အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း (၃၇၉)
"မင်း ဘာပြောလိုက်တယ်"
ကော်ရှင်းတစ်ယောက် သတင်းပို့စစ်သည်ကို စိုက်ကြည့်လိုက်ရင်း သူ အကြားအာရုံများ မှားယွင်းသွားလေသလားဟု တွေးတောနေမိလေ၏။
ရှောင်မိုက အမှန်တကယ် လက်နက်ချအညံ့ခံတယ်တဲ့လား။
"ဟုတ်ပါတယ် စစ်သူကြီး။ မြောက်ပိုင်းတပ်မတော်ရဲ့ သံတမန်က စစ်တဲအပြင်ဘက်မှာ စစ်သူကြီးနဲ့တွေ့ဖို့ စောင့်ဆိုင်းနေပါပြီ" သတင်းပို့စစ်သည်က ဆိုလိုက်သည်။
ကော်ရှင်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တွေးတောကာ ပြောလိုက်လေ၏။ "မြောက်ပိုင်းတပ်မတော်ရဲ့ သံတမန်ကို အထဲဝင်ခဲ့ဖို့ ပြောလိုက်"
အမှန်တရားဖြစ်စေ၊ အလိမ်အညာဖြစ်စေ မြောက်ပိုင်းတပ်မတော်၏ သံတမန်နှင့် တွေ့ဆုံပြီး ရှောင်မို ဘာအကြံအစည်များ ရှိနေသနည်းဆိုသည်ကို သူ အကဲခတ်ကြည့်ရမည်သာ ဖြစ်ပေသည်။
"ဟုတ်ကဲ့ပါ စစ်သူကြီး"
သတင်းပို့စစ်သည်က အလျင်အမြန် ဆုတ်ခွာသွားပြီး များမကြာမီမှာပင် မြောက်ပိုင်းတပ်မတော်၏ သံတမန် လီကျင်းက စစ်တဲအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
"မြောက်ပိုင်းတပ်မတော်မှ လီကျင်းက စစ်သူကြီးကို ဂါရဝပြုပါတယ်"
လီကျင်းက ကော်ရှင်းအား လက်နှစ်ဖက်ကိုဆုပ်လျက် ရိုသေလေးစားစွာ ပြောလိုက်၏။
"ဒါက စစ်သူကြီးလီကိုး"
ကော်ရှင်းက လီကျင်းအား ကြည့်ကာ ပြုံးလိုက်လေသည်။
"စစ်သူကြီးလီက မြောက်ပိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတာ အနှစ်ခုနစ်ဆယ်လောက် ရှိပြီမဟုတ်လား။
ကျန်းပေမင်းသား စစ်ချီစစ်တက် ထွက်တိုင်း စစ်သူကြီးလီကို အမြဲတမ်း ခေါ်သွားလေ့ရှိတယ်လို့ ငါကြားဖူးပါတယ်။
ဒါပေမဲ့ ရလဒ်အနေနဲ့ကျတော့ မြောက်ပိုင်းတပ်မတော်က ဖန်ဝေ့မင်၊ ဟွမ်လုံ နဲ့ ကျန်းခွေ လို စစ်သူကြီးတွေကျ ဘုရင်တွေအဖြစ် ဘွဲ့ချီးမြှင့်ခံရပြီး တခြား စစ်သူကြီးအများအပြားလည်း မြို့စားဘွဲ့တွေ ရကုန်ကြပြီလေ။
ဒါပေမဲ့ စစ်သူကြီးလီကတော့ ဒီနေ့အထိ ဘွဲ့ထူးဂုဏ်ထူး တစ်ခုလေးမှ မရသေးဘူးဆိုတော့ ဒီစစ်သူကြီးတောင် မခံစားနိုင်ဘူးဖြစ်နေတယ်"
လီကျင်းက ခေါင်းယမ်းလိုက်လေ၏။
"စစ်သူကြီးဖန်က လန်ယာတိုင်းပြည်ကို ဖြိုခွဲဖို့ စစ်တပ်တစ်ခုကို ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး လန်ယာမင်းသားအဖြစ် ဘွဲ့ချီးမြှင့်ခံခဲ့ရကာ လန်ယာနယ်မြေကိုလည်း အပိုင်စား ရရှိခဲ့ပါတယ်။
စစ်သူကြီးဟွမ်ကလည်း ချန်တိုင်းပြည်ကို ဖြိုခွဲဖို့ စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့ပြီး ချန်မင်းသားအဖြစ် ဘွဲ့ချီးမြှင့်ခံခဲ့ရကာ ချန်နယ်မြေတစ်ခုလုံးကိုလည်း စစ်သူကြီးဟွမ်က ပိုင်ဆိုင်ခဲ့ပါတယ်။
စစ်သူကြီးကျန်းအကြောင်းကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ သူက ကျန်းပေမင်းသားနှစ်ဆက်ရဲ့ နောက်ကလိုက်ပြီး တောင်မြောက် တစ်ခွင်လုံးကို စစ်ချီခဲ့တယ်။ ဝိညာဉ်ပြတ်တံတားမှာ ဓားတစ်လက်တည်းနဲ့ တစ်ကိုယ်တော် ရပ်တန့်ခဲ့ဖူးပြီး ခြေလှမ်းလေးလှမ်း ဆုတ်သွားရလောက်အောင် ဟိန်းဟောက်လိုက်တာနဲ့ စစ်သည်တစ်သိန်းလောက်ကို ဆုတ်ခွာသွားစေခဲ့တယ်။ ရန်သူ့စစ်သူကြီး မရေမတွက်နိုင်အောင်ကို သတ်ဖြတ်ပြီး အလံတွေကိုလည်း လုယူခဲ့တယ်။ ဆုန့်တိုင်းပြည်ရဲ့ တစ်ဝက်ကိုတောင် ဖြိုခွဲခဲ့လို့ ဆုန့်မင်းသားအဖြစ် ဘွဲ့ချီးမြှင့်ခံရပြီး ဆုန့်နယ်မြေကိုလည်း အပိုင်စား ရရှိခဲ့ပါတယ်။
နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ထဲမှာ ဘုရင်တွေ၊ မြို့စားတွေအဖြစ် ဘွဲ့ချီးမြှင့်ခံရတဲ့ စစ်သူကြီးတွေ အများကြီးရှိပါတယ်။ တချို့က မြောက်ပိုင်းနယ်မြေမှာ ကျန်ရစ်ခဲ့ပြီး တချို့က တခြားစစ်တပ်တွေကို ပြောင်းရွှေ့ခံရသလို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို စောင့်ကြပ်နေကြတဲ့သူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ သူတို့အားလုံးက စစ်ရေးစွမ်းဆောင်မှုတွေနဲ့ သူတို့ရဲ့ ရာထူးတွေကို ရယူခဲ့ကြတာမို့ ကျုပ်လီကျင်းမှာ ဘာမှ ပြောစရာမရှိပါဘူး။
ကျုပ်တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကြီးတွေကကျတော့ ချောမွေ့လွန်းပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ မပါခဲ့ဘူးလေ။ အရာအားလုံးက တခြားစစ်သူကြီးတွေအပေါ်မှာပဲ မှီခိုနေခဲ့ရတာ။ ကျုပ်က ထောက်ပံ့ရေးနဲ့ ရိက္ခာပိုင်းကိုပဲ တာဝန်ယူခဲ့ရပြီး စစ်တပ်ရဲ့ ကံကောင်းစေတဲ့ အရုပ်လေးလို့တောင် အခေါ်ခံခဲ့ရတာ။ ကျုပ်မှာ ဘာစွမ်းဆောင်မှုတွေများ ရှိနိုင်မှာမို့လို့လဲ"
"ဟားဟားဟား" ကော်ရှင်း၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားလေသည်။ "ဒီတစ်ကြိမ် စစ်သူကြီးလီရဲ့ ယန်မင်တောင်ကြားတံခါးကို ကာကွယ်ရတဲ့ တာဝန်က ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုပါပဲ။ တကယ်လို့သာ တောင့်ခံထားနိုင်ခဲ့ရင် ဘုရင် ဒါမှမဟုတ် မြို့စားဘွဲ့ ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ"
လီကျင်းက ခေါင်းယမ်းလိုက်၏။ "အဲ့ဒါက တောင့်ခံထားနိုင်မယ်ဆိုတဲ့ အခြေအနေမှာမှလေ။ တကယ်လို့ မတောင့်ခံနိုင်ဘဲ ကိုယ့်အသက်ကိုပါ ဆုံးရှုံးသွားရမယ်ဆိုရင် ဘာအကျိုးရှိမှာလဲ"
"ဒါဆို မင်းတို့ မြောက်ပိုင်းတပ်မတော်က လက်နက်ချအညံ့ခံချင်နေတယ်ပေါ့" ကော်ရှင်းက လီကျင်းကို ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။
"မှန်ပါတယ်"
လီကျင်းက ခေါင်းညိတ်ကာ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။
"လောလောဆယ် ကျွန်တော်တို့မြို့ထဲမှာ ရိက္ခာတွေ ပြတ်လပ်နေပါပြီ။ ပြီးတော့ ကျန်းပေမင်းသားကလည်း တောင်ပိုင်းနယ်စပ်က မြို့တစ်ဆယ့်တစ်မြို့နဲ့ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မြို့ထဲက သာမန်ပြည်သူ အများစုနဲ့ စစ်တပ်က စစ်သည်တွေဟာ မလွဲမသွေ ပုန်ကန်ထကြွကြပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ စစ်သူကြီးက ရက်အတော်ကြာ စဉ်းစားတွေးတောပြီးတဲ့နောက် ဒီလိုအဖြစ်ခံမယ့်အစား ဝေ့တိုင်းပြည်ကို လက်နက်ချအညံ့ခံလိုက်တာက သေရတာထက်တော့ ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်"
"ဟီးဟီးဟီး" ကော်ရှင်းက လီကျင်းကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက ဓားသွားများအလား ထက်မြက်နေလေ၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှောင်မို ပြောနေတာ ဒါမျိုးမဟုတ်ပါဘူး။ ပြီးတော့ ငါ့ရဲ့ စစ်စခန်းကို ညဘက် လာတိုက်တုန်းကဆိုရင် သူက တကယ့်ကို ခွန်အားတွေ အပြည့်အဝ ရှိနေပုံပေါ်တယ်နော်"
"အဲ့ဒီအချိန်တုန်းက ရိက္ခာတွေ အလုံအလောက် ရှိနေသေးတော့ သဘာဝကျကျပဲ ခုခံရမှာပေါ့။ အစကတည်းက ငါတို့က ဘယ်လိုလုပ်ပြီး လက်နက်ချအညံ့ခံမှာလဲ။ ပြီးတော့ လက်နက်ချဖို့ဆိုတာ လွယ်ကူပေမဲ့ ငါတို့ရဲ့ တန်ဖိုးက ပိုပြီး ကျဆင်းမသွားနိုင်ဘူးလား"
လီကျင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်လေသည်။
"အခုတော့ ငါတို့ မြောက်ပိုင်းတပ်မတော်ရဲ့ ကြံ့ကြံ့ခံ ကာကွယ်နိုင်စွမ်းကို စစ်သူကြီး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီလို့ ကျုပ် ယုံကြည်ပါတယ်။
