အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း (၂၄၅) မှင်ရည်ဖျန်း အင်မော်တယ်ပန်းချီကား[၁]
ဓားစွမ်းအင်နှင့် အလင်းတန်းတို့ ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်မိကြသောအခါ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြောက်မက်ဖွယ် တွန်းကန်အားကြောင့် ချက်ချင်းပင် ပျက်စီးသွားတော့၏။
ထိုပေါက်ကွဲမှု၏ နောက်ဆက်တွဲလှိုင်းလုံးများကြားအား မြေခွေးဖြူသည် နောက်ဆုတ်ရှောင်တိမ်းလိုက်ပြီး နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို ခပ်ကြမ်းကြမ်း သုတ်ဖယ်သည်။ ထို့နောက် အလင်းတန်းဖြူတစ်ခုအသွင် ပြောင်းကာ အနောက်သို့ လှည့်မကြည့်တော့ဘဲ အဝေးသို့ အလျင်အမြန် ပျံသန်းထွက်ပြေး၏။
သူ၏အနောက်တွင်မူ ဖြူလွှလွှ အရိပ်တစ်ခုက ဇွဲမလျှော့ဘဲ ထပ်ကြပ်မကွာ အပြင်းအထန် လိုက်နေသည်။
——————
"အားပါးပါး..."
ဧရာမပန်းချီကားကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးနောက် ပိုင်ချူးရန် မျက်စိဖွင့်ကြည့်လိုက်သောအခါ စိမ်းလန်းသော တောင်တန်းများ၊ တသွင်သွင် စီးဆင်းနေသော စမ်းရေများ၊ ကြည်လင်တောက်ပနေသော ကောင်းကင်ယံနှင့်အတူ အခြားသော ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ တောင်တန်းများကြားတွင် ခိုအောင်းနေပုံရသော ရွာငယ်လေးတစ်ရွာမှာ အလွန်ပင် သာယာလှသည်။
သူသည် ပတ်ဝန်းကျင်ရှိ ရှုခင်းများကို စိတ်ဝင်တစား ငေးမောကြည့်လိုက်ပြီးနောက် ခါးတွင်ချိတ်ဆွဲထားသော ကျီရှန်းကို ဆွဲယူကာ မေးလ၏။ "ကျီရှန်း။ ဒါက ဘယ်လိုရတနာမျိုးလဲဆိုတာ မင်းသိလား။"
"ဟင်။"
ကျီရှန်းသည် အိပ်ချင်ယောင်ဆောင်နေပုံရ၏။ သူသည် ခန္ဓာကိုယ်နှင့် ဝိညာဉ် ဆုံးရှုံးခဲ့ရသူဖြစ်ရာ အိပ်စက်ခြင်းကဲ့သို့သော အလေ့အထများ မလိုအပ်တော့ပေ။ သို့ရာတွင် အလွန်အမင်း ပျင်းရိလာသောအခါ အချိန်ဖြုန်းရန်နှင့် ကိုယ့်ကိုယ်ကို အပန်းဖြေနိုင်ရန်အတွက် တွေးတောမှုများကို စွန့်လွှတ်ခြင်းဟူသော နည်းလမ်းကို အသုံးပြုကာ အိပ်စက်ခြင်းနှင့် ဆင်တူသော အခြေအနေတစ်ရပ်သို့ ဝင်ရောက်လေ့ရှိ၏။
ပိုင်ချူးရန်၏ ခေါ်သံကို ကြားသောအခါမှ ကျီရှန်းသည် လန့်နိုးလာကာ မျက်လုံးအိမ်ဟောင်းလောင်းအတွင်းမှ အစိမ်းရောင် ဝိညာဉ်မီးတောက်များ တောက်ပလာသည်။ ထို့နောက် ဤရတနာ၏ မူလဇာစ်မြစ်ကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာ၏။
