အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း (၂၄၉) ဓားဘိုးဘေး ကျရှုံးပြီ [၁]
နတ်ဆိုးဘုရင်များအားလုံး ဝမ်းသာလုံးဆို့သွားကြချိန်တွင် ဝန်ကြီးချုပ်ယွင်ခွန်းက အလျင်အမြန် ရှေ့ထွက်လာကာ ပိုင်ချူးရန် ခါးမှ သိုလှောင်အိတ်ကို လှမ်းဆွဲယူ၏။
အစစ်အမှန် ချီစွမ်းအင်များ ကင်းမဲ့နေပြီဖြစ်သောကြောင့် ဤသိုလှောင်အိတ်မှာ မူလပိုင်ရှင်ကို မမှတ်မိတော့ဘဲ မည်သူမဆို အလွယ်တကူ ဖွင့်ကြည့်နိုင်သော အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝန်ကြီးချုပ်ယွင်ခွန်းက အတွင်းသို့ အလွယ်တကူ ဝင်ရောက်စစ်ဆေးလိုက်ပြီး အထဲရှိ ဝိညာဉ်ကျောက်တုံးများနှင့် အပိုအဝတ်အစားများကို လျစ်လျူရှုကာ အင်မော်တယ်အရက်အိုး အနည်းငယ်နှင့် သံဓားအများအပြားကို ကျော်လွန်၍ အတွင်းဘက် အကျဆုံးနေရာ၌ သိမ်းဆည်းထားသော မြေပုံအပိုင်းအစကို ထုတ်ယူပြီးနောက် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်၏။
"အထဲမှာ တန်ဖိုးရှိတာ တစ်ခုခု ပါသေးလား။"
ဝန်ကြီးချုပ်ယွင်ခွန်း၏ အမူအရာကို မြင်သောအခါ နတ်ဆိုးဘုရင်အချို့က အနားသို့ စုဝေးလာရင်း မေးကြသည်။ ဝန်ကြီးချုပ်ယွင်ခွန်းက ပြန်မဖြေဘဲ သူ၏လက်ထဲရှိ သိုလှောင်အိတ်ကိုသာ ဖွင့်ပြ၏။နတ်ဆိုးဘုရင်များ၏ ဝိညာဉ်အသိစိတ်များက သိုလှောင်အိတ်အတွင်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်စစ်ဆေးလိုက်ကြပြီးနောက် အားလုံး၏ မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အမူအရာများ အထင်းသား ပေါ်လွင်လာတော့သည်။
"ဘာလို့ ဒီလောက်တောင် မွဲတေနေရတာလဲ။"
နဂါးက ညည်းညူ၏။ "ဒီဝိညာဉ်ကျောက်တုံးတွေ၊ အရက်အိုးတွေနဲ့ မပြုပြင်ရသေးတဲ့ ကျောက်စိမ်းတုံးကြီးကလွဲလို့ ကျန်တာ ဘာရှိသေးလဲ။ မှော်လက်နက်တွေကော။ လျှို့ဝှက်သိုင်းကျမ်းတွေကော။ ဒီသံဓားပုံကြီးက ဘာအဓိပ္ပာယ်လဲ။ ဘယ်လိုပဲပြောပြော သူက လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ကျောထောက်နောက်ခံလေကွာ။"
"ဒီကောင်က မှော်လက်နက်တွေ ဘာတွေ လုံးဝ မသုံးတတ်တာများလား။"
ဝက်ဝံဖြူက သိုလှောင်အိတ်ထဲမှ အရက်အိုးအနည်းငယ်ကို ဆွဲထုတ်လိုက်ရင်း ပြော၏။
"လာကြ ရဲဘော်တို့။ ဒီည ညစာစားပွဲမှာ ဒီလူသားဓားဘိုးဘေးရဲ့ အရက်ကို မြည်းစမ်းကြရအောင်။"
