အခန်း (၁၀၂၇-၁၀၂၈)
Vol. 102 Ch. 1027-1028
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၇ + ၁၀၂၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
"မိုဟန်...။" တုပိုင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ "ငါ မင်းကို အချက်နှစ်ချက် ပြောမယ်... ပထမအချက်က ကောင်းကင်ပေါ်ကနေ အလကားကျလာမယ့် အခွင့်အရေးဆိုတာ မရှိဘူး... အရာအားလုံးမှာ ပေးဆပ်ရတဲ့ တန်ဖိုးဆိုတာ ရှိတယ်... ဒုတိယအချက်က တစ်နေ့ကျရင် မင်း အရမ်းအစွမ်းထက်လာလိမ့်မယ်... မင်းထင်ထားတာထက်ကို ပိုပြီး စွမ်းလာလိမ့်မယ်..."
"တကယ်လား...။" ဘုရင်မမိုဟန်က ချက်ချင်းပင် ပြန်ပြောလိုက်၏။ "ဒါဆိုရင်တော့ ငါ နင့်ကို ယုံလိုက်မယ်... တကယ်လို့ နင် ငါ့ကို လိမ်ရဲရင်တော့ နင့်ကို ငါ သတ်ပစ်မယ်..."
"ဟားဟား။" တုပိုင်က ပြုံးကာ ဆိုလိုက်၏။ "အဲဒီနေ့ ရောက်လာရင်တော့ မင်းကို ငါစီးမှာနော်..."
"ဟင်...။" ဘုရင်မမိုဟန်၏ မျက်နှာလေးမှာ ဖြူလျော်သွားရသည်။ "ငါက နင့်ဘေးမှာ အိပ်ပေးရမှာလား..."
"စီးမယ်လို့ ပြောတာ...။" တုပိုင် စိတ်လေဟန်ဖြင့် မျက်လုံးလှိမ့်လိုက်သည်။ "အိပ်ခိုင်းတာ မဟုတ်ဘူး..."
"အဲဒါဆိုလည်း ရပါတယ်လေ...။" ဘုရင်မမိုဟန်က ခေါင်းတစ်ညိတ်ညိတ်ဖြင့် ဆိုလာသည်။ "နင့်ဘေးမှာ အိပ်ပေးရတာ မဟုတ်ရင် ပြီးတာပဲ..."
လက်ရှိအချိန်၌ ကျောက်ယန်ဖိန်နှင့် တိုက်ခိုက်ရန် သဘောတူထားသည့် ၄၈ နာရီ ပြည့်ရန် ၂၁ နာရီခန့်သာ လိုတော့၏။
တုပိုင် စိတ်အာရုံပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကျောပြင်မှ ကြီးမားလှသည့် အတောင်ပံကြီး တစ်စုံက ရုတ်တရက် ဖြန့်ကြက်ထွက်ပေါ်လာသည်။ တုပိုင်မှာ အိပ်မက်ဆိုးဧကရာဇ်၏ စွမ်းအား ၉၀ ရာခိုင်နှုန်းကိုသာမက လေဟုန်စီးအတောင်ပံတစ်စုံကိုပါ အမွေရရှိခဲ့ခြင်းပင်။
ထိုသို့ဖြင့် တုပိုင်တစ်ယောက် အလွန်တရာ မြန်ဆန်လှသည့် အရှိန်အဟုန်ဖြင့် ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းသွားလိုက်တော့သည်။ နောက်ဆုံးတွင်တော့ သူ လေဟုန်ကိုခွဲ၍ ပျံသန်းနိုင်ခဲ့လေပြီ။
"မိုဟန်...။" ပျံသန်းနေရင်း တုပိုင်က မေးလိုက်၏။ "ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ခွေးကောင်ကျောက်နဲ့ ယှဉ်ရင် ဘယ်လောက် အနေအထားမှာရှိလဲ..."
