အခန်း (၁၁၁၇-၁၁၁၈)
Vol. 95 Ch. 1117-1118
အခန်း ၁၁၁၇ - စစ်သုံးအပေါ့စားယာဉ် ပုံစံခွက်နှင့် ပစ္စည်းကောင်း
“မဖြစ်နိုင်တာ...အဆင့်မြင့်အစားအစာ နည်းနည်းစားရုံနဲ့ ဒီလောက်တောင် အစွမ်းထက်သွားတာလား။”
ထျန်းဝူမှာ ယုံရခက်နေဆဲပင်။ အော့ခ်က ရှင်းပြလိုက်သည်။
“ကျုပ်တို့ အော့ခ်မျိုးနွယ်စုအတွက် အစားအသောက်က အမြဲတမ်း အခက်အခဲရှိခဲ့တယ်။ အဆင့်မြင့် အစားအစာဆိုရင် ပိုတောင် ရှားသေးတယ်။ အခု မဟာမိတ်ခေါင်းဆောင်က ကျုပ်တို့ကို အရမ်းအဆင့်မြင့်တဲ့ အစားအစာတွေ ဗိုက်ပြည့်အောင် ကျွေးလိုက်တော့ စားလို့လည်းကောင်း၊ ခန္ဓာကိုယ်ကလည်း မြန်မြန်ပြန်ပြီး နလန်ထူလာတာပေါ့။”
ထျန်းဝူက အော့ခ်ကို လက်မထောင်ပြလိုက်သည်။ အော့ခ်က ဆက်မေးလိုက်သည်။
“ကျုပ်တို့အပြင် တခြားအကူအညီတောင်းနေတဲ့သူတွေရော ရှိသေးလား။”
“လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဒီဘက်က အခြေအနေကို ကြည့်ရရင် လူတိုင်း စစ်ကူလိုနေမှာပဲ။ သတင်းတွေက ကျုပ်တို့ဆီကို အချိန်မီ မရောက်နိုင်တာပဲ ဖြစ်လိမ့်မယ်။”
ထျန်းဝူက သက်ပြင်းချရင်း ဆိုလိုက်သည်။
အော့ခ်က ခေါင်းညိတ်လိုက်သည်။ ယခင်က မျိုးနွယ်ခြားများနှင့် မသေမျိုးများ၏ တိုက်ပွဲမှာ အခြေအနေ တည်ငြိမ်နေခဲ့သော်လည်း ယခု မသေမျိုးများဘက်မှ စွမ်းအားများ ရုတ်တရက် ထိုးတက်လာသောအခါ ထိုမျှခြေမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
ထို့ကြောင့် လူတိုင်း၏ လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေပြီး အားလုံးနီးပါးမှာ အကူအညီ လိုအပ်နေကြသည်။
“ဒါဆို ခင်ဗျား ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။”
အော့ခ်က မေးလိုက်သည်။
“ကျုပ်အကြံကတော့ ဒီလမ်းအတိုင်း ရှေ့ဆက်တိုးဖို့ပဲ။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ အမြင်ပေါ်မှာလည်း မူတည်တယ်။ ခရီးသွားဖို့က မဟာမိတ်ခေါင်းဆောင်ရဲ့ ယာဉ်တန်းကိုပဲ လုံးလုံးအားကိုးနေရတာဆိုတော့လေ။”
ထျန်းဝူက ပြန်ဖြေလိုက်သည်။ ထိုစဉ် ရှောင်းယီ လျှောက်လာပြီး ပြောလိုက်သည်။
“အခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျုပ် ပြန်ဖို့ ပြင်တော့မယ်။ တစ်ခုခုဆိုရင် ဆက်သွယ်လိုက်ပါ။”
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်မှာ ရဲတင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်။”
ထျန်းဝူက ချက်ချင်းပြောသည်။
“ပြောပါ မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ။ ကျုပ်တို့ကြားမှာ အားနာနေဖို့ မလိုပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ထျန်းဝူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အခြား ခုခံနေကြတဲ့ မျိုးနွယ်စုတွေကို ကူညီဖို့အတွက် ခင်ဗျားရဲ့ ယာဉ်တန်းကို ဒီရှေ့တန်းမှာပဲ ဆက်ပြီး အသုံးပြုခွင့်ပေးစေချင်ပါတယ်။”
“ဒါပေါ့။ ဒီယာဉ်တန်းက ရှေ့တန်းမှာပဲ ဆက်ရှိနေမှာပါ။ ယာဉ်တန်းနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုတာရှိရင် စိတ်ကြိုက်သာ ပြောပါ။”