"အင်း။ သူ့ရဲ့ လုံးဝ မတိုက်နိုင်တော့တဲ့ ဒီနေ့ အနေအထားအရဆိုရင်တော့ မင်းသမီးလည်း ရှုံးတော့မယ်ထင်တယ်။ မြေခွေးဖြူက သူမကို ဖမ်းပြီးသွားရင် ငါတို့ နောက်တစ်ခေါက် ထပ်ပြီး ပွဲခံကြတာပေါ့။"
နတ်ဆိုးဘုရင်များ ရယ်မောပျော်ရွှင်နေသည်ကို မြင်သောအခါ ဝန်ကြီးချုပ်ယွင်ခွန်းက ဝင်မေးသည်။
"နေပါဦး ဒီဓားဘိုးဘေးကို အခု ဘယ်လို ဆက်လုပ်ကြမလဲ။"
"ဓားဘိုးဘေးရဲ့ ခန္ဓာကိုယ်က လက်နက်တွေနဲ့ ဖောက်ထွင်းဖို့ ခက်တယ်။ အခု အနေအထားအရ သူ့ကို သတ်လို့ မရသေးဘူး။"
ဝက်ဝံဖြူက မျက်မှောင်ကြုတ်လျက် ပြောသည်။ "သူ့ကို အရင်ဆုံး လုံခြုံတဲ့ အကျဉ်းထောင်ထဲ ထည့်ထား။ ဧကရာဇ်မြို့တော်ကို ရောက်တဲ့အထိ စောင့်ပြီးတော့မှ ဧကရာဇ်မြို့တော်က လက်နက်အရည်ကျိုဖိုကြီးထဲ ထည့်ပြီး သူ့ကို အရည်ကြိုပစ်မယ်။"
ဝန်ကြီးချုပ်ယွင်ခွန်းသည် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရ၍ ခေတ္တမျှ တုံ့ဆိုင်းသွား၏။
"သူ့ကို မှင်ရည်ဖျန်း အင်မော်တယ်ပန်းချီကားထဲ ပြန်ထည့်ထားတာက ပိုလုံခြုံမယ်လို့ ကျုပ် ယုံကြည်တယ်။"
"ငါလည်း အဲ့လိုပဲ ထင်တာပဲ။"
ဝက်ဝံဖြူမင်းက လှောင်ပြောင်သည့် လေသံဖြင့် ပြန်ပြော၏။ "ဒါပေမဲ့ ဝန်ကြီးချုပ်ယွင်က ဒီရှေးဟောင်း နတ်ရတနာကို ကိုင်တွယ်ရတာ လွယ်ကူလှတယ်လို့ ထင်နေတာလား။"
"မင်း ဘာကို ပြောချင်တာလဲ။"
"ဒီပန်းချီကားကို သုံးနိုင်ဖို့ ငါ့ရဲ့ ဝိညာဉ်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့ရတယ်။ ဝိညာဉ်စွမ်းအင် အပြည့်အဝ ဖြည့်ဆည်းပေးခဲ့ရတဲ့အပြင် သစ္စာရှိတဲ့ စစ်သည် ရာပေါင်းများစွာကို သွေးယဇ်ပူဇော်ခဲ့ရတယ်။ ဒါမှသာ ငါ့အတွက် တိုက်ခိုက်ပေးဖို့ သီသီလေး သုံးနိုင်ခဲ့တာ။ ဓားဘိုးဘေးကို အားအင်ကုန်ခမ်းသွားစေဖို့အတွက် ဒီပန်းချီကားက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင်တွေကို အကုန်သုံးပစ်ခဲ့ပြီးပြီ။ ဒါကို ထပ်သုံးချင်ရင် စွမ်းအင် ပြန်ဖြည့်တင်းဖို့ လိုအပ်တယ်။ သူ့ရဲ့ ဝိညာဉ်သွေးကြောနဲ့ သွေးယဇ်ပူဇော်မှုအတွက် ငါ အခု ဘယ်မှာ သွားရှာရမလဲ။"
ဝက်ဝံဖြူက အတော်လေး အကူအညီမဲ့နေပုံဖြင့် ခေါင်းခါလေသည်။
"ဒါဆိုလည်း ကောင်းပါပြီလေ။"
ဝန်ကြီးချုပ်ယွင်ခွန်းက သက်ပြင်းချသည်။ "ဒီမြေပုံအပိုင်းအစကို ငါ အရင်သိမ်းထားလိုက်မယ်။ ဝက်ဝံဖြူ။ မင်းရဲ့ အပိုင်းကော။"
"ငါ့ဆီမှာ ရှိတယ်။ ဘာဖြစ်လို့လဲ။"