"အင်း...။" ဘုရင်မမိုဟန်က အနည်းငယ် စဉ်းစားကာ ဖြေလာသည်။ "နင်က သူ့အောက်မှာပဲ ရှိနေသေးတယ်... အိပ်မက်ဆိုးဧကရာဇ်ရဲ့ အထွတ်အထိပ်အချိန်မှာတောင် ကျောက်ယန်ဖိန်ထက် နည်းနည်းလေး အားနည်းနေခဲ့တာလေ... ပြီးတော့ နင်က သူ့စွမ်းအားရဲ့ ၉၀ ရာခိုင်နှုန်းကိုပဲ ရထားတာဆိုတော့ နင်နဲ့ ကျောက်ယန်ဖိန်ကြားက ကွာဟချက်က အကွာကြီးပဲ..."
သို့သော်လည်း တုပိုင်၌ ယူစရာ မည်သည့် စွမ်းအားအမွေအနှစ်မျှ မရှိတော့ချေ။ ကျောက်ယန်ဖိန်ကို အနိုင်ယူသတ်ဖြတ်နိုင်ရန်အတွက် ခွန်အားသာမက သူ၏ ဉာဏ်စွမ်းဉာဏ်စကိုပါ အားကိုးရမည် ဖြစ်၏။
တုပိုင် အရှေ့ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ တိုက်ရိုက် မသွားသေးဘဲ ကျောက်ယန်ဖိန်၏ အိမ်သို့သာ အရင်သွားလိုက်၏။ ထိုအိမ်မှာ အတော်အသင့် အခြေအနေကောင်းမွန်သေးသည့် ရပ်ကွက်ဟောင်းတစ်ခုအတွင်း၌ တည်ရှိသည်။ ကျောက်ယန်ဖိန်၏ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်မှာ ဆရာမတစ်ဦး ဖြစ်၏။ သူသည် ချမ်းသာကြွယ်ဝသူ တစ်ယောက် မဟုတ်ခဲ့သော်လည်း သင့်တင့်သော မိသားစုနောက်ခံ ရှိသူတစ်ယောက် ဖြစ်သည်။ မချမ်းသာသော်လည်း သက်တောင့်သက်သာ နေနိုင် စားနိုင်သည့် အတန်းအစားထဲ၌ ပါ၏။
တုပိုင် တည်ငြိမ်စွာဖြင့်ပင် ခွေးကောင်ကျောက်၏ အိမ်ထဲသို့ ဝင်ကာ ကျောက်ယန်ဖိန်၏ ကံကြမ္မာလမ်းကြောင်းကို ဖတ်ရှုလေ့လာလိုက်သည်။ လုံးဝကို ကြက်သီးထဖွယ် ကောင်းလှသည့် ကံကြမ္မာလမ်းကြောင်းတစ်ခုပင်။
သို့သော် ကျောက်ယန်ဖိန်၏ ဤကံကြမ္မာလမ်းကြောင်းကတုပိုင်အား သူ၏ အဆုံးအဖြတ်တိုက်ကွက်ကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့၏။
တုပိုင် တံခါးကို ဆွဲပိတ်လိုက်ပြီးနောက် ကျောက်ယန်ဖိန်၏ ကံကြမ္မာလမ်းကြောင်းကို ထိုအိပ်ခန်းနှစ်ခန်းပါ အိမ်အိုလေးထဲ၌ လုံးဝ ပိတ်လှောင်ထားရစ်ခဲ့လိုက်သည်။ ထို့နောက် သူ၏ အတောင်ပံများကို ဖြန့်ကြက်ကာ အရှေ့ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဦးတည်လိုက်တော့၏။
**--**--**--**--**--**--**--**
တုပိုင် အဆုံးအစမဲ့ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးပေါ်၌ ပျံသန်းလျက် ရှိနေသည်။ ပင်လယ်ပြင်ကြီးတွင် ငါးတစ်ကောင် ၊ ငှက်တစ်ကောင် မရှိဘဲ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပင်လယ်ရေပြင်မှာလည်း အပြာရောင် မဟုတ်ဘဲ ဝမ်းနည်းစရာ မီးခိုးရောင် ဖြစ်နေ၏။
နာရီအနည်းငယ်အတွင်းမှာပင် တုပိုင် ကီလိုမီတာ ၅၀၀၀ ကျော်အား ဖြတ်သန်းလာခဲ့သည်။
ရုတ်တရက် တုပိုင် ရပ်တန့်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်အထက်၌ မီတာသောင်းနှင့်ချီ ကျယ်ဝန်းသော ဧရာမ ရေဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။
ထိုရေဝဲကတော့ကြီး၏ အောက်ဘက်၌ မှော်ဆန်လှသည့် အဆောက်အအုံများမှာ ဝိုးတဝါး ထွက်ပေါ်နေလျက် ရှိနေသည်။ ထိုသည်မှာ ကျောက်ယန်ဖိန်၏ အသိုက်အမြုံဖြစ်သော ကံကြမ္မာနန်းတော်ကြီးပင်။ ကျောက်ယန်ဖိန် သတ်မှတ်ထားသော ၄၈ နာရီ ပြည့်ရန် ၁၅ နာရီခန့် လိုသေး၏။
"ကျောက်ယန်ဖိန်...။" တုပိုင်က ရေဝဲကတော့ကြီးအထက်၌ ဝဲပျံနေရင်း အော်ပြောလိုက်၏။ "ငါ ရောက်လာပြီ..."
