← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

25 01

အခန်း 25

ချွေ့သည် ပို၍စဥ်းစားလေ စိတ်ထဲတွင် ပိုမိုခါးသီးလေဖြစ်သည်။ သူမနှင့် သမီးသည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြသည်။ ငိုပြီးနောက် လုကွေ့လီက ချွေ့ကို ပြောလိုက်သည်။ “အမေ၊ ကျွန်မကို တုလျန်နဲ့ လက်ထပ်ခွင့်ပေးပါ။ ဒါမှမဟုတ်ရင် ကျွန်မ သေလည်း စိတ်မချမ်းသာဘူး”

ချွေ့သည် ဤစကားကို ကြားသောအခါ ထပ်ပြီး ငိုခဲ့ရသည်။ သမီး သေရင်တောင် တုလျန်နဲ့ လက်ထပ်လို့မရဘူးဟု သမီးကို ပြောချင်ခဲ့သော်လည်း သူမသည် မပြောရက်ခဲ့ပေ။

ထို့ကြောင့် သူမသည် သမီးကို စကားများစွာဖြင့် နှစ်သိမ့်ပေးခဲ့သည်။

ကံမကောင်းစွာဖြင့် လုကွေ့လီသည် စွဲလမ်းနေသော ပုံပေါက်သည်။ တုလျန်နှင့် လက်ထပ်ရန်သာ ဆုံးဖြတ်ထားပြီး နောက်တစ်ကြိမ် ဖျားနာတော့မလို ဖြစ်ခဲ့သည်။

ထို့ကြောင့် ခုနက လုကွေ့လီသည် ချွေ့ကို တောင်းပန်နေခဲ့ခြင်းဖြစ်သည်။

လုကွေ့လီက အလွန်သနားစရာ ကောင်းသောပုံစံဖြင့် ပြောခဲ့သည်။ သူမသည် ဤဘဝတွင် ဘာမှမမျှော်လင့်ဘဲ တုလျန်နှင့်သာ လက်ထပ်ချင်သည်။ ချွေ့က သူမကို မငြင်းနိုင်သောကြောင့် ဟူကို ပြောပြပြီး တုမိသားစု၏သဘောထားကို စုံစမ်းကြည့်ရန် ပြောလိုက်သည်။

ဤကိစ္စကို အဘိုးကြီးကို ပြောပြသင့်သလား။

ချွေ့သည် အချိန်အတော်ကြာ စဥ်းစားပြီးနောက်မှ အိပ်ရာဘေးတွင် ထိုင်ပြီး လုအဘိုးကြီးကို ဤကိစ္စအကြောင်း ပြောပြလိုက်သည်။

နားထောင်ပြီးနောက် လုအဘိုးကြီးသည် အချိန်အတော်ကြာ စဥ်းစားနေသည်။

“အဘိုးကြီး၊ ဒီကိစ္စကို ဘယ်လိုလုပ်ရင် ကောင်းမလဲ”

လုအဘိုးကြီးသည် အိပ်ရာဘေးတွင် ဆေးတံကို ခေါက်လိုက်သည်။ လူတို့၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူသည် အလွန်ငြိမ်သက်နေသည်။

“သမီးလေးက စိတ်ပြောင်းမှာ မဟုတ်တော့ဘူးလား”

ချွေ့သည် တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။ “သမီးလေးက...”

“နင် သွား။ ချွေးမကြီးကို စိတ်ပူပင်မှု နည်းနည်းပိုပြီး ပေးလိုက်။ တုမိသားစုက တကယ်သဘောတူရင် အိမ်က လယ်မြေငါးဧကကို မင်္ဂလာလက်ဆောင်အဖြစ် ပေးလိုက်”

ချွေ့သည် ထိတ်လန့်သွားသည်။ “အဘိုးကြီး...”

လုအဘိုးကြီးသည် လေးလံစွာ သက်ပြင်းချလိုက်သည်။ “သွားတော့”

ချွေ့သည် စိတ်ရှုပ်ထွေးစွာ အပေါ်ထပ်တံခါးမှ ထွက်သွားသည်။

မီးခိုးငွေ့များကြားတွင် လုအဘိုးကြီး၏ မျက်လုံးများက မှိန်ဖျော့သွားသည်။

ဟူသည် ဤရက်ပိုင်းများတွင် အဆင်မပြေပေ။

သူမ၏ယောင်းမက ဒုတိယအခန်းမှ ရည်ရွယ်ချက်ကို ပြောပြပြီးနောက် သူမသည် ဒေါသထွက်ခဲ့သည်။ လုပ်ငန်းက မကောင်းဟု သူမကို အပြစ်တင်ခဲ့သည်။ လုမိသားစုက သူမ၏ကိစ္စကို နှောင့်နှေးစေသည်ဟု အပြစ်တင်ခဲ့သည်။ ဟူထံမှ ငွေများ ချေးပေးရန် ခြိမ်းခြောက်ခဲ့သည်။ မဟုတ်ရင် သူမ၏တူမကို အစီအစဥ်ဆွဲခဲ့ခြင်းကို လူသိရှင်ကြား ပြောလိမ့်မည်။

ဟူသည် ဒေါသထွက်ခဲ့သော်လည်း သူမသည် ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်ခြင်း မရှိသောကြောင့် တုမုဆိုးမထံသို့ ငွေအနည်းငယ်ကို ထပ်ချေးပေးခဲ့ရသည်။

လုမိသားစုတွင် မိန်လန်နှင့် ချန်ရှီတို့ နှစ်ယောက်လုံး အလုပ်မလုပ်တော့သောကြောင့် အိမ်ရှိအလုပ်အားလုံးက သူမတစ်ယောက်တည်း အပေါ်တွင် ကျရောက်နေသည်။ အရေးကြီးသည်က ဟူသည် မလုပ်ဘဲ မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဥပဒေကို နားလည်သော ချွေးမကြီး ဖြစ်သောကြောင့်ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမ၏ချွေးမ ရှောင်ဟူက သူမကို ကူညီပေးခဲ့သောကြောင့် အလုပ်က မနိုင်မနင်း ဖြစ်မသွားပေ။

ဘဝက အဆင်မပြေသေးခင်မှာပင် နောက်ထပ်ပြဿနာတစ်ခု ရောက်လာပြန်သည်။ ယောက္ခမ ပြောသောစကားကို ကြားသောအခါ ဟူသည် ချက်ချင်း ဒေါသထွက်သွားသည်။ အကယ်၍ ထိုသူသည် သူမ၏ယောက္ခမ မဟုတ်ပါက သူမသည် သူ့ကို ရှက်ဖွယ်ကောင်းသော သူတစ်ဦးဟု ကောင်းကောင်း ပြောလိမ့်မည်။

ဖားက ဖားဥကို စားချင်သည်၊ ဖျားနာသူက သူမ၏တူလေးကို စိတ်ကူးယဉ်နေသည်။ တကယ်ကို ရဲရင့်လိုက်တာ။

“အမေ၊ အမေက သမီးငယ်နဲ့ တုလျန်ရဲ့ မျိုးဆက်က ကွာတာကို မေ့သွားတာ မဖြစ်နိုင်ဘူးနော်” ဟူသည် စိတ်ရှည်စွာ ပြောလိုက်သည်။ (TN: လုကွေ့လီက အဒေါ်နေရာ ဖြစ်နေတာပါ၊ မျိုးဆက်အရ ကွာဟချက် ရှိနေတာပါ)

25 02

ချွေ့၏မျက်နှာအိုကြီးက ရှက်ရွံ့သွားပြီး ပြောလိုက်သည်။ “ငါတို့မိသားစုနဲ့ တုမိသားစုက တကယ်ရင်းနှီးတဲ့ ဆွေမျိုးတွေ မဟုတ်ပါဘူး။ မျိုးနွယ်စုလည်း ကွဲနေတယ်။ ငါတို့ရွာက လီအဘိုးကြီးရဲ့ ဒုတိယသားလေးက သူ့မယားရဲ့ဝမ်းကွဲသမီးလေးကို လက်ထပ်ခဲ့တာ မဟုတ်လား”

ဟူသည် ဘာပြောရမှန်း မသိတော့ပေ။ ဤအရာတွေက ဘာလဲ။ သို့သော် သူမ၏စိတ်နေစိတ်ထားအရ ယောက္ခမကို စိတ်ဆိုးပြနိုင်ခြင်း မရှိသောကြောင့် တိတ်ဆိတ်စွာ နေခဲ့သည်။

ချွေ့သည် ဟူ၏ ဆန္ဒမရှိခြင်းကို မမြင်ပုံရသည်။ သို့မဟုတ် မြင်သော်လည်း မမြင်ယောင်ဆောင်နေသည်။

