အခန်း (၁၅၉၃-၁၅၉၄)
Vol. 114 Ch. 1593-1594
အခန်း (၁၅၉၃) : တုကုပိုင်ထျန်းနှင့် ဓားဧကရီ ပြိုင်ဆိုင်ခြင်း
အခြေအနေကို ပြောင်းလဲဖို့ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်
ဝမ်ဝေ့ စိတ်ထဲကနေ ကြံစည်လိုက်သည်။ သူက ချောင်စီချုံးကို ချက်ချင်း ဆက်သွယ်ပြီး ဤကိစ္စတွင် ပါဝင်ပတ်သက်လာစေရန် ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။ အကျိုးအမြတ်နှင့် အရင်းအမြစ်များ ပေးမည်ဟူသော ကတိကဝတ်ဖြင့် သူ့ကို နားချနိုင်လိမ့်မည်ဟု ဝမ်ဝေ့ ယူဆခဲ့သော်လည်း ထိုကောင်စုတ်က ဝမ်ဝေ့၏ ဆက်သွယ်မှုကို အဖတ်ပင် မလုပ်ခဲ့ပေ။
ထို့အစား သူက ချောင်စီချုံး၏ လူများနှင့်သာ အဆက်အသွယ်ရခဲ့ပြီး ညီလာခံပြီးကတည်းက သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့ကြောင်း သိလိုက်ရသည်။ ဝမ်ဝေ့က သူ့ကို ဆဲဆိုချင်စိတ်ကို မနည်းအောင့်ထားလိုက် ရသည်။ ထို့နောက် သူက ဒုတိယအစီအစဉ်ဖြစ်သော ကောင်းကင်မြွေနဂါးဧကရီဆီ အာရုံပြောင်းလိုက်သည်။
သူနှင့် အဆက်အသွယ်ရှိပြီး အားကိုးနိုင်သည့် တစ်ဦးတည်းသော ရှေးဦးမူလမှာ သူမသာ ဖြစ်၏။ ထို့ကြောင့် သူမ၏ လက်နက်ကို ပြုပြင်ပေးမည့် နည်းလမ်းဖြင့် အပေးအယူလုပ်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ဝေ့မှာ ထပ်မံ အဟန့်အတား ဖြစ်ခဲ့ရပြန်သည်။ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် သူမသည် ဝမ်ဝေ့၏ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်သည်။
တတိယအစီအစဉ်အတိုင်းပဲ လုပ်ရတော့မယ်ထင်တယ်
ဝမ်ဝေ့ သက်ပြင်းချလိုက်မိသည်။ သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် စည်းတံဆိပ်ခတ်ခံထားရသော လုပ်ကြံသတ်ဖြတ်သူဆီမှ ပိုမိုပြင်းထန်သော စွမ်းအားများ ထုတ်လွှတ်လာတော့သည်။ မြေသားစက်လုံးအတွင်း အသိစိတ် အနည်းငယ် ဆင်းသက်လာသည်ကိုပင် သူ ခံစားလိုက်ရသည်။
တောက်... ဒီကောင်က ဒီကမ္ဘာထဲကို အတင်းဝင်လာချင်နေတာလား
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဝမ်ဝေ့သည် သူ့ကံကောင်းမှုတာအိုကို အသုံးပြုကာ ထိုအမျိုးသမီးကို ဆက်လက် စည်းပိတ်ထားရန်အတွက် သူ ပိုင်ဆိုင်ထားသော ထူးကဲသာလွန်ကံကောင်းမှုအနည်းငယ်ကို အသုံးပြုပြီး ပိုမိုမြင့်မားသော စွမ်းအားတစ်ရပ်ကို ဆွဲထုတ်လိုက်ရသည်။
"ဒါကို မင်း ခံစားမိလား" ပိုင်ချီက ဝမ်ဝေ့ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"အဲဒီ ချီကံကောင်းမှုပဲ" နန်းတွင်းအကြံပေးကြီးက ရေရွတ်လိုက်သည်။
"ထူးကဲသာလွန်ကံကောင်းမှုဆိုတာ တကယ်ရှိတာပဲ။ ပြီးတော့ ဒီကမ္ဘာမှာ အဲဒါကို ပိုင်ဆိုင်ထားတဲ့လူ ရှိနေတယ်"
"သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ငါတို့အရှင်က အထင်သေးခဲ့ပုံပဲ" ပိုင်ချီက အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီကိစ္စပြီးတာနဲ့ သူ့ကို အရင်ဆုံး ရှင်းပစ်ရမဲ့ စာရင်းထဲ ထည့်ရမယ်"
"သူ့ရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းတာပဲ" နန်းတွင်းအကြံပေးကြီးက သက်ပြင်းချရင်း ဆိုသည်။
"အခု ဝူဟုန်ကို ကယ်ဖို့ သူ ဒီလောက်အထိ ကြိုးစားနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုအကြောင်း ကောလာဟလက အတည်ဖြစ်သွားပြီ"
"သူက ခန့်မှန်းလို့မရတဲ့ အပြောင်းအလဲတစ်ခုပဲ။ အဲဒါကို ငါ သဘောမကျဘူး" ပိုင်ချီက ပြောသည်။
"တာဝန်အောင်မြင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ကြစို့"
သူသည် သူ့စွမ်းအားကို မြှင့်တင်ရန်အတွက် သူ့အဆီအနှစ်အားလုံးကို မဆိုင်းမတွပင် လောင်ကျွမ်းစေလိုက်သည်။ ဤသို့ပြုလုပ်ခြင်းက သူ့ကို အလွန်အမင်း အားနည်းသွားစေပြီး ပြန်လည်ကောင်းမွန်လာရန် ရှားပါးအရင်းအမြစ်များနှင့် အချိန်များစွာ လိုအပ်မည်ဖြစ်သော်လည်း ရရှိလာမည့် အကျိုးကျေးဇူးက စွန့်စားရမှုထက် ပိုမိုတန်ဖိုးရှိသည်။
နန်းတွင်းအကြံပေးကြီးနှင့် မြေစေးစစ်သူကြီးတို့ကလည်း သူ့ကို နမူနာယူကာ လိုက်လုပ်ကြသည်။ ထိုသို့ အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုပြီးနောက် ဟုန်ကာကွယ်ရေးစနစ်မှ ရွှေရောင်ဒိုင်းလွှာမှာ စတင်တုန်ခါလာတော့သည်။
တစ်ဖက်တွင်လည်း ဝမ်ဝေ့မှာ ကိုယ်ပိုင်အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဂိုဏ်းမှ တစ်စုံတစ်ယောက် လာရောက်ကယ်တင်လိမ့်မည်ဟုသာ မျှော်လင့်ချက် ထားနိုင်တော့သည်။
…………….
