← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁)

အခုတော့ မင်းတို့ ကြောက်တတ်သွားပြီလား

လျန်ထျန်း ပြောဆိုနေသည်မှာ အမှန်တရားများသာ ဖြစ်သော်လည်း ဆေးလိပ်ကိုက်ထားသော လူဝကြီးနှင့် လုံခြုံရေးလူငယ်လေးတို့မှာမူ ထိုစကားကို ကြားပြီးနောက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေသည်။

လုံခြုံရေးလူငယ်လေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"အရာအားလုံးက သက်သေအထောက်အထား လိုအပ်တယ်လေ မင်းက ငါ ဒီအစားအသောက်ပို့တဲ့သူဆီက ငွေညှစ်ခဲ့တယ်ဆိုတာကို ဘာသက်သေနဲ့ သက်သေပြမှာလဲ...။"

ဆေးလိပ်ကိုက်ထားသော လူဝကြီးကလည်း ထိုနည်းတူစွာပင် မိမိကိုယ်မိမိ မှန်ကန်နေသယောင်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ် ငါက မင်းကို ဒီရပ်ကွက်ထဲက မင်းရဲ့အိမ်ကို တစ်ဝက်ဈေးနဲ့ ရောင်းဖို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး...။ သက်သေမရှိဘဲ လျှောက်ပြောနေရင် အသရေဖျက်မှုနဲ့ တရားစွဲခံရမယ်ဆိုတာ သတိထားဦး...။"

ဦးလေးနှင့် တူဖြစ်သူတို့မှာ ရုတ်တရက် ရပ်တည်ချက် ပြောင်းသွားကြခြင်းဖြစ်လေသည်။ ပထမအချက်မှာ သူတို့ကိုယ်သူတို့ မှန်ကန်သည်ဟု ယူဆနေသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာမူ လုံခြုံရေးကင်မရာ မှတ်တမ်း နှင့် အသံဖိုင်သက်သေများကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်၍ ထပ်မံ ကြောက်ရွံ့နေစရာ မလိုတော့သောကြောင့် ဖြစ် ပေသည်။

တတိယအချက်အနေဖြင့် ဆေးလိပ်ကိုက်ထားသော မြေခွေးအိုကြီးမှာ လျန်ထျန်းသည် သာမန်လူတစ်ယောက် မဟုတ်မှန်း သိထားသဖြင့် ဤကိစ္စကို အခွင့်ကောင်းယူကာ အကျိုးအမြတ် ထုတ်လိုသောကြောင့် ဖြစ်သည်။

သူ၏ တွေးထင်ချက်အရ ဤမျှ အရေးပါသော လူတစ်ယောက်ထံမှ အားနည်းချက်တစ်ခုခုကိုသာ ဆုပ်ကိုင်ထား နိုင်ပါက အိမ်တစ်လုံးကို တစ်ဝက်ဈေးဖြင့် ဝယ်ယူရရှိခြင်းထက် များစွာပိုသော အကျိုးအမြတ်များကို ရရှိနိုင် မည်ဟု တွက်ဆထားလေသည်။ ရဲတင်းသူတို့ ချမ်းသာ၍ ကြောက်တတ်သူတို့သည် ငတ်မွတ်တတ်ပေသည်။ သူ သည် ယုတ်မာသူတစ်ဦးအဖြစ်မှ ယနေ့အခြေအနေအထိ ရောက်ရှိလာခဲ့ရာတွင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးလေသည်။

ထိုလူနှစ်ဦး၏ ကျေနပ်ဂုဏ်ယူနေသော မျက်နှာများကို မြင်လိုက်ရသောအခါ အစားအသောက်ပို့ဆောင်သူလေး မှာ သတ္တိမွေးကာ ရှေ့သို့ထွက်၍ ပြောလိုက်လေသည်။

"ကျွန်တော်...၊ ကျွန်တော် သက်သေခံပေးနိုင်တယ်...။"

"သူတို့က ဒီက စီမံခန့်ခွဲရေးမန်နေဂျာနဲ့ လုံခြုံရေးဝန်ထမ်း ဖြစ်တာကို အခွင့်ကောင်းယူပြီး ယုတ်မာတဲ့ အလုပ် တွေကို လုပ်ခဲ့ကြတာပါ၊ ပြီးတော့ ခုလေးတင် လုံခြုံရေးကင်မရာ မှတ်တမ်းတွေကိုလည်း ဖျက်ပစ်ခဲ့ကြ တယ်...။"

"ဒီလူငယ်လေးရဲ့ ဖုန်းထဲမှာ အသံဖမ်းထားတာ ရှိတယ် အဲ့ဒါကိုလည်း သူတို့က လုယူပြီး ရိုက်ခွဲပစ်လိုက်တယ် ကျွန်တော် အဲ့ဒီကိစ္စတွေအတွက် သက်သေခံပေးနိုင်ပါတယ်...။"

သို့သော်လည်း အစားအသောက်ပို့ဆောင်သူလေး စကားပြော၍ပင် မဆုံးသေးမီ လုံခြုံရေးလူငယ်လေးက လှောင်ပြုံးပြုံးကာ ဖြတ်ပြောလိုက်လေသည်။

"မင်းနဲ့ လျန်ထျန်းက တစ်ဖွဲ့တည်းလေ အဲ့ဒီတော့ မင်းရဲ့ ထွက်ဆိုချက်က အကျုံးမဝင်ဘူး...။"

"အခုဆို ငါ့မှာ မင်းတို့က အစကတည်းက ငါ့ဆီကနေ ငွေညှစ်ဖို့ ထောင်ချောက်ဆင်နေခဲ့တာလို့ သံသယဖြစ်စရာ အကြောင်းပြချက် အပြည့်အဝ ရှိနေပြီ အဲ့ဒီ ဖောက်သည်ဆိုတဲ့သူကလည်း မင်းတို့ရဲ့ လူပဲ ဖြစ်ရမယ် မင်းတို့ အားလုံး အဖမ်းခံရသင့်တယ်...။"

