← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇) ဒီလူက အရမ်းတည်ငြိမ်လွန်းတယ် [၁]

"မင်းသမီးကော ဘယ်မှာလဲ။"

ယွင်ခွန်းက ဝင်မေး၏။

"ငါ အစီအစဉ်တစ်ခု ဆွဲထားတယ်။ အခု သူမတပ်ဆီ ပြန်သွားအောင် လုပ်လိုက်ပြီ။"

မြေခွေးဖြူမင်းက ပြန်ဖြေ၏။ "မင်းသမီးက အစွမ်းထက်ပါတယ်။ ဒါပေမဲ့ တပ်မတော်ကို ဦးဆောင်ကွပ်ကဲတဲ့ နေရာမှာတော့ တစ်ခုခု လိုအပ်နေသေးပုံရတယ်။"

"ဘယ်လိုပဲဖြစ်ဖြစ် မင်းသမီးက ဒီကိစ္စတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူမရဲ့ စိတ်တစ်ခုလုံးက လူသားဓားဘိုးဘေးဆီမှာပဲ ပုံအပ်ထားတာဆိုတော့ ဒါမျိုးက နားလည်ပေးလို့ ရပါတယ်။"

နဂါးမင်းက ခနဲ့တဲ့တဲ့ ပြုံးကာ ပြောသည်။ "စစ်ရေးကိစ္စတွေက နတ်ဆိုးဘုရင်နဲ့ ဝန်ကြီးချုပ်အပေါ်မှာပဲ မူတည်တာပါ။ အခု ငါတို့က သူရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ သူ့လက်အောက်က တပ်အင်အား လျော့ကျသွားအောင် အစွမ်းကုန် ကြိုးစားလို့ရတယ်။ ဝန်ကြီးချုပ်ယွင်ရော ဘယ်လိုထင်လဲ။"

"အင်း။ ဒီလိုပဲ လုပ်ရမှာပေါ့။"

ဝန်ကြီးချုပ်ယွင်ခွန်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေး၏။ "ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးတာပေါ့။ ဒါနဲ့. ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ် ဂူဗိမာန်ရဲ့ မြေပုံအပိုင်းအစနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုလုပ်ကြမလဲ။"

"ကိစ္စမရှိပါဘူး။ သတင်းတွေအရဆိုရင် သူက အဲ့ဒီမြေပုံအပိုင်းအစကို ကိုယ်နဲ့မကွာ အမြဲတမ်း ယူသွားလေ့ရှိတယ်။ ဓားဘိုးဘေးရဲ့ အစွမ်းတွေ ကုန်ခန်းသွားတဲ့အခါ သူ့ရဲ့ သိုလှောင်အိတ်က ငါတို့ဟာ ဖြစ်လာမှာပဲလေ။"

ဝက်ဝံဖြူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောသည်။

"ဝန်ကြီးချုပ်ယွင်။ ငါတို့ရဲ့ ဒီမဟာမိတ်အဖွဲ့က ဘိုးဘေးဧကရာဇ်ရဲ့ ဂူဗိမာန် ပွင့်လာတဲ့အထိ ဆက်လက် တည်တံ့နေမှာပါ။"

"အင်း။"

ဝန်ကြီးချုပ်ယွင်ခွန်းက ခေါင်းညိတ်လိုက်၏။ နတ်ဆိုးဘုရင်များ၏ မျက်နှာပေါ်ရှိ အကောင်းမြင်လွန်းနေသော အမူအရာများကို ကြည့်ရင်း မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏နှလုံးသားထဲတွင် ခပ်ဖျော့ဖျော့ စိုးရိမ်ပူပန်မှုတစ်ခုက အရိပ်မည်းကြီးသဖွယ် တွယ်ကပ်နေခဲ့သည်။

