← Chapters

အခန်း (၁၀၂၉-၁၀၃၀)

Vol. 102 Ch. 1029-1030

အခန်း (၁၀၂၉-၁၀၃၀)

Vol. 102 Ch. 1029-1030

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၉ + ၁၀၃၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"စန္ဒရားတီးပြီး တိုက်ခိုက်ကြည့်ကြမလား" ကျောက်ယန်ဖိန်က စိန်ခေါ်သည့်ဟန်ဖြင့် ပြောလာသည်။ "ငါတို့ရဲ့ စွမ်းအားတွေကို စန္ဒရားသံစဉ်ထဲ ထည့်ပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြတာပေါ့"

ရုတ်တရက် တုပိုင်၏ ခေါင်းထဲ၌ ရုပ်ရှင်တစ်ကားထဲမှ မျက်မမြင် စန္ဒရားဆရာနှစ်ဦးက စန္ဒရားသံစဉ်ကို ဓားပျံများအဖြစ် အသွင်ပြောင်းကာ တိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းကို အမှတ်ရသွားမိသည်။

နှမြောဖွယ် ကောင်းသည်မှာ ထိုကဲ့သို့ စိတ်သဘောထားချင်း တိုက်ဆိုင်သော ရန်သူမျိုးကို သူ ဘယ်အရပ်၌ သွားရှာရမည်နည်း။

"ကောင်းပြီလေ" တုပိုင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

ကျောက်ယန်ဖိန်မှာ အနည်းငယ် စဉ်းစားဟန်ပြုလိုက်ပြီးနောက် စန္ဒရားကို စတင်တီးခတ်လိုက်သည်။

ထွက်ပေါ်လာသော သံစဉ်မှာ ခမ်းနားထည်ဝါလှသကဲ့သို့ အလွန်တရာ ကြေကွဲဝမ်းနည်းဖွယ်လည်း ကောင်းနေသည်။ မျှော်လင့်ချက်မဲ့နေမှုထဲမှ မျှော်လင့်ချက်ကို ရှာဖွေနေခြင်း၊ အမှောင်ထုထဲမှ အလင်းရောင်ကို ရှာဖွေနေခြင်းကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ကျောက်ယန်ဖိန်၏ တီးခတ်မှုစွမ်းရည်မှာ အလွန်တရာ မြင့်မားလှသည်။

ထို့အပြင် သူသည် ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားများအားလုံးကို စန္ဒရားသံစဉ်ထဲ၌ အပြည့်အဝ ထည့်သွင်းထားပြီး တုပိုင်အား သတ်ဖြတ်ရန် ဦးတည်လိုက်၏။

တုပိုင်သည်လည်း စတင် တီးခတ်လိုက်သည်။

ခွန်အားချင်း ယှဉ်မည်ဆိုလျှင် သူသည် ကျောက်ယန်ဖိန်ကို သေချာပေါက် ယှဉ်နိုင်မည်မဟုတ်ရာ အမြန်နှုန်းကို အသုံးပြု၍ အနှေးကို အနိုင်ယူရန်သာ ရှိတော့၏။

သူ တီးခတ်လိုက်သည့် ခရိုအေးရှား ရက်ပ်ဆိုဒီဂီတသံစဉ်မှာ အလွန်တရာ မြန်ဆန်လှသည်။ တုပိုင်၏ တီးခတ်မှုစွမ်းရည်မှာလည်း အလွန် မြင့်မားလှ၏။ သို့သော် ကျောက်ယန်ဖိန်နှင့် ယှဉ်လျှင်မူ တစ်ဆင့် နိမ့်ကျနေဆဲပင်။

ထို့အတူ သိုင်းပညာစွမ်းရည်တွင်လည်း ကျောက်ယန်ဖိန်အောက် တစ်ဆင့် နိမ့်ကျနေသေးသည်။ ထိုသို့တိုင်အောင် အမြန်နှုန်းဖြင့် အနှေးကို ယှဉ်ပြိုင်တီးခတ်နေမှုကြောင့် သရေကျရုံ တောင့်ခံထားနိုင်သေးသည်။

