ဒါဆို ငါ ဝန်ခံလိုက်ရင်ရော ဘာဖြစ်လဲ ၂
Vol. 109 Ch. 1081
"မင်းက မိစ္ဆာနတ်ဆိုးတွေနဲ့ ပူးပေါင်းရုံသာမက ငါတို့ ဂိုဏ်းတံခါးဝကိုတောင် ရဲရဲတင်းတင်းပြန်ခေါ်လာမယ်လို့ ဘယ်သူက သိမှာလဲ"
"ရှန်းရွှီတောင်အပေါ် မင်းနာကြည်းမှုရှိနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းက ဂိုဏ်းတူတပည့်တွေကြားက သေးငယ်တဲ့ခင်မင်ရင်းနှီးမှုကိုတောင်စွန့်ပစ်လိုက်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
တာအိုသခင်မုယန်က သူ၏လက်ဖဝါးကို မြှောက်လိုက်၏။ "ဆရာသခင်ရဲ့တပည့်တွေအနေနဲ့ မင်းက ရှန်းရွှီတောင်ရဲ့နာမည်ကို ညစ်ညမ်းစေတာကို ငါတို့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီနေ့ ကောင်းကင်ဘုံကနေအပြစ်ပေးဖို့ မင်းတို့နှစ်ယောက်စလုံးကို ဖမ်းဆီးလိုက်တာဟာ သိုးတွေပျောက်သွားပြီးမှ ခြံစည်းရိုးကိုပြင်တာနဲ့တူတယ်လို့ ယူဆလို့ရပါတယ်၊ သိပ်တော့ နောက်မကျသေးပါဘူး"
"နင်..." ၎င်းကိုကြားပြီးနောက် ယဲ့လန် ရှန်းယီကို အလိုအလျောက် မကြည့်ဘဲမနေနိုင်ခဲ့ချေ။
သူပြဿနာများ ဖန်တီးခဲ့ပြီး မသေမျိုးခုံရုံးကို အနည်းငယ်သတိထားနေကြောင်း သူမ အမှန်တကယ် သိရှိထားသော်လည်း ဤကိစ္စက ရှန်းရွှီတောင်၏ဆရာသခင်၏ဂုဏ်သိက္ခာဖြင့်ပင် ဖုံးကွယ်မရနိုင်လောက်အောင်ပြင်းထန်ပြီး မသေမျိုးခုံရုံးက ဂိုဏ်းတံခါးဝထိပင် သူတို့ကို စွပ်စွဲရန် လူလွှတ်ရသည့်အထိဖြစ်လာလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မတွေးမိခဲ့ချေ။
သို့သော် မုယန်၏အပေါ်ယံစကားများကို သဘောတူလောက်အောင် သူမ မမိုက်မဲခဲ့ပေ။ သူမက အေးစက်စွာပြောလိုက်၏။ "အမှားအမှန်တွေကိုတောင်တံခါးဝကိုပြန်ရောက်မှ ဆွေးနွေးကြတာပေါ့။ ငါတို့ရဲ့ဘိုးဘေးအသက်ရှင်နေသေးသရွေ့ ရှန်းရွှီတောင်ဟာ ဆဋ္ဌမမြောက်တောင်ထွတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးပါဘူး"
