← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅)

ယန်မင်တောင်ကြားတံခါး၏ မြို့သခင်အိမ်တော်အတွင်း၌...

ရှောင်မိုသည် လက်ကျန် ဆေးလုံးများ၊ ဝိညာဉ်သားရဲအသားများ၊ ဝိညာဉ်ဆေးပင်များ၊ ရိက္ခာများနှင့် အမျိုးမျိုးသော လက်နက်သံချပ်ကာများကို စာရင်းပြုစုနေခဲ့လေ၏။

နောက်ဆုံးတွင် စက္ကူဖြူပေါ်ရှိ ကိန်းဂဏန်းအမျိုးမျိုးကို ကြည့်ရင်း ရှောင်မို၏ နှလုံးသားမှာ လေးလံသွားခဲ့ရပေသည်။

ဝိညာဉ်သားရဲအသားများက မရှိမဖြစ်လိုအပ်သော ချီနှင့် သွေးများကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိပြီး စစ်သည်များအတွက် အလွန်ပင် အရေးပါလှ၏။

ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များကမူ နာကျင်မှုများကို သက်သာစေရန်၊ သွေးတိတ်စေရန်၊ ဒဏ်ရာများကို ကုသရန်နှင့် အသက်ကိုပင် ဆက်လက်ရှင်သန်စေရန်အတွက် အသုံးပြုရပေသည်။

ရိက္ခာများနှင့် ပတ်သက်၍မူ အစာရှောင်နိုင်သည့်အဆင့်သို့ မရောက်ရှိသေးသော စစ်သည်များမှာ နေ့စဉ် စားသောက်ကြရမည်သာ ဖြစ်လေသည်။

သို့သော် ယခုအခါ ဝိညာဉ်သားရဲအသားများနှင့် ရိက္ခာများမှာ လဝက်စာသာ ကျန်ရှိတော့ပြီး ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များကလည်း နောက်ထပ် ကြီးမားသော တိုက်ပွဲကြီးများကို ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

လက်နက်နှင့် သံချပ်ကာများလည်း အနည်းငယ်သာ ကျန်ရှိတော့ပြီး ပျက်စီးသွားသော အသုံးအဆောင်များကို အစားထိုးရန်အတွက် လူတစ်သောင်းစာခန့်သာ လုံလောက်တော့မည် ဖြစ်၏။

အရာအားလုံးကို ခြုံငုံကြည့်လိုက်လျှင် သူက တံခါးများကိုပိတ်ကာ အလုံပိတ်စခန်းချပြီး အစစအရာရာ ချွေတာသုံးစွဲလျှင်ပင် အလွန်ဆုံး ရက်နှစ်ဆယ်ခန့်သာ တောင့်ခံနိုင်မည်ဟု ရှောင်မို ခံစားနေရလေသည်။

ဝေ့တိုင်းပြည်က မြို့ကို ရူးသွပ်စွာ လာရောက်တိုက်ခိုက်မည် ဆိုသည်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ပေ။

"ငါတို့ တကယ်ပဲ တစ်လတိတိ တောင့်ခံထားနိုင်ပါ့မလား"

ရှောင်မိုမှာ သိပ်ပြီး ယုံကြည်ချက် မရှိလှချေ။

သို့သော်လည်း သူ ရွေးချယ်စရာ မရှိတော့ကြောင်းကို ရှောင်မို ကောင်းကောင်းကြီး သိရှိနေခဲ့၏။

ယခုအခါ ဝေ့တိုင်းပြည် တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်တစ်မြို့၏ ထောက်ပံ့ရေးလမ်းကြောင်းများမှာလည်း ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး သူတို့သည်လည်း အရင်းအမြစ်မျိုးစုံကို အပြင်းအထန် လိုအပ်နေကြပြီ ဖြစ်လေသည်။

အကယ်၍ သူသာ တောင့်ခံထားနိုင်ခဲ့ပြီး မြောက်ပိုင်းတပ်မတော်ကြီးက ဝေ့တိုင်းပြည်၏ တောင်ပိုင်းနယ်စပ်ကို သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက ဤစစ်ပွဲကြီးသည် အနည်းဆုံး တစ်ဝက်တိတိ အနိုင်ရသွားပြီဟု ဆိုနိုင်ပေသည်။

သို့သော် သူသာ တောင့်ခံနိုင်စွမ်း မရှိခဲ့လျှင် သူကိုယ်တိုင် စစ်မြေပြင်တွင် ကျဆုံးသွားရုံသာမက မြောက်ပိုင်းနယ်မြေမှ စစ်သည်များအားလုံး အချည်းနှီး အသက်စတေးလိုက်ရမည်ဖြစ်ပြီး သူတို့ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားမည်ဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဝေ့တိုင်းပြည်၏ တန်ပြန်တိုက်ခိုက်မှုကိုပင် ရင်ဆိုင်ရနိုင်ချေ ရှိသေးသည် မဟုတ်ပါလား။

"အမိန့်ပေးလိုက်... ဒီနေ့ကစပြီး အုတ်မြစ်ချခြင်းအဆင့်အောက်မှာရှိတဲ့ စစ်သည်တွေက တစ်ရက်ကို နှစ်နပ် ဆက်စားရမယ်။ ဒါပေမဲ့ တစ်နပ်ကို မူလပမာဏရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းပဲ စားရမယ်"

"အုတ်မြစ်ချခြင်းအဆင့်နဲ့ အထက်မှာရှိတဲ့ စစ်သည်တွေက တစ်ရက်ကို လူတစ်ယောက် ဝိညာဉ်သားရဲအသား တစ်ကက်တီပဲ ရမယ်"

"ဝိညာဉ်ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေကို တပ်မှူးတွေကတစ်ဆင့် တညီတညွတ်တည်း လျှောက်ထားရမယ်"

