အခန်း (၁၁၁၃-၁၁၁၄)
Vol. 95 Ch. 1113-1114
အခန်း ၁၁၁၃ - ဂူးလ်နှင့် ဝတ်ရုံနက်ကို သတိထားရန် အားလုံးကို သတိပေးခြင်း
လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အစည်း အများအပြား၌ လေဟာနယ်တံခါး ရှစ်ခု သို့မဟုတ် ကိုးခုခန့် ရှိနေကြသည်။ အကယ်၍ ၎င်းတို့ကို အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက ရှေ့တန်းစစ်မျက်နှာရှိ ဖိအားများကို များစွာ လျှော့ချနိုင်မည်ဖြစ်ပြီး မဟာမိတ်အဖွဲ့များ၏ ရှင်သန်ရေး ဖိအားမှာလည်း များစွာ လျော့ပါးသွားမည် ဖြစ်သည်။
တိုက်ပွဲကို ရှေ့တန်းစစ်မျက်နှာတွင်သာ ထိန်းထားနိုင်ခြင်းဖြင့် အသက်ရှင်ကျန်ရစ်သူများသည်လည်း အဟန့်အတားမရှိ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ရှောင်းယီသည် ယီထျန်းဂရုချက်ထဲသို့ စာတစ်စောင် ပို့လိုက်သည်။
“အားလုံးပဲ သတိပြုပေးကြပါ။ အကယ်၍ ခင်ဗျားတို့ မဟာမိတ်အဖွဲ့ထဲက မသေမျိုးမျိုးနွယ်စု လေဟာနယ်တံခါးကနေ မသေမျိုးတွေ ထွက်လာတာမျိုး ရုတ်တရက် ရပ်တန့်သွားတာမျိုး ဖြစ်လာခဲ့ရင် ကျုပ်တို့ဘက်က ရှေ့တန်းစစ်မျက်နှာမှာ အဲ့ဒီလေဟာနယ်တံခါးကို ရှာတွေ့ထားတာမျိုး ဟုတ်၊ မဟုတ် သိရအောင် အရင်ဆုံး အကြောင်းကြားပေးကြပါ။”
“ဒါက...သူဌေးက ဘာကိုဆိုလိုတာလဲ။ သူဌေးအနေနဲ့ ရှေ့တန်းမှာ ကျုပ်တို့ မဟာမိတ်အဖွဲ့တွေဆီကို ဦးတည်နေတဲ့ လေဟာနယ်တံခါးတွေကို ရှာတွေ့နိုင်တယ်လို့ ဆိုလိုတာလား။”
“အပေါ်ကလူက နားလည်မှု အားကောင်းတာပဲ။ တကယ်ပဲ အဲ့ဒီလို ဆိုလိုတာပါ။”
“ဒါဆိုရင်တော့ သူဌေးခင်ဗျာ... ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ လေဟာနယ်တံခါးမှာရှိတဲ့ မသေမျိုးတွေကို မြန်မြန်လေး မောင်းထုတ်ပေးပါ။ ကျုပ်တို့ ဒီမှာ အသည်းအသန် ခုခံနေရလို့ပါ။”
ရှောင်းယီက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
“အခု ရှေ့တန်းစစ်မျက်နှာက အရမ်းရှည်လျားနေတာဆိုတော့ ခင်ဗျားတို့အားလုံးရဲ့ လေဟာနယ်တံခါးတွေနဲ့ တည့်တည့်တိုး၊ မတိုး ဆိုတာကိုတော့ ကျုပ် မသိနိုင်ဘူး။ အခု ကျုပ် သတိပေးချင်တာက အဲ့ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရင် မိတ်ဆွေအချင်းချင်း မှားယွင်းပစ်ခတ်မိတာမျိုး မဖြစ်အောင် သတိထားဖို့ပဲ။”
“နားလည်ပါပြီ။”
အားလုံးက တစ်ယောက်တစ်ပေါက် ပြန်ဖြေလိုက်ကြသည်။
“ဒါပေမဲ့ သူဌေးက ဒီကိစ္စကို ထုတ်ပြောလာတယ်ဆိုတော့ သူဌေးအနေနဲ့ မဟာမိတ်အဖွဲ့တစ်ခုခုနဲ့ ဆက်စပ်နေတဲ့ လေဟာနယ်တံခါးကို ရှာတွေ့သွားပြီလို့ ဆိုလိုတာပေါ့။ အဲ့ဒါ ဘယ်သူလဲ...။ ထွက်လာပြီး အတွေ့အကြုံလေး ဝေမျှပေးပါဦး။”
“ကျုပ်တို့အဖွဲ့ပါ။”
တိလင်းထျန်းရှားက ဂရုထဲတွင် တိုက်ရိုက်ပြောလိုက်သည်။
“သေစမ်း... တကယ်ကြီး တိလင်းထျန်းရှားတို့အဖွဲ့လား။ အံ့ဩဖို့ကောင်းလိုက်တာ။”
“သူဌေးကြီးနှစ်ယောက် ဆုံခဲ့ကြတာပေါ့။ လက်ရှိ စစ်ရေးအခြေအနေတွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသေးလား။”
“ပြီးတော့ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲ စားပွဲဝိုင်းကို ပြန်လာဖို့ တိုက်တွန်းခဲ့သေးလား။ အပေါ်ကလူ... ခင်ဗျား အရင်က သတင်းကြေညာသူလား။”