ဝက်ဝံဖြူက မျက်နှာသေဖြင့် ပြန်ဖြေ၏ "ငါ အခု မင်းကို မပေးသေးဘူး။ တိုက်ပွဲပြီးလို့ အနောက်ပိုင်း နတ်ဆိုးနယ်မြေက အမှိုက်တွေကို ရှင်းလင်းပြီးတဲ့အခါကျမှ နတ်ဆိုးဧကရာဇ်ရဲ့ ဂူဗိမာန်ကို အတူတကွ ဖွင့်ပြီး မျှမျှတတ ယှဉ်ပြိုင်ကြမယ်။ နိုင်တဲ့သူက နတ်ဆိုးဧကရာဇ် ဖြစ်လာလိမ့်မယ်။"
"ဟူး။"
ဝန်ကြီးချုပ်ယွင်ခွန်းက နောက်ထပ် သက်ပြင်းတစ်ချက် ချပြန်သည်။ "ဒီမြေပုံအပိုင်းအစကို ငါ အရင်သိမ်းထားတာ ပိုကောင်းပါလိမ့်မယ်။"
သူ လှည့်၍ ထွက်သွားခဲ့သလို ဝက်ဝံဖြူမင်းသည်လည်း နတ်ဆိုးဘုရင်အနည်းငယ်ကို ခေါ်ဆောင်ကာ အောင်ပွဲခံသည့် အပြုံးများဖြင့် ထွက်သွားလေသည်။ အစောင့်အနည်းငယ် ဝင်လာပြီး ကျောက်ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ပိုင်ချူးရန်အား ထမ်းစင်တစ်ခုဖြင့် သယ်ဆောင်ကာ အကျဉ်းထောင်ဆီသို့ လျှောက်သွား၏။
နတ်ဆိုးမျိုးနွယ်များအတွက်မူ အရာအားလုံးသည် သူတို့ မျှော်မှန်းထားသည့်အတိုင်း ချောမွေ့စွာ ပြီးမြောက်သွားပြီဟု ထင်မှတ်နေကြသည်။ သို့သော် သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အရာတစ်ခုကို သတိမထားမိလိုက်ကြပေ။
အစောင့်များက ထမ်းစင်ဖြင့် တံခါးအပြင်သို့ သယ်ဆောင်သွားချိန်တွင် သတိလစ်မေ့မြောကာ ပျော့ခွေနေသည်ဟု ထင်ရသော ပိုင်ချူးရန်၏ နားရွက်ဖျားလေးများက မသိမသာ လှုပ်ရှားသွား၏။
အခန်း (၂၅၀) ပေါက်ကွဲမှုကြီး
မီးသွေးဖိုအတွင်းမှ မီးတောက်များက တဖျပ်ဖျပ် လင်းလက်နေပြီး မှိန်ပျပျ မီးရောင်သည် ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ခွာချကာ မှေးမှိန်သော အလင်းရောင် အနည်းငယ်ကို ပေးစွမ်းနေ၏။
အကျဉ်းထောင်အတွင်း၌ စစ်သူကြီးအဆင့်ရှိ လက်တစ်ဖက်ပြတ် ကျားနတ်ဆိုးတစ်ကောင်သည် အခြားသော နတ်ဆိုးအချို့ကို အမိန့်ပေးကာ သတိလစ်နေသော ပိုင်ချူးရန်အား အကျဉ်းထောင်အောက်ခြေရှိ အကျဉ်းခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားသည်။
"ဟေ့ကောင်တွေ။ ခဏနေဦး။"
နတ်ဆိုးအချို့က ပိုင်ချူးရန်ကို ထူမပေးပြီး အကျဉ်းထောင်နံရံတွင် လက်ထိတ်ခတ်ရန် ပြင်ဆင်နေချိန်၌ လက်တစ်ဖက်ပြတ် ကျားနတ်ဆိုးက ရုတ်တရက် လှမ်းတား၏။
"သူ့ကို ဇောက်ထိုးတွဲလောင်းဆွဲပြီး လက်ထိတ်ခတ်လိုက်စမ်း။"
ထို့နောက် ကျားနတ်ဆိုးသည် ဘေးဘက်ရှိ မီးသွေးဖိုဆီသို့ လျှောက်သွားကာ အတွင်းမှ နီရဲတောက်ပနေသော သံပူတုံးတစ်ခုကို ဆွဲထုတ်လာသည်။
"ဒါ... ဒါက..."