တုပိုင်၏ အပြောအားသည် ကျယ်လောက်သော်လည်း ကျောက်ယန်ဖိန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။
သို့သော် ပင်လယ်ပြင်ထက်မှ ထိုဧရာမ ရေဝဲကတော့ကြီးကမူ စတင်ကာ ပုံပန်းသဏ္ဌာန် ပြောင်းလဲလာတော့၏။ မိုင်တစ်ရာခန့် ကျယ်ဝန်းသည့် ပင်လယ်ရေပြင်ကြီးထက်၌ ရုတ်တရက် ဧရာမ မိစ္ဆာမျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုမိစ္ဆာမျက်နှာကြီးမှာ အလွန်တရာ အသက်ဝင်လှပြီး အနက်ရောင် ရေလှိုင်းများက လှိမ့်တက်နေကြသည်။
ထိုသည်မှာ ကံကြမ္မာမိစ္ဆာနယ်စားကြီး၏ ကံကြမ္မာနန်းတော်ကြီးပင်။ ကျောက်ယန်ဖိန်သည် အရှေ့ကမ္ဘာတစ်ခြမ်းလုံးကို စိုးမိုးထားသည့် အရှင်သခင်တစ်ပါး ဖြစ်လေ၏။ နန်းတော်ကြီးအတွင်း၌ အလွန် ရှုပ်ထွေးပွေလီလှသော အဆောက်အအုံများ ရှိနေသည်။ ထိုက်ခန်ဧကရာဇ် လီရှောင်ချန်မှာ အရှေ့ဘက်ပြည်ထောင်စု အင်ပါယာ၏ တော်ဝင်နန်းတော်ကို ရုပ်ရှင်ထဲမှ ဂွန်ဒေါကဲ့သို့ အတုခိုးတည်ဆောက်ခဲ့ပြီး ထိုက်ခန်အင်ပါယာ၏ နန်းတော်ကိုလည်း ရေခဲသရဖူခံတပ်နှင့်တူအောင် တည်ဆောက်ခဲ့သေး၏။
သို့သော် မျက်စိရှေ့မှ ကံကြမ္မာနန်းတော်ကြီးမှာမူ စိတ်ဝေဒနာရှင် တစ်ယောက်၏ ပန်ချီကားတစ်ချပ်နှင့် သွားတူနေ၏။ စနစ်တကျ ဖွဲ့စည်းမှုမျှ မရှိဘဲ ခေတ်လွန်ဟန်များဖြင့် ပြည့်နှက်နေသည်။ ခွေးကောင်ကျောက်မှာ ဗန်ဂိုး ၊ ပီကာဆိုနှင့် မိုးနတ်တို့၏ လက်ရာများကို ရူးသွပ်လုမတတ် လေ့လာခဲ့ပုံရ၏။
အချုပ်အားဖြင့်ဆိုရသော် တုပိုင် ကံကြမ္မာနန်းတော်ထဲသို့ ဝင်သွားပြီးနောက် ပထမဆုံး ခံစားလိုက်ရသည်မှာ ခေါင်းမူးဝေခြင်းနှင့် အော့အန်ချင်စိတ်ပင်။
"ဒေါင်... ဒေါင်... ဒေါင်..."