ယန်မင်တောင်ကြားတံခါးက စစ်သူကြီးနဲ့ အပြန်အလှန် ထိပ်တိုက်ရင်ဆိုင်နေရတာပါ။ တကယ်လို့ စစ်သူကြီးကသာ ငါတို့ရဲ့ လက်နက်ချမှုကို လက်မခံဘူးဆိုရင် ငါတို့က အသေခံပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ဝေ့တိုင်းပြည်စစ်တပ်ဘက်က သေဆုံးဒဏ်ရာရမှုတွေ ပိုပြီး များပြားသွားပါလိမ့်မယ်။
ဒါပေမဲ့ စစ်သူကြီးကသာ ငါတို့ရဲ့ လက်နက်ချမှုကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် ငါတို့က ယန်မင်တောင်ကြားတံခါးကို ဖွင့်ပေးပြီး ချင်တိုင်းပြည်ဆီ အတူတကွ ပူးပေါင်းချီတက်ကြမှာပါပဲ။
အရာအားလုံးက စစ်သူကြီးအပေါ်မှာပဲ မူတည်ပါတယ်"
စစ်တဲအတွင်း၌ ကော်ရှင်းတစ်ယောက် တိတ်ဆိတ်သွားခဲ့လေ၏။
အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် ကော်ရှင်းက ခေါင်းမော့ကာ လီကျင်းကို ထပ်မံကြည့်လိုက်သည်။ "မင်းတို့ရဲ့ ကမ်းလှမ်းချက်တွေက ဘာတွေလဲ"
"မကြာသေးခင်ကမှ ပိရွှေမြို့က စစ်သူကြီးရှာဟောက်က ငါတို့ရဲ့ စစ်သူကြီးကို လက်နက်ချဖို့ တိုက်တွန်းတဲ့ စာတစ်စောင် ပို့ခဲ့ပါတယ်။ ငါတို့ စစ်သူကြီးသာ ဝေ့တိုင်းပြည်ကို အညံ့ခံမယ်ဆိုရင် ချီးမြှင့်ခံရမယ့် မင်းသားဘွဲ့ဟာ အခုလက်ရှိထက် ပိုမိုမြင့်မားလာမှာဖြစ်ပြီး ဝေ့တိုင်းပြည်ရဲ့ မင်းသမီးနဲ့လည်း ငါတို့စစ်သူကြီးကို လက်ဆက်ပေးမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်သူကြီးရှာဟောက်က သာမန်စစ်သူကြီးတစ်ဦးသာ ဖြစ်နေတယ်။ သူက ဝေ့တိုင်းပြည် ဧကရာဇ်ရဲ့ အလိုဆန္ဒတွေကို တကယ်ပဲ ကိုယ်စားပြုနိုင်တယ်ဆိုတာ ငါတို့စစ်သူကြီးက ဘယ်လိုလုပ် သိနိုင်မှာလဲ။
ထို့ကြောင့် ငါတို့က ဝေ့တိုင်းပြည် ဧကရာဇ်ဆီကနေ တရားဝင် အမိန့်ပြန်တမ်းတစ်စောင်ကို တောင်းဆိုပါတယ်။
ယန်မင်တောင်ကြားတံခါး လက်နက်ချပြီးသွားရင် စစ်သူကြီးရှောင်က တိုင်းပြည်ရဲ့ မဟာမဏ္ဍိုင်ကြီးနေရာကို တောင်းဆိုပါတယ်။ ပြီးတော့ အနာဂတ်မှာ ချင်တိုင်းပြည်ဆီကနေ သိမ်းပိုက်ရရှိလာမယ့် နယ်မြေတွေကို မပါဝင်ဘဲ ပြည်နယ်သုံးခုထက်မနည်းတဲ့ အပိုင်စားနယ်မြေကိုလည်း တောင်းဆိုပါတယ်။
ဝေ့တိုင်းပြည် မင်းသမီးနဲ့ ပတ်သက်လို့ကတော့ ငါတို့စစ်သူကြီးက သူမနဲ့ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။
ပြီးတော့ ငါတို့ စစ်သူကြီးတွေ အားလုံးကိုလည်း မြို့စားဘွဲ့တွေ ချီးမြှင့်ပေးရမယ်"
"ဟီးဟီးဟီး... စစ်သူကြီးရှောင်ရဲ့ လောဘက တကယ့်ကို ကြီးမားလှပါလား။ အင်မတန်ကို ကြီးမားလွန်းလှတယ်" ကော်ရှင်းက လှောင်ပြုံးပြုံးလိုက်လေ၏။
"လောဘကြီးသလား၊ မကြီးဘူးလားဆိုတာက ယန်မင်တောင်ကြားတံခါးနဲ့ ငါတို့ရဲ့ တန်ဖိုးအပေါ်မှာပဲ မူတည်ပါတယ်" လီကျင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ "စစ်သူကြီးကော်အနေနဲ့ ဝေ့တိုင်းပြည် ဧကရာဇ်ဆီ စာရေးပို့နိုင်သလို ငြင်းဆန်ပယ်ချလိုက်လို့လည်း ရပါတယ်။ အဆိုးဆုံးဆိုရင်လည်း ငါတို့ စစ်တပ်နှစ်ခု အသေခံပြီး တိုက်ပွဲဝင်ကြရုံပေါ့"
ကော်ရှင်းက လက်သီးများကို တင်းတင်းဆုပ်ကာ လီကျင်း၏ မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်လေ၏။
"ငါ စဉ်းစားဖို့ အချိန်လိုသေးတယ်" တွေးတောပြီးနောက် ကော်ရှင်းက ချက်ချင်း သဘောတူခြင်း မရှိခဲ့ချေ။ "ဟေ့လူတွေ... စစ်သူကြီးလီကို စစ်စခန်းအပြင်ဘက် အရင် လိုက်ပို့ပေးလိုက်ကြစမ်း"
"ဒီလိုဆိုမှတော့ စစ်သူကြီးကော်ရဲ့ သတင်းကို ငါတို့ စောင့်နေပါ့မယ်"
လီကျင်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားလေတော့သည်။
"မင်းတို့ ဘယ်လိုထင်ကြလဲ"
လီကျင်း ထွက်ခွာသွားပြီးနောက် ကော်ရှင်းက သူ၏ဘေးရှိ စစ်သူကြီးများကို လှမ်းကြည့်လိုက်၏။