နတ်ဆိုးငယ်အချို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလာ၏။ "စစ်သူကြီ။ ဒါက အဆင်ပြေပါ့မလား။ ဧကရာဇ်က သူ့ကို ပြစ်ဒဏ်ပေးဖို့တောင် အမိန့်မချရသေးဘူးလေ။"
"ငါတို့ သူ့ကို ဘာမှလုပ်လို့မရဘူးလို့လည်း မပြောခဲ့ဘူးလေ။"
လက်တစ်ဖက်ပြတ် ကျားနတ်ဆိုးက ပူပြင်းနီရဲနေသော သံပူတုံးကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် လက်စားချေလိုသော သာယာမှုများ အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ထို့နောက် သူ၏ တစ်ခုတည်းသော လက်မောင်းကို မြှောက်ပြကာ ပြော၏။ "မင်းတို့ မြင်လား။ ဟိုစောက်ဓားဘိုးဘေးဆိုတဲ့ကောင်ရဲ့ ဓားချီစွမ်းအင်ကြောင့် ငါ့အသက် ထွက်မလိုဖြစ်ခဲ့ရတာ။ အခု သူက ငါ့လက်ထဲ ရောက်နေပြီဆိုတော့ သူ့ကို ကျွန်အမှတ်အသား နှစ်ခုလောက်တော့ ခတ်ပေးရမှာပေါ့"
"ဒါပေမဲ့"
"ဖယ်ကြစမ်း။ မလုပ်ရဲရင်လည်း နေ။ ငါ့မျက်စိရှေ့ကနေ ထွက်သွားကြ"
နတ်ဆိုးငယ်များ တုံ့ဆိုင်းနေဆဲဖြစ်သည်ကို မြင်သောအခါ စိတ်မရှည်စွာဖြင့် အော်ဟစ်မောင်းထုတ်လိုက်သည်။ အကျဉ်းခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ကျားနတ်ဆိုးသည် သူ၏ တစ်ခုတည်းသော လက်ကို အသုံးပြု၍ ပိုင်ချူးရန်အား အားကုန်သုံးကာ ဇောက်ထိုးလက်ထိတ်ခတ်၏။ ထို့နောက် သူ့ကို ကျောခိုင်းထားသော ပိုင်ချူးရန်အား ကြည့်ကာ ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး မီးသွေးဖိုဆီသို့ ပြန်လျှောက်သွားကာ သံပူတုံးကို ကောက်ယူလိုက်သည်။
"အဲ့တာ ဘာကြီးလဲ။"
သူ့အနောက်ဘက်ဆီမှ အေးစက်စက် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ "ဟက်... မင်း မသိဘူးလား။ ဒါက ငါတို့ မြောက်ပိုင်း နတ်ဆိုးနယ်မြေက စစ်သုံ့ပန်းကျွန်တွေကို ခတ်တဲ့ တံဆိပ်လေ။ ဒီသံပူတံဆိပ် ခတ်ခံရတာနဲ့ မြောက်ပိုင်း နတ်ဆိုးနယ်မြေမှာ သူက ကျွန်တစ်ယောက်ဆိုတာကို ပြသလိုက်တာပဲ။ နောင်ကျရင် သူ့အခြေအနေက ဘယ်လိုပဲ ပြောင်းလဲသွားပါစေ ဒီအရှက်ရစရာ အမှတ်အသားကို ဘယ်တော့မှ ဖျက်ပစ်လို့ မရတော့ဘူး။"
စိတ်ခံစားချက် အထွတ်အထိပ်သို့ ရောက်နေသော ကျားနတ်ဆိုးသည် သံပူတုံးကို ကိုင်မြှောက်ကာ အချိန်အတော်ကြာ ကြွားလုံးထုတ်နေမိ၏။ ထို့နောက်မှ သူ ရုတ်တရက် သတိဝင်လာကာ နှလုံးသားတစ်ခုလုံး ရေခဲတမျှ အေးစက်သွားတော့သည်။
သူ လန့်ဖျပ်ကာ ခေါင်းလှည့်ကြည့်လိုက်ရာ ဆံပင်ဖြူလူငယ်သည် ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ လက်ထိတ်များကို ဖျက်ဆီးကာ သူ့ဘေးတွင် ပြုံးလျက် ရပ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရ၏။
"ကယ်ကြ..."
