အခန်း (၁၅၈၇-၁၅၈၈)
Vol. 114 Ch. 1587-1588
အခန်း (၁၅၈၇) : ထူးဆန်းသော လုပ်ကြံသတ်ဖြတ်သူ
"ဒါက စိတ်ဝင်စားဖို့ကောင်းပြီး သင့်တော်တဲ့ နာမည်တစ်ခုပဲ" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဤ စွမ်းရည်အရင်းအမြစ်ဆိုသည်မှာ လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးဆီမှ ထူးခြားဆန်းပြားမှုများ၏ မူလအစပင် ဖြစ်၏။ သူမ၏ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာ၊ ဝိညာဉ် နှင့် သူမ၏ တည်ရှိမှုကိုယ်တိုင်မှာပင် မြောက်မြားစွာသော အရည်အချင်းများ၊ မန္တန်များ၊ စွမ်းရည်များနှင့် နည်းစနစ်များ ရှိနေသည့် ထိုဒိုင်မေးရှင်းနှင့် အမြဲတမ်း ချိတ်ဆက်ထားခြင်း ဖြစ်သည်။ သူမ၏ ဘက်စုံသုံး တာအိုကို အသုံးချခြင်းဖြင့် လုပ်ကြံသတ်ဖြတ်သူသည် ထိုစွမ်းရည်များ၏ အခြေခံ တာအိုကို သူမ ကိုယ်တိုင် ကျင့်ကြံထားသကဲ့သို့ပင် မည်သည့် စွမ်းရည်ကိုမဆို အသုံးပြုနိုင်သည်။
အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းက အဘယ်ကြောင့် ဤမျှ နာမည်ကြီးနေသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့၏ အဖွဲ့ဝင်များသည် သင်္ကေတအက္ခရာ၊ အဆောင်လက်ဖွဲ့ သို့မဟုတ် ကိုယ်ခံပညာကဲ့သို့သော ဘက်စုံသုံး တာအိုတစ်ခုခုကို ကျင့်ကြံထားသရွေ့ သူတို့၏ စွမ်းရည်များကို ဖန်တီးရန်နှင့် ပြည့်စုံအောင် လုပ်ရန် လုပ်ငန်းစဉ်များကို ကျော်ဖြတ်နိုင်သည်။ အမှန်စင်စစ် သူတို့သည် ပါရမီရှင်များ ဖြစ်နေရန်ပင် မလိုပေ။ ထိုစွမ်းရည်များမှာ အဆင့်မြင့်ပြီးသား ဖြစ်နေသဖြင့် လုပ်ကြံသတ်ဖြတ်သူအနေဖြင့် ဖုန်းထဲသို့ SIM ကတ်တစ်ခု ထည့်လိုက်သကဲ့သို့ မိမိနှစ်သက်ရာ စွမ်းရည်တစ်ခုကို ရွေးချယ် အသုံးပြုရုံသာ ဖြစ်သည်။
ဝမ်ဝေ့အနေဖြင့် ဤအဖွဲ့အစည်းသည် ပါရမီရှိသော အဖွဲ့ဝင်များကို စွမ်းရည်အရင်းအမြစ်အတွက် နည်းစနစ်သစ်များ ဖန်တီးရန်နှင့် တီထွင်ဆန်းသစ်ရန် တိုက်တွန်းအားပေးမည်မှာ သေချာသလောက် ရှိသည်။ သို့သော် သာမန်အဖွဲ့ဝင်များအတွက်မူ အဖွဲ့အစည်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော တာအိုတစ်ခုကို ရွေးချယ်ရုံသာ လိုအပ်ပြီး သူတို့၏ အနာဂတ်မှာ သတ်မှတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ဒါတင်မကသေးဘူး... လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က စတုတ္ထတန်းစားအဆင့် ရှေးဦးမူလ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အကြွင်းမဲ့အရည်အချင်းတွေကို တိုက်ရိုက်ရရှိနိုင်ပြီး တတိယတန်းစားအဆင့်ကို ခုန်တက်သွားနိုင်တယ်။ အကယ်၍ အဲဒီလုပ်ကြံသတ်ဖြတ်သူမှာ သင့်တင့်တဲ့ ပါရမီနဲ့ အချိန်ရှိမယ်ဆိုရင် မဟာယန္တရားတွေကို အသုံးချတတ်လာပြီး ဒုတိယတန်းစားအဆင့်ကိုပါ ရောက်သွားနိုင်တာပဲ
ဝမ်ဝေ့က ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူသည် ရုတ်တရက် ဤလုပ်ကြံသတ်ဖြတ်သူမှာ ကံကောင်းသူတစ်ဦး ဖြစ်သော်လည်း အရင်ကထက်စာလျှင် အထင်ကြီးစရာ သိပ်မကောင်းတော့ဟု ခံစားလိုက်ရသည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် အချိန်မြစ်ကြောင်းမှ စွမ်းအားများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိနေသဖြင့် ပထမတန်းစားအဆင့် ရှေးဦးမူလ ဖြစ်လာရန် အခွင့်အလမ်း ရှိနေသူ ဖြစ်၏။
သို့သော် ဝမ်ဝေ့ အမှန်တကယ် စိတ်ဝင်စားသည်မှာ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းပင် ဖြစ်သည်။ ခေတ်ဟောင်းတွင် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကောင်းကင်တာအို၏ ကန့်သတ်ခြင်းကို ခံရသဖြင့် ရှေးဦးမူလများစွာ မပေါ်ထွက်နိုင်ခဲ့ပေ။ သို့သော် ရောက်ရှိလာတော့မည့် ထူးကဲသာလွန်ခေတ်တွင်မူ ထိုသို့သော ကန့်သတ်ချက်များ ရှိတော့မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် တတိယတန်းစားအဆင့် ရှေးဦးမူလများကို အလွယ်တကူ မွေးထုတ်နိုင်သော သူတို့၏ စွမ်းရည်မှာ ကြောက်မက်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ဝမ်ဝေ့အနေနဲ့ ထိုအရာကို လိုချင်တက်မက်မိသည်မှာ အမှန် ဖြစ်၏။ သူ့ဂိုဏ်းသည် ဤစွမ်းရည်အရင်းအမြစ်ကြောင့် များစွာ အကျိုးရှိပေလိမ့်မည်။ သူသည် သူ၏လူများကို အခြားသူများ၏ အကြွင်းမဲ့အရည်အချင်းများကို အသုံးချရန် တိုက်တွန်းမည် မဟုတ်သော်လည်း ဂိုဏ်းသားများအား အကြွင်းမဲ့အရည်အချင်း ဆိုသည်မှာ မည်သို့ရှိသည်ကို ကိုယ်တိုင် ခံစားသိရှိစေခြင်းဖြင့် သူတို့ကိုယ်ပိုင် စွမ်းရည်များကို အမြန်ဆုံး ဖန်တီးနိုင်ရန် ကူညီပေးနိုင်သည်။ ထို့ပြင် စစ်ပွဲ သို့မဟုတ် အရေးပေါ် အခြေအနေများတွင် ထိုစွမ်းရည်အရင်းအမြစ်ကို တိုက်ရိုက် အသုံးပြုနိုင်မည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤကဲ့သို့သော အရာကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် သူ့အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်ပြီး စနစ်တကျ အစီအစဉ်ဆွဲရဦးမည် ဖြစ်သည်။
"မင်း သိလား... မင်း တကယ် ကံကောင်းတာပဲ" ပြာလဲ့မီးလျှံက ရုတ်တရက် ပြောလိုက်သည်။
"ဘယ်လိုမျိုးလဲ"
"အရင်တုန်းကဆိုရင် အရင်းအမြစ်ရဲ့ တည်ရှိမှုကို သိတဲ့ ဘယ်သူ့ကိုမဆို အဖွဲ့အစည်းက လိုက်လံ သတ်ဖြတ်လေ့ရှိတယ်။ ပစ်မှတ် သေတဲ့အထိ... ကမ္ဘာအဆုံးအထိ ပြေးရင်တောင် ငါတို့က ရပ်မှာ မဟုတ်ဘူး"
"မင်း ပြောနေတာ ထာဝရအမိန့်တော်အကြောင်းလား" ဝမ်ဝေ့က မေးလိုက်သည်။ သူသည် ဂိုဏ်း၏ မှတ်တမ်းများနှင့် ဝူဟုန်၏ စာကြည့်တိုက်မှ ဤအကြောင်းကို ဖတ်ဖူးသည်။ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းက ထာဝရအမိန့်တော်ကို ထုတ်ပြန်လိုက်ပြီဆိုလျှင် လုပ်ကြံသတ်ဖြတ်သူ အားလုံးသည် မိမိတို့၏ လက်ရှိတာဝန်များကို စွန့်လွှတ်ကာ ထိုပစ်မှတ်ကို သတ်ရန်သာ အာရုံစိုက်ကြရသည်။ အဖွဲ့အစည်းသည် ပစ်မှတ်၏ သတင်းအချက်အလက်အတွက် ကြီးမားသော ဆုလာဘ်များ ပေးအပ်မည် ဖြစ်သော်လည်း အဖွဲ့အစည်း မဟုတ်ဘဲ အခြားသူက သတ်ဖြတ်ခြင်းကိုမူ လက်မခံပေ။
"ဟုတ်တယ်" ပြာလဲ့မီးလျှံက ခေါင်းညိတ်သည်။
"အခုတော့ မင်းတို့ရဲ့ ခေါင်းဆောင်တစ်ယောက်က ကမ္ဘာဦးသူတော်စင်ဖြစ်သွားပြီဆိုတော့ ဒီလို လျှို့ဝှက်ချက် ပေါက်ကြားမှာကို စိုးရိမ်နေဖို့ မလိုတော့ဘူးပေါ့" ဝမ်ဝေ့က ဆိုသည်။ သူသည် မူလက လုပ်ကြံသတ်ဖြတ်သူနှင့် ဤစွမ်းရည်အရင်းအမြစ်၏ ဆက်နွှယ်မှုကိုပါ တံဆိပ်ခတ်ရန် စီစဉ်ခဲ့သော်လည်း အရာအားလုံးကို သူတော်စင် တစ်ဦးက ထိန်းချုပ်ထားသဖြင့် မဖြစ်နိုင်တော့ပေ။
"ဟုတ်တယ်။ အခုဆိုရင် အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ သူတော်စင် သခင်ကြီးက ဟွင်သွမ်းစကြဝဠာရဲ့ ထိပ်ဆုံးကို ရောက်နေပြီ။ ငါတို့ အဖွဲ့အစည်းက မကြာခင်မှာ နံပါတ်တစ် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း ဖြစ်လာတော့မယ်။ ငါတို့က အရိပ်ထဲက နည်းလမ်းတွေကို သုံးပြီး စကြဝဠာကြီးကို စနစ်တကျ ဖြစ်အောင် လုပ်ဆောင်သွားမှာ" ပြာလဲ့မီးလျှံက သူမ၏ အသံထဲတွင် အလွန်အမင်း ထက်သန်မှုများဖြင့် ပြောလိုက်သည်။
ဝမ်ဝေ့က သူမကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ သူ အံ့သြသွားခြင်းမှာ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ ပထမအချက်မှာ ဤလုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးမှာ အလွန်ပင် စကားများလွန်းလှပြီး သတင်းအချက်အလက်များကို တွန့်ဆုတ်ခြင်း မရှိဘဲ ထုတ်ပြောနေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတွင် ဤမျှ ကြီးမားသော ရည်မှန်းချက်များ ရှိနေသည်ကို သူ မသိခဲ့ခြင်းကြောင့် ဖြစ်၏။
"မင်းက လူမှုရေး သိပ်မရှိတဲ့သူပဲ မဟုတ်လား" ဝမ်ဝေ့က မေးလိုက်သည်။
"ဘာလို့ အဲလိုပြောတာလဲ"
"ဒါက သိသာနေတာပဲ... မင်းက လူတွေနဲ့ စကားပြောတာ သိပ်မကျွမ်းကျင်ဘူး။ မဟုတ်ရင် ငါတို့ စကားပြောတာ ငါးမိနစ်တောင် မရှိသေးဘူး... ဒီလောက် သတင်းအချက်အလက်တွေ အများကြီး မင်း ပြောမှာ မဟုတ်ဘူး" ဝမ်ဝေ့က ဆိုသည်။
