← Chapters

အခန်း (၁၁၁၅-၁၁၁၆)

Vol. 95 Ch. 1115-1116

အခန်း (၁၁၁၅-၁၁၁၆)

Vol. 95 Ch. 1115-1116

အခန်း ၁၁၁၅ - နာ့နာ၏ ကုသမှုအတတ်ပညာနှင့် ထိပ်တန်းအစားအစာများ

ထိုသတင်းကို ကြားလိုက်ရသောအခါ အော့ခ်၏ မျက်ဝန်းများ အနည်းငယ် မှိန်ဖျော့သွားပြီးနောက် ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။

“စစ်မြေပြင်မှာ သေဆုံးရတာဟာ ငါတို့ အော့ခ်စစ်သည်တော်တွေအတွက် အကောင်းဆုံး ပန်းတိုင်ပဲ။ သူတို့ကို အေးအေးချမ်းချမ်း သွားခွင့်ပြုလိုက်ပါ။ ငါ သူတို့ကိုယ်စား မသေမျိုးတွေကို နောက်ထပ် အများကြီး ပိုသတ်ပေးမယ်။”

“ဟုတ်ကဲ့။”

ထိုအော့ခ်စစ်သားမှာ မျက်ရည်များ ဝိုင်းလျက် တုံပြန်လိုက်သည်။

“ခဏနေဦး။”

ရှောင်းယီက ထိုလူကို ချက်ချင်း လှမ်းခေါ်လိုက်ပြီး မေးလိုက်သည်။

“ဒီတိုက်ပွဲမှာ အော့ခ်တွေ အများကြီး ဒဏ်ရာရသွားတာလား။”

အော့ခ်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ အရင်က ဂူးလ်တွေနဲ့ တိုက်ခိုက်တုန်းက သူတို့က ဘယ်တော့မှ ရူးသွပ်ခြင်းအခြေအနေကို မရောက်ဖူးဘူး။ ဒီနေ့မှ ရုတ်တရက်ကြီး ရူးသွပ်လာပြီး ကျုပ်မျိုးနွယ်စုဝင်တွေကို ကုတ်ခြစ်လိုက်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့လူတွေကို နာကျင်အောင်လုပ်တဲ့ ဂူးလ်တွေအားလုံးရဲ့ ခေါင်းကိုတော့ ကျုပ်တို့ ပြန်ပြီးချေမှုန်းပစ်နိုင်ခဲ့တယ်။”

ထိုအခါ ရှောင်းယီသည် သူ့ဘေးရှိ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ စစ်သားတစ်ဦးအား တိုးတိုးလေး စကားအချို့ပြောလိုက်ရာ ထိုစစ်သားမှာ ယာဉ်တန်းရှိရာသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

“ဒဏ်ရာရတဲ့သူတွေ ဘယ်မှာလဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ ကျွမ်းကျင်တဲ့ နာနိုဆေးဘက်ဆိုင်ရာစက်ရှိတယ်။ သူတို့ကို ကယ်တင်နိုင်မှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဘာ....ဒဏ်ရာရတဲ့သူတွေကို ကယ်နိုင်တယ် ဟုတ်လား။”

အော့ခ်တစ်ယောက် မှင်တက်သွားပြီးနောက် မသေချာသလိုဖြင့် ပြောလိုက်သည်။

“ကျုပ်တို့က အော့ခ်တွေပဲ။ ခန္ဓာကိုယ်ဖွဲ့စည်းပုံက လူသားတွေနဲ့ နည်းနည်းကွဲပြားတယ်။”

“စိတ်ချပါ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ နာနိုဆေးဘက်ဆိုင်ရာစက်က အရမ်းကို ကျွမ်းကျင်ပါတယ်။ ဒဏ်ရာက ချက်ချင်း သေလောက်တဲ့အထိ မပြင်းထန်ဘူးဆိုရင် အကုန်လုံးကို ကယ်တင်နိုင်တယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ ခင်ဗျားသာ ကျုပ်မျိုးနွယ်စုဝင်တွေကို ကယ်တင်နိုင်မယ်ဆိုရင် ကျုပ် အော့ခ်မျိုးနွယ်စုရဲ့ကိုယ်စား ခင်ဗျားအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးပါတယ်။”

အော့ခ်က အသံဩဩဖြင့် ချက်ချင်း ပြောလိုက်သည်။

“အဲဒီလောက်အထိ မလိုပါဘူး။ ကျုပ်တို့က ရှေ့တန်းစစ်မျက်နှာတစ်ခုတည်းမှာ ရှိနေကြတာပဲ။ လိုအပ်တဲ့အချိန် အချင်းချင်း ကူညီရမှာပေါ့။”

