← Chapters

အခန်း (၁၁၁၉-၁၁၂၀)

Vol. 95 Ch. 1119-1120

အခန်း (၁၁၁၉-၁၁၂၀)

Vol. 95 Ch. 1119-1120

အခန်း ၁၁၁၉ - အဖွဲ့ဝင်အားလုံး ပူးပေါင်းရန် တိုက်တွန်းခြင်းနှင့် တင့်ကားတပ်ဖွဲ့၏ တိုက်စစ်

ရှောင်းယီ ရုတ်တရက် ပို့လိုက်သော မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ဂရုအတွင်းရှိ စကားဝိုင်းမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် ပြန်လည်သက်ဝင်လာတော့သည်။

“အော်... သူဌေးက ရှေ့တန်းကနေ မသေမျိုးတွေကို ဖိအားပေးနေတာကိုး။ ဒါကြောင့်လည်း ဒီဘက်မှာ ဖိအားတွေ လျော့သွားတာပဲ။”

“ဟုတ်တယ်။ ငါတို့ အမြင်မှားနေတာ မဟုတ်ဘူးပဲ။ ကျေးဇူးပါ သူဌေး။”

“သူဌေး... ရှေ့တန်းကနေ ဘယ်အချိန်မှာ ထိုးစစ်ဆင်မှာလဲ။ ကျုပ်တို့လည်း အချိန်ကိုက် ပူးပေါင်းတိုက်ခိုက်ပေးပါ့မယ်။”

“ဟုတ်တယ် သူဌေး မြန်မြန်ပြောပါဦး။ ကျုပ်တို့ ပြင်ဆင်ထားလို့ ရအောင်လို့။”

ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။

“ဒီနေ့ နေ့လည် (၃) နာရီ တိတိမှာ အားလုံး စုပေါင်းပြီး မသေမျိုးတွေကို တိုက်ခိုက်ကြမယ်။”

“ကောင်းပါပြီ။ ကျုပ်တို့ ဒီဘက်မှာ ပြင်ဆင်လိုက်ပါ့မယ်။ စစ်သားတွေကို အရင်အနားပေးထားပြီး အချိန်ရောက်ရင်တော့ အားလုံး အတူတူ ထိုးစစ်ဆင်ကြတာပေါ့။”

“မှန်တယ်။ အားလုံး အနားယူပြီး ခွန်အားတွေ စုဆောင်းထားကြ။ မသေမျိုးတွေကို တစ်ချက်တည်းနဲ့ အဝေးကြီးရောက်အောင် ပြန်တွန်းထုတ်ပစ်မယ်။”

“သူဌေးရဲ့ တိုက်စစ်ကို ကျုပ်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

ထိုအချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်စခန်းအတွင်း၌ အမြောက်သံများ တဝုန်းဝုန်း မြည်ဟည်းနေပြီး ကျန်းယွင်ထျန်း၏ တင့်ကားတပ်ဖွဲ့ လေ့ကျင့်မှုမှာ အရှိန်အဟုန်ဖြင့် စနစ်တကျ တိုးတက်နေခဲ့သည်။

တင့်ကားမောင်းနှင်သူများ တဖြည်းဖြည်း ကျွမ်းကျင်လာသည်ကို ကြည့်ရင်း ကျန်းယွင်ထျန်းမှာ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။

“ဒီမှာ လေ့ကျင့်ပေးရတာက တကယ့်ကို လွယ်ကူလွန်းတယ်။ အဆင့်မြင့်အစားအစာတွေသုံးပြီး စစ်သားတွေရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်။ ပြီးတော့ အပြင်းအထန် လေ့ကျင့်ပေးလိုက်တာနဲ့ ခဏလေးအတွင်းမှာပဲ အထူးစစ်သည်တော်တွေ ဖြစ်လာတော့တာပဲ။”

တင့်ကားများက ပစ်မှတ်ကို တိတိကျကျ ထိမှန်နေသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ဖုန်းထုတ်၍ ရှောင်းယီထံသို့ ဖုန်းဆက်လိုက်တော့သည်။

“ကျွန်းပိုင်ရှင်... သူတို့ကို အခု ရှေ့တန်းကို ခေါ်သွားပြီး လက်တွေ့တိုက်ပွဲဝင်ခိုင်းလို့ ရပါပြီ။”

“မြန်လှချည်လား။”

ရှောင်းယီသည် စောစောကပင် (၃) နာရီမှာ တိုက်စစ်စမည်ဟု ပြောထားခဲ့ခြင်းဖြစ်ပြီး ယခုမှာ နေ့လည် (၁၂) နာရီကျော်ရုံသာ ရှိသေးသည်။

“ဟုတ်တယ်။ ဒီကမ္ဘာမှာ စစ်သားတွေကို လေ့ကျင့်ပေးရတာက အားသာချက်တွေ အများကြီး ရှိနေတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အခုချက်ချင်း ထွက်ခွာကြတော့မလား။”

