အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
69 01
အခန်း 69 သူနှစ်သက်သော မိန်းကလေး
“ကျောင်းယွဲ့...”
လုကျောင်းယွဲ့ အလိုအလျောက် မျက်လုံးပင့်ကြည့်လိုက်မိရာ သူ့ရဲ့ နက်မှောင်သော မျက်ဝန်းတွေနဲ့ တန်းတည့်ဆုံသည်။
သူ့ရဲ့ မျက်လုံးတွေက အေးဆေးတည်ငြိမ်ပြီး အောက်ခြေမမြင်ရတဲ့ ရေအိုင်ကြီးလို နက်ရှိုင်းလှသည်။ ဒါပေမဲ့ အဲဒီထဲမှာ မီးစ တစ်စ တောက်ပနေသယောင် ရှိနေတော့ ဘယ်သူမှန်း မသိ၊ မီးပုံရဲ့ အရိပ်လား၊ တခြားတစ်ခုလားဆိုတာ မဝေခွဲနိုင်။
လုကျောင်းယွဲ့ နားဖျားလေး တုန်ခါသွားပြီး မျက်တောင်တွေ အလိုအလျောက် မှေးချကာ သူ့မျက်နှာကို ထပ်မကြည့်ရဲတော့ပေ။
သူမရဲ့ ခန္ဓာကိုယ်အောက်မှာကတော့ တောင့်တင်းခိုင်မာတဲ့ သူ့ရဲ့ ပေါင်တွေဖြစ်ပြီး၊ သူ့လက်တစ်ဖက်က သူမရဲ့ပခုံးကို ပတ်ထားရင်း သူမကို ငုံ့ကြည့်နေသည်။ ဒီလိုအနေအထားနဲ့ ဒီလိုထောင့်မျိုးက အင်မတန် အန္တရာယ်များတဲ့အတွက် လုကျောင်းယွဲ့ အလိုအလျောက် ရုန်းကန်နေမိသည်။ သူမရဲ့ ကျောရိုးကို မာအောင် တောင့်တင်းပြီး ထထိုင်ဖို့ ကြိုးစားသော်လည်း ဟန်ကျင်းက သူ့လက်ကြီးတစ်ဖက်နဲ့ သူမရဲ့ လက်မောင်းကို ဖိချကာ သူ့ရင်ခွင်ထဲမှာ လုံခြုံစွာ ပိတ်လှောင်ထားသည်။
လုကျောင်းယွဲ့ တစ်ကိုယ်လုံး ချွေးတွေ ပြန်လာသည်အထိ ရုန်းသော်လည်း လွတ်မြောက်မလာသောကြောင့် အသံတုန်ရီစွာဖြင့် ပြောလိုက်သည်။ “ဦးလေးကျင်းဇီ၊ ကျွန်မကို ထခွင့်ပေးပါ”
ဟန်ကျင်းက ဘာမှမပြောဘဲ ပခုံးပေါ်မှာ ပတ်ထားတဲ့ လက်ကို ဖြည်းညင်းစွာ မြှင့်တင်လိုက်သည်။ လုကျောင်းယွဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တာကြောင့် သူမလက်နဲ့ သူ့ရင်ဘတ်ကို တားထားသည်။ ဒါပေမဲ့ သူမမှာ အားနည်းလွန်းပြီး သူကတော့ အားအင်တွေ ကြောက်စရာ ကောင်းလောက်အောင် များပြားလှသည်။ ဒီအချိန်မှာတော့ လုကျောင်းယွဲ့ ဟန်ကျင်းရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ဟာ အပြင်ပန်းမှာသာမက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အားအင်မှာပါ ပေါ်လွင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူမ ဖြည်းဖြည်းချင်း သူ့အနားကို ပိုပိုပြီး တိုးကပ်လာနေသည်ကို ခံစားမိသည်။ ပိုနီးလာပြီး သူ့အသက်ရှူသံကိုတောင် ခံစားလို့ရနေသည်။ အပြင်ပန်းမှာ တည်ငြိမ်သလောက် မဟုတ်ဘူးဆိုတာ ဒီလိုမှပဲ သိလိုက်ရသည်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အသက်ရှူသံတွေ အနည်းငယ် မြန်နေတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားလို့ရနေသည်။
ဒီလိုအသက်ရှူသံကြောင့် သူမ ကြောက်ရွံ့စွာ တင်းမာနေမိသည်။ လုကျောင်းယွဲ့ ထပ်တွန်းလိုက်ပေမဲ့ ထပ်ပြီး ရုန်းမရပြန်။ တစ်ခုခုပြောဖို့ ကြံနေတုန်းမှာပဲ ရုတ်တရက် သူ့ရဲ့ ဖိအားတွေ လျော့သွားသည်ကို ခံစားလိုက်ရပြီး ဟန်ကျင်းက သူမရဲ့ ရင်ဘတ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “ဒါ ဘာလဲ”
သူ စိုက်ကြည့်နေတဲ့နေရာကို ကြည့်လိုက်တော့ လုကျောင်းယွဲ့ မျက်နှာတစ်ပြင်လုံး ရုတ်တရက် နီရဲသွားသည်။ သူမတုံ့ပြန်ဖို့တောင် အချိန်မရလိုက်ခင်မှာပဲ ပြောနေသည်ကို ကြားလိုက်ရသည်။ “ဘာလို့ ပူနွေးနေတာလဲ”
ဒီအခါကျမှ သူမရဲ့ရင်ခွင်ထဲမှာ ကန်စွန်းဥကင်လေးတွေ ထည့်ထားတာ သတိရပြီး သူ့ကိုတွန်းလိုက်ရင်း ပြောလိုက်သည်။ “မြန်မြန်ထပါ၊ ကန်စွန်းဥတွေ ဖိပြီး ပြားကုန်မယ်”
ဒီလိုကောင်းတဲ့ အခွင့်အရေးကို ကန်စွန်းဥကင်လေးတွေက ဖြတ်တောက်လိုက်တော့ ဟန်ကျင်း စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ထရပ်လိုက်သော်လည်း လုကျောင်းယွဲ့ကိုတော့ သူ့ရင်ခွင်ထဲကနေ ထွက်မသွားအောင် ပိတ်လှောင် ထားလိုက်သည်။
လုကျောင်းယွဲ့ စိတ်သက်သာရာရသွားပြီး ထထိုင်ကာ ရင်ခွင်ထဲက ကန်စွန်းဥတွေကိုထုတ်ပြီး အဝတ်စကို ဖွင့်ကြည့်သည်။ ကံကောင်းထောက်မစွာ မပြားသွားပေ။
သူမ မျက်နှာနီရဲနေပြီး ဟန်ကျင်းရဲ့ မျက်နှာအမူအရာကို ကြည့်ဖို့တောင် မရဲဘဲ ကန်စွန်းဥတစ်ခုကို ထုတ်ပြီး မေးလိုက်သည်။ “အခုမှပဲ ပူနွေးသေးတယ်၊ ဦးလေးကျင်းဇီ စားမလား”
“ငါ့အတွက် သယ်လာတာလား”
သူ့အတွက် သယ်လာတာလား မဟုတ်လားဆိုတာ အခုချိန်မှာ အရေးပါသေးလား။ အရေးအကြီးဆုံးက သူ့ရဲ့အာရုံကို လမ်းကြောင်းပြောင်းနိုင်တာပါပဲ။
ဟန်ကျင်း ကန်စွန်းဥကို ယူလိုက်တာကို မြင်တော့ လုကျောင်းယွဲ့ စိတ်အေးသက်သာရာ ရသွားသည်။
“အခွံနွှာပေးဦး” ဟန်ကျင်းက ပြောသည်။ သူလက်တစ်ဖက်တည်းနဲ့ မရဘူးဆိုတာကို ပြဖို့ လက်တစ်ဖက်ကို ရွေ့ပြလိုက်သည်။ လုကျောင်းယွဲ့က မနွှာချင်ပေမဲ့ သူ စိတ်ဆိုးပြီး ထပ်အနိုင်ကျင့်မှာကို ကြောက်သောကြောင့် ကန်စွန်းဥကို ယူလိုက်သည်။
69 02
ဟန်ကျင်းက ပျော့အိနေတဲ့ ကန်စွန်းဥအခွံကို အာရုံစိုက်ပြီး နွှာနေတဲ့ သူမကို ပြုံးပြီး ကြည့်နေသည်။
ဒီကန်စွန်းဥတွေက အနီရောင် ကန်စွန်းဥတွေဖြစ်ပြီး တာ့ရှီးရွာက အိမ်တိုင်း နှစ်စဉ် စိုက်ပျိုးကြသည်။ ဒီအပင်တွေက ပေါက်လွယ်ပြီး ဘယ်နေရာမှာပဲ စိုက်စိုက် ပေါက်လွယ်ပြီး အထွက်နှုန်းလည်း ကောင်းသည်။ တစ်ခုပဲ ဆိုးတာကတော့ လူတွေ အများကြီး စားရင် ရင်ပူတတ်သောကြောင့် အိမ်တိုင်းက အများကြီး မစိုက်ကြဘဲ သရေစာအဖြစ်သာ စားကြသည်။ ကလေးတွေကတော့ ဒီအစာကို အလွန်နှစ်သက်ပြီး ဆောင်းရာသီမှာ မီးပုံပေါ်မှာ ကင်ပြီး စားကြတော့ အဆာလည်း ပြေ၊ ရသာလည်းရှိသည်။
ဒီကန်စွန်းဥတွေကို နှင်းကျပြီးနောက်မှာ သိမ်းထားသောကြောင့် အလွန်ချိုပြီး သကြားရည်တွေတောင် ကင်ပြီးနောက်မှာ ထွက်လာသည်။ အခွံလေးနည်းနည်းပဲ နွှာလိုက်တာနဲ့ မွှေးပျံ့တဲ့အနံ့တွေ ရနေသည်။
“မနက်က ငါ ထမင်းမစားရသေးဘူး” ဟန်ကျင်းက ပြောလိုက်သည်။
လုကျောင်းယွဲ့ အလိုအလျောက် ပြောလိုက်ရင်း ဘာလို့ နောက်ကျတာလဲဆိုတာကို ရှင်းပြလိုက်သည်။ “ဒီမှာ အများကြီးရှိတယ်၊ ဦးလေး အကုန်စားလိုက်ပါ။ ကျွန်မ အမေက ကျွန်မကို အပြင်ထွက်ခွင့်မပြုဘူး။ ကွေ့အယ်ရဲ့ အိမ်ကို ကန်စွန်းဥကင်တွေ သွားပေးမယ်ဆိုပြီး အကြောင်းပြချက်နဲ့ ထွက်လာတာ”
သူမ ခဏရပ်ပြီး မေးလိုက်သည်။ “ဘာလို့ မနက်စာ မစားရတာလဲ၊ မနက်စာမစားရင် ကျန်းမာရေးအတွက် မကောင်းဘူး”
ဟန်ကျင်းက သူ့နောက်က ကောက်ရိုးပုံကို မှီပြီး ခပ်ပျင်းပျင်း “အဲဒီအကျင့် မရှိဘူး” ဟု ပြောလိုက်သည်။