ရှောင်းယီက ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် စောစောက မဟာမိတ်စစ်သားမှာ ဉာဏ်ရည်တု နာနိုဆေးဘက်ဆိုင်ရာစက် နာ့နာနှင့်အတူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ထျန်းဝူနှင့် အော့ခ်တို့သည် စစ်သား၏နောက်မှ လိုက်ပါလာသော ပင့်ကူနှင့်တူသော စက်ရုပ်ကို ကြည့်ကာ အံ့ဩသွားကြသည်။

“မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ဉာဏ်ရည်တု နာနိုဆေးဘက်ဆိုင်ရာစက်ရုပ် နာ့နာပါ။”

ရှောင်းယီက စက်ရုပ်ကို ညွှန်ပြကာ ပြောလိုက်သည်။

ထျန်းဝူနှင့် အော့ခ်တို့သည် အနည်းငယ် ကြောင်ကြည့်နေပြီးမှ နာ့နာကို ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။

“ဒဏ်ရာရတဲ့သူတွေကို အရင်သွားကြည့်ရအောင်။ ကျွန်မ ကုသနေရင်းနဲ့မှ စကားပြောလို့ ရပါတယ်။”

နာ့နာက ပြန်ဖြေလိုက်သည်။

အော့ခ်တစ်ယောက် ပို၍ပင် မှင်တက်သွားပြီး ချက်ချင်း သတိဝင်လာကာ “ဟုတ်ကဲ့...ဟုတ်ကဲ့... ကျုပ်နောက်ကို လိုက်ခဲ့ပါ။” ဟု ဆိုကာ နာ့နာကို ဒဏ်ရာရသူများရှိရာသို့ အမြန်ခေါ်သွားတော့သည်။

နာ့နာသည် ချက်ချင်းပင် နာနိုစက်ရုပ်ငယ်လေး များစွာကို လွှတ်ထုတ်ကာ လူတိုင်းကို စတင်စစ်ဆေးတော့သည်။ စစ်ဆေးမှုရလဒ်များကို လက်ခံရရှိပြီးနောက် နာ့နာသည် ဒဏ်ရာအပြင်းထန်ဆုံး အော့ခ်စစ်သားများကို အရင်ဆုံး စတင်ကုသပေးလိုက်သည်။

ထိုအချိန်တွင် ဆေးကုသဆောင်အတွင်းရှိ လူတိုင်းမှာ စိတ်ဓာတ်ကျနေကြ၏။ အကြောင်းမှာ သူတို့ထဲမှ အချို့မှာ အသက်ရှင်ရန်မျှော်လင့်ချက်မရှိတော့ဘဲ မကြာမီ သေဆုံးတော့မည်ဟု သတ်မှတ်ခြင်းခံထားရသောကြောင့် ဖြစ်သည်။

“ဒါက ဘာကြီးလဲ။ ဘာလို့ နာ့စ်ရဲ့ကိုယ်ပေါ်ကို တက်နေတာလဲ။ သူ့ကို အဝေးကို ခေါ်သွားပေးပါ။ သူ့ကို အေးချမ်းစွာ အနားယူခွင့်ပေးလိုက်ပါ။”

သေအံ့ဆဲဆဲ အော့ခ်စစ်သားတစ်ဦးပေါ်သို့ နာ့နာ တက်နေသည်ကို မြင်သောအခါ အော့ခ်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း။”

အော့ခ်ခေါင်းဆောင်က အသံဩဩဖြင့် ဟောက်လိုက်သည်။

“အဲ့ဒါက နာ့စ်ကို ကုသပေးနေတာပဲ။”

“ကုသပေးနေတာ ဟုတ်လား။ ဒါပေမဲ့ နာ့စ်က မျှော်လင့်ချက်မရှိတော့ဘူးလေ။ ကျုပ်တို့ရဲ့ အော့ခ်သမားတော်တောင် လက်လျှော့လိုက်ပြီပဲ။”

ထိုအော့ခ်က ငိုသံပါကြီးဖြင့် ပြောလိုက်သည်။

“ငြိမ်ငြိမ်နေစမ်း။ ဒါက ကျွန်းပိုင်ရှင် ရှောင်းယီ ယူလာပေးတဲ့ အပြင်လူတွေရဲ့ နာနိုဆေးဘက်ဆိုင်ရာစက်ပဲ။ နာ့စ်မှာ အခွင့်အရေးရှိသေးတယ်။ မင်း အခုလို အော်ဟစ်နေပြီး သူ့ရဲ့ကုသမှုကို နှောင့်ယှက်နေမယ်ဆိုရင် သူ ဧကန်မလွဲ သေရလိမ့်မယ်။”

