← Chapters

ချင်းလွမ်၏ မေးခွန်းသုံးခု

Vol. 109 Ch. 1087

ချင်းလွမ်၏ မေးခွန်းသုံးခု

Vol. 109 Ch. 1087

နတ်ဘုရားနယ်မြေ၏အစွန်အဖျား၊ ရေများဖြင့်နယ်နိမိတ်ခြားထားသောနေရာတွင် ဒေသလေးခုအဖြစ်ခွဲခြားထားသော ဟုန်ကျယ်တည်ရှိသည်။

ဂိုဏ်းများက သူတို့၏သဘောထားကွဲလွဲမှုများကို ယာယီဘေးဖယ်ထားကာပြန်လည်စည်ပင်လာစေရန်နှင့် တိတ်တဆိတ်ကြီးပွားတိုးတက်စေရန်အတွက် ဟုန်လေးခု၏နယ်နိမိတ်များကို ပြန်လည်ရေးဆွဲခဲ့ကြ၏။

သို့တိုင်အောင် ကြည်လင်သောရေများမှ ဖျောက်ဖျက်၍မရနိုင်သော သွေးနံ့များထွက်ပေါ်နေဆဲဖြစ်ပုံရ၏။

လွန်ခဲ့သောနှစ်များက ကြီးမားသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးက ဟုန်ကျယ်ရှိ သက်ရှိအားလုံး၏စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ချေသည်။

ဤမိုးပြာရောင်ကောင်းကင်က မည်သည့်နေရာမှ ရောက်လာသည်ကို လူတိုင်းသိရှိကြ၏။

သို့သော် မကြာသေးမီက ကောင်းကင်ကန့်လန့်ကာ၏တည်ငြိမ်မှုပ သိပ်သည်းသော ရွှေရောင်အလင်းတန်းများကြောင့် ပျက်စီးသွားခဲ့သည်။

တစ်ချိန်က မသေမျိုးခုံရုံးထံမှ ရိုးရှင်းသော အကြောင်းပြန်စာမှနေ၍ ပြောင်းလဲလာသော ရွှေရောင်အလင်းတန်းတစ်ခုက လောကကြီးကို ပြောင်းလဲစေမည့် အပြောင်းအလဲတစ်အဖြစ်မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကာ ပေါင်းစည်းခြင်းနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူအများအပြားကို ရူးသွပ်သွားခဲ့၏။

ယခုအခါ မသေမျိုးခုံရုံးက ဤဟုန်ကျယ်သို့ ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများကို အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျစေလွှတ်လိုက်ပြီ ဖြစ်သည်။

ထို့အတူ ဤနေရာရှိ သက်ရှိများ၏နှလုံးသားထဲတွင် နက်ရှိုင်းသောအကြောက်တရားသာ ကျန်ရစ်တော့၏။

"သူ ပြန်လာပြီလား" တောင်ပိုင်းဟုန်၏သားတော်ခုနစ်ပါးအနက် ကျန်ရှိနေသော ဂိုဏ်းချုပ်သုံးဦးက ခက်ထန်သောအမူအရာများဖြင့် အရှေ့ပိုင်းဟုန်သို့ အလျင်အမြန် ရောက်ရှိလာကြသည်။

"အခုလေးတင်ရောက်တာပါ အကြီးအကဲတို့၊ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ" နဂါးဖြူမောင်နှမတို့ထွက်ခွာသွားပြီးနောက် ကျစ်လန်က အရှေ့နဂါးနန်းတော်၏ထိန်းသိမ်းသူအဖြစ် တာဝန်ယူခဲ့၏။

သူမက ထိုသူအနည်းငယ်ကိုခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့ရာ စားပွဲတစ်ခု၏ရှေ့တွင် လေးနက်စွာရပ်နေသော ကျစ်ရှန်း နှင့် မင်းသားကျစ်ယန် တို့ကို မြင်တွေ့လိုက်ရသည်။

၎င်း၏အထက်တွင် သန့်ရှင်းသော နဂါးခေါင်းတစ်ခုက လေထဲတွင်တွဲလောင်းကျနေပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းကို အာရုံစိုက်ကာ လေ့လာနေ၏။

"ကျင့်ကြံသူ ကျစ်ရွှမ် " လင်းယွဲ့ဂိုဏ်းချုပ် ချီယန်ရှန်းက တစ်ခဏမျှတုန့်ဆိုင်းသွားပြီးနောက် ဝမ်းမြောက်မှုနှင့် အံ့အားသင့်မှုတို့ဖြင့် ပုံရိပ်ကို နှုတ်ဆက်လိုက်သည်။