“မလုပ်နဲ့ဦး...။ တင့်ကားမောင်းသမားတွေကို ယာဉ်တွေနဲ့ ပိုပြီး ရင်းနှီးအောင် ဆက်လေ့ကျင့်ခိုင်းထားလိုက်ပါ။ (၃) နာရီ တိတိမှာ အလုံးစုံ ထိုးစစ်ကို စတင်မယ်။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ဖုန်းချပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ အော့ခ်များရှိရာသို့ ရောက်ရှိလာခဲ့သည်။ နဂါးလူသားများနှင့် နတ်သူငယ်များ၏ အကူအညီဖြင့် အော့ခ်များသည် ရှေ့တန်းကို (၁၀) ကီလိုမီတာအထိ တွန်းတင်နိုင်ခဲ့သော်လည်း ယခုအခါ ရပ်တန့်နေရလေသည်။

ရှောင်းယီသည် စစ်သည်တင်ယာဉ်ဖြင့် ရှေ့တန်းစစ်မျက်နှာအထိ ရောက်ရှိလာရာ အော့ခ်ခေါင်းဆောင်နှင့် အခြားသူများက လာရောက်ကြိုဆိုလိုက်ကြသည်။

“အခု အခြေအနေ ဘယ်လိုလဲ။”

သေနတ်သံများ တဒိုင်းဒိုင်း မြည်နေသည်ကို နားထောင်ရင်း ရှောင်းယီက မေးလိုက်သည်။

“ဖိအားက တော်တော်ကြီးနေတယ်။ ရှေ့တိုးဖို့ အရမ်းခက်ခဲနေပါတယ်။”

အော့ခ်က ဆိုသည်။

ထျန်းဝူ၏ ကာကွယ်ရေးဝတ်စုံမှာလည်း အတော်လေး ဟောင်းနွမ်းစုတ်ပြတ်နေပြီ ဖြစ်သော်လည်း ဒဏ်ရာတော့ မရရှိခဲ့ပေ။ သူက ဆက်ပြောလိုက်သည်။

“ကျုပ်တို့ နောက်ထပ် (၅) ကီလိုမီတာလောက် တိုးပြီးတာနဲ့ ဖိအားက ရုတ်တရက်ကြီး အရမ်းများလာတယ်။”

ရှောင်းယီ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“မသေမျိုးတွေဘက်က ခင်ဗျားတို့ရဲ့ တိုက်စစ်အရှိန် မြင့်တက်လာတာကို သတိပြုမိသွားပြီး တပ်ဖွဲ့တွေကို ရွှေ့ပြောင်းလာတာ ဖြစ်ရမယ်။”

“အခု ဘာဆက်လုပ်ကြမလဲ။”

ထျန်းဝူက မေးလိုက်သည်။

“လောလောဆယ်တော့ ဒီနေရာမှာပဲ ခိုင်ခိုင်မာမာ တောင့်ခံထားလိုက်ပါ။ ကျုပ်တို့ရဲ့ လက်နက်တွေ (၃) နာရီ တိတိမှာ ရောက်လာလိမ့်မယ်။ အဲ့ဒီကျမှ ထပ်ပြီး ရှေ့တိုးကြတာပေါ့။”

ရှောငယီက လေးနက်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

အော့ခ်နှင့် အခြားသူများက တုံ့ပြန်လိုက်ကြသည်။

တည်နေရာကို ထိန်းထားရုံသက်သက်ဆိုလျှင်တော့ သူတို့အတွက် အခက်အခဲ မရှိပေ။

ရှောင်းယီသည် အခြားရှေ့တန်းနှစ်ခုဖြစ်သော သရဲတံခါးတောင်ကြားနှင့် လူပုများ၏ ရှေ့တန်းသို့လည်း သွားရောက်ကာ (၃) နာရီတွင် တန်ပြန်တိုက်စစ်ဆင်ရန်နှင့် အသင့်ပြင်ထားရန် မှာကြားခဲ့သည်။

မွန်းတည့်ချိန်တွင် ရှောင်းယီသည် မဟာမိတ်အဖွဲ့အတွင်းရှိ စာဖိုဆောင်များမှတစ်ဆင့် ရှေ့တန်းရှိ စစ်သည်များအတွက် နေ့လည်စာ ကောင်းကောင်း ပြင်ဆင်ခိုင်းခဲ့လေသည်။

အားလုံး ဗိုက်ဝအောင် စားသောက်ပြီးနောက် ခံစစ်လိုင်းကို စောင့်ကြပ်ရင်း ရှောင်းယီ၏ အမိန့်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတော့သည်။

မကြာမီ နေ့လည် (၂) နာရီခွဲအချိန်သို့ ရောက်ရှိလာခဲ့သည်။ အော့ခ်များ၏ ခံစစ်လိုင်း ရှေ့တန်းနေရာတွင် တင့်ကားတန်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့လေတော့သည်။

ရှောင်းယီသည် တင့်ကားများကို အော့ခ်ရှေ့တန်းစစ်မျက်နှာသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

“ဒါတွေက ဘာကြီးတွေလဲ။”