လက်ဝဲစစ်သူကြီး ယွီယိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ "ရှောင်မိုက စစ်ရေးဗျူဟာမှာ ကျွမ်းကျင်ပြီး အကြံအစည်တွေ အများကြီးရှိတယ်။ ငါတို့ သတိထားရမယ်"
လက်ယာစစ်သူကြီးကမူ ခေါင်းယမ်းလိုက်၏။ "ဒီလက်အောက်ခံကတော့ သူ့ကို ယုံကြည်နိုင်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှောင်မိုရဲ့ သိုင်းတာအို ပါရမီက အံ့မခန်းဖြစ်ပြီး သူက ငယ်ရွယ်သေးတဲ့အပြင် အနာဂတ်အတွက်လည်း ကြီးမားတဲ့ အလားအလာတွေ ရှိနေတယ်။ သဘာဝကျကျပဲ သူက ယန်မင်တောင်ကြားတံခါးမှာ ဒီလိုမျိုး သေဆုံးသွားချင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူက တကယ်ပဲ လက်နက်ချချင်နေတာ နေမှာပါ"
"ဒီလက်အောက်ခံလည်း သဘောတူပါတယ်။ စစ်သူကြီးရှာဟောက်က ရှောင်မိုကို လက်နက်ချဖို့ တကယ်ပဲ တိုက်တွန်းခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါတို့က ခိုင်လုံတဲ့ ကတိကဝတ်မျိုး မပေးနိုင်တဲ့အတွက် တစ်ဖက်လူက ဝေ့တိုင်းပြည်မှာ တရားဝင် ထုတ်ပြန်ကြေညာမယ့် အမိန့်ပြန်တမ်းကို တောင်းဆိုတာက ပုံမှန်ကိစ္စပါပဲ"
"တကယ်လို့ ငါတို့က သူတို့ရဲ့ လက်နက်ချမှုကို လက်မခံဘူးဆိုရင် ရှောင်မိုနဲ့ အသေခံပြီး တိုက်ပွဲဝင်ရလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါတို့စစ်တပ်ရဲ့ သေဆုံးဒဏ်ရာရမှုတွေက ပိုပြီးတောင် ဆိုးရွားသွားနိုင်တယ်"
"ဒါ့အပြင် ငါတို့က သူတို့ရဲ့ လက်နက်ချမယ့် လမ်းကြောင်းကို ဖြတ်တောက်လိုက်မယ်ဆိုရင် သူတို့ရဲ့ ခုခံလိုစိတ်တွေ ပိုပြီးတောင် ခိုင်မာလာနိုင်သေးတယ်"
"ဒီလက်အောက်ခံကတော့ ယန်မင်တောင်ကြားတံခါးရဲ့ လက်နက်ချမှုကို လက်ခံဖို့ အကြံပြုပါတယ်။ စစ်သူကြီးအနေနဲ့ ဧကရာဇ်မင်းမြတ်ဆီ ချက်ချင်း စာရေးပို့သင့်ပါတယ်"
"တကယ်တော့ ငါတို့က ပိရွှေမြို့နဲ့ရော တခြား မြို့ဆယ်မြို့နဲ့ပါ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပြီလေ။ သူတို့ရဲ့ အခြေအနေကိုလည်း မသိရဘူး။ အဲ့ဒီဘက်က ဖိအားတွေလည်း အတော်လေး ကြီးမားနေမှာပဲ။ တကယ်လို့ ငါတို့ကသာ ရှောင်မိုရဲ့ လက်နက်ချမှုကို လက်မခံဘဲ ရှောင်မိုက အသေခံ ကာကွယ်သွားလို့ ပိရွှေမြို့မှာ တစ်ခုခုဖြစ်သွားခဲ့ရင် ဧကရာဇ်မင်းမြတ်ကို ငါတို့ ဘယ်လို ရှင်းပြကြမလဲ"
"စစ်သူကြီး... အရင်က ရှောင်မိုက တကယ်ကို မောက်မာခဲ့ပြီး ဒီလက်အောက်ခံအနေနဲ့ သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ချင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ငါတို့ စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ဘူး။ အရာအားလုံးက ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်အတွက်ပဲ ဖြစ်သင့်ပါတယ်"
စစ်တဲအတွင်းရှိ စစ်သူကြီးများ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေသည်ကို နားထောင်ရင်း ကော်ရှင်းက ခေါင်းငုံ့ကာ သဲစားပွဲကို ကြည့်လျက် အတွေးထဲ နစ်မျောနေခဲ့လေ၏။
နောက်ဆုံးတွင် ကော်ရှင်းက ခေါင်းယမ်းလိုက်လေသည်။ "ယန်မင်တောင်ကြားတံခါးဆီ စာရေးပြီး သူတို့ရဲ့ လက်နက်ချမှုကို ငါတို့ လက်ခံတယ်လို့ အကြောင်းကြားလိုက်။ ပြီးတော့ ဧကရာဇ်မင်းမြတ်ဆီ ဓားပျံသတင်းစကား တစ်စောင် ချက်ချင်း ပို့လိုက်မယ်။ ဒါပေမဲ့ ဒီအချိန်အတောအတွင်းမှာ စစ်တပ်ကြီးတစ်ခုလုံး ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ ရှောင်မိုရဲ့ ညဘက်တိုက်ခိုက်မှုတွေကို သတိထားကြဖို့ ပြောထားလိုက်"
"အမိန့်တိုင်းပါ" စစ်သူကြီးများအားလုံးက လက်နှစ်ဖက်ကိုဆုပ်ကာ တုံ့ပြန်လိုက်ကြလေသည်။