ရှောင်းယီက ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ထျန်းဝူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“နောက်ဆို ဒီလောက်အထိ အားနာမနေပါနဲ့။ ကျုပ်တို့အားလုံးရဲ့ ပန်းတိုင်က ဒီစိတ်ရှုပ်စရာကောင်းတဲ့ မသေမျိုးတွေကို အပြတ်ရှင်းဖို့ပဲ မဟုတ်လား။”
ရှောင်းယီက လက်ကာပြလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏ အိပ်ခန်းသို့ ပြန်သွားလိုက်တော့သည်။
အချိန်မှာ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။ ရှောင်းယီသည် အနည်းငယ် တွေးတောပြီးနောက် ချက်ချင်းပင် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်တော့သည်။
[ လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စစ်သုံးအပေါ့စားယာဉ် ပုံစံခွက် (SSS အဆင့်) ၁။ ]
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် စိတ်လှုပ်ရှားသွားတော့သည်။ ၎င်းသည် ကုန်းကြောင်းတိုက်ပွဲ၏ ဘုရင်ဖြစ်သော စစ်သုံးယာဉ် မဟုတ်ပါလော။
ဤယာဉ်သာရှိလျှင် မသေမျိုးများ၏ ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ ချီတက်ရန် ပို၍ပင် အဆင်ပြေသွားတော့မည်ဖြသ်သည်။ ရှောင်းယီသည် သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီးနောက် ရှောင်းယီသည် နံနက်စာစားရန် အောက်ထပ်သို့ ဆင်းလာရာ ကျန်းယွင်ထျန်းနှင့် ဆုံလိုက်ရလေသည်။
“ညီအစ်ကိုကျန်း... မင်း စစ်သုံးယာဉ်တွေ မောင်းတတ်လား။”
ရှောင်းယီက ပေါက်စီတစ်လုံးကို ယူ၊ အထဲသို့ အချဉ်ရည်နှင့် အသီးအရွက်များထည့်ကာ ကိုက်စားရင်း မေးလိုက်သည်။
ကျန်းယွင်ထျန်းမှာ ဆန်ပြုတ်သောက်နေစဉ် ရှောင်းယီ၏ စကားကြောင့် သီးသွားတော့သည်။
သူက အတန်ကြာအောင် ချောင်းဆိုးပြီးနောက် အံ့ဩတကြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင်... မင်း စစ်သုံးယာဉ် ပုံစံခွက် ရလိုက်တာတော့ မဟုတ်ဘူးမလား။”
“ဟုတ်တာပေါ့။ မဟုတ်ရင် ငါက ဘာလို့ မေးမှာလဲ။”
ရှောင်းယီက သူ၏ တရုတ်စတိုင် ဘာဂါကို ဆက်စားလိုက်သည်။
“အရမ်းကောင်းတယ်။ စစ်သုံးယာဉ်တွေသာရှိရင် ခံစစ်လိုင်းကို ရှေ့ကို ဆက်ပြီး ထိုးဖောက်တိုက်စစ်ဆင်နိုင်မယ်လို့ ငါ ထင်တယ်။”
ကျန်းယွင်ထျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီစစ်သုံးယာဉ်က အချိန်ကိုက် ရောက်လာတာပဲ။ အရမ်းအသုံးဝင်လိမ့်မယ်။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့် မင်းအနေနဲ့ စစ်သုံးယာဉ်မောင်း စစ်သည်တွေကို အရင်ဆုံး လေ့ကျင့်ပေးဖို့ လိုလိမ့်မယ်။”
“ဒါက လွယ်ပါတယ်။ ကမ္ဘာ့စည်းမျဉ်းတွေကြောင့် အရာရာက ပိုလွယ်ကူသွားတာဆိုတော့ စစ်သုံးယာဉ်ကို မောင်းတတ်၊ တိုက်ခိုက်တတ်တဲ့ အဖွဲ့တစ်ဖွဲ့ကို မြန်မြန်လေး လေ့ကျင့်ပေးလို့ ရပါတယ်။”
“အင်း... နံနက်စာစားပြီးရင် စစ်သုံးယာဉ်က ဘယ်လိုမျိုးလဲဆိုတာ သွားကြည့်ရအောင်။”
ရှောင်းယီက ပြန်ဖြေကာ သူ၏ နံနက်စာကို အပြီးသတ် စားသောက်လိုက်တော့သည်။ ကျန်းယွင်ထျန်းသည်လည်း နံနက်စာကို အမြန်အဆုံးသတ်လိုက်ပြီး ရှောင်းယီကို စိုက်ကြည့်လိုက်သည်။
ရှောင်းယီမှာ ထိုအကြည့်ကြောင့် အနည်းငယ် အနေရခက်သွားသဖြင့် နံနက်စာကို အလောတကြီး အပြီးသတ်လိုက်ပြီး “သွားကြစို့” ဟု ဆိုလိုက်ရတော့သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းမှာ ချက်ချင်းပင် ထခုန်တော့သည်။