"ဟင်း... ငါက သတင်းအချက်အလက် စုဆောင်းတဲ့ သင်တန်းကို ကျော်ခဲ့လို့ ဖြစ်မှာပါ။ တခြား လုပ်ကြံသတ်ဖြတ်သူတွေကလည်း ငါက အရိုးခံဆန်လွန်းတယ်။ လုပ်ကြံသတ်ဖြတ်ခြင်း အနုပညာရဲ့ အလှတရားကို နားမလည်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ငါကတော့ သူတို့တွေ ခွန်အား မရှိကြလို့ အဲလို လုပ်နေကြတာလို့ပဲ ထင်တယ်" ပြာလဲ့မီးလျှံက ပြောသည်။
သူမသည် သူမ၏ တာဝန်များအတွက် အမြဲတမ်း အရိုးရှင်းဆုံး နည်းလမ်းကိုသာ သုံးလေ့ရှိသည်။ သူမသည် ရန်သူ၏ ခံတပ်အတွင်းသို့ ခိုးဝင်ရန် အရည်အချင်းများစွာကို သုံးပြီးနောက် တစ်ချက်တည်းဖြင့် သတ်ဖြတ်လေ့ရှိသည်။ ပြာလဲ့မီးလျှံသည် တစ်နေရာသို့ နှစ်ပေါင်းများစွာ ခိုးဝင်ခြင်း၊ အခြားသူအဖြစ် ဟန်ဆောင်ခြင်း၊ အဆိပ်ခတ်ခြင်း စသည့် နည်းလမ်းများကို အထင်သေးသည်။
သူမသည် ထိုကဲ့သို့သော တာဝန်မျိုးကို ရရှိပါက ပစ်မှတ်ကို တိုက်ရိုက် စိန်ခေါ်ပြီး အင်အားသုံး သတ်ဖြတ်ပေလိမ့်မည်။ အကယ်၍ ထိုသို့ မဖြစ်နိုင်ပါက သူမ ထိုတာဝန်ကို စွန့်လွှတ်ပေလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် ထိုသို့သော တာဝန်မျိုးကို မည်သည့်အခါမျှ မရွေးချယ်ဘဲ အနည်းငယ်သော အခြေအနေများတွင်သာ အတင်းအကျပ် ခိုင်းစေခံရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် တာဝန်ပေးသူ သခင်ကြီးက သူမကို ချစ်ခင်သဖြင့် သူမ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလေ့ရှိသည်။ လုပ်ကြံသတ်ဖြတ်သူ ဘုရင်ဘွဲ့ကို ရပြီးနောက်တွင်မူ သူမသည် မိမိကိုယ်တိုင် တာဝန်ရွေးချယ်ခွင့် ရရှိခဲ့သည်။
ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဤအမျိုးသမီးက ဘာကြောင့် စကားတွေ ဆက်ပြောနေသေးသနည်း။
"မစိုးရိမ်ပါနဲ့" ပြာလဲ့မီးလျှံက စိတ်ချလက်ချ ပြောလိုက်သည်။
"ငါ မင်းကို ဒီသတင်းတွေ ပြောနေတာက မင်းကို ငါသတ်နိုင်မယ်ဆိုတာ သိလို့ပဲ"
သူမ၏ မူလတာဝန်မှာ ရှေးဦးမူလ ရုပ်သေးရုပ်ကို ကိုင်တွယ်ရန် ဖြစ်သော်လည်း ပစ်မှတ်က ဝမ်ဝေ့ ဖြစ်သွားသည်မှာ သူမအတွက် ဘာမှ မထူးခြားပေ။ အမှန်အတိုင်း ပြောရလျှင် ယင်ကျန်းဆီမှ သတင်းအချက်အလက် မှားယွင်းမှုအတွက် အပိုဆုကြေး ထပ်တောင်းရန် အကြောင်းပြချက် ရသွားသဖြင့် သူမအတွက် ပို၍ပင် ကောင်းသေးသည်။
"မင်းက တကယ် ယုံကြည်မှု ရှိတာပဲနော်"
"ရှိတာပေါ့" ပြာလဲ့မီးလျှံက ပြန်ပြောသည်။
"ငါတို့ အဖွဲ့အစည်းမှာ မင်းလို ထူးခြားတဲ့သူတွေအကြောင်း မှတ်တမ်းတွေ ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ ပါရမီ၊ ခွန်အားနဲ့ ကံကြမ္မာတွေက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ငါက ရည်ရွယ်ချက်တစ်ခုနဲ့ လျှောက်လှမ်းနေလို့ပဲ။ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းရဲ့ ကောင်းချီးနဲ့အတူ ငါက တိုက်ပွဲတိုင်းမှာ အောင်မြင်လိမ့်မယ်"
သူမက လုပ်ကြံသတ်ဖြတ်သူထက် ဘုရားသခင်တစ်ပါးကို ကိုးကွယ်တဲ့ နောက်လိုက်တစ်ယောက်နဲ့ ပိုတူနေတယ်
ဝမ်ဝေ့က တွေးလိုက်သည်။
စွမ်းရည်အရင်းအမြစ်ရဲ့ အခြေအနေကို ကြည့်ရင် သူမ ဦးနှောက်ဆေးခံထားရတာက ဖြစ်နိုင်ပါတယ်။
ဝမ်ဝေ့သည် သူတော်စင်ကြီးကို သတိမမူမိစေရန် အရင်းအမြစ်ကို အများကြီး မကြည့်ခဲ့သော်လည်း သူ မြင်လိုက်ရသည့် အရာများပေါ် မူတည်၍ အချို့သော အစီအရင်များကို သူ ခန့်မှန်းနိုင်သည်။
ဥပမာအားဖြင့် လုပ်ကြံသတ်ဖြတ်သူများသည် သေမျိုးအဆင့်တွင် ရှိနေစဉ်ကပင် သူတို့၏ ဝိညာဉ်အမှတ်အသားများကို ထားခဲ့ရသည်။ မဟာဧကရာဇ် ဖြစ်လာပြီးနောက်တွင်မူ သူတို့၏ တာအိုအမှတ်အသားကို ထားခဲ့ရသည်။ ထိုအရာများကို ရရှိပြီးနောက်တွင် အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ သူတော်စင်အနေဖြင့် ထိုလုပ်ကြံသတ်ဖြတ်သူများကို ထိန်းချုပ်ရန် သို့မဟုတ် သူ့ကို ကိုးကွယ်လာစေဖို့ လွှမ်းမိုးရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ဤသတင်းအချက်အလက်များသည် ဝမ်ဝေ့ကို ဤစွမ်းရည်အရင်းအမြစ်ကို ပိုမို လိုချင်တက်မက်စေသည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။ အကယ်၍ သူသာ အပြည့်အဝ ထိန်းချုပ်နိုင်မည်ဆိုလျှင် သူ၏ "ကံကြမ္မာအရိပ်တပ်ဖွဲ့ထဲသို့ ထည့်သွင်းနိုင်မည့် ထိပ်သီးလုပ်ကြံသတ်ဖြတ်သူ အုပ်စုတစ်စုကို ရရှိပေလိမ့်မည်။
