← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇)

ယန်မင်တောင်ကြားတံခါး၏ မြို့ရိုးထက်တွင် ဧရာမကျောက်တုံးကြီးများကြောင့် ဖြစ်ပေါ်နေသော ချိုင့်ခွက်ကြီးများ၊ သွေးကွက်များနှင့် အမျိုးမျိုးသော မီးလောင်ကျွမ်းထားသည့် အရာများက ပြည့်နှက်နေလေ၏။

ရှောင်မို မြို့ကို စတင်ကာကွယ်ခဲ့သည်မှာ ငါးရက်တိတိ ကြာမြင့်ခဲ့ချေပြီ။

ဤလွန်ခဲ့သော ရက်ပိုင်းများအတွင်း ဝေ့တိုင်းပြည်စစ်တပ်က ယန်မင်တောင်ကြားတံခါးကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်မင်၏ မြို့ကာကွယ်ရေးဝင်္ကပါမှာ အတော်လေး ခိုင်ခံ့တောင့်တင်းလှပြီး ရှောင်မိုကလည်း နေ့ရောညပါ မြို့ရိုးပေါ်မှနေ၍ အနည်းငယ်မျှပင် ပေါ့လျော့ခြင်းမရှိဘဲ ခံစစ်ကို ကွပ်ကဲနေခဲ့လေ၏။

ထို့ကြောင့် ငါးရက်ကြာပြီးနောက်တွင်လည်း ဝေ့တိုင်းပြည်စစ်တပ်မှာ မည်သည့် တိုးတက်မှုမှ မရရှိခဲ့ပေ။

ဝေ့တိုင်းပြည်မှ စစ်သူကြီး ကော်ရှင်းတစ်ယောက် စတင်၍ စိုးရိမ်ပူပန်လာခဲ့ချေပြီ။

ယန်မင်တောင်ကြားတံခါးက တစ်ရက်ပို၍ တောင့်ခံနိုင်လေလေ တောင်ပိုင်းနယ်စပ်ရှိ ကျန်ရစ်နေသော မြို့တစ်ဆယ့်တစ်မြို့မှာ အနည်းငယ် ပို၍ အန္တရာယ်များလာလေလေပင် ဖြစ်၏။

ရှောင်မို၏ စစ်တပ်တွင် စစ်သုံးရိက္ခာများနှင့် အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်နေသည်ဆိုသော်ငြား ဝေ့တိုင်းပြည် တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်တစ်မြို့ကကော လုံလောက်စွာ ရရှိနေကြသည်တဲ့လား။ သူတို့သည်လည်း ယန်မင်တောင်ကြားတံခါးနည်းတူ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်သာ ဖြစ်လေသည်။

ထို့အပြင် မြို့ကို ဝိုင်းရံတိုက်ခိုက်ရသည့် အချိန်ပိုမို ကြာမြင့်လာလေလေ သူတို့၏ ကိုယ်ပိုင်စိတ်ဓာတ်ခွန်အားများ ပိုမို ပျက်စီးယိုယွင်းလာလေလေ ဖြစ်ချေသည်။

ကြီးမားသော စစ်ပွဲကြီးတစ်ပွဲတွင် စစ်တပ်၏ စိတ်ဓာတ်ခွန်အားဆိုသည်မှာ အလွန်တရာ အရေးကြီးလှ၏။ ယင်းသာမရှိခဲ့လျှင် စစ်တပ်ကြီးတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်နေသော သဲပုံကြီးတစ်ခုအလား ကွပ်ကဲရန် ခက်ခဲရုံသာမက တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်ရုံဖြင့် အလွယ်တကူ ပြိုကွဲသွားနိုင်ပေသည်။

ထို့ကြောင့် နောက်ရက်များတွင် ကော်ရှင်းက နည်းလမ်းအမျိုးမျိုးကို စမ်းသပ်အသုံးပြုခဲ့လေ၏။

သုံးရက်ဆက်တိုက် ကော်ရှင်းက နေ့ဘက်များတွင် မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညဘက်ရောက်သောအခါ ယာယီ ဆုတ်ခွာသွားခဲ့သည်။

သို့သော် စတုတ္ထမြောက်နေ့ ညသန်းခေါင်ယံအချိန်တွင်မူ ကော်ရှင်းက မြို့ကို အကြီးအကျယ် ညလုံးပေါက် ထိုးစစ်ဆင် တိုက်ခိုက်လေတော့၏။

သို့တိုင်အောင် ရှောင်မိုက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ရေတွက်မရနိုင်သော မီးတောက်မြှားများက သူတို့ဆီသို့ ပစ်ချလာခဲ့ရာ စစ်မြေပြင်တစ်ခုလုံးမှာ နေ့လယ်နေ့ခင်းအလား လင်းထိန်သွားခဲ့ချေပြီ။

ညဘက်တိုက်ခိုက်မှု ကျရှုံးသွားသောအခါ သူတို့က မြေအောက်လှိုင်ခေါင်းများကို တူးဖော်ကြပြန်သည်။

မြို့တစ်မြို့စီ၏ မြို့ကာကွယ်ရေးဝင်္ကပါများတွင် ယေဘုယျအားဖြင့် ပျံသန်းမှု တားဆီးခြင်းနှင့် ကာကွယ်ရေး လုပ်ဆောင်ချက်များ ပါရှိတတ်ပြီး ၎င်းတို့က မြေပြင်နှင့် ကောင်းကင်ယံကိုသာ လွှမ်းခြုံထားနိုင်သောကြောင့် မြေအောက်ပိုင်းကို ထိန်းချုပ်ရန် ခက်ခဲလှပေသည်။

ထို့ကြောင့် မြေအောက်လှိုင်ခေါင်းများ တူးဖော်ခြင်းက တကယ်ကို သင့်တော်လှသော နည်းလမ်းတစ်ခု ဖြစ်၏။