"ရှောင်ကွေ့၊ ကျောက်ကွမ်း... မင်းတို့နှစ်ယောက်က ယန်မင်တောင်ကြားတံခါးရဲ့ အိမ်တော်ထိန်းဝမ်နဲ့အတူ လူတွေခေါ်ပြီး မြို့ထဲက သူဌေးကုန်သည်တွေရဲ့ အိမ်တွေကို သွားကြ။ အထူးသဖြင့် ဆန်စပါးကုန်သည်တွေပေါ့။ သူတို့အိမ်မှာရှိတဲ့ ဆန်စပါးတွေအားလုံးကို သိမ်းဆည်းခဲ့။ ပမာဏကို စာရင်းလုပ်ပြီး စစ်ပွဲပြီးရင် ပေါက်ဈေးအတိုင်း ပြန်လျော်ပေးမယ်လို့ သူတို့ကို ပြောလိုက်"

"သူတို့က ငြင်းဆန်ခဲ့ရင် သတ်ပစ်လိုက်"

"ပြီးရင် မြို့ရဲ့ ကျီတွေကို နေ့တိုင်းဖွင့်ပြီး သာမန်ပြည်သူတွေအတွက် ကယ်ဆယ်ရေးအဖြစ် ဆန်ပြုတ်ပြုတ်ပေးရမယ်။ တစ်နပ်ကို လူတစ်ယောက် တစ်ပန်းကန်စီ ပေးရမယ်။ ဒါပေမဲ့ အဲ့ဒီဆန်ပြုတ်က အိုးထဲကို တူတစ်ချောင်း ထိုးစိုက်လိုက်ရင်တောင် ပြုတ်ကျမသွားနိုင်လောက်အောင်ကို ပျစ်နှစ်နေရမယ်"

"ငါပြောတာတွေအားလုံးကို ကြားပြီးပြီလား... နားလည်ရဲ့လား"

လက်ထောက်စစ်သူကြီး ကျောက်ကွမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။ "စစ်သူကြီး... ဒီလို အရေးကြီးတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ စစ်တပ်မှာတောင် ရိက္ခာက လုံလုံလောက်လောက် မရှိတာကို သာမန်ပြည်သူတွေကို ကယ်ဆယ်ရေးတွေ လုပ်ပေးဖို့ တကယ်ပဲ လိုအပ်ပါ့မလား"

"သာမန်ပြည်သူတွေက ငတ်မွတ်လွန်းလို့ အကြံအိုက်သွားရင် ပုန်ကန်ထကြွကြလိမ့်မယ်။ မြို့ထဲမှာ အကြီးအကျယ် ကမောက်ကမတွေ ဖြစ်သွားရင် ငါတို့ ဒုက္ခအကြီးအကျယ် ရောက်ရလိမ့်မယ်" ရှောင်မိုက ကျောက်ကွမ်းကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၏။ "ငါပြောတဲ့အတိုင်းသာ လုပ်ပါ။ ဘာလုပ်ရမလဲဆိုတာ ငါ ကောင်းကောင်းသိတယ်"

"ဟုတ်ကဲ့ပါ စစ်သူကြီး"

ကျောက်ကွမ်းက အရိုအသေပေးလိုက်ပြီး ရှောင်ကွေ့နှင့်အတူ အမိန့်ကို အကောင်အထည်ဖော်ရန် ဆင်းသွားခဲ့လေသည်။

သာမန်စစ်သူကြီးတစ်ဦးသာဆိုလျှင် ကျောက်ကွမ်းအနေဖြင့် သူ့ကို ထပ်မံ၍ ဖျောင်းဖျကြည့်ကောင်း ဖျောင်းဖျကြည့်လိမ့်မည်။

သို့သော် ထိုသူက ရှောင်မို ဖြစ်နေခဲ့၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်ကွမ်းသည် ရှောင်မို၏ နောက်မှလိုက်ကာ စစ်မြေပြင်တွင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး ရှောင်မို ချမှတ်ခဲ့သော ဆုံးဖြတ်ချက် တစ်ခုလေးမှပင် မှားယွင်းနေခဲ့ခြင်း မရှိခဲ့ချေ။

ထို့ကြောင့် ကျောက်ကွမ်းက ရှောင်မိုအပေါ် အလွန်တရာ အထင်ကြီးလေးစားနေခဲ့ပြီး ရှောင်မို ဆုံးဖြတ်သမျှ အရာအားလုံးကို အကောင်အထည်ဖော်ရန် အသင့်ရှိနေခဲ့ခြင်းပင်။

ကျောက်ကွမ်းတစ်ယောက်တည်းသာ မဟုတ်ပေ။ ရှောင်မိုသည် စစ်သည်များအားလုံးနှင့်အတူ အသက်သေဆုံးရမည့် ဘေးအန္တရာယ်များကို ဖြတ်ကျော်ခဲ့ပြီး ဆုနှင့်ပြစ်ဒဏ်များကို ရှင်းလင်းပြတ်သားစွာ ချမှတ်ကာ အခက်အခဲများကို အတူတကွ မျှဝေခံစားခဲ့လေ၏။ စစ်သည်များ၏ နှလုံးသားထဲရှိ သူ၏ နေရာလေးမှာ ကျန်းပေမင်းသားကဲ့သို့ပင် ဖြစ်လာခဲ့ချေပြီ။

မကြာမီမှာပင် ကျောက်ကွမ်းနှင့် ရှောင်ကွေ့တို့က စစ်သည်ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ မြို့ထဲရှိ သူဌေးကုန်သည်များ၏ အိမ်များကို တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေကြလေတော့သည်။

ဤသူဌေးကုန်သည်များက မြောက်ပိုင်းနယ်မြေမှ စစ်အရာရှိများ ရောက်ရှိလာသည်ကို မြင်သောအခါ လိမ္မာပါးနပ်စွာဖြင့် သူတို့၏ ကျီများကို ဖွင့်ပေးခဲ့ကြပြီး မြောက်ပိုင်းတပ်မတော်အတွက် အလှူငွေများပင် ထည့်ဝင်ချင်ကြောင်းနှင့် မည်သည့် လျော်ကြေးမှ မလိုချင်ပါကြောင်းကိုပါ ပြောဆိုလာခဲ့ကြပေသည်။