“ချွေးမကြီး၊ ဒီကိစ္စကို နင် စိတ်ပူပေးရလိမ့်မယ်။ ငါ ဒီလိုလုပ်တာ မမှန်ကန်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါ သမီးလေးကို မငြင်းနိုင်ဘူး။ သူ့ကျန်းမာရေးကလည်း မကောင်းဘူး။ စိတ်အလျင် မလိုရဘူး။ နင် တုမိသားစုရဲ့ သဘောထားကို စုံစမ်းကြည့်လိုက်။ သူတို့က သဘောတူမယ်ဆိုရင် ငါတို့က မင်္ဂလာလက်ဆောင် အများကြီး ပေးလို့မရဘူး။ ဒါပေမဲ့ လယ်မြေအနည်းငယ်တော့ ပေးနိုင်တယ်”

ဟူသည် ပိုမိုဒေါသထွက်လာသည်။

လက်ထပ်ပွဲအတွက် လယ်မြေ ပေးရမှာလား။ ဤလယ်မြေသည် လုမိသားစုပိုင် လယ်မြေ ဖြစ်သည်။ လုကွေ့လီကို ပေးလိုက်လျှင် သူတို့မိသားစုအတွက် ဝေစုနည်းသွားမည်။ ဤ လုကွေ့လီက လုကျောင်းယွဲ့ဟု ထင်နေတာလား။ လယ်မြေအနည်းငယ် ပေးလိုက်တာနဲ့ တုမိသားစုက လက်ထပ်မယ်လို့ ထင်နေတာလား။

ရုတ်တရက် အတွေးတစ်ခု သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ ဟူသည် ကြောင်သွားပြီး ဒေါသထွက်ခြင်းမရှိတော့ဘဲ ပြောလိုက်သည်။ “ရပြီ၊ အမေ။ သမီး သိပြီ။ သမီး အမေအတွက် သွားမေးပေးမယ်။ ဒါပေမဲ့ မအောင်မြင်ရင်တော့ အမေ ကျွန်မကို အပြစ်မတင်ပါနဲ့”

“မတင်ပါဘူး။ ဘာလို့ တင်ရမှာလဲ။ နင် သွားမေးပေးတာကိုတောင် ငါ အများကြီး ကျေးဇူးတင်ပါတယ်”

ချွေ့၏မျက်နှာတွင် ကျေးဇူးတင်သော အပြုံးများဖြင့် ပြည့်နေသည်။ သမီးအတွက် ဤအဆင့်ထိ လုပ်ပေးရသည်မှာ သူမအတွက် အတော်လေး ခက်ခဲသည်။

ဟူသည် တုအိမ်သို့ ရောက်ရှိလာသောအခါ တုမုဆိုးမသည် ခြံဝင်းထဲတွင် သမီးငယ် တုကျွင်းအာကို ဆဲဆိုနေသည်။

တုကျွင်းအာသည် ယခုနှစ်တွင် ဆယ့်လေးနှစ်ရှိပြီး တုမုဆိုးမနှင့် အလွန်ဆင်တူသည်။ သူမ၏မျက်ခုံးမွှေးများသည် မိုးပြာရောင်ဖြစ်ပြီး ပါးရိုးများက မြင့်သည်။ ပါးစပ်ကလည်း ပါးလွှာသည်။ သို့သော် သူမသည် ငယ်ရွယ်သောကြောင့် သူမ၏မျက်နှာက တုမုဆိုးမကဲ့သို့ ရက်စက်သောပုံ မပေါက်ပေ။ ဆယ်ကျော်သက်မိန်းကလေး၏ တောက်ပမှုများရှိနေသည်။

တုကျွင်းအာ၏ စိတ်နေစိတ်ထားသည်လည်း ခက်ထန်သည်။ စကားပြောလည်း ကောင်းသည်။ တုမုဆိုးမ ဆဲဆိုသောအခါ သူမသည် အလျှော့မပေးဘဲ အမေကို ပြန်ပြောသည်။ ဟူသည် တုအိမ်၏ ခြံဝင်းတံခါးရှေ့တွင် ခဏကြာ ရပ်နားပြီးမှ အမေနှင့်သမီး ဘာကြောင့် စကားများနေသည်ကို နားလည်သွားသည်။

မူလက ဟူက ဒုတိယအခန်းမှ ရည်ရွယ်ချက်ကို တုမုဆိုးမကို ပြောပြပြီးနောက် တုမုဆိုးမသည် စိတ်ပူပန်ခဲ့သည်။ တစ်နှစ်မှာ အလွန်ကြာသည်။ သူမသည် မစောင့်နိုင်သောကြောင့် အခြားနည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်။

အမှန်တကယ်တော့ လုမိသားစု၏ဒုတိယအခန်းနှင့် လက်ထပ်ပွဲကို ဆွေးနွေးနေသည့် ဤကာလတွင် တုမုဆိုးမသည် အလကားမနေခဲ့ပေ။ လုကျောင်းယွဲ့၏အခြေအနေက အမှန်တကယ် မဆိုးပေ။ သားကလည်း သဘောကျနေသည်။ သို့သော် တုမုဆိုးမသည် သားက ပိုမိုကောင်းမွန်သောသူကို ရသင့်သည်ဟု တွေးခဲ့သည်။ သူမသည် တုမိသားစုနှင့် လက်ထပ်ရန် ဆန္ဒရှိသော မိသားစုများကို ရှာဖွေရုံသာမက ဘေးရွာများမှ ချမ်းသာကြွယ်ဝသော မိသားစုများကိုပါ စုံစမ်းခဲ့သည်။ နျူကျားရွာမှ မော့မိသားစုမှလွဲ၍ လုမိသားစုမှ ကျောင်းယွဲ့ထက် ပိုကောင်းသောသူ မရှိပေ။

ထို့ကြောင့် တုမုဆိုးမသည် ထိုစိတ်ကူးကို ရပ်လိုက်ပြီး လုမိသားစု၏ ဒုတိယအခန်းကို စောင့်နေခဲ့သည်။

ရုတ်တရက် မမျှော်လင့်သော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။ လုမိသားစု၏ ဒုတိယအခန်းက တုမိသားစုကို တစ်နှစ် စောင့်ခိုင်းလိုက်သည်။ သူမ၏အစ်မက သူမကို ပြောပြသောအခါ တုမုဆိုးမ၏စိတ်ထဲတွင် သူမ၏အစ်မက သူမကို အစီအစဥ် ဆွဲခဲ့ခြင်းလားဟု စဥ်းစားနေခဲ့သည်။ လုမိသားစု၏ ဒုတိယအခန်းတွင် လယ်မြေနှစ်ဧကအတွက် ငွေတောင် မရှိဘူးလား။ သူမက ဒုတိယအခန်းတွင် ငွေအများကြီး ရှိကြောင်း၊ နောက်ခံတွင် မိန်မိသားစုက ပို၍ချမ်းသာကြောင်း ပြောခဲ့သည်။

သို့သော် သူမသည် ဤစကားများကို ပြောပြရန် မမိုက်မဲပေ။ သူမသည် ကိစ္စတစ်ခုလုံးကို ဟူအပေါ်တွင်သာ ပုံချလိုက်သည်။ ထို့နောက် သူမထံမှ ငွေအနည်းငယ်ရရှိအောင် လုပ်ခဲ့သည်။

25 03

ဟူထွက်သွားပြီးနောက် တုမုဆိုးမသည် သားအတွက် လက်ထပ်ပွဲအသစ်တစ်ခုကို ပြောရန် ဆုံးဖြတ်လိုက်သည်။

သို့သော် တုလျန်သည် မူလကတည်းက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ရှိသောကြောင့် တုမုဆိုးမသည် သားကို မမေးဘဲ မလုပ်ရဲပေ။ တုလျန်က သဘောမတူပေ။ သူက လုမိသားစုမှ ကျောင်းယွဲ့ကိုသာ လက်ခံခဲ့သည်။

တုမုဆိုးမသည် ပြင်ပလူများရှေ့တွင် ခက်ထန်သော်လည်း တုလျန်ရှေ့တွင် ဘာမှလုပ်မရပေ။ သူမသည် အားနည်းချက်နှင့် အားသာချက်အကြောင်း အမျိုးမျိုး ပြောခဲ့သော်လည်း တုလျန်က လူတစ်ဦးသည် သစ္စာမရှိလျှင် ကမ္ဘာပေါ်တွင် မနေထိုင်နိုင်ဟု အတင်းအကျပ် ပြောခဲ့သည်။ လုမိသားစုတွင် အခက်အခဲရှိနေလျှင် နောက်နှစ်အထိ စောင့်လိုက်ခြင်းက ဘာမှမဖြစ်ပေ။