နှစ်ရက်အကြာတွင် ပိရွှေမြို့အပြင်ဘက် မြောက်ပိုင်းတပ်မတော် စစ်စခန်းအတွင်း၌ ရှောင်ရှီသည် သူ၏ စစ်သူကြီးများနှင့်အတူ မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရေး ဗျူဟာများကို ဆွေးနွေးနေခဲ့၏။
လွန်ခဲ့သော တစ်ဆယ့်ခုနစ်ရက်အတွင်း မြောက်ပိုင်းတပ်မတော်က သေဆုံးဒဏ်ရာရမှုများကို ပဓာနမထားဘဲ မြို့ကို နေ့ရောညပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ကြသည်။
ရှာဟောက်နန်က အသေခံ ခုခံနေဆဲဖြစ်သော်ငြားလည်း ပိရွှေမြို့၏ အခြေအနေမှာ အလွန်တရာ ဆိုးရွားနေပြီဖြစ်ကာ ကျန်ရှိနေသော အခြားဆယ်မြို့မှာလည်း ကာကွယ်ရန် အသည်းအသန် ရုန်းကန်နေကြရပေသည်။
ယခုအချိန်၌ ရှောင်ရှီ အမျှော်လင့်ဆုံးအရာမှာ ရှောင်မိုတစ်ယောက် ကြံ့ကြံ့ခံနိုင်ပါစေ ဟူ၍ပင်။
သူ အစပိုင်းက ခန့်မှန်းထားခဲ့သည့်အတိုင်း ရှောင်မိုသာ ရက်သုံးဆယ်ကြာအောင် တောင့်ခံထားနိုင်ခဲ့မည်ဆိုပါက တောင်ပိုင်းနယ်စပ်ရှိ မြို့တစ်ဆယ့်တစ်မြို့ကို သူ သေချာပေါက် သိမ်းပိုက်နိုင်မည် ဖြစ်လေသည်။
"မင်းကြီး... ဝေ့မြို့တော်ကနေ စာတစ်စောင် ရောက်လာပါတယ်"
ရုတ်တရက် စစ်သည်တစ်ဦးက စစ်တဲအတွင်းသို့ ပြေးဝင်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကာ ဒူးတစ်ဖက် ထောက်လိုက်လေ၏။
ရှောင်ရှီ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဝေ့မြို့တော်တွင် ချင်တိုင်းပြည်၏ သူလျှိုများစွာ ရှိနေပေသည်။
အကယ်၍ အရေးကြီးသော ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်လာပါက ချင်တိုင်းပြည်သို့ ချက်ချင်း သတင်းပို့ကြမည်သာ ဖြစ်၏။
ရှောင်ရှီက စာအိတ်ကိုယူကာ ဖောက်၍ ဖတ်ကြည့်လိုက်လေသည်။
စာကို ဖတ်နေရင်း ရှောင်ရှီ၏ မျက်နှာအမူအရာမှာ ပို၍ပို၍ ရှုပ်ထွေးလာခဲ့ချေပြီ။
"မင်းကြီး... မြို့တော်မှာ ဘာတွေဖြစ်လို့လဲ" ဖန်ဝေ့မင်က မေးလိုက်၏။
ရှောင်ရှီက စာအိတ်ကို ဖန်ဝေ့မင်ထံသို့ ကမ်းပေးလိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်လေသည်။ "ယန်မင်တောင်ကြားတံခါးက ဝေ့တိုင်းပြည်ကို လက်နက်ချအညံ့ခံဖို့ တောင်းဆိုလိုက်ပြီတဲ့"
"ဘာ"
စစ်သူကြီးဟွမ်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့ကြလေသည်။
ရှောင်မို လက်နက်ချအညံ့ခံသည်ဟု ကြားလိုက်ရသောအခါ ရှောင်ယီရှဲ၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများက လက်ဖြာသွားသော်ငြားလည်း သူက လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ဒေါသထွက်နေသည့် ဟန်ဖြင့် ဆိုလိုက်၏။
"ဒီရှောင်မို။ အဖေက သူ့ကို ဘယ်လိုများ ဒီလောက်အထိ ယုံကြည်နေခဲ့ရတာလဲ။ ငါတို့က သေဆုံးဒဏ်ရာရမှုတွေ အများကြီးကို ရင်ဆိုင်ပြီး နေ့ရောညပါ မြို့ကို တိုက်ခိုက်နေခဲ့ကြတာ။ အခု သူက လက်နက်ချအညံ့ခံလိုက်တယ်ဆိုတော့ ကျဆုံးသွားတဲ့ မြောက်ပိုင်းတပ်မတော်က စစ်သည်တွေအတွက် ဘယ်လိုလုပ်မလဲ။ အရှက်မရှိတဲ့ သစ္စာဖောက်ကောင်။ သူက သေဖို့တောင် ကောင်းတယ်"
အခန်း (၃၈၀)
ရှောင်ယီရှဲတစ်ယောက် ရှောင်မိုအား ကျိန်ဆဲပြီးသွားသောအခါ ရှောင်ရှီက ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး ရှောင်ယီရှဲကို အေးစက်စက် တစ်ချက်မျှ လှမ်းကြည့်လိုက်လေ၏။
ဖခင်ဖြစ်သူ၏ အကြည့်တစ်ချက်အောက်တွင်ပင် ရှောင်ယီရှဲမှာ ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး ချွေးစေးများ ပျံ့နှံ့လာကာ သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်ရချေပြီ။