၎င်းကို ကြားလိုက်ရသောအခါ တာအိုသခင်မုယန် က ရုတ်တရက် ရယ်မောလိုက်၏။ "ငါတို့ရဲ့ဆရာသခင်ကို ဒုက္ခပေးနေဖို့မလိုပါဘူး။ မင်းတို့ရဲ့ ပြဿနာကိုမသေမျိုးခုံရုံးက ကိုင်တွယ်တာ ပိုကောင်းပါတယ်။ ရှန်းရွှီတောင်ဟာ အညစ်အကြေးတွေကို ခိုလှုံခွင့်ပေးတဲ့ နေရာမဟုတ်ပါဘူး"
"မင်းရဲ့ချေပမှုတွေကို မသေမျိုးစစ်သူကြီးတွေ အတွက် သိမ်းထားလိုက်"
"ဟုတ်တယ်" လျိုရွေ့ဖုန်း၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများနောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ အောက်ရှိလူနှစ်ဦးကို ငုံ့ကြည့်ကာ သူက ဟိန်းဟောက်လိုက်၏။
"ရှန်းလို့ နာမည်ရတဲ့ မိစ္ဆာကောင်၊ဒီနေ့ မင်း ဘယ်လောက်ပဲစကားပြောကောင်းနေပါစေ၊ ငါတို့ကို လှည့်စားနိုင်မယ်လို့ မထင်နဲ့။ မင်းရဲ့ အပြစ်ပေးခံရမှုကို လက်ခံဖို့အရှုံးပေးလိုက်စမ်း"
သူ ရှန်းယီကို အပိုင်းပိုင်းခုတ်ထစ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဂိုဏ်း၏စည်းမျဉ်းများကြောင့် သူ၏ဖခင်ပင်လျှင် သူတို့နှစ်ဦးမှာ အဆင့်အတန်းတူညီနေသဖြင့် လှုပ်ရှားရန် အကြောင်းပြချက် မရှိခဲ့ချေ။
ယခုအခါ မသေမျိုးခုံရုံး၏ဖြောင့်မတ်မှုနှင့်အတူ သူက ဤကပ်ဆိုးကြီးကိုကွပ်မျက်နိုင်ရုံသာမက သူ၏ကိုယ်ပိုင်နာမည်ကိုပါ ရှင်းလင်းနိုင်ပြီဖြစ်သည်။
"လူခွဲပြီးထွက်ပြေးဖို့ ထိုက်ရွှီနယ်ပယ်ထဲကို ဝင်လိုက်၊ ရှန်းရွှီတောင်ကို ပြန်ရောက်တာနဲ့ နင်အထိအခိုက်ရှိတော့မှာမဟုတ်ဘူး" ယဲ့လန် ရှန်းယီ ထံသို့ တိတ်တဆိတ်အသံလွှင့်လိုက်၏။
ယခင်က သူမက ငြင်းခုံလိုချင်တိုင်း မုယန် နှင့် ငြင်းခုံနေခြင်းမဟုတ်ဘဲ ဂိုဏ်း၏သဘောထားကို စမ်းသပ်ရန် ဖြစ်ချေသည်။
မုယန်က ရှန်းရွှီတောင်သို့ပြန်ရန် ငြင်းဆိုပြီးနောက် အခြားသောတောင်ထိပ်သခင်များက ဤကိစ္စကို သေချာပေါက်မသိရှိကြသေးကြောင်း သူမ သေချာသွားခဲ့ပေ၏။
အကယ်၍ယခင်က သေချာပေါက် သေရမည့် အခြေအနေတစ်ခုဖြစ်ခဲ့ပါက ယခုအခါ သူတို့ရှန်းရွှီတောင် နှင့် နီးကပ်နေသဖြင့် မျှော်လင့်ချက် ရောင်ခြည်တစ်ခုရှိနေချေပြီ။
သို့သော် ထိုအချိန်မှာပင်..