တုမုဆိုးမသည် စိတ်ထဲတွင် အလွန်နာကျင်ခဲ့သည်။ သူမသည် မည်သူ့ကိုမှ အပြစ်မတင်ဘဲ သားကိုသာ အပြစ်တင်ခဲ့သည်။ သာမန်အားဖြင့် အိမ်တွင် ဘာပြဿနာရှိသည်ကို သားကို မပြောပြပေ။ တုလျန်သည် အိမ်တွင် စားစရာပင် မရှိတော့သည်ကို မယုံကြည်ပေ။

သားကို လက်ထပ်ပွဲ ပြောင်းလဲရန် မပြောနိုင်သောကြောင့် အိမ်၏စားဝတ်နေရေးလည်း မပြေလည်တော့ပေ။ တုမုဆိုးမသည် သမီးအပေါ်တွင် စိတ်ကူးများ တွေးခဲ့သည်။

တုကျွင်းအာသည်လည်း မငယ်တော့ပေ။ လက်ထပ်ရန် အချိန်ရောက်ပြီဖြစ်သည်။

သူမသည် စိတ်စောသောသူ ဖြစ်သည်။ သူမ စိတ်ကူးရပြီးနောက်တွင် တုကျွင်းအာအတွက် လက်ထပ်ပွဲပြောရန် လူကို ရှာခဲ့သည်။ လက်ထပ်ရန် စိတ်ဝင်စားသော မိသားစုအချို့ကို စေ့စပ်သူက စာရင်းပြုစုပေးခဲ့သည်။ တုမုဆိုးမသည် ဘေးချင်းကပ် ဟန်ရွာမှ ဟန်အန်းရွှီဟူသောသူကို ရွေးချယ်ခဲ့သည်။ (TN: အန်းရွှီ ဆိုတာက ငြိမ်းချမ်းအေးဆေးတယ် ဆိုတဲ့ အနက်အဓိပ္ပာယ်ရှိတာပါ)

ဟန်အန်းရွှီသည် ဟန်အန်းရွှီဖြစ်သည်။ အမည်ပြောင် မဟုတ်ပေ။ သူ့အဖေက ပေးထားသော နာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကလေးက ငယ်ငယ်ကတည်းက စကားမပြောသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ဟန်အန်းရွှီသည် ကြီးပြင်းလာပြီး ဇနီးယူ၊ သီးခြားနေထိုင်သောအခါ အေးဆေးခြင်းမရှိတော့ပေ။

ဤလူက ပြဿနာမရှိပေ။ တစ်ခုသာရှိသည်။ အရက်သောက်ရတာကို ကြိုက်ပြီး အရက်သောက်ပြီးလျှင် ဇနီးကို ရိုက်နှက်တတ်သည်။ ပထမဆုံး လက်ထပ်ခဲ့သော ဇနီးသည် နှစ်အနည်းငယ်ကြာပြီးနောက် ဆုံးပါးသွားခဲ့သည်။ ထိုအချိန်တွင် ရွာထဲမှလူများက မသိကြပေ။ ထိုဇနီးငယ်၏ကျန်းမာရေးက မကောင်းဟုသာ ထင်ခဲ့ကြသည်။ နှစ်နှစ်ကြာပြီးနောက် ဟန်အန်းရွှီသည် နောက်ထပ်ဇနီးတစ်ဦးကို လက်ထပ်ခဲ့သောအခါမှ သူ၏ဇနီးကို ရိုက်နှက်ခြင်းအကြောင်း ကောလာဟလများ ထွက်လာသည်။

သို့သော် ဇနီးသည် အခြားသူ၏ဇနီး ဖြစ်သောကြောင့် အခြားသူများက ဘာမှပြောမရပေ။ တွေ့ဆုံသောအခါ အကြံဉာဏ်အချို့ ပေးတတ်ကြသည်။ သို့သော် ဟန်အန်းရွှီသည် ပုံမှန်အားဖြင့် စကားနည်းသော်လည်း သူသည် အကြံဉာဏ်များကို မနားထောင်တတ်ပေ။ အခြားသူများက ပို၍အကြံပေးလေ သူသည် ဇနီးကို ပို၍ရိုက်နှက်လေ ဖြစ်သည်။ ထို့ကြောင့် တဖြည်းဖြည်း မည်သူကမှ အကြံမပေးရဲတော့ပေ။

ထို့ကြောင့် ဒုတိယဇနီးကိုလည်း ရိုက်နှက်သောကြောင့် သေဆုံးသွားခဲ့သည်။ အိမ်က သူ့အတွက် နောက်တစ်ဦးကို လက်ထပ်ရန် စီစဥ်ခဲ့ပြန်သည်။

ဟန်အန်းရွှီသည် ဇနီးကို ရိုက်နှက်တတ်သော်လည်း ဘာကြောင့် လူများက သူ့ကို လက်ထပ် ပေးချင်ကြရသလဲဟု တစ်စုံတစ်ဦးက ပြောနိုင်သည်။ သူ၏အဖေနှင့် အဘိုးက ကောင်းသောသူများ ဖြစ်သည်။ ဟန်အန်းရွှီ၏အဘိုးသည် ဟန်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည်။ သူ့အဖေသည် ဟန်ရွာ၏ အကြီးအကဲဖြစ်သည်။

ဟန်ရွာတစ်ခုလုံးက ဟန်မျိုးနွယ်စုဝင်များ ဖြစ်သည်။ အခြားမျိုးနွယ်စုဝင်များ နည်းပါးသည်။ ဤသို့သော မျိုးနွယ်စုများက အလွန်စည်းလုံးကြသည်။ ဤသည် ဟန်အန်းရွှီက ဇနီးနှစ်ဦးကို ရိုက်နှက်သတ်ခဲ့သော်လည်း မည်သူကမှ အပြစ်ပေးရန် မလာရဲသည့် အကြောင်းအရင်း ဖြစ်သည်။

တုမုဆိုးမသည် ဟန်အန်းရွှီကို သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် သူ့အဘိုးနှင့် အဖေက စွမ်းဆောင်ရည် ရှိသောသူများ ဖြစ်သောကြောင့် မဟုတ်ပေ။ ဟန်မိသားစုက ပေးသော တင်တောင်းငွေကို သဘောကျသောကြောင့်ဖြစ်သည်။ ဟန်မိသားစုက လူကို လက်ထပ်ပေးနိုင်လျှင် ငွေအပြားနှစ်ဆယ် တင်တောင်းငွေပေးရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

ငွေအပြားနှစ်ဆယ်လား။

တုမုဆိုးမ၏မိသားစုသည် နှစ်အနည်းငယ်ကြာ သုံးရန် လုံလောက်သည်။ အနည်းဆုံး တုလျန်က စာမေးပွဲ မအောင်ခင်အထိ တုမိသားစုသည် ငွေအတွက် စိတ်ပူပန်စရာ မလိုတော့ပေ။

ငွေကြောင့် မျက်လုံးကွယ်သွားသော တုမုဆိုးမသည် ချက်ချင်း သမီးကို လက်ထပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာဖြင့် သူမသည် အကောင်းဆုံး တွေးခဲ့သော်လည်း တုကျွင်းအာက သဘောမတူပေ။

25 04

တုကျွင်းအာ၏ စိတ်နေစိတ်ထားသည် တုမုဆိုးမနှင့် အတူတူပင်။ သူမသည် အမေနှင့် စကားများပြီး ငိုယိုကာ ခြိမ်းခြောက်ခဲ့သည်။ “အမေက အရင်က အစ်မကြီးကို ရောင်းခဲ့သလိုပဲ၊ ကျွန်မကိုလည်း ရောင်းချင်တာလား။ ကျွန်မကို လက်ထပ်ပေးချင်တယ်ဆိုရင် ကျွန်မရဲ့အလောင်းကိုသာ သယ်သွားလိုက်”

တုမုဆိုးမသည် သမီးကို စကားများဖြင့် ပြောဆိုရသည်မှာ မအောင်မြင်သောအခါ ဆဲဆိုခဲ့သည်။

“ရပြီ။ တော်ကြတော့။ အခြားလူတွေ ရယ်စရာမလိုအောင် လုပ်ကြ”

ဟူသည် တုမိသားစု၏ခြံဝင်းတံခါးရှေ့တွင် ဝိုင်းအုံနေသောလူများကြားမှ တိုးဝင်သွားသည်။

တုမုဆိုးမသည် သတိပြန်ဝင်လာပြီး သမီးကို ဒေါသတကြီး ကြည့်လိုက်ပြီး ခြံဝင်းတံခါးရှေ့သို့ ရောက်လာပြီး လူများကို မောင်းထုတ်ခဲ့သည်။

“ဘာကြည့်နေတာလဲ။ အမေက သမီးကို ဆဲတာ တစ်ခါမှ မမြင်ဖူးဘူးလား”

အမေက သမီးကို ဆဲဆိုသည်ကို မြင်ဖူးသော်လည်း အမေက သမီးကို မီးတွင်းထဲသို့ ထိုးချသည်ကို မမြင်ဖူးပေ။