လေဟာနယ်တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ယန်းအိုက်သည် အချိန်ဆွဲမနေတော့ပေ။ သူမ၏ ရင်းနှီးသော မိတ်ဆွေတစ်ယောက်၏ အသက်နှင့် အမွေအနှစ်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေမှန်း သူမ သိသောကြောင့် အစကတည်းက အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူမ၏ လက်ထဲတွင် ဝါးဓားတစ်လက် ပေါ်ထွက်လာပြီးနောက် ကျောဘက်တွင် မဟာယန္တရား ခြောက်ခုလုံး ထင်ဟပ်လာခဲ့သည်။
"အတည်ကြီး လုပ်တော့မှာပေါ့ ဟုတ်လား" တုကုပိုင်ထျန်းက ပြုံးလိုက်သည်။ သူသည် ဝတ်ရုံ၏ အပေါ်ပိုင်းကို ဖြည်းညှင်းစွာ ချွတ်လိုက်ရာ ကြွက်သားထွက်နေသော ကိုယ်အထက်ပိုင်းနှင့် မီးလောင်ရာ အမာရွတ်တို့ ပေါ်ထွက်လာသည်။ သူ့ကျောဘက်တွင်လည်း မဟာယန္တရား ခြောက်ခု ပေါ်ထွက်လာခဲ့သည်။
အံ့ဖွယ်သိုလှောင်ရုံ - မဖျက်ဆီးနိုင်သော အရေပြား
ခရမ်းရောင် အရှိန်အဝါတစ်ခုက တုကုပိုင်ထျန်း၏ အရေပြားကို ဝန်းရံသွားပြီး မည်သူမျှ မထိုးဖောက်နိုင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ထိုအရှိန်အဝါမှာ တုန်ခါသွားပြီး အရင်းအမြစ်ချီနေရာလွတ်၊ မဟာတာအိုအရင်းအမြစ် နှင့် ကမ္ဘာဦးဟွင်သွမ်း ဟူသော ယန္တရား သုံးခုထံမှ စွမ်းအားများကို စုပ်ယူလိုက်သည်။ တုကုပိုင်ထျန်းသည် လည်ပင်းကို တစ်ချက်စောင်းကာ အသံမြည်အောင် လုပ်လိုက်ပြီးနောက် ပြိုင်ဘက်ထံသို့ ပြေးဝင်သွားတော့သည်။
ယန်းအိုက်၏ တုံ့ပြန်မှုမှာ တည်ငြိမ်ပြီး အေးဆေးလှသည်။ သူမက ဓားကို ဝေ့ယမ်းကာ ပိုင်းဖြတ်ခြင်း ရိုက်ချက် နည်းစနစ်ကို အသုံးပြုလိုက်သည်။ ကံကြမ္မာမြစ်ကြောင်း၊ သံသရာလမ်းစဉ်ခြောက်ပါးနှင့် ကမ္ဘာဦးဟွင်သွမ်းတို့မှာ သူမ၏ ဝါးဓားနောက်ကွယ်တွင် တုန်ခါနေကြပြီး မိုးမြေကို မှေးမှိန်သွားစေသည့် နက်မှောင်သော အနီရောင် ဓားအလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
တုကုပိုင်ထျန်းက လက်မောင်းကို ယှက်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်သည်။ သို့သော် တိုက်ခိုက်မှု၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသဖြင့် သူ အစွမ်းကုန် ခုခံနေသည့်ကြားမှ လေဟာနယ်အတွင်း မီတာ တစ်ရာကျော်ခန့် လွင့်စင်သွားရသည်။ သူသည် လက်ဖျံပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာကို ကြည့်ပြီး နှုတ်ခမ်းများ တုန်ယင်သွားသည်။
"ဓားနဲ့ ဓားနယ်မြေ ..." သူ ရေရွတ်လိုက်သည်။ ဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့် သံသယအားလုံး ကင်းစင်သွားခဲ့လေပြီ။ ဓားဧကရီသည် သူမ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ထားပြီး ယခုအခါ အကြွင်းမဲ့ဓားလမ်းစဉ်သို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။ ဓားပညာ၏ သဘာဝနှင့် သူမ၏ ထူးခြားသော တာအိုကြောင့် သူမသည် ရှေးဦးမူလများထဲတွင် တိုက်စစ်အပြင်းဆုံးသူ ဖြစ်နေနှင့်ပြီးသား ဖြစ်၏။ သို့သော် ယခုအခါ ဓားပညာ အဆင့် ၁၂ သို့ တက်လှမ်းပြီးနောက် သူမမှာ ပို၍ပင် စွမ်းအားကြီးမားလာခဲ့လေပြီ။
ငါ နည်းဗျူဟာ ပြောင်းရမယ်
တုကုပိုင်ထျန်း တွေးလိုက်သည်။ ယန်းအိုက်နှင့် တိုက်ခိုက်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ သူမ၏ ရူးသွပ်သော တိုက်စစ်များကို အနိုင်ယူကျော်ဖြတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း ဖြစ်၏။ ထို့နောက် အားနည်းသော သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပစ်မှတ်ထားကာ ရရှိလာသည့် အခွင့်အရေးတိုတိုအတွင်း အပြင်းထန်ဆုံး ဒဏ်ရာရအောင် လုပ်ရန်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အံ့ဖွယ်သိုလှောင်ရုံ - မဖျက်ဆီးနိုင်သော အရေပြား
သူ့ခန္ဓာကိုယ်သည် သံသရာလမ်းစဉ်ခြောက်ပါးမှ စွမ်းအားကို စုပ်ယူလိုက်ပြီး မဟာယန္တရားစွမ်းရည်ကို ပိုမိုမြှင့်တင်လိုက်သည်။ တုကုပိုင်ထျန်း၏ အရှိန်အဝါက ပြောင်းလဲသွားသည်။ တည်ရှိမှုအားလုံးကို ထောက်’မ’ထားသည့် အခြေခံမဏ္ဍိုင်ကြီးတစ်ခုကဲ့သို့ သူသည် အားမာန်ပြည့်ဝပြီး၊ ကြံ့ခိုင်ကာ ထာဝရတည်မြဲနေသကဲ့သို့ ခံစားရစေသည်။