သူ ခေတ္တမျှ စဉ်းစားခန်းဝင်သွားပြီးနောက် နတ်ဘုရားအာရုံကို အသုံးပြု၍ ဘေးတွင်ရှိနေသော ချန်ဟွမ်ယွီထံသို့ လျှို့ဝှက်အသံပို့လွှတ်ကာ သတိပေး၏။ "အရှင်မင်းကြီး။ ကျွန်တော် ပြောခဲ့တာကို သေချာမှတ်ထားပါ။ ဓားဘိုးဘေးနဲ့ ဆုံတဲ့အခါ ဘာကိုမှ စဉ်းစားမနေပါနဲ့။ ကျွန်တော် ပေးထားတဲ့ ကျောက်စိမ်းဆွဲပြားကို ချက်ချင်းထုတ်ပြပြီး လက်နက်ချလိုက်ပါ"

————

စုရှန်ရွှယ်၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်ခက်ထန်နေ၏။ အနည်းဆုံးတော့ သူမ အပြင်ပန်းသဏ္ဍာန်သည် ဒေါသကြီးနေဟန်ကို ဖန်တီးထားကာ နောက်ပိုင်း နတ်ဆိုးနယ်မြေ၏ စစ်တပ်စခန်းဆီသို့ ပြန်ရောက်ရှိလာခဲ့သည်။

အနောက်ပိုင်း နတ်ဆိုးနယ်မြေ၏ စစ်သည်များမှာ ခေါင်းပင်မမော့ရဲကြဘဲ ငုံ့ထားကြရ၏။ လက်ရှိတွင် စစ်သေနာပတိ ဖြစ်နေသော မင်းသမီး သူတို့အနားမှ ဖြတ်သွားပြီး တပ်စခန်းဆီသို့ ဝင်ရောက်သွားမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

နေရာတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စုရှန်ရွှယ်က ချက်ချင်းပင် အမိန့်ပေး၏။ "ဒီကိုလာခဲ့။"

တပ်စခန်းအပြင်ဘက်မှ မိကျောင်းခေါင်းနှင့် နတ်ဆိုးစစ်သူကြီးတစ်ဦး ဝင်လာပြီး ခေါင်းငုံ့ကာ မေးသည်။ "မင်းသမီး။ ဘာများ အမိန့်ရှိပါလဲ။"

"ငါ့အမိန့်ကို သွားပို့လိုက်။ မနက်ဖြန်မနက် တပ်တစ်ခုလုံး စားသောက်ထားကြ။ စားပြီးတာနဲ့ တစ်နာရီအကြာမှာ တပ်တစ်ခုလုံး စုဝေးပြီး ရန်သူ့မြို့ကို ချက်ချင်း ဝင်တိုက်မယ်။"

"စစ်သူကြီး။"

မိကျောင်းနတ်ဆိုးက အနည်းငယ် တုံ့ဆိုင်းသွား၏။

"ဒါပေမဲ့ ညီအစ်ကိုတွေ အားလုံးက ပင်ပန်းနေကြပြီလေ။"

"ငါကော ရက်ပေါင်းများစွာ ဆက်တိုက် မတိုက်ခိုက်ခဲ့ရဘူးလား။"

စုရှန်ရွှယ်က မျက်လုံးများကို ကျဉ်းကာ အေးစက်စူးရှသော လေသံဖြင့် ပြေ။သည်။

"ရန်သူ့စစ်သူကြီးတွေ အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး တပ်အင်အားကလည်း လျော့နည်းနေပြီဆိုတာကို နင့်ကို အထူးတလည် ရှင်းပြနေဖို့ လိုသေးလို့လား။ ဒါ ငါတို့အတွက် တစ်ခုတည်းရှိမယ့် အခွင့်အရေးပဲ။ နားလည်လား။"

မိကျောင်းနတ်ဆိုးစစ်သူကြီးသည် ဒူးတစ်ဖက်ထောက်ကာ ခေါင်းငိုက်စိုက်ကျသွားပြီး နောက်ထပ် စကားတစ်ခွန်းမျှပင် ဟမပြောရဲတော့ချေ။

"နားလည်တယ်ဆိုရင်လည်း အမိန့်ကို အခုချက်ချင်း သွားပို့လိုက်တော့။"