သူတို့လုပ်တဲ့အလုပ်က ညဘက်ထွက်ပြီး နေ့ဘက်အိပ်ရတာဖြစ်ပြီး အိမ်ထောင်မရှိတဲ့ လူပျိုကြီးတွေက မနက်စာစားဖို့ အချိန်မရှိဘူး။ ဒီရက်တွေမှာ လုကွမ်းကျစ်ကို လိုက်ပို့ပေးနေရလို့သာ နေမြင့်မှ အိပ်ယာကနိုးပြီး နေ့လယ်စာနဲ့ပေါင်းပြီး စားတာ။
သူမက ပုံမှန်ထက် ပိုကောင်းတဲ့ အမူအရာနဲ့ ဆက်ဆံနေတာကို မြင်တော့ ဟန်ကျင်း အခွင့်ကောင်းယူပြီး ပြောလိုက်သည်။ “လက်မအားဘူး၊ ခွံ့ကျွေးဦး”
လုကျောင်းယွဲ့ ခဏ တောင့်တင်းသွားသည်။ ဒါပေမဲ့ အရင်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဒီလောက်တော့ မရှက်တော့ဘဲ ကန်စွန်းဥကို ယူပြီး သူ့ပါးစပ်နားကို တေ့ပေးလိုက်သည်။ မရှက်တော့ဘူးပြောပေမဲ့ တကယ်တော့ ရှက်နေသေးသောကြောင့် သူ့ကို ခေါင်းမော့မကြည့်ရဲဘဲ သူ့နှာခေါင်းထဲကို ထိုးထည့်မိမလို ဖြစ်သွားသည်။ ဟန်ကျင်း ဆူပူလိုက်တော့မှ သူမ ခေါင်းမော့ပြီး သေချာ ခွံ့ကျွေးလိုက်သည်။
ကန်စွန်းဥက ကြီးသယောင်ရှိပေမဲ့ ဟန်ကျင်းရဲ့ ပါးစပ်ကလည်း သေးတာ မဟုတ်။ နောက်ပြီး ဗိုက်လည်း ဆာနေသောကြောင့် နှစ်လုပ်သုံးလုပ်နဲ့ ကုန်သွားသည်။ စားပြီးတော့ လုကျောင်းယွဲ့ကို အခွံထပ်နွှာခိုင်းတော့ဘဲ ထထိုင်ပြီး သူ့ဘာသာ ကန်စွန်းဥကိုယူကာ အခွံနွှာနေသည်။
လုကျောင်းယွဲ့ စိတ်သက်သာရာ ရသွားသည်။ သူ လက်မောင်းကို ဖြေပေးလိုက်သည်ကို မြင်တော့ သူ့လက်မောင်းအောက်ကနေ ထွက်ဖို့ကြံလိုက်သည်။ ရုတ်တရက် သူမ လှုပ်လိုက်တာနဲ့ သူ့လက်မောင်းထဲကို ထပ်ပြီး ဆွဲသွင်းခံလိုက်ရသည်။
“အခုန မင်း ငါ့ကို ခွံ့ကျွေးတယ်၊ အခုတော့ ငါ မင်းကို ခွံ့ကျွေးမဲ့ အလှည့်ပဲ”
လုကျောင်းယွဲ့ ရုတ်တရက် အသက်ရှူရပ်သွားပြီး ပါးစပ်နားကို ရောက်လာတဲ့ ကန်စွန်းဥကို မြင်တော့မှ သတိပြန်ဝင်လာသည်။
သူ လက်ကို ရှေ့တိုးလာသည်ကို မြင်တော့ သူမ အလိုအလျောက် ပါးစပ်ဟလိုက်သည်။ သူ အားနဲ့ ခွံ့ကျွေးလိုက်တာကြောင့် သူမရဲ့မျက်နှာကို ထိုးမိမှာကို ကြောက်သောကြောင့် ဖြစ်သည်။ ဟန်ကျင်း အောင်မြင်မှုရသွားသလို ပြုံးပြီး လက်ဖဝါးကြီးနဲ့ ကန်စွန်းဥလေးကို ဂရုတစိုက် ကိုင်ပြီး သူမကို ခွံ့ကျွေးသည်။
လုကျောင်းယွဲ့က ဖြည်းဖြည်းသာ စားတတ်သူ ဖြစ်သည်။ အခုတော့ သူ့ရင်ခွင်ထဲမှာ ပိတ်လှောင်ပြီး ခွံ့ကျွေးခံနေရသောကြောင့် ပိုပြီး ဖြည်းညင်းစွာ စားနေမိသည်။
ဟန်ကျင်းက ပြောရင်း ခနဲ့လိုက်သည်။ “မင်းရဲ့ပါးစပ်က တကယ်သေးတာပဲ”
ကောင်းတဲ့စကားလား ဆိုးတဲ့စကားလားဆိုတာ မသိရ။
ဒီစကားကို ကြားလိုက်တော့ လုကျောင်းယွဲ့ မျက်နှာနီရဲသွားပြီး မျက်နှာကို လွှဲပစ်လိုက်သည်။
“ကျွန်မ မစားတော့ဘူး”
ဟန်ကျင်းက နီရဲနေတဲ့ သူမရဲ့ ပါးပြင်ကို ရယ်မောရင်း ကြည့်နေသည်။ “စိတ်ဆိုးသွားတာလား”
လုကျောင်းယွဲ့ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေသည်။
69 03
“တကယ် မစားတော့ဘူးလား” သူ ထပ်မေးလိုက်သည်။
သူမကတော့ ဘာမှပြန်မပြောသေးပေ။
“မစားတော့ဘူးဆိုရင် ငါစားလိုက်မယ်နော်”
ဒီလိုပြောရင်း လက်ကို မြှင့်လိုက်ပြီး ကန်စွန်းဥကို လွှင့်ပစ်လိုက်သည်။ ကန်စွန်းဥ ထည့်ထားတဲ့ အဝတ်စပေါ်မှာ လက်ကို ပွတ်သုတ်လိုက်ပြီး သူမရဲ့ မျက်နှာကို ကိုင်လိုက်ကာ ဖြည်းဖြည်းချင်း နမ်းရှိုက်လိုက်သည်။
“အင်…”
သူမရဲ့ ကန့်ကွက်မှုတွေအားလုံး ပိတ်ဆို့ခံလိုက်ရသည်။ သူ့လုပ်ရပ်က ကြမ်းတမ်းပြီး အားလည်း သုံးထားသည်။ ပါးစပ်လေးကို စတင်နမ်းရှိုက်ပြီးတာနဲ့ သူ့ရဲ့လျှာကို အတွင်းထဲကို ကြမ်းတမ်းစွာ ထိုးသွင်းလိုက်သည်။
လုကျောင်းယွဲ့ သူ့ရဲ့ရင်ဘတ်ကို လက်နဲ့ အကြိမ်အနည်းငယ် ထုလိုက်သော်လည်း သူက ဂရုမစိုက်။ နောက်တော့ သူမလည်း သူ့ကို ထုရိုက်တာကို မေ့သွားပြီး သူမရဲ့နှာခေါင်းနဲ့ ပါးစပ်တွေထဲမှာ သူ့ရဲ့တစ်မျိုးတည်းသော အနံ့တွေ ပြည့်နှက်နေသည်။ ကန်စွန်းဥရဲ့ အနံ့ချိုလေးလည်း ရောနေသည်။
“တကယ် ချိုတယ်”
ဟန်ကျင်း တိုးတိုးလေး ပြောလိုက်ပြီး နီရဲနေတဲ့ သူမရဲ့ နှုတ်ခမ်းကို လျက်လိုက်ကာ ထပ်နမ်းရှိုက်လိုက်သည်။
ဒီစကားက လုကျောင်းယွဲ့ကို ရုတ်တရက် သတိဝင်လာစေပြီး ရုန်းကန်နေတော့သည်။ သူ့ကို အားကုန်တွန်းထုတ်ပြီး မျက်နှာကို ဘေးဘက်ကို လွှဲလိုက်သည်။
“ဦးလေးကျင်းဇီ၊ ဦးလေး ဒီလို မလုပ်သင့်ဘူး။ ဒီလိုလုပ်လိမ့်မယ်ဆိုတာ သိရင် ကျွန်မ ဦးလေးနဲ့ လာမတွေ့ပါဘူး...” သူမရဲ့အသံထဲမှာ ငိုသံတွေ ရောနေသည်။
ဟန်ကျင်းရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး သူ့မျက်နှာကို လက်နဲ့တစ်ချက် ပွတ်သုတ်လိုက်သည်။ “ငါ့အမှားပါ၊ မငိုပါနဲ့တော့၊ ငါ တမင်လုပ်တာ မဟုတ်ပါဘူး၊ စိတ်မထိန်းနိုင်လို့ပါ”
လုကျောင်းယွဲ့ သူ့ကို ဂရုမစိုက်ဘဲ ဆိတ်ဆိတ်နေကာ မျက်ရည်တွေ ကျနေသည်။
သူမ တကယ်ကို မိုက်မဲလှသည်။ သူက မရိုးမသားလုပ်ပြီး သူမကို အနိုင်ကျင့်တာ သိနေလျက်နဲ့ပဲ အမြဲ သူ့နဲ့ တွေ့နေမိသည်။ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိခဲ့ရင် သူ အေးခဲနေပါစေ၊ သူမ သူ့ကို မကူညီဘဲ ရက်စက်လိုက်မိမှာ။
“ငါ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး၊ ကျောင်းယွဲ့” သူမက သူ့ကို ဂရုမစိုက်ဘဲ တိတ်ဆိတ်ဆိတ်ဆိတ် မျက်ရည်ကျနေသည်ကို မြင်တော့ ဟန်ကျင်း စိတ်မကောင်းဖြစ်သွားသည်။ တိုးတိုးလေး တောင်းပန်လိုက်ရင်း ပြောလိုက်သည်။ “ငါ တကယ် စိတ်မထိန်းနိုင်လို့ပါ။ ကြည့်ပါဦး၊ ငါလည်း ဒီလောက်အရွယ် ရောက်နေပြီ၊ ငါ့ဘေးက ညီအစ်ကိုတွေက လှပတဲ့ မိန်းကလေးတွေနဲ့ နေ့တိုင်း ပျော်ပါးကြတယ်။ ငါ့မှာ မိန်းကလေးတစ်ယောက်တောင် မရှိဘူး။ ငါ့ချစ်ရတဲ့ မိန်းကလေးက ငါ့ကို ပွေ့ဖက်ခွင့် ပေးတော့မှ ငါ နည်းနည်းလေး စိတ်မထိန်းနိုင်တာပါ”
လုကျောင်းယွဲ့ရဲ့ ခွင့်လွှတ်မှုကို ရဖို့နဲ့ နောက်တစ်ခါ ထပ်ချိန်းတွေ့နိုင်ဖို့အတွက် ဟန်ကျင်း သူ့ရဲ့ အရှက်ကို ဖယ်ထုတ်လိုက်သည်။
“စကားချိုချိုလေးတွေ ပြောနေတယ်။ ဦးလေးလည်း မိန်းကလေးတွေနဲ့ အများကြီး ပျော်ခဲ့ပုံရတယ်” လုကျောင်းယွဲ့ရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားနေရမှန်း မသိဘဲ ခနဲ့လိုက်သည်။
“မဖြစ်နိုင်တာ၊ ငါ ဘယ်တုန်းကမှ မသွားဖူးဘူး၊ ကျိန်ရဲတယ်” သူ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လက်နှစ်ချောင်းထောင်ကာ ကျိန်ဆိုလိုက်သည်။
လုကျောင်းယွဲ့က မယုံကြည်တဲ့ ပုံစံ ပြနေပေမဲ့ သူမရဲ့စိတ်ထဲကတော့ ယုံလိုက်မိသည်။
သူမရဲ့ အမူအရာက ပျော့ပြောင်း လာတာကို မြင်တော့ ဟန်ကျင်း ပိုပြီး အခွင့်ကောင်းယူလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ထပ်ပြီး ပွေ့ဖက်လိုက်သည်။