အချိန်ကုန်သက်သာစေရန် သူတို့နှစ်ဦးစလုံး မြို့ပြန်ကျောက်ကို အသုံးပြု၍ စစ်စခန်းသို့ သွားလိုက်ကြသည်။
ရှောင်းယီသည် စစ်စခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် စစ်သုံးယာဉ်ပုံစံခွက်ကို အသုံးပြုလိုက်သည်။ လိုအပ်သော သတ္တုပမာဏကို ကြည့်ပြီးနောက် သူ ညည်းတွားလိုက်မိပြန်သည်။
“နောက်ထပ် သတ္တုအများကြီး စားဦးမယ့်ကောင်ပဲ။”
အမှန်စင်စစ် ရှောင်းယီမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။ စစ်သုံးယာဉ်ဖြစ်သည့်အတွက် သတ္တုအမြောက်အမြား ကုန်ကျမည်မှာ မလွဲဧကန်ပင်။
စစ်သုံးယာဉ်တစ်စီး ထုတ်လုပ်ပြီးနောက် ကျန်းယွင်ထျန်းသည် ရှောင်းယီကိုခေါ်ကာ အထဲသို့ ချက်ချင်းတက်လိုက်၏။ ပြီးနောက် စက်နှိုးလိုက်တော့သည်။
ဝုန်း... ဝုန်း...
၎င်းမှာ စစ်သုံးအပေါ့စားယာဉ် ဖြစ်သော်လည်း တန်ချိန် ၂၀ ကျော် လေးလံသည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် ရွေ့လျားလိုက်သောအခါ မြေပြင်မှာ အနည်းငယ် တုန်ခါသွားတော့သည်။
“ကျွန်းပိုင်ရှင်... ရှေ့က စစ်ရေးလေ့ကျင့်ကွင်းကို သွားပြီး စမ်းသပ်ကြည့်ရအောင်။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အင်း...”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စစ်သုံးယာဉ်အတွင်းရှိ ကျဉ်းမြောင်းသော နေရာလွတ်ကို ကြည့်လိုက်မိသည်။
“ဒီထဲမှာလည်း ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ထားဖို့ နေရာမရှိပြန်ဘူးပဲ။”
ကျန်းယွင်ထျန်းက ယာဉ်ကို မောင်းထွက်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက တိုက်လေယာဉ်တွေလိုပဲ နေရာအကန့်အသတ်ရှိတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ထားဖို့ နည်းလမ်းမရှိဘူး။”
မကြာမီ ထိုဧရာမ သံသေတ္တာကြီး ရွေ့လျားလာခြင်းက စစ်စခန်းတွင် လေ့ကျင့်နေကြသော စစ်သည်များ၏ အာရုံကို ဖမ်းစားလိုက်တော့သည်။
“ဒါက ဘာကြီးလဲ။ အရမ်းကြီးတာပဲ။ သူ့ဘီးတွေကို ကြည့်ဦး...ထူးဆန်းလိုက်တာ။ အဝတ်နဲ့ ပတ်ထားသလိုပဲ (ချိန်းကြိုးဘီးကို ဆိုလိုသည်)။”
“ဟုတ်တယ်။ ပြီးတော့ ပြောင်းကြီးကလည်း တော်တော်ရှည်တာပဲ။ အမြောက်တစ်ခုလိုပဲ။”
“ကြည့်ရတာ အမြောက်နဲ့တူပေမဲ့ ဘာလို့ ဒီအမြောက်က အောက်က သံသေတ္တာကြီးပေါ်မှာ ပေါက်နေရတာလဲ။”
“ဘီးရာတွေကို ကြည့်ရတာ ဒီကောင်က မပေါ့လောက်ဘူး။”
“လာကြ...အဲ့ဒါ ဘာကြီးလဲဆိုတာ သွားကြည့်ရအောင်။”
လေ့ကျင့်ရေး တာဝန်မရှိသော စစ်သည်များမှာ ထိုစစ်သုံးယာဉ်နောက်သို့ လိုက်ကာ စစ်ရေးလေ့ကျင့်ကွင်းသို့ သွားလိုက်ကြသည်။
လေ့ကျင့်ကွင်းသို့ ရောက်သောအခါ ကျန်းယွင်ထျန်းက မော်နီတာမှတစ်ဆင့် အကဲခတ်ပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်... ငါတို့ရဲ့ ပစ်မှတ်က ဟိုရှေ့က တောင်ကုန်းပဲ။ တစ်ချက်လောက် ပစ်ကြည့်ရအောင်။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။ ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်အတိုင်း သူသည် လိုအပ်သော တိုင်းတာချက်များကို ချိန်ညှိလိုက်ပြီးနောက် ပစ်ခတ်လိုက်တော့သည်။
“ဝုန်း...”