"မာထျောင်မြို့ကို ဖြိုခွဲနိုင်ခဲ့တာဟာ ရှောင်မိုရဲ့ စစ်ရေးဗျူဟာကို အသုံးပြုခဲ့လို့ပဲ။ မာထျောင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ရှောင်မိုက နောက်ထပ် မြို့လေးမြို့ကို ဆက်တိုက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ ယန်မင်တောင်ကြားတံခါးကို ဖြိုခွဲနိုင်ခဲ့တာကလည်း ရှောင်မိုရဲ့ စွမ်းဆောင်ရည်ပဲ။ ရှောင်မိုသာ မရှိခဲ့ရင် အခုချိန်မှာ မြို့ကို ဖြိုခွဲနိုင်ဖို့ မျှော်လင့်ချက်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ငါဆိုလိုတာကို မင်း နားလည်ရဲ့လား" ရှောင်ရှီက သူ၏ ဒုတိယသားကို အေးစက်စွာ ပြောလိုက်ပေသည်။
"ဒီ... ဒီသား နားလည်ပါပြီ"
"ပြီးတော့ စစ်စခန်းထဲမှာ သားအဖဆိုတာ မရှိဘူး။ မင်း ငါ့ကို ဘယ်လိုခေါ်သင့်သလဲ။ ပြီးတော့ မင်းကိုယ်မင်းကော ဘယ်လို သုံးနှုန်းသင့်သလဲ" ရှောင်ရှီက မေးလိုက်၏။
"ဒီလက်အောက်ခံ အမှားကို သိမြင်ပါပြီ။ မင်းကြီးရဲ့ အပြစ်ပေးမှုကို ခံယူပါ့မယ်" ရှောင်ယီရှဲက အလျင်အမြန်ပင် လက်နှစ်ဖက်ကိုဆုပ်ကာ အပြစ်ကို ဝန်ခံလိုက်လေတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် ရှောင်ရှီက ရှောင်ယီရှဲကို အာရုံစိုက်မနေချင်တော့ပေ။ သူက အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ လက်ထဲရှိ စာကိုသာ ဆက်လက်ဖတ်ရှုနေခဲ့လေ၏။
"မင်းကြီး... ဒါက မြို့တော်ကနေ ထွက်လာတဲ့ သတင်းအမှားများ ဖြစ်နေမလား" ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော လျှိုရှင်းက ရှေ့သို့ထွက်လာကာ မေးလိုက်သည်။
ရှောင်ရှီက ခေါင်းယမ်းလိုက်လေ၏။ "ဝေ့တိုင်းပြည်မှာရှိတဲ့ ငါတို့ချင်တိုင်းပြည်ရဲ့ သူလျှိုတွေက သတင်းအမှားကို မခွဲခြားနိုင်လောက်အောင် ညံ့ဖျင်းမှာ မဟုတ်ဘူး။ ဒီကိစ္စက အမှန်တကယ် ဖြစ်နိုင်ချေ အရမ်းများတယ်"
"ဒီကနေ ယန်မင်တောင်ကြားတံခါးကို ဆက်သွယ်လို့တောင် မရတော့ဘူး။ သတင်းစကားပါတဲ့ ဓားပျံတစ်လက်တောင် ဖြတ်ကျော်သွားလို့ မရတော့ဘူး" ကျန်းခွေက ဒေါသတကြီးဖြင့် စားပွဲကို ထုချလိုက်လေသည်။
အားလုံးမှာ တစ်ခဏမျှ ဆွံ့အအသွားခဲ့ကြရပေသည်။
အကယ်၍ သူတို့သာ ရှောင်မိုကို ဆက်သွယ်နိုင်ခဲ့မည်ဆိုပါက သူ၏ ရည်ရွယ်ချက်အမှန်ကို သိရှိနိုင်မည် ဖြစ်၏။ ရှောင်မိုက အမှန်တကယ် လက်နက်ချချင်နေလျှင်ပင် မြောက်ပိုင်းတပ်မတော်က သူ့ကို အချိန်အနည်းငယ်လောက် ထပ်ပြီး တောင့်ခံထားရန် ဖျောင်းဖျနိုင်သေးသည် မဟုတ်ပါလား။ သို့သော် ယခုအခါတွင်မူ ယန်မင်တောင်ကြားတံခါးဆီသို့ ယင်ကောင်တစ်ကောင်ပင် ဖြတ်ကျော်သွားနိုင်စွမ်း မရှိတော့ချေ။
"ဒါဆိုရင် မင်းကြီး... တကယ်လို့ ရှောင်မိုကသာ တကယ် လက်နက်ချလိုက်ပြီဆိုရင် ယန်မင်တောင်ကြားတံခါးက သေချာပေါက် ကျဆုံးသွားတော့မှာပဲ။ ငါတို့တွေ ပိရွှေမြို့ကို ဆက်ပြီး တိုက်ခိုက်နေသင့်သေးရဲ့လား" ရှောင်ယီရှဲက အလွန်တရာ စိုးရိမ်ပူပန်နေသည့်ဟန်ဖြင့် သတိတကြီး မေးလိုက်လေသည်။
ရှောင်ယီရှဲ၏ စကားအဆုံးတွင် အခြားသော စစ်သူကြီးများကလည်း ရှောင်ရှီကို လှမ်းကြည့်လိုက်ကြ၏။
သူတို့ထဲမှ မည်သူကမျှ ရှောင်အိမ်တော်၏ ဤဒုတိယသခင်လေးကို အလေးမထားကြသော်ငြားလည်း ယခုအချိန်၌ သူက အရေးကြီးဆုံးသော မေးခွန်းတစ်ခုကို ထုတ်ဖော်မေးမြန်းလိုက်ခြင်းပင် ဖြစ်သည်။ သူတို့ ဆက်လက်တိုက်ပွဲဝင်သင့်၊ မသင့် ဆိုသည်ကိုပင်။ အကယ်၍ ယန်မင်တောင်ကြားတံခါးကသာ အမှန်တကယ် လက်နက်ချသွားခဲ့ပြီး ရန်သူ့ထောက်ပံ့ရေး ရိက္ခာများ ရောက်ရှိလာခဲ့မည်ဆိုပါက မြို့ကို အတင်းအဓမ္မ ဆက်လက်ထိုးစစ်ဆင်နေခြင်းက သေဆုံးဒဏ်ရာရမှုများကိုသာ ပိုမိုတိုးပွားလာစေမည် ဖြစ်လေသည်။
ရှောင်ရှီက သဲစားပွဲပေါ်ရှိ ဝေ့တိုင်းပြည် တောင်ပိုင်းနယ်စပ်မှ မြို့တစ်ဆယ့်တစ်မြို့နှင့် ယန်မင်တောင်ကြားတံခါးကို စူးစိုက်ကြည့်နေခဲ့ပေသည်။