မင်းက အချိန်ဆွဲပြီး တိုက်ချင်တာလား
ယန်းအိုက်က ပြုံးလိုက်သည်။ ယန္တရားသုံးခုထက် ပိုသုံးပါက ရှေးဦးမူလတစ်ယောက်၏ ခံနိုင်ရည်နှင့် ဝိညာဉ်စွမ်းအင်ကို ကုန်ခမ်းစေမည်ဖြစ်ကြောင်း လူတိုင်းသိသည်။ တုကုပိုင်ထျန်းအတွက် ကံမကောင်းသည်မှာ ယန်းအိုက်သည် အတိတ်က တိုက်စစ်သာရှိပြီး ခံစစ်မရှိသည့် အခြေအနေမျိုး ဖြစ်ခဲ့ဖူးသဖြင့် သူမ၏ နည်းစနစ်များကို စွမ်းအားအရှိဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး တိုက်ပွဲတွင် အကြိမ်ရေများစွာ အသုံးပြုနိုင်အောင်လည်း အချိန်အတော်ကြာအောင် လေ့ကျင့်ပြုပြင်ထားပြီးပြီ ဖြစ်၏။
အဆုံးမဲ့ထိုးဖောက်ခြင်း
ယန်းအိုက်၏ နောက်ကွယ်တွင် စတုတ္ထမြောက်မဟာယန္တရားမှာ လင်းလက်လာပြီး ဝါးဓားဖြင့် ထိုးနှက်လိုက်သည်။ အချိန်နှင့် အာကာသကို ထိုးဖောက်နိုင်စွမ်း၊ ကံကြမ္မာ၏ လွှမ်းခြုံမှုကို ဖောက်ထွက်နိုင်စွမ်း၊ ကမ္ဘာဦးဟွင်သွမ်းကို ခွဲခြမ်းနိုင်စွမ်းနှင့် သေခြင်းတရားကို ထိုးဖောက်နိုင်စွမ်းရှိသော အဖြူရောင်အလင်းတန်းမှာ တုကုပိုင်ထျန်းထံသို့ ပြေးဝင်သွားတော့သည်။
တုကုပိုင်ထျန်းက ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်မြှောက်ထားပြီးသား ဖြစ်သည်။ သူသာ အောင်မြင်ပါက အနီးကပ်တိုက်ခိုက်ရန် ချဉ်းကပ်နိုင်မည် ဖြစ်သည်။ သို့သော် အန္တရာယ်ကို သိမြင်သော ဗီဇက နိုးကြားလာသဖြင့် နောက်ဆုံးမိနစ်တွင် ရှောင်တိမ်းရန် ဆုံးဖြတ်လိုက်သည်။ ထိုအဖြူရောင် အလင်းတန်းမှာ သူ့ဘယ်ဘက်လက်မောင်းကို ချက်ချင်းပင် ဖြတ်တောက်သွားတော့သည်။
သူ့မရဲ့ တိုက်ခိုက်မှုက တကယ်ကို ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီ
တုကုပိုင်ထျန်းသည် ပြတ်တောက်သွားသော သူ့လက်မောင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ယန်းအိုက်၏ တာအိုကို ကောင်းကင်ကို ပိုင်းဖြတ်ခြင်းဟု လူသိများသည်။ သူမ ငယ်စဉ်အခါက မွေးရပ်မြေ ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ကောင်းကင်တာအိုသည် သူမ၏ ဓားပညာပါရမီကို ကြောက်ရွံ့သဖြင့် ပိတ်ပင်ထားခဲ့သည်ကို သိရှိပြီးနောက် ဤတာအိုကို စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမသည် ကောင်းကင်သတ်ဖြတ်ခြင်းကို သိမြင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဓားဧကရီ၏ အမွေအနှစ်မှာ ဒိုင်မေးရှင်းအနိမ့်ရှိ မည်သည့်ကမ္ဘာကိုမဆို ကိုယ်ပိုင်အသိစိတ် ရရှိမလာစေရန် တားဆီးခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် အဆင့်တက်လှမ်းပြီးနောက် သူမ၏ တာအိုမှာ မည်သို့ ဖြစ်သွားမည်နည်း။ သူမသည် အစစ်အမှန်ကောင်းကင်တာအိုကို ပိုင်းဖြတ်ရန် အာရုံစိုက်ခဲ့သည်လား သို့မဟုတ် သူမ၏ ပစ်မှတ်မှာ မဟာတာအိုကိုယ်တိုင် ဖြစ်သွားသည်လား။
အဘယ်ကြောင့်ဆိုသော် ဤဟွင်သွမ်းစကြဝဠာကြီးတွင် အရာအားလုံး၏ အထက်မှာ စိုးမိုးနေသည်မှာ “သူမ” သာ ဖြစ်သောကြောင့် ဖြစ်၏။
ယန်းအိုက်အနေနှင့် တစ်ချိန်က ဤမေးခွန်းများကြောင့် ဇဝေဇဝါ ဖြစ်ခဲ့ဖူးသော်လည်း သူမ ရရှိခဲ့သော အဖြေမှာ နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ဟုတ်ပေသည် … သူမက ကောင်းကင်တာအိုနှင့် မဟာတာအိုကို သတ်ဖြတ်ချင်သည်။ သို့သော် ဤသည်မှာ သူမ၏ တာအိုအနှစ်သာရ မဟုတ်သေးပေ။ သူမ တာအို၏ အဓိကအယူအဆမှာ အမြင့်ဆုံးအထွတ်အထိပ်ကို ပိုင်းဖြတ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း သာ ဖြစ်သည်။
သူမအနေနှင့် သူမ၏တိုက်ခိုက်မှုသည် အမြင့်ဆုံးသော တည်ရှိမှုကို သတ်ဖြတ်နိုင်စွမ်းရှိရန် အလိုရှိသည်။ လက်ရှိတွင် ထိုဂုဏ်ပုဒ်ကို မဟာတာအိုက ပိုင်ဆိုင်ထားသော်လည်း … တစ်နေ့တွင် အခြားတစ်ယောက်က အမြင့်ဆုံးအထွတ်အထိပ် သို့မဟုတ် ကောင်းကင်အသစ် ဖြစ်လာပါက ယန်းအိုက်သည် ထိုအရာကို ပိုင်းဖြတ်နိုင်ရန် အလိုရှိသည်။ ထိုကဲ့သို့သော အတွေးအမြင်အပြောင်းအလဲမှာ သေးငယ်သည်ဟု ထင်ရသော်လည်း သူမ တာအို၏ သဘောသဘာဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။
