← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃) အဆင့်မြင့်ပုဂ္ဂိုလ်၏ လူသစ်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခန်း။ [၁]

ပိုင်ချူးရန်သည် ကာကွယ်ရန် လက်ကိုမြှောက်လိုက်ရာ ဝန်ကြီးချုပ် ယွင်ခွန်း၏ လက်သီးချက်များကြားတွင် နတ်ဆိုးစွမ်းအင်သည် မြစ်တစ်စင်းကဲ့သို့ ဒလဟော စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။

သို့သော်လည်း တိမ်တိုက်နှင့် မြူခိုးများကဲ့သို့လည်း ဖြစ်နေပြီး သူနှင့် အလွန်ရင်းနှီးနေသည့် ဝေဝါးဝါး ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုလည်း ထိုစွမ်းအင်များထဲတွင် ပါဝင်နေ၏။

ဤသိုင်းကွက်၏ ပုံသဏ္ဌာန်မှာ စုရှန်ရွှယ်၏ ဝိညာဉ်ဖမ်းစား အရိုးမဲ့လက်ဝါးနှင့် ထျန်းရှန်းဗုဒ္ဓဘာသာ၏ မိုးကြိုးလက်သီးတို့ ပေါင်းစပ်ထားသည်နှင့် အလွန်တူညီနေပေသည်။

"ဟင်။ ခင်ဗျားရဲ့ သိုင်းကွက်တွေက ဘာတွေလဲ။ ဘယ်ကနေ သင်လာတာလဲ။"

ပိုင်ချူးရန်သည် စပ်စုချင်စိတ်ဖြင့် မေးကာ ထိုအရာကို ရှင်းထုတ်ရန် လက်ကို ဆန့်တန်း၏။ ဝန်ကြီးချုပ် ယွင်ခွန်းသည် မည်သို့မျှ ပြန်မဖြေဘဲ ခေါင်းငုံ့ကာ တိုက်ခိုက်ဆဲဖြစ်သည်။

"ပြန်မဖြေချင်လည်း နေပေါ့။"

ပိုင်ချူးရန်သည် လက်ကိုမြှောက်ကာ ခပ်ပြင်းပြင်း တွန်းထုတ်လိုက်ရာ ဝန်ကြီးချုပ် ယွင်ခွန်း အပြစ်အနာအဆာကင်းမဲ့နေသော လက်သီးကွက်မှာ ရုတ်တရက် ပြိုကျပျက်စီးသွားတော့၏။

"ခင်ဗျားက မြွေနက်ဘုရင်ဘက်က နတ်ဆိုးဘုရင်တွေထက်တော့ နည်းနည်း ပိုသာသေးတာပဲ။"

ပိုင်ချူးရန်သည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်မိသည်။

"ဒါပေမဲ့ အလကားပါ။ သေသေချာချာ ကြည့်ထား. မိုးကြိုးလက်သီးဆိုတာ ဒီလိုမျိုး သုံးရတာ။"

ကြည်လင်နေသော ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းတစ်ခု ရုတ်ခြည်း ကျရောက်လာပြီး ပိုင်ချူးရန်သည် ဝန်ကြီးချုပ် ယွင်ခွန်း၏ ရင်ဘတ်ကို ဗုံတစ်လုံးကဲ့သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချသည်။ ပြိုင်ဘက်ကင်းသော စစ်မှန်သည့် မူလချီစွမ်းအင်များ တုန်ခါသွားကာ လက်သီးချက်အဖြစ် ပြောင်းလဲသွားပြီး ရဟန္တာတစ်ပါး ဗုံတီးနေသည့်အလား တောင်နှင့်မြစ်များကို ဆွဲကိုင်လှုပ်ခါ

လေ၏။

နောက်ကျောဘက်ရှိ တောင်တန်းကြီးသည် တစ်စစီ ပေါက်ကွဲသွားပြီး ဝန်ကြီးချုပ် ယွင်ခွန်းမှာ ဇောက်ထိုး လွင့်စင်ထွက်သွားကာ တောင်ထိပ်လေးငါးခုကို ဆက်တိုက် ဝင်တိုက်မိပြီးနောက် အဆုံးတွင် ချောက်ကမ်းပါးတစ်ခုတွင် ကပ်သွားကာ သတိလစ်သွားတော့သည်။

