← Chapters

အခန်း (၁၅၈၉-၁၅၉၀)

Vol. 114 Ch. 1589-1590

အခန်း (၁၅၈၉-၁၅၉၀)

Vol. 114 Ch. 1589-1590

အခန်း (၁၅၈၉) : အမဲလိုက်ခြင်း

"မင်း ငါ့ကို ဝယ်နိုင်မှာ မဟုတ်ဘူး" ခန်က ပြောလိုက်သည်။

"မဟာချင်အင်ပါယာ မပေးနိုင်တဲ့ တန်ဖိုးဆိုတာ မရှိဘူး" မြေစေးစစ်သူကြီးက ပြန်ပြောသည်။ သို့သော် ခန်ကမူ ခေါင်းခါရုံသာ ပြုလုပ်ခဲ့သည်။

ဝမ်ဝေ့ ကမ်းလှမ်းထားသော အချက်အလက်များသည် လူရိုင်းမျိုးနွယ်၏ အနာဂတ်အတွက် အလွန်ပင် အရေးပါလှသည်။ သူ ရရှိထားသည့် အချက်အလက်အနည်းငယ်ဖြင့်ပင် ခန်သည် သူ့အနာဂတ် ထူးကဲသာလွန်လမ်းစဉ်အတွက် လမ်းကြောင်းတစ်ဝက်ခန့်ကို ပုံဖော်နိုင်ခဲ့ပြီ ဖြစ်၏။

ထိုသဘောတူညီချက် မရှိလျှင်ပင် ခန်သည် တာအိုအခွင့်အလမ်းဂိုဏ်းကို သစ္စာဖောက်မည် မဟုတ်ပေ။ ဝမ်ဝေ့အကြောင်း သူလေ့လာမိသမျှအရ ဤလူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်မှန်း သူ သိထားသည်။ အကယ်၍ တစ်ဦးဦးကို ရွေးချယ်ပြီး လောင်းကြေးထပ်ရမည်ဆိုလျှင် ခန်သည် အတွေ့အကြုံနုနယ်သေးသော်လည်း အလားအလာရှိသည့် ဝမ်ဝေ့ကိုသာ တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်ပေလိမ့်မည်။

"ဒါကတော့ နှမြောစရာပဲ" ရွှံ့စေးဖြင့် ပြုလုပ်ထားသော အမူအရာမဲ့မျက်နှာနှင့် ရုပ်သေးစစ်သူကြီးက အေးဆေးစွာ ပြောလိုက်သည်။ သူက ဒိုင်းနှင့် လှံဓားရှည်ကို ဆင့်ခေါ်လိုက်ပြီး ခန်ကို စိုက်ကြည့်လိုက်သည်။

ခန်က ပြုံးလိုက်ပြီး သူ၏ လှံကို လှည့်လိုက်ရာ သူ၏ ကိုယ်ခန္ဓာမှ ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ဒီအမဲလိုက်ပွဲက စိတ်ဝင်စားဖို့ ကောင်းမှာပဲ" ခန်က ဆိုသည်။ မုဆိုးတစ်ယောက်အနေဖြင့် ထိုက်တန်သော သားကောင်ကို ရှာတွေ့ခြင်းထက် စိတ်လှုပ်ရှားစရာကောင်းသည့်အရာ မရှိပေ။ သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ နောက်ကွယ်တွင် ပုံရိပ်ယောင်များ ချန်ထားခဲ့သည်။ ခန်က ကစားမနေပေ။ သူ၏ ပထမဆုံး တိုက်ကွက်မှာပင် အကြွင်းမဲ့စွမ်းရည်တစ်ခု ဖြစ်သော အဆုံးမဲ့ဖောက်ထွင်းခြင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။ သူ၏ လှံသည် မည်သည့် ကာကွယ်မှုကိုမဆို ဖောက်ထွင်းနိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်၏။ ထို့အပြင် ထိုဖောက်ထွင်းမှုဖြစ်စဉ်မှာ အဆုံးမဲ့ထာဝရအထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

မြေစေးစစ်သူကြီးသည် တိုက်ကွက်ကို တားဆီးရန် ဒိုင်းကို မြှောက်လိုက်သော်လည်း သူ့ကာကွယ်မှုမှာ ချက်ချင်းပင် ဖောက်ထွင်းခံလိုက်ရသည်။ သူသည် အခြားဒိုင်းတစ်ခုကို ချက်ချင်း ထပ်မံဖန်တီးလိုက်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်၏။ အခြားရွေးချယ်စရာမရှိသဖြင့် သူသည် ကာကွယ်ရေး အစီအမံများကို ဆက်တိုက် ဖန်တီးနေခဲ့ရသော်လည်း ဤတိုက်ကွက်မှာ ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ဆက်တိုက်ဖြစ်ပေါ်နေသည်။

စစ်သူကြီးသည် သူ့အချိန်အားလုံးကို ဒိုင်းများ အဆုံးမရှိ ဖန်တီးရင်း ကုန်ဆုံးသွားနိုင်သော်လည်း ရလဒ်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူသည် နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ သူသည် ရန်သူ၏ ဖောက်ထွင်းမှုတိုက်ကွက်ကို စုပ်ယူလိုက်ပြီး မိမိ၏ ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မဟာချင်၏ အစောင့်အရှောက်သည် သူ့ဘယ်ဘက်လက်ဖြင့် လှံဓားရှည်ကို လွှဲလိုက်ရာ ခန်အနေဖြင့် မိမိ၏ စွမ်းအားကိုယ်တိုင် ပါဝင်နေသော တိုက်ကွက်ကို ပြန်လည် ရင်ဆိုင်ရလေသည်။ သို့သော် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်သည် ဤတန်ပြန်တိုက်စစ်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ သူ ချန်ထားခဲ့သော ပုံရိပ်ယောင်များထဲမှ တစ်ခုသည် ရုတ်တရက် အသွေးအသားရှိသော ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲသွားပြီး ထိုဧရာမလက်နက်ကို အခြားလှံချက်တစ်ခုဖြင့် တားဆီးလိုက်သည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။ အခြားသော ပုံရိပ်ယောင်များမှာလည်း အစစ်အမှန်များ ဖြစ်လာကြပြီး ရုပ်သေးရုပ်ကို ဘက်ပေါင်းစုံမှ လှံချက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ မြေစေးစစ်သူကြီးသည် လာရောက်သော တိုက်ကွက်များကို စစ်ဆေးလိုက်သည်။ သူသည် အကြောင်းပြချက်တစ်ခုတည်းအတွက် ဖန်တီးခံထားရခြင်း ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်ကို ကာကွယ်ရန်နှင့် မဟာချင်ကို စောင့်ရှောက်ရန် ဖြစ်၏။