စစ်သုံးအပေါ့စားယာဉ်၏ အမြောက်ပြောင်းမှာ သိသာစွာ နောက်သို့ ကန်ထွက်သွားခဲ့သည်။ အမြောက်ကျည်တစ်တောင့်မှာ ပြောင်းဝမှ ထွက်ခွာသွားပြီး အဝေးရှိ တောင်ကုန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
“ဝုန်း....”
တောင်ကုန်းပေါ်မှ သစ်ပင်များ ပြိုလဲပျက်စီးသွားပြီး မြေစာများမှာ လေထဲသို့ လွင့်စင်တက်သွားတော့သည်။
“ဝိုး... အဲ့ဒီအကွာအဝေးက နှစ်ကီလိုမီတာလောက် ရှိမှာပဲ ဟုတ်တယ်မလား။”
“သေချာပေါက်ပဲ။ ပြီးတော့ ကျွန်းပိုင်ရှင်နဲ့ နည်းပြက အဲ့ဒီတောင်ကုန်းကိုပဲ ချိန်ပစ်တာ ဖြစ်ရမယ်။ တကယ့်ကို တိကျလွန်းတယ်။”
“ကုန်းကြောင်းပေါ်မှာ ဘယ်အရာကမှ ဒီလို သံမဏိမိစ္ဆာကြီးကို တားဆီးနိုင်မယ် မထင်ဘူး။”
“ငါတို့ မဟာမိတ်အဖွဲ့က တကယ့်ကို ပိုပြီးတော့ အားကောင်းလာပြီပဲ။ ဒီလက်နက်ကို အသုံးပြုပုံ သင်ယူရမယ့် ပထမဆုံး စစ်သည်အုပ်စုထဲမှာ ငါ ပါချင်လိုက်တာ။”
“ငါလည်း အတူတူပဲ။”
အမှန်စင်စစ် ဤစစ်သုံးအပေါ့စားယာဉ်ပေါ်တွင် စက်သေနတ်တစ်လက်လည်း ပါရှိသည်။ ထိုစက်သေနတ်၏ ပြောင်းဝအရွယ်အစားကို ကြည့်ရုံနှင့်ပင် ၎င်းမှာ မဟာမိတ်အဖွဲ့ရှိ စက်သေနတ်အပေါ့စားများထက် ပို၍ စွမ်းအားကြီးကြောင်း ကျန်းယွင်ထျန်း သိလိုက်သည်။
စမ်းသပ်မှုအပြီးတွင် ရှောင်းယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
“ရှေ့တန်းစစ်မျက်နှာက တိုက်ပွဲတွေကို ပိုပြီး အရှိန်မြှင့်လို့ ရပြီ။”
“ဟုတ်တယ်။ ဒီဟာသာရှိရင် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မှာ သေချာတယ်။”
ကျန်းယွင်ထျန်းကလည်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်တော့သည်။
အခန်း ၁၁၁၈ - တစ်ဦးတစ်ယောက်မှ စစ်သုံးယာဉ် ရရှိခြင်းနှင့် တစ်နေရာတည်းတွင် ခံစစ်ကို ဖောက်ထွက်ခြင်း
မျှော်လင့်မထားသည်မှာ ရှောင်းယီက ခေါင်းခါပြလိုက်ခြင်းကိုပင်။
“ငါတို့ စက်သေနတ်အပေါ့စားနဲ့ လဲလှယ်ခဲ့တဲ့ ဓာတ်ပုံတွေကို မှတ်မိသေးလား။”
ကျန်းယွင်ထျန်း အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ထိုဓာတ်ပုံများထဲတွင် ဧရာမဘီလူးကြီးတစ်ကောင်သည် သူနှင့်အရွယ်အစားချင်းတူသော အရိုးနဂါးကြီးတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့သည်။ ထိုမျှလောက် ကြီးမားသော သတ္တဝါမျိုးဆိုလျှင် ဤစစ်သုံးအပေါ့စားယာဉ်မျိုးကို အလွယ်တကူ တိမ်းမှောက်အောင် လုပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သတိမပေါ့ဆခြင်းက အကောင်းဆုံးပင်။
“ဧရာမဘီလူးကြီးတွေရဲ့ စစ်မြေပြင်က ဘယ်မှာလဲဆိုတာ ငါသိသေးဘူး။ ဒါကြောင့် အခုတော့ ဒီစစ်သုံးယာဉ်ကို အသုံးပြုပြီး ငါတို့ ခံစစ်လိုင်းပေါ်က ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းကြတာပေါ့။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ ကျန်းယွင်ထျန်းလည်း ခေါင်းညိတ်လိုက်သည်။
