ချင်းလွမ်၏မေးခွန်းသုံးခု ၂
Vol. 109 Ch. 1088
"သွားကြရအောင်"
ကျစ်ယန်က ထူးထူးခြားခြားပင် အရှေ့ဘက်နဂါးဘုရင်၏အရှေ့မှ လျှောက်သွားခဲ့၏။ သူ၏ဖခင်မှာ ယခုအခါခေါင်းတစ်လုံးတည်းသာ ကျန်ရှိတော့ရာ ဤလူအိုကြီးကို မျိုးဆက်သစ်များအတွက် အဘယ်ကြောင့် ထပ်မံဒုက္ခခံစေနိုင်မည်နည်း။
"သေသွားရင်တောင်မှ အကြောင်းပြချက်ကို ငါတို့ သိရမယ်" သူက ဟုန်လေးခု၏တံဆိပ်တုံးများ ရိုက်နှိပ်ထားသော အသနားခံစာတစ်စောင်ကို ကိုင်ဆောင်ထားပြီး စာလုံးတစ်လုံးစီက ဟုန်ကျယ်ရှိ မရေမတွက်နိုင်သော သက်ရှိများ၏နာကြည်းမှုနှင့် မကျေနပ်မှုများကို ကိုယ်စားပြုနေ၏။
ရှီယန်၏နောက်ဆုံးအမိန့်ဖြစ်သော ဟုန်ကျယ်ကိုရှင်းလင်းရန်အမိန့်အပေါ် အခြေခံ၍ သူက မသေမျိုးဟူသော ဘွဲ့နှင့် မည်သို့လုပ်၍ ထိုက်တန်နိုင်မည်နည်း။
ပုန်ကန်ခြင်းက တရားမျှတမှု မရှိဘူးလော။
ခန်းမကြီး၏အပြင်ဘက်တွင် ဟုန်ကျယ်မှ ကျင့်ကြံသူများက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြချေသည်။
အရှေ့ဆုံးတွင် ရတနာပန်းပွင့်ဂိုဏ်းချုပ် နှင့် နတ်သမီးပေါင်ဟွားတို့ ရှိနေကြ၏။
အဘွားအိုနှင့် မိန်းကလေးတို့က ထွက်ပေါ်လာသော လူများကို တွေဝေစွာကြည့်နေခဲ့ကြသော်လည်း သူတို့၏နှလုံးသားထဲမှ တန်ဖိုးထားရသူတစ်ဦးစီကို ဘယ်သောအခါကမျှ မမြင်တွေ့ခဲ့ရချေ။
ရွှမ်ချင်းလည်း ပြန်မလာခဲ့သလို ရှန်းယီလည်း မရှိခဲ့ပေ။
ကျဆုံးသွားသော ပါရမီရှင်က ဘဝသစ်တစ်ခုကို ရှာတွေ့သွားခဲ့ပြီး ဟုန်ကျယ်၏အရှင်သခင်ကလည်း အာရုံစိုက်ရမည့် ပိုမိုအရေးကြီးသော ကိစ္စရပ်များ ရှိနေနိုင်သည်။
မည်သို့ပင်ဆိုစေ ဟုန်ကျယ်က သူတို့၏လမ်းကြောင်းပေါ်ရှိ အရေးမပါသောဖြတ်တန်းရာတစ်ခုသာဖြစ်ပြီး သူတို့ကိုယ်တိုင်မှာမူ ထိုနေရာအတွင်းရှိထင်ရှားမှုမရှိသော ပန်းများနှင့် မြက်ခင်းများသာဖြစ်ကြ၏။
ကျင့်ကြံသူများက သူတို့ရှေ့ရှိ မြင်ကွင်းကို နားလည်သွားပုံရချေသည်။ သူတို့၏ စိတ်ပျက်မှုမှာခဏတာမျှသာဖြစ်ပြီး မကြာမီမှာပင် သူတို့၏စိတ်ခံစားချက်များကို ပြန်လည်ညှိယူကာ မြောက်ပိုင်းဟုန်ရှိရာ မြောက်ဘက်သို့ လေးနက်စွာ ကြည့်ရှုလိုက်ကြ၏။
မသေမျိုးခုံရုံးဆိုရင်ရော ဘာဖြစ်လဲ။
၎င်းက လူသားများ၏မွေးရာပါ ရှင်သန်လိုသည့် ဗီဇကိုမတိုက်စားနိုင်ချေ။ ဟုန်ကျယ်က အပြစ်ကင်းစင်၏။
ကျစ်ယန် ၏ ဦးဆောင်မှုအောက်တွင် မှော်ရတနာများကို ကိုင်ဆောင်ထားသော လူအုပ်ကြီးက ရေပြင်မှနေ၍ကောင်းကင်သို့ ပျံတက်သွားပြီး မြောက်ဘက်သို့ ဦးတည်သွားကြချေသည်။
...