ထို့ကြောင့် သူ၏ တာအိုမှာ သူ ဖန်တီးခံရသော ကုန်ကြမ်းဖြစ်သည့် မြေသားနှင့် ကာကွယ်ရေးတာအိုတို့ ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အားကောင်းသော ရန်သူများစွာနှင့် ရင်ဆိုင်ရခြင်းမှာ သူ့အတွက် အသစ်အဆန်း မဟုတ်ပေ။ အမှန်စင်စစ် သူသည် ဤထက် ပိုမိုဆိုးရွားသော အခြေအနေများကိုပင် ရင်ဆိုင်ဖူးပေသည်။

စိမ်းလန်းသော စက်ဝိုင်းပုံ ဒိုင်းတစ်ခုသည် သူ၏ ရွှံ့စေးကိုယ်ထည်ကို ရုတ်တရက် ဝန်းရံသွားသည်။ လှံချက်အားလုံးသည် ထိုဒိုင်းကို ထိမှန်သွားသောအခါ မြေစေးစစ်သူကြီးသည် တွန်းထုတ်လိုက်သည့် အမူအရာတစ်ခု ပြုလုပ်လိုက်ရာ ထိုတိုက်ကွက်မှ စုပ်ယူထားသော စွမ်းအားအားလုံး ပေါက်ကွဲထွက်လာပြီး ပုံရိပ်ပွားအားလုံးကို ချက်ချင်းပင် သတ်ဖြတ်လိုက်လေသည်။

အခွင့်အရေးပဲ

ခန်က တွေးလိုက်သည်။ မုဆိုးတစ်ယောက်အနေဖြင့် ရန်သူကို တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို သူ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် သူ၏ ပြိုင်ဘက်က စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ပြန်လည် တုံ့ပြန်ရန် အချိန်မရသေးသည့် ခဏတာအတွင်း သူ၏ လှံသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ သားကောင်၏ အားနည်းချက်ဆီ ဦးတည်တိုက်ခိုက်လိုက်သည်။

အကြွင်းမဲ့ ကာကွယ်ရေး

ခန်၏ တိုက်ကွက်မှာ အပြစ်ပြောစရာ မရှိပေ။ သို့သော် သူ၏ ရန်သူမှာ ကာကွယ်ရေးသက်သက်အတွက်သာ ဖန်တီးခံထားရသူ ဖြစ်သည်။ ထို့ကြောင့် အားနည်းနေသည့် အချိန်တွင်ပင် စစ်သူကြီး၏ ဒိုင်းမှာ သူ့အလိုလို လှုပ်ရှားသွားပြီး တားဆီးလိုက်သည်။ ဒိုင်းနှင့် လှံတို့ ထိပ်တိုက်တွေ့ဆုံကာ ပတ်ဝန်းကျင်ကို ပျက်စီးစေမည့် ပြင်းထန်သော တုန်ခါမှုကို ဖန်တီးသင့်သော်လည်း ထိုသို့ ဖြစ်မလာခဲ့ပေ။

အကြောင်းမှာ ခန်၏ တိုက်ကွက်မှာ အတုအယောင် ဖြစ်နေသောကြောင့် ဖြစ်၏။ ဤသည်မှာ အခြားသော လျှို့ဝှက်ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ သူ၏ အစစ်အမှန် ကိုယ်ခန္ဓာမှာ ရွှံ့စေးတုံးကြီး၏ နောက်ကွယ်တွင် လျှို့ဝှက်ပေါ်လာပြီး ဦးခေါင်းကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။ ဤတိုက်ခိုက်မှု အစီအစဉ်မှာ အချိန်ကိုက်လှပြီး ဝါရင့်မုဆိုးတစ်ယောက်၏ လက်ရာဖြစ်ကြောင်း သက်သေပြနေသည်။

ဤတိုက်ကွက်အတွက် အကောင်းဆုံးရလဒ်မှာ တိုက်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်ခြင်း ဖြစ်ပြီး အဆိုးဆုံးရလဒ်မှာမူ ခန်အတွက် တိုက်ပွဲတစ်လျှောက် အသာစီးရစေမည့် ပြင်းထန်သော ဒဏ်ရာရရှိစေခြင်း ဖြစ်သည်။ သို့သော် ကံကြမ္မာမှာ သူ့ဘက်တွင် ရှိမနေခဲ့ပေ။

သူ၏ စစ်မှန်သောဆန္ဒ အပြည့်ပါဝင်သော လှံချက်က ထိမှန်တော့မည့် အချိန်မှာပင် ပတ်ဝန်းကျင်၏ အစီအစဉ်ကျမှု၊ မကျမှုတာအိုကြောင့် အနှောင့်အယှက် ခံလိုက်ရသည်။ သူ၏ မခန့်မှန်းနိုင်လောက်အောင် မြန်ဆန်သော တိုက်ကွက်မှာ အလင်းအလျင်အောက် ရုတ်တရက် နှေးကွေးသွားသဖြင့် မဟာချင်၏ အစောင့်အရှောက်မှာ ရှောင်တိမ်းသွားနိုင်ခဲ့သည်။

ခန်သည် အဝေးမှ တိုက်ပွဲကို လှမ်းကြည့်ရင်း နှုတ်ခမ်းများ တွန့်သွားသည်။

"ငါတို့ တိုက်ပွဲကို တခြားနေရာ ရွှေ့ကြရင် ဘယ်လိုလဲ"

မြေစေးစစ်သူကြီးသည် မူလစည်းတံဆိပ်မြို့တော်ကို လှမ်းကြည့်လိုက်သည်။ သူ့တာဝန်မှာ ကာကွယ်ရန် ဖြစ်သော်လည်း ဤအရာမှာ မဖြစ်နိုင်တော့ပုံရသည်။

မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရှိနိုင်ပေမဲ့ ဧကရာဇ်မင်းမြတ်က သူ့ရဲ့ ပြိုင်ဘက်ကို အနိုင်ရတာနဲ့ အားလုံး အဆင်ပြေသွားမှာပါ …

"လေဟာနယ်တိုက်ပွဲကွင်းပြင်မှာလား”