တစ်ခဏအကြာတွင် ရှောင်ရှီက ခေါင်းမော့လာပြီး စစ်သူကြီးများကို ပြောလိုက်လေ၏။ "မြို့ကို ဆက်တိုက်မယ်။ ပြီးတော့ ယန်မင်တောင်ကြားတံခါး လက်နက်ချတဲ့ သတင်းကို ဘယ်သူပဲ ဖြန့်ဖြန့်... သူတို့ရဲ့ခေါင်းကို ငါ့ဆီ ယူလာခဲ့ကြ။ မင်းတို့အားလုံး နားလည်ရဲ့လား"
"နားလည်ပါပြီ" ဖန်ဝေ့မင်နှင့် အခြားသူများအားလုံးက တစ်သံတည်း ဟစ်ကြွေးလိုက်ကြလေသည်။
ချင်တိုင်းပြည် မြို့တော်။
ပထမမင်းသားဖြစ်သူ ယွင်မင်းသား ချင်ကျင်းစု၏ အိမ်တော်၌ မိန်းမပျိုလေးတစ်ဦးက ထမင်းချိုင့်ကို သယ်ဆောင်ကာ ခြံဝင်းအတွင်းဝယ် ပျော်ရွှင်စွာ လျှောက်လှမ်းလာခဲ့၏။
ဤရက်ပိုင်းများအတွင်း ချင်စီယောင်က ကျိုးရူရှီးကို အဖော်ပြုပေးရန် ရှောင်အိမ်တော်သို့ မကြာခဏ သွားရောက်လေ့ရှိပြီး ရှောင်မို အနှစ်သက်ဆုံး ဟင်းလျာများ ချက်ပြုတ်နည်းကို အန်တီကျိုးထံမှ သင်ယူခဲ့လေသည်။
ဟင်းလျာများ ချက်ပြုတ်ပြီးနောက် ချင်စီယောင်က သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုထံသို့ တစ်လှည့်စီ သွားရောက်ပို့ဆောင်ကာ သူတို့ကို အရသာစမ်းသပ်ခိုင်းလေ့ရှိပေသည်။
ဘာပဲပြောပြော သူတို့က သူမရဲ့ သွေးသားအရင်း ညီအစ်ကိုတွေပဲလေ။ အခုချိန် အသုံးမချရင် ဘယ်အချိန်ကျမှ အသုံးချရတော့မှာလဲ။ သူမရဲ့ ချက်ပြုတ်မှုစွမ်းရည်တွေ ပြီးပြည့်စုံသွားတဲ့အခါကျရင်တော့ ရှောင်မိုအတွက် သူမကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးမည် ဖြစ်လေသည်။
"အစ်ကိုကြီး... ညီမလေး အစ်ကိုကြီးအတွက် နေ့လယ်စာ လာပို့ပြန်ပြီ" ချင်စီယောင်က သူမအစ်ကိုကြီး၏ စာကြည့်ဆောင်အတွင်းသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားသော်လည်း အခန်းထဲတွင် မည်သူမျှ ရှိမနေသည်ကိုသာ တွေ့လိုက်ရ၏။
"အစ်ကိုကြီးက ဒီနေ့ ဘာအလုပ်မှမရှိဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။ သူ ဘယ်ရောက်နေတာလဲ။ ညီမလေးရဲ့ ဟင်းတွေကို မကြိုက်လို့ တမင်သက်သက် ပုန်းနေတာများလား" ချင်စီယောင်က နှုတ်ခမ်းလေးစူကာ တီးတိုးရေရွတ်လိုက်လေသည်။
"ဟွန့်... ဂရုမစိုက်ပါဘူး။ အရသာမကောင်းရင်တောင် အစ်ကိုကြီး စားကိုစားရမယ်။ အစ်ကိုကြီး မစားပေးရင် ဒီမင်းသမီးက ဘယ်လိုလုပ်ပြီး လက်ရာတိုးတက်လာမှာလဲ။ ဒီမင်းသမီးရဲ့ လက်ရာမှ မတိုးတက်လာရင် ရှောင်မို အကြိုက်ဆုံး ဟင်းလျာတွေကို ဘယ်လိုလုပ်ပြီး ချက်ပြုတ်ကျွေးမွေးနိုင်တော့မှာလဲ" ချင်စီယောင်က ထမင်းချိုင့်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး အစ်ကိုကြီး ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။
ပျင်းရိလာသဖြင့် ချင်စီယောင်က သူမ၏ အစ်ကိုကြီး စားပွဲပေါ်တွင် ချန်ထားခဲ့သော စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုလိုက်၏။ သူမ၏ ခမည်းတော် ဧကရာဇ်က အစ်ကိုကြီးအား မကြာသေးမီက မည်သည့် နိုင်ငံရေးတာဝန်သစ်များ ပေးအပ်ထားသနည်းဆိုသည်ကို သိချင်နေခဲ့ခြင်းပင်။
ဖတ်ရှုနေရင်းဖြင့် စာရွက်စာတမ်း အထပ်လိုက်တစ်ခုကို မြင်လိုက်ရသောအခါ ချင်စီယောင်၏ မျက်လုံးများက တောင့်တင်းသွားခဲ့ပြီး သူမ အမြင်များ မှားယွင်းသွားလေသလားဟုပင် သံသယဝင်သွားမိလေသည်။
ဤစာရွက်စာတမ်းမှာ မြောက်ပိုင်းတပ်မတော်၏ ရှေ့တန်းစစ်မျက်နှာပြင်မှ လာသော စစ်ရေးအစီရင်ခံစာတစ်ခု ဖြစ်နေခဲ့၏။