မြောက်ပိုင်းဟုန် ၊ မသေမျိုးစံအိမ်
များပြားလှသော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများက လေထဲတွင်ဧရိယာကို ဝန်းရံထားပြီး အားလုံးက တောက်ပသော ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ထားကာ လှံရှည်များကို ကိုင်ဆောင်ထားကြ၏။
နန်းတော်အတွင်းတွင် လူနှစ်ဦးက တည်ငြိမ်စွာ ထိုင်နေပြီး လူနှစ်ဦးက မတ်မတ်ရပ်နေကြချေသည်။
အလည်အပတ်အဖြစ်ရောက်နေသော ချီဖုန်းကြယ်တာရာက အဓိကနေရာတွင်ရဲတင်းစွာ ထိုင်နေပြီး အစစ်အမှန်ခေါင်းဆောင်ဖြစ်သော ချင်းလွမ်မှာမူ သူ၏ဘေးတွင် ထိုင်နေ၏။
ဟုန်ကျင်းက ချင်းလွမ်၏အနောက်တွင် ရပ်နေပြီး ချင်းဟွာမှာမူ ခန်းမ၏အလယ်တွင် ရပ်နေချေသည်။
"သတ်ဖြတ်ချင်တဲ့အရှိန်အဝါက တော်တော်လေး သိပ်သည်းတာပဲ"
ဟုန်ကျင်းက ခန်းမထဲမှအပြင်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာသည် အေးခဲနေ၏။
ဟုန်ကျယ်တွင် ရက်အတော်ကြာ ရှိနေခဲ့သဖြင့် ရှီယန် ပျောက်ဆုံးသွားကြောင်းကို သူ သေချာပေါက် သိရှိထားချေသည်။
ဟုန်ကျယ်၏အုပ်ထိန်းသူများ၊ မြေစောင့်မသေမျိုးအရာရှိတစ်ဦး အရိပ်အယောင်မျှမကျန် ပျောက်ဆုံးသွားရခြင်းမှာ အဓိပ္ပါယ်မရှိလှချေ။
ထို့ပြင် ဤလူက သူနှင့် ဆက်နွှယ်မှုရှိပြီး တူတော်မောင်တစ်ဦးဖြစ်ရာ သူ မည်သို့လုပ်၍ ဒေါသမထွက်ဘဲ နေမည်နည်း။
ထိုသိပ်သည်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါနှင့် အနံ့ဆိုးများကို ထည့်တွက်မည်ဆိုလျှင် ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ထင်ရှားလှ၏။
တုန်လှုပ်ချောက်ချားစရာပင်
သေမျိုးအုပ်စုတစ်စုက ဤကဲ့သို့သော လူမဆန်သည့် လုပ်ရပ်များကို မသေမျိုးခုံရုံးထံမှ ဖုံးကွယ်ထားရဲသည်။
အရှင်ချင်းလွမ် က ၎င်းကို အလွတ်မပေးရန် ငြင်းဆိုခဲ့ခြင်းသာ မရှိခဲ့လျှင်ဤသားရဲများက ၎င်းကို အမှန်တကယ်ပင် ဖုံးကွယ်ထားနိုင်ပါလိမ့်မည်။
မသေမျိုးအရာရှိ တစ်ဦးကိုပင် သတ်ရဲသည်ဖြစ်ရာ သူတို့ မလုပ်ရဲသည့်အရာရှိသေးသည်လော။
"..."