ပထမဦးစွာ ဤအတွေးအခေါ် ပြောင်းလဲမှုကြောင့် သူမ၏ တာအိုမှာ စွမ်းဆောင်ရည် ပိုစုံလင်လာသည်။ သူမက ကောင်းကင်တာအိုကဲ့သို့သော အရာများကိုသာ ပစ်မှတ်ထားခြင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး သူမ၏ တာအိုတွင် မည်သည့်အရာက ကောင်းကင်ဖြစ်သည်ကို သူမကိုယ်တိုင် ဆုံးဖြတ်ခွင့် ရရှိသွားသည်။ သူမ၏ ဓားမှာ မည်သည့်သက်ရှိမျိုးကို သတ်ဖြတ်ရမည်ဆိုသည့် ကန့်သတ်ချက်မျိုး မရှိတော့ပေ။
ဒုတိယအချက်မှာ ဤအပြောင်းအလဲကြောင့် ယန်းအိုက်တွင် အမြဲတမ်း လိုက်လံကျော်ဖြတ်ရမည့် သို့မဟုတ် သတ်ဖြတ်ရမည့် အမြင့်ဆုံး တောင်ထိပ်အသစ်တစ်ခု အမြဲရှိနေခြင်း ဖြစ်သည်။ တစ်နေ့တွင် သူမကိုယ်တိုင် ကောင်းကင် သို့မဟုတ် အမြင့်ဆုံး တန်ခိုးရှင် ဖြစ်လာလျှင်ပင် မိမိကိုယ်ကို ပိုင်းဖြတ်နိုင်သော ဓားတစ်လက်ကို ဖန်တီးရန် သူမ လမ်းကြောင်းပြောင်းနိုင်သည်။
နောက်ဆုံးအနေဖြင့် ယန်းအိုက်၏ တာအိုမှာ ယခုအခါ ထူးခြားသော ဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထားပြီ ဖြစ်၏၊ ထိုအရာမှာ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေခြင်း ဖြစ်ပေသည်။ သူမနှင့် တိုက်ခိုက်ဖူးသူတိုင်း အမှန်တရားတစ်ခုကို သိကြသည်။ ဤသည်မှာ တိုက်ပွဲကို အချိန်မဆွဲရန် ဖြစ်သည်။ သူမကို အနိုင်မတိုက်နိုင်သရွေ့ သူမ၏ တာအိုသည် ပြိုင်ဘက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သည့် အခြေအနေသို့ တဖြည်းဖြည်း တိုးတက်ပြောင်းလဲသွားမည် ဖြစ်သည်။
ဤအချက်တစ်ခုတည်းကပင် ကောင်းကင်ပိုင်းဖြတ်ခြင်းတာအို၏ အလားအလာကို သက်သေပြနေသည်။ သီအိုရီအရဆိုလျှင် ယန်းအိုက်သည် သူမ သတ်ဖြတ်လိုသော ကမ္ဘာဦးဟွင်သွမ်းသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရာတွင် အချိန်အလုံအလောက် ဆွဲထားနိုင်ရန် အခြားအထောက်အပံ့များကို အသုံးပြုနိုင်ပါက သူမ၏ ဓားသည် ထိုသူတော်စင်ကို သတ်ဖြတ်နိုင်သည်အထိ ပြောင်းလဲသွားလိမ့်မည်။
အံ့ဖွယ်သိုလှောင်ရုံ - စိတ်စွမ်းအား မြှင့်တင်မှု
ညင်သာသည့် အဝါရောင်အလင်းတန်းတစ်ခုက တုကုပိုင်ထျန်း၏ နဖူးတွင် ပေါ်လာသည်။ သူ့နဖူးရှိ လျို့ဝှက်တံခါးကို ဖွင့်လိုက်သည်နှင့် သူ့စိတ်စွမ်းအားသဏ္ဍာန်ပြမှုမှာ ခေတ္တမျှ မြင့်တက်သွားသည်။ သူက ထိုစွမ်းအားကို အသုံးပြု၍ သူ့ဘယ်ဘက်လက်မောင်းရှိ ပုန်းကွယ်နေသော ဓားဆန္ဒကို ဖယ်ရှားလိုက်ပြီးနောက် လက်မောင်းကို ပြန်လည်ဖြစ်ပေါ်စေလိုက်သည်။
အံ့ဖွယ်သိုလှောင်ရုံ - အဆုံးမဲ့နင်းခြေခြင်း
ယန်းအိုက်၏ ဒုတိယမြောက် ထိုးနှက်ချက်မှာ သူ့ဦးခေါင်းထံ ဦးတည်လာစဉ်တွင် တုကုပိုင်ထျန်းမှာ ဒုတိယအကြိမ် နည်းဗျူဟာ ပြောင်းလိုက်ပြန်သည်။ သူမ၏ တိုက်ခိုက်မှုကို ခုခံမည့်အစား သူသည် ရှောင်တိမ်းရန် ရွေးချယ်လိုက်သည်။ သူ့ခြေထောက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အဖြူရောင် အလင်းတန်း၏ လမ်းကြောင်းမှ ဖယ်ရှားလိုက်သည်။
အံ့ဖွယ်သိုလှောင်ရုံ - ကမ္ဘာဖျက်ခွန်အား
သူက ယန်းအိုက်၏ အပေါ်ဘက်သို့ ရွှေ့လိုက်ပြီး သူမကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ့လက်သီးထဲတွင် ကမ္ဘာဦးဟွင်သွမ်း၏ အဆုံးမဲ့အလေးချိန်၊ အင်အားတစ်ခုတည်းအဖြစ် ပေါင်းစုထားသော သမိုင်း၏ စွမ်းပကား၊ ဒြပ်ထုအဖြစ် ပြောင်းလဲထားသော အဆုံးမဲ့စွမ်းအင်နှင့် အတိတ်နှင့် ပစ္စုပ္ပန်မှ သေဆုံးသွားသော အပြစ်သားအားလုံး၏ အလေးချိန်တို့ ပါဝင်နေသည်။
အခန်း (၁၅၉၄) : အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်း
တန်ပြန်တိုက်စစ်
ယန်းအိုက်၏ ဝါးဓားသည် ဤလက်သီး၏ ခွန်အားကို အသုံးချကာ မိမိကိုယ်ကိုယ် အားဖြည့်လိုက်သော်လည်း ထိုအရာထဲ၌ ကိုယ်ပိုင် အင်အားများလည်း ပါဝင်နေသည်။ ထိုနှစ်ခု ထိပ်တိုက်တွေ့သောအခါ လေဟာနယ်ပုံရိပ်ယောင်နယ်မြေအတွင်းရှိ အဖြူရောင်ဗလာနယ်မြေသည် မိုးမြေကြားရှိ အလင်း သို့မဟုတ် အရောင်ဟူသော အယူအဆကို ခေတ္တဖျက်သိမ်းလိုက်သည့်အလား ရုတ်တရက် အမှောင်အတိ ကျသွားလေသည်။