“ဟဲဟဲ... အကျင့်ပါနေလို့ပါ။ သူဌေးတို့ ဘာတွေပြောဖြစ်ကြလဲဆိုတာ သိချင်လို့ပါ။”
“ဘာရှိရမှာလဲ။ ခံစစ်တာဝန်တွေကို လွှဲပြောင်းပေးတာမျိုးပဲ ဖြစ်မှာပေါ့။ သူဌေး ရှောင်းယီက ကူညီပံ့ပိုးပေးဖို့ပဲ သွားတာလေ။ မဟာမိတ်အဖွဲ့တစ်ခုမှာ လူဘယ်လောက်များများ အကန့်အသတ်တော့ ရှိတာပဲ။ ရှေ့တန်းခံစစ် နေရာအားလုံးကို သူတို့တစ်ဖွဲ့တည်းနဲ့ တာဝန်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“အဲ့ဒါတော့ ဟုတ်တယ်။ သူဌေးသာ ကျုပ်တို့ရဲ့ လေဟာနယ်တံခါးကို ပြန်ပြီးသိမ်းပိုက်ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ကိုယ်တိုင်လည်း လေဟာနယ်တံခါးကတစ်ဆင့် ရှေ့တန်းကို သွားပြီး ကူတိုက်လို့ရပြီပေါ့။ ဒါက မသေမျိုးတွေကို ရင်ဆိုင်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်တယ်။”
“ရင်ဆိုင်ဖို့လား။ ဒါက မသေချာပါဘူး။ မသေမျိုးတွေက အရမ်းများတာ။ သူတို့ကို အပြတ်ရှင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။”
“ခင်ဗျားက တကယ် အမြင်ကျဉ်းတာပဲ။ သူဌေး ရှိနေတာပဲလေ။ ကျုပ်တို့မှာ အခွင့်အရေးရှိမှာပါ။”
ရှောင်းယီသည် သူ၏ လက်ကိုင်ဖုန်းကို ဘေးသို့ ချထားလိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူ၏ အီးမေးလ်ထဲတွင် မဖတ်ရသေးသော စာများစွာရှိနေပြီး အားလုံးနီးပါးမှာ အန်းယွဲ့ပို့ထားခြင်း ဖြစ်သည်။
သူသည် စာများကို တစ်စောင်ချင်းဖတ်ကြည့်ပြီးနောက် သူ၏ အကြံပြုချက်များကို ပြန်လည်ဖြေကြားလိုက်သည်။
အမှန်စင်စစ် အန်းယွဲ့သည် ကိစ္စအဝဝကို ကောင်းမွန်စွာ ကိုင်တွယ်ထားပြီးဖြစ်ကာ ရှောင်းယီကို သိရှိစေရန် အကြောင်းကြားခြင်းသာ ဖြစ်သည်။
“ဦးလေးအန်းက မဟာမိတ်အဖွဲ့ကို ကူပြီး စီမံခန့်ခွဲပေးနေလို့ တော်သေးတာပေါ့။ ငါ့ဘာသာငါသာ လုပ်နေရရင် ပင်ပန်းလို့ သေမှာပဲ။”
ရှောင်းယီတစ်ယောက် တိုးတိုးလေး ရေရွတ်ရင်း ကွန်ပျူတာကို ပိတ်လိုက်သည်။
မကြာမီ ရှေ့တန်းသို့သွားသော စစ်ကူအဖွဲ့မှာလည်း ပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။
ဤကဏ္ဍတွင် ခုခံကာကွယ်နေသော မျိုးနွယ်စုမှာ အစွယ်တငေါငေါနှင့် အော့ခ် (Orc) များ ဖြစ်ကြသည်။ အော့ခ်မျိုးနွယ်စု ဆိုသည်မှာ ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ပုံပြင်ထဲမှ တိရစ္ဆာန်ခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော မိစ္ဆာများကဲ့သို့ မျိုးနွယ်စုအမျိုးမျိုးကို စုပေါင်းခေါ်ဝေါ်သော အမည်ဖြစ်သော်လည်း ဤနေရာရှိ အော့ခ်များ၏ မျက်နှာသွင်ပြင်မှာမူ လူသားများနှင့် ပို၍ နီးစပ်သည်။
“ခင်ဗျားတို့ ဒီလောက်မြန်မြန် ရောက်လာနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။”
အော့ခ်မျိုးနွယ်စု ခေါင်းဆောင် အော့ခ်သည် ထျန်းဝူ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ချက်ချင်းပင် လှမ်းလာပြီး နှုတ်ဆက်လိုက်သည်။
“ကျုပ်တို့ ဆန်တောမျိုးနွယ်စုဘက်က ပြဿနာကို ရှင်းပြီးတာနဲ့ ဘယ်မှာမှမနားဘဲ ဒီကိုပဲ တန်းမောင်းလာခဲ့တာလေ။”