သူတို့နှစ်ဦးသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည့် ခွန်အားများကို စန္ဒရားသံစဉ်များထဲ၌ ကိန်းအောင်းစေပြီး ပြိုင်ဘက်ဆီသို့ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် တိုးဝင်သွားစေလိုက်ကြ၏။

စွမ်းအားနှစ်ခုမှာ လေထဲ၌ ပြင်းထန်စွာ ရိုက်ခတ်သွားကြပြီး သူတို့နှစ်ဦးကြားရှိ ပင်လယ်ရေပြင်ကြီးမှာလည်ယ မျက်စိတစ်မှိတ်အတွင်းမှာပင် ပွက်ပွက်ဆူလာတော့သည်။

မီတာတစ်သောင်းခန့် ကျယ်ဝန်းလှသည့် ပင်လယ်ရေပြင်ကြီးမှာ အလွန်တရာ ခမ်းနားကြီးကျယ်လှသည့် ရေပန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သောင်းနှင့်ချီ၊ သိန်းနှင့်ချီသည့် ရေတိုင်ကြီးများက ကောင်းကင်ယံဆီသို့ မီတာရာနှင့်ချီ၍ ထိုးတက်သွားကြသည်။

သို့သော် ထိုရေတိုင်ကြီးများမှာ အောက်သို့ ပြန်လည်မကျဆင်းလာမီမှာပင် ရုတ်တရက် အငွေ့ပျံ ပျောက်ကွယ်သွားကြလေ၏။

မကြာမီမှာပင် ကျောက်ယန်ဖိန်က သူ၏ သံစဉ်ကို ပြောင်းလဲလိုက်သည်။

ဤသည်မှာ သူ၏ တတိယမြောက် သံစဉ်ပင် ဖြစ်သည်။

တုပိုင်သည်လည်း ချက်ချင်းပင် လိုက်၍ ပြောင်းလဲတီးခတ်လိုက်၏။

ကျောက်ယန်ဖိန် ပြောင်းလဲတီးခတ်လိုက်သည်မှာ မျှော်လင့်ချက်မဲ့ခြင်း သံစဉ်တစ်ခု ဖြစ်သည်။

ယခင်သံစဉ်က အမှောင်ထုနှင့် မျှော်လင့်ချက်မဲ့ခြင်းများကြား၌ မျှော်လင့်ချက်ရောင်ခြည် အနည်းငယ် ပါဝင်နေသေးသည်ဆိုလျှင် ယခုသံစဉ်ကမူ လုံးဝကို အမှောင်ဖုံးကာ မျှော်လင့်ချက် ကင်းမဲ့နေခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးကြားရှိ ပင်လယ်ရေပြင်ကြီးမှာ လုံးဝ မှောင်မိုက်သွားတော့၏။

မရေမတွက်နိုင်သော ပင်လယ်ရေများမှာ ချက်ချင်းပင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဒေါသတကြီး လှိမ့်တက်လာကာ အနက်ရောင်ရေလှိုင်းလုံးကြီးများအဖြစ် တုပိုင်ဆီသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။

တုပိုင်သည်လည်း ချက်ချင်းပင် ပြန်လည်တီးခတ်ကာ ခုခံလိုက်၏။ ဤသံစဉ်မှာ အသံဖြင့် သီဆိုရသော အီတလီ ရိုးရာတေးသီချင်းတစ်ပုဒ် ဖြစ်သောကြောင့် စန္ဒရားဖြင့် တီးခတ်ရန် အလွန် ခက်ခဲလှသည်။

သို့သော် ကျောက်ယန်ဖိန်၏ အမှောင်မိစ္ဆာသံစဉ်ကို ခုခံတိုက်ခိုက်ရန်အတွက် နေမင်းကြီး၏ အလင်းရောင်ကို အသုံးပြု၍ မောင်းထုတ်ရန်သာ ရှိတော့၏။

တုပိုင်၏ စန္ဒရားသံစဉ်နှင့်အတူ အလွန် အစွမ်းထက်လှသော ရွှေဝါရောင် စွမ်းအင်ရောင်ခြည်တန်းများစွာ အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ကျောက်ယန်ဖိန်၏ သံစဉ်ကြောင့် ဖြစ်ပေါ်လာသော အနက်ရောင် ရေလှိုင်းလုံးကြီးများမှာ နေရောင်ခြည်ဖြင့် အမှောင်ထုကို မောင်းထုတ်လိုက်သကဲ့သို့ လုံးဝ အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရတော့၏။