“ငါ့ကို တစ်ရက်အချိန်ပေးပါ။ စစ်သုံးယာဉ်တပ်ဖွဲ့ကို အရင်ဆုံး ဖွဲ့စည်းလိုက်ပါ့မယ်။”
သူက လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်ပြပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်တော့သည်။
သူသည် သူ၏လက်ကိုင်ဖုန်းမှတစ်ဆင့် ယီထျန်းဂရုချက်ကို လှန်လှောကြည့်လိုက်ရာ လူတိုင်း စစ်သုံးယာဉ်ကိစ္စအား ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
“စစ်သုံးယာဉ် ထုတ်လုပ်မှုပုံစံ ရတဲ့ မဟာမိတ်အဖွဲ့ကို ငါ တကယ် အားကျမိတယ်။”
“ဟုတ်တယ်ဗျ။ စစ်သုံးယာဉ်သာရှိရင် အရာရာကို အသာလေး ကြိတ်ခြေပစ်လို့ရတယ်။ တိုက်နေဖို့တောင် မလိုဘူး။ ပတ်မောင်းနေရုံနဲ့တင် ရပြီ။”
“အတိအကျပဲ။ ကုန်းကြောင်းတိုက်ပွဲရဲ့ ဘုရင်ဆိုတာ နာမည်သက်သက် မဟုတ်ဘူး”
“အဲ့ဒီစစ်သုံးယာဉ်ကို ငါ တကယ်ဝယ်ချင်တယ်။ ဒါပေမဲ့ သူတို့က မရောင်းဘူး။”
“ချမ်းသာတဲ့အကိုကြီးရေ... ဘယ်မဟာမိတ်အဖွဲ့ကမှ ဒါမျိုးကို ရောင်းမှာမဟုတ်ဘူး။ ဒါက အုတ်မြစ်ကျောက် ဘယ်လောက်ရမလဲဆိုတဲ့ ကိစ္စမဟုတ်ဘူး။ မဟာမိတ်အဖွဲ့ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ။”
“ဟုတ်တယ်။ ဒီလောက်စွမ်းအားကြီးတဲ့ ပစ္စည်းကို ကိုယ်တိုင်သုံးဖို့ပဲ သိမ်းထားမှာပေါ့။”
အားလုံး ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီမှာ အပေါ်သို့ ဆက်မကြည့်တော့ဘဲ ယီရန်ပက်းမဟာမိတ်အဖွဲ့အတွင်းရှိ ဂရုများထဲမှ မက်ဆေ့ခ်ျများကို အထူးစောင့်ကြည့်နေသော ထောက်လှမ်းရေးအဖွဲ့ဆီသို့ ပြောင်းလိုက်သည်။
သူတို့သည် အရေးကြီးသော ပုံရိပ်များကို သိမ်းဆည်းကာ ထောက်လှမ်းရေးအဖွဲ့ထဲသို့ ထည့်ထားပြီးဖြစ်သည်။
ခဏမျှ ကြည့်လိုက်ရုံဖြင့် ရှောင်းယီမှာ အကျိုးအကြောင်းကို နားလည်သွားတော့သည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် A အဆင့် စစ်သုံးအပေါ့စားယာဉ် ထုတ်လုပ်မှုပုံစံကို အမှန်တကယ် ရရှိခဲ့ခြင်းပင်။
အသက်ရှင်ကျန်ရစ်သူအားလုံး ထိုထုတ်လုပ်မှုပုံစံကို မြင်သောအခါ ပထမဆုံး တုံ့ပြန်မှုမှာ ဝယ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ သို့သော် ထိုထုတ်လုပ်မှုပုံစံကို ရရှိထားသော မဟာမိတ်အဖွဲ့မှာ မိုက်မဲခြင်းမရှိပါက ရောင်းချမည် မဟုတ်ပေ။
စစ်သုံးယာဉ်သာရှိလျှင် မသေမျိုးများနှင့် တိုက်ပွဲတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် အဖွဲ့ထဲတွင် ဤကိစ္စနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးနေကြခြင်း ဖြစ်သည်။