“မင်းကို မြင်ပြီးကတည်းက ငါ့စိတ်ထဲမှာ တခြားမိန်းကလေးတွေ ဘယ်တော့မှ မရှိတော့ဘူး။ နေ့တိုင်း မင်းအကြောင်းပဲ တွေး၊ မင်းအကြောင်းပဲ စိတ်ကူးယဉ်နေတာ။ မင်းနဲ့ နီးစပ်လာတော့ ပိုဆိုးလာတယ်။ မင်းကို ချက်ချင်း လက်ထပ်ပြီး ငါ့ဇနီး လုပ်ပစ် လိုက်ချင်နေတာ။ ဒီလိုလုပ်ချင်နေတာ ဘယ်လိုလုပ် အပျော်အပါးလိုက်စားနိုင်တော့မလဲ”
လုကျောင်းယွဲ့က မေးလိုက်သည်။ “ဦးလေးက ကျွန်မကို ဘယ်တုန်းက မြင်ဖူးတာလဲ၊ ကျွန်မတောင် မသိဘူး”
ဟန်ကျင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “အဲဒီတုန်းက မင်း ငါ့ကို မသိသေးဘူး။ မင်းအမေနဲ့အတူ ပစ္စည်းဝယ်နေတာ ငါ မြင်လိုက်တာနဲ့ မိန်ကျွမ်းယီ ပြောတဲ့ တူမဆိုတာ သိလိုက်ရတယ်”
69 04
သူမကို အဲဒီလောက်စောစောကတည်းက သဘောကျခဲ့တာလား။
လုကျောင်းယွဲ့ရဲ့ မျက်နှာပေါ်မှာ ချက်ချင်းနီရဲသွားပြီး သူ့ကို ပြန်မကြည့်ရဲတော့ဘဲ ခေါင်းလွှဲ ပစ်လိုက်သည်။ စိတ်ဆိုးတာတွေလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဟန်ကျင်း စိတ်ထဲမှာ လျှို့ဝှက်စွာ ပျော်ရွှင်နေသည်။ ဟုတ်တယ်၊ ကောတာ့က မိန်းကလေးတွေ အများကြီးကို ဖျားယောင်းနိုင်တာဟာ အကြောင်းမရှိဘဲ မဟုတ်ဘူး။ ငါက အရေးပေါ် အခြေအနေမှာ အစမ်းလေ့လာခဲ့တာ ဖြစ်ပြီး စိတ်ဆိုးနေတဲ့ သူမကို အခုလို မြူဆွယ်နိုင်ခဲ့ပြီ။ ဒါဆိုရင် နောင်အနာဂတ်မှာ ပိုပြီး အာရုံစိုက်ပြီး နည်းဗျူဟာတွေ အများကြီး လေ့လာရမယ်လို့ ဆုံးဖြတ်လိုက်သည်။ ဒီအကြောင်းကိုတော့ မပြောတော့ပေ။
အခုချိန်မှာ အိမ်ထဲမှာ လုံးဝ တိတ်ဆိတ်နေပြီး တစ်မျိုးပဲ ခံစားရသည်။
လုကျောင်းယွဲ့က အဆင်မပြေ ဖြစ်လာပြီး သူမရဲ့ခြေထောက်ကို ကြည့်လိုက်သည်။ ပြီးတော့ သူမရဲ့ ဖိနပ်က ခြောက်နေလောက်ပြီ ဖြစ်သောကြောင့် ခြေထောက်ကို ရွေ့လိုက်သည်။
“ကျွန်မရဲ့ ဖိနပ်တွေ ခြောက်နေလောက်ပြီ၊ ကျွန်မကို ဆင်းခွင့်ပေးပါဦး”
ဒီအချိန်မှာတော့ ဟန်ကျင်းက သူမရဲ့ ဆန္ဒကို မလွန်ဆန်ရဲတော့ပေ။ ဒါပေမဲ့ သူမကိုတော့ အောက်မချပေးဘဲ သူမရဲ့ ဖိနပ်တွေကို ယူလာပြီး သူမရှေ့မှာ ချပေးသည်။
ဖိနပ်တွေက နည်းနည်း စိုနေသေးသော်လည်း အရင်ကလောက်တော့ စိုစွတ်မနေတော့ပေ။
လုကျောင်းယွဲ့က သူမရဲ့ကိုယ်ကို ကွေးလိုက်ပြီး ခြေအိတ်တွေကို စွပ်လိုက်သည်။ သူ့မျက်လုံးတွေက သူမရဲ့ခြေထောက်ပေါ်မှာ စိုက်ကြည့်နေတာကို မြင်တော့ သူ့ကို တွန်းလိုက်ပြီး မျက်နှာလွှဲခိုင်းလိုက်သည်။
ဖိနပ်ကို အလွယ်တကူ စွပ်နိုင်သော်လည်း နောက်ဆုံးမှာ လုကျောင်းယွဲ့ ချွေးပြန်သွားတော့မှ ဖိနပ်တွေ သေချာစွပ်နိုင်တော့သည်။ သူမ တစ်ခုခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အပြင်ကနေ စကားသံတွေ ကြားလိုက်ရသည်။
“အမေ၊ စိတ်မကောင်း မဖြစ်ပါနဲ့တော့...”
ဒါက ကွေ့အယ်ရဲ့ အသံဖြစ်သည်။
“မင်းရဲ့ ဦးလေးတွေက ငါတို့အိမ်ကိုတောင် ဝင်ခွင့်မပြုဘဲ နှင်ထုတ်လိုက်လိမ့်မယ်လို့ ငါ မတွေးမိခဲ့ဘူး။ အကုန်လုံးက ဒီလိုပဲ၊ ဒီလိုနှင်းတွေ ကျနေတဲ့အချိန်မှာ သူတို့တွေ ဘယ်လို ရက်စက်နိုင်ကြတာလဲ” ကွေ့အယ်အမေရဲ့အသံမှာ ဝမ်းနည်း ပူဆွေးမှုတွေ ပြည့်နှက်နေသည်။
“တော်ပါတော့၊ အမေ။ ဦးလေးတွေက ငါတို့ကို မပေါင်းလည်း ဘာမှမဖြစ်ပါဘူး။ ငါတို့ အငတ်ခံရမှာ မဟုတ်ဘူး။ ဒီအိမ်က ပျက်စီးနေပေမဲ့ လေနဲ့မိုးကို ကာကွယ်ပေးနိုင်တယ်။ အိပ်ယာခင်းတွေနဲ့ အဝတ်တွေလည်း ရှိတယ်၊ ဘာကို ကြောက်စရာရှိလို့လဲ”
“ဒါပေမဲ့ ငါတို့မှာ ဆန်တွေ အများကြီး မရှိတော့ဘူးလေ...” မဟုတ်ရင် သူမက ဒီလိုအရှက်မရှိဘဲ သမီးတွေကိုခေါ်ပြီး မိဘအိမ်ကို အကူအညီတောင်းဖို့ လာမှာ မဟုတ်ဘူး။ ရာသီဥတုက ပြောင်းလဲတော့မှာ ဖြစ်လို့ ဆန်အချို့ချေးဖို့ပဲ သွားတာ။
“ဘာမှမဖြစ်ပါဘူး။ တကယ်လို့ ဆန်မရှိတော့ဘူးဆိုရင် ကျောင်းယွဲ့တို့ဆီက ချေးမယ်။ ဒီနှစ်ကုန်ရင် မြေတွေရှင်းပြီး မြို့ပေါ်မှာ အလုပ်သွားရှာမယ်။ အဲဒီတော့ ဆန်တွေ ပြန်ပေးနိုင်မှာ”
ဒီတစ်ခါမှာတော့ ကွေ့အယ်ရဲ့ အမေက သမီးကို မြို့ပေါ် အလုပ်မသွားဖို့ မပြောတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ မိသားစုက အဆုံးအဖြတ် အခြေအနေကို ရောက်နေပြီဆိုတာ သိသောကြောင့် ဖြစ်သည်။ သူမ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြောလိုက်သည်။ “အဲဒီကျရင် အမေလည်း မင်းနဲ့အတူ လိုက်မယ်”
ကွေ့အယ် ခေါင်းညိတ်လိုက်ပြီး ယောင်အာရဲ့ မျက်နှာကို ကြည့်ကာ စိတ်ပူနေသည်။ “အမေ၊ အချိန်မဖြုန်းပါနဲ့တော့။ အထဲကို ဝင်ကြရအောင်၊ ယောင်အာ အေးခဲသွားမှာ ကြောက်တယ်”
ယောင်အာက အသက်အငယ်ဆုံး ဖြစ်ပြီး သူတို့ မနက်အိမ်က ထွက်တုန်းက နှင်းမကျသေးသောကြောင့် အဝတ်အစားတွေက အထူကြီး မဟုတ်ပေ။ အခုတော့ သူမရဲ့ မျက်နှာတစ်ခုလုံး အေးခဲနေပြီဖြစ်သည်။
ကွေ့အယ်ရဲ့ အမေက ဘာမှထပ်မပြောဘဲ သမီးငယ်လေးကို ပွေ့ဖက်ပြီး အိမ်ထဲ ဝင်သွားသည်။ ကွေ့အယ်ကတော့ မီးလှုံဖို့အတွက် ထင်းခွေဖို့ သွားသည်။
ဒီအဖြစ်အပျက်တွေဟာ ချက်ချင်း ဖြစ်ပျက်သွားသောကြောင့် လုကျောင်းယွဲ့ ရှောင်တိမ်းဖို့ အချိန်မရတော့။ သူမ ဟန်ကျင်းရဲ့ ပေါင်ပေါ်ကနေ ထလိုက်တာနဲ့ တံခါးက ချီတက်လာပြီး ကွေ့အယ်ရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ တည့်တည့်ဆုံလိုက်သည်။
69 05
“ကျောင်းယွဲ့၊ နင်...”
လုကျောင်းယွဲ့ ငိုတော့မလို ဖြစ်နေပြီ။ ဒါပေမဲ့ အခုချိန်က စိုးရိမ်ပူပန်နေရမဲ့ အချိန် မဟုတ်သောကြောင့် ကွေ့အယ်ကို ချက်ချင်း ရှင်းပြလိုက်သည်။ “မင်း အထင်မလွဲပါနဲ့။ အပြင်မှာ နှင်းတွေ အများကြီး ကျနေတာကြောင့် သူ ရှောင်တိမ်းစရာ နေရာမရှိလို့ ဒီကို ခေါ်လာခဲ့တာ”
အိမ်ပြင်ဘက်က ကွေ့အယ်ရဲ့ အမေက ခေါ်နေသောကြောင့် ကွေ့အယ်က လုကျောင်းယွဲ့နဲ့ စကားပြောဖို့ အချိန်မရတော့။ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ထင်းတစ်စည်းကိုယူကာ အိမ်ပြင်ဘက်သို့ ထွက်သွားသည်။
“ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ။ အခု ငါ ဘာပြောပြော ကွေ့အယ် ယုံတော့မှာ မဟုတ်ဘူး”
“ဘာကို ကြောက်တာလဲ၊ ငါတို့ ဘာမှ မလုပ်ခဲ့ကြတာမှ မဟုတ်တာ” ဟန်ကျင်းကတော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
လုကျောင်းယွဲ့က သူ့ကို မျက်စောင်းထိုးလိုက်ရင်း “ဦးလေးအတွက် ဘာမှမဖြစ်ပေမဲ့ ကျွန်မအတွက်တော့ ဖြစ်မှာ။ ဒီကိစ္စကို ကျွန်မအမေ သိသွားရင်...”