ကျောက်ယန်ဖိန်က နောက်ထပ် သံစဉ်တစ်ခုသို့ ထပ်မံ ပြောင်းလဲတီးခတ်လိုက်ပြန်သည်။

ဤသံစဉ်မှာ တုပိုင် တစ်ခါမှ မကြားဖူးခဲ့သော သံစဉ်ဖြစ်ပြီး ကျောက်ယန်ဖိန် ကိုယ်တိုင် ဖန်တီးထားသော သံစဉ်တစ်ခုပင်။

စတင် တီးခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်တစ်ခွင်လုံး မှောင်မိုက်သွားတော့သည်။ ထို့နောက် ကောင်းကင်ယံထက်မှ အနက်ရောင်နှင်းပွင့်များ လွင့်ဝဲကျဆင်းလာ၏။

တုပိုင် သူ၏ ဘဝ၌ အပြာရောင်နှင်း၊ အဖြူရောင်နှင်းနှင့် သွေးရောင်လွှမ်းသော နှင်းများကို မြင်ဖူးခဲ့သော်လည်း အနက်ရောင်နှင်းများကိုမူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အချိန်အနည်းငယ် ကြာပြီးနောက် မီတာသောင်းနှင့်ချီ ကျယ်ဝန်းသော ပင်လယ်ရေပြင်ကြီးမှာ လုံးဝ အေးခဲသွားတော့၏။ ပင်လယ်ပြင်ကြီး တစ်ခုလုံး ရေခဲတုံးကြီးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

အဆုံးအစမဲ့သော အမှောင်ထုနှင့် အဆုံးအစမဲ့သော မျှော်လင့်ချက်ကင်းမဲ့ခြင်း စွမ်းအားများက ရူးသွပ်စွာ ရိုက်ခတ်လာ၏။ ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင် ရေခဲများက မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်အား လုံးဝ ဝန်းရံပိတ်လှောင်သွားတော့သည်။

အပူချိန်မှာ အလွန်တရာ အေးခဲသွားပြီး ထိုရေခဲများက တုပိုင်၏ အသက်စွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုစားသောက်နေကြ၏။

တစ်ချိန်တည်းမှာပင် တုပိုင်သည်လည်း ရူးသွပ်နေသူ တစ်ယောက်အလား ဆက်လက် တီးခတ်နေဆဲပင်။ တီးခတ်နေရုံသာမက သူ၏ ဝိညာဉ်ဖြင့်ပါ ပေါင်းစပ်၍ သီဆိုနေလျက် ရှိသည်။

"ဝုန်းးး" မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်ထံမှ မီးတောက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ တုပိုင်၏ တစ်ကိုယ်လုံးသာမက သူ၏ စန္ဒရားပါ မီးလောင်ကျွမ်းနေလာသည်။ ထို့နောက် ထိုမီးတောက်မှာ ပင်လယ်ပြင်တစ်ခုလုံးရှိ ရေခဲများကိုပါ ကူးစက်လောင်ကျွမ်းသွားစေတော့၏။

မီးလျှံများနှင့် အလင်းရောင်များက မျှော်လင့်ချက်မဲ့ခြင်းနှင့် သေမင်းတမန်စွမ်းအင်များကို မောင်းထုတ်လိုက်ပြီး တုပိုင် ပြန်လည် လွတ်မြောက်လာလေ၏။

ကျောက်ယန်ဖိန် မျက်မှောင်ကြုတ်သွားသည်။

"ဒေါင်" လက်ချောင်းဖြင့် စန္ဒရားခလုတ်ကို ခေါက်ကာ တီးခတ်လိုက်၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံမှာ အလွန်တရာ ထက်မြက်လှသည့် အနက်ရောင် မြှားတစ်စင်းအလားပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ယန်ဖိန်၏ စန္ဒရားမှာ ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် တုပိုင်၏ စန္ဒရားသည်လည်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