“သူတို့က မရောင်းဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ကြပါနဲ့တော့။ အားလုံးပဲ သတိထားမိလား။ မနေ့က မသေမျိုးတွေရဲ့ တိုက်စစ်က နည်းနည်း အားနည်းသွားသလိုပဲ။”
“အားနည်းသွားတာလား။ ငါတော့ အဲဒီလို မခံစားရဘူး။ အခုထိ တောင့်ခံနိုင်ရုံလေးပဲ ရှိသေးတယ်။”
“ဟုတ်တယ်။ ငါတော့ သူတို့ ပိုပြီး အစွမ်းထက်လာသလိုတောင် ခံစားရတယ်။”
“ကျုပ် စိတ်ထင်လို့ပဲ နေမှာပါ။”
ရှောင်းယီ အနည်းငယ် တွေးတောကြည့်လိုက်သည်။ မသေမျိုးများ၏ တိုက်စစ်မှာ အမှန်တကယ် အားနည်းသွားခြင်းလည်း ဖြစ်နိုင်သည်။ ရှောင်းယီတို့ဘက်မှ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုများကြောင့် ရှေ့တန်းခံစစ်လိုင်း အချို့မှာ မသေမျိုးများကို သိသိသာသာ ပြန်လည်တွန်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
အကယ်၍ မသေမျိုးများ၏ ဉာဏ်ရည်မှာ မြင့်တက်လာသည်ဆိုပါက သူတို့သည် လက်လွှတ်လိုက်ရသော နေရာများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အခြားနေရာများမှ အင်အားများကို ယူ၍ ဖြည့်တင်းလိမ့်မည်မှာ သေချာပေသည်။
ထိုသို့ဆိုပါက အခြားနေရာများတွင် ခံစစ်မှာ အလိုလို လွယ်ကူသွားပေလိမ့်မည်။ ၎င်းမှာ ရှောင်းယီ၏ ခန့်မှန်းချက်သာ ဖြစ်သော်လည်း အမှန်တရားဖြစ်ရန်လည်း အခွင့်အလမ်း အလွန်များပါသည်။
“ဒါဆိုရင်တော့ အဝေးကြီးထိ သွားပြီး ကူညီနေစရာ မလိုတော့ဘူးပေါ့။ မသေမျိုးတွေကို တစ်နေရာတည်းမှာပဲ အဆက်မပြတ် ဖိအားပေးနေမယ်ဆိုရင် သူတို့က အခြားနေရာတွေက စစ်သည်တွေကို အလိုလို ဆွဲထုတ်လာမှာပဲ။”
ရှောင်းယီက ထိုသို့တွေးတောရင်း ကူတာအင်ပါယာ၏ လေဟာနယ်တံခါးမှတစ်ဆင့် ရှေ့တန်းသို့ ချက်ချင်း သွားလိုက်သည်။
“ထျန်းဝူနဲ့ သူ့အဖွဲ့ ထွက်သွားပြီလား။”
အော့ခ်ကို တွေ့သောအခါ ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့။ ထွက်သွားတာ တစ်နာရီတောင် မပြည့်သေးပါဘူး။”
အော့ခ်က ပြန်ဖြေလိုက်သည်။
ရှောင်ယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် တစ်ခုကို ရှာကာ ယာဉ်တန်းခေါင်းဆောင်ထံသို့ မက်ဆေ့ခ်ျပို့လိုက်သည်။
“မင်းတို့ စစ်ကူသွားဖို့ မလိုတော့ဘူး။ ငါ့ဆီမှာ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။”
မကြာမီမှာပင် ခေါင်းဆောင်က ပြန်ဖြေလာခဲ့သည်။
“ကျုပ်တို့ အခု အော့ခ်မျိုးနွယ်စုရှိရာဘက်ကို လှည့်ပြန်လာခဲ့ပါ့မယ်။”
“ကောင်းပြီ။ ငါ ဒီမှာ စောင့်နေမယ်။”
ရှောင်းယီက ပြန်ပြောပြီးနောက် အော့ခ်များရှိရာဘက်သို့ ပြန်လှည့်လာလိုက်သည်။ ရှောင်းယီ ပြန်ရောက်လာသည်ကို မြင်သောအခါ အော့ခ်က မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင် တစ်ခုခု လိုအပ်လို့လား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ထျန်းဝူတို့ ရောက်လာတဲ့အထိ စောင့်လိုက်ပါဦး။ အားလုံးကို တစ်ခါတည်း ပေါင်းပြီး ရှင်းပြမယ်။”