စန္ဒရားတီးခတ်သံများ ထွက်ပေါ်လာ၏။ တီးခတ်မှုအဆင့်အတန်းမှာ အလွန်မြင့်မားနေဆဲဖြစ်ပြီး တုပိုင်ထက်ပင် များစွာ သာလွန်နေသည်။ ထို့အပြင် တုပိုင် မသိသည့် သံစဉ်တစ်ခုဖြစ်ရာ ခွေးကောင်ကျောက်၏ ကိုယ်ပိုင် ဖန်တီးထားသော သံစဉ်တစ်ခုလည်း ဖြစ်နိုင်၏။
ဝတ်စုံအပြည့်ဖြင့် ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်သည် စန္ဒရားတီးခတ်ရင်း သာယာယစ်မူးနေပြီး သူ၏ ဘေး၌မူ အမျိုးသမီးလေးယောက်က ကပြဖျော်ဖြေနေကြသည်။
အန်ဂျလာ ၊ အိန်ဂျယ် ၊ လီဝမ်ဝမ် နှင့် ကျန်းယွီဟန်တို့ပင်။
သို့သော် သူတို့သည် စိတ်ပါလက်ပါ ကပြနေကြခြင်း မဟုတ်ဘဲ လှပသည့် ရုပ်သေးရုပ်လေး လေးရုပ်ကဲ့သို့ ဖြစ်နေ၏။ သူမတို့မှာ ရုပ်သေးရုပ်များကဲ့သို့ ပြုမူနေကြပြီး လှုပ်ရှားမှုတိုင်းမှာ တောင့်တင်းနေကြသည်။ ထိုသို့တိုင်အောင် ထူးဆန်းလှသည့် အလှတရားများဖြင့် ပြည့်နှက်နေကြပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို မမြင်နိုင်သည့် ကြိုးများဖြင့် ဆွဲငင်ထိန်းချုပ်ထားသကဲ့သို့ပင်။
ဂီတသံစဉ်မှာ မရှည်လျားလှပေ။ လေးမိနစ် အကြာ၌ ဖျော်ဖြေမှုမှာ အဆုံးသတ်သွားလေ၏။ အလှကညာ လေးဦး၏ အကမှာလည်း ရုတ်တရက် ရပ်တန့်သွားလေပြီး နေရာ၌ပင် မလှုပ်မယှက် ရပ်နေကြသည်။
"တုပိုင်...။" ကျောက်ယန်ဖိန်က အေးစက်နေသည့် အကြည့်တို့ဖြင့် ဆိုလာသည်။ "ငါ တီးတာ ဘယ်လိုနေလဲ..."
"အင်း...။" တုပိုင်သည်လည်း အေးစက်နေသည့် အကြည့်တို့ဖြင့် ဖြေလိုက်၏။ "အရမ်းကောင်းတယ်... တကယ်ကို ကောင်းတယ်..."