သူတို့နှစ်ဦးကြားရှိ စန္ဒရားယှဉ်ပြိုင်မှုမှာ အဆုံးသတ်သွားလေပြီ။ ကျွမ်းကျင်မှုနှင့် စွမ်းအားပိုင်း၌ ကျောက်ယန်ဖိန်က ပို၍ သာလွန်၏။ သို့သော် စိတ်ခံစားချက်နှင့် ခံယူချက်ပိုင်းတွင်မူ တုပိုင်က ပို၍ မြင့်မားနေသေးသည်။

ထို့ကြောင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်မှု၌ သူတို့နှစ်ဦး သရေကျ၏။

ချက်ချက်းဆိုသလိုပင် သူတို့နှစ်ဦးမှာ ဒုတိယမြောက် တိုက်ပွဲဆီသို့ ကူးပြောင်းသွားကြသည်။ ကျောက်ယန်ဖိန်က ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို မြှောက်တင်လိုက်ရာ မရေမတွက်နိုင်သော ပင်လယ်ရေများက ကောင်းကင်ယံဆီသို့ ဟုန်တက်သွားကြ၏။

"ဝုန်းးး"

ထို့နောက် သူက ထိုပင်လယ်ရေများကို ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင် မီးလျှံများအဖြစ်သို့ အသွင်ပြောင်း လောင်ကျွမ်းစေလိုက်တော့သည်။

"ရွှစ်... ရွှစ်... ရွှစ်... ရွှစ်..."

မရေမတွက်နိုင်သော အနက်ရောင် မီးတောက်များက အောက်သို့ ကျဆင်းလာပြီး တုပိုင်ဆီသို့ ဦးတည် ဝင်ရောက်လာကြ၏။

အနက်ရောင် မီးတောက်တိုင်း၌ အလွန်တရာ အစွမ်းထက်လှသော စွမ်းအားများ ပြည့်နှက်နေသည်။

"ရွှစ်... ရွှစ်... ရွှစ်..."

မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်ထံမှ မရေမတွက်နိုင်သော ကိုယ်ပွားများ ထွက်ပေါ်လာတော့၏။

ဆယ်နှင့်ချီ၊ ရာနှင့်ချီ၊ ထောင်နှင့်ချီသော ကိုယ်ပွားများပင်။ ကိုယ်ပွားတစ်ခုစီတိုင်းက ကောင်းကင်မှ ကျဆင်းလာသော အနက်ရောင် မီးလုံးကြီးများကို ဝင်ရောက်တိုက်ကာ ဖျက်ဆီးလိုက်ကြသည်။

စက္ကန့်အနည်းငယ် အကြာ၌ အနက်ရောင် မီးတောက်များ အားလုံး ဖျက်ဆီးခံလိုက်ရတော့၏။ ထို့နောက် တုပိုင်က သူ၏ လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ တန်ချိန် ထောင်ပေါင်းများစွာရှိသော အလွန်များပြားလှသည့် ပင်လယ်ရေများက ရုတ်တရက် လေထဲသို့ မြောက်တက်လာတော့၏။

"မြေဆွဲအား မဟာအတတ်" တုပိုင် ရေရွတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေဆွဲအားများက ဆက်တိုက်ဆိုသလို အဆပေါင်းများစွာ တိုးပွားလာ၏။

ဆယ်ဆ၊ ရာဆ၊ ထောင်ဆ၊ သောင်းဆ၊ သိန်းဆအထိပင်။

မူလက တန်ချိန် ထောင်နှင့်ချီသာရှိသော ထိုပင်လယ်ရေများမှာ မြေဆွဲအား သိန်းဆခန့် တိုးပွားသွားပြီးနောက် အလွန် အံ့မခန်းဖွယ်ကောင်းလှသည့် တန်ချိန် သန်းပေါင်း ရာနှင့်ချီအထိ လေးလံလာကြသည်။

ထိုမျှလောက် လေးလံလှသည့် အလေးချိန်ကို မခံနိုင်တော့ဘဲ အလွန် များပြားလှသော ပင်လယ်ရေများမှာ ကျုံ့ဝင်သွားကြ၏။ တစ်ဖြည်းဖြည်းနှင့် ပိုမို သေးငယ်လာသည်။

ကုဗမီတာ ထောင်ပေါင်းများစွာမှ ကုဗမီတာ ရာပေါင်းများစွာ၊ ကုဗမီတာ ဆယ်ပေါင်းများစွာအထိ ဖြစ်သွား၏။