စုရှန်ရွှယ်က အရေးမစိုက်သည့်ဟန်ဖြင့် ပြောသည်။

"ဟုတ်ကဲ့ပါ။"

မိကျောင်းနတ်ဆိုးသည် ခေါင်းငုံ့အရိုအသေပေးကာ တပ်စခန်းပြင်ပသို့ ခပ်သွက်သွက် ဆုတ်ခွာသွား၏။ ခဏအကြာတွင် ထက်ရှလှသော စုရှန်ရွှယ်၏ နတ်ဘုရားအာရုံက အပြင်ဘက်မှ မိကျောင်းနတ်ဆိုး၏ ခပ်တိုးတိုး ကျိန်ဆဲသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ "ရွံစရာကောင်းတဲ့ မိန်းမ"

သို့သော် သူမသည် အနည်းငယ်မျှပင် ဂရုမစိုက်ပဲ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ လျှို့ဝှက်ချက်တစ်ခုကို သိမ်းဆည်းထားသူအလား အဓိပ္ပာယ်ပါပါ ပြုံးလေ၏။

အခန်း (၂၄၈) ဓားဘိုးဘေး ကျရှုံးပြီ

နောက်တစ်နေ့ နံနက်လင်းသည်နှင့် တစ်ပြိုင်နက် စုရှန်ရွှယ်၏ တပ်မတော်သည် မြို့ကို စတင်တိုက်ခိုက်တော့သည်။

သူတို့သည် စစ်ရေးဗျူဟာဟူ၍ အလျဉ်းမရှိသလို တိုက်ပွဲတွင်း အသေအပျောက်များကိုလည်း အမှုမထားဘဲ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသူတစ်ဦးပမာ မြို့ကို မသိမ်းပိုက်နိုင်မချင်း အရှုံးပေးမည့်ပုံ မပေါ်ချေ။

သို့သော်ငြား စစ်တိုက်ရာတွင် ဦးနှောက်မသုံးဘဲ အတင်းဝင်တိုက်နေရုံဖြင့် အောင်ပွဲမရနိုင်ကြောင်းကို သက်သေပြနေ၏။ နတ်ဆိုးမြွေဟောက်နှင့် နတ်ဆိုးဘုရင်လေးပါးတို့၏ တပ်ဖွဲ့များမှာ မြောက်ပိုင်း နတ်ဆိုးနယ်မြေနှင့် ဧကရာဇ်မြို့တော်တပ်မတော်တို့နှင့် ယှဉ်လျှင် ပျမ်းမျှအရည်အသွေးအားဖြင့် အနည်းငယ် နိမ့်ကျနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခုအခါ ကျန်ရစ်သော တပ်ဖွဲ့ဝင်များက မြို့ကို ခံစစ်ဆင်ထားကြသည်။ ဝန်ကြီးချုပ်ယွင်ခွန်း၏ ပညာသားပါလှသော ကွပ်ကဲမှုအောက်တွင် သူတို့သည် မြို့ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ရုံသာမက ကြီးမားသော အားသာချက်တစ်ခုကိုပါ ဖန်တီးနိုင်ကြ၏။

သို့တိုင်အောင် ဤကျရှုံးမှုက စုရှန်ရွှယ်၏ ခြေလှမ်းများကို ရပ်တန့်မသွားစေခဲ့ပေ။ နောက်တစ်နေ့ ထိုအချိန်သို့ ရောက်သောအခါ သူမသည် တပ်မတော်ကို ဦးဆောင်ကာ ထပ်မံချီတက်လာပြန်ပြီး ကျရှုံးမှု၏ ခါးသီးသော အရသာကို ထပ်မံခံစားခဲ့ရပြန်သည်။

