေါင်းဖြတ်ခြင်းနှင့် အလံလုယူခြင်းဆိုသည့် စွမ်းဆောင်ရည်မှတ်များကို တည်ဆောက်နိုင်ခဲ့သောကြောင့် ရှောင်ရှီက ယုတ္တိကျကျပင် နှင်းနင်းနဂါးမြင်းသည်တော် တစ်သောင်းနှင့် ခြေလျင်တပ်သား သုံးသောင်းကို ရှောင်မို၏ လက်အောက်သို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။
နောက်ထပ် ခုနစ်ရက်တိုင်တိုင် မြောက်ပိုင်းတပ်မတော်ကြီးက မြို့ကို အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
ထို့အစား သူတို့က မြို့ရိုးအောက်မှနေ၍ ရှာဟောက်နန်ကို အဆက်မပြတ် ဆဲရေးတိုင်းထွာနေခဲ့ကြသည်။ ဆဲဆိုမှုများက တကယ်ကို ဆိုးရွားလွန်းလှပြီး ရှာဟောက်နန်၏ ဆွေစဉ်မျိုးဆက် တစ်ခုလုံးကို တူးဆွဆဲဆိုနေကြခြင်းပင်။
သို့တိုင်အောင် ရှာဟောက်နန်ကမူ မည်သို့ပင်ဖြစ်စေ မြို့ထဲမှထွက်၍ လာရောက်တိုက်ခိုက်ခြင်း မပြုခဲ့ချေ။
"ရှောင်မို... မင်းမှာ အကြံအစည် တစ်ခုခုရှိလား"
ကွပ်ကဲရေးစစ်တဲအတွင်း၌ ရှောင်ရှီက ရှောင်မိုကို မေးလိုက်လေ၏။
ဤအချိန်တွင် ရှောင်မိုသည် သူ၏ စစ်ရေးစွမ်းဆောင်မှုများဖြင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်များအတွင်းသို့ ဝင်ဆံ့နေပြီဖြစ်ကာ ရှောင်ရှီကလည်း သူ၏ တတိယမြောက်သားကို ရည်ရွယ်ချက်ရှိရှိဖြင့် စတင်ပျိုးထောင်ပေးနေသည့်ပုံ ပေါ်နေပေသည်။
"စစ်တပ်ထဲမှာ မိန်းမဝတ် ဂါဝန်တွေများ ရှိလား" ရှောင်မိုက တစ်ခဏမျှ စဉ်းစားပြီးနောက် ရှောင်ရှီကို မေးလိုက်လေသည်။
"လက်ဝဲစစ်သူကြီးက စကတ်ကို ဘာလုပ်ဖို့လဲ" စစ်သူကြီးဟွမ်က မေးလိုက်၏။
ရှောင်မိုက အနည်းငယ် ပြုံးလိုက်လေသည်။ "စစ်သူကြီးရှာဟောက်ဆီ လက်ဆောင်ပို့ပေးဖို့ပေါ့"
ထိုနေ့တွင် မြောက်ပိုင်းတပ်မတော်မှ တမန်တစ်ဦးက ပိရွှေမြို့သို့ မစ်ရှင်တစ်ခုဖြင့် သွားရောက်ခဲ့လေ၏။
ရှာဟောက်နန်က အနည်းငယ် စိတ်ဝင်စားသွားပြီး ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံခဲ့သည်။
"ကျွန်တော်က ယန်ကျီကျွင်းပါ။ စစ်သူကြီးရှာဟောက်ကို ဂါရဝပြုပါတယ်" မြောက်ပိုင်းတမန် ယန်ကျီကျွင်းက အရိုအသေပေးလိုက်လေ၏။
"ကျန်းပေမင်းသားကများ သဘောပေါက်သွားပြီး ငါတို့ဝေ့တိုင်းပြည်နဲ့ ပူးပေါင်းကာ ချင်တိုင်းပြည်ကို ဝါးမျိုချင်နေတာများလား" ရှာဟောက်နန်က ပြုံး၍ ဆိုလိုက်သည်။
"မြောက်ပိုင်းနယ်မြေက မျိုးဆက်လေးဆက်တိုင်တိုင် သစ္စာရှိခဲ့တာပါ။ အင်အားနည်းပါးတဲ့ ဝေ့တိုင်းပြည်နဲ့ ငါတို့က ဘယ်လိုလုပ်ပြီး ပူးပေါင်းမှာလဲ။ ဒါပေမဲ့ လက်ဝဲစစ်သူကြီး ရှောင်မိုက စစ်သူကြီးအတွက် စိုးရိမ်နေတာကြောင့် လက်ဆောင်တစ်ခု အထူးစီစဉ်ပြီး ပေးလိုက်ပါတယ်။ ကျေးဇူးပြုပြီး စစ်သူကြီးအနေနဲ့ ဂုဏ်ပြုလက်ခံပေးပါ"
ယန်ကျီကျွင်းက လက်ယပ်ခေါ်လိုက်ရာ သူ၏ဘေးမှ အစေခံက သေတ္တာတစ်လုံးကို သယ်ဆောင်လျက် ရှေ့သို့ လျှောက်လာခဲ့လေ၏။
ရှာဟောက်နန် မျက်မှောင်ကြုတ်သွားသော်လည်း မြို့သခင်၏ မြင့်မားသော ထိုင်ခုံပေါ်မှ ဆင်းလာခဲ့ပြီး သေတ္တာအနီးသို့ သွားကာ ကိုယ်တိုင် ဖွင့်ကြည့်လိုက်လေသည်။
အထဲတွင်တော့ ခရမ်းရောင်ဖျော့ဖျော့ အမျိုးသမီးဝတ် ဂါဝန်တစ်ထည်နှင့် စာတစ်စောင် ပါရှိနေပေသည်။
"ငါ့ကို ဖတ်ပြစမ်း"
ရှာဟောက်နန်က စာအိတ်ကို သူ၏ဘေးရှိ လက်ထောက်စစ်သူကြီးထံသို့ ပစ်ပေးလိုက်လေ၏။
လက်ထောက်စစ်သူကြီးက စာအိတ်ကိုယူကာ ကဗျာကိုဖတ်ပြလိုက်သည်...