အရင်က တုမုဆိုးမ သမီးကြီးကို လက်ထပ်ပေးသောအခါ ရွာထဲမှလူများက မတွေးခဲ့ကြပေ။ နောက်ပိုင်းတွင် တုချွမ်းဟွားသည် အဆင်မပြေသောဘဝကို ဖြတ်သန်းရသောအခါ အခြားသူများက သူမသည် ကံမကောင်းဟုသာ ထင်ခဲ့ကြသည်။ ယခုကြည့်လိုက်သောအခါ ဤသည် ကံမကောင်းခြင်း မဟုတ်ဘဲ အမေက သမီးကို ထိခိုက်စေခြင်း ဖြစ်သည်။

သို့သော် အခြားသူများက ဘာမှမပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည် သူတို့၏မိသားစုကိစ္စ ဖြစ်သည်။ ပြင်ပလူများက တိတ်တဆိတ် ပြောဆိုနိုင်ခြင်းသာဖြစ်သည်။

တံခါးရှေ့တွင် ဝိုင်းအုံနေသော လူများက ပြန့်ကျဲသွားသည်။ တုမုဆိုးမသည် ခြံဝင်းတံခါးကို ပြင်းပြင်းပန်းပန်း ပိတ်လိုက်ပြီး နောက်သို့ လှည့်လာခဲ့သည်။

“နင် ဘာလာလုပ်တာလဲ” တုမုဆိုးမ၏စိတ်က အလွန်ဆိုးရွားနေသောကြောင့် ဟူကို မနှစ်သက်ပေ။ သူမကြောင့်သာ မဟုတ်ပါက သူမ၏သမီး ကျွင်းအာကို ရောင်းချရမည့်အခြေအနေသို့ ရောက်လာမည်မဟုတ်ပေ။

သမီးသည်လည်း သူမ၏ကိုယ်ခန္ဓာမှ ပေါက်ဖွားလာသော အသားတစ်ပိုင်း ဖြစ်သည်။ သူမသည် သမီးကို တကယ် ရောင်းချချင်သည်ဟု ထင်နေတာလား။ ဘာမှ မတတ်နိုင်သောကြောင့် ဖြစ်သည်။

“ဘာလဲ လာလို့ မရဘူးလား” ဟူက မေးခွန်းပြန်မေးလိုက်ပြီး မျက်နှာတွင် အပြုံးအနည်းငယ်ရှိနေသည်။

တုမုဆိုးမသည် မဲ့ပြလိုက်သည်။ “ရယ်စရာ လာရှာတာဆိုရင် ပြန်လိုက်တော့။ နင်ကြောင့်သာ မဟုတ်ရင် ငါ့ကျွင်းအာကို မနှောင့်ယှက်ရဘူး”

ဟူသည် ရယ်မောလိုက်သည်။ ဤလူ၏ပြောပုံက ဘာသဘောတရားလဲ။ သို့သော် သူမသည် ယနေ့တွင် ကိစ္စတစ်ခုရှိသောကြောင့် မစခင်တွင်ပင် စကားမများချင်တော့ပေ။

“ငါ နင့်ကို ပြောစရာရှိတယ်။ အိမ်ထဲမှာ ပြောရအောင်” ပြောနေရင်း သူမသည် ဘေးတွင် ရပ်နေသော တုကျွင်းအာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျွင်းအာ၊ မကြောက်ပါနဲ့။ အဒေါ်က နင့်အမေကို ဟန်မိသားစုကို လက်ထပ်ပေးတာကို မလုပ်စေရဘူး”

တုကျွင်းအာ၏မျက်လုံးများက လှည့်ပတ်သွားသည်။ သူမသည် မျက်နှာကို ဖုံးအုပ်ပြီး ငိုယောင်ဆောင်လိုက်သည်။ “အဒေါ်ကပဲ ကျွန်မကို သနားတယ်”

“ကောင်းတဲ့ကလေး၊ မငိုပါနဲ့။ မျက်နှာကို သွားဆေးလိုက်။ ငါ နင့်အမေကို စကားပြောပေးမယ်”

တုကျွင်းအာသည် မီးဖိုချောင်သို့ ဝင်သွားသည်။ ဟူသည် တုမုဆိုးမနှင့်အတူ ခန်းမထဲသို့ ဝင်သွားသည်။

“နင် ဘာပြောချင်တာလဲ” တုမုဆိုးမသည် အလွန်အံ့ဩနေသည်။ သူမသည် ဤအစ်မ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းနားလည်သည်။ သူမသည် ကျွင်းအာကို ထိုသို့ပြောဆိုခဲ့သောကြောင့် သူမ၏စိတ်ထဲတွင် တစ်ခုခုရှိနေပြီ ဖြစ်သည်။ ကျွင်းအာကို လက်မထပ်ပေးတော့ဘူးလား။ ဒါဆို လုမိသားစုရဲ့ ဒုတိယအခန်းက ပြောင်းလဲသွားပြီလား။

ဤနေရာသို့ ရောက်လာသောအခါ တုမုဆိုးမ၏မျက်နှာက တောက်ပလာသည်။

ဟူသည် နှုတ်ခမ်းကို နည်းနည်းလေး မဲ့လိုက်ပြီး အိပ်ရာဘေးရှိ စားပွဲကို ကြည့်လိုက်သည်။ “လက်ဖက်ရည် ရှိလား။ ငါ့ကို လက်ဖက်ရည်တစ်ခွက်ပေး။ လမ်းလျှောက်လာရလို့ ရေငတ်နေပြီ”

တုမုဆိုးမသည် မျက်လုံးပြူးချင်ခဲ့သော်လည်း မပြူးနိုင်ပေ။

တုမိသားစုတွင် လက်ဖက်ရည် ရှိသည်။ တုလျန်က အေးအေးဆေးဆေး နေရသည်ကို ကြိုက်သည်။ သူ၏သူငယ်ချင်းအချို့လည်း တုအိမ်သို့ လာရောက်လေ့ရှိသောကြောင့် တုမိသားစုတွင် လက်ဖက်ခြောက်များ ရှိသည်။

25 05

“လက်ဖက်ရည် သောက်ဦးမလား။ ရေနဲ့မရဘူးလား” တုမုဆိုးမသည် လက်ဖက်ရည်ခြောက်အတွက် ငွေကုန်ရမှာကို စိုးရိမ်နေသည်။ လက်ဖက်ရည်ခြောက်က စျေးမနည်းပေ။ ပါးစပ်ဖြင့် ဤသို့ပြောနေသော်လည်း သူမသည် အိပ်ရာမှ ဆင်းပြီး ဟူအတွက် လက်ဖက်ရည်ငှဲ့ရန် လုပ်ခဲ့သည်။

လက်ဖက်ရည်ကို ကြွေခွက်ဖြူဖြင့် တင်ပေးသည်။ ဤအရာကိုလည်း တုမုဆိုးမက တုလျန်အတွက် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ တုလျန်က သူနှင့် သူ၏သူငယ်ချင်းများ လက်ဖက်ရည် သောက်သောအခါ ဤသို့သော ခွက်မျိုးဖြင့် သောက်လေ့ရှိသည်ဟု ပြောခဲ့သောကြောင့် တုမုဆိုးမသည် သွားများကို ကြိတ်ပြီး ဤပစ္စည်းများကို ဝယ်ယူခဲ့သည်။ ငွေအပြားငါးရာတောင် ကုန်ကျခဲ့သည်။

ဟူသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း သောက်လိုက်ပြီးမှ ခွက်ကို ချလိုက်သည်။ “ဒီနေ့ လုမိသားစုအကြောင်း ပြောဖို့ လာခဲ့တာ...”

“သူတို့ စိတ်ပြောင်းသွားပြီလား” တုမုဆိုးမ၏မျက်လုံးများက ပို၍တောက်ပလာသည်။

ဟူသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ဒုတိယအခန်းနဲ့တော့ မဆိုင်ဘူး။ ကျွန်မရဲ့ယောက္ခမက...”

ဟူသည် မဖုံးကွယ်တော့ဘဲ လုကွေ့လီသည် တုလျန်ကို သဘောကျကြောင်းနှင့် လုအဘိုးအဘွားနှစ်ဦးက တုမိသားစုနှင့် လက်ထပ်ပွဲကို စီစဥ်လိုကြောင်း ပြောပြလိုက်သည်။

တုမုဆိုးမ၏ တုံ့ပြန်မှုက သူမ ခန့်မှန်းထားသည့်အတိုင်း ဖြစ်သည်။ သူမသည် ဒေါသတကြီး ဆဲဆိုလိုက်သည်။ ပေါင်ကို ရိုက်ပြီး ပြောလိုက်သည်။ “မျက်လုံးကန်းတာ။ ဖျားနာနေတဲ့သူက ငါ့သားကို စိတ်ကူးယဉ်ရဲတာ။ အသက်တိုသင့်တယ်။ သေလည်းမသေ၊ ရှင်လည်းမရှင်ဘဲ အိပ်ရာပေါ်မှာပဲ လဲနေရတာ။ အဖေနဲ့အမေလည်းမရှိ၊ ပုပ်ပွနေတဲ့အရာ...”