သို့သော် သူတို့ တူးဖော်လိုက်သော လှိုင်ခေါင်းတိုင်းကို မြောက်ပိုင်းတပ်မတော်က ရှာဖွေတွေ့ရှိသွားရုံသာမက ရှောင်မိုက ၎င်းကို သူ၏ အားသာချက်အဖြစ်ပင် အသုံးချခဲ့သေးသည်။ သူက ဝေ့တိုင်းပြည်စစ်သည်အချို့ လှိုင်ခေါင်းထဲမှ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေပြီးနောက် သူတို့ကို တိုက်ရိုက်ပင် ရှင်းလင်းသတ်ဖြတ်ပစ်လိုက်လေ၏။

ထို့အပြင် ယန်မင်တောင်ကြားတံခါးအတွင်း၌ အဆိပ်ပြင်းလှသော သားရဲဆိုးတစ်မျိုး ရှိနေပြီး ၎င်း၏အမည်မှာ ဧရာမ လူသတ်ပျား ဟုခေါ်ဆိုပေသည်။

အမည်နှင့်လိုက်ဖက်စွာပင် ဤသားရဲဆိုးမှာ ပထမအချက်အနေဖြင့် ဧရာမကိုယ်လုံးကိုယ်ထည်ရှိပြီး သာမန် ပျားတစ်ကောင်ထက် လေးဆခန့် ပိုမိုကြီးမားလေ၏။ ဒုတိယအချက်အနေဖြင့် ၎င်း၏ အဆိပ်က လူများကို သေဆုံးစေနိုင်ပေသည်။

ဤဧရာမ လူသတ်ပျားများကို စားသုံး၍ မရနိုင်သော်ငြား ယခုအခါတွင် အသုံးဝင်လာခဲ့ချေပြီ။

ရှောင်မိုက ဤပျားအုံများကို မြေအောက်လှိုင်ခေါင်းများထဲသို့ တိုက်ရိုက် ပစ်ချလိုက်ရာ ဝေ့တိုင်းပြည် စစ်သည်များမှာ အဆက်မပြတ် အော်ဟစ်ငိုယိုနေကြရလေတော့သည်။

နောက်ဆုံးတွင် လုံလောက်ပြီဟု ရှောင်မို ခံစားလိုက်ရသဖြင့် လှိုင်ခေါင်းများကို ပိတ်ဆို့ရန် လူများကို အမိန့်ပေးလိုက်လေ၏။

မြို့ကို ကာကွယ်နေသည့် ဆယ်ရက်မြောက်နေ့ ညတွင်။

ဝေ့တိုင်းပြည်၏ စစ်စခန်းကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပုံမှန်ကင်းလှည့်နေသော စစ်သည်များသာ ရှိနေခဲ့သည်။

စစ်တဲအတွင်း၌မူ ရက်အတော်ကြာ ကောင်းကောင်း အိပ်မပျော်ခဲ့ရသော ကော်ရှင်းက မြို့ကို ဝိုင်းရံတိုက်ခိုက်ရသည့် ကိစ္စအတွက် ခေါင်းခဲနေဆဲ ဖြစ်လေ၏။

သို့သော် ထိုအခိုက်အတန့်မှာပင် စစ်တဲအပြင်ဘက်မှ ဆူညံသံမျိုးစုံ၊ ဓားလက်နက်သံများနှင့် မြင်းခွာသံများ ပဲ့တင်ထပ်လာခဲ့ပေသည်။

"ညဘက် တိုက်ခိုက်မှုဟေ့"

"မြောက်ပိုင်းတပ်မတော်က ညဘက် လာတိုက်နေပြီ"

"မြောက်ပိုင်းတပ်မတော် တိုက်ခိုက်လာပြီ"

စစ်စခန်းအတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကော်ရှင်းကလည်း သူ၏ စစ်တဲအတွင်းမှ အလျင်အမြန် ထွက်လာခဲ့လေသည်။

ဝေ့တိုင်းပြည် စစ်သည်များက သူတို့၏ သံချပ်ကာများကို အလျင်အမြန် ဝတ်ဆင်ကာ လက်နက်များကို ကောက်ယူ၍ ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။

မလှမ်းမကမ်း လရောင်အောက်တွင်တော့ ရှောင်မိုက နှင်းနင်းနဂါးမြင်းသည်တော် သုံးထောင်ကို ဦးဆောင်ကာ စစ်စခန်းအတွင်းသို့ တဟုန်ထိုး ပြေးဝင်လာနေသည်ကို မြင်လိုက်ရပေသည်။

"ရှောင်မိုက ဒီလိုလုပ်ရဲတယ်ပေါ့လေ"

ကော်ရှင်း၏ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားခဲ့၏။

သူက မြို့ကို ညဘက် မတိုက်ခိုက်ခဲ့သောကြောင့် ရှောင်မိုက သူ၏စစ်တပ်ကို အနားယူရန် ဦးဆောင်ရမည်မဟုတ်လော။ သူက မြင်းသည်တော်တပ်ကို ဦးဆောင်ပြီး ညဘက် ဝင်ရောက်တိုက်ခိုက်ဖို့ အမှန်တကယ် စွန့်စားရဲခဲ့သည်တဲ့လား။

"ကျစ်"

ကော်ရှင်းက စစ်စခန်း၏ နောက်တန်းဆီသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်နေသော ရှောင်မိုကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ရှောင်မို ဘာလုပ်တော့မည်ကို ချက်ချင်းပင် နားလည်သွားခဲ့လေတော့သည်။

"ရှောင်မိုကို တားထားစမ်း။ သူ့ကို ရှေ့ဆက်မသွားစေနဲ့" ကော်ရှင်းက ဟိန်းဟောက်လိုက်၏။

သို့သော် မကြာမီမှာပင် ရှောင်မိုက နှင်းနင်းနဂါးမြင်းသည်တော်များကို ဝေ့တိုင်းပြည် စစ်စခန်း၏ နောက်တန်းဆီသို့ ဦးဆောင်သွားနိုင်ခဲ့ပြီး မြို့ကိုတိုက်ခိုက်ရာတွင် အသုံးပြုသော အမျိုးမျိုးသော စက်ယန္တရားများကို ရှာဖွေတွေ့ရှိကာ သူမြင်သမျှ ပစ္စည်းကိရိယာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