သနားစရာကောင်းတဲ့ လူမိုက်လေး
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
သာလွန်ခြင်းအဆင့်တွင် မရှိသောသူများ မသိနိုင်သော်လည်း အခြားသူများကမူ သိကြသည်။ ဤလုပ်ကြံသတ်ဖြတ်သူ ပြောစကားအရ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ သူတော်စင်သည် အကြွင်းမဲ့တားမြစ်ချက်နောက်မှသာ သူတော်စင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး သူက ချို့ယွင်းချက်ရှိသော နည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ ဆိုးရွားသော အခြေခံနှင့် ဤကောင်စုတ်က စကြဝဠာကြီးကို ပြောင်းလဲပစ်မည်ဟု မည်ကဲ့သို့ ပြောဝံ့သနည်း။
သူ့ရဲ့ အခြေခံကို မြှင့်တင်နိုင်မဲ့ နည်းလမ်းတစ်ခုခု မတွေ့မချင်း သူက မာန်တက်နေတာပဲ ရှိဦးမှာပါ …
ဝမ်ဝေ့က စိတ်ထဲမှ ခေါင်းခါလိုက်သည်။
ခဏလေး... သူ တကယ်ပဲ တွေ့ထားတာများလား။ စွမ်းရည်အရင်းအမြစ် ဆိုတာက အသေးစား ယန္တရားတစ်ခုအတွက် အကောင်းဆုံး ဖန်တီးမှုပဲ။ အကယ်၍ စနစ်တကျ သုံးမယ်ဆိုရင် သူက ချို့ယွင်းချက်ရှိတဲ့ တာအိုသာလွန်ခြင်းတစ်ခုကို ဖန်တီးထားနိုင်တာလား
ဝမ်ဝေ့ မျက်မှောင်ကြုတ်မိသွားသည်။ အကယ်၍ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ သူတော်စင်က ထိုသို့ မလုပ်ရသေးလျှင်ပင် သူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ပြီး ဒိုင်မေးရှင်းအနိမ့်အကြောင်း သိရှိသွားသည်နှင့် တစ်ပြိုင်နက် ထိုအချက်အလက်များကို ဆက်စပ်မိပေလိမ့်မည်။
"အဲဒီ မျက်နှာပေးက ဘာလဲ" ပြာလဲ့မီးလျှံက မေးလိုက်သည်။
သူမ ကိုးကွယ်နေတဲ့သူက ဘယ်လောက် အားနည်းတယ်ဆိုတာ ပြောပြလိုက်ရမလား …
ဝမ်ဝေ့ စဉ်းစားလိုက်သည်။ သူမ၏ ယုံကြည်မှုနှင့် စိတ်ဓာတ်ကို ဖျက်ဆီးပစ်ခြင်းဖြင့် သူမကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲအောင် လုပ်ခြင်းမှာ ကောင်းမွန်သော နည်းဗျူဟာတစ်ခု ဖြစ်နိုင်သည်။
မဟုတ်ဘူး
ဝမ်ဝေ့က ထိုအကြံကို ပယ်ဖျက်လိုက်သည်။
စကားလုံးသက်သက်နဲ့တော့ ဒီလောက် နက်ရှိုင်းတဲ့ သစ္စာရှိမှုကို မတုန်လှုပ်စေနိုင်ဘူး။ ဒါ့အပြင် ငါက အခြေခံတိုင်လုံးတွေအကြောင်း သတင်းအချက်အလက်တွေကို ထုတ်ပြောရမှာဖြစ်လို့ မထိုက်တန်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ။
"မင်းနာမည် ဘယ်လိုခေါ်လဲ" ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်။
"ဟားဟား" ပြာလဲ့မီးလျှံက ရယ်မောလိုက်သည်။
"ငါက အဲလောက်အထိတော့ မရိုးအပါဘူး။ ကံကြမ္မာသခင်တွေအကြောင်းနဲ့ ငါ့နာမည် ဒါမှမဟုတ် ဘွဲ့ကို မပြောပြဖို့ သင်တန်းတွေကို ငါ မှတ်မိနေသေးတယ်"
"ပြောပြပါဦး" ဝမ်ဝေ့က ပြုံးလျက် ဆိုသည်။
"မင်းရဲ့ အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ သူတော်စင်အပေါ် ယုံကြည်မှုက မင်းကို ကာကွယ်ပေးနိုင်မှာပါ "
ဝမ်ဝေ့ စကားမဆုံးမီမှာပင် ပြာလဲ့မီးလျှံက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သို့သော် ဝမ်ဝေ့သည် သူမ၏ လှုပ်ရှားမှုကို စောင့်နေပုံရပြီး သူကလည်း ပြန်လည် တိုက်ခိုက်လိုက်သည်။ ဤမျှ မြင့်မားသော တိုက်ပွဲအဆင့်တွင် မည်သူမျှ ရုတ်တရက် စကားပြောရန် ရပ်တန့်လေ့ မရှိပေ။
သူတို့က ယုံကြည်မှု လွန်ကဲနေခြင်း သို့မဟုတ် တစ်ခုခုကို ကြံစည်နေခြင်း မဟုတ်လျှင်ပေါ့။
ဤကဲ့သို့သော နည်းပရိယာယ်များက မည်သည့် ဟွင်သွမ်းကမ္ဘာမှဖြစ်ပါစေ … ကောင်းကင်ဘုံရွေးချယ်ခံ အများစု သူတို့၏ သေမျိုး ကျင့်ကြံခြင်း အစောပိုင်း အဆင့်များကတည်းက သင်ယူထားကြသော အရာများ ဖြစ်၏။
အခန်း (၁၅၈၈) : ရလဒ်