အစ်မက ဤမျှဆိုးရွားစွာ ဆဲဆိုနေသည်ကို မြင်သောအခါ ဟူသည် ရွံရှာစွာ မျက်မှောင်ကြုတ် လိုက်သည်။ သူမ၏အစ်မက အရင်က ဤသို့မဟုတ်ခဲ့ပေ။ ဘယ်အချိန်က ဤမျှ ရိုင်းစိုင်းလာသည်ကို မသိပေ။

“တော်တော့ တော်တော့။ ရပ်လိုက်တော့။ ငါက နင့်ရဲ့ဒုက္ခတွေကို ဖြေရှင်းပေးဖို့ လာတာ။ နင် ဆဲတာကို နားထောင်ဖို့ လာတာမဟုတ်ဘူး” ဟူက ပြောလိုက်သည်။

“ဒုက္ခတွေကို ဖြေရှင်းပေးမယ်။ ဘာဆိုလိုတာလဲ”

ဟူသည် လည်ချောင်းကို ရှင်းလိုက်သည်။ “ကျွန်မရဲ့ယောက္ခမက ပြောခဲ့တယ်။ တုမိသားစုက ကျွန်မရဲ့သမီးငယ်ကို လက်ထပ်ပေးမယ်ဆိုရင် လယ်မြေငါးဧက မင်္ဂလာလက်ဆောင်အဖြစ် ပေးမယ်”

သူမသည် လက်ဖဝါးကို တုမုဆိုးမ၏ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

တုမုဆိုးမသည် ရုတ်တရက် ကြောင်သွားပြီး စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်နေသည်။

လယ်မြေငါးဧက။ တစ်ဧကသည် ငွေဆယ်လျံနီးပါးရှိသည်။ ငါးဧကဆိုလျှင် ငွေငါးဆယ်လျံဖြစ်သည်။ အထူးသဖြင့် လယ်မြေ၏တန်ဖိုးကို ငွေဖြင့် နှိုင်းယှဥ်မရပေ။ တုမုဆိုးမသည်လည်း ရွာတွင် ကြီးပြင်းလာသူ ဖြစ်သည်။ လယ်မြေအပေါ်တွင် ချစ်ခင်မှုက လူတိုင်းတွင်ရှိသည်။

ငွေရှိလျှင် လယ်မြေရရှိမည်ဟု မဆိုလိုပေ။ သို့သော် လယ်မြေရှိလျှင် ငွေရှိလိမ့်မည်။ ထိုအချိန်တွင် ငှားရမ်းသည်ဖြစ်စေ၊ ကိုယ်တိုင်စိုက်ပျိုးသည်ဖြစ်စေ ဘဝက ပိုမိုကောင်းမွန်လာမည်။

တုမုဆိုးမသည် ပို၍စဥ်းစားသည်။ လယ်မြေငါးဧကကို ရရှိသောအခါ လယ်မြေနှစ်ဧကကို ရောင်းပြီး ငွေရယူမည်။ ကျန်ရှိသော သုံးဧကကို ငှားရမ်းမည်။ ထိုအခါ သူမ၏လက်ထဲတွင် ငွေများရှိပြီး လယ်မြေမှ ဝင်ငွေများလည်း ရှိနေလိမ့်မည်။

သို့သော် သူမသည် ချက်ချင်း သတိဝင်လာသည်။ လယ်မြေငါးဧကကို ရရှိရန်အတွက် ဖျားနာနေသော လုကွေ့လီကို လက်ထပ်ရမည်ဖြစ်သည်။

သူမ၏သားသည် သူမ၏စိတ်ထဲတွင် အဖိုးတန်ဆုံးသောသူဖြစ်သည်။ တုမုဆိုးမသည် သားကို ဤသို့ ထိခိုက်စေခြင်းကို မလိုလားပေ။

++++++

26 01

အခန်း 26

ဟူသည် လာရောက်သောအခါ အစီအစဥ်ရှိနေပြီ ဖြစ်သည်။ သူမ၏အစ်မသည် ငယ်ငယ်ကတည်းက သူမ၏ရန်သူမဟုတ်ခဲ့ပေ။ ထို့ကြောင့် သူမသည် အစ်မကို ယုံကြည်မှုရှိသည်။

ဟူ၏အသံက ထိုအချိန်တွင် ပေါ်ထွက်လာသည်။ “ကျွန်မရဲ့ယောင်းမငယ်က လုမိသားစုမှာ ဘယ်လောက်တောင် အချစ်ခံရလဲဆိုတာ နင်သိသင့်တယ်။ ကျွန်မရဲ့တူမ ကျောင်းယွဲ့ထက်တောင် ပိုအချစ်ခံရတယ်။ သူ့ရဲ့ခန္ဓာကိုယ်က တကယ် မကောင်းပေမဲ့ အဲဒါက သူ့ရဲ့အားသာချက် ဖြစ်တယ်။ လျန်က ကျွန်မရဲ့တူလေးဆိုတော့ ကျွန်မက သူ့ဘက်က ရပ်တည်ရမယ်။ မပြောသင့်တဲ့စကားကို ပြောရရင် သူမက ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်ဆိုတာ ဘယ်သူမှမသိပေမဲ့ လယ်မြေငါးဧကကတော့ နင့်လက်ထဲကို တကယ်ရောက်လာမှာပါ”

ဟူ၏လေသံက ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း တုမုဆိုးမသည် တွေးတောချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။

“...နောင်တွင် လျန်က အောင်မြင်လာတဲ့အခါ သူမက သေဆုံးသွားလိမ့်မယ်။ အဲဒီအခါ ဘာအနှောင့်အယှက်မှမရှိဘဲ လျန်က နောက်ထပ်ဇနီးတစ်ဦး ထပ်ယူနိုင်လိမ့်မယ်။ ဒီအရာက ဘာလို့ မပျော်ရွှင်စရာ ဖြစ်ရမှာလဲ”

“ဒါပေမဲ့ သူ့ခန္ဓာကိုယ်က...” တုမုဆိုးမသည် အနည်းငယ် တွန့်ဆုတ်နေသည်။ “နင် ပြောတာ မဟုတ်လား။ သူ့ခန္ဓာကိုယ်က ဆေးနဲ့ပဲ ထိန်းထားရတာ။ ငါတို့မိသားစုက ဒီလိုမျိုး ဧည့်သည်ကို မတတ်နိုင်ဘူး”

ဟူသည် တုမုဆိုးမ၏လေသံက ပြောင်းလဲသွားသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ “လုမိသားစုက တုမိသားစုရဲ့အခြေအနေကို သိတယ်။ ယောက္ခမနှစ်ပါးက သူတို့သမီး သေတာကို လက်ပိုက်ကြည့်နေမယ်လို့ နင်ထင်နေတာလား။ နင့်ကို မပြောဘဲ မနေနိုင်ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်မှာ နောက်တစ်ကြိမ် ပြဿနာဖြစ်တယ်။ ယောက္ခမနှစ်ပါးက ငွေသုံးဆယ်ထုတ်ပြီး သူ့ရောဂါကို ကုသဖို့ ပေးတယ်။ တတိယအခန်းက ဒေါသထွက်ပြီး ပြဿနာတွေ အများကြီး လုပ်ခဲ့တယ်”

“ငွေသုံးဆယ်...” တုမုဆိုးမ၏နှုတ်ခမ်းများက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ သူမ တစ်သက်လုံး နေထိုင်လာခဲ့ရာတွင် ငွေအပြားသုံးဆယ်ကို ကိုယ်တိုင် တစ်ခါမျှ မကိုင်ဖူးပေ။