ဤသည်ကို မြင်သောအခါ၊ နဂါးဘုရင်၊ ဝန်ကြီးချုပ် ယွင်ခွန်းတို့နှင့် အချိန်ကြာမြင့်စွာ ရစ်ပတ်တိုက်ခိုက်နေခဲ့သော လင်းယုန်ဘုရင်နှင့် သစ်ပင်နတ်ဆိုးတို့သည် တိတ်တဆိတ် လန့်ဖျပ်သွား၏။ လင်းယုန်ဘုရင်သည် အတောင်ပံများကို ခတ်ကာ မျက်နှာချိုသွေးရန် ပြင်လျက် ပိုင်ချူးရန်ထံသို့ ပျံ့လာ၏။ သို့သော် ပိုင်ချူးရန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးနှင့်ပြီးဖြစ်သည်။ သူ၏ ကိုယ်နေဟန်ထားသည် ထပ်မံပျောက်ကွယ်သွားပြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားပျံဘုရင်နှင့် မြေခွေးဖြူဘုရင်တို့ အနီးတွင် ပြန်ပေါ်လာခဲ့သည်။

သူသည် ကျားပျံဘုရင်နှင့် တိုက်ခိုက်နေသော မိကျောင်းဖြူဘုရင်ကို အသာအယာ တွန်းဖယ်ပြီးနောက် ကျားပျံဘုရင်အား ပြင်းထန်သောခွန်အားဖြင့် အလွယ်တကူ လွှမ်းမိုးဖမ်းဆုပ်လိုက်ကာ ဇောက်ထိုးမတင်လိုက်ပြီး မြေကြီးထဲသို့ သေမင်းတမန်စိုက်ချခြင်းဖြင့် ခေါင်းစိုက်မြေစိုက် ပြင်းထန်စွာ ရိုက်ချ၏။

"ဝုန်းခနဲ" မြည်ဟည်းသံနှင့်အတူ မိုင်အတော်အတန် အချင်းဝက်အတွင်းရှိ မြေပြင်သည် အပိုင်းပိုင်းကွဲထွက်သွားပြန်သည်။ ကျားပျံဘုရင်သည် ကွဲအက်မှု၏ ဗဟိုချက်တွင် ရှိနေ၏။ သူ၏ တစ်ကိုယ်လုံးမှာ ဇောက်ထိုးဖြစ်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မြေကြီးထဲတွင် နစ်မြုပ်သွားခဲ့ပြီး အသက်ရှူရုံမျှသာ ကျန်ရှိတော့သည်။

"သူ့ကို ဖမ်းထား။"

ပိုင်ချူးရန်သည် မိကျောင်းဖြူဘုရင်၏ နှာခေါင်းကို လက်ညှိုးထိုးပြကာ မြွေနက်ဘုရင်ဆီမှ ထွက်လာစဖြစ်သော မြေခွေးဖြူဘုရင်ဆီသို့ လက်နောက်ပစ်လျက် ဖြည်းညှင်းစွာ လျှောက်သွား၏။

"ဓားဘိုးဘေး။"

မြေခွေးဖြူဘုရင်သည် နှာခေါင်းကို ပွတ်သပ်ကာ ခါးသီးစွာ ပြုံးလိုက်သည်။ "ကျုပ် ဒီနေရာမှာ အညံ့ခံလို့ရမလား။"

"မရဘူး။"

ပိုင်ချူးရန်သည် ပြုံးလျက် သူ၏ လက်ချောင်းများကို တစ်ချောင်းချင်း ချိုးတော့၏။ "အားလုံးက နတ်ဆိုးဘုရင်တွေချည်းပဲကို။ တခြားလူတွေအကုန်လုံး အထိုးခံရပြီး ခင်ဗျားကျမှ အထိုးမခံရရင် တရားမမျှတဘူးလေ။"