ပြာလဲ့မီးလျှံ၏ ပစ်မှတ်မှာ သူမနှင့် အချိန်မြစ်ကြောင်းကြား ဆက်သွယ်ချက်အပေါ်တွင် ခတ်ထားသော စည်းတံဆိပ်ပေါ် ဖြစ်၏။ သူမသည် ဤတိုက်ကွက်အတွက် အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ပထမဦးစွာ သူမ သိသမျှထဲတွင် အကောင်းဆုံးသော "တံဆိပ်ဖြည်ဂါထာ" ကို အသုံးပြုလိုက်သည်။ ထို့နောက် ထိုဂါထာကို အခြားသော အားဖြည့်နည်းစနစ်တစ်ခုနှင့် ပေါင်းစပ်လိုက်ပြန်သည်။ သူမသည် ဝမ်ဝေ့နှင့် စကားများစွာ ပြောနေခဲ့ခြင်းမှာလည်း ထိုအားဖြည့်နည်းစနစ်သည် အချိန်ကြာမြင့်စွာ ခွန်အားစုဆောင်းလေ ပိုမိုအားကောင်းလေ ဖြစ်သောကြောင့် ဖြစ်၏။
ပြာလဲ့မီးလျှံ၏ အစီအစဉ်မှာ အတော်အတန် ကောင်းမွန်လှသည်။ သူမ အသုံးပြုခဲ့သော ဂါထာများမှာ အဆင့်မြင့်ဆုံးများ ဖြစ်သဖြင့် သူမတွင် ရှိသမျှ အကောင်းဆုံး ကတ်များကို ထုတ်သုံးလိုက်ခြင်း ဖြစ်နေသည်။ သို့သော် ကံဆိုးစွာဖြင့် သူမ၏ လုပ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်နေခဲ့သည်။ သူမ တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ဝမ်ဝေ့ကလည်း သူ အချိန်ယူ စုဆောင်းထားသော စွမ်းရည်ဖြင့် တုံ့ပြန်လိုက်သည်။
သူ အသုံးပြုလိုက်သော နည်းစနစ်မှာ ဟောင်းနွမ်းသော်လည်း ယုံကြည်စိတ်ချရသည့် "ယင်-ယန် ပြောင်းပြန်လှန်ခြင်း" ဖြစ်သည်။ သူသည် ထိုနည်းစနစ်ကို လိုအပ်ချက်နှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်ထားခဲ့သည်။ ပြာလဲ့မီးလျှံ၏ နည်းစနစ်က စည်းတံဆိပ်ဆီ ရောက်ရှိလာချိန်တွင် အခြားသော ယင်-ယန် သင်္ကေတတစ်ခု ပေါ်ထွက်လာပြီး အကျိုးသက်ရောက်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ထိုသင်္ကေတသည် ပထမဦးစွာ သူမ၏ တိုက်ကွက်၏ အနှစ်သာရကို တံဆိပ်များကို "ဖျက်ဆီးခြင်း" မှ စည်းတံဆိပ်များကို "ပိုမိုခိုင်မာစေခြင်း" အဖြစ် ပြောင်းလဲပစ်လိုက်သည်။ သို့သော် ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည်။ ထို့နောက် ထိုသင်္ကေတသည် ပြာလဲ့မီးလျှံ၏ ပစ်မှတ်ကို ဝမ်ဝေ့၏ တံဆိပ်ခတ်ခြင်းမှ သူမနှင့် အရင်းအမြစ်ချီနေရာလွတ်ကြား ဆက်သွယ်ချက်ဆီ ပြောင်းပြန်လှန် ပစ်လိုက်လေသည်။
"မင်း သတ္တိကောင်းလှချည်လား" ပြာလဲ့မီးလျှံက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဤတန်ပြန်တိုက်စစ်ကို ရပ်တန့်ရန် အလျင်အမြန် ကြိုးစားလိုက်သည်။
အကယ်၍ သူမနှင့် အရင်းအမြစ်ချီနေရာလွတ်ကြား ဆက်သွယ်ချက် အားနည်းသွားပါက သူမ၏ ခွန်အား အတော်များများကို ဆုံးရှုံးသွားပေလိမ့်မည်။ ပြာလဲ့မီးလျှံ၏ လက်များက လက်နက်သစ်တစ်ခုကို ဆင့်ခေါ်ရန် လှုပ်ရှားလိုက်သည်။ သို့သော် သူမ ခဏ ဆိုင်းငံ့သွားသည်။ ဤတိုက်ကွက်မှာ သူမ၏ ဆက်သွယ်ချက်ကို ထိခိုက်စေနိုင်လောက်သည့် အနေအထားတွင် မရှိပေ။
သို့သော် သူမအတွက် ကံဆိုးသည်မှာ ဝမ်ဝေ့၏ အစီအစဉ်က ထိုဆိုင်းငံ့သွားသည့် အချိန်လေးအပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။ သူမ လှည့်စားခံလိုက်ရမှန်း သိလိုက်ပြီး သူမ၏ တုံ့ပြန်မှု နှေးကွေးသွားသည့် အခိုက်အတန့်တွင် သူက သူ့အစီအစဉ် တတိယအဆင့်ကို စတင်လိုက်သည်။ သူ၏ ယခင် လှုပ်ရှားမှုများအတွင်း သူသည် ဝိညာဉ်အမှုန်အမွှား အချို့ကို ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားခဲ့သည်။ တစ်ခုကိုသာ သူကိုယ်တိုင် ပြန်လည်အသက်ဝင်ရန် အသုံးပြုခဲ့ပြီး ကျန်ရှိသော အမှုန်များမှာမူ သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ ရှိကြသည်။
ထိုအမှုန်များသည် စည်းတံဆိပ် တာအို၏ အရှင်သခင်ဖြစ်သူ ဧကရီဝူဖန်တီးထားသော အလယ်ဗဟိုမြေကမ္ဘာစည်းတံဆိပ်ကို လျှို့ဝှက်စွာ ဖော်ဆောင်နေကြခြင်း ဖြစ်သည်။ ဤတံဆိပ်သည် မူလစည်းတံဆိပ်ကုန်းမြေတစ်ခုလုံး၏ နယ်မြေနှင့် ဆက်နွှယ်နေပြီး မြေဆွဲအားကို ဆွဲယူကာ ပေါင်းစပ်ဖွဲ့စည်းခြင်း ဖြစ်သည်။
ဗလာနတ္ထိစွမ်းအား၏ မမြင်ရသော ကောင်းချီးပေးမှု
ပြာလဲ့မီးလျှံ၏ အာရုံပျံ့လွင့်မှုနှင့် ဝမ်ဝေ့၏ အချိန်ဆွဲပေးမှုတို့ကြောင့် ထိုဝိညာဉ်အမှုန်များသည် သူတို့၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည်။