ချီဖုန်းက တရားထိုင်ရန်မျက်လုံးများကို မှိတ်ထားလိုက်၏။
ဤနေရာသို့ မလာရောက်မီက သူကိုယ်တိုင်ပင် ဤကဲ့သို့သောမြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကိစ္စရပ်မရှင်းလင်းမချင်း မသေမျိုးခုံရုံး၏အစစ်အမှန်နတ်ဘုရား တစ်ပါးအနေဖြင့် သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
သို့သော် ချင်းလွမ်မှာမူ ၎င်းကို မျှော်လင့်ထားပုံရပြီး သူ၏တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားချေသည်။
သူသည် နောက်ထပ် မေးခွန်းတစ်ခု မေးရန်ပင် စိတ်ကူးရှိနေသေး၏။
"ချန်ချင်း...ကောင်းကင်ဘုံကို တက်လှမ်းလာကတည်းက မိုးမြေကအသိအမှတ်ပြုထားတဲ့ ကမ္မကုသိုလ်မသေမျိုးတစ်ပါး ဖြစ်တာကြောင့် ဘယ်သူကမှ မင်းရဲ့နောက်ခံအကြောင်းကို မမေးမြန်းခဲ့ကြဘူး။ဒါပေမယ့် အခု ဒီစစ်သူကြီးမှာ မေးစရာတစ်ခု ရှိတယ်"
ချင်းလွမ် သည် သူ၏ အကြည့်ကို သူ၏ရှေ့ရှိ ရွှေရောင်ခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာ ပင့်လိုက်၏။ "မင်းက ဘယ်ကလာတာလဲ"
၎င်းကို ကြားလိုက်ရသောအခါ ချင်းဟွာ လေးနက်စွာ ဦးညွှတ်လိုက်ပြီးအချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက တိုးညှင်းစွာပြောလိုက်ချေသည်။ "ကျွန်မ ဟုန်ကျယ် က လာတာပါ"
အခြေအနေက ဒီအထိ ရောက်နေပြီဆိုတော့ ထပ်ပြီး ဖုံးကွယ်နေလို့ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။
ဟုန်ကျယ်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ချင်းလွမ် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သိမ်မွေ့သော လှောင်ပြောင်မှုတစ်ခု သူ၏မျက်နှာပေါ်တွင် တဖြည်းဖြည်းပေါ်လာခဲ့ချေ၏။
"အသွေးအသားနဲ့ပြုစုပျိုးထောင်ခဲ့တာပေါ့လေ။ငရဲပြည်လို ငရဲကျနေတဲ့ နေရာကနေ ဒီလို ကုသိုလ်မျိုးရအောင် မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"
"..."
ချင်းဟွာက ထိုလှောင်ပြောင်မှုကို ဂရုမစိုက်ခဲ့ဘဲ သူမ၏လက်ဖဝါးများကိုသာ အောက်ချကာ ခန်းမ၏ အပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော ကျယ်ပြန့်သည့် ကောင်းကင်ယံက ယခုအခါ ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ ၏ အစောင့်အကြပ် ကန့်သတ်နယ်မြေအတွင်းသို့ ချဉ်းကပ်လာနေပြီ ဖြစ်ချေသည်။
"သူတို့ကို ဝင်ခွင့်ပေးလိုက်" သူမက လက်ကို အနည်းငယ် မြှောက်ကာ အမိန့်ပေးလိုက်၏။
ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများက အနည်းငယ် တုံ့ဆိုင်းသွားကြချေသည်။ စစ်သူကြီးချန်ချင်းက အကြီးအကဲဖြစ်သော်လည်း သူမက စုံစမ်းစစ်ဆေးခံနေရသူဖြစ်ကြောင်း ရှင်းလင်းလှ၏။
ယိုယွင်ရှန်း၏အမူအရာမှာ လေးနက်နေပြီး သူက အချက်ပြလိုက်ရာ သူကွပ်ကဲနေသော စစ်သား ငါးရာက တိတ်တဆိတ် လူစုကွဲသွားကြပြီး သူတို့ဘေးရှိလုပ်ဖော်ကိုင်ဖက်များကို အတင်းအကျပ် ဖယ်ရှားကာ လမ်းကြောင်းတစ်ခုရှင်းလင်းပေးလိုက်ကြချေသည်။