“ငါ မဟာမိတ်အဖွဲ့ရဲ့ တီဗီထဲမှာ ဒါမျိုး မြင်ဖူးသလိုပဲ။ အဲ့ဒါကို... တင့်ကားလို့ ခေါ်တယ်ထင်တယ်။”

“တင့်ကားလား။ နာမည်ကလည်း ထူးဆန်းလိုက်တာ။ ဒါကြီးက ဘာလုပ်နိုင်လို့လဲ။”

“ဟိုမှာရှိတဲ့ အမြောက်ပြောင်းအရှည်ကြီးကို ကြည့်လိုက်...။ အဲ့ဒါက အမြောက်ကျည်တွေ ပစ်ထုတ်နိုင်မှာ သေချာတယ်။”

ထိုအချိန်တွင် တင့်ကားမောင်းနှင်မည့် အဖွဲ့ဝင်များသည်လည်း မြိ့ပြန်ကျောက်များကို အသုံးပြု၍ ရောက်ရှိလာခဲ့ကြလေသည်။

စုစုပေါင်း လူဦးရေ တစ်ထောင်ဖြစ်ပြီး တင့်ကားတစ်စီးလျှင် နှစ်ယောက်နှုန်းဖြင့် တင့်ကားအစီးရေ စုစုပေါင်း ငါးရာ ရှိသည်။

တင့်ကားအဖွဲ့ဝင်များသည် ရှေ့တန်းသို့ ရောက်ရှိလာသည်နှင့် တင့်ကားများပေါ်သို့ ချက်ချင်းတက်ကာ ရှေ့သို့မောင်းနှင်ရန် ပြင်ဆင်ကြတော့သည်။

တစ်ချိန်တည်းမှာပင် သရဲတံခါးတောင်ကြားနှင့် လူပုတို့၏ ရှေ့တန်းများတွင်လည်း တင့်ကားအစီးရေ ငါးရာစီ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

“အစ်ကိုကျန်းနဲ့ အစ်မရွှဲ့... မင်းတို့နှစ်ယောက် ခွဲသွားလိုက်ကြပါ။ တစ်ယောက်က အော့ခ်ရှေ့တန်းကိုသွား၊ နောက်တစ်ယောက်က လူပုရှေ့တန်းကိုသွားပြီး တင့်ကားတွေကို အမိန့်ပေးပါ။ ငါက သရဲတံခါးတောင်ကြားဘက်ကို သွားလိုက်မယ်။”

ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကို ကြည့်ကာ ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့က တစ်ပြိုင်နက် တုံ့ပြန်လိုက်ကြသည်။

“သတိထားကြပါ။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်။

“စိတ်ချပါ ကျွန်းပိုင်ရှင် ငါတို့က အမိန့်ပေးရုံတင်ပါ။ တိုက်ပွဲထဲကို အတင်းတိုးဝင်မှာ မဟုတ်ပါဘူး။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်၏။

“အစ်မရွှဲ့အတွက်တော့ ငါ မစိုးရိမ်ပါဘူး။ ဒါပေမဲ့ မင်းကတော့ ရှေ့ဆုံးကနေ အတင်းတိုးဝင်လိမ့်မယ်လို့ ငါ ခံစားနေရတယ်။”

ရှောင်ယီ၏ စကားကို ကြားသောအခါ ကျန်းယွင်ထျန်းက သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်တော့ မင်း သူ့အကြောင်းကို သေချာမသိသေးလို့ပဲ။ သူကမှ တကယ့်တိုက်ပွဲအရူးကွ။ သူနဲ့ယှဉ်ရင် ငါက အပျော်တမ်းအဆင့်ပဲ ရှိသေးတယ်။”

ထိုစဉ် ဘေးမှ စူးရှသော အကြည့်တစ်ချက် ရောက်လာပြီး ကျန်းယွင်ထျန်းက ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ငါ ကျွန်းပိုင်ရှင်ရဲ့ ညွှန်ကြားချက်ကို သေချာပေါက် လိုက်နာပြီး ရဲဘော်ကျန်းရွှဲ့ဆီကနေ သင်ယူပါ့မယ်။”

ထိုအခါမှသာ ကျန်းရွှဲ့က သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

“ကျွန်းပိုင်ရှင်... ဒီတစ်ခေါက် ကျွန်မတို့ရဲ့ စစ်ဗျူဟာရည်မှန်းချက်က ဘာလဲ။ ရှေ့တန်းကို ရှေ့တိုးရုံတင်ပဲလား။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ရည်မှန်းချက်က ရှေ့တန်းကို တွန်းတင်ဖို့၊ မသေမျိုးတွေကို ဖိအားပေးဖို့၊ သူတို့ကို တတ်နိုင်သမျှ အများဆုံး သုတ်သင်ဖို့နဲ့ တခြား မျိုးနွယ်ခြားတွေ ခံစားနေရတဲ့ ဖိအားတွေကို လျှော့ချပေးဖို့ပဲ။”

ကျန်းရွှဲ့က ခေါင်းညိတ်ပြလိုက်သည်။

“ကောင်း... အားလုံးပဲ သက်ဆိုင်ရာ ရှေ့တန်းတွေကို သွားကြတော့။ စလိုက်ကြရအောင်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