ထိုစကားကို ကြားသောအခါ အစားအသောက်ပို့ဆောင်သူလေးမှာ အလွန်တရာ စိုးရိမ်ပူပန်သွားရလေသည်။

"မဟုတ်ဘူး အဲ့ဒီလို မဟုတ်ပါဘူး ခင်ဗျားတို့က အဖြူကို အမည်းဖြစ်အောင် လုပ်နေတာပဲ...။"

ဆေးလိပ်ကိုက်ထားသော လူဝကြီးက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"တခြားကိစ္စတွေ အသာထားပြီး သက်သေထွက်ဆိုချက်အကြောင်းကိုပဲ ပြောကြရအောင် ငါ့ဘက်မှာက သက်သေ ဆယ်ယောက်ကျော်တောင် ရှိနေတယ် မဟုတ်ဘူးလား...။"

ထိုစကားကို ကြားသည်နှင့် ဆေးလိပ်သောက်နေသော လူဝကြီး ခေါ်ဆောင်လာသည့် လူဆယ်ယောက်ကျော် ခန့်မှာ တစ်ပြိုင်နက် ဟစ်အော်လိုက်ကြပြီး သူတို့အသီးသီး၏ မျက်နှာပေါ်တွင် ကျေနပ်အားရနေသော လှောင်ပြုံးများ ပေါ်လာလေသည်။

"ဟုတ်ပါတယ်...။"

အခြေအနေမှာ တစ်ဖက်သတ် အရေးသာသွားတော့မည့်ပုံ ပေါ်နေချိန်တွင် လျန်ထျန်းက ရှေ့သို့ထွက်လာပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကောင်းပြီ မင်းတို့က သက်သေ လိုချင်တယ်ပေါ့ ပြဿနာ မရှိပါဘူး...။"

ပြောရင်းနှင့်ပင် လျန်ထျန်းသည် တန်ကော်ဟွာကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"လောင်တန် ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းက ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ပြီးပြီဆိုတော့ အခု လောက်ဆို ရလဒ်တစ်ခုခု ထွက်လာသင့်ပြီနော်...။"

"အရင်က ခင်ဗျားဆီကို ဒီနေရာလိပ်စာ ပို့ပေးတုန်းက နည်းပညာကျွမ်းကျင်သူ နည်းနည်းလောက် ခေါ်လာခဲ့ဖို့ လည်း စာပို့ထားသေးတယ် ခင်ဗျား သူတို့ကို ခေါ်လာဖို့ မမေ့ခဲ့ဘူး မဟုတ်လား...။"

တန်ကော်ဟွာမှာ လျန်ထျန်းက သူ၏ မျက်နှာရှေ့တွင်ပင် လောင်တန် ဟု ခေါ်လိုက်သော်လည်း စိတ်ဆိုးသည့်ဟန် အလျဉ်းမပြဘဲ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။

"ခေါ်လာဖို့ မမေ့ပါဘူး သူတို့အားလုံးက ထိပ်တန်း နည်းပညာရှင်တွေချည်းပါပဲ….။ ဒေတာအချို့ကို ပြန်ယူဖို့ ဆိုတာ သူတို့အတွက်တော့ ကလေးကစားသလိုပါပဲ...။"

ထိုသို့ပြောပြီးနောက် တန်ကော်ဟွာက လက်ယမ်းပြလိုက်ရာ ကင်းလှည့်အဖွဲ့ကြားတွင် ညပ်ပါလာသော အဖြူ ရောင် ဝတ်စုံဝတ် ဝန်ထမ်းအချို့ ရှေ့သို့ ထွက်လာကြလေသည်။

ထိုစကားများကို ကြားလိုက်ရပြီး အဖြူရောင်ဝတ်စုံနှင့် လူများ လုံခြုံရေးတဲအတွင်းသို့ ဝင်ရောက်သွားမည်ကို မြင်လိုက်ရသောအခါ လုံခြုံရေးလူငယ်လေးမှာ ထိတ်လန့်သွားပြီး အလိုအလျောက်ပင် သူတို့ကို တားဆီးရန် ကြိုးပမ်းလေတော့သည်။

"မဝင်ကြနဲ့ ဒီနေရာက ငါ့ပိုင်နက်ပဲ...။"

သို့သော်လည်း သူသည် အဖြူရောင်ဝတ်စုံနှင့် လူများအနီးသို့ပင် မရောက်သေးမီ ရဲအရာရှိ ဆယ်ဦးကျော်က သေနတ်များကို ထုတ်ကာ သူ၏ ခေါင်းကို ချိန်ရွယ်ထားလိုက်ကြလေပြီဖြစ်သည်။

မည်းနက်နေသော သေနတ်ပြောင်းဝများကို ကြည့်ရင်း သူ၏ခေါင်းပေါ်မှ အေးစက်စက် အထိအတွေ့ကို ခံစား လိုက်ရသောအခါ လုံခြုံရေးလူငယ်လေးမှာ ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခေါင်းအစခြေအဆုံး ကြက်သီး မွေးညင်းများ ထသွားရလေတော့သည်။ လည်ချောင်းထဲတွင် တစ်ဆို့နေသော စကားလုံးများပင် အပြင်သို့ ထွက်မလာနိုင်တော့ချေ။

ဆေးလိပ်ကိုက်ထားသော လူဝကြီးမှာ ဤမြင်ကွင်းကို မြင်သောအခါ မှင်တက်သွားရသော်လည်း တူဖြစ်သူ၏ အဖြစ်ကို သင်ခန်းစာယူကာ စကားတစ်ခွန်းမျှ မဟရဲသကဲ့သို့ လက်တစ်သစ်မျှပင် မလှုပ်ရှားရဲတော့ပေ။