"ကျားတစ်ကောင်ရဲ့ စစ်တဲထဲမှာ ရပ်နေပါလျက်နဲ့ မြှားတွေ၊ ကျောက်ခဲတွေကို ကြောက်ရွံ့နေတယ်။ ရဲရင့်တဲ့ စစ်သည်တွေကို ကွပ်ကဲနေပါလျက်နဲ့ လိပ်ပုလေးတစ်ကောင်လို ပြုမူနေတယ်။ ဒါမျိုးက ရှေးခေတ်ကတည်းက တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ အခု မင်းကို ပိုးသားဝတ်ရုံတွေ၊ ပန်းရောင်စကတ်တွေ ဘာလို့ ပေးရသလဲ။ တကယ်တော့ စစ်သူကြီးက တံခါးတွေကိုပိတ်၊ လိုက်ကာတွေကိုချ၊ ဒူးလေးပိုက်ပြီး သက်ပြင်းတွေချနေတာကို ငါမြင်နေရလို့ပဲ။ သူ့အိပ်ခန်းထဲက နုနယ်တဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ အမူအရာမျိုး ရှိနေတာကိုး။ တကယ်လို့ မင်းက စစ်ဗုံသံတွေ၊ ဥသြသံတွေကို ကြောက်နေတယ်ဆိုရင်လည်း မင်းရဲ့ သံချပ်ကာတွေကို မီးရှို့ပစ်ပြီး လှံတွေကို လွှင့်ပစ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။ ပြီးတော့ ကြေးမုံပြင်ရှေ့မှာ မင်းရဲ့ အလှအပတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်နေလိုက်ပေါ့။ အဲ့ဒါက ပင်လယ်လေးစင်းဆီကနေ ရယ်မောသံတွေ ရဖို့အတွက်တော့ လုံလောက်ပါသေးတယ်။ မနက်ဖြန် တံခါးဝမှာ အလံကို ချိတ်ဆွဲထားတဲ့အချိန်ကျရင် ငါမေးပါရစေဦး... ပိရွှေမြို့ရဲ့ မြို့ရိုးတွေပေါ်မှာ ချည်ထိုးလိုက်ကာတွေကို ဘယ်အချိန်ကျမှ ချိတ်ဆွဲထားမှာလဲတဲ့"
"ရိုင်းစိုင်းလိုက်တာ"
လက်ထောက်စစ်သူကြီးက ဖတ်ပြအပြီးတွင် အခြားသော စစ်သူကြီးများက ယန်ကျီကျွင်းနှင့် အခြားသူများကို အသားနှစ်များဖြစ်သွားသည်အထိ ခုတ်ထစ်ချင်နေသည့်အလား ဒေါသတကြီးဖြင့် သူတို့၏ ဓားရှည်များကို ဆွဲထုတ်လိုက်ကြလေသည်။
သို့သော်လည်း ယန်ကျီကျွင်းနှင့် အခြားသူများမှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပင် ရှိနေကြပြီး အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိခဲ့ချေ။
ရှာဟောက်နန်က လက်ကိုဝှေ့ယမ်းကာ သူ၏ ဘေးပတ်လည်ရှိ စစ်သူကြီးများကို တားဆီးလိုက်ပြီးနောက် သေတ္တာထဲမှ ခရမ်းရောင်ဂါဝန်ကို ကောက်ယူလိုက်ကာ အမှန်တကယ်ပင် ဝတ်ဆင်လိုက်လေသည်။
"ဒီဂါဝန်က သေသပ်လှပပြီး တကယ်ကို မဆိုးပါဘူး။ ကျေးဇူးပြုပြီး လက်ဝဲစစ်သူကြီးကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး သံတမန်မင်း" ရှာဟောက်နန်က ပြုံး၍ ဆိုလိုက်၏။
"ဒါက သဘာဝပါပဲ" ယန်ကျီကျွင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။ "လက်ဆောင်လည်း ပေးပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး"
"ဖြည်းဖြည်းသွားကြပါဗျာ။ ဟေ့လူတွေ... မြောက်ပိုင်းတမန်ကို လိုက်ပို့ပေးလိုက်ကြစမ်း" ရှာဟောက်နန်က ယန်ကျီကျွင်းနှင့် အခြားသူများကို မြို့ပြင်သို့ လိုက်ပို့ပေးရန် အမိန့်ပေးလိုက်လေ၏။
ပင်မစစ်စခန်းသို့ ပြန်ရောက်သောအခါ ယန်ကျီကျွင်းက ပိရွှေမြို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်မကျန် တစ်ခုချင်းစီ ပြန်လည်ပြောပြလိုက်ပေသည်။
ယင်းကိုကြားပြီးနောက် ရှောင်ရှီနှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်သွားကြလေ၏။
"ရှောင်မို... မင်း ဘယ်လိုထင်လဲ" ရှောင်ရှီက မေးလိုက်သည်။
"ဒီရှာဟောက်နန်က သာမန်လူတွေ သည်းမခံနိုင်တဲ့အရာကို သည်းခံနိုင်တယ်။ သူက တကယ်ကို မရိုးရှင်းဘူးပဲ" ရှောင်မိုသည်လည်း ဤရှာဟောက်နန်အပေါ်တွင် အနည်းငယ်မျှ အထင်ကြီးလေးစားမိသွား၏။
အစပိုင်းတွင် ဤရှာဟောက်နန်မှာ အနည်းငယ် စဉ်းစားဆင်ခြင်ဉာဏ်မဲ့သူဖြစ်ပြီး ထို့ကြောင့်ပင် မြောက်ပိုင်းတပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှောင်မို ထင်မြင်ထားခဲ့သည်။
နောက်ပိုင်းတွင်မူ တစ်ဖက်လူက မြောက်ပိုင်းတပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမှာ မြောက်ပိုင်းတပ်မတော်ကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု သူ အမှန်တကယ် ယုံကြည်ချက်ရှိနေသောကြောင့်ဖြစ်ကြောင်း ရှောင်မို ခံစားမိလာခဲ့၏။
ထို့အပြင် တစ်ဖက်လူသာ မြောက်ပိုင်းတပ်မတော်ကို ထိပ်တိုက်အနိုင်ယူနိုင်ခဲ့မည်ဆိုပါက...