ပြာလဲ့မီးလျှံ မတုံ့ပြန်နိုင်မီမှာပင် သူမ၏ ပတ်ပတ်လည်တွင် မြေသားဖြင့် ပြုလုပ်ထားသော စက်လုံးခြမ်း နှစ်ခု ရုတ်တရက် ပေါ်လာပြီး သူမကို အတွင်းထဲတွင် ပိတ်လှောင်လိုက်သည်။ မြေသားအမှတ်အသားပါသော အဝါရောင် အဆောင်လက်ဖွဲ့တစ်ခု ပေါ်လာပြီး တံဆိပ်ခတ်ထားသော ထိုကမ္ဘာလုံးပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာကာ လုပ်ငန်းစဉ်ကို ပြီးမြောက်စေခဲ့သည်။
"ဟူး... တော်သေးတာပေါ့" ဝမ်ဝေ့က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ပြာလဲ့မီးလျှံသည် သူ၏ အချိန်အမှတ်အသားကို ရှာတွေ့ရန် သူ ထင်ထားသည်ထက် ပိုမို နီးစပ်နေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူမသာ ရှာတွေ့သွားပါက သူသည် စစ်မှန်သော သေခြင်းတရားမှ ကာကွယ်ရန် သူမနောက်သို့ အချိန်မြစ်ကြောင်းအတွင်း လိုက်လံ တိုက်ခိုက်ရပေလိမ့်မည်။
သူမရဲ့ နောက်ခံက ဘယ်လိုမျိုးလဲဆိုတာ သိချင်မိတယ်
ဝမ်ဝေ့က တွေးလိုက်သည်။ သူမသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် မွေးဖွားပြီး အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း၏ ငယ်စဉ်ကတည်းက စုဆောင်းခြင်းကို ခံခဲ့ရသူလား သို့မဟုတ် အခြားနေရာမှ လာသူဖြစ်သော်လည်း ဤကမ္ဘာ၏ နိုင်ငံသားအဖြစ် ခံယူထားသူလား ဆိုတာ သူ သိချင်နေသည်။
အရေးကြီးတဲ့ မေးခွန်းက သူမကို ဘာလုပ်ရမလဲ ဆိုတာပဲ
ဝုန်း
ဝမ်ဝေ့၏ အတွေး မဆုံးမီမှာပင် မြေသားစက်လုံးကြီး တုန်ခါသွားသည်။ အားကောင်းပြီး ထူးဆန်းသော အနက်ရောင် အရှိန်အဝါတစ်ခု အတွင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဝမ်ဝေ့ပင် တုန်လှုပ်သွားရသည်။
"အဲဒီ အရှိန်အဝါက... တောက်… ဒါကို ငါ ဘာလို့ ထည့်မစဉ်းစားမိတာလဲ"
နတ်ဘုရားလမ်းစဉ် သို့မဟုတ် ယုံကြည်မှုလမ်းစဉ်၏ အားသာချက်တစ်ခုမှာ နတ်ဘုရားများသည် သူတို့၏ စွမ်းအားများနှင့် အရည်အချင်းများကို သူတို့၏ နောက်လိုက်များထံ အလွယ်တကူ မျှဝေပေးနိုင်ခြင်း ဖြစ်၏။
ပြာလဲ့မီးလျှံသည် အနက်ရောင်လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကို မည်မျှ ကိုးကွယ်သည်ကို ကြည့်ခြင်းဖြင့် သို့မဟုတ် အဖွဲ့အစည်းသည် သူမ၏ တာအိုအမှတ်အသားကို ရယူထားနိုင်ခြင်းကြောင့် သူမအနေဖြင့် ထိုသူတော်စင်၏ စွမ်းအားအချို့ကို ရယူအသုံးပြုနိုင်သည်မှာ ဖြစ်နိုင်ချေ ရှိသည်။
ဝမ်ဝေ့ တစ်ခုခုလုပ်ရန် လိုအပ်နေပြီဆိုသည်ကို သိသည်။ ထိုစွမ်းအား၏ ပြင်းထန်မှုမှာ ကမ္ဘာဦးသူတော်စင်တစ်ဦး၏ အဆင့်သို့ မရောက်သေးသော်လည်း သူမ၏ ခွန်အားမှာ အံ့သြဖွယ်ကောင်းလောက်အောင် မြင့်တက်လာနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပြာလဲ့မီးလျှံသည် ဝူဟုန်၏ အဆင့်သို့ ရောက်ရှိသွားနိုင်ပြီး ကျော်လွန်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်။
ဝမ်ဝေ့၏ နောက်ကွယ်တွင် ပုံရိပ်ခြောက်ခု ပေါ်ထွက်လာသည်။ သူသည် ကမ္ဘာဦးဟွင်သွမ်းကလွဲ၍ ကျန်ရှိသော မဟာယန္တရားများကို နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားသော တံဆိပ်တစ်ခုဖြစ်သည့် အကျိုးအကြောင်းစည်းတံဆိပ်ကို အားဖြည့်ရန် ထိုစွမ်းအားများကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။
သူ၏ အဓိက ဦးစားပေးမှာ ပြာလဲ့မီးလျှံနှင့် သူတော်စင်အကြား ဆက်သွယ်ချက်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချရန် ဖြစ်သည်။ ဝမ်ဝေ့၏ လုပ်ရပ်များကြောင့် သူ၏ ဝိညာဉ်ကွင်းများကို အစွမ်းကုန် အသုံးပြုခဲ့ရသော်လည်း ၎င်းမှာ သူ၏ အစိုးရိမ်ဆုံး ကိစ္စမဟုတ်ပေ။ သူက အလျင်အမြန် တုံ့ပြန်ခဲ့သော်လည်း ပြာလဲ့မီးလျှံသည် ဤတံဆိပ်ကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေဆဲ ဖြစ်သည်။
ဝမ်ဝေ့၏ ဦးနှောက်သည် အဖြေရှာရန်အတွက် ကွမ်တမ်ကွန်ပျူတာထက်ပင် ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နေသည်။ သူသည် မူလစည်းတံဆိပ်ကုန်းမြေ၏ ယန္တရားများမှ စွမ်းအားကို ထပ်မံ ချေးယူနိုင်သည်။ သို့သော် လောလောဆယ်တွင် စုန့်လုလီက အသုံးပြုနေသဖြင့် သူမ၏ တိုက်ပွဲကို မထိခိုက်စေလိုပေ။