ကျင့်ကြံသူ ကျစ်ရွှမ်က ရှီယန်၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရ၏။ သူ၏ခေါင်းက နဂါးနန်းတော်တွင်မြင့်မားစွာ ချိတ်ဆွဲခံထားရပြီး သူ၏ဝိညာဉ်ကလည်းအကျဉ်းချခံထားရကာ သေခြင်းထက် ပို၍ ဆိုးရွားသောကံကြမ္မာတစ်ခု ဖြစ်ချေသည်။

ယခုအခါ ခေါင်းတစ်လုံးအနေဖြင့်သာ ပေါ်လာသော်လည်း အနည်းဆုံးတော့ သူ ပြန်လည် အသက်ရှင်နေပြီဖြစ်ပါသည်။

"ဒါက ကျန်းယန်စီရင်စုရဲ့ မြေစောင့်မသေမျိုးပါ" ထို့နောက် မင်းသားကျစ်ယန်က သူ၏ဘေးရှိ အကျွမ်းတဝင်မရှိသော လူအိုကြီးကို မိတ်ဆက်ပေးလိုက်သည်။

"အကြီးအကဲမင်က မသေမျိုးခုံရုံးရဲ့ အဋ္ဌမအဆင့် မသေမျိုးအရာရှိတစ်ဦးပါ။ သူက ကျွန်တော်တို့ကို ဒီကို လိုက်ပို့ပေးခဲ့တာပါ"

"မသေမျိုးကို ကျွန်တော်တို့ အရိုအသေပေးပါတယ်"

ဂိုဏ်းချုပ်များက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြပြီး သူတို့၏နှလုံးသားများထဲတွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်နေခဲ့သည်။

ဤအရာက နတ်ဘုရားနယ်မြေပင်၊ မောင်နှမနှစ်ယောက်ဟာ အချိန်တိုလေးအတွင်း အပြင်ထွက်သွားပြီးနောက် အစစ်အမှန် မသေမျိုး တစ်ပါးနှင့် မိတ်ဆွေဖြစ်ရုံသာမက သူတို့ကိုပင် လိုက်ပို့ပေးခဲ့သည်ဖြစ်ရာ လွန်စွာဂုဏ်ယူဖွယ်ကောင်းလေ၏။

"ဒီလို တခမ်းတနားကြီးတွေ လုပ်စရာမလိုပါဘူး" မင်ကျစ်ရန်က ယဉ်ကျေးစွာဖြင့်နှုတ်ဆက်စကား ပြန်လည်ပြောကြားလိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာချင်စိတ်ဖြစ်နေခဲ့ချေသည်။

အရာရှိရှန်းက ဤကဲ့သို့သော ဝေးလံခေါင်ဖျားသည့် ရေနေဒေသမှပေါ်ထွက်လာသည်ကို စိတ်ကူးကြည့်ရန် သူ့အတွက်ခက်ခဲလှ၏။

"အမှန်ပါပဲ၊ အရှေ့ပိုင်းဟုန်ကို ကျုပ်ပြန်လာနိုင်တာက ခင်ဗျားတို့ရဲ့ဂိုဏ်းချုပ်ရှန်းကျေးဇူးကြောင့်ပါ။ တိတိကျကျပြောရရင် ကျုပ်ကခင်ဗျားတို့အားလုံးကို အရိုအသေပေးရမယ့်သူပါ"

အရှေ့ဘက်နဂါးဘုရင်က နောက်ဆုံးတွင် စာရွက်ပေါ်မှ အကြည့်ကိုဖယ်ခွာလိုက်ပြီး ဟန်ဆောင်ပြုံးကာ နောက်ပြောင်လိုက်ချေသည်။

"အခု ကျုပ်မှာ ခန္ဓာကိုယ်မရှိတာကတော့ နှမြောစရာပါပဲ၊ဒါကြောင့် ဒီတစ်ခါတော့ အကြွေးမှတ်ထားလိုက်ပါမယ်။နောက်တစ်ချိန်ကျမှ ပြန်ဆပ်ပါ့မယ်"

"..."