အော့ခ်က အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်သည်။

သူတို့၏ မျိုးနွယ်စုခေါင်းဆောင်က ထိုသို့ပြောလိုက်သောကြောင့် ထိုအော့ခ်သည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး နာ့နာက နာ့စ်အပေါ် ကုသမှုလုပ်ဆောင်နေသည်ကိုသာ အသေအချာ စောင့်ကြည့်နေလိုက်ရတော့သည်။

နှစ်မိနစ်ပင် မပြည့်မီမှာပင် နာ့နာသည် လေဆာကို အသုံးပြု၍ နာ့စ်၏ ဒဏ်ရာများကို ချုပ်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။

“သူ အနားယူဖို့ လိုတယ်။ တစ်ပတ်အတွင်း ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုး မလုပ်ပါနဲ့။”

“သူ ကောင်းသွားပြီလား။”

အော့ခ်က မသေချာဟန်ဖြင့် မေးလိုက်သည်။

“ဒါပေါ့။ သေတဲ့လူက အနားယူဖို့ လိုလို့လား။”

နာ့နာက ပြန်ပက်လိုက်သည်။ အော့ခ်က ချက်ချင်း ခေါင်းခါပြလိုက်ပြီး ဘေးမှ အော့ခ်သမားတော်က မေးလိုက်သည်။

“ကျုပ် သွားကြည့်လို့ ရမလား။”

“ရတယ်။”

နာ့နာက ပြန်ဖြေပြီးနောက် နောက်ထပ် အော့ခ်စစ်သားတစ်ဦးကို ဆက်လက်ကုသပေးနေလိုက်သည်။

အော့ခ်သမားတော်သည် နာ့စ်ကို စစ်ဆေးကြည့်ပြီးနောက် အလွန်အမင်း တုန်လှုပ်သွားကာ ရေရွတ်လိုက်မိသည်။

“သူ့ကို တကယ် ကယ်နိုင်ခဲ့တာလား။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”

ဘေးမှ အော့ခ်စစ်သားက သမားတော်၏စကားကို ကြားသောအခါ အံ့ဩဝမ်းသာစွာဖြင့် မေးလိုက်သည်။

“နာ့စ် တကယ်ပဲ အသက်ပြန်ရှင်လာတာလား။”

“ဟုတ်တယ်။”

အော့ခ်သမားတော်က ခေါင်းညိတ်ကာ အလွန်ခိုင်မာစွာဖြင့် ပြောလိုက်သည်။

“သူ တကယ်ပဲ အသက်ပြန်ရှင်လာပြီ။ သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေအားလုံးကို ကုသပေးထားတယ်။ ဒါက တကယ့်ကို မယုံနိုင်စရာပဲ။”

နာ့နာသည် နာရီဝက်အတွင်းမှာပင် ထိုနေရာရှိ အော့ခ်အားလုံးကို ကုသပေးခဲ့သည်။

“ပထမဆုံးလူက ဒဏ်ရာနည်းနည်း ပိုပြင်းထန်တာကလွဲရင် ကျန်တဲ့သူတွေက ဘာပြဿနာမှ မရှိတော့ဘူး။ ခဏလောက် အနားယူပြီးရင် စစ်မြေပြင်ကို ပြန်သွားနိုင်ပါပြီ။”

နာ့နာက ဆိုသည်။ ရှောင်းယီက ခေါင်းညိတ်ပြပြီး ဘေးမှ မဟာမိတ်စစ်သားကို လှည့်မေးလိုက်သည်။

“ငါ ပြင်ခိုင်းထားတဲ့ အစားအသောက်တွေရော...။”

“အကုန်အဆင်သင့်ပါပဲ။ အခု ယူလာခဲ့ရမလား။”

“ယူလာခဲ့လိုက်တော့။ သူတို့ ခန္ဓာကိုယ်တွေ မြန်မြန်ပြန်ပြီး နလန်ထူလာအောင်လုပ်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

မကြာမီမှာပင် ထိုစစ်သားသည် လူတစ်စုနှင့်အတူ အစားအသောက်ပုံကြီးကို သယ်ဆောင်ကာ ဝင်လာခဲ့သည်။

သူတို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အစားအသောက်များ၏ မွှေးရနံ့မှာ အော့ခ်အားလုံး၏ နှာခေါင်းထဲသို့ တိုးဝင်သွားတော့သည်။

“ဒါက သိုးတစ်ကောင်လုံး ကင်ထားတာပဲ။ အရမ်းမွှေးတာပဲ။ ဒါ သာမန်သိုးသားတော့ မဟုတ်လောက်ဘူး။”

“ဟုတ်တယ်။ ဒါ အဆင့် တစ်ခုခုရှိတဲ့ သိုးသားပဲ ဖြစ်ရမယ်။ ဒါတွေက ငါတို့စားဖို့လား။”