သုံးရက်ဆက်တိုက်တိုင် သူမသည် လက်အောက်ငယ်သားများကို အနားယူခွင့် လုံးဝမပေးခဲ့ချေ။ ဤနယ်စပ်မြို့လေး၏ မြို့ရိုးမျှော်စင်များထက်တွင် အနောက်ပိုင်း နတ်ဆိုးနယ်မြေမှ စစ်သည်တို့၏ အလောင်းကောင်များဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ကာ ထိုကဲ့သို့ အသေခံဝင်တိုက်နေမှုများကြောင့် သူမဘက်တွင် အင်အားသိပ်မကျန်တော့ပေ။ ထိုနည်းတူ မြောက်ပိုင်း နတ်ဆိုးနယ်မြေနှင့် ဧကရာဇ်မြို့တော် တပ်မတော်တို့ဘက်တွင်လည်း အကျအဆုံးများစွာ ကြုံတွေ့ရ၏။

သုံးရက်မြောက်သောနေ့သို့ ရောက်သောအခါ စုရှန်ရွှယ်က ဆက်လက်တိုက်ခိုက်ရန် အတင်းအကျပ် အမိန့်ပေးနေဆဲဖြစ်ရာ သူမ၏ တပ်တွင်း၌ မငြိမ်မသက်မှုများ စတင်ပေါ်ပေါက်လာတော့သည်။

စစ်သူကြီးအချို့က ရက်စက်ကြမ်းကြုတ်လှသော သူတို့၏ အရှင်သခင်ကို ပုန်ကန်ရန် တပ်များကို ဦးဆောင်ကြ၏။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ ကြီးမားလှသော စွမ်းအားကွာဟချက်အောက်တွင် ထိုနတ်ဆိုးစစ်သူကြီးအချို့မှာ ပြန်လည်ခုခံနိုင်စွမ်းပင် မရှိဘဲ အသတ်ခံလိုက်ရသည်။ သူတို့ ဦးဆောင်ခဲ့သော တပ်ဖွဲ့ဝင်များမှာလည်း စုရှန်ရွှယ်၏ စိတ်ဝိညာဉ်ချုပ်ကိုင်မှုကို ခံလိုက်ရကာ အသိဉာဏ်မဲ့သော စစ်ပွဲဝင်ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားရ၏။ အဆုံးတွင် သူတို့အားလုံး ဤနယ်စပ်မြို့လေး၏ တံတိုင်းအောက်၌ပင် အသက်စွန့်သွားခဲ့ကြသည်။

စတုတ္ထမြောက်နေ့တွင်မူ စစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရပြီးနောက် စုရှန်ရွှယ် လက်အောက်ရှိ တပ်ဖွဲ့အများစုသည် တပ်ပြေးများအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် စစ်တလင်းမှနေ၍ အနောက်ပိုင်း နတ်ဆိုးနယ်မြေဆီသို့ ထွက်ပြေး၏။

သို့သော် ဤတစ်ကြိမ်တွင် စုရှန်ရွှယ်သည် ထိုတပ်ပြေးများကို ဂရုမစိုက်ခဲ့ပေ။ သူမသည် နောက်ဆုံးကျန်ရစ်သည့် တပ်ဖွဲ့ဝင် အနည်းငယ်ကိုသာ တိတ်ဆိတ်စွာ ကွပ်ကဲလျက် ဆက်လက်၍ တိုက်ခိုက်သည်။

နောက်ဆုံး ပဉ္စမမြောက်နေ့သို့ ရောက်သောအခါ စုရှန်ရွှယ်သည် ကျန်ရှိနေသော လူနှစ်ဆယ်ခန့်ကိုသာ ခေါ်ဆောင်ကာ နယ်စပ်မြို့ရိုးအောက်သို့ ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာ၏။

မြေခွေးဖြူကလည်း သူမ၏ နောက်ဆုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် မြို့ရိုးမျှော်စင်ပေါ်သို့ ကိုယ်တိုင် တက်လာသည်။ ထိုနေ့ နံနက်စောစောကတည်းက ပန်းချီကားထဲရှိ အခြေအနေကို စစ်ဆေးရန် စောစီးစွာ ထလာခဲ့သော ဝက်ဝံဖြူမှာ ပန်းချီကားကမ္ဘာအတွင်းရှိ တောင်ခြေတစ်ခု၌ လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသော ပိုင်ချူးရန်ကို မြင်လိုက်၏။