“ဘာမှမဖြစ်ဘူး၊ ငါ မင်းကို လက်ထပ်မယ်”
ဒီစကားကြောင့် လုကျောင်းယွဲ့ မျက်နှာနီရဲသွားသည်။ တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း သူ့ကို စိတ်ဆိုးလို့ မဖြစ်ဘူးဆိုတာ သိလိုက်သည်။
ဒါပေမဲ့ သူမ စိတ်မထိန်းနိုင်တော့ဘူး။ တကယ်လို့ သူ သူမကို တွေ့ဖို့ အတင်းအကျပ် မပြောခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။ သူမ သူ့ကို စိတ်မပူမိခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး။ သူ့ကို ကွေ့အယ်ရဲ့ အိမ်ကို ခေါ်မလာမိခဲ့ရင် ကွေ့အယ်နဲ့ တိုးမှာ မဟုတ်ဘူး။ ဒီလိုမဖြစ်ခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ကို စိတ်ဆိုးတာက ဖြစ်သင့်တယ်။
“အကုန်လုံးက ဦးလေးကြောင့်…”
လုကျောင်းယွဲ့ ငိုတော့မလို ဖြစ်နေပြီ။ သူမ အရှက်လည်း ကုန်နေပြီဖြစ်သည်။ သူမက သန့်ရှင်းသပ်ရပ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး တခြားယောကျ်ားလေးတွေနဲ့ မပတ်သက်ခဲ့ဖူးဘူး။ အခုတော့ သူမရဲ့ အချစ်ရေးကိစ္စကို အကောင်းဆုံးသူငယ်ချင်းက မြင်သွားပြီ။ ကွေ့အယ်က သူမကို ဘယ်လိုထင်နေမလဲ မသိ။
“စိတ်မပူပါနဲ့။ ငါတို့နှစ်ယောက်စလုံးက တစ်ကိုယ်ရေသမားတွေပဲ။ အခု ငါ မင်းကို လက်ထပ်ပြီး ငါ့ဇနီး လုပ်ပစ်လိုက်မယ်။ ဘာကို ကြောက်နေတာလဲ”
“ဒါပေမဲ့ ဦးလေးက ကျွန်မရဲ့ ဦးလေးလေ။ ကျွန်မအမေက ဒီကိစ္စကို သဘောတူမှာ မဟုတ်ဘူး” ဒါက လုကျောင်းယွဲ့ရဲ့ စိတ်ထဲမှာ အကြီးမားဆုံး စိုးရိမ်မှုဖြစ်သည်။ သူမက ဟန်ကျင်းကို ရှောင်နေတာဟာ လက်မထပ်ချင်လို့ မဟုတ်သလို အရင်ဘဝက တုလျန်ရဲ့ သစ္စာဖောက်မှုကြောင့်လည်း မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကြားမှာ ခက်ခဲတဲ့ အတားအဆီးတွေ အများကြီး ရှိနေတာကို သိသောကြောင့်ဖြစ်သည်။
သူမက သူ့ကို ဦးလေးလို့ ခေါ်ရတာနဲ့ မိဘတွေက သူ့ကို ညီလေးလို့ခေါ်ရတာက သူမကို ခက်ခဲစေသည်။
ဟန်ကျင်းရဲ့ မျက်နှာက တောင့်တင်းသွားသည်။ ဒီကိစ္စရဲ့ အဓိက အချက်ကို သူ သိနေသည်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ သူ ဂရုမစိုက်နိုင်တော့။ သူမက အိမ်ထဲကနေ အိမ်အပြင် မထွက်ဘဲနေတာ ဖြစ်ပြီး သူမနဲ့ ပတ်သက်ဖို့ အခွင့်အရေးကို သူရှာမတွေ့နိုင်ခဲ့ဘူး။ သူ့ရဲ့ နာမည်ဆိုးကလည်း ပိုဆိုးစေသည်။ သူသာ ရိုးရိုးသားသားနဲ့ စေ့စပ်ဖို့ လာခဲ့ရင် လုအိမ်က လူနှစ်ယောက်က သူ့ကို နှင်ထုတ်လိမ့်မယ်။
ဒါကြောင့် သူ အမြန်လမ်းကို ရွေးလိုက်ပြီး မိန်ကျွမ်းယီနဲ့ ပတ်သက်ပြီး လုအိမ်က လူနှစ်ယောက်နဲ့ ပတ်သက်ဖို့ ကြိုးစားခဲ့တယ်။ ဒီနည်းနဲ့ သူမနဲ့ ဖြည်းဖြည်းချင်း ပတ်သက်လာခဲ့တာ ဖြစ်သည်။
အရာအားလုံးမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိသည်။ ကောင်းတဲ့အရာတွေ အားလုံးကို တစ်ယောက်တည်းက ရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူ အမြန်လမ်းကို ရွေးခဲ့တာဖြစ်ပြီး ဒီလမ်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုလည်း ရင်ဆိုင်ရမည်။
စိတ်ထဲမှာ ခက်ခဲမှုတွေ သိနေပေမဲ့ သူကတော့ နှစ်သိမ့်လိုက်သည်။ “ဘာမှမဖြစ်ဘူး။ မင်းမိဘတွေနဲ့ မင်းဦးလေးတွေနဲ့တော့ ငါ ဖြေရှင်းပေးမယ်။ ကဲ၊ စိတ်မပူပါနဲ့တော့။ အခု မင်း စိုးရိမ်ရမှာက မင်းရဲ့သူငယ်ချင်းကို ဘယ်လိုစိတ်ကျေနပ်အောင် လုပ်မလဲဆိုတာပဲ။ ငါ ဘာမှမဖြစ်ပေမဲ့ မင်းကတော့ မင်းအမေရဲ့ အဆူကို ခံရမှာကို ငါမလိုချင်ဘူး”
“ဦးလေးမှာ ဒီလိုအတွေးမျိုး ရှိတာက ဦးလေးက လူဆိုးမဟုတ်ဘူးဆိုတာကို ပြပါတယ်”
ကွေ့အယ် အထဲကို ဝင်လာသည်။ သူမက မီးဖိုကို မီးရှို့ပြီး သူမရဲ့အမေက ယောင်အာကို အဖျားတက်မလာအောင် ဂရုစိုက်ခိုင်းပြီးမှ အရှေ့ဘက် အိမ်ဘက်ကို လာခဲ့တာဖြစ်သည်။
“ငါသာ လူဆိုးတစ်ယောက်ဆိုရင် မင်း ဒီမှာ ငါ့နဲ့စကားပြောနေမှာ မဟုတ်ဘူး။ ဟန်လောင်ရှီရဲ့ အိမ်မှာ ရှိနေမှာ”
ကွေ့အယ်ရဲ့ မျက်နှာက တောင့်တင်းသွားသော်လည်း သူမက သူ့ရဲ့ ခဏတာ အကြည့်ကို ခံပြီး သူမရဲ့ သူငယ်ချင်းကို သူမရဲ့နောက်မှာ ဆွဲထားလိုက်ပြီး ထိုအမျိုးသားကို ရင်ဆိုင်ဖို့ ရပ်နေလိုက်သည်။
69 06
“ဒါပေမဲ့ ဦးလေးကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူး။ ဦးလေးသာ လူကောင်းဆိုရင် ကျောင်းယွဲ့ရဲ့ မိသားစုကို မသိအောင် လျှို့ဝှက်ပြီး ဘာလို့ တွေ့နေမှာလဲ။ ကျောင်းယွဲ့က ရိုးသားတယ်။ ဒီအခြေအနေရဲ့ အဓိပ္ပာယ်ကို ဦးလေးလည်း သိတယ်မလား။ တကယ်လို့ တခြားသူတွေက မြင်သွားရင် ကျောင်းယွဲ့ရဲ့ နာမည် သွားပြီ”
ထို့နောက် သူမသည် သံသယအကြည့်ဖြင့် ဟန်ကျင်းကို ကြည့်လိုက်သည်။
“ဒီလိုအတွေးမျိုးနဲ့ပဲ အမြဲတမ်း ကျောင်းယွဲ့ကို ခိုးကြောင်ခိုးဝှက် တွေ့နေတာလား”
ကွေ့အယ်ရဲ့စကားက ဟန်ကျင်းရဲ့ လျှို့ဝှက်တဲ့ အတွေးအချို့ကို ထိမိခဲ့တယ်ဆိုတာ ငြင်းလို့မရဘူး။ အရင်တုန်းက သူ ဒီလိုပဲ တွေးခဲ့ဖူးသည်။ ဒါပေမဲ့ သူ မိန်ကျွမ်းယီဆိုတဲ့ သူငယ်ချင်းကို မဆုံးရှုံးချင်ဘူးဆိုရင် ဒီလိုအတွေးမျိုး မရှိသင့်ဘူးဆိုတာ သိခဲ့သည်။ ဒါပေမဲ့ လူတစ်ယောက်က ခက်ခဲတဲ့ပြဿနာတစ်ခုကို ရင်ဆိုင်ရပြီဆိုရင် အမြန်လမ်းကို မစဉ်းစားဘဲ မနေနိုင်ဘူး။
ဒါပေမဲ့ ဟန်ကျင်း ဘယ်လို အမြန်လမ်းမျိုးကို သွားလို့ရသလဲ၊ ဘယ်လိုမျိုး မသွားနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနေသည်။
အထူးသဖြင့် သူမက ဒီလောက်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူက ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေကို ဘယ်လိုသုံးရဲမှာလဲ။ ဒါကြောင့် သူ အလွန်ဂရုတစိုက်နဲ့ သူမရဲ့ နာမည်ကို လျှို့ဝှက်ပြီး ကာကွယ်ပေးနေသည်။ တစ်ခါတစ်လေမှာ သူမကို အလွန်အမင်း လွမ်းဆွတ်သော်လည်း သူမအတွက် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ကြောက်သောကြောင့် သူ့စိတ်ကို ထိန်းချုပ်ထားရသည်။
သူ့လုပ်ရပ်တွေဟာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ့ရဲ့စိတ်အာရုံမှာ အပြစ်မရှိသရွေ့ သူက အကောင်းဆုံးလုပ်ခဲ့သည်။
“မင်း သူ့ကို ယုံလား” သူက ကွေ့အယ်ရဲ့စကားကို မဖြေဘဲ လုကျောင်းယွဲ့ကို ကြည့်လိုက်သည်။
လုကျောင်းယွဲ့ အလိုအလျောက် ခေါင်းခါလိုက်ပြီး ကွေ့အယ်ကို ပြောလိုက်သည်။ “ကွေ့အယ်၊ ဦးလေးကျင်းဇီက မင်းပြောသလို လူမျိုးမဟုတ်ပါဘူး”
ဟန်ကျင်း ပြုံးလိုက်သည်။ သူ ချစ်ရတဲ့ မိန်းကလေးက သူ့ရဲ့အာရုံစိုက်မှုကို ထိုက်တန်သည်။
“ငါ သွားတော့မယ်။ နောက်ရက်ကျရင် ထပ်လာခဲ့ဦးမယ်”
“ဒါပေမဲ့ အပြင်မှာ နှင်းတွေ ကျနေတုန်းပဲ”
“ဘာမှမဖြစ်ဘူး”
ဟန်ကျင်းက ဂရုမစိုက်စွာ လက်ဝှေ့ယမ်းလိုက်ပြီး အဓိက တံခါးကနေ မသွားဘဲ အိမ်ရဲ့ ဘေးဘက်မှာရှိတဲ့ ပြတင်းပေါက်ပျက်ကို ဖွင့်ကာ ထွက်သွားသည်။
လုကျောင်းယွဲ့က သူ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားဘဲ လန့်သွားသည်။ ပြတင်းပေါက်နားကို အလျင်အမြန် ပြေးသွားပြီး အပြင်ကို ကြည့်လိုက်သည်။ ဒီပြတင်းပေါက်က ပြိုကျနေတဲ့ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင် ဖြစ်သောကြောင့် တိုက်ရိုက်အပြင်ကို ထွက်နိုင်တာ ဖြစ်သည်။ မကြာခင်မှာပဲ ဟန်ကျင်းရဲ့ပုံရိပ်ဟာ နှင်းဖြူတွေထဲမှာ ပျောက်ကွယ်သွားသည်။
ဟန်ကျင်း ထွက်သွားပြီးနောက်မှာ အိမ်ထဲက တိတ်ဆိတ်သွားပြီး မီးပုံထဲကနေ မီးပွားတွေပဲ တစ်ချက်တစ်ချက် မြည်ဟည်းနေသည်။
လုကျောင်းယွဲ့ နောက်လှည့်လာပြီး ကွေ့အယ်ရဲ့ မျက်နှာကို ခိုးကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ကွေ့အယ်၊ ဦးလေးကျင်းဇီက မင်းပြောသလို လူမျိုးမဟုတ်ပါဘူး”
ကွေ့အယ်က ခါးခါးသီးသီး ပြုံးလိုက်သည်။ အရင်တုန်းကတော့ မသိပေမဲ့ အခုနက လူရဲ့ အမူအရာနဲ့ အကြည့်တွေက အားလုံးကို ပြောပြနေပြီ ဖြစ်သည်။ သူမက ကျေးလက်ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဗဟုသုတမရှိပေမဲ့ ဘာကို ပွင့်လင်းရိုးသားတယ်လို့ ခေါ်လဲဆိုတာကို သိသည်။ အခုနက လူရဲ့ လှုပ်ရှားမှုတိုင်းက ဒီလိုပြောနေသည်။
အထူးသဖြင့် အခုနက လူက ပြောတဲ့စကားကလည်း မှန်နေသည်။ သူသာ လူဆိုးဆိုရင် သူမ ဒီမှာ ရပ်ပြီး စကားပြောနေမှာ မဟုတ်ဘူး။ တကယ်တမ်းဆိုရင် သူက သူမရဲ့ အသက်ကယ်တင်ရှင် ဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ငါ ဝင်မပါတော့ဘူး။ မင်းအမေကိုလည်း မပြောပါဘူး။ ဒါပေမဲ့ ကျောင်းယွဲ့၊ မင်း သတိထားရမယ်။ မင်းက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး ဘာမဆို မလုပ်ခင် အကျိုးဆက်ကို စဉ်းစားရမယ်”
လုကျောင်းယွဲ့ ဆက်တိုက် ခေါင်းညိတ် လိုက်သည်။ “ကွေ့အယ်၊ စိတ်မပူပါနဲ့။ ငါက အသိအမြင်မရှိတဲ့ လူမျိုးမဟုတ်ပါဘူး။ ငါတို့ အမျိုးသမီးတွေက ယောကျ်ားတွေနဲ့ မတူဘူး။ တစ်ခါ အမှားလုပ်လိုက်ရင် ဘယ်တော့မှ ပြန်မထူနိုင်တော့ဘူး။ ဒါပေမဲ့ သူ...”