သို့သော် ကျောက်ကွမ်းနှင့် ရှောင်ကွေ့တို့က လူမိုက်များ မဟုတ်ကြပေ။ အထူးသဖြင့် ရှောင်ကွေ့ပင်။

ရှောင်ကွေ့သည် ရှောင်မိသားစု၏ ဆွေမျိုးဝမ်းကွဲ တစ်ယောက်ဖြစ်သော်ငြားလည်း သူက မြေပိုင်ရှင်တစ်ဦး ဖြစ်နေဆဲပင်။

ထို့ကြောင့် ဤအဘိုးကြီးများ ဘာကို တွေးတောနေကြသနည်း ဆိုသည်ကို ရှောင်ကွေ့က မည်သို့လုပ် နားမလည်ဘဲ နေပါမည်နည်း။

ရှောင်ကွေ့က သူ၏ဓားကို ကိုင်ဆောင်ကာ ဤသခင်ကြီးများ၏ အိမ်တော်ထိန်းများနှင့် မယားငယ်များကို ဖိအားပေး စစ်ဆေးမေးမြန်းပြီး သူတို့အိမ်တော်များအတွင်း လျှို့ဝှက်သိမ်းဆည်းထားသော ဆန်စပါးများ မည်သည့်နေရာတွင် ရှိသနည်းဟု မေးမြန်းလေ၏။

အစပိုင်းတွင်တော့ သူတို့က အတော်လေး ခေါင်းမာနေခဲ့ကြသေးသည်။

သို့သော် ရှောင်ကွေ့က အမှန်တကယ် လူသတ်တော့မည့်ဟန် ပြင်လိုက်သောအခါ ဤအဘိုးကြီးများမှာ ချက်ချင်းပင် ဒူးထောက်ကျသွားကြပြီး ရှောင်ကွေ့နှင့် သူ၏လူများကို ကုန်လှောင်ရုံ အမျိုးမျိုးနှင့် မြေအောက်ခန်းများဆီသို့ အလျင်အမြန် လမ်းပြခေါ်ဆောင်သွားကြလေတော့၏။

"သခင်ကြီးတို့ရယ်... ကျွန်တော်တို့ကို သနားပါဦး။ ကျွန်တော်တို့အတွက် နည်းနည်းလေးတော့ ချန်ထားခဲ့ပေးကြပါ။ အားလုံးကို ယူသွားရင် ကျွန်တော်တို့ ဘယ်လိုလုပ် အသက်ဆက်ရှင်ရမလဲ။ ကျွန်တော်တို့ရဲ့ အိမ်သား ဒါဇင်ပေါင်းများစွာက ငတ်မွတ်ပြီး သေကြရပါတော့မယ်"

သူတို့အိမ်မှ ဆန်စပါးများကို တစ်အိတ်ပြီးတစ်အိတ် သယ်ထုတ်သွားသည်ကို ကြည့်ရင်း သူဌေးကုန်သည်များက ရှောင်ကွေ့နှင့် ကျောက်ကွမ်းတို့၏ ခြေထောက်များကို ဖက်တွယ်ကာ ငိုယိုတောင်းပန်နေကြလေသည်။

"အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့။ ငါ့ကို ထပ်ပြီး စိတ်အနှောင့်အယှက်ပေးနေရင် မင်းကိုပါ ခုတ်ပိုင်းပစ်လိုက်မယ်"

ရှောင်ကွေ့က သူ့ကို ကန်ထုတ်လိုက်လေ၏။

"ပြီးတော့ မင်းတို့ကို ပြန်မပေးဘူးလို့ ပြောနေတာမှ မဟုတ်တာ။ နောက်ထပ် ရက်သုံးဆယ်လောက်နေလို့ ငါတို့ မြောက်ပိုင်းတပ်မတော်ကြီး ရောက်လာရင် မင်းတို့ဆီကို ငွေတွေလာပို့ပေးမယ့်လူ သဘာဝကျကျပဲ ရှိလာလိမ့်မယ်။ အကြွေးစာချုပ်ကိုသာ သေချာသိမ်းထားလိုက်"

"ရက်သုံးဆယ်။ သုံးရက်နေရင်တင် ကျွန်တော့် မိသားစုတစ်ခုလုံး ငတ်သေကုန်တော့မှာ" ကုန်သည်က ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေလျက် ပြောလိုက်လေသည်။

"မင်းတို့ ငတ်မသေစေရဘူး။ ငါ့ရဲ့စစ်သူကြီးက မြို့ထဲမှာ ဆန်ပြုတ်တွေ ဝေပေးလိမ့်မယ်။ နေ့တိုင်း လူတိုင်း ကိုယ့်ဝေစုနဲ့ကိုယ် ရကြမှာ"

ပြောပြီးနောက် ရှောင်ကွေ့က ဘာမှဆက်မပြောတော့ဘဲ နောက်ထပ်အိမ်တစ်အိမ်သို့ ဆက်လက်ထွက်ခွာသွားလေတော့သည်။

တစ်ရက်အတွင်းမှာပင် မြို့ထဲရှိ သူဌေးကုန်သည်များမှာ အကုန်အစင် လုယက်ခံလိုက်ရခြင်းတော့ မဟုတ်သော်ငြား အနည်းဆုံးတော့ သူတို့၏ ကုန်ပစ္စည်း ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သိမ်းဆည်းခံလိုက်ရပေသည်။

အိမ်နီးနားချင်းများက မြောက်ပိုင်းတပ်မတော်မှ ဆန်အိတ်များကို သယ်ဆောင်သွားသည်ကို ကြည့်ရင်း သူတို့၏ လက်ကျန်ဆန်များကိုပါ သိမ်းဆည်းခံရမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့ကြ၏။

မမျှော်လင့်ဘဲ မြောက်ပိုင်းတပ်မတော်က ဤသာမန်ပြည်သူများကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ကြချေ။

ယန်မင်တောင်ကြားတံခါးကို မြောက်ပိုင်းတပ်မတော်က ကာကွယ်နေသည့် ဒုတိယမြောက်နေ့...