လုကွေ့လီသည် လုအဘိုးအဘွားနှစ်ဦး၏ အသည်းနှလုံးဖြစ်သောကြောင့် သူတို့သည် သမီးကို ဘယ်တော့မှ လစ်လျူရှုမည် မဟုတ်ပေ။ ဆိုလိုသည်မှာ တုမိသားစုသည် လုကွေ့လီ၏ဆေးဖိုးကို လုံးဝပေးစရာ မလိုဘဲ လယ်မြေငါးဧကကို အလကားရရှိလိမ့်မည်။ လုကွေ့လီကို ပြုစုစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပြောစရာမလိုပေ။ စားစရာအတွက် လူတစ်ဦး ပိုလာခြင်းသာ ဖြစ်သည်။ လုအဘိုးအဘွားနှစ်ဦးသည် အနည်းဆုံး ဆယ်နှစ်ကျော် ရှင်သန်နိုင်သေးသည်။ ထိုအချိန်တွင် လုမိသားစု၏ငွေသည် တုမိသားစု၏ငွေနှင့် ဘာမှကွာခြားမည် မဟုတ်ပေ။ ယနေ့တွင် လုကွေ့လီ၏ရောဂါကို ကုသရန်အတွက် ငွေသုံးဆယ် ထုတ်ပေးနိုင်သည်ဆိုလျှင် မနက်ဖြန်တွင် ငွေငါးဆယ် ထုတ်ပေးနိုင်မည်။ လုကွေ့လီက သူတို့၏လက်ထဲတွင် ရှိနေသောကြောင့် ရောဂါကို ကုသစရာ မလိုပေ။ သေရုံသာမသေဘဲ ရှိနေစေရန် ပြုလုပ်ပေးရုံသာဖြစ်သည်။ လုအဘိုးအဘွားနှစ်ဦးသည် စောစောစီးစီး ဆုံးပါးသွားခဲ့လျှင်တောင် လုကွေ့လီက ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူမ၏အစ်မက ပြောခဲ့သည့်အတိုင်း လယ်မြေငါးဧကကတော့ သူမ၏လက်ထဲတွင် တကယ်ရောက်လာမှာ ဖြစ်သည်။

တုမုဆိုးမ၏နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။ သူ၏စိတ်ထဲတွင် အတွေးများစွာ လှည့်ပတ်နေသည်။

ဟူ၏အသံက သူမ၏နားထဲသို့ မျောလွင့်ဝင်လာသည်။

“ဒီအရောင်းအဝယ်က လုပ်လို့ရတယ်မလား”

“လုပ်လို့ရတယ်”

တုမုဆိုးမသည် ဖြေကြားပြီးမှ သတိဝင်လာခဲ့သည်။ သူမသည် ချွေးများ စိုရွှဲနေသည်။ သူမသည် အံ့ဩခြင်းကြောင့်လား၊ ပျော်ရွှင်ခြင်းကြောင့်လား မသိပေ။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး လျင်မြန်စွာ မေးလိုက်သည်။ “ဒါဆို နင်က ဘယ်လိုအကျိုးအမြတ် ရရှိမှာလဲ”

26 02

သူမ၏အစ်မသည် ဘယ်တော့မှ အရှုံးပေါ်သောအလုပ်မျိုးကို မလုပ်ပေ။ သူမသည် လုမိသားစု၏ ချွေးမကြီးဖြစ်သည်။ တုမိသားစုက လုမိသားစုမှ ငွေရှာနေခြင်းက သူမထံမှ အသားများကို ခြစ်ယူနေသလိုပင်။ သူမက ဒါကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။

ဟူသည် အစ်မ ဘာတွေးနေသည်ကို သိသောကြောင့် ခါးခါးသီးသီး ပြုံးလိုက်သည်။ “ငါ ဘယ်လိုအကျိုးအမြတ် ရနိုင်မှာလဲ။ ယောက္ခမက ငါ့ကို အတင်းအကျပ် မလုပ်ရင်ငါလည်း ဒီလိုလုပ်ချင်မယ်လို့ နင် ထင်နေတာလား။ ငါ ဘာတွေးနေလဲဆိုတာ နင် သိတယ်။ ငါက တုမိသားစုက လုမိသားစုထံမှ ငွေရှာတာကို မလိုလားဘူး။ ငါလည်း ဆန္ဒမရှိဘူး။ ဒါပေမဲ့ ငွေကို လုကွေ့လီအပေါ် သုံးတာကော တုမိသားစုအပေါ် သုံးတာကော ငါ့အတွက် ဘာကွာခြားမှုမှ မရှိဘူး။ ဒီလိုဆိုရင် ငွေကို လျန်အပေါ် သုံးတာက ငါ့စိတ်ကို ပိုသက်သာစေတယ်။ နောင်တွင် လျန်က အောင်မြင်လာရင် ဒီအဒေါ်ကို မမေ့ဖို့ သူ့ကို မှတ်မိနေစေရုံပဲ”

ဟူက အလွန် ပွင့်ပွင့်လင်းလင်း ပြောခဲ့သောကြောင့် တုမုဆိုးမသည် ငြင်းပယ်နိုင်ခြင်းမရှိတော့ပေ။ သူမသည် လေးလေးနက်နက် ပြောလိုက်သည်။ “လျန်က နင့်ရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

“ဒါဆို ဒီကိစ္စကို နင် ဘယ်လိုလုပ်မလဲ”

တုမုဆိုးမသည် အကြာကြီး စဥ်းစားပြီးနောက် သွားများကို ကြိတ်ကာ ပြောလိုက်သည်။ “ရတယ်”

ဟူသည် တုမုဆိုးမကို နှုတ်ဆက်ပြီးနောက် လမ်းတစ်လျှောက်တွင် ပြန်လျှောက်သွားသည်။

လူသည် ကိုယ့်အတွက် ကိုယ် မစဥ်းစားလျှင် ကမ္ဘာကြီးက သူ့ကို အဆုံးသတ်လိမ့်မည်။ ထို့ကြောင့် သူမ၏ရက်စက်မှုကို အပြစ်မတင်ပါနဲ့။

လုကွေ့လီသည် ဟူ၏စိတ်ထဲတွင် အမြဲတမ်း နေထိုင်ခဲ့သော ရောဂါတစ်ခုဖြစ်သည်။ သူမသည် ယောင်းမငယ် သေဆုံးသွားလျှင် ကောင်းမည်ဟု အကြိမ်အများအပြား တွေးခဲ့သည်။ ကံမကောင်းစွာဖြင့် လုကွေ့လီ၏ခန္ဓာကိုယ်က မကောင်းသော်လည်း သူမ၏ကံကြမ္မာက အလွန်ခိုင်မာသည်။ ထို့ကြောင့် သူမသည် ယောက္ခမနှစ်ပါးက လုမိသားစု၏ငွေများကို သူမအပေါ်တွင် သုံးစွဲနေသည်ကို ကြည့်ပြီး နေခဲ့ရသည်။

အခြားသူ၏ငွေကို လုယက်ယူခြင်းသည် မိဘများကို သတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဟူသည် နေ့တိုင်း သူမ၏ခင်ပွန်းနှင့် သားနှစ်ယောက် ငွေရှာရန် ပင်ပန်းစွာ လုပ်နေသည်ကို ကြည့်ပြီး ဒေါသထွက်ခဲ့သည်။ သို့သော် သူမ ဘာလုပ်နိုင်မှာလဲ။ သူမသည် လုမိသားစု၏ ချွေးမကြီးဖြစ်ပြီး ခင်ပွန်းကလည်း သားကြီးဖြစ်သည်။ ထို့ကြောင့် လုကွေ့လီတစ်ရက် ရှင်သန်နေသရွေ့၊ ယောက္ခမနှစ်ဦး ရှင်သန်နေသရွေ့ သူတို့သည် ဤဝန်ထုပ်ဝန်ပိုးမှ ဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဟူသည် ဥာဏ်ကောင်းသောသူ ဖြစ်သည်။ သူမသည် လုကွေ့လီဟူသော ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်နိုင်ခြင်း မရှိသည်ကို သိသောအခါ ထပ်မစဥ်းစားတော့ပေ။ သူမက ပို၍ကြောက်သည်မှာ ဒုတိယနှင့် တတိယအခန်းက ခွဲမည်ကို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် ဤသို့သော ဖိနှိပ်မှုကို ဆက်မခံနိုင်တော့ပေ။ သူမသာမက ဒုတိယနှင့် တတိယအခန်းကပါ ထိုအတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် တတိယအခန်းက ဤနှစ်အနည်းငယ်အတွင်း ဤမျှဆူပူကြခဲ့ခြင်းဖြစ်သည်။

လုမိသားစု ခွဲလိုက်သည်နှင့် ယောက္ခမနှစ်ဦးသည် သားကြီး၏နောက်သို့ လိုက်မည်မှာ သေချာသည်။ ယောက္ခမနှစ်ဦးသည် သမီးကို စွန့်ပစ်မည် မဟုတ်သောကြောင့် လုကွေ့လီဟူသော ဝန်ထုပ်ဝန်ပိုးက သားကြီး၏မိသားစုအပေါ်တွင် ကျရောက်လာလိမ့်မည်။

ဟူသည် ခင်ပွန်းနှင့် သားနှစ်ယောက်သာမက နောင်တွင် သူမ၏မြေးများကပါ လုကွေ့လီ တစ်ဦးတည်းအတွက် နေထိုင်ခြင်းကို မလိုလားပေ။ သူမသည် အခြားသူများကို ဝေမျှပေးရမည်။ ထို့ကြောင့် လုမိသားစုတစ်ခုလုံးတွင် အခွဲကို မလိုလားသူက လုအဘိုးအဘွားနှစ်ဦး မဟုတ်ဘဲ သူမ ဟူဖြစ်သည်။