ထျန်းဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
အော့ခ်သည် အနည်းငယ် မှင်တက်သွားပြီးနောက် အံ့ဩတကြီး မေးလိုက်သည်။
“ဆန်တောတွေဘက်က အကျပ်အတည်းက ပြေလည်သွားပြီလား။”
ရှေ့တန်းစစ်မျက်နှာချင်း ကပ်နေသောကြောင့် အော့ခ်သည်လည်း ထိုဘက်မှ အခြေအနေများကို သိရှိထားသည်။
ထျန်းဝူက ခေါင်းညိတ်ပြလိုက်ရာ အော့ခ်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ရက်ကတင် သူတို့ ခုခံဖို့ မလွယ်တော့ဘူးလို့ ကြားထားတာကို။”
“ဒါက အပြင်လူတစ်ယောက်ဆီက အကူအညီရလိုက်လို့ပါ။ သူတို့က အခွင့်အရေးရတာနဲ့ ရန်သူ့တပ်မှူးကို စနိုက်ပါနဲ့ အသေပစ်နိုင်ခဲ့လို့ ကျုပ်တို့ ရှေ့တိုးပြီး အဲ့ဒီအရိုးစုတွေကို ပြန်ပြီးတွန်းထုတ်နိုင်ခဲ့တယ်လေ။”
ထျန်းဝူက ရှင်းပြလိုက်သည်။
“အပြင်လူလား။ စနိုက်ပါ ဟုတ်လား။”
ဤစကားလုံးနှစ်လုံးက ဦးနှောက်မှတ်ဉာဏ် အနည်းငယ် အကန့်အသတ်ရှိသော အော့ခ်အတွက် ပို၍ပင် ရှုပ်ထွေးသွားစေခဲ့လေသည်။
“ဒါတွေကို ခဏထားလိုက်ပါ။ ခင်ဗျားတို့ဘက်က အခြေအနေ ဘယ်လိုရှိလဲ။”
ထျန်းဝူအနေဖြင့် ချက်ချင်းရှင်းပြရန် ခက်ခဲနေပေသည်။ အကယ်၍ ထိုအပြင်လူသာ နောက်မှ ကူညီရန် ရောက်လာပါက အော့ခ်လည်း အလိုလို နားလည်သွားလိမ့်မည်။
အော့ခ်သည်လည်း ယခင်မေးခွန်းကို ဆက်မမေးတော့ဘဲ ပြန်ဖြေလိုက်သည်။
“အခြေအနေက တော်တော်ခက်ခဲတယ်။ အခုလေးတင် သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုကို ပြန်တွန်းလှန်နိုင်ခဲ့ပေမဲ့ ကျုပ်ညီအစ်ကို အယောက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။”
“အဲ့လောက်တောင် အထိနာသွားတာလား။”
ထျန်းဝူ အံ့ဩသွားခဲ့သည်။
အော့ခ်များသည် အမှန်စင်စစ် တင့်ကားကဲ့သို့ ခံစစ်အားကောင်းသော၊ အသားထူပြီး ခံနိုင်ရည်ရှိသော တပ်ဖွဲ့များ ဖြစ်ကြရာ မသေမျိုးများလက်တွင် ဤမျှလွယ်လွယ်နှင့် အသက်မပါသွားသင့်ချေ။
“ဒဏ်ရာရတာတွေက အရမ်းပြင်းထန်လို့ပါ။”
အော့ခ်က ဖြေလိုက်သည်။
“ဒါပေမဲ့ သူတို့လည်း မသက်သာပါဘူး။ အခုလေးတင် ခံစစ်လိုင်းကို ထိုးဖောက်လာတဲ့ မသေမျိုးတွေအားလုံးကို ကျုပ်တို့ အပြတ်ရှင်းပစ်နိုင်ခဲ့တယ်။”
ထျန်းဝူက လက်မထောင်ပြလိုက်သည်။
“အခု သူတို့ ရပ်သွားကြပြီလား။”
“ရပ်သွားပြီ။ သူတို့အဖွဲ့ထဲမှာ ဝတ်ရုံနက်ဝတ်ထားတဲ့ တစ်ယောက်ပါပုံရတယ်။ အဲ့ဒီလူကပဲ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အမိန့်ပေးနေတာထင်တယ်။”
အော့ခ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ထင်တဲ့အတိုင်းပဲ။ တစ်ယောက်ရှိနေတာပဲ။”
ထျန်းဝူက ခေါင်းညိတ်လိုက်ပြီး ရွှမ်းချီကို လှည့်ပြောသည်။
“ကျုပ်တို့ ကျွန်းပိုင်ရှင် ရှောင်းယီကို နောက်တစ်ခေါက် ဒုက္ခပေးရဦးမယ်ထင်တယ်။”
ရွှမ်းချီသည် ယာဉ်တန်းခေါင်းဆောင်ထံသို့ အခြေအနေကို တစ်ဖန်ပြန်လည်ရှင်းပြပြီးနောက် ခေါင်းဆောင်က ရှောင်းယီထံသို့ သတင်းပြန်ပို့လိုက်သည်။
ဤတစ်ကြိမ်တွင် ကျန်းယွင်ထျန်းကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ကာ ရောက်ရှိလာခဲ့သည်။ ရွှမ်းချီကို မြင်သည်နှင့် သူက “ဝတ်ရုံနက်က ဘယ်မှာလဲ” ဟု မေးလိုက်သည်။