"မဟုတ်ဘူး... သီးခြားနယ်မြေတစ်ခုဆီ သွားကြစို့" ခန်က ငြင်းပယ်လိုက်သည်။ သူ၏ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ လေဟာနယ်တိုက်ပွဲကွင်းပြင်မှာ ကမ္ဘာပေါ်ရှိ စံပြအားလုံး တစ်ပြိုင်နက် တိုက်ခိုက်နိုင်လောက်အောင် ကျယ်ဝန်းသော်လည်း သူသည် မဟာချင်မှ အင်အားကြီး ပုဂ္ဂိုလ်များကို စိုးရိမ်နေသည်။ သူသည် ဤကုန်းမြေ၏ ရှေးဦးမူလအသစ်နှစ်ယောက်အပေါ် သိပ်ပြီး ယုံကြည်မှု မရှိပေ။

သူတို့သာ တိုက်ပွဲမှာ အနိုင်ရသွားပါက သူ့ကို ဝိုင်းဝန်း ကိုင်တွယ်လာမည်ကို စိုးရိမ်သဖြင့် အရေးပေါ်အခြေအနေတွင် လွယ်ကူစွာ ထွက်ပြေးနိုင်ရန် ပိုမို လွတ်လပ်သော နေရာကို လိုချင်ခြင်း ဖြစ်သည်။

"မင်းသဘောအတိုင်းပဲ" မြေစေးစစ်သူကြီးက ပြောလိုက်ပြီး မူလစည်းတံဆိပ်ကုန်းမြေ၏ နယ်မြေအတွင်းရှိ သဲကန္တာရ နယ်မြေတစ်ခုဆီသို့ ကူးသန်းပြောင်းရွေ့ကာ ထွက်ခွာသွားသည်။ ခန်က ထိုနေရာမှာ မြေဓာတ်စွမ်းအင် မြင့်မားနေသော ပတ်ဝန်းကျင်ဖြစ်သဖြင့် သူ၏ ပြိုင်ဘက်အတွက် အားသာချက်ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ သို့သော် သူ ဂရုမစိုက်ပေ။ စနစ်တကျ အသုံးပြုတတ်လျှင် ထိုမြေအနေအထားမှာ သူ့အတွက်လည်း အကျိုးရှိစေနိုင်သည်။

သားရဲ ကိုယ်ယောင်ဖျောက်ခြင်း

ခန်သည် အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။ သားရဲများစွာတွင် အမဲလိုက်ခြင်း အောင်မြင်စေရန် ကိုယ်ယောင်ဖျောက်နိုင်သော စွမ်းရည်ရှိကြသည်။ လူသားတစ်ယောက်အနေဖြင့် သူသည် ထိုစွမ်းရည်နှင့် မွေးဖွားလာခြင်း မဟုတ်သော်လည်း မုဆိုးတစ်ယောက်အနေဖြင့် ထိုစွမ်းအားမှာ လိုအပ်ချက်တစ်ခု ဖြစ်သည်။ သူ ပျောက်ကွယ်သွားသည်နှင့်အမျှ ဤနယ်မြေအတွင်း ထူးဆန်းသော အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။

မြေကမ္ဘာ အမြင်

မြေကြီးသည် အရာအားလုံးကို မြင်နိုင်၊ သိနိုင်စွမ်း ရှိရမည်။ ထိုဆက်နွှယ်မှုမှတစ်ဆင့် စစ်သူကြီးသည် သူ၏ ပြိုင်ဘက်ကို ရှာဖွေရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ခန်သည် မြေဓာတ်အခြေခံ သက်ရှိများ အပါအဝင် သက်ရှိများစွာကို အမဲလိုက်ဖူးသူ ဖြစ်သည်။ အမှန်စင်စစ် သူသည် မြေသားကိုယ်တိုင်ကိုပင် အမဲလိုက်ဖူးသည်ဟု ပြောလျှင် အပိုဖြစ်မည် မဟုတ်ပေ။

စစ်သူကြီး၏ အေးစက်သော မျက်နှာတွင် ခဏတာ မျက်မှောင်ကြုတ်သွားပြီး ဒိုင်းနှင့် လှံဓားရှည်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက် တစ်စုံတစ်ရာသော အကြောင်းကြောင့် သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြည်းဖြည်းချင်း တိုးပွားလာသည်။ ထိပ်တန်း မုဆိုးတစ်ယောက်က သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီး မည်သည့်အချိန်တွင်မဆို ခုန်အုပ်တော့မည်ဟူသော အတွေးကို သူ၏ စိတ်ထဲမှ ထုတ်ပစ်၍ မရနိုင်တော့ပေ။

ငါ လွှမ်းမိုးခံလိုက်ရပြီ

မြေစေးစစ်သူကြီးက ချက်ချင်း သဘောပေါက်လိုက်သည်။ သူက ရုပ်သေးရုပ်တစ်ဦး ဖြစ်သည်။ သူ့တွင် ဝိညာဉ်ရှိသော်လည်း သူ၏ စိတ်ဓာတ်မှာ ထာဝရ တာဝန်တစ်ခုအတွက်သာ လုပ်ဆောင်ချက်သွင်းခံထားရခြင်း ဖြစ်ပြီး တာဝန်ကို ထိခိုက်စေနိုင်သော စိတ်ခံစားမှုအားလုံးကို သူ စွန့်လွှတ်ထားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုမူ စိတ်ခံစားမှုတစ်ခု ပြန်လည် ပေါ်ပေါက်လာခဲ့လေပြီ။

စိတ်ခံစားမှု ကာကွယ်ရေး၊ စိတ်ဓာတ် ကာကွယ်ရေးနှင့် ဝိညာဉ် ကာကွယ်ရေး

စစ်သူကြီးသည် စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးဂါထာ သုံးခုကို ချက်ချင်း အသုံးပြုလိုက်သည်။

မလုံလောက်သေးဘူး …

သူက ထပ်တွေးကာ အခြားသော ကာကွယ်ရေး အစီအမံအချို့ကိုလည်း ထပ်မံ ထည့်သွင်းလိုက်သည်။ သူ၏ ချဉ်းကပ်ပုံမှာ အတော်အတန် အလုပ်ဖြစ်ခဲ့သည်။ ကြောက်ရွံ့မှုမှာ ပျောက်ကွယ်သွားသော်လည်း တိုက်ခိုက်မှုတစ်ခုသည် မည်သည့်နေရာမှမဆို အချိန်မရွေး ပေါ်လာနိုင်သည်ဟူသော မသက်မသာ ခံစားချက်မှာမူ ကျန်ရှိနေဆဲဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမို ပြင်းထန်လာလေသည်။