ယန်းအိုက်က အသက်ရှူသံများ မမှန်မကန်ဖြစ်သွားပြီး နောက်သို့ တစ်လှမ်းအပြည့် ဆုတ်လိုက်ရသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ထိခိုက်ဒဏ်ရာရမှုမျိုးသည် ကုသရန် သို့မဟုတ် တစ်နည်းနည်းဖြင့် ကိုင်တွယ်ရန် လိုအပ်သော်လည်း ယခုအခါ သူမ၏ အစွမ်းထက်သော ခန္ဓာကိုယ်သစ်ဖြင့် သူမ အနှစ်သက်ဆုံးအရာဖြစ်သည့် တိုက်စစ်ဆင်ခြင်းကိုသာ အာရုံစိုက်ထားနိုင်ခဲ့သည်။
တုကုပိုင်ထျန်းသည် နောက်သို့ တစ်ဝက်ခန့်သာ ဆုတ်လိုက်ရပြီး အသက်ရှူသံမှာ မှန်ကန်နေဆဲ ဖြစ်၏။ သို့သော်လည်း သူ၏ ပါးစပ်ထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်သန့်စင်မှု အဆင့်အတန်းအရ ဤသို့သော ဒဏ်ရာမျိုးကို အသေးအဖွဲဟု မသတ်မှတ်နိုင်ပေ။ ထို့ကြောင့် သူသည် ပထမအကြိမ် တိုက်ခိုက်မှုအပြီးတွင် ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်လေတော့သည်။
ယန်းအိုက်ကလည်း အလျှော့မပေးပေ။ သူမ၏ တိုက်ခိုက်ပုံမှာ ပြိုင်ဘက်ကင်းသော ဓားချက်များဖြင့် ပြိုင်ဘက်ကို လွှမ်းမိုးခြင်း ဖြစ်၏။ သူမ၏ နည်းဗျူဟာကလည်း အောင်မြင်ခဲ့သည်။ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ထိပ်တိုက်တွေ့ပြီးနောက် မည်သူက အသာစီးရနေသည်မှာ သိသာထင်ရှားလာသည်။
ဓားဧကရီသည် တိုက်ခိုက်မှုစွမ်းအားတွင် အသာစီးရနေသဖြင့် နှစ်ဦးစလုံး ထိုတိုက်ခိုက်မှုမှ တန်ပြန်သက်ရောက်မှုကို ခံရသည့်အခါတိုင်း တုကုပိုင်ထျန်းကသာ ဒဏ်ရာပိုရသူ ဖြစ်ခဲ့သည်။
သို့သော်လည်း အကြိမ်ပေါင်း တစ်ရာကျော် ထိပ်တိုက်တွေ့ပြီးနောက် ယန်းအိုက်သည် တုကုပိုင်ထျန်း၏ အစီအစဉ်ကို ရိပ်မိသွားသည်။ နှစ်ဦးစလုံးမှာ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်၏ ဒသမမြောက်ကောင်းကင်ဘုံအဆင့်တွင် ရှိနေကြသော်လည်း တုကုပိုင်ထျန်း၏ ခန္ဓာကိုယ်မှာ သူမထက် ပိုမိုပြည့်စုံနေသည်။ သူမသည် ထိုအဆင့်သို့ မကြာသေးမီကမှ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သူမ၏ ပြိုင်ဘက်မှာမူ သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် ပြည့်စုံစေရန် ယွမ်ခေတ်ကာလပေါင်း သန်းနှင့်ချီ၍ သို့မဟုတ် ဘီလီယံနှင့်ချီ၍ အချိန်ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။
ဒသမမြောက်ကောင်းကင်ဘုံသို့ ရောက်ရှိပြီးနောက် တိုးတက်မှုမှာ မရှိသလောက်ပင် ဖြစ်သော်လည်း ဇွဲလုံ့လရှိမှုက အကျိုးကျေးဇူးများ ရှိနေဆဲဖြစ်ကာ အတိုက်ရိုက်ဆုံး အကျိုးကျေးဇူးမှာ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလာခြင်း ဖြစ်သည်။
ဒါသာ ဆက်ဖြစ်နေရင် သူ့ခန္ဓာကိုယ်ထက် ငါ့ခန္ဓာကိုယ်က အရင် လက်လျှော့သွားလိမ့်မယ်
ယန်းအိုက်က ဆန်းစစ်လိုက်သည်။ အစွန်းရောက်လမ်းစဉ် ဓားသမားများ အပါအဝင် လူအများစုသည် ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခု ထားရှိကြလိမ့်မည် ဖြစ်သော်လည်း သူမသည် တုကုပိုင်ထျန်းအကြောင်းကို သိထားသည်။ သူနှင့် တိုက်ခိုက်ရာတွင် အဆိုးရွားဆုံး ဆုံးဖြတ်ချက်မှာ သူ့ကို အရှိန်ယူခွင့် သို့မဟုတ် တိုက်ပွဲ၏ စည်းချက်ကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။
အချိန်ကို ကျော်လွန်သော တိုက်ခိုက်မှု
ယန်းအိုက်က နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ သူမအနေနှင့် အလျင်အမြန် တုံ့ပြန်နိုင်စွမ်းမရှိသော တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။ ဤတိုက်ခိုက်မှု၏ အမည်မှာ အချိန်ထက် ပိုမိုမြန်ဆန်သည်ဟု ဆိုလိုသော်လည်း အမှန်တရားမှာ ထိုထက်မကပေ။ ထိုအရာသည် အမြန်နှုန်း၏ အထွတ်အထိပ်ကို ရှာဖွေသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ထိုတိုက်ကွက်သည် အလွန်မြန်ဆန်လွန်းသဖြင့် ရုပ်ဝတ္ထု၊ စွမ်းအင် သို့မဟုတ် ကာလံဒေသံ ဆက်စပ်မှုတို့၏ ချုပ်ကိုင်မှုအောက်တွင် ရှိမနေဘဲ အလွန်မြန်ဆန်လွန်းသဖြင့် အကြွင်းမဲ့မျှတသူဟု ဆိုနိုင်သော သေမင်းပင်လျှင် တစ်စုံတစ်ယောက်သည် ဤဓားချက်ကြောင့် သေဆုံးသွားခြင်း ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။