"မသေမျိုးစစ်သူကြီး ကို ကျေးဇူးအများကြီး တင်ပါတယ်" ကျစ်ယန်က တိုးညှင်းစွာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"ယဉ်ကျေးနေစရာ မလိုပါဘူး၊ အရာအားလုံးကို သေချာရှင်းပြဖို့သာ မှတ်ထားပါ၊ ကိုယ့်ကိုယ်ကိုယ်လည်း လမ်းမမှားစေနဲ့၊ တခြားသူတွေကိုလည်း လမ်းမမှားစေနဲ့" ယိုယွင်ရှန်းက သက်ပြင်းချလိုက်၏။
စစ်သူကြီးချန်ချင်းက အကြံအစည်ကြီးသော လူယုတ်မာတစ်ဦးဖြစ်နိုင်သည်ကို သူ မယုံကြည်ခဲ့ပေ။ ယခုအခါ သူမကို ကယ်တင်နိုင်သူများမှာ သူမရှေ့ရှိ ဤသာမန်လူများသာဖြစ်ချေသည်။
ကျစ်ယန်က ခေါင်းညိတ်လိုက်ပြီးနောက် အမြင့်ဆုံး ကျင့်ကြံမှုရှိသော လူများနှင့်အတူ မသေမျိုးစံအိမ် အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်သွားခဲ့၏။
"ဟုန်ကျယ် နဂါးနတ်ဆိုး၊ နတ်ဘုရားမင်းဆက် မိုးခေါ်တမန် ကျစ်ယန်၊ မသေမျိုးအားလုံးကို ဂါရဝပြုပါတယ်"
သူက မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး ထွက်ဆိုချက် စာရွက်ကိုအထက်သို့ မြှောက်ကိုင်ထားကာ သူ၏အသံမှာ ခိုင်မာနေခဲ့ချေသည်။
နဝမအဆင့်ကျင့်ကြံခြင်းဖြင့် အနည်းဆုံး ပဉ္စမအဆင့် မသေမျိုးအရာရှိများ၏ရှေ့မှောက်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းက ဤကာလအတွင်း သူ၏တိုးတက်မှုကို လုံလောက်စွာ ပြသနေ၏။
ချင်းလွမ် ထိုင်နေဆဲဖြစ်ပြီး ဤသေမျိုး နတ်ဆိုးကျင့်ကြံသူများကို တည်ငြိမ်စွာ ကြည့်နေခဲ့၏။ တစ်ခဏအကြာတွင် သူက တိုးညှင်းစွာ ပြောလိုက်ချေသည်။ "မင်းတို့ အချိန်ယူတာအတော်ကြာပြီပဲ၊ ပြောစရာရှိတာကို တိုက်ရိုက်သာ ပြောပါ"
ဟုန်ကျယ်မှ ရေတွက်၍မရနိုင်သော သက်ရှိများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်..
ကျစ်ယန်က သူ၏ဖခင်ကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ချေသည်။ "ဒီနတ်ဆိုးလေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေအားလုံးကို ဒီထွက်ဆိုချက်ထဲမှာမှတ်တမ်းတင်ထားပါတယ်၊မသေမျိုး က ပြန်လည်သုံးသပ်ပေးဖို့ မျှော်လင့်ပါတယ်"
ချင်းဟွာက အလျင်အမြန်ရှေ့သို့ တိုးသွားကာ ထွက်ဆိုချက်ကို ယူလိုက်ပြီး ချင်းလွမ်၏စားပွဲပေါ်တွင် တိတ်တဆိတ် တင်ထားလိုက်၏။
"ဟုန်ကျယ် မသေမျိုးအရာရှိ ရှီယန်ဟာ အပျော်အပါးကိုမက်မောပြီး ရက်စက်ကြမ်းကြုတ်ကာ ကရုဏာကင်းမဲ့ပါတယ်၊ မိစ္ဆာနတ်ဆိုးတွေကို အခွင့်အာဏာလွှဲအပ်ပေးပြီး ကိုယ်ကျိုးအတွက် သူ့ရဲ့ နယ်မြေအတွင်း လုံးဝ ပရမ်းပတာဖြစ်အောင် ဖန်တီးခဲ့ကာ နှစ်တစ်သိန်းကြာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖြစ်ပေါ်စေခဲ့ပြီးအပြစ်ကင်းတဲ့သူ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရပါတယ်..."