ထို့ကြောင့် အဖြူရောင်ဝတ်စုံနှင့် လူများမှာ မည်သည့် အတားအဆီးမျှမရှိဘဲ အတွင်းသို့ ဝင်ရောက်သွားကြပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်ထွက်လာခဲ့ကြလေသည်။ သူတို့က တက်ဘလက်များကို မြှောက်ကိုင်ကာ ပြန် လည်ရယူထားသော လုံခြုံရေးကင်မရာ မှတ်တမ်းဗီဒီယိုကို လူတိုင်းအား ပြသလိုက်လေသည်။

အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခံလိုက်ရသော လျန်ထျန်း၏ ဖုန်းကိုပင် အဖြူရောင်ဝတ်စုံနှင့် ဝန်ထမ်းတစ်ဦးက အပိုင်းအစများထဲမှ မွှေနှောက်ရှာဖွေကာ ပစ္စည်းသေးသေးလေးတစ်ခုကို ကောက်ယူပြီး တက်ဘလက်ပေါ်တွင် တပ်ဆင်လိုက်လေသည်။ အသံဖိုင်မှတ်တမ်းမှာ လျင်မြန်စွာပင် ပြန်လည်ထွက်ပေါ်လာပြီး ဆေးလိပ်ကိုက်ထား သော လူဝကြီးနှင့် လုံခြုံရေးလူငယ်လေးတို့ ပြောခဲ့သမျှ စကားလုံးအားလုံးကို ရှင်းလင်းပြတ်သားစွာ မှတ်တမ်း တင်ထားခဲ့လေလေသည်။

ယခုအခါတွင်မူ ငြင်းဆို၍မရနိုင်သော ဤသက်သေအထောက်အထားများကို မြင်တွေ့လိုက်ရပြီဖြစ်ရာ ဆေးလိပ် ကိုက်ထားသော လူဝကြီးရော လုံခြုံရေးလူငယ်လေးပါ ချွေးသီးချွေးပေါက်များ ကျလာကြတော့သည်။ ၎င်းကို ကြည့်ရှုပြီးနောက် တန်ကော်ဟွာက ပြုံးကာ ပြောလိုက်လေသည်။

"သက်သေ အထောက်အထားတွေ ရှိနေပြီဆိုတော့ ကိစ္စတွေက ပိုပြီး လွယ်ကူသွားပြီပေါ့...။"

လျန်ထျန်းက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သူတို့ကို အကျဉ်းချပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အချိန်ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲ...။"

တန်ကော်ဟွာက ခေတ္တမျှ စဉ်းစားပြီးနောက် ဖြေလိုက်လေသည်။

"အနည်းဆုံး ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်တော့ ရနိုင်တယ် ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုနဲ့ အသံဖိုင်မှတ်တမ်း သက်သေတွေအရ သူတို့ကို ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ဖို့ လုံလောက်နေပြီလေ...။"

"အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အာဏာပိုင်တွေက ဒီလိုကိစ္စမျိုးတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေ တာဆိုတော့ ကျွန်တော့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် တက်လာအောင် သူတို့ကို အသုံးချလို့ ရပြီပေါ့ဗျာ...။"

ထိုစကားကို ကြားသောအခါ ဆေးလိပ်ကိုက်ထားသော လူဝကြီးနှင့် လုံခြုံရေးလူငယ်လေးတို့မှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။ လုံခြုံရေးလူငယ်လေးက ပြာပြာသလဲ ပြောလိုက်သည်။

"ကျွန်တော်က သာမန် လုံခြုံရေးဝန်ထမ်းတစ်ယောက်ပါ ပိုက်ဆံပြတ်တဲ့အချိန် အစားအသောက်ပို့တဲ့သူတွေနဲ့ ပို့ဆောင်ရေးသမားတွေကို အနိုင်ကျင့်ပြီး ငွေနည်းနည်းပါးပါး ညှစ်တာမျိုးလောက်ပဲ လုပ်ခဲ့ဖူးတာပါ ကျွန်တော် ဘာရာဇဝတ်မှုမှာမှ မပါဝင်ပါဘူး...။"

ဆေးလိပ်ကိုက်ထားသော လူဝကြီးကလည်း ထောက်ခံပြောဆိုလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့က အကျိုးအမြတ်လေး နည်းနည်းကြောင့် မျက်ကန်းဖြစ်သွားခဲ့ ရတာပါ ဒါပေမဲ့ ကျွန်တော်တို့ကို လူမိုက်ဂိုဏ်းဝင်တွေလို့ စွပ်စွဲတာကတော့ တကယ်ကို မတရားပါဘူးဗျာ...။"

ခြေထောက်များ တုန်ယင်နေကာ သနားညှာတာရန် တောင်းပန်နေကြသော ထိုလူနှစ်ဦးကို ကြည့်ရင်း တန်ကော်ဟွာ က လျန်ထျန်းဘက်လှည့်ကာ မေးလိုက်လေသည်။

"မစ္စတာလျန်...၊ ခင်ဗျား ဘယ်လို သဘောရလဲ...။"

လျန်ထျန်းက သူတို့နှစ်ဦးကို မည်သည့် သနားညှာတာမှုမျှမရှိဘဲ ကြည့်လိုက်ပြီးနောက် အေးစက်စွာ နှာမှုတ် လိုက်လေသည်။

"အခုတော့ မင်းတို့ ကြောက်တတ်သွားပြီလား...။ အရင်တုန်းကတော့ ငါ့အိမ်ကို တစ်ဝက်ဈေးနဲ့ ရောင်းဖို့ ခြိမ်းခြောက် အကျပ်ကိုင်ပြီး မောက်မာနေခဲ့ကြတာလေ ပြီးကျတော့ ဘယ်သူမှ သက်သေမပြနိုင်ပါဘူး ဆိုတဲ့ စကားမျိုး လာပြောနေသေးတယ်...။"