အိမ်တိုင်းအိမ်တိုင်းက အိမ်ထဲ၌သာ နေထိုင်ကြပြီး မြို့သူမြို့သားများမှာလည်း အထိတ်တလန့် ဖြစ်နေခဲ့ကြလေသည်။

မနေ့က မြောက်ပိုင်းတပ်မတော်က သူဌေးများကို လုယက်ခဲ့ကြသည်။ ၎င်းမှာ သူတို့နှင့် တိုက်ရိုက် မသက်ဆိုင်သော်ငြားလည်း နောက်ထပ် ဘာတွေဖြစ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

စစ်တပ်က ရိက္ခာပြတ်လပ်သွားသောအခါ မြောက်ပိုင်းနယ်မြေက သူတို့ဆီကပါ စတင်ခိုးယူလာကြမည် မဟုတ်ပါလား။

ချူတိုင်းပြည်၌ စစ်တပ်တစ်ခုက အပြင်သို့မထွက်ဘဲ မြို့ကို ကာကွယ်နေခဲ့ပြီး သူတို့ ရိက္ခာပြတ်လပ်သွားသောအခါ စစ်သည်များက သာမန်ပြည်သူများကိုပါ စားသောက်ခဲ့ကြသည်ဟုပင် သူတို့ ကြားဖူးခဲ့ကြ၏။ လူသားစားသည့် အဆင့်အထိပင် ရောက်ရှိသွားခဲ့ကြသည်တဲ့။

"အိမ်မှာ ဆန်ဘယ်လောက် ကျန်သေးလဲ"

မြို့ထဲတွင် ထန် ဟု အမည်ရသော လက်သမားဆရာတစ်ဦးက သူ၏ ဇနီးနှင့် သမီးဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"ယောက်ျားရယ်... ကျွန်မတို့မှာ ဆန် သိပ်မကျန်တော့ဘူး။ သုံးရက်စာလောက်ပဲ ရှိတော့တယ်" ဇနီးဖြစ်သူက အိပ်ပျော်နေသော သူတို့၏ သမီးလေးကို ပုတ်ပေးရင်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်၏။

"သုံးရက်စာ..." လက်သမားဆရာထန်က သူ၏ မျက်နှာကို ပွတ်သပ်လိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း ငါတို့ နည်းနည်း လျှော့စားကြတာပေါ့။ ကလေးကိုတော့ အငတ်မခံပါနဲ့။ ငါ တစ်နေရာရာကနေ ဆန်သွားချေးဖို့ နည်းလမ်းရှာကြည့်လိုက်ဦးမယ်"

"ယောက်ျားရယ်... အခုလို အခြေအနေမျိုးမှာ ဘယ်သူ့ဆီမှာများ ပိုလျှံတဲ့ဆန် ရှိနေမှာလဲ"

ဇနီးဖြစ်သူက သူမ၏ အင်္ကျီစွန်းကို တင်းတင်းဆုပ်ထားလေ၏။

"စစ်ပွဲက လချီနေပြီလေ။ မြောက်ပိုင်းတပ်မတော် မရောက်လာခင်ကတည်းက ငါတို့ရဲ့ စောက်သုံးမကျတဲ့ မြို့သခင်က ငါတို့ဆီက တစ်ခါ ငွေညှစ်ပြီးသွားပြီ။ အဲ့ဒီ အလိမ်အညာ ကုန်သည်တွေဆီက ဆန်ဈေးကလည်း နေ့တိုင်း တက်နေတာလေ။

အခု ကြည့်စမ်း... ဘာတွေဖြစ်သွားပြီလဲ။ ဆန်ကုန်သည်တွေရဲ့ ရိက္ခာတွေကို မြောက်ပိုင်းတပ်မတော်က အကုန်ယူသွားကြပြီ။ ငါတို့ဆီမှာ ငွေနည်းနည်း ကျန်နေသေးရင်တောင် ဆန်ဝယ်ဖို့ နေရာမရှိတော့ဘူးလေ။

တခြားမိသားစုတွေလည်း ငါတို့ထက် ပိုအဆင်ပြေမနေကြပါဘူး"

"စိတ်မပူပါနဲ့။ ငါ နည်းလမ်းရှာကြည့်ပါ့မယ်။ မင်းသာ သမီးလေးကို သေချာစောင့်ရှောက်ထားလိုက်။ ငါတို့ဆီမှာ အနည်းဆုံး သုံးရက်စာတော့ ကျန်သေးတာပဲ။ ပုံမှန်ဆို ပေါများလွန်းလှတဲ့ အဲ့ဒီသူဌေးသခင်ကြီးတွေကို တွေးကြည့်ပါဦး။ သူတို့မှာ ဒီနေ့စားစရာတောင် မရှိတော့ဘူးလေ။ ဒါ့အပြင် မြောက်ပိုင်းတပ်မတော်က နေ့တိုင်း ဆန်တွေဝေပြီး ဆန်ပြုတ်တွေ ပြုတ်ပေးနေတယ်လို့ ငါ ကြားထားသေးတယ်..."