သူမ၏ ဓားသည် အလွန်မြန်ဆန်သဖြင့် ဗလာနတ္ထိကိုပင် ထိတွေ့သွားသည်။ သို့သော်လည်း ယန်းအိုက်၏ အရည်အချင်းမှာ အလွန်သိမ်မွေ့သဖြင့် ထိုဖြစ်စဉ်အတွင်း သူမ၏ လက်မောင်းကို မဆုံးရှုံးခဲ့ပေ။ သူမ၏ ဓားအရှိန်သည် ဗလာနတ္ထိစွမ်းအားမှ တန်ပြန်သက်ရောက်မှုကိုပင် လွတ်မြောက်သွားခဲ့သည်။ ဤကဲ့သို့ ပြောင်မြောက်သော တိုက်ခိုက်မှုသည် သူမကို တစ်ခုလုံးသော ဟွင်သွမ်းစကြဝဠာ၏ ဓားလမ်းစဉ်ထက်တွင် အထွတ်အထိပ် စိုးမိုးနိုင်ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။
အံ့ဖွယ်သိုလှောင်ရုံ - ၁၂ ခုမြောက် အသိစိတ်
အံ့ဖွယ်သိုလှောင်ရုံ - အခြားကမ္ဘာမှ တုံ့ပြန်မှုများ
လူသားတို့၏ ခန္ဓာကိုယ်တွင် ဖော်ထုတ်နိုင်သော အဆုံးမဲ့ အလားအလာများ ရှိသည်။ ထိုအရာများကို တံခါး၊ အပ်စိုက်မှတ်၊ အပေါက်၊ ချက္ကရ သို့မဟုတ် အံ့ဖွယ်သိုလှောင်ရုံ စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ကြသည်။ ဒန်ထျန်း သို့မဟုတ် အသိစိတ်ပင်လယ်သည်ပင် ထိုဝှက်ဖုံးနေသော အလားအလာများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။
တုကုမျိုးနွယ်၏ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်သည် ဤအလားအလာများကို ဖွင့်လှစ်ပေးကာ တုကုပိုင်ထျန်းသည် ဤကျင့်စဉ်ကို မျိုးနွယ်စုက ဖြစ်နိုင်သည်ဟု ထင်ထားသော အကန့်အသတ်များထက် ကျော်လွန်အောင် တွန်းပို့ထားပြီ ဖြစ်သည်။ သူသည် ထိုအရာတို့ကို ဖွင့်လှစ်ရုံသာမက အသစ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကာ ပိုမိုမြင့်မားသော အဆင့်များသို့ တိုးတက်ပြောင်းလဲစေမည့် နည်းလမ်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
တိုက်ခိုက်မှုကို ခံစားသိရှိနိုင်ပြီးနောက် တုကုပိုင်ထျန်းသည် သတ္တုဓာတ်ဆိုင်ရာ အံ့ဖွယ်သိုလှောင်ရုံကို ဖွင့်လှစ်လိုက်သည်။ သူသည် သူ၏လက်သီးနှင့် ခန္ဓာကိုယ်ကို သံချပ်ကာဖြင့် ဖုံးအုပ်လိုက်ပြီး ယုတ္တိမတန်သော အရှိန်အဟုန်ဖြင့် ဓားကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏ ချဉ်းကပ်ပုံမှာ အကောင်းဆုံးသော လမ်းစဉ်နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူသည် ယခင်နည်းဗျူဟာကို ဆက်လက်လုပ်ဆောင်နိုင်သလို မိမိကိုယ်ကိုယ်လည်း ပိုမိုကာကွယ်နိုင်ခဲ့သည်။
လေဟာနယ်တိုက်ပွဲကွင်းပြင်သည် ဤတိုက်ခိုက်မှု၏ ထိပ်တိုက်တွေ့မှုကို ခံစားလိုက်ရသည်။ လေဟာနယ်ထဲတွင် မည်သည့်အရာမျှ မတည်ရှိနိုင်သဖြင့် အယူအဆများစွာကို လွတ်မြောက်သွားသော ယန်းအိုက်၏ ဓားချက်သည် အကျိုးဆက်အချို့ကို ဖြစ်ပေါ်စေသည်။ အချိန်မြစ်ကြောင်းသည် တုန်ခါသွားပြီး နောက်ဆက်တွဲ ထွက်ပေါ်လာသော စွမ်းအင်မှာ ကာလံဒေသံ ဆက်စပ်မှုအသစ်တစ်ခု ဖန်တီးရန် လုံလောက်လေသည်။ ကာလံဒေသံနှင့်အတူ ဒြပ်ဆွဲအား ပါလာပြီး ဒြပ်ဆွဲအားနှင့်အတူ ရုပ်ဝတ္ထုနှင့် စွမ်းအင်တို့ ပါလာသည်။
သေမင်းသည်လည်း သူ့တည်ရှိမှုကို ပြသလာသည်။ အကြောင်းမှာ တစ်စုံတစ်ယောက်သည် သေမင်းကိုယ်တိုင်ပင် သတိမပြုမိဘဲ လူတစ်ယောက်ကို သတ်နိုင်သည့် နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တုကုပိုင်ထျန်း၏ လက်သီးသည် ထိုညီမျှခြင်းထဲသို့ အင်အားကို ယူဆောင်လာခဲ့ပြီး ဒြပ်ထုနှင့် အရှိန်တို့ကို ဖန်တီးပေးခဲ့သည်။ သူက မြေဓာတ်စွမ်းအားကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ထိုခဏတာအတွင်း စွမ်းအားအားလုံးနှင့် ဓာတ်ကြီးများ အားလုံး ရောယှက်သွားကာ မြေဓာတ်စွမ်းအား မညီမျှမှုနှင့် မပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ နိယာမများရှိသည့် ကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုက်လေသည်။
အလျှော့မပေးဘူးပေါ့
ယန်းအိုက်က အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။ သူမသည် သူမ၏ ပစ်မှတ်ကိုသာ အာရုံစိုက်ထားပြီး သူမ၏ ပတ်ဝန်းကျင်တွင် ဖန်တီးလိုက်သော အရာကို ဂရုမစိုက်ပေ။