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ရှန်းယီ ရှေ့သို့ဖြည်းညှင်းစွာ ခြေတစ်လှမ်းလှမ်းလိုက်၏။ သူ၏ဝတ်စုံများလွင့်ခါသွားပြီး အထက်ရှိ သားအဖနှစ်ဦးထံသို့ သူ၏မျက်လုံးများကို ပင့်ကာ နောက်ဆုံးတွင်တည်ငြိမ်စွာပြောလိုက်ပါသည်။ "ငါ ဘယ်တုန်းက ငြင်းဖူးလို့လဲ"
ထိုသို့ပြောပြီး သူ၏ဖြူဖျော့သော မျက်နှာပေါ်တွင် သေးငယ်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုအပြုံးကကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခုကို ဖော်ပြနေ၏။ "ငါ ဝန်ခံတယ်လေ"
ထိုသို့သောဂုဏ်ယူဝင့်ကြွားသည့် အမူအရာကို တွေ့လိုက်ရသောအခါ ဤနေရာရှိသားအဖနှစ်ဦးသာမက ယဲ့လန်ပါအံ့အားသင့်သွားခဲ့ကြချေသည်။
သူမ ရှန်းယီ နှင့် တွေ့ဆုံကတည်းက သူ၏ဤဘက်ခြမ်းကို ဘယ်သောအခါကမျှမမြင်ဖူးခဲ့ချေ။
သိထားကြသည့်အတိုင်း အကယ်၍ သူက ငြင်းဆိုခဲ့မည်ဆိုပါက ဘေးအန္တရာယ်မှရှောင်လွှဲကာ ရှန်းရွှီတောင်သို့ ပြန်ရန်အခွင့်အရေးတစ်ခုရှိနိုင်သည်။ ယခု သူက ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပြီဖြစ်ရာ အကယ်၍ သူသာ ရှန်းရွှီတောင်သို့အမှန်တကယ် ပြန်သွားခဲ့မည်ဆိုပါက သူ့ကို မည်သူမျှခိုလှုံခွင့် ပေးမည်မဟုတ်ကြောင်း သေချာလှပါသည်။
လျိုရွေ့ဖုန်း၏မျက်လုံးများမှာ ပိုမိုပြူးကျယ်သွားခဲ့ချေသည်။
သူက တာ့လော်မသေမျိုးအရှင်၏လက်အောက်ရှိ တတိယမျိုးဆက်တပည့်တစ်ဦးဖြစ်သော်လည်း မသေမျိုးခုံရုံးအပေါ် ကြီးမားသော ကြောက်ရွံ့လေးစားမှုရှိနေသေးရာ ရှန်းယီ၏မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်ခံရပြီးနောက် ရှန်းယီက ကြောက်ရွံ့ခြင်းမရှိရုံသာမက ပို၍ပင် ခေါင်းမာနေသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့ချေ၏။
"မဆိုးဘူး၊ရိုးရိုးသားသားဝန်ခံတာကလည်း ဂုဏ်သိက္ခာကိုနည်းနည်းတော့ ထိန်းသိမ်းရာ ရောက်ပါတယ်"
တာအိုသခင်မုယန်က သူ၏တည်ငြိမ်မှုကို အလျင်အမြန်ပြန်လည်ရယူလိုက်ပြီး သူ၏အမူအရာမှာ ခံစားချက်ကင်းမဲ့သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
သူ၏ညာဘက်လက်ဖဝါးကို မြှောက်လိုက်ရာလက်ချောင်းများမှာ အနည်းငယ်ကွေးကောက်သွားချေသည်။
ဇွိ
ရုတ်တရက် ကောင်းကင်ယံကဆုတ်ဖြဲခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းစွာ လောင်ကျွမ်းနေသည့် အနီရောင်အလုံးကြီးတစ်ခု ထိုးထွက်လာသည်ကို တွေ့လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်း ထိုအက်ကွဲကြောင်းက ပေထောင်ပေါင်းများစွာအထိရှည်ထွက်သွားခဲ့သည်။
ကောင်းကင်ကန့်လန့်ကာ တစ်ခုလုံးကို တောက်ပသောနေမင်းကြီးတစ်ခုက ရုတ်တရက် လွှမ်းမိုးသွားပြီးကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲနေကာသိပ်သည်းသော ဖိနှိပ်မှုခံစားချက်တစ်ခုနှင့်အတူ မြေပြင်ဆီသို့ ဖြည်းညှင်းစွာ ကျဆင်းလာပုံရ၏။