နောက်ဆုံးတွင်တော့ ရေတစ်စက်အဖြစ်သို့ ပေါင်းစည်းသွားလေပြီ။

တန်ချိန် သန်းရာနှင့်ချီ လေးလံပြီး ကုဗမီတာ ထောင်ပေါင်းများစွာရှိသော ရေများက လက်မအရွယ်အစားခန့်ရှိသော ရေတစ်စက်အဖြစ်သို့ ပေါင်းစည်းသွားခြင်းမှာ မည်မျှပင် အံ့ဩဖွယ် ကောင်းလှသည်နည်း။

ရေစက်လေးကို တုပိုင်သည် သူ၏ ခန္ဓာကိုယ် အကုန်ဖြင့်ပင် အနည်းငယ်မျှ ရွေ့လျားအောင် မလုပ်နိုင်ချေ။

သို့သော် တုပိုင်က သူ၏ အတွင်းပိုင်း၌ အထူး စွမ်းအင်ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်လိုက်ခြင်းဖြင့် ကြီးမားလှသော စွမ်းအင်များကို ထုတ်လုပ်ကာ စတင် ထိန်းချုပ်လိုက်၏။

အလွန်တရာ မြန်ဆန်လှသည်။

အသံထက် ဆယ်ဆ၊ ရာဆ၊ ထောင်ဆမက မြန်ဆန်လှ၏။

နောက်ဆုံး၌ ရေစက်လေး၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ကီလိုမီတာ ၃၀၀ ဟူသော အံ့မခန်း အရှိန်အဟုန်သို့ ရောက်ရှိသွားတော့သည်။

"ဝှစ်"

ဤအံ့မခန်းဖွယ် အမြန်နှုန်းဖြစ်သော တစ်စက္ကန့်လျှင် ကီလိုမီတာ ၃၀၀ အရှိန်အဟုန်ဖြင့် ကျောက်ယန်ဖိန်ဆီသို့ ဝင်တိုက်သွားလေ၏။

သုည ဒသမ သုညသုံး စက္ကန့် အကြာ၌ ထိုရေစက်လေးက ကျောက်ယန်ဖိန်အား ဝင်တိုက်သွားတော့သည်။

"ဝုန်းးးးး"

ကမ္ဘာမြေကြီး တုန်ဟည်းသွားစေလောက်သည့် ပေါက်ကွဲမှုကြီးပင်။ထွက်ပေါ်လာသော စွမ်းအားမှာ နျူကလီးယားဗုံးထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်လှပေသည်။

ကျောက်ယန်ဖိန်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရပြီး ပြာအဖြစ်သို့ လုံးဝ ပျောက်ကွယ်သွားတော့၏။

အရိပ်အယောင်မျှပင် မကျန်ရစ်တော့ချေ။

"နိုင်သွားပြီလား" ဘုရင်မမိုဟန်က စိုးရိမ်တကြီး မေးလာသည်။

"မနိုင်သေးဘူး" တုပိုင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း..."

လေထဲမှ လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။

ထို့နောက် လေထဲရှိ မရေမတွက်နိုင်သော အမှုန်အမွှားများက တစ်ဖန် ပြန်လည် စုစည်းပေါင်းစပ်သွားကြ၏။ ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်မှာ ယခင်ကအတိုင်း ပြန်လည် ရှင်သန်လာလေပြီ။

ထိုအချိန်တွင် တုပိုင်မှာ လုံးဝ တောင့်တင်းသွားပြီး လက်တစ်ချောင်းမျှပင် မလှုပ်ရှားနိုင်တော့ချေ။ သူသည် မြင်လည်း မြင်နိုင်သလို ကြားလည်း ကြားနိုင်သော်လည်း အနည်းငယ်မျှပင် ရွေ့လျား၍ မရနိုင်တော့ပေ။

ကျောက်ယန်ဖိန်က သူ၏ အလွန်တရာ အစွမ်းထက်လှသော ခွန်အားနှင့် စိတ်စွမ်းအားများကို အသုံးပြု၍ တုပိုင်အား လုံးဝ ဖိနှိပ်ချုပ်နှောင်ထားလိုက်ခြင်းပင်။