သူတို့သုံးဦးသည် မြို့ပြန်ကျောက်တုံးများကို အသုံးပြုကာ သက်ဆိုင်ရာ နေရာများသို့ ရောက်ရှိသွားကြတော့သည်။

သရဲတံခါးတောင်ကြားအနီးသို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ကျဉ်းမြောင်းသော တောင်ကြားလမ်းကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“တင့်ကားအားလုံး တန်းစီလိုက်ကြ။ ပြီးတော့ သရဲတံခါးတောင်ကြားကို ဖြတ်ကျော်ဖို့ ပြင်ဆင်ထား။”

“ဟုတ်ကဲ့။”

တင့်ကားများ စတင်ရွေ့လျားလာသည်နှင့်အမျှ မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။

“ငလျင်လှုပ်နေတာလား။”

သရဲတံခါးတောင်ကြားပေါ်ရှိ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ စစ်သားတစ်ဦးက ဝေခွဲမရစွာ မေးလိုက်သည်။

“မင်းနောက်ကို ကြည့်လိုက်...ဟိုမှာ တင့်ကားတွေလာနေပြီ။”

တစ်ဦးက နောက်သို့ လက်ညှိုးထိုးပြလိုက်သည်။

တာဝန်ကျနေသူများသည် ရှေ့မှ အခြေအနေကိုသာ အမြဲမပြတ် စောင့်ကြည့်ရင်း မနားတမ်း တိုက်ခိုက်နေရသဖြင့် နောက်ကွယ်မှ တင့်ကားများ စတင်ရွေ့လျားလာသည်ကို သတိမထားမိကြချေ။

တင့်ကားများ နောက်ကွယ်တွင် ပထမဆုံး စတင်ပေါ်လာစဉ်က သူတို့ အနည်းငယ် ဆွေးနွေးခဲ့ကြသေးသည်။ သရဲတံခါးတောင်ကြားကို စောင့်ကြပ်နေသော စစ်သားများထဲတွင် အသက်ရှင်ကျန်ရစ်သူအချို့ ပါဝင်သဖြင့် ၎င်းတို့က အခြားသူများကို ရှင်းပြခဲ့ကြခြင်း ဖြစ်သည်။

ဤအရာများကို ကုန်းကြောင်းတိုက်ပွဲ၏ ဘုရင်ဟု ခေါ်ကြောင်း သိထားကြသော်လည်း တင့်ကားများ စတင်ရွေ့လျားလာသောအခါ သူတို့ အလွန်အမင်း တုန်လှုပ်အံ့ဩသွားကြရသည်။

“ဒီကောင်တွေက အရမ်းလေးတာပဲ။ လက်နက်တောင် သုံးစရာမလိုဘူး။ ဒီအတိုင်း ကြိတ်မောင်းသွားရုံနဲ့တင် ရပြီ။”

“ဒါပေါ့။ ဒီအရိုးစုတွေက ကြွပ်ဆတ်ဆတ်လေးတွေလေ။ တင့်ကားနဲ့ တစ်ခါကြိတ်လိုက်တာနဲ့တင် အမှုန့်ဖြစ်သွားမှာပဲ။”

“ငါတို့လည်း တိုက်စစ်ဆင်ဖို့ ပြင်ရတော့မယ် ထင်တယ်။”

ထိုစဉ်မှာပင် ရှောင်းယီ၏ အသံ ထွက်ပေါ်လာခဲ့သည်။

“တောင်ကြား ရှေ့က အရိုးစုတွေကို အခုချက်ချင်း အပြတ်ရှင်းပစ်လိုက်။ ပြီးရင် တံခါးကို ဖွင့်လိုက်တော့။”

“ဟုတ်ကဲ့။”

ထို့နောက် သရဲတံခါးတောင်ကြားပေါ်ရှိ စက်သေနတ်အပေါ့စားများ အားလုံး အငန်းမရ ပစ်ခတ်ကြတော့သည်။ တံခါးရှေ့ရှိ ဧရိယာမှာ ချက်ချင်း ရှင်းလင်းသွားသော်လည်း အနောက်၌ အရိုးစုများစွာ ရှိနေဆဲဖြစ်ရာ ထိုရှင်းလင်းသွားသော နေရာကို ပြန်ပြည့်ရန် စက္ကန့်ပိုင်းသာ ကြာပေလိမ့်မည်။

အခန်း ၁၁၂၀ - စစ်သုံးယာဉ်များ၏ စွမ်းပကားနှင့် အမျိုးသမီးတပ်မှူးကို သံသယဝင်သော လူပုများ

ထိုအချိန်တွင် အစောင့်များသည် တောင်ကြားတံခါးကို ချက်ချင်း ဖွင့်လိုက်ကြသည်။ အရိုးစုများသည် တံခါးပွင့်သွားသည်ကို မြင်သောအခါ တောင်ကြားထဲသို့ ပို၍ပင် အငန်းမရ တိုးဝှေ့ဝင်ရောက်လာကြတော့သည်။

ဝုန်း... ဝုန်း...

တောင်ကြားအတွင်းမှ စစ်သုံးယာဉ်များသည် ချက်ချင်းပင် မောင်းထွက်လာကြ၏။ ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ခြေလျင်တပ်သားတွေ... စစ်သုံးယာဉ်တွေနောက်ကနေ အနီးကပ်လိုက်ကြ။ ကျန်နေတဲ့ အရိုးစုတွေကို အပြတ်ရှင်းပစ်ကြ။”

“ဟုတ်ကဲ့...။”

အရိုးစုများ တောင်ကြား အဝင်ဝသို့ ရောက်ရှိလာချိန်မှာပင် စစ်သုံးယာဉ်တစ်စီးမှာ ဝုန်းခနဲ မောင်းထွက်လာခဲ့သည်။

အရိုးစုများသည် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ အမှုန့်ဖြစ်အောင် ကြိတ်ခြေခြင်း ခံလိုက်ရပြီး အရိုးဘဝမှ အရိုးပြာဘဝသို့ တိုက်ရိုက် ပြောင်းလဲသွားတော့သည်။

ဘေးဘက်များမှ လွတ်ထွက်သွားသော အရိုးစုအချို့ ရှိသော်လည်း ဘေးမှ ကပ်လျက်လိုက်လာသော စစ်သည်များက ကာဘိုင်ရိုင်ဖယ်များဖြင့် ချက်ချင်း ရှင်းပစ်လိုက်ကြသည်။

ထို့နောက် စစ်သုံးယာဉ်များ တစ်စီးပြီးတစ်စီး မောင်းထွက်လာကြတော့သည်။ အင်ဂျင်သံဟိန်းသံများနှင့်အတူ အရိုးများ ကြေမွသံ၊ တကျွတ်ကျွတ်မြည်သံများမှာ နားမခံသာအောင်ပင် ဆူညံနေတော့သည်။

စစ်သုံးယာဉ်များ ရှေ့မှ တိုးထွက်သွားသည်နှင့်အမျှ အနောက်မှ စစ်သည်များမှာလည်း ဖိအား လုံးဝမရှိသလောက် ဖြစ်သွားခဲ့လေသည်။ သူတို့အနေဖြင့် ရံဖန်ရံခါ လွတ်ထွက်လာသော အရိုးစုအနည်းငယ်ကိုသာ ကိုင်တွယ်ရန် လိုအပ်တော့သည်။

“ငါတို့ရဲ့ စစ်သုံးယာဉ်တွေက တကယ့်ကို ကြီးစိုးလွန်းတာပဲ။ ဒါပေမဲ့ ငါတော့ သဘောကျတယ်ဟေ့။”

“ဟုတ်တယ်။ မသေမျိုးတွေ ငါတို့ကို ဆက်တိုက်ဖို့ နည်းလမ်းမရှိတော့ဘူး။ ငါတို့စစ်သုံးယာဉ်တွေရဲ့ ကြိတ်ခြေမှုကို သူတို့ လုံးဝမတားနိုင်ဘူး။ အမြောက်ကျည်တောင် သုံးစရာမလိုဘူး။”

“ဟားဟား... ဒီလိုတိုက်ရတာက ပိုပြီးတော့တောင် လွယ်သေးတယ်။ ငါ တိုက်ပွဲတွေ အများကြီး ကြုံခဲ့ဖူးပေမဲ့ ဒီတစ်ခါကတော့ အလွယ်ဆုံးပဲ။”

တစ်ဖက်တွင်လည်း စစ်သုံးယာဉ်အတွင်းရှိ မောင်းနှင်သူများမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

“မင်းတို့ အရိုးပုံတွေ... ငါ့စစ်သုံးယာဉ်ရှေ့ကို မြန်မြန်လာကြစမ်း။ မင်းတို့ကို တစ်ခါတည်း သင်္ဂြိုဟ်ပေးလိုက်မယ်။”

“အားရစရာပဲ...။ ဒီလိုမျိုး မြေထိုးစက်လို တိုက်တဲ့နည်းလမ်းက တကယ်ကို ကျေနပ်ဖို့ကောင်းတယ်။”

“အာကွန်း... လာဦး။ ငါ့ကို ခဏလောက် ပေးမောင်းပါဦး။ ငါ အရင်က အပန်းဖြေစခန်းက ကစားကွင်းမှာ ဘမ်ပါကားပဲ မောင်းဖူးတာ။ အခုမှ လက်တွေ့ဘဝမှာ တကယ် မောင်းရတော့မယ်။”

“သွားစမ်းပါ။ ဒီမှာ တခြားစစ်သုံးယာဉ်တွေနဲ့ သွားတိုက်လို့ မရဘူး။ မဟုတ်ရင် ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်။ မင်းက အကဲခတ်သမားအဖြစ်နဲ့ပဲ ငြိမ်ငြိမ်နေစမ်းပါ။ နောက်တစ်ခါကျမှ မင်းကို ပေးမောင်းမယ်။”

မကြာမီ စစ်သုံးယာဉ်အားလုံးမှာ တောင်ကြားအပြင်သို့ ရောက်ရှိသွားကြပြီး တန်းစီလိုက်ကြသည်။

ရှောင်းယီက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“စစ်သုံးယာဉ်အားလုံး... တစ်ပြိုင်နက်တည်း ရှေ့တိုးပြီး အကုန်ကြိတ်ပစ်ကြ။”

“ဟုတ်ကဲ့...။”

အားလုံးက တုံ့ပြန်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရှေ့သို့ မောင်းနှင်သွားကြတော့သည်။

“နောက်ကတပ်ဖွဲ့တွေ... အမှီလိုက်ခဲ့ကြ။ လွတ်သွားတဲ့ အရိုးစုတွေကို ဂရုတစိုက် ရှင်းပစ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့...။”

“ဝုန်း... ဝုန်း...”

“ဂျွတ်... ဂျွတ်... ဂျွမ်း... ဂျွမ်း...”

မည်သည့်အရိုးစုကမျှ စစ်သုံးယာဉ်များ၏ ချီတက်မှုကို မတားဆီးနိုင်ကြချေ။ ၁၀ မိနစ်အတွင်းမှာပင် စစ်သုံးယာဉ်များသည် ၁၀ ကီလိုမီတာခန့် ရှေ့သို့ တိုးသွားနိုင်ခဲ့ရာ နောက်မှ ခြေလျင်တပ်များမှာ အရှိန်ကို အမှီမလိုက်နိုင်တော့ပေ။

ထိုအချိန်တွင် ရှောင်းယီက အမိန့်ပေးလိုက်သည်။

“စစ်သုံးယာဉ်တွေ... အရှိန်လျှော့လိုက်။”

“ဒီခြေလျင်တပ်တွေက အရမ်းနှေးတာပဲ။”

“ဟုတ်တယ်။ သူတို့ကို စောင့်မနေရဘူးဆိုရင် ငါတို့ ဒီထက်အဝေးကြီးကို ရောက်နေလောက်ပြီ။”

“ဟူး... ၁၀ မိနစ်ပဲ ပျော်လိုက်ရတယ်။”

နောက်ကွယ်မှ စစ်သည်များမှာ အရိုးစများပေါ်တွင် နင်းဖြတ်ကာ ခေါင်းငုံ့၍ အပြေးလိုက်နေကြရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်းယီက ချက်ချင်းပင် ညွှန်ကြားလိုက်သည်။

“စစ်သည်တင်ယာဉ်တွေကို လွှတ်လိုက်ပါ။ မဟုတ်ရင် အဲ့ဒီစစ်သားတွေ စစ်သုံးယာဉ်တွေရဲ့ အရှိန်ကို လုံးဝမှီမှာမဟုတ်ဘူး။”

“ဟုတ်ကဲ့။”

မကြာမီ စစ်သည်တင်ယာဉ်များ ရောက်ရှိလာပြီး စစ်သားများကို တင်ဆောင်ကာ စစ်သုံးယာဉ်များဆီသို့ အမြန်အမှီလိုက်လာခဲ့ကြသည်။ ထိုစစ်သားများသည် စစ်သည်တင်ယာဉ်များပေါ်မှနေ၍လည်း အောက်ရှိ အရိုးစုများကို ရှင်းလင်းနိုင်ကြလေသည်။

ဤနည်းဖြင့် နှစ်ဖက်စလုံး၏ အရှိန်မှာ တူညီသွားသောကြောင့် ပူးပေါင်းဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေသွားတော့သည်။

အော့ခ်မျိုးနွယ်စု၏ ခံစစ်လိုင်းတွင် ကျန်းယွင်ထျန်း ရောက်ရှိလာသည်နှင့် သူကိုယ်တိုင်မောင်းရန် စစ်သုံးယာဉ်တစ်စီးကို ရွေးချယ်လိုက်သည်။ ထိုယာဉ်၏ မူလမောင်းနှင်သူမှာ ကျန်းယွင်ထျန်းကို စိတ်ပျက်လက်ပျက် ကြည့်နေရသော်လည်း ဘာမှတော့ မပြောရဲချေ။

ကျန်းယွင်ထျန်းမှာ သူ၏နည်းပြဖြစ်သည်။ အကယ်၍ နည်းပြကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပါက လေ့ကျင့်ရေးတွင် သူ့ကို ပို၍ခက်ခဲအောင် လုပ်ပေလိမ့်မည်။

“မင်း ကြည့်ရတာ သိပ်မကြည်ဖြူသလိုပဲ။”

ကျန်းယွင်ထျန်းက ထိုစစ်သည်ကို ကြည့်ကာ မေးလိုက်သည်။ ထိုစစ်သည်မှာ ချက်ချင်းပင် အပြုံးတစ်ခုကို ဖန်တီးယူလိုက်ရလေသည်။

“မဟုတ်တာ...။ ကျုပ်က ဒီစစ်သုံးယာဉ်ကို ဆရာ့ကို အလွန်လိုလိုလားလား ပေးချင်တာပါ။”

“ဒီလိုမှပေါ့။”

ကျန်းယွင်ထျန်းက သူ၏ဦးထုပ်ကို ဆောင်းကာ ပြုံးလိုက်ပြီး ထိုသူ၏ပုခုံးကို ပုတ်လိုက်သည်။

“မဆိုးပါဘူး။ ဒီတစ်ခေါက် ငါ အရင်သွားလိုက်မယ်။ နောက်ကျရင် မင်းအလှည့် ရောက်လာမှာပါ။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည် စစ်သုံးယာဉ်ပေါ်သို့ တက်ကာ အမိန့်ပေးလိုက်တော့လေသည်။

“စစ်သုံးယာဉ်အားလုံး သတိ။ အခုချက်ချင်း ချီတက်ကြ။”

“ဟုတ်ကဲ့။”

အားလုံးက တုံ့ပြန်လိုက်ကြသည်။

“မျိုးနွယ်စုခေါင်းဆောင် အော့ခ်... ခင်ဗျားလူတွေကို စစ်သည်တင်ယာဉ်တွေပေါ် တက်ခိုင်းလိုက်ပါ။ ဒါမှ ကျုပ်တို့နောက်ကို မှီအောင်လိုက်နိုင်လိမ့်မယ်။”

ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။

“ဟုတ်ကဲ။”

အော့ခ်က ချက်ချင်းပြန်ဖြေပြီး လူတိုင်းကို စစ်သည်တင်ယာဉ်များပေါ်သို့ တက်ရန် ညွှန်ကြားလိုက်သည်။ ထိုယာဉ်များမှာ ယခင်က ထျန်းဝူတို့အဖွဲ့ စစ်ကူလာစဉ်က အသုံးပြုခဲ့သော ယာဉ်များပင် ဖြစ်သည်။

ကျန်းယွင်ထျန်းသည် စစ်သုံးယာဉ်ကို မောင်းနှင်ကာ ထျန်းဝူတို့ စောင့်ကြပ်နေသော ရှေ့တန်းသို့ တိုက်ရိုက် ဦးတည်ခဲ့တော့သည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ... ခင်ဗျားတို့အားလုံး ဘေးဖယ်ပြီး နောက်မှာ ခဏနားလိုက်ကြပါ။ နတ်သူငယ် ရဲဘော်တွေကတော့ ကျုပ်တို့နောက်က လိုက်လာပြီး လွတ်သွားတဲ့ကောင်တွေကို ရှင်းပေးရုံပါပဲ။”

ကျန်းယွင်ထျန်းက အနားသို့ရောက်သည်နှင့် အမိန့်ပေးလိုက်သည်။

“ဘေးဖယ်ရမှာလား...။”

ဝေါ်ကီတောိကီထဲမှ ထိုအမိန့်ကို ကြားလိုက်ရသောအခါ ထျန်းဝူတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့သည်။

ဤနေရာတွင် အန္တရာယ်ရှိသော မြေမျက်နှာသွင်ပြင်မျိုး မရှိချေ။ အကယ်၍ သူတို့သာ ဘေးဖယ်ပေးလိုက်လျှင် ဂူးလ် များကို အတင်းတိုးဝင်ခွင့် ပေးလိုက်သလို ဖြစ်မသွားပေဘူးလော။

သို့သော် စနစ်တကျ တန်းစီမောင်းနှင်လာသော စစ်သုံးယာဉ်တန်းကြီးကို မြင်သောအခါ သူက ချက်ချင်း အမိန့်ပေးလိုက်သည်။

“အားလုံး... အခုချက်ချင်း ဘေးဖယ်ပေးလိုက်ကြ။”

“ဟုတ်ကဲ့။”

ထျန်းဝူ၏ အဖွဲ့သည် ချက်ချင်းပင် ဘေးသို့ ခွဲထွက်ပေးလိုက်ရာ ဂူးလ်များမှာ ရှေ့သို့ ဇွတ်အတင်း ပြေးဝင်လာကြတော့လေသည်။

သို့သော် သူတို့ကို ကြိုဆိုလိုက်သည်မှာ စနစ်တကျ တန်းစီထားသော စစ်သုံးယာဉ်များ ဖြစ်သည်။ ထိုဂူးလ်များသည် စစ်သုံးယာဉ်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် အငန်းမရ ခုန်တက်ရန် ကြိုးစားလိုက်ကြသည်။

“ဘုန်း...”

ဂူးလ်တစ်ကောင်မှာ တိုက်မိပြီး လွင့်ထွက်သွားကာ ပုပ်သိုးနေသော အသားစိုင်ပုံကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

အပေါ်သို့ ခုန်မတက်သော ဂူးလ်များမှာမူ ပို၍ပင် သနားစရာကောင်းလှသည်။ စစ်သုံးယာဉ်များ၏ ကြိတ်ခြေမှုကို ခံရပြီး အသားစိုင်များအဖြစ် အမှုန့်ဖြစ်သွားကြရသည်။

ဘေးတွင် ရပ်ကြည့်နေသော ထျန်းဝူတို့အဖွဲ့မှာ စစ်သုံးယာဉ်များ ဖြတ်သန်းသွားပြီးနောက် မြေပြင်တွင် ပြန့်ကျဲကျန်ရစ်ခဲ့သော အသားနှစ်ပုံကြီးများကို ကြည့်ကာ ရင်ထဲတွင် မအီမသာ ဖြစ်သွားကြတော့သည်။

“ဒါက အရမ်း ရက်စက်လွန်းတယ်။”

ထျန်းဝူက အော့အန်ချင်စိတ်ကို ထိန်းချုပ်ရင်း ပြောလိုက်သည်။ ရွှမ်းချီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဒါပေမဲ့ ဒါက အရမ်းကို ထိရောက်တယ်။ ကျုပ်တို့ မကြာခင်မှာ အဝေးကြီးအထိ ရှေ့တိုးနိုင်တော့မယ်လို့ ခံစားနေရတယ်။”

“အမှန်ပဲ။”

ထျန်းဝူကလည်း ထောက်ခံလိုက်သည်။

ရှေ့ဆုံးသို့ ရောက်ရှိနေသော စစ်သုံးယာဉ်များသည် အရာရာတိုင်းကို မနားတမ်း ကြိတ်ခြေလျက် ရှေ့သို့ တိုးသွားခဲ့ကြသည်။ ထိုအထဲတွင် ယာဉ်တစ်စီးမှာ အထူးသဖြင့် လှုပ်ရှားမှု မြန်ဆန်နေသည်။

၎င်းမှာ ရှေ့ဆုံးမှ ဦးဆောင်ကာ ဘယ်ညာ ဝေ့ဝိုက်တိုက်ခိုက်နေပြီး ရံဖန်ရံခါတွင် ‘ဒရစ်’ တောင် ဆွဲပြနေသေးသည်။

ကျန်းယွင်ထျန်းတစ်ယောက် သူ၏အရည်အချင်းကို ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ဂူးလ်များသည် သာမန်မသေမျိုးများထက် ပို၍ လျင်မြန်ဖြတ်လတ်သဖြင့် ယခုကဲ့သို့ မလုပ်ပါက ၎င်းတို့မှာ စစ်သုံးယာဉ်ပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ ပြန်မဆင်းဘဲ ရှိနေနိုင်သောကြောင့် ဖြစ်သည်။

ယခုကဲ့သို့ ဘယ်ညာ ဝေ့ဝိုက်မောင်းနှင်ခြင်းဖြင့် ၎င်းတို့ကို လုံးဝခါချပစ်နိုင်သည်။ ကျန်းယွင်ထျန်းသည် စစ်သုံးယာဉ်ကို မောင်းနှင်ရင်း အခြားသူများကိုလည်း သူ၏နည်းစနစ်များကို သင်ကြားပေးနေခဲ့သည်။

လူပု မျိုးနွယ်စုဘက်တွင်မူ ကျန်းရွှဲ့ ပထမဆုံး ရောက်ရှိလာစဉ်က ဂျက်ဖ် ဦးဆောင်သော စစ်သည်များမှာ သူမကို အထင်သေးသော အကြည့်များဖြင့် ကြည့်ခဲ့ကြသည်။

“ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ကို တိုက်ပွဲမှာ အမိန့်ပေးဖို့ မိန်းမတစ်ယောက်ကို လွှတ်လိုက်တာလား။”

“ဟုတ်တယ်။ မိန်းမတွေဆိုတာ နောက်တန်း ထောက်ပံ့ရေးအလုပ်တွေပဲ လုပ်သင့်တာ မဟုတ်ဘူးလား။”

“ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ လူကုန်သွားပြီလား။”

သို့သော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ လူပုစစ်သားများက ထိုသို့ ကန့်ကွက်ပြောဆိုနေသော သူငယ်ချင်းများကို အမြန်ပင် ဆွဲထုတ်သွားကြသည်။

“တိတ်တိတ်နေစမ်း။ သူက ငါတို့ရဲ့ နည်းပြပဲ။ အရမ်းကို စွမ်းအားကြီးတယ်။”

“ဟုတ်တယ်။ အကယ်၍ တောထဲမှာ သူနဲ့သာ တွေ့ရင် ငါတို့အားလုံးကို သူတစ်ယောက်တည်းနဲ့ အပြတ်ရှင်းပစ်ဖို့ လူအင်အားတောင် မလိုဘူး။”

“အမိန့်ပေးတာကိုသာ နားထောင်စမ်းပါ။ မဟုတ်ရင် မင်းတို့ ကောင်းကောင်းမွန်မွန် အဆုံးသတ်ရမှာ မဟုတ်ဘူး။”

ထိုသတိပေးချက်များကို ကြားလိုက်ရသောအခါ ဂျက်ဖ်၏ လက်အောက်ခံ စစ်သည်များမှာ လုံးဝ မှင်တက်သွားကြတော့သည်။

“မင်းတို့ မှားနေတာတော့ မဟုတ်ဘူးမလား။ ဒီမိန်းမက တကယ်ပဲ အဲ့လောက်တောင် စွမ်းအားကြီးလို့လား။”

All Chapters