"ဖူး... အဲ့ဒီအရာရှိတွေ ပြောတာကို ရှင်က ယုံနေတာလား။ သူတို့တောင် ငတ်နေကြပြီလေ။ ဆန်ဝေပေးမယ်။ အဲ့ဒီလို ကောင်းတဲ့ကိစ္စမျိုး ဘယ်တော့မှ မရှိနိုင်ဘူး" ဇနီးဖြစ်သူက တံတွေးထွေးချလိုက်လေ၏။

"ကောင်းပါပြီ... ကောင်းပါပြီ... ရန်မဖြစ်ကြနဲ့တော့။ ငါ အပြင်ထွက်ပြီး ငါ့ညီအစ်ကိုတွေနဲ့ သွားစစ်ကြည့်လိုက်ဦးမယ်"

လက်သမားဆရာထန်က သူ၏ အပေါ်ဝတ်ရုံကို ဝတ်ဆင်ကာ အိမ်အပြင်သို့ ထွက်လာခဲ့လေသည်။

မြို့၏ လမ်းမများထက်တွင် လျှောက်လှမ်းလာရင်း လက်သမားဆရာထန်၏ ရင်ထဲတွင် ရှုပ်ထွေးမှုများက အထုံးအဖွဲ့ တစ်ခုအလား ဖြစ်တည်နေခဲ့၏။

ဆန်ရှာမည်ဟု သူ ပြောခဲ့သော်လည်း သူ ဘယ်သွားပြီး ရှာရမည်နည်း။

လက်သမားဆရာထန်တစ်ယောက် လမ်းမပေါ်တွင် လျှောက်လှမ်းနေစဉ်မှာပင်...

ရုတ်တရက် လမ်းမပေါ်မှ မောင်းခတ်သံများနှင့် ဗုံတီးသံများကို သူ ကြားလိုက်ရလေသည်။ မြောက်ပိုင်းတပ်မတော်မှ စစ်သည်များက မြို့အနှံ့ အော်ဟစ်နေကြ၏။ "ဆန်ဝေမယ့် နေရာတွေကို နေ့တိုင်း မွန်းတည့်ချိန် (ဝူနာရီ) နဲ့ နေဝင်ချိန် (ယိုနာရီ) တွေမှာ နေရာဆယ်နေရာ သတ်မှတ်ထားပေးတယ်။ တောင်ဘက်မြို့တံခါးအဝင်ဝ၊ မြို့သခင်အိမ်တော်အဝင်ဝ၊ ထန်ဟဲလမ်းပေါ်က ချင်းချာမျှော်စင်အပါအဝင် နေရာဆယ်နေရာပဲ"

"ဆန်ဝေပေးမယ်"

"မြောက်ပိုင်းတပ်မတော်က တကယ်ပဲ ဆန်ဝေပေးမှာလား"

"ဘယ်သူသိမှာလဲ။ အရင် မြို့သခင်တောင် ဆန်ဝေပေးတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ ဒီရန်သူ့စစ်သူကြီးက ငါတို့ကို တကယ် အစားအစာ ပေးပါ့မလား"

"ဘယ်သူဂရုစိုက်နေမှာလဲ"

"သွားကြည့်ရအောင်"

"မြန်မြန်... မြန်မြန်"

အခန်း (၃၇၆)

ထိုအကြောင်းကို ကြားပြီးနောက် မြို့သူမြို့သားများက လမ်းမများပေါ်သို့ တဖြည်းဖြည်း ထွက်လာကြပြီး အနီးဆုံး ဆန်ဝေသည့် နေရာများဆီသို့ ဦးတည်သွားကြလေ၏။ လက်သမားဆရာထန်သည်လည်း အိမ်သို့ အလျင်အမြန် ပြန်သွားကာ သူ၏ ဇနီးနှင့် သမီးဖြစ်သူကို အတူသွားရန် ခေါ်ဆောင်လိုက်ပေသည်။

မွန်းတည့်ချိန် (ဝူနာရီ) မတိုင်မီမှာပင် ဆန်ဝေသည့် နေရာအားလုံး၌ တန်းစီစောင့်ဆိုင်းနေသူများ ရှိနေခဲ့ချေပြီ။ မြောက်ပိုင်းတပ်မတော်မှ စစ်သည်များက စည်းကမ်းထိန်းသိမ်းပေးနေပြီး လူတစ်ဦးစီကို တိုကင်ပြားတစ်ခုစီ ဝေငှပေးလေ၏။ ထိုတိုကင်ပြားဖြင့် ဆန်ပြုတ် သွားရောက်ထုတ်ယူနိုင်ခြင်းပင်။

လက်သမားဆရာထန်၏ အမြင်တွင်တော့ မြောက်ပိုင်းတပ်မတော်မှ ပြုတ်ပေးသော ဆန်ပြုတ်က အလွန်ကို ကျဲနေမည်ဖြစ်ပြီး ဖွဲနုများနှင့် သဲများပင် ရောနှောပါဝင်နေလိမ့်မည်ဟု ထင်မြင်ထားခဲ့သည်။

သို့သော်လည်း ဘာမှ စားစရာမရှိခြင်းထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ လက်သမားဆရာထန် ဆန်ပြုတ်ထုတ်ယူမည့် အလှည့်သို့ ရောက်သောအခါ... ထိုဆန်ပြုတ်မှာ တူတစ်ချောင်း ထိုးစိုက်လိုက်လျှင်ပင် မလဲကျနိုင်လောက်အောင် ပျစ်နှစ်နေသည်ကို တွေ့ရှိလိုက်ရပြီး ဝက်ဆီနံ့ သင်းသင်းလေးပင် ရနေသေး၏။

ကံကောင်းသော သူများဆိုလျှင် ဝက်သားဖတ်လေးများကိုပင် ရှာတွေ့နိုင်ပေသေးသည်။

"မြောက်ပိုင်းတပ်မတော်က... သူတို့က သာမန်ပြည်သူတွေဖြစ်တဲ့ ငါတို့ကို တကယ်ကြီး အစားအစာတွေ ပေးနေတာပဲ"

ပန်းကန်လုံးထဲမှ ဆန်ပြုတ်ဖြူဖြူကို ကြည့်ရင်း သူ အိပ်မက်များ မက်နေသလားဟု လက်သမားဆရာထန် တွေးတောနေမိလေ၏။

လူတစ်ဦးကို တစ်ပန်းကန်တည်းသာ ရရှိပြီး တစ်နေ့ကို နှစ်ကြိမ်သာ ရရှိသော်ငြားလည်း နေ့စဉ်နေ့တိုင်းသာ ဤသို့ဆက်သွားနေမည်ဆိုပါက သူ၏ မိသားစုလေး အနည်းဆုံးတော့ အသက်ရှင်သန်နိုင်မည် ဖြစ်ပေသည်။