ကျစ်ယန်က ဒူးထောက်နေသော်လည်း သူ၏အသံမှာ ပိုမို ကျယ်လောင်လာခဲ့ချေသည်။
"နောက်ပိုင်းမှာ သူဟာ လူ့အသက်တွေကို ပေါင်းပင်တွေလို သဘောထားပြီး မျိုးတုံးသတ်ဖြတ်ဖို့ အမိန့်ကိုတောင် ကိုယ်တိုင် ထုတ်ပြန်ခဲ့ကာ သူ့ရဲ့မသေမျိုး အာဏာကိုပြသဖို့သက်သက်အတွက် မြောက်ပိုင်းဟုန် ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေကို ခေါင်းဆောင်တွေအဖြစ် ခန့်အပ်ပြီး ဂိုဏ်းအားလုံးကို သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်"
ဤဒေါသထွက်စရာ စကားများကို ကြားလိုက်ရသောအခါ ချီဖုန်းကြယ်တာရာက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။
ဟုန်ကျင်း ဒေါသတကြီးအော်ဟစ်လိုက်ချေသည်။ "အဓိပ္ပါယ်မရှိတာ"
ထိုစကားထဲမှ ထိုသူက မသေမျိုးအရာရှိ မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေ၏။
ချင်းလွမ်၏အကြည့်မှာ တည်ငြိမ်နေပြီး သူက ဟုန်ကျင်း၏ပေါက်ကွဲမှုကို တားဆီးရန် သူ၏လက်ကို ဖိလိုက်ကာအောက်ရှိ လူတိုင်းကို အကဲခတ်လိုက်ချေသည်။ "နားလည်ပြီ၊ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ငါ လူလွှတ်လိုက်မယ်။ တကယ်လို့ မှန်တယ်ဆိုရင် ကောင်းကင်ဘုံဥပဒေအရ ကင်းလွတ်ခွင့်မရှိဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်"
ဤစကားများအပြီးတွင်
ကျစ်ယန် နှင့် သူ၏အနောက်ရှိ အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ ပေါ်လာခဲ့ချေသည်။
သို့သော် မသေမျိုးစစ်သူကြီး၏တရားမျှတမှုကို သူတို့ မချီးကျူးနိုင်မီမှာပင် လူတိုင်း၏အမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့၏။
ချင်းလွမ်၏လေသံ ပြောင်းလဲသွားသည်ကိုသာ ကြားလိုက်ရပြီး သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ချေသည်။ "ဒါပေမယ့် အခု ငါက မင်းတို့ရဲ့ ကိစ္စတွေကို မေးနေတာ"
"ကျွန်တော်တို့..." ကျစ်ယန် က တွေဝေသွားပုံရ၏။
"ဒီမသေမျိုးအရာရှိ အခု ဘယ်မှာလဲ" ချင်းလွမ် သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ချေသည်။
"သူ... သူက လုံးဝ ခွင့်လွှတ်လို့မရဘူးလေ..." ကျစ်ယန်က အနည်းငယ် မိန်းမောစွာ ပြောလိုက်၏။
"ငါ ထပ်ပြောမယ်၊အဲဒါကို ငါ သိပြီးသားပဲ၊ သူ့အမှုကို ကောင်းကင်ဘုံဥပဒေအရ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပြီး မင်းတို့ကို တရားမျှတမှုပေးလိမ့်မယ်၊ ဒါပေမယ့် အခု ငါမေးနေတာ သူ ဘယ်မှာလဲလို့"
ချင်းလွမ်က လှေကားထစ်များမှ ဆင်းလာပြီး ကျစ်ယန်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ချေသည်။
စတုတ္ထအဆင့် မသေမျိုးစစ်သူကြီး တစ်ဦး၊ သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါတစ်ခုတည်းကပင် ဤသေမျိုးနတ်ဆိုးကျင့်ကြံသူများ၏ဝိညာဉ်များကို တုန်လှုပ်သွားစေရန် လုံလောက်ပြီး အသက်ရှူကျပ်လုနီးပါး ဖြစ်သွားစေခဲ့၏။