"ဒီမှော်လက်နက်ကို မှင်ရည်ဖျန်း အင်မော်တယ်ပန်းချီကားလို့ ခေါ်တယ်" ကျိရှန်းက ပြန်ဖြေလေသည်။
"ဉာဏ်အလင်းပွင့်ခေတ်က အင်မော်တယ်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ်လား။ ထူးဆန်းလိုက်တာ။ ဉာဏ်အလင်းပွင့်ခေတ်ဆိုတာ ဘယ်တုန်းကလဲ။ အရှေ့ဘက် ကောင်းကင်ပြာ အင်မော်တယ် အင်ပါယာခေတ်ထက် ပိုရှေးကျတဲ့ခေတ်များလား။ အင်မော်တယ်တွေရဲ့ အမွေအနှစ်တွေက နတ်ဆိုးကမ္ဘာကို ဘယ်လိုများ ရောက်လာပြီး နတ်ဆိုးမျိုးနွယ်တွေရဲ့ လက်ထဲကို ဘယ်လိုလုပ် ရောက်သွားရတာလဲ။"
"မေးခွန်းတစ်ခု ဖြေရှင်းလိုက်တာနဲ့ နောက်ထပ် မေးခွန်းသုံးခု ထပ်ပေါ်လာတာပဲကွာ။"
ပိုင်ချူးရန်သည် မျက်စိမှိတ်ကာ အပြင်ဘက်အခြေအနေကို ခံစားကြည့်လိုက်ပြီးနောက် ပြော၏။ "ကောင်းပြီလေ။ မြောက်ပိုင်းနတ်ဆိုးနယ်မြေနဲ့ ဧကရာဇ်မြို့တော်တပ်တွေ ဆုတ်ခွာသွားကြပြီ။ နတ်ဆိုးမြွေဟောက်မင်းနဲ့ သူတို့လေးယောက်လည်း ပါသွားတယ်။ ရှန်ရွှယ်ကလည်း လိုက်ဖမ်းနေတယ်ဆိုတော့... အားလုံးက ငါ့အစီအစဉ်အတိုင်း အကွက်ကျကျ ဖြစ်နေတာပဲ။"
ကျီရှန်းက သိချင်စိတ်ကို မမျိုသိပ်နိုင်ဘဲ မေးလာ၏။ "ကျန်နေတဲ့ မြေပုံနှစ်ခုကို မင်း ဒီတိုင်းပဲ အလွယ်တကူ ရယူနိုင်မှာ သေချာလို့လား။"
"အနည်းဆုံးတော့ တစ်ခုကို သေချာပေါက် ရမှာ။"
ပိုင်ချူးရန်သည် သိုလှောင်အိတ်ထဲမှ ဟောင်းနွမ်းနေသော မြေပုံအပိုင်းအစကို ဆွဲထုတ်၏။ ထိုမြေပုံပေါ်တွင် သူ ကြိုတင်မှတ်သားထားပြီးသား ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက နတ်ဆိုးမျိုးနွယ်စုရဲ့ ကနဦးဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်လေ။ မြောက်ပိုင်းနတ်ဆိုးနယ်မြေက နတ်ဆိုးဘုရင်တွေက ဒါကို လျစ်လျူရှုချင် ရှုနိုင်လိမ့်မယ် ဒါပေမဲ့ ဝန်ကြီးချုပ်ယွင်ခွန်းကတော့ ငါ့ဆီကနေ ပြန်ယူဖို့ ဘယ်လိုနည်းနဲ့မဆိုကြိုးစားမှာ သေချာတယ်။ ပြီးတော့ ဒီပန်းချီကားက လူတွေကို တခြားကမ္ဘာထဲ ပိတ်လှောင်ထားရုံ သက်သက်တော့ မဟုတ်ဘူးမလား။"
"ဟုတ်တယ်။"
ကျီရှန်းက ပြန်ဖြေ၏။
"ဒီပန်းချီကားထဲကို ဝင်လာတဲ့သူတိုင်းကို တိုက်ခိုက်ဖို့အတွက် အမျိုးမျိုးသော အင်မော်တယ်အရိပ်ယောင်တွေ ဆက်တိုက် ထွက်ပေါ်လာလိမ့်မယ်။ အင်မော်နယ် အရိပ်ယောင်တိုင်းက မြေကမ္ဘာအင်မော်နယ်အဆင့် အစွမ်းသတ္တိတွေ ရှိကြတယ်။"
ပိုင်ချူးရန် မျက်တောင်တစ်ချက် ခတ်ပြီး ထပ်မေးသည်။ "အဆင့်က အဲ့လောက်တောင် မြင့်တာလား။ ဒါဆို ဒီပန်းချီကားရဲ့ မူလပိုင်ရှင်က သာမန်အင်မော်တယ်တော့ မဖြစ်နိုင်ဘူးပေါ့။"
"ဟုတ်တယ်၊ ကြီးမြတ်တဲ့ ကောင်းကင်ဉာဏ်ပညာက ငါ့ဆီ ပြန်ပို့ပေးလိုက်တဲ့ သတင်းအချက်အလက်တွေအရ ဒီပန်းချီကားရဲ့ မူလပိုင်ရှင်က ရှင်းဇွင်းတဲ့"
ကျီရှန်း၏ လေသံမှာ အနည်းငယ် ရှုပ်ထွေးလေးနက်နေသည်။
"ရှင်းဇွင်းဆိုတာက မြေကမ္ဘာအင်မော်တယ် ထက် အဆင့်ပိုမြင့်ပြီး နေရာမှာပဲ ရှိတဲ့အဆင့်ကို ပြောတာလား။"
"ဟုတ်တယ်"
ပိုင်ချူးရန်သည် ဖြည်းညင်းစွာ ခြေလှမ်းများကို လှမ်းနေသည်။
"ကြည့်နေ။ ငါက မှင်ရည်ဖျန်း အင်မော်တယ်ကို ငါ့ဆီ လာတိုက်ခိုက်အောင် မြှူဆွယ်လိုက်မယ်။ ပြီးရင် ငါက ရှုံးသွားသလို ဟန်ဆောင်ပြီး ဝိုင်းတိုက်ခံရတဲ့ပုံ ဖမ်းမယ်။ အဲ့ဒီနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သတိလစ်သွားသလို ဟန်ဆောင်မယ်။ ဘယ်လိုလဲ။ ဒါ တကယ့်ကို မိုက်တဲ့ ဇာတ်ညွှန်းတစ်ခုပဲ မဟုတ်လား။"
ကျီရှန်းက ပြန်ဖြေ၏။ "သိပ်မိုက်တာပေါ့။ ဒါပေမဲ့ မင်းက ဘယ်လောက်အထိ ဟန်ဆောင်ရမလဲဆိုတဲ့ အတိုင်းအတာကို ဘယ်လိုသိမှာလဲ။ မင်းက နတ်ဆိုးမျိုးနွယ်တွေရဲ့ မျက်စိထဲမှာ စွမ်းအားကြီးတဲ့ လူသားဓားဘိုးဘေးလေ။ မင်း အရမ်းကြီး ဟန်ဆောင်လွန်းရင် သူတို့ ယုံကြမှာ မဟုတ်ဘူးနော်။"
"လွယ်လွယ်လေးပါ"
ခဏမျှ တွေးတောပြီးနောက် ပိုင်ချူးရန်က ပြန်ဖြေသည်။ "ငါ့အစွမ်းရဲ့ အပုံနှစ်ဆယ်ပုံ တစ်ပုံ၊ ဒါမှမဟုတ် အပုံသုံးဆယ်ပုံ တစ်ပုံလောက်ကိုပဲ ထုတ်သုံးမယ်။အလိုအလျောက် ပြန်လည်ပြည့်ဖြိုးလာတဲ့ ချီစွမ်းအင်ကိုတော့ ထည့်မတွက်ဘဲနဲ့ပေါ့။ သုံးလို့ကုန်သွားပြီဆိုရင် ငါ သေချင်ယောင်ဆောင်လိုက်မယ်လေ။ ငါ တတ်နိုင်သလောက်တော့ အစွမ်းပြလို့ရသေးတာပဲ။"
ကျီရှန်းက အရှေ့သို့ လှမ်းကြည့်လေသည်။ "အဲ့ဒါဆိုလည်း အဆင်ပြေတာပဲလေ။ မင်း စမ်းကြည့်လို့ ရပါတယ်။"
"သူတို့ လာနေပြီ"
ပိုင်ချူးရန် ခေါင်းမော့ကြည့်လိုက်၏။ သူ၏အရှေ့ရှိ ပြေပြစ်သော တောင်စောင်းပေါ်တွင် မှင်စက်ကဲ့သို့သော ခြေရာတစ်ခု ရုတ်တရက် ပေါ်လာသည်။
ဤမှင်စက်သည် လေထဲတွင် ခန့်မှန်းရခက်အောင် လှုပ်ရှားနေပြီးနောက် အဆုံးတွင် ဝမ်းဗိုက်ပူပူရွှဲရွှဲနှင့် ရိုးအပုံပေါက်သော အင်မော်တယ်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးမှာ အလုံးတစ်ခုသဏ္ဍာန် တွန့်လိမ်နေသည်။
ထိုအင်မော်တယ်သည် ပိုင်ချူးရန်ဆီသို့ ဦးတည်လာ၏။ သူ၏ ခြေဖဝါးအောက်မှ မှေးမှိန်သော မှင်ရောင်များ လွင့်တက်လာပြီး တိမ်ခိုးတိမ်ငွေ့များအဖြစ် ထူးဆန်းစွာ ဖွဲ့စည်းလာသည်။
ချက်ချင်းဆိုသလိုပင် ထိုအင်မော်တယ်သည် အသံထွက်ရယ်မောလာကာ အရက်မူးနေသူတစ်ဦးအလား ယိမ်းထိုးလျက် လက်သီးတစ်လုံးကို ဆန့်ထုတ်ကာ ပိုင်ချူးရန်အား အရှိန်ပြင်းပြင်းဖြင့် ထိုးနှက်လေ၏။
အခန်း (၂၄၆) ဒီလူက အရမ်းတည်ငြိမ်လွန်းတယ်။
ယန်ရှန်းတောင်ကြားတိုက်ပွဲ ပြီးဆုံးသွားခဲ့သည်မှာ ငါးရက်တိုင်ခဲ့ပီး အချိန်ကား ညသန်းခေါင်ယံသို့ရောက်လာ၏။
ဧကရာဇ်စစ်တပ်နှင့် အနောက်ပိုင်း နတ်ဆိုးနယ်မြေတို့ အာဏာစက်ဆုံရာ နယ်စပ်မြို့လေးရှိ မြို့စားအိမ်တော် ခန်းမဆောင်ကြီးအတွင်း။ ဝက်ဝံဖြူနှင့် အခြားသော နတ်ဆိုးဘုရင်များ တိတ်ဆိတ်စွာ စုဝေးနေကညသည်။
စုရှန်ရွှယ်၏ မိုင်ထောင်ချီ ထပ်ကြပ်မကွာ လိုက်လံချေမှုန်းမှုများကြားမှ အသက်ရှင်လျက် ဆုတ်ခွာလာခဲ့ရပြီး ဤနေရာသို့ရောက်မှသာ သူတို့တစ်တွေ အသက်ရှူချောင်ကာ တပ်ပျက်များကို ပြန်လည်စုစည်းနိုင်ခဲ့ခြင်းပင်။
ဝန်ကြီးချုပ်ယွင်ခွန်းနှင့် အခြားနတ်ဆိုးဘုရင်များမှာ သတိပြန်လည်လာကြပြီ ဆိုသော်ငြား သူတို့၏မျက်နှာများကမူ သွေးဆုတ်ဖြူရော်နေဆဲဖြစ်သည်။ နန်းတက်စ နတ်ဆိုးဧကရာဇ်လေး အပါအဝင် အခန်းတွင်းရှိ လူတိုင်း မျက်နှာထက်တွင် အဆုံးမဲ့သော ပင်ပန်းနွမ်းနယ်မှုများက အထင်းသား ပေါ်လွင်နေ၏။
"မြေခွေးဖြူကော ဘယ်ရောက်နေလဲ။"
ယခုမှ သတိလည်လာသည့် ဝန်ကြီးချုပ်ယွင်ခွန်းက အားပျော့တုန်ယင်နေသော အသံဖြင့် မေးသည်။
"မင်းသမီး လိုက်မလာနိုင်အောင် သူ သွားတားပေးနေတယ်။"
တစ်ကိုယ်လုံး ပတ်တီးများ ရစ်ပတ်ထားရပြီး အလွန်အမင်း အားနည်းနေပုံပေါက်နေသော ဝက်ဝံဖြက မောဟိုက်စွာ ပြန်ဖြေ၏။
"ဒါဆို ငါတို့ အနိုင်ရသွားပြီပေါ့။"
မျောက်ဝံက သူ၏လက်မောင်းမှ ဒဏ်ရာကို မတော်တဆ ဖိမိသွား၍ နာကျင်စွာ
ညည်းတွားရင်း ဝင်ပြောလာသည်။ "အား... နိုင်တာပေါ့။ သေချာပေါက်ကို အနိုင်ရတာပေါ့။"
ဝက်ဝံဖြူ၏ မျက်နှာထက်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာ၏။ သူက လက်ထဲရှိ ရှေးဟောင်းပန်းချီကားလိပ်ကို မြှောက်ပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
"လူသားမျိုးနွယ်ရဲ့ ဓားဘိုးဘေး။ ငါတို့ နတ်ဆိုးကမ္ဘာတစ်ခုလုံးကို နှစ်ပေါင်း နှစ်ထောင်ကျော်ကြာ ခြိမ်းခြောက်လာခဲ့တဲ့ အဲ့ဒီမဟာရန်သူက အခုတော့ ဒီပန်းချီကားထဲမှာ လုံးလုံးလျားလျား ပိတ်မိသွားပြီလေ။"
"သူ့ကို နှိမ်နင်းဖို့ နောက်ဆုံးမှာ လူသားတွေ ချန်ရစ်ခဲ့တဲ့ မှော်လက်နက်ကိုပဲ အားကိုးလိုက်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။" နဂါးမင်းက ဝမ်းနည်းကြေကွဲမှုများ ရောယှက်နေသော လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လာ၏။
"ဒါနဲ့ ဟိုနတ်ဆိုးဘုရင် လေးပါးကော ဘယ်ရောက်သွားလဲ။"
"ထောင်ထဲမှာပဲ ပိတ်လှောင်ထားလိုက်ပြီ။"
ဝက်ဝံဖြူက လက်ထဲမှ မှင်ရည်ဖျန်း အင်မော်တယ်ပန်းချီကားကို လှုပ်ယမ်းပြရင်း ပြန်ဖြေသည်။
"ဒီပန်းချီကားထဲကို ဝင်သွားတဲ့သူက မှော်လက်နက်ရဲ့ မူလပိုင်ရှင် မဟုတ်ဘူးဆိုရင် ပန်းချီကားထဲမှာ ထွက်ပေါ်လာမယ့် မှင်ရည်ဖျန်း အင်မော်တယ်တွေရဲ့ အဆုံးအစမဲ့တဲ့ တိုက်ခိုက်မှုတွေကို ခံရလိမ့်မယ်။ အဲ့ဒီ အမှိုက်ကောင် လေးကောင်က အင်မော်တယ်တွေရဲ့ ပြိုင်ဘက်တွေမှ မဟုတ်တာ။"
"ဓားဘိုးဘေးကကော ဘယ်လိုလဲ။"
ပိုင်ချူးရန်၏ ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် သေလုမျောပါး ဖြစ်ခဲ့ရသော ကျားပျံက ကြောက်ရွံ့မှုများဖြင့် စိုးရိမ်တကြီး မေးလာသည်။ "သာမန်အင်မော်တယ်တွေက သူ့ကို ယှဉ်နိုင်ပါ့မလား။"
"ယှဉ်နိုင်တာပေါ့။"
ဝက်ဝံဖြူသည် ပန်းချီကားလိပ်ကို ဖြန့်ချလိုက်ပြီး ထိတ်လန့်ဖွယ် မြင်ကွင်းကို ငေးကြည့်ရင်း လေးနက်စွာ ပြော၏။ "ယန်ရှန်းတောင်ကြား တိုက်ပွဲကစလို့ အခုဆိုရင် ငါးရက်တောင် ရှိနေပြီ။ ပန်းချီကားထဲမှာ မှင်ရည်ဖျန်း အင်မော်တယ်တွေက ဓားဘိုးဘေးကို အဆက်မပြတ် ဝိုင်းရံတိုက်ခိုက်နေကြပြီး ဓားဘိုးဘေးကလည်း တောက်လျှောက် ပြန်လည်ခုခံနေရတယ်။ ဒီနေ့အထိ သူသတ်လိုက်လို့ ကျဆုံးသွားတဲ့ မှင်ရည်ဖျန်းအင်မော်နယ် အရေအတွက် ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ ငါတောင် ရေတွက်လို့ မရတော့ဘူး ဒါပေမဲ့ ကံကောင်းတာက အခုတော့ သူလည်း အားအင်ကုန်ခမ်းနေလောက်ပြီ ထင်တယ်။"
"လူသားမျိုးနွယ်ရဲ့ ဓားဘိုးဘေးဆိုတာ တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်တာလား။"
ထိုစကားများကို ကြားသောအခါ ဝက်ဝံဖြူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယန်ရှန်းတောင်ကြားတိုက်ပွဲကို ကိုယ်တိုင် မကြုံတွေ့ခဲ့ရသည့် နတ်ဆိုးဧကရာဇ်ငယ်လေး ချန်ဟွမ်ယွီက စိတ်ဝင်တစား မေးလာသည်။
"ဒီလောက် အစွမ်းထက်တဲ့သူကို ကိုယ်တိုင် တစ်ခေါက်လောက်တော့ တွေ့ဖူးချင်သားပဲ။"
"အရှင်မင်းသား ချန်ဟွမ်ယွီကတော့ ကျားကိုမကြောက်တဲ့ နွားပေါက်စလေးလိုပဲကိုး။"
ဝက်ဝံဖြူက ထေ့ငေါ့လှောင်ပြောင်၏။ "အကယ်၍များ အရှင်မင်းသားကိုသာ အဲ့ဒီစစ်တလင်းပြင်ကို လွှတ်လိုက်မယ်ဆိုရင် လူသားဓားဘိုးဘေးက အကြည့်တစ်ချက်နဲ့တင် မင်းသားကို အမှုန့်ကြိတ်ပစ်နိုင်တယ်လို့ ကျုပ် ရဲရဲကြီး အာမခံရဲတယ်။"
"မပြောနိုင်သေးပါဘူးလေ။"
ချန်ဟွမ်ယွီက ပတ်ဝန်းကျင်ရှိ နတ်ဆိုးဘုရင်များကို ဝေ့ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။ "ခင်ဗျားတို့ နတ်ဆိုးဘုရင်ကြီးတွေရဲ့ အခုပုံစံကို ကြည့်ရတာလည်း ဘယ်လိုပဲဖြစ်ဖြစ် စုတ်ပြတ်သတ်နေအောင် ရှုံးလာတာပဲလေ။ ဒီလောက်ကတော့ ကျုပ်လည်း လုပ်နိုင်ပါတယ်။"
"အရှင်မင်းသား ချန်ဟွမ်ယွီရဲ့ အဓိပ္ပာယ်က ကျုပ်တို့ အဘိုးကြီးတွေဆီမှာ ဘယ်လောက်တောင် အစွမ်းအစ ကျန်သေးလဲဆိုတာကို စမ်းသပ်ချင်နေတဲ့ သဘောလား။"
ကျားပျံက မျက်နှာကြောတင်းမာကာ ခက်ထန်စွာ တုံ့ပြန်၏။ "ကျုပ်တို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေကြပေမယ့် မင်းလိုကောင်က ကျုပ်တို့ရှေ့လာပြီး ရောင့်တက်နေတာကို ကြည့်ရတာ တကယ်ကို သွေးဆူချင်စရာပဲဆိုတာတော့ ဝန်ခံရလိမ့်မယ်။"
ချန်ဟွမ်ယွီက လှောင်ပြုံးပြုံးလိုက်ရာ သူ၏ ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များ တရိပ်ရိပ် မြင့်တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ခပ်ဖျော့ဖျော့ အစိမ်းရောင်မီးခိုးငွေ့သဏ္ဍာန် ရွှေရောင်နဂါး ချီစွမ်းအင်များ စတင်ထွက်ပေါ်လာသည်။
"ဟွန့်... ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားရင်တောင်မှ နတ်ဆိုးစစ်သူကြီးအဆင့်ကို ခုမှတက်လှမ်းထားတဲ့ မင်းလို ကလေးတစ်ယောက်ကို သတ်ဖို့ကတော့ လုံလောက်တာထက်ကို ပိုတယ်။"
ကျားပျံကလည်း မျက်နှာထားတင်းမာစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးစစ်သူကြီးအဆင့်သည် လူသားကျင့်ကြံသူတို့၏ ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ခန့်မှန်းခြေအရ ညီမျှသည်။ ချန်ဟွမ်ယွီသည် ဧကရာဇ်မျိုးနွယ်စု၏ သွေးကို ဆက်ခံထားသူဖြစ်ရာ မျိုးဗီဇအရ သာမန်ထက် များစွာသာလွန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ သို့သော် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ နတ်ဆိုးဘုရင်တစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်မူ မလုံလောက်သေးချေ။
"တော်ကြတော့။"
အခြေအနေ တင်းမာနေချိန်တွင် ဝန်ကြီးချုပ်ယွင်ခွန်းက အသံကျယ်ကျယ်ဖြင့် ဝင်ရောက်တားဆီး၏။ "အားလုံးပဲ ဒီလောက် အခြေအနေဆိုးတဲ့အထိ ထိခိုက်ထားကြပြီးပြီ။ အပြင်ဘက်မှာ အင်အားအပြည့်ရှိနေတဲ့ မင်းသမီးက တပ်မတော်ကြီးနဲ့ ငါတို့ကို စောင့်ကြည့်နေတယ်။ ငါတို့က ဒီလို ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်ကြီးမှာ အချင်းချင်း ပြန်ချပြီးတော့ မင်းသမီးကို အချောင်အမြတ်ထုတ်ခွင့် ပေးလိုက်ရတော့မှာလား။"
ထိုစကားကြောင့် ကျားပျံနှင့် ချန်ဟွမ်ယွီတို့ နှစ်ဦးစလုံး ခေတ္တမျှ ငြိမ်ကျသွားကြသည်။ ဝန်ကြီးချုပ်ယွင်ခွန်းက နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီးနောက် ဆက်ပြော၏။
"ငါတို့ နှစ်ဖက်စလုံး အသေအပျောက် အထိအခိုက် များခဲ့ကြတယ်။ မင်းသမီးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ဆိုရင် ငါတို့အားလုံး ညီညွတ်မှရမယ်။ နတ်ဆိုးမြွေဟောက် ဖမ်းဆီးခံလိုက်ရပြီဆိုတော့ အနောက်ပိုင်း နတ်ဆိုးနယ်မြေ တပ်မတော်က မင်းသမီးကိုပဲ အားကိုးနေကြတော့မှာ သေချာတယ်။ ဒါကြောင့် ဓားဘိုးဘေးရဲ့ အစွမ်းတွေ ကုန်ခမ်းသွားတဲ့အထိ ငါတို့ အသက်ရှင်နေမှရမယ်။ အဲ့ဒီအခါကျမှသာ မင်းသမီးနဲ့ အပေးအယူလုပ်ပြီး စည်းကမ်းချက်တွေ ဆွေးနွေးနိုင်လိမ့်မယ်။"
"ဝန်ကြီးချုပ်ယွင် ပြောတာ မှန်တယ်။"
ထိုစဉ် မြေခွေးဖြူက တံခါးပေါက်မှ လမ်းလျှောက်ဝင်လာရင်း ထောက်ခံလာသည်။ သူက လွတ်နေသော ခုံတစ်လုံးတွင် ဝင်ထိုင်ပြီး ဘေးရှိ ဝက်ဝံဖြူက မြေခွေးဖြူ မျက်နှာပေါ်မှ ပုံမှန်မဟုတ်သော ဖြူရော်ရော် အရောင်အဆင်းကို သတိပြုမိသွားပြီး မနေနိုင်ဘဲ မေးကြည့်၏။ "မြေခွေး။ မင်း ဒဏ်ရာရလာတာလား။"
"အင်း... နည်းနည်းပါ။ သိပ်တော့ အရေးမကြီးပါဘူး။"
မြေခွေးဖြူက ခါးသီးစွာ ပြုံးလျက် ဖြေသည်။ "မိန်းမတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက် ရူးသွပ်သွားတဲ့အခါ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ ဒီနေ့မှ ငါ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံဖူးတော့တယ်။"