"ချီးလိုပဲ...။" ကျောက်ယန်ဖိန်က အေးစက်စွာ ဆိုလိုက်၏။ "ငါ စန္ဒရားကို နည်းနည်းလေးတောင် သဘောမကျဘူး... ဒါပေမဲ့ ငါ့မိဘတွေက အတင်းအကျပ် သင်ခိုင်းခဲ့တယ်။ စိတ်မပါလို့ပဲ ငါတီးတာက သောက်ရမ်း ဆိုးရွားနေတာ ဖြစ်မယ်...။"
မဟုတ်ချေ။ အမှန်တကယ်၌မူ ကျောက်ယန်ဖိန် တီးခတ်သွားသည်မှာ အလွန်ကောင်းမွန်၏။ သူ၏ ဂီတအဆင့်အတန်းမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
"ငါက ရုပ်ရှင်တွေကို အရမ်းချစ်တယ်...။" ကျောက်ယန်ဖိန်က အတိတ်အား ငေးမောဟန်ဖြင့် ဆိုသည်။ "ငါ့ရဲ့ ပါရမီကလည်း ရုပ်ရှင်ဖန်တီးတဲ့ နေရာမှာပဲ ရှိတာ... တကယ်တော့ ငါ့ရဲ့ လက်ရာမြောက် ရုပ်ရှင်ကား တစ်ကားကို မကြာခင် ရုံတင်တော့မှာလေ... ဒါပေမဲ့ မင်းကြောင့် မတင်လိုက်ရဘူး"
ကျောက်ယန်ဖိန်ပြောနေသည်မှာ ထိုချီးထုပ် ရုပ်ရှင်ကားကြီးပင်။
"မင်း တကယ် ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။" မိနစ်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ကျောက်ယန်ဖိန်က ဆက်ပြောလာသည်။ "သေချာပေါက် သေရမယ်ဆိုတာကို သိရက်နဲ့တောင် မင်း ရောက်လာသေးတယ်... တုပိုင်... မင်းရူးနေပြီလား"
"ဟ" တုပိုင်က ခနဲ့လိုက်၏။ "ငါ အရင်ကထက် ပိုပြီး အစွမ်းထက်လာတာကို မင်းမမြင်ဘူးလား"
"အင်း...။" ထိုအခါ ကျောက်ယန်ဖိန်က အံ့သြသွားလေပြီး တုပိုင်အား အသေအချာ စိုက်ကြည့်ကာ ခေါင်းညိတ်၍ ဆိုလိုက်၏။ "ဟုတ်တယ်... မင်းပိုပြီး အစွမ်းထက်လာတယ်..."
"အိပ်မက်ဆိုးဧကရာဇ်ဆီကလား...။"
"ဟုတ်တယ်...။" တုပိုင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။
"အဲတုန်းက ငါလည်း အရမ်း အံ့သြသွားတာ... သူက အစွမ်းထက်ရဲ့သားနဲ့ ဘာလို့ သတ်ရလွယ်နေတာလဲလို့... ပြီးတော့ အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသားကလည်း လက်နက်ချ အညံ့ခံခဲ့တယ်လေ... အားလုံးက အရမ်းကို လွယ်ကူလွန်းခဲ့တယ်... အခုတော့ ဒါတွေအားလုံးက မင်းအတွက် အမွေချန်ထားပေးခဲ့တာဆိုတာ ရှင်းသွားပြီပေါ့..." ကျောက်ယန်ဖိန်က အေးစက်စွာ ဆိုသည်။
"တကယ်တော့...။" သူက ဆက်ပြော၏။ "ဒါက ခန့်မှန်းရ သိပ်မခက်ပါဘူး... ဒါပေမဲ့ ငါက အနုပညာရှင် တစ်ယောက်လေ... မင်း နားလည်လား... ငါ့မှာ အနုပညာနဲ့ ပတ်သက်ပြီး သန့်ရှင်းစင်ကြယ်မှုကို မြတ်နိုးတဲ့ စွဲလမ်းမှု ရှိတယ်... ငါ မဟာအိပ်မက်ဆိုးကို တစ်ကြိမ် အနိုင်ယူပြီး သူ့ခေါင်းကို ဖြတ်ခဲ့ပြီးပြီ... သူ့ရဲ့အကြွင်းအကျန်တွေကို ကမ္ဘာအနှံ့ လိုက်ရှာပြီး သတ်ပစ်ရမယ်ဆိုရင်တောင် အဲဒီလိုလုပ်ချင်တဲ့ စိတ် ငါ့မှာ တကယ်ကို မရှိတော့ဘူးလေ... ရုပ်ရှင်ကားကောင်း တစ်ကားကို ဖန်တီးဖို့ကလွဲရင် ငါအခြား ဘာမှမလုပ်ချင်တော့ဘူး"
တုပိုင်သည်လည်း ထိုခံစားချက်ကို နားလည်၏။ တစ်ကြိမ် အဆုံးသတ်ပြီးသွားသည့် ကိစ္စကို ထပ်မံ မပတ်သက်ချင်တော့သည့် ခံစားချက်မျိုးပင်။
"တုပိုင်...။"
"မင်းရဲ့ လက်ရှိ အဆင့်က ငါ့အတွက်တော့ စကားထဲတောင် ထည့်မပြောပလောက်ဘူး...။" ကျောက်ယန်ဖိန်က အထင်သေးစွာဖြင့် ဆိုလိုက်၏။ "ငါနဲ့ ယှဉ်ရင် အများကြီး ကွာနေသေးတယ်... မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး... အလွန်ဆုံး မင်းက ဖျက်ဆီးသူအဆင့်ကို အခုမှ ရောက်ရှိသွားတာလေ... ငါကတော့ ဖျက်ဆီးသူအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ..."