အချိန်မီ မဖျက်ဆီးနိုင်ခဲ့သော အချို့အရာများကို မီးရှို့ပစ်လိုက်၏။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ရှောင်မိုက ဝေ့တိုင်းပြည်စစ်တပ်၏ ရိက္ခာကျီကိုပါ ရှာဖွေတွေ့ရှိသွားခဲ့ပေသည်။

နှင်းနင်းနဂါးမြင်းသည်တော် သုံးထောင်က သိုလှောင်အိတ် နှစ်ရာကို သယ်ဆောင်လာခဲ့ကြသည်။

ရှောင်မိုက သိုလှောင်အိတ်များ အားလုံးအတွင်းသို့ ရိက္ခာများ ဖြည့်ထည့်ရန် အမိန့်ပေးလိုက်လေ၏။

သိုလှောင်အိတ်များကဲ့သို့သော ဟင်းလင်းပြင် မှော်ရတနာများမှာ ထုတ်လုပ်ရန် စရိတ်စကကြီးမားလှသောကြောင့် စစ်တပ်ကြီးတစ်ခုလုံးတွင်ပင် အများအပြား မရှိလှချေ။ ရှောင်မို၏ ခွဲထွက်တပ်ဖွဲ့မှာ ဆိုလျှင် ထည့်ပြောနေစရာပင် မလိုတော့ပေ။

ထို့ကြောင့် ဤသိုလှောင်အိတ် နှစ်ရာမှာ ရှောင်မို လက်ရှိ ပိုင်ဆိုင်သမျှ အားလုံးပင် ဖြစ်၏။ မာထျောင်မြို့ကို သိမ်းပိုက်ပြီးနောက် ၎င်းတို့ကို သူ လုယက်ရယူခဲ့သကဲ့သို့ ရှောင်ရှီထံမှလည်း အထူးတလည် တောင်းခံထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သိုလှောင်အိတ်များ၏ အဆင့်မှာလည်း မမြင့်မားလှချေ။ အများစုမှာ အခန်းငယ်လေးတစ်ခန်းစာထက် မပိုသော ပမာဏသာရှိပြီး အကြီးဆုံး သိုလှောင်အိတ်မှာ အလျား၊ အနံ၊ အမြင့် ကိုးကိုက်ခန့်သာ ရှိလေသည်။

သို့သော်လည်း ဘာမှမရှိခြင်းထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလား။

သူတို့က တတ်နိုင်သလောက် ရိက္ခာများကို အပြည့်အမောက် သယ်ဆောင်သွားကြမည် ဖြစ်၏။

ဝေ့တိုင်းပြည်စစ်တပ်၏ ရိက္ခာကျီများမှာ နေရာအနှံ့အပြားတွင် ဖြန့်ကျက်ထားသော်ငြား ရှောင်မို မီးရှို့ဖျက်ဆီးလိုက်သော ကျီများက ဝေ့တိုင်းပြည်အပေါ် ကြီးမားသော ထိခိုက်မှုတော့ မဖြစ်စေခဲ့ပေ။ ဝေ့တိုင်းပြည်၏ အဆက်မပြတ် ထောက်ပံ့ရေးလမ်းကြောင်းများ ရှိနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သို့သော် အနည်းဆုံးတော့ သူတို့ကို အရှက်ရစေနိုင်ပြီး စိတ်ဓာတ်ခွန်အားကို ထိခိုက်စေကာ ပြဿနာများ ဖန်တီးပေးနိုင်သေးသည်သာ ဖြစ်လေသည်။

သိုလှောင်အိတ်များအတွင်းသို့ လျင်မြန်စွာ ဖြည့်ထည့်ပြီးနောက် ကျန်ရှိနေသော ကျီများကို မီးရှို့ပစ်ရန် ရှောင်မိုက အမိန့်ပေးလိုက်ပြီး သံချပ်ကာမြင်းသည်တော် သုံးထောင်ကို ဦးဆောင်ကာ ဝေ့တိုင်းပြည် စစ်စခန်းအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့လေ၏။

"ရှောင်မို... မင်းက ထွက်သွားချင်သေးတာလား"

ကော်ရှင်းက သူ၏ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ ရှောင်မိုနောက်သို့ လိုက်လံ ဖမ်းဆီးလေတော့သည်။

သို့သော် ရှောင်မို ဦးဆောင်သော နှင်းနင်းနဂါးမြင်းသည်တော် သုံးထောင်မှာ အထက်တန်းလွှာများထဲမှ အထက်တန်းလွှာများ ဖြစ်ကြပြီး မထွက်ခွာမီကလည်း သူတို့၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်သားရဲ၏ သွေးနှင့် အသားများကို အထူးတလည် စားသောက်ထားခဲ့ကြသည်။ သူတို့၏ မြင်းများကိုလည်း ကောင်းစွာ ကျွေးမွေး၍ အနားပေးထားခဲ့ရာ ဝေ့တိုင်းပြည်စစ်တပ် အနေဖြင့် အမီလိုက်ရန် ခက်ခဲလှပေသည်။

ကော်ရှင်းက ရှောင်မိုတို့အဖွဲ့ အဝေးသို့ ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေနိုင်စဉ်မှာပင် ရှောင်မိုက မြင်းသည်တော် ငါးရာကို ရုတ်တရက် ပြန်လှည့်ဦးဆောင်လာပြီး တစ်ခဏမျှ ဝင်ရောက်တိုက်ခိုက်ကာ နောက်တစ်ကြိမ် ပြန်လည် ထွက်ပြေးသွားပြန်လေ၏။

ကော်ရှင်းက မြို့ရိုးအောက်အထိ လိုက်လံ ဖမ်းဆီးသောအခါ တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးများကိုသာ တွေ့မြင်ရတော့သည်။