မြေသား ကျူးကျော်ခြင်း

မြေစေးစစ်သူကြီးသည် သူ၏ ပြိုင်ဘက်ကို ရှာဖွေရန် ဒုတိယအကြိမ် ကြိုးစားသည့်အနေဖြင့် အခြားဂါထာတစ်ခုကို အသုံးပြုလိုက်သည်။ ဤသဲကန္တာရအတွင်းရှိ မြေဓာတ်စွမ်းအင်များသည် ဤနယ်မြေ၏ အစိတ်အပိုင်းအားလုံး (ဒြပ်ထုများ၊ အမှုန်အမွှားများ၊ ဟင်းလင်းပြင်၊ အချိန်နှင့် စွမ်းအင်များ) အတွင်းသို့ ပျံ့နှံ့သွားသည်။ ထိုအရာအားလုံးမှာ စစ်သူကြီးအတွက် အကဲခတ်သူများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သူသည် သူ၏ ပြိုင်ဘက်ကို ရှာဖွေရန် ဤဇုန်၏ ထောင့်စုံကို ရှာဖွေလိုက်သည်။

ရှာတွေ့ပြီ …

လှံဓားရှည်ဆိုသည်မှာ ဓားနှင့် လှံရှည်တို့ကို ပေါင်းစပ်ထားသော လက်နက် ဖြစ်သည်။ မြေစေးစစ်သူကြီးသည် ထိုလက်နက်နှစ်မျိုးလုံးကို ကျွမ်းကျင်သည်။ အကောင်းဆုံးသောကာကွယ်ရေးမှာ အနှိုင်းမဲ့သော တိုက်စစ်ဖြစ်သည်ဟူသော ဓားသိုင်းဒဿနကိုလည်း သူ သင်ယူထားသည်။

တောင်ဖြိုတိုက်ကွက်သည် တောင်တစ်လုံးကို ဖြိုခွင်းရုံသာမက အာကာပြင်ကိုပါ နှစ်ခြမ်းခွဲပစ်လိုက်ပြီး ကြီးမားသော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေကာ အာကာပြင်ဆိုင်ရာ ကောင်းကင်နိယာမများကိုပင် တုန်လှုပ်စေခဲ့သည်။ ထိုကဲ့သို့သော တိုက်ကွက်မျိုးမှာ အသန်မာဆုံးသော ကိုယ်ခန္ဓာကျင့်ကြံသူများကိုပင် ဒဏ်ရာရစေနိုင်သည်။ လူရိုင်းမျိုးနွယ်စုမှာ ခန္ဓာကျင့်ကြံခြင်းတွင် နာမည်ကြီးသော်လည်း ခန်အနေဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရတော့မည် ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်မလာဘဲ တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံမှာ ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။ စစ်သူကြီးသည် သူ၏ ညာဘက်လက်ကို တည်ငြိမ်စွာ ကြည့်လိုက်ရာ သူ၏ ဒိုင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး သူ၏ ညာဘက်လက်မှာလည်း မရှိတော့ပေ။ သူသည် လုံးဝ ဒဏ်ရာကင်းစင်နေသော ခန်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ခန်က လှံဖျားတွင် တင်နေသော ရွှံ့စေးလက်မောင်းကို ကြည့်နေသည်။

"ပထမဆုံး သွေးကို ဖောက်ထုတ်လိုက်နိုင်ပြီ" ခန်က အေးဆေးစွာ ပြောလိုက်သည်။

စစ်သူကြီး၏ လက်မောင်းမှာ အလင်းအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခါ ခန်၏ ခန္ဓာကိုယ်မှ အနီရောင် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

မြေစေးစစ်သူကြီးက အာရုံစိုက်လိုက်သည်။ ထိုအနီရောင် အရှိန်အဝါ၏ အဓိပ္ပာယ်ကို သူ နားလည်သည်။ ဤနည်းစနစ်မှာ မုဆိုးတစ်ယောက်သည် မိမိသားကောင်၏ အသားကို စားသုံးကာ ခွန်အားရယူခြင်းဟူသော အယူအဆအပေါ် အခြေခံထားသည်။ သူ့လက်မောင်းကို စားသုံးလိုက်ခြင်းဖြင့် သူ၏ ပြိုင်ဘက်မှာ ရုပ်သေးရုပ်အမျိုးအစားများအပေါ် တိုက်ခိုက်မှုတိုင်းကို အားကောင်းစေမည့် ကောင်းချီးတစ်ခုကို ရရှိသွားပြီ ဖြစ်သည်။

သူ့ရဲ့ အမဲလိုက်တာအိုက ပြဿနာပဲ …

စစ်သူကြီးက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ မြေဓာတ်စွမ်းအင်များကို စုစည်းကာ အစားထိုး လက်မောင်းတစ်ခုကို တည်ဆောက်လိုက်သည်။ ထိုအရာမှာ မူလလက်မောင်းလောက် မကောင်းသော်လည်း လောလောဆယ် အသုံးပြုရန် လုံလောက်သည်။

"ဒီတိုက်ပွဲကို ထိပ်ဆုံးအဆင့်အထိ တွန်းပို့ရမဲ့ အချိန်ရောက်ပြီ" မြေစေးစစ်သူကြီးက ပြောလိုက်ပြီး မဟာတာအို ယန္တရားများနှင့် သူ့ဆက်သွယ်မှုကို ဆင့်ခေါ်လိုက်သည်။

"မှန်တယ်" ခန်ကလည်း ထိုသို့ပင် ပြုလုပ်ရင်း ပြန်လည် ဖြေကြားလိုက်လေသည်။

အခန်း (၁၅၉၀) : နဂါးအစောင့်အရှောက်ဓား

ထိုသူနှစ်ဦး၏ နောက်ကွယ်တွင် ပေါ်ထွက်လာသော ပုံရိပ်ယောင်များမှာ ရောင်စုံကမ္ဘာတစ်ခုနှင့် သံကြိုးများ စီးဆင်းနေသည့် မြစ်တစ်စင်းတို့ ဖြစ်ကြသည်။ ဤရှေးဦးမူလနှစ်ဦးသည် ကျွမ်းကျင်ရန် အလွယ်ကူဆုံးဖြစ်သော မဟာတာအိုအရင်းအမြစ်နှင့် အရင်းအမြစ်ချီနေရာလွတ်တို့ကို အသုံးပြုရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မြေစေးစစ်သူကြီးသည် သူ့နည်းစနစ်ကို မြှင့်တင်ရန်အတွက် နဂါးမြေဓာတ်ချီဟု ခေါ်သော ထူးခြားသည့် စွမ်းအင်တစ်ခုကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်နှင့် ဒိုင်းမှာ ကြေးနီရောင် ပြောင်းလဲသွားပြီးနောက် ပြိုင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ မိုးမြေကြားရှိ အမာကျောဆုံးသော အရာဝတ္ထုတစ်ခုသည် မတွေးဝံ့စရာ အရှိန်မျိုးဖြင့် တစ်စုံတစ်ဦးကို တိုက်မိပါက မည်သို့ဖြစ်သွားမည်နည်း။