ပို၍ကြောက်မက်ဖွယ်ကောင်းသောအရာမှာ အရာအားလုံးကိုအရည်ပျော်သွားစေနိုင်သည့် လောင်ကျွမ်းနေသော အပူရှိန်ပင်။
ဤနတ်ဘုရားနေမင်းကြီး၏အောက်တွင် ဧရာမတောင်များပင်လျှင် အရေးမပါသကဲ့သို့ဖြစ်သွားခဲ့၏။
တောင်တန်းများကြားတွင် လွင့်ခါနေသော အနက်ရောင်ဝတ်စုံနှင့် အထီးကျန်ပုံရိပ်ကို ဆိုဖွယ်ရာပင် မရှိတော့ချေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၎င်းက သာမန်မျက်စိဖြင့်မမြင်နိုင်လုနီးပါးပင် ဖြစ်သွားသည်။
"ဟမ်.." ယဲ့လန်က ယခုအခါအနီရောင် အလင်းတန်းအထဲတွင်လွှမ်းခြုံခံထားရပြီး မျက်လုံးများကိုပင် မဖွင့်နိုင်လောက်အောင်ဖြစ်နေခဲ့ချေ၏။
ကပ်ဘေး၆၀၀ကျော် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော်လည်း မုယန်၏ ကပ်ဘေး ၁၅၀၀ ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ပါက ၎င်းက တစ်ဝက်ကျော်ကျော်မျှသာရှိပုံရပေသည်။
သို့သော် နှစ်၁၀၀၀ က လမ်းကြောင်း၏ပြီးပြည့်စုံမှုကို ကိုယ်စားပြု၏။ မဟာအသီးအပွင့်သို့ မထိုးဖောက်နိုင်သေးသရွေ့ ကပ်ဘေးတစ်ခုသာလိုအပ်နေသေးလျှင်ပင်၎င်းသည် မိုးနှင့်မြေကြားရှိ ကြီးမားလှသောကွာခြားချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသေးချေသည်။
ဤအနီရောင်နေမင်းကြီးနှင့် ထိတွေ့မှုကိုမဆို နှင့် ၎င်း၏အလင်းတန်းဖြင့် လွှမ်းခြုံခံရခြင်းကပင် ပဉ္စမအဆင့်ကျင့်ကြံသူအများစုကို စွမ်းအားမဲ့သွားစေနိုင်ပါသည်။
"..."
ရှန်းယီ အနီရောင်နေမင်းကြီးကို တိုက်ရိုက်ရင်ဆိုင်လိုက်ပြီး ၎င်းက ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ဆင်းသက်လာသည်ကို ကြည့်နေခဲ့ချေ၏။
နောက်တစ်ခဏတွင် သူ၏ဝတ်ရုံများ လွင့်ခါသွားပြီး သူ၏သေသပ်သွယ်လျသော လက်ချောင်းများအား တင်းကျပ်စွာဆုပ်လိုက်ရာ ကျားနှင့်နဂါးတို့၏ ဟိန်းဟောက်သံများလိုက်ပါလာသည့်အလား သူ၏သွေးကြောများထဲတွင် သွေးများ မြည်ဟီးကာစီးဆင်းလာခဲ့သည်။
သူ၏လက်သီးက မိုးကြိုးကဲ့သို့ဟိန်းဟောက်သွားပြီးရက်စက်စွာပစ်လွှတ်လိုက်ချေသည်။
အနီရောင် နေမင်းကြီးအတွင်း ထက်ရှသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာပြီး အနီရောင်အလင်းတန်းထက် များစွာ ပိုမို တောက်ပနေခဲ့၏။
ဘုန်း
လက်သီးက ကြီးမားလှသော အနီရောင်နေမင်းကြီးနှင့် တွေ့ဆုံသွားပြီး ၎င်း၏ကျဆင်းမှုကို ချက်ချင်း ရပ်တန့်သွားခဲ့ချေသည်။
ခမ်းနားလှသော အနီရောင်အလင်းတန်းက ရုတ်တရက်တွန့်လိမ်သွားပြီး ပုံရိပ်ယောင်တံလျှက်ကဲ့သို့ လှိုင်းထသွား၏။
လက်သီးအောက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီးနောက် နေမင်းကြီးတစ်ခုလုံးသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့်ပြန့်နှံ့သွားခဲ့သည်။
ဤလက်သီးချက်က ကပ်ဘေး သုံးထောင်အားသယ်ဆောင်ထား၏။
မင်း ဒါကို ဘာနဲ့ တားမလဲ။
ဂျွတ်... ဂျွတ်...