ထို့နောက် ဝမ်ဝေ့က သူသည် တာအိုအခွင့်အလမ်းဂိုဏ်း၏ မဟာအကြီးအကဲ တစ်ဦးဖြစ်ကြောင်း သတိရလိုက်သည်။ ဆိုလိုသည်မှာ သူသည် ဂိုဏ်း၏ နယ်မြေအတွင်းမှ မြေဆွဲအားများကို ရယူသုံးစွဲနိုင်သည်။ သူသည် ဂိုဏ်း၏ ကံကြမ္မာစွမ်းအားကိုပင် သုံးရန် မလိုဘဲ ထိုနယ်မြေမှ ထွက်ပေါ်လာသော စွမ်းအားများကို ရယူရန် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလိုက်ရုံသာ ဖြစ်သည်။
မြေသားစက်လုံးကြီးမှာ ပိုမိုရင့်သော အညိုရောင်သို့ ပြောင်းလဲသွားပြီး တံဆိပ်ခတ်ထားသော အဆောင်လက်ဖွဲ့မှာ ရွှေရောင် တောက်ပလာသည်။ ထူးဆန်းသော အရှိန်အဝါများ ယိုစိမ့်မှု ရပ်တန့်သွားကာ ကမ္ဘာလုံးကြီးမှာ ပြန်လည် ငြိမ်သက်သွားသည်။ ဝမ်ဝေ့ စိတ်အေးလက်အေး သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် အခြေအနေက ပြောင်းပြန် ဖြစ်သွားပြန်သည်။ ထိုအရှိန်အဝါမှာ ပိုမို ပြင်းထန်လာပြီး ပိုမို နိမိတ်မကောင်း ဖြစ်လာသည်။
မဟုတ်ဘူး... ဒါက လုပ်ကြံသတ်ဖြတ်သူက ဘေးကင်းရာကို ထွက်ပြေးဖို့ ကြိုးစားနေတာ မဟုတ်တော့ဘူး
သူက ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူတော်စင်က သူမကို သုံးပြီး ဒီကမ္ဘာရဲ့ အခြေအနေကို စမ်းသပ်နေတာပဲ
ဝမ်ဝေ့နှင့် အခြားသူများ အမြဲတမ်း သိထားသည်မှာ ပြင်ပအင်အားစုများသည် အရိပ်ထဲမှ စောင့်ကြည့်နေကြပြီး ဤကမ္ဘာကို သူတို့အတွက် ခွဲဝေယူရန် အခွင့်အရေးကို စောင့်နေကြခြင်း ဖြစ်သည်။ ယခုအချိန်အထိ မည်သူမျှ ပေါ်မလာကြသေးခြင်းမှာ ဤကမ္ဘာ ရင်ဆိုင်ရမည့် ဘေးအန္တရာယ်ကို စောင့်ကြည့်ပြီးမှ မည်သည့်အချိန်၊ မည်သို့ ဝင်ရောက်စွက်ဖက်ရမည်ကို ဆုံးဖြတ်လိုကြသောကြောင့် ဖြစ်သည်။
အကယ်၍ ဒီလုပ်ကြံသတ်ဖြတ်သူ သူတော်စင်က ဒီကမ္ဘာကို အနိုင်ကျင့်လို့ ရတယ်ဆိုတာကို ပြလိုက်ရင် အခြား ပြင်ပအင်အားစုတွေကလည်း ရဲတင်းလာပြီး အစီအစဉ်ထက် ပိုစောပြီး ဝင်လာကြလိမ့်မယ်
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ လက်ရှိတွင် ထိုပြင်ပအင်အားစုများ၏ ချဉ်းကပ်ပုံမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ ဒေသခံများအတွက် အကောင်းဆုံး ဖြစ်သည်။ သူတို့၏ ဆုံးဖြတ်ချက်က လူတိုင်းအတွက် ကြီးထွားလာရန်နှင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် လုံလောက်သော အချိန်ကို ပေးထားခြင်း ဖြစ်သည်။
ငါက ကံကြမ္မာသယ်ဆောင်သူလည်း မဟုတ်တော့ဘူး... ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေက ငါ့ဆီပဲ လာနေတာလဲ
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူတော်စင်တစ်ဦး၏ စွမ်းအားကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အခြားသူတော်စင်တစ်ဦးကို အသုံးပြုခြင်း ဖြစ်၏။ အကယ်၍ ဝမ်ဝေ့တွင် လူသားဧကရာဇ်ဘွဲ့သာ ရှိနေသေးလျှင် သူသည် ကောင်းကင်တာအိုကို ဆင့်ခေါ်နိုင်သည်။ သို့သော် ယခုမူ သူသည် အခြားသော နည်းလမ်းကို အသုံးပြုရပေလိမ့်မည်။
သူသည် သူ၏ တတိယအဆင့် အမြင့်ဆုံး ကုသိုလ်ရွှေခန္ဓာကို ဆင့်ခေါ်လိုက်သည်။ ပညာရှိဝိဇ္ဇာဆိုသည့် အဆင့်အတန်းမှာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ဖြစ်သည်။ ကုသိုလ်ရွှေခန္ဓာ ရှိသော ပညာရှိများသည် ကမ္ဘာကြီးကို အလုပ်အကျွေးပြုပြီး ကာကွယ်ပေးသကဲ့သို့ ကောင်းကင်တာအိုကလည်း သူတို့ကို ပြန်လည် ကာကွယ်ပေးရမည် ဖြစ်သည်။ ဝမ်ဝေ့သည် ဤအချက်ကို အသုံးချကာ အားကောင်းသော ကျူးကျော်သူကို ကိုင်တွယ်ရန် အကူအညီ ဆင့်ခေါ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့နည်းလမ်းမှာ အောင်မြင်ခဲ့သည်။ မြေသားစက်လုံးပေါ် သူ ထပ်မံဖြည့်စွက်လိုက်သော ရွှေရောင်ကောင်းကင်စည်းတံဆိပ်မှာ အလုပ်ဖြစ်ခဲ့သည်။ ဤသည်မှာ သတင်းကောင်း ဖြစ်သော်လည်း သတင်းဆိုးမှာမူ လုပ်ကြံသတ်ဖြတ်သူ သူတော်စင်မှာ လက်မလျှော့ဘဲ ဆက်လက် ကြိုးစားနေခြင်း ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် သူ ဖန်တီးထားသော သုံးထပ်တံဆိပ်များကို မပြိုလဲအောင် အာရုံစိုက် ထိန်းသိမ်းနေရလေသည်။
………….