ရွှမ်းချီက နေရာတစ်ခုကို ညွှန်ပြကာ “ဟိုဘက်မှာ။” ဟု ဆိုသည်။
ကျန်းယွင်ထျန်းသည် စနိုက်ပါသမားများကို ရှေ့တန်းသို့ ခေါ်ဆောင်သွားပြီး သူ၏လက်ထဲမှ ဘားရက်စနိုက်ပါကို အသင့်ပြင်ကာ ရွှမ်းချီညွှန်ပြသောဘက်၌ ဝတ်ရုံနက်ကို ရှာဖွေတော့သည်။
၁၀ မိနစ်ခန့် ကြာပြီးနောက် စနိုက်ပါသမားများက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံလာခဲ့ကြသည်။
“နည်းပြ... ပစ်မှတ်ကို ရှာမတွေ့သေးပါဘူး။”
ကျန်းယွင်ထျန်းကိုယ်တိုင်လည်း ဝတ်ရုံနက်ကို ရှာမတွေ့ရာ စနိုက်ပါမှန်ပြောင်းမှ မျက်စိခွာလိုက်ပြီး ရွှမ်းချီကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီ... ဒီမှာ ဝတ်ရုံနက်ရှိတယ်ဆိုတာ သေချာရဲ့လား။”
“သေချာပါတယ်။ ကျုပ်တို့ အခုလေးတင် မြင်လိုက်တာ။”
ရွှမ်းချီက ပြောသည်။ ကျန်ရှိသော နဂါးလူသားများနှင့် နတ်သူငယ်များကလည်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
ကျန်းယွင်ထျန်း မျက်မှောင်ကြုတ်သွား၏။ ရုတ်တရက် စနိုက်ပါသမားတစ်ဦးက ပြောလာခဲ့သည်။
“အစီရင်ခံပါတယ်။ ပစ်မှတ်ကို ရှာတွေ့ပါပြီ။ ၁၀ နာရီအရပ်ဘက်မှာ ခဏလေးပေါ်လာပြီး ပြန်ပျောက်သွားပါတယ်။”
အားလုံးက ၁၀ နာရီအရပ်ဘက်သို့ ချက်ချင်းကြည့်လိုက်သော်လည်း ဘာမျှ ရှာမတွေ့တော့ပေ။
“ဒီဝတ်ရုံနက်က အရင်နှစ်ယောက်လောက် အသားကုန် ကြွမပြဘူးပဲ။”
ကျန်းယွင်ထျန်းက တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ဘာဆက်လုပ်ကြမလဲ။”
ထျန်းဝူက မေးလိုက်သည်။
“အခုတော့ တိုက်စစ်စဖို့ပဲ ရှိတော့တယ်။ တစ်ဖက်လူ လှုပ်ရှားလာမှပဲ အားနည်းချက်ကို ရှာလို့ရမယ်။”
ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ ထျန်းဝူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒါဆို အခုချက်ချင်း တိုက်စစ်ဆင်ကြမယ်။”
ထျန်းဝူ၏ စကားအဆုံးတွင် ဘေးတွင်ရှိနေသော အော့ခ်က မျက်မှောင်ကြုတ်ကာ အသံဩဩဖြင့် ပြောလိုက်သည်။
“ကျုပ်တို့အဖွဲ့က အခုတင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ထားရတာ။ ဒဏ်ရာရတဲ့သူတွေကိုတောင် မကုရသေးဘူး။ အခုချက်ချင်း တိုက်စစ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။”
“ကိစ္စမရှိပါဘူး။ ကျုပ်တို့ကိုသာ ကြည့်နေလိုက်ပါ။”
ထျန်းဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် ထျန်းဝူသည် နဂါးလူသားမျိုးနွယ်စုဝင် အားလုံးကို ရှေ့သို့ တစ်ဟုန်ထိုး တက်ရန် လှမ်းခေါ်လိုက်သည်။ ဤကဏ္ဍရှိ မသေမျိုးမျိုးနွယ်စုဝင်များမှာ ဂူးလ်များ ဖြစ်ကြသည်။
အကယ်၍ ထိုဂူးလ်များသာ အုပ်စုလိုက် သောင်းကျန်းလာပါက အနည်းငယ်တော့ လက်ဝင်ပေလိမ့်မည်။
သို့သော် ထိုအခက်အခဲမှာ အော့ခ်များအတွက်သာ ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသော နဂါးလူသားများအတွက်မူ ဘာမျှ မဟုတ်ပေ။
အခန်း ၁၁၁၄ - အစွမ်းထက်သော ကာကွယ်မှု၊ ကိုယ်ရောင်ပြလာခြင်းနှင့် သုတ်သင်ခြင်း