"ရှောင်မို... မင်းလို ကောင်မျိုးကို ငါ သတ်ပစ်မယ်"

ကော်ရှင်းက မြို့အောက်မှနေ၍ ဟိန်းဟောက်လိုက်ရာ သူ၏ အသံက တောရိုင်းနယ်မြေတစ်လျှောက် ပဲ့တင်ထပ်သွားလေတော့၏။

မြို့ထဲသို့ ပြန်ရောက်ပြီးနောက် ရှောင်မိုက သူ ပြန်လည်သယ်ဆောင်လာသော ရိက္ခာများ၊ သားရဲဆိုးနှင့် ဝိညာဉ်သားရဲ၏ သွေးနှင့် အသားများကို စာရင်းပြန်ချုပ်လိုက်လေသည်။

မြို့တစ်ခုလုံးအတွက် ဤအရာများကို သေချာစွာ ချွေတာသုံးစွဲလျှင်ပင် အချိန်အကြာကြီး ခံမည်မဟုတ်ဘဲ အများဆုံး နောက်ထပ် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့်သာ ပိုခံမည်ဖြစ်သည်။ ထို့အပြင် ဤသို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နောက်တစ်ကြိမ် လုပ်ဆောင်ရန် ခက်ခဲသွားပေလိမ့်မည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ တစ်ရက်၊ နှစ်ရက် ဆိုသည်ကလည်း အချိန်တစ်ခုပင် ဖြစ်သည်မဟုတ်ပါလား။

နောက်တစ်နေ့တွင် ဝေ့တိုင်းပြည်စစ်တပ်က မြို့ကို အရူးအမူး ဝင်ရောက်တိုက်ခိုက်လေတော့၏။

မြောက်ပိုင်းတပ်မတော်ကတော့ ကြံ့ကြံ့ခံ ကာကွယ်နေဆဲပင် ဖြစ်သည်။

မသိမသာဖြင့်ပင် ရှောင်မို မြို့ကို ကာကွယ်နေခဲ့သည်မှာ တစ်ဆယ့်သုံးရက်တိတိ ကြာမြင့်သွားခဲ့ချေပြီ။

မူလက နှင်းနင်းနဂါးမြင်းသည်တော် ကိုးထောင်နှင့် လက်နက်ချ စစ်သည်များ အပါအဝင် ခြေလျင်တပ်သား စုစုပေါင်း ငါးသောင်းရှိသော မြောက်ပိုင်းတပ်မတော်မှာ ယခုအခါ နှင်းနင်းနဂါးမြင်းသည်တော် ခုနစ်ထောင်နှင့် ခြေလျင်တပ်သား သုံးသောင်းသာ ကျန်ရှိတော့လေ၏။

ထို့အပြင် ချီကို ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်သားရဲ၏ သွေးနှင့် အသားများ ပြတ်လပ်နေမှုနှင့် ရန်သူ၏ နေ့ရောညပါ တိုက်ခိုက်မှုများကြောင့် မြောက်ပိုင်းတပ်မတော်မှ စစ်သည်များအားလုံးမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ကြပေသည်။

သို့တိုင်အောင် သူတို့၏ မျက်လုံးများထဲတွင် ရှောင်မိုက ခိုင်မာပြတ်သားသည့် အလင်းရောင်များကိုသာ မြင်တွေ့နေရဆဲ ဖြစ်ချေသည်။

"အစ်ကိုမို... ကျေးဇူးပြုပြီး နည်းနည်းလောက်တော့ အိပ်လိုက်ပါဦး။ အစ်ကို ဆယ့်သုံးရက် ဆက်တိုက် မျက်စိတောင် မမှိတ်ရသေးဘူးလေ" ရှောင်ကွေ့က စိုးရိမ်ပူပန်စွာဖြင့် ရှောင်မိုကို ပြောလိုက်၏။

အစ်ကိုမိုက ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား နေ့စဉ်ရက်ဆက် အပြင်းအထန် တိုက်ပွဲဝင်နေရသဖြင့် သူ၏ ဝိညာဉ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို အကြီးအကျယ် ကုန်ဆုံးစေခဲ့လေသည်။

မျက်လုံးမှိတ်ကာ တရားထိုင်ခြင်းဖြင့် အစ်ကိုမိုက အနည်းငယ် ပြန်လည်နာလန်ထူနိုင်မည် ဆိုသော်လည်း ၎င်းက မည်သို့လုပ် လုံလောက်နိုင်မည်နည်း။

သာမန်လူဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ အိပ်စက်ခြင်းကသာလျှင် ဝိညာဉ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်နေဆဲပင်တည်း။

"ရပါတယ်။ ငါ မပင်ပန်းသေးပါဘူး" ရှောင်မိုက ခေါင်းယမ်းလိုက်၏။ "တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်နှစ်မြို့ဆီက သတင်းတစ်ခုခုများ ရသေးလား"

"ဘာသတင်းမှ မရသေးဘူးဗျ"

ရှောင်ကွေ့က ခေါင်းယမ်းလိုက်လေသည်။

"တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်နှစ်မြို့ထဲမှာ မာထျောင်မြို့က ငါတို့လက်ထဲမှာ ရှိနေတုန်းပဲ။ အဲ့ဒါကို လက်လွှတ်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျန်တဲ့ တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်တစ်မြို့ကလည်း မာထျောင်မြို့ကို ဝိုင်းရံထားကြတယ်။

ရှာဟောက်နန်က ယန်မင်တောင်ကြားတံခါးဆီ လာတဲ့လမ်းကို အကုန်ပေးဆပ်ပြီး ပိတ်ဆို့ထားတယ်။ လမ်းတစ်လျှောက်မှာ ပျံသန်းမှု တားဆီးတဲ့ နည်းလမ်းတွေကိုတောင် သွေးချီစစ်ရေးဝင်္ကပါတွေနဲ့ ချထားသေးတယ်။ ငါတို့က တကယ့်ကို အထီးကျန်ကျွန်းလေး ဖြစ်နေပြီ"