"မြန်မြန်စားကြ... အခုမစားရင် အေးကုန်လိမ့်မယ်"

ဇနီးဖြစ်သူကလည်း ဆန်ပြုတ်တစ်ပန်းကန် ရရှိခဲ့ပြီးနောက် ခင်ပွန်းနှင့် သမီးဖြစ်သူကို ပြောလိုက်လေ၏။ ယခင်ကလို မျှော်လင့်ချက် ကင်းမဲ့မနေတော့ဘဲ သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများက ပြည့်နှက်နေခဲ့ချေပြီ။

"ကိုယ်က သိပ်မဆာသေးပါဘူး။ မင်းတို့နှစ်ယောက် ပိုစားကြပါ" လက်သမားဆရာထန်က သူ၏ ပန်းကန်ထဲမှ ဆန်ပြုတ်တစ်ဝက်ကို ဇနီးနှင့် သမီးဖြစ်သူ၏ ပန်းကန်များထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

"ဘုန်း"

လက်သမားဆရာထန်တို့ မိသားစု လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ဆန်ပြုတ်သောက်နေကြစဉ်မှာပင် မြောက်ဘက်မြို့တံခါးဆီမှ ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရလေ၏။

ယန်မင်တောင်ကြားတံခါး၏ မြို့ရိုးများပေါ်သို့ ဝေ့တိုင်းပြည်စစ်တပ်က စတင်ထိုးစစ်ဆင်နေကြပြီ ဖြစ်သည်။

ဝေ့တိုင်းပြည်မှ စစ်သည်များက ဒီရေအလား မြို့ရိုးပေါ်သို့ တွယ်တက်လာကြသော်လည်း မြောက်ပိုင်းတပ်မတော်၏ ပြန်လည်တွန်းလှန်မှုကြောင့် အားလုံး နောက်ဆုတ်သွားခဲ့ရပေသည်။

"မြှားတွေ ပစ်"

လီကျင်း၏ အမိန့်အောက်တွင် ရေတွက်မရနိုင်သော မြှားတံများက ရန်သူ့တပ်ဖွဲ့များဆီသို့ ပစ်လွှတ်လိုက်လေ၏။

သို့သော်လည်း ဝေ့တိုင်းပြည်စစ်တပ်က အဆုံးမရှိသော ပုရွက်ဆိတ်အုပ်ကြီးအလား ဆက်တိုက်ဆိုသလို ဝင်ရောက်လာနေခဲ့ကြသည်။

မြို့ရိုးပေါ်ရှိ ဖိအားများမှာလည်း တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့ချေပြီ။

သို့သော် ထိုအခိုက်အတန့်လေးမှာပင်...

ယန်မင်တောင်ကြားတံခါးကြီး ပွင့်သွားခဲ့လေ၏။

အာသုရာမျက်နှာဖုံးကို တပ်ဆင်ထားသော အမျိုးသားက ကိုးထောင်ပင် မပြည့်တော့သော နှင်းနင်းနဂါးမြင်းသည်တော်များကို ဦးဆောင်ကာ ရန်သူ့စစ်ကြောင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

နှင်းနင်းမြင်းများ၏ ဖြူလွှလွှ အရောင်အဆင်းက ထိုအမျိုးသား၏ လှံရှည်ပေါ်ရှိ အပြာရောင်လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်သွားလေ၏။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဝေ့တိုင်းပြည်စစ်သည်များမှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ရပေသည်။

ကိုးထောင်သော နှင်းနင်းနဂါးမြင်းသည်တော်များမှာ ထက်မြက်သော ဓားမြှောင်တစ်လက်အလား စစ်မြေပြင်ကြီးကို အမှန်တကယ်ပင် ထက်ပိုင်းပိုင်းပစ်လိုက်လေ၏။

"ရှောင်မို" စစ်သူကြီး ကော်ရှင်းက မျက်နှာဖုံးတပ် အမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ကြီးကို အလိုအလျောက်ပင် တင်းတင်းဆုပ်ကိုင်လိုက်မိလေသည်။ သူ၏ အသံကို ဝိညာဉ်စွမ်းအင်ဖြင့် ချဲ့ထွင်လိုက်ပြီး စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားစေလိုက်၏။ "ရှောင်မိုရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့သူကို အိမ်ထောင်စုတစ်ထောင်ရဲ့ မြို့စားဘွဲ့ ချီးမြှင့်မယ်"

"ငါက အိမ်ထောင်စုတစ်ထောင်ပဲ တန်ဖိုးရှိတာလား"

ကော်ရှင်း၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှောင်မို စီးနင်းထားသော နှင်းနင်းမြင်းက ရှေ့သို့ ခုန်တက်သွားပြီး ဝေ့တိုင်းပြည်၏ ပင်မစစ်တပ်ကြီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ တိမ်မည်းများ စုရုံးလာပြီး မိုးကြိုးများက အဆက်မပြတ် ဟိန်းဟောက်လာခဲ့ချေပြီ။

လျှပ်စီးကြောင်းများက ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်ပြီး စစ်မြေပြင်တစ်ခုလုံးကို လင်းထိန်သွားစေလေ၏။

"ဒီရှောင်မိုက စစ်မြေပြင်မှာ ဘေးဒဏ်ခံယူရဲတယ်ပေါ့။ သူ ရူးသွားပြီလား"

ကော်ရှင်းတစ်ယောက် သူ၏ အရှေ့ရှိ မြင်ကွင်းအားလုံးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိလေသည်။

စစ်မြေပြင်ဆိုသည်မှာ ချီနှင့် သွေးများ အပြင်းထန်ဆုံး နေရာဖြစ်သကဲ့သို့ ကံတရားအကျိုးဆက်များ အများဆုံး စုဝေးရာ နေရာလည်း ဖြစ်ပေသည်။

စစ်မြေပြင်၌ ဘေးဒဏ်ခံယူခြင်းက မိုးကြိုးဘေးဒဏ်ကို ပုံမှန်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာစေလေ၏။

