အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း (၁၃၅) - ကောင်းကင်ယံမှ မိစ္ဆာများ
မကြာမီမှာပင် ချန်ယီခဲ့သည် သူမ၏အစ်မဖြစ်သူ ချန်ယွဲ့ကျန့်ကို မှီသွားလေသည်။ သူမသည် အစ်မဖြစ်သူ၏ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
သူမ၏ မျက်လုံးအစုံမှာ အစ်မဖြစ်သူ၏လက်ထဲရှိ ဝိညာဉ်မုန့်ဆီသို့သာ စိုက်ကြည့်နေပြီး "မွမွ... မွမွ" ဟု အဆက်မပြတ် အော်ဟစ်နေတော့သည်။
ချန်ယုကျန့်သည်လည်း သူမကတိပေးထားသည့်အတိုင်း မိမိကိုမီအောင်လိုက်နိုင်ပါက ဝိညာဉ်မုန့်ကျွေးမည်ဆိုသည့်အတိုင်း လုပ်ဆောင်ပေးလိုက်သည်။
"လာပါ ယီခဲ့လေး... ပါးစပ်လေး လိမ္မာသလိုဟစမ်း၊ မမ ကျွေးမယ်နော်။ ညီမလေးလက်က မြေကြီးပေါ်မှာ တောက်လျှောက်တွားလာတာဆိုတော့ ညစ်ပတ်နေတယ်၊ ကိုယ့်ဘာသာကိုယ် ကိုင်မစားနဲ့ဦး"
"ဝါး... ဝါး..."
ချန်ယီခဲ့မှာ အစ်မဖြစ်သူစကားကို နားမလည်သကဲ့သို့ ဝိညာဉ်မုန့်ကိုသာ လှမ်းဖမ်းရန် အတင်းကြိုးစားနေသည်။ ချန်ယုကျန့်က မုန့်ကို သူမခေါင်းပေါ်သို့ မြှောက်ထားပြီး အကိုင်မခံပေ။
"ဝါး... ဝါး... ဝါး..."
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် မုန့်ကိုမမီနိုင်မှန်း သိသွားသောအခါ ချန်ယီခဲ့မှာ အလွန်စိတ်တိုသွားပြီး ချက်ချင်းပင် အာခေါင်ခြစ်ကာ ငိုချလိုက်တော့သည်။ နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်လှသော ငိုသံကြောင့် နားစည်များပင် တုန်ဟီးသွားရသည်။
မကြာမီမှာပင် ဆောင်ဟွာယင်းနှင့် ဝမ်ကျိယန်တို့ အခန်းထဲမှ ပြေးထွက်လာကြသည်။
မွေးကင်းစ တစ်လပင်မပြည့်သေးသော ကလေးငယ်တစ်ဦးက မတ်တပ်ရပ်လျက် အစ်မဖြစ်သူ၏ခါးကို ဖက်ထားကာ မော့ငိုနေသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
‘ဒုက္ခပါပဲ... တစ်လမပြည့်သေးတဲ့ ကလေးက ဘယ်လိုလုပ် အကူအညီနဲ့ မတ်တပ်ရပ်နိုင်ရတာလဲ’
သို့သော် နောက်တစ်စက္ကန့်တွင် ပို၍အံ့သြစရာကောင်းသော အရာဖြစ်ပျက်လာသည်။ ငိုနေဆဲဖြစ်သော ချန်ယီခဲ့သည် သူမ၏မိခင် အိမ်ထဲမှထွက်လာသည်ကို မြင်သည်နှင့် အစ်မဖြစ်သူ၏ခါးကို လွှတ်လိုက်ပြီး၊ မျက်ရည်စက်လက်ဖြင့် မိခင်ဖြစ်သူထံသို့ အပြေးကလေး သွားလေတော့သည်။
သေးငယ်လှသော ချန်ယီခဲ့လေးမှာ ရုတ်တရက် အပြေးကလေး ရောက်လာသည်ကို မြင်ရသောအခါ ဝမ်ကျိယန်နှင့် ဆောင်ဟွာယင်းတို့မှာ မှင်တက်သွားကြပြီး ပါးစပ်များပင် အဟောင်းသား ဖြစ်ကုန်ကြသည်။