မြေခွေးဖြူဘုရင်သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး လက်ကိုမြှောက်ကာ ပြောသည်။ "ပိုင်လင်လည်း မြေခွေးဖြူနိုင်ငံကို ဘေးကင်းကင်း ပြန်ရောက်သွားပါပြီ။ ဓားဘိုးဘေးရဲ့ ကယ်တင်ပေးမှုအတွက် ကျုပ် အရမ်းကို ကျေးဇူးတင်ပါတယ်။"

"မင်းရဲ့ အဆက်အသွယ် လာဆွဲထုတ်နေလည်း အလကားပဲ။"

ပိုင်ချူးရန်သည် မြေခွေးဖြူဘုရင်၏ အရှေ့သို့ လျစ်လျူရှုသောဟန်ဖြင့် ရောက်ရှိလာ၏။ "ပြီးတော့ ခင်ဗျားသမီးရဲ့ ရုပ်ကိုတောင် ကျုပ် မေ့လုနီးပါး ဖြစ်နေပြီ။"

သူသည် မြေခွေးဖြူဘုရင်၏ အင်္ကျီကို ဆွဲကိုင်ကာ လက်သီးကို မြှောက်လိုက်သည်။ ထိုအချိန်တွင် မြေခွေးဖြူဘုရင်သည် အညံ့ခံသည့် အမူအရာကို ပြသထားပြီးဖြစ်ကာ သူ၏လက်များကို မျက်နှာရှေ့တွင် ကာကွယ်ထားပြီး နတ်ဆိုးစွမ်းအင်ကို ထုတ်ဖော်လျက် မျက်စိကို မှိတ်ထားတော့၏။

"တော်လောက်ပြီ။"

ဤအခိုက်အတန့်တွင် တည်ငြိမ်ပြီး သြဇာပါသော အသံတစ်ခုသည် စစ်မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ လေချွန်သံအလား အသံတစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုသည် ပိုင်ချူးရန်နှင့် အခြားသူများ၏ အပေါ်သို့ ရုတ်တရက် ဖုံးလွှမ်းသွား၏။ သူ အထက်သို့ မော်ကြည့်လိုက်ရာ ဧရာမ တောင်ကြီးတစ်တောင်မှာ သူ့ခေါင်းပေါ်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။

ထိုတောင်ကြီးသည် ခေတ္တမျှ တုန်ခါသွားပြီး မီးခိုးငွေ့များနှင့် ကျယ်လောင်သော အသံကြီးများကြားတွင် ပိုင်ချူးရန်၊ မြေခွေးဖြူဘုရင်နှင့် မြွေနက်ဘုရင်တို့ သုံးဦးစလုံးမှာ ဤတောင်ကြီး၏ ဖိချေခြင်းကို ခံရ၏။ သို့သော် တောင်ကြီးမှာ ထပ်မံ၍ တစ်စစီ ရိုက်ချိုးခံလိုက်ရပြန်သည်။ ပိုင်ချူးရန်သည် မြွေနက်ဘုရင်ကို ဆွဲမတင်လိုက်ပြီး၊ မြေနီရောင် မီးခိုးတိမ်တိုက်များကို သယ်ဆောင်လျက် မီးခိုးငွေ့များကြားမှ အမြင့်သို့ ခုန်တက်လာသည်။

"လူသားမျိုးနွယ်ရဲ့ ဓားဘိုးဘေး။ ငါ့ရဲ့ တိုက်ကွက်ကို ခံစမ်း"

ထိုစကားသံ မဆုံးမီမှာပင် ကောင်းကင်ယံ၌ ဧရာမ မှင်ဆေးပန်းချီကားလိပ်ကြီး တစ်ချပ် ရုတ်တရက် ထွက်ပေါ်လာ၏။ ဤပန်းချီကားလိပ်ကြီးမှာ အလွန်ကြီးမားလှပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ ပိုင်ချူးရန်ဆီသို့ လိပ်တက်လာသည်။