“မသိဘူး။ ငါတော့ နွားခြေထောက်တစ်ချောင်း တွေ့လိုက်တယ်။ ဒါတွေအကုန်လုံးက အဲ့ဒီအပြင်လူ ယူလာတာပဲ။ ငါတို့ကို နည်းနည်းလောက် ဝေပေးရင် ကောင်းမှာပဲ။”

ရှောင်းယီသည် သူတို့၏ ဆွေးနွေးသံများကို ကြားလိုက်ရသောအခါ ပြုံးကာ ပြောလိုက်သည်။

“ဒါတွေက မင်းတို့အတွက် ပြင်ဆင်ပေးထားတာပါ။ အားလုံးက SSS အဆင့် အစားအစာတွေချည်းပဲ။ မင်းတို့က ဒဏ်ရာရထားတာဆိုတော့ မြန်မြန်စားပြီး ခွန်အားတွေ ပြန်ဖြည့်လိုက်ကြပါ။”

ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ အော့ခ်ခေါင်းဆောင်နှင့် အခြားအော့ခ်များအားလုံး လုံးဝ မှင်တက်သွားကြတော့သည်။

ဒီလောက်များပြားတဲ့ အစားအသောက်တွေအားလုံးက တကယ်ပဲ SSS အဆင့် အစားအစာတွေလား။ ပြီးတော့ ဒါတွေအားလုံးက သူတို့အတွက်လား။

ဘေးမှ ထျန်းဝူသည် ကြောင်တောင်တောင်ဖြစ်နေသော အော့ခ်ကို တစ်စုံတစ်ရာ ပြန်ပြောရန် တို့၍ အချက်ပြလိုက်သည်။

အော့ခ်သည် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။”

ထျန်းဝူသည်မူ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဒီလောက်အကြာကြီး အောင့်ထားပြီးမှ ထွက်လာတဲ့စကားက ရိုးရိုး ကျေးဇူးတင်စကားပဲလားဟ။

ရှောင်းယီက ပြုံးလိုက်သည်။

“မလိုပါဘူး။ အပြင်မှာလည်း ဒီလိုအစားအသောက်တွေပဲ ပြင်ဆင်ပေးထားတယ်။ ရှေ့တန်းက စစ်သားတွေကို နောက်တန်းဆင်းပြီး စားခိုင်းလိုက်ပါ။ သူတို့အစား ထျန်းဝူနဲ့ သူ့လူတွေက ခဏ တာဝန်ယူပေးထားလိမ့်မယ်။”

“ပြဿနာမရှိပါဘူး။”

ထျန်းဝူက ဆိုသည်။

“ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူနဲ့ သူ့လူတွေလည်း မစားရသေးဘူး မဟုတ်လား။”

အော့ခ်က မေးလိုက်သည်။ ထိုအခါ ထျန်းဝူက အပြင်သို့ လျှောက်သွားရင်း ပြောလိုက်သည်။

“ကျုပ်တို့က ဒီကိုလာတဲ့လမ်းမှာတင် စားခဲ့ပြီးပြီ။ အဲ့ဒါလည်း မဟာမိတ်ခေါင်းဆောင် ရှောင်း ကျွေးတာပဲလေ။”

အော့ခ်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ နဂါးလူသားမျိုးနွယ်စုက ညီအစ်ကိုတွေ ကျေးဇူးပြုပြီး ဒုက္ခပေူရတော့မှာပဲ။”

ထျန်းဝူက လက်ကာပြလိုက်ပြီး ရှေ့တန်းစစ်မျက်နှာဘက်သို့ လျှောက်သွားတော့သည်။

ဆေးကုသဆောင်အတွင်းရှိ အော့ခ်စစ်သားများမှာမူ တံတွေးများကို အဆက်မပြတ် မျိုချနေကြပြီ ဖြစ်သည်။

လက်ရှိတွင် အော့ခ်မျိုးနွယ်စု၏ ထောက်ပံ့ရေးစနစ်မှာ သူတို့ ငတ်မသေရုံသာ တတ်နိုင်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ခမ်းနားထည်ဝါပြီး သေသေချာချာ ချက်ပြုတ်ထားသော အစားအစာမျိုးကို သူတို့ စားရခဲလှသည် မဟုတ်ပါလော။

ထိုအော့ခ်စစ်သားများအားလုံးက အော့ခ်ခေါင်းဆောင်ကို ကြည့်နေကြရာ သူတို့ တံတွေးတစိုစို ဖြစ်နေသည်ကို မြင်သောအခါ ခေါင်းဆောင်က ပြောလိုက်သည်။

“ငါ့ကို ကြည့်မနေကြနဲ့။ မဟာမိတ်ခေါင်းဆောင်ရှောင်းက ဒါတွေအကုန် မင်းတို့အတွက်လို့ ပြောထားတာပဲ။ ဘယ်အချိန်စားမလဲဆိုတာ မင်းတို့ဘာသာပဲ ဆုံးဖြတ်ကြ။”