"သူတို့က ဒီလိုကိစ္စမျိုးကိုတောင် ရဲရဲဝံ့ဝံ့ လုပ်ရဲမှတော့ မြေအောက်လောကနဲ့ အဆက်အသွယ် မရှိဘူးဆိုတာ ယုံဖို့ ခက်တယ်...။"

ဆေးလိပ်ကိုက်ထားသော လူဝကြီးက အလျင်အမြန် ရှင်းပြလေသည်။

"မစ္စတာလျန်... အဲ့ဒါတွေက ခင်ဗျားကို ခြောက်လှန့်ရုံသက်သက်ပါ ကျွန်တော်က စီမံခန့်ခွဲရေးကုမ္ပဏီက မန်နေဂျာအသေးစားလေး တစ်ယောက်ပါ လူတစ်ယောက် သေအောင်အထိ တကယ်လုပ်ရဲတဲ့ သတ္တိမျိုး ဘယ်မှာရှိပါ့မလဲခင်ဗျာ...။"

"အရင်က ပြောခဲ့တဲ့ စကားတွေ အပါအဝင် အားလုံးက အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပါပဲ ခက်ထန်ကြမ်း တမ်းတဲ့ပုံပေါက်အောင် ဟန်ဆောင်ပြီး လူတွေကို လှည့်စားခဲ့တာပါ...။"

"ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ ကျွန်တော်တို့ကို အကောင်မွှားလေးတွေလို သဘောထားပြီး လွှတ်ပေး လိုက်ပါလားခင်ဗျာ...။"

ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး တန်ကော်ဟွာကို ပြောလိုက် လေသည်။

"ကျွန်တော် ထင်တာတော့ သတိထားတာ အကောင်းဆုံးပါပဲ သူတို့ကို ဖမ်းသွားပြီး သေချာ စုံစမ်းစစ်ဆေးကြည့် ပါ အကယ်၍ သူတို့က မြေအောက်လောကနဲ့ တကယ်ပဲ ပတ်သက်နေတယ်ဆိုရင်တော့ ခင်ဗျား အရင်က အကြံပြုထားတဲ့အတိုင်းသာ စီစဉ်လိုက်ပါ...။"

"တကယ်လို့ မပတ်သက်ဘူးဆိုရင်လည်း ဒီလူတွေကို သေချာ ပညာပေးဖို့ လိုအပ်တယ်။ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် အကျဉ်းချထားပြီး သူတို့ တကယ် ပြုပြင်ပြောင်းလဲသွားမှသာ လွှတ်ပေးလိုက်ပါ...။"

"နောက်ဆုံးအနေနဲ့ ဒီလုပ်ငန်းနယ်ပယ်က တကယ်တမ်း ဘယ်လိုရှိလဲဆိုတာ သိရအောင် စီမံခန့်ခွဲရေးကုမ္ပဏီ အနည်းငယ်လောက်ကို ကျွန်တော် ဝယ်ဖို့ စီစဉ်ထားတယ် အဲ့ဒီအချိန်ကျလို့ အကူအညီ လိုအပ်လာရင် ခင်ဗျားဆီ အချိန်မရွေး လာခဲ့ပါ့မယ်...။"

တန်ကော်ဟွာက ပြုံးကာ သဘောတူလိုက်လေသည်။

"ပြဿနာ မရှိပါဘူး အမျိုးသားရေး တာဝန်သိစိတ်နဲ့ တရားမျှတမှုအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်ရှိတဲ့ နိုင်ငံသား ကောင်း တစ်ယောက်ဖြစ်တဲ့ မစ္စတာလျန်အတွက်ဆိုရင် ကျွန်တော်တို့က အမြဲတမ်း ကူညီပေးဖို့ ဝမ်းသာလျက် ပါဗျာ...။"

ယဉ်ကျေးပျူငှာသော စကားအနည်းငယ် ဖလှယ်ပြီးနောက် တန်ကော်ဟွာသည် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့လေသည်။ နေရာတွင် လျန်ထျန်းနှင့် လုံးဝကို ဇဝေဇဝါဖြစ်နေသော အစားအသောက်ပို့ဆောင်သူ လေးသာ ကျန်ရစ်တော့သည်။

လျန်ထျန်းကို ကြည့်ရင်း အစားအသောက်ပို့ဆောင်သူလေးမှာ တံတွေးမြိုချကာ ခက်ခက်ခဲခဲပင် ပြောလိုက် လေသည်။

"ညီလေး မင်းက တကယ်တော့ ဘယ်သူလဲ...။ အို... မဟုတ်ပါဘူး ခင်ဗျားက ဘယ်သူလဲ...။"

အစားအသောက်ပို့ဆောင်သူလေး၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက ပြုံးလိုက်ပြီး လမ်းထောင့်သို့ လျှောက်သွားကာ သူ၏ ပို့ဆောင်ရေး လျှပ်စစ်စကူတာကို စီး၍ ပြန်လာခဲ့လေသည်။ အစားအသောက်ပို့ဆောင် ရာတွင် အသုံးပြုသည့် လျှပ်စစ်စကူတာကို စီးနင်းလာသော လျန်ထျန်းကို မြင်လိုက်ရသောအခါ အစား အသောက်ပို့ဆောင်သူလေးမှာ ပို၍ပင် အံ့အားသင့်သွားရလေတော့သည်။

လျန်ထျန်းသည် သူ၏အနီးမှ ဖြတ်သွားသောအခါ ပေါ့ပေါ့ပါးပါးပင် စကားတစ်ခွန်း ပြောလိုက်လေသည်။