"ဟမ့်...။" တုပိုင်က ခနဲ့ကာလိုက်သည်။ "ကြည့်ရသေးတာပေါ့..."
"အင်း...။" ကျောက်ယန်ဖိန်က အောင်နိုင်သူတစ်ဦး၏ အပြုံးဖြင့် ဆိုသည်။ "ငါ့ရဲ့ ကံကြမ္မာနန်းတော်ကြီးကို မင်း ဘယ်လိုမြင်လဲ..."
"အမှိုက်...။" တုပိုင်က မဆိုင်းမတွပင် ပြန်ဖြေလိုက်၏။
"ဟျောင့်... ဘာပြောတယ်...။" ကျောက်ယန်ဖိန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ... မင်း ဘာသိလို့လဲ... မင်း ဘာနားလည်လို့လဲ... ငါက ပါရမီရှင် အနုပညာရှင် တစ်ယောက်ကွ... ငါ့ရဲ့ ကံကြမ္မာနန်းတော်က ခေတ်လွန်ဟန်တွေ အပြည့်နဲ့ တည်ဆောက်ထားတာလေ... အိပ်မက်နဲ့ လက်တွေ့ဘဝရဲ့ ပေါင်းစပ်မှုပဲ... အေးပေါ့... မင်းတို့လို အောက်တန်းစားတွေက ဘာနားလည်မှာလဲ..."
"ကျောက်ယန်ဖိန်...။" တုပိုင် လှောင်ပြောင်ကာ ဆိုလိုက်၏။ "ဟန်ဆောင်မနေစမ်းပါနဲ့... မင်းမှာ ဂီတပါရမီ ရှိတာ မှန်တယ်... ဒါပေမဲ့ အနုပညာနဲ့ ရုပ်ရှင်ဖန်တီးမှု နေရာမှာတော့ လုံးဝကို အသုံးမကျဘူး..."
ထိုစကားကြောင့် ကျောက်ယန်ဖိန်၏ မျက်လုံးများမှာ ပို၍ပင် အေးစက်သွားတော့ပြီး လက်ကို ယမ်းလိုက်ရာ ကျန်းယွီဟန်သည် သူ၏ ရှေ့သို့ ချက်ချင်း စုပ်ယူခံလိုက်ရ၏။
"ဟမ့်...။"
"ငါ့မှာ အနုပညာ ပါရမီ မရှိဘူးပေါ့လေ...။" ကျောက်ယန်ဖိန်က နှစ်တစ်ထောင် ရေခဲသမျှ အေးစက်စွာ ဆိုလိုက်၏။ "အလှတရားကို ခံစားတတ်တဲ့ ပါရမီ မရှိဘူးပေါ့လေ... တုပိုင်... မင်း လုံလောက်တဲ့ အကြောင်းပြချက် တစ်ခု ပေးတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင် မင်းရှေ့မှာတင် ကျန်းယွီဟန်ရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပြီး သူ့တစ်ကိုယ်လုံးက အရေပြားကို ဆုတ်ဖြဲပစ်မယ်... ငါ ပြောတဲ့အတိုင်း တကယ် လုပ်မှာနော်..."