"အရမ်း မိုက်တယ်... တကယ်ကို မိုက်တယ်" ကျောက်ယန်ဖိန်က အံ့ဩချီးကျူးဟန်ဖြင့် ပြောလိုက်၏။ "ဒီရေစက်လေးက ငါကြုံဖူးသမျှထဲမှာ အလှပဆုံး တိုက်ခိုက်မှုပဲ... အရမ်းကို အံ့ဩဖို့ကောင်းတယ်... အဲဒါက အရမ်း မြန်ပေမဲ့ ငါက အလွယ်တကူ ရှောင်တိမ်းနိုင်သေးတယ်လေ... ဒါပေမဲ့ အရမ်းကို လှပလွန်းနေတော့ သူ့ရဲ့ သေစေလောက်တဲ့ အဆုံးအဖြတ် တိုက်ကွက်ကို ငါ မခံကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတာ"

"တကယ်ကို ကျေနပ်ဖို့ ကောင်းတာပဲ" ကျောက်ယန်ဖိန်က ဆက်ပြောလာသည်။ "တုပိုင်... မင်းရဲ့ စွမ်းအားက အရမ်းကို သာမန်ပဲ... ဒါပေမဲ့ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်း အပြည့်ရှိပြီး အသုံးပြုတဲ့ နေရာမှာတော့ အရမ်းကို တော်တယ်... တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်"

"ဒါက ငါကြုံဖူးသမျှထဲမှာ အံ့ဩဖို့အကောင်းဆုံး အဆုံးအဖြတ် တိုက်ပွဲပဲ" ကျောက်ယန်ဖိန်က သက်ပြင်းချကာ ဆို၏။ "ဒါပေမဲ့ အဆုံးသတ်ဖို့ အချိန်တန်ပြီ... တုပိုင်... မင်း တော်တော်လေးကို ကြိုးစားခဲ့ပါတယ်... ပြီးတော့ မင်းဆီမှာ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်းတွေ အပြည့်ရှိတယ်... ဒါပေမဲ့ ခွန်အားကွာဟချက်ကိုတော့ ဘယ်လို စိတ်ကူးဉာဏ်ကွန့်မြူးမှု၊ ဘယ်လို နည်းလမ်းတွေနဲ့မှ အစားထိုးလို့ မရဘူးလေ"

ထိုအရာမှာ အနည်းဆုံးတော့ ယခုအချိန်အထိ မှန်ကန်နေသည့် အမှန်တရားတစ်ခုပင်။

"အိပ်မက်ဆိုးဧကရာဇ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကတောင် ငါ့လောက် မမြင့်ဘူးလေ... ဒါ့အပြင် မင်းက သူ့စွမ်းအားရဲ့ ၉၀ ရာခိုင်နှုန်းကိုပဲ ရထားတာဆိုတော့ မင်းနဲ့ငါ့ကြားက ကျင့်ကြံခြင်း ကွာဟချက်က တကယ်ကို ကြီးမားလွန်းတယ်" ကျောက်ယန်ဖိန်က အေးစက်စွာ ဆိုလိုက်သည်။ "ဒါကြောင့် ဒီတိုက်ပွဲမှာ မင်း ရှုံးသွားပြီ... မင်းက ရှုံးသွားတယ် ဆိုပေမဲ့ မင်းလိုလူတစ်ယောက်အတွက်တော့ လုံလောက်တဲ့ ဂုဏ်ကျက်သရေကို ရရှိခဲ့ပြီးပြီပဲ... မင်းရဲ့ရှုံးနိမ့်မှုက ဂုဏ်ယူစရာပါပဲ"

တုပိုင်ကမူ ပင်လယ်ရေပြင်ပေါ်၌ တိတ်ဆိတ်စွာ ပေါလောပေါ်နေပြီး ရုပ်တုတစ်ခုအလား လုံးဝ မလှုပ်ရှားနိုင်သေးချေ။