"အချိန်လည်း လင့်နေပြီ မြန်မြန် အိမ်ပြန်ပြီး မိသားစုကို ဂရုစိုက်လိုက်ပါဦး ကျွန်တော်လည်း အနားယူဖို့ ပြန်ရ ဦးမယ်…။ မနက်ဖြန် အစားအသောက်ပို့ဖို့ စောစောထရဦးမှာမို့လို့...။"

အခန်း (၁၄၂)

အိတ်တစ်လုံး ကောက်ရခြင်း

အိမ်ရာစီမံခန့်ခွဲရေးနှင့် လုံခြုံရေးအစောင့်များ ပြဿနာဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် တန်ကော်ဟွာက လျန်ထျန်းထံသို့ ဖုန်းဆက်လာခဲ့ပြီး ထိုဆေးလိပ်နှင့် လူဝကြီးတွင် ပြစ်မှုမှတ်တမ်း ရှိနေကြောင်း အမှန်တကယ် ပင် စုံစမ်းသိရှိခဲ့ရလေသည်။

အလွန်အမင်း ဆိုးရွားလှသော ပြစ်မှုမျိုး မဟုတ်သော်လည်း ထိုသူသည် လူအတော်များများထံမှ ငွေညှစ်ခဲ့ဖူး လေသည်။ သို့မဟုတ်ပါက သာမန် စီမံခန့်ခွဲရေး မန်နေဂျာတစ်ဦးအနေဖြင့် မည်သို့လုပ် (၁၀) ယွမ်ကျော်မျှ ချမ်းသာနေနိုင်ပါမည်နည်း။

ယခုအချိန်ရှိ (၁၀) ယွမ်ကျော်ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီ အချိန်ကဆိုလျှင် ယွမ်သန်းဆယ်ချီ တန်ကြေးရှိခဲ့သည်ကို သိထားသင့်ပေသည်။

ထို့ကြောင့် ကံကောင်းထောက်မစွာဖြင့် ထိုကိစ္စသည် တန်ကော်ဟွာအတွက် အောင်မြင်မှုအချို့ကို ယူဆောင် လာပေးခဲ့သကဲ့သို့ တစ်ချိန်တည်းမှာပင် ပြည်သူလူထုအတွက် ဆူးငြောင့်ခလုတ်တစ်ခုကို ဖယ်ရှားပေးလိုက် နိုင်သဖြင့် ကုသိုလ်ရသည့် လုပ်ရပ်တစ်ခုဟုပင် ဆိုနိုင်ပေသည်။

ထိုလုံခြုံရေးအစောင့်မှာမူ အမှန်တကယ်ပင် လူမိုက်တစ်ဦးသာ ဖြစ်သော်လည်း သူသည် အချုပ်ထဲတွင် အနည်းဆုံး လဝက်ခန့် အကျဉ်းချခံရပြီး ကောင်းစွာ ပညာပေးခံရပြီးမှသာ ပြန်လည် လွတ်မြောက်လာခဲ့ လေသည်။

လျန်ထျန်းသည် သူ၏ ကတိအတိုင်း နောက်ပိုင်းကာလများတွင် အစားအသောက် ပို့ဆောင်ရာမှ ရရှိသော ငွေ များဖြင့် အိမ်ရာစီမံခန့်ခွဲရေး ကုမ္ပဏီများစွာကို ဝယ်ယူခဲ့ပြီး အထက်မှ အောက်အထိ စုံစမ်းစစ်ဆေးမှုများနှင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့လေသည်။

ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း "ပိုးမွှား" များစွာကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ရသည်။ ပိုးဟပ်တစ်ကောင်ကို တွေ့ရှိ ချိန်တွင် အမှောင်ထဲ၌ ပုန်းကွယ်နေသော ပိုးဟပ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေသည်ဆိုသော စကားမှာ အမှန်ပင် ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း ပေါ်လာမှုကြောင့် ဤ "ပိုးဟပ်" အားလုံးကို ရှင်းလင်းပစ်နိုင်ခဲ့လေသည်။

ထို့ပြင် လျန်ထျန်းသည် အိမ်ရာစီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုစီတိုင်းကို စည်းမျဉ်းများ ထုတ်ပြန်ခဲ့လေသည်။

အကယ်၍ နောင်တွင် မည်သည့် လုံခြုံရေးအစောင့်ကမဆို အစားအသောက် ပို့ဆောင်သူများ သို့မဟုတ် ပစ္စည်း ပို့ဆောင်သူများကို ထပ်မံ အနှောင့်အယှက်ပေးပါက ၎င်းတို့၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် အားလုံး၏ လစာထဲမှ လဝက်စာ ဖြတ်တောက်ခံရမည် ဖြစ်ချေသည်။

ထိုအချိန်မှစ၍ အယ်လ်မြို့တော်တွင် လုံခြုံရေးအစောင့်များက အစားအသောက် ပို့ဆောင်သူများကို အနှောင့် အယှက်ပေးသည့် ဖြစ်စဉ်များ သိသိသာသာ လျော့ကျသွားခဲ့လေသည်။ တစ်ခါတစ်ရံ လျန်ထျန်း အမှာစာ စောင့်ဆိုင်းနေစဉ် ဘေးနားရှိ အစားအသောက် ပို့ဆောင်သူများက ထိုအခြေအနေကို ဆွေးနွေးနေကြသည်ကို ကြားရတတ်လေသည်။

"ဟေ့...၊ ဒီနေ့ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားတာ ပြောပြမယ်...။ ပုံမှန်ဆိုရင် သူတို့က ငါတို့ကို အဲ့ဒီ လူကုံထံ ရပ်ကွက်တွေထဲ ပေးမဝင်ဘူး မဟုတ်လား...။"