"ယောက်ျား... ဒါ... ဒါက... ယီခဲ့လေးက တကယ်ကြီး ပြေးနိုင်တာလား"
ဝမ်ကျိယန်မှာ ချန်အန်ကိုကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေရသည်။ ခဏမျှ သူမကိုယ်သူမ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်မိသည်။ ချန်အန်ကမူ အစောကတည်းက အံ့သြခဲ့ပြီးဖြစ်၍ ယခုအခါ ပို၍တည်ငြိမ်နေကာ သူ့ဇနီးကို ပြောလိုက်သည်။
"အဲ့လောက်ကြီး အံ့သြမနေပါနဲ့၊ ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ကလေးတွေဆိုတာ ဒီလိုပါပဲ"
‘ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လား’ ဝမ်ကျိယန်မှာ သူမကိုယ်တိုင် ဘယ်လိုနတ်ဘုရားလေးကို မွေးဖွားပေးလိုက်သလဲဟုပင် တွေးတောနေမိသည်။
ခေတ္တမျှ စိတ်အေးသွားပြီးနောက် ဆောင်ဟွာယင်းက သူမ၏သမီးကို မေးလိုက်သည်။ "ယုကျန့်... ဘာလို့ ညီမလေးကို ငိုအောင်လုပ်တာလဲ"
"မေမေ... သမီးလုပ်တာမဟုတ်ပါဘူး၊ သူက ဝိညာဉ်မုန့်စားချင်နေတာ။ သမီးက သူ့လက်တွေ ညစ်ပတ်နေလို့ ခွံ့ကျွေးမလို့လုပ်တာကို သူကမရဘူး၊ ကိုယ်တိုင်ပဲယူစားမယ်ဆိုပြီး အတင်းလုပ်နေတာ။ သမီးက အကိုင်မခံတော့ သူက ငိုတာ" ဟု ချန်ယုကျန့်က အပြစ်ကင်းစင်စွာ ရှင်းပြရှာသည်။
အခြားတစ်ဖက်တွင်မူ ချန်အန်သည် သူ၏ကျင့်ကြံဆင့်မှာ အခြေတည်အဆင့် (၇) သို့ ရုတ်တရက် ခုန်တက်သွားသည့်အတွက် အလွန်ရင်ခုန်နေမိသည်။ သူ၏ လက်ရှိအင်အားမှာ အခြေတည်အဆင့် (၅) တုန်းကထက် အနည်းဆုံး ဆယ်ဆခန့် ပိုမိုအားကောင်းလာပြီဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ‘ရွှေအမြုတေအဆင့်’ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရပါက၊ အဆင့်ကျော်ပြီး သတ်နိုင်ခြင်းမရှိစေဦးတော့ အသက်ဘေးမှ လွတ်မြောက်ရန်အတွက်မူ ဤကျင့်ကြံဆင့်က လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
"ဒီနှုန်းအတိုင်းသာ ဆက်ပြီး တက်နေမယ်ဆိုရင်တော့၊ တစ်နှစ်မပြည့်ခင်မှာပဲ ရွှေအမြုတေအဆင့်ကို ရောက်နိုင်မယ်လို့ ထင်တယ်" ဟု ချန်အန်က စိတ်ထဲမှ တွေးတောရင်း စိတ်လှုပ်ရှားနေမိသည်။
ညရောက်သော်။