အော့ခ်က သူတို့ဘာသာ ဆုံးဖြတ်နိုင်သည်ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုဒဏ်ရာရစစ်သားများသည် ဒဏ်ရာရထားသူများနှင့်ပင် မတူတော့ဘဲ ဆေးရုံခုတင်ပေါ်မှ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ခုန်ဆင်းလာကြတော့သည်။

အခန်း ၁၁၁၆ - အစားအစာ လုံလောက်မှုရှိခြင်းနှင့် တစ်ဖက်ခြမ်းမှာ ကူတာအင်ပါယာ ဖြစ်နေခြင်း

အော့ခ်မျိုးနွယ်စု၏ ဒဏ်ရာရစစ်သည်စခန်းအတွင်း၌ ဒဏ်ရာရစစ်သားတိုင်းသည် သိုးခြေထောက်၊ ဝက်ခြေထောက် သို့မဟုတ် နွားခြေထောက်ကြီးများကို လက်ထဲတွင် ကိုင်ဆောင်ထားကြပြီး အငန်းမရ ကိုက်ခဲစားသောက်နေကြသည်။

မိမိမျိုးနွယ်စုဝင်များ၏ အပြုအမူကို ကြည့်ရင်း အော့ခ်မှာ အနည်းငယ် အရှက်ရသွားပုံပေါ်သည်။

“ကျုပ်လူတွေရဲ့ အပြုအမူအတွက် အားနာပါတယ် မဟာမိတ်ခေါင်းဆောင် ရှောင်း။”

အော့ခ်က အားနာစွာ ပြောလိုက်သည်။

“ဟားဟား...အားနာစရာ မလိုပါဘူးဗျာ။ စားတဲ့အခါ ဒီလိုမျိုး အားရပါးရ စားရမှာပေါ့။ ကျုပ်တို့က မိန်းကလေးမှ မဟုတ်တာ။”

ရှောင်းယီက ကျယ်လောင်စွာ ရယ်မောရင်း ပြန်ပြောလိုက်သည်။

ရှောင်ယီ၏ စကားကို ကြားသောအခါ အော့ခ်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ရှောင်းယီ၏ စိတ်နေစိတ်ထားမှာ သူနှင့် အလွန်ပင် ကိုက်ညီလှသည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ် အော့ခ်မျိုးနွယ်စုကိုယ်စား ခင်ဗျားအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကတိပြုပါတယ်။”

အော့ခ်က ဒူးတစ်ဖက်ထောက်ကာ ရှောင်းယီကို လေးနက်စွာ ပြောလိုက်သည်။ ရှောင်းယီက ချက်ချင်းပင် ရှေ့တက်ကာ အော့ခ်ကို ထူပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် အော့ခ် ဒီလိုမျိုး အလေးအမြတ်တွေ လုပ်နေဖို့ မလိုပါဘူး။ ဒီနေ့ကစပြီး ကျုပ်တို့ ပုခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ကြတာပေါ့။”

ရှောင်းယီသည် သူ၏သစ္စာခံမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း အော့ခ် သိလိုက်ရသဖြင့် သူက ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်။”

ကျန်ရှိသော အော့ခ်စစ်သားများသည်လည်း သူတို့ ရှောင်းယီ၏ မဟာမိတ်အဖွဲ့ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် အံ့ဩဝမ်းသာ ဖြစ်သွားကြတော့သည်။

“ငါတို့ အခု မဟာမိတ်ခေါင်းဆောင်ရဲ့ လက်အောက်ခံတွေ ဖြစ်သွားပြီပေါ့။ ဒါဆိုရင် ငါတို့ ဒီလို အဆင့်မြင့်အစားအစာတွေကို နေ့တိုင်း စားရတော့မှာလား။”

“ငါကတော့ နေ့တိုင်း စားရဖို့ မမျှော်လင့်ရဲပါဘူး။ ရံဖန်ရံခါ စားရရင် တော်ပါပြီ။”

“ငါလည်း အတူတူပဲ။ အဆင့်မြင့်အစားအစာတွေက အကန့်အသတ် ရှိတယ်။ နေ့တိုင်း စားနိုင်ဖို့ဆိုတာ မလွယ်ဘူး။”

ရှောင်းယီက သူတို့၏ ဆွေးနွေးသံများကို ကြားလိုက်ရသောအခါ ပြုံးလိုက်မိလေသည်။

“အခြားသူတွေအတွက်တော့ အဆင့်မြင့်အစားအစာက အကန့်အသတ် ရှိကောင်းရှိနိုင်ပေမဲ့ ငါတို့အတွက်တော့ ဒီလိုအစားအစာတွေက အရမ်းပေါတယ်။ အနာဂတ်မှာ မင်းတို့ကို ကျွေးမွေးမယ့် အစားအစာတွေက ဒီအဆင့်တွေချည်းပဲ ဖြစ်လိမ့်မယ်။”