ဘေးဒဏ်ခံယူသူမှာ မိုးကြိုးဘေးဒဏ်အောက်တွင် သေဆုံးသွားရန် အလွန်တရာ ရာခိုင်နှုန်းများပြားလှပေသည်။

သို့သော် ရှောင်မိုက အမှန်တကယ်ပင် ထိုသို့ လုပ်ဆောင်ခဲ့လေသည်။

ရှောင်မိုက နှင်းနင်းမြင်းကို သူ၏ လက်ဝါးဖြင့် ပုတ်ပေးလိုက်၏။ မြင်းက ချက်ချင်းပင် သဘောပေါက်သွားပြီး ရှောင်မိုနှင့် အဝေးသို့ ထွက်ခွာသွားခဲ့သည်။

ရှောင်မိုက စစ်မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး ရန်သူ့နယ်မြေ၏ အလယ်ဗဟိုဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့၏။

"ဝုန်း"

လျှပ်စီးကြောင်းများက ရှောင်မိုဆီသို့ ပစ်ချလာခဲ့သည်။

ရှောင်မို၏ နေရာမှ ကိုက်ကိုးဆယ်အတွင်းရှိ မည်သည့်စစ်သည်မဆို မိုးကြိုးဘေးဒဏ်၏ ရိုက်ခတ်မှုကို ခံရပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။

ပြဿနာ၏ မြစ်ဖျားခံရာဖြစ်သော ရှောင်မိုကမူ သူ၏ ကိုယ်ပိုင်မိုးကြိုးဘေးဒဏ်ကို ဂရုမစိုက်သည့်အလား ဧရာမ စစ်တပ်ကြီးကို ဖြတ်သန်းကာ ဆက်လက်ချီတက်သွားလေသည်။

ရှောင်မို တစ်ဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ရင်း ကော်ရှင်း၏ နဖူးပြင်ထက်၌ ချွေးစေးများ ပျံ့နှံ့လာခဲ့ချေပြီ။ စစ်သေနာပတိ တစ်ယောက်အနေဖြင့် သူ နောက်ဆုတ်၍ လုံးဝမဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိထား၏။ ထိုသို့မဟုတ်လျှင် စစ်တပ်၏ စိတ်ဓာတ်ခွန်အားကို အကြီးအကျယ် ထိခိုက်စေလိမ့်မည် ဖြစ်သည်။

သို့သော် ရှောင်မိုသာ ကိုက်ခြောက်ဆယ် ခန့် ပို၍ နီးကပ်လာပါက သူကိုယ်တိုင်လည်း မိုးကြိုးဘေးဒဏ်၏ ဝါးမျိုခြင်းကို ခံရတော့မည်ဖြစ်ကြောင်း ကော်ရှင်း သိရှိထားပြန်လေသည်။

နောက်ဆုံးတွင် ရှောင်မိုက ကော်ရှင်းနှင့် ကိုက်သုံးဆယ် အကွာသို့ ရောက်ရှိလာသောအခါ ကော်ရှင်းတစ်ယောက် နောက်ဆုတ်သွားခဲ့ရတော့၏။

သူက လုရှု၏ သွေးဆက်နွယ်မှုရှိသော သူ၏ စစ်မြင်းကို စီးနင်းကာ နောက်တန်းဆီသို့ ဆုတ်ခွာသွားခဲ့လေသည်။

"ဘုန်း"

မိုးကြိုးဘေးဒဏ်၏ နောက်ဆုံး လျှပ်စီးကြောင်း ပစ်ချလိုက်သည်နှင့်တစ်ပြိုင်နက်...

ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များ ကွဲလွင့်သွားခဲ့ပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးရေများသာ ကျန်ရစ်ခဲ့လေတော့၏။

"ဟားဟားဟား... ဝေ့တိုင်းပြည်ရဲ့ စစ်သူကြီးတွေ အားလုံးက ဒီလို အမှိုက်တွေချည်းပဲလား"

ကော်ရှင်းကို လှမ်းကြည့်ရင်း ရှောင်မိုက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

နှင်းနင်းမြင်းက ရှောင်မိုရှိရာဆီသို့ ပြန်လည် ဒုန်းစိုင်းပြေးလာခဲ့၏။

ရှောင်မိုက မြင်းဇက်ကြိုးကို ဆွဲယူကာ မြင်းပေါ်သို့ ပြန်လည်ခုန်တက်လိုက်လေသည်။

ရွှေအမြူတေအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သော ရှောင်မိုက ဆက်လက်၍ နောက်ယောင်ခံမလိုက်တော့ဘဲ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ကို ဆက်လက်ဦးဆောင်ကာ စစ်မြေပြင်ကို ဖြတ်သန်း၍ ပြန်လည် ဆုတ်ခွာသွားခဲ့လေ၏။

"မြို့ထဲ ပြန်ဆုတ်မယ်"

လုံလောက်ပြီဟု ခံစားလိုက်ရသဖြင့် ရှောင်မိုက မြို့ထဲသို့ ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ သူက နောက်တန်းမှ တစ်ယောက်တည်း ကျန်ရစ်နေခဲ့ပြီး ထိုးဖောက်ဝင်ရောက်လာသော ရန်သူ့တပ်ဖွဲ့များအားလုံးကို သတ်ဖြတ်ပစ်လိုက်လေ၏။

"ကောင်လေး... မင်း ထွက်သွားလို့ရမယ်များ ထင်နေလား"

သန္ဓေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ရှောင်မိုဆီသို့ ပြေးဝင်လာခဲ့သည်။

ရှောင်မိုက လှည့်ကာ ပြန်လည်တိုက်ခိုက်လိုက်ပြီး အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိခဲ့ချေ။

ရွှေအမြူတေအဆင့်သို့ ခြေချလိုက်ပြီးနောက် ရှောင်မို၏ နတ်ဘုရားသတ်လှံ ပညာရပ်မှာလည်း ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ချေပြီ။