ပိုင်ချူးရန်မှာ လေထဲတွင် ရှိနေပြီး ရပ်ရန်နေရာ မရှိသည့်အပြင် ပျံသန်းနိုင်ခြင်းလည်း မရှိသောကြောင့် မြွေနက်ဘုရင်ကို လက်မြှောက်ကာ အပြင်သို့ အလျင်အမြန် ပစ်ပေါက်လိုက်ရ၏။ သူကိုယ်တိုင်ကမူ ပန်းချီကားလိပ်ကြီးထဲတွင် ရစ်ပတ်ခံလိုက်ရပြီး အလယ်၌ ထုပ်ပိုးခြင်း ခံရတော့သည်။

အခန်း (၂၄၄) မှင်ရည်ဖျန်း အင်မော်တယ်ပန်းချီကား

ပိုင်ချူးရန်သည် လေဟာပြင်ထက်၌ ရပ်တန့်နေစဉ် ဧရာမပန်းချီကားလိပ်ကြီးက သူ့ကို အထပ်ထပ် ရစ်ပတ်လာ၏။ ထိုပန်းချီကားလိပ်ကြီးသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် တင်းကျပ်စွာ ရစ်နွယ်လာပြီးနောက် အထဲမှ ထိတ်လန့်ဖွယ် လူသဏ္ဍာန်တစ်ခု ထွက်ပေါ်လာကာ သူ့အား ပန်းချီကားထဲသို့ အရှင်လတ်လတ် မျိုချရန် ကြိုးစားနေတော့သည်။

လေထဲမှ လွင့်စင်ကျလာသော နတ်ဆိုးမြွေဟောက်သည် မန္တန်များကို ရွတ်ဖတ်ကာ တပ်မတော်ကြားမှ ထွက်ပေါ်လာသည့် ဝက်ဝံဖြူကို လှမ်းမြင်လိုက်ရ၏။ ဝက်ဝံဖြူ မျက်နှာထက်တွင် သွေးအေးရက်စက်မှုတို့ လွှမ်းခြုံနေပြီး သူ၏ကျောဘက်၌မူ ထိပ်တန်းနတ်ဆိုးအမြောက်အမြားက အစီအရင်တစ်ခုကို ဖွဲ့စည်းလျက် သူ့ထံသို့ နတ်ဆိုးစွမ်းအင်များ အဆက်မပြတ် ထောက်ပံ့ပေးနေကြသည်။

ဘေးဘီဝဲယာသို့ အကဲခတ်လိုက်သောအခါ သူတို့ဘက်မှ နတ်ဆိုးဘုရင်များမှလွဲ၍ ကျန်နတ်ဆိုးဘုရင်အဆင့်ရှိသူအားလုံးမှာ ပိုင်ချူးရန်၏ လက်ချက်ကြောင့် သွေးသံရဲရဲဖြင့် သေလုမျောပါး ဖြစ်နေကြပြီကို သတိပြုမိ၏။ လက်ရှိအခြေအနေအရ သူတို့ဘက်၌ အထိအခိုက်မရှိသော နတ်ဆိုးဘုရင် လေးပါးသာ ကျန်ရှိတော့ပြီး တစ်ဖက်ရန်သူများထဲတွင် ဝက်ဝံဖြူနှင့် မြေခွေးဖြူတို့ နှစ်ပါးသာ ကျန်တော့သည်။

'ဒါ အခွင့်အရေးပဲ'

နတ်ဆိုးမြွေဟောက်သည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ လက်တစ်ဖက်ကို မြှောက်တင်၏။ သူ၏ကိုယ်တွင်းမှ အဆိပ်ပြင်း နတ်ဆိုးစွမ်းအင်များ ဆူပွက်လာပြီးနောက် ကောင်းကင်ယံရှိ အဆိပ်တိမ်တိုက်ကြီးအဖြစ် အသွင်ပြောင်းကာ သူ၏လက်ဝါးပြင်ထက်သို့ စုပြုံဝင်ရောက်လာသည်။