ထိုစကားကို ကြားသောအခါ အော့ခ်တစ်ယောက် လုံးဝ မှင်တက်သွားတော့သည်။ သူ ရှောင်းယီကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိလေသည်။

“မဟာမိတ်ခေါင်းဆောင် မဟာမိတ်အဖွဲ့မှာ တကယ်ပဲ SSS အဆင့် အစားအစာတွေ ဒီလောက်တောင် များတာလား။”

“အနည်းဆုံးတော့ ခင်ဗျားတို့အားလုံး ဝအောင်စားနိုင်တဲ့အထိ ရှိတယ်။”

ထိုအချိန်တွင် မဟာမိတ်စစ်သားတစ်ယောက် ပြေးလာပြီး ရှောင်းယီကို အလေးပြုကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် နည်းပြက လေဟာနယ်တံခါးတစ်ခုကို ရှာတွေ့ထားပါတယ်။”

“ငါ့ကို ခေါ်သွားပေး။”

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး စနိုက်ပါသမား၏နောက်မှ လိုက်သွားလိုက်သည်။ အော့ခ်သည်လည်း အံ့ဩနေရာမှ သတိဝင်လာကာ အမြန်လိုက်ပါသွားတော့သည်။

ဒဏ်ရာရစစ်သည်စခန်းအတွင်းမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“မင်း ကြားလိုက်လား။ မဟာမိတ်ခေါင်းဆောင်က ငါတို့ကို နေ့တိုင်း စားခိုင်းမယ်လို့ ပြောသွားတာကွ။”

“ငါတို့ အော့ခ်မျိုးနွယ်စုမှာ အမြင့်ဆုံးအစားအစာက S အဆင့် ပဲ ရှိတယ်။ အဲ့ဒါတောင် လူနည်းစုပဲ စားရတယ်။ အခု မဟာမိတ်ခေါင်းဆောင်ဆီမှာ ဒီလောက်အဆင့်မြင့်တဲ့ အစားအစာတွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”

“ငါတို့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်လွန်းတယ်။ နောက်ဆိုရင် အဆင့်မြင့်အစားအစာတွေအတွက် ပူစရာ မလိုတော့ဘူး။ ငါတို့ရဲ့ အဆင့်တွေတောင် ထပ်တက်ရင် တက်လာနိုင်ဦးမယ်။”

သူ၏စကားပင် မဆုံးသေးမီမှာပင် အော့ခ်စစ်သားတစ်ဦး၏ အရှိန်အဝါမှာ ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့လေသည်။

“ဒါက... အဆင့်တက်တော့မှာပဲ။”

လူတိုင်း၏ အံ့ဩနေသော မျက်ဝန်းများရှေ့မှာပင် ထိုသူသည် အဆင့်တိုက်ရိုက်တက်သွားပြီး SSS အဆင့် အော့ခ်တစ်ဦး ဖြစ်လာခဲ့လေသည်။ ၎င်းသည် သူတို့ခေါင်းဆောင်မှလွဲလျှင် ပထမဆုံးသော SSSဘအဆင့်ပင် ဖြစ်သည်။

“အကျိုးသက်ရောက်မှုက ဒီလောက်တောင် ပြင်းထန်တာလား။”

အခြားအော့ခ်များသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်သွားကြပြီး သူတို့လက်ထဲမှ အစားအစာများကို ပို၍ပင် အားသွန်ခွန်စိုက် စားသောက်ကြတော့သည်။

ရှောင်းယီသည် စနိုက်ပါသမားနောက်သို့ လိုက်လာပြီး ကျန်းယွင်ထျန်း ရှာတွေ့ထားသော လေဟာနယ်တံခါးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“တစ်ဖက်ခြမ်းက အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ ဟုတ်၊ မဟုတ် အတည်ပြုလို့ရပြီလား။”

ရှောင်စယီက မေးလိုက်သည်။

“စနိုက်ပါသမား တစ်ယောက် ဟိုဘက်ကို ကင်းထောက်ဖို့ သွားနေတယ်။ အခုထိတော့ ပြန်မလာသေးဘူး။”

ကျန်းယွင်ထျန်းက ဖြေလိုက်သည်။

အတိအကျပင် ထိုအချိန်၌ လေဟာနယ်တံခါးထဲသို့ ဝင်သွားသော စနိုက်ပါသမားမှာ ပြန်ပြေးထွက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်နဲ့ နည်းပြကို အစီရင်ခံပါတယ်။ တစ်ဖက်ခြမ်းမှာရှိတာက ဒေသခံ တိုင်းနိုင်ငံတစ်ခုပါ။ သူတို့မှာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေတောင် ရှိနေပုံရပါတယ်။”