69 07
သူမ ဟန်ကျင်းကို ပြန်သတိရလိုက်ပြီး မျက်နှာနီရဲသွားကာ တိုးတိုးလေး ပြောလိုက်သည်။ “ဒါပေမဲ့ သူ၊ သူ တကယ်ပဲ လူဆိုးမဟုတ်ဘူး။ အနည်းဆုံးတော့ သူ ငါ့ကို တကယ် ဂရုစိုက်ပါတယ်”
ကွေ့အယ်က အချစ်ကို သိဖူးသောကြောင့် သူမရဲ့ သူငယ်ချင်း ပြောတဲ့စကားရဲ့ အဓိပ္ပာယ်နဲ့ မျက်နှာပေါ်က အမူအရာကို နားလည်သည်။ သူမ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ တကယ်တမ်းဆိုရင် သူမက သူမရဲ့ သူငယ်ချင်းရဲ့ စရိုက်ကို သိသောကြောင့် ဟန်ကျင်းက လူဆိုးမဟုတ်ဘူးဆိုတာကို ခဏတာ ယုံလိုက်သည်။ ဒါပေမဲ့ သူမ ဂရုစိုက်ပြီး စောင့်ကြည့်နေမှာဖြစ်ပြီး တစ်ခုခု မှားနေတာနဲ့ ချက်ချင်း တားဆီးမှာဖြစ်သည်။
သူတို့နှစ်ယောက် စကားအနည်းငယ်ပြောပြီးနောက်မှာ လုကျောင်းယွဲ့က သူမ ယူလာတဲ့ ကန်စွန်းဥတွေကို သတိရသွားပြီး ကွေ့အယ်ကို ပေးလိုက်သည်။
“အစတုန်းက ၄ လုံးရှိတယ်။ သူက ကျွန်မကို စောင့်နေတာနဲ့ နှင်းတွေကြားထဲမှာ အကြာကြီး ရပ်နေတာ။ ပြီးတော့ မနက်စာလည်း မစားရသေးတော့... ပြီးတော့ ကျွန်မလည်း တစ်လုံးစားလိုက်တယ်...” ပြောရင်းနဲ့ အသံတိတ်သွားပြီး မျက်နှာနီရဲနေသည်။
ပြောမပြနိုင်တဲ့ ရှက်ရွံ့မှုတစ်မျိုးကို ခံစားနေရသည်။ ဒီကန်စွန်းဥတွေကို သူငယ်ချင်းအတွက် ယူလာတာဖြစ်ပြီး သူတို့နှစ်ယောက်က အဲဒီလိုစားလိုက်တာ။
ကွေ့အယ်က စနောက်လိုက်သည်။ “နင် သူ့ကို လက်မထပ်ရသေးဘူး၊ အခုကတည်းက သူ့ကို ဂရုစိုက်တတ်နေပြီ”
လုကျောင်းယွဲ့က သူ့ကို စိုက်ကြည့်လိုက်ပြီး ရှက်ရွံ့နေသည်။
“ကောင်းပြီ၊ နင်တို့နှစ်ယောက်ကြားက ကိစ္စတွေကို ငါ့ကို ပြောပြဦး”
လုကျောင်းယွဲ့ ခဏစဉ်းစားပြီးနောက် သူမနဲ့ ဟန်ကျင်းကြားက အဖြစ်အပျက်တွေကို ဖြည်းဖြည်းချင်း စတင် ပြောပြတော့သည်။ မိန်ကျွမ်းယီရဲ့ အရင်ဘဝအကြောင်းနဲ့ ဟန်ကျင်း သူမကို နှစ်ခါ အနိုင်ကျင့်ခဲ့တဲ့အကြောင်း ကလွဲပြီး ကျန်တာ အကုန်ပြောပြလိုက်သည်။
“နင်ပြောတာကို ကြည့်ရင်တော့ သူ နင့်ကို ဂရုတစိုက်ရှိတယ်ဆိုတာတော့ မှန်တယ်”
လုကျောင်းယွဲ့ ဘာမှမပြောဘဲ မျက်နှာအမူအရာကတော့ အကုန်လုံးကို ရှင်းပြနေသည်။
“ဒါပေမဲ့ နင်တို့နှစ်ယောက်ရဲ့ကိစ္စတွေက ပေါ်တင်ဖြစ်လာနိုင်ပါ့မလား။ ဘယ်လိုပဲဖြစ်ဖြစ် နင်က သူ့ကို ဦးလေးလို့ ခေါ်နေတာလေ”
မူလက ရှက်နေတဲ့အမူအရာက စိတ်ဓာတ်ကျတဲ့အမူအရာကို ချက်ချင်း ပြောင်းလဲသွားသည်။ လုကျောင်းယွဲ့က မျက်နှာပျက်ပြီး “ငါလည်း သိပါတယ်။ ဒါကြောင့် ငါ အရင်က သူ့ကို ရှောင်နေတာ”
သူမ ကွေ့အယ်ကို ကြည့်ပြီး တွေဝေစွာ ပြောလိုက်သည်။ “သူ ငါကို ဘာမှမလုပ်ဖို့ ပြောခဲ့တယ်။ ဒီကိစ္စကို သူ ဖြေရှင်းပေးမယ်တဲ့။ သူ ဒီလောက် အရည်အချင်းရှိတာကို ငါ ယုံတယ်”
“သူ ဘာလုပ်တတ်လဲဆိုတာ မမေ့နဲ့ဦး။ သူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံရင်တော့ မင်းမိဘတွေက ဘာမှမထင်ဘူး။ ဒါပေမဲ့ သမက်တစ်ယောက်လို ဆက်ဆံမယ်ဆိုရင်တော့...”
ကျန်တဲ့စကားတွေကိုတော့ ကွေ့အယ်က ဆက်မပြောတော့ဘူး။ လုကျောင်းယွဲ့လည်း အဓိပ္ပာယ်ကို နားလည်သည်။ သူမက ရှင်းပြလိုက်သည်။ “သူ ဒီအလုပ်ကို ဆက်လုပ်တော့မှာ မဟုတ်ဘူး။ ငါ့ဦးလေးနဲ့အတူတူ စီးပွားရေးလုပ်ဖို့ စီစဉ်ထားတယ်။ နာမည်ဆိုးကတော့ ကောလာဟလတွေပါပဲ...”