သူ့ကို တိုက်ခိုက်မည့် မှင်ရည်ဖျန်း အင်နော်တယ်များလည်း ပတ်ဝန်းကျင်တွင် မရှိတော့ချေ။ ဤသည်ကိုကြည့်လျှင် မှော်လက်နက်ကပင် ပိုင်ချူးရန်၌ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဟု ယုံကြည်သွားခဲ့ပြီဖြစ်ကြောင်း ထင်ရှား၏။

ထို့ကြောင့် ဝက်ဝံဖြူသည် တပ်ဖွဲ့များကို နေရာချထားရန် အခြားနတ်ဆိုးဘုရင်များကို အလျင်စလို ခေါ်ဆောင်လိုက်ပြီး မြို့၏ မြေအောက်လျှို့ဝှက်ခန်းဆီသို့ စုဝေးရောက်ရှိလာသည်။ တားမြစ်အစီအရင် ရာပေါင်းများစွာကို ထပ်ဆင့်ချမှတ်ထားသည့် ဤနေရာတွင် ၀က်ဝံဖြူသည် ပန်းချီကားထဲမှ ပိုင်ချူးရန်ကို သတိကြီးစွာဖြင့် ဖယ်ရှားရန် လှုပ်ခါထုတ်လေ၏။

ပိုင်ချူးရန် ခန္ဓာကိုယ်မှာ အေးစက်နေသော ကျောက်ကြမ်းပြင်ထက်သို့ ပြုတ်ကျလာပြီး လျှို့ဝှက်ခန်းအတွင်းရှိ အစီအရင်များ အားလုံး ချက်ချင်း အသက်ဝင်လာတော့သည်။ သူ၏ ခန္ဓာကိုယ်ထက်သို့ ဖိနှိပ်ကန့်သတ်မှု ဒါဇင်ပေါင်းများစွာ ချက်ချင်း ကျရောက်လာသော်လည်း ပိုင်ချူးရန်မှာမူ လှုပ်ရှားမှု အလျဉ်းမရှိဘဲ ငြိမ်သက်နေဆဲပင်။

ဝက်ဝံဖြူက သတိကြီးစွာဖြင့် လက်ကိုဆန့်ထုတ်ကာ လည်ပင်းသွေးကြောကို စမ်းသပ်ကြည့်သည်။ ပိုင်ချူးရန်၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်နေကာ အချိန်အတော်ကြာမှသာ အလောင်းကောင်တစ်ခုပမာ ခပ်စိပ်စိပ် ပြန်ခုန်လာသည်ကို တွေ့ရ၏။

သူ၏ ဒန်ထျန်နှင့် နတ်ဘုရားစိတ်ဝိဉာဉ်ပင်လယ်တို့မှာလည်း သေလုမျောပါး တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏ ချီစွမ်းအင်များ အားလုံးမှာ ဒန်ထျန်ထဲတွင်သာ ကျုံ့ဝင်ပိတ်လှောင်နေကာ လှုပ်ရှားမှု လုံးဝမရှိတော့ချေ။

ကျားပျံက ပတ်ဝန်းကျင်ကို မျက်ရိပ်ပြလိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်ကာ ပိုင်ချူးရန်၏ လက်ဖဝါးကို ခြေထောက်ဖြင့် အားကုန် ဖိနင်းချသည်။ညဤဖိနင်းလိုက်သော အင်အားကြောင့် မြို့တစ်ခုလုံးပင် ခပ်ဖွဖွ တုန်ခါသွား၏။ သို့တိုင် ကျားပျံသည် ခြေဖဝါးကို ပြန်မရုပ်သိမ်းမီ ရှေ့နောက် အကြိမ်ကြိမ် ဖိချေကြည့်သေးသည်။

နတ်ဆိုးဘုရင်အချို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ မဆုံးတွင် ဝက်ဝံဖြူက အံ့သြဝမ်းသာစွာဖြင့် မနေနိုင်ဘဲ ဟစ်အော်တော့သည်။

"ရဲဘော်တို့။ ငါတို့ နိုင်ပြီဟေ့။

All Chapters