အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁) ကျုပ် ခင်ဗျားနဲ့ ကောင်းကောင်း အဖော်ပြုပေးပါ့မယ်[၁]
"တောင်းပန်ပါတယ် မင်းသမီးလေး။ စစ်မြေပြင်မှာတော့ တရားမျှတမှု မရှိဘူးလေ။ ဒီမှာက ကျုပ်တို့ဘက် လူပိုများနေတယ်။"
"အင်း။ ဟုတ်တယ်။"
စုရှန်ရွှယ်သည် သူမ၏ မျက်နှာဖုံးပုဝါကို ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ပတ်လိုက်ပြီး စောင်းကို သိမ်းဆည်းကာ မတ်တတ်ရပ်၏။ "ဒီရှန်ရွှယ်ရဲ့ ဇန်ယွမ်စွမ်းအင်တွေ တော်တော်လေး ကုန်ခမ်းနေပြီမို့လို့ မျောက်ဝံဘုရင်နဲ့ ဆက်မကစားနိုင်တော့ဘူး။ ခွင့်ပြုပါဦး။"
သူမ လှည့်ထွက်သွားစဉ်မှာပင် မျောက်ဝံဘုရင်၏ ပခုံးပေါ်သို့ လက်ဝါးတစ်ဖက် တိတ်ဆိတ်စွာ ကျရောက်လာသည်။
"လာလေ။"
ပိုင်ချူးရန်သည် သူ၏နောက်မှ ပြုံးလျက် ထွက်ပေါ်လာပြီး ပြောသည်။
"သူ့ကို ပြန်နားပါစေ။ ကျုပ် ခင်ဗျားနဲ့ ကောင်းကောင်း အဖော်ပြုပေးပါ့မယ်။"
"မင်းရဲ့ မျက်နှာသာပေးမှုကို ရတာ တကယ်ကို ဂုဏ်ယူစရာပဲ။"
မျောက်ဝံဘုရင်သည် ရယ်မောလိုက်သော်လည်း သူ၏နဖူးမှ ချွေးစေးများ စီးကျလာတော့၏။
စုရှန်ရွှယ် ဆုတ်ခွာသွားပြီးနောက် ကောင်းကင်ယံတွင် မိုးကြိုးကပ်ဘေးကြီးများ မရှိတော့ပေ။ မြို့တော်တပ်မတော်သည် တောင်ထိပ်ပေါ်ရှိ တိမ်တိုက်ပေါ်မှ ထိုးဆင်းလာကာ နဂါးဘုရင်၏ တိုက်ခိုက်မှုကြောင့် သတိလက်လွတ်ဖြစ်နေသော မိကျောင်းဖြူတပ်မတော်နှင့် မြွေနက်တပ်မတော်တို့ကို ရက်စက်စွာ သတ်ဖြတ်တော့သည်။
သို့သော် အပြေးအလွှား ချီတက်လာစဉ် တစ်ဝက်ခန့်အရောက်တွင် ကျောဘက်၌ အတောင်ပံများပါသော နတ်ဆိုးမျိုးနွယ်စုကြီးတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြန်သည်။ ထို့အတူ တောင်တန်းများလည်း ပွင့်ထွက်သွားကာ မရေမတွက်နိုင်သော သစ်ပင်နတ်ဆိုးမျိုးနွယ်များ မြေကြီးထဲမှ ထွက်ပေါ်လာပြီးနောက် မြို့တော်တပ်မတော်ကို အလယ်တွင် ပိတ်လှောင်ထားလိုက်၏။
"နဂါးဘုရင်။"
ရွှေရောင်အတောင်ပံများကို တုန်ခါစေလျက် လင်းယုန်ဘုရင်သည် လေထဲမှ ပျံသန်းလာကာ တုတ်ရှည်ကိုင်ထားသော အဘိုးအိုကို ရန်စသည်။
"ဒီကိုလာခဲ့။ မင်းနဲ့ငါ ဘယ်သူက ကောင်းကင်ရဲ့ အရှင်သခင်လဲဆိုတာ ကြည့်ကြရအောင်။"
ထို့အပြင် မြေလွှာအတွင်း၌ မရေမတွက်နိုင်သော နွယ်ပင်များ တဟုန်ထိုး ထွက်ပေါ်လာပြီး အေးစက်သော မျက်နှာထားနှင့် သစ်ပင်နတ်ဆိုးခေါင်းဆောင်သည် ထိုအရာများကြားတွင် ထွက်ပေါ်လာ၏။ နတ်ဆိုးစွမ်းအင်သည် နွယ်ပင်များကို ရှင်သန်ကြီးထွားစေပြီး အဆိပ်ပြင်းသော ပန်းရနံ့များကို ထုတ်လွှတ်လိုက်သည်။ သစ်ပင်နတ်ဆိုးခေါင်းဆောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ဝန်ကြီးချုပ် ယွင်ခွန်းရှိရာ တပ်မတော်ထဲသို့ အကြမ်းပတမ်း ဝင်တိုက်၏။