"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။

ရှောင်မိုက စစ်တပ်အတွင်းရှိ စစ်သူကြီးအသီးသီးထံမှ ပေးပို့လာသော စာရွက်စာတမ်းများကို ဆက်လက်ဖတ်ရှုရန် ပြင်လိုက်စဉ်မှာပင် လီကျင်းက မြို့သခင်အိမ်တော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့လေသည်။

"စစ်သူကြီး... ရှာဟောက်နန်က သံတမန်တစ်ယောက် လွှတ်လိုက်ပါတယ်" လီကျင်းက ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

"ရှာဟောက်နန်ရဲ့ သံတမန်" ရှောင်မို အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်လေသည်။ "စစ်သူကြီးတွေ အားလုံးကို မြို့သခင်အိမ်တော်ရဲ့ ပင်မခန်းမဆောင်ကို ခေါ်လိုက်။ သံတမန်ကို အတူတကွ ကြိုဆိုကြတာပေါ့"

"ဟုတ်ကဲ့ပါ" လီကျင်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြန်ထွက်သွားလေတော့သတည်း။

အခန်း (၃၇၈)

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့်အကြာတွင် ရှောင်မိုသည် မြို့သခင်အိမ်တော်၏ ပင်မခုံနေရာ၌ မြင့်မားစွာ ထိုင်နေပြီး မြောက်ပိုင်းတပ်မတော်မှ စစ်သူကြီးအသီးသီးက တစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်နေကြလေ၏။

ပိရွှေမြို့မှ သံတမန်သည် အခြွေအရံများနှင့်အတူ ရှောင်မို၏အရှေ့သို့ လျှောက်လှမ်းလာပြီး အရိုအသေပေးလိုက်သည်။ "ကျွန်တော်က ယန်ကျူပါ။ စစ်သူကြီးရှောင်ကို ဂါရဝပြုပါတယ်"

"စစ်သူကြီးရှာဟောက်က ဘာတွေများ မှာလိုက်သလဲဆိုတာ သိပါရစေ။ ငါ့ဆီကို ဂါဝန်တစ်ထည်များ ပို့လိုက်ပြန်တာလား" ရှောင်မိုက ပြုံးလျက် ဆိုလိုက်၏။ "ဘယ်လိုအရောင်မျိုးနဲ့ ဘာပိတ်စအမျိုးအစားလဲဆိုတာ ပြစမ်းပါဦး"

"စစ်သူကြီးရှောင်က နောက်နေတာပဲ" ယန်ကျူက ခါးကိုမတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ကျွန်တော့်ရဲ့စစ်သူကြီးက စာတစ်စောင် ပေးခိုင်းလိုက်လို့ပါ"

ပြောပြောဆိုဆိုဖြင့် ယန်ကျူက သူ၏လက်စွပ်အတွင်းမှ စာတစ်စောင်ကို ထုတ်ယူလိုက်ပေသည်။

ရှောင်မိုက ရှောင်ကွေ့ကို လှမ်းကြည့်လိုက်၏။ "ရှောင်ကွေ့... စစ်သူကြီးရှာဟောက်ရဲ့စာကို စစ်သူကြီးတွေကြားအောင် ဖတ်ပြလိုက်စမ်း"

"ဟုတ်ကဲ့ပါ" ရှောင်ကွေ့က ရှေ့သို့ထွက်လာကာ စာကိုယူပြီး စတင်ဖတ်ပြလေတော့သည်။

"စစ်သူကြီးရှောင်ဟာ ရဲစွမ်းသတ္တိမှာ ပြိုင်ဘက်ကင်းပြီး ဉာဏ်ပညာမှာလည်း ထူးခြားပြောင်မြောက်လှပါတယ်။ စစ်ရေးဗျူဟာမှာပဲဖြစ်ဖြစ်၊ သိုင်းတာအို ကျင့်ကြံခြင်း ပါရမီမှာပဲဖြစ်ဖြစ် ဒီလောကမှာ တကယ်ကို ရှားပါးလှတဲ့သူတစ်ယောက်ပါ။

အခုအခါ စစ်သူကြီးရှောင်ဟာ ယန်မင်တောင်ကြားတံခါးမှာ ပိတ်မိနေပြီး ပြည်တွင်းပြည်ပ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ကျုပ်နန်က အထူးပဲ ကိုယ်ချင်းစာမိပါတယ်။

ဒါပေမဲ့ စစ်သူကြီးရှောင်အနေနဲ့ ငါတို့ဝေ့တိုင်းပြည်ကို ရက်သုံးဆယ်ကြာတဲ့အထိ တောင့်ခံနိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။

ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပါရမီရှင်တစ်ယောက် ကျဆုံးသွားရမှာကို စိုးရိမ်မိပြီး တကယ်ကို နှမြောစရာကောင်းလှပါတယ်။

ကျုပ်နန်က စစ်သူကြီးရှောင်ရဲ့ ပါရမီကို တန်ဖိုးထားပါတယ်။

တကယ်လို့ စစ်သူကြီးကသာ ငါတို့ဝေ့တိုင်းပြည်ကို အညံ့ခံမယ်ဆိုရင် ဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ရုံသာမက ချီးမြှင့်ခံရမယ့် မင်းသားဘွဲ့ဟာလည်း ချင်တိုင်းပြည်က ပေးထားတဲ့ ဆီးနှင်းမင်းသား ဆိုတဲ့ အနှစ်သာရမရှိတဲ့ ဘွဲ့ထက် သေချာပေါက် ပိုမြင့်မားပါလိမ့်မယ်။ ငါတို့ဝေ့တိုင်းပြည်ရဲ့ အရှင်သခင်က ဝေ့တိုင်းပြည်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ပြသတဲ့အနေနဲ့ စစ်သူကြီးရှောင်နဲ့ မင်းသမီးတစ်ပါးကိုတောင် လက်ဆက်ပေးနိုင်ပါတယ်။