ဒါဆိုရင် အရှိန်ကို ဒီထက်ပိုပြီး မြှင့်လိုက်ကြတာပေါ့
သူမသည် ဝါးဓားကို မလွှဲခင် ပဉ္စမမြောက် မဟာယန္တရားနှင့် ချိတ်ဆက်လိုက်သည်။
အမှားအယွင်း-နိဂုံးချုပ် ပိုင်းဖြတ်ခြင်း
မည်သည့်ကမ္ဘာမဆို … အခြေခံအကျဆုံးသော ကမ္ဘာပင်လျှင် ၎င်း၏လည်ပတ်မှုကို သေချာစေရန် အတူတကွ လုပ်ဆောင်နေသည့် ရှုပ်ထွေးသော စည်းမျဉ်းများနှင့် နိယာမများ၏ စနစ်တစ်ခု ဖြစ်၏။ ယန်းအိုက်၏ တိုက်ခိုက်မှုသည် ထိုကမ္ဘာ၏ အမှားအယွင်းကို အသုံးချကာ နောက်ဆုံးတွင် ကမ္ဘာကြီးကို ပျက်စီးစေမည့် ဖြစ်ရပ်စဉ်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် ထိုဖျက်ဆီးခြင်း စွမ်းအားကို သူမ၏ ဓားတိုက်ခိုက်မှုအတွက် အသုံးချလိုက်သည်။
တုကုပိုင်ထျန်း၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။ ဤအမျိုးသမီးသည် အလျှော့ပေးရန် ငြင်းဆန်ရုံသာမက အခြေအနေကို ပိုမိုပြင်းထန်အောင် ပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် အံကြိတ်ထားပြီး ပဉ္စမမြောက် မဟာယန္တရားနှင့်လည်း ချိတ်ဆက်လိုက်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ သူမနှင့် မတူကြောင်း သိထားသဖြင့် အားဖြည့်မှုတစ်ခု လိုအပ်နေသည်။
ပထမဦးစွာ သူသည် အကာအကွယ်ပေးသော အံ့ဖွယ်သိုလှောင်ရုံများစွာကို မသေနိုင်သော ခန္ဓာကိုယ်အဖြစ် ပေါင်းစပ်လိုက်သည်။ ဒုတိယအနေဖြင့် သူသည် အကြွင်းမဲ့ လျှို့ဝှက်စွမ်းရည်ဟု ခေါ်ဆိုနိုင်သော အရာကို အသုံးပြုလိုက်သည်။ လျှို့ဝှက်စွမ်းရည်များသည် ကျင့်ကြံသူများအတွက် သွေးအဆီအနှစ် သို့မဟုတ် ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းကဲ့သို့သော အသည်းအသန်ဖြစ်နေသည့် အချိန်များတွင် အသုံးပြုရသည့် နည်းလမ်းများ ဖြစ်သည်။
ကျင့်ကြံသူများသည် သူတို့၏ မသေနိုင်သော ခန္ဓာကိုယ်ကို အသုံးချပြီး ပြန်လည် ထူထောင်နိုင်သောကြောင့် လျှို့ဝှက်စွမ်းရည်များသည် မသေမျိုးအဆင့်တွင် ပို၍အသုံးများသင့်သည်။ သို့သော်လည်း မိုးမြေသည် ဟန်ချက်ညီမှုအပေါ်တွင်သာ အခြေခံထားလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ မဟာတာအိုမှ သတ်မှတ်ထားသော စည်းမျဉ်းမှာ လျှို့ဝှက်နည်းစနစ်များကို အလွန်အကျွံ အသုံးပြုခြင်းသည် ကျင့်ကြံသူ၏ အုတ်မြစ်နှင့် အလားအလာကို ထိခိုက်စေပြီး ရှေ့ဆက်ရမည့် လမ်းစဉ်ကို ပိတ်ဆို့သွားစေမည် ဖြစ်သည်။
တုကုပိုင်ထျန်း၏ လျှို့ဝှက်နည်းစနစ်မှာ သူသည် ပိုမိုအားကောင်းသော စွမ်းအားအတွက် သူ၏ အသား သို့မဟုတ် ဝိညာဉ်ကို စတေးခြင်း မဟုတ်သောကြောင့် အလွန်ပင် ပြောင်မြောက်လှသည်။ ထို့အစား သူသည် စတေးရန်အတွက် အတုအယောင် အံ့ဖွယ်သိုလှောင်ရုံများကို တည်ဆောက်ခဲ့သည်။ ထိုအတုအယောင် အလားအလာတံခါးများကို သူ၏ ရုပ်ခန္ဓာကိုယ်အပေါ် မသက်ရောက်စေရန် ပြင်ပရင်းမြစ်များမှ ဖန်တီးထားကြောင်းလည်း သူ သေချာစေခဲ့သည်။
"နတ်ဘုရား" ဟူသော စကားလုံးပင် စော်ကားရာရောက်မည့် ဤသက်ရှိနှစ်ဦး၏ ထိပ်တိုက်တွေ့မှုသည် လေဟာနယ်တိုက်ပွဲကွင်းပြင်ရှိ ပုံမှန်မဟုတ်သော မြေကမ္ဘာကို ဆွဲဖြဲပစ်လိုက်သော်လည်း ထိုဖြစ်ရပ်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ရလဒ်ပင် ဖြစ်သည်။
ယန်းအိုက်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ ကျနေကာ အတွင်းဒဏ်ရာရနေသည့် လက္ခဏာ ပြလာသည်။ မည်သည့် စစ်မှန်သောဆန္ဒမျှ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်ခဲ့သော်လည်း သူတို့နှစ်ဦးလုံး၏ နည်းစနစ်များမှ ထွက်ပေါ်လာသော ဖရိုဖရဲစွမ်းအားများက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူမ၏ ပြန်လည်ထူထောင်မှုကို စက္ကန့်အနည်းငယ်မျှ ကြန့်ကြာစေခဲ့သည်။ တစ်စက္ကန့်၏ ကုဋေကုဋာပုံ တစ်ပုံထက်မက မြန်ဆန်သော တုံ့ပြန်မှုဖြင့် တိုက်ခိုက်နေကြသည့် သူမအဆင့်ရှိ လူများအတွက် စက္ကန့်အနည်းငယ်ဆိုသည်မှာ ထာဝရကဲ့သို့ပင် ဖြစ်သည်။