"ဟက်။ အလစ်ငိုက်ရမယ်လို့ တွေးတောင် မတွေးနဲ့"

ထိုစဉ် အောက်ဘက်ရှိ ပြိုကျနေသော တောင်ကုန်းထက်မှ စူးရှသော အလင်းတန်း ငါးခု၊ ခြောက်ခုခန့်မှာ ပြင်းထန်စွာ ပစ်လွှတ်လာပြီး နတ်ဆိုးမြွေဟောက် စုစည်းထားသမျှသော အဆိပ်တိမ်တိုက်များကို အစအနမကျန် ဖျက်ဆီးပစ်၏။ ထို့နောက် ဖုန်တလိပ်လိပ်ကြားမှ မြေခွေးဖြူသည် ပြေးထွက်လာကာ ခေါက်ယပ်တောင်ကို ဖြန့်ချလျက် နတ်ဆိုးမြွေဟောက်ကို ပိတ်ဆို့တားဆီးသည်။

တစ်ချိန်တည်းမှာပင် ဝက်ဝံဖြူ၏ နတ်ဆိုးစွမ်းအင်များက အထွတ်အထိပ်သို့ ရောက်ရှိလာပြီး ကောင်းကင်ယံရှိ ဧရာမပန်းချီကားကြီးသည် ပိုင်ချူးရန်အား အပြီးတိုင် စုပ်ယူဝါးမျိုမည့် အရိပ်အယောင်များ ပြသလာတော့သည်။ ထိုခဏ၌ပင် ဧရာမပန်းချီကားကြီးသည် အဆမတန် ဖောင်းပွလာပြီးနောက် ပန်းချီကားလိပ်၏ ဟာလာဟင်းလင်းပြင်များကြားမှ မရေမတွက်နိုင်သော တောက်ပသည့် ဓားစွမ်းအင်များ ရုတ်တရက် ပစ်ထွက်လာ၏။

ကောင်းကင်တစ်ခွင်လုံး ဓားရိပ်များ ဖုံးလွှမ်းသွားပြီးနောက် ဝက်ဝံဖြူ၏ ခန္ဓာကိုယ်ကို ဆန်ခါပေါက်များ ဖြစ်သွားစေရန် ရက်ရက်စက်စက် ထိုးဖောက်သွားတော့သည်။

ဝက်ဝံဖြူ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ပန်းထွက်လာသော်လည်း ပန်းချီကားကို အတင်းအဓမ္မ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ကျောဘက်ရှိ ထိပ်တန်း နတ်ဆိုးရာပေါင်းများစွာ၏ စွမ်းအင်ပံ့ပိုးမှုဖြင့် ပန်းချီကားလိပ်ကြီးကို ရုတ်ခြည်း ပိတ်ချလိုက်ရာ ပိုင်ချူးရန်ကို ပန်းချီကားထဲသို့ အောင်မြင်စွာ ဖမ်းဆီးထည့်သွင်းနိုင်သွား၏။

"တောက်။ ဒုက္ခပါပဲ။"

နတ်ဆိုးမြွေဟောက်သည် အံ့အားသင့်သွားပြီးနောက် ခေါင်းကိုဆတ်ခနဲ လှည့်ကာ သူ၏ မဟာမိတ်နတ်ဆိုးဘုရင်များကို အော်ဟစ်အမိန့်ပေးသည်။

"ဟိုဝက်ဝံကို မြန်မြန်တားကြစမ်း"

ထိုအသံနှင့်အတူ မိကျောင်းဖြူ၊ လင်းယုန်နှင့် နတ်ဆိုးခွေးမတို့သည် ဒဏ်ရာပြင်းထန်နေသော ဝက်ဝံဖြူထံသို့ အပြင်းအထန် ပြေးဝင်တိုက်ခိုက်၏။ သို့သော် အချိန်နှောင်းသွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုအားလုံးမှာ လေထဲတွင်ပင် ချေဖျက်ခံလိုက်ရသည်။