လင်းလက်နေသော လရောင်အောက်တွင် ကျန်းယွင်ထျန်းသည် တစ်ဖက်ခြမ်းရှိ ဂူးလ်များ မြေပြင်ပေါ်၌ စနစ်တကျ ဝပ်နေကြသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ထျန်းဝူနှင့် သူ့လူများ ရှေ့သို့ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် ထိုဂူးလ်များသည် ချက်ချင်းပင် လှုပ်ရှားလာပြီး သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ သူတို့သည် ထိုသို့ အပြေးအလွှား တိုက်စစ်ဆင်နေစဉ်မှာပင် ဖွဲ့စည်းပုံကို ပျက်ပြားမသွားအောင် ထိန်းသိမ်းထားနိုင်ကြသည်။
၎င်းတို့ ပြေးဝင်လာသည်ကို မြင်သောအခါ အော့ခ်က ချက်ချင်းပင် သတိပေးအော်ဟစ်လိုက်၏။
“သတိထား...။ ဒီမသေမျိုးတွေက ရူးသွပ်သွားတတ်တယ်။ အဲ့ဒီလိုအချိန်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အရှိန်က သိသိသာသာ မြင့်တက်လာလိမ့်မယ်။”
အော့ခ်၏ အော်ဟစ်သံပင် မဆုံးသေးမီမှာပင် ထိုဂူးလ်များသည် ချက်ချင်းပင် ရူးသွပ်သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။ သူတို့၏ တစ်ကိုယ်လုံးမှာ ပို၍ပင် မည်းနက်လာပြီး အရှိန်မှာလည်း ပို၍ မြန်ဆန်လာခဲ့သည်။
ကျွိ...။
ဂူးလ်တစ်ကောင်၏ ထက်မြက်သော လက်သည်းများက ထျန်းဝူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်မိသွားခဲ့သည်။ သို့သော် လက်သည်းများနှင့် ထျန်းဝူ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားတို့ ထိတွေ့မိသောအခါ စူးရှသောအသံတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။
အော့ခ်သည် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဒါ ဘာအဝတ်အစားမျိုးလဲ။ ရူးသွပ်နေတဲ့ ဂူးလ်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုတောင် တကယ် တားဆီးနိုင်တာလား။”
“အဲ့ဒါက ကာကွယ်ရေးဝတ်စုံလေ။ သူတို့ဝတ်ထားတာနဲ့ အတူတူပါပဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့က ထောက်ပံ့ပေးထားတာ။”
ထိုအချိန်၌ ရှောင်းယီ၏ အသံက နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ သတင်းအချက်အလက်များကို ကြည့်ပြီးနောက် ကျန်းယွင်ထျန်းတစ်ယောက် ဤနေရာသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ပြန်မလာသေးသည်ကို ရှောင်းယီ သတိပြုမိသွားခဲ့သည်။ သူ တစ်စုံတစ်ရာ အခက်တွေ့နေမည်စိုးသဖြင့် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ချက်ချင်း လိုက်လာခဲ့ခြင်းဖြစ်သည်။
သူ ရောက်ရှိလာချိန်က အော့ခ်၏ မေးခွန်းနှင့် ကွက်တိဖြစ်နေသဖြင့် သူက ရှင်းပြလိုက်ခြင်း ဖြစ်သည်။
“ကျုပ်က ယီရန်အင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှောင်းယီပါ။”
ရှောင်းယီက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
“ကျုပ်က အော့ခ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် အော့ခ်ပါ။”
အော့ခ်က ခေါင်းအသာအယာ ညိတ်ပြကာ ပြန်ပြောလိုက်သည်။
“ကျုပ်တို့ကို ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“မလိုပါဘူး။”
ရှောင်းယီက လက်ကာပြလိုက်သည်။