အကွက်ငါးဆယ်ခန့်အကြာတွင် ရှောင်မိုက တစ်ဖက်လူ၏ နှလုံးသားကို လှံတစ်ချက်တည်းဖြင့် ဖောက်ထွင်းပစ်လိုက်လေ၏။

ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ထိုလူ၏ ဦးခေါင်းကို ဖြတ်ယူလိုက်ပြီးနောက် မြို့တံခါး မပိတ်မီလေးတွင် နှင်းနင်းမြင်းက မြို့ထဲသို့ ခုန်ဝင်သွားခဲ့လေတော့သည်။

ရှောင်မို၏ အနှောင့်အယှက်ပေးမှုကြောင့် မြို့ကို ကာကွယ်နေရသော စစ်သည်များ၏ ဖိအားများမှာ အလွန်အမင်း သက်သာသွားခဲ့ပြီး ဝေ့တိုင်းပြည်စစ်တပ်၏ စိတ်ဓာတ်ခွန်အားများမှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ရပေသည်။

ကော်ရှင်းက မြို့ကို ဝိုင်းရံတိုက်ခိုက်ခြင်းကို ယာယီရပ်ဆိုင်းရန်သာ အမိန့်ပေးနိုင်တော့၏။

ထို့နောက် ရှောင်မိုက သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ ခေါင်းကို မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားလိုက်ပြီး သူတို့ကို အဆက်မပြတ် လှောင်ပြောင်နေခဲ့လေသည်။

"ကျစ်" ကော်ရှင်းက ဒေါသတကြီးဖြင့် သူ၏ သံခမောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လက်ထောက်စစ်သူကြီး၏ ကော်လာကို ဆွဲကိုင်လိုက်လေ၏။ "အဲ့ဒီ မသေမျိုးအဆင့်နဲ့ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဘယ်ရောက်သွားကြတာလဲ။ သူတို့ ဘယ်ချောင်ကို ရောက်နေကြတာလဲ။ ဘာလို့ အခုထိ ရောက်မလာကြသေးတာလဲ"

"စစ်သူကြီး... ကျွန်တော်လည်း မသိပါဘူး" လက်ထောက်စစ်သူကြီးက ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေလျက် ဆိုလိုက်၏။ "ယုတ္တိကျကျ ပြောရရင်တော့ အဲ့ဒီပူဇော်ခံအကြီးအကဲတွေ အခုလောက်ဆို ရောက်နေသင့်ပြီလေ။ ချင်တိုင်းပြည်ကများ သတင်းရသွားလို့ သူတို့ရဲ့ ပူဇော်ခံအကြီးအကဲတွေကို လွှတ်ပြီး ကြားဖြတ်တိုက်ခိုက်ခိုင်းလိုက်တာများလား"

"ခွေးမသားတွေ"

ကော်ရှင်းက လက်ထောက်စစ်သူကြီးကို မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်လေသည်။

"ရက်သုံးဆယ်။ မဟုတ်ဘူး... ရက်နှစ်ဆယ်အတွင်း။ ငါတို့ မြို့ကို ဖြိုခွဲနိုင်ရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်တစ်မြို့မှာ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရော ငါရော ကိုယ့်ခေါင်းကိုယ်ကိုင်ပြီး ဧကရာဇ်မင်းမြတ်ကို သွားတွေ့ရလိမ့်မယ်"

ပိရွှေမြို့။

ရှောင်ရှီက စစ်မြေပြင်ထက်တွင် ရပ်နေကာ အရှေ့သို့ တည့်တည့် စိုက်ကြည့်နေခဲ့လေ၏။

သူ၏ အမြင်အာရုံထဲတွင် မြောက်ပိုင်းနယ်မြေမှ စစ်သည်များက သူတို့၏ အသက်ကို ပဓာနမထားဘဲ မြို့ရိုးများဆီသို့ ပြေးဝင်တိုက်ခိုက်နေကြသည်ကို မြင်နေရပေသည်။

သူ၏ နားထဲတွင်တော့ အဆက်မပြတ် ထွက်ပေါ်နေသော အော်ဟစ်သံများနှင့် ဓားလက်နက်များ ရိုက်ခတ်သံများကို ကြားနေရ၏။

သူ၏ နှာခေါင်းဝတွင်မူ လွှမ်းမိုးနေသော သွေးညှီနံ့များကို ရှူရှိုက်နေရလေသည်။

"ဟားဟားဟား... မင်းကြီး... ဒီမြို့သခင်နဲ့ မင်းကြီးရဲ့သားထဲက ဘယ်သူက အရင်ဆုံး ကျဆုံးမလဲဆိုတာ ပြိုင်ကြည့်ကြတာပေါ့။ ငါ့ရဲ့ ပိရွှေမြို့က အရင် ကျဆုံးမလား... သူ့ရဲ့ ယန်မင်တောင်ကြားတံခါးက အရင် ကျိုးပေါက်သွားမလားဆိုတာ ကြည့်ကြတာပေါ့"

မြို့ရိုးထက်မှနေ၍ ရှာဟောက်နန်က ရှောင်ရှီအား လှမ်း၍ အော်ဟစ်လိုက်လေ၏။

ရှောင်ရှီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့ပြီး အဝေးမှ ကောင်းကင်ယံကိုသာ ငေးကြည့်နေခဲ့သည်။

အဝေးမှ ကောင်းကင်ယံအောက်တွင် လူငယ်လေးတစ်ဦးက မြို့ရိုးပေါ်၌ ထိုင်နေခဲ့၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး အရေပြားများမှာလည်း မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်နေသော်ငြားလည်း...

သိန်းနဲ့ချီသော စစ်သည်များကို ရင်ဆိုင်နေရချိန်တွင် သူ၏ မျက်လုံးများထဲရှိ အကြည့်များကတော့ အထင်အမြင်သေးမှုများဖြင့်သာ ပြည့်နှက်နေလေတော့သတည်း။

All Chapters