အခုရှင်းပြပြီး နောက်မှ ထပ်ရှင်းပြနေရလျှင် အလုပ်နှစ်ခါ ဖြစ်နေမည် မဟုတ်ပါလော။
“ဟုတ်ကဲ့ပါ။”
မကြာမီမှာပင် ထျန်းဝူနှင့် သူ့အဖွဲ့၏ ယာဉ်တန်းမှာ အော့ခ်မျိုးနွယ်စုနယ်မြေသို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုစဉ် ထျန်းဝူသည် ယာဉ်ပေါ်မှ ချက်ချင်းခုန်ဆင်းလာပြီး မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ငါတို့ကို ဘာလို့ ပြန်ခေါ်လိုက်တာလဲ။”
“ကျုပ်မှာ အကြံတစ်ခုရှိလို့ပါ။ ကြည့်ကြည့်...အခု ခင်ဗျားတို့ ယာဉ်တန်းနဲ့သွားရင်တောင် ဟိုကိုရောက်ဖို့ အချိန်အများကြီး ပေးရလိမ့်မယ်။ ယာဉ်တွေရဲ့ အရှိန်ကလည်း အကန့်အသတ်ရှိတော့ ခင်ဗျားတို့ မရောက်ခင်မှာ ကျုပ်တို့ မဟာမိတ်တွေ တောင့်ခံနိုင်ပါ့မလားဆိုတာ ပြောရခက်တယ်။”
ထျန်းဝူ ခေါင်းညိတ်လိုက်သည်။ ရှောင်းယီ ပြောသည်မှာ သူတို့ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲပင် ဖြစ်သည်။
“ဒါပေမဲ့ ကျုပ်တို့က သူတို့ကို စစ်ကူသွားမပေးဘဲ အခု ကျုပ်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေကနေပဲ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လိုက်မယ်ဆိုရင်ရော...။ အကယ်၍ ခင်ဗျားသာ မသေမျိုးတွေရဲ့ ခေါင်းဆောင်ဆိုရင် ဘာလုပ်မလဲ။”
ရှောင်းယီက မေးလိုက်သည်။
ထျန်းဝူ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားခဲ့သည်။
“ဒါဆိုရင် ဒီဘက်ကို စစ်ကူပေးဖို့ တပ်ဖွဲ့တွေကို သေချာပေါက် ရွှေ့ပြောင်းရမှာပေါ့။ အထူးသဖြင့် အခု မသေမျိုးတွေက ဉာဏ်ကောင်းလာပြီဆိုတော့ သူတို့ စစ်ကူလာဖို့ ပိုတောင် သေချာသေးတယ်။”
“မှန်တယ်။ ဒါကြောင့် ကျုပ်တို့က မဟာမိတ်တွေဆီ တိုက်ရိုက်သွားပြီး ကူစရာမလိုဘဲနဲ့ သူတို့ကို ကူညီရာရောက်တဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လို့ ရတယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ထျန်းဝူက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ဒီဘက်က မသေမျိုးတွေကို လုံလုံလောက်လောက် ဖိအားပေးနိုင်ဖို့တော့ လိုလိမ့်မယ်။ မဟုတ်ရင် သူတို့က တပ်ဖွဲ့တွေကို ရွှေ့ပြောင်းမှာ မဟုတ်ဘူး။”
“စိတ်ချပါ။ ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒီနေ့လေးတင် ပစ္စည်းကောင်းတစ်ခု ရထားတာရှိတယ်။ ခင်ဗျားတို့ ဒီဘက်ကနေ အရင်ဆုံး ဖိအားပေးထားလိုက်ပါ။ အဲ့ဒီပစ္စည်းကောင်းကို အမြန်ဆုံး အသုံးချနိုင်အောင် ကျုပ် စီစဉ်လိုက်မယ် “
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ “
ထျန်းဝူက တုံ့ပြန်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်အော့ခ် ခင်ဗျားလည်း အော့ခ်မျိုးနွယ်စုကို ဦးဆောင်ပြီး သူတို့နဲ့အတူ ပူးပေါင်းတိုက်စစ်ဆင်ပေးပါ။ ရှေ့ကိုပဲ ဆက်တိုက် တိုးပေးထား။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ...။”
ဘေးမှ နားထောင်နေသော အော့ခ်က ချက်ချင်း တုံ့ပြန်လိုက်သည်။
ထျန်းဝူသည် သူ၏မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ခုန်ဝင်သွားပြန်သည်။ သူတို့သည် ယခင်က ဂူးလ်များနှင့် တိုက်ခိုက်ဖူးပြီးသားဖြစ်သဖြင့် ဤတစ်ကြိမ်တွင် ပို၍ပင် ကျွမ်းကျင်နေကြပြီ ဖြစ်သည်။
အားလုံးက တိုက်ပွဲစစ်မျက်နှာကို ရှေ့သို့ ဆက်လက် တွန်းတင်နေကြသည်။
တစ်ဖက်တွင်လည်း ရှောင်းယီသည် ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ပြန်သွားပြီး ကျန်းယွင်ထျန်းကို ရှာကာ သူ့အကြံကို ပြောပြလိုက်သည်။
ကျန်းယွင်ထျန်းကလည်း သဘောတူကာ ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ ဒါက လက်ရှိအချိန်မှာ အကောင်းဆုံး နည်းလမ်းပဲ။ တိုက်ပွဲစစ်မျက်နှာက အရမ်းရှည်လွန်းနေတော့ ထျန်းဝူတို့အဖွဲ့ တစ်ဖွဲ့တည်းကိုပဲ စစ်ကူအဖြစ် အားကိုးနေရင် ဘယ်တော့မှ ပြီးတော့မှာမဟုတ်ဘူး။”
“ဒါကြောင့် မင်းအနေနဲ့ စစ်သုံးယာဉ်တပ်ဖွဲ့ကို အမြန်ဆုံး အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ လိုလိမ့်မယ်။”
ရှောင်းယီက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ နေ့လည် နှစ်နာရီ မတိုင်ခင်မှာပဲ လက်တွေ့တိုက်ပွဲ လေ့ကျင့်မှုအတွက် ရှေ့တန်းကို တိုက်ရိုက် သွားကြတာပေါ့။”
ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ရှောင်းယီ ဗီလာသို့ ပြန်ရောက်သောအခါ ချက်ဂရုကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။
“ငါလည်း အမြင်မှားနေတာလား မသိဘူး။ မသေမျိုးတွေရဲ့ တိုက်စစ်က နည်းနည်း အားနည်းသွားသလိုပဲ ခံစားနေရတယ်။”
“မနေ့ညကနဲ့ ယှဉ်ရင်တော့ အားနည်းသွားတာ အမှန်ပဲ။”
“ငါ့မှာလည်း အဲ့ဒီလို အမြင်မှားတာမျိုး ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့အချက်ပဲလေ။”
လူတိုင်း ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ဝင်ပြောလိုက်သည်။
“ရှေ့တန်းစစ်မျက်နှာကနေ အလုံးစုံ တိုက်စစ်ဆင်မှုကို စတင်နေပြီ။ အားလုံးလည်း ဒီနေ့ အဲ့ဒီလေဟာနယ်တံခါးတွေကို ပြန်ပြီး ထိုးစစ်ဆင်ကြဖို့ ကျုပ် အကြံပြုချင်ပါတယ်။ အထဲအထိ အတင်းတိုးဝင်ဖို့ မလိုပေမဲ့ တိုက်ခိုက်မှု အရှိန်အဟုန်ကိုတော့ မြှင့်တင်ပေးပါ။ အနည်းဆုံးတော့ မသေမျိုးတွေ အခြားနေရာတွေကို စစ်ကူမသွားနိုင်အောင် သူတို့ကို ဒီဘက်မှာတင် ထိန်းထားဖို့ လိုပါလိမ့်မယ်။”