တုကုပိုင်ထျန်းသည်လည်း အခြေအနေ ပိုမကောင်းပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ဒဏ်ရာမှာ ပို၍ပင် ဆိုးရွားနေသည်။ သူ၏ ပုခုံးတစ်ခြမ်း ပျောက်ဆုံးသွားပြီး ရင်ဘတ်အပေါ်ပိုင်းတွင်လည်း သေးငယ်သော ပြတ်ရှဒဏ်ရာများစွာ ရရှိခဲ့သည်။ သူသည်လည်း သူ၏အတွင်းအင်္ဂါများနှင့် ရောယှက်နေသော ဖရိုဖရဲစွမ်းအားများကြောင့် သူ့ပြိုင်ဘက်ကဲ့သို့ ခံစားနေရသည်။
ဓားဧကရီ၏ မျက်လုံးများထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူမသည် သူ့ကို ပြန်လည်နလန်ထူရန် အချိန်မပေးဘဲ ထပ်မံတိုက်ခိုက်လိုက်သည်။ သူမသည် ထိုနည်းစနစ်ကိုပင် အသုံးပြုသော်လည်း ကောင်းကင်ပိုင်းဖြတ်ခြင်းတာအို၏ အဆုံးမဲ့ ဆင့်ကဲတိုးတက်မှု သို့မဟုတ် တိုးတက်ကောင်းမွန်မှုကို အသက်သွင်းလိုက်သည်။
တုကုပိုင်ထျန်း၏ မျက်နှာမှာ တည်ကြည်သွားသည်။ သူသည် လျှို့ဝှက်နည်းစနစ်များကို ဆက်လက်အသုံးမပြုနိုင်တော့ပေ။ သူ၏ ပြိုင်ဘက်က တိုက်ပွဲ၏ ပြင်းထန်မှုကို ရုတ်တရက် မြှင့်တင်လိုက်သောကြောင့်သာ သူသည် ပထမနေရာတွင် ၎င်းတို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လျှပ်စီးအံ့ဖွယ်သိုလှောင်ရုံကို အသက်သွင်းလိုက်သော်လည်း ၎င်းမှာ သာမန်လျှပ်စီး မဟုတ်ပေ။ ထိုအရာထဲတွင် တုကုပိုင်ထျန်း သန့်စင်ထားသော ကမ္ဘာဦးဟွင်သွမ်းအတွင်း မွေးဖွားလာသည့် ဝိညာဉ်ရေးရာလျှပ်စီးဖြစ်သော စစ်မှန်သောဖျက်ဆီးခြင်းလျှပ်စီး ပါဝင်သည်။
ယန်းအိုက်၏ ဖျက်ဆီးခြင်းဓားကို ခုခံရန် ဖျက်ဆီးခြင်းဓာတ်ကို အသုံးပြုရန် ကြိုးစားခြင်းဖြင့် သူ၏ချဉ်းကပ်ပုံမှာ မှန်ကန်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူသည် ဟွင်သွမ်းစကြဝဠာတွင် ဒုတိယမြောက် အားအကောင်းဆုံး တိုက်ခိုက်မှုစွမ်းအားရှိသည်ဟု လူသိများသော အမျိုးသမီးနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
ယန်းအိုက်က ဒုတိယမြောက် ဓားချက်အပြီးတွင် တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် ဓားချက်များဖြင့် မဆုတ်မနစ် ဆက်တိုက်တိုက်ခိုက်လေတော့သည်။ သူမသည် ရှေ့သို့တိုးရန် သူမ၏ဒဏ်ရာကို လျစ်လျူရှုထားပြီး ဓားတစ်ချက် လွှဲတိုင်း သူမ၏တိုက်ခိုက်မှုမှာ ပို၍ပင် ပျက်စီးစေနိုင်လာသည်။ ဆဋ္ဌမမြောက် ဓားချက်တွင် တုကုပိုင်ထျန်းမှာ သူမနှင့် အကွာအဝေးတစ်ခု ထားရှိရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမ အရှိန်ယူနေခြင်းဖြစ်ကြောင်း သူ သိလိုက်ရပြီး … အကယ်၍ သူသာ ခွင့်ပြုလိုက်ပါက သူ လွှမ်းမိုးခံရရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။
"အဲဒီလိုနဲ့ပဲ မင်းရဲ့ ဟိတ်ဟန်တွေအားလုံး ပျောက်သွားပြီပေါ့" ယန်းအိုက်က အသက်ကို ခက်ခက်ခဲခဲ ရှူရင်း လှောင်ပြောင်လိုက်သည်။
"ဘယ်တိုက်ပွဲမဆို အမြဲတမ်း ပြောင်းလဲနေတာပဲ။ အသာစီးမရတော့တာက ဘာမှအရေးမကြီးဘူး။ ငါတို့က ဒီလို အခြေခံအမှန်တရားကို နားလည်ဖို့လောက်အောင် ဝါရင့်နေပြီပဲ" တုကုပိုင်ထျန်းက ပြန်ပြောသည်။
ထိုနှစ်ဦးသည်သူတို့၏ အသက်ရှူသံနှင့် ခွန်အားများကို ပြန်လည်ရရှိရန် ဤအခွင့်အရေးကို အသုံးချလိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း တုကုပိုင်ထျန်းသည် သူ၏ပြိုင်ဘက်ထက် ပိုမိုမြန်ဆန်စွာ အထွတ်အထိပ်သို့ ပြန်ရောက်သွားသည်။
ထို့နောက် သူသည် ထိုအနည်းငယ်သော ကွာခြားချက်ကို အသုံးပြု၍ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။
အံ့ဖွယ်သိုလှောင်ရုံ -အဆီအနှစ်၊ စိတ်ဝိညာဉ်၊ ချီ ဟန်ချက်ညီမှု
တုကုပိုင်ထျန်းသည် သူ၏ ခန္ဓာကိုယ်သန့်စင်မှု အောင်မြင်မှုများကြောင့် ကျော်ကြားသော်လည်း သူသည် သန့်စင်သော ခန္ဓာကိုယ်သန့်စင်သူသက်သက် မဟုတ်ပေ။ သူက ချီနှင့် အဆီအနှစ်ကို ပူးတွဲကျင့်ကြံသူ ဖြစ်၏။ သူသည် ခန္ဓာကိုယ်ကို သူ့တာအိုနှင့် ပြည့်စုံစွာ ပေါင်းစပ်နိုင်စေမည့် လျို့ဝှက်ဂိတ်ပေါက်တစ်ခုကိုပင် သူ့ခန္ဓာကိုယ်အတွင်း၌ ဖန်တီးထားပြီး သို့မဟုတ် ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။
ယခုအခါ သူ့ချီကို အသုံးပြုနေပြီဖြစ်သဖြင့် ဤတိုက်ပွဲသည် အမှန်တကယ် စတင်ခဲ့လေပြီ။