ကျောက်သကောင့်သားသည် လုံးဝကို ရူးသွပ်နေသူ တစ်ယောက် ဖြစ်ရာ ပြောသည့်အတိုင် အမှန်တကယ် လုပ်ပေလိမ့်မည်။ ကျန်းယွီဟန်၏ ဦးရေပြားပေါ်တွင် လက်သည်းများကို ဖိထားပြီးဖြစ်ကာ သူမ၏ အရေပြားကို ထိပ်မှနေ၍ အချိန်မရွေး ဆုတ်ခွာပစ်နိုင်၏။
"ကျောက်ယန်ဖိန်...။" တုပိုင်က မျက်နှာသေဖြင့် ဆိုလိုက်၏။ "တကယ်လို့ ဒီကံကြမ္မာနန်းတော်ကြီးက မင်းပြောသလို တကယ်ပဲ အနုပညာ အလှတရားတွေနဲ့ ပြည့်နှက်နေတယ်ဆိုရင် ဘာဖြစ်လို့ မင်း ကိုယ်တိုင်တောင် ဒီမှာ မနေချင်ရတာလဲ... မင်း အချိန်အများစု နေနေတာက အိပ်မက်ဆိုးအင်ပါယာရဲ့ နန်းတော်တွေထဲမှာလေ... ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက ပိုလှပြီး ပိုသက်သောင့်သက်သာ ရှိတယ်လို့ မင်း ထင်နေလို့ပဲ... ဒီ ကံကြမ္မာနန်းတော်ကျတော့ မင်း ကိုယ်တိုင်တောင် နေရတာကို အန်ချင်နေတာလေ..."
ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် ကျောက်ယန်ဖိန်၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ကျန်းယွီဟန်၏ အရေပြားကို အတင်းအကျပ် ဆုတ်ခွာပစ်လုနီးပါး ဖြစ်သွားတော့၏။ ကျန်းယွီဟန်၏ နဖူးပေါ်မှ သွေးတစ်စက် စီးကျလာသည်။
ကျောက်ယန်ဖိန်သည် အမှန်တကယ်ပင် ဆုတ်ခွာရန် ပြင်လိုက်ခြင်း ဖြစ်၏။ သို့သော် အဆုံး၌ သူ ရပ်သွားသည်။ အကြောင်းမူကား တုပိုင်ပြောလိုက်သည့် စကားများမှာ မှန်ကန်နေပြီး သူ၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိမှန်သွားသောကြောင့်ပင်။ သူသည် ဤနေရာကို အမှန်တကယ် မုန်းတီးပြီး ဤနေရာ၌ လုံးဝ မနေချင်ပေ။
"ကောင်းပြီ...။" ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျောက်ယန်ဖိန်က အေးစက်စွာ ဆိုလိုက်၏။ "အပိုစကားတွေ မပြောကြရအောင်... မင်း ဒီကို ရောက်လာတာ တိုက်ခိုက်ဖို့ပဲမလား..."
သေခြင်းရှင်ခြင်း တိုက်ပွဲပင်။ တစ်ယောက် သေပြီး တစ်ယောက် ရှင်မည်။ သို့မဟုတ် နှစ်ယောက်လုံး သေသွားသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
"တုပိုင်...။" ကျောက်ယန်ဖိန်က သက်ပျင်းချကာ ပြောသည်။ "ဒီတိုက်ပွဲက ပျော်ဖို့မကောင်းဘူး... အိပ်မက်ဆိုးဧကရာဇ်ရဲ့ စွမ်းအင် အမွေအနှစ်တွေကို မင်း ရထားရင်တောင် သေချာပေါက် ရှုံးရမှာပဲ... မင်းကို သတ်ပြီးသွားရင် ငါ ဘာလုပ်မလဲဆိုတာကို မင်း သိလား..."