ငါတို့ဝေ့တိုင်းပြည်က ချင်တိုင်းပြည်ကို တန်ပြန်တိုက်ခိုက်ပြီးတဲ့နောက် စစ်သူကြီး သိမ်းပိုက်ရရှိသမျှ နယ်မြေတွေအားလုံးဟာ စစ်သူကြီးရှောင်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာပါလိမ့်မယ်"

ရှောင်ကွေ့ ဖတ်ပြပြီးသွားသောအခါ စစ်သူကြီးများအားလုံးက ရှောင်မိုကို လှမ်းကြည့်လိုက်ကြလေ၏။

ရှောင်မိုက တဟဲဟဲ ရယ်မောလိုက်သည်။ "စစ်သူကြီးရှာဟောက် ပေးလာတဲ့ ကမ်းလှမ်းချက်တွေက တကယ်ကို ရက်ရောလွန်းလှပါတယ်။ ဒါပေမဲ့ ဝေ့တိုင်းပြည်က မင်းသမီးဟာ ငါတို့ချင်တိုင်းပြည်က မင်းသမီးလောက် မလှတာမို့ အညံ့ခံဖို့ကိစ္စကိုတော့ မေ့ထားလိုက်ပါလို့ စစ်သူကြီးရှာဟောက်ကို ကျေးဇူးပြုပြီး သွားပြောပေးပါ။

ဒါပေမဲ့ စစ်သူကြီးရှာဟောက်သာ ငါတို့ချင်တိုင်းပြည်ဆီ အခု ဝင်ရောက်ခိုလှုံမယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။ အဲ့ဒီလိုမှမဟုတ်ရင် ပိရွှေမြို့ ကျဆုံးသွားတဲ့အချိန်ကျမှ နောင်တရနေလို့ အသုံးဝင်တော့မှာ မဟုတ်ဘူး"

"ဒီလိုမှတော့လည်း စစ်သူကြီးရှောင် ဂရုစိုက်ပါဦး" ယန်ကျူက သက်ပြင်းချလိုက်လေ၏။

ရှောင်မိုက ပြုံးလိုက်သည်။ "မင်းတို့ စစ်သူကြီးရှာဟောက်ကိုလည်း သေချာဂရုစိုက်ခိုင်းလိုက်ပါဦး"

"ဒါပေမဲ့..." ယန်ကျူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။ "နောက်ထပ် ရက်အနည်းငယ်ကြာရင် စစ်သူကြီးရှောင် စိတ်ပြောင်းသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဟီးဟီးဟီး... အဲ့ဒီအချိန်ကျရင် သိရမှာပေါ့" ရှောင်မိုက တစ်ဖက်လူကို ကြည့်လိုက်သည်။ "သံတမန်မင်းယန်မှာ တခြားကိစ္စတွေများ ရှိသေးလား။ မြို့ထဲမှာ ရိက္ခာတွေ ပြတ်လပ်နေလို့ ထမင်းစားဖို့တော့ မဖိတ်ခေါ်နိုင်တော့ဘူး"

"စစ်သူကြီးလျန်က စစ်သူကြီးရှောင်ရဲ့ လက်ထဲမှာ ရှိနေသေးတယ်လို့ ကြားပါတယ်" ယန်ကျူက မေးလိုက်၏။

"မှန်တာပေါ့" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီးလျန်က စစ်သူကြီးရှာဟောက်ရဲ့ တူမတော်စပ်ပါတယ်။ စစ်သူကြီးရှာဟောက်က စစ်သူကြီးလျန် အကြိုက်ဆုံး မက်မွန်ပန်းသေရည်နဲ့ ဟင်းလျာတချို့ကို ယူလာခိုင်းလို့ပါ။ ဖြစ်နိုင်မယ်ဆိုရင် စစ်သူကြီးရှောင်အနေနဲ့ အဆင်ပြေအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ယန်ကျူက ဆိုလိုက်လေသည်။

"စစ်သူကြီးလျန်က ငါတို့မြောက်ပိုင်းနယ်မြေရဲ့ သုံ့ပန်းတစ်ယောက်ဖြစ်နေပြီး စစ်သူကြီးရှာဟောက်ကလည်း အိုးထဲကလိပ်တစ်ကောင်လို ဖြစ်နေတာတောင် တူမဆီ အစားအသောက်တွေ ပို့ပေးဖို့ တွေးနေသေးတာပဲ။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလှပါလား" ရှောင်မိုက ပြုံးလျက် ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် စစ်သူကြီးလျန်က ဦးလေးဖြစ်သူရဲ့ ဖိအားတွေကို လျှော့ချပေးဖို့ တိုက်ပွဲဝင်ခဲ့တာလေ။ ကျွန်တော့်ရဲ့ စစ်သူကြီးအနေနဲ့ သဘာဝကျကျပဲ အပြစ်ရှိသလို ခံစားနေရတာမို့ တတ်နိုင်သလောက် ပြန်လည်ပေးဆပ်ချင်နေတာပါ" ယန်ကျူက ရှောင်မို၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။

"သေရည်နဲ့ ဟင်းလျာတွေကို ထားခဲ့လိုက်" ရှောင်မိုက သူနှင့် များများစားစား ဆက်မပြောလိုတော့သဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။ "အစောင့်တွေ... ဧည့်သည်ကို လိုက်ပို့ပေးလိုက်ကြစမ်း"

"ကျေးဇူးတင်ပါတယ် စစ်သူကြီးရှောင်။ ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး"

ယန်ကျူက အရိုအသေပေးကာ လှည့်ထွက်သွားလေတော့သည်။

"အဟွတ် အဟွတ် အဟွတ်"

ယန်ကျူ ထွက်ခွာသွားပြီးနောက် ရှောင်မိုက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး ပါးစပ်ကို လက်ဖြင့် သုတ်လိုက်ရာ သူ၏လက်တွင် သွေးများ ပေကျံသွားခဲ့ချေပြီ။

"စစ်သူကြီး"