"ကမ္ဘာမပျက်ခင်တုန်းက ကမ္ဘာမြေပေါ်မှာ ရုပ်ရှင်တစ်ကား ရုံတင်ခဲ့တယ်လေ" ကျောက်ယန်ဖိန်က အတိတ်ကို ပြန်လည် သတိရဟန်ဖြင့် ပြောသည်။ "ဇာတ်လမ်းကတော့ ရူးကြောင်ကြောင်နိုင်တယ် ဆိုပေမဲ့ ငါကတော့ အရသာခံပြီး ကြည့်ခဲ့တာပဲ... သားနို့်စ်က လက်ဖြောက်တီးလိုက်တာနဲ့ စကြာဝဠာထဲက သက်ရှိတစ်ဝက်လောက် သေသွားကြတာလေ... အဲဒါကို မြင်တော့ ချက်ချင်းကို ငါ အရမ်း ပျော်သွားခဲ့တာ"

"ရုပ်ရှင်တွေ အားလုံးထဲမှာ သတ်ဖြတ်တဲ့ နည်းလမ်းပေါင်းများစွာကို ငါ မြင်ဖူးခဲ့တယ်... ဒါပေမဲ့ သားနို့်စ်ရဲ့ လက်ဖြောက်တီးလိုက်တဲ့ အကွက်ကတော့ လွှမ်းမိုးမှုအရှိဆုံးပဲ" ကျောက်ယန်ဖိန်က ပြုံးကာ ဆိုလိုက်၏။ "အရမ်းကို အဆင့်မြင့်တယ်လေ... ပြီးတော့ တုပိုင်... မင်းက အရမ်းကို အဆင့်မြင့်တဲ့ လူတစ်ယောက်ပဲ... ဟန်ပန်အပြည့်ရှိတဲ့ လူတစ်ယောက်ဆိုတော့ ဒီလို အဆင့်မြင့်တဲ့ သေဆုံးခြင်း နည်းလမ်းနဲ့ ထိုက်တန်ပါတယ်"

ကျောက်ယန်ဖိန်က သူ၏ လက်ခလယ်နှင့် လက်မကို ပူးကပ်လိုက်ပြီးနောက် တုပိုင်ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

"ငါ ပြောခဲ့တယ်မလား... မင်းကို သတ်ပြီးသွားရင် မင်းရဲ့ ခန္ဓာကိုယ်ကို ယူမယ်... မင်းရဲ့ သမီးကို စောင့်ရှောက်ပေးမယ်... ပြီးတော့ မင်းရဲ့ မိန်းမတွေနဲ့ အိပ်မယ်လို့လေ... ဘာပဲဖြစ်ဖြစ် ငါက လင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ပေးရဦးမယ်မလား" ကျောက်ယန်ဖိန်က မိစ္ဆာဆန်ဆန် ပြုံးရင်း ပြောလာသည်။ "ငါ့အတွက် စိတ်အလှုပ်ရှားဆုံး ကိစ္စကတော့ မင်းရဲ့ အမည်ကို အသုံးပြုပြီး မြင့်မြတ်နယ်မြေက နောက်ဆုံးကျန်ရစ်တဲ့ နဂါးသွေးနွယ်ဖွား ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ချင်တာပဲ... အဲဒီထက် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာက မင်းရဲ့ အမည်နဲ့ ငါ့ရဲ့ အိပ်မက်ထဲက ချစ်သူ ရန်ယဲ့ရှောင်ကို လက်ထပ်မှာပဲ... ငါ သူ့ကို လက်ထပ်မယ်... နေ့တိုင်း သူနဲ့ အိပ်မယ်... ပြီးရင် ဒုတိယကလေး၊ တတိယကလေးတွေကို မွေးပေးမယ်... ငါ တကယ်ကို မင်းရဲ့ အမည်ခံပြီး ပျော်ရွှင်တဲ့ ဘဝလေးမှာ နေထိုင်သွားချင်တာလေ"

"ငါ့ဘဝက ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး... ဒါပေမဲ့ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ယူပြီး မင်းရဲ့ အမည်နဲ့ ဆက်ပြီး အသက်ရှင်သွားမယ်ဆိုရင် အဲဒါတွေအားလုံးက စိတ်ဝင်စားဖို့ ကောင်းလာမှာပဲ... ငါ့ဘဝက စိတ်လှုပ်ရှားစရာတွေနဲ့ ပြန်လည် ပြည့်နှက်သွားပြီလေ" ကျောက်ယန်ဖိန်က အရူးတစ်ယောက်လို ရယ်မောရင်း ဆက်ပြော၏။ "ငါ ဒီအကြံကို တွေးမိလိုက်တာနဲ့တင် ငါ အရမ်းကို စိတ်လှုပ်ရှားသွားပြီး လုံးဝ အိပ်လို့တောင် မရတော့ဘူး"