ချီယန်ရှန်း နှင့် တန်းရှန့်ကျွင်း အပါအဝင် အခြားသူများက မရယ်မောနိုင်ခဲ့ကြချေ။

သူတို့ရ ခန်းမကြီးကို နောက်တစ်ကြိမ်အကဲခတ်လိုက်ကြသော်လည်း သူတို့၏စိတ်ထဲရှိ ရင်းနှီးနေသော ပုံရိပ်ကိုမတွေ့ခဲ့ရပေ။

"သူ... ပြန်မလာဘူးလား" ရှီယန် ကျဆုံးသွားသည့် အချိန်မှစ၍ ရှန်းယီကဟုန်ကျယ်တစ်ခုလုံး၏ မဏ္ဍိုင်ဖြစ်လာခဲ့၏။

လူတိုင်း၏ခံစားချက်များမှာ ရှုပ်ထွေးနေပါသည်။ဤရှုပ်ထွေးသော အခြေအနေထဲတွင် သူ နောက်တစ်ကြိမ် ထပ်မံမပါဝင်လာစေရန် သူတို့ မျှော်လင့်ခဲ့ကြသော်လည်း သူမရှိသည့်အခါတွင် မသက်မသာဖြစ်မှုတစ်ခုက သူတို့၏နှလုံးသားထဲသို့ ရှင်းပြ၍မရနိုင်လောက်အောင် ဝင်ရောက်လာခဲ့သည်။

"အရာရှိရှန်းက လေးစားရတဲ့ အဆင့်အတန်းရှိပြီး ကိစ္စရပ်များစွာနဲ့ အလုပ်ရှုပ်နေတာပါ။ ကျွန်တော်တို့လိုအောက်ခြေက ကျင့်ကြံသူတွေအနေနဲ့ သူနဲ့ တကယ်ပဲ အဆက်အသွယ် မရနိုင်ပါဘူး"

အခြား မည်သူမျှစကားမပြောမီ မင်ကျစ်ရန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။

သူ အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ယခုအခါ မသေမျိုးခုံရုံး နှင့် နတ်ဘုရားမင်းဆက်ကြားရှိ ဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးနေချေပြီ။ ကျန်းယန်စီရင်စုသခင် နှင့် အလွန်ရင်းနီး‌သောဆက်ဆံရေးရှိနေလျှင်ပင် သူက ယခင်ကကဲ့သို့ အင်ပါယာခုံရုံး၏ကိစ္စရပ်များကို ပေါ့ပေါ့ပါးပါး မေးမြန်း၍ မရနိုင်တော့ပေ။

၎င်းကို ကြားလိုက်ရသောအခါ တောင်ပိုင်းဟုန်မှ ဂိုဏ်းချုပ်များက ထိုနေရာတွင်ပင် အံ့အားသင့်သွားခဲ့ကြ၏။

အစစ်အမှန် မသေမျိုး တစ်ပါးက သူတို့၏နန်ယန် ဂိုဏ်းချုပ်အကြောင်းကို ဤမျှနှိမ့်ချစွာ ပြောဆိုနေသည်လော။

အချိန်တိုလေးအတွင်းမှာပင် ရှန်းယီက မသေမျိုးထက်ပင် ပိုမိုမြင့်မားသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပြီလော။

"ရပါတယ်... ရပါတယ်" ချီယန်ရှန်းက သူ၏လက်များကို ဝှေ့ယမ်းကာပယ်ချလိုက်ပြီး သူ၏သဘောထားမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့ချေသည်။

အကယ်၍ ဂိုဏ်းချုပ်ရှန်းသာ အခြေအနေကောင်းနေပါက သူပြန်မလာခြင်းက အမှန်တကယ်ပင် ကောင်းသောအရာဖြစ်၏။

"အလုပ်ရှုပ်နေတာ ကောင်းပါတယ်" တန်းရှန့်ကျွင်း၏မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့ချေသည်။ နန်ယန်၏ကြီးပွားတိုးတက်မှုက ယခုအခါ ဟုန်ကျယ်အပေါ် ရောင်ပြန်ဟပ်နေပြီး နတ်ဘုရားနယ်မြေတစ်လျှောက် မဟာနေမင်းကြီး၏ တောက်ပမှုကိုဖြန့်ကြက်နေပြီဖြစ်ပါသည်။

သူက တောင်ပိုင်းဟုန်၏သားတော်ခုနှစ်ပါးကို အဆင့်အတန်းအသစ်တစ်ခုသို့ အမှန်တကယ်ပင်မြှင့်တင်ပေးခဲ့ချေပြီ။

သူတို့အသစ်သောနေမင်းကြီးက မည်သို့လုပ်၍ အစွန်းအထင်း သို့မဟုတ် အပြစ်အနာအဆာ တစ်ခုခုရှိနေနိုင်မည်နည်း။

ဤကိစ္စရပ်များကို ဟုန်ကျယ်တွင်သာ မြှုပ်နှံထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"ဒါဆို တကယ်တမ်းဘာကိစ္စရှိလို့လဲ" မင်ကျစ်ရန်က မမေးဘဲ မနေနိုင်ခဲ့ချေ။

သူ၏လေ့လာတွေ့ရှိချက်များအရ ဤနေရာရှိ ကျင့်ကြံသူများ၏အမြင့်ဆုံးအဆင့်မှာ နဝမအဆင့်သာ ဖြစ်၏။