ထိုကဲ့သို့ အရှိန်နှုန်းဖြင့် သွားလာနေသော အရာဝတ္ထုတစ်ခုမှ ထွက်ပေါ်လာသည့် အင်အားသည် စကြဝဠာ၏ အခြေခံနိယာမများအပေါ်ပင် သက်ရောက်မှု ရှိစေလိမ့်မည်။ ထိုအရာဝတ္ထုသည် ထိုဖြစ်စဉ်အတွင်း ပျက်စီးသွားသင့်သော်လည်း ထိုအရာမှာ အမာကျောဆုံး ပစ္စည်းဖြစ်နေခြင်းကြောင့် လက်တွေ့တွင် ဖျက်ဆီး၍မရနိုင်ကြောင်း သက်သေပြနေသည်။ တစ်နည်းအားဖြင့် ရုပ်သေးရုပ်မှာ နဂိုအတိုင်း ရှိနေမည်ဖြစ်သော်လည်း သူ့ရန်သူမှာမူ ပြင်းထန်စွာ ခံစားရပေလိမ့်မည်။

အနည်းဆုံးတော့ ထိုအတိုင်း ဖြစ်ပျက်သွားသင့်သည်။ သို့သော် မီတာတစ်ထောင်ပင် မပြည့်မီမှာပင် ပေါက်ကွဲမှုတစ်ခုက စစ်သူကြီး၏ အရှိန်အဟုန်အားလုံးကို လွှင့်စင်သွားစေပြီး လေဟာနယ်ထဲ နောက်သို့ ခြေလှမ်း တစ်ဒါဇင်ခန့် ဆုတ်ခွာသွားစေခဲ့သည်။ သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။

ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဟန်ချက်မညီသေးမီမှာပင် စစ်သူကြီး၏ ခြေဖဝါးအောက်၌ အခြားသော ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ထိခိုက်မှုမရှိသော်လည်း ထိုတိုက်ကွက်တွင် ပြင်းထန်သော ဝိညာဉ်ဂါထာတစ်ခု ပါဝင်နေသည်။ မြေစေးစစ်သူကြီးသည် မိမိကိုယ်ကိုယ် လျင်မြန်စွာ ကာကွယ်လိုက်သော်လည်း မြားတစ်စင်းက သူ့မျက်လုံးတွင်းဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။ သူ့ဒိုင်းသည် ကာကွယ်ရန် သူ့အလိုလို လှုပ်ရှားသွားသော်လည်း တတိယမြောက် တိုက်ကွက်လှိုင်းက သူ့ဆီသို့ ရောက်ရှိလာပြန်သည်။

တစ်စုံတစ်ဦးက သူ့လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲ ဗုံးတစ်လုံး ထိုးထည့်လိုက်သကဲ့သို့ စစ်သူကြီး၏ အတွင်းပိုင်းများမှာ ပေါက်ကွဲသွားတော့သည်။

ခန်သည် ကာကွယ်ရေးကို အားနည်းစေသည့် ဂုဏ်သတ္တိပါသော မြားသုံးစင်းကို ထပ်မံပစ်ခတ်လိုက်သည်။ အတွင်းပိုင်း ပေါက်ကွဲမှုမှာ အောင်မြင်ခဲ့သော်လည်း ထိခိုက်မှုမှာ သူ မျှော်လင့်ထားသလောက် ကျေနပ်စရာ မကောင်းခဲ့ပေ။

မြေစေးစစ်သူကြီးသည် သူ့ဒိုင်းကို မြှောက်လိုက်ရာ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် မြေသားစက်လုံးအဖြစ် ပြောင်းလဲသွားသည်။ ထိုမြေသားစက်လုံးသည် ဤဟင်းလင်းပြင်၏ ထောင့်စုံသို့ ပျံသန်းသွားပြီး ပေါက်ကွဲမှုများစွာနှင့် အခြားသော တိုက်ခိုက်မှုပုံစံများကို ဖြစ်ပေါ်စေခဲ့သည်။ သူ့ခွဲခြမ်းစိတ်ဖြာချက်မှာ မှန်ကန်နေသည်။ သူ့ပြိုင်ဘက်သည် သူ့ကို အားနည်းသွားစေရန်နှင့် နောက်ဆုံးတွင် အမဲလိုက်ရန်အတွက် မမြင်နိုင်သော ထောင်ချောက်များ ပြည့်နှက်နေသည့် နယ်မြေတစ်ခုကို အသုံးပြုနေခြင်း ဖြစ်သည်။

ခန်သည် ထိုမြေသားစက်လုံးကို ဖမ်းယူရန်အတွက် အမည်မသိပင့်ကူအိမ်ဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်တစ်ခု ဖန်တီးရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုပိုက်ကွန်သည် မြေသားစက်လုံးကို ဖမ်းယူလိုက်ရုံသာမက ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးသော အရာတစ်ခု ဖြစ်လာခဲ့သည်။ ဖုန်မှုန့်များ လေထဲတွင် လွင့်ပါသွားသော်လည်း ရွှံ့စေး သို့မဟုတ် သက်ရှိအရိပ်အယောင် လုံးဝ ရှာမတွေ့သဖြင့် ခန်မှာ မျက်မှောင်ကြုတ်မိသွားသည်။

မုဆိုးတစ်ယောက်သည် မိုင်ပေါင်းများစွာ အကွာအဝေးမှ သားကောင်ကို ရှာဖွေနိုင်ရန် သို့မဟုတ် ခြေရာခံနိုင်ရန် အကောင်းဆုံးသော အမြင်အာရုံ ရှိရမည် ဖြစ်၏။ သို့သော် သူ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သောအခါ သူ့ပစ်မှတ်မှာ ပျောက်ကွယ်သွားသဖြင့် ခန်မှာ စိတ်ရှုပ်သွားခဲ့သည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးမှာ မည်သူ့ကိုမဆို စိုးရိမ်ပူပန်စေသင့်သော်လည်း သူ့နှုတ်ခမ်းထောင့်တွင်မူ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သားကောင်က ကောင်းမွန်စွာ ပြန်လည် တိုက်ခိုက်နိုင်မှသာ အမဲလိုက်ပွဲမှာ ကျေနပ်စရာ ကောင်းပေလိမ့်မည်။