ဟူသည် ညတိုင်း မအိပ်နိုင်အောင် ကြောက်ခဲ့သည်။

ထို့ကြောင့် သူမသည် ခွဲမထွက်စေရန် အတွေးများစွာဖြင့် ကြိုးစားခဲ့သည်။ ခင်ပွန်းက သူမသည် အသိဉာဏ်ရှိသည်၊ အရာရာကို နားလည်ပြီး ညီမနှစ်ယောက်ကဲ့သို့ မဟုတ်ဟု တွေးခဲ့သည်။ သူက အလယ်တွင် ခက်ခဲသော အနေအထား မရောက်ခဲ့ရပေ။

ဟူက ဤမျှ အသိဉာဏ် ရှိသောသူ မဖြစ်ချင်သည်ကို ဘယ်သူသိမှာလဲ။

တတိယအခန်းက လူများသည် ပျင်းရိပြီး ရှက်စရာကောင်းသူများ ဖြစ်သည်။ ဟူသည် သူတို့အပေါ်တွင် အချိန်မဖြုန်းချင်သောကြောင့် အာရုံကို ဒုတိယအခန်းအပေါ်တွင်သာ ထားခဲ့သည်။

ဒုတိယအခန်းက မခွဲထွက်သရွေ့ တတိယအခန်းက ဘာပြဿနာမှ မလုပ်နိုင်ပေ။

ထို့ကြောင့် ဟူသည် အစတွင် လုကျောင်းယွဲ့ကို တုမိသားစုသို့ လက်ထပ်ပေးရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ သူမ၏ယောင်းမသည် ကိုင်တွယ်ရခက်သောသူ ဖြစ်သည်။ ဒုတိယအခန်း၏ အသည်းနှလုံးက သူမ၏လက်ထဲတွင်ရှိနေသရွေ့ သူတို့သည် ခွဲထွက်ရန် ရဲရဲပြောနိုင်မည် မဟုတ်ပေ။

26 03

ဤသို့ဆိုလျှင် ဒုတိယအခန်းတစ်ခုလုံးက သားကြီး၏မိသားစုနှင့်အတူ ချည်နှောင် ထားခံရသည်။

ဤအရာများတွင် မမျှော်လင့်သော ကိစ္စများစွာ ဖြစ်ပေါ်လာမည်ဟု ဘယ်သူတွေးနိုင်မှာလဲ။ ဦးစွာ ဒုတိယအခန်းမှ လူများသည် တုမိသားစုကို တစ်နှစ် စောင့်ခိုင်းလိုက်သည်။ ပြီးနောက် လုကွေ့လီသည် ဖျားနာပြီး လုမိသားစုတစ်ခုလုံးက ပြဿနာဖြစ်ခဲ့ကြသည်။ နောက်ဆုံးတွင် ယောက္ခမသည် သမီးငယ်က သူမ၏တူလေးကို စိတ်ကူးယဉ်နေကြောင်း ပြောပြခဲ့သည်။

ထိုဖျားနာနေသောသူက လျန်ကို လက်ထပ်ချင်တာလား။

ဟူသည် အံ့အားသင့်ပြီးနောက် ကံတရားက သူမအတွက် တံခါးအသစ်တစ်ခုကို ဖွင့်ပေးခဲ့ပြီဟု ရုတ်တရက် သိလိုက်သည်။

လုကွေ့လီကို လက်ထပ်ပေးနိုင်သရွေ့ သူမသည် လုမိသားစုနှင့် သားကြီးမိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပေ။ ထိုအချိန်တွင် သူမသည် ခွဲမထွက်ရန် ဤမျှကြိုးစားရန် မလိုတော့ပေ။

တစ်ခဏအတွင်း ဟူသည် ကောင်းကင်က ပြာသွားသည်၊ သစ်ပင်များက စိမ်းလာသည်၊ ရေက ကြည်လင်လာသည်ဟု ခံစားလိုက်ရသည်။

သမီးငယ်သည် တုမိသားစုသို့ လက်ထပ်ပြီးနောက် ဘာတွေဖြစ်လာမည်ကို သူမ၏ယောင်းမငယ်သည် အစီအစဥ် ဆွဲခဲ့ခြင်းကြောင့် မည်သို့တုံ့ပြန်မည်ကို ဟူသည် စဥ်းစားချင်ခြင်း မရှိတော့၊ စဥ်းစားရန်လည်း ပျင်းရိနေသည်။

လုကွေ့လီကို လုမိသားစုမှ ထွက်ခွာစေနိုင်သရွေ့ သူမသည် အချိန်နှင့်စိတ်အနည်းငယ် ပိုပေးရခြင်းက ဘာမှမဟုတ်ဟု တွေးခဲ့သည်။

သတိမထားမိခင်တွင် ဟူသည် တာ့ရှီးရွာသို့ ပြန်ရောက်နေပြီဖြစ်သည်။

အိမ်သို့ပြန်ရောက်သောအခါ သူမ၏မြေးမလေး နျူနျူသည် ခြံဝင်းထဲတွင် ကြက်များနှင့် ဆော့ကစားနေသည်။ ဟူသည် ကြင်နာစွာ ပြုံးလိုက်ပြီး သူမဆီသို့ လျှောက်သွားသည်။

“နျူနျူ၊ ပျော်နေလား”

နျူနျူသည် အဘွားကို စပ်စုသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီး ကြက်များကို လိုက်ဖမ်းနေသည်။ ဟူသည် ထိုနေ့တွင် မတားဆီးခဲ့ဘဲ ပြုံးနေရင်း ထိုနေရာတွင် ခဏကြာ ရပ်နေခဲ့သည်။ ဘာကို တွေးနေသည်ကို မသိပေ။

ချွေ့သည် ချွေးမကြီး ပြန်ရောက်လာသည်ကို အကြာကြီး မြင်ခဲ့သည်။ သူမသည် အခန်းထဲတွင် ခဏကြာ နေထိုင်ပြီးမှ အပေါ်ထပ်သို့ ထွက်လာသည်။

“ချွေးမကြီး၊ ပြန်ရောက်လာပြီလား”

ဟူသည် အရှေ့ဘက်သို့ ဝင်သွားသည်။ ချွေ့သည် နောက်မှ လိုက်သွားခဲ့သည်။

“အဲဒီကိစ္စကို ဘယ်လိုပြောလိုက်လဲ” ချွေ့က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

ဟူသည် ခဏကြာ တွန့်ဆုတ်လိုက်ပြီး “အစ်မက စဥ်းစားရဦးမယ်လို့ ပြောတယ်”

ချွေ့သည် စိတ်ပျက်သွားသည်။ “စဥ်းစားရတာလည်း မှန်ပါတယ်။ အမှန်တကယ်ပဲ ကလေးရဲ့တစ်သက်တာ ကိစ္စပဲ”

အတွေးများထဲတွင် နစ်မြုပ်နေသော သူမသည် ဟူ၏မျက်နှာပေါ်တွင် ထူးဆန်းစွာ တောက်ပနေသော အပြုံးကို သတိမထားမိခဲ့ပေ။

လုကျောင်းယွဲ့သည် အပြင်ထွက်ရန် ပြင်ဆင်နေစဉ်တွင် ချွေ့က အပေါ်ထပ်မှ ထွက်လာသည်နှင့် ကြုံတွေ့လိုက်ရသည်။

ထိုနေ့တွင် ချွေ့၏မျက်နှာက ပိုကောင်းနေသည်ကို မြင်ရခဲသည်။ လုကျောင်းယွဲ့သည် သူမကို သံသယဖြင့် ကြည့်လိုက်သည်။

“နင် ဘယ်သွားမလို့လဲ”

“အဘွား၊ ကျွန်မ ကွေ့ယာအိမ်ကို သူမ ပြင်ခိုင်းထားတဲ့ အဝတ်အစားတွေ ပြန်ပေးဖို့ သွားတာ” လုကျောင်းယွဲ့သည် ခေါင်းငုံ့ပြီး လက်ထဲမှ အထုပ်ကို ပွတ်သပ်နေသည်။

ချွေ့သည် အခြားဘာမှ မပြောတော့ပေ။ “အချိန်နောက်ကျနေပြီ။ စောစောပြန်လာခဲ့”

လုကျောင်းယွဲ့သည် ခေါင်းညိတ်ပြီး အပြင်ထွက်သွားသည်။

သူမသည် လက်ထဲမှ အထုပ်ငယ်လေးကို သယ်ဆောင်ပြီး ရွာသူရွာသားများကို ရှောင်ရှားရင်း ရွာ၏အဆုံးသို့ ရောက်ရှိလာသည်။