"ဒါပေမဲ့ ဒီနေ့ ငါ အစားအသောက် သွားပို့တော့ လုံခြုံရေးက ငါ့ကို မတားတဲ့အပြင် ပြုံးပြပြီးတောင် နှုတ်ဆက် လိုက်သေးတယ်...။ ငါ့ကိုတောင် အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်သေးတယ်...၊ အဲ့ဒါ ထူးဆန်းမနေဘူးလား...။"

"ဟုတ်တယ်... ငါလည်း မကြာသေးခင်က သတိထားမိတယ်...။ အရင်က ငါတို့ကိုဆို အရမ်း ရိုင်းစိုင်းတဲ့ ရပ်ကွက်ထဲက လုံခြုံရေးတွေက အခုတလော တော်တော်လေး သဘောကောင်းလာကြတယ်...။"

"ဟုတ်တယ်... ဟုတ်တယ်...။ ပထမဆုံးအကြိမ် သူတို့ ငါ့ကို ပြုံးပြတော့ ငါတောင် နည်းနည်း နေရခက်ပြီး စိုးရိမ် သွားသေးတယ်...။ သူတို့ တခြားတစ်ခုခု လုပ်တော့မလို့လားလို့ ထင်နေတာ...။"

"သူတို့ ရုတ်တရက်ကြီး လမ်းမှန်ပေါ် ရောက်သွားတာများလား...။ ညတွင်းချင်းပဲ အားလုံး လူကောင်းတွေ ဖြစ်သွားကြတာလား...၊ တကယ်ကို ထူးဆန်းတယ်...။"

ထိုစကားများကို ကြားရတိုင်း လျန်ထျန်းသည် တိတ်တဆိတ် ပြုံးလိုက်ရုံသာ ပြုံးနေပြီးနောက် အမှာစာများကို ဆက်လက် လက်ခံကာ အစားအသောက်များကို ပို့ဆောင်နေခဲ့လေသည်။

ထိုနေ့တွင် လျန်ထျန်းသည် မော်တော်ယာဉ် အရောင်းစင်တာထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး သူ၏ ဂျီ-ကလက်စ် ကားကြီး ပြင်ဆင်ပြီးစီးကြောင်း အကြောင်းကြားလာခဲ့လေသည်။

မူလက ကားအရောင်းစင်တာမှ သူ့ထံသို့ လာပို့ပေးမည်ဟု ဆိုသော်လည်း လျန်ထျန်းမှာ အနီးအနားတွင် အစား အသောက် ပို့ဆောင်နေခိုက် ဖြစ်နေပေသည်။

ထို့ကြောင့် ဂျီ-ကလက်စ်ကားကြီး၏ အနောက်ခန်းမှာ သူ၏ လျှပ်စစ်စကူတာကို ထည့်ရန် လုံလောက်အောင် ကြီးမားသဖြင့် ကားကို ကိုယ်တိုင် လာယူမည်ဟု ပြောလိုက်လေသည်။

ကားသော့ကို ယူပြီးနောက် လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို စီးကာ ဂျီ-ကလက်စ်ကားကြီးကို အထူး ဧည့်သည် ယာဉ်ရပ်နားရာ နေရာတွင် ရပ်ထားသည့် အနောက်ဘက် ကားပါကင်သို့ သွားခဲ့လေသည်။

သို့သော် သူ၏ ကားအနီးသို့ ရောက်သည်နှင့် ဘေးနားမှ တိုးဖျော့ဖျော့ ဖုန်းမြည်သံတစ်ခုကို ကြားလိုက်ရ လေသည်။

အသံလာရာသို့ ကြည့်လိုက်သောအခါ မြေကြီးပေါ်တွင် ကျနေသော ပန်းရောင် အမျိုးသမီး လက်ကိုင်အိတ် တစ်လုံးကို တွေ့လိုက်ရပြီး ဖုန်းမြည်သံမှာ ထိုအိတ်ထဲမှ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။

လျန်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရသဖြင့် အိတ်ကို ကောက်ယူကာ ဖုန်းကိုင်ရန် အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်လေသည်။

ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ စိုးရိမ်တကြီးဖြစ်နေသော အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ် လာခဲ့လေသည်။

"ကျွန်မအိတ်နဲ့ ဖုန်းက ဘယ်လိုလုပ် ရှင်နဲ့ ရှိနေတာလဲ...။ ရှင်က ဘယ်သူလဲ...။"

လျန်ထျန်းမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ပြန်ဖြေလိုက်လေသည်။

"ခင်ဗျားက ဒီအိတ်နဲ့ ဖုန်းရဲ့ ပိုင်ရှင်လား...။ ဪ... ကျုပ်က အစားအသောက် ပို့တဲ့သူပါ...၊ လမ်းကြုံလို့ ဖြတ်သွားရင်း ဒီအိတ်ကို တွေ့လိုက်တာပါ...။ ခင်ဗျား မတော်တဆ ပြုတ်ကျကျန်ခဲ့တာ ဖြစ်မယ်နော်...။"

ထိုစကားကို ကြားသောအခါ တစ်ဖက်မှ အမျိုးသမီးမှာ သိသိသာသာ သက်ပြင်းချသွားလေသည်။

"တော်ပါသေးရဲ့... ကျွန်မဖြင့် လန့်သွားတာပဲ...။ အခိုးခံလိုက်ရပြီလို့တောင် ထင်နေတာ...။"

ခေတ္တမျှ ရပ်နားပြီးနောက် သူမက ဆက်ပြောလေသည်။

"ဪ... ဒါနဲ့ ရှင်က အစားအသောက် ပို့တယ်လို့ ပြောတယ်နော်...၊ လိပ်စာတစ်ခု ပေးလိုက်မယ်...။ ငါ့အိတ်ကို မြန်မြန် လာပြန်ပေး...၊ အခုချက်ချင်း ငါ အဲ့ဒါကို လိုအပ်နေလို့ပဲ...။"