တောက်ပသော နေမင်းကြီးက ရုတ်တရက်ကြေမွသွားပြီး ၎င်း၏ဖိတ်စင်လာသော အနီရောင် အလင်းတန်းများက မိုးနှင့်မြေကိုတုန်လှုပ်သွားစေခဲ့သည်။
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က လောင်ကျွမ်းနေသောနေမင်းကြီးမှ မွေးဖွားလာသည့် ရွှေရောင် ကျီးကန်းတစ်ကောင်ကဲ့သို့ လေထဲသို့ခြေလှမ်းလိုက်ပြီးသားအဖနှစ်ဦးထံသို့ တည်ငြိမ်စွာရှေ့တိုးလာကာ သူ၏လက်ကောက်ဝတ်ကို ပွတ်သပ်နေရင်း သူ၏ကြည်လင်သော အသံက ကောင်းကင်ယံတွင်ပဲ့တင်ထပ်သွားပြီး လှောင်ပြောင်သည့်အရိပ်အယောင်များပါဝင်နေခဲ့၏။
"ငါ ဝန်ခံရင်ရော မင်းက ဘာလုပ်နိုင်မှာလဲ"
"..."
တာအိုသခင်မုယန်က တောက်ပသော နေမင်းကြီး ပြိုကွဲသွားသည်ကို ကူကယ်ရာမဲ့စွာကြည့်နေခဲ့ပြီး သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားခဲ့၏။
သူ၏ဂုဏ်ယူစရာဖြစ်သော တာအိုအသီးအပွင့် တစ်နေ့တွင် ဤမျှအလွယ်တကူကြေမွသွားလိမ့်မည်ဟု သူဘယ်သောအခါကမျှမတွေးခဲ့ဖူးပေ။
ထိုက်ရွှီနတ်ဘုရားနေမင်းကို လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားစေနိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ဦးက မည်သို့လုပ်၍သာမန် ပဉ္စမအဆင့်တစ်ဦးသာ ဖြစ်နိုင်မည်နည်း။
ပြိုင်ဘက်က စတုတ္ထအဆင့်သို့ ရောက်ရှိနေရုံသာမက သူ၏ကျင့်ကြံခြင်းက သူ့ထက်များစွာ သာလွန်နေသေး၏။
သို့သော် သူ့သားနှင့်အတူ ဤနေရာသို့ လာရဲခြင်းမှာ မူယန်တွင် အားကိုးစရာတစ်ခုခု မရှိဘဲ မည်သို့ နေမည်နည်း။ အံ့အားသင့်နေရန်အချိန်မရှိရာ သူက သူ၏အင်္ကျီလက်ကိုတိုက်ရိုက် ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"နဂါးတစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းအစီအရင် " အစီအရင်တောင်ထိပ်၏တောင်ထိပ်သခင် အနေဖြင့် သူယုံကြည်မှုအပြည့်ရှိနေလျှင်ပင် တာအိုသခင်မုယန်က အစီအရင်များကိုကြိုတင်ချထားခဲ့သေး၏။
နှစ်ပေါင်းများစွာအတွင်းလှုပ်ဆောင်ခဲ့သော ဤအလေ့အကျင့်က ယနေ့ သူ၏အသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်။
ဟိန်းဟောက်သံများကြားတွင် ဘိဟိုင်က လှိုင်းများ ထန်လာပြီးတောင်များကြားရှိ ကျောက်တုံးများလေထဲတွင်တွဲလောင်းကျနေကာ ရှုပ်ထွေးလှသော အစီအရင်ပုံစံအများအပြားထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သောနဂါးများက လေထဲမှနေ၍ ဖြစ်ပေါ်လာကြကာ မုတ်ဆိတ်များ၊ လက်သည်းများ၊အကြေးခွံများနှင့် အမွေးများဖြင့် အသက်ဝင်နေသကဲ့သို့ဖြစ်နေပြီး သူတို့၏ဟိန်းဟောက်သံများကဖော်ပြ၍မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသည့် နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နေခဲ့ချေသည်။