ဤနေရာက ပို၍ တိတ်ဆိတ်သည်။ ရွာမှလူများက ဤနေရာမှ ဖြတ်သွားသည်မှာ အလွန်ရှားသည်။ ဟန်ကျင်းသည် နေ့တိုင်း လုကွမ်းကျိကို လိုက်ပို့၊ လာခေါ်သောအခါ ဤနေရာကို အသုံးပြုသည်။

26 04

လုကျောင်းယွဲ့သည် ခဏကြာ ရပ်နေပြီးနောက် အဝေးမှ လှည်းတစ်စင်း ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

လှည်းရပ်လိုက်သည်နှင့် လုကွမ်းကျိသည် လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။

“အစ်မ၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ” ထို့နောက် သူသည် အစ်မကြီး၏လက်ထဲမှ အထုပ်ကို မြင်လိုက်သည်။ မောင်နှမနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် နားလည်သော အကြည့်ဖြင့် ဖလှယ်လိုက်သည်။

ဟန်ကျင်းသည် လှည်းပေါ်တွင် ထိုင်နေပြီး နွားသားရေဖြင့် ပြုလုပ်ထားသော ကြိမ်လုံးကို ကိုင်ကာ ဤနေရာကို ကြည့်နေသည်။ အမြဲတမ်းလို အနက်ရောင်အင်္ကျီကိုသာ ဝတ်ထားသည်။ လုကျောင်းယွဲ့သည် တွန့်ဆုတ်နေရင်း ဦးလေးကျင့်ဇီ၏ အဝတ်အစားက တကယ်ပဲ နည်းနေသည်ဟု တွေးလိုက်သည်။ သူမ သူ့ကို တွေ့သောအခါ အမြဲတမ်း အဝတ်အစားတစ်စုံတည်းကိုသာ ဝတ်ထားသည်။

ဟန်ကျင်းသည် ပျင်းရိသော သဘောရှိပြီး အိမ်တွင်လည်း အဝတ်အစား ချုပ်ပေးမည့်သူ မရှိသောကြောင့် သူသည် အသင့်ချုပ်ထားသောအင်္ကျီဆိုင်သို့ သွားပြီး အင်္ကျီပုံစံတူ အများအပြား ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် အနက်ရောင်ကို ရွေးချယ်ရသနည်း ဆိုလျှင် အနက်ရောင်က အညစ်အကြေးကို ခံသောကြောင့် ဖြစ်သည်။ သူတို့၏အလုပ်က တခါတရံ သွေးစွန်းနိုင်သောကြောင့် အနက်ရောင်ဝတ်လျှင် မမြင်ရပေ။

လုကျောင်းယွဲ့သည် ခဏတာ တွန့်ဆုတ်လိုက်ပြီး လှည်းဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

“ဦးလေးကျင့်ဇီ...”

နေ့တိုင်း လုကွမ်းကျိက ဦးလေးကျင့်ဇီဟု ခေါ်နေသောကြောင့် ဟန်ကျင်းသည် ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်သည်။ သို့သော် သူမကလည်း ထိုသို့ခေါ်သောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။

ကံကောင်းစွာဖြင့် ယနေ့သူမကို ထပ်တွေ့ရသော ပျော်ရွှင်မှုက ဤစိတ်ကို ဖုံးလွှမ်းသွားစေသည်။ ဟန်ကျင်းသည်လည်း မျက်နှာမမည်းဘဲ ငြိမ်သက်စွာ ပြောလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”

အမှန်တကယ်တော့ သူသည် သူမ၏လက်ထဲမှ ပစ္စည်းကို မြင်နေရပြီဖြစ်သည်။

လုကျောင်းယွဲ့သည် တွန့်ဆုတ်စွာ ပြောလိုက်သည်။ “ကျွန်မမောင်လေးအတွက် အလုပ်ရှာပေးတာကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ နေ့တိုင်း လမ်းကြုံ လိုက်ပို့ပေးရတာလည်း ကျေးဇူးတင်ပါတယ်”

“ဘာမှမဟုတ်ပါဘူး။ ငါ အိမ်ပြန်မှာပဲ။ ငါ့မှာ လှည်းလည်းရှိတယ်။ ဘာမှမဖြစ်ပါဘူး” သူ၏မျက်လုံးနက်များက လုကျောင်းယွဲ့၏လက်ထဲမှ အထုပ်ကို လှည့်ပတ်ကြည့်လိုက်ပြီး ဝှက်ထားသော ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။

လုကျောင်းယွဲ့သည် အထုပ်ကို ကိုင်ပြီး တွန့်ဆုတ်စွာ ပေးလိုက်သည်။ “ဒါက ကျွန်မကိုယ်တိုင် ချုပ်ထားတဲ့ အဝတ်အစားတစ်စုံပါ။ ကျွန်မမောင်လေးအတွက် စိတ်ပူပေးပြီး လုပ်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ပါ။ ဦးလေးကျင့်ဇီ မကြိုက် မဖြစ်ပါနဲ့”

ဟန်ကျင်းသည် အထုပ်ကို လက်ဖြင့်ယူလိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ရှုထောင့်မှကြည့်လျှင် သူမ၏ခေါင်းငုံ့နေသော မျက်ခုံးမွှေးများ၊ ပန်းပွင့်ကဲ့သို့ နှုတ်ခမ်းများနှင့် ဖြူစင်နူးညံ့သောလည်ပင်းကို မြင်နိုင်သည်။ သူသည် မျက်လုံးများ မှောင်မိုက်သွားပြီး တစ်ခုခုပြောရန် ကြံရွယ်လိုက်သော်လည်း ဘေးမှ လုကွမ်းကျိက ပြုံးရယ်စွာဖြင့် ဝင်ပြောလိုက်သည်။ “အစ်မ၊ စိတ်မပူပါနဲ့။ ဦးလေးကျင့်ဇီ မကြိုက် မဖြစ်ပါဘူး”

သူသည် ဟန်ကျင်းကိုလည်း ပြောလိုက်သည်။ “ဦးလေးကျင့်ဇီ၊ ငါ့အစ်မရဲ့လက်ရာက အတော်လေး ကောင်းတယ်။ ဦးလေးနဲ့ အတော်လေး အဆင်ပြေမှာပါ”

ဤအရာကို ဟန်ကျင်း သိသည်။ မိန်ကျွမ်းယီက သူ့ကို ကြွားခဲ့သည်ကို မှတ်မိနေသည်။ သူ့တူမလေး ကြီးပြင်းလာပြီး ဦးလေးအတွက် အဝတ်အစား ချုပ်ပေးနိုင်ပြီဟု ပြောခဲ့သည်။ ထိုအချိန်တွင် ဟန်ကျင်းသည် ထိုအဝတ်အစားတွင် ပန်းများ ပေါက်နေသည်ကိုပင် မမြင်နိုင်ဘဲ မိန်ကျွမ်းယီက ဘာလို့ ဒီလောက်ပျော်ရွှင်နေရတာလဲဟု တွေးခဲ့သည်။

နောက်ပိုင်းတွင် သူမနှင့် သိကျွမ်းခဲ့ပြီးမှ ပြန်တွေးသောအခါ တစ်ကြိမ်တွေးတိုင်း ဟန်ကျင်းသည် တစ်ကြိမ် မနာလိုဖြစ်ခဲ့သည်။ ထို့ကြောင့် ဟန်ကျင်းသည် လုကွမ်းကျိက သူ ဘာကြိုက်သည်ကို တိတ်တဆိတ် စုံစမ်းနေသောအခါ သူ့အဝတ်အစားများကို မည်သူကမှ ဂရုမစိုက်ပေးကြောင်း ပြောရန် လူကို တမင်တကာ စေလွှတ်ခဲ့သည်။

ထိုမိုက်မဲသောကလေးက ထောင်ချောက်ထဲသို့ ဝင်သွားသည်။

ဟန်ကျင်း၏မျက်နှာက ဘာမှမပြောင်းလဲသော်လည်း စိတ်ထဲတွင် ဤအထုပ်ကို ဖွင့်ပြီး ထိုနေရာတွင်ပင် ဝတ်ကြည့်ချင်နေသည်။

“ကျေးဇူးတင်ပါတယ်”

“ဘာမှမဟုတ်ပါဘူး” လုကျောင်းယွဲ့၏မျက်နှာက နီရဲလာပြီး အနည်းငယ် ရှက်ရွံ့စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒါဆို ဦးလေးကျင့်ဇီ၊ ငါတို့ ပြန်လိုက်တော့မယ်နော်” လုကွမ်းကျိက ပြောလိုက်သည်။

ဟန်ကျင်းသည် သူမကို စွန့်လွှတ်ရခက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

******

All Chapters