လုကျောင်းယွဲ့က ပြောသင့်တဲ့စကားတွေကို အကုန်လုံး ပြောပြီးသောကြောင့် ကွေ့အယ်က ဘာမှ ထပ်မပြောနိုင်တော့ဘူး။ သူတို့နှစ်ယောက်စလုံးက ကလေးတွေ မဟုတ်ကြတော့ဘူး။ ဟန်ကျင်းက ကိစ္စတွေကို ဒီလောက် ဂရုတစိုက် စဉ်းစားနိုင်တာဆိုရင် သူက အသိအမြင်မရှိတဲ့သူ မဟုတ်ဘူး။
ဒီလိုမျိုးကြည့်တော့ ဒီလူက အသက်နည်းနည်း ကြီးတာနဲ့ နာမည်မကောင်းတာကလွဲပြီး ဘာမှ မဆိုးဘူး။
သူတို့နှစ်ယောက် ဒီကိစ္စကို ထပ်မပြောတော့ဘူး။ လုကျောင်းယွဲ့က အခုနက ကြားလိုက်ရတဲ့ စကားတွေကို သတိရသွားပြီး ကွေ့အယ်ကို ဘာဖြစ်ခဲ့လဲလို့ မေးလိုက်သည်။
ကွေ့အယ်ကလည်း လျှို့ဝှက် မထားတော့ဘူး။ အရှက်ရဆုံး အချိန်တွေမှာတောင် ဒီသူငယ်ချင်းက သူမနဲ့အတူရှိနေတာ ဘာကို လျှို့ဝှက်နေတော့မလဲ။ ဒါကြောင့် သူမရဲ့အမေက သူမနဲ့ညီမနှစ်ယောက်ကို ခေါ်ပြီး မိဘအိမ်ကို ပြန်သွားသော်လည်း ဦးလေးတွေက အိမ်ထဲကို ဝင်ခွင့်မပေးခဲ့ဘူးဆိုတဲ့ ကိစ္စကို ပြောပြလိုက်သည်။
လုကျောင်းယွဲ့က နှစ်သိမ့်လိုက်သည်။ “ငါ မလာခင် ငါ့အမေက မှာလိုက်တယ်။ နင်တို့အိမ်မှာ ဆန်မရှိဘူးဆိုရင် ငါတို့အိမ်က ချေးပေးနိုင်တယ်တဲ့”
ကွေ့အယ်က ကျေးဇူးတင်စွာ ပြောလိုက်သည်။ “ကျောင်းယွဲ့၊ ကျေးဇူးတင်ပါတယ်နော်။ ဒီလိုအချိန်မှာတော့ ငါ ဘာမှမပြောတော့ဘူး။ စိတ်ချပါ။ ဆန်တွေကို ငါ ပြန်ပေးမှာပါ”
လုကျောင်းယွဲ့က ချေးတယ် လို့ ပြောခဲ့တာက သူမရဲ့သူငယ်ချင်းက စိတ်အားထက်သန်သူ ဖြစ်ပြီး ပေးတယ်လို့ပြောရင် ကွေ့အယ်က ယူမှာမဟုတ်ဘူးဆိုတာ သိသောကြောင့် ဖြစ်သည်။ တကယ်တမ်းတော့ လုအိမ်က ဆန်တွေကို ပြန်ယူဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဒါပေမဲ့ လုကျောင်းယွဲ့ကတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။
အပြင်မှာ နှင်းတွေ လျော့ကျသွားတဲ့ ပုံစံ မပေါ်သောကြောင့် လုကျောင်းယွဲ့ ထပ်မစောင့်တော့ဘဲ ကွေ့အယ်ကို နှုတ်ဆက်ကာ ထီးဆောင်းပြီး အိမ်ပြန်သွားသည်။
******
70 01
အခန်း 70 မင်းက ဦးလေးကို ကြိုက်လား
လုကျောင်းယွဲ့ အိမ်သို့ရောက်သောအခါ လုကွမ်းယီသည် ပြန်ရောက်နေပြီဖြစ်သည်။
သူသည် ယခုမှ ပြန်ရောက်လာခြင်းဖြစ်ပြီး ကံကောင်းစွာဖြင့် မိုးကာအင်္ကျီ ပါလာသဖြင့် ဘာမှ မဖြစ်ခဲ့ပေ။ သို့သော် တို့ဟူးတစ်ခြင်းလုံး ရောင်းမကုန်ပေ။ မိန်ရှီသည် စိတ်မပူဘဲ ထိုတို့ဟူးများကို တို့ဟူးအေးလုပ်ပြီး ကိုယ်တိုင်စားရန် ဆုံးဖြတ်လိုက်သည်။
ရာသီဥတုက မကောင်းသဖြင့် ဒီလိုလုပ်ရုံမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
လုကျောင်းယွဲ့သည် ကွေ့အယ်အမေ၏မိဘအိမ်မှ အပြင်တွင်ထားခဲ့သည်ကို ပြောပြလိုက်သည်။ မိန်ရှီသည် သက်ပြင်းများ ချပြီး ကွေ့အယ်အမေတို့ သနားစရာကောင်းသည်ဟု ပြောသည်။ သို့သော်လည်း နားလည်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လျိုမိသားစုကလည်း လူများသည်။ ဒီမိသားစုက လာပြီး ကပ်ရင် လက်ခံသင့်လား လက်မခံသင့်လား။
လက်ခံရင် စားဖို့လူတွေ တိုးလာပြီး ဘယ်မိသားစုမှ ချမ်းသာတာ မဟုတ်ပေ။ အထူးသဖြင့် ကွေ့အယ်အမေ၏ ဂုဏ်သိက္ခာကလည်း မကောင်းသဖြင့် အိမ်မှကလေးများ၏လက်ထပ်ပွဲကို ထိခိုက်စေမည်ကို ကြောက်ကြသည်။ လက်မခံရင်လည်း ... ဒီလိုပဲ ထားလိုက်ဖို့ ဆုံးဖြတ်ပြီးကတည်းက စိတ်ကူးကို လုံးဝဖြတ်လိုက်သင့်သည်။
သို့သော်လည်း ညီအစ်ကိုအရင်းများဖြစ်ပြီး တံခါးပင် မဖွင့်ပေးခြင်းက သွေးအေးရာ ရောက်လွန်းသည်။ ကွေ့အယ်အမေနှင့်သမီးတို့ကလည်း အသိစိတ်ရှိသည့်လူများ ဖြစ်သည်။ နှစ်ပေါင်းများစွာ သိခဲ့ကြသဖြင့် မိန်ရှီသည် ဒီအချက်ကို ကောင်းကောင်းသိသည်။
တခြားသူများ၏ကိစ္စဖြစ်သဖြင့် မိန်ရှီသည် များများစားစား မပြောတော့ပေ။ လုမင်ဟိုင်နှင့် တိုင်ပင်ပြီး နှင်းသည်းခြင်း ရပ်သောအခါ ကွေ့အယ်မိသားစုကို အစားအစာအချို့ ပေးရန် စီစဉ်သည်။ မိသားစုကို အငတ်မခံနိုင်ပေ။ ထိုအတောအတွင်း ချန်မိသားစုကိုလည်း ဆူပူကြသည်။
နှင်းသည် သုံးရက်ဆက်တိုက် ရွာပြီးမှ ရပ်သွားသည်။
ဒီသုံးရက်အတွင်း ဒုတိယအိမ်မှမိသားစုသည် ဘယ်မှ မသွားဘဲ အိမ်တွင်သာ နေကြသည်။
လုကျောင်းယွဲ့သည် ထိုနေ့က ဟန်ကျင်း၏အင်္ကျီပါးပါးကို သတိရသည်။ သူ့အတွက် အင်္ကျီချုပ်ပေးမည့်သူ မရှိသည်ကိုလည်း သတိရသည်။ ထို့ကြောင့် အခန်းထဲတွင် တိတ်တိတ်လေး သူ့အတွက် အင်္ကျီချုပ်ပေးသည်။ ကံကောင်းစွာဖြင့် သူမသည် မိသားစုအတွက် ဝတ်အင်္ကျီများ ချုပ်ပေးပြီးကာစ ဖြစ်သဖြင့် အဝတ်အစနှင့် ဂွမ်းများလည်း ကျန်သေးသည်။ သူ့အတွက် ဝတ်အင်္ကျီတစ်ထည် ချုပ်ပေးရန် လုံလောက်သည်။
ပန်းမထိုးရင် အင်္ကျီချုပ်တာက အလွယ်လေးပင်။ လုကျောင်းယွဲ့၏လက်ကလည်း မြန်သဖြင့် တစ်ရက်ခွဲအတွင်း အင်္ကျီကို ချုပ်ပြီးသွားသည်။
အပြင်တွင် အေးစက်နေသော်လည်း လေမတိုက်ပေ။ အအေးဒဏ်က အလွန်ပြင်းသည်။
မနက်စောစော ဝူလန်သည် အပြင်သို့ ထွက်သွားပြီး သူငယ်ချင်းများနှင့် နှင်းပစ်နေသည့် အသံများကို အခန်းထဲတွင်ပင် ကြားနေရသည်။
လုကွမ်းကျိသည်လည်း အပြင်သို့ ထွက်သွားသည်။ သို့သော် လုကျောင်းယွဲ့သည် အရေးမကြီးဟု သဘောထားသည်။ ခဏကြာပြီးနောက် သူ ပြန်ရောက်လာသည်။
“ဘာဖြစ်လာတာလဲ”
“ဦးလေး ဒီနေ့ မလာဘူး”
လုကျောင်းယွဲ့သည် ကြောင်သွားပြီး ပြောသည်။ “ဒီနှစ်ရက်အတွင်း နှင်းတွေ အများကြီးကျခဲ့တာ၊ လမ်းမှာ နှင်းတွေ ပုံနေတာက ပုံမှန်ပဲ”
လုကွမ်းကျိသည် ခေါင်းညိတ်သည်။ “ငါလည်း ဒီလိုပဲ ထင်တာ၊ ဒါကြောင့် ခဏစောင့်ပြီး ဘယ်သူမှ မလာတော့ ပြန်လာခဲ့တာ။ အစ်မ၊ ငါ ဒီနှစ် လောင်းကစားရုံကို မသွားတော့ဘူးလို့ ဦးလေးကို ပြောဖို့ စဉ်းစားထားတယ်၊ နောက်နှစ်မှပဲ သွားတော့မယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုအေးလာတယ်၊ ဒီမှာ နှင်းတွေကလည်း အများကြီးပဲ၊ ဦးလေးကို လာခေါ်ခိုင်းဖို့ မလိုချင်ဘူး”
လုကျောင်းယွဲ့သည် စဉ်းစားလိုက်ပြီး ပြောသည်။ “ကောင်းပြီ၊ နင့်ဘာသာနင် ဆုံးဖြတ်ပါ”
တစ်ဖက်တွင် မိန်ရှီသည် လုကွမ်းယီကို ကွေ့အယ်မိသားစုအတွက် ဆန်အိတ်တစ်အိတ် ပေးခိုင်းသည်။ နှင်းတွေ ဒီလိုဆက်တိုက်ကျနေတာကို မိခင်နှင့်သမီးတို့ ဘယ်လိုရှင်သန်နေလဲ မသိပေ။ စဉ်းစားပြီးနောက် သူမသည် အိုးထဲမှ ချဉ်ဖတ်အချို့ကို ယူကာ လုကွမ်းယီကို ယူသွားရန် ပြောသည်။ ဆောင်းရာသီတွင် စားစရာ ဟင်းရွက်မရှိသဖြင့် မိသားစုတိုင်းသည် ဆောင်းနှင့်ဆောင်းဦးရာသီတွင် ချဉ်ဖတ်အများအပြားကို ဆောင်းရာသီတွင် စားရန် ပြုလုပ်ထားသည်။ ကွေ့အယ်မိသားစုကို ဘာပစ္စည်းမှ မပါဘဲ နှင်ထုတ်ခဲ့သဖြင့် ချဉ်ဖတ်လည်း မရှိပေ။
လုကွမ်းယီသည် ခေါင်းညိတ်ပြီး ထင်းတုံးတစ်တုံးကို ယူကာ ကျောတွင်ပိုးပြီးမှ ကွေ့အယ်သို့ သွားသည်။
သူရောက်သောအခါ ကွေ့အယ်သည် ခြံထဲတွင် နှင်းများကို ဖယ်နေသည်။
သူမ၏မျက်နှာက အေးခဲနေသဖြင့် နီရဲနေသည်။ ခဏခဏ ဖယ်ပြီး လက်ကို ပွတ်နေသည်။
သူမသည် သူ့ကို မြင်သောအခါ လက်ထဲမှ သစ်သားပုံးကို ချလိုက်ပြီး ကြိုဆိုသည်။
70 02
“အစ်ကိုကြီး၊ ဘာလို့ လာတာလဲ”
“ငါ့အမေက မင်းတို့မိသားစုအတွက် ဆန်အချို့ ပေးခိုင်းတယ်၊ ဒီထင်းတွေလည်း ယူသွား၊ ဒီလိုရာသီဥတုက အေးတယ်၊ မင်းတို့ အပြင်ထွက်ရလည်း မလွယ်ဘူး၊ ထင်းတွေ မရှိတော့ရင် ငါ့အိမ်ကို လာပြော၊ ငါတို့အိမ်မှာ အများကြီး ရှိတယ်”
ကွေ့အယ်သည် အလွန်ဝမ်းသာသည်။ “အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ်၊ ဒေါ်လေးနဲ့ ဦးလေးကိုလည်း ကျေးဇူးတင်တယ်၊ ဒီဆန်တွေကို ကျွန်မ ပြန်ဆပ်ပါ့မယ်” ကျေးလက်မှလူများက တခြားအရာများ ပေးရင်တော့ ပုံမှန်ပဲ၊ ဒါပေမဲ့ အစားအစာလိုမျိုး ဆိုရင်တော့ ပြန်ဆပ်ရသည်။
လုကွမ်းယီသည် နှုတ်ခမ်းကို ဖိလိုက်ပြီး သူမ၏မျက်နှာကို ကြည့်ကာ ပြန်မဆပ်ပါနဲ့ဟူသည့် စကားကို မျိုချလိုက်သည်။
သူသည် ငယ်စဉ်ကတည်းက ကွေ့အယ်ကို သိသည်။ သူမက မိန်းကလေးဖြစ်သဖြင့် အမြဲတမ်း တွေ့နေရသည်တော့ မဟုတ်ပေ။ ဒါပေမဲ့ ညီမ၏ပြောစကားများကြောင့် သူမ၏စိတ်ဓာတ်ကို သိသည်။ သူမက ပြန်ဆပ်မည်ဟု ပြောသဖြင့် သူသည် နားထောင်လိုက်သည်။
လုကွမ်းယီသည် ကွေ့အယ်ကို ပစ္စည်းများ ပေးပြီးနောက် ထွက်သွားသည်။
ကွေ့အယ်သည် ပစ္စည်းများကို နေရာချထားပြီးနောက် အခန်းထဲသို့ ပြန်လာသည်။
“လုမိသားစု ဒုတိယအိမ်မှ လင်မယားတို့က တကယ်ပဲ လူကောင်းတွေ၊ ကွမ်းယီလေးကလည်း လူကောင်းတစ်ယောက်၊ မင်းတို့ ညီအစ်မသုံးယောက် ဒီကျေးဇူးကို မှတ်ထားပြီး နောက်ပိုင်းမှာ ဆပ်နိုင်အောင် ကြိုးစားရမယ်” ကွေ့အယ်အမေသည် သမီးသုံးယောက်ကို ပြောသည်။
ကွေ့အယ်ညီအစ်မသုံးယောက်သည် ခေါင်းညိတ်ကြသည်။ ကွေ့အယ်အမေသည် ထပ်မံ၍ သက်ပြင်းချသည်။ “ဒီလိုလူကောင်းကလေးကတော့ ဖေမိသားစုကလူတွေက ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်လဲ မသိဘူး၊ ဒီလိုကောင်းတဲ့လက်ထပ်ပွဲကို ဘယ်လိုများ ဖျက်ဆီးခဲ့လဲ”
လက်ထပ်ပွဲအကြောင်း ပြောသောအခါ သူမ၏သမီးကြီးလည်း အသက်ကြီးပြီကို သတိရသည်။ ကွေ့အယ်အမေ၏ မျက်နှာ ညှိုးနွမ်းသွားပြီး “သမီးကြီး၊ အမေကြောင့် သမီးရဲ့လက်ထပ်ပွဲ နောက်ကျခဲ့တာ၊ အကယ်၍သာ စောစောကတည်းက စီစဉ်ပေးခဲ့ရင်…” ဒီအခြေအနေထိ ရောက်လာမည် မဟုတ်ပေ။
“အမေ၊ ကျွန်မ အခု လက်မထပ်ချင်ဘူးလို့ ပြောပြီးပြီပဲ။ ကျွန်မတို့က အခု ထမင်းတောင် ဝဝမစားနိုင်ဘူး၊ လက်ထပ်ဖို့ စဉ်းစားနေသေးတယ်၊ ကျွန်မ အိမ်မှာပဲ နေပြီး အမေကို တစ်သက်လုံး ပြုစုစောင့်ရှောက်ပါ့မယ်”
“ဘာတွေ ပြောနေတာလဲ၊ အမေက သမီးကို ဘယ်လိုမှ မနှောင့်ယှက်ပါဘူး။ အိမ်ရဲ့အခြေအနေ ကောင်းလာရင် အမေက သမီးအတွက် လက်ထပ်ပွဲ စီစဉ်ပေးမယ်။ အမေသာ အချိန်မီ လုမင်ဟိုင်တို့နှင့် စကားပြောခဲ့ရင် ကွမ်းယီလေးနှင့် လက်ထပ်ပေးပြီး အခုချိန်ထိ ကောင်းကောင်းနေရမှာ” ပြောနေရင်း ကွေ့အယ်အမေသည် ရုတ်တရက် အလင်းရောင်တစ်ခု ရသွားသည်။ “သမီးကြီး၊ ကွမ်းယီလေးကို ဘယ်လိုထင်လဲ”
ကွေ့အယ်သည် သူမ၏အမေ၏အတွေးကို ဘယ်လို မသိဘဲ နေမလဲ။ မျက်နှာနီရဲသွားပြီး စိတ်ပူစွာဖြင့်…၊ “အမေ၊ ရပ်လိုက်ပါတော့၊ ဒီလိုအတွေးမျိုးကို နောက်တစ်ခါ ဘယ်တော့မှ မတွေးပါနဲ့တော့။ အကယ်၍သာ လုမိသားစု ဒုတိယအိမ်နှင့် ဆက်ဆံရေးဖြတ်ချင်ရင်တော့ အမေ တွေးချင်သလောက် တွေးပါ၊ ကျွန်မတို့ ဘယ်လိုအခြေအနေမျိုးလဲ၊ ဘယ်မိသားစုက ချွေးမကို လက်ခံပြီး ယောက္ခမနှင့် ညီမနှစ်ယောက်ကိုပါ လက်ခံမှာလဲ၊ အမေက မျက်နှာပြောင်တိုက်ရင်တောင် ကျွန်မကတော့ မရဲဘူး၊ ဒီကိစ္စကို နောက်တစ်ခါ မပြောပါနဲ့”
ကွေ့အယ်အမေသည် နည်းနည်း စိတ်မကောင်း ဖြစ်သော်လည်း သမီးက အမှန်ပြောနေသဖြင့် ဘာမှ မပြောတော့ပေ။
ကွေ့အယ်၏မျက်နှာတွင် နောင်တအနည်းငယ် ပေါ်လာသည်။ သူမသည် အမေက သူမအတွက် ကောင်းစေချင်သည်ကို သိသည်။ သို့သော် သူမသည် မရဲပေ။ သူမသည် သက်ပြင်းချပြီး “အမေ၊ သမီးကို အပြစ်မတင်ပါနဲ့၊ လုမိသားစုက ကျွန်မတို့အပေါ်မှာ ကျေးဇူးကြီးမားတယ်၊ သူတို့ကို ဒီလို ဒုက္ခမပေးနိုင်ဘူး၊ တွေးတောင် မတွေးရဘူး၊ ဒီကိစ္စကို နောက်တစ်ခါ မပြောတော့ပါနဲ့၊ ကျွန်မလည်း အခု လက်ထပ်ဖို့ မစဉ်းစားသေးဘူး”
ကွေ့အယ်အမေသည် ခေါင်းညိတ်လိုက်သည်။
သုံးရက်ဆက်တိုက် မနက်တိုင်း လုကွမ်းကျိသည် ရွာအပြင်ဘက်သို့ သွားသော်လည်း ဟန်ကျင်းသည် မပေါ်လာခဲ့ပေ။
လုကျောင်းယွဲ့သည်လည်း ဒီကိစ္စကို သိပြီး စိတ်ပူနေသည်။ ဟန်ကျင်း၏လုပ်ရပ်က ပြီးပြည့်စုံသည်။ သူ မလာရင်တောင် ကိစ္စများကို စီစဉ်ပေးလိမ့်မည်။ ဒီလိုရုတ်တရက် ပျောက်သွားမည် မဟုတ်ပေ။
ဒီနေ့ လုကွမ်းကျိသည် မနေနိုင်တော့ဘဲ မြို့သို့ ကိုယ်တိုင် သွားရန် ဆုံးဖြတ်သည်။
အခြေအနေကို သွားကြည့်ခြင်းနှင့် လောင်းကစားရုံသို့ အကြောင်းကြားခြင်း ဖြစ်သည်။ လုကျောင်းယွဲ့သည် မတားမြစ်ပေ။ သို့သော် အင်္ကျီထူထူဝတ်ပြီး စောစောသွားပြီး စောစောပြန်လာရန်သာ မှာသည်။ သူမ၏စိတ်ထဲတွင်လည်း ဟန်ကျင်းအတွက် စိတ်ပူနေသည်။
70 03
နေ့လယ်နီးပါးတွင် လုကွမ်းကျိ ပြန်ရောက်လာသည်။ သူသည် လုကျောင်းယွဲ့ကို ဒီရက်ပိုင်း ဟန်ကျင်းမလာခြင်းက ဖျားနေသောကြောင့်ဟု ပြောပြသည်။ အလွန်နာမကျန်း ဖြစ်နေပြီး သံမဏိကဲ့သို့ မာကျောသည့်လူက အအေးမိပြီး အိပ်ယာထဲတွင် အိပ်နေရသည်။
လုကျောင်းယွဲ့သည် စိုးရိမ်လာပြီး စိတ်ပူနေသည်။
သူသည် ထိုနေ့က နှင်းထဲတွင် ပြန်သွားသဖြင့် အအေးမိခြင်း ဖြစ်ရမည်။ သူ ဘယ်လိုနေလဲ မသိပေ။ သူ၏ကိုယ်ခန္ဓာက ဒီလောက် အားကောင်းတာကို ဘာလို့ အိပ်ယာထဲက မထနိုင်ရတာလဲ။ စိတ်ပူသဖြင့် မေးခွန်းများ အများကြီး မေးလိုက်သည်။ မေးပြီးနောက် သူမသည် တွေဝေစွာဖြင့် အရှေ့ဘက်အခန်းမှ ထွက်လာသည်။ လုကွမ်းကျိသည် သူမ၏နောက်ကျောကို နားမလည်စွာ ကြည့်နေသည်။
နေ့လယ်တစ်ပိုင်းလုံး လုကျောင်းယွဲ့သည် စိတ်က မပါတော့ပေ။ လုကွမ်းကျိသည် မြင်ပြီး မှတ်ထားသည်။ ညနေစာစားပြီးနောက် လူတိုင်း အခန်းထဲသို့ ပြန်ဝင်ကြသည်။ လုကွမ်းကျိသည် အစ်မကြီး၏မီးဖိုကို လာထွန်းပေးရန် ဆင်ခြေပေးပြီး လုကျောင်းယွဲ့၏ အခန်းသို့ လာသည်။
“အစ်မကြီး၊ အစ်မက ဦးလေးကို စိတ်ပူနေတာလား” မီးဖိုအောက်တွင် ထိုင်နေသည့် လုကွမ်းကျိသည် ခဏရပ်လိုက်ပြီး အလင်းရောင်တွင် အပ်ချုပ်နေသည့် အစ်မကြီးကို ကြည့်သည်။ သူမသည် အပ်ချုပ်လိုက် ခဏရပ်လိုက် လုပ်နေသည်။
လုကျောင်းယွဲ့သည် ကြောင်သွားပြီး ဟန်ဆောင်ကာ ပြောသည်။ “ငါ ဦးလေးက ဒီလောက် အားကောင်းတာကို ဘာလို့ အိပ်ယာထဲမှာပဲ နေရတာလဲဆိုတာ တွေးနေတာ”
“ဖျားနေလို့ပေါ့၊ ဦးလေးဟူစန်း ပြောတာကို ကျွန်တော် နားထောင်ခဲ့တယ်၊ ကိုယ်ခန္ဓာက အားကောင်းပြီး မကြာခဏ မဖျားတဲ့လူတွေက တစ်ခါဖျားရင် တောင်ပြိုသလိုပဲ၊ ဦးလေးက ရက်အတော်ကြာ ဖျားနေတာ၊ ဆေးသောက်လည်း အပူမကျဘူး” လုကွမ်းကျိသည် ပြောပြီးနောက် အစ်မကြီး၏မျက်နှာကို စိုက်ကြည့်သည်။
ကံမကောင်းစွာဖြင့် လုကျောင်းယွဲ့သည် ဒါကို မသိပေ။ ဆေးသောက်လည်း အပူမကျဘူးဟု ပြောသည်ကို ကြားသောအခါ သူမသည် စိတ်ပူသွားသည်။ သူမ၏လက်က တုန်သွားပြီး အပ်က လက်ကို ထိုးမိသည်။ သူမသည် မျက်ခုံးကျုံ့ပြီး လက်ချောင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။
သူမ၏အစ်မက အသက်ငါးနှစ်ကတည်းက အပ်ချုပ်ပညာကို သင်ယူခဲ့သည်။ ပထမနှစ်နှစ်တွင်သာ လက်ကို အပ်ထိုးမိခဲ့သည်။ ဒီလိုမျိုး ဖြစ်သည်ကို လုကွမ်းကျိသည် မမြင်ဖူးပေ။ သူသည် ထရပ်ပြီး မျက်နှာက ပြင်းထန်သွားသည်။ “အစ်မ၊ အစ်မက ဦးလေးကို ကြိုက်လား”
လုကျောင်းယွဲ့၏မျက်နှာသည် ထိတ်လန့်သွားသည်။ သူမသည် ဟန်ဆောင်ရန် မကျွမ်းကျင်သူ ဖြစ်သဖြင့် လုကွမ်းကျိကို ဘယ်လိုဖုံးကွယ်နိုင်မလဲ။
မောင်လေးကို ကြည့်ပြီး လုကျောင်းယွဲ့၏နှလုံးခုန်နှုန်းက အလွန်မြန်နေသည်။ မောင်လေးရှေ့တွင် ဦးလေးကို ကြိုက်သည်ဟု ဝန်ခံရန် အလွန်ရှက်ရသည်။ ထို့ကြောင့် ခေါင်းငုံ့ပြီး ဘာမှ မပြောတော့ပေ။
အခန်းသည် တိတ်ဆိတ်နေသည်။ လုကွမ်းကျိလည်း ဘာမှ မပြောတော့ဘဲ တစ်ခုခုကို စဉ်းစားနေပုံရသည်။ လုကျောင်းယွဲ့၏နှလုံးခုန်နှုန်းက လည်ချောင်းထဲသို့ ရောက်တော့မလို ဖြစ်နေစဉ် လုကွမ်းကျိက ရုတ်တရက် ပြောသည်။ “အစ်မ၊ အစ်မရဲ့ရွေးချယ်မှုက ကောင်းတယ်”
“ဟမ်” လုကျောင်းယွဲ့သည် ကြောင်သွားသည်။ မောင်လေး ဒီလိုပြောလိမ့်မည်ဟု မထင်မှတ်ထားပေ။
“ဦးလေးက စိတ်ဓာတ်ကောင်းတယ်၊ သတ္တိရှိပြီး တာဝန်ယူနိုင်တယ်။ ရိုးရိုးသားသားပြောရရင် အစ်မ၊ အစ်မ လက်ထပ်ရင် ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတာ ကျွန်တော် တွေးနေခဲ့တာ။ အခု ကြည့်ရတာ အစ်မနဲ့ ဦးလေးက လိုက်ဖက်တယ်”
လုကွမ်းကျိသည် ခဏရပ်လိုက်ပြီး… “ဒါပေမဲ့ တစ်ခုပဲ ရှိတယ်၊ ဦးလေးရဲ့ဂုဏ်သိက္ခာက မကောင်းဘူး၊ ကျွန်တော်တို့အဖေနဲ့အမေက သဘောတူလိမ့်မယ် မထင်ဘူး။ အသက်အကြောင်းကတော့ အသက်ကြီးတဲ့ ယောက်ျားတွေက ပိုဂရုစိုက်တတ်တယ်”
လုကျောင်းယွဲ့၏မျက်နှာက မီးလိုနီရဲနေပြီး တိုးတိုးလေး ပြောသည်။ “ဘာတွေ ပြောနေတာလဲ၊ မောင်လေး”
“ဘာလို့လဲ၊ ငါပြောတာ အဓိပ္ပာယ်မရှိဘူးလား၊ ငါစောစောကတည်းက သံသယဝင်နေခဲ့တာ၊ အစ်မနဲ့ ဦးလေး တွေ့တာက အလွန်မကြာခဏ ဖြစ်နေတယ်၊ ဦးလေးအငယ်ဆုံး ကိစ္စအတွက် ဒီလောက် အကြိမ်အများကြီး တွေ့စရာ မလိုပါဘူး။ ပြီးတော့ ဦးလေးက ငါတို့ ဦးလေးအငယ်ဆုံးမျက်နှာကြောင့် ငါတို့ကို တုလျန်နဲ့ အဒေါ်ကြီးကို သင်ခန်းစာပေးတယ် ဆိုရင်လည်း နည်းနည်း အရမ်းများတယ်၊ သူက တခြားလူအတွက် လက်စားချေပေးတာ မဟုတ်ဘဲ သူတို့နှစ်ယောက်နှင့် ကိုယ်ပိုင်ပြိုင်ဆိုင်မှု ရှိနေတယ်လို့ ခံစားရတယ်...”
70 04
နောက်ဆက်တွဲစကားများကို လုကျောင်းယွဲ့က ဖြတ်တောက်လိုက်သည်။ “တုလျန်နဲ့ အဒေါ်ကြီးကို သင်ခန်းစာပေးတယ်၊ ဒါဆို ကျောက်ကော်တုံးကိစ္စကိုလည်း ဦးလေး လုပ်တာလား”
လုကွမ်းကျိသည် သူ့ပါးစပ်မှ လွတ်သွားသည်ကို သိသဖြင့် အမြန်ပိတ်လိုက်သည်။ သို့သော် လုကျောင်းယွဲ့က ကြားသွားပြီဖြစ်သဖြင့် ဖုံးကွယ်၍ မရတော့ပေ။
လုကွမ်းကျိသည် ဝန်ခံသည်။ “ကျောက်ကော်တုံးကိစ္စကို ဦးလေးက တခြားသူတွေကို လုပ်ခိုင်းခဲ့တာ၊ ဒါပေမဲ့ ကျောက်ကော်တုံးက လောင်းကစားစွဲပြီး ဂိုထောင်က ပိုက်ဆံတွေကို ခိုးတာကတော့ ဦးလေးက မလုပ်ခိုင်းခဲ့ဘူး။ ကျွန်တော်က ကျောက်ကော်တုံး လောင်းကစားတာကို လောင်းကစားရုံမှာ မြင်တော့ သူ မမြင်အောင် ရှောင်နေခဲ့တာ၊ ဒါပေမဲ့ ဦးလေးက ကျောက်ကော်တုံးက အဒေါ်ကြီးရဲ့သားဆိုတာ သိတော့ ကျောက်ကော်တုံးကို ထောင်ချောက် ဆင်ခိုင်းခဲ့တာ၊ တကယ်တော့ ဦးလေး ဒီလိုမလုပ်ရင်တောင် ကျောက်ကော်တုံးက ဒီလိုဖြစ်လာမှာပဲ၊ သူက အဲ့တုန်းက ဂိုထောင်က ပိုက်ဆံတွေ အများကြီး ခိုးထားပြီး အရမ်း စွဲနေပြီ”
လုကျောင်းယွဲ့သည် တိတ်ဆိတ်သွားသည်။ သူမ၏စိတ်ထဲတွင် မည်သို့ခံစားရမှန်း မသိတော့ပေ။ သူသည် အမြဲတမ်း လူများကို ရွေ့လျားစေပြီး ဘာမှ မတတ်နိုင်စေသည့် အရာများကို လုပ်တတ်သည်။
သူမ၏အစ်မကြီး ဘာမှ မပြောတော့သည်ကို မြင်သောအခါ လုကွမ်းကျိသည် စိတ်ပူစွာဖြင့် ပြောသည်။ “အစ်မ၊ ဒီကိစ္စကြောင့် ဦးလေးကို မကြိုက်တော့တာလား”
လုကျောင်းယွဲ့သည် မျက်နှာနီရဲသွားပြီး ဒေါသဖြင့် ပြောသည်။ “ငါ သူ့ကို ကြိုက်တာ မကြိုက်တာ နင်နဲ့ ဘာဆိုင်လို့လဲ”
လုကွမ်းကျိသည် ရယ်လိုက်သည်။ “ကြည့်ရတာ အစ်မကြီးက ဦးလေးနဲ့ ချစ်ကြိုက်နေတာပေါ့”
လုကျောင်းယွဲ့သည် မောင်လေးက သူမ၏စကားကို ခြိမ်းခြောက်နေသည်ကို သိသဖြင့် ဒေါသထွက်သွားသည်။ သို့သော် မောင်လေးကို ဒေါသထွက်ဖို့ သူမ မတတ်နိုင်သဖြင့် ထိုင်နေပြီး ဘာမှ မပြောတော့ပေ။
လုကွမ်းကျိသည် သူ ယနေ့ စကားအများကြီး ပြောခဲ့သည်ကို သိသဖြင့် အစ်မကြီးက အပြစ်တင်မည်ကို ကြောက်ပြီး ထွက်ပြေးရန် ပြင်သည်။ သို့သော် လုကျောင်းယွဲ့က သူ့ကို နောက်ကျောမှ ခေါ်လိုက်သည်။
“သူ တကယ် နာမကျန်းဖြစ်နေတာလား” လုကျောင်းယွဲ့၏အသံက အလွန်သေးငယ်ပြီး တွေဝေနေသည်။
လုကွမ်းကျိသည် ရပ်လိုက်ပြီး ခေါင်းညိတ်သည်။ “ဒါပေမဲ့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဦးလေးဟူစန်းတို့က သူ့ကို ဂရုစိုက်နေတယ်၊ မြို့မှာ ဆေးခန်းမလည်း ရှိတယ်၊ အစ်မကြီး စိတ်ပူစရာ မလိုပါဘူး”
လုကျောင်းယွဲ့၏မျက်နှာက ရှက်ရွံ့နေပြီး တွေဝေနေသည်။ သို့သော် ပြောလိုက်သည်။ “ငါ သူ့ကို သွားကြည့်ချင်တယ်”
လုကွမ်းကျိသည် အစ်မကြီး ဒီလိုပြောလိမ့်မည်ဟု မထင်ထားပေ။ သူသည် ခေါင်းကုတ်ပြီး ပြောသည်။ “နေရာကတော့ ကျွန်တော် သိတယ်၊ အစ်မကို ခေါ်သွားနိုင်တယ်၊ ဒါပေမဲ့ အစ်မ အပြင်ထွက်ဖို့ မလွယ်ဘူး မဟုတ်လား”
လုကျောင်းယွဲ့သည် စဉ်းစားလိုက်ပြီး ပြောသည်။ “ဘာမှ မဖြစ်ပါဘူး၊ ငါ အမေကို ကွေ့အယ်အိမ်ကို သွားတယ်လို့ ပြောလိုက်မယ်”
“ဒါဆို အစ်မကြီး စဉ်းစားပြီးပြီလား၊ စဉ်းစားပြီးပြီဆိုရင် ငါ့ကို ပြော၊ လမ်းက အဝေးကြီးပဲ၊ အခု မြင်းရထားလည်း မရှိဘူး၊ အစ်မ သွားနိုင်ပါ့မလား”
“စဉ်းစားစရာ မလိုဘူး၊ မနက်ဖြန် ငါ့ကို ခေါ်သွား”
+++++