မင်္ဂလာဦးည၏ ကောင်းမြတ်သော အချိန်သို့ ရောက်ရှိလာသည်။ ရှန်းချင်းယီမှာ အလှပြင်ပြီး၍ ကုတင်ပေါ်တွင် ထိုင်ကာ ချန်အန် အခန်းထဲဝင်လာမည့်အချိန်ကို စောင့်နေသည်။ မူလကမူ သူတို့သည် ပုံမှန်မင်္ဂလာရိုးရာအတိုင်း အခြားဇနီး သုံးဦး၏ရှေ့မှောက်တွင် မင်္ဂလာအခမ်းအနား ကျင်းပရန် စိတ်ကူးခဲ့ကြသည်။
သို့သော် ရှန်းချင်းယီက ထိုသို့လုပ်ဆောင်ရန် ရှက်ရွံ့နေသဖြင့် မင်္ဂလာဦးခန်းသို့ တိုက်ရိုက်ခုန်ကျော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားတစ်ဦးအနေဖြင့် ချန်အန်မှာလည်း အခမ်းအနားများထက် ရိုးရှင်းမှုကို ပိုကြိုက်သူဖြစ်ရာ ရှန်းချင်းယီ၏ ဆန္ဒအတိုင်းဖြစ်၍ ဝမ်းသာနေမိသည်။
"ချင်းယီ... ကိုယ် ဝင်လာပြီနော်"
ချန်အန်က ပြောပြောဆိုဆိုနှင့်ပင် တံခါးကိုတွန်းဖွင့်ကာ ရှန်းချင်းယီ၏အခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် ရှန်းချင်းယီသည် ကုတင်ဘေး၌ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူမတွင် ကြောက်ရွံ့နေခြင်းမရှိဘဲ မျှော်လင့်ချက်များသာ ပြည့်နှက်နေသည်။ ချန်အန်သည် အချိန်ဆွဲမနေဘဲ သူမ၏ဘေးတွင် ထိုင်လိုက်ပြီး၊ မျှော်လင့်ချက်အပြည့်ဖြင့် အနီရောင်မျက်နှာဖုံးပုဝါကို မလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် အလွန်လှပသော မျက်နှာလေးတစ်ခု သူ၏ရှေ့၌ ပေါ်ထွက်လာသည်။ သူမ၏ မျက်ခုံးမွှေးလေးများကို သေသေသပ်သပ် ပြုပြင်ထားပြီး၊ မူလက ပန်းရောင်သမ်းနေသော နှုတ်ခမ်းလွှာလေးမှာ ယခုအခါ အနီရဲရဲ ဆိုးဆေးကြောင့် ပို၍ပင် ဆွဲဆောင်မှု ရှိနေတော့သည်။
အလှပြင်ထားသော ရှန်းချင်းယီမှာ အလွန်ပင် လှပလွန်းလှသည်။
"ချင်းယီ... မင်း တကယ်ကို လှတာပဲ"
ချန်အန်က စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ ရှန်းချင်းယီက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ - "ကျွန်မကို ‘ယီလေး’ လို့ မခေါ်လို့ရမလား၊ ကြားရတာ တစ်မျိုးကြီးပဲ..." ဟု ဆိုသည်။ သူမက နှုတ်ခမ်းလေးကို စူကာ "ကျွန်မက အသက် ၅၀ ကျော်နေပြီလေ၊ ဟွာယင်းတို့ ယုကျန့်တို့လို ငယ်ငယ်နုနုလေး မဟုတ်တော့ဘူး၊ ယီလေး လို့ခေါ်တာ တကယ် ထူးဆန်းနေတယ်"
"ဒါဆို ကိုယ် ဘယ်လိုခေါ်ရမလဲ၊ အရင်လိုပဲ ‘မိတ်ဆွေ ရှန်း’ လို့တော့ ခေါ်လို့မဖြစ်တော့ဘူးမလား"
"ချင်းယီ လို့ပဲ ခေါ်ပါ"
"ကောင်းပြီလေ၊ ဒါဆိုလည်း အဲ့ဒီအတိုင်းပဲ ခေါ်မယ်"