မြောက်ပိုင်းနယ်မြေအနေဖြင့် ဝေ့တိုင်းပြည်ကို ကျူးကျော်ရန်ပင် ပြောနေစရာ မလိုတော့ပေ။ အခြေအနေများ ပြောင်းပြန်ဖြစ်သွားကာ သူတို့ဘက်ကသာ ခံစစ်ဆင်၍ ကာကွယ်ရတော့မည် ဖြစ်လေသည်။
အကယ်၍ သူ့ကိုသာ မချေမှုန်းနိုင်ခဲ့လျှင် အခုကဲ့သို့ပင် သူက မြို့ကိုသာ ကာကွယ်ထားပြီး အပြင်သို့ ထွက်လာတော့မည် မဟုတ်ချေ။
"ဒီရှာဟောက်နန်က မွေးရာပါ ပြဿနာကောင်ပဲ" ရှောင်ရှီက ခေါင်းယမ်းကာ ပြောလိုက်လေသည်။
"မြောက်ပိုင်းနယ်မြေမှာ ဝေ့တိုင်းပြည်နန်းတွင်းနဲ့ တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်တစ်မြို့ရဲ့ စစ်သူကြီးတွေအကြောင်း မှတ်တမ်းဖိုင်တွေများ ရှိမလား" ရှောင်မိုက တစ်ခဏမျှ တွေးတောပြီးနောက် ရှောင်ရှီကို မေးလိုက်၏။
"ရှိတယ်။" ရှောင်ရှီက ခေါင်းညိတ်လိုက်ပြီး ရှောင်မို ဘာလုပ်ချင်သနည်းဟု မမေးတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။ "အဲ့ဒါတွေကို စုစည်းပြီး မင်းရဲ့စစ်တဲဆီ ပို့ပေးဖို့ တစ်ယောက်ယောက်ကို ငါ ခိုင်းလိုက်မယ်"
"ကျေးဇူးတင်ပါတယ် မင်းကြီး" ရှောင်မိုက အရိုအသေပေးလိုက်၏။
"ဒီနေ့လည်း မိုးချုပ်နေပြီဆိုတော့ အားလုံးပဲ အရင်သွားနားကြတော့။ ရှောင်မို... မင်းမှာ နောက်ပိုင်း ကိစ္စတစ်ခုခုရှိရင် ငါ့စစ်တဲကို အချိန်မရွေး လာရှာလို့ရတယ်" ရှောင်ရှီက ရှောင်မိုကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့" ရှောင်မိုက ပြန်ဖြေလိုက်ပြီး ယင်းနှင့်ပတ်သက်၍ သူက အားနာနေခြင်း မရှိခဲ့ပေ။
ဘေးတွင် ရပ်နေသော ရှောင်ယီရှဲမှာမူ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလေ၏။
ထိုစစ်ပွဲကြီးမှစတင်ကာ ရှောင်မို နေရာယူသွားပြီးနောက်ပိုင်း သူကိုယ်တိုင် ဖယ်ကျဉ်ခံနေရပြီး ဖခင်ဖြစ်သူ၏ စွန့်ပစ်ခြင်းကိုပင် တဖြည်းဖြည်း ခံနေရပြီဖြစ်ကြောင်း ရှောင်ယီရှဲ ခံစားနေရချေပြီ။
ထို့အပြင် စစ်တပ်အတွင်းရှိ ရှောင်မို၏ ဩဇာလွှမ်းမိုးမှုမှာ သူ၏ ကိုယ်ပိုင်ဩဇာလွှမ်းမိုးမှုထက် များစွာ ပိုမိုမြင့်မားနေလေသည်။ ယခုဆိုလျှင် သူက ဖခင်ဖြစ်သူထံသို့ပင် အချိန်မရွေး သွားရောက်နိုင်နေပြီ မဟုတ်ပါလား။
ဤသည်က ရှောင်ယီရှဲအား သူ့ကို ပိုပို၍ မုန်းတီးလာစေခဲ့သော်လည်း ယခုအချိန်၌ ရှောင်မိုကို ရင်ဆိုင်ဖြေရှင်းရန် သူ၌ မည်သည့်နည်းလမ်းမျှ မရှိနေခဲ့ပေ။
ရှောင်မိုကမူ ရှောင်ယီရှဲကို တစ်ချက်လေးပင် လှမ်းမကြည့်ခဲ့ချေ။
သူ၏ စခန်းသို့ ပြန်ရောက်ပြီးနောက် ဝေ့တိုင်းပြည်၏ တောင်ပိုင်းနယ်စပ်ရှိ နယ်စပ်မြို့ တစ်ဆယ့်နှစ်မြို့မှ စစ်သူကြီးများ၏ အတ္ထုပ္ပတ္တိများနှင့် ဝေ့တိုင်းပြည်နန်းတွင်း၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖတ်ရှုလေ့လာခဲ့လေသည်။
နောက်ထပ် ခုနစ်ရက်တိုင်တိုင် ရှောင်မိုသည် ရှောင်ရှီ၏ စစ်တဲအတွင်းသို့ မကြာခဏ ဝင်ထွက်သွားလာနေခဲ့၏။
ရှောင်ရှီနှင့် ရှောင်မိုတို့သည် မကြာခဏဆိုသလို ညတစ်ရေးမှမအိပ်ဘဲ စကားပြောဆို ဆွေးနွေးနေခဲ့ကြသည်။
ခုနစ်ရက်အကြာတွင် ရှောင်ရှီသည် သူ၏ တပ်များကို လမ်းကြောင်းတစ်ဆယ့်နှစ်ကြောင်း ခွဲထုတ်လိုက်ပြီး ပိရွှေမြို့နှင့် ဆက်လက်၍ အသေခံတိုက်ခိုက်နေခြင်း မပြုတော့ဘဲ အခြားသော နယ်စပ်မြို့များတွင် အခွင့်အရေး ရှာဖွေရန် ကြိုးစားလိုက်လေတော့၏။
မြို့များကို တိုက်ခိုက်ရန် တပ်ဖွဲ့များ ခွဲထုတ်ခြင်းတွင် အားသာချက်များရော အားနည်းချက်များပါ ရှိနေပေသည်။
ပိရွှေမြို့သည် ပင်မမြို့တော်ဖြစ်၏။ အကယ်၍ ၎င်းကိုသာ ဖြိုခွဲနိုင်ခဲ့လျှင် ဝေ့တိုင်းပြည် တောင်ပိုင်းနယ်စပ်၏ ခံစစ်မျဉ်းမှာ အလုံးစုံ ပြိုကျသွားမည်ဖြစ်ပြီး အခြားသော နယ်စပ်မြို့များမှာလည်း တိုက်ခိုက်ရန်ပင် မလိုဘဲ ကျဆင်းသွားမည်သာ ဖြစ်လေသည်။
အကယ်၍ မြို့များကို တိုက်ခိုက်ရန် တပ်ဖွဲ့များ ခွဲထုတ်လိုက်မည်ဆိုပါက အခြားမြို့များက အချင်းချင်း ပဲ့တင်ထပ်ကာ အပြန်အလှန် အကူအညီပေးနိုင်မည်ဖြစ်ရာ သူတို့ကို အချိန်ပိုကြာအောင် အာရုံနောက်စေမည်ဖြစ်ပြီး ခံစစ်ဆင်သူများဘက်ကသာ အားသာချက် ရရှိသွားမည်ဖြစ်သည်။
သို့သော် တပ်ဖွဲ့များ ခွဲထုတ်တိုက်ခိုက်ခြင်း၏ အားသာချက်မှာ ဤစစ်ပွဲကြီးထဲသို့ ပြောင်းလဲနိုင်သော အခြေအနေများစွာကို ထပ်မံထည့်သွင်းပေးနိုင်ခြင်းပင် ဖြစ်၏။
ရှောင်မိုသည် မာထျောင်မြို့ကို တိုက်ခိုက်ရန် သူ၏ နှင်းနင်းနဂါးမြင်းသည်တော် တစ်သောင်းနှင့် ခြေလျင်တပ်သား သုံးသောင်းကို ဦးဆောင်သွားခဲ့လေသည်။
ရှောင်မိုကို ကူညီပေးမည့် လက်ထောက်စစ်သူကြီး နှစ်ဦးလည်း ရှိနေခဲ့သည်။
တစ်ဦးမှာ ကျောက်ကွမ်းဟု အမည်ရပြီး အခြားတစ်ဦးမှာမူ သူ တစ်ကြိမ် ဆုံတွေ့ဖူးသည့် လီကျင်းပင် ဖြစ်လေတော့သည်။
အခန်း (၃၇၄)
မာထျောင်မြို့၏ မြို့သခင်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝေ့တိုင်းပြည်၏ လျန်မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ သူမ၏အမည်မှာ လျန်လီ ဟု ခေါ်တွင်လေ၏။
လျန်လီ၏ အသက်အရွယ်မှာ ရှောင်မိုနှင့် မတိမ်းမယိမ်းပင်ဖြစ်ကာ ရှောင်မိုထက် သုံးနှစ်ခန့်သာ ကြီးမားပေသည်။
သူမသည်လည်း လှံသိုင်းပညာရပ်ကို ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နဂါးတံခါးအဆင့် ပြီးပြည့်စုံခြင်း၌ ရှိနေကာ အိမ်ထောင်မကျသေးသည့် အပျိုစင်တစ်ဦး ဖြစ်ချေ၏။
လျန်လီ၏ ရုပ်ဆင်းသွင်ပြင်မှာ တကယ်ကို ကြည့်ကောင်းလွန်းလှပြီး အမျိုးသမီးတစ်ဦးဖြစ်သော်ငြား ရဲရင့်ပြတ်သားသည့် စစ်သူရဲကောင်းတစ်ဦး၏ အငွေ့အသက်များကိုပါ ပိုင်ဆိုင်ထားလေသည်။
ရှောင်မိုသည် မြို့ရိုးအောက်သို့ တစ်ကိုယ်တော်သွားရောက်ကာ သူမအား အကြိမ်ကြိမ် စိန်ခေါ်တိုက်ခိုက်ခဲ့ပေသည်။
ရှောင်မို စိန်ခေါ်လာသည့် အကြိမ်တိုင်းတွင်လည်း သူမက မြို့ပြင်သို့ ခုန်ထွက်လာကာ ရှောင်မိုနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့၏။
သို့သော် တိုက်ပွဲတိုင်း၌ ရှောင်မိုက သူ၏ အစွမ်းများကို အနည်းငယ် လျှော့ချထားခဲ့ပြီး သူမနှင့် အင်အားချင်း မတိမ်းမယိမ်း ဖြစ်နေသယောင် အလွန်ပီပြင်စွာ သရုပ်ဆောင်နေခဲ့လေသည်။
ထိုသို့ဖြင့် လဝက်တိတိ ကြာမြင့်သွားပြီးနောက် မာထျောင်မြို့အတွင်း၌ ကောလာဟလတစ်ခု ပျံ့နှံ့လာခဲ့ချေပြီ။ ယင်းကောလာဟလမှာ လျန်လီနှင့် ရှောင်မိုတို့အကြား သံယောဇဉ်ငြိတွယ်နေကြပြီဖြစ်ပြီး တိုက်ပွဲတိုင်းက ချစ်ရည်လူးနေကြသည်နှင့် တူနေသည်ဟူ၍ပင်။
မာထျောင်မြို့အတွင်းမှ ဤကောလာဟလများနှင့် ပတ်သက်၍ ၎င်းမှာ သူမ၏ စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာများ ကျဆင်းသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရှောင်မို ဖန်တီးနေခြင်းဖြစ်ကြောင်း လျန်လီ ကောင်းကောင်းကြီး သိရှိထားသဖြင့် ၎င်းတို့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖြိုခွင်းခဲ့လေ၏။
သို့သော် သူမ လုံးဝ မျှော်လင့်မထားခဲ့မိသည့်အရာမှာ မကြာမီမှာပင် နန်းတွင်းကပါ ဤကိစ္စကို အမှန်တကယ် သိရှိသွားခဲ့ခြင်း ဖြစ်လေတော့သည်။