အစီရင်ခံစာ၏ အကြမ်းဖျင်း အကြောင်းအရာမှာ ဤသို့ဖြစ်သည်... "ရှောင်မိုက ဝေ့တိုင်းပြည်၏ ယန်မင်တောင်ကြားတံခါးကို အသေခံ ကာကွယ်နေခဲ့သည်။ အရပ်လေးမျက်နှာစလုံးမှ ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး မြို့ထဲတွင် ရိက္ခာများ ပြတ်လပ်နေသည်။ ရန်သူ့အင်အားမှာ ရှောင်မိုထက် ဆယ်ဆမျှ သာလွန်နေခဲ့သည်။ လွန်ခဲ့သော သုံးရက်က ဝေ့တိုင်းပြည်ဧကရာဇ်ထံသို့ ရှောင်မို၏ လက်နက်ချ သဝဏ်လွှာ ရောက်ရှိလာခဲ့သည်။ ဝေ့တိုင်းပြည်ဧကရာဇ်က ရှောင်မိုထံသို့ အမိန့်ပြန်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပြီး သူ၏ လက်နက်ချမှုကို လက်ခံကြောင်း၊ ရှောင်မိုအား အုပ်ချုပ်ရေးအာဏာရှိသော အိမ်ထောင်စုတစ်သောင်း၏ မြို့စားကြီးအဖြစ် ဘွဲ့ချီးမြှင့်ကြောင်း၊ ဝေ့တိုင်းပြည်ရှိ ပြည်နယ်သုံးခုကို အပိုင်စားနယ်မြေအဖြစ် ပေးအပ်ကြောင်းနှင့် အကြီးဆုံးမင်းသမီးအား ရှောင်မိုနှင့် လက်ဆက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။"
"ရှောင်မို" ချင်စီယောင်က ၎င်းကို ထပ်ခါတလဲလဲ ဖတ်ရှုနေမိလေ၏။
မိန်းမပျိုလေး၏ မျက်လုံးများက တုန်ခါသွားပြီး သူမ၏ မျက်နှာလေးမှာ ပို၍ပို၍ ဖြူရော်လာခဲ့ချေပြီ။ စာရွက်စာတမ်းကို တင်းတင်းဆုပ်ကိုင်ထားသော သူမ၏ လက်ချောင်းလေးများမှာလည်း နီရဲနေခဲ့လေသည်။
သူမ၏ စကတ်စွန်းကို ဆွဲကိုင်ကာ ချင်စီယောင်က စာရွက်စာတမ်းကို ဆွဲယူပြီး ယွင်မင်းသားအိမ်တော်ထဲမှ ပြေးထွက်သွားလေတော့သည်။
မင်းသမီးအိမ်တော်သို့ ပြန်ရောက်သောအခါ ချင်စီယောင်က အိမ်နောက်ဖေးခြံဝင်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။
အိမ်နောက်ဖေးတွင် ဟွာရှန်းက မြေပဲများကို တစ်လုံးချင်းစီ အခွံနွှာနေခဲ့လေသည်။
"အစ်မဟွာရှန်း" ချင်စီယောင်က ဟွာရှန်းဆီသို့ ပြေးသွားကာ သူမ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပေသည်။
"ဘာဖြစ်လို့လဲ မင်းသမီးလေး။ ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ" ဟွာရှန်းက မင်းသမီးလေးအား နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်၏။
ဟွာရှန်း၏ မှတ်ဉာဏ်ထဲတွင် မင်းသမီးလေး ဤမျှလောက် စိုးရိမ်ပူပန်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်လေသည်။
"အစ်မဟွာရှန်း... ကျွန်မကို မြောက်ပိုင်းနယ်မြေရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဆီ ခေါ်သွားပေးနိုင်မလား" ချင်စီယောင်၏ မျက်လုံးများမှာ မျက်ရည်များ ရစ်သိုင်းနေပြီး အချိန်မရွေး ငိုချတော့မည့်ဟန် ရှိနေပေသည်။
"ရှေ့တန်းစစ်မျက်နှာပြင်။ မင်းသမီးလေးက ရှေ့တန်းကို ဘာသွားလုပ်မလို့လဲ။ အဲ့ဒါက ငါတို့လို မိန်းမသားတွေ သွားရမယ့်နေရာ မဟုတ်ဘူးလေ" ဟွာရှန်းမှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။
မင်းသမီးလေးမှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသော်ငြားလည်း သူမ၏ အတိုင်းအတာကိုတော့ သူမ သိရှိထားပေသည်။ သူမက ရှောင်မိုကို မည်မျှပင် လွမ်းဆွတ်နေပါစေ သူ့ကို အနှောင့်အယှက်ပေးရန် ရှေ့တန်းအထိတော့ သွားမည်မဟုတ်ချေ။
"အစ်မဟွာရှန်း... ဒါလေးကို ဖတ်ကြည့်ပါဦး" ချင်စီယောင်က စာရွက်စာတမ်းကို ဟွာရှန်းထံသို့ အလျင်အမြန် ကမ်းပေးလိုက်လေသည်။
ဖတ်ရှုပြီးသွားသောအခါ ဟွာရှန်းသည်လည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ရ၏။ "သခင်လေးရှောင်က ဝေ့တိုင်းပြည်ကို လက်နက်ချအညံ့ခံလိုက်တာလား"
"ရှောင်မိုက ဝေ့တိုင်းပြည်ကို တကယ်ပဲ လက်နက်ချလိုက်တာ" ချင်စီယောင်က သူမ၏ အင်္ကျီလက်စွပ်ကို တင်းတင်းဆုပ်ထားလေသည်။ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး မိန်းမပျိုလေး၏ ပါးပြင်ထက်တွင် ကြည်လင်သော မျက်ရည်စက်များက လိမ့်ဆင်းလာခဲ့ချေပြီ။
"ဒါပေမဲ့ ရှောင်မိုက အရမ်းကို တုံးအပြီး ခေါင်းမာလွန်းတဲ့သူလေ။ သူက ဘယ်လိုလုပ်ပြီး လက်နက်ချအညံ့ခံမှာလဲ"