"အဖော်ကြီး... အမဲလိုက်ပွဲအသစ်အတွက် အချိန်ရောက်ပြီ" ပြောရင်း ခန်သည် မျက်လုံးသုံးလုံးပါသော အဖြူရောင် ကျားတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

"ဒီတစ်ခါ ငါတို့ ဘယ်သူ့ကို ဒါမှမဟုတ် ဘာကို အမဲလိုက်မှာလဲ" မျက်လုံးသုံးလုံးကျားက မေးလိုက်သည်။

"အစွမ်းထက်တဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ"

"ဒီလိုအရာမျိုးအတွက် မင်း တကယ်ပဲ ငါ့ကို ခေါ်ဖို့ လိုလို့လား"

"မလိုအပ်ရင် ငါ မခေါ်ပါဘူး"

"မှန်တယ်" ထိုသတ္တဝါက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးသုံးလုံးမှာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရင်း ရွှေရောင်သို့ ပြောင်းလဲသွားသည်။

"ပြိုင်ဘက်က အရင်းအမြစ်ချီနေရာလွတ်ထဲကို ထွက်ပြေးသွားပုံရတယ်။ မဟုတ်ဘူး... အဲဒါက အာရုံလွှဲတာပဲ။ သူတို့ရှိနေတဲ့နေရာက … သတိထား"

ခန်ကို အသားစအဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားနေသည့် ဧရာမ မြေဓာတ်စွမ်းအင် လက်ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့စိတ်ဝိညာဉ်အဖော်က ထိုတိုက်ခိုက်မှုကို သတိပြုမိသွားပြီး သူ့ရှေ့သို့ ခုန်ဝင်လိုက်သည်။ ကျား၏ တတိယမျက်လုံးမှာ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ ထိုတိုက်ခိုက်မှုကို ခဏတာ ရပ်တန့်သွားစေခဲ့သည်။ ဤသည်မှာ ခန်အတွက် ဘေးကင်းရာသို့ ကူးသန်းပြောင်းရွေ့ရန် လုံလောက်သော အချိန်ဖြစ်သည်။ သို့သော် ကျားမှာမူ အသက်မရှင်ခဲ့ပေ။

စိတ်မပူပါနဲ့ သူငယ်ချင်းဟောင်းရာ... ငါတို့ မကြာခင် ပြန်တွေ့ကြမှာပါ

ခန်က တွေးလိုက်သည်။ ထိုစိတ်ဝိညာဉ်သတ္တဝါမှာ သူ့ဝိညာဉ်နှင့် ဆက်နွှယ်နေသဖြင့် သူ အသက်ရှင်သရွေ့ ထိုအကောင်မှာ မသေမျိုးအဖြစ် ရှိနေလိမ့်မည်။ သို့သော် ထိုအကောင် သေဆုံးသွားသည့် အကြိမ်တိုင်းတွင် ခန်အနေဖြင့် ရှားပါးသော အရင်းအမြစ်များစွာကို အသုံးပြုပြီး ပြန်လည် ပေါင်းစပ်ဖန်တီးပေးရသည်။

"ဧရာမ မွေးရှည်ဆင်ကြီးရဲ့ စိတ်ဝိညာဉ်... မင်းရဲ့ တည်ရှိမှုနဲ့ ငါ့ကို ကောင်းချီးပေးပါ။ မြေကမ္ဘာနဲ့ သူ့ရဲ့ စွမ်းအားအလုံးစုံကို ငါ နှိမ်နင်းချင်တယ်" ခန်က ရွတ်ဆိုလိုက်သည်။

နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဧရာမ ဆင်ခြေထောက်ကြီးတစ်ခုမှာ ကောင်းကင်တွင် ပေါ်ထွက်လာသည်။ ထိုအရာသည် အနည်းငယ် တုန်ခါသွားပြီး ဤနယ်မြေအတွင်းရှိ မြေဓာတ်စွမ်းအင် သို့မဟုတ် မြေကမ္ဘာနိယာမအားလုံးကို ချိတ်ပိတ်လိုက်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မြေကမ္ဘာ မဟာတာအို အရင်းအမြစ်ပင်လျှင် အနိမ့်ဆုံးအဆင့်မှာသာ စတင် လည်ပတ်နိုင်တော့သည်။

မြေစေးစစ်သူကြီးမှာ ထိုကဲ့သို့ အန္တရာယ်ရှိသော နည်းစနစ်ကို ဒီအတိုင်း ကြည့်မနေပေ။ သူ့ဧရာမ မြေသားလက်ကြီးက ဤနှိမ်နင်းခြင်းစွမ်းအားကို တားဆီးရန် လှမ်းထွက်လိုက်သည်။ သူ့ကြိုးပမ်းမှုမှာ ခဏတာ အောင်မြင်ခဲ့သော်လည်း ထို့နောက် ဧရာမ မွေးရှည်ဆင်ကြီးမှာ သူ့ဒုတိယမြောက်ခြေထောက်ကို အသုံးပြုလိုက်သဖြင့် တားဆီးရန် ကြိုးပမ်းမှုမှန်သမျှမှာ အလဟဿ ဖြစ်သွားခဲ့ရသည်။

ဒါက လူရိုင်းမျိုးနွယ်ရဲ့ စစ်မှန်တဲ့ စိတ်ဝိညာဉ်တွေထဲက တစ်ခုပဲ

မြေစေးစစ်သူကြီးက သဘောပေါက်လိုက်သည်။ ဤစိတ်ဝိညာဉ်မှာ ဂါထာ သို့မဟုတ် နည်းစနစ်တစ်ခုဖြင့် ဖန်တီးထားခြင်း မဟုတ်ပေ။ ဤသည်မှာ လူရိုင်းမျိုးနွယ်စုမှ နှစ်ပေါင်း ကုဋေကုဋာ ချီ၍ ကိုးကွယ်လာခဲ့သော စိတ်ဝိညာဉ်များထဲမှ တစ်ခု ဖြစ်သည်။