လီကျင်းနှင့် အခြားသူများက စိုးရိမ်ပူပန်စွာဖြင့် ခေါ်လိုက်ကြ၏။

"ကိစ္စမရှိပါဘူး" ရှောင်မိုက ခေါင်းယမ်းလိုက်လေသည်။ "အားလုံးပဲ မြို့ရိုးဆီ ပြန်သွားကြတော့။ ကျောက်ကွမ်း... မြို့ထဲမှာ စစ်သည်တွေ သွားစုဆောင်းချေ။ တတ်နိုင်သလောက် များများစုဆောင်းခဲ့။ အားလုံးက မိမိသဘောဆန္ဒအရပဲ ဖြစ်ရမယ်။ အတင်းအဓမ္မ စစ်သားမစုနဲ့။ အတင်းအကျပ် စုဆောင်းထားတဲ့ စစ်သည်တွေက အားကိုးလို့ မရဘူး"

"ဟုတ်ကဲ့ပါ စစ်သူကြီး" ကျောက်ကွမ်းက အရိုအသေပေးလိုက်ပြီး ရှောင်မို၏ အမိန့်ကို အကောင်အထည်ဖော်ရန် အလျင်အမြန် ထွက်ခွာသွားလေသည်။

ရှောင်မိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ထမင်းချိုင့်နှင့် သေရည်များကို သယ်ဆောင်ကာ မြို့သခင်အိမ်တော်၏ ပင်မခန်းမဆောင်ထဲမှ ထွက်လာခဲ့ပြီး မြေအောက်အကျဉ်းထောင်ဆီသို့ ဦးတည်သွားလေ၏။

"စစ်သူကြီး"

မြေအောက်အကျဉ်းထောင်ကို စောင့်ကြပ်နေသော စစ်သည်များက ရှောင်မိုကို မြင်သောအခါ လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။

"အင်း"

ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပြီး ဆက်လျှောက်သွားလေ၏။

မှောင်မိုက်တိတ်ဆိတ်နေသော မြေအောက်အကျဉ်းထောင်အတွင်း၌ ရှောင်မို၏ ခြေသံများက ကျောက်နံရံများကြားတွင် ပဲ့တင်ထပ်နေပေသည်။

ဤနေရာမှာ ယန်မင်တောင်ကြားတံခါး၏ သေဒဏ်ပေးခံရမည့် အကျဉ်းသားများထားရှိရာ အဆောင်ဖြစ်သော်ငြားလည်း ယခုအခါတွင် တစ်ယောက်တည်းကိုသာ အကျဉ်းချထားပြီး သူမက အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့၏။

လျန်လီသည် အကျဉ်းခန်းအတွင်း၌ တရားထိုင်နေခဲ့သည်။ လှုပ်ရှားမှုအသံကို ကြားသောအခါ သူမက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်လေ၏။

ရှောင်မိုဖြစ်နေကြောင်း သူမ မြင်လိုက်ရသောအခါ သူမ၏ ဓားပမာ ထက်မြက်သော မျက်လုံးများက စူးရှသောအလင်းရောင်များဖြင့် တောက်ပသွားပြီး ရှောင်မိုအား လှံဖြင့် အကြိမ်ပေါင်းများစွာ ထိုးဖောက်ချင်နေသည့်အလား ကြည့်လိုက်လေသည်။

"ငါက ရုပ်ချောမှန်း ငါသိပါတယ်။ ဒါပေမဲ့ အဲ့ဒီလောက်ကြီး စိုက်ကြည့်နေစရာ မလိုပါဘူး"

ရှောင်မိုက လှောင်ချိုင့်ရှေ့တွင် ထိုင်ချလိုက်ပြီး ထမင်းချိုင့်ကို ဖွင့်ကာ ဟင်းလျာများကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းတို့မှာ ဘေးကင်းလုံခြုံမှုရှိကြောင်း သေချာစေရန် ဂရုတစိုက် စစ်ဆေးပြီးနောက် လှောင်ချိုင့်၏ သံတိုင်ကွက်များကြားမှ တစ်ခုချင်းစီ ချထားပေးလိုက်ပြီး သူမအတွက် သေရည်တစ်ခွက်ကိုပါ ငှဲ့ပေးလိုက်လေ၏။

"မင်း ဘာလုပ်နေတာလဲ" လျန်လီက မေးလိုက်သည်။

"မင်း မြင်တဲ့အတိုင်းပဲလေ... အစားအသောက်တွေ ယူလာပေးတာ" ရှောင်မိုက သူ၏ အင်္ကျီလက်စွပ်များကို ပြင်ဆင်လိုက်လေ၏။ "ဒါတွေအားလုံးက မင်းရဲ့ဦးလေးက သူ့ရဲ့သံတမန်ကတစ်ဆင့် ပေးလိုက်တာတွေချည်းပဲ။ ဒီထမင်းချိုင့်မှာ မှော်ဝင်္ကပါတစ်ခု ထွင်းထုထားလို့ အစားအသောက်တွေက နွေးနေတုန်းပဲ"

ပြောပြောဆိုဆိုဖြင့် ရှောင်မိုက သံတိုင်ကွက်ကြားမှတစ်ဆင့် တူတစ်စုံကို လှမ်းပေးလိုက်လေသည်။

လျန်လီက ထမင်းချိုင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်မိုကို လှမ်းကြည့်လိုက်သော်လည်း တူကို ယူမသွားခဲ့ပေ။

ရှောင်မိုက သူမကို လျစ်လျူရှုလိုက်ပြီး ပန်းကန်လုံးအစွန်းတွင် တူကို တင်ထားပေးလိုက်၏။

"ငါ့ဦးလေးက မင်းကို ဘာတွေပြောလိုက်သေးလဲ" လျန်လီက ထပ်မေးလိုက်လေသည်။

"သူက ဘာပြောရမှာလဲ။ ငါ့ကို လက်နက်ချဖို့ တိုက်တွန်းတာပေါ့။ ငါသာ အခု လက်နက်ချမယ်ဆိုရင် မြို့စားဘွဲ့တွေ၊ နန်းရင်းဝန်ရာထူးတွေ ပေးမယ့်အပြင် ဝေ့တိုင်းပြည်ရဲ့ မင်းသမီးနဲ့တောင် ပေးစားမယ်တဲ့လေ"

"ဒါဆို ရှင်က လက်နက်ချမှာလား"

"မင်း ဘယ်လိုထင်လဲ"

"..."