ချန်အန်သည် စကားပြောရင်းနှင့်ပင် ရှန်းချင်းယီ၏ ခါးလေးကို သိုင်းဖက်ကာ စတင်နီးစပ်ရန် ကြိုးစားတော့သည်။ ရှန်းချင်းယီမှာ မျက်နှာလေး နီမြန်းသွားပြီး ချန်အန်၏ ပြုသမျှကို ငြိမ်ခံနေရှာသည်။
သူမက အလွန်ရှက်ရွံ့နေသော အသံတိုးတိုးလေးဖြင့် - "ယောက်ျား.. ဒီနေ့ည ကျွန်မရှင့်ကို ကောင်းကောင်း ပြုစုပါရစေ..." ဟု ဆိုသည်။
ချန်အန်က ပြုံးလျက် "ကိုယ်တို့ နှစ်ယောက်လုံး အချင်းချင်း ပြုစုကြတာ ပိုကောင်းမယ်လို့ ထင်တယ်" ဟု ပြောလိုက်သည်။ ထို့နောက် သူသည် နှင်းဆီပန်းကဲ့သို့ နီမြန်းနေသော ရှန်းချင်းယီကို ပွေ့ချီကာ ကုတင်ပေါ်သို့ အသာအယာ တင်လိုက်လေတော့သည်။
နောက်တစ်နေ့ နံနက်တွင် မိုးစင်စင် မလင်းသေးပေ။ သူတို့နှစ်ဦးမှာ တစ်ညလုံး မအိပ်ခဲ့ရသဖြင့် ယခုအခါ ကုတင်ပေါ်တွင် လဲလျောင်းရင်း အမောဖြေနေကြသည်။
"မင်း ကုတင်ပေါ်က ထနိုင်သေးရဲ့လား၊ မရရင် ကိုယ် မနက်စာ အထဲကို ယူလာပေးမယ်လေ"
ချန်အန်သည် မျက်ရည်စလေးများ ဝိုင်းနေဆဲဖြစ်သော ရှန်းချင်းယီ၏ မျက်ဝန်းလှလှလေးများကို ကြည့်ကာ ကြင်နာစွာ မေးလိုက်သည်။
ရှန်းချင်းယီမှာ အခြေတည်အဆင့် အလယ်အလတ် ကျင့်ကြံသူဖြစ်သဖြင့် ညက သူ ညှာတာမှုမရှိခဲ့မိပေ။ သူမ ငိုလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ကျွန်မ ဗိုက်မဆာသေးပါဘူး"
ရှန်းချင်းယီ၏အသံမှာ အလွန်တိုးညင်းနေပြီး အရင်လို တက်ကြွမှုမျိုး မရှိတော့ပေ။ ချန်အန်သည် သူမ၏ သနားစဖွယ်ပုံစံကို ကြည့်ကာ ညက မိမိရက်စက်ခဲ့မိသည်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်အပြစ်တင်နေမိသည်။
"ဗိုက်မဆာလည်း ကိုယ် ဝိညာဉ်ငါးစွပ်ပြုတ်လေး တစ်ခွက် လုပ်ပေးမယ်လေ၊ ဒါမှ မင်းရဲ့ ဒဏ်ရာတွေ မြန်မြန်သက်သာပြီး အားအင်ပြန်ပြည့်မှာ"
ထိုသို့ပြောပြီးနောက် ချန်အန်သည် အဝတ်အစားများဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် ခြံဝင်းအတွင်းရှိ ဝိညာဉ်ငါးများ မွေးမြူထားသော ကန်နားသို့ လျှောက်သွားလိုက်သည်။
ချန်အန်သည် အကောင်းဆုံး ဝိညာဉ်ငါးကို ဖမ်းရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်ယံ၌ ရုတ်တရက် ခရမ်းရင့်ရောင် မြူထုကြီးတစ်ခု ပျံ့နှံ့လာသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ ခရမ်းရောင် ပလတ်စတစ်စက္ကူကြီးတစ်ခုကဲ့သို့ပင် တောအုပ်နီတစ်ခုလုံးကို အုပ်မိုးလိုက်လေသည်။