ရှေးဦးမူလ မျိုးနွယ်များထဲတွင် လူရိုင်းမျိုးနွယ်စုမှာ သူတို့၏ စိတ်ဝိညာဉ်ဗိမာန်များကြောင့် အမြဲတမ်း အသန်မာဆုံးနှင့် အလားအလာအရှိဆုံး ဖြစ်ခဲ့သည်။ သူတို့၏ မျိုးနွယ်စုတွင် စိတ်ဝိညာဉ်တစ်ခုကို ကိုးကွယ်ကြသည့် မျိုးနွယ်စုပေါင်း တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ထိပ်သီး မျိုးနွယ်စု ၁၀ ခုကို တော်ဝင်မျိုးနွယ်များအဖြစ် သတ်မှတ်ပြီး သူတို့၏ ခေါင်းဆောင် သို့မဟုတ် ခန် ကို အများအားဖြင့် သူတို့ထဲမှ ရွေးချယ်လေ့ရှိသည်။ သူတို့မှာ ခန်နှင့် သူ့မျိုးနွယ်စု ထွန်းကားလာခြင်းကြောင့် လက်ရှိတွင် အသန်မာဆုံးဟု ဆိုနိုင်သည့် ဧရာမ မွေးရှည်ဆင် အပါအဝင် အစွမ်းထက်ဆုံး စိတ်ဝိညာဉ်များ၏ အကာအကွယ်ကိုလည်း ရရှိထားကြသည်။

သူ့ပြိုင်ဘက်ကို အားနည်းသွားအောင် ပြုလုပ်ပြီးနောက် ခန်သည် ကုဗတုံးပုံသဏ္ဌာန်ရှိသော ရှေးဟောင်းပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာသည် ဤနယ်မြေ၏ စည်းမျဉ်းများ သို့မဟုတ် နိယာမများကို ပြန်လည် ရေးသားလိုက်သည့် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

[အစီအစဉ်ကျမှု - တိုက်ခိုက်မှု ဒါမှမဟုတ် လှုပ်ရှားမှုအားလုံးကို ကျင့်ကြံသူ့ခံနိုင်ရည်စွမ်းအားဖြင့် ကန့်သတ်ထားမည်။]

[အစီအစဉ်မကျမှု - ဂါထာအသုံးပြုသူမှာလည်း ဒီစည်းမျဉ်းမှ ကင်းလွတ်ခွင့်မရှိရ။]

ရှေးဦးလူသားများသည် ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် မည်သို့ အသက်ရှင်ခဲ့ကြသနည်း။ အသိပညာနှင့် ယဉ်ကျေးမှု အနည်းငယ်ရှိသော မည်သည့်ကျင့်ကြံသူမဆို ရှေးဟောင်းဝိဇ္ဇာများသည် ဝိညာဉ်စွမ်းအင်နှင့် သဟဇာတဖြစ်မှုကို အသုံးပြု၍ ရှေးဦးလူသားများ ရှင်သန်ထွန်းကားစေရန် ကူညီပေးသည့် အသက်ရှူနည်းလမ်းများကို လျင်မြန်စွာ ဖော်ထုတ်ခဲ့ကြသည်ဟု ဖြေကြားပေလိမ့်မည်။

သို့သော် သာမန်ကမ္ဘာများတွင် နေထိုင်သော လူသားများမှာမူ ဘယ်လိုလဲ။

အဖြေမှာ လူသားများ၏ ဉာဏ်ရည်နှင့် ဇွဲလုံ့လတို့ ဖြစ်သည်။ တိရစ္ဆာန်များကို အမဲလိုက်သောအခါ လူသားများသည် သူတို့ကို မိုင်ပေါင်းများစွာ ပြေးခိုင်းခြင်းဖြင့် မောပန်းနွမ်းနယ်စေပြီး ခံနိုင်ရည်ကုန်သွားသောအခါမှ မုဆိုးများက နောက်ဆုံးတိုက်ကွက်ကို ပေးလေ့ရှိသည်။ ခန်သည် သူ့ငယ်စဉ်ဘဝက ထိုကဲ့သို့သော အမဲလိုက်ပွဲတစ်ခုကို မြင်တွေ့ခဲ့ဖူးပြီး ထိုအရာပေါ် အခြေခံ၍ ဤနည်းဗျူဟာကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

မြေစေးစစ်သူကြီးမှာ မျက်မှောင်ကြုတ်သွားသည်။ သူ့စိတ်ထဲတွင် နောက်ထပ် လှုပ်ရှားမှုကို တွက်ချက်လိုက်သော်လည်း အဖြေတစ်ခု မတွေ့မီမှာပင် ကောင်းစွာ ဖုံးကွယ်ထားသော အနံ့တစ်ခုကို သူ ရုတ်တရက် ရလိုက်သည်။

ဒါက အဆိပ်လား။ ယန်အဆိပ်ဖြစ်ပုံရတယ်

သူ တွေးကာ မိမိကိုယ်ကိုယ် အဆိပ်ကာကွယ်ရေးဂါထာ တစ်ခုကို အသုံးပြုလိုက်သည်။ သို့သော် ထူးဆန်းစွာပင် အဆိပ်မှာ ယင်ဂုဏ်သတ္တိသို့ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့အနေနှင့် အဆိပ်အမျိုးမျိုးအတွက် ကာကွယ်ထားသဖြင့် ဤသည်မှာ ပြဿနာမဟုတ်သော်လည်း အဆိပ်က တတိယမြောက် ဂုဏ်သတ္တိကို ပြသလာသောအခါ စစ်သူကြီးမှာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သည်။

ဂုဏ်သတ္တိများစွာပါတဲ့ အဆိပ်လား။ မဟုတ်ဘူး... ဒါက ပြောင်းလဲနေတဲ့ ဂုဏ်သတ္တိတွေပါတဲ့ အဆိပ်ပဲ။ မေးခွန်းက ဘာလို့လဲဆိုတာပဲ

သူက ခဏတာ စဉ်းစားလိုက်ပြီးမှ ရန်သူ့နည်းဗျူဟာကို သဘောပေါက်သွားသည်။ သူ့ကာကွယ်ရေးကို ပြောင်းလဲလိုက်သည့် အကြိမ်တိုင်းတွင် စစ်သူကြီးမှာ နည်းပညာအရ ဂါထာအသစ်တစ်ခုကို အသုံးပြုနေခြင်း ဖြစ်သဖြင့် သူ့ခံနိုင်ရည်စွမ်းအားမှာ ထိုရှေးဟောင်းပစ္စည်းကြောင့် ကုန်ဆုံးနေခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ သူ့ပြိုင်ဘက်မှာ အစဉ်အမြဲ ပြောင်းလဲနေသော အဆိပ်ဂါထာတစ်ခုတည်းကိုသာ အသုံးပြုနေခြင်း ဖြစ်၏။