“ဝတ်ရုံနက် တပ်မှူးက အခုထိ ကိုယ်ရောင်မပြသေးဘူးလား။”
“မပြသေးဘူး။ ဒီကောင်က သူ့ကိုယ်သူ ဖုံးကွယ်တဲ့နေရာမှာ တော်တော် တော်ပုံရတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစစ်လိုင်းမှာ အားနည်းချက် ပေါ်လာမလားလို့ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူကို တိုက်စစ်ဆင်ခိုင်းထားတာ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲဖြစ်ပွားရာဘက်သို့ ကြည့်လိုက်သည်။ ရှောင်းယီတို့ဘက်မှ ထောက်ပံ့ပေးထားသော ကာကွယ်ရေးဝတ်စုံများကြောင့် နဂါးလူသားများမှာ တားဆီး၍မရအောင် ဖြစ်နေကြသည်။
၎င်းမှာ ယခင်က အရိုးစုများကို သတ်ရသည်ထက်ပင် ပို၍ လွယ်ကူနေသေးသည်။ အကြောင်းမှာ ဂူးလ်များသည် ရူးသွပ်သည့် အခြေအနေသို့ ရောက်သွားသောအခါ သူတို့၏ ခုခံနိုင်စွမ်းမှာ တစ်ဆင့်နိမ့်ကျသွားတတ်သဖြင့် ထျန်းဝူနှင့် သူ၏လူများအတွက် ခုတ်ထစ်ပစ်ရန် အလွန်လွယ်ကူသွားသောကြောင့်ပင်။
သူတို့သည် မီတာ တစ်ထောင်ကျော်အကွာအဝေးအထိ တစ်ဟုန်ထိုး တိုးဝင်သွားကြပြီး ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သည်လည်း နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့ကြလေသည်။
ထိုအချိန်တွင် ဝတ်ရုံနက်သည် ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ တပ်ဖွဲ့၏ နောက်ဘက်၌ ထွက်ပေါ်လာတော့သည်။ နဂါးလူသားများက ဂူးလ်များကို အဟန့်အတားမရှိ သတ်ဖြတ်နေသည်ကို ကြည့်ရင်း သူက မျက်မှောင်ကြုတ်ကာ အသေအချာ လေ့လာလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ငါ နားလည်ပြီ။ ဂူးလ်တွေအားလုံး ငါ့အမိန့်ကို နားထောင်ကြ။ သူတို့ရဲ့ အကာအကွယ်မရှိတဲ့ နေရာတွေကိုပဲ တိုက်ခိုက်....”
“ဒိုင်း...”
ဝတ်ရုံနက် စကားမဆုံးသေးမီမှာပင် သူ၏ ဦးခေါင်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
နောက်ကွယ်မှ ကြည့်နေကြသော အော့ခ်များမှာ နောက်တစ်ကြိမ် မှင်တက်သွားကြရပြန်သည်။ သူတို့သည် နောက်တန်းမှနေ၍ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။
ရှည်လျားသော လက်နက်တစ်ခုကို ကိုင်ထားသည့် အပြင်လူတစ်ဦးက ဝတ်ရုံနက်ကို တစ်ချက်တည်းဖြင့် ဦးခေါင်းကို ပစ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။
“လူပုမျိုးနွယ်စုရဲ့ လက်နက်တွေက ဒီလောက်တောင် စွမ်းအားကြီးသွားတာလား။”
“အဲ့ဒါ လူပုမျိုးနွယ်စုရဲ့ လက်နက် မဖြစ်နိုင်ဘူး။ သူတို့လက်နက်တွေက မီတာ ရာဂဏန်းလောက်ပဲ ရောက်တာ။ အခုဟာက မီတာ တစ်ထောင်ကျော်တောင် ဝေးတာလေ။”
“ဒီအပြင်လူတွေမှာ တကယ်ပဲ ဒီလောက်ကောင်းတဲ့ လက်နက်တွေ ရှိတာလား။ စောစောက အဲ့ဒီလူပြောပုံဆိုရင် နဂါးလူသားတွေ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း သူတို့ဆီကပဲမလား။”
“အဲ့ဒီလို ထင်တာပဲ။ အကယ်၍ ငါတို့မှာသာ အဲ့ဒီလို အဝတ်အစားတွေရှိရင် ငါတို့လည်း အခုလို တိုးဝင်သတ်ဖြတ်နိုင်မှာပဲ။”
“ဟုတ်တယ်။ တကယ် နှမြောဖို့ကောင်းတာပဲ။”