ကျောက်ယန်ဖိန်က တုပိုင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

"တုပိုင်... ငါ လက်ဖြောက် တီးတော့မယ်"

"ငါ တီးလိုက်တာနဲ့..." ကျောက်ယန်ဖိန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "မင်းကို အပြီးတိုင် သတ်ပစ်မယ်... ပြီးတာနဲ့ ချက်ချင်းပဲ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ သိမ်းပိုက်လိုက်မယ်... ဒါဆိုရင် ငါ့မှာ ခန္ဓာကိုယ် နှစ်ခု ရှိသွားပြီပေါ့... တစ်ခုက ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်... နောက်တစ်ခုက လူသားဧကရာဇ် တုပိုင်လေ... အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်"

"ဟားဟားဟားဟားဟား"

"သုံး..."

"နှစ်..."

"တစ်..."

မိစ္ဆာနယ်စားကြီးက သူ၏ လက်ချောင်းများကို ပွတ်သပ်ကာ လက်ဖြောက်တီးလိုက်လေပြီ။ ရုတ်တရက် တုပိုင်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်သွားပြီး သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်ချည်း ပြူးကျယ်သွားရတော့သည်။

လက်ဖြောက်တစ်ချက်ဖြင့် ကံကြမ္မာမိစ္ဆာနယ်စားကြီးမှာ သူ၏ အလွန်တရာ အစွမ်းထက်လှသော ခွန်အားများနှင့် စိတ်စွမ်းအားများ အားလုံးကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး တုပိုင်၏ ဝိညာဉ်နှင့် အသက်စွမ်းအင်များကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းဖျက်ဆီးလိုက်၏။

နောက်တစ်စက္ကန့်၌ ကျောက်ယန်ဖိန်မှာ အလင်းရောင်နှင့် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အဟုန်ပြင်းစွာ တိုးဝင်သွားတော့၏။ တုပိုင်၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်ခြင်းပင်။

သူ၏ မိစ္ဆာစစ်တပ်ကြီး သေဆုံးသွားခဲ့ချိန်မှစ၍ သူ မည်သို့ ဆက်လက် အသက်ရှင်ရမည်ကို အမြဲတမ်း တွေးတောနေခဲ့သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင်တော့ ဤကဲ့သို့ ခြားနားမှုများကို ဖန်တီးနိုင်မည့် အလွန် ကောင်းမွန်လှသော အကြံဉာဏ်တစ်ခုကို တွေးမိသွားခဲ့ခြင်း ဖြစ်၏။

သို့သော် သူ တုပိုင်၏ ခန္ဓာကိုယ်ကို ဝင်ရောက် သိမ်းပိုက်လိုက်သည့် အခိုက်အတန့်မှာပင်။

"ကျောက်ယန်ဖိန်..." တုပိုင်က အေးစက်စွာ ပြောလာ၏။ "မင်း ငါ့ရဲ့ စစ်မြေပြင်ထဲကို ဝင်လာပြီဆိုတော့ မင်း ရှုံးသွားပြီပဲ... မင်း သေပြီပဲ"

ထို့နောက် တုပိုင်က ကျောက်ယန်ဖိန်ထံသို့ ကံကြမ္မာ အဆုံးအဖြတ် တိုက်ကွက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်တော့သည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၉ + ၁၀၃၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

(အစကတော့ အပိုင်း ၂၀ ထွက်မလို့ပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေအများကြီး ထွက်လာလို့ ၁၀ ပိုင်းပဲ ယာယီထွက်ထားပါမယ်။ ၁၂ ရက်နေ့ကြရင် ကျန်တဲ့ ၁၀ ပိုင်း ကမ္ဘာပျက်ရင်တောင် မရ ရအောင်ကို တင်ပေးမယ်ဗျ။ အဲနေ့ လာ Down ထားဦးနော်။ ၁၃ ရက်နေ့ကြ ပြန်ဝယ်နေရမှာဆိုးလို့ 😅)

All Chapters