ကျားနတ်ဆိုး အော်ဟစ်အကူအညီတောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ပိုင်ချူးရန်၏ လက်ညှိုးက လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး သူ၏ လည်ပင်းအသံကြိုးကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ကျားနတ်ဆိုး၏ အကူအညီတောင်းသံမှာ လည်ချောင်းထဲတွင်ပင် တိမ်ဝင်ပျောက်ကွယ်သွား၏။
ပိုင်ချူးရန်က သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီးနောက် မီးသွေးဖိုထဲရှိ သံပူတုံးကို ကောက်ကိုင်ကာ ပြုံးလျက် ပြောသည်။
"မင်းက ဒီတံဆိပ်ကို သိပ်သဘောကျနေမှတော့ ငါ မင်းကို တံဆိပ်ခတ်ပေးရမှာပေါ့။ ဆယ့်ခုနစ်ခု၊ ဆယ့်ရှစ်ခုလောက် ခတ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
ထို့နောက် အမှောင်ထုဖုံးလွှမ်းနေသော အေးစက်စက် အကျဉ်းခန်းထဲတွင် အသားစိမ်းများ ကျွမ်းလောင်သွားသည့် ချဉ်စူးစူး အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ပိုင်ချူးရန်သည် အကျဉ်းထောင်ထဲမှ ပေါ့ပေါ့ပါးပါး ထွက်လာခဲ့ပြီး တံခါးကို ပြန်ပိတ်၏။ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ကျောနှင့် တင်ပါးတစ်လျှောက် မီးကျွမ်းနေသော လက်တစ်ဖက်ပြတ် ကျားနတ်ဆိုးစစ်သူကြီးမှာမူ အခန်းတွင်း၌ ပိတ်လှောင်ခံလိုက်ရတော့သည်။
သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျီရှန်းက မနေနိုင်ဘဲ ပြောလာ၏။ "လူသားမျိုးနွယ် ကျင့်ကြံသူတွေက စိတ်နှလုံး ကျင့်ကြံမှုကို အလေးထားပြီး အလွယ်တကူ ဒေါသမပေါက်ကွဲဘူးလို့ အရင်တုန်းက အနောက်ပိုင်း နတ်ဆိုးနယ်မြေက နတ်ဆိုးဘုရင်တွေကို ဘယ်သူ ပြောခဲ့တာလဲ။"
"ငါ ပြောခဲ့တာလေ။" ပိုင်ချူးရန်က ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ဝန်ခံသည်။
"ဒါပေမဲ့ ငါပြောခဲ့တာက လူသားမျိုးနွယ်ထဲက အမြင့်ဆုံးအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို ပြောတာလေ။ ငါ့အဆင့်က အဲ့လောက် မြင့်လို့လား။"
ကျီရှန်းမှာ ဆွံ့အသွားရသည်။ ပိုင်ချူးရန်၏ ထူးခြားသော အခြေအနေအရ အဆင့်မြင့်၊ မမြင့် ဆိုသည်ကို ဆုံးဖြတ်ရမည်ဆိုပါက ခက်ခဲလွန်းလှ၏။
"သွားရအောင်။ ငါ့ရဲ့ နတ်ဘုရားအာရုံက စောစောကတည်းက ဝက်ဝံဖြူနဲ့ ဝန်ကြီးချုပ် ယွင်ခွန်းတို့ကို ခြေရာခံထားပြီးပြီ။ ကျန်နေတဲ့ မြေပုံအပိုင်းအစတွေကို သွားယူလိုက်ရင် ဒီကိစ္စပြီးပြီပဲ။"
ပိုင်ချူးရန်က ပြောသည်။ "မြေပုံအပိုင်းအစက မင်းရဲ့ မြင်ကွင်းထဲမှာ ပေါ်လာတာနဲ့ အတုအစစ် ခွဲခြားနိုင်တယ်မလား။"
ကျိီရှန်းက ပြန်ဖြေ၏။ "ဟုတ်တယ်။ အစစ်လား အတုလားဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။"
"ကောင်းပြီ။ သွားကြစို့။"