"ဒါက... မိစ္ဆာစွမ်းအင်တွေလား"
ချန်အန် ကောင်းကင်ကို မော့ကြည့်ရင်း မသိစိတ်မှ စိုးရိမ်စိတ်များ ဝင်လာသည်။ မိစ္ဆာစွမ်းအင်များမှာ အလွန်ပင် ထူထပ်လွန်းလှသဖြင့် မိစ္ဆာနယ်မြေထဲသို့ ရောက်သွားသကဲ့သို့ ခံစားရစေသည်။
"ယောက်ျား.. ကောင်းကင်ကြီးက ဘာဖြစ်တာလဲ"
ဝမ်ကျိယန်သည် သမီးလေး ချန်ယီခဲ့ကို ချီလျက် အိမ်ထဲမှ ထွက်လာသည်။ သူမသည် ခရမ်းရောင်သမ်းနေသော ကောင်းကင်ကြီးကို ကြည့်ကာ စိုးရိမ်ထိတ်လန့်နေရှာသည်။ ချန်အန်က စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏ အဆင့်တူ ကျင့်ကြံသူများထက် သာလွန်သော စိတ်အာရုံကြောင့် ကောင်းကင်ယံတွင် အင်အားကြီးမားသော အရာများစွာ ပေါ်ထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင်..
ကောင်းကင်ယံမှ မရေမတွက်နိုင်သော အနက်ရောင် အရိပ်ဆိုးကြီးများသည် မိုးပေါက်များအလား မြေပြင်ပေါ်ရှိတောအုပ်နီထဲသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာလေတော့သည်။
ချန်အန် သေချာကြည့်လိုက်သောအခါ ထိုအရာများမှာ ထူးဆန်းသော မိစ္ဆာသတ္တဝါများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
အခန်း (၁၃၆) - အမြီးကိုးချောင်းမြေခွေး
တောအုပ်နီ၏ ကောင်းကင်ယံထက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်သည့် ဧရာမ ငှက်စိမ်းကြီးတစ်ကောင်သည် ၎င်း၏ အတောင်ပံများကို ခတ်ကာ မြေပြင်အထက် မီတာတစ်ထောင်အကွာတွင် ပျံဝဲနေသည်။
၎င်း၏ ကျယ်ပြောလှသော ကျောကုန်းပေါ်တွင် ထောင်နှင့်ချီသော မိစ္ဆာသတ္တဝါများ ရပ်နေကြ၏။
ထိုမိစ္ဆာများသည် သူတို့၏ အရှိန်အဝါများကို လုံးဝထိန်းချုပ်ခြင်းမရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများကို ရမ်းကားစွာ ထုတ်လွှတ်နေကြသည်။ အနိမ့်ဆုံး ကျင့်ကြံဆင့်မှာပင် ‘အခြေတည်အဆင့်’ ရှိကြသည်။
ထိုအချိန်တွင် ငှက်မိစ္ဆာများ၏ အကူအညီဖြင့် ထိုမိစ္ဆာသတ္တဝါများသည် ငှက်စိမ်းကြီး၏ ကျောပေါ်မှနေ၍ အောက်ဘက်ရှိ ရဲဒုဒ်တောအုပ်အတွင်းသို့ ဆင်းသက်နေကြသည်။
ပို့ဆောင်ရေး ပိုမိုမြန်ဆန်စေရန်အတွက် ငှက်မိစ္ဆာများသည် မြေပြင်နှင့် နီးကပ်လာသောအခါ သူတို့၏ ခြေသည်းများကို လွှတ်လိုက်ပြီး မိစ္ဆာသတ္တဝါများကို တောအုပ်ထဲသို့ လွတ်လပ်စွာ ပြုတ်ကျခွင့် ပေးလိုက်ကြသည်။