သူတို့ တစ်ပြိုင်နက်တည်းကောင်းကင်သို့ ပျံတက်သွားပြီးကောင်းကင်ကန့်လန့်ကာကို ဖြတ်ကျော်ကာလမ်းလျှောက်လာသောပုံရိပ်ကို တိုက်ခိုက်လိုက်၏။
ရှန်းယီ၏ခြေလှမ်းများက လျင်မြန်ခြင်းလည်းမရှိသကဲ့သို့နှေးကွေးခြင်းလည်းမရှိချေ။
သားအဖနှစ်ဦး၏အမြင်တွင် သွယ်လျသောပုံရိပ်၏အနောက်တွင်ကြီးမားကာမြင့်မားပြီး ထိုင်နေသောရွှေရောင်ခန္ဓာပုံရိပ်ယောင်တစ်ခုကို ဝိုးတဝါး မြင်တွေ့ရ၏။
ရွှေရောင်ခန္ဓာက တည်ငြိမ်နေပြီးမျက်လုံးများ မှိတ်ထားချေသည်။
သို့သော် နဂါးတစ်သောင်းတိုက်ခိုက်လာသောအခါ ရှန်းယီ နှင့် အနီးသို့ပင် မရောက်သေးခင် သဏ္ဍာန်မဲ့နေသော အင်အားတစ်ခု၏ဖိနှိပ်မှုကို ခံလိုက်ရသည့်အလား ထိုနေရာတွင်ပင်အေးခဲသွားကြပြီးနောက် ရုတ်တရက်အပိုင်းပိုင်းအစစကြေမွသွားခဲ့ကြသည်။
ဤထူးဆန်းသော မြင်ကွင်းကတာအိုသခင်မုယန် ကို အံ့အားသင့်ဆွံ့အသွားစေခဲ့၏။ "..."
ရှန်းယီ ထိုသူနှစ်ဦးရှေ့သို့ အေးအေးဆေးဆေး လျှောက်လာခဲ့သည်။
နဂါးတစ်သောင်းနတ်ဆိုးဖိနှိပ်ခြင်းလော။
အသွေးအသားဖြင့် ဖွဲ့စည်းထားသော နတ်ဆိုးဖိနှိပ်သူတစ်ဦးအနေဖြင့်၊ သေမျိုးလောကတွင် လှည့်လည်သွားလာနေသော လောကခရီးသည်ကျင့်ကြံသူ တစ်ဦးအနေဖြင့်၊ မဟာအာဟတ်အသီးအပွင့်အဆင့်သို့ရောက်ရှိထားပြီး ကျားနဂါးဖိနှိပ်ခြင်းဟူသော အမည်နာမကိုကျွမ်းကျင်စွာပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့်...
"ဘယ်သူကနတ်ဆိုးလဲဆိုတာကို ဒီအရှင်ကပဲ ဆုံးဖြတ်မယ်၊ပြီးတော့ အဲဒါက နတ်ဆိုးပဲ"
"နားလည်လား" လူငယ်လေး၏ခံစားချက်ကင်းမဲ့သောစကားလုံးများနှင့်အတူ ကြီးမားမြင့်မားလှသောရွှေရောင်ခန္ဓာပုံရိပ်ယောင်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး မိုးနှင့်မြေကို ဖုံးအုပ်နိုင်လောက်အောင်ကြီးမားသော ၎င်း၏လက်က လူနှစ်ဦးဆီသို့ တည့်တည့်ဆန့်ထွက်လာခဲ့သည်။
"အာ" လျိုရွေ့ဖုန်း၏မျက်လုံးများက ရွှေရောင်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရပြီး ဆင်းသက်လာသောလက်ဖဝါးထဲမှ တွင်းနက်ကြီးများနှင့်တူသော လက်ဖဝါးအက်ကွဲကြောင်းများကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်၏။