ဝေ့တိုင်းပြည်၏ ဧကရာဇ်က လျန်လီအား နန်းတွင်းသို့ ပြန်လည်ခေါ်ယူချင်ခဲ့သော်လည်း ရှာဟောက်နန်က ငြင်းဆန်ပယ်ချခဲ့၏။ သူက နန်းတွင်းသို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပေသည်။ စစ်သူကြီးလျန်သည် တိုင်းပြည်အပေါ် သစ္စာစောင့်သိသူတစ်ဦး ဖြစ်ပါ၍ ရန်သူ့စစ်သူကြီးနှင့် တရားမဝင် ပတ်သက်ဆက်နွှယ်မှုများ ရှိနေခြင်းမှာ လုံးဝ မဖြစ်နိုင်ပါကြောင်း အခိုင်အမာ တင်ပြခဲ့ခြင်းပင်။
သို့သော် တစ်ချိန်တည်းမှာပင် ဝေ့မြို့တော်အတွင်း၌လည်း ကောလာဟလများ ထွက်ပေါ်လာခဲ့ပြန်သည်။ ကျန်းပေမင်းသားနှင့် ရှာဟောက်နန်တို့ ပူးပေါင်းကြံစည်နေကြကြောင်း၊ မြောက်ပိုင်းနယ်မြေသည် ဝေ့တိုင်းပြည်ကို ရှာဟောက်နန်နှင့် ခွဲဝေယူချင်နေကြောင်း၊ ထိုအချိန်ရောက်လျှင် မြောက်ပိုင်းနယ်မြေက သီးခြားနိုင်ငံတစ်ခုအဖြစ် တည်ထောင်မည်ဖြစ်ပြီး ရှာဟောက်နန်က ဝေ့တိုင်းပြည်၏ နယ်မြေတစ်ဝက်ကို သိမ်းပိုက်ကာ သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာလိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့် ပျံ့နှံ့နေခဲ့ချေပြီ။
ရှောင်ရှီက ရှာဟောက်နန်ထံသို့ ရေးသားပို့ဆောင်ခဲ့သော ထို လျှို့ဝှက်ပူးပေါင်းရန် သဝဏ်လွှာသည်ပင်လျှင် ဝေ့မြို့တော်သို့ ရောက်ရှိနေခဲ့လေပြီ။
သဘာဝကျကျပင် ၎င်းမှာ ချင်တိုင်းပြည်ရဲ့ဘုရင် လက်ထဲသို့ပါ ရောက်ရှိသွားခဲ့ပေသည်။
ဝေ့တိုင်းပြည်နန်းတွင်းတစ်ခုတည်းသာ တုန်လှုပ်သွားခဲ့ရသည် မဟုတ်ဘဲ မြောက်ပိုင်းနယ်မြေအပေါ် အမြဲတစေ ယုံကြည်မှု ကင်းမဲ့နေခဲ့သော ချင်တိုင်းပြည်နန်းတွင်းသည်လည်း ဗြောင်းဆန်သွားခဲ့ရလေတော့သည်။
သို့သော် တစ်ခုတည်းသော ကွာခြားချက်မှာ ချင်တိုင်းပြည်ရဲ့ဘုရင်သည် ဒေါသထွက်နေသည်ဟုသာ ဆိုသော်လည်း အမှန်တကယ်တွင် ဒေါသထွက်ရုံ သက်သက်သာ ဖြစ်နေခဲ့ခြင်းပင်။
ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်ရှီ၏ စစ်ရေးအာဏာကို ရုပ်သိမ်းချင်ကြောင်း ပြောဆိုခဲ့သော်ငြား လျှို့ဝှက်လုပ်ထုံးလုပ်နည်းများမှာ အလွန်တရာ နှေးကွေးလေးကန်လွန်းနေပြီး အားလုံးက အချိန်ဆွဲသည့် နည်းဗျူဟာကိုသာ အသုံးပြုနေခဲ့ကြ၏။
ဝေ့တိုင်းပြည်ကမူ ထိုသို့မဟုတ်ခဲ့ပေ။
ဝေ့တိုင်းပြည်၏ ဧကရာဇ်သည် မွေးရာပါ သတ္တိကြောင်ပြီး အရည်အချင်း ကင်းမဲ့သူတစ်ဦးဖြစ်ရာ သူမှာ ကြောက်လန့်တကြားဖြစ်သွားခဲ့ပြီး ရှာဟောက်နန်အား မြို့တော်သို့ အလျင်အမြန် ပြန်လည်ခေါ်ယူခဲ့လေတော့သည်။
သို့သော် ရှေ့တန်းစစ်မျက်နှာပြင်မှာ ဤမျှ အရေးပေါ်အခြေအနေ ဖြစ်နေပါလျက်နှင့် ရှာဟောက်နန်က မည်သို့လုပ် သဘောတူနိုင်ပါမည်နည်း။
ရှာဟောက်နန်က အရာအားလုံးသည် ချင်တိုင်းပြည်၏ ပူးပေါင်းကြံစည်မှုသာ ဖြစ်ကြောင်းနှင့် သူ၏ အကြွင်းမဲ့ သစ္စာရှိမှုကို ဖော်ပြထားသော စာအတော်များများကို ရေးသားပေးပို့ခဲ့လေ၏။
သို့တိုင်အောင် ဝေ့တိုင်းပြည်ဧကရာဇ်က သူ့ကို မည်သို့လုပ် ယုံကြည်နိုင်ပါတော့မည်နည်း။
မင်းရဲ့ တူမတော်စပ်သူ လျန်လီက စစ်မြေပြင်မှာ ရန်သူ့စစ်သူကြီးနဲ့ ချစ်ရည်လူးနေတယ်။ သူမကို မြို့တော် ပြန်ခေါ်တာတောင် မင်းက ခွင့်မပြုဘူး။
အခု မင်းနဲ့ ကျန်းပေမင်းသားတို့ ပူးပေါင်းကြံစည်နေတဲ့ စာတွေက ငါ့လက်ထဲကို ရောက်နေပြီ။ ချင်တိုင်းပြည်ရဲ့ဘုရင်ကလည်း ကျန်းပေမင်းသားကို ဖြေရှင်းဖို့ ပြင်ဆင်နေတယ်။ ဒါက ပုန်ကန်တာမဟုတ်ရင် ဘာလဲ။
မင်းသာ ပုန်ကန်နေတာ မဟုတ်ဘူးဆိုရင်။