"အရုပ်တစ်ရုပ်ကို ငါ တရားဝင် အမဲလိုက်ဖူးမယ် မထင်ဘူး" ခန်က ပြောလိုက်သည်။
"ဒါက မင်းရဲ့ လူရိုင်းမျိုးနွယ်စုနဲ့ ဘာမှ မဆိုင်ဘူး" မြေစေးစစ်သူကြီးက အေးစက်စက် အသံဖြင့် ပြန်ပြောသည်။
"မှန်ပါတယ်" ခန်က ခေါင်းညိတ်သည်။
"ဒါပေမဲ့ ငါ ဒီမှာ ရှိနေပြီလေ"
"သူတို့ မင်းကို ဘာပေးလဲဆိုတာ ပြောပြစမ်းပါ။ ငါ အဲဒါထက် ပိုပေးမယ်" မြေစေး စစ်သူကြီးက ဆိုသည်။
ခန်သည် ထိုစကားများကြောင့် အံ့သြမသွားပေ။ အာဏာရှင်များကြား ပဋိပက္ခများသည် အမြဲတမ်း ပြင်းထန်လေ့ရှိသည်။ အထူးသဖြင့် ဒုတိယမူလစစ်ပွဲ မတိုင်မီက ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့သည် တိုက်ပွဲကို ရှေးဦးမူလအဆင့် အောက်တွင်သာ ထားလေ့ရှိသော်လည်း အချို့သော အခြေအနေများတွင် အခြေအနေများ ပိုမို ဆိုးရွားလာပြီး ထိပ်သီးအင်အားကြီး ပုဂ္ဂိုလ်များ ထိပ်တိုက်တွေ့ကြရသည်။
ထိုကဲ့သို့ အခြေအနေများ ပြင်းထန်လာချိန်တွင် ဤအာဏာရှင်များသည် အင်အားဖြည့်တင်းရန်အတွက် ရှေးဦးမူလမျိုးနွယ်များဆီသို့ မျက်နှာမူလေ့ရှိကြသည်။ ဥပမာအားဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် အသင်္ချေဂိုဏ်းမဟာမိတ်အဖွဲ့နှင့် အင်အားချင်း မျှတစေရန်အတွက် ရှေးဦးမူလမျိုးနွယ်တစ်ခုခုကို ငှားရမ်းနိုင်သည်။ ထိုမဟာမိတ်အဖွဲ့ကလည်း သူတို့၏ အသာစီးရမှုကို ပိုမို မြှင့်တင်ရန် သူတို့ကို အသုံးပြုနိုင်သည်။
အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမသည် ဤစနစ်ကြောင့် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ အစစ်အမှန် အနှစ်သာရ မျိုးနွယ်သည် ကိုယ်ခန္ဓာကျင့်ကြံသူများ အဖွဲ့အစည်း ဖြစ်သဖြင့် အခြားသူများထက် အရင်းအမြစ် ပိုမို လိုအပ်သည်။ ထိုခန်းမတွင် ကျင့်ကြံသူ အရေအတွက် အများဆုံး ရှိသည်။ လူအိုကြီးရှန်းချီသည် သာမန်ကျင့်ကြံသူများကို အသုံးချကာ သူတို့၏ ခေါင်းဆောင်က တစ်ခါတစ်ရံ သူ့ကို ကူညီပေးခြင်းအတွက် အရင်းအမြစ်များ ရရှိရန် သဘောတူညီချက်များစွာ ပြုလုပ်ခဲ့ဖူးသည်။
အာဏာရှင်အားလုံးသည် ရှေးဦးမူလ မျိုးနွယ်များကို တစ်ချိန်မဟုတ် တစ်ချိန်တွင် အသုံးပြုခဲ့ဖူးကြသည်။ အမှန်စင်စစ် သူတို့သည် ဤမျိုးနွယ်များက သူတို့၏ ပဋိပက္ခများမှ အကျိုးအမြတ် ရနေသည်ကို သိရှိသွားသောအခါ သူတို့ကို အမြစ်ပြတ် ရှင်းလင်းရန် ကြိုးစားခဲ့ဖူးသည်။ ထိုအခါ ရှေးဦးမူလ မျိုးနွယ်များသည် စုစည်းခဲ့ကြရပြီး အာဏာရှင်များက သူတို့၏ လုပ်ရပ်ကြောင့် ဤမျိုးနွယ်လေးဖွဲ့မှာ အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည်ကို စိုးရိမ်သဖြင့် သတိပေးချက် ထုတ်ပြန်ပြီးနောက် နောက်ဆုတ်ပေးခဲ့ကြလေသည်။