"အင်း...။" တုပိုင်က ဆိုလိုက်၏။ "ပြောပြလေ..." တကယ်တော့ သူ ကြိုသိပြီးသားပင်။
"ဟီးဟီးဟီး...။" ကျောက်ယန်ဖိန်က မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်ကို ယူပြီး မင်းအဖြစ် ဟန်ဆောင်မလို့... ဒါမှ မင်း နိုင်သွားတယ်လို့ လူတိုင်းက ထင်ကြမှာလေ... ပြီးရင် ငါက ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ်တုပိုင်ရဲ့ ဘဝနဲ့ ဆက်ပြီး အသက်ရှင်သွားမယ်... မင်းရဲ့ ကလေးတွေကို ပြုစုပျိုးထောင်မယ်... မင်းရဲ့ မိန်းမတွေနဲ့ အိပ်မယ်... တွေးလိုက်ရုံနဲ့တင် ငါ အရမ်းကို စိတ်လှုပ်ရှားနေပြီ..."
"ဟားဟားဟား"
တုပိုင်က တိတ်ဆိတ်နေ၏။ ကျောက်ယန်ဖိန်၏ စကားများမှာ အလွန် ယုတ်မာရက်စက်လှသော်လည်း စိတ်ကူးဉာဏ် ကွန့်မြူးနိုင်စွမ်းကမူ အပြည့်ပင်။
"ငါတို့ရဲ့ ပထမဆုံး ပွဲအတွက်...။" ကျောက်ယန်ဖိန်က ဆို၏။ "ငါ စဉ်းစားထားပြီးပြီ... ဒီတိုင်း ချတာက ပျင်းစရာကြီး..."
"တုပိုင် ၁၉၀၀ ဒဏ္ဍာရီ ရုပ်ရှင်ကားကို မင်း ကြည့်ဖူးလား..."
သေချာပေါက်ပင် တုပိုင် ကြည့်ဖူးထားသည်။
"ငါ စန္ဒရားတီးတာကို မုန်းပေမဲ့...။" ကျောက်ယန်ဖိန်က ဆက်ပြော၏။ "အဲဒီရုပ်ရှင်ထဲက ဇာတ်လိုက် မစ္စတာ ၁၉၀၀ က နောက်ဆုံးမှာ တခြားတစ်ယောက်နဲ့ စန္ဒရား ယှဉ်တီးတဲ့ အခန်းက အရမ်းကို ဂန္ထဝင်မြောက်ပြီး အရမ်းမိုက်လွန်းတယ်..."
ထို့နောက် ကျောက်ယန်ဖိန် လက်ကို ဝှေ့ယမ်းလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် တုပိုင်တို့သည် ပင်လယ်ရေပြင်ထက်မှနေ၍ ကောင်းကင်ယံသို့ မြောက်တက်သွားကြ၏။ ခမ်းနားထည်ဝါလှသည့် စန္ဒရားနှစ်လုံးမှာ လေထဲတွင် ရပ်တန့်နေပြီး တစ်ခုနှင့်တစ်ခု မီတာ ၁၀၀၀၀ ခန့် ကွာဝေးလျက် ရှိနေသည်။
ထို့အပြင် ပင်လယ်ရေပြင် တစ်ခုလုံးမှာလည်း မှန်တစ်ချပ်ကဲ့သို့ လုံးဝ ချောမွေ့သွားပြီး အလင်းပြန်ခြင်းလည်း မရှိဘဲ မီးခိုးရောင် ဖြစ်နေ၏။
ကျောက်ယန်ဖိန်က အဖြူရောင် စန္ဒရားရှေ့တွင် ထိုင်လိုက်၏။
တုပိုင်သည်လည်း တည်ငြိမ်စွာဖြင့်ပင် အနက်ရောင် စန္ဒရားရှေ့၌ ထိုင်လိုက်သည်။
**--**--**--**--**--**--**--**
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၇ + ၁၀၂၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
[တစ်ကြိမ် အဆုံးသတ်ပြီးသွားသည့် ကိစ္စကို ထပ်မံ မပတ်သက်ချင်တော့သည့် ခံစားချက်မျိုးပင်။]
ရည်းစားဟောင်းကို အများကြီး လွမ်းတယ်။ အများကြီး ပြောပြမတတ်လည်း ချစ်သေးတယ်။ ဒါပေမဲ့ ပြန်တွဲမလား ဆိုရင်တော့ နိုးပါ။