အခုချက်ချင်း နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ကို ခေါင်းကွဲမတတ် သွားတိုက်လိုက်စမ်း။
နန်းတွင်း၏ ဖိအားများနှင့် မာထျောင်မြို့ရှိ စစ်သူကြီးများစွာ၏ ဖိအားများအောက်တွင် လျန်လီတစ်ယောက် အလွန်တရာ စိုးရိမ်ပူပန်နေခဲ့ရပေသည်။
သူမ၏ ဦးလေးဖြစ်သူမှာ မြို့ပြင်ထွက်၍ တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို သူမ ကောင်းကောင်းကြီး သိရှိထား၏။
အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ သူမ ကိုယ်တိုင် မြို့ပြင်ထွက်ပြီး သွေးထွက်သံယို တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရပေတော့မည်။
သူမ၏ အပြစ်ကင်းစင်ကြောင်းကို သက်သေပြရန်အတွက် ရှောင်မိုက သူ၏စစ်တပ်ကို ဦးဆောင်ကာ စိန်ခေါ်လာသည့် တစ်ကြိမ်တွင် လျန်လီက မြို့ထဲရှိ စစ်တပ်ကို တိုက်ရိုက်ဦးဆောင်ကာ ရန်သူကို ရင်ဆိုင်ရန် ထွက်လာခဲ့လေတော့သည်။
လျန်လီသည် နန်းတွင်းအား သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြချင်နေခဲ့၏။
ထိုသို့သာ မဟုတ်လျှင် မာထျောင်မြို့၏ စိတ်ဓာတ်ရေးရာများမှာ ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး တိုက်ခိုက်ရန်ပင် မလိုဘဲ ကျဆင်းသွားရန် အလားအလာ အလွန်များပြားလှပေသည်။
သို့သော် မကြာမီမှာပင် ရှောင်မိုက ဝေ့တိုင်းပြည်၏ မြို့ပေါင်း နှစ်ဆယ့်တစ်မြို့ကို သိမ်းပိုက်ခဲ့စဉ်က အသုံးပြုခဲ့သော အစွမ်းအစများကို လျန်လီတစ်ယောက် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေတော့၏။
ရှောင်မိုသည် အာသုရာမျက်နှာဖုံးကို တပ်ဆင်ကာ လှံရှည်ကြီးကို ကိုင်ဆောင်လျက် နှင်းနင်းနဂါးမြင်းသည်တော် တစ်သောင်းကို ကိုယ်တိုင်ဦးဆောင်ကာ ရန်သူများဆီသို့ ဒုန်းစိုင်းပြေးဝင် သတ်ဖြတ်နေခဲ့သည်။
ရှောင်မို၏ ကွပ်ကဲညွှန်ကြားမှုအောက်တွင် ဤနှင်းနင်းနဂါးမြင်းသည်တော် တစ်သောင်းမှာ ခွဲထွက်လိုက်၊ ပြန်လည်ပူးပေါင်းလိုက်ဖြင့် အင်အားနည်းပါးသည့် နေရာများကို အင်အားပြင်းပြင်းဖြင့် တိုက်ခိုက်ပြီး အင်အားကြီးမားသည့် နေရာများကိုတော့ ရှောင်လွှဲသွားကြလေ၏။
ထိုမျှသာမက ခြေလျင်တပ်သား နှစ်ထောင်သည်လည်း နှင်းနင်းနဂါးမြင်းသည်တော်များနှင့် ပူးပေါင်းကာ ဝင်္ကပါများ ဖွဲ့စည်းခဲ့ကြပြီး မြင်းသည်တော်နှင့် ခြေလျင်တပ်သားများ ပေါင်းစပ်ကာ ရှောင်မို၏ ကွပ်ကဲမှုအောက်၌ အမြင့်မားဆုံးသော တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်ပြသနေကြပေသည်။
"ရှောင်မို... ရှင့်အသက်နဲ့ ပေးဆပ်လိုက်တော့"
လျန်လီက သူမ ရှုံးနိမ့်တော့မည်ကို သိရှိလိုက်ပြီး ရှောင်မိုဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။
ရှောင်မိုကလည်း မြင်းကို စိုင်းနှင်လာပြီး သူမကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။
ယခင်က သူမနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက ရှောင်မိုတစ်ယောက် သူ၏ အစွမ်းအစများကို အမှန်တကယ် လျှော့ချထားခဲ့ခြင်းဖြစ်ကြောင်းကို လျန်လီ အခုမှသာ သဘောပေါက်သွားခဲ့ရချေပြီ။
ဆယ့်ငါးကွက်ခန့် အကြာတွင် လျန်လီမှာ ရှောင်မို၏ လှံရှည်ကြီး တစ်ချက်လွှဲရိုက်မှုကြောင့် မြင်းပေါ်မှ လွင့်စင်ကျသွားခဲ့ပြီး ရှောင်မိုက သူမကို ကြိုးတုပ်ရန် လူများကို အမိန့်ပေးလိုက်လေသည်။
ပင်မစစ်သူကြီးဖြစ်သူ အရှင်လတ်လတ် ဖမ်းဆီးခံလိုက်ရပြီးနောက် မာထျောင်မြို့စစ်တပ်၏ စိတ်ဓာတ်ခွန်အားများမှာ ချက်ချင်းဆိုသလိုပင် ထိုးဆင်းသွားခဲ့ရတော့၏။