နှစ်ဖက်စလုံး အချင်းချင်း အပြန်ပြန်အလှန်လှန် တိုက်ခိုက်နေကြသည်။ အင်အားအရဆိုလျှင် သစ်ပင်နတ်ဆိုးခေါင်းဆောင်သည် နှင့် လင်းယုန်ဘုရင်တို့၏ တပ်များသည် မြို့တော်တပ်မတော်ကို မယှဉ်နိုင်သော်လည်း ယခုအခါ မြို့တော်တပ်မတော်သည် အငိုက်မိသွားသောကြောင့် အခြေအနေမှာ အနိုင်အရှုံးမပေါ်ဘဲ အတော်အတန်ကြာသည်အထိ ရပ်တန့်နေ၏။
အခြားတစ်ဖက်တွင် မြောက်ပိုင်းနတ်ဆိုးလောကမှ နွားနတ်ဆိုးစစ်သည်များသည် အပေါင်းအပါများ အကာအကွယ်ဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့၏ နေရာတွင် ကျားနတ်ဆိုး၊ ဝံပုလွေနတ်ဆိုး၊ ကျားသစ်နတ်ဆိုးစသည့် ကုန်းနေ အလယ်အလတ်နှင့် အောက်ခြေအဆင့် နတ်ဆိုးမျိုးနွယ်များ ပါဝင်သော တပ်မတော်တစ်ရပ်ဖြင့် အစားထိုးလေသည်။ သူတို့သည် မြောက်ပိုင်းနတ်ဆိုးလောက၏ ထူထဲသော သားမွေးများဖြင့် ပြုလုပ်ထားသည့် သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တောက်ပနေသော ဓားမြှောင်များကို ကိုင်ဆောင်ထားကြ၏။
ဤနတ်ဆိုးအုပ်စုသည် ဟိန်းဟောက်ကာ ရွှံ့နွံထဲသို့ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ပြေးဝင်သွားသည်။ သူတို့၏ နတ်ဆိုးစွမ်းအင် ရိုက်ခတ်မှာကြောင့် ရွှံ့နွံထဲရှိ ရေများသည် လျင်မြန်စွာ အေးခဲသွားပြီး ထိုရေခဲပြင်ပေါ်သို့ နင်းလျက် ရှေ့တိုးလာ၏။ ဤနတ်ဆိုးအုပ်စုသည် ဧရာမမိကျောင်းများကို စီးနင်းထားသော မိကျောင်းနတ်ဆိုးများကို ရင်ဆိုင်တိုက်ခိုက်ကြပြီး သံချပ်ကာ အကာအကွယ်မရှိသော ရန်သူများကို ချက်ချင်း သတ်ဖြတ်ကာ အရှက်တကွဲ ထွက်ပြေးစေသည်။
သူတို့ အောင်ပွဲခံ၍ လိုက်လံတိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရွှံ့နွံ့၏ တစ်ဖက်တစ်ချက်စီရှိ မြေကြီးများသည် ရုတ်တရက် လှိမ့်တက်ဖောင်းကြွလာပြီး မရေမတွက်နိုင်သော ဧရာမ အဆိပ်ပြင်း စပါးကြီးမြွေများနှင့် မြွေနတ်ဆိုးများသည် မြေအောက်မှ တိုးထွက်လာကာ ဤနတ်ဆိုးမျိုးနွယ်များကို ဘေးနှစ်ဖက်မှ ဝိုင်းရံပိတ်ဆို့လာ၏။
မြွေနက်ဘုရင်နှင့် မိကျောင်းဖြူဘုရင်တို့လည်း ထွက်လာကြသည်။ သူ၏ တပ်မတော် အသေအပျောက် များပြားနေသည်ကို မြင်လိုက်ရသော မိကျောင်းဖြူဘုရင်လည်း ဒေါသချောင်းချောင်း ထွက်သွားရ၏။
"အတောင်ပံပါတဲ့ကျား နဲ့ မြေခွေးဖြူ ထွက်လာခဲ့စမ်း။ သွားသေလိုက်တော့"
သူသည် ပါးစပ်မှ ဆွဲဆုတ်ထားသော အသွေးအသား တစ်စတစ်ခဲကြီးကို ထွေးထုတ်လိုက်ပြီးနောက် မိကျောင်းဖြူဘုရင်သည် အလောင်းကောင်အကျန်ကို ဘေးသို့ ပစ်ချပြီး ကောင်းကင်သို့ မော်ကြည့်ပြီး ဟိန်းဟောက်သည်။
"မင်း သေချင်နေတယ်ဆိုလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။"
တပ်မတော်ဖွဲ့စည်းပုံထဲမှ ကယ်တင်ခြင်းခံခဲ့ရသော ခွေနျိုဘုရင်၏ အရပ်ရှည်ရှည်လူသည် ပြေးထွက်လာပြီး မိကျောင်းဖြူဘုရင်ကို မိုင်အတော်အတန်အထိ လွင့်ထွက်သွားအောင် တိုက်ထုတ်၏။
ထို့နောက် သားရဲကြီးနှစ်ကောင်သည် ဟိန်းဟောက်ကာ အချင်းချင်း ရက်စက်စွာ ကိုက်ဖြတ်တိုက်ခိုက်ကြတော့သည်။ သူတို့၏ စစ်မှန်သော အပြင်းအထန်တိုက်ခိုက်များကြောင့် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများပင် တုန်ခါသွား၏။
မြွေနက်ဘုရင်၏ အရှေ့တွင်လည်း သူ၏လမ်းကို ပိတ်ဆို့ကာ ပြုံးနေသော အဖြူရောင်ဝတ်ရုံနှင့် ချောမောသည့် အမျိုးသားတစ်ဦး ရှိနေသည်။
"မြွေနက်ဘုရင်။ အောက်ဘက်မှာ ကျုပ်နဲ့ ရင်ဆိုင်ရအောင်။"
"မြေခွေးဖြူ။"
ဤအမျိုးသားကို မြင်သောအခါ မြွေနက်ဘုရင်သည် ခေတ္တရပ်တန့်သွားပြီး ပြော၏။
"ကျုပ် မမျှော်လင့်ထားဘူး။ လွတ်လပ်မှုကို မြတ်နိုးတဲ့ မင်းတောင် ဒီတစ်ခါ စစ်ပွဲမှာ ပါဝင်လာလိမ့်မယ်လို့။"
"ဒီတစ်ကြိမ်က နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံးရဲ့ အသက်ရှင်သန်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ။ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်နေသရွေ့ ဝေးဝေးနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
မြေခွေးဖြူဘုရင်က ခါးသီးစွာ ပြုံး၏။ "ဒါကြောင့် ရေစုန်မျောပြီး လိုက်ပါသွားမယ့်အစား မီးလောင်ရာ လေပင့်ပေးဖို့ကလွဲပြီး ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။"
"ဒါဆိုရင်လည်း နတ်ဆိုးလောကရဲ့ ရှေးအကျဆုံး မျိုးနွယ်ဆက်တွေထဲက တစ်ခုဖြစ်တဲ့ ချင်းချိုးရဲ့ အမြီးကိုးချောင်းမြေခွေးဆီက ထူးချွန်ပြောင်မြောက်တဲ့ လှည့်ကွက်တွေကို ကျုပ်ကို လေ့လာခွင့်ပြုပါဦး။"
မြွေနက်ဘုရင်သည် လေးနက်သော မျက်နှာထားဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူသည်။
"အင်း။"
မြေခွေးဖြူဘုရင်က လက်ဆုတ်ကာ အရိုအသေပေး၏။
"မြွေနက်ဘုရင် စလိုက်ရအောင်။”
အခန်း (၂၄၂) အဆင့်မြင့်ပုဂ္ဂိုလ်၏ လူသစ်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခန်း။
ယန်ရှန်းခံတပ်၏ အရှေ့ဘက် စစ်တလင်းပြင်၌ အနောက်ပိုင်း နတ်ဆိုးလောက၊ မြောက်ပိုင်း နတ်ဆိုးလောကနှင့် နတ်ဆိုးအင်ပါယာနန်းတော်တို့မှ ဧရာမ တပ်မတော်ကြီးများသည် အုပ်စုလိုက် သွေးထွက်သံယို တိုက်ခိုက်ကြရာ ကောင်းကင်ယံတစ်ခုလုံးပင် မှိုင်းညို့အုံ့ဆိုင်းသွားစေ၏။
နေရာအနှံ့မှ စွမ်းအားကြီးမားလှသော နတ်ဆိုးဘုရင်များသည်လည်း အချင်းချင်း အသေအလဲ တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းရိုက်ခတ်မှုများလည်း တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ ကမ္ဘာမြေကိုပင် တုန်လှုပ်ချောက်ချားစေပြီး ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားကိုပင် အဆက်မပြတ် ပြောင်းလဲစေသည်။
ဤမျှ ကြီးမားကျယ်ပြန့်လှသော စစ်ပွဲကြီးသည် အနိုင်အရှုံးပေါ်ရန် အချိန်အတော်ကြာယူရမည်ဟု ထင်မှတ်ရပေသည်။ စစ်ပွဲတစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးချေမှုန်းနိုင်စွမ်းရှိသည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးသာမပါလျှင် ဤသို့သာ ဖြစ်သင့်၏။
ရုတ်တရက် ကောင်းကင်ယံမှ ရွာသွန်းကျလာသော ပြင်းထန်လှသည့် ဓားချီမိုးရေစီးကြောင်းကြီးသည် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုပမာ စစ်မြေပြင်ထက်သို့ ထိုးဆင်းလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြောက်ပိုင်းနတ်ဆိုးလောက တပ်မတော်နှင့် မြို့တော်တပ်မတော်တို့မှ စစ်သည်တစ်ဝက်ကျော်ခန့်မှာ သွေးအိုင်ထဲတွင် သေကြေဒဏ်ရာရသွား၏။
ရှုပ်ထွေးပွက်လောရိုက်နေမှုများကြားတွင် မည်သည့် နတ်ဆိုးမျိုးနွယ်ဝင်က အထိတ်တလန့် အော်ဟစ်လိုက်မှန်း မသိရသော်ငြား အသံအကျယ်ကြီး ထွက်ပေါ်လာသည်။ "ဓားဘိုးဘေးဟေ့။ လူသားမျိုးနွယ်ရဲ့ ဓားဘိုးဘေးကြီးကွ"
နောင်တစ်ခဏ၌ သေရမည်ကို မကြောက်မရွံ့ဘဲ တိုက်ပွဲဝင်နေခဲ့ကြသော မြောက်ပိုင်း နတ်ဆိုးမျိုးနွယ်များနှင့် မြို့တော်တပ်မတော်၏ စိတ်ခွန်အားတို့သည် ကမ္ဘာပျက် ကပ်ဆိုက်လာသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အလား ရုတ်ခြည်းပင် ပြိုလဲကျသွားကြ၏။ သူတို့သည် ရှေ့ရှိ ပြိုင်ဘက်ကိုပင် လှည့်မကြည့်ဝံ့ကြတော့ဘဲ လက်နကါများနှင့် ချပ်ဝတ်တန်ဆာများကိုပင် လွှင့်ပစ်ကာ စစ်မြေပြင်မှ လွတ်မြောက်ရန် ကိုယ်ဖော့ပညာများနှင့် ရှောင်တိမ်းခြင်းမန္တန်များကို အသည်းအသန် အသုံးပြုကြသည်။
တပ်မတော်အတွင်းရှိ စစ်သူကြီးများပင်လျှင် စစ်သည်များကို စစ်မြေပြင်မှ အမြန်ဆုံး ထွက်ပြေးကြရန် အော်ဟစ်ကာ ဖရိုဖရဲ ဆုတ်ခွာနေ၏။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ဓားဘိုးဘေးနှင့် ရင်ဆိုင်ရချိန်တွင် စစ်သည်အင်အား မည်မျှပင် များပြားစေကာမူ သေပွဲဝင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်းကို သူတို့စိတ်ထဲတွင် ကောင်းစွာ သိရှိနားလည်ထားသောကြောင့် ဖြစ်သည်။
စစ်မြေပြင်သို့ မချီတက်မီကပင် ဝက်ဝံဖြူဘုရင်နှင့် ဝန်ကြီးချုပ် ယွင်ခွန်းတို့သည် ကြိုတင်အမိန့်ပေးထားပြီးဖြစ်ကာ ဒုတိယစစ်ဗိုလ်များအား ဆုတ်ခွာရမည့် နေရာတစ်ခုနှင့် လျှို့ဝှက်အချက်ပြမှု တစ်ခုကို ပေးအပ်ထား၏။ သူတို့အား ဤနေရာတွင် အလဟဿ သေပွဲဝင်ခိုင်းမည့်အစား ဦးစွာ ထွက်ပြေးစေပြီးနောက် အင်အားပြန်လည်ပေါင်းစည်းရန် နည်းလမ်းရှာခြင်းကသာ အကောင်းဆုံးဗျူဟာ ဖြစ်ပေမည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်ပိုင်း နတ်ဆိုးလောက၏ တပ်များနှင့် မြို့တော်တပ်မတော်တို့မှာ အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး မြွေနက်ဘုရင်၏ တပ်များကမူ အရာရှိများ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အောင်ပွဲကို အခွင့်ကောင်းယူကာ အပြတ်အသတ် လိုက်လံချေမှုန်းကြသည်။
စစ်ပွဲအခြေအနေ ရုတ်တရက် ပြောင်းလဲသွားမှုသည် နတ်ဆိုးဘုရင်များ၏ တိုက်ပွဲများကိုပါ ရိုက်ခတ်သွားစေခဲ့သည်။ သူတို့လည်း ခေတ္တမျှ လူစုကွဲသွားကြ၏။ သူတို့သည် ရန်သူများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရစဉ်အတွင်း ပိုင်ချိုးရန၏ ပုံရိပ်ကိုလည်း စိုးရိမ်တကြီး ရှာဖွေနေကြသည်။
"မင်းတို့ ငါ့ကို ရှာနေကြတာလား။"
သရဲတစ်ကောင်ပမာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပိုင်ချူးရန်သည် တောင်စောင်းဘက်ရှိ ကောင်းကင်ယံမှ တိတ်ဆိတ်စွာ ပေါ်လာခဲ့ရာ လင်းယုန်ဘုရင်၊ သစ်ပင်နတ်ဆိုးတို့နှင့် တိုက်ခိုက်နေသော နဂါးဘုရင်နှင့် ဝန်ကြီးချုပ်ယွင်ခွန်းတို့ နှစ်ဦးစလုံးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေ၏။
ထိုသူနှစ်ဦးသည် မသိစိတ်၏ စေ့ဆော်မှုအရ နောက်သို့ ချက်ချင်း ဆုတ်လိုက်ကြပြီး လေထဲတွင် ရပ်တန့်ကာ နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံပိုင်ရှင်ရှိရာသို့ လှမ်းကြည့်ကြသည်။