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေကို အပြင်ကို အများကြီး ရောင်းထားတာပဲ။ ဒေသခံတွေဆီမှာ လက်နက်ရှိနေတာကတော့ သိပ်တော့ မဆန်းပါဘူး။”

ကျန်းယွင်ထျန်းက အသံဩဩဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး။ သူတို့ဆီမှာ စက်သေနတ်အပေါ့စားတွေ ရှိနေတာ။”

စနိုက်ပါသမားက ပြန်ဖြေလိုက်သည်။

“စက်သေနတ်အပေါ့စားတွေ ရှိတယ် ဟုတ်လား။”

ကျန်းယွင်ထျန်း အံ့ဩသွား၏။

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ စက်သေနတ်တွေ အပြင်ကို ပေါက်ကြားသွားတာလား။”

ရှောင်းယီသည် ခဏမျှ တွေးတောလိုက်ပြီးနောက် ဤလေဟာနယ်တံခါး၏ တစ်ဖက်ခြမ်းတွင် မည်သည့်ဒေသခံအဖွဲ့ ရှိနေသည်ကို ခန့်မှန်းမိသွားခဲ့သည်။ ၎င်းမှာ ဂူးလ်များ ဖြစ်နေပြီး လေဟညနယ်တံခါးမှတစ်ဆင့် ကျူးကျော်ဝင်ရောက်ခြင်းခံရကာ စက်သေနတ်အပေါ့စားများ ပိုင်ဆိုင်ထားသော တိုင်းပြည်ဆိုလျှင် ကူတာအင်ပါယာသာ ရှိပေမည်။ ကောင်းကင်မိုးကြိုးမင်းဆက်ကို ကျူးကျော်သော မသေမျိုးများမှာ ဇွန်ဘီးများ ဖြစ်ကြသည်။

“စိတ်မပူပါနဲ့။ သူတို့က ငါတို့လူတွေပါပဲ။”

ရှောင်းယီက ပြောလိုက်သည်။ စနိုက်ပါသမားက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့...ကျုပ် ပေါ်လာတာကို မြင်တော့လည်း သူတို့က ရန်လိုတဲ့ တုံ့ပြန်မှုမျိုး မရှိပါဘူး။ ကျုပ်ကိုတောင် နှုတ်ဆက်ခဲ့ကြသေးတယ်။”

ရှောင်းယီသည် လေဟာနယ်တံခါးထဲသို့ လှမ်းဝင်လိုက်ပြီး ကျန်းယွင်ထျန်းသည်လည်း အနီးကပ်ကာကွယ်ရန် နောက်မှ ကပ်လျက်လိုက်ပါသွားခဲ့သည်။ ရှောင်းယီက တစ်ဖက်ခြမ်းရှိလူများသည် မိမိလူများဖြစ်သည်ဟု ပြောထားသော်လည်း သူတို့မှာ ဒေသခံများသာ ဖြစ်ကြရာ အကယ်၍ သူတို့ကြားတွင် သူလျှိုတစ်ဦးတစ်ယောက် ပါလာခဲ့လျှင် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်သည်။

ရှောင်းယီ လေဟာနယ်တံခါးထဲမှ ထွက်လာသောအခါ အပြင်မှ အစောင့်များမှာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

“ဒါ... ကျွန်းပိုင်ရှင် မဟုတ်လား။”

“ကျွန်းသခင်က ဘယ်လိုလုပ်ပြီး လေဟာနယ်တံခါးထဲက ထွက်လာတာလဲ။ အရှင်မင်းကြီးကို မြန်မြန်သွားအကြောင်းကြားစမ်း။”

“လူလွှတ်ထားပြီးပါပြီ။ မကြာခင် ပြန်ရောက်လာတော့မှာပါ။”

မကြာမီမှာပင် ကူတာဧကရာဇ်တစ်ယောက် အဝေးမှ အပြေးအလွှား ရောက်ရှိလာတော့သည်။

“ကျွန်းပိုင်ရှင်... ဒါက ဘယ်လိုအခြေအနေမျိုးလဲ။”

ကူတာဧကရာဇ်မှာ အံ့ဩမဆုံး ဖြစ်နေခဲ့သည်။

ရှောင်းယီက မသေမျိုးတွေရဲ့ လေဟာနယ်တံခါးထဲကနေ ဘာလို့ ထွက်လာတာလဲ။

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဒီလေဟာနယ်တံခါးရဲ့ တစ်ဖက်ခြမ်းက မသေမျိုးတွေကို ခုခံနေတဲ့ ရှေ့တန်းစစ်မျက်နှာပဲ။ ကျုပ်တို့ ရှေ့တန်းမှာရှိတဲ့ မသေမျိုးတွေကို တိုက်ထုတ်ရင်းနဲ့မှ ဒီလေဟာနယ်တံခါးကို ရှာတွေ့ခဲ့တာ။”