သူ၏မျက်လုံးများက မျက်လုံးသူငယ်အိမ်ထဲမှ ထွက်ကျလာမတတ်ပြူးကျယ်နေပြီး အလိုအလျောက်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်လှသည့် နည်းစနစ်မျိုးကို ဤပဉ္စမအဆင့် ကောင်းကင်ဘုံမသေမျိုးနယ်ပယ်ကျင့်ကြံသူအနေဖြင့် သူ၏တစ်သက်တာလုံး နားလည်နိုင်စွမ်းရှိမည်မဟုတ်ပေ။
သူ၏ဖခင် အလွယ်တကူသတ်ဖြတ်နိုင်မည့် ဂျူနီယာကျင့်ကြံသူတစ်ဦးဟု သူ ထင်မှတ်ထားခဲ့သူက ယခုအခါ သူ၏ဝိညာဉ်ပျက်သုန်းသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခံစားရစေခဲ့ချေသည်။
ထိုလက်ဖဝါးများကြားတွင် ရွှေရောင်မြစ်တစ်စင်း စီးဆင်းနေပြီး လောကရှိ မိစ္ဆာနတ်ဆိုးများ အားလုံးကို ဖိနှိပ်ထား၏။
အောက်သို့ဖိချလာသော ဧရာမ လက်ကြီးမှ ဖြစ်ပေါ်လာသောလှိုင်းဂယက်များကပင် လျိုရွေ့ဖုန်း၏ခန္ဓာကိုယ်ကို တိတ်တဆိတ် အရည်ပျော်သွားစေခဲ့သည်။
တာအိုသခင်မုယန်တွင် သူ့သားကို ဂရုစိုက်ရန် အချိန်မရှိတော့ဘဲ နောက်ထပ်စကားတစ်ခွန်းမျှမပြောရဲတော့ဘဲလှည့်ကာ ထိုက်ရွှီနယ်ပယ်အတွင်းသို့ထွက်ပြေးသွားပြီး ရှန်းရွှီတောင်ဆီသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့ပါသည်။
သို့တိုင်အောင် သူက ရွှေရောင်မြစ်ကြီး၏လွှမ်းခြုံမှုကို ခံလိုက်ရသေး၏။
တာအိုသခင်မုယန် ထိတ်လန့်တကြားဖြင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ ထိုက်ရွှီနယ်ပယ်၏မြူများဖုံးလွှမ်းနေသောအဆုံးတွင် ထိုရွှေရောင်လက်ဖဝါးကြီးက မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲသူ့နောက်သို့ လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။
အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် သူ၏ပတ်ဝန်းကျင်က ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ချေသည်။
ကောင်းကင်တိုင်ထောက်တိုင်ကဲ့သို့သော လက်ချောင်းများက ဟင်းလင်းပြင်ကိုဖြတ်၍ ဆုပ်ကိုင်လာပြီး မုယန်၏အမြင်အာရုံကို လုံးဝဖုန်းလွှမ်းသွားကာ အရာအားလုံး အမှောင်အတိ ကျသွားပြီး သတိလစ်သွားသည်အထိ ရွှေရောင်မြစ်ကြီး၏ဝါးမျိုမှုကို ကူကယ်ရာမဲ့စွာကြည့်နေခဲ့ရ၏။
ထိုက်ရွှီနယ်ပယ်၏အပြင်ဘက်၊ ဘိဟိုင်၏အထက်တွင်..
ရှန်းယီ သူ၏လက်ကို ရုပ်သိမ်းလိုက်ပြီး သူ၏လက်ချောင်းထိပ်ရှိ သွေးစက်ကိုကြည့်ကာ အနည်းငယ်ရွံရှာစွာဖြင့် ခါထုတ်လိုက်၏။
သူ ခေါင်းကိုပေါ့ပေါ့ပါးပါးလှည့်လိုက်ရာ ယဲ့လန်၏မယုံကြည်နိုင်သောအကြည့်နှင့် ဆုံတွေ့လိုက်ရပါသည်။
"နင့်ရဲ့... အသီးအပွင့်အဆင့်က ပြီးပြည့်စုံသွားပြီလား"