ထိုနေရာရှိ ချောက်ကမ်းပါးအစွန်းမှ ပေါက်ရောက်နေသော ထင်းရှူးပင်တစ်ပင်ပေါ်တွင် ပိုင်ချူးရန် ရပ်နေသည်။ သူ၏လက်ထဲတွင် နှာခေါင်းပေါက်ပြဲကာ မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသော သေလုမျောပါး လူတစ်ယောက်ကို အသာအယာ ကိုင်ဆောင်ထား၏။
"မျောက်အိုကြီး။"
နဂါးဘုရင်သည် အလွန်ပင် လန့်ဖျပ်သွားသည်။
"ဒါခင်ဗျားအတွက် လက်ဆောင်ပါ။"
ပိုင်ချူးရန်မှာ အေးစက်စက် ပြုံးကာ သတိလစ်နေသော မျောက်ဝံဘုရင်ကို ရှေ့သို့ ပစ်ပေါက်လိုက်သည်။ နောက်တစ်နေရာသည် မီတာသောင်းချီ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ဖြစ်သောကြောင့် နဂါးဘုရင်မှာ အလွန်လန့်ဖျပ်သွားပြီး မျောက်ဝံဘုရင်ကို လှမ်းဖမ်းရန် အလျင်အမြန် ပျံသန်းသွား၏။
သို့သော် နောက်တစ်ခဏ၌ ပိုင်ချူးရန်သည် သူ့ကိုယ်ကို လှုပ်ခါလိုက်ပြီး နဂါးဘုရင်၏ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာကာ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ လေထဲတွင် အလင်းဖောက်ထွင်းနိုင်သော စွမ်းအင်လှိုင်းများ အထပ်ထပ် ထွက်ပေါ်လာ၏။ စွမ်းအင်လှိုင်း၏ ဗဟိုချက်တွင် ဆွတ်ဆွတ်ဖြူနေသော ဧရာမ ချီဓာတ်ငွေ့တိမ်တိုက်ကြီးတစ်ခုသည် မြေကြီးထဲသို့ တည့်မတ်စွာ စိုက်ဝင်သွား၏။
ဓာတ်ငွေ့တိမ်တိုက်၏ အဆုံးတွင် မိုင်အတော်အတန်အထိ ရှည်လျားသော မီးခိုးနှင့် ဖုန်မှုန့်လှိုင်းလုံးကြီးများသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မီးခိုးနှင့် ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားပြီးနောက် မြေကြီးပေါ်တွင် ဧရာမ ကွဲအက်ကြောင်းကြီးတစ်ခု အထင်းသား ပေါ်လာကာ နဂါးဘုရင်နှင့် မျောက်ဝံဘုရင်တို့သည် အသက်ရှင်သ
လား သေသွားလားပင် မသိရဘဲ ထိုအက်ကွဲကြောင်း၏ အဆုံးတွင် သွေးသံရဲရဲဖြင့် လဲလျောင်းနေ၏။
"နောက်တစ်ယောက်က ခင်ဗျားအလှည့်ပဲ"
ပိုင်ချူးရန်သည် မျက်စိတစ်မှိတ်အတွင်း လေဟာနယ်ရွှေ့ပြောင်းမှု လုပ်လိုက်သည့်အလား အမြန်နှုန်းဖြင့် ဝန်ကြီးချုပ် ယွင်ခွန်း၏ အနောက်ဘက်တွင် နောက်တစ်ကြိမ် ထပ်မံပေါ်လာခဲ့သည်။ ယွင်ခွန်းသည် ကာကွယ်မှု အနေအထားတွင် အသင့်ရှိနေခဲ့သည်။ သူ့နောက်ကျောဘက်မှ လာနေသော သေမင်းအငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ဝန်ကြီးချုပ် ယွင်ခွန်းသည် ဦးစွာ စတင်လှုပ်ရှား၏။ တိမ်တိုက်တစ်ခုပမာ အဆုံးမရှိ ဆန့်တန်းနေသော နတ်ဆိုးစွမ်းအားများသည် သူ၏ လက်သီးများပေါ်တွင် စုစည်းလာပြီး ပိုင်ချူးရန်ဆီသို့ ဆက်တိုက် ထိုးချနေသည်။