"လက်နက်ချ အညံ့ခံတဲ့သူတွေ အသက်ရှင်မယ်။ ခုခံတဲ့သူတွေ သေရမယ်"
ရှောင်မို၏ အသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။
ဆီးနှင်းမင်းသား ရှောင်မိုသည် လက်နက်ချအညံ့ခံသော စစ်သူကြီးများကို သတ်ဖြတ်လေ့မရှိဘဲ ကောင်းမွန်စွာပင် ပြုစုစောင့်ရှောက်ပေးတတ်ကြောင်း စစ်သည်များစွာက ကြားသိထားပြီးဖြစ်သောကြောင့် ဝေ့တိုင်းပြည် စစ်သည်အမြောက်အမြားမှာ ခုခံလိုစိတ်များ ကင်းမဲ့သွားကာ သူတို့၏ လက်နက်များကို စွန့်ပစ်၍ လက်နက်ချ အညံ့ခံလိုက်ကြလေတော့သည်။
မာထျောင်မြို့ကို ဖြိုခွဲသိမ်းပိုက်ပြီးနောက် ရှောင်မိုက သူ၏စစ်သည်များကို သာမန်ပြည်သူများအား အနှောင့်အယှက်ပေးခြင်း မပြုရန် တားမြစ်လိုက်လေ၏။
"ရှောင်မို... ရှင်က ယုတ်မာတယ်။ အရှက်မရှိဘူး။ အောက်တန်းကျတယ်။ ရှင့်မှာ စွမ်းဆောင်ရည်ရှိရင် ငါ့ကို သတ်လိုက်စမ်းပါ" ကြိုးတုပ်ခံထားရလျက် ရှောင်မို၏ အရှေ့သို့ အခေါ်ခံလာရသော လျန်လီက သူ့ကို ကျိန်ဆဲလိုက်လေသည်။
ရှောင်မိုက ပြန်လည်မချေပခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ ကိုယ်ပိုင် အကြံအစည် အမှန်တကယ် ဖြစ်နေခဲ့သောကြောင့်ပင်။
သို့သော် သူသည် အများဆုံး ယုတ်မာရုံသာရှိပြီး အရှက်မရှိခြင်းနှင့် အောက်တန်းကျခြင်းများကတော့ အကျုံးမဝင်သင့်ဟု ရှောင်မို ခံစားနေမိ၏။
မည်သို့ပင်ဆိုစေကာမူ ဤလျန်လီသည် စစ်ချီစစ်တက်နှင့် တိုက်ခိုက်ရေးပိုင်းတွင် တကယ်ကို တော်သူတစ်ဦးဖြစ်ပြီး မြို့ပြင်ထွက်၍ ရန်သူကို တိုက်ခိုက်ခြင်းမှာလည်း နောက်ဆုံး လက်ကျန်ရွေးချယ်စရာတစ်ခုသာ ဖြစ်ခဲ့ပေသည်။
ရှောင်မိုက ပါရမီရှင်များကို တန်ဖိုးထားတတ်သူဖြစ်ရာ သူမကို လက်နက်ချအညံ့ခံရန် ဖျောင်းဖျချင်နေခဲ့သည်။
သို့သော် လျန်လီကတော့ အညံ့ခံမည့်အစား သေဖို့ကိုသာ ရွေးချယ်ချင်နေခဲ့၏။
ရှောင်မိုက ဘာစကားမှ ထပ်မဆိုတော့ဘဲ သူမကို အရင်ဆုံး ခေါ်ထုတ်သွားကာ အချိန်အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ဆက်ဆံပေးထားရန် အမိန့်ပေးလိုက်လေသည်။ အကယ်၍ သူမက လက်နက်ချအညံ့ခံခြင်း မရှိသေးလျှင် သူမကို ချင်စီယောင်ထံ ပို့ဆောင်ပြီး ချင်စီယောင်ကိုသာ ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။
ထိုသို့သာမဟုတ်လျှင် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သူနှင့် လျန်လီတို့ ချစ်ရည်လူးနေကြသည် ဟူသော ကောလာဟလများကို အမှန်တကယ် ရှင်းပြနိုင်တော့မည် မဟုတ်ချေ။
မာထျောင်မြို့ကို ဖြိုခွဲလိုက်ပြီးနောက် ဝေ့တိုင်းပြည်၏ တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်နှစ်မြို့၏ ခံစစ်မျဉ်းကြီးမှာ ရှောင်မို၏ ဖောက်ထွင်းဝင်ရောက်ခြင်းကို ခံလိုက်ရလေတော့သည်။
ရှောင်မိုသည် စစ်တပ်ကို ထပ်မံ၍ ကိုယ်တိုင်ဦးဆောင်ကာ ရန်သူ့မြို့များ၏ အနောက်ဘက် နက်ရှိုင်းသော နေရာများအထိ ထိုးဖောက်ဝင်ရောက်ပြီး အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်နေခဲ့သည်။
ရှာဟောက်နန်အတွက်မူ လျန်လီ၏ သွေးထွက်သံယို တိုက်ပွဲအပြီးတွင် နန်းတွင်း၏ ပဋိပက္ခများမှာလည်း ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ နန်းတွင်းက ရှာဟောက်နန်အား ယာယီအားဖြင့် ယုံကြည်သွားခဲ့ကြ၏။
ရှာဟောက်နန်က အခြားသော မြို့များနှင့် ပူးပေါင်းကာ မြောက်ပိုင်းနယ်မြေ၏ ပင်မစစ်တပ်ကြီးကို ခုခံကာကွယ်နေခဲ့ပေသည်။