ဝတ်ရုံနက်ကို ကျန်းယွင်ထျန်းက အသေသတ်လိုက်ပြီးနောက်တွင် ထိုဂူးလ်များသည် ချက်ချင်းပင် စနစ်တကျရှိမှု ပျက်ပြားသွားပြီး သူတို့၏ ဗီဇအတိုင်း ထျန်းဝူတို့အဖွဲ့ထံသို့ အတင်းတိုးဝင်လာကြတော့သည်။
ထျန်းဝူကမူ အစီအစဉ်ပျက်သွားသော ထိုတပ်ဖွဲ့ကို သတ်ဖြတ်ရသည်မှာ ပို၍ပို၍ လွယ်ကူလာသည်ဟု ခံစားနေရသည်။ မကြာမီမှာပင် ထျန်းဝူနှင့် သူ့လူများသည် ငါးကီလိုမီတာအထိ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ပြီး ခံစစ်လိုင်းကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ခံစစ်လိုင်း တည်ငြိမ်သွားသည်ကို မြင်သောအခါ ရှောင်းယီက ညွှန်ကြားလိုက်သည်။
“အစ်ကိုကျန်း... လူအချို့ကိုခေါ်ပြီး ဒီမှာ လေဟာနယ်တံခါး ရှိ၊ မရှိ ရှာကြည့်လိုက်ပါဦး။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီးနောက် စနိုက်ပါသမားတစ်စုနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ထိုအခါမှသာ အော့ခ်တစ်ယောက် အသိပြန်ဝင်လာတော့သည်။ သူတို့ကို အသေအလဲ ဒုက္ခပေးခဲ့သော ဂူးလ်များကို ဤမျှလွယ်လွယ်ကူကူနှင့် မောင်းထုတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ထိုအချိန်တွင် ထျန်းဝူမှာ နောက်သို့ ပြန်လျှောက်လာခဲ့သည်။ သူ၏ ကာကွယ်ရေးဝတ်စုံပေါ်တွင် ကုတ်ခြစ်ရာများစွာ ထင်ကျန်နေပြီး ကြည့်ရသည်မှာ ကြောက်စရာကောင်းသော်လည်း ဝတ်စုံ၏ အခြေခံခံနိုင်ရည်မှာ ရှိနေဆဲဖြစ်ကာ ထျန်းဝူမှာလည်း ဒဏ်ရာတစ်စက်မျှ မရရှိခဲ့ချေ။
ရှောင်းယီ ရှိနေသည်ကို မြင်သောအခါ ထျန်းဝူက အံ့ဩဝမ်းသာစွာဖြင့် နှုတ်ဆက်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။”
“လာကြည့်တာပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ထျန်းဝူက အော့ခ်ကို ညွှန်ပြကာ မေးလိုက်သည်။
“မင်းတို့နှစ်ယောက် ဆုံပြီးကြပြီလား။”
“အင်း...ဆုံပြီးပါပြီ။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ငါတို့ရဲ့ စစ်ကူအဖွဲ့မှာ မင်းတို့ရဲ့ စနိုက်ပါသမားတွေ မပါလို့ကို မဖြစ်တာပဲ။”
ထျန်းဝူက ရယ်မောရင်း ပြောလိုက်သည်။ ရှောင်းယီကလည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ စနိုက်ပါသမားတွေရှိ နေလို့ ရန်သူ့ရဲ့ အမိန့်ပေးစနစ်ကို တိတိကျကျ ဖြတ်တောက်နိုင်တာ။ ဒါကြောင့်လည်း တိုက်ပွဲက တိုက်ရတာ ပိုလွယ်သွားတာပေါ့။”
“အမှန်ပဲ။ ပြောရရင် မင်းတို့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ စနိုက်ပါသမားတွေက တကယ်ကို အထင်ကြီးဖို့ ကောင်းတယ်။ ပြီးခဲ့တဲ့ လုပ်ကြံမှုတွေမှာ တစ်ချက်မှ မလွဲဘဲ တိတိကျကျ ပစ်နိုင်ခဲ့တာချည်းပဲ။”
ထျန်းဝူက ရှောင်းယီကို လက်မထောင်ပြလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ အခုဝတ်ရုံနက်ကို ကြည့်ရင် သူတို့လည်း ကျုပ်တို့ စနိုက်ပါသမားတွေကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာနေတယ်ဆိုတာ သိသာတယ်။ အကယ်၍ ခင်ဗျားတို့ရဲ့ တိုက်စစ်က သူ့ကို အကဲခတ်ဖို့ ကိုယ်ရောင်ပြအောင် မဖိအားပေးနိုင်ခဲ့ရင် ကျုပ်တို့ စနိုက်ပါသမားတွေလည်း သူ့ကို ရှာတွေ့ဖို့ တော်တော်ခက်ခဲလိမ့်မယ်။”