လျန်လီက ခေါင်းယမ်းလိုက်လေ၏။ "ရှောင်မို... ရှင်က အရှက်မရှိပေမဲ့ ရှင့်ရဲ့ သိုင်းတာအို ပါရမီနဲ့ စစ်ရေးဗျူဟာက ဒီလောကမှာ ထိပ်တန်းအဆင့်တွေချည်းပဲ။ ရှင်က ဒီလောက် ငယ်ရွယ်နေသေးတာကို ထည့်မပြောနဲ့ဦး... ရှင့်လိုလူမျိုးက ဒီနေရာမှာ မသေသင့်ဘူး"

"ဒါဆို မင်းအထင်အရ ဒီမှာ ဘယ်သူက သေသင့်တာလဲ" ရှောင်မိုက သူမ၏ မျက်လုံးများထဲသို့ တည့်တည့်စိုက်ကြည့်လိုက်ပေသည်။ "နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့လား။ ဒါမှမဟုတ် မြို့ထဲက သာမန်ပြည်သူတွေလား"

လျန်လီ - "..."

"လျန်လီ... ဘယ်သူမှ မသေနိုင်တာ မဟုတ်ဘူး။ ပြီးတော့ သေလို့မရတဲ့လူဆိုတာလည်း မရှိဘူး" ရှောင်မိုက သူ၏ ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ လျန်လီထံသို့ ပစ်ပေးလိုက်လေ၏။

"ဒါက ဘာလဲ" လျန်လီက ထပ်မေးလိုက်သည်။

"ငါသေသွားပြီးတဲ့နောက် ဒီစာကိုယူပြီး ဆရာဟွမ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်ကို သွားရှာလိုက်ပါ။ ပြီးရင် သူ့ကို ဒီလိုပြောလိုက်... ရှောင်မိုက ကျွန်မရဲ့ ပါရမီကောင်းတယ်လို့ ပြောပါတယ်။ ပြီးတော့ လှံသိုင်းသင်ဖို့ ဆရာ့ကို သွားရှာခိုင်းလိုက်တယ်။ ဆရာ့ရဲ့ တပည့် သေဆုံးသွားပေမဲ့ သူက ဆရာ့အတွက် တပည့်တစ်ယောက်ကို ပြန်ပေးခဲ့တယ်လို့ ပြောလိုက်ပါ"

"ဆရာဟွမ်... အဲ့ဒီ လှံမသေမျိုးလား" လျန်လီက အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။

"ဖြစ်နိုင်တာပေါ့"

ရှောင်မိုက ဆက်လက်တုံ့ပြန်မနေတော့ဘဲ မတ်တတ်ရပ်ကာ တင်ပါးကို ပုတ်လိုက်ပြီး မြေအောက်အကျဉ်းထောင်ထဲမှ ထွက်ခွာသွားလေတော့သည်။

ရှောင်မို၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လျန်လီက မျက်မှောင်အထပ်ထပ် ကြုတ်လိုက်ကာ သူမ၏ အင်္ကျီစွန်းကို တင်းတင်းဆုပ်ထားလေ၏။ ရှောင်မိုက ပိုပိုဝေးကွာသွားသောအခါ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်ပေသည်။ "ရှောင်မို... လက်နက်ချလိုက်တော့။ အခု လက်နက်ချမယ်ဆိုရင်တောင် အချိန်မနှောင်းသေးဘူး"

"လက်နက်ချရမယ်" ရှောင်မိုက လှည့်လာပြီး လျန်လီကို ပြုံးပြလိုက်လေသည်။ "ဒါပေါ့... ငါ လက်နက်ချမှာပေါ့"

"ဟင်" လျန်လီက မျက်တောင်တဖြတ်ဖြတ် ခတ်သွားပြီး ရှောင်မိုကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိ၏။ "ရှင်... ရှင် ဘာလုပ်မလို့လဲ"

ရှောင်မိုက ရှင်းပြမနေတော့ဘဲ နားလည်ရခက်သော အပြုံးတစ်ခုကိုသာ ပြသလိုက်ပြီး နောက်တစ်ကြိမ် ပြန်လှည့်ကာ မြေအောက်အကျဉ်းထောင်ထဲမှ ထွက်သွားလေတော့သတည်း။

ယန်မင်တောင်ကြားတံခါးကို ဝိုင်းရံတိုက်ခိုက်သည့် တစ်ဆယ့်ငါးရက်မြောက်နေ့တွင် ဝေ့တိုင်းပြည် စစ်စခန်းအတွင်း၌...

စစ်သည်တစ်ဦးက စစ်တဲအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး အော်ဟစ်လိုက်လေ၏။ "စစ်သူကြီး... မြောက်ပိုင်းတပ်မတော်က သံတမန် ရောက်လာပါတယ်"

"မြောက်ပိုင်းတပ်မတော်က သံတမန်" ကော်ရှင်းမှာ အံ့အားသင့်သွားပြီး သူ အကြားအာရုံများ မှားယွင်းနေသလားဟု တွေးတောနေမိလေသည်။

"ဟုတ်ပါတယ် စစ်သူကြီး" သတင်းပို့စစ်သည်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။

"မြောက်ပိုင်းတပ်မတော်ရဲ့ သံတမန်က စစ်သူကြီးကို ဂါရဝပြုဖို့ ရောက်လာတာပါ။ ယန်မင်တောင်ကြားတံခါးက လက်နက်ချအညံ့ခံဖို့ တောင်းဆိုနေပါတယ်"

All Chapters