အကြွင်းမဲ့ အဆိပ်ကာကွယ်ရေး

စစ်သူကြီးသည် သူ သိထားသော အဆိပ်ဂါထာများနှင့် နည်းစနစ်အားလုံးကို ပေါင်းစပ်ပြီး အကြွင်းမဲ့ဂါထာတစ်ခုအဖြစ် အသုံးပြုလိုက်သည်။ သူ့ချဉ်းကပ်မှုမှာ ချက်ချင်းပင် အောင်မြင်ကြောင်း သက်သေပြခဲ့သော်လည်း ထိုအရာမှာ သူ့ခံနိုင်ရည်စွမ်းအား တော်တော်များများကို ကုန်ဆုံးစေခဲ့သည်။ ထို့ကြောင့် သူက ခံနိုင်ရည်စွမ်းအား ကုန်ဆုံးခြင်းကို တားဆီးသည့် ကာကွယ်ရေးနည်းစနစ်တစ်ခုကို ထည့်သွင်းလိုက်သည်။ သူ့ကြိုးပမ်းမှုကြောင့် ဆုံးရှုံးသွားသော ခံနိုင်ရည်စွမ်းအား အနည်းငယ်ကို ပြန်လည် ရရှိစေခဲ့သော်လည်း ရှေးဟောင်းပစ္စည်း၏ အာနိသင်ကိုမူ မရပ်တန့်နိုင်ခဲ့ပေ။

ခန်က ခရမ်းရောင် အစေ့တစ်ခုပါသော သူ့လက်ဖဝါးကို ပြလိုက်သည်။ ဤကမ္ဘာ၏ အကြီးကျယ်ဆုံးသော မုဆိုးများထဲမှ တစ်မျိုးမှာ လူသား သို့မဟုတ် တိရစ္ဆာန် မဟုတ်ဘဲ အပင်သက်ရှိများ ဖြစ်ကြသည်။ ထို့ကြောင့် သူ့အစေ့မှာ ဤနယ်မြေတစ်ခုလုံးကို ပြည့်လုနီးပါး ဖြစ်စေသည့် နွယ်ပင်တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။ ထို့နောက် နွယ်ပင်၏ လက်တံများက တိုက်ရိုက် တိုက်ခိုက်တော့သည်။

မြေစေးစစ်သူကြီးမှာ လှုပ်ရှားရန် နေရာအကန့်အသတ်သာ ရှိပြီး ဤနွယ်ပင်များက သူ့ကို မတွေးဝံ့စရာ အရှိန်မျိုးဖြင့် ရိုက်ပုတ်နေကြသည်။ သူ့ပြိုင်ဘက်က ဘာကို စီစဉ်နေသည်ကို သူ သိထားသည်။ နွယ်ပင်များမှာ သူ့အတွက် ရွေးချယ်စရာ နှစ်ခုသာ ပေးထားသည် - ရှောင်တိမ်းရန် သို့မဟုတ် တားဆီးရန် ဖြစ်သည်။ သို့သော် သူ ဘာကိုပဲ ရွေးချယ်ပါစေ ဤတိုက်ခိုက်မှုများကို တားဆီးရန်အတွက် နည်းစနစ်များစွာကို အသုံးပြုရမည်ဖြစ်သဖြင့် သူ့ခံနိုင်ရည်စွမ်းအားကို အားနည်းသွားစေလိမ့်မည် ဖြစ်သည်။

မဟာချင်၏ အစောင့်အရှောက်အနေနှင့် လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် တတိယမြောက် ရွေးချယ်စရာကို ရွေးချယ်လိုက်သည်။ ထိုအရာမှာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်၏။ ယင်-ယန်သင်္ကေတတစ်ခုမှာ သူ့ခြေဖဝါးအောက်တွင် ပေါ်ထွက်လာပြီး သူ့ကာကွယ်ရေးစွမ်းအားအားလုံးကို တိုက်စစ်အင်အားအဖြစ် ပြောင်းလဲလိုက်သည်။ သူက သူ့ဒိုင်းကို လွှဲလိုက်ရာ ဤနွယ်ပင်များရှိ အက်တမ်တိုင်းကို အမြစ်ပြတ်စေသည့် ကြောက်မက်ဖွယ်ကောင်းသော မြေငလျင်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

မြွေဟောက်တိုက်ကွက်

ခန်၏ လှံသည် အကောင်းဆုံးအချိန်ကို ရွေးချယ်ကာ ဦးခေါင်းကို အဆုံးစီရင်မည့် တိုက်ကွက်အဖြစ် ထိုးနှက်လိုက်သည်။ ဤတိုက်ခိုက်မှု၏ အချိန်ကိုက်မှုမှာ အပြစ်ပြောစရာမရှိဘဲ စစ်သူကြီး၏ တုံ့ပြန်မှုအရှိန်ကိုပင် ကျော်လွန်သွားခဲ့သည်။ ကောင်းကင်၏ ထောင့်စုံ၌ ကွဲအက်သံတစ်ခု ပျံ့နှံ့သွားသော်လည်း ခန်မှာမူ လှံကို သူ့လက်ထဲသို့ ပြန်လည် ဆင့်ခေါ်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သေခြင်းတရားကနေ ကာကွယ်တာလား။ ကာကွယ်ရေးတာအို ကျွမ်းကျင်သူတစ်ယောက်ဆီကနေ ဒီလောက်တော့ မျှော်လင့်ထားသင့်တာပဲ

သူက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

စစ်သူကြီး၏ ဦးခေါင်းမှာ ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။

အမြင့်ဆုံး ကာကွယ်ရေးပုံစံကို အသုံးမပြုသရွေ့ ဒီတာဝန်ကို မပြီးမြောက်နိုင်ဘူး

မြေစေးစစ်သူကြီးက တွက်ချက်လိုက်သည်။ ထိုသို့ တွေးတောရင်း သူ့နောက်ကွယ်တွင် ခရမ်းရောင်နောက်ခံရှိသော ကမ္ဘာတစ်ခု … ကမ္ဘာဦးဟွင်သွမ်း၏ တတိယမြောက် ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့သည်။

ခန်မှာ ရုပ်သေးရုပ်၏ ချိတ်ဆက်မှု မည်မျှ တုန်လှုပ်နေသည်ကို သတိပြုမိပြီးနောက် အစပိုင်းတွင် ဤမဟာယန္တရားကို ဂရုမစိုက်ခဲ့ပေ။ သို့သော် စစ်သူကြီးက နဂါးခေါင်းပါသော ဓားတစ်စင်းကို ဆင့်ခေါ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူ့ပေါ့ပေါ့ပါးပါး စိတ်ခံစားမှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုလက်နက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ပြိုင်ဘက်နှင့် ကမ္ဘာဦးဟွင်သွမ်းတို့အကြား ချိတ်ဆက်မှုမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့လေသည်။

All Chapters