“ဒါကြောင့်ကိုး... မသေမျိုးလေဟာနယ်တံခါးထဲကနေ ဂူးလ်တွေ ထွက်မလာတော့ဘူးလို့ သူတို့ပြောနေကြတာ။ ကျုပ် ဂူးလ်တွေ တစ်ခုခု ကြံစည်နေတယ်လို့ ထင်နေတာ။”

ကူတာဧကရာဇ်က ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ အခု စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ဒီလေဟာနယ်တံခါးကတစ်ဆင့် ရှေ့တန်းက အော့ခ်တွေနဲ့ ပူးပေါင်းပြီး မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို တားဆီးထားဖို့ လိုလိမ့်မယ်။”

ရှောင်းယီက ဆိုသည်။

“အကယ်၍ မသေမျိုးတွေ ထပ်တိုက်လာရင် ခင်ဗျားတို့ နန်းတော်ကလည်း အဲဒီဂူးလ်တွေကို ရင်ဆိုင်ရဦးမှာပဲ။”

“နားလည်ပါပြီ။ ကျုပ် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”

ကူတာဧကရာဇ်က ပြန်ဖြေလိုက်သည်။

“ဒီကိစ္စကို လော့လင်တန်ကိုလည်း သတင်းပို့လိုက်ဦး။ သူတို့လည်း သိထားရအောင်လို့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

အော့ခ်သည်လည်း နောက်မှ လိုက်ပါလာသည်ကို မြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။

“ဒါကလည်း ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက အင်ပါယာတစ်ခုပဲ။ အနာဂတ်မှာ ခင်ဗျားတို့ လက်တွဲပြီးတော့ အနည်းဆုံး ဒီခံစစ်လိုင်းကို ထိန်းထားနိုင်ဖို့ ကြိုးစားရမယ်။”

ကူတာဧကရာဇ်၏ အနားရှိ စစ်သားများလက်ထဲမှ ဆန်းသစ်သော လက်နက်များကို မြင်သောအခါ အော့ခ်က ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ မဟာမိတ်ခေါင်းဆောင်။ ကျုပ်တို့ သေချာပေါက် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီခံစစ်လိုင်းကို ထိန်းထားရုံတင်မကဘူး ရှေ့ကိုပါ နည်းနည်းစီ ထပ်တိုးသွားမယ်။”

“အင်း... အခြေအနေအရ ခင်ဗျားတို့ဘာသာ ဆုံးဖြတ်ကြပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့တိုးဖို့ သတိရပါ။ မဆင်မခြင် မလုပ်ကြနဲ့။”

ရှောင်းယီက သတိပေးလိုက်သည်။

“စိတ်ချပါ ကျွန်းပိုင်ရှင် (မဟာမိတ်ခေါင်းဆောင်)။”

ကူတာဧကရာဇ်နှင့် အော့ခ်က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီး လေဟာနယ်တံခါးမှတစ်ဆင့် ရှေ့တန်းသို့ ပြန်လာခဲ့လိုက်တော့သည်။

ထိုအချိန်တွင် အဆင့်မြင့်အစားအစာများကို စားသောက်ပြီးစီးသွားကြသော အော့ခ်များသည် သွေးများဆူဝေနေကြပြီး မသေမျိုးတပ်ဖွဲ့များထဲသို့ အတင်းတိုးဝင်ကာ သုတ်သင်သတ်ဖြတ်နေကြတော့သည်။

ဂူးလ်များသည် အင်အားအပြည့် ပြန်လည်ရရှိထားသော အော့ခ်မျိုးနွယ်စုကို လုံးဝ မယှဉ်နိုင်တော့ဘဲ နောက်ထပ် ငါးကီလိုမီတာခန့် ဆုတ်ခွာသွားရတော့သည်။

“မင်းတို့ မှော်ဆေးရည်တွေ သောက်လာကြတာလား။”

ထျန်းဝူက မအောင့်နိုင်ဘဲ မေးလိုက်သည်။

“အားပါလှချေလား။”

“ဟားဟားဟား... မဟုတ်ပါဘူးဗျာ။ မဟာမိတ်ခေါင်းဆောင် ကျွေးတဲ့ အဆင့်မြင့်အစားအစာတွေကြောင့် ကျုပ်တို့ရဲ့ အခြေအနေက အထွတ်အထိပ်ကို ပြန်ရောက်သွားတာပါ။”

အော့ခ်က မိမိမျိုးနွယ်စုဝင်များ၏ အခြေအနေကို ကြည့်ရင်း ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

All Chapters