၎င်းကို မြင်လိုက်ရသောအခါ ချီဖုန်းကြယ်တာရာ က အလိုအလျောက်မျက်မှောင်ကြုတ်လိုက်ချေသည်။
"အမှန်အတိုင်းမြန်မြန်ဝန်ခံလိုက်စမ်း၊ လိမ်ညာမှု တစ်ခုလေးတောင်ပါခဲ့ရင် မင်းတို့ကို နတ်ဆိုးသုတ်သင်ရေးစင်မြင့် ဆီ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်" ဟုန်ကျင်း အသက်ရှူထုတ်လိုက်ပြီး သူတို့ကို ရက်စက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။
ထိုအချိန်မှာပင် ချင်းဟွာက တိတ်တဆိတ် ရှေ့သို့ တိုးသွားကာ ဟုန်ကျယ် မှ လူများနှင့် ချင်းလွမ် မသေမျိုးစစ်သူကြီးကြားတွင် နေရာယူလိုက်ချေသည်။
သူမသည် လေးနက်စွာ ဦးညွှတ် နှုတ်ဆက်လိုက်ပေ၏။ "အစပိုင်းတုန်းက ကျွန်မ မိုးနဲ့မြေရဲ့ ကုသိုလ်တွေနဲ့ ကောင်းချီးပေးခံရတဲ့အချိန်၊ ကျွန်မရဲ့တာဝန်တွေကို သတင်းပို့ဖို့ အထက်ကို မတက်လှမ်းခင်လေးမှာပဲ ရှီယန် က ကျွန်မကို အတင်းအကျပ်ကြားဖြတ်ဟန့်တားခဲ့တယ်၊ ကျွန်မကို ဒီနန်းတော်ဆီ ပြန်ပေးဆွဲလာပြီး မသေမျိုးနည်းစနစ်တွေနဲ့ချည်နှောင်ကာ ကျွန်မရဲ့ ကုသိုလ်တွေကို အတင်းအကျပ် လုယူခဲ့တယ်"
ရိုးရှင်းသော ကြေညာချက်တစ်ခုဖြစ်သော်လည်း ၎င်းက ချီဖုန်းကို ရုတ်တရက် မတ်တပ်ရပ်သွားစေခဲ့သည်။
အစစ်အမှန်နတ်ဘုရား တစ်ပါး၊ စကြာဝဠာဖြစ်စဥ်၏မူလသင်ရှိတစ်ဦးအနေဖြင့် သူက ထိုသို့သော လုပ်ရပ်များကို မည်သို့သည်းခံနိုင်မည်နည်း။
ဟုန်ကျင်း၏မျက်နှာကလည်း ဖြူရော်သွားခဲ့၏။
ရှီယန်က သူ၏မျိုးဆက်မှ ဖြစ်ကြောင်း သိထားသဖြင့် သူသာ ဤလုပ်ရပ်များကို အမှန်တကယ် ကျူးလွန်ခဲ့မည်ဆိုပါက ၎င်းသည် သူတို့၏ ဂိုဏ်းကိုပင် ထိခိုက်စေနိုင်ချေသည်။
အခြားသူတစ်ယောက်က ဤစကားများကို ပြောဆိုခြင်းသည် တစ်မျိုးဖြစ်သော်လည်း ချန်ချင်း သည် ပဉ္စမအဆင့် မသေမျိုးစစ်သူကြီး တစ်ဦးဖြစ်ရာ ၎င်းမှာ မှားယွင်းရန် ဖြစ်နိုင်ချေ အလွန်နည်းပါးလှ၏။
ဤသို့တွေးမိသဖြင့် သူလည်း ဆက်လက် စကားမပြောရဲတော့ဘဲ တိတ်တဆိတ်နောက်သို့ ဆုတ်သွားခဲ့ချေသည်။
"နောက်ထပ် ပြစ်မှုတစ်ခု" ချင်းလွမ်က ဤရွှေရောင်ခန္ဓာကိုယ်ကို ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ငါ မှတ်သားထားလိုက်ပါ့မယ်၊ အခု သူ ဘယ်မှာလဲ"
တူညီသောမေးခွန်းကို သုံးကြိမ်တိုင်တိုင် မေးမြန်းနေခြင်းမှာ အရူးတစ်ယောက်ပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိနိုင်၏။
ကျစ်ယန်၏အသက်ရှူသံများ မြန်ဆန်လာပြီး တရားမျှတမှုအတွက် နာမည်ကြီးသော စတုတ္ထအဆင့် မသေမျိုးစစ်သူကြီးကို စူးစိုက်ကြည့်နေခဲ့ကာ အချိန်အတော်ကြာပြီးနောက် သူ၏ ရဲစွမ်းသတ္တိအားလုံးကို စုစည်းလိုက်သည့်အလား မျက်လုံးများနီရဲလာပြီး သူက ဟိန်းဟောက်လိုက်သည်။
"သူ သေသွားပြီ"