ဤဧရာမပန်းချီကားကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းလှ၏။ လူသားဓားဘိုးဘေးကို ဖမ်းဆီးထားနိုင်ရုံမျှမက ဝက်ဝံဖြူ၏ ထိန်းချုပ်မှုအောက်၌ နတ်ဆိုးဘုရင်လေးပါးရှိရာအရပ်ဆီသို့ပါ ရုတ်ခြည်း လိမ့်ဆင်းလာသည်။ အနောက်ဘက် နတ်ဆိုးနယ်မြေမှ ထိုမဟာနတ်ဆိုးဘုရင်လေးပါးမှာ ခုခံနိုင်စွမ်း အလျဉ်းမရှိတော့ဘဲ ပန်းချီကားလိပ်ကြီးထဲသို့ တစ်ပါတည်း စုပ်ယူဝါးမျိုခြင်း ခံလိုက်ရတော့၏။

ဝက်ဝံဖြူက လက်ကိုဆန့်ထုတ်လိုက်သည်နှင့် ဧရာမပန်းချီကားကြီးသည် လျင်မြန်စွာ ကျုံ့ဝင်ပိတ်ဆို့သွားပြီး သာမန် ပန်းချီကားဟောင်းတစ်ချပ်အသွင်ဖြင့် သူ၏လက်ထဲသို့ သက်ဆင်းလာသည်။ ထို့နောက် မြေခွေးဖြူဘက်သို့ လှည့်ကာ အော်ပြောလိုက်၏။ "သွားကြမယ်။"

မြေခွေးဖြူက ခေါက်ယပ်တောင်ကို ဖြန့်ချလိုက်သည်နှင့် စူးရှသောအလင်းရောင်များ ဖြာထွက်လာပြီး အနီးနားရှိ စစ်တလင်းပြင်၌ သေလုမျောပါး ဒဏ်ရာရနေသော ကျားပျံ၊ မျောက်ဝံ၊ နဂါးနှင့် ဝန်ကြီးချုပ်ယွင်ခွန်းတို့ လေးဦးစလုံးကို ယပ်တောင်ထဲသို့ တစ်ပါတည်း ခေါ်သည်။ ထို့နောက် သူသည် ဝက်ဝံဖြူနောက်သို့ လိုက်ပါထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကျောဘက်ဆီမှ သတ်ဖြတ်လိုစိတ် လွှမ်းမိုးနေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။

"ဘယ်သွားကြမလို့လဲ။"

စောင်းကြိုးခတ်သံသည် မိုးခြိမ်းသံပမာ တဒိန်းဒိန်း ထွက်ပေါ်လာပြီးနောက် ဒေါသတကြီး ချီတက်လာသော စစ်တပ်ကြီးတစ်ခုနှယ် သတ်ဖြတ်ခြင်းအငွေ့အသက်များ ရောယှက်ကာ မြေခွေးဖြူ၏ စိတ်နှလုံးကာကွယ်မှုအစီအရင်ကိုပင် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ထိုခဏ၌ပင် မိုးဖွဲများနှယ် သိပ်သည်းလှသော ဓားစွမ်းအင်များက ကောင်းကင်ယံကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာ၏။

ထိုအရာကား စုရှန်ရွှယ်တီးခတ်လိုက်သော လေ၊ မိုးနှင့် မိုးကြိုး ဂီတတေးသွားပင် ဖြစ်ပေသည်။ မြေခွေးဖြူသည် ခါးသီးစွာ ပြုံးလိုက်မိ၏။ သူ၏ကျောဘက်ရှိ အမြီးကိုးချောင်းသည် ဒေါင်းတစ်ကောင် အမြီးဖြန့်သည့်နှယ် ဝေဆာစွာ ဆန့်တန်းလာပြီး လက်ထဲရှိ ယပ်တောင်ကို အဖွင့်အပိတ်လုပ်ကာ အစွမ်းကုန် ညှစ်ထုတ်လျက် ကောင်းကင်ယံဆီသို့ အလင်းတန်းကြီးတစ်ခု ပစ်လွှတ်သည်။

All Chapters