ထျန်းဝူက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ခင်ဗျားဆိုလိုတာက သူတို့က တဖြည်းဖြည်း ပိုပြီး ပါးနပ်လာပြီး သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ဂရုစိုက်ရင်း တိုက်ပွဲကိုလည်း အမိန့်ပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားလိမ့်မယ် ဆိုတာလား။”
“ဟုတ်တယ်...အတိအကျပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထျန်းဝူနှင့် အော့ခ်တို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
“မသေမျိုးမျိုးနွယ်စုတွေက တကယ်ပဲ ပိုပြီး ပါးနပ်လာပြီပေါ့။”
အော့ခ်က သက်ပြင်းချရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောင်းလဲမှုတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာထက်တောင် ပိုပြီး များနေသလိုပဲ။”
ထျန်းဝူကလည်း ထောက်ခံပြောဆိုလိုက်သည်။
သူတို့၏ စကားကို ကြားသောအခါ ရှောင်းယီတစ်ယောက် သက်ပြင်းချလိုက်မိသည်။
“ဒီပြောင်းလဲမှုက ကျုပ်ကြောင့်တောင် ဖြစ်နိုင်တယ်။”
“ဘာ....။”
ထျန်းဝူနှင့် အော့ခ်တို့ ရှောင်းယီကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။
“ခင်ဗျားတို့ကို ရှင်းပြဖို့ ခက်တဲ့ အချက်အချို့ ရှိနေလို့ပါ။ လောလောဆယ်တော့ ဒီလိုပဲ နားလည်ထားပေးပါ။ ကျုပ်တို့ မဟာမိတ်အဖွဲ့က ဖွံ့ဖြိုးတိုးတက်မှု အရမ်းမြန်လွန်းနေလို့ ဒီကမ္ဘာကြီးက မသေမျိုးတွေရဲ့ အစွမ်းကို လက်နဲ့လှည့်ပြီး မြှင့်တင်လိုက်ရတာပဲ။ အဲ့ဒီထဲမှာ ခင်ဗျားတို့ပြောတဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း ပါတယ်။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ရှင်းပြလိုက်သည်။
ရှောင်းယီ၏ စကားထဲမှ အသုံးအနှုန်းအချို့မှာ သူတို့အတွက် အသစ်အဆန်းဖြစ်နေသော်လည်း ဆိုလိုရင်းကိုတော့ အကြမ်းဖျင်း နားလည်နိုင်ကြသည်။
“မင်းတို့ မဟာမိတ်အဖွဲ့က ဖွံ့ဖြိုးတိုးတက်မှု ကောင်းလို့ဆိုတာနဲ့တင် ဒီမသေမျိုးတွေက အလိုအလျောက် အစွမ်းတက်လာတာလား။”
ထျန်းဝူမှာ ယုံရခက်နေဆဲပင်။
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ဒီမသေမျိုးတွေက ကျုပ်တို့လို အပြင်လူတွေကို သွေးပေးတဲ့ ကျောက်ပြင်တွေလိုပဲလေ။ အကယ်၍ သူတို့က မတိုးတက်လာဘူးဆိုရင် ကျုပ်တို့ရဲ့ အဆင့်မြင့်လက်နက်တွေကို ဘယ်လို ရင်ဆိုင်နိုင်တော့မှာလဲ။”
ရှောင်းယီက ပြန်မေးလိုက်သည်။ ထိုအခါမှ ထျန်းဝူနှင့် အော့ခ်တို့ နားလည်သွားကြတော့သည်။
“ဒါက မဟာမိတ်ခေါင်းဆောင်ရှောင်းကို အပြစ်တင်လို့ မရပါဘူး။ ပြောရရင် အပြင်လူတိုင်း ဖွံ့ဖြိုးချင်ကြတာပဲ။ အရမ်းတိုးတက်နေတာက အပြစ်မှ မဟုတ်တာ။”
အော့ခ်က ဝင်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက မင်းကြောင့် ဖြစ်လာတာမှန်ပေမဲ့ မင်းကပဲ အခု ငါတို့ကို ကူပြီး ဒီမသေမျိုးတွေကို တိုက်ထုတ်ပေးနေတာ မဟုတ်လား။”
ထျန်းဝူကလည်း ထောက်ခံပြောဆိုလိုက်သည်။
ထိုစဉ် ဘေးမှ အော့ခ်စစ်သားတစ်ဦး လျှောက်လာပြီး သတင်းပို့လာခဲ့လေသည်။
“ခေါင်းဆောင်... ဒဏ်ရာရထားတဲ့ မျိုးနွယ်စုဝင်တွေ အကြာကြီး တောင့်မခံနိုင်တော့ဘူး။”