ရိုင်းစိုင်းပြီး အမိန့်ပေးသည့် လေသံပေါက်နေသော ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားမိလေသည်။

"ကျုပ်က အရမ်း အလုပ်များတယ်...၊ ကျုပ် လိပ်စာတစ်ခု ပေးလိုက်မယ်...။ ခင်ဗျား အမြန်ဆုံး လာယူလိုက် ပါလား...။"

"ကျုပ် အခု မာစီးဒီး ကားအရောင်းစင်တာ အနောက်ဘက်က ကားပါကင်မှာ ရှိနေတယ်...။ ခင်ဗျား လာမယ် ဆိုရင် ဘယ်လောက်ကြာမလဲ...။"

သူမကိုယ်တိုင် လာယူရမည်ဟု ကြားသောအခါ အမျိုးသမီး၏ လေသံမှာ သိသိသာသာ မကျေမနပ် ဖြစ်သွား ခဲ့လေသည်။

"အစားအသောက် ပို့တဲ့သူကများ ဘာတွေ အလုပ်များနေစရာ ရှိလို့လဲ...၊ ထားလိုက်ပါတော့... အဲ့ဒီမှာပဲ ငါ့ကို စောင့်နေ...။ တစ်နာရီလောက်နေရင် ငါ ရောက်လာခဲ့မယ်...။"

"ငါ အခု အပိုဖုန်းကို သုံးနေတာ...။ ပြီးတော့ ရှင့်ကို အချိန်မရွေး ဆက်သွယ်လာနိုင်တယ်...၊ အဲ့ဒီနေရာမှာပဲ မလှုပ်ဘဲ ရပ်နေ...။"

ထိုသို့ပြောပြီးနောက် အမျိုးသမီးက ဖုန်းချသွားလေသည်။

ခေတ္တမျှ မှင်တက်သွားပြီးနောက် လျန်ထျန်း၏ မျက်မှောင်များ ပို၍ တွန့်ချိုးသွားလေသည်။

"ဒီမိန်းမကက ဘာဖြစ်နေတာလဲ...။ သူရဲ့ ပစ္စည်းကို ကောက်ရလို့ ပြန်ပေးမလို့ လုပ်နေတာတောင် ကျေးဇူးတင် စကား တစ်ခွန်းမှ မပြောဘဲ အမိန့်ပေးနေသေးတယ်...။"

"ပိုဆိုးတာက သူ ရောက်လာဖို့ တစ်နာရီတောင် ကြာဦးမှာကို ငါ့ကို မလှုပ်ဘဲ ရပ်စောင့်ခိုင်းနေတယ်...။ ငါတို့ အစားအသောက် ပို့တဲ့သူတွေကို အဲ့သည်လောက်ထိ အားနေတယ်လို့ ထင်နေတာလား...။"

ခေတ္တမျှ တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် လျန်ထျန်းသည် စကားမဆိုနိုင်တော့ဘဲ ခေါင်းခါယမ်းလိုက် လေတော့သည်။

နောက်တစ်စက္ကန့်တွင် သူသည် ဖုန်းကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အဆိုပါအိတ်ကို လျှပ်စစ်စကူတာ ထိုင်ခုံ အောက်ရှိ ပစ္စည်းထည့်သည့် အကန့်ထဲသို့ ထည့်လိုက်လေသည်။

ထို့နောက် အချိန်အလဟဿ မဖြစ်စေရန် ထိုတစ်နာရီအတွင်း အမှာစာ အနည်းငယ် ထပ်ပို့နိုင်ရန်အတွက် အနီး အနားတွင် အမှာစာများ ရှိမရှိ စစ်ဆေးလိုက်လေသည်။

ထိုအမျိုးသမီးကမူ အကယ်၍ စောရောက်နေခဲ့လျှင်လည်း ခဏ စောင့်ပါစေတော့။ မိမိက သူ့အပေါ် မည်သည့် အကြွေးမှ တင်မနေသဖြင့် အဘယ်ကြောင့် အရာအားလုံးကို လိုက်လျောပေးနေရမည်နည်း။

ဤသို့ဖြင့် လျန်ထျန်းသည် အမှာစာများကို လက်ခံကာ အစားအသောက်များ ပို့ဆောင်ရင်း ထိုတစ်နာရီ အချိန်ကို အပြည့်အဝ အသုံးချလိုက်လေသည်။

အလုပ်များနေချိန်များသည် အမြဲတမ်း လျင်မြန်စွာ ကုန်ဆုံးသွားတတ်ပေသည်။ လျန်ထျန်းသည် နောက်ဆုံး အမှာစာကို ပို့ဆောင်အပြီးတွင် အချိန်ကို စစ်ဆေးလိုက်လေသည်။

"မိနစ်ငါးဆယ်တောင် ကုန်သွားပြီ...။ အချိန်ကိုက်လောက်ပဲ ဖြစ်မယ်...၊ ငါ အခု ပြန်သွားလိုက်ဦးမယ်...။"

လျန်ထျန်း ကားပါကင်သို့ ပြန်ရောက်သောအခါ သူ၏ကားရှေ့တွင် ထည်ဝါစွာ ဝတ်စားဆင်ယင်ထားသော အမျိုးသမီးတစ်ဦး ကိုယ်တိုင် ဓာတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရလေသည်။