ယုတ္တိတန်စွာ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ကိစ္စရပ်များက အရာရှိရှန်းကို ထိခိုက်စေနိုင်စရာ အကြောင်းမရှိပေ။

သို့သော် မြောက်ပိုင်းဟုန်တွင် မသေမျိုးအလင်းတန်းများစုဝေးနေခြင်းက ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပုံမှန် မဟုတ်ပေ။

ထို မြင်ကွင်းက ထိုက်ယင်နတ်ဆိုးမသေမျိုးတစ်ပါးအပေါ်တွင်ပင် ကြီးမားစွာဖိအားပေးနိုင်၏။

ခန်းမကြီးတိတ်ဆိတ်သွားပြီး မည်သူမျှ အကြောင်းမပြန်ခဲ့ချေ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မင်းသား ကျစ်ယန်က စာရွက်စာတမ်းကို ယူလိုက်၏။

"အခြေအနေတွေက ဒီအထိရောက်လာပြီဆိုမှတော့ အတိတ်က မပြီးမြောက်ခဲ့တဲ့အရာတွေကို ကျွန်တော်တို့ ပြန်လုပ်ရမှာပဲ"

"ကျွန်တော်တို့ အခုလုပ်နိုင်တာက စွမ်းအားကြီးမားတဲ့ မဟာစစ်သူကြီး ချင်းလွမ်ဟာ တရားမျှတပြီး ဘက်မလိုက်ဘူးဆိုတဲ့ သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ပဲ ကိုက်ညီပါစေလို့ မျှော်လင့်ရုံပါပဲ"

သက်ရှိများစွာအတွက် အချို့သောအရာများက ရွေးချယ်စရာ မရှိချေ။

မြင့်မားသော မသေမျိုးခုံရုံး၏ရှေ့မှောက်တွင် ဟုန်ကျယ်မှ ရှေ့ထွက်နိုင်သည့် အရေးအပါဆုံး ပုဂ္ဂိုလ်မှာ နတ်ဘုရားမင်းဆက်တွင် မိုးခေါ်တမန်အဖြစ် တာဝန်ထမ်းဆောင်နေသော မင်းသား ကျစ်ယန်သာဖြစ်ချေသည်။

ဤအဆင့်အတန်းက မင်ကျစ်ရန်ကဲ့သို့ မြေစောင့်မသေမျိုး၏မျက်လုံးထဲတွင်ပင် အနည်းငယ်အရေးမပါသေးရာ အစစ်အမှန် ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများကိုဖြစ်စေ သို့မဟုတ် စတုတ္ထအဆင့်ရာထူးကို ကိုင်ဆောင်ထားသော စစ်သူကြီးချင်းလွမ်ကိုဖြစ်စေ ဆိုဖွယ်ရာပင် မရှိတော့ချေ။

သတင်းကောင်းမှာ အရည်အချင်းရှိသူ အများစုက ဟုန်ကျယ်မှ ထွက်ခွာသွားကြပြီး သူတို့၏ကိုယ်ပိုင် အနာဂတ်များကိုလုံခြုံစေကာ အခြားနေရာများတွင် အခြေချနေကြခြင်းဖြစ်၏။

ဟုန်ကျယ် ဖျက်ဆီးခံရလျှင်ပင် အသက်ရှင်သန်ရန်မျှော်လင့်ချက်ရောင်ခြည်တစ်ခုရှိနေဆဲပင်။

ရှည်လျားသော နှစ်ကာလများအတွင်း သူတို့ထဲမှ ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွက်လာကောင်း ပေါ်ထွက်လာနိုင်၏။ အချိန်ကျရောက်လာသောအခါ ဟုန်ကျယ်ကိုကာကွယ်ရန် နောက်ကျမည် မဟုတ်ပေ။

ထွက်သွားပြီးမှ ပြန်လာခဲ့ကြသော မောင်နှမ ကျစ်ယန် နှင့် ကျစ်ရှန်းတို့နှင့် ပတ်သက်၍မူ၊သူတို့က ဟုန်ကျယ်၏ဒေသခံ နဂါးမျိုးနွယ်များ ဖြစ်ကြပြီး သူတို့၏ကြီးမားသော နာကြည်းမှုကို ကလဲ့စားချေပြီးပြီဖြစ်ရာ သူတို့တွင် နောက်ထပ်စိုးရိမ်စရာများ မရှိတော့ဘဲ ဤနယ်မြေနှင့်ကံကြမ္မာကိုသဘာဝကျကျပင် မျှဝေခံစားရမည်ဖြစ်သည်။

All Chapters