"တောအုပ်နီက သတ္တဝါတွေ ကြီးထွားဖို့ အချိန်အတော်ကြာ ပေးထားခဲ့တာပဲ။ အထဲက ကျွဲနွား (လူသားကျင့်ကြံသူများ) တွေလည်း တော်တော် ဆူဖြိုးနေလောက်ပြီ။ အခုတော့ စားသောက်ပွဲလုပ်ဖို့ အချိန်တန်ပြီ"
ငှက်ကြီး၏ ကျောပေါ်တွင် ‘ရွှေအမြုတေအဆင့်’ခန့်ရှိသော အရှိန်အဝါပိုင်ရှင် အမျိုးသားတစ်ဦးသည် တောအုပ်နီအတွင်းသို့ အဆက်မပြတ် ဆင်းသက်နေကြသော မိစ္ဆာအုပ်ကြီးကို ကြည့်ရင်း ပြောလိုက်သည်။
ငှက်မွှေးများ ဖုံးလွှမ်းနေသော သူ၏မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်နေ၏။
သူသည် ‘ငှက်စိမ်းမျိုးနွယ်စု’ ၏ တတိယမြောက် သခင်လေးဖြစ်ပြီး၊ မိစ္ဆာမျိုးနွယ်စုအသီးသီးကို တောအုပ်နီသို့ ပို့ဆောင်ကာ အစာရှာဖွေရန် (လူသားများကို သတ်ဖြတ်ရန်) တာဝန်ယူထားရသူ ဖြစ်သည်။
"တတိယသခင်လေး... ကျွန်မတို့ ဒီလောက်အင်အားအများကြီးနဲ့ တောအုပ်နီကို တိုက်ခိုက်တာ ‘မိုးမြေဂိုဏ်း’ကို ဘယ်လိုရှင်းပြမလဲ"
ငှက်စိမ်းသခင်လေး၏ ဘေးတွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။ သူမသည်လည်း မိစ္ဆာသတ္တဝါမှ လူအသွင်ပြောင်းထားသူ ဖြစ်သော်လည်း မိမိကိုယ်ကိုယ် လူသားတစ်ဦးကဲ့သို့ ပြုမူနေထိုင်ရသည်ကို နှစ်သက်သူဖြစ်သည်။
ရှေးယခင်ကတည်းက လူအသွင်ပြောင်းနိုင်သော မိစ္ဆာများသည် လူသားပုံစံကိုသာ ရွေးချယ်လေ့ရှိကြသည်။
ငှက်စိမ်းသခင်လေးက ရယ်မောလိုက်ပြီး - "ငါတို့ ငှက်စိမ်းမျိုးနွယ်က မိစ္ဆာမျိုးနွယ်စုတွေအတွက် သယ်ယူပို့ဆောင်ရေး လုပ်ပေးတာသက်သက်ပဲ။ မိုးမြေဂိုဏ်းက ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
"နောက်ပြီး တောအုပ်နီက မိုးမြေဂိုဏ်းရဲ့ အကာအကွယ်အောက်မှာ ရှိတာလည်း မဟုတ်ဘူး။ ငါတို့က သူတို့ဂိုဏ်းရဲ့ နယ်နိမိတ်ကို ကျူးကျော်ခြင်းမရှိသရွေ့ သူတို့ လှုပ်ရှားမှာမဟုတ်ဘူး။ မိုးမြေဂိုဏ်းအနေနဲ့ ‘တောင်ပင်လယ်ဒေသ’တစ်ခုလုံးက မိစ္ဆာမျိုးနွယ်စုတွေနဲ့ စစ်ဖြစ်ချင်နေတာမှ မဟုတ်ရင်ပေါ့"
သခင်လေး၏ စကားများတွင် ဗျူဟာမြောက် ကျွမ်းကျင်သူတစ်ဦး၏ ယုံကြည်ချက်များ ပြည့်နှက်နေသည်။ အစိမ်းရောင်ဝတ် အမျိုးသမီးကလည်း အခွင့်ကောင်းယူကာ ဖော်လံဖားလိုက်သည်။
"တတိယသခင်လေးက တကယ်ကို အမြော်အမြင်ရှိတာပဲ။ ကျွန်မတို့ ငှက်စိမ်းမျိုးနွယ်ရဲ့ မျိုးဆက်သစ်ထဲမှာ အသိဉာဏ်အရှိဆုံးသူလို့ ဆိုရမှာပဲ"
"မင်းရဲ့မြှောက်ပင့်မှုက မဆိုးပါဘူး။ ငါ ထပ်ကြားချင်သေးတယ်၊ ပိုပြီး မြှောက်ပင့်ပေးစမ်းပါဦး" ဟု သခင်လေးက သာယာစွာ ပြောလိုက်သည်။
အမျိုးသမီးက သူ၏အနားသို့ တိုးကပ်သွားပြီး သူ၏ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ကာ - "သခင်လေး... ဒီငှက်ကျောပေါ်မှာ လေက တအားတိုက်နေတော့ ကျွန်မပြောတာတွေ သေချာကြားရမှာ မဟုတ်ဘူး။ အထဲက အခန်းထဲသွားပြီး ကျွန်မ သခင်လေးကို သေချာလေး မြှောက်ပင့်ပေးပါရစေလား" ဟု ညုတုတုဖြင့် ဆိုသည်။
"အခမဲ့ကျွေးတဲ့ ထမင်းကိုတော့ ငါ ဘယ်တော့မှ ငြင်းလေ့မရှိဘူး"
သခင်လေးက ပြုံးကာ အမျိုးသမီးကို ဖက်လိုက်ပြီး အထဲသို့ ဝင်ရန် ပြင်လိုက်သည်။ ထိုစဉ် ခရမ်းရောင်ဝတ်စုံနှင့် ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းများက သခင်လေးကို ကြည့်ကာ ချိုသာသောအသံဖြင့် - "တတိယသခင်လေး... ကျွန်မ အခုတောအုပ်နီထဲကို ဆင်းသွားချင်ပြီ၊ ငှက်မိစ္ဆာတစ်ကောင်လောက် စီစဉ်ပေးလို့ ရမလား" ဟု မေးလိုက်သည်။
"မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီကို ရောက်နေတာလဲ"
မိမိရှေ့ရှိ ရင်းနှီးမှုမရှိသော ခရမ်းရောင်ဝတ် အမျိုးသမီးကို မြင်သောအခါ ငှက်စိမ်းသခင်လေးမှာ ချက်ချင်းပင် သတိထားလိုက်သည်။
သူသည် ခရီးမထွက်မီ ခရီးသည်စာရင်းကို သေချာစစ်ဆေးခဲ့သော်လည်း ဤအမျိုးသမီးကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။
ခရမ်းရောင်ဝတ် အမျိုးသမီးက ထိုစကားကို ကြားသောအခါ ပါးစပ်လေးကို အသာအုပ်၍ တဟားဟား ရယ်မောလိုက်ပြီး - "အလို... ရှင်တို့ကို ‘ညှို့ပညာ’သုံးဖို့ မေ့သွားတယ်၊ တောင်းပန်ပါတယ်နော်" ဟု ဆိုလိုက်သည်။
သူမ ပြောပြီးသည်နှင့် သူမ၏ မျက်ဝန်းများထဲမှ ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ နောက်တစ်စက္ကန့်တွင် ငှက်စိမ်းသခင်လေးနှင့် အစိမ်းရောင်ဝတ် အမျိုးသမီးတို့မှာ ညှို့ယူခြင်း ခံလိုက်ရပြီး သူတို့၏ မျက်ဝန်းများတွင် ခရမ်းရောင်ဝတ် အမျိုးသမီးမှလွဲ၍ ဘာမှမရှိတော့ပေ။
"တတိယသခင်လေး... လူသားကျင့်ကြံသူ အမျိုးသားတွေက တကယ်ကို ချောမောကြတယ်လို့ ကျွန်မ ကြားဖူးတယ်။ တစ်ခါမှလည်း မတွေ့ဖူးသေးဘူး။ အဲ့ဒါကြောင့် သူတို့ရဲ့ အရသာကို မြည်းစမ်းကြည့်ချင်လို့ပါ။ ကျွန်မကို လိုက်ပို့ပေးဖို့ စီစဉ်ပေးနိုင်မလား"
ငှက်စိမ်းသခင်လေးမှာ မိန်းမောတွေဝေသွားပြီး လူအတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြကာ - "ကောင်းပါပြီ... ကောင်းပါပြီ... အခုပဲ စီစဉ်ပေးပါ့မယ်" ဟု ပြန်ဖြေလေသည်။
တောအုပ်နီ၊ ဆေးဖက်ဝင်လမ်းကြား၊ တောင်ဘက်လမ်းကြား အိမ်နံပါတ် (၈)။
ချန်အန်သည် ကောင်းကင်ယံမှ အုပ်စုလိုက် ဆင်းသက်လာကြသော မိစ္ဆာသတ္တဝါများကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ သူသည် အိမ်ရှေ့တွင် ရှိနေသော ဝမ်ကျိယန်ကို အမြန်လှမ်းအော်လိုက်သည်။
"ကျိယန်... အိမ်ထဲကို မြန်မြန်ဝင်၊ ဘာဖြစ်ဖြစ် ပြန်မထွက်လာနဲ့ဦး"
"ယောက်ျား... ဘာဖြစ်လို့လဲ"
ဝမ်ကျိယန်၏ စိတ်အာရုံနှင့် အာရုံခံစားမှုမှာ ချန်အန်လောက် မထက်မြက်သဖြင့် သူမအနေဖြင့် ကောင်းကင်မှ ခရမ်းရောင်မြူများကိုသာ မြင်ရပြီး မိစ္ဆာများ ဆင်းသက်လာသည်ကို သတိမထားမိသေးပေ။
ချန်အန် ရှင်းပြနေရန် အချိန်မရှိတော့သဖြင့် - "မိစ္ဆာတွေ အများကြီး ကောင်းကင်က ကျလာနေပြီ၊ အိမ်ထဲကို အမြန်ဝင်တော့" ဟုသာ တိုက်တွန်းလိုက်သည်။
ဝမ်ကျိယန်လည်း မျက်နှာပျက်သွားပြီး သမီးလေး ချန်ယီခဲ့ကို ချီကာ အိမ်ထဲသို့ အမြန်ဝင်သွားတော့သည်။
ဝမ်ကျိယန် အိမ်ထဲဝင်သွားသည်နှင့် ရှန်းချင်းယီ အပြင်သို့ ထွက်လာသည်။ ကောင်းကင်မှ ကျဆင်းလာသော မိစ္ဆာအုပ်ကြီးကို မြင်သောအခါ သူမ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်။
"ယောက်ျား... ဘာတွေ ဖြစ်ကုန်တာလဲ၊ ကောင်းကင်မှာ ဘာလို့ မိစ္ဆာတွေ ဒီလောက် အများကြီး ရှိနေရတာလဲ" ဟု သူမ၏ ဓားကို ဆွဲထုတ်ရင်း မေးလိုက်သည်။
ချန်အန်ကလည်း သူ၏ ဝိညာဉ်စွမ်းအားများကို လက်ဖျားတွင် စုစည်းလိုက်ရင်း - "ကိုယ်လည်း သေချာမသိဘူး။ ဒါပေမဲ့ ကောင်းကင်က မိစ္ဆာတွေရဲ့ ကျင့်ကြံဆင့်က မနိမ့်ဘူး။ အိမ်ကို ကာကွယ်ဖို့ ပြင်ထားကြရအောင်"
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်မှ မိစ္ဆာများသည် မြေပြင်နှင့် ပိုမိုနီးကပ်လာရာ ‘ဝိချီသန့်စင်ခြင်းအဆင့်ရှိသူများပင် ထိုအရှိန်အဝါကို အာရုံခံမိလာကြလေတော့သည်။
.......................................................