သူသည် လျှပ်စစ်စကူတာဖြင့် အနီးသို့ မောင်းသွားခဲ့သော်လည်း သူ စကားပင် မပြောရသေးမီ ထိုအမျိုးသမီးက သူ့အား ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"နင် ဘာလုပ်နေတာလဲ...၊ ငါ မနည်း စိတ်တိုင်းကျတဲ့ ပုံလေးတစ်ပုံ ရိုက်လိုက်ရတာကို နင်က အနောက်ကနေ ဝင်လာပြီး ပုံထဲ ပါလာတယ်လေ...။ ဒါကို ဝီချက်မိုးမန့်မှာ ဘယ်လိုလုပ် တင်လို့ရတော့မှာလဲ...။"

လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။

"ခင်ဗျား ဓာတ်ပုံရိုက်တုန်းက ကျုပ်က ခင်ဗျားနဲ့ အတော်လေး ဝေးတဲ့နေရာမှာ ရှိနေတာ မဟုတ်ဘူးလား...။ ပြီးတော့ ကျုပ် ပုံထဲပါသွားတာနဲ့ပဲ ဘာလို့ တင်လို့မရတော့တာလဲ...၊ ကျုပ်က ခင်ဗျားကို ဘာများ လုပ်မိလို့ လဲ...။"

အမျိုးသမီးက ဆက်၍ ဒေါသတကြီး ပြောလိုက်လေသည်။

"ဒါပေါ့ အနှောင့်အယှက် ဖြစ်တာပေါ့...။ ငါ တင်မယ့် ဝီချက်မိုးမန့် ဓာတ်ပုံထဲမှာ အစားအသောက် ပို့တဲ့သူတစ် ယောက် ပါလာရင် ငါ့ရဲ့ အဆင့်အတန်း ကျသွားပြီး ကောင်းနေတဲ့ ဓာတ်ပုံလေး ပျက်စီးသွားမှာပေါ့...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက အသက်ပြင်းပြင်း တစ်ချက်ချလိုက်လေသည်။

"ခင်ဗျားက အစားအသောက် ပို့တဲ့သူတွေကို ဘယ်လိုတောင် အထင်သေးနေရတာလဲ...။ အစားအသောက် ပို့တဲ့ သူ ဓာတ်ပုံထဲ ပါသွားတာနဲ့ ခင်ဗျားရဲ့ အဆင့်အတန်း ကျသွားပြီလို့ ထင်နေတာလား...။ ဒါဆို ကျုပ် မေးချင်သေး တယ်...။ ခင်ဗျားရဲ့ အလုပ်ကရော ဘယ်လောက်တောင် မြင့်မြတ်နေလို့လဲ...။"

လျန်ထျန်းက မေးခွန်းသုံးခု ဆက်တိုက် မေးလိုက်သောအခါ အမျိုးသမီးက သူ့ကို မျက်စောင်းထိုးလိုက်ရုံသာ ပြုလုပ်ပြီး ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"အစားအသောက် ပို့တဲ့သူ တစ်ယောက်က ငါ့အိတ်နဲ့ ဖုန်းကို ကောက်ရထားတယ်ဆိုတာ နင်လား...။"

လျန်ထျန်းမှာ တစ်ဖန် မှင်တက်သွားပြန်ပြီးနောက် အဖြစ်အပျက်ကို သဘောပေါက်သွားလေသည်။

"ဪ... စောစောက ဖုန်းဆက်တဲ့သူက ခင်ဗျားကိုး...။ ဟုတ်တယ်... ခင်ဗျားရဲ့ အိတ်နဲ့ ဖုန်းကို ကောက်ရခဲ့တာ ကျုပ်ပါပဲ...။"

ပြောရင်းနှင့် လျန်ထျန်းက လျှပ်စစ်စကူတာပေါ်မှ ဆင်းကာ ထိုင်ခုံကို ဖွင့်၍ အတွင်းရှိ ပန်းရောင် အိတ်ငယ် လေးကို ထုတ်ယူလိုက်လေသည်။

သို့သော် အိတ်ငယ်လေးကို သူ မပေးရသေးမီ ထိုအမျိုးသမီးက သူ့အား ထပ်မံ အော်ဟစ်လာပြန်လေသည်။

"ငါ နင့်ကို ဒီနေရာမှာပဲ စောင့်နေလို့ ပြောထားတယ် မဟုတ်လား...။ နင် ဘယ်တွေ သွားနေတာလဲ...၊ ပြီးတော့ ငါ့ဖုန်းတွေကို ဘာလို့ မကိုင်တာလဲ...။"

လျန်ထျန်းမှာ အိတ်ကို ကိုင်ထားသည့် လက်များ ရပ်တန့်သွားပြီးနောက် သူ၏ မျက်နှာမှာ မှောင်မိုက်သွားကာ အမျိုးသမီးကို လှည့်ကြည့်လိုက်လေသည်။

"ခင်ဗျားက ကျုပ်ကို ဒီနေရာမှာ တစ်နာရီလောက် စောင့်နေစေချင်တာလား...၊ ကျုပ်မှာရော အလုပ် မရှိဘူး လား...။"

"ပြီးတော့ ကျုပ် အလုပ်များနေတဲ့အချိန်မှာ ခင်ဗျားဖုန်းကို ပြန်ဖြေဖို့ စောင့်ရင်း ဖုန်းကို ထိုင်ကြည့်နေဖို့ အချိန် ဘယ်ရှိပါ့မလဲ...။"

"ခင်ဗျား ရောက်ဖို့ တစ်နာရီ ကြာမယ်လို့ ပြောထားတယ် ကျုပ် အခု ရောက်နေပြီပဲ...။ အိတ်နဲ့ ဖုန်းကို ပြန်ပေးရုံနဲ့ ပြီးပြီ မဟုတ်ဘူးလား...။"

"အရေးအကြီးဆုံးက ကျုပ်က ခင်ဗျားရဲ့ အိတ်နဲ့ ဖုန်းကို ကောက်ရခဲ့ပြီး အခု ပြန်ပေးနေတာလေ...။ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား...။"

All Chapters