ဝေ့တိုင်းပြည်၏ နောက်တန်းတွင် ပြဿနာများ ဖန်တီးနေသော ရှောင်မိုနှင့် ပတ်သက်၍မူ သူ့ကို တားဆီးရန် နန်းတွင်းမှ စစ်တပ်များ စေလွှတ်ပေးလာမည်ကိုသာ ရှာဟောက်နန် မျှော်လင့်နိုင်တော့လေသည်။
သို့သော် သူ မှားယွင်းနေကြောင်းကို ရှာဟောက်နန် တွေ့ရှိသွားခဲ့ရ၏။
ဤကောင်လေး ရှောင်မိုက ထက်မြက်သော ဓားမြှောင်တစ်လက်နှင့် တူနေပြီး စစ်သည်အင်အား လေးသောင်းပင် မပြည့်သော တပ်ကို ဦးဆောင်ကာ ဝေ့တိုင်းပြည်၏ မြို့လေးမြို့ကို တစ်ဆက်တည်း ဖြိုခွဲသိမ်းပိုက်လိုက်လေသည်။
ရှောင်မိုက မြို့များကို ဖြိုခွဲသိမ်းပိုက်ရင်း လက်နက်ချအညံ့ခံသော စစ်သူကြီးများနှင့် စစ်သည်များကိုပါ အတူတကွ သိမ်းသွင်းနေခဲ့ခြင်းပင်။
စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်သော လက်နက်ချ စစ်သည်များအတွက် ရှောင်မိုက တန်းတူညီမျှ ဆက်ဆံပေးခဲ့ပြီး ထိုအကြောင်းကိုပင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးခဲ့သေးသည်။
ထို့အပြင် ရှောင်မိုသည် သူ၏ လက်အောက်ငယ်သားများကို ဆုချီးမြှင့်ရာတွင် လုံးဝ ကပ်စေးနှဲခြင်း မရှိသောကြောင့် လက်နက်ချ စစ်သည်များနှင့် စစ်သူကြီးများစွာမှာ ဘက်ပြောင်းသွားသည့် အစွန်းရောက်များအလား အရိပ်အယောင်များပင် ပြသလာခဲ့ကြချေပြီ။
နောက်ထပ် တစ်လအကြာတွင် ဝေ့တိုင်းပြည်ဘက်မှ တုံ့ပြန်နိုင်ခြင်း မရှိသေးသည့် အချိန်ကို အခွင့်ကောင်းယူ၍ ရှောင်မိုက ယန်မင်တောင်ကြားတံခါးကိုပါ သိမ်းပိုက်ပြီးဖြစ်နေလေသည်။
ဆိုလိုသည်မှာ ဝေ့တိုင်းပြည် တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်တစ်မြို့၏ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းကြီးကို ရှောင်မိုက ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်လေတော့သည်။
ချီနှင့် သွေးများကို ပြန်လည်ဖြည့်တင်းပေးရန်အတွက် ရိက္ခာများအပြင် အမျိုးမျိုးသော ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များပါ ပြတ်လပ်နေပြီဖြစ်သော ပိရွှေမြို့၏ အခြေအနေကို အခွင့်ကောင်းယူကာ ရှောင်ရှီက သူ၏ တပ်ဖွဲ့များကို ပူးပေါင်း၍ မြို့ကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လေတော့၏။
တစ်ချိန်တည်းမှာပင် ဝေ့တိုင်းပြည်နန်းတွင်းသည်လည်း အထိတ်တလန့် ဖြစ်သွားခဲ့ရပြီး ယန်မင်တောင်ကြားတံခါးကို မည်သည့်စရိတ်စကကိုမဆို ပေးဆပ်ကာ ပြန်လည်တိုက်ခိုက်သိမ်းယူရန် စစ်တပ်ကြီးတစ်ခုကို စေလွှတ်လိုက်လေသည်။
ရှာဟောက်နန်သည်လည်း စစ်ကူများနှင့် ပူးပေါင်းကာ ရှောင်မို၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ယန်မင်တောင်ကြားတံခါးသို့ တပ်များ စေလွှတ်လိုက်၏။
ဤအချိန်၌ ယန်မင်တောင်ကြားတံခါးသည်လည်း ဝေ့တိုင်းပြည်နန်းတွင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သော တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်တစ်မြို့နည်းတူ အထီးကျန်မြို့လေးတစ်မြို့ ဖြစ်လာခဲ့ချေပြီ။
ရှောင်မိုက မြို့ရိုးပေါ်တွင် ရပ်နေလျက် မြို့အောက်ရှိ သောင်းနှင့်ချီသော စစ်တပ်များကို ရေပြင်အလား တည်ငြိမ်နေသော မျက်လုံးများဖြင့် ငေးကြည့်နေလေသည်။
"စစ်သူကြီး" လီကျင်းက ရှောင်မို၏ ဘေးတွင်ရပ်နေရင်း ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ "မင်းကြီးက စာတစ်စောင် ပို့လိုက်ပါတယ်"
"မင်းကြီးက ဘာပြောလိုက်လဲ" ရှောင်မိုက မေးလိုက်လေသည်။
"စစ်သူကြီးအနေနဲ့ နောက်ထပ် ရက်သုံးဆယ်လောက် တောင့်ခံထားနိုင်ပါ့မလားလို့ မင်းကြီးက မေးလိုက်ပါတယ်"