← Chapters

အခန်း (၁၀၂၅-၁၀၂၆)

Vol. 102 Ch. 1025-1026

အခန်း (၁၀၂၅-၁၀၂၆)

Vol. 102 Ch. 1025-1026

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၅ + ၁၀၂၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"အင်း...။" မဟာအိပ်မက်ဆိုးက ဆိုလိုက်၏။ "ဒါကြောင့်ပဲ ငါ သေချင်ယောင်ဆောင် ပုန်းကွယ်နေရင်း အဆွေတော်တုပိုင် ရောက်လာမယ့်အချိန်ကို စောင့်နေခဲ့တာပေါ့..."

တုပိုင် မေးလိုက်၏။ "ကျွန်တော်ရဲ့ အမျိုးသမီး ရန်ယဲ့ရှောင်က မြင့်မြတ်နယ်မြေမှာလား..."

မဟာအိပ်မက်ဆိုးက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်..."

"မြင့်မြတ်နယ်မြေဆိုတာ ဘာကြီးလဲ..." တုပိုင်က ထပ်မေးလိုက်သည်။

"အင်း...။" မဟာအိပ်မက်ဆိုးက ရှင်းပြလိုက်သည်။ "လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ကျော်လောက်က နဂါးသွေးနွယ်ဖွားတွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲက အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်။ အဲဒီအချိန်မှာ ငါတို့ သေချာပေါက် ရှုံးနိမ့်တော့မယ်ဆိုတာကို လူတိုင်းနီးပါး သဘောပေါက်ခဲ့ကြတယ်လေ။"

"ဒါကြောင့် သူတို့က နဂါးသွေးတိုက်ကြီး တစ်ခုလုံးရဲ့ စွမ်းအားတွေကို စုစည်းပြီး သီးခြားဟင်းလင်းပြင်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ကြတယ်။ ဒီနေရာလေးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အင်မတန်ထူးခြားတဲ့ စွမ်းအင်သဘာဝတွေ ရှိတယ်။ မိစ္ဆာတွေက အဲဒီသီးခြားဟင်းလင်းပြင်ကမ္ဘာကို လုံးဝ ရှာမတွေ့နိုင်သလို ဝင်လည်း မဝင်နိုင်ဘူးလေ။ အဲဒါကြောင့်လည်း နဂါးသွေးနွယ်ဖွားတွေရဲ့ ယဉ်ကျေးမှုက မပျောက်ကွယ်သွားဘဲ ဆက်လက် ပြန့်ပွားနိုင်ခဲ့တာပဲ..."

မဟာအိမ်မက်ဆိုး၏ အပြောကို ကြားသောအခါ တုပိုင် သဘောပေါက်သွားတော့၏။

ဤသည်မှာ ကမ္ဘာမြေကြီး ပျက်စီးတော့မည့် အချိန်တွင် လူသားမျိုးနွယ်တစ်ခုလုံး၏ စွမ်းအားများကို စုစည်းလိုက်ပြီး ဧရာမ အာကာသယာဉ်ကြီးတစ်ခု တည်ဆောက်ကာ ထိပ်တန်း လက်ရွေးစင် လူသားများကို တင်ဆောင်ပြီး ကျယ်ပြောလှသော စကြာဝဠာကြီးထဲသို့ ပျံသန်းသွားသကဲ့သို့ပင် ဖြစ်၏။ ဤသို့ဖြင့် ကမ္ဘာမြေကြီး ပျက်သုဉ်းခြင်းဘေးမှ ရှောင်ရှားနိုင်ပြီး လူသားယဉ်ကျေးမှု မျိုးသုဉ်းပျောက်ကွယ်သွားခြင်းကို ကာကွယ်နိုင်လိမ့်ပေမည်။

သေချာပေါက်ပင် နဂါးသွေးတိုက်ကြီး၏ ယဉ်ကျေးမှုအဆင့်အတန်းမှာ လူသားမျိုးနွယ်ထက် များစွာ ပိုမိုမြင့်မားခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် ဟင်းလင်းပြင်ကမ္ဘာသစ်တစ်ခုကို တိုက်ရိုက် ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။

"အဲတော့...။" တုပိုင်က မေးလိုက်ပြန်သည်။ "မြင့်မြတ်နယ်မြေထဲက လူတွေက အရမ်းအစွမ်းထက်တာလား..."

"အင်း...။" မဟာအိပ်မက်ဆိုးက ခေါင်းညိတ်လိုက်၏။ "လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ကျော်လောက်က နဂါးသွေးတိုက်ကြီးထဲက အထူးချွန်ဆုံး နဂါးသွေးနွယ်ဖွား သောင်းနဲ့ချီပြီး မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်ခွင့် ရခဲ့ကြတယ်။ အနှစ်တစ်ထောင်ကျော်လောက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးတဲ့နောက်မှာ သူတို့တွေ အခုဆို အရင်ကထက်တောင် ပိုပြီး အစွမ်းထက်နေလောက်ပြီ။ အချိန်အတော်ကြာတဲ့အထိ မြင့်မြတ်နယ်မြေကိုပဲ ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ငါ သတ်မှတ်ထားခဲ့တာပဲ..."

"ဒါပေမဲ့...။" တုပိုင်က ဆိုလိုက်သည်။ "သူတို့က မိစ္ဆာတွေကို ပြန်တိုက်ခိုက်မယ့် ရည်ရွယ်ချက် ရှိပုံမပေါ်ဘူးနော်... အပြင်ဘက်မှာ ဟင်းလင်းပြင်ကမ္ဘာတွေ ဂြိုဟ်တွေ တစ်လုံးပြီးတစ်လုံး ပျက်စီးနေတာကို လျစ်လျူရှုပြီး မြင့်မြတ်နယ်မြေထဲမှာပဲ အေးချမ်းပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းနေကြတယ် မဟုတ်လား..."

"အင်း ဟုတ်တယ်...။" မဟာအိပ်မက်ဆိုးက ဆိုသည်။ "ဒါကြောင့်မလို့ တစ်ယောက်ယောက်က သူတို့ကို သွားလှုံ့ဆော်ပေးပြီး အနှစ်တစ်ထောင်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဒီစစ်ပွဲကြီးမှာ ပါဝင်လာအောင် အပြင်ကို ခေါ်ထုတ်လာဖို့ လိုအပ်နေတာပေါ့... အဆွေတော် တုပိုင်... ကံကြမ္မာ မိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်ကို အနိုင်ယူပြီး အရှေ့ကမ္ဘာခြမ်းကို လုံးဝ လွတ်မြောက်သွားအောင် ငါ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အနောက်ကမ္ဘာခြမ်းက အိပ်မက်မိစ္ဆာကိုတော့ မင်းလက်ထဲပဲ အပ်ရတော့မယ်..."

အိပ်မက်မိစ္ဆာသည် တုပိုင်နှင့် အနက်ရှိုင်းဆုံးသော ပတ်သက်မှုများ ရှိခဲ့သည့် ရန်သူတော်ကြီး ဖြစ်သော်လည်း ယခုအချိန်အထိ တစ်ကြိမ်တစ်ခါမျှ ပေါ်ထွက်လာခြင်း မရှိသေးချေ။ တုပိုင်ကိုယ်တိုင် တွေ့ဆုံဖူးခြင်း မရှိသည်သာမက အိပ်မက်ဆိုးမင်းသားနှင့် ဘုရင်မမိုဟန်တို့ပင်လျှင် ထိုအိပ်မက်မိစ္ဆာအား တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

"အဆွေတော် တုပိုင်...။" မဟာအိပ်မက်ဆိုးက တိုက်တွန်းလိုက်သည်။ "အချိန် သိပ်မရှိတော့ဘူး... ငါတို့ စွမ်းအင် အမွေဆက်ခံတဲ့ ကိစ္စကို အခုချက်ချင်း စတင်ရလိမ့်မယ်..."

မဟာအိပ်မက်ဆိုး၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဘုံကိုပင် အန်တုနိုင်စွမ်းရှိ၏။ ထိုက်ခန်ဧကရာဇ် လီရှောင်ချန်ထက် အဆပေါင်းသိန်းနှင့်ချီ ပိုမိုအစွမ်းထက်သည်။

တုပိုင်၏ ကျင့်ကြံခြင်းအဆင့်မှာ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်အဆင့်၌သာ ရှိသေးပြီး ထိုအထက်တွင် ငရဲနယ်ပယ် ၊ နိဗ္ဗာန်အဆင့် ၊ သံသရာအဆင့်နှင့် ဖျက်ဆီးသူအဆင့်တို့ ရှိနေသေး၏။ အိပ်မက်ဆိုးဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်သည် တုပိုင်ထက် နယ်ပယ်ကြီး လေးခုတိတိ ပိုမို မြင့်မားနေလျက် ရှိသည်။

ထို့ကြောင့် ဤမျှကြီးမားသော စွမ်းအင်ကို အမွေဆက်ခံရမည်ဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

အကယ်၍ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အသုံးပြု၍ စုပ်ယူမည်ဆိုလျှင်ပင် အိပ်မက်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးကို အပြည့်အဝ စုပ်ယူချေဖျက်နိုင်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ အိပ်မက်ဆိုးဧကရာဇ်၏ စွမ်းအင်များကို တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ထည့်သွင်းမည်ဆိုလျှင်လည်း နေ့ရက်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်၏။

သို့သော် ကံကြမ္မာ မိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်နှင့် တုပိုင်တို့ ရင်ဆိုင်ရမည့်အချိန်မှာ ၄၃ နာရီသာ လိုတော့သည် ဖြစ်သောကြောင့် အချိန်မလောက်တော့ချေ။

"အဆွေတော် တုပိုင်...။" မဟာအိပ်မက်ဆိုးက ဆိုလာသည်။ "ငါရဲ့ စွမ်းအားက အရမ်းကို ကြီးမားလွန်းနေတယ်... ဒါကြောင့် စဉ်းစားပုံကို နည်းနည်း ပြောင်းလဲရလိမ့်မယ်... ခန္ဓာကိုယ်ကို လုယူရမယ်..."

ခန္ဓာကိုယ်ကို လုယူမည်လော။ ထိုသည်မှာ ကြက်သီးထဖွယ် စကားတစ်ခွန်းပင် ဖြစ်ပြီး အထူးသဖြင့် တုပိုင်ကဲ့သို့ သံသယများလွန်းသူ တစ်ယောက်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အိပ်မက်ဆိုးဧကရာဇ်က ရှင်းပြလိုက်၏။ "ငါက ရုပ်ခန္ဓာ ဆုံးရှုံးခဲ့ပြီးပြီ... အခု ငါ့မှာ စိတ်ဝိညာဉ်နဲ့ စွမ်းအင်ပဲ ကျန်တော့တယ်... အကယ်၍ ငါ့ရဲ့ စိတ်ဝိညာဉ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပြီး ချက်ချင်း ဝိညာဉ်ကြွေလွင့် ပျက်သုဉ်းသွားအောင် လုပ်လိုက်မယ်ဆိုရင် ငါ့ရဲ့ အစွမ်းထက်တဲ့ စွမ်းအင်တွေက ချက်ချင်းဆိုသလို ပိုင်ရှင်မဲ့ ဖြစ်သွားလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းက အခွင့်အရေးကို အသုံးချပြီး ငါ့စွမ်းအင်တွေကို နေရာယူလိုက်ရုံပဲ။ ဆိုလိုတာက မင်းက ငါ့စွမ်းအင်တွေကို လုယူရမှာ..."

ထိုစကားကြောင့် တုပိုင် မအံ့သြဘဲ မနေနိုင်တော့ချေ။

အိပ်မက်ဆိုးဧကရာဇ်က တုပိုင်၏ ခန္ဓာကိုယ်ကို လုယူမည်မဟုတ်ဘဲ တုပိုင်ကသာ အိပ်မက်ဆိုးဧကရာဇ်၏ စွမ်းအင်များကို လုယူရမည် ဖြစ်သည်။

"ဒါပေမဲ့...။"

"ဒီလိုလုပ်လိုက်ရင် ခင်ဗျား လုံးဝ သေဆုံးသွားပြီး စိတ်ဝိညာဉ်ကလည်း ပြာကျသွားသလို လုံးဝ ပျောက်ကွယ်သွားတော့မှာပေါ့..."

"အင်း...။" မဟာအိပ်မက်ဆိုးက သက်ပြင်းချကာ ဖြေလိုက်၏။ "ငါ အသက်ရှင်ခဲ့ရတာ အရမ်းကို ကြာညောင်းခဲ့ပြီလေ... ပြီးတော့ မျှော်လင့်ချက် ကင်းမဲ့မှုတွေ နာကျင်မှုတွေကြားထဲမှာ အသက်ရှင်ခဲ့ရတာကလည်း အရမ်းကို ကြာလွန်းနေပြီ... သေဆုံးခြင်းဆိုတာ ငါ့အတွက်တော့ လွတ်မြောက်ခြင်းပါပဲ..."

ထိုစကားကြောင့် တုပိုင် ချက်ချင်းပင် လူတစ်ယောက်ကို ပြေးသတိရလိုက်မိ၏။ ထိုသူမှာ မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ပင်။ သူသည်လည်း အရာအားလုံးကို တုပိုင်ထံ ပေးအပ်ခဲ့ပြီးနောက် သူ၏ စိတ်ဝိညာဉ်မှာ အေးချမ်းစွာပင် ထွက်ခွာသွားခဲ့သည် မဟုတ်ပါလော။

"အရှင်မင်းကြီး အိပ်မက်ဆိုး...။" တုပိုင်က မေးလိုက်၏။ "ခင်ဗျားက ရှေ့ဖြစ်ဟောဆရာ တစ်ယောက်လား..."

မဟာအိပ်မက်ဆိုးက ခေါင်းညိတ်သည်။ "ဟုတ်တယ်..."

တုပိုင်က ဆက်မေးလိုက်၏။ "ကျွန်တော် ရောက်လာတာတောင်မှ အနာဂတ် အခြေအနေကို ခင်ဗျား ကောင်းကောင်း မမြင်ရသေးဘူးလား..."

မဟာအိပ်မက်ဆိုးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆိုလာသည်။ "ကောင်းကောင်း မမြင်ရတဲ့အပြင် လုံးဝကို မျှော်လင့်ချက် ကင်းမဲ့နေသလိုပဲ..."

"ဘာဖြစ်လို့လဲ... ရန်သူက အရမ်း အစွမ်းထက်နေလို့လား..."

ဤတစ်ကြိမ်၌မူ မဟာအိပ်မက်ဆိုးက ပို၍ပင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက်မှ ပြန်ဖြေလာသည်။ "မဟုတ်ဘူး... မင်းကြောင့်ပဲ..."

ထိုစဉ် ရုတ်တရက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ လှုပ်ခတ်ကာ လိမ်ကောက်သွားတော့၏။

"ငါ ဆက်ပြောလို့ မရတော့ဘူး..." မဟာအိပ်မက်ဆိုးက ဆိုသည်။ "အခုလေးတင် ငါ ပြောလိုက်တဲ့ စကားတစ်ခွန်းကတောင် သေချာမှုမရှိတဲ့ အနာဂတ် အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားစေပြီ..."

"အဆွေတော် တုပိုင်...။" မဟာအိပ်မက်ဆိုးက ဆက်ပြောသည်။ "ငါ မင်းကို တစ်ခုပဲ ပြောချင်တယ်... မင်းက ဒီလောကကြီးကို ဘာမှ အကြွေးတင်မနေဘူး။ ဒါကြောင့် ဘယ်လို ရွေးချယ်မှုမျိုးကိုပဲ လုပ်လုပ် စိတ်အေးအေးထားပါ... ဒါ့အပြင် မင်းက ငါ့ရဲ့ စွမ်းအင် အမွေအနှစ်တွေ အားလုံးကို ရသွားရင်တောင် ကံကြမ္မာ မိစ္ဆာနယ်စားကြီးရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ မသေချာသေးဘူး။ မင်း သူ့ကို လုံးဝ အနိုင်ယူပြီး တစ်ကွက်တည်းနဲ့ သတ်ပစ်ချင်တယ်ဆိုရင် သူ့အိမ်ကို သွားမှ ရလိမ့်မယ်။ သူ့အိမ်လိပ်စာက အံဆွဲထဲက စာရွက်ပေါ်မှာ ရှိတယ်။ သူ့အိမ်မှာဆိုရင်တော့ ကျောက်ယန်ဖိန်ရဲ့ ကံကြမ္မာ လမ်းကြောင်းကို ရှာတွေ့ပြီး သူ့ကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်..."

တုပိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ..."

"ဒါဆို ပြင်ဆင်ထားလိုက်တော့...။" အိပ်မက်ဆိုးဧကရာဇ်က သတိပေးလိုက်သည်။ "ငါ့ရဲ့ စိတ်ဝိညာဉ်ကို စပြီး ဖျက်ဆီးတော့မယ်... ငါ့စိတ်ဝိညာဉ် ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ ငါ့ရဲ့ စွမ်းအင်တွေက စတင်ပြီး ပြန့်ကျဲပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအခါကျရင် မင်းက အမြန်ဆုံး ငါ့စွမ်းအင်တွေကို လုယူပြီး နေရာယူရမယ်။ ပြီးတာနဲ့ အပြည့်အဝ ပေါင်းစပ်မှုကို အပြီးသတ်ရလိမ့်မယ်..."

ထိုအချိန်လေးအတွင်း တုပိုင်အနေဖြင့် တစ်စက္ကန့်လေးပင် နောက်ကျသွားပါက အလွန်တရာ များပြားလှသည့် စွမ်းအင်များမှာ အချည်းနှီး လွင့်စဉ်ပျောက်ကွယ်သွားကြပေလိမ့်မည်။

အိပ်မက်ဆိုးဧကရာဇ်မှာ အလွန်တရာ အစွမ်းထက်လွန်းလှရာ ရုပ်ခန္ဓာ ဆုံးရှုံးသွားသည့်တိုင် သူ၏ ပြိုင်ဘက်ကင်း စွမ်းအင်များဖြင့် ရုပ်လုံးတစ်ခုအဖြစ် ပုံဖော်နိုင်စွမ်း ရှိနေဆဲပင်။

"သုံး..."

"နှစ်..."

"တစ်..."

ရေတွက်သံ အဆုံးသတ်သွားသည်နှင့် မဟာအိပ်မက်ဆိုးက သူ၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ရာ လုံးဝ ပြာကျပျောက်ကွယ်သွားတော့သည်။ သူ၏ အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်ထုကြီးမှာလည်း ချက်ချင်းပင် ပိုင်ရှင်မဲ့ ဖြစ်သွားရတော့၏။

တစ်စက္ကန်၏ တစ်ထောင်ပုံ တစ်ပုံပင် မပြည့်လိုက်သည့် အချိန်လေးအတွင်းမှာပင် တုပိုင်၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာက ထိုအစွမ်းထက်လှသည့် စွမ်းအင်ထုကြီးကို တိုက်ရိုက် နေရာယူလိုက်သည်။ ခန္ဓာကိုယ်ကို လုယူခြင်းလော။ နေရာယူခြင်းလော။ ချက်ချင်းဆိုသလိုပင် ထို အလွန်အားကောင်းလှသည့် စွမ်းအင်ထုကြီးတို့သည် တုပိုင်၏ စိတ်ဝိညာဉ် ၊ ရုပ်ခန္ဓာတို့နှင့် အပြည့်အဝ ပေါင်းစပ်သွားလေတော့၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး" တုပိုင်၏ ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သည့် စွမ်းအင်ပေါက်ကွဲမှုများ စတင်လာ၏။ တစ်ချိန်တည်းမှာပင် အပြင်ဘက် လောကကြီး တစ်ခုလုံးတွင်လည်း ကြီးမားသော ပေါက်ကွဲမှုကြီးများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ အသံလုံးဝ ထွက်ပေါ်ခြင်း မရှိသည့် အသံတိတ် မဟာပေါက်ကွဲမှုကြီးတစ်ခုပင်။

စာသင်ခန်းကို ဗဟိုပြု၍ ကီလိုမီတာ ဆယ်နှင့်ချီ ကျယ်ဝန်းသော ပတ်ဝန်းကျင် တစ်ခွင်လုံး၌ တောက်ပသော အလင်းတန်းကြီးများ ထွက်ပေါ်လာကြသည်။

ကောင်းကင်ကြီးမှာလည်း အကြိမ်ကြိမ်အခါခါ လင်းထိန်သွားရ၏။ ထို့နောက် စာသင်ခန်းထဲရှိ စာသင်ခုံများနှင့် ကုလားထိုင်များ အားလုံးမှာ လုံးဝ ပျောက်ကွယ်သွားတော့ပြီး နံရံများနှင့် ကြမ်းပြင်များမှာလည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

အဆုံး၌မူ နင်းဟိုင် အထက်တန်းကျောင်း အမှတ် ၁ တစ်ခုလုံးရှိ အဆောက်အအုံများ ပြာကျသွားလေတော့ပြီး ဧက ၁၀၀ ကျော် ကျယ်ဝန်းသော မြေပြင်ပေါ်ရှိ အဆောက်အအုံ အားလုံးမှာ လုံးဝ ဖျက်ဆီးခံလိုက်ရတော့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ မြင်ကွင်းမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလွန်းလှပြီး အင်မတန် အံ့မခန်းဖွယ်လည်း ကောင်းလှသည်။

ဤသည်မှာ တုပိုင်နှင့် အိပ်မက်ဆိုးဧကရာဇ်တို့ ပေါင်းစပ်သွားချိန်တွင် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်ရိုက်ခတ်မှုကြီးပင် ဖြစ်၏။

ကျောင်းတစ်ခုလုံးမျှသာ မကသေးချေ။ ကျောင်းနှင့် မီတာရာဂဏန်းခန့် ကွာဝေးသည့် နေရာရှိ မီတာ ၇၀၀ ကျော် ရှည်လျားသည့် တံတားကြီးတစ်စင်းမှာလည်း ချက်ချင်းပင် ပြိုကျသွားရသည်။ ထိုဖြစ်စဥ်မှာလည်း မည်သည့် လက္ခဏာမျှ မပြသလို မည်သည့်အသံမျှလည်း ထွက်ပေါ်မလာချေ။ လေထဲ၌ လုံးဝ ပျောက်ကွယ်သွားခြင်းသာ ဖြစ်၏။

ပတ်လည် မီတာရာဂဏန်းခန့်အတွင်းရှိ အိမ်များအားလုံးမှာလည်း ရုတ်တရက် အောက်သို့ ကျွံကျသွားပြီးနောက် တိုက်ရိုက် ပြိုကျသွားကြရသည်။ ဤသည်မှာ ဖျက်ဆီးသူအဆင့်၏ စွမ်းအားပင်။

အရာအားလုံးဖြစ်ပျက်နေသည့် အချိန်မှာပင် တုပိုင်၏ စိတ်ထဲ၌ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး အသိမရှိတော့ပေ။

**--**--**--**--**--**--**--**

အချိန် မည်မျှကြာသွားသည်နည်း။ မသိချေ။ ရုတ်တရက် တုပိုင်၏ အသိစိတ်ပြန်ဝင်လာ၏။

ထို့နောက် ကီလိုမီတာဝက်ခန့် ပတ်လည်အတွင်းရှိ အရာအားလုံး ပျောက်ကွယ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။

ထို့နောက် တုပိုင်၏ အသိစိတ်က ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ထွက်ခွာသွားပြီး သူ၏ ရုပ်ခန္ဓာကို လေထဲမှနေ၍ ငုံ့ကြည့်လိုက်၏။

များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ ရုပ်ခန္ဓာမှာ အိပ်မက်ဆိုးဧကရာဇ်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခြင်း မရှိသည့်အပြင် နဂါးသွေးတိုက်ကြီးမှ လူသားတစ်ယောက်၏ ပုံပန်းသဏ္ဌာန်မျိုးပင် ရှိမနေချေ။

တုပိုင်သည် တုပိုင် ဖြစ်နေဆဲပင်။ သို့သော် သူသည် အိပ်မက်ဆိုးဧကရာဇ်၏ စွမ်းအားများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ရရှိလိုက်လေပြီ။

ဆဋ္ဌမအဆင့် သိုင်းသူတော်စင်အဆင့်မှ ဖျက်ဆီးသူအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခြင်းပင်။ ငရဲနယ်ပယ် ၊ နိဗ္ဗာန်အဆင့် ၊ သံသရာအဆင့်တို့ကို ကျော်လွန်သွားပြီ ဖြစ်လေ၏။ သူ၏ ယခင် ကျင့်ကြံခြင်းအဆင့်မှာ ထိုက်ခန်ဧကရာဇ် လီရှောင်ချန်ထက် များစွာ နိမ့်ကျခဲ့သော်လည်း ယခုအခါတွင်မူ လီရှောင်ချန်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။

တုပိုင် ဟာလာဟင်းလင်း ဖြစ်နေသည့် မြေပြင်ကို ကြည့်လိုက်ပြီး သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ အလွန်တရာ အစွမ်းထက်လှသည့် စွမ်းအားများကို စုစည်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သည့် ဖုန်မှုန့်များ စတင် စုစည်းလာပြီး ပြန်လည် ဖွဲ့စည်းလာ၏။

ထို့နောက် ၅ ထပ် အမြင့်ရှိသော စာသင်ဆောင်ကြီးတစ်ခု မြေပြင်ပေါ်တွင် ပြန်ပေါ်လာပြီး ယခင်အဆောက်အအုံ၏ တည်ဆောက်ပုံနှင့် လုံးဝနီးပါး တူညီနေသည်။

ကွာခြားသွားသည်မှာ အဆောက်အအုံကို ကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ မရေမတွက်နိုင်အောင် များပြားလှသည့် ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ကာ တုပိုင်၏ စွမ်းအားများဖြင့် ထိန်းချုပ်ထားခြင်းပင်။

တုပိုင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ၅ ထပ် စာသင်ဆောင်ကြီးမှာ ထပ်မံ ပြိုကျသွားပြီး မြေပြင်ပေါ်မှ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြန်သည်။

ဖျက်ဆီးသူအဆင့်၏ စွမ်းအားတို့မှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိနေလေ၏။

အိပ်မက်ဆိုးဧကရာဇ်မှာလည်း လုံးဝ ပျောက်ကွယ်သွားလေပြီ။ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့မှာ လောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားလေပြီ။

"အရှင်မင်းကြီး အိပ်မက်ဆိုး...။" တုပိုင်က အရပ်လေးမျက်နှာသို့ လှည့်ကာ အရိုအသေပေး ဦးညွှတ်လိုက်ပြီး ဆိုလိုက်သည်။ "ကောင်းရာမွန်ရာကို ရောက်ပါ​စေ"

တကယ်တမ်း၌မူ အိပ်မက်ဆိုးဧကရာဇ်မှာ မည်သည့် သုဂတိဘုံကိုမှ သွားနိုင်မည် မဟုတ်ချေ။ အကြောင်းမူကား သူ၏ ဝိညာဉ်ပင် မရှိတော့သောကြောင့်ပင်။

"ကျွန်တော် ခင်ဗျားရဲ့ အမွေအနှစ်တွေကို ဆက်ခံပြီး...။" တုပိုင်က သစ္စာဆိုလိုက်၏။ "တိုက်ပွဲမှာ အသက်ပေးရမယ့်တိုင် ဒီကမ္ဘာကြီးကို ကယ်တင်မယ်... လူ့ယဉ်ကျေးမှုကို ကယ်တင်ပါ့မယ်..."

**--**--**--**--**--**--**--**

"ဒီလောကကြီးက တကယ်ကို မတရားဘူးပဲ...။" အချိန်အတော်ကြာပြီးနောက် ဘုရင်မမိုဟန်၏ အသံ ထွက်ပေါ်လာပြီး ဆိုလာသည်။ "ငါက မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်ကို ရောက်ဖို့ အနှစ်ဆယ်ကျော်လောက် ဝါးမျိုခဲ့ရတာ။ နင်ကျတော့ နာရီအနည်းငယ်ပဲ အချိန်ပေးလိုက်ရုံနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ထက် အများကြီးကို ကျော်လွန်သွားခဲ့ပြီလေ..."

တုပိုင် သူမအား ဘာမှပြန်မပြောချေ။

"ဒါ့အပြင် အခု ငါက ကျင့်ကြံခြင်းအဆင့်တွေ အားလုံးကို ဆုံးရှုံးသွားပေမဲ့ နင်ကတော့ အရမ်းကို အစွမ်းထက်လာပြီ...။" ဘုရင်မမိုဟန်က ဆက်ပြောသည်။ "ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဆိုတာ တကယ် မရှိဘူးပဲ... ဘာဖြစ်လို့ မဟာအိပ်မက်ဆိုးက ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါ့ကို မပေးဘဲ နင့်ကို ပေးရတာလဲ..."

တုပိုင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ဖုန်မှုန့်များမှာ ရုတ်တရက် စုစည်းသွားပြီး လှပသော ပုံရိပ်လေးတစ်ခုအဖြစ် ဖန်တီးပေါ်ထွက်လာတော့သည်။ ထိုသည်မှာ မိုဟန်၏ ရုပ်ခန